သွေးနီပင်လယ် တစ်ဖက်ကမ်းမ အနီရောင်ပင့်ကူငရဲပန်း
Vol. 5 Ch. 490
ရေနွေးအိုးလေးသည် မီးဖိုထက်တွင် ဆူပွက်နေပြီး အသံများပင် မြည်နေလေသည်။
လေ့ကျင်းပြောသည့် စကားများ ဆုံးသွားသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံးမှာ ရေနွေးအိုး ဆူသံမှတစ်ပါး တိတ်ဆိတ် ငြိမ်သက် သွားလေသည်။
"လေ့ကျင်း… ရေနွေးတွေဆူနေပြီ၊ လက်ဖက်ရည်ကြမ်း တည်ခင်းတော့လေ"
ဆန်းလျန်၏ အသံက အေးဆေးစွာပင် ထွက်ပေါ်လာသည်။
လေ့ကျင်းသည် ကွမ်းလုန်ကျီကို စိုက်ကြည့်နေရာမှ ချက်ချင်းပင် အကြည့်လွှဲလိုက်ပြီး ဆန်းလျန်စကားကို နာခံလိုက်လေသည်။ သူမက အားလုံးအတွက် လက်ဖက်ရည်ကြမ်း တည်ခင်း ပြင်ဆင်ပေးလိုက်သည်။
လက်ဖက်ခြောက်က အရမ်းမကောင်းသည့်တိုင် လက်ဖက်ရည်ကြမ်း အရသာကတော့ သူမတူအောင် ကောင်းမွန် လေသည်။ လက်ဖက်ရည်ကြမ်း အရသာသည် ဝူတင်၏ ခံတွင်းထဲတွင် စွဲကျန်ရစ်ခဲ့လေသည်။
သို့သော် သူက လက်ဖက်ရည်ကြမ်းထက် မင်းသားငယ် ဆန်းလျန်ကို ပိုပြီး စိတ်ဝင်စား နေလေသည်။ မင်းသားငယ်သည် သူတောင်းသည့် အကူအညီကို ပေးမည် မပေးမည်မှာ မသေချာ လှသေးပေ။
ဆန်းလျန်က လက်ဖက်ရည်ကြမ်း ပန်းကန်ကို မော့သောက် လိုက်သည်။
လရောင်သည် ပြတင်းပေါက်မှ ဖြာကျနေပြီး ဆန်းလျန်၏ ခန္ဓာကိုယ်သည် လရောင်ကြောင့် လင်းလက် နေလေ၏။
ထို့နောက် ဆန်းလျန်က လေ့ကျင်း၊ ဝူတင်နှင့် ကွမ်းလုန်ကျီတို့ကို တစ်ချက် ဝေ့ကြည့် လိုက်သည်။
လေ့ကျင်းသည် သူမကိုယ်သူမ ပြန်လည် တည်ငြိမ်လာအောင် ကြိုးစားနေလေသည်။ သူမသည် တော်ဝင်မင်းသမီး တစ်ပါးဖြစ်သည့် အတွက် သူမဘဝတွင် မည်သူ့ကိုမှ ကြောက်ရွံ့ နေစရာမလိုပေ။
ဝူတင်ကတော့ ကြည်လင်သည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်နေလေသည်။ သူ၏မျက်ဝန်းများက ဆန်းလျန်ကို မျှော်လင့်ချက်ပေါင်း များစွာဖြင့် အသနားခံနေ သကဲ့သို့ပင် ဖြစ်တော့သည်။
ကွမ်းလုန်ကျီကတော့ အေးဆေး တည်ငြိမ် နေလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဝူတင်က ကျုပ်ကို အကူအညီ တောင်းတယ်၊ လေ့ကျင်းက တားဆီးတယ်၊ ဆရာကြီး ကွမ်းလုန်ကျီကတော့ ကြားနေဝါဒ ကျင့်သုံးမယ့်ပုံ ပေါ်တယ်၊ ဒါပေမဲ့ ဆုံးဖြတ်ချက် ချရမယ့် သူကတော့ ကျုပ်ကိုယ်တိုင်ပါပဲ၊ အမှန်တော့ ဒီလိုကိစ္စတွေမှာ ကျုပ်ပါဝင် ပတ်သက်လိုခြင်း မရှိဘူး"
