← Chapters

လူတိုင်း၏ တုံ့ပြန်မှု

Vol. 47 Ch. 500

လူတိုင်း၏ တုံ့ပြန်မှု

Vol. 47 Ch. 500

တားမြစ်ရုပ်တုကြီး၏ ဘယ်ဘက် လက်မနှင့် လက်ညှိုးကြား နေရာ

မြင့်မြတ် သားတော်လောင်းလျာ များကို ရှန်းယွမ်ပင်လယ်ထဲသို့ ပို့ဆောင်ပေးပြီးနောက် မဟာအကြီးအကဲနှင့် ယန်ရှို့အင်မော်တယ်အရှင် တို့က စမ်းသပ်မှု အချိန်ကုန်ဆုံးသည်အထိ ဤနေရာတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

သို့သော် ရုတ်တရက်ဆိုသလို အလွန်တရာ တောက်ပသော အလင်းတန်းတစ်ခုမှာ ရှန်းယွမ်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာမှ ပွင့်ထွက်လာခဲ့သည်။

ထိုအလင်းရောင်မှာ အလွန်ပင် စူးရှလှပြီး ရှန်းယွမ်ပင်လယ် တစ်ခုလုံးကို လင်းထိန်သွားစေသည်။

ပင်လယ်အလယ်ဗဟို၏ ကောင်းကင်ယံထက်တွင် ခမ်းနားထည်ဝါလှသော ယဇ်ပလ္လင် (ရှန်းယွမ်စင်မြင့်) တစ်ခုမှာ တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့သည်။

"ကြည့်ရတာ အဖြေထွက်သွားပြီ ထင်တယ်"

ဝေးကွာသော အရပ်မှ ယဇ်ပလ္လင်ကို ကြည့်ကာ မဟာအကြီးအကဲက ပြုံးလျက် ပြောလိုက်သည်။

ယန်ရှို့အင်မော်တယ်အရှင်ကလည်း အင်းဟု ဝန်ခံကာ "တပည့်တွေအားလုံး သူတို့နေရာ သူတို့ ရသွားပြီဆိုရင် ရှန်းယွမ်စင်မြင့်က ပေါ်လာစမြဲပဲ"

"ဒါပေမဲ့ ရှန်းယွမ်စင်မြင့်ပေါ် တက်နိုင်ခဲ့တဲ့ တပည့်တွေကိုပဲ အပြင်ကနေ မြင်နိုင်မှာလေ"

"ဒီတစ်ခေါက်မှာ ဘယ်နှစ်ယောက်လောက် အဲဒီလို အောင်မြင်မှုမျိုး ရမလဲဆိုတာ မသိဘူး"

"သူတို့တွေ အမြင့်ဆုံး ဘယ်နှစ်ထစ်အထိ တက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာပဲ"

မဟာအကြီးအကဲက ယန်ရှို့အင်မော်တယ်အရှင်ကို တစ်ချက်ကြည့်ကာ ရယ်မောလိုက်သည်။ "မင်း အခု လောင်းကြေးကို ပြန်ရုပ်သိမ်းမယ်ဆိုရင် အချိန်မီသေးတယ်နော်"

"ရှန်းယွမ်စင်မြင့်ပေါ်က နိယာမဖိအားတွေအကြောင်း ငါတို့အားလုံး သိတာပဲ။ အင်မော်တယ်ဘုရင် အဆင့်နဲ့ဆိုရင် စင်မြင့်ကို ထိတွေ့ဖို့တောင် ခက်ခဲလှတာ၊ တက်ဖို့ဆိုတာ ပိုတောင် မဖြစ်နိုင်သေးတယ်"

"သူက ရွှမ်ကျန်းရဲ့ ပြိုင်ဘက် ဖြစ်မလာနိုင်ပါဘူး"

ယန်ရှို့အင်မော်တယ်အရှင်က နှာခေါင်းရှုံ့ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။ "မဖြစ်နိုင်တဲ့ အရာတွေကို လုပ်ပြနိုင်မှ အံ့ဖွယ်လို့ ခေါ်တာပေါ့"

"ထန်ထျန်းကတော့ အံ့ဖွယ်တွေကို ဖန်တီးရတာ ဝါသနာပါတဲ့သူပဲ"

"သူ့ကြောင့် မျက်နှာပျက်ခဲ့ရတဲ့သူတွေ မနည်းတော့ဘူး မဟုတ်လား"

"ဒီတစ်ကြိမ်လည်း ငါကတော့ သူ့ကိုပဲ ယုံကြည်တယ်၊ သူ ရှန်းယွမ်စင်မြင့်ရဲ့ ထိပ်ဆုံးကို တက်နိုင်လိမ့်မယ်"

မဟာအကြီးအကဲက ခေါင်းခါလိုက်သည်။ "ဒါဆိုရင်လည်း စောင့်ကြည့်ကြတာပေါ့"

ထို့နောက် သူက အဝေးရှိ ရှန်းယွမ်စင်မြင့်ဆီသို့ အကြည့်ကို ပြန်ပို့လိုက်သည်။

အချိန်အနည်းငယ် ကြာပြီးနောက် ရှန်းယွမ်စင်မြင့် ပတ်ပတ်လည်ရှိ မြူထုများမှာ တဖြည်းဖြည်း လွင့်စင်သွားပြီး စင်မြင့်ပေါ်မှ မြင်ကွင်းများ ပေါ်လာခဲ့သည်။

ပထမအထစ်တွင် လူရိပ် ဆယ်ဂဏန်းခန့် ပေါ်လာသည်။ ထိုသူများမှာ မြင့်မြတ် သားတော်လောင်းလျာ များထဲမှ ထူးချွန်သူများ ဖြစ်ကြသည်။

ခဏအကြာတွင် ဒုတိယအထစ်နှင့် တတိယအထစ်များမှာလည်း အစီအစဉ်အလိုက် ပေါ်လာခဲ့ပြီး ထိုနေရာများတွင်လည်း တပည့်များ ရှိနေကြသည်။

စတုတ္ထအထစ်သို့ ရောက်သောအခါ မဟာအကြီးအကဲ၏ မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။

"လော့ရှီးလား"

"အင်မော်တယ်အရှင်အဆင့်ကို တက်လှမ်းခါစပဲ ရှိသေးတာကို စတုတ္ထအထစ်အထိ တက်နိုင်တယ်ပေါ့"

"ရှောင်းယောင်မိသားစုရဲ့ ဒီပါရမီရှင်မလေးက တကယ်ကို လျှော့တွက်လို့ မရဘူးပဲ"

လော့ရှီး၏ ပါရမီကို အားလုံး သိကြသည်။ ထို့အပြင် ဤမိန်းကလေးမှာ တိုက်ခိုက်ရသည်ကို အလွန်ဝါသနာပါရာ ထိပ်သီးအနည်းငယ်မှလွဲ၍ ကျန်သူအားလုံးကို စိန်ခေါ်ဖူးသည်။

မြူထုများမှာ ဆက်လက် လွင့်ပြယ်နေဆဲပင်။

ပဉ္စမအထစ်၏ မြင်ကွယ်မှာ လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

ထိုနေရာမှ လူရိပ်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ အကြီးအကဲအချို့မှာ အာမေဍိတ်သံများ ထွက်ပေါ်လာကြသည်။

"ရွှမ်ကျန်းပဲ"

"သူ ပဉ္စမအထစ်ကို ရောက်နေတယ်!"

ဆဋ္ဌမအထစ် လှေကားထစ်၏ အောက်ခြေတွင် ရွှမ်ကျန်းမှာ တည်ငြိမ်လှပသော ပုံစံဖြင့် တရားထိုင်နေသည်။

"ရှန်းယန်၊ မိုရှန်းဟွာနဲ့ ယွီကျိရုံ သုံးယောက်လည်း ရှိတာပဲ"

"ဒီလေးယောက်ကတော့ ဒီနှစ်ရဲ့ မြင့်မြတ် သားတော်လောင်းလျာ တွေထဲမှာ အစွမ်းဆုံးဆိုတာ သံသယဝင်စရာ မလိုတော့ဘူး"

"ဘာမှ ထူးထူးခြားခြား မဖြစ်ရင်တော့ မြင့်မြတ် သားတော် နေရာငါးခုထဲက လေးခုကို သူတို့ပဲ ရသွားဖို့ များတယ်"

အကြီးအကဲများက ချီးကျူးစကား ဆိုကြသည်။

ရှန်းယွမ်စင်မြင့်၏ ပဉ္စမအထစ်သို့ တက်လှမ်းနိုင်ခြင်းမှာ ထျန်းဖူနန်းတော် သမိုင်းတစ်လျှောက်တွင် အလွန်ထူးချွန်သော ရလဒ်ဟု သတ်မှတ်နိုင်သည်။

သို့သော် ဤရလဒ်အပေါ် မဟာအကြီးအကဲမှာ ကျေနပ်ပုံမပြဘဲ မျက်မှောင် အနည်းငယ် ကြုတ်နေခဲ့သည်။

ယန်ရှို့အင်မော်တယ်အရှင်က ရယ်မောကာ "ကြည့်ရတာ တစ်စုံတစ်ယောက်တော့ စိတ်တိုင်းမကျဖြစ်နေပြီ ထင်တယ်"

"အင်မော်တယ်အရှင် အထွတ်အထိပ် အဆင့် ကျင့်ကြံခြင်းနဲ့ ဖြစ်နေပြီးတော့ အင်မော်တယ်အရှင် နှောင်းပိုင်းအဆင့်က ရှန်းယန်တို့နဲ့ တစ်တန်းတည်း ဖြစ်နေတာကိုး"

မဟာအကြီးအကဲက နှာခေါင်းရှုံ့ကာ "မင်းက ဘာတွေ လာကြွားနေတာလဲ"

"ရွှမ်ကျန်းက နံပါတ်တစ် မဟုတ်ရင်တောင် ထန်ထျန်းကတော့ အရိပ်တောင် မမြင်ရသေးဘူး"

"ငါတို့လောင်းကြေးက သရေပဲ ရှိသေးတယ်၊ အတိအကျ တွက်မယ်ဆိုရင် ငါက နိုင်နေတာ"

ယန်ရှို့အင်မော်တယ်အရှင်မှာ ပြန်မငြင်းဘဲ ပြုံးမြဲပြုံးနေဆဲပင်။

သူကလည်း စမ်းသပ်ကြည့်သည့် သဘောဖြင့် လောင်းခဲ့ခြင်း ဖြစ်သည်။ မဟာအကြီးအကဲ၏ တိုက်ရိုက်တပည့် ရွှမ်ကျန်းမှာ မျှော်လင့်ထားသလောက် မစွမ်းဆောင်နိုင်သည်ကို မြင်ရသောအခါ သူ၏ စိတ်ထဲတွင် ကျေနပ်မှု အနည်းငယ် ရှိနေသည်။

ထန်ထျန်းနှင့် ပတ်သက်လျှင်မူ...

သူ့အတွက် ကံကောင်းခြင်းတွေ ရရင်ပဲ တော်ပါပြီ၊ နေရာတိုင်းမှာ အံ့ဖွယ်တွေ ဖန်တီးနေဖို့ မလိုပါဘူးဟု သူ တွေးလိုက်သည်။

ဆဋ္ဌမအထစ်အထက်ရှိ မြူထုများမှာ ဆက်လက် လွင့်စင်နေဆဲ ဖြစ်သော်လည်း အကြီးအကဲများမှာမူ ဆက်လက် အာရုံမစိုက်ကြတော့ပေ။

ရွှမ်ကျန်းနှင့် ရှန်းယန်တို့တောင် ပဉ္စမအထစ်မှာပဲ ရပ်တန့်နေရတာ၊ ဘယ်သူက သူတို့ထက် ပိုတော်နိုင်ဦးမှာလဲ

အဲဒီလိုလူ မရှိနိုင်ပေ။

သို့သော် ယန်ရှို့အင်မော်တယ်အရှင်က မဟာအကြီးအကဲကို မည်သို့ ပြန်ပြောရမလဲဟု စဉ်းစားနေစဉ်မှာပင် အကြီးအကဲတစ်ဦးက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

"ဘုရားရေ တစ်ယောက်ယောက်က ထိပ်ဆုံးကို တက်သွားပြီ"

"အဲဒါ ထန်ထျန်း ပဲ"

အားလုံးမှာ ချက်ချင်းပင် ဆွံ့အသွားကြသည်။

ယန်ရှို့အင်မော်တယ်အရှင် ကြောင်အသွားပြီးနောက် အမြန်လှမ်းကြည့်လိုက်ရာ ရှန်းယွမ်စင်မြင့်၏ ထိပ်ဆုံးတွင် ရပ်နေသောသူကို မြင်လိုက်ရသောအခါ မျက်လုံးပြူးသွားတော့သည်။

