← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း(၆၄)

“ ဗုန်း ”

မီးတောက်သည် မီးတောက်နွား၏ မွေးရာပါသဘာဝစွမ်းရည် ဖြစ်သည်။ သူ၏ စွမ်းအားသည် အားမနည်းပေ။ သူ၏ ကျင့်ကြံခြင်းက မိစ္ဆာတစ်ကောင်ဖြစ်လာရန် အလွန်နီးကပ်နေပြီ ဖြစ်၏။ မိစ္ဆာတစ်ကောင် ဖြစ်လာသည့်အခါ သူ၏ တိုက်ခိုက်စွမ်းရည်က ကြီးကြီးမားမား တိုးမြှင့်သွားလိမ့်မည်။ ထိုအခါကျလျှင် သူ၏ စွမ်းအားက နှောင်းပိုင်းအဆင့် ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ထက် အားနည်းတော့မည် မဟုတ်ချေ။ သူမှုတ်ထုတ်လိုက်သော မီးတောက်က ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ချက်ချင်း ပြာဖြစ်သွားစေလိမ့်မည်။

ထိုသို့စွမ်းအားကို အလွန်သန်မာသည်ဟု ဆိုနိုင်၏။

သို့သော်လည်း မိစ္ဆာသုတ်သင်ဓားထံမှ ထုတ်လွှတ်လိုက်သော ဓားအလင်းဖြင့် ရင်ဆိုင်ရသောအခါ ယင်းက အချည်းနှီးဖြစ်သွားသည်။ ဓားအလင်းသည် အလွန်အမင်း ထက်ရှသည်။ ဓားအလင်းသည် ရပ်တန့်ခြင်းမရှိဘဲ မီးတောက်ကို ဖြတ်သန်းသွားသည်။ မီးတောက်သည် ဓားအလင်းကို အနည်းငယ်မျှ အရောင်မှေးမှိန်သွားစေရုံသာ ပြုလုပ်နိုင်ခဲ့သည်။

ဓားအလင်း၏ ဦးတည်ရာသည် မပြောင်းလဲသွားပေ။ ယင်းက မီးတောက်နွား၏ လည်ပင်းထံသို့ မြန်ဆန်စွာ ပျံသန်းသွားသည်။

“ ဝမ်းဘဲ ”

မီးတောက်နွားသည် ရူးသွပ်သွားသည်။ သူ၏ မျက်လုံးသည် ပိုပြီးနီရဲလာသည်။ ဤသည်မှာ သူ၏ မျက်လုံးထဲမှ သွေးစီးကျလာတော့မည့်အလားပင်။ နွားသည် ခေါင်းငုံ့လိုက်ပြီး သူ၏ ချွန်ထက်သော ဦးချိုနှစ်ချောင်းကို အရှေ့မှာ ထားလိုက်သည်။ ထို့နောက် သူက အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။ သူက မည်သည့်အရာကိုမှ ဂရုမစိုက်နေဘဲ ဓားအလင်းဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

“ ဘန်း ”

ဦးချိုသည် နွားတစ်ကောင်၏ အမာကျောဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်သည်။ မီးတောက်နွားကဲ့သို့ သန္ဓေပြောင်းသားရဲ၏ ဦးချိုသည် ပိုပြီးမာကျောသည်။ ယင်းက ဓားအလင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ ဓားအလင်းသည် ချက်ချင်း လွင့်ပြယ်သွားသည်။ သို့သော်လည်း ပြင်းထန်သော အင်အားကြောင့် မီးတောက်နွား၏ ခန္ဓာကိုယ်က အဝေးသို့ လွင့်စင်သွားသည်။ မြေကြီးပေါ်တွင် အလွန်နက်ရှိုင်းသော နွားခြေရာများ ထွက်ပေါ်လာသည်။

“ ဟွန့်… ဘာမှမဟုတ်တဲ့ ဝိညာဉ်သားရဲတစ်ကောင်ကများ ငါ့ရဲ့ မိစ္ဆာသုတ်သင်ဓားအရှေ့မှာ ရုန်းကန်ချင်နေသေးတယ်… မိစ္ဆာကောင် သေလိုက်စမ်း ”

သူ၏ ဓားအလင်းက မီးတောက်နွားကို မသတ်နိုင်ခဲ့ကြောင်း ဝတ်စုံဖြူလူငယ် မြင်သွားသောအခါ သူ၏ မျက်နှာက ချက်ချင်း အေးစက်သွားသည်။ သူက အရှေ့သို့ နောက်တစ်ကြိမ် လက်ညှိုးညွှန်လိုက်သည်။

“ ဝီး ဝီး ”

မိစ္ဆာသုတ်သင်ဓားသည် ရုတ်တရက် ထပ်မံ တုန်ယင်သွားပြီး ထွန်းလင်းတောက်ပသော ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ အဆုံးမဲ့သော ခြိမ်းခြောက်မှုအရှိန်အဝါနှင့်အတူ ဓားသည် မီးတောက်နွားထံသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ဤတစ်ကြိမ်တွင် နွားဦးချိုက မည်မျှမာကျောပါစေ ယင်းက သေချာပေါက် ပိုင်းဖြတ်ခံရလိမ့်မည်။

“ ဝမ်းဘဲ ”

မီးတောက်နွားသည် အန္တရာယ်ကို ခံစားမိသွားသည်။ သူက သံမဏိကဲ့သို့ မာကျောသော ခွာများကို မြေကြီးပေါ်မှာ ကြမ်းတမ်းစွာ ဆောင့်ချလိုက်သည်။ အနီရောင်အလင်းလွှာတစ်ခုက သူ၏ ဦးခေါင်းပေါ်မှ ဦးချိုများပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက အစောနကအတိုင်း အရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားသည်။

“ ရွှတ် ”

ထိုအခိုက်အတန့်မှာ အနက်ရောင်လခြမ်းကွေးဓားတစ်စင်းသည် မည်သည့်သတိပေးမှုမှ မရှိဘဲ လေကို ဖြတ်သန်းသွားသည်။ ယင်းက မယုံကြည်နိုင်ဖွယ်ကောင်းသော အလျင်ဖြင့် မိစ္ဆာသုတ်သင်ဓားကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

“ ဘန်း ”

ဝတ်စုံဖြူလူငယ်သည် ထိုသို့မတော်တဆမှု ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားပေ။ ထို့ကြောင့် သူက ကြိုတင်မပြင်ဆင်နိုင်ခဲ့ပေ။ မီးတောက်နွားကို ပိုင်းဖြတ်တော့မည့် ရှေးဟောင်းဓားသည် ကြောက်မက်ဖွယ်အင်အား ကိန်းအောင်းနေသော လခြမ်းကွေးမဟူရာဓား၏ ရုတ်တရက် ခုတ်ပိုင်းခံလိုက်ရလေသည်။ ဓားသည် ပြင်းထန်စွာ တုန်ယင်သွားပြီး တိုးညင်းသော မြည်သံကို ထုတ်လွှတ်လိုက်သည်။ ရှေးဟောင်းဓားသည် ပြင်းထန်သော သက်ရောက်အားကြောင့် ဆယ်ပေအကွာသို့ လွင့်စင်သွားသည်။

“ ဘယ်သူလဲ ”

ဝတ်စုံဖြူလူငယ်၏ အကြည့်က ချက်ချင်း အေးစက်သွားသည်။ သူက ခေါင်းလှည့်လိုက်ပြီး လခြမ်းကွေးမဟူရာဓား ထွက်ပေါ်လာသော အရပ်ဆီသို့ ကြည့်လိုက်သည်။ သူက လက်ဆန့်ထုတ်လိုက်ပြီး မိစ္ဆာသုတ်သင်ဓားကို ဖမ်းဆုပ်လိုက်သည်။

သူက ဓားကို မနီးမဝေးမှ ဧရာမကျောက်တုံးကြီးထံသို့ မြန်ဆန်စွာ လွှဲယမ်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားက ထွန်းလင်းတောက်ပလာပြီး စူးရှတောက်ပသော ဓားအလင်းတန်းဒါဇင်ခန့်ကို ထုတ်လွှတ်လိုက်သည်။ ဓားအလင်းတန်းများသည် တဝီဝီမြည်သံဖြင့် ကျောက်တုံးကြီးထံသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။

“ ဘန်း ဘန်း ဘန်း ”

ယင်းက သာမန်ကျောက်တုံးတစ်တုံးသာ ဖြစ်၏။ ယင်းက မိစ္ဆာသုတ်သင်ဓား၏ စွမ်းအားကို မည်သို့ခုခံနိုင်မည်နည်း။ ကျောက်တုံးကြီးသည် စူးရှတောက်ပသော ဓားအလင်းတန်းများကြောင့် ချက်ချင်း အက်ကွဲသွားသည်။

“ ဝေါင်း ”

လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံသည် ချိုင့်ဝှမ်းထဲမှာ မည်သည့်သတိပေးမှုမှ မရှိဘဲ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။ ထိုကျားဟိန်းသံသည် မိုးခြိမ်းသံတမျှ အလွန်ကျယ်လောင်ပြီး မိုးကောင်းကင်ကို တုန်လှုပ်သွားစေသည်။ ချိုင့်ဝှမ်းတစ်ခုလုံးက ပြင်းထန်စွာ လှုပ်ခါသွားသည်။ ချိုင့်ဝှမ်းထဲမှာရှိသော ရေကန်က နေရာမှာတင် ပေါက်ကွဲသွားပြီး ရေက အမြင့်ပေသုံးဆယ်အထိ မြှောက်တတ်သွားသည်။

