သဲမုန်တိုင်း
Vol. 5 Ch. 492
တိချိုးမြို့တော်၊ တာ့ရှားဧကရာဇ် နေထိုင်ရာ ဝမ်ချန်နန်းတော် အတွင်းမှ စိမ်းပြာရောင် ဧရာမလက်ကြီး တစ်ဖက် ထွက်ပေါ် လာလေသည်။ ထိုလက်ကြီးမှ ကြောက်မက်ဖွယ်ရာ တန်ခိုး စွမ်းအားများ ထွက်ပေါ်နေပြီး တိချိုးမြို့တော်မှ ကျင့်ကြံသူများ အားလုံးမှာ တုတ်တုတ်မျှပင် မလှုပ်ရဲကြပေ။ ထိုလက်ကြီးမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားသည် သူတို့၏ ခန္ဓာကိုယ်တွင်းမှ တန်ခိုးစွမ်းအားများ အားလုံးကို ဖိနှိပ် ထားသကဲ့သို့ ရှိတော့သည်။
တိချိုးမြို့တော် အတွင်းမှ တော်ဝင်မျိုးနွယ်များ ပြောဆိုလိုက်သည့် “အတင့်ရဲလိုက်လေ” ဆိုသည့် အသံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။
စိမ်းပြာရောင် ဧရာမလက်ကြီးမှာ လျင်မြန်စွာ ပျံသန်းလာသည့် တောင်မြင့်ကြီးကို ရက်စက်သည့် လက်သီးချက် တစ်ချက်တည်းဖြင့် ထိုးခွင်း ပစ်လိုက်လေသည်။
အလွန်မှ ရက်စက်လွန်းသည့် လက်သီးချက် ဖြစ်လေသည်။
သို့သော်…. ကြယ်တာရာ စွမ်းအားများဖြင့် ပြည့်နက်လျက်ရှိသည့် တောင်မြင့်ကြီးကို စိမ်းပြာရောင် ဧရာမလက်ကြီးသည် ထိုးခွင်းနိုင်ခြင်း မရှိခဲ့ပေ။
ယိုဟူအိမ်တော်၏ ခေါင်းဆောင် လေ့ဟုန်သည် တောင်မြင့်ကြီးကို အမှုန့်ဖြစ်အောင် ထိုးခွင်းနိုင်ခြင်း မရှိခဲ့ပေ။
ပြင်းထန်လွန်းသည့် လက်သီးချက်ကြောင့် တောင်မြင့်ကြီးသည် သိမ့်ခနဲ တစ်ချက်မျှသာ တုန်ခါ သွားလေသည်။
တိချိုးမြို့တော်မှ တော်ဝင် မိသားစုများသည် ထိုအဖြစ်အပျက်ကို စူးစိုက် ကြည့်နေ ကြလေသည်။ တော်ဝင်မိသားစုများ မဟုတ်သည့် အပြင်လူ တစ်ယောက်က တိချိုးမြို့တော်တွင် ယခုကဲ့သို့ တန်ခိုးပြရဲသည်မှာ တာ့ရှားပြည်ကို အလွန်မှ အရှက်ရစေသည့် ကိစ္စ ဖြစ်လေသည်။ ထိုကျင့်ကြံသူသည် တာ့ရှားဧကရာဇ်၏ အမျက်ဒေါသဖြင့် “ကြိုဆိုခြင်း” ကိုသာ ခံရပေလိမ့်မည်။
ဝမ်ချန်နန်းတော်…
ရှားထိုက် အကျဉ်းထောင်တွင် သားရေဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက် ရှိနေလေသည်။
ထိုသူက ကောင်းကင်ထက်မှ တောင်မြင့်ကြီးကို စူးစိုက်ကြည့်နေလေသည်။
စိမ်းပြာရောင် ဧရာမလက်ကြီးက တောင်မြင့်ကြီးကို ဖိနှိပ်ထားလေသည်။ သို့သော် ထိုဧရာမ လက်ကြီးကို တွန်းလှန်နေသည့် တောင်မြင့်ကြီးထံမှ ထွက်ပေါ်နေသည့် အသံတိတ် တန်ခိုးစွမ်းအား တစ်ခုမှာ အလွန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှလေသည်။
