တောင်ကိုဖန်ဆင်းခြင်း
Vol. 5 Ch. 491
လေ့ကျင်း အိပ်ပျော်ရာမှ နိုးလာသည့် အချိန်တွင် မိုးမလင်းသေးပါ။
ဆန်းလျန်သည် သလွန်ထက်တွင် ညာဘက်လက်ဖြင့် သူ၏ နားထင်ကို အသာထောက်ထားကာ မျက်လုံးများကို မှိတ်ထားလေသည်။ သူ၏ ရှည်လျားသည့် ဆံနွယ်များက စောင်းနေသည့် မျက်နှာဘက်ခြမ်းတွင် ဝေ့၀ဲကျနေပြီး သူ၏ပုံစံမှာ အလွန်မှ ကဗျာဆန်စွာ လှပလျက် ရှိလေသည်။
လေ့ကျင်းမှာ ဆန်းလျန်ကို ကြည့်ရင်း နှလုံးသား တစ်ခုလုံး တဖြုတ်ဖြုတ် ကြွေကျ နေတော့သည်။ ဆရာဖြစ်သူကို ပြစ်မှားချင်နေမိသည့် သူမ၏ စိတ်များကို မနည်း ထိန်းထားရလေသည်။
သို့သော် သူမ သတိထားမိသည့် အချက် တစ်ခုမှာ ဆန်းလျန်၏အသက်ရှူသံကို သူမ မကြားရခြင်းပင် ဖြစ်လေသည်။
လူတစ်ယောက် အသက်မရှူဘူး ဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်။ လေ့ကျင်းသည် သလွန်ထက်တွင် မှေးဆက်နေသည့် ဆန်းလျန်အနားသို့ တဖြည်းဖြည်း တိုးကပ် လာလေသည်။ ထို့နောက် ဆန်းလျန်၏ မျက်နှာနားသို့ တိုးကပ်ကာ အသက်ရှူသံကို သေသေချာချာ နားထောင်လိုက်သည်။ သာမန်လူသားများထက် အဆတစ်ထောင်ခန့် ငြိမ်သက်နေသည့် အသက်ရှူသံ မျှင်းမျှင်းလေးကို သူမ ကြားလိုက်ရလေသည်။ ထိုအသက်ရှူသံသည် လှပသည့် တေးသံသာ တစ်ခုနှင့်ပင် ဆင်တူနေလေသည်။
ဆန်းလျန်သည် ပါးစပ်နှင့် နှာခေါင်းအစား သူ၏ ခန္ဓာကိုယ်ထက်မှ မွေးညင်းပေါက်လေး များဖြင့် အသက်ဓာတ်ကို စုပ်ယူကာ အသက်ရှူနေခြင်း ဖြစ်လေသည်။
တာအိုကျင့်ကြံသူများ အနေဖြင့် ပါးစပ်နှင့်နှာခေါင်းမှ အသက်ရှူခြင်းကို ပြင်ပမှ အသက်ရှူခြင်းဟု ခေါ်ပြီး မွေးညင်းပေါက်လေးများမှ အသက်ရှူခြင်းကိုတော့ ကိုယ်တွင်းမှ အသက်ရှူခြင်းဟု ခေါ်လေသည်။ ရွှမ့်ဝူဟုခေါ်သည့် နတ်ဘုရားလိပ်ကြီးသည် ထိုနည်းဖြင့် အသက်ရှူကာ အသက်ရှည်ရှည်နေခဲ့ခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ မွေးညင်းပေါက်လေးများမှ အသက်ရှူနေသည့် အတွက် မိုးမြေ စွမ်းအားများကလည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်နေလေသည်။ ဆန်းလျန်၏ တန်ခိုးစွမ်းအားအောက်တွင် မိုးမြေစွမ်းအားများမှာ တဖြည်းဖြည်း သန့်စင်လာပြီး သံကို မီးပြင်းပြင်းဖြင့် သံမဏိရသည်အထိ သန့်စင်သည်နှင့်ပင် တူလေသည်။
ထိုသို့အသက်ရှူခြင်းက ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများကို သန့်ရှင်းစေကာ သန့်စင်သည့် ရုပ်ခန္ဓာကို ပိုင်ဆိုင်ရမည် ဖြစ်လေသည်။
တစ်ညလုံးပင် လေ့ကျင်းသည် ဆန်းလျန်၏ အသက်ရှူပုံ ရှူနည်းကို လေ့လာ နေခဲ့လေသည်။ ထို့နောက် သူမကလည်း ဆန်းလျန် အသက်ရှူသကဲ့သို့ လိုက်ရှူကြည့် နေခဲ့လေသည်။ သို့သော် သူမ ကြိုးစားကြည့်တိုင်း အရာမထင်ဘဲ သူမ၏ မျက်နှာမှာသာ ခရမ်းချဉ်သီးကဲ့သို့ အနီရောင် ပြောင်းသွား ခဲ့လေသည်။