လေထဲမှာ ပျံသန်းနေကြသော ဓားအလင်းတန်းများက ကြီးမားသော သက်ရောက်မှုအောက်မှာ တိုက်ရိုက် အက်ကွဲသွားကြသည်။

ကျောက်တုံး အက်ကွဲသွားပြီးနောက် ဧရာမကျားနက်တစ်ကောင်က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ကျားနက်သည် အလွန်အမင်း အရွယ်အစားကြီးမားသည်။ သူ၏ ခန္ဓာကိုယ်မှ ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သူက သားရဲအားလုံး၏ ဘုရင်ဖြစ်ပြီး သူ၏ နဖူးပေါ်မှာ ခရမ်းရောင်ဘုရင်စာလုံး ရှိသည်။ ဘုရင်စာလုံးသည် မီးတောက်တစ်ခုပမာ သက်ဝင်လှုပ်ရှားနေသည်။ ယင်းက အတော်လေး အံ့ဖွယ်ကောင်းသည်။

သဏ္ဍာန်မဲ့ဖိအားတစ်ခုက ချိုင့်ဝှမ်းထဲမှာ ဒီရေလှိုင်းသဖွယ် ပေါ်ထွက်လာသည်။

ထိုကျားနက်သည် သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။ သူက ကျောက်တုံးနောက်မှာ ပုန်းအောင်းနေရင်း တိုက်ပွဲကို စောင့်ကြည့်နေခဲ့သည်။ သူ၏ အမြင်မှတဆင့် ချိုင့်ဝှမ်းထဲမှ အခြေအနေကို အကြမ်းဖျဉ်း သူနားလည်သဘောပေါက်သွားသည်။ မီးတောက်နွား၏ ကလေးကို ထိုမသေမျိုးကျင့်ကြံသူနှစ်ယောက်က အရင်သတ်ခဲ့ခြင်း ဖြစ်ရမည်။ သို့သော်လည်း သူတို့က ထိုမျှဖြင့် မကျေနပ်သေးပေ။ သူတို့က မီးတောက်နွားကိုပင် သတ်ချင်နေကြသည်။ သူတို့က စကားလုံးအနည်းငယ်သာ ပြောကြားခဲ့သော်လည်း သူက ဖြစ်စဉ်တစ်ခုလုံးကို အကြမ်းဖျဉ်း သုံးသပ်နိုင်သွားသည်။

ဝတ်စုံဖြူလူငယ်သည် အစွမ်းထက်သော ဓမ္မလက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။ ထို့ပြင် ထိုဓမ္မလက်နက်သည် ၎င်းဘာသာ အစွမ်းမြှင့်တင်ရန် သက်ရှိများ၏ စွမ်းအားအနှစ်သာရကို စုပ်ယူသန့်စင်နိုင်စွမ်းရှိသည်။ သို့ဖြစ်၍ ဖြစ်စဉ်တစ်ခုလုံးက အလွန်ထင်ရှားသည်။ ထိုမသေမျိုးကျင့်ကြံသူနှစ်ယောက်က ဓမ္မလက်နက်၏ စွမ်းအားကို တိုးမြှင့်ရန် ဝိညာဉ်အသိဉာဏ်ရှိသော သားရဲများကို လိုက်လံသတ်ဖြတ်နေခြင်း ဖြစ်ရမည်။

မိစ္ဆာသုတ်သင်ဓား… ။

မိစ္ဆာများကို သုတ်သင်မည်။

ထိုစကားလုံးနှစ်လုံးက သူတို့၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ဖော်ပြနေ၏။

“ မသေမျိုးကျင့်ကြံသူတွေက ထူးဆန်းတဲ့ တခြားမျိုးနွယ်ခြားတွေကို သတ်ဖြတ်ဖို့ အရမ်းစိတ်အားထက်သန်တာပဲ… ဒီမီးတောက်နွားက မီးတောက်ကို ထုတ်လွှတ်နိုင်တယ်… သူက သန္ဓေပြောင်းဝိညာဉ်သားရဲတစ်ကောင် ဖြစ်ရမယ်… မင်းက ငါနဲ့ တွေ့ဆုံဖို့ ကံပါလာမှတော့ မင်းအသတ်ခံရဖို့ ငါခွင့်မပြုဘူး… အဲ့ဒီကောင်ကိုသာ ငါ့လက်အောက်ထဲ သိမ်းသွင်းနိုင်မယ်ဆိုရင် ငါ့ရဲ့ အင်အားက ကြီးကြီးမားမား တိုးပွားသွားလိမ့်မယ် ”

စက္ကန့်ပိုင်းလေးအတွင်းမှာ သီရှီထျန်က ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့ကြောင့် ဝတ်စုံဖြူလူငယ်က မီးတောက်နွားကို သတ်ဖြတ်ရန် လှုပ်ရှားတော့မည့်အချိန် သူ၏ စိတ်ကို စေခိုင်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ အလွန်အားကောင်းသော မိစ္ဆာအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာပြီး မိစ္ဆာမြူခိုးအဖြစ် သိပ်သည်းသွားသည်။ ထို့နောက် မိစ္ဆာမြူခိုးက ထက်ရှသော လခြမ်းကွေးမဟူရာဓားဆယ်လက်အဖြစ် မြန်ဆန်စွာ ဖွဲ့စည်းသွားကြသည်။ ယင်းတို့ထဲမှ တစ်ခုက သူ၏ ထိန်းချုပ်မှုအောက်မှာ အဝေးသို့ ပျံသန်းထွက်သွားပြီး မိစ္ဆာသုတ်သင်ဓားကို ဟန့်တားလိုက်သည်။

“ ဟမ်… ဝိညာဉ်သားရဲတစ်ကောင်က ဒီနေရာမှာ ရှိနေတာလား… ပြီးတော့ အစောနက ဓားအလင်း… အဲ့ဒါက သူ့ရဲ့ မွေးရာပါစွမ်းရည်လား ”

ဝတ်စုံဖြူလူငယ်၏ နာမည်သည် ကျိုးယွမ်ဖေး ဖြစ်သည်။ သူ၏ ပါရမီက မသေမျိုးကျင့်ကြံခြင်းလောကတွင် ထိပ်တန်းအဆင့်မှာ ရှိသည်။ သူက သေးငယ်သော ကျေးရွာလေးတစ်ခုမှာ မွေးဖွားလာသူဖြစ်သည်။ သူ့အသက်ရှစ်နှစ်တွင် ဝိညာဉ်သားရဲတစ်ကောင်က တောင်ပေါ်မှ ဆင်းလာပြီး သူ၏ မိဘနှစ်ပါးကို သတ်ဖြတ်စားသောက်သွားခဲ့သည်။ ကံကောင်းသည်မှာ ထိုကျေးရွာကို ဖြတ်သန်းသွားသော တာ့ထျန်းဂိုဏ်းမှ ကျင့်ကြံသူများက သူ့ကို ကယ်တင်ခဲ့ကြသည်။ သူတို့က ဝိညာဉ်သားရဲကိုလည်း သတ်ဖြတ်ခဲ့ကြသည်။

သို့သော်လည်း ထိုအဖြစ်အပျက်ကြောင့် ကျိုးယွမ်ဖေးသည် မိစ္ဆာသားရဲများကို သူ၏ အရိုးများထဲမှ မုန်းတီးသွားသည်။ ကျင့်ကြံခြင်းလမ်းစဉ်ကို သူစတင်လျှောက်လှမ်းသည့်အချိန်မှာ ကျိန်ဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက မြင့်မားသော နယ်ပယ်သို့ ရောက်ရှိသွားသည့်အခါ သူမြင်မြင်သမျှ မိစ္ဆာအားလုံးကို သုတ်သင်ပစ်မည်။ သူက ဤလောကမှာရှိသော မိစ္ဆာသားရဲအားလုံးကို အမြစ်ဖြတ်သုတ်သင်ပစ်ချင်သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် မိစ္ဆာသားရဲများကို မည်မျှသူမုန်းတီးနေကြောင်း မြင်နိုင်ပေသည်။ ထို့ကြောင့် သူ၏ သက်စောင့်ဓမ္မလက်နက်ကို မိစ္ဆာသုတ်သင်ဓားဟု နာမည်ပေးခဲ့ခြင်း ဖြစ်သည်။

“ ဟွန့်… အတိတ်မှာ ငါ့မိဘတွေကို မိစ္ဆာကျားတစ်ကောင်က စားသောက်သွားခဲ့တယ်… အခု ကျားနက်တစ်ကောင်က ငါ့အရှေ့မှာ ထွက်ပေါ်လာတယ်… အရမ်းကောင်းတယ်… ငါကျိုးယွမ်ဖေးက ကောင်းကင်ဘုံနဲ့ ဒီလောကရဲ့ တရားမျှတမှုအတွက် မင်းကို သတ်ပစ်မယ် ”

ကျိုးယွမ်ဖေး၏ မျက်လုံးက အေးစက်သွားသည်။

“ ဂိုဏ်းတူအကိုကြီး… အဲ့ဒီကျားနက်က မီးတောက်နွားထက် အများကြီး ပိုသန်မာတယ်… စောစောက ဟိန်းသံက ငါ့ခေါင်းကို ချာချာမူးသွားစေတယ်… ငါတို့သတိပေါ့ဆလို့ မဖြစ်ဘူး… မိစ္ဆာသုတ်သင်ဓားနဲ့ သူ့ကို တစ်ချက်တည်း သတ်ပစ်ရမယ် ”

ဝတ်စုံစိမ်းဝတ်ဆင်ထားသော ဂိုဏ်းတူညီလေးလင်းက ခေါင်းယမ်းလိုက်သည်။ အစောနက စက်ကရာ ထုတ်လွှတ်ခဲ့သော ကျားဟိန်းသံသည် ရုတ်တရက်ဆန်လွန်းသည်။ သူက မည်သည့်ခုခံကာကွယ်မှုမှ မပြုလုပ်နိုင်ခဲ့ပေ။ သို့ဖြစ်၍ ယခု သူက ခေါင်းမူးဝေနေပြီး သူ၏ အသားအရေက ပြာနှမ်းနေသည်။

ကျိုးယွမ်ဖေး၏ ကျင့်ကြံခြင်းက ချီသန့်စင်ခြင်းနယ်ပယ် အဆင့်(၁၀)မှာဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းက ချီသန့်စင်ခြင်းနယ်ပယ် အဆင့်(၈)မှာ ဖြစ်သည်။ သူက ချီသန့်စင်ခြင်းနယ်ပယ်၏ အလယ်အလတ်အဆင့်မှာသာ ရှိသေးပြီး နှောင်းပိုင်းအဆင့်သို့ မရောက်ရှိသေးပေ။ သို့ဖြစ်လေရာ သူက စက်ကရာ၏ လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကို မည်သို့ခုခံနိုင်မည်နည်း။ အစောနက ကျားဟိန်းသံက သူ၏ သွေးချီကို ပရမ်းပတာဖြစ်စေပြီး သူ၏ မျက်နှာကို ဖြူဖျော့သွားစေသည်။

“ ဂိုဏ်းတူညီလေးလင်း… ဘာမှမစိုးရိမ်ပါနဲ့… အဲ့ဒါက သန္ဓေပြောင်းကျားတစ်ကောင်ပါပဲ… သူက မိစ္ဆာမဖြစ်လာသေးပါဘူး… မိစ္ဆာသုတ်သင်ဓားရဲ့ အစွမ်းနဲ့ဆိုရင် သူဘယ်လောက်ပဲ သန်မာပါစေ ငါ့ကို မယှဉ်နိုင်ပါဘူး ”

ကျိုးယွမ်ဖေးက သီရှီထျန်ကို ကြည့်လိုက်သည်။ ကျားလက်သည်းအောက်မှာ သူ့မိဘနှစ်ပါးက မည်သို့သေဆုံးသွားခဲ့ကြောင်း သူပြန်အမှတ်ရသွားသည်။ အေးစက်စက် သတ်ဖြတ်ခြင်းအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။

သူက ညာလက်ဖြင့် လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မိစ္ဆာသုတ်သင်ဓားက ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ပျံတတ်သွားသည်။ ယင်းက လေထဲမှာ တုန်ယင်သွားပြီး စူးရှကြည်လင်သော ဓားမြည်သံကို ထုတ်လွှတ်လိုက်သည်။ မှိတ်တုတ်မှိတ်တုတ် လင်းလက်တောက်ပသော ဓားအလင်းက ပေပေါင်းဒါဇင်ခန့်အထိ ဖြန့်ကြက်သွားသည်။ ဓားအလင်းရောင်အတွင်းမှာ မှော်သင်္ကေတတစ်ခု ရှိနေဟန် ရ၏။ ဓားသည် ဘေးမှ မီးတောက်နွားကို ယာယီလက်လျော့လိုက်ပြီး စူးရှကြည်လင်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ စက်ကရာဆီသို့ ပျံသန်းသွားသည်။

မိစ္ဆာသုတ်သင်ဓားသည် အလွန်အမင်း မြန်ဆန်သည်။ အဖြူရောင်အလင်း ပေါ်လျှိုးလာသည်နှင့်တစ်ပြိုင်နက် ဓားက သီရှီထျန်၏ အရှေ့သို့ ရောက်ရှိသွားသည်။

“ ဝေါင်း ”

စက်ကရာသည် မိစ္ဆာသုတ်သင်ဓားကို စိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးက အေးစက်သွားသည်။ အန္တရာယ်အငွေ့အသက်က ထိုဓားထံမှ ထွက်ပေါ်နေကြောင်း သူ၏ ဝိညာဉ်က အာရုံခံနိုင်သည်။ ထိုဓားမှာ သူ့ကို ကန့်သတ်ချုပ်နှောင်နိုင်စွမ်း ရှိပုံပေါ်သည်။ အရှိန်အဝါက အလွန်မှေးမှိန်သော်လည်း ယင်းက သူ့ကို သတိကြီးစွာထားရန် အသိပေးနေသည်။

“ အဲ့ဒါကို ဖျက်ဆီးရမယ် ”

လျှပ်တစ်ပြက်အတွင်းမှာ စက်ကရာက ဆုံးဖြတ်ချက်ချလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ပျံဝဲနေကြသော လခြမ်းကွေးမဟူရာဓားဆယ်လက်က သုံးကြိမ်ဆက်တိုက် တုန်ယင်သွားကြသည်။ လခြမ်းကွေးမဟူရာဓားသုံးလက်သည် အမှန်တကယ် ဒြပ်ထည်ရှိသည့်အလား လေကို ဖြတ်သန်းသွားကြသည်။ ယင်းတို့က လေထဲမှာ မိစ္ဆာသုတ်သင်ဓားနှင့် ထိပ်တိုက် တွေ့ဆုံသွားကြသည်။

အခန်း(၆၅)

“ ဘန်း ဘန်း ဘန်း ”

မိစ္ဆာမြူနှင်းဓားသွားသည် သီရှီထျန်၏ မိစ္ဆာစွမ်းအားမှ သိပ်သည်းသွားသော အစွမ်းထက်တိုက်ခိုက်ရေးပညာရပ် ဖြစ်သည်။ ယင်းက သဏ္ဍာန်မဲ့သော မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားခြင်း ဖြစ်သည်။ သို့တိုင် မိစ္ဆာစွမ်းအားကို အကြိမ်ကြိမ် သိပ်သည်းထားသောကြောင့် ယင်းတို့က အမှန်တကယ် ဒြပ်ထည်ရှိဟန် အောက်မေ့ရ၏။ ယင်းတို့က စစ်မှန်သော ဓားသွားများထက် အားမနည်းချေ။ သူ၏ ထိန်းချုပ်မှုအောက်တွင် ယင်းတို့က လျှင်မြန်သွက်လက်ကြသည်။ ယင်းက ကျင့်ကြံသူတစ်ယောက်၏ ဓမ္မလက်နက်တိုက်ခိုက်မှုထက် နည်းနည်းမှ အားမနည်းပေ။

လေထဲတွင် လခြမ်းကွေးမဟူရာဓားသုံးလက်သည် မိစ္ဆာသုတ်သင်ဓားပေါ်သို့ တစ်ပြိုင်နက် ထိမှန်သွားကြသည်။ ထိုမိစ္ဆာမြူနှင်းဓားသွားသုံးခုသည် ကြုံရာကျပန်း တိုက်ခိုက်ခဲ့ကြခြင်း မဟုတ်ပေ။ ဓားသွားတစ်ခုက မိစ္ဆာသုတ်သင်ဓား၏ အလယ်ဗဟိုသို့ ကျရောက်သွားစဉ် တခြားဓားသွားတစ်ခုက ဓားအလင်းကို ခုခံတားဆီးလိုက်သည်။ နောက်ဆုံးဓားသွားတစ်ခုသည်တော့ ဓားအရိုးပေါ်သို့ ကျရောက်သွားသည်။

“ ဟွန့်… အဲ့ဒီဓားအလင်းက ပထမအကြိမ် တွေ့ဆုံခဲ့တုန်းက ငါ့ရဲ့ မိစ္ဆာသုတ်သင်ဓားကို အဝေးလွင့်ထွက်စေခဲ့တယ်… အဲ့ဒီအတွက် ငါက ဘာမှမပြင်ဆင်ထားဘူးလို့ မင်းထင်နေတာလား… ချိုးဖြတ်လိုက်စမ်း ”

သီရှီထျန်က သူ၏ တိုက်ခိုက်မှုကို ခုခံတားဆီးရန် မိစ္ဆာမြူနှင်းဓားသွားကို အသုံးပြုလိမ့်မည်ဟု ကျိုးယွမ်ဖေးက ကြိုခန့်မှန်းထားသည်။ ဓားသွားသုံးခုက သူ၏ ရှေးဟောင်းဓားကို တစ်ပြိုင်နက် တိုက်ခိုက်လာကြောင်း သူမြင်သောအခါ သူ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သို့သော်လည်း သူက တိုးညင်းစွာ အော်လိုက်သည်။

“ ဝီး ”

မိစ္ဆာသုတ်သင်ဓားသည် ကျိုးယွမ်ဖေး၏ သက်စောင့်ဓမ္မလက်နက် ဖြစ်သည်။ ယင်း၏ အရည်အသွေးက ထိပ်တန်းအဆင့် ဓမ္မလက်နက်မှာ ရှိသည်။ ယင်းက အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက် သန့်စင်ထားသော ဓမ္မရတနာတစ်ခုထက် အားမနည်းချေ။ မိစ္ဆာမြူနှင်းဓားသွားများဖြင့် ထိမှန်သွားသည့်အခါ ယင်းက စူးရှကြည်လင်သော ဓားအလင်းလွှာတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ပမာဏများပြားသော ဓားချီသည် ဓားထဲမှ ပေါ်လျှိုးလာသည်။ ဓားချီတစ်မျှင်စီက အလွန်အမင်း ထက်ရှကြသည်။ ယင်းတို့က မိစ္ဆာမြူနှင်းဓားသွားဖြင့် တွေ့ဆုံသွားသည့်အခါ ဓားသွားသုံးခုက နေရာမှာတင် ချက်ချင်း အက်ကွဲသွားကြသည်။

ဓားချီသည် သက်တံ့သဖွယ် အောက်မေ့ရ၏။ ယင်းက တဝီဝီမြည်သံနှင့်အတူ သီရှီထျန်ဆီသို့ ပျံသန်းသွားသည်။

“ ဂရား ”

သီရှီထျန်၏ အသိစိတ်က တုန်ယင်သွားသည်။ မသေမျိုးကျင့်ကြံသူများ၏ စစ်မှန်သော စွမ်းအားကို နောက်ဆုံးမှာ သူမြင်တွေ့သွားသည်။ ဓမ္မလက်နက်တစ်ခု၏ စွမ်းအားက အလွန်ကြီးမားပေသည်။ ယင်း၏ ဓားချီတစ်မျှင်ကပင် သူ၏ မိစ္ဆာမြူနှင်းဓားသွားကို ချက်ချင်း ပျက်စီးသွားစေသည်။

သီရှီထျန်က ထိတ်လန့်သွားသော်လည်း မကြောက်ပေ။ သူ၏ မျက်လုံးက ပိုပြီးတည်ငြိမ်သွားသည်။ သူက တိုးညင်းစွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်၌ ကျန်ရှိနေသော လခြမ်းကွေးမဟူရာဓားခုနစ်လက်က လေထဲမှာ နိမ့်ချည်မြင့်ချည် ပျံဝဲသွားကြပြီး တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်လိုက်ကြသည်။

သို့သော်လည်း ယင်းတို့က မိစ္ဆာသုတ်သင်ဓားဆီသို့ တိုက်ရိုက် မပျံသန်းသွားကြပေ။ ယင်းအစား စက်ကရာ၏ အရှေ့တွင် မိစ္ဆာမြူနှင်းဓားသွားခုနစ်ခုက အချင်းချင်း ပွတ်တိုက်သွားကြသည်။ ထို့နောက် ယင်းတို့က အရည်သဖွယ် လျှို့ဝှက်ဆန်းကြယ်စွာ ပေါင်းစပ်သွားကြသည်။ နောက်အခိုက်အတန့်မှာ ငါးမီတာမှ ခြောက်မီတာအထိ ရှည်လျားသော ဧရာမလခြမ်းကွေးဓားတစ်လက်က သူ၏ အရှေ့မှာ ဖွဲ့စည်းသွားသည်။

“ ရွှတ် ”

ဧရာမလခြမ်းကွေးဓားသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း တုံ့ဆိုင်းမနေဘဲ အရှေ့သို့ ပျံသန်းထွက်သွားပြီး မိစ္ဆာသုတ်သင်ဓားကို ခုတ်ပိုင်းလိုက်သည်။

“ ဘန်း ”

မိစ္ဆာမြူနှင်းဓားသွားခုနစ်ခု၏ ပေါင်းစပ်မှုမှ ဖွဲ့စည်းသွားသော ဧရာမလခြမ်းကွေးဓားက အလွန်သန်မာသည်။ ယင်းက တစ်နှင့်တစ်ပေါင်းလျှင် နှစ်ဖြစ်သော သာမန်ပေါင်းစပ်မှုမျိုး မဟုတ်ပေ။ ဧရာမလခြမ်းကွေးဓား၏ ဘေးပတ်ဝန်းကျင်တွင် မိစ္ဆာချီအမျှင်များ ထွက်ပေါ်နေသည်။ လခြမ်းကွေးဓားက ခုတ်ပိုင်းလိုက်သည်နှင့်ချက်ချင်း ဓားချီများက နေရာမှာတင် အက်ကွဲသွားကြသည်။ မိစ္ဆာသုတ်သင်ဓားကို ထိမှန်သွားသည့်အခိုက် ပမာဏများပြားသော မိစ္ဆာချီက လခြမ်းကွေးဓားထံမှ ပေါ်လျှိုးထွက်လာသည်။

“ အား ”

မိစ္ဆာသုတ်သင်ဓားသည် ထိုဓားချက်ကြောင့် အနောက်သို့ လွင့်စင်သွားသည်။ ဓားကိုယ်ထည်က အပြင်းအထန် တုန်ယင်သွားသည်။ မိစ္ဆာသုတ်သင်ဓားသည် သက်စောင့်ဓမ္မလက်နက် ဖြစ်သည်။ ထို့ကြောင့် လခြမ်းကွေးဓား၏ တိုက်ခိုက်မှုက ကျိုးယွမ်ဖေးကိုလည်း ဒဏ်ရာရရှိသွားစေသည်။ သူက နာကျင်စွာ ညည်းညူလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် သွေးစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ လက်က မရပ်တန့်သွားပေ။ သူက လက်နှစ်ဖက်စလုံးဖြင့် ဓားချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အော်ပြောလိုက်သည်။

“ မိစ္ဆာသုတ်သင်ဓားသိုင်း… ကျောက်စိမ်းကြာပန်း ကမ္ဘာမြေပေါ် ဆင်းသက်ခြင်း… မိစ္ဆာတွေအကုန် နှိမ်နင်းပစ် ”

“ ဝုန်း ”

ကျိုးယွမ်ဖေးက ဓားသိုင်းတစ်ခုကို ထုတ်ဖော်လိုက်သည်။ မျက်တောင်တစ်ခတ်အတွင်းမှာ မိစ္ဆာသုတ်သင်ဓား၏ ကိုယ်ထည်က တုန်ယင်သွားပြီး ထွန်းလင်းတောက်ပသော ဓားအလင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ယင်းက သူရိန်သလင်းကျောက်ပမာ အောက်မေ့ရ၏။ ဓားအလင်းက လွန်စွာ စူးရှတောက်ပလေရာ ရှေးဟောင်းဓားကိုပင် သဲသဲကွဲကွဲ မမြင်နိုင်တော့ပေ။ မိုးမြေကြားတွင် ကြီးမားသော ဖိအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းက တောင်တန်းတစ်ခုနှင့် ဆင်တူသည်။

စူးရှတောက်ပသော ဓားအလင်းထဲတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

ဓားအလင်းတန်းနှင့် ဓားချီများက လေထဲမှာ အရွယ်အစားမျိုးစုံရှိသော အစိမ်းရောင်ကြာပန်းများအဖြစ် ဖွဲ့စည်းသွားကြသည်။ တစ်စုံတစ်ယောက်သည် ယင်းတို့ကို တစ်ချက်ကြည့်ရုံဖြင့်ပင် စိတ်ကြည်လင်သွားပြီး ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လိမ့်မည်။ ဤသည်မှာ ယင်းတို့က စိတ်ဝိညာဉ်ကို သန့်စင်ပေးနိုင်သည့်အလားပင်။ ကျောက်စိမ်းကြာပန်းများသည် စုစုပေါင်း ဒါဇင်ခန့်ရှိသည်။ သို့သော်လည်း ထူးခြားချက်မှာ မိစ္ဆာသုတ်သင်ဓားက လေထဲမှာ ပျောက်ကွယ်သွားသည်။

ကျောက်စိမ်းကြာပန်းများသည် လေထဲမှာ ဒြပ်ထည်ဖွဲ့စည်းသွားသည်နှင့် ချိုင့်ဝှမ်းပေါ်သို့ မြန်ဆန်စွာ ဆင်းသက်သွားကြသည်။ ကျောက်စိမ်းကြာပန်းများက လေထဲမှာ ပွင့်လန်းသွားကြပြီး ယင်းတို့၏ ပွင့်ချပ်များက နှင်းမှုန်များသဖွယ် အောက်သို့ လွင့်မျောသွားကြသည်။ သို့သော်လည်း ကျောက်စိမ်းကြာပန်းများထံမှ ပွင့်ချပ်များက မလျော့သွားပေ။ အဘယ့်ကြောင့်ဆိုသော် ပွင့်ချပ်တစ်ခု ကြွေကျသွားတိုင်း ပွင့်ချပ်အသစ်တစ်ခု ထွက်ပေါ်လာသောကြောင့်ပင်။ ထိုနည်းဖြင့် ပွင့်ချပ်များက အရေအတွက် အကန့်အသတ်မဲ့စွာ ကြွေကျသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ချိုင့်ဝှမ်း၏ ကောင်းကင်တစ်ခုလုံးကို မရေမတွက်နိုင်သော ကြာပန်းပွင့်ချပ်များက ဖုံးလွှမ်းသွားသည်။

ယင်းက အလွန်အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်ယံမှ ငုံ့ကြည့်လျှင် ချိုင့်ဝှမ်းကို ထူးဆန်းသော နှင်းပွင့်များက အပြည့်ဖုံးလွှမ်းထားကြောင်း မြင်တွေ့ရလိမ့်မည်။

“ ဝမ်းဘဲ ”

ကြာပန်းပွင့်ချပ်များက မီးတောက်နွားပေါ်သို့ ကျဆင်းသွားကြသည်။ ယင်းကို မြင်သောအခါ မီးတောက်နွားက နာကျင်စွာ အော်ဟစ်လိုက်သည်။ ကြီးမားသော ဓားဒဏ်ရာက သူ၏ ကျောပေါ်မှာ ထွက်ပေါ်လာသည်။ ဓားချီများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို အပိုင်းပိုင်းအထစ်ထစ် လှီးဖြတ်ပစ်ချင်နေသည်။

ထိုကြာပန်းပွင့်ချပ်များသည် အထူးနည်းလမ်းတစ်ခုဖြင့် ဓားချီမှ ဖွဲ့စည်းသွားကြခြင်း ဖြစ်သည်။ ယင်းတို့ဆီမှာ အလွန်သန်စွမ်းသော အဖျက်စွမ်းအားရှိသည်။ ထို့ပြင် ဓားချီက ပုံရိပ်ယောင်မှ ဖွဲ့စည်းသွားခြင်းဖြစ်လေရာ အလွန်လျှင်မြန်သည်။

“ အို မကောင်းတော့ဘူး… အဲ့ဒါ မသေမျိုးကျင့်ကြံသူတွေ အသုံးပြုတဲ့ ဓားသိုင်းဖြစ်ရမယ်… ဘယ်လောက် အားကောင်းလိုက်လဲ ”

ထိုမြင်ကွင်းကို သီရှီထျန် မြင်သောအခါ သူက ရုတ်တရက် နှလုံးတင်းကျပ်သွားသည်။ မိစ္ဆာသုတ်သင်ဓားက လေထဲမှာ ပျောက်ကွယ်သွားကြောင်း သူမြင်လိုက်သည်။ သူ၏ အသိဉာဏ်အရ ယင်းက မသေမျိုးကျင့်ကြံသူများ၏ အစွမ်းထက် ဓားသိုင်းတစ်ခုဖြစ်ရမည်ဟု သီရှီထျန် ခန့်မှန်းလိုက်သည်။

ပုံရိပ်ယောင်ကို အစစ်အမှန်သို့ ပြောင်းလဲခြင်း… ။

ဓားချီနှင့် ဓားအလင်းကို ကျောက်စိမ်းကြာပန်းများအသွင် ဖွဲ့စည်းခြင်း… ။

ထိုသို့နည်းလမ်းက အလွန်အံ့ဖွယ်ကောင်း၏။ ယင်းက မိစ္ဆာစွမ်းအားမှ ဖွဲ့စည်းသွားသော သီရှီထျန်၏ မိစ္ဆာမြူနှင်းဓားသွားနှင့် အကျိုးသက်ရောက်မှုတူညီသည်။

“ ထန် ”

အတွေးတစ်ချက်ဖြင့် သူ၏ အရှေ့မှ ဧရာမလခြမ်းကွေးဓားသည် မူလမိစ္ဆာမြူနှင်းဓားသွားခုနစ်ခုအဖြစ် ပြန်ခွဲထွက်သွားသည်။ ယင်းတို့ထဲမှ သုံးခုက မီးတောက်နွားဆီသို့ ပျံသန်းသွားကြပြီး သူ၏ ဘေးပတ်ဝန်းကျင်မှာ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ ယင်းတို့က ထွန်းလင်းတောက်ပသော အလင်းကို ထုတ်လွှတ်လျက် ကြည်လင်သော ပွင့်ချပ်များကို အက်ကွဲစေသည်။ သို့သော်လည်း ပွင့်ချပ်များသည် ဖျက်ဆီးခံလိုက်ရသည့်တိုင် ကြောက်မက်ဖွယ်ကောင်းသော ဓားချီကို ဆက်လက် ထုတ်လွှတ်နေဆဲပင်။

ဓားချီများက မိစ္ဆာမြူနှင်းဓားသွားများပေါ်သို့ တရစပ် တိုက်ခိုက်လိုက်သည်။

ဓားချီ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်မှာ မိစ္ဆာမြူနှင်းဓားသွားများက စတင်မှေးမှိန်သွားကြသည်။ ပွင့်ချပ်များသည် ကောင်းကင်ယံတွင် အဆုံးမဲ့စွာ ဆက်လက်ရှိနေဆဲပင်။ ယင်းတို့က မိုးမြေကို အပြည့်ဖုံးလွှမ်းထားကြပြီး ချိုင့်ဝှမ်းပေါ်သို့ အစဉ်မပြတ် ဆင်းသက်သွားကြသည်။

ကြည့်ရသည်မှာ မိစ္ဆာမြူနှင်းဓားသွားများက ယင်းတို့ကို အချိန်ကြာကြာ တောင့်ခံထားနိုင်မည့်ပုံမပေါ်ချေ။

“ ရွှတ် ရွှတ် ရွှတ် ”

ပွင့်ချပ်များက အလွန်အမင်း သိပ်သည်းသည်။ ယင်းတို့က ထူထဲစွာ နှင်းကျနေခြင်းနှင့် ဆင်တူသည်။ မိစ္ဆာမြူနှင်းဓားသွားများပေါ်မှ အလင်းသည် သာမန်မျက်စိဖြင့် မြင်နိုင်သည်အထိ မြန်ဆန်စွာ မှေးမှိန်သွားနေသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ သီရှီထျန်၏ ဘေးပတ်ပတ်လည်၌ ပျံဝဲနေသော မိစ္ဆာမြူနှင်းဓားသွားများအနက် တစ်ခုက ပွင့်ချပ်များမှ ဓားချီကြောင့် အက်ကွဲသွားသည်။ ထို့ကြောင့် သူ၏ ခုခံကာကွယ်မှုအပိုင်းတွင် ကြီးမားသော ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်လာသည်။

ပွင့်ချပ်များသည် ထိုချို့ယွင်းချက်ကို အဓိကထား၍ သီရှီထျန်ဆီသို့ ပျံသန်းသွားကြသည်။ ကြည်လင်တောက်ပသော ပွင့်ချပ်အများအပြားက သီရှီထျန်၏ ကျောပေါ်သို့ မြန်ဆန်စွာ ကျဆင်းသွားကြသည်။

“ ရွှတ် ရွှတ် ရွှတ် ”

အသွေးအသား လှီးဖြတ်ခံရသောအသံ ထွက်ပေါ်လာသည်။ ပွင့်ချပ်များ၏ အစွန်းများက ဖော်မပြနိုင်အောင် ထက်ရှသည်။ ယင်းတို့က အလွန်အမင်း သန်စွမ်းသော သီရှီထျန်၏ ခန္ဓာကိုယ်ကို အလွယ်တကူ ပိုင်းဖြတ်သွားကြသည်။ ဓားဒဏ်ရာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ထို့ပြင် ပွင့်ချပ်များသည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်နှင့် မြန်ဆန်စွာ အရည်ပျော်သွားကြပြီး ဓားချီအမျှင်တန်းများအဖြစ် ပြောင်းလဲသွားကြသည်။ ယင်းတို့က သူ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် ဖျက်ဆီးပစ်နေသည်။

“ ဘယ်လောက် ကြောက်စရာကောင်းလိုက်တဲ့ ဓားသိုင်းလဲ… ဒီအတိုင်း ငါဆက်သွားနေလို့ မဖြစ်ဘူး… မိစ္ဆာမြူနှင်းဓားသွားတွေကို နောက်တစ်ကြိမ် ငါပြန်ဖွဲ့စည်းနိုင်ပေမဲ့ အဲ့ဒါက ထူးဆန်းတဲ့ ပွင့်ချပ်တွေကို ဘာမှမလုပ်နိုင်ဘူး… အဲ့ဒီအစား ငါ့ရဲ့ မိစ္ဆာစွမ်းအားကပဲ အလဟဿ ကုန်ဆုံးသွားလိမ့်မယ်… မိစ္ဆာစွမ်းအားမရှိတော့ရင် ငါက ရန်သူ့လက်ထဲက သားကောင်ဖြစ်သွားလိမ့်မယ် ”

လက်ရှိ အခြေအနေကို သီရှီထျန် ကောင်းမွန်စွာ မြင်နိုင်သည်။ ထူးဆန်းသော ထိုဓားသိုင်းကို ချိုးဖြတ်နိုင်သော နည်းလမ်းတစ်ခု သူ့ဆီမှာမရှိလျှင် ဤချိုင့်ဝှမ်းက သူ၏ သင်္ချိုင်းမြေဖြစ်လာလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ထူးဆန်းသော ပွင့်ချပ်ပင်လယ်ထဲမှာ သူနစ်မြုပ်သွားမည်ကို စိုးရိမ်သည်။

“ ဒီကြောက်စရာကောင်းတဲ့ ဓားသိုင်းကို တစ်ခါတည်း ငါချိုးဖြတ်ချင်ရင် ကျားဟိန်းသံအတတ်ကို အသုံးပြုမှပဲ ရလိမ့်မယ် ”

“ ဟူး ”

သီရှီထျန်က စိတ်ဆုံးဖြတ်လိုက်သည်။ သူ၏ လက်ရှိစွမ်းအားအရ ကျားဟိန်းသံအတတ်တစ်ခုတည်းကသာ ထိုကြောက်စရာကောင်းသော ဓားသိုင်းကို တွန်းလှန်နိုင်ကြောင်း သူသိသည်။ ထို့ကြောင့် သူက စိတ်ဆုံးဖြတ်ပြီးသည်နှင့် နောက်ထပ် တုံ့ဆိုင်းမနေဘဲ လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်က ထပ်မံ အရွယ်အစားကြီးမားသွားသည်။ ကျားရဲအရှိန်အဝါက ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက မီးတောက်တစ်ခုနှယ် လှုပ်ယမ်းသွားသည်။ ယင်းက အမှန်တကယ် အသက်ရှိနေသည့်အလား သူ၏ ထူးခြားဆန်းကြယ်မှုကို ထပ်လောင်း အားဖြည့်ပေးသည်။

သူ၏ ခန္ဓာကိုယ်ထဲတွင် “ ကျားဟိန်းသံကျင့်စဉ် ”က မြန်ဆန်စွာ လှည့်ပတ်သွားသည်။ မိစ္ဆာစွမ်းအင်လှိုင်းများက အပေါ်သို့ မြန်ဆန်စွာ ဆန်တတ်သွားပြီး သူ၏ လည်ချောင်းဆီသို့ တိုးဝင်သွားသည်။ အစောနက အကြမ်းပတမ်း သူစုပ်သွင်းခဲ့သော လေက အပြင်သို့ တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားသည်။

“ ဝေါင်း ”

လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံက ချိုင့်ဝှမ်းထဲမှာ ပဲ့တင်ထပ်သွားသည်။ ထိုကျားဟိန်းသံသည် အစောနက ဟိန်းသံထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။ ဤသည်မှာ မရေမတွက်နိုင်သော မိုးကြိုးသွားများက ချိုင့်ဝှမ်းပေါ်သို့ ဆက်တိုက် ပစ်ချသွားသည့်အလားပင်။ ချိုင့်ဝှမ်းတစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်သွားသည်။ ဘေးပတ်ဝန်းကျင်မှ ကျောက်တုံးများက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းဂယက်က လေကြမ်းနှင့်အတူ ချိုင့်ဝှမ်းထဲမှာ ပေါ်လျှိုးလာသည်။

အခန်း(၆၆)

ကောင်းကင်ယံတွင် အရေအတွက်များပြားသော ကျောက်စိမ်းကြာပန်းပွင့်ချပ်များက လွှမ်းမိုးဗိုလ်ကျသော ကျားဟိန်းသံကြောင့် အတင်းအကျပ် လွင့်ပြယ်သွားကြသည်။ တစ်ချိန်တည်းမှာ သာမန်မျက်စိဖြင့်ပင် မြင်နိုင်သော မဟူရာအသံလှိုင်းစက်ဝန်းများက သီရှီထျန်ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားကြသည်။

အသံလှိုင်းဖြတ်သန်းသွားသည့်နေရာတိုင်း နှင်းကဲ့သို့ ဖြူဖွေးသော ပွင့်ချပ်များက ဆက်တိုက် ပြိုကွဲသွားကြသည်။

ဓားချီတစ်မျှင်မှ လေထဲမှာ ကျန်မနေခဲ့ပေ။

“ ဘန်း ဘန်း ဘန်း ”

အသံသည် ဤလောက၏ အမြန်ဆုံးအရာများအနက် တစ်ခုဖြစ်သည်။ အသံသည် မည်သည့်နေရာကိုမဆို လွယ်ကူစွာ ပျံ့နှံ့သွားနိုင်သည်။ ထို့ပြင် သီရှီထျန်သည် ထိုအသံလှိုင်းတိုက်ခိုက်မှုအတွက် သူ၏ မိစ္ဆာစွမ်းအားတစ်ဝက်ကို အသုံးပြုခဲ့သည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုအသံလှိုင်းတိုက်ခိုက်မှုက မည်မျှအားကောင်းကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

ထို့ပြင် အသံလှိုင်းများသည် အဆုံးမဲ့စွာ တစ်လှိုင်းပြီးတစ်လှိုင်း ပေါ်လျှိုးလာနေသည်။ အသံလှိုင်းပင်လယ်ထဲမှာ အဆုံးမဲ့သော ပွင့်ချပ်များက သစ်ရွက်ခြောက်များပမာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားကြသည်။ ယင်းတို့က မည်မျှထက်ရှပြီး အရေအတွက်များပြားပါစေ အသံလှိုင်းရိုက်ခတ်မှုအောက်မှာ အက်ကွဲသွားကြသည်။

“ ဒါက အခွင့်အရေးကောင်းပဲ… ဒီအခွင့်အရေးကို အသုံးချပြီး ထူးဆန်းတဲ့ အဲ့ဒီဓားသိုင်းကို ချိုးဖြတ်ရမယ်… မိစ္ဆာမြူနှင်းဓားသွားတွေ အတူတကွ ပေါင်းစည်းသွားစမ်း ”

သီရှီထျန်၏ ခန္ဓာကိုယ်ကို လွှမ်းမိုးဗိုလ်ကျသော သားရဲအရှိန်အဝါက ဖုံးလွှမ်းသွားသည်။ သူက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ ကျောက်စိမ်းကြာပန်းဒါဇင်ခန့်ကို စူးစိုက်ကြည့်လိုက်သည်။ ထူးဆန်းသော ဓားသိုင်းကို ချိုးဖြတ်ရန် ထိုကြာပန်းများက အခရာဖြစ်ကြောင်း သူသိသည်။ သို့မဟုတ်လျှင် ထိုကျောက်စိမ်းကြာပန်းများက အဆုံးမဲ့သော ပွင့်ချပ်များကို ဆက်တိုက် ထုတ်လွှတ်ပေးနေလိမ့်မည်။ ယင်းတို့ကို ဖျက်ဆီးပစ်မှသာလျှင် ထူးဆန်းသော ဓားသိုင်းက အမှန်တကယ် ပျက်စီးသွားလိမ့်မည်။

“ ထန် ”

ထိုအခိုက်အတန့်မှာ သူက အတွေးတစ်ချက်ဖြင့် လှုပ်ရှားလိုက်သည်။ သူ၏ အရှေ့တွင် မိစ္ဆာမြူနှင်းဓားသွားများက နောက်တစ်ကြိမ် အတူတကွ ပေါင်းစပ်သွားကြသည်။ နောက်အခိုက်အတန့်မှာ ဧရာမလခြမ်းကွေးဓားက သူ့အရှေ့မှာ ဖွဲ့စည်းသွားသည်။ သူ၏ ထိန်းချုပ်မှုအောက်တွင် လခြမ်းကွေးဓားသည် အနက်ရောင်အလင်းကို ထုတ်လွှတ်လျက် ကောင်းကင်ယံသို့ ပျံသန်းသွားပြီး ကျောက်စိမ်းကြာပန်းများကို တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

“ ဘန်း ဘန်း ဘန်း ”

သီရှီထျန်၏ ကျွမ်းကျင်သော ထိန်းချုပ်မှုအောက်တွင် မိစ္ဆာမြူနှင်းဓားသွားက ယင်း၏ အသန်မာဆုံး စွမ်းအားကို ထုတ်ဖော်လိုက်ပြီး ကျောက်စိမ်းကြာပန်းများကို အလယ်မှ ပိုင်းဖြတ်လိုက်သည်။ ထို့နောက် အသံလှိုင်းများ၏ ဆက်တိုက် ရိုက်ခတ်မှုအောက်မှာ ကြာပန်းများက တစ်စစီ ကွဲထွက်သွားကြသည်။

“ ပေါက်ကွဲသွားစမ်း ”

ထိုအခိုက်အတန့်မှာ ကျိုးယွမ်ဖေး၏ အော်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ကျောက်စိမ်းကြာပန်းများသည် သီရှီထျန်ဆီသို့ ရုတ်တရက် ပျံသန်းသွားကြသည်။ ယင်းတို့က ရူးသွပ်စွာ အရှေ့သို့ ချီတတ်သွားကြသည်။ ယင်းတို့က မိစ္ဆာမြူနှင်းဓားသွားနှင့် အသံလှိုင်းစက်ဝန်းများကို လျစ်လျူရှုလျက် သီရှီထျန်ဆီသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။

“ မကောင်းတော့ဘူး ”

သီရှီထျန်က နှလုံးတုန်ယင်သွားသည်။ ထူထဲသော မိစ္ဆာစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာပြီး အကာအကွယ်အလွှာတစ်ခုအဖြစ် သိပ်သည်းသွားကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။ သူက မိစ္ဆာမြူနှင်းဓားသွားကို ထိန်းချုပ်၍ သူ့ဆီသို့ ပျံသန်းလာနေကြသော ကျောက်စိမ်းကြာပန်းများကို တစ်ခုပြီးတစ်ခု ခုတ်ပိုင်းလိုက်သည်။

သို့သော်လည်း အချိန်တိုလေးအတွင်းမှာ ထိုကျောက်စိမ်းကြာပန်းများကို ဖျက်ဆီးရန် မလွယ်ကူပေ။ ထို့ပြင် ယင်းတို့က မြန်ဆန်သော အလျင်ဖြင့် သူ့ဆီသို့ ပျံသန်းလာနေကြသည်။ သူက ဤအတောအတွင်းမှာ ကျောက်စိမ်းကြာပန်းအများစုကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ကြာပန်းသုံးပွင့်က လွတ်မြောက်သွားဆဲပင်။

ယင်းတို့က သူ၏ အသံလှိုင်းစက်ဝန်းများကို ဖြတ်သန်းသွားသည်။ ကြာပန်းများသည် အရောင်မှေးမှိန်နေသော်လည်း သူ့အနားသို့ ချဉ်းကပ်လာသည်နှင့် ရုတ်တရက် ပေါက်ကွဲသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ပမာဏများပြားသော ပွင့်ချပ်များက ပေါက်ကွဲမှုအတွင်းမှ ပျံသန်းထွက်လာကြပြီး သီရှီထျန်၏ ခန္ဓာကိုယ်ကို မြန်ဆန်စွာ ဖုံးလွှမ်းလိုက်ကြသည်။

“ ဂရား ”

ထိုအခိုက်အတန့်မှာ အကန့်အသတ်မဲ့သော နာကျင်မှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သီရှီထျန်က ပိုပြီးကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ တစ်ချိန်တည်းမှာ ရူးသွပ်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအင်အားလုံးကို သူ၏ လည်ချောင်းဆီသို့ ပို့လွှတ်လိုက်သည်။

အသံလှိုင်းများ၏ စွမ်းအားက ချက်ချင်း နှစ်ဆတိုးမြှင့်သွားသည်။

“ အား… ”

“ ဂိုဏ်းတူအကိုကြီး… ငါ နောက်ထပ် မတောင့်ခံနိုင်တော့ဘူး ”

စူးရှသော အော်သံက ချိုင့်ဝှမ်းထဲမှာ ထွက်ပေါ်လာသည်။ လင်းအမည်ရသော ဝတ်စုံစိမ်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်မှ ဗာဂျရာမှော်အဆောင်က အသံလှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ပျက်စီးသွားပြီ ဖြစ်သည်။ နောက်ဆက်တွဲ အသံလှိုင်းများက သူ၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများနှင့် သွေးချီက ပရမ်းပတာ လှုပ်ခတ်သွားသည်။ သွေးသည် သူ၏ ဒွါရခုနစ်ပေါက်မှ စီးကျလာသည်။ သူက အကူအညီလှမ်းတောင်းပြီး သိပ်မကြာခင်မှာတင် အသံလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသွားသည်။

“ ဂိုဏ်းတူညီလေးလင်း… ဖူချီ ”

သူ၏ ဂိုဏ်းတူညီလေးက အသံလှိုင်းရိုက်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ကျိူးယွမ်ဖေး မြင်သောအခါ သူ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ အနက်ရောင်ကျားလက်သည်းက လေကို ရုတ်တရက် ဖြတ်သန်းသွားပြီး သူ၏ ရင်ဘက်ပေါ်သို့ ကြမ်းတမ်းစွာ ထိမှန်သွားသည်။

ထိုစဉ် သူ၏ လည်ပင်းပေါ်မှာ ဆွဲထားသော ကျောက်စိမ်းပြားက အပြာရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး အနက်ရောင်ကျားလက်သည်းကို ဖြိုခွဲလိုက်သည်။ သို့တိုင် သူက ပြင်းထန်သော သက်ရောက်အားကြောင့် သွေးတစ်ပွက်အန်လိုက်ရသည်။

“ ဝီး ”

ကျောက်စိမ်းကြာပန်းအားလုံး ဖျက်ဆီးခံလိုက်ရသည့်အခါ မိစ္ဆာသုတ်သင်ဓားက လေထဲမှာ ရုတ်တရက် ပြန်ပေါ်လာသည်။ ယင်းက အောက်သို့ ပြုတ်ကျလာပြီး ကျိုးယွမ်ဖေး၏ အရှေ့သို့ ကျဆင်းသွားသည်။

ကျိုးယွမ်ဖေးက သီရှီထျန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူက လက်ဖမိုးကို လှန်လိုက်သည်။ မှော်အဆောင်နှစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာပြီးလျှင် သူ၏ ခန္ဓာကိုယ်ပေါ်မှာ မြန်ဆန်စွာ ကပ်တွယ်သွားသည်။ သူ၏ ဘေးမှာ သိမ်မွေ့သော လေပြေ ထွက်ပေါ်လာသည်နှင့် သူက လေပေါ်သို့ ပျံသန်းသွားသည်။ သူက မိစ္ဆာသုတ်သင်ဓားကို တင်းကျပ်စွာ ဆုပ်လျက် အဝေးသို့ ထွက်ပြေးသွားသည်။

မှန်ပေသည်။ ထိုမှော်အဆောင်နှစ်ခုတွင် တစ်ခုက လေဟုန်စီးမှော်အဆောင်ဖြစ်ပြီး အခြားတစ်ခုက နတ်ဘုရားခရီးသွားမှော်အဆောင် ဖြစ်သည်။ ထိုမှော်အဆောင်နှစ်ခုကို အတူတကွ ပေါင်းစပ်အသုံးပြုသည့်အခါ တစ်စုံတစ်ယောက်သည် လေပေါ်မှာ ယာယီပျံသန်းနိုင်လိမ့်မည်။

ကျိုးယွမ်ဖေးသည် စိတ်ဓာတ်ပြတ်သားသူ ဖြစ်သည်။ သူ၏ မိစ္ဆာသုတ်သင်ဓားက ထိခိုက်ပျက်စီးသွားပြီး တန်ပြန်သက်ရောက်မှုကြောင့် သူသည်လည်း ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။ ထို့ပြင် သူက ကျားလက်သည်းဖြင့်လည်း ထိမှန်သွားခဲ့သည်။ ထိုသို့ဒဏ်ရာများကြောင့် သူက နောက်ထပ် ဆက်မတိုက်ခိုက်နိုင်တော့ပေ။ သူ၏ ဂိုဏ်းတူညီလေးသည်လည်း အသတ်ခံလိုက်ရသည်။ အကယ်၍ ဤနေရာမှာ နောက်ထပ် အချိန်ကြာကြာ ဆက်နေမည်ဆိုလျှင် သူသည်လည်း အသက်ဆုံးရှုံးသွားနိုင်သည်။

ထို့ကြောင့် သူက အခြေအနေမဟန်တော့သည်ကို မြင်သောအခါ တုံ့ဆိုင်းမနေဘဲ ချက်ချင်း အနောက်ဆုတ်သွားသည်။

“ မိစ္ဆာကျား… မင်းစောင့်နေစမ်းပါ… ငါကျိုးယွမ်ဖေးက အနာဂတ်မှာ ငါ့ရဲ့ မိစ္ဆာသုတ်သင်ဓားနဲ့ မင်းကို သတ်ပစ်မယ်… ငါ့ရဲ့ ဂိုဏ်းတူညီလေးအတွက် ငါလက်စားပြန်ချေမယ်… ဒီလောကမှာရှိတဲ့ မိစ္ဆာအားလုံးကို သတ်ပစ်မယ်လို့ ငါကျိုးယွမ်ဖေး ကျိန်ဆိုတယ် ”

ကျိုးယွမ်ဖေး၏ အလျင်က အလွန်မြန်ဆန်သည်။ သီရှီထျန်သည် တစ်ဖက်လူထွက်သွားသည်ကို ကြည့်နေသည်။ သူက အနောက်မှ လိုက်မဖမ်းပေ။ သူက ချိုင့်ဝှမ်းထဲမှာ ကြီးကျယ်မြင့်မြတ်စွာ ရပ်နေသည်။ တစ်ဖက်လူ၏ အရိပ်အယောင်ကို လုံးဝ သူမမြင်ရတော့သည့်အခါမှ မိစ္ဆာအရှိန်အဝါကို သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ ပြန်စုပ်သွင်းလိုက်သည်။

“ ကျိုးယွမ်ဖေး… ငါသီရှီထျန် မင်းကို မှတ်ထားမယ် ”

စက်ကရာ၏ ခြေထောက်များက ပျော့ခွေသွားပြီး သူ၏ ဧရာမခန္ဓာကိုယ်က မြေကြီးပေါ်မှာ လဲကျသွားသည်။ သူ၏ ခန္ဓာကိုယ်ကို လှည့်ကြည့်လိုက်လေရာ အရွယ်အစားစုံလင်သော ဓားဒဏ်ရာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပြည့်နှက်နေကြောင်း မြင်သွားသည်။ သွေးက ထိုဒဏ်ရာများမှ စီးကျနေသည်။ ယင်းက ကြက်သီးမွေးညှင်းထဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။

ကျိုးယွမ်ဖေး၏ စွမ်းအားက အလွန်သန်မာသည်။ ထို့ပြင် သူ၏ ထူးဆန်းသော ဓားသိုင်းက ယခင်က တစ်ခါမှ သူမမြင်ဖူးသောအရာ ဖြစ်သည်။ ကျောက်စိမ်းကြာပန်းများက သူ၏ ဘေးပတ်ပတ်လည်မှာ ပေါက်ကွဲသွားကြစဉ် အရေအတွက်များပြားသော ပွင့်ချပ်များက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားကြသည်။ ထို့ပြင် အလွန်အားကောင်းသော ဓားချီများသည်လည်း သူ၏ ခန္ဓာကိုယ်ထဲသို့ အတင်းအဓမ္မ တိုးဝင်လာသည်။

သူ၏ ခန္ဓာကိုယ်သာ ဤအတောအတွင်းမှာ မိစ္ဆာစွမ်းအားကြောင့် အဆပေါင်းများစွာ ပိုပြီးမသန်မာနေလျှင် သူ၏ ခန္ဓာကိုယ်က ထိုတိုက်ခိုက်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခံရလိမ့်မည်။

သို့သော်လည်း သူက အလွန်သန်စွမ်းသော စိတ်ခွန်အားကို အသုံးပြု၍ မြေကြီးပေါ် လဲကျမသွားရန် သူ့ကိုယ်သူ ထောက်ပံ့ခဲ့သည်။ အရေးကြီးအခိုက်အတန့်မှာ သူက နောက်ဆုံးလက်ကျန် မိစ္ဆာစွမ်းအားကို အသုံးပြု၍ အနက်ရောင်ကျားလက်သည်းကို ထုတ်လွှတ်ခဲ့သည်။ ထို့ကြောင့် ကျိုးယွမ်ဖေးက သူ၏ အခြေအနေအမှန်ကို မမြင်နိုင်ဘဲ ဒေါသတကြီး အနောက်ဆုတ်သွားခြင်းပင်။ သို့သော်လည်း သူတို့ကြားမှ အမုန်းတရားသည် မည်သည့်အခါမှ ပြေလည်နိုင်လိမ့်မည် မဟုတ်ချေ။

“ အဲ့ဒီမသေမျိုးကျင့်ကြံသူက အရမ်းသန်မာတယ်… သူက အတိတ်မှာ ငါမြင်တွေ့ခဲ့တဲ့ ကျင့်ကြံသူတွေထက် အများကြီး ပိုသန်မာတယ်… ပြီးတော့ သူ့ရဲ့ ကျင့်ကြံခြင်းက ငါ့ထက် နိမ့်ကျတယ်… ဒါတောင် သူက ငါ့ကို ဒဏ်ရာရအောင် တိုက်ခိုက်နိုင်ခဲ့တယ် ”

သီရှီထျန်က စိတ်ထဲမှာ တွေးတောလိုက်သည်။ သူက အံ့ဩသွားသော်လည်း မကြောက်ပေ။ ယင်းအစား သူ၏ တိုက်ပွဲစိတ်ဆန္ဒကိုသာ ပိုပြီးမြင့်တတ်စေသည်။ ထိုလူက မသေမျိုးကျင့်ကြံခြင်းလောက၏ စစ်မှန်သော ပါရမီရှင်များအနက် တစ်ယောက်ဖြစ်ကြောင်း သူနားလည်လိုက်သည်။ ထို့ကြောင့် သူက ပုံမှန်ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုပြီးသန်မာနေခြင်း ဖြစ်သည်။

“ ငါပြန်သက်သာလာပြီး သိပ်မကြာခင်မှာတင် နောက်တစ်ကြိမ် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး… ဒီတစ်ခေါက်ဒဏ်ရာက အရင်ကထက် ပိုပြီးဆိုးဝါးတယ်… အရေးကြီးဆုံးက ငါ့ရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးချင်နေတဲ့ ဓားအရှိန်အဝါပဲ ”

ဤတစ်ကြိမ် သူ၏ လုပ်ရပ်ကို စက်ကရာ နောင်တမရပေ။ သူက စိတ်ဆုံးဖြတ်ပြီးလျှင် ယင်းကို မဖြစ်ဖြစ်အောင် လုပ်ဆောင်လိမ့်မည်။ ထို့ကြောင့် သူ၏ လုပ်ရပ်အပေါ် နောင်တမရပေ။ သူက ဤဘဝတွင် မိစ္ဆာတစ်ကောင် ဖြစ်လာသည်။ မိစ္ဆာတစ်ကောင်အနေနှင့် သူက မသေမျိုးကျင့်ကြံသူများ၏ ဆန့်ကျင်ဘက်မှာ ရပ်ရန် ကံပါလာသည်။ သူတို့ကြားမှာ ဆွေးနွေးညှိနှိုင်းရန် အခွင့်အရေးမရှိပေ။ ထို့ပြင် ဤတစ်ကြိမ်မှာ သူက မသေမျိုးကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့ပြီး အစွမ်းထက်သော လက်အောက်ငယ်သားတစ်ယောက်ကို သူ့ဘက်မှာ ခေါ်ထားနိုင်လိမ့်မည်။

မီးတောက်နွားသည် မြေကြီးပေါ်မှာ လဲလျောင်းနေပြီး အသက်မျှင်းမျှင်းရှူနေသည်။ သူ၏ ခန္ဓာကိုယ်က သွေးဖြင့် ရွှဲစိုနေသည်။ သူ၏ ဒဏ်ရာများက ပေါ့သေးသေးမဟုတ်ကြောင်း ထင်ရှားသည်။

“ ကျီး ”

ကျယ်လောင်သော လင်းတအော်သံက ကောင်းကင်ပေါ်မှာ ထွက်ပေါ်လာသည်။ ကြမ်းတမ်းသော လေပြင်း တိုက်ခတ်လာသည်နှင့် အရွယ်အစားကြီးမားသော လင်းတက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ လင်းတသည် သီရှီထျန်၏ အရှေ့မှာ ရပ်လိုက်သည်။

“ အရှင်မင်းကြီး ဒဏ်ရာရထားတယ်… အရှင်မင်းကြီး အဆင်ပြေရဲ့လား ”

သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များကို မြင်သွားသောအခါ စိုးရိမ်ပူပန်သော အကြည့်က ယင်းခုန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အချိန်ကာလတစ်ခုကြာပြီးနောက် သီရှီထျန်က သူတို့၏ ကျောထောက်နောက်ခံ ဖြစ်လာသည်။ သူတို့က သီရှီထျန်ကို သူတို့၏ ဘုရင်အဖြစ် အမှန်တကယ် သတ်မှတ်ထားကြသည်။

“ ယင်းခုန်း… ငါ့ဒဏ်ရာတွေက သိပ်မပြင်းထန်ပါဘူး… ယွမ်ထျန်းနဲ့ တခြားလူတွေ သူတို့ရဲ့ မျိုးနွယ်စုတွေကို ခေါ်ပြီး ငါ့ဆီ လာတွေ့ဖို့ ချက်ချင်း သွားအကြောင်းကြားပါ… ငါ ခဏအနားယူဖို့ လိုလိမ့်မယ်… ပြီးကျရင် ခရီးဆက်ကြမယ် ”

သီရှီထျန်က ယင်းခုန်းကို ကြည့်လိုက်ပြီး အမြန်အမိန့်ပေးသည်။

“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”

ယင်းခုန်းသည် စက်ကရာ၏ ဒဏ်ရာများကြောင့် စိုးရိမ်နေသော်လည်း အမိန့်ကို လေးနက်စွာ နာခံဆဲပင်။ သူက ပိုင်ယွဲ့နှင့် တခြားလူများကို အကြောင်းကြားရန် ကောင်းကင်ပေါ်သို့ ချက်ချင်း ပျံသန်းသွားသည်။

အကယ်၍ သူက ဒဏ်ရာကုသချင်လျှင် သွေးအစာကို သန့်စင်ခြင်းက သူ့အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်လိမ့်မည်။

ယခင်တစ်ခေါက်တွင် ဒဏ်ရာအပြင်းအထန် သူရရှိခဲ့စဉ်က ကြက်သွေးရောင်ကင်းခြေများဘုရင်၏ အသွေးအသားကို သူစားသုံးခဲ့သည်။ ထို့ကြောင့် သူ၏ ဒဏ်ရာများက အချိန်တိုလေးအတွင်းမှာ မြန်ဆန်စွာ ပြန်သက်သာသွားပြီး သူ၏ မိစ္ဆာစွမ်းအားက ကြီးမားစွာ တိုးပွားသွားသည်။

ယင်းကို ကြည့်ခြင်းအားဖြင့် သွေးအစာက မိစ္ဆာကျင့်ကြံသူများအတွက် မည်မျှအရေးကြီးကြောင်း သိနိုင်ပေသည်။

All Chapters