“ဒီလောက် တန်ခိုးစွမ်းအား မြင့်မားနေတဲ့ ကျင့်ကြံသူဟာ အင်မတန် ဂုဏ်အသရေ မြင့်သူ တစ်ယောက် ဖြစ်ရမယ်၊ ဒါပေမဲ့ ကျုပ်ကတော့ အထင်ကြီးစရာ မရှိဘူး၊ ကျီလု… မင်းကိုတော့ ကူညီမယ့်သူ ရောက်လာတော့မယ် ထင်တယ်”
သားရေဝတ်ရုံကို ခြုံထားသူက ပြောလိုက်လေသည်။
သားရေဝတ်ရုံကို ခြုံထားသည့် လူ၏ခါးတွင် ဓားကောက်ကြီး တစ်လက်ကိုလည်း ချိတ်ဆွဲ ထားလေသည်။ သူ၏မျက်ဝန်း များက မီးတောက်အလား လောင်ကျွမ်း တောက်ပနေလေသည်။
ထျန်းယီ အကြီးအကဲသည် ရှားထိုက် အကျဉ်းထောင် အတွင်းတွင် တင်ပျဉ်ခွေ ထိုင်နေလေသည်။ သူ၏ ပတ်ဝန်းကျင်တွင် နေစွမ်းအင် မီးတောက်များက စက်ဝိုင်းသဖွယ် ဝန်းရံ ထားလေသည်။ သူ၏ ဆံပင်ရှည်များက ပခုံးထက်သို့ ပြေကျနေလေ၏။
“မင်လော့၊ အဲဒီလူကို ကျုပ်မသိဘူး၊ ဒါပေမဲ့ အနှေးနဲ့အမြန်တော့ သိလာရတော့မှာပါ၊ တာ့ရှား ဧကရာဇ်က ကျုပ်ကို ဒုက္ခမပေးသရွေ့ အဲဒီလူကလေည်း တာ့ရှားဧကရာဇ်ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး”
သားရေဝတ်ရုံကို ဆင်မြန်းထားသည့် မင်လော့ဆိုသည့် သူက ဟွန့်ခနဲ နှာခေါင်း တစ်ချက် ရှုံ့လိုက်ရင်း…
“ဘာစောင့်နေစရာ လိုသလဲ၊ ဒီကောင် ဒီနေ့ ပြေးမလွတ် နိုင်တော့ပါဘူး”
ထျန်းယီ အကြီးအကဲကမင်လော့ကို ကြည့်လိုက်သည်။ ထို့နောက် သူ၏အကြည့်က မင်လော့၏ ခါးဆီမှ ဓားကောက်ကြီး ဆီသို့ ရောက်ရှိ သွားလေသည်။
ထိုမင်လော့ ဆိုသည့် လူသည် တာ့ရှား ပြည်တော်ဝင် မိသားစု ဆယ့်နှစ်ခုဖြစ်သည့် မင်အိမ်တော်မှ သခင်တစ်ပါးဖြစ်ပြီး တာ့ရှားဧကရာဇ်၏ သစ္စာရှိနောက်လိုက် တစ်ဦးလည်း ဖြစ်သည်။ တစ်ချိန်တုန်းက သွေးနီရောင် ပင်လယ်ကို ဖြတ်ကျော်ကာ နတ်ဆိုးမျိုးနွယ်များကိုပင် စိန်ခေါ်ခဲ့သူ ဖြစ်လေသည်။ သူ၏ မိစ္ဆာဓားကောက်ကြီး၏ တန်ခိုးစွမ်းအား မှာထိပ်တန်းအဆင့် ဖြစ်လေသည်။
ထို့နောက် သူက အခြားသော တိုင်းတစ်ပါး နိုင်ငံများနှင့်လည်း တိုက်ပွဲများဆင်နွှဲခဲ့ကာ ထောင်နှင့်ချီသော ပြည်သူများကို ချေမှုန်းခဲ့ပြီး ရာနှင့်ချီသည့် တိုင်းပြည်များကို သိမ်းယူခဲ့ဖူးလေသည်။ သူ၏ ဓားကောက်ကြီး အောက်တွင် ဝိညာဉ်ပေါင်းများစွာ မရေမတွက် နိုင်အောင် သေဆုံး ခဲ့ကြပြီးပြီ ဖြစ်လေသည်။ သူ၏ မိစ္ဆာစွမ်းအားများက အလွန်မြင့်မားပြီး တိချိုးမြို့တော်တွင် တန်ခိုးစွမ်းအား အလွန်ထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။
မင်လော့၏ တန်ခိုးစွမ်းအား မြင့်မားမှုကြောင့်သာ တာ့ရှားဧကရာဇ်က ထျန်းယီ အကြီးအကဲကို ဖမ်းချုပ်ထားသည့် ရှားထိုက် အကျဉ်းထောင်ကို ယုံကြည် စိတ်ချစွာဖြင့် စောင့်ခိုင်းခြင်း ဖြစ်လေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် တာ့ရှားဧကရာဇ်၏ ထျန်းယီ အကြီးအကဲ အပေါ်တွင် ထားရှိသည့် တန်ဖိုးထားမှုနှင့် မင်လော့ အပေါ်ထားရှိသည့် ယုံကြည်မှုကို ယှဉ်တွဲ တွေ့မြင်ရမည် ဖြစ်လေသည်။
မင်လော့၏ ခါးတွင်ချိတ်ထားသည့် ဓားကောက်ကြီးမှာ နတ်ဆိုးသွေးများ၏ စစ်မှန်သည့် အဓိပ္ပာယ်ကိုလည်း ဖော်ဆောင် ထားလေသည်။ ထို့ကြောင့် ထိုဓားကောက်ကြီးကို အံတုယှဉ်ပြိုင် နိုင်သူမှာ အနည်းငယ်သာ ရှိလေသည်။
တောင်မြင့်ကြီးသည် တိချိုးမြို့တော်ဆီသို့ တဖြည်းဖြည်း နိမ့်ဆင်း လာလေသည်။
စိမ်းပြာရောင် ဧရာမလက်ကြီးပိုင်ရှင် ယိုဟူအိမ်တော်၏ ခေါင်းဆောင် လေ့ဟုန်မှာ တောင်မြင့်ကြီးကို မထိန်းချုပ်နိုင် သည့်အပြင် ဒဏ်ရာ ရသွားခဲ့လေသည်။ ထိုအဖြစ်အပျက်က တာ့ရှားပြည် အရှက်ကွဲ စေခဲ့လေသည်။
မြင်ကွင်းကို ကြည့်နေရင်းမှ မင်လော့သည် သူ၏ ဓားကောက်ကြီးကို ဆွဲထုတ် လိုက်လေသည်။ ဓားအိမ်အတွင်းမှ ထွက်ပေါ်လာသည့် ဓားကောက်ကြီးသည် အလင်းတန်း အလွှာများ ဖြာထွက်နေပြီး တန်ခိုးစွမ်းအား အလှည့်အပြောင်း စုစုပေါင်း တစ်သိန်းရှစ်သောင်း ရှိလေသည်။
ဓားကောက်ကြီးမှ အလင်းတန်းများသည် မြစ်တစ်စင်းအလား စီးဆင်းသွားပြီး တောင်မြင့်ကြီးကို ခုတ်ပိုင်းချလိုက် လေတော့သည်။
မိစ္ဆာ ဓားကောက်ကြီး၏ ဓားချက်ကြောင့် တောင်မြင့်ကြီးမှ အလယ်မှ ကွဲထွက်သွားပြီး အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ် သွားရလေသည်။
ဓားကောက်ကြီးမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအား အလင်းတန်းများသည် တောင်ထိပ်ကို ဖိနှိပ်ထားသည့် ဧရာမလက်ကြီးနှင့် ပေါင်းစပ်မိ သွားသည့်အခါ ဧရာမလက်ကြီးမှာ ချက်ချင်းပင် တန်ခိုးစွမ်းအားများ ပြန်လည် မြင့်တက် လာလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် မိုးကြိုးမြည်သံများ တဝုန်းဝုန်း မြည်နေပြီး ဧရာမ လက်ကြီးသည် တောင်မြင့်ကြီးကို မလွှတ်တမ်း ရစ်ပတ် ထားလေသည်။ ထိုအခါ တောင်ထိပ်တွင် အစိမ်းရောင် တိမ်တိုက်တစ်ခု ရစ်သိုင်းလာပြီး တောင်မြင့်ကြီးကို ဖန်ဆင်းထားသည့် ကြယ်တာရာ စွမ်းအားများမှာ ရုတ်တရက် ပေါက်ကွဲ ထွက်သွားလေသည်။
အစိမ်းရောင် တိမ်တိုက် ပေါက်ကွဲသွားသည်နှင့် ကြယ်စင်များကဲ့သို့ အလင်းတန်းများ ဖြာထွက်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် အပူရှိန်များ ချက်ချင်း မြင့်တက် လာလေသည်။ ထို့နောက် တောင်မြင့်ကြီး တစ်ခုလုံးသည် မျက်စိတစ်မှိတ် အတွင်းမှာပင် လောင်ကျွမ်း ပျက်စီးသွားတော့သည်။ တောင်မြင့်ကြီး လောင်ကျွမ်း ပျက်စီးသွားသည့် အတွက် လေထဲတွင် မီးခိုးများ၊ ဖုန်မှုန့်များမှာ မရေမတွက်နိုင်အောင် ပြန့်ကျဲသွားကာ သဲမုန်တိုင်းတစ်ခု အလားပင် ဖြစ်သွားတော့သည်။
တိချိုးမြို့တော် တစ်ခုလုံးမှာ သဲမုန်တိုင်း တိုက်ခတ်နေသည့် အလား ဖုန်မှုန့်များ၊ သဲများကြားတွင် နစ်မြုပ်နေတော့သည်။
ထိုအချိန်မှာပင် ဝမ်ချန်နန်းတော်မှ နဂါးဟိန်းသံကြီး တစ်သံ ထွက်ပေါ်လာပြီး သဲမုန်တိုင်းကြီးကို သိမ်းယူ ပစ်လိုက် လေသည်။
ယင်းလုန် နဂါးကြီး ထွက်ပေါ်လာခြင်း ဖြစ်ပြီး နဂါးကြီး၏ ကျောရိုးထက်တွင် လူတစ်ဦး စီးနင်း လိုက်ပါလာလေသည်။ ထိုသူ၏ မျက်ဝန်းများမှာ ရွှေညိုရောင် ဖြစ်ပြီး နေရောင်ခြည် အလား လင်းလက် တောက်ပနေလေသည်။
ထိုသူ၏ ရွှေရောင်ဆံပင်များမှာ ပခုံးထက်တွင် ဝဲကျနေလေသည်။
ထိုသူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားမှာ နေရောင်ခြည်အလား တိချိုးမြို့တော်၏ နေရာအနှံ့သို့ ပျံ့နှံ့ သွားလေသည်။
ထိုသူက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး…
"အားလုံးက ထိုင်ကြည့်နေဖို့ပဲ သိတယ်”
ထို့နောက် ယင်းလုန်နဂါးကြီးသည် ဝမ်ချန် နန်းတော်ရှိရာသို့ ပြန်လှည့် သွားလေသည်။
ထို့နောက်တွင်တော့ တုန်းချန် အရပ်တွင်နေထိုင်ကြသည့် မင်းမျိုးမင်းနွယ် များသည် အဝတ်အစားများကို အလျှင်အမြန် သပ်သပ်ရပ်ရပ် ဖြစ်အောင် ဝတ်ဆင်လိုက်ကြကာ မြင်းရထားများပေါ်သို့ တက်လိုက်ကြပြီး ဝမ်းချန် နန်းတော်ရှိရာသို့ အသီးသီး ထွက်ခွာ လာခဲ့ကြတော့သည်။
ထိုအချိန်တွင်…
ဆန်းလျန်သည် တော်ဝင် ကျောင်းတော်အတွင်းရှိ သူ၏ စာသင်ခန်းထဲရှိ သလွန်ထက်တွင် ထိုင်နေလေသည်။
သူက သူဖန်ဆင်းလိုက်သည့် တောင်မြင့်ကြီးကို ချေဖျက် လိုက်ကြသည့် တန်ခိုး စွမ်းအားများ အကြောင်းကို ပြန်လည် စဉ်းစားနေလေသည်။
