အခန်း (၆၇-၆၉)
Vol. 5 Ch. 67-69
အခန်း(၆၇)
သွေးအစာကို သီရှီထျန် စဉ်းစားမိသောအခါ သူ၏ အကြည့်က အဝေးမှ မသေမျိုးကျင့်ကြံသူ၏ အလောင်းပေါ်သို့ ကျရောက်သွားသည်။ သူ၏ စူးရှသော အကြည့်အောက်တွင် ထိုကျင့်ကြံသူ၏ ခါးပေါ်မှာ သိုလှောင်အိတ်တစ်လုံးရှိကြောင်း မြင်သွားသည်။
“ ငါ့ရဲ့ အရင်ဘဝမှာ ပုံပြင်တွေနဲ့ ဒဏ္ဍာရီတွေအကြောင်း အများကြီး ငါကြားခဲ့ဖူးတယ်… ပုံပြင်တွေထဲမှာ ဖော်ပြထားတာက မိစ္ဆာတွေက လူသားစားရတာကို အကြိုက်ဆုံးတဲ့… လူသားတွေကို အစားအစာလို့ သတ်မှတ်နိုင်တယ်… လူသားစားရတာက တိရိစ္ဆာန်အသားကို စားရတာထက် ပိုပြီးကောင်းတယ်… အဲ့ဒါက ကျင့်ကြံခြင်းကို အမြန်ဆုံး တိုးပွားစေနိုင်တယ် ”
ထိုအတွေးက စက်ကရာ၏ စိတ်ထဲ၌ ရှိနေသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။ သို့တိုင် သူက လူသားစားရန် မလုပ်ဆောင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူက အတိတ်ဘဝမှာ လူသားတစ်ယောက်ဖြစ်ခဲ့သည် မဟုတ်ပါလော။ ယခု သူက မိစ္ဆာတစ်ကောင်ဖြစ်လာသော်လည်း သူနှင့် လူသားမျိုးနွယ်ကြားမှ ဆက်ဆံရေးက လုံးဝ ပြတ်တောက်သွားခြင်း မဟုတ်ပေ။
ရှုထောင့်တစ်ခုမှ ကြည့်လျှင် လူသားများသည် တိရိစ္ဆာန်များကို အမဲလိုက်ကြပြီး စားသောက်ကြသည်။ ထို့နည်းတူပင် တိရိစ္ဆာန်များသည် လူသားများကို သတ်ဖြတ်စားသောက်ကြသည်။ ယင်းက သဘာဝအလျောက် ဖြစ်ပျက်နေသော ကိစ္စသာ ဖြစ်၏။
လူသားများက တိရိစ္ဆာန်များကို စားသောက်နိုင်လျှင် တိရိစ္ဆာန်များက မည်သို့ကြောင့် လူသားများကို မစားသောက်နိုင်ရမည်နည်း။
ထိုသဘောတရားကို အစောကြီးကတည်းက သူနားလည်ခဲ့သည်။ သို့သော်လည်း ယခင်ဘဝတွင် လူသားဖြစ်ခဲ့သည်ဟူသော အသိတရားက သူ့စိတ်ကို ချုပ်တည်းစေခဲ့သည်။ ထို့ကြောင့် သူက လူသားစားရန် တွန့်ဆုတ်နေခြင်းပင်။ အတိတ်မှာ သူက ကျားရဲတောင်တန်းဒေသထဲမှာ လူအများအပြားကို သတ်ဖြတ်ခဲ့သော်လည်း မည်သည့်လူသားကိုမှ သူမစားခဲ့ပေ။
“ ဟွန့်… အဲ့ဒီကျင့်ကြံသူက ငါ့ကို သတ်ဖြတ်ချင်တယ်… ဘာလို့ ငါသူ့ကို မစားရမှာလဲ… ဒီဘဝမှာ ငါက မိစ္ဆာတစ်ကောင်ဖြစ်လာမှတော့ လူသားတွေကို စားတာက ငါ့အတွက် ပုံမှန်ပါပဲ… ဒီနေ့ ငါမင်းကို စားမယ်… မသေမျိုးကျင့်ကြံသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအားတွေ အများကြီး ရှိရမယ် ”
သီရှီထျန်၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားသော အကြည့် ထွက်ပေါ်လာသည်။ သူက မသေမျိုးကျင့်ကြံသူ၏ အလောင်းနားသို့ အမြန်လျှောက်သွားပြီး သိုလှောင်အိတ်ကို ဆွဲဖြုတ်လိုက်သည်။ ထို့နောက် သူက ကျားပါးစပ်ကို ကျယ်လောင်စွာ ဖြဲဟ၍ လေကို စုပ်သွင်းလိုက်သည်။
“ ဟူး ”
ချက်ချင်းဆိုသလိုပင် အလွန်အားကောင်းသော စုပ်အားက ဧရာမကျားပါးစပ်ထဲမှ ထွက်ပေါ်လာသည်။ ပြင်းထန်သော စုပ်အားအောက်မှာ မသေမျိုးကျင့်ကြံသူ၏ အလောင်းတစ်ခုလုံးက ကျားပါးစပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ သီရှီထျန်က လူတစ်ကိုယ်လုံးကို တိုက်ရိုက် ဝါးမျိုလိုက်သည်။ ယင်းကို သူဝါးမျိုလိုက်သည့်အခိုက် ပျို့အန်ချင်စိတ်ကို ခံစားမိသွားသည်။ သို့တိုင် သူက စိတ်ခွန်အားဖြင့် ပျို့အန်ချင်စိတ်ကို ချုပ်တည်းလိုက်သည်။ သူက မြေကြီးပေါ်မှာ လဲလျောင်းလိုက်ပြီး မြန်ဆန်စွာ မျက်လုံးမှိတ်လိုက်သည်။ သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် စတင်လှည့်ပတ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်ထဲ၌ ခမ်းခြောက်သွားသော မိစ္ဆာစွမ်းအားက ဖြည်းဖြည်းချင်း ပြန်တိုးပွားလာသည်။ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ မြန်ဆန်စွာ တိုးဝင်လာပြီး မရီဒျန်များထဲသို့ စီးဆင်းသွားသည်။ သွေးအစာကို သူဝါးမျိုလိုက်သည်နှင့် ကြီးမားသော အပူလှိုင်းတစ်ခုက သူ၏ ခန္ဓာကိုယ်ထဲမှာ မြန်ဆန်စွာ ထွက်ပေါ်လာသည်။