ဆန်းလျန်မှာ တစ်ညလုံး အိပ်ပျော်နေခဲ့လေသည်။
ဆန်းလျန်အိပ်နေသည်ကို တစ်ညလုံး ထိုင်ကြည့်နေသည့် လေ့ကျင်းမှာတော့ မနက်လင်းသည့် အခါတွင် မျက်လုံးများ နီရဲနေပြီး အလွန်အိပ်ရေး ပျက်သည့်ပုံ ပေါက်နေတော့သည်။
ဆန်းလျန်မှာ လေ့ကျင်းကို ပုံစံကိုကြည့်ကာ ရယ်ချင် နေမိသော်လည်း ညက အဖြစ်အပျက်ကို မသိချင်ယောင်ဆောင် နေလိုက်လေသည်။
"ကျင်းအယ်… ညက ကောင်းကောင်း မအိပ်ရလို့လား… မင်းကိုကြည့်ရတာ……"
ဆန်းလျန်က အလွန်မှ ချစ်ခင်ကြင်နာသည့် လေသံဖြင့် မေးလိုက်သည့် အတွက် လေ့ကျင်းမှာ အနည်းငယ်အံ့သြသွားလေသည်။ သို့သော် ဒေါသကလည်းထွက်လာသည်။
"အိပ်လို့မှ… အရမ်းကောင်းပဲ"
ဆန်းလျန်က သူမ၏ခေါင်းကို ခပ်ဖွဖွ တစ်ချက် ခေါက်လိုက်ရင်း…
"မသိပါဘူး၊ ညက ဆရာသင်ပေးတာတွေကို သေချာ လေ့လာ နေရတာနဲ့ အိပ်ရေး ပျက်သလားလို့ပါ"
ဆန်းလျန်စကားကြောင့် လေ့ကျင်းမှာ ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။
"ဆရာ… ကျွန်မ တစ်ညလုံးမအိပ်ဘဲ လေ့လာမယ်ဆိုရင်တောင် အသုံးမဝင်ဘူး၊ ဝူတင် ကျင့်ကြံထားတဲ့ တာအိုကျင့်စဉ်က အရမ်းအစွမ်း ထက်တယ်လေ၊ တကယ်လို့ ပြိုင်ပွဲမှာ ကျွန်မ ရှုံးခဲ့ရင်တော့ ဆရာတော့ သိက္ခာကျတော့မှာပဲ"
"အဲဒီကိစ္စ တွေးမနေနဲ့တော့… "
ဆန်းလျန်က ပြန်ပြောလိုက်သည်။
"ဆရာ… ကျွန်မကို တစ်ခုခု သင်ပေးဖို့ အစီအစဉ် မရှိတော့ပဘူးလား၊ ဆရာက နတ်ဘုရား တစ်ပါးလိုမျိုး အစွမ်းထက်တဲ့သူဆိုတာ ကျွန်မသိတယ်နော်၊ ဘာလို့ အဲဒီပညာတွေ ကျွန်မကို သင်မပေးရတာလဲ"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"အစွမ်းထက်တဲ့ ပညာတွေ ကျုပ်သိတာမှ အများကြီးပဲ၊ ပဲစေ့လေးတွေကို စစ်သည်တော်တွေ အဖြစ် ပြောင်းလဲတာ၊ တိမ်စီးတာ၊ လေနဲ့မိုးကို ဆင့်ခေါ်တာ၊ တောင်နဲ့မြစ်ရေကို ရေးဆွဲ ဖန်ဆင်းတာ၊ မင်း ဘယ်ပညာသင်ချင်လဲ ပြော"
လေ့ကျင်းက…
"အင်း… ပဲစေ့တွေကို စစ်သည်တော်တွေ အဖြစ် ပြောင်းလဲတာနဲ့ တိမ်စီးတာတော့ မသင်ချင်ဘူး၊ ဒါပေမဲ့ လေနဲ့မိုးကို ဆင့်ခေါ်တာနဲ့ တောင်နဲ့မြစ်ရေကို ရေးဆွဲ ဖန်ဆင်းတာက မဆိုးလောက်ဘူး၊ ကျွန်မ သုံးလတည်းနဲ့ အဲဒီပညာတွေ သင်ယူနိုင်ပါ့မလား"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ကျုပ်တောင် ဒီပညာတွေကို ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့ရလဲ မင်းသိလား”
လေ့ကျင်းက…
"ဘယ်လောက်ကြာအောင် ကျင့်ကြံခဲ့ရလို့လဲ"
"နှစ်ပေါင်း နှစ်ဆယ်ကျော်တောင် ကျင့်ကြံခဲ့ရတာ"
"အဲဒီလောက်တောင်ကြာတယ်…."
လေ့ကျင်းက နှုတ်ခမ်းစူရင်း ပြောလိုက်လေသည်။
"ဒါတောင် ကျုပ်ရဲ့ကျင့်စဉ်လမ်း အဆင့်တက်တာက အရမ်းမြန်လို့၊ မင်းဆိုရင် နှစ်ပေါင်း တစ်ရာလောက် ကျင့်ရမှာ၊ ဘယ်လိုလဲ သင်ဦးမှာလား"
"ဆရာနဲ့ ကျွန်မက အဲဒီလောက်တောင် ကွာလို့လား"
လေ့ကျင်းက ဆန်းလျန်ကို ကြည့်ရင်းမေးလိုက်လေသည်။
"ဒါပေါ့၊ ကွာတာပေါ့…"
ဆန်းလျန်က လေ့ကျင်းကို ပြန်ကြည့်လိုက်ရင်း အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။
လေ့ကျင်းက အံတစ်ချက်ကြိတ်လိုက်ရင်း…
"ဆရာ... ဆရာက တောင်နဲ့ မြစ်ရေတွေကို ရေးဆွဲ ဖန်ဆင်းနိုင်တယ် ဆိုတာ ကျွန်မက ဘယ်လိုလုပ် ယုံရမှာလဲ၊ ကျွန်မကို သက်သေပြနိုင်မလား"
"မင်းက တကယ်ပဲ မြင်ချင်တာလား"
ဆန်းလျန်က ပြန်မေးလိုက်သည်။
လေ့ကျင်းက တွေးလိုက်သည်။
"တကယ် မဟုတ်လောက်ပါဘူး၊ တောင်တွေကို ရွှေ့ပြောင်းနိုင် ဖန်ဆင်းနိုင်တယ် ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ"
ဆန်းလျန်သည် သူမကို တစ်ချိန်လုံး လူရာမသွင်းဘဲ စနောက်နေခဲ့သည် ဖြစ်ရာ ယခုလည်း ဆန်းလျန်သည် သူမကို စ နောက် နေခြင်းပဲဖြစ်မည်ဟု သူမ တွေးလိုက်မိလေသည်။
ထို့ကြောင့် သူမက ဆန်းလျန်ကို စကားပြန်ပြောလိုက်သည်။
"ဒါပေါ့ ကျွန်မတကယ် ကြည့်ချင်တယ်”
ဆန်းလျန်က ပျင်းရိပျင်းတွဲ ပုံစံဖြင့် ပြုံးလိုက်ရင်း…
"မင်းသမီးလေး အမိန့်အတိုင်းပါပဲ"
ဆန်းလျန်ထံမှ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်လာပြီး ထိုအလင်းတန်းများသည် ပြတင်းပေါက်မှ တစ်ဆင့် အပြင်သို့ ပျံသန်း ထွက်ခွာသွားလေသည်။ ဆန်းလျန်ကတော့ ပြတင်းပေါက်နားတွင် ရုပ်တုတစ်ခုအလား ရပ်နေပြီး သူ့ထံမှ မည်သည့် အသက် ဓာတ်စွမ်းအားမှ ထွက်ပေါ်နေခြင်း မရှိပေ။
လေ့ကျင်းက အစိမ်းရောင် အလင်းတန်းများသည် တစ်ခုခု ထူးခြားသည်ကို သတိပြုလိုက် မိလေသည်။
သူမက ထိုအလင်းတန်းများ၏ ဦးတည်ရာသို့ လိုက်ကြည့်ရန် အတွက် စာသင်ခန်းအတွင်းမှ အပြင်သို့ ထွက်လိုက်လေသည်။
သို့သော် သူမကို လူတစ်ယောက်က တားဆီး လိုက်သည်ကို ခံလိုက်ရလေသည်။