စိမ်းပြာရောင် ဧရာမလက်ကြီး၏ ပိုင်ရှင်နှင့် မိစ္ဆာဓားကောက် ပိုင်ရှင်တို့ နှစ်ယောက်ပေါင်းကို ဆန်းလျန်အနေဖြင့် အနိုင်ယူရန် မခဲယဉ်းပေ။
သို့သော်… ယင်းလုန်၏ ကျောရိုးပေါ်တွင် စီးနင်းလာသည့် ရွှေရောင် ဆံနွယ်ရှည်များနှင့် လူသည် တာ့ရှားဧကရာဇ် ဖြစ်နိုင်ချေ ရှိလေသည်။ ထိုသူ၏ တန်ခိုးစွမ်းအားကတော့ အဆုံးမရှိ နက်ရှိုင်းလွန်းသည်ကို ဆန်းလျန် သဘောပေါက် လိုက်မိသည်။
ဆန်းလျန်သည် ချန်ပေသို၏ နတ်ဘုရား ထောင်ချောက်ဓားနှင့် ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်များကို အတွေ့အကြုံ ရှိထားသူ ဖြစ်လေသည်။ ထိုသူနှစ်ယောက်မှာ ဆန်းလျန်ဘဝတွင် ကြောက်စရာအကောင်း ပြိုင်ဘက် များဖြစ်လေသည်။
သို့သော် တာ့ရှားဧကရာဇ်နှင့် ယှဉ်လျှင်တော့ သူတို့နှစ်ယောက်သည် မည်သို့မှ မပြောပလောက်သည့် သူများ ဖြစ်သွားကြရပေမည်။
ထို့ပြင် တိချိုးမြို့တော်တွင် မိစ္ဆာဓားကောက် ပိုင်ရှင်ကဲ့သို့ စွမ်းအား ထက်မြက်သူများ များစွာ ရှိနေသေးသည်။ ထိုသူများအားလုံး ပေါင်းစည်းလိုက်ပါက တိချိုးမြို့တော် တစ်ခုလုံး၏ တန်ခိုးစွမ်းအားမှာ သူမတူအောင် မြင့်မားသွားမည် ဖြစ်လေသည်။
ဆန်းလျန်၏ ရုပ်ခန္ဓာသည် သူ၏မူလဝိညာဉ်ခန္ဓာနှင့် အပြည့်အဝ ပေါင်းစပ်နိုင်သွားသည့် တစ်နေ့တွင်ပင် တိချိုးမြို့တော်မှ တန်ခိုး စွမ်းအားရှင်များ အားလုံးကို အနိုင်ရအောင် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ဆန်းလျန် အကြောက်ဆုံးမှာတော့ ယင်းလုန်နဂါးကြီးနှင့် တာ့ရှားဧကရာဇ်၏ နှစ်ယောက်ပေါင်း စွမ်းအားကိုပင် ဖြစ်လေသည်။ အမှန်တော့ ယင်းလုန်သည် တာ့ရှားဧကရာဇ်နှင့် တစ်သားတည်း ဖြစ်ပြီး တန်ခိုးစွမ်းအားခြင်း ပေါင်းစပ်ထားသည့် အတွက် ထိုက်ယီထျန်းရှန်း အဆင့်ရောက်သူ ကဲ့သို့ပင် တန်ခိုးစွမ်းအား မြင့်မားနေလေသည်။
ဆန်းလျန်အနေဖြင့် တာ့ရှားဧကရာဇ်၏ တန်ခိုးစွမ်းအားများကို ပိုပြီးနားလည်အောင် ကြိုးစားရမည် ဖြစ်လေသည်။ ပြိုင်ဘက်ကို နားလည်မှသာ ပြိုင်ဘက်ကို အနိုင်ယူနိုင်မည် မဟုတ်ပါလား။
လေ့ကျင်းသည် စာသင်ခန်း အတွင်းသို့ ပြန်ဝင်လာလေသည်။
သူမက ဆန်းလျန်ကို ခံစားချက်ပေါင်း များစွာ ရောယှက်နေသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
"အဲဒီဧရာမလက်ကြီးက ကျွန်မအဘိုးရဲ့ လက်ပဲ"
"အဲဒီတော့ ဘာဖြစ်လဲ"
ဆန်းလျန်က ပြန်မေးလိုက်သည်။