ဆန်းလျန်၏ စကားကြောင့် လေ့ကျင်းမှာ ကျေနပ် သွားလေသည်။
"ကြားတယ်နော်၊ ကျွန်မဆရာက ရှင့်ကိစ္စကို မကူညီချင်ဘူး"
သူမက ဝူတင်ကို ဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။
ဝူတင်ကို ပြောလိုက်သည့် သူမ၏လေသံသည် မလိုအပ်ဘဲနှင့် အလွန်မောက်မာ နေလေသည်။
"တကယ်တော့ ထျန်းယီအကြီးအကဲက ကျွန်မဦးရီးတော်ရဲ့ စကားကို နာခံသင့်တာပါ၊ ဒါဆိုရင် အရာအားလုံး အဆင်ပြေသွားမှာပဲ"
"ငါ့ဦးလေးက အစကတည်းက မင်းရဲ့ ဦးရီးတော်စကားကို နားထောင်ဖို့ဆန္ဒရှိရင် ဒီအခြေအနေ ထိတောင် အရောက်ခံမှာ မဟုတ်ဘူး”
ဝူတင်က လေ့ကျင်းကို ပြန်ပြောလိုက်ခြင်း မဟုတ်ပါ။ စိတ်ထဲမှာသာ တွေးလိုက်မိခြင်း ဖြစ်လေသည်။
ထိုအချိန်မှာပင် ဆန်းလျန်၏ စကားသံက ထွက်ပေါ်လာလေသည်။
"ဒါပေမဲ့ ကျုပ်ဆုံးဖြတ်ရမယ့် ကိစ္စကို မင်းတို့ကိုယ်တိုင် ဆုံးဖြတ် ခိုင်းလိုက်မယ်၊ ဘယ်လိုလဲ…၊ နောက်သုံးလနေရင် ကျုပ်ရဲ့တပည့်တွေနဲ့ ကွမ်းလုန်ကျီရဲ့ တပည့်တွေ ပညာပြိုင်ဖို့ ရှိတယ်၊ လေ့ကျင်းက ကျုပ်တပည့်ဆိုတော့ …. ဝူတင်၊ မင်းက ကွမ်းလုန်ကျီဆီမှာ ပညာသင်ပါ၊ နောက်သုံးလနေလို့ တပည့်တွေ ပညာပြိုင်ကြတဲ့ အခါ မင်းက လေ့ကျင်းကို အနိုင်ယူနိုင်ခဲ့ရင် မင်းတောင်းတဲ့ အကူအညီကို ကျုပ်ပေးမယ်"
"မင်းသားလေး… တကယ်ပြောတာနော်"
ဝူတင်က တအံ့တသြဖြင့် ပြန်မေးလိုက်သည်။
"မင်းကို ကျုပ်က ဘာလို့ လိမ်ပြောရမှာလဲ၊ မင်းကျုပ်ကို မယုံဘူးဆိုရင် ကွမ်းလုန်ကျီကို သက်သေထားလိုက်ပေါ့"
ဆန်းလျန်က အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
ကွမ်းလုန်ကျီက ပြုံးလိုက်ရင်း…
"လုပ်ရတာပေါ့၊ ဒီကိစ္စက ပျော်စရာ ကောင်းပါတယ်"
လေ့ကျင်းကလည်း ဆန်းလျန်၏ စကားကို မငြင်းဆန်ပါ။ ကံကြမ္မာသည် သူမ လက်ထဲတွင်သာ ရှိသည်ဟု သူမက တွေးထားလေသည်။
ကွမ်းလုန်ကျီနှင့် ဝူတင် ပြန်သွားသည်နှင့် လေ့ကျင်းက မျက်တောင်လေးများ တဖျတ်ဖျတ် ခတ်ရင်း ဆန်းလျန်ကို ကြည့်လိုက်လေသည်။ သူမ၏ မျက်ဝန်းများသည် မျက်တောင် ရှည်ရှည်လေးများဖြင့် လှပလွန်းလှသည်။ ထိုမျက်ဝန်းများဖြင့် အကြည့်ခံရသည့် မည်သည့် ယောကျ်ားပျို မဆို သူမ၏အလှတရားတွင် နစ်မျောသွားရမည်မှာ အမှန်ပင်။
ယောကျ်ားလေးများ ဆိုသည်က ကျောက်သားဖြင့် ပြုလုပ်ထားသည့် နှလုံးသားကို ပိုင်ဆိုင် ထားသူများမှ မဟုတ်ပေပဲ။
ဆန်းလျန်၏ နှလုံးသားမှာလည်း ကျောက်သားဖြင့် ပြုလုပ်ထားသည့် နှလုံးသားမဟုတ်ပါ။ သူ၏ နှလုံးသားက ကျောက်သားထက်ပင် မာကျောလေသည်။ ထို့ကြောင့် လေ့ကျင်း၏ အလှတရားသည် ဆန်းလျန်၏ နှလုံးသားကို မထိုးဖောက်နိုင်ပေ။
ဆန်းလျန်က ချောမော လှပလွန်းသည့် တပည့်လေးကို တစ်ချက်ကြည့်ရင်း ပြုံးလိုက်လေသည်။ သို့သော် စကားတစ်ခွန်းမှ မဆိုပေ။
လေ့ကျင်းက ကျီစယ်သည့် မျက်နှာပေးလေးဖြင့် သူမ၏ မှတ်စုစာအုပ်လေးကို ထုတ်လိုက်ပြီး…
"ဆရာ…."
ဟု ညုတုတု လေသံလေးဖြင့် အသံကိုစွဲငင်ကာ ခေါ်လိုက်လေသည်။
သူမ၏ အမူအရာလေးကြောင့် ဆန်းလျန်သည် စိတ်ထဲတွင် ပြုံးလိုက်မိပြန်သည်။
မိန်းကလေးများသည် မာယာဆိုသည့် အရာကို အသုံးပြုရန်အတွက် သင်ယူနေစရာ မလိုပေ။ ထိုမာယာဆိုသည့် အရာသည် မိန်းကလေးများ၏ မွေးရာပါ အရည်အချင်းပင် ဖြစ်တော့သည်။
"ဘာလဲ တပည့်လေး…"
ဆန်းလျန်က အလွန်တည်တံ့သည့် ခပ်တည်တည် လေသံဖြင့် တစ်ခွန်းသာမေးလိုက်ပြီး နောက်ထပ် စကားလုံး၀ မပြောတော့ပေ။
"နောက်သုံးလနေရင် ပြိုင်ပွဲမှာ ကျွန်မကို မရှုံးစေချင်ဘူး မဟုတ်လား၊ ဒါဆို အခုပဲ ကျွန်မကို ပညာသင် ပေးတော့လေ”
သူမ၏ စကားကြောင့် ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်သည်။
"ကောင်းပြီလေ…"
ဆန်းလျန်က သူမ၏စကားကို အလွယ်တကူ သဘောတူလိုက်သည့် အတွက် လေ့ကျင်းမှာ များစွာ အံ့သြ သွားရလေသည်။
အမှန်တော့ တော်ဝင်မိသားစုများ ဖြစ်သည့် ရှားဟော်မျိုးနွယ်နှင့် ယိုဟူမျိုးနွယ်များတွင် ထူးခြားသည့် ကျင့်စဉ်များ သိပ်မရှိပေ။ သူတို့အားလုံးက မွေးရာပါ တန်ခိုးစွမ်းအားများဖြင့် ပြည့်ဝသူများ ဖြစ်ကြလေသည်။ သို့သော်… လေ့ကျင်းသည် ဆန်းလျန်၏ သူရဲကောင်းဆန်ခြင်းကို လေးစားပြီး ဆန်းလျန်ထံမှ ကျင့်စဉ်များ သင်ယူရန်လည်း စိတ်ဝင်စား နေမိလေသည်။