“ ဘယ်လောက်များလိုက်တဲ့ ဝိညာဉ်စွမ်းအားလဲ ”
သီရှီထျန်သည် သူ၏ ခန္ဓာကိုယ်ထဲမှာ မြန်ဆန်စွာ စီးဆင်းနေသော ဝိညာဉ်စွမ်းအားကို အာရုံခံမိသည်။ သူက မပျော်ရွှင်ဘဲ မနေနိုင်ပေ။ သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။
“ လူသားတွေက တာအိုခန္ဓာကိုယ်နဲ့ မွေးဖွားလာတဲ့ သက်ရှိတွေဖြစ်ပြီး ကောင်းကင်ဘုံရဲ့ ကောင်းချီးကို ရရှိထားကြတယ်… ချီသန့်စင်ခြင်းနယ်ပယ် အဆင့်(၈)ကျင့်ကြံသူတစ်ယောက်ဆီမှာ ဒီလောက်များပြားတဲ့ ဝိညာဉ်စွမ်းအား ရှိတယ်လား… အဲ့ဒါကို ငါစုပ်ယူလိုက်ရင် ငါ့ရဲ့ ဒဏ်ရာတွေ ပြန်သက်သာသွားလိမ့်မယ် ”
သူမအံ့ဩဘဲ မနေနိုင်ပေ။ ဤကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအားသည် ယခင်က သူစားသုံးခဲ့သော ဧရာမကင်းခြေများနှင့် ကြက်သွေးရောင်ကင်းခြေများဘုရင်ထံမှ ဝိညာဉ်စွမ်းအားထက် လုံးဝ မလျော့ပေ။ ယင်းကို သူစုပ်ယူလိုက်လျှင် အနည်းဆုံး သူ၏ ဒဏ်ရာများက အလွန်ပြင်းထန်တော့မည် မဟုတ်ချေ။
သူက ထိုအကြောင်းကို အများကြီး စဉ်းစားမနေပေ။ သူက မျက်လုံးမှိတ်လိုက်ပြီး “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက မရီဒျန်များထဲမှာ ဖြည်းဖြည်းချင်း လှည့်ပတ်သွားသည်။ စွမ်းအင်အနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှာ ဘောင်ဘင်ခတ်နေပြီး မရီဒျန်များထဲသို့ အမြန်စီးဆင်းသွားသည်။ မိစ္ဆာစွမ်းအား၏ လမ်းညွှန်မှုအောက်မှာ စွမ်းအင်အနှစ်သာရက အကြိမ်ရေအနည်းငယ် လှည့်ပတ်သွားသည်။ ထို့နောက် ယင်းက မိစ္ဆာစွမ်းအားအဖြစ် သန့်စင်ခံလိုက်ရသည်။
ထိုလုပ်ငန်းစဉ်က အစောနက ခမ်းခြောက်သွားသော မိစ္ဆာစွမ်းအားကို ဖြည်းဖြည်းချင်း ပြန်တိုးပွားလာစေသည်။ တစ်ကြိမ်လှည့်ပတ်သွားတိုင်း မိစ္ဆာစွမ်းအားက နည်းနည်းစီ တိုးပွားသွားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်အားလုံးက ပွင့်သွားကြပြီး ချိုင့်ဝှမ်းထဲမှ ဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ဆီသို့ ဒလဟော တိုးဝင်လာသည်။ ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များမှတဆင့် မရီဒျန်များထဲသို့ ဝင်ရောက်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာချီက ဤဧရိယာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ အပြင်လူများသည် မိစ္ဆာမြူခိုးထဲမှ မည်သည့်အရာကိုမှ မမြင်နိုင်ကြပေ။
သီရှီထျန်၏ အစွမ်းထက်သော အစာခြေစနစ်က ဤအခိုက်အတန့်မှာ အပြည့်အဝ အသက်ဝင်လာသည်။ လူတစ်ကိုယ်လုံးကို သူ၏ ဝမ်းဗိုက်ထဲသို့ ဝါးမျိုခဲ့သည်။
အကယ်၍ ယခုအချိန်မှာ တစ်စုံတစ်ယောက်က သီရှီထျန်၏ ဝမ်းဗိုက်ထဲမှ အခြေအနေကို မြင်နိုင်မည်ဆိုလျှင် ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်က သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ မြန်ဆန်စွာ အရည်ပျော်သွားနေကြောင်း ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ သူ၏ ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအင်အမျှင်တန်းများအဖြစ် မြန်ဆန်စွာ သန့်စင်ခံလိုက်ရသည်။