"လေ့သခင်မလေး၊ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ဖို့ ထွက်လာတာလား"
ပျော်ရွှင်စွာဖြင့် သူမကို စကားပြောလိုက်သည့် အသံတစ်သံကို ကြားလိုက်ရလေသည်။
လေ့ကျင်းက လှည့်ကြည့် လိုက်သည့် အခါတွင်တော့ ဖေးကျုန်းကို တွေ့လိုက်ရလေသည်။
ဖေးကျုန်းသည် နှစ်လိုဖွယ်ကောင်းအောင် ချောမောသည့် လူငယ်လေး တစ်ယောက် ဖြစ်ပါသည်။ သို့သော် လေ့ကျင်းကတော့ အတော်လေး အမြင်ကတ်မိလေသည်။
သူမက ဆရာဖြစ်သူဆန်းလျန် တောင်ကို အဘယ်သို့ ဖန်ဆင်းပြမည်ကိုသာ စိတ်ဝင်စားနေသည့် အတွက် ဖေးကျုန်း ကိုအရေးမစိုက်ပါချေ။ ဟွန့်ခနဲ တစ်ချက်ပြုရင်း အဝေးတွင်နေရန် မျက်ရိပ် ပြလိုက်လေသည်။
ဖေးကျုန်းမှာ သူမအမူအရာကို ကြည့်ပြီး အံ့အားသင့် သွားသည့်တိုင် အလွန်ပျော်ရွှင် သွားလေသည်။ အေးစက်သည့် တုံ့ပြန်မှုရရှိခြင်းက မတုံ့ပြန်သည်ထက်ဆာလျှင် ပိုပြီးကောင်းသည် မဟုတ်ပါလား။ တစ်နေတွင်တော့ မင်းသမီးလေးသည် သူ့လက်ထဲသို့ ကျိန်းသေ ရောက်လာရမည်။
ဖေးကျုန်းက ရယ်မောလိုက်ရင်း လေ့ကျင်းသွားရာ လမ်းတွင် ပိတ်ရပ်လိုက်သည်။
“လေ့သခင်မလေး၊ စိတ်မကြည်ဘူးလား၊ ကျွန်တော့်ကိုပြောပြလေ၊ မင်းကို ဘယ်သူက စိတ်မကြည်အောင် လုပ်လဲဆိုတာ၊ အဲဒီလူကို သွားရိုက်ပေးမယ်”
လေ့ကျင်းက အေးစက်စွာ ပြုံးလိုက်ရင်း…
“အမှန်ပဲ၊ စိတ်မကြည်ဘူး… ဘာလို့လဲဆိုတော့ လိုက်နှောင့်ယှက်တဲ့ တစ်ယောက် ရှိနေလို့ပဲ၊ နင်တကယ်ပဲ ငါ့အတွက် သွားရိုက်ပေးမှာလား”
“ကျွန်တော်က လေ့သခင်မလေးအတွက်ဆို အမြဲတမ်း ကူညီပေးချင်နေတာပါ”
သူမကို လိုက်နှောင့်ယှက်နေသည့်သူမှာ ဖေးကျုန်း ကိုယ်တိုင်ပင် ဖြစ်သည့် အကြောင်းကို သူမက ပြောရန် ကြံကာရှိသေးသည် ကောင်းကင်ထက်တွင် ရုတ်တရက် ပျံသန်း ထွက်ပေါ်လာသည့် အလွန်ကြီးမားသည့် အနက်ရောင် အရိပ်ကြီးတစ်ခုကို တွေ့မြင်လိုက်ရလေသည်။
ဖေးကျုန်းမှာ အံ့သြထိတ်လန့် လွန်းသဖြင့် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
အနက်ရောင် အရိပ်ကြီးမှာ နေမင်းကိုပင် ဖုံးကွယ်သွားသည့် အတွက် ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက် သွားလေသည်။ ထိုအနက်ရောင် အရိပ်ကြီးမှာ အလွန်ကြီးမားသည့် တောင်ကြီး တစ်လုံးပင် ဖြစ်လေတော့သည်။
ထိုတောင်ကြီးမှာ ပေတစ်သောင်း အထက် ရှိသည့်တိုင် မြင့်မားလွန်းပြီး တိချိုးမြို့တော် အတွင်းသို့ ပျံသန်းဝင်ရောက် သွားတော့သည်။
လူတိုင်းတောင် တစ်တောင်ကို မြင်ဖူးကြလေသည်။ သို့သော် တိချိုးမြို့တော် အတွင်းသို့ ပျံသန်းလာသည့် တောင်တစ်တောင်ကိုတော့ မည်သူမှ မမြင်ဖူးကြပေ။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် တိချိုးမြို့တော်မှ တန်ခိုးစွမ်းအား မြင့်မားသူများသည် အံ့လည်း အံ့သြသလို ဒေါသလည်း ထွက်သွားကြလေသည်။ တိချိုးမြို့တော်တွင် ယခုကဲ့သို့ တန်ခိုးစွမ်းအား ထုတ်ဖော် ပြသရဲလောက်အောင် သတ္တိရှိသူသည် မည်သူ ဖြစ်ပါသနည်။ သူတို့ အရမ်းသိချင် နေကြလေသည်။
ထိုတောင်မြင့်ကြီးမှာ ဆန်းလျန် ဖန်ဆင်းထားသည့် တောင်မြင့်ကြီးပင် ဖြစ်လေသည်။ ဆန်းလျန် အနေဖြင့် မူလဝိညာဉ်ခန္ဓာမှ စွမ်းအားကို အသုံးပြုကာ ထိုသို့သော တောင်မြင့်ကြီးမျိုးကို အလွယ်တကူ ဖန်ဆင်းနိုင်သည်မှာ မဆန်းလှပေ။
တောင်နှင့်မြစ်ရေ သင်္ကေတ တန်ခိုးစွမ်းအားကို အသုံးပြုကာ ဖန်ဆင်းခဲ့ခြင်း ဖြစ်လေသည်။
သို့သော် လူသားအားလုံးနှင့် တန်ခိုးစွမ်းအား မြင့်မားသူများ အားလုံးမှာ တောင်ကိုသာ မြင်ကြရပြီး တောင်ကို ဖန်ဆင်းသည့်သူကို မသိရှိနိုင်ကြပေ။
ဆန်းလျန်၏ အစစ်အမှန် ဖြစ်တည်မှုမှာ တော်ဝင်ကျောင်းတော် ထဲတွင်သာ တည်ရှိနေသည့် အတွက် မည်သူမျှ သူ့ကို ခြေရာခံမိမည် မဟုတ်ပေ။ ယခုကဲ့သို့ တောင်မြင့်ကြီးကို ဖန်ဆင်းကာ တိချိုးမြို့တော် အတွင်းသို့ ပျံသန်းစေလိုက်သည့် အတွက် တိချိုးမြို့တော် အတွင်းမှ တန်ခိုးစွမ်းအား မြင့်မားသူများ မည်မျှ အစွမ်းထက်သည်ကို ဆန်းလျန်အနေဖြင့် တိတ်တဆိတ် လေ့လာနိုင်မည်လည်း ဖြစ်လေသည်။
တောင်မြင့်ကြီးသည် တိချိုးမြို့တော်နှင့် တဖြည်းဖြည်း နီးကပ်လာသည်နှင့် ….
မိုးခြိမ်းသံထက်ပင် ကျယ်လောင်သည့် လူတစ်ယောက်၏ အသံတစ်သံ ထွက်ပေါ် လာလေသည်။
“အတင့်ရဲလိုက်တာ…”
***