အမှန်တော့ ဆန်းလျန်သည် သူမဘဝ၏ စံပြပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာပြီး သူမက အချိန်နာရီများကို ဆန်းလျန်နှင့် အတူ ဖြတ်သန်းချင်နေမိလေသည်။
ထိုအတွေးကို တွေးလိုက်မိသည်နှင့် သူမက အမွှေးအိတ်လေး တစ်အိတ်ကို ထုတ်ယူကာ ဖွင့်လိုက်လေသည်။ ထိုအခါ အမွှေးအိတ်လေး အတွင်းမှ သေတ္တာငယ်လေး တစ်ခု ပျံသန်း ထွက်ပေါ်လာပြီး လေ့ကျင်း၏ လက်လှလှလေး ပေါ်သို့ ကျဆင်း လာလေသည်။ ထိုသေတ္တာလေးမှာ နှစ်တစ်သောင်းရင်း တိုက်သားနှင့် ပြုလုပ်ထားသည့် သေတ္တာလေး ဖြစ်ပြီး စွမ်းအား အလွန်မြင့်မား လေသည်။ ရေဒဏ်မီးဒဏ်များကို ခံနိုင်ရန်ရှိပြီး ဓားဖြင့် ခုတ်၍လည်း မကျိုးပျက်နိုင်ပေ။
လေ့ကျင်းက ဆန်းလျန်ကို ကြည့်လိုက်ရင်း…
"ဆရာက ကျွန်မရဲ့ဆရာဖြစ်လာမှတော့ ဆရာ့ကို လက်ဆောင် ပစ္စည်းနဲ့ ဂါရဝ ပြုပါရစေ၊ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် လောက်က သွေးနီပင်လယ်ရဲ့ တစ်ဖက်ကမ်းမှာ ဒီပန်းပွင့်ခဲ့တာပါ၊ အနီရောင် ပင့်ကူ ငရဲပန်းလို့ ခေါ်တယ်၊ ဒီပန်းက အရမ်းရှားပါးတယ်၊ တာ့ကြွယ် ကျောင်းတော်က ဘုန်းတော်ကြီး တစ်ပါးက အဲဒီပန်းကိုခူးပြီး ကျွန်မရဲ့ ဦးရီးတော်ကို ဆက်သခဲ့တာ၊ ဦးရီးတော်က ကျွန်မကို မွေးနေ့လက်ဆောင် ပြန်ပေးခဲ့တာ၊ ကျွန်မကတော့ ဆရာ့ကို ဒီလက်ဆောင်နဲ့ ဂါရဝပြုပါတယ်"
သူမက သေတ္တာလေးကို ဖွင့်လိုက်လေသည်။ မီးတောက်ကဲ့သို့ နီရဲတောက်ပနေသည့် ပန်းပွင့်တစ်ပွင့်ကို တွေ့မြင် လိုက်ရလေသည်။ ရိုးတံများ ပင်နီနေသည့် အနီရောင်ပန်းသည် သေတ္တာလေးထဲတွင် ငြိမ်သက်သက်စွာ လဲလျောင်းနေလေသည်။
ဆန်းလျန်မှာ သွေးနီပင်လယ် တစ်ဖက်ကမ်းမှ အနီရောင် ပင့်ကူငရဲပန်းကို တွေ့မြင်ရသည့်အခါ အလွန်အမင်း ဆာလောင် မွတ်သိပ်လာသလို ခံစားလိုက်ရလေသည်။ သူက ထိုပန်းကို ကောက်ယူပြီး တကြွပ်ကြွပ်ဝါးစား ချင်စိတ်များပင် တဖွားဖွား ပေါ်ပေါက်လာမိသည်။
ထိုဆာလောင်မှုသည် သူ၏ရုပ်ခန္ဓာမှ ဆာလောင်မှု မဟုတ်ဘဲ စိတ်ဝိညာဉ်အတွင်းမှ ထွက်ပေါ်လာသည့် ဆာလောင်မှု ဖြစ်လေသည်။
ဆန်းလျန်သည် သူ၏ စိတ်ခံစားချက်များကို ချိုးနှိမ်ကာ လေ့ကျင်းထံမှ လက်ဆောင် သေတ္တာလေးကို လက်ခံလိုက်ပြီး သေတ္တာလေးကို ချက်ချင်း ပိတ်ပစ် လိုက်လေသည်။
ထိုအခါမှ သူ့စိတ်များ ပြန်လည် တည်ငြိမ် သွားတော့သည်။ ဆန်းလျန်၏ အတွင်းစိတ်ထဲတွင် ထိုသို့ဖြစ်နေသည်ကို လေ့ကျင်းက လုံးဝ သတိထားခဲ့မိခြင်း မရှိပေ။
"ဒီလောက် အဖိုးတန်တဲ့ ပန်းကို ဆရာ့ကိုပေးတာ …. မင်းအဖေသိသွားရင် ဆူမှာ မစိုးရိမ်ဘူးလား"
ဆန်းလျန်က တိုးလျစွာ မေးလိုက်သည်။
စိတ်ထဲတွင်တော့ သွေးနီရောင် ပင်လယ် တစ်ဖက်ကမ်းမှ အနီရောင် ပင့်ကူငရဲပန်းကို စားချင်နေသည့် ဆန္ဒ ဖြစ်ပေါ် လာသည်မှာ သတိထားသင့်သည့် ကိစ္စတစ်ခု ဖြစ်ကြောင်း ဆန်းလျန် တွေးနေမိလေသည်။
"ကျွန်မပိုင်တဲ့ပစ္စည်းပဲ၊ ကျွန်မပေးချင်တဲ့ သူကို ပေးမှာပေါ့၊ ပြီးတော့ အိမ်မှာ အမေပြီးရင် အကုန်ပြီးတယ်၊ အဖေက အရေးမပါပါဘူး"
လေ့ကျင်းက ပြောလိုက်သည်။
နိုင်ငံခြားရေး ဝန်ကြီးလေ့နော်သာ ထိုစကားကို ကြားမည်ဆိုလျှင် "ဒီလိုသမီးမျိုး မွေးမလာသင့်" ဟု ဒေါသတကြီးနှင့် ကျိန်းသေ တွေးမိမည်ပင်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါဆိုရင်တော့ နိုင်ငံခြားရေး ဝန်ကြီးဘဝက သနားစရာပဲ"
ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို အမြဲတမ်း အလျှော့ပေးကာ ရယ်ပဲ ရယ်နေတတ်သည်ကို လေ့ကျင်း အမှတ်ရလိုက်မိ သည်။
"ဒါပေမဲ့ အဖေကတော့ ပျော်နေတဲ့ပုံပါပဲ"
လေ့ကျင်း၏ စကား အသွားအလာကို ကြည့်ပြီး လေ့ကျင်းပေးသည့် လက်ဆောင်မှာ နိုင်ငံခြားရေး ဝန်ကြီးလေ့နော်နှင့် ပတ်သက်မှု မရှိဟု ဆန်းလျန် ဆုံးဖြတ် လိုက်လေသည်။ အနီရောင် ပင့်ကူငရဲပန်းပွင့်သည် ထူးခြားသည့်တိုင် သူ့ကို မကောင်းကြံစည် ထားသည့် ပစ္စည်းတစ်ခု မဖြစ်နိုင်သည်ကတော့ သေချာလေသည်။
"တပည့်ပေးတဲ့ ဂါရဝ လက်ဆောင်ကို လက်ခံပြီးပြီဆိုတော့ စပြီ ပညာသင်ကြားရအောင်…”
ဆန်းလျန်က ပြောလိုက်သည်။
လေ့ကျင်းက ခေါင်းညိတ်လိုက်ပြီး ဆန်းလျန် သင်ပေးမည့် ပညာများကို စိတ်ဝင်တစား နားထောင်လိုက်လေသည်။
သို့သော်… သိပ်မကြာခင်မှာပင် သူမသည် ဆန်းလျန်၏ စကားသံကို နားထောင်ရင်း အိပ်ပျော် သွားလေတော့သည်။
***