သောက်

တကယ်ပဲ ထန်ထျန်းပါလား

သူက ရှန်းယွမ်စင်မြင့်ရဲ့ ထိပ်ဆုံးကို တကယ် တက်သွားတာလား

လူတိုင်းမှာ ထူးဆန်းသော တိတ်ဆိတ်မှုကြီးထဲသို့ နစ်မြုပ်သွားကြသည်။

ဒီလိုမျိုးက... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ

နောက်ဆုံးအကြိမ် တစ်စုံတစ်ယောက် ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက ဖြစ်ရပ်တစ်ခု ဖြစ်သည်။

သူတို့ မြင့်မြတ် သားတော်လောင်းလျာ တွေကို ရှန်းယွမ်ပင်လယ်ထဲ ခေါ်လာတဲ့အချိန်တုန်းက တစ်စုံတစ်ယောက် ထိပ်ဆုံးကို တက်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မတွေးထားခဲ့ကြပေ။

အင်မော်တယ်ဘုရင် အဆင့်သာ ရှိသေးတဲ့ ထန်ထျန်း ဖြစ်လိမ့်မယ်လို့ ပိုတောင် မတွေးရဲခဲ့ကြပေ

သူ... ဘယ်လိုလုပ်လိုက်တာလဲ

အချိန်အတော်ကြာသည့်တိုင် အားလုံးမှာ ထိုမှင်သက်မှုမှ မထွက်နိုင်ကြသေးပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စမှာ သူတို့၏ အသိဉာဏ်ကို ကျော်လွန်နေသောကြောင့် ဖြစ်သည်။

အင်မော်တယ်ဘုရင် အဆင့်နှင့် ရှန်းယွမ်စင်မြင့် ထိပ်ဆုံးသို့ တက်ခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီက ပုဂ္ဂိုလ်ထက်ပင် အဆပေါင်းများစွာ ပို၍ ကြောက်စရာကောင်းလှသည်။

ကြာမြင့်စွာ တိတ်ဆိတ်ပြီးနောက် ယန်ရှို့အင်မော်တယ်အရှင်က အသက်ကို ပြင်းပြင်းရှူကာ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး မဟာအကြီးအကဲကို ကြည့်လိုက်သည်။

"ငါ တကယ်ပဲ နိုင်သွားပြီ ထင်တယ်"

......

တစ်ချိန်တည်းမှာပင် ရှန်းယွမ်ပင်လယ်ထဲ၌

မြင့်မြတ် သားတော်လောင်းလျာ တစ်ဦးစီမှာ သူတို့နှင့် အသင့်တော်ဆုံးသော ကျင့်ကြံခြင်း နေရာများကို ရှာဖွေတွေ့ရှိထားကြပြီ ဖြစ်သည်။

လော့ရှီးမှာ သူမကိုယ်သူမ ရှန်းယန်တို့နှင့် ရင်ဘောင်တန်းနိုင်မည်ဟု ထင်ထားခဲ့သော်လည်း ပဉ္စမအထစ် ရှေ့တွင်ပင် ရပ်တန့်သွားခဲ့ရသည်။

နိယာမဖိအားမှာ တကယ့်ကို ကြောက်စရာ ကောင်းလှပေသည်။

သို့သော် သူမ စိတ်မပျက်ပေ။ အနည်းငယ်သာ လိုတော့ခြင်း ဖြစ်သည်။ အကယ်၍ သူမသာ အင်မော်တယ်အရှင် နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ်သို့ ရောက်ခဲ့မည်ဆိုလျှင် ပဉ္စမအထစ်သာမက ဆဋ္ဌမ၊ သတ္တမအထစ်များအထိပါ တက်နိုင်မည်ဟု သူမ ယုံကြည်ထားသည်။

ထို့ကြောင့် သူမက သူမကိုယ်သူမ သူတို့ထက် ညံ့သည်ဟု မယူဆဘဲ ပို၍ပင် ယုံကြည်မှု ရှိလာခဲ့သည်။

သို့သော် သူမ ရှန်းယွမ်စင်မြင့်၏ ထိပ်ဆုံးကို လှမ်းကြည့်လိုက်သောအခါ ကြောင်အသွားတော့သည်။

ရင်းနှီးနေသော လူရိပ်တစ်ခုမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။

လော့ရှီးမှာ ထိုနေရာတွင်ပင် အချိန်အတော်ကြာ မှင်သက်နေခဲ့သည်။

နောက်ဆုံးတွင် သူမ ခေါင်းခါလိုက်မိသည်။

"ထန်ထျန်း..."

"ကျွန်မ ရှင့်ကို တကယ်ပဲ လျှော့တွက်ခဲ့မိတာပဲ"

"ရှင် ဘာကြောင့် ကျွန်မရဲ့ စိန်ခေါ်မှုကို အမြဲတမ်း လက်မခံခဲ့တာလဲဆိုတဲ့ အကြောင်းရင်းကိုလည်း အခုမှ နားလည်တော့တယ်"

"ဒါမှမဟုတ် ကျွန်မက အစကတည်းက နားလည်နေပေမဲ့ ဝန်မခံချင်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်"

"ဒါပေမဲ့ အခုတော့... ကျွန်မ တကယ်ပဲ အရှုံးပေးပါတယ်"

ပြောပြီးနောက် သူမက ပြုံးလိုက်ကာ စိတ်ထဲမှ အစွဲအလမ်းအချို့ကို ချပစ်လိုက်ပြီး ထိုင်ချလိုက်သည်။

မကြာမီမှာပင် ကျင့်ကြံခြင်းထဲသို့ နစ်မြုပ်သွားတော့သည်။

ထန်ထျန်း ထိပ်ဆုံးသို့ တက်နိုင်သည့် မြင်ကွင်းကို စင်မြင့်ပေါ်ရှိ အခြားသော မြင့်မြတ် သားတော်လောင်းလျာ များလည်း မြင်တွေ့သွားကြသည်။

အများစုမှာ အံ့သြတုန်လှုပ်နေကြသည်။

၎င်းထဲတွင် ရှန်းယန်၊ မိုရှန်းဟွာနှင့် ယွီကျိရုံ သုံးဦးလည်း ပါဝင်သည်။

သူတို့က သူတို့ အင်အားစုများ၏ အခြေအနေကြောင့်သာ ထန်ထျန်းဘက်တွင် ရပ်တည်ခဲ့ကြခြင်း ဖြစ်သော်လည်း ထျန်းဖူနန်းတော်၏ ထိပ်သီး ပါရမီရှင်များ ဖြစ်ကြသဖြင့် ထန်ထျန်းက ဤမျှအထိ ကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သို့သော် မျက်စိရှေ့မှ ရလဒ်ကြောင့် ဤအမှန်တရားကို သူတို့ လက်ခံလိုက်ရတော့သည်။

ထန်ထျန်းက သူတို့ထက် အဆပေါင်းများစွာ ပိုပြီး သန်မာနေသည်။

ပဉ္စမအထစ်သို့ ပထမဆုံး တက်နိုင်ခဲ့သော ရွှမ်ကျန်းမှာမူ မျက်နှာတွင် ရှုပ်ထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။

သူက စိတ်ကို ပြန်လည် ပြင်ဆင်ပြီး ဆဋ္ဌမအထစ်သို့ ဆက်လက် ကြိုးစားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

သို့သော် ထန်ထျန်း ထိပ်ဆုံးရောက်နေသည်ကို မြင်လိုက်ရသောအခါ အနိုင်နိုင် ထိန်းထားရသော သူ၏ တည်ငြိမ်မှုမှာ ချက်ချင်း ပြိုကွဲသွားခဲ့သည်။

ဟုတ်ပေသည်။

ဘယ်သူက သူ့ကို မြင့်မြတ် သားတော်လောင်းလျာ တွေထဲမှာ အသန်မာဆုံးလို့ ပြောခဲ့သလဲ

နောက်ဆုံးတွင် ရွှမ်ကျန်းမှာ ဆဋ္ဌမအထစ်သို့ တက်ရန် ကြိုးစားမှုကို စွန့်လွှတ်လိုက်ပြီး ပဉ္စမအထစ်မှာပင် ကျန်ရစ်ခဲ့ရန် ဆုံးဖြတ်လိုက်တော့သည်။

All Chapters