အခန်း (၆၁-၆၃)
Vol. 5 Ch. 61-63
အခန်း(၆၁)
သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံး ဖွင့်လှစ်သွားစဉ်မှာ သူက တတိယအဆင့်၏ အစောပိုင်းအဆင့်မှာသာ ရှိသေး၏။ ယခု ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အသွေးအသားကို သူစားသုံးပြီးနောက် တတိယအဆင့်၏ နှောင်းပိုင်းအဆင့်သို့ ချိုးဖြတ်သွားသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးထဲမှာ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံသွားသည့်အခါ သူက တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။
ထိုအချိန်ကျလျှင် အကယ်၍ သူက နောက်တစ်ဆင့်သို့ တတ်လှမ်းချင်သည်ဆိုလျှင် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရလိမ့်မည်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ခြင်းက မိစ္ဆာတစ်ကောင်အဖြစ်သို့ အဆင့်တတ်လှမ်းသွားခြင်း ဖြစ်သည်။ မိစ္ဆာဖြစ်လာသည့်အခါ သူ၏ ရုပ်ခွန်အားဖြစ်စေ သို့မဟုတ် မိစ္ဆာစွမ်းအားဖြစ်စေ ကြီးကြီးမားမား တိုးတတ်သွားလိမ့်မည်။ မိစ္ဆာတစ်ကောင်မဖြစ်လာမီနှင့် မိစ္ဆာဖြစ်လာပြီးနောက်ပိုင်းမှ ကွာခြားမှုသည် မိုးနှင့်မြေပမာ ကြီးမားလှသည်။ သို့ဖြစ်၍ လက်ရှိ သီရှီထျန်သည် မိစ္ဆာတစ်ကောင်ဖြစ်လာရန် လိုအပ်သော အဆင့်ကြီးတစ်ခုကို ကျော်လွှားသွားပြီ ဖြစ်၏။
အဆင့်ချိုးဖြတ်ပြီးနောက် သူ့ကို တကယ်ပျော်ရွှင်စေသည်မှာ မိစ္ဆာစွမ်းအားအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းက ကြီးကြီးမားမား တိုးမြှင့်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခုရသွားသည်။ ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ကျောအခွံပေါ်မှ ချွန်ထက်သော ဓားသွားများက အလွန်ကြောက်စရာကောင်းသည်။ ယင်းတို့က အလွန်အမင်း ထက်ရှသည်။ သူ၏ အလွန်သန်စွမ်းသော ကျားခန္ဓာကိုယ်သည်ပင် ထိုဓားသွားများကို မတားဆီးနိုင်ခဲ့ပေ။ ကြီးမားသော ဓားဒဏ်ရာက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာခဲ့သည်။
ထိုတိုက်ခိုက်မှု၏ စွမ်းအားက အကြွင်းမဲ့ထက်ရှမှုပေါ်မှာ အခြေခံသည်။ သူ၏ စွမ်းအားသည် အားမနည်းပေ။ သို့သော် အကယ်၍ ကြက်သွေးရောင်ကင်းခြေများဘုရင်သာ မိစ္ဆာစွမ်းအားကို ကောင်းမွန်စွာ အသုံးပြုနိုင်မည်ဆိုလျှင် ထိုတိုက်ပွဲမှာ အရေးနိမ့်သွားမည့်လူက သူဖြစ်သွားလိမ့်မည်ဟု သီရှီထျန် ခံစားမိသည်။ အကယ်၍ သူသာ အနည်းငယ် သတိပေါ့ဆမည်ဆိုလျှင် ထက်ရှသော ထိုဓားသွားများက သူ၏ အသက်ဇီဝိန်ကို နုတ်ယူသွားနိုင်သည်။
ထို့ကြောင့် သူက နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။ ယင်းမှာ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှ မိစ္ဆာမြူခိုးကို ခုခံကာကွယ်ရန်အတွက်မဟုတ်ဘဲ တိုက်ခိုက်ရန် ပြောင်းလဲအသုံးပြုခြင်းပင်။
သီရှီထျန်သည် ထိုအတွေးရလာသည်နှင့်ချက်ချင်း သူ၏ စိတ်ထဲမှ အကြံအစည်အတိုင်း လိုက်လံလုပ်ဆောင်သည်။ မိစ္ဆာမြူခိုးကို သူထိန်းချုပ်နိုင်သည်လော ကြိုးစားကြည့်သည်။ အချိန်တစ်ခဏကြာ တွေးတောပြီးနောက် သူက မိစ္ဆာမြူခိုးကို အလယ်ဗဟိုမှာ ဖြည်းဖြည်းချင်း သိပ်သည်းစေသည်။
သူက မိစ္ဆာမြူခိုးကို ထပ်ခါတလဲလဲ သိပ်သည်းစေသည်။
ပမာဏများပြားသော မိစ္ဆာစွမ်းအားက နေရာတစ်နေရာတည်းမှာ သိပ်သည်းသွားသည့်အခါ မူလက အခိုးအငွေ့အဖြစ်သာ ရှိနေသော မိစ္ဆာစွမ်းအားက တဖြည်းဖြည်း ဒြပ်ထည်ရှိလာသည်။ ထို့နောက် သူက ဒြပ်ထည်ရှိသော မိစ္ဆာစွမ်းအားကို ချွန်ထက်သော ဓားသွားများအဖြစ် ပြောင်းလဲပစ်ရန် ကြိုးစားသည်။ ဓားသွားတစ်ခုစီ၏ တိုက်ခိုက်စွမ်းအားသည် ကြက်သွေးရောင်ကင်းခြေများဘုရင်၏ ကျောအခွံပေါ်မှ ဓားသွားများကဲ့သို့ မသန်စွမ်းပေ။
သို့တိုင် ထိုဓားသွားများ၏ တိုက်ခိုက်စွမ်းအားသည် အတိတ်မှာ သူတွေ့ဆုံခဲ့သော အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်ရန် လုံလောက်ပေသည်။ ယင်းတို့က မိစ္ဆာမြူခိုးမှ ဖွဲ့စည်းသွားခြင်းဖြစ်သောကြောင့် သီရှီထျန်က ထိုတိုက်ခိုက်မှုကို မိစ္ဆာမြူနှင်းဓားသွားဟု နာမည်ပေးလိုက်သည်။
“ မိစ္ဆာမြူနှင်းဓားသွားနဲ့ဆိုရင် အနာဂတ်မှာ နောက်ထပ် အစွမ်းထက်တိုက်ခိုက်ရေးပညာရပ်တစ်ခု ငါ့မှာ ရှိသွားလိမ့်မယ် ”
ယခု သူသည် အတိတ်တုန်းကကဲ့သို့ ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ တိုက်ခိုက်ရေးနည်းလမ်းများ မရှားပါးတော့ချေ။ ကျားဟိန်းသံအတတ်သည် အလွန်သန်မာသည်။ သို့သော်လည်း ယင်းက မိစ္ဆာစွမ်းအားအများကြီးကို ကုန်ဆုံးစေသည်။ ယခု သူ၏ စွမ်းအားအရ ကျားဟိန်းသံအတတ်ကို အများဆုံး ဆယ်ကြိမ် ဆက်တိုက်သာ အသုံးပြုနိုင်ပေသည်။ ယခု သူ့မှာ မိစ္ဆာမြူနှင်းဓားသွား ရှိသွားသည်။ မိစ္ဆာမြူနှင်းဓားသွားသည် အစွမ်းထက် တိုက်ခိုက်ရေးပညာရပ်ဖြစ်သည့်အပြင် ယင်းက ကျားဟိန်းသံအတတ်ထက် မိစ္ဆာစွမ်းအားအနည်းငယ်ကိုသာ ကုန်ဆုံးစေသည်။
စက်ကရာသည် ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ခါလိုက်သည်။ အနက်ရောင်မိစ္ဆာအရှိန်အဝါက အပြင်သို့ စိမ့်ထွက်လာပြီး အလွန်ထူထဲသော မိစ္ဆာမြူခိုးအဖြစ် သိပ်သည်းသွားသည်။ မိစ္ဆာမြူခိုးက တအိအိ လှုပ်ခတ်သွားပြီး မြန်ဆန်စွာ သိပ်သည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာမြူခိုးက မိစ္ဆာမြူနှင်းဓားသွားဆယ်လက်ကို ဖွဲ့စည်းပေးလိုက်သည်။
“ ဝီး ”
မိစ္ဆာမြူနှင်းဓားသွားတစ်လက်က တိုးညင်းသော မြည်သံကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် အနက်ရောင်ဓားအလင်းတန်းက လေထဲမှာ ပျံသန်းထွက်သွားသည်။ ယင်းက သူ့အရှေ့မှ ကျောက်တုံးနံရံကို ဝင်ဆောင့်သွားသည်။
“ ရွှတ် ”
မိစ္ဆာမြူနှင်းဓားသွားသည် ကျောက်တုံးနံရံ၏ မာကျောမှုကို လျစ်လျူရှုလျက် ယင်းကို အလွယ်တကူ ထိုးဖောက်သွားသည်။ ထို့ပြင် ယင်းက ကျောက်တုံးနံရံပေါ်မှာ မီတာအနည်းငယ်ခန့် နက်ရှိုင်းသော ဓားအမှတ်အသားတစ်ခုကို ချန်ထားခဲ့သည်။ ပိုပြီးအရေးကြီးသည့်အချက်မှာ မိစ္ဆာမြူနှင်းဓားသွားက မလွင့်ပြယ်သွားပေ။ ယင်းက ကျောက်တုံးနံရံကို ဖြတ်ကျော်သွားပြီးသည်နှင့် သီရှီထျန်၏ ဘေးသို့ ပြန်ရောက်လာသည်။ ယင်းက သူ့ဘေးမှာ နိမ့်ချည်မြင့်ချည် ပျံဝဲနေသည်။ ယင်းက အလွန်မြန်ဆန်သွက်လက်ပုံပေါ်သည်။
တစ်စုံတစ်ယောက်သည် ယင်း၏ အသွင်သဏ္ဍာန်မှတဆင့် တိုက်ခိုက်စွမ်းအားက မည်မျှကြီးမားကြောင်း မှန်းဆနိုင်ပေသည်။
သီရှီထျန်သည် မိစ္ဆာမြူနှင်းဓားသွားများကို သူ၏ ဘေးပတ်ပတ်လည်မှာ နိမ့်ချည်မြင့်ချည် ပျံသန်းသွားစေရန် ထိန်းချုပ်လိုက်သည်။ တစ်ခဏကြာပြီးနောက် သူက အနည်းငယ် စိတ်မကျေနပ်စွာ ပြောသည်။
“ အားနည်းချက်တချို့ ရှိနေသေးတယ်… မိစ္ဆာမြူခိုးကနေ မိစ္ဆာမြူနှင်းဓားသွားတွေကို ဖွဲ့စည်းမယ်ဆိုရင် အချိန်လေးစက္ကန့် ငါးစက္ကန့်လောက် ကြာလိမ့်မယ်… အဲ့ဒီအချိန်က အရမ်းကြာလွန်းတယ်… တိုက်ပွဲအတွင်းမှာ တစ်စက္ကန့်ကတောင် တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်တယ်… ဒီကြာချိန်ကို တိုတောင်းအောင် ငါလုပ်ရမယ်… မိစ္ဆာမြူနှင်းဓားသွားတွေကို အတွေးတစ်ချက်နဲ့ ဖွဲ့စည်းနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ… အဲ့ဒီအခါ မိစ္ဆာမြူနှင်းဓားသွားက စစ်မှန်တဲ့ တိုက်ခိုက်ရေးပညာရပ် ဖြစ်လာလိမ့်မယ် ”
သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ ထိုအားနည်းချက်ကို သေချာပေါက် သူပြင်ဆင်ရမည်။ မည်သို့ဖြစ်ပါစေ ရန်သူသည် သူ့အား မိစ္ဆာမြူနှင်းဓားသွား ဖွဲ့စည်းသွားသည်အထိ ရပ်စောင့်နေလိမ့်မည် မဟုတ်ချေ။ မိစ္ဆာမြူနှင်းဓားသွား မဖွဲ့စည်းနိုင်မီ ရန်သူ၏ တိုက်ခိုက်မှုက သူ့အပေါ်သို့ အရင်ကျရောက်လာမည်ကို သူစိုးရိမ်သည်။ ထို့ကြောင့် ထိုအားနည်းချက်က သူ့အသက်ကို အန္တရာယ်ဖြစ်စေနိုင်သည်အထိ အလွန်ကြီးမားသည်။
သို့သော်လည်း အားနည်းချက်ကို ရှာတွေ့ခြင်းနှင့် အားနည်းချက်ကို ပြင်ဆင်ခြင်းက တူညီသောအလုပ် မဟုတ်ပေ။ အကယ်၍ သူက မိစ္ဆာမြူနှင်းဓားသွားကို ဖွဲ့စည်းသည့် ကြာချိန်ကို လျော့ချချင်သည်ဆိုလျှင် ယင်းကို ထပ်ခါတလဲလဲ ကျင့်ကြံရမည်။ “ လေ့ကျင့်ခြင်းက ပြီးပြည့်စုံစေသည် ”ဟု ရှေးလူကြီးများ ပြောကြသည် မဟုတ်ပါလော။ အရိုးများထဲမှာ စွဲမြဲနေသည်အထိ လေ့ကျင့်မှသာလျှင် သူက အတွေးတစ်ချက်ဖြင့် မိစ္ဆာမြူနှင်းဓားသွားများကို ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နိုင်လိမ့်မည်။ ထပ်ခါထပ်ခါ လေ့ကျင့်ပေးခြင်းဖြင့် မိစ္ဆာမြူနှင်းဓားသွားပညာရပ်က တဖြည်းဖြည်း ပြီးပြည့်စုံသွားလိမ့်မည်။
သူ၏ ခန့်မှန်းမှုအရ ဤမိစ္ဆာမြူနှင်းဓားသွားပညာရပ်မှာ နောက်ထပ် တိုးတတ်ရန် အလားအလာရှိနေသေးသည်။ ယခု သူက ဓားသွားဆယ်ခုကိုသာ ဖွဲ့စည်းနိုင်ပေသည်။ သို့သော်လည်း အနာဂတ်တွင် သူအဆင့်ချိုးဖြတ်သွားသည့်အခါ ဓားသွားတစ်ရာ၊ ဓားသွားတစ်ထောင် အစရှိသဖြင့် ထုတ်လွှတ်နိုင်လိမ့်မည်။ မြင့်မားသော ကျင့်ကြံခြင်းအဆင့်သို့ သူတတ်လှမ်းသွားသည့်အခါ သူက အတွေးတစ်ချက်ဖြင့် အစွမ်းထက်သော ဓားသွားတစ်သောင်းကို သူ၏ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်နိုင်လိမ့်မည်။ ထိုသို့တိုက်ခိုက်မှုက မည်မျှကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
ဤတစ်ကြိမ် ခွန်အားစမ်းသပ်မှုက ကြီးမားသော ဆူညံသံကို ဖြစ်ပေါ်စေသည်။ ပိုင်ယွဲ့၊ ယင်းခုန်းနှင့် တခြားသားရဲဘုရင်များက လှိုဏ်ဂူထဲသို့ မြန်မြန်သွက်သွက် ဝင်သွားကြသည်။ သီရှီထျန်၏ ဘေးပတ်ပတ်လည်မှာ ပျံဝဲနေသော မိစ္ဆာမြူနှင်းဓားသွားများကို သူတို့မြင်သွားသောအခါ အဆုံးမဲ့သော ကြည်ညိုလေးစားမှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အရှင်မင်းကြီး ”
ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များသည် သီရှီထျန်၏ အရှေ့မှာ ရပ်လိုက်ကြပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။
“ ဝှစ် ”
သီရှီထျန်သည် မိစ္ဆာမြူနှင်းဓားသွားကို မိစ္ဆာမြူခိုးအဖြစ် ပြန်လွင့်ပြယ်စေပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်စုပ်သွင်းလိုက်သည်။ သူ့အရှေ့မှ လက်အောက်ငယ်သားများကို ကြည့်လိုက်သည့်အခါ သူတို့၏ မျက်လုံးထဲ၌ မျှော်လင့်တောင့်တမှုဖြင့် ပြည့်နှက်နေကြောင်း သူသတိထားမိသွားသည်။ သူက ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ မင်းတို့ အလုပ်ကြိုးစားမယ်ဆိုရင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ငါတို့အခြေချပြီးတဲ့အခါ ဒီဘုရင်က မင်းတို့ကို ပညာတချို့ သင်ကြားပေးမယ်… အဲ့ဒီအခါ မင်းတို့တွေလည်း ဒီဘုရင်လို သန်မာလာကြလိမ့်မယ် ”
လက်အောက်ငယ်သားများကို သိမ်းသွင်းရန် အကောင်းဆုံးနည်းလမ်းသည် ကြင်နာမှုနှင့် အမိန့်အာဏာကို ပေါင်းစပ်အသုံးပြုရန် ဖြစ်သည်။ ယင်းက ဟိုးယခင်ကတည်းက သူတွေးထားသောအရာ ဖြစ်သည်။ အင်အားစုတစ်ခု ဖွဲ့စည်းသည့်အခါ သူတစ်ယောက်တည်း သာမန်နေရုံဖြင့် မလုံလောက်ပေ။ သူ၏ လက်အောက်ငယ်သားများသည်လည်း သူ့နည်းတူ သန်မာကြရမည်။ သို့မှသာ သူက အစွမ်းထက် အင်အားစုတစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်။
ထို့ကြောင့် သီရှီထျန်သည် ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များကို မိစ္ဆာကျင့်ကြံနည်းအကြောင်း ဖုံးကွယ်ထားရန် တစ်ခါမှ မစဉ်းစားခဲ့ပေ။ အနှေးနှင့်အမြန် သူက သူတို့ကို တစ်စုံတစ်ခု သင်ကြားပေးလိမ့်မည်။
“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ”
ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များက ဝမ်းသာပျော်ရွှင်သွားကြပြီး ပြိုင်တူ ဦးညွတ်လိုက်ကြသည်။
“ ကောင်းပြီ… လောလောဆယ် အဲ့ဒီအကြောင်းကို မပြောရအောင်… အခု ငါတို့က နေရာပြောင်းရွှေ့နေတုန်းပဲ ရှိသေးတယ်… ဒီတစ်ကြိမ် ငါတို့က ကင်းခြေများအုပ်စုနဲ့ တွေ့ဆုံခဲ့တယ်… အရှေ့မှာ ဘယ်လိုအန္တရာယ်တွေ နောက်ထပ် ရှိနေမလဲ မပြောနိုင်ဘူး… ငါတို့တွေ သတိပေါ့ဆလို့ လုံးဝ မဖြစ်ဘူး… အမြန်အပြင်ထွက်ပြီးတော့ မင်းတို့ရဲ့ မျိုးနွယ်စုကို ဗိုက်ပြည့်အောင် ဖြည့်ခိုင်းထားပါ… ပြီးကျရင် အစကတည်းက ငါတို့စီစဉ်ထားတဲ့အတိုင်း တောင်ပိုင်းမြေရိုင်းဒေသဆီ ဦးတည်သွားမယ်… ငါတို့ရဲ့ ပန်းတိုင်ဆီ အမြန်ဆုံးရောက်မှ ဖြစ်မယ် ”
ယခုအချိန်မှာ သီရှီထျန်သည် အခြေချရန် နေရာတစ်နေရာ အမြန်ဆုံး ရှာဖွေချင်နေသည်။ တတိယအဆင့်၏ နှောင်းပိုင်းအဆင့်သို့ အဆင့်ချိုးဖြတ်သွားပြီးနောက် သူ၏ စွမ်းအားကို ပိုပြီးအခြေခိုင်မာစေရန် အချိန်တစ်ခု သူလိုအပ်နေသည်။ စွမ်းအင်စုစည်းဆေးလုံးများနှင့် မျောက်မင်းဝိုင်၏ အကူအညီဖြင့်ဆိုလျှင် တတိယအဆင့်၏ အထွတ်အထိပ်သို့ သူတတ်လှမ်းသွားနိုင်ရန် အချိန်သိပ်ကြာမြင့်လိမ့်မည် မဟုတ်ချေ။ ထိုအချိန်ကျလျှင် သူက မိစ္ဆာစံအိမ်ကို တစ်ခါတည်း ဖွင့်လှစ်ပြီး မိစ္ဆာတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲလိမ့်မည်။ ထို့နောက် သူသည် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အခြေခံအုတ်မြစ်တည်ဆောက်ရန် ပိုပြီးယုံကြည်ချက်ရှိသွားလိမ့်မည်။
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များသည် လှိုဏ်ဂူထဲမှ စိတ်လှုပ်ရှားစွာ ပြန်ထွက်သွားကြသည်။
သီရှီထျန်သည် သက်တောင့်သက်သာ အနားမယူနေပေ။ သူသည် အစောနက ဆင်ခြင်နားလည်ခဲ့သော မိစ္ဆာမြူနှင်းဓားသွားကို ပိုပြီးရင်းနှီးကျွမ်းကျင်သွားရန် ထပ်ခါတလဲလဲ လေ့ကျင့်နေသည်။ အချိန်တိုင်း သူက မိစ္ဆာမြူနှင်းဓားသွားကို ဖွဲ့စည်းပြီး ပြန်လွင့်ပြယ်စေသည်။ သူက ထိုလုပ်ငန်းစဉ်ကို ထပ်ခါထပ်ခါ လုပ်ဆောင်သည်။
အမှန်မှာ အကယ်၍ ကောင်းကင်ရနံ့မြေခွေးဘုရင်သာ ဤနေရာမှာ ရှိနေပြီး သီရှီထျန်၏ လက်ရှိအခြေအနေကို မြင်သွားလျှင် သူက သေချာပေါက် အလန့်တကြား အော်မိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာမျိုးနွယ်စုတွင် ထိုသို့တိုက်ခိုက်ရေးပညာရပ်ကို ကိုယ့်ဘာသာ ဆင်ခြင်နားလည်နိုင်သူများက အလွန်ရှားပါးသည်။ အထူးသဖြင့် မိစ္ဆာမဖြစ်လာသေးသော တိရိစ္ဆာန်တစ်ကောင်က ထိုသို့လုပ်ဆောင်နိုင်ခြင်းသည် ယခင်က တစ်ခါမှ မရှိခဲ့ဖူးပေ။ တခြားသားရဲတစ်ကောင်က သီရှီထျန်ကဲ့သို့ သာမန်မည်ဆိုလျှင်ပင် သူက ထိုသို့မိစ္ဆာမြူနှင်းဓားသွားပညာရပ်ကို စဉ်းစားတွေးတောနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူတို့က စဉ်းစားတွေးတောနိုင်သည်ဆိုလျှင်ပင် ယင်းကို အသုံးပြုနိုင်ကြလိမ့်မည် မဟုတ်ချေ။
ထိုအတွက် တခြားအကြောင်းအရင်း မရှိပေ။
သီရှီထျန်မှလွဲလျှင် တခြားမိစ္ဆာများသည် မိစ္ဆာစွမ်းအားကို ယခုကဲ့သို့ ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ကြလိမ့်မည် မဟုတ်ချေ။ ထို့ပြင် သီရှီထျန်ပိုင်ဆိုင်ထားသော မိစ္ဆာစွမ်းအားနှင့် မိစ္ဆာအာရုံသည် သာမန်မိစ္ဆာများထက် အများကြီး သာလွန်သည်။ အလွန်သန်စွမ်းသော မိစ္ဆာအာရုံကို ပိုင်ဆိုင်ထားမှသာလျှင် သူက မိစ္ဆာမြူခိုးကို ဒြပ်ထည်ရှိသော ဓားသွားအဖြစ် ထပ်ခါထပ်ခါ သိပ်သည်းနိုင်လိမ့်မည်။ ထို့ပြင် သူက ဓားသွားကို ထိန်းချုပ်နိုင်ပြီး တိုက်ခိုက်နိုင်သေးသည်။
ယင်းက မိစ္ဆာမျိုးနွယ်စု၏ သာမန်မိစ္ဆာများ မည်သည့်အခါမှ မကျော်လွှားနိုင်မည့် ချောက်နက်ကြီး ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာမြူနှင်းဓားသွားပညာရပ်သည် သီရှီထျန်တစ်ဦးတည်းသာ အသုံးပြနိုင်သော အန္တိမပညာရပ်တစ်ခု ဖြစ်လာသည်။
ယင်းကို ထပ်ခါထပ်ခါ သူလေ့ကျင့်နေစဉ် အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ချိုင့်ဝှမ်းထဲတွင် မျိုးနွယ်စုအားလုံးသည် ဗိုက်ပြည့်သည်အထိ စားသောက်လိုက်ကြသည်။ သူတို့စားသုံးပြီးနောက် သီရှီထျန်က လေ့ကျင့်နေခြင်းကို ရပ်တန့်လိုက်သည်။
အခန်း(၆၂)
နံနက်နေထွက်လာသည့်အခါ သူက ဧရာမသားရဲအုပ်စုကို ဦးဆောင်၍ တောင်ပိုင်းမြေရိုင်းဒေသ၏ ဦးတည်ရာဆီသို့ ဆက်လက် ချီတတ်သွားသည်။
ဝံပုလွေဘုရင်သည် ဝံပုလွေအုပ်စုကို ဦးဆောင်၍ အရှေ့မှ ကင်းထောက်ပေးသည်။ မျောက်ဝံမျိုးနွယ်စုသည် အလယ်မှာ ရှိနေပြီး မြွေမျိုးနွယ်စုသည် အနောက်မှ ထက်ကြပ်မကွာ လိုက်လာသည်။ ကောင်းကင်ယံတွင် လင်းတအုပ်စုက ပျံဝဲနေကြသည်။ ရံဖန်ရံခါ သူတို့က အရှေ့မှ အခြေအနေကို တင်ပြရန် အော်မြည်ကြလေ့ရှိသည်။ မျိုးနွယ်စုလေးခု၏ ပူးပေါင်းဆောင်ရွက်မှုက အမှန်တကယ် လိုက်လျောညီထွေသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် အမြန်ဆုံးအလျင်ဖြင့် ခရီးဆက်ကြသည်။ သူတို့သည် ကမ်းခြေများတောင်ကို ဖြတ်ကျော်ပြီးနောက် နောက်ထပ် မည်သည့်အန္တရာယ်နှင့်မှ မတွေ့ကြုံတော့ပေ။ ဤဧရိယာတစ်ဝိုက်မှာ ကင်းခြေများတောင်က အန္တရာယ်အများဆုံးနေရာဖြစ်ဟန် တူသည်။ ထို့ပြင် သီရှီထျန်သည် လမ်းတစ်လျှောက်တွင် သူ၏ လွှမ်းမိုးဗိုလ်ကျသော ကျားအရှိန်အဝါကို တမင်တကာ ထုတ်လွှတ်ခဲ့သည်။ ထို့ကြောင့် အနီနားဝန်းကျင်မှ သားရဲတိရိစ္ဆာန်များသည် သူ၏ ကျားအရှိန်အဝါကို အာရုံခံမိသည်နှင့် သူတို့အနားသို့ ချဉ်းကပ်ဝံ့ကြတော့မည် မဟုတ်ချေ။
သီရှီထျန်သည် လမ်းလျှောက်နေရင်း ပြဿနာများကို တွေးတောစဉ်းစားနေသည်။
တချို့က မိစ္ဆာမြူနှင်းဓားသွားကို မည်သို့ပြီးပြည့်စုံအောင် သူလုပ်ဆောင်သင့်ကြောင်းဖြစ်ပြီး တချို့က ထျန်းအင်ပါယာရတနာသေတ္တာပေါ်မှ ပဟေဠိကို မည်သို့ဖြေရှင်းသင့်ကြောင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က လမ်းလျှောက်နေသော်လည်း သူ၏ စိတ်က ထိုပြဿနာပေါ်မှာ အာရုံစိုက်နေသည်။ သူသည် မည်သည့်အချိန်ကိုမှ မဖြုန်းတီးချင်ပေ။
ထျန်းအင်ပါယာရတနာသေတ္တာနှင့် ပတ်သက်၍ သဲလွန်စတချို့ကို သူရှာတွေ့သွားပြီ ဖြစ်သည်။ ပဟေဠိအပိုင်းအစများကို နည်းနည်းချင်းစီ ဆက်လိုက်သည့်အခါ သဲလွန်စတချို့က စတင်ထွက်ပေါ်လာသည်။ ပဟေဠိဆက်သည့် ကစားနည်းက ထိုအတိုင်းပင် ဖြစ်သည်။ အစတွင် အပိုင်းအစအားလုံးက ဗြောက်သောက်ဖြစ်နေသဖြင့် အလွန်ခက်ခဲသည်။ သို့သော် အပိုင်းအစတချို့ကို အတူတကွ ဆက်ပြီးနောက် သဲလွန်စတချို့ ထွက်ပေါ်လာသည့်အခါ ပဟေဠိက မခက်ခဲတော့ပေ။ ပဟေဠိအပိုင်းအစအားလုံးကို မှန်ကန်စွာ ဆက်နိုင်သည့်အခါ ရတနာသေတ္တာကို သူဖွင့်လှစ်နိုင်လိမ့်မည်။
ယခု သီရှီထျန်သည် ပဟေဠိအပိုင်းအစများကို သူ၏ စိတ်ထဲမှာ ဆက်နေသည်။ ရလဒ်တချို့ထွက်ပေါ်လာပြီးလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ သူရောက်ရှိသွားပြီး အရာအားလုံး အခြေချပြီးသည့်အခါ ပဟေဠိကို ဖြေရှင်းပြီး ရတနာသေတ္တာထဲမှ လျှို့ဝှက်ချက်ကို သူဖော်ထုတ်မည်။
တောင်တန်းတောအုပ်ထဲတွင် လေတဟူးဟူး တိုက်ခတ်နေသည်။ မနက်ခင်းနှင်းစက်များက သစ်ရွက်များပေါ်မှာ တွဲလွဲခိုနေကြစဉ် နေသည် အရှေ့အရပ်မှ မြှောက်တတ်လာသည်။ ဧရာမသားရဲအုပ်စုသည် နေထွက်သည်နှင့် စတင်ထွက်ခွာကြပြီး နေဝင်သည်နှင့် အနားယူကြလိမ့်မည်။
သူတို့သည် မည်သည့်အချိန်မှ အလဟဿ မဖြုန်းကြပေ။ လင်းတအုပ်စု၏ လမ်းညွှန်မှုအောက်တွင် သူတို့က တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော်သွားကြသည်။ လဝက်ကြာပြီးနောက် သူတို့က ကျားရဲတောင်တန်းဒေသနှင့် အလွန်ဝေးကွာသော အရပ်ဒေသဆီသို့ ရောက်ရှိသွားကြသည်။ ခရီးတစ်လျှောက်တွင် သူတို့က အန္တရာယ်များနှင့် တွေ့ကြုံခဲ့သော်လည်း သီရှီထျန်၏ ကူညီပေးမှုကြောင့် ယင်းတို့အားလုံးကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့ကြသည်။
“ ကျီး ”
သို့သော်လည်း သူတို့၏ ခရီးစဉ်က ချောမွေ့နေစဉ် ဝေဟင်ထက်မှ လင်းတဘုရင်သည် သတိပေးသည့်အနေဖြင့် ရုတ်တရက် အော်မြည်လိုက်သည်။ လင်းတဘုရင်သည် ကောင်းကင်ပေါ်မှာ အကြိမ်ရေအနည်းငယ် ပျံဝဲပြီးလျှင် သီရှီထျန်၏ ဦးတည်ရာဆီသို့ ထိုးဆင်းသွားသည်။
“ အရှေ့မှာ တစ်စုံတစ်ခုဖြစ်နေပြီ ”
ယင်းခုန်း၏ အော်သံကို ကြားသည်နှင့်ချက်ချင်း မြေပြင်ပေါ်မှ သီရှီထျန်သည် နားရွက်လှုပ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်သည်။ အရှေ့မှာ တစ်စုံတစ်ခုဖြစ်ပျက်နေကြောင်း သူသိလိုက်သည်။ သို့မဟုတ်လျှင် ညအချိန်မဟုတ်သေးဘဲ ယင်းခုန်းက မြေပြင်ပေါ်သို့ ဆင်းသက်လာမည် မဟုတ်ချေ။
ထို့ပြင် ကျယ်လောင်သော ဆူညံသံကို အရှေ့မှ သူကြားခဲ့ရသည်။ ရှင်းလင်းစွာပင် သူ့အရှေ့မှာ တစ်စုံတစ်ခု သေချာပေါက် ဖြစ်ပျက်နေရမည်။
မကြာမီ ယင်းခုန်းက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ပြောသည်။
“ အရှင်မင်းကြီး… အရှေ့မှာ မသေမျိုးကျင့်ကြံသူနှစ်ယောက် ရှိနေပါတယ် ”
သူ့စကားက သားရဲတိရိစ္ဆာန်များကို ထိတ်လန့်ချောက်ချားသွားစေသည်။ စက်ကရာသည်ပင် အံ့ဩသွားသည်။
မသေမျိုးကျင့်ကြံသူများအပေါ် လေးနက်သောအမြင် သူ့မှာ ရှိသည်။ ကျားရဲတောင်တန်းဒေသထဲမှာ သူမြင်တွေ့ခဲ့သော မသေမျိုးကျင့်ကြံသူများသည် အလွန်မသန်မာကြပေ။ မင်းသမီးချူယွမ်သော်လည်းကောင်း၊ ကျန်းပိုင်ချွင်းသော်လည်း သို့မဟုတ် လီသွမ့်ချန်းသော်လည်းကောင်း သူတို့အားလုံးသည် မကြာသေးခင်ကမှ စတင်ကျင့်ကြံခဲ့သူများ ဖြစ်ကြသည်။ သူတို့၏ နောက်ခံက သန်မာသော်လည်း သူတို့၏ တိုက်ပွဲအတွေ့အကြုံက အလွန်နည်းပါးသည်။
ထို့ကြောင့် သူ၏ တိုက်ခိုက်မှုအောက်မှာ သူတို့က အလွန်အားနည်းသည်ဟု ထင်ရခြင်းပင်။ သူတို့က ချီသန့်စင်ခြင်းနယ်ပယ် နှောင်းပိုင်းအဆင့်မှာဖြစ်လျှင်ပင် သီရှီထျန်က သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ပေသည်။
လီမိသားစုမှ အခြေတည်နယ်ပယ် ကျင့်ကြံသူနှစ်ယောက်သည်တော့ သူတို့က ကျားဟိန်းသံမှ လွှမ်းမိုးဗိုလ်ကျသော အသံလှိုင်းများကြောင့် ကြောက်လန့်သွားကြပြီး ထွက်ပြေးသွားကြသည်။ အကယ်၍ သူတို့သာ ထွက်မပြေးဘဲ အသေအကြေ ပြန်တိုက်ခိုက်မည်ဆိုလျှင် သီရှီထျန်က အန္တရာယ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ အခြေခံအုတ်မြစ်ခိုင်မာသော မသေမျိုးကျင့်ကြံသူများကို ရင်ဆိုင်ရန် သူက အလွန်အားနည်းနေသေးကြောင်း သီရှီထျန် သိသည်။ ထိုအကြောင်းကြောင့် သူက ကျားရဲတောင်တန်းဒေသထဲမှ ထွက်ခွာလာခဲ့ခြင်း မဟုတ်ပါလော။
ဤတစ်ကြိမ်တွင် သူက မသေမျိုးကျင့်ကြံသူများဖြင့် မတိုက်ခိုက်ချင်ပေ။
အရှေ့မှာ မသေမျိုးကျင့်ကြံသူများရှိနေကြောင်း သီရှီထျန် ကြားသောအခါ သူက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက မေးသည်။
“ ယင်းခုန်း… ကျင့်ကြံသူတွေက အဲ့ဒီမှာ ဘာလို့ရှိနေတာလဲ… သူတို့က ဘယ်နေရာမှာလဲ ”
“ အရှင်မင်းကြီး… ကျင့်ကြံသူနှစ်ယောက်က နွားတစ်ကောင်နဲ့ တိုက်ခိုက်နေတာကိုပဲ ကျွန်တော် မြင်ခဲ့ပါတယ်… အဲ့ဒီနွားရဲ့ ကိုယ်ပေါ်မှာ သွေးတွေ စိုရွှဲနေပါတယ်… ကျွန်တော့်အထင် အဲ့ဒီနွား အချိန်ကြာကြာ မတောင့်ခံနိုင်တော့ပါဘူး… သူတို့က အရှေ့နားလေးတင်မှာပါ ”
ယင်းခုန်းသည် သူ၏ အတောင်ပံများကို ဖြန့်၍ အရှေ့သို့ ညွှန်ပြလိုက်သည်။
“ ယင်းခုန်း… မင်း အရှေ့ကနေ ဦးဆောင်ပါ… ငါတစ်ချက်သွားကြည့်မယ်… ကျန်တဲ့လူတွေက ဒီနေရာမှာ ခဏအနားယူကြမယ်… ပိုင်ယွဲ့၊ စုစု၊ ယွမ်ထျန်း မင်းတို့သုံးကောင်က ကိုယ့်မျိုးနွယ်စုကို ကာကွယ်စောင့်ရှောက်ကြပါ ”
သီရှီထျန်သည် မျက်လုံးဝင်းလက်သွားပြီးနောက် အမိန့်ပေးသည်။
“ ကျီး ”
ယင်းခုန်းသည် ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်မြည်လိုက်သည်။ သူက အတောင်ပံဖြန့်၍ တဖျပ်ဖျပ်ခတ်လိုက်သည်။ ကြမ်းတမ်းသော လေပြင်းက မြေကြီးပေါ်မှ သစ်ရွက်ခြောက်များကို ရိုက်ခတ်သွားသည့်အခါ သူက လေပေါ်သို့ ပျံတတ်သွားသည်။ သူက အတောင်ပံကို ဖြန့်ကား၍ အရှေ့သို့ မြန်မြန် ပျံသန်းသွားသည်။
သီရှီထျန်သည် သူ၏ အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ပြင်းထန်စွာ ကန်ဆောင့်လိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်က အရှေ့သို့ လွှားခနဲ ခုန်သွားသည်။ သူက ဝေဟင်ပေါ်မှ ယင်းခုန်းထက် မလျော့သော အလျင်ဖြင့် ပြေးသွားသည်။
“ မသေမျိုးကျင့်ကြံသူတွေက နွားတစ်ကောင်နဲ့ တိုက်ခိုက်နေကြတယ်… ကျင့်ကြံသူတွေကို ရင်ဆိုင်နိုင်တယ်ဆိုတော့ အဲ့ဒီနွားက သာမန်မဟုတ်နိုင်ဘူး… အဲ့ဒီနွားက ဝိညာဉ်အသိဉာဏ်ရှိတဲ့ သားရဲတစ်ကောင်ဖြစ်နိုင်တယ်… ဘာပဲဖြစ်ဖြစ် ငါတစ်ချက်သွားကြည့်ရမယ်… တကယ်လို့ အဲ့ဒီနွားကို ငါကယ်တင်နိုင်မယ်ဆိုရင် ငါ့မှာ အစွမ်းထက်တဲ့ လက်အောက်ငယ်သား နောက်တစ်ယောက် ထပ်တိုးလာလိမ့်မယ် ”
စက်ကရာသည် ပြေးလွှားနေရင်း စိတ်ထဲမှာ မြန်ဆန်စွာ တွေးတောလိုက်သည်။ သူက အင်အားကို တိုးမြှင့်ချင်သည်။ သို့သော်လည်း ထိုအင်အားက သူ့ကိုယ်ပိုင် စွမ်းအားကို ရည်ညွှန်းခြင်းမဟုတ်ပေ။ ယင်းအစား သူ၏ ဘေးပတ်ဝန်းကျင်မှ လက်အောက်ငယ်သားများ၏ စုပေါင်းအင်အား ဖြစ်သည်။
အကယ်၍ သူ့မှာသာ အခွင့်အရေးရှိမည်ဆိုလျှင် ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များကဲ့သို့ ဝိညာဉ်အသိဉာဏ်ရှိသော အစွမ်းထက် ဝိညာဉ်သားရဲတစ်ကောင်ကို သိမ်းသွင်းရန် သူတွန့်ဆုတ်နေမည် မဟုတ်ချေ။ ယင်းကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဟု သတ်မှတ်နိုင်၏။
ထို့ပြင် သူက လူသားမျိုးနွယ်နှင့် ဆန့်ကျင်ဘက်အရပ်မှာ ရပ်တည်ရန် ရွေးချယ်ခဲ့ပြီးပြီ ဖြစ်၏။ အကယ်၍ မသေမျိုးကျင့်ကြံသူအနည်းငယ်ကို သူသတ်နိုင်လျှင် သူတို့၏ ရတနာတချို့ကို သူရရှိနိုင်လိမ့်မည်။ မသေမျိုးကျင့်ကြံသူများ ပိုင်ဆိုင်သော မည်သည့်ရတနာကိုမဆို အလွန် သူစိတ်ဝင်စားသည်။
ဥပမာ လီသွမ့်ချန်းကို သတ်ဖြတ်ခြင်းက သိုလှောင်အိတ်နှင့် ရတနာအများအပြားကို သူ့အား ရရှိစေခဲ့သည်။ အကယ်၍ ကျင့်ကြံသူတစ်ယောက်ကို သူသတ်ဖြတ်နိုင်မည့် အခွင့်အရေးရှိသည်ဆိုလျှင် ယင်းကို သူလက်လွှတ်ခံမည် မဟုတ်ချေ။
“ ဝမ်းဘဲ ”
ယင်းခုန်း၏ ဦးဆောင်မှုအောက်မှာ စက်ကရာသည် တောင်တန်းတောအုပ်ကို မြန်ဆန်စွာ ဖြတ်ကျော်သွားသည်။ ထို့နောက် သူ့အရှေ့မှာ ချိုင့်ဝှမ်းတစ်ခု ထွက်ပေါ်လာသည်။ တိုက်ခိုက်သံများနှင့် ဆူညံသံများက ချိုင့်ဝှမ်းထဲမှ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
နွားအော်သံသည်ပင် ချိုင့်ဝှမ်းထဲမှာ ပဲ့တင်ထပ်နေသည်။
“ အဲ့ဒီမှာပဲ ”
တိုက်ခိုက်သံများနှင့် နွားအော်သံကို စက်ကရာ ကြားသောအခါ ယင်းခုန်းပြောသော နေရာက ထိုချိုင့်ဝှမ်းဖြစ်ကြောင်း သိလိုက်သည်။ သူက စကားအများကြီး မပြောပေ။ သူက အမြန်ဆုံး အလျင်ကို အသုံးပြု၍ ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ ပြေးသွားသည်။ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီးလျှင် သူက ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။ အနီးနားမှာ ဧရာမကျောက်တုံးတစ်တုံးရှိကြောင်း သူမြင်တွေ့သွားသည်။ သူက အရှေ့သို့ လွှားခနဲ ခုန်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ကျောက်တုံးကြီး၏ အနောက်မှာ ဖုံးကွယ်လိုက်သည်။ ထို့ပြင် သူက သားရဲအရှိန်အဝါကို အပြင်သို့ မပျံ့လွင့်စေရန် ချုပ်တည်းလိုက်သည်။
ထိုသို့လုပ်ဆောင်ပြီးနောက် သူက အပြင်သို့ ခေါင်းထုတ်လိုက်ပြီး ချိုင့်ဝှမ်း၏ အလယ်သို့ လှမ်းကြည့်လိုက်သည်။
ချိုင့်ဝှမ်းထဲတွင် သူ၏ အမြင်ကို ပထမဆုံး ဖမ်းစားသွားသည်မှာ မသေမျိုးကျင့်ကြံသူနှစ်ယောက် ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က သူကို လေးနက်သောအမြင် ခံစားရစေသည်။ ထိုလူက အတော်လေး ငယ်ရွယ်သည်။ သူက အသက်နှစ်ဆယ်ခန့်သာ ရှိနိုင်၏။ သူက နှင်းကဲ့သို့ ဖြူဖွေးသော ဝတ်စုံကို ဝတ်ဆင်ထားပြီး နောက်ကျောတွင် ရှေးဟောင်းဓားတစ်လက်ကို သယ်ဆောင်ထားသည်။ ထိုရှေးဟောင်းဓားက အလွန်ထူးဆန်းသည်။ ယင်းက သလင်းကျောက်ပမာ ကြည်လင်တောက်ပသည်။ ဤသည်မှာ ဓားကို ထူးဆန်းသော သလင်းကျောက်တစ်ခုဖြင့် သွန်းလုပ်ဖန်တီးထားသည့်အလားပင်။ ဓားရိုးပေါ်တွင် နဂါးဦးခေါင်းတစ်ခု ရှိသည်။
နဂါးသည် တကယ်အသက်ရှိနေသည့်အလား ရုပ်လုံးကြွသည်။ တစ်စုံတစ်ယောက်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ယင်းထံမှ အဆုံးမဲ့သော လွှမ်းမိုးဗိုလ်ကျမှုကို ခံစားရလိမ့်မည်။ ယင်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများ ရှိသည်။ ထိုမျဉ်းကြောင်းများကို နက်နဲသိမ်မွေ့သော မှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်းဓားပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါက ကိန်းအောင်းနေသည်။
ဓားနှင့်လူသည် တစ်သားတည်းဖြစ်နေသည့်အလား နက်နဲသိမ်မွေ့သော သဟဇာတဖြစ်မှုအရှိန်အဝါက လူငယ်နှင့် ဓားထံမှ တစ်ပြိုင်နက် ထွက်ပေါ်နေသည်။ ဓားသည် ထူးခြားသည်။ လူသည်လည်း ထို့နည်းတူပင်။ လူငယ်သည် သူ့ဘေးပတ်ဝန်းကျင်မှ လောကကို အရောင်မှေးမှိန်စေမည့် ခမ်းနားထည်ဝါမှုကို ပိုင်ဆိုင်ထားဟန် ရ၏။
ဤလောကတွင် အလွန်နည်းပါးသော ယောင်္ကျားတချို့သာလျှင် သူ့ကဲ့သို့ ရုပ်ရည်ကို ပိုင်ဆိုင်နိုင်ကြသည်။ သူက ချောမောခန့်ညားသည်။ ညှို့ဓာတ်မပြင်းပေ။ သူ့မှာ မျက်နှာမြင်ရုံဖြင့် မိန်းကလေးများ သူ့ကို သဘောကျသွားစေမည့် အရည်အချင်း ရှိသည်။
သူက ချောမောခန့်ညားရုံသာ မဟုတ်ပေ။ သူ၏ ကိုယ်ဟန်အမူအရာသည်လည်း ကြော့ရှင်းတင့်တယ်သည်။ သူ့ဆီမှာ ကျင့်ကြံသူအများစုတွင် မြင်တွေ့ရသော မောက်မာထောင်လွှားမှု မရှိပေ။ ယင်းအစား သူက အလွန်တည်ငြိမ်သည်။ တရားမျှတပြီး တည်ကြည်ဖြောင့်မတ်သော ခံစားမှုက သူ့ထံမှ ထွက်ပေါ်နေသည်။
ဤသည်မှာ သူက လောက၏ တရားမျှတမှုကို သယ်ပိုးထားသည့်အလားပင်။ ထိုခံစားမှုက အလွန်ထူးဆန်းပြီး အံ့ဖွယ်ကောင်းသည်။ မည်သည့်နေရာသို့ သူသွားပါစေ လူတိုင်းက သူ့ကို ဇာတ်ဆောင်အဖြစ် ရှုမြင်ကြလိမ့်မည်။ သူက လူအများ၏ အာရုံစိုက်မှုခံရရန် မွေးဖွားလာသူ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းက မမြင့်မားပေ။ သူက ချီသန့်စင်ခြင်းနယ်ပယ် အဆင့်(၁၀)မှာ ဖြစ်သည်။ ယင်းက ချီသန့်စင်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့် ဖြစ်သည်။
တခြားတစ်ယောက်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည်လည်း ချောမောခန့်ညားသည်။ သို့သော်လည်း သူ့ဘေးမှ လူငယ်နှင့် နှိုင်းယှဉ်လိုက်သည့်အခါ လမင်းနှင့် ပိုးစုန်းကြူးပမာ သူက မှေးမှိန်သွားသည်။ သူက လူငယ်ကို အထောက်အပံ့ပေးရန် မွေးဖွားလာဟန် ရ၏။ သူက အနီရောင်နွားရိုင်းတစ်ကောင်နှင့် တိုက်ခိုက်နေသည်။ နွားရိုင်း၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်အမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။
အခန်း(၆၃)
သွေးသည် မြေကြီးပေါ်မှာ အိုင်ထွန်းနေသည်။ မြေပြင်ပေါ်မှ နေရာအများစုက အနီရောင်သွေးကွက်များအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်၏။ နွားက ပြင်းထန်စွာ အသက်ရှူသွင်းရှူထုတ်ပြုလုပ်လိုက်တိုင်း သေးငယ်သော မီးစများက သူ၏ နှာခေါင်းထဲမှ ထွက်ပေါ်လာသည်။ သူက သူ့အရှေ့မှ မသေမျိုးကျင့်ကြံသူနှစ်ယောက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထဲမှာ မဖုံးကွယ်ထားသော အမုန်းတရား ရှိသည်။ သူက ဤမိုးကောင်းကင်အောက်မှာ ထိုလူနှစ်ယောက်နှင့် အတူတူ အသက်မရှင်ချင်သည်အထိ သူတို့ကို မုန်းတီးသည်။
“ အဲ့ဒီကျင့်ကြံသူက ဘယ်သူလဲ ”
သီရှီထျန်သည် ဝတ်စုံဖြူလူငယ်ကို မြင်သွားပြီးနောက် အံ့ဩသွားသည်။ ထိုလူငယ်က ကျင့်ကြံခြင်းလောကတွင် မရိုးရှင်းကြောင်း ရုတ်တရက် သူခံစားမိသွားသည်။ ထို့ပြင် အနာဂတ်မှာ သူက ထိုလူငယ်ဖြင့် ထိပ်တိုက် တွေ့ဆုံရလိမ့်မည်ဟု ရေးတေးတေး ခံစားမိနေသည်။ လူငယ်သည် သူ၏ ရန်သူတော်ဟောင်းတစ်ယောက် ဖြစ်သည့်အလားပင်။
အနီရောင်နွား၏ အနောက်တွင် အရွယ်အစား သေးငယ်သော နွားပေါက်တစ်ကောင်က မြေကြီးပေါ်မှာ ခွေခွေလေး လဲလျောင်းနေသည်။ နွားပေါက်၏ လည်ပင်းပေါ်တွင် ထက်ရှသော ဓားဒဏ်ရာတစ်ခု ရှိသည်။ သွေးသည် လည်ပင်းထဲမှ ဒလဟော စီးကျနေပြီး မြေကြီးပေါ်တွင် အိုင်ထွန်းနေသည်။ သူက အသက်မရှိတော့ပေ။ သေဆုံးသွားပြီ ဖြစ်၏။
အခြေအနေကို သုံးသပ်ကြည့်သည့်အခါ နွားပေါက်လေးက အနီရောင်နွား၏ ကလေးဖြစ်ရမည်။ သူက မသေမျိုးကျင့်ကြံသူနှစ်ယောက်၏ အသတ်ခံခဲ့ရပုံပေါ်သည်။ ထိုသို့စဉ်းစားကြည့်သည့်အခါ အနီရောင်နွား၏ မျက်လုံးထဲမှာ ကမ္ဘာမကြေသော အမုန်းတရား ရှိနေခြင်းက မထူးဆန်းပေ။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသည့်တိုင် သူက မသေမျိုးကျင့်ကြံသူနှစ်ယောက်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေဆဲပင်။
“ ဝမ်းဘဲ ”
အနီရောင်နွား၏ မျက်လုံးက နီရဲလာသည်။ ရုတ်တရက် မီးတောက်ဘောလုံးနှစ်လုံးက သူ၏ နှာခေါင်းထဲမှ ပျံသန်းထွက်လာသည်။ ယင်းတို့က မီးတောက်မြွေများအလား ဝတ်စုံစိမ်းကျင့်ကြံသူထံသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။ မီးတောက်မြွေများ ဖြတ်သန်းသွားသည့်နေရာတိုင်း လေထဲမှ အပူချိန်က သိသာစွာ တိုးမြှင့်သွားသည်။
“ မိစ္ဆာကောင်… မင်းဘာလို့ မသေသေးတာလဲ… အနက်ရောင်ရေခဲမှော်အဆောင် ”
ဝတ်စုံစိမ်းကျင့်ကြံသူသည် မီးတောက်မြွေနှစ်ကောင်ကို မြင်သွားသောအခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက လက်ဖဝါးကို လှန်လိုက်လေရာ ဝိညာဉ်မှော်အဆောင်နှစ်ခု ထွက်ပေါ်လာသည်။ သူက ဝိညာဉ်စွမ်းအားကို မှော်အဆောင်များထဲသို့ ထည့်သွင်းလိုက်သည်။ လျှပ်တစ်ပြက်အတွင်းမှာ ရေခဲတိမ်တိုက်နှစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာပြီး မီးတောက်မြွေနှစ်ကောင်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာပြီးလျှင် မီးတောက်များက ရေခဲကို မြန်ဆန်စွာ အရည်ပျော်သွားစေပြီး ဝတ်စုံစိမ်းကျင့်ကြံသူထံသို့ ဆက်လက် ပျံသန်းသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မီးတောက်က သူ့အရှေ့သို့ ရောက်လာသည်။
ယင်းကို မြင်သောအခါ ဝတ်စုံစိမ်းကျင့်ကြံသူ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သူက အမြန်အော်လိုက်သည်။
“ ဂိုဏ်းတူအကိုကြီး… ဒီမီးတောက်နွားက အရမ်းသန်မာတယ်… ငါ ဆက်မထိန်းထားနိုင်တော့ဘူး… ဂိုဏ်းတူအကိုကြီး ကျေးဇူးပြုပြီး ဒီနွားရူးကို သတ်ပစ်ပါ… အဲ့ဒါက မင်းရဲ့ မိစ္ဆာသုတ်သင်ဓားကို အစွမ်းတိုးမြှင့်စေလိမ့်မယ် ”
သူက စကားပြောနေရင်း ဝိညာဉ်မှော်အဆောင်တချို့ကို အမြန်ထုတ်လိုက်ပြီး ယင်းတို့ကို သူ၏ ခန္ဓာကိုယ်ပေါ်မှာ ကပ်လိုက်သည်။
“ ရွှီး ”
ရွှေရောင်အလင်းလွှာများက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ရွှေရောင်အလင်းက သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သူက ရွှေရောင်လူသားတစ်ယောက်သဖွယ် ဖြစ်လာသည်။ သူက ဗာဂျရာမှော်အဆောင်ကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
မီးတောက်က သူ့ကို ထိမှန်သွားသည့်အခါ သူ၏ ဘေးပတ်ဝန်းကျင်မှ ရွှေရောင်အလင်းလွှာက ပြင်းထန်စွာ တုန်ယင်သွားသည်။ ထို့ပြင် မီးတောက်က ပေါက်ကွဲသွားပြီး ဗာဂျရာမှော်အဆောင်ကို အဝေးသို့ လွင့်စင်သွားစေသည်။
“ ချွင် ”
ထိုအဖြစ်အပျက်ကို မြင်သောအခါ ဝတ်စုံဖြူလူငယ်က ခေါင်းယမ်းလိုက်သည်။ သူက ညာလက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏ နောက်ကျောမှ ရှေးဟောင်းဓားကို လက်ညှိုးညွှန်လိုက်သည်။ သာယာကြည်လင်သော ဓားမြည်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ရှေးဟောင်းဓားသည် ဓားအိမ်ထဲမှ ပျံသန်းထွက်လာပြီး မီးတောက်မြွေနှစ်ကောင်ထံသို့ ဝှေ့ယမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားအလင်းက မီးတောက်များ၏ အရှေ့မှာ ပေါ်ထွက်လာပြီး ယင်းတို့ကို ငြိမ်းသတ်ပစ်လိုက်သည်။
“ ဂိုဏ်းတူညီလေးလင်း… အနာဂတ်မှာ မင်း ဂရုတစိုက် ကျင့်ကြံဖို့ လိုလိမ့်မယ်… မိစ္ဆာမဖြစ်လာသေးတဲ့ နွားတစ်ကောင်က မင်းကို ဒီအခြေအနေထိရောက်အောင် တွန်းအားပေးနိုင်ခဲ့တယ်… တခြားလူတွေသာ ဒါကို မြင်သွားရင် ငါတို့ရဲ့ တာ့ထျန်းဂိုဏ်းက နာမည်ပျက်သွားလိမ့်မယ်… မိစ္ဆာသားရဲတစ်ကောင်နဲ့ တွေ့ဆုံတဲ့အခါ သူ့ကို အမြန်ဆုံး သတ်နိုင်ဖို့ လုပ်ဆောင်ရမယ် ”
ဝတ်စုံဖြူလူငယ်ဆီမှာ ကြော့ရှင်းတင့်တယ်သော ကိုယ်ဟန်အမူအရာရှိသည်။ သူက ပန်းချီကားထဲမှ ဓားတန်ခိုးရှင်ပမာ အောက်မေ့ရ၏။ သို့သော် သူ၏ နှုတ်မှ ထွက်ပေါ်လာသော စကားများက ကြမ်းတမ်းခက်ထန်သည်။
“ ဟား ဟား… ဂိုဏ်းတူအကိုကြီး… ဒီညီလေးက ဘယ်လိုလုပ် မင်းကို ယှဉ်နိုင်မှာလဲ… မသေမျိုးကျင့်ကြံခြင်းလောကမှာ မင်းက ရှားပါးတဲ့ ကောင်းကင်ဘုံဝိညာဉ်အမြစ်နဲ့ မွေးဖွားလာတဲ့ ပါရမီရှင်ဆိုတာ မသိတဲ့လူ မရှိဘူးလေ… ဒါ့အပြင် မင်းက ဆရာသခင်ရဲ့ ကူညီပေးမှုကြောင့် ဂိုဏ်းရဲ့ နောက်ဆုံးကျန်ရှိတဲ့ အံ့ဖွယ်ကောင်းကင်ဘုံကျောက်တုံးကို အသုံးပြုပြီး မိစ္ဆာသုတ်သင်ဓားဆိုတဲ့ ဒီသက်စောင့်ဓမ္မလက်နက်ကို သန့်စင်ခဲ့တယ်… ဂိုဏ်းတူအကိုကြီးရဲ့ စွမ်းအားက အခြေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကိုတောင်မှ တိုက်ခိုက်နိုင်တယ် ”
မီးတောက်နွား၏ တိုက်ခိုက်မှုက ဓားတစ်ချက်ဖြင့် လွင့်ပြယ်သွားကြောင်း ဝတ်စုံစိမ်းကျင့်ကြံသူ မြင်သွားသောအခါ သူက ရယ်လိုက်ပြီး ဝတ်စုံဖြူလူငယ်ကို ပြောသည်။
သူ၏ လေသံထဲမှာ မနာလိုသော အရိပ်အမြွက် ရှိသည်။
သူ၏ ဂိုဏ်းတူအကိုကြီးသည် သာမန်မဟုတ်ပေ။ သူ့မှာ ကျင့်ကြံခြင်းလောက၏ အကောင်းဆုံး ပါရမီဖြစ်သော ကောင်းကင်ဘုံဝိညာဉ်အမြစ် ရှိသည်။ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းက တခြားကျင့်ကြံသူများကို သွေးအန်သွားစေနိုင်သည်။ သူက ပါရမီမြင့်မားရုံမျှသာ မဟုတ်ပေ။ သူ၏ မိစ္ဆာသုတ်သင်ဓားက ပိုပြီးအံ့ဖွယ်ကောင်းသည်။
ဤလောကတွင် မသေမျိုးကျင့်ကြံသူများ အသုံးပြုသော ရတနာများကို အဆင့်သုံးဆင့် ခွဲခြားထားသည်။ ယင်းတို့က ဓမ္မလက်နက်များ၊ ဓမ္မရတနာများနှင့် ဝိညာဉ်ရတနာများ ဖြစ်ကြသည်။ ယင်းတို့ထဲတွင် ဓမ္မလက်နက်များသည် အဆင့်အနိမ့်ဆုံး ဖြစ်သည်။ ယင်းတို့က ချီသန့်စင်ခြင်းနယ်ပယ်နှင့် အခြေတည်နယ်ပယ်မှ ကျင့်ကြံသူများအတွက်သာ သင့်တော်ပေသည်။ ယင်းတို့သည် အဆင့်အနိမ့်ဆုံးဖြစ်လင့်ကစား သေမျိုးလောကမှ လူများအတွက်တော့ နတ်ဘုရားလက်နက်များနှင့် မခြားပေ။
ဓမ္မလက်နက်များကိုလည်း ထပ်မံ အဆင့်ခွဲခြားထားသည်။ ဥပမာ အဆင့်နိမ့် ဓမ္မလက်နက်များ၊ အလယ်အလတ်အဆင့် ဓမ္မလက်နက်များ၊ အဆင့်မြင့် ဓမ္မလက်နက်များနှင့် ထိပ်တန်းအဆင့် ဓမ္မလက်နက်များ ဖြစ်ကြသည်။ ထိပ်တန်းအဆင့် ဓမ္မလက်နက်များသည် အဆင့်နိမ့် ဓမ္မရတနာများဖြင့်ပင် နှိုင်းယှဉ်နိုင်ကြသည်။ ဓမ္မရတနာများနှင့် ဝိညာဉ်ရတနာများကိုလည်း ထိုပုံစံအတိုင်း အဆင့်ခွဲခြားထားသည်။
ယေဘုယျအားဖြင့်ဆိုရသော် မသေမျိုးကျင့်ကြံခြင်းလောကတွင် ဓမ္မလက်နက်များ၏ အရေအတွက်က အများဆုံး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အဆင့်နိမ့်ကျင့်ကြံသူများက အဆင့်မြင့်ကျင့်ကြံသူများထက် ဓမ္မလက်နက်များကို ပိုမိုအသုံးပြုကြသောကြောင့်ပင်။
နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ ဓမ္မရတနာများကို ဖန်တီးသန့်စင်ရန် အသုံးပြုရမည့် ကုန်ကြမ်းပစ္စည်းများက အလွန်တန်ဖိုးကြီးမားခြင်း ဖြစ်သည်။ ထို့ပြင် တစ်စုံတစ်ယောက်မှာ သဟဇာတဖြစ်သော ကျင့်ကြံခြင်းအခြေခံလည်း ရှိရမည်။ တစ်စုံတစ်ယောက်သည် ဓမ္မရတနာများကို စတင်မသန့်စင်မီ အနိမ့်ဆုံး အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းအဆင့်မှာ ရှိရမည်။
ဤလောကတွင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံခြင်းအဆင့်ထိ ကျင့်ကြံထားနိုင်သူများက မည်မျှနည်းပါးလိုက်သနည်း။ ဝိညာဉ်ရတနာများကို သန့်စင်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများက ထိုထက် ပိုပြီးတန်ဖိုးကြီးမားသည်။ ယေဘုယျအားဖြင့်ဆိုရသော် ကျင့်ကြံသူတစ်ယောက်သည် ဘဝတစ်ဝက်ခန့် လိုက်လံရှာဖွေမှသာလျှင် ဓမ္မရတနာတစ်ခုအား သန့်စင်နိုင်မည့် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေနိုင်လိမ့်မည်။ ထို့ကြောင့် ဓမ္မရတနာများက အလွန်ရှားပါးပြီး ဓမ္မလက်နက်များထက် အများကြီး ပိုတန်ဖိုးကြီးမားနေခြင်း ဖြစ်သည်။
သို့သော်လည်း ဤလောကတွင် ဓမ္မရတနာများကို သန့်စင်နိုင်မည့် နောက်ထပ် နည်းလမ်းတစ်ခု ရှိသည်။
ယင်းက သက်စောင့်ဓမ္မလက်နက်တစ်ခုကို ပျိုးထောင်ပေးခြင်း ဖြစ်သည်။
သက်စောင့်ဓမ္မလက်နက်မှာ အဘယ်နည်း။
ယင်းက တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်သွေးချီအနှစ်သာရ၊ စွမ်းအင်အနှစ်သာရနှင့် ဝိညာဉ်ဖြင့် ပျိုးထောင်ပေးရသော ဓမ္မလက်နက်တစ်ခု ဖြစ်သည်။
ထိုသို့ဓမ္မလက်နက်သည် သူ့သခင်နှင့် မခွဲခွာနိုင်သော ဆက်ဆံရေးရှိသည်ဟု ပြောကြသည်။ အကယ်၍ သက်စောင့်ဓမ္မလက်နက် ပျက်စီးသွားလျှင် သူ့သခင်သည်လည်း ကြီးမားသော ထိခိုက်ဒဏ်ရာရရှိသွားလိမ့်မည်။ ထိုသို့ထိခိုက်ဒဏ်ရာသည် ဘဝတစ်လျှောက်လုံး အသုံးပြု၍ ကုသမည်ဆိုလျှင်ပင် ပြန်မကောင်းနိုင်ပေ။
သက်စောင့်ဓမ္မလက်နက်၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အံ့ဖွယ်စွမ်းရည်များကြောင့် မသေမျိုးကျင့်ကြံသူအများစုသည် သူတို့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်တစ်ခု ပျိုးထောင်ပေးရန် အလွန် စိတ်အားထက်သန်ကြသည်။ သက်စောင့်ဓမ္မလက်နက်၏ အားသာချက်တစ်ခုမှာ အဆင့်တူတွင် တခြားဓမ္မလက်နက်များထက် အများကြီး ပိုအစွမ်းထက်ခြင်း ဖြစ်၏။ မသေမျိုးကျင့်ကြံသူများ၏ တိုက်ပွဲတွင် သေးငယ်သော စွမ်းအားကွာခြားမှုကပင် တိုက်ပွဲရလဒ်ကို ကြီးမားစွာ ပြောင်းလဲပစ်နိုင်သည်။
ဒုတိယအားသာချက်မှာ သက်စောင့်ဓမ္မလက်နက်ကို အမြဲမပြတ် ပျိုးထောင်ပေးနိုင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သည် သူ့ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကို အသုံးပြု၍သော်လည်းကောင်း သို့မဟုတ် မိုးမြေကြားမှ ရှားပါးဝိညာဉ်ရတနာများကို အသုံးပြု၍သော်လည်းကောင်း သက်စောင့်ဓမ္မလက်နက်ကို အစဉ်မပြတ် ပျိုးထောင်ပေးနိုင်သည်။
ထိုနည်းလမ်းဖြင့်ဆိုလျှင် ဓမ္မလက်နက်သည် ဖြည်းဖြည်းချင်း ပိုသန်စွမ်းလာပြီး နောက်တစ်ဆင့်သို့ မြင့်တတ်သွားလိမ့်မည်။ ဥပမာ တစ်စုံတစ်ယောက်က အဆင့်နိမ့် သက်စောင့်ဓမ္မလက်နက်ကို အစဉ်မပြတ် ပျိုးထောင်ပေးနေလျှင် အနာဂတ်မှာ ယင်းက အလယ်အလတ်အဆင့် ဓမ္မလက်နက်၊ သို့မဟုတ် အဆင့်မြင့် ဓမ္မလက်နက်အဖြစ် အဆင့်မြင့်တတ်သွားလိမ့်မည်။
အကယ်၍ သူက ကံကြမ္မာကောင်းတစ်ခုနှင့် တွေ့ကြုံမည်ဆိုလျှင် သူ၏ သက်စောင့်ဓမ္မလက်နက်က ထိပ်တန်းအဆင့်ထိပင် မြင့်တတ်သွားနိုင်၏။ အကယ်၍ သူက မိုးမြေကြားမှ ရှားပါးဝိညာဉ်ရတနာတစ်ခုခုကို ရှာတွေ့သွားပြီး ယင်းကို သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ဖြင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် ယင်းက သက်စောင့်ဓမ္မရတနာအဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ ထိုသက်စောင့်ဓမ္မရတနာကို ဆက်လက် ပျိုးထောင်ပေးသွားလျှင် အနာဂတ်မှာ ယင်းက သက်စောင့်ဝိညာဉ်ရတနာ ဖြစ်လာလိမ့်မည်။
တစ်နည်းဆိုရသော် သက်စောင့်ဓမ္မလက်နက်ဆီမှာ အကန့်အသတ်မဲ့သော အလားအလာရှိသည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံသူအများအပြားသည် သူတို့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်တစ်ခု ပျိုးထောင်ရန် အလွန် စိတ်အားထက်သန်ကြသည်။
ကံမကောင်းသည်မှာ အရေအတွက်နည်းပါးသော ကျင့်ကြံသူများသာလျှင် သက်စောင့်ဓမ္မလက်နက်များကို အမှန်တကယ် ပျိုးထောင်ပေးနိုင်ကြသည်။
ဝတ်စုံဖြူလူငယ်၏ လက်ထဲမှ မိစ္ဆာသုတ်သင်ဓားကို အံ့ဖွယ်ကောင်းကင်ဘုံကျောက်တုံးနှင့် တခြားရှားပါးရတနာများဖြင့် ဖန်တီးသန့်စင်ထားခြင်း ဖြစ်သည်။ ယင်းက ဝတ်စုံဖြူလူငယ်၏ သက်စောင့်ဓမ္မလက်နက် ဖြစ်သည်။ ထိုဓားကို ဖန်တီးသန့်စင်ခဲ့သော ကုန်ကြမ်းပစ္စည်းများက အလွန်တန်ဖိုးကြီးမားသည်။ ထို့ကြောင့် ဓားသည် ဖန်တီးသန့်စင်ပြီးသည်နှင့် ထိပ်တန်းအဆင့် ဓမ္မလက်နက်တစ်ခု ဖြစ်လာသည်။
အကယ်၍ ဝတ်စုံဖြူလူငယ်သာ ယင်းကို ဂရုတစိုက် ပျိုးထောင်ပေးမည်ဆိုလျှင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ သူတတ်လှမ်းသွားသည့်အခါ ယင်းက သက်စောင့်ဓမ္မရတနာတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်။
“ ငါ့ရဲ့ မိစ္ဆာသုတ်သင်ဓားထဲမှာ ဆရာထည့်သွင်းပေးထားတဲ့ မိစ္ဆာသန့်စင်ခြင်းအစီအရင်ရှိတယ်… ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေကို ဒီဓားနဲ့ သတ်ပစ်တဲ့အခါ သူတို့ရဲ့ ဝိညာဉ်က ဓားရဲ့ စုပ်ယူခံရပြီး ဓားအတွက် အာဟာရဓာတ်ဖြစ်လာလိမ့်မယ်… ဒါကြောင့် မိစ္ဆာတွေကို ပိုပြီးသတ်ပစ်လေ မိစ္ဆာသုတ်သင်ဓားက ပိုပြီးအစွမ်းထက်လေပဲ… ဒီမီးတောက်နွားကို ငါဘယ်လိုသတ်ပစ်မလဲ မင်းစောင့်ကြည့်နေပါ ”
ဝတ်စုံဖြူလူငယ်သည် သူ၏ အရှေ့မှာ လွင့်မျောနေသော မိစ္ဆာသုတ်သင်ဓားကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ချစ်ခင်ကြင်နာမှု ထွက်ပေါ်လာသည်။ ဤသည်မှာ သူက မြတ်နိုးရသော မိန်းကလေးတစ်ယောက်ကို ကြည့်နေသည့်အလားပင်။ သူက လက်ညှိုးကို အရှေ့ဆန့်ထုတ်လိုက်ပြီး မိစ္ဆာသုတ်သင်ဓားကို ညွှန်လိုက်သည်။
“ ဝီး ဝီး ”
လျှပ်တစ်ပြက်အတွင်းမှာ ဓားက တုန်ယင်သွားပြီး တိုးညင်းသော မြည်သံကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်ဓားအလင်းတစ်ခုက ဓားထံမှ ပေါ်လျှိုးထွက်လာသည်။ ယင်းက အဖြူရောင်သံကြိုးသဖွယ် လေထဲမှာ ပျံသန်းသွားပြီး မီးတောက်နွား၏ လည်ပင်းဆီသို့ ဦးတည်သွားသည်။
ဓားအလင်းသည် အလွန်အမင်း ထက်ရှသည်။ အဝေးမှနေပင် ယင်းထံမှ ထုတ်လွှတ်နေသော အေးစက်စက်လေကို ခံစားရနိုင်၏။ ထိပ်တန်းအဆင့် ဓမ္မလက်နက်တစ်ခုဟု မျှော်လင့်ထားသကဲ့သို့ပင်။ ယင်း၏ စွမ်းအားက အဆင့်နိမ့် ဓမ္မရတနာများဖြင့် နှိုင်းယှဉ်နိုင်သည်။
“ ဝမ်းဘဲ ”
မီးတောက်နွားသည် မျက်လုံးနီရဲသွားသည်။ သူက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ နှာခေါင်းက ရုတ်တရက် ကြီးမားသွားသည်။
“ ဝှစ် ဝှစ် ”
အစောနက မီးတောက်မြွေနှစ်ကောင်ထက် နှစ်ဆပိုပြီးထူထဲသော မီးတောက်အလင်းတန်းနှစ်ခုက သူ၏ နှာခေါင်းပေါက်ထဲမှ ပျံသန်းထွက်လာကြသည်။ ယင်းတို့က သူ၏ အရှေ့မှာ မီးတောက်စပါးအုံးမြွေများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး အဖြူရောင်ဓားအလင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။