လေ့ကျင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"ဘာဖြစ်ရမှာလဲ၊ ရှင့်အကြောင်းကို ကျွန်မရဲ့ အဘိုးနဲ့ ဦးရီးတော်ကို သွားပြောရမှာပေါ့"
ဆန်းလျန်က ကြယ်စင်ကဲ့သို့ တောက်ပသည့် မျက်ဝန်းများဖြင့် သူမကို ပေါ့ပေါ့ပါးပါးပင် တစ်ချက် ကြည့်လိုက်ရင်း…
"မင်းရဲ့စိတ်ကို ဆရာ နားလည်ပါတယ်၊ ဒါပေမဲ့ အခု ဖြစ်ခဲ့တာတွေ အားလုံးကိုတော့ မင်းမေ့လိုက်တာ အကောင်းဆုံးပဲ"
ဆန်းလျန်အနေဖြင့် အခြားသူများ၏ မှတ်ဉာဏ်များကို ဖျက်ဆီး ပစ်လိုခြင်း မရှိပါ။ သို့သော် ယခုတော့ မလုပ်မဖြစ် လုပ်ရတော့မည့် အနေအထား ရောက်လာလေပြီ။
ဆန်းလျန်၏ အကြည့်တွင် လေ့ကျင်းသည် နစ်မျော သွားလေသည်။
သူမသည် ယခင်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြန်စဉ်းစား ကြည့်လိုက်သည်။
စောစောက သူမ မြင်တွေ့လိုက်ရသည်မှာ တောင်မြင့်ကြီး တစ်လုံးသည် တိချိုးမြို့တော် အတွင်းသို့ ပျံသန်း ဝင်ရောက်သွားပြီး သူမ၏အဘိုးနှင့် ကိုယ်ရံတော် တပ်မှူးမင်လော့က ထိုတောင်မြင့်ကြီးကို တိုက်ခိုက် ခဲ့လေသည်။ နောက်ဆုံးတွင် ဦးရီးတော် ကိုယ်တိုင် ထွက်ပေါ်လာကာ ထိုတောင်မြင့်ကြီးကို အဆုံးသတ် ဖျက်ဆီး ပစ်လိုက်သည်။
သို့သော်… ထိုတောင်ကို ဖန်ဆင်းသူမှာ မည်သူ ဖြစ်သူကို သူမ မသိတော့ပါ။
ထိုသူသည် ကျင့်ကြံသူ တစ်ယောက် ဖြစ်မည်ဆိုပါက အလွန် အဆင့်မြင့်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်လေသည်။
သူမ၏ ဆရာဆန်းလျန်သည် သလွန်ထက်တွင် ထိုင်ကာ ဗျပ်စောင်း တီးခတ် နေလေသည်။ ဗျပ်စောင်းသံသည် တောင်ပေါ်တွင် စမ်းချောင်းလေး တစ်စင်း စီးဆင်းနေသည့် အလား သာယာ လွန်းလှလေသည်။
သူမ၏ဆရာမှာ ထိုတောင်မြင့်ကြီးကို ဖန်ဆင်းသည့်သူ လုံးဝမဖြစ်နိုင်ပေ။ အဘယ်ကြောင့် ဆိုသော် ဆရာဖြစ်သူမှ ယခုမှ အိပ်ရာမှ နိုးကာစဖြစ်ပြီး နံနက်ခင်းကို ခံစားကာ ဗျပ်စောင်း တီးနေသောကြောင့် ဖြစ်လေသည်။
လေ့ကျင်းမှာ တစ်ညလုံးလည်း အိပ်ရေး ပျက်ထားသည့် အတွက် ခေါင်းများလည်း မူးနောက်နောက် ဖြစ်လာပြီ ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ သူမသည် တောင်မြင့်ကြီးကို ဖန်ဆင်းသူမှာ “ဆန်းလျန်ဖြစ်သည်” ဆိုသည့် အချက်ကို မေ့လျော့ သွားခဲ့ရလေပြီ။
သူမ၏ဆရာသည် တာ့ရှားကို ဆန့်ကျင်သည့် အလုပ်မျိုး မည်သည့်အခါမှ လုပ်မည် မဟုတ်ဟု သူမကိုယ်သူမ ဖြေသိမ့်ရင်း ယုံကြည် နေမိလေတော့သည်။
***