စွမ်းအင်အနှစ်သာရ တစ်စိတ်တစ်ပိုင်းက သူ၏ ခန္ဓာကိုယ်ထဲမှ မြှောက်တတ်လာပြီး သူ၏ ကိုယ်တွင်းအင်္ဂါများနှင့် ပေါင်းစပ်သွားသည်။ ယင်းက သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို ပိုပြီးသန်မာစေသည်။ မိစ္ဆာမြူခိုးထဲတွင် သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်၌ အစောနက ဓားစွမ်းရည်ကြောင့် ဖြစ်ပေါ်ခဲ့သော ဒဏ်ရာများသည် စွမ်းအင်အနှစ်သာရ၏ အားဖြည့်ပေးမှုအောက်မှာ အလွန်မြန်ဆန်စွာ ပြန်သက်သာသွားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် ကိုယ်ပိုင်အသိစိတ်ရှိနေသည့်အလား အောက်မေ့ရ၏။ ဒဏ်ရာ၏ အစွန်းနှစ်ဖက်က ယင်းတို့ဘာသာ လူးလွန့်သွားကြပြီး ဖြည်းညင်းစွာ ပြန်ဆက်သွားကြသည်။ ထို့နောက် ယင်းတို့က မူလပကတိ အခြေအနေအထိ ပြန်ကောင်းမွန်သွားကြသည်။
သီရှီထျန်ကို ဒုက္ခပေးနေသည့် တစ်ခုတည်းသော အရာမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သော ဓားချီ ဖြစ်သည်။ ယင်းက အလွန်ခေါင်းမာသည်။ ထို့ပြင် ယင်းက မိစ္ဆာစွမ်းအားကို ကမ္ဘာ့ရန်သူအဖြစ် သဘောထားနေသည်။ မိစ္ဆာစွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ ဓားချီက အစွမ်းထက်သော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။ ယင်းက နောက်ဆုံးအချိန်ထိ အသေခံတိုက်သွားရန် ဆန္ဒရှိပုံပေါ်သည်။
သီရှီထျန်က မိစ္ဆာစွမ်းအားကို ထိန်းချုပ်၍ ဓားချီကို ဖြည်းဖြည်းချင်း သန့်စင်နေသော်လည်း ထိုလုပ်ငန်းစဉ်အတွင်းမှာ အလွန်ပြင်းထန်သော နာကျင်မှု ထွက်ပေါ်လာသည်။ ယင်းက သာမန်လူတစ်ယောက်၏ တောင့်ခံနိုင်စွမ်းထက် အများကြီး သာလွန်သည်။
“ ဒုန်း ဒုန်း ဒုန်း ”
သီရှီထျန်က မသေမျိုးကျင့်ကြံသူကို သန့်စင်နေရင်း စွမ်းအင်အနှစ်သာရကို စုပ်ယူနေစဉ် ယင်းခုန်းသည် ကောင်းကင်ပေါ်မှ လမ်းပြပေး၍ ဧရာမသားရဲအုပ်စုကို ချိုင့်ဝှမ်းဆီသို့ ခေါ်ဆောင်လာသည်။ သားရဲအရေအတွက်က အလွန်များပြားလေရာ မြေကြီးက သိမ့်သိမ့်တုန်သွားသည်။ အဆုံးမဲ့သော ခြေလှမ်းသံများက ချိုင့်ဝှမ်း၏ အပြင်ဘက်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သားရဲများက ချိုင့်ဝှမ်းဆီသို့ အလျှင်အမြန် ပြေးလာနေကြသည့်အလားပင်။ သားရဲအုပ်စုထံမှ ဖိအားက မိုးမြေကို တုန်ယင်သွားစေသည်။
“ ယင်းခုန်း… အရှင်းမင်းကြီးက ဒဏ်ရာရနေတာကို ရှင်ဘယ်လိုလုပ် ထွက်သွားနိုင်ရတာလဲ… အရှင်မင်းကြီးဘေးမှာ ရှင်နေပြီး ကာကွယ်ပေးသင့်တယ်… အရှင်မင်းကြီး ဒဏ်ရာရနေတုန်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ”
ပိုင်စုစုက အော်ပြောသည်။
“ ဟုတ်တယ် ယင်းခုန်း… ဒီကိစ္စကြောင့် အရှင်မင်းကြီး တစ်ခုခုဖြစ်သွားရင် ငါယွမ်ထျန်း မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ”
ယွမ်ထျန်းက တင်းမာခက်ထန်စွာ ပြောသည်။
“ ချိုင့်ဝှမ်းဆီ ရောက်ပြီ… ကျန်တဲ့လူတွေက ဒီနေရာမှာ နေခဲ့မယ်… ငါတို့လေးယောက်က ချိုင့်ဝှမ်းထဲ အမြန်သွားကြမယ် ”
ပိုင်ယွဲ့က အော်ပြောသည်။ သူက စကားဆုံးသည်နှင့် ချိုင့်ဝှမ်းထဲသို့ ဝှစ်ခနဲ ပြေးသွားသည်။ မကြာမီ တခြားသားရဲဘုရင်သုံးပါးသည်လည်း ချိုင့်ဝှမ်းထဲသို့ အမြန်ဝင်ရောက်သွားကြသည်။ သူတို့က ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီးလျှင် သတိကြီးစွာထား၍ ဘေးပတ်ဝန်းကျင်ကို အမြန်စစ်ဆေးကြည့်လိုက်ကြသည်။
သူတို့မြင်လိုက်ရသည်မှာ ချိုင့်ဝှမ်းထဲမှ နေရာတစ်နေရာတွင် ထူထဲသော မြူခိုးရှိသည်။ အနက်ရောင်မြူခိုးထုကို မြင်သောအခါ သူတို့က မျက်လုံးဝင်းလက်သွားကြသည်။ သူတို့လေးယောက်က မြူခိုးထုဆီသို့ မြန်ဆန်စွာ ပြေးသွားကြသည်။ သူတို့က နောက်ထပ် စကားမပြောဘဲ မြူခိုးထု၏ အရပ်လေးမျက်နှာတွင် အသီးသီး ရပ်လိုက်ကြသည်။ သူတို့က မြူခိုးထုကို အလယ်မှာထား၍ ကာကွယ်ပေးလိုက်ကြသည်။
သူတို့က သီရှီထျန်၏ ကျင့်ကြံခြင်းကို မျက်မြင်တွေ့ဖူးလေရာ မြူခိုးထုထဲမှ တည်ရှိမှုက သူတို့၏ ဘုရင်ဖြစ်ကြောင်း သိကြသည်။
သူတို့အားလုံးက မျက်လုံးကျယ်ကျယ်ဖွင့်၍ ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်ကြသည်။ သူတို့က မည်သည့်လှုပ်ရှားမှုကိုမှ အလွတ်မပေးကြပေ။
မှန်ပေသည်။ ချိုင့်ဝှမ်းထဲမှ မြေကြီးပေါ်မှာ လဲလျောင်းနေသော မီးတောက်နွားသည်လည်း သူတို့၏ အမြင်အာရုံမှ မလွတ်မြောက်ခဲ့ပေ။ မီးတောက်နွားသည် ဒဏ်ရာပြင်းထန်စွာရရှိထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် သီရှီထျန်ထက် မလျော့ပေ။ သို့သော်လည်း သွေးခဲမှုကြောင့် ဒဏ်ရာများသည် နောက်ထပ် သွေးမထွက်တော့ပေ။ သူက မြေကြီးပေါ်မှာ တိတ်ဆိတ်စွာ လဲလျောင်းနေစဉ် ညှိုးမှိုင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်နေသည်။ သူ၏ မျက်လုံးက အရောင်ကင်းမဲ့နေလေရာ သူက အသက်ဆုံးရှုံးသွားသည့်အလားပင်။
သူမသေဆုံးသေးကြောင်း ဖော်ပြနေသည့် တစ်ခုတည်းသောအရာမှာ သူ၏ မျက်လုံးထဲမှ ဝမ်းနည်းပူဆွေးမှု ဖြစ်သည်။ ယင်းက လူသားတစ်ယောက်၏ စိတ်ခံစားမှုဖြစ်သည်။ ရှင်းလင်းစွာပင် သူ၏ ဝိညာဉ်အသိဉာဏ်သည် ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်သုံးပါးထက် လုံးဝ မနိမ့်ကျပေ။
“ အရှင်မင်းကြီးက သူ့ကို ကယ်တင်ဖို့ ဒဏ်ရာရသွားတာလား ”
ပိုင်စုစုက မီးတောက်နွားကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ အမြင်တွင် အရှင်မင်းကြီး ဒဏ်ရာရသွားခြင်းက ထိုမီးတောက်နွားကြောင့် ဖြစ်သည်။
ပိုင်ယွဲ့က မီးတောက်နွားကို ကြည့်လိုက်ပြီး ပြောသည်။
“ ပိုင်စုစု… အဲ့ဒီနွားက ငါတို့ဘက်တော်သား ဖြစ်လာနိုင်တယ် ”
ဝံပုလွေဘုရင်သည် အစကတည်းက စက်ကရာ၏ ဘေးမှာ ရှိလာခဲ့သူ ဖြစ်သည်။ ခရီးတစ်လျှောက်တွင် အရှင်မင်းကြီးက ဝိညာဉ်အသိဉာဏ်ရှိသော တိရိစ္ဆာန်များကို သူ့လက်အောက်မှာ သိမ်းသွင်းရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း သူမျက်မြင်တွေ့ခဲ့သည်။ ထို့ကြောင့် ယခုအခြေအနေကို သူမြင်သွားသည့်အခါ ထိုနွားက သူတို့၏ ရဲဘော်ရဲဘက်တစ်ဦးဖြစ်လာနိုင်ကြောင်း သူနားလည်လိုက်သည်။
“ အင်း ”
“ ဟုတ်တယ် ”
ယင်းကို ကြားသောအခါ ယင်းခုန်းနှင့် ယွမ်ထျန်းက ခေါင်းညိတ်လိုက်ကြသည်။ ရှင်းလင်းစွာပင် သူတို့က ဝံပုလွေဘုရင်၏ အမြင်ကို သဘောတူကြသည်။
“ ဝှစ် ”
သားရဲဘုရင်လေးပါး၏ ကာကွယ်ပေးမှုအောက်မှာ နှစ်နာရီဟူသော အချိန်က လျှပ်တစ်ပြက်အတွင်း ကုန်လွန်သွားသည်။ ဤအတောအတွင်းမှာ ဘာမှမပြောင်းလဲခဲ့သော မိစ္ဆာမြူခိုးက ရုတ်တရက် တအိအိလှုပ်ယမ်းသွားသည်။ ယင်းကို မြင်သောအခါ ပိုင်စုစုနှင့် တခြားသားရဲဘုရင်များက ဝမ်းသာပျော်ရွှင်သွားကြသည်။ သူတို့၏ စောင့်ကြည့်မှုအောက်တွင် မိစ္ဆာမြူခိုးသည် တစ်ခဏကြာပြီးနောက် အလယ်မှာ မြန်ဆန်စွာ စုစည်းသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မိစ္ဆာမြူခိုးက လုံးဝ လွင့်ပြယ်သွားသည်။ ထို့နောက် မိစ္ဆာမြူခိုး၏ အလယ်မှာ ရပ်နေသော ဧရာမခန္ဓာကိုယ်က ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ၎င်းက ကျားနက်တစ်ကောင် ဖြစ်သည်။ ကျားနက်၏ ခန္ဓာကိုယ်သည် အလွန်အမင်း ကြီးမားသည်။ သူက သာမန်ကျားတစ်ကောင်ထက် အနည်းဆုံး နှစ်ဆပိုကြီးမားသည်။ ကျား၏ ခွန်အားက အလွန်အံ့ဖွယ်ကောင်းသည်။ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါကို သူ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးထံမှ အဆက်မပြတ် ထုတ်လွှတ်နေသည်။
ယင်းက သက်ရှိအားလုံးကို ခြိမ်းခြောက်နေသည်။
အခန်း(၆၈)
ထိုကျားနက်သည် သီရှီထျန်မှလွဲ၍ တခြားမဟုတ်ပေ။ သူမျက်လုံးဖွင့်လိုက်သည့်အခါ ပိုင်စုစုနှင့် တခြားသားရဲဘုရင်သုံးပါးက သူ့ကို ကာကွယ်စောင့်ရှောက်ပေးနေကြောင်း မြင်သွားသည်။ သူက စိတ်ကျေနပ်သွားသည်။
“ ပိုင်ယွဲ့… ယွမ်ထျန်း… စုစု… မင်းတို့ရဲ့ မျိုးနွယ်စုကို ခေါ်ဆောင်လာလား ”
“ အရှင်မင်းကြီး… ကျုပ်တို့ရဲ့ မျိုးနွယ်စုက ချိုင့်ဝှမ်းအပြင်ဘက်မှာ စောင့်နေကြပါတယ်… ကျုပ်တို့လေးယောက်ပဲ ချိုင့်ဝှမ်းထဲ ဝင်လာပြီး အရှင့်ကို ကာကွယ်ပေးနေတာပါ… အရှင့်ရဲ့ ဒဏ်ရာတွေ ဘယ်လိုနေပါလဲ ”
ပိုင်စုစုက စိုးရိမ်စွာ မေးသည်။
“ ငါ့ရဲ့ ဒဏ်ရာတွေက ပြဿနာကြီး မဟုတ်တော့ဘူး… ဒီမှာ ငါတို့ကြာကြာနေလို့ မဖြစ်ဘူး… မျိုးနွယ်စုတွေကို ခေါ်လိုက်ပါ… ဒီကနေ ချက်ချင်း ငါတို့ထွက်သွားကြမယ် ”
သီရှီထျန်က မျက်လုံးဝင်းလက်သွားသည်။ ကျိုးယွမ်ဖေးက အကူအညီခေါ်ပြီး ဤနေရာသို့ ပြန်ရောက်လာမည်လော သူမသေချာပေ။ မြန်မြန် သူတို့ထွက်သွားနိုင်လေ ပိုပြီးဘေးကင်းလေ ဖြစ်သည်။
သီရှီထျန်၏ အမိန့်ကို ကြားသောအခါ ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များသည် သူတို့၏ မျိုးနွယ်စုကို ခေါ်ရန် ချိုင့်ဝှမ်းထဲမှ အမြန်ထွက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ချိုင့်ဝှမ်းထဲတွင် သီရှီထျန်နှင့် မီးတောက်နွားသာ ကျန်ခဲ့ကြတော့သည်။ မီးတောက်နွားသည် အသက်ရှင်လျက် သေဆုံးနေဟန် ရ၏။
“ ချစ်ခင်ရတဲ့သူ သေဆုံးသွားတာထက် ပိုပြီးဝမ်းနည်းစရာကောင်းတဲ့အရာ မရှိဘူး ”
မီးတောက်နွား၏ မျက်လုံးထဲမှ အကြည့်ကို သီရှီထျန် မြင်သွားသောအခါ တစ်ဖက်လူက မည်သို့ကြောင့် ထိုသို့ပုံစံဖြစ်နေကြောင်း သူနားလည်သွားသည်။ မီးတောက်နွားသည် ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော တိရိစ္ဆာန်တစ်ကောင် ဖြစ်၏။ ထို့ကြောင့် သူက သာမန်တိရိစ္ဆာန်များထက် ပိုပြီးစိတ်ခံစားမှုရှိသည်။ ဥပမာ သူက သူ့ကလေးကို အများကြီး ပိုချစ်ခင်ကြင်နာသည်။ သူ့ကလေးက ကျိုးယွမ်ဖေး၏ မိစ္ဆာသုတ်သင်ဓားအောက်မှာ အသက်ဆုံးရှုံးသွားကြောင်း မြင်သောအခါ မီးတောက်နွားသည် ကျိုးယွမ်ဖေးနှင့် တခြားလူကို အသေအကြေ တိုက်ခိုက်ခဲ့သည်။ အကြောင်းမှာ သူ့ကလေးအတွက် လက်စားပြန်ချေချင်သောကြောင့်ပင်။
ယခု သူ့မှာ လက်စားပြန်ချေရန် အခွင့်အရေးမရှိတော့ကြောင်း သိလိုက်သည့်အခါ သူ၏ မျှော်လင့်ချက်အားလုံးက အဆုံးသတ်သွားသည်။ မျှော်လင့်ချက်မရှိတော့သည့်အခါ ဝမ်းနည်းကြေကွဲမှုနှင့် စိတ်ပျက်အားလျော့မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက ဤသို့ပုံစံ ဖြစ်နေခြင်းပင်။
“ မီးတောက်နွား… မင်းကို ငါကယ်ခဲ့တာက မင်းရဲ့ အလားအလာကို ငါမြင်ပြီး မင်းကို ငါ့ရဲ့ လက်အောက်မှာ ခေါ်ထားချင်လို့ပဲ… အခု ကြည့်ရတာတော့ မင်းကို ငါကယ်ခဲ့တာက အလဟဿဖြစ်သွားပုံပဲ ”
သီရှီထျန်က မီးတောက်နွား၏ အရှေ့သို့ လျှောက်သွားပြီး သူ့ကို အေးစက်စက် ကြည့်လိုက်သည်။ သူက ယဉ်ကျေးမနေဘဲ တင်းမာခက်ထန်စွာ ပြောသည်။
“ ငါက အမှိုက်တွေကို လက်သင့်မခံဘူး… တကယ်လို့ မင်းမှာ လက်စားပြန်ချေချင်တဲ့ ဆန္ဒရှိတယ်ဆိုရင် မင်းဘာသာမင်း ရပ်ပြီး ငါ့နောက်ကို လိုက်ခဲ့ပါ… ငါမင်းကို စွမ်းအားပေးမယ် ”
ထိုသို့ပြောပြီးနောက် သီရှီထျန်က နောက်ထပ် မည်သည့်စကားမှ မပြောတော့ပေ။ သူက အနောက်လှည့်ပြီး ချိုင့်ဝှမ်းအပြင်သို့ ထွက်သွားသည်။ သူ၏ ခြေလှမ်းများက တည်ငြိမ်ပြီး မြဲမြံသည်။ ဤသည်မှာ သူက မီးတောက်နွား၏ သေခြင်းရှင်ခြင်းကို လုံးဝ ဂရုမစိုက်သည့်အလားပင်။ သူက ချိုင့်ဝှမ်းအပြင်သို့ ထိုအတိုင်း ထွက်သွားသည်။
“ ဝမ်းဘဲ ”
မီးတောက်နွား၏ မျက်လုံးထဲမှ ညှိုးမှိုင်မှုက ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုနေရာမှာ နက်ရှိုင်းသော အမုန်းတရားနှင့် မျှော်လင့်ချက်မီးတောက်က အစားထိုး ထွက်ပေါ်လာသည်။ မူလက အရောင်ကင်းမဲ့နေသော သူ၏ မျက်လုံးက ပြန်လည်အသက်ဝင်လာသည်။
သူက ကျယ်လောင်စွာ အော်လိုက်ပြီး မြေကြီးပေါ်မှ ခက်ခက်ခဲခဲ ရုန်းထလိုက်သည်။ ထိုစဉ် သွေးခဲနေသော ဒဏ်ရာများက ပြန်အက်ကွဲသွားပြီး သွေးက အဆက်မပြတ် စီးကျလာသည်။ သွေးထွက်လွန်မှုကြောင့် သူ၏ ခြေထောက်များက အားနည်းနေပြီး ယိမ်းယိုင်နေသည်။ သို့သော်လည်း မီးတောက်နွားက ယင်းကို ဂရုမစိုက်ပေ။ သူက သီရှီထျန် ထွက်ခွာသွားသော ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်တွင် ဓားချီကြောင့် အပိုင်းပိုင်း ခုတ်ထစ်ခံထားရသော သူ့ကလေး၏ အလောင်းကို ကြည့်လိုက်သည်။ ယင်းက သူ၏ မျက်လုံးထဲမှ အမုန်းတရားကို ပိုပြီးနက်ရှိုင်းစေသည်။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း အရှေ့သို့ မြဲမြံစွာ လျှောက်သွားပြီး စက်ကရာ၏ အနောက်သို့ လိုက်သွားသည်။
လူသားများကြားတွင် အမုန်းတရားရှိသည်။ လူသားများသည် လက်စားပြန်ချေရန်အလို့ငှာ အခက်အခဲများနှင့် နာကျင်မှုအမျိုးမျိုးကို ခံနိုင်ကြသည်။ ထို့နည်းတူပင် တိရိစ္ဆာန်များဆီမှာလည်း အမုန်းတရားရှိသည်။ ထို့ပြင် သူတို့၏ အမုန်တရားက ပိုပြီးနက်ရှိုင်းသည်။ သူတို့က ယင်းကို မည်သည့်အခါမှ မေ့ပျောက်သွားမည် မဟုတ်ချေ။
ချိုင့်ဝှမ်း၏ အပြင်ဘက်တွင် ဧရာမသားရဲအုပ်စုက စတင်ရွေ့လျားသွားသည်။ သူတို့က အမြန်ဆုံး အလျင်ဖြင့် ခရီးဆက်ကြသည်။
သီရှီထျန်သည် ချိုင့်ဝှမ်း၏ အပြင်ဘက်မှာ ရပ်နေသည်။ မီးတောက်နွားက သူ့ဘာသာ ထရပ်ပြီး သူ့အနောက်သို့ လိုက်လာကြောင်း သူမြင်သွားသောအခါ အသိအမှတ်ပြုသော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
မီးတောက်နွားသာ လက်မလျော့လျှင် သူက အနာဂတ်မှာ သူ့အတွက် အလွန်သန်မာသော လက်ရုံးတစ်ဆူ ဖြစ်လာလိမ့်မည်ဟု သီရှီထျန် ယုံကြည်သည်။ အမုန်းတရားသည် ကျင့်ကြံခြင်းအတွက် အလွန်အထောက်အကူပြုသော စွမ်းအင်သလင်းကျောက် ဖြစ်သည်။ ယင်းက ကျင့်ကြံခြင်းအမြန်နှုန်းကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။
“ ခွန်အား… ပိုပြီးသန်မာတဲ့ ခွန်အား… ”
သီရှီထျန်က စိတ်ထဲမှာ သူ့ဘာသာ တွေးလိုက်သည်။ အကယ်၍ သူ့မှာ လုံလောက်သော ခွန်အားမရှိလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သူအခြေချရန် အလွန်ခက်ခဲလိမ့်မည်။
ဤတစ်ကြိမ်တွင် မသေမျိုးကျင့်ကြံသူ၏ အလောင်းကို သူဝါးမျိုခဲ့စဉ် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။ မသေမျိုးကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရနှင့် စွမ်းအင်အနှစ်သာရသည် အလွန်များပြားသည်။ အလောင်းကို သူဝါးမျိုလိုက်သည့်အခါမှာ ချီသန့်စင်ခြင်းနယ်ပယ် အဆင့်(၈)ကျင့်ကြံသူတစ်ယောက်၏ စွမ်းအား(၅၀)ရာခိုင်နှုန်းခန့်ကို သူစုပ်ယူလိုက်သည်။
ငါးဆယ်ရာခိုင်နှုန်းသည် အလွန်များပြားသော ပမာဏ ဖြစ်သည်။ ယင်းက သူအသက်ရှိနေစဉ်က စွမ်းအား(၅၀)ရာခိုင်နှုန်းကို ရည်ရွယ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက အမြန်ဆုံး သက်သာပျောက်ကင်းသွားခြင်း ဖြစ်သည်။
“ အဲ့လိုမဖြစ်သင့်ဘူး… အခု ငါက သာမန်တိရိစ္ဆာန်တစ်ကောင်ပဲ ဖြစ်နေသေးတယ်… ငါ့မှာ မိစ္ဆာစံအိမ် ဖွင့်လှစ်နိုင်တဲ့ စွမ်းရည်မရှိသေးဘူး… အဲ့ဒါကြောင့် ငါက သွေးအစာထဲက စွမ်းအား(၅၀)ရာခိုင်နှုန်းကိုပဲ စုပ်ယူနိုင်တယ်… ကျန်(၅၀)ရာခိုင်နှုန်းက အလဟဿဖြစ်သွားတယ်… တကယ်လို့ ငါက မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီး မိစ္ဆာတစ်ကောင်ဖြစ်လာမယ်ဆိုရင် သွေးအစာရဲ့ စွမ်းအား(၇၀)ရာခိုင်နှုန်းကို စုပ်ယူနိုင်လိမ့်မယ် ”
သီရှီထျန်ကဲ့သို့ မိစ္ဆာသားရဲတစ်ကောင်အတွက် အကယ်၍ သွေးအစာကို သူစုပ်ယူချင်သည်ဆိုလျှင် စွမ်းအင်အနှစ်သာရက သဘာဝအတိုင်း မြန်ဆန်စွာ ရောက်လာလိမ့်မည်။ သို့သော်လည်း အကယ်၍ သူက သွေးအစာထဲမှ စွမ်းအင်အနှစ်သာရကို လက်ရှိ သူ၏ စွမ်းရည်ဖြင့် အပြည့်အဝ စုပ်ယူချင်သည်ဆိုလျှင် ယင်းက အရူးအိမ်မက် ဖြစ်နေလိမ့်မည်။ ယင်းက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။ ထိုအချက်ကို သူရရှိခဲ့သော သွေးမျိုးဆက်အမွေအနှစ်ထံမှ သိသွားခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာတစ်ကောင်အဖြစ် ဆင့်ကဲမပြောင်းလဲသွားမီ တစ်စုံတစ်ယောက်သည် ကျင့်ကြံရန် သွေးအစာကို စုပ်ယူမည်ဆိုလျှင် သွေးအစာထဲမှ စွမ်းအား(၅၀)ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်လိမ့်မည်။ အမှန်မှာ ထို(၅၀)ရာခိုင်နှုန်းက အကောင်းဆုံး အခြေအနေအောက်မှ အမြင့်ဆုံးရလဒ် ဖြစ်သည်။ ဥပမာ သီရှီထျန်က မည်မျှအချိန်ကြာကြာ သို့မဟုတ် မည်မျှများပြားစွာ စုပ်ယူပါစေ စွမ်းအင်ပမာဏက (၅၀)ရာခိုင်နှုန်းထက် ပိုလိမ့်မည် မဟုတ်ချေ။
တခြားဝိညာဉ်သားရဲများဆိုလျှင် ဥပမာ ကြက်သွေးရောင်ကင်းခြေများဘုရင်ဆိုလျှင် သူက (၂၀)ရာခိုင်နှုန်း သို့မဟုတ် (၃၀)ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်လိမ့်မည်။ ဝိညာဉ်သားရဲများ၏ စွမ်းအင်စုပ်ယူနိုင်မှုက တစ်ကောင်နှင့်တစ်ကောင် ကွဲပြားခြားနားကြသည်။
မိစ္ဆာတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားလျှင် အကောင်းဆုံး အခြေအနေအောက်မှ အမြင့်ဆုံးရလဒ်သည် (၇၀)ရာခိုင်နှုန်း ဖြစ်သည်။ သူတို့သည် (၇၀)ရာခိုင်နှုန်းထက်ပို၍ စုပ်ယူနိုင်လိမ့်မည် မဟုတ်ချေ။ အကယ်၍ သူတို့က နောက်တစ်ဆင့်သို့ တတ်လှမ်းနိုင်မည်ဆိုလျှင် မိစ္ဆာအမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး စစ်မှန်သော မိစ္ဆာတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ ထိုအခါကျလျှင် သူတို့က သွေးအစာထံမှ စွမ်းအင်အနှစ်သာရ (၉၀)ရာခိုင်နှုန်းကို စုပ်ယူနိုင်လိမ့်မည်။
ထို့ကြောင့် သီရှီထျန်သည် ဤတစ်ကြိမ်တွင် မသေမျိုးကျင့်ကြံသူကို ဝါးမျိုခဲ့သော်လည်း ကျင့်ကြံသူ၏ စွမ်းအင်အနှစ်သာရ (၅၀)ရာခိုင်နှုန်းကိုသာ စုပ်ယူနိုင်ခဲ့သည်။ သို့သော်လည်း ထို(၅၀)ရာခိုင်နှုန်းက လက်ရှိ သူ့အတွက် အမြင့်ဆုံးရလဒ် ဖြစ်သည်။
ထို့ပြင် ကျင့်ကြံသူ၏ သွေးချီအနှစ်သာရနှင့် စွမ်းအင်အနှစ်သာရက သူ၏ အသွေးအသားများနှင့် ပေါင်းစပ်သွားပြီးနောက် သူ၏ ရုပ်ခန္ဓာကိုယ်က ပိုပြီးသန်မာလာကြောင်း သီရှီထျန် ရှင်းရှင်းလင်းလင်း ခံစားမိသွားသည်။ ကြည့်ရသည်မှာ ဤသွေးအစာက သူ၏ မိစ္ဆာစွမ်းအားကိုသာမက သူ၏ အလားအလာနှင့် အခြေခံအုတ်မြစ်ကိုလည်း တိုးမြှင့်ပေးနိုင်ဟန် ရ၏။
အလားအလာဟူသည် မျက်စိဖြင့် မြင်နိုင်သောအရာ မဟုတ်ပေ။ ယင်းက ခန္ဓာကိုယ်ထဲမှာ အမှန်တကယ် တည်ရှိသည်။ သို့သော် အပြင်ကို ထုတ်မပြနိုင်ပေ။ ယင်းက ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်အမြစ်နှင့် ဆင်တူသည်။ ဝိညာဉ်အမြစ်၏ အရည်အသွေးက ကျင့်ကြံသူတစ်ယောက်၏ အလားအလာနှင့် ပါရမီကို ကိုယ်စားပြုသည်။
ယခု သီရှီထျန်သည် ကျင့်ကြံသူတစ်ယောက်၏ သွေးချီအနှစ်သာရနှင့် စွမ်းအင်အနှစ်သာရက သူ့ကိုယ်ပိုင်ပါရမီနှင့် အလားအလာကို မြှင့်တင်ပေးနိုင်ကြောင်း ရှာတွေ့သွားသည်။ ထိုသို့ပြောင်းလဲမှုက ကောင်းမွန်သောအရာဖြစ်ကြောင်း သူခံစားမိသည်။ ယင်းက သူ၏ ကျင့်ကြံခြင်းကို ပိုပြီးမြန်ဆန်စွာ တိုးတတ်စေလိမ့်မည်။
“ မိစ္ဆာတွေ လူသားစားရတာကို ကြိုက်တာ မထူးဆန်းတော့ပါဘူး ”
ရှေးခေတ်ဒဏ္ဍာရီများနှင့် ပုံပြင်များထဲမှာ မိစ္ဆာများက လူသားစားရခြင်းကို ကြိုက်နှစ်သက်သည်ဟု မည်သို့ကြောင့် ဖော်ပြထားကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။ ဖြစ်နိုင်သည်မှာ ယင်းက အကြောင်းအရင်းများအနက် တစ်ခုသာ ဖြစ်သည်။
သူက တစ်ခဏကြာ အတွေးများနေစဉ် ဧရာမသားရဲအုပ်စုက စတင်ရွေ့လျားသွားကြပြီ ဖြစ်၏။ ချိုင့်ဝှမ်းဆီသို့ နောက်တစ်ကြိမ် သူကြည့်လိုက်သည့်အခါ မီးတောက်နွားက ချိုင့်ဝှမ်းအပြင်ဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်လာနေကြောင်း သူမြင်တွေ့သွားသည်။
စက်ကရာကို မြင်သွားသောအခါ မီးတောက်နွား၏ အကြည့်က ပိုပြီးစိတ်အားထက်သန်လာသည်။
သီရှီထျန်သည် မည်သည့်စကားမှ မပြောပေ။ သူက အနောက်လှည့်လိုက်ပြီး ဧရာမသားရဲအုပ်စုနှင့်အတူ ရွေ့လျားသွားသည်။ မီးတောက်နွားသည် ဒဏ်ရာပြင်းထန်စွာရရှိထားသော်လည်း သားရဲအုပ်စုနောက်မှ နီးကပ်စွာ လိုက်ပါလာသည်။
ခရီးတစ်လျှောက်တွင် သူတို့က တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော်သွားကြသည်။ သူတို့က တောအုပ်ကြီးတစ်ခုကိုလည်း ဖြတ်ကျော်သွားကြသည်။
လမ်းတစ်လျှောက်တွင် သူတို့က အန္တရာယ်အမျိုးမျိုးဖြင့် တွေ့ကြုံခဲ့ကြသည်။ သို့သော်လည်း သီရှီထျန်၏ သတိထားမှုအောက်မှာ အန္တရာယ်အားလုံးက ပြေလည်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ သူတို့က နောက်ထပ် ရှစ်ရက်ကြာအောင် ခရီးဆက်ခဲ့ကြသည်။ ထိုရှစ်ရက်ထဲမှ တတိယမြောက်နေ့တွင် သီရှီထျန်သည် သူ့နောက်သို့ လိုက်လာသော မီးတောက်နွားကို ကိုယ်တိုင်သွားတွေ့ဆုံခဲ့သည်။
သူက မီးတောက်နွားကို သူ၏ လက်အောက်ငယ်သားတစ်ယောက်အဖြစ် သတ်မှတ်လိုက်သည်။ မီးတောက်နွား၏ စွမ်းအားသည် သီရှီထျန်၏ လက်အောက်မှ သားရဲဘုရင်များထဲမှာ အသန်မာဆုံး ဖြစ်သည်။ မီးမှုတ်ထုတ်နိုင်သော သူ၏ မွေးရာပါသဘာဝစွမ်းရည်ကြောင့် သူက ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များထက် သိသာစွာ ပိုပြီးအစွမ်းထက်သည်။
ထို့ကြောင့် မီးတောက်နွားသည် သားရဲဘုရင်ငါးပါးထဲမှာ အသန်မာဆုံးဖြစ်လာသည်။
သီရှီထျန်က သူ့ကို ချီဟောင်ဟု နာမည်ပေးလိုက်သည်။
ချိုင့်ဝှမ်းထဲတွင် သီရှီထျန်က သူ့အသက်ကို ကယ်တင်ပေးခဲ့သည်။ သီရှီထျန်က သူ့ကို လက်စားပြန်ချေနိုင်မည့် မျှော်လင့်ချက်ကို ပေးခဲ့သည်။ ချိုင့်ဝှမ်းထဲမှ သူထွက်လာသည့်အချိန်မှစ၍ သူက သီရှီထျန်အပေါ် အလွန်သစ္စာရှိသည်။
ဤအခိုက်အတန့်မှာ စက်ကရာနှင့် ယင်းခုန်းက မြင့်မားသော တောင်ထွတ်တစ်ခုပေါ်မှာ ရပ်နေကြသည်။ တောင်ထွတ်သည် မတ်စောက်ပြီး မြင့်မားသည်။ ယင်းက အနည်းဆုံး မီတာတစ်ရာခန့် မြင့်မားသည်။ စက်ကရာက တောင်ထွတ်၏ အမြင့်ဆုံးနေရာမှာ ရပ်နေသည်။ လေပြေတိုက်ခတ်သည့်အခါတိုင်း စက်ကရာ၏ နဖူးပေါ်မှ ခရမ်းရောင်ဘုရင်စာလုံးက တအိအိလှုပ်ခတ်သွားသည်။ ယင်းက မီးတောက်တစ်ခုနှယ် သက်ဝင်လှုပ်ရှားနေဟန် ရ၏။ ကြီးကျယ်မြင့်မြတ်သော အရှိန်အဝါသည် စက်ကရာ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။
တောင်ထွတ်သည် အလွန်မတ်စောက်သည်။ သို့သော်လည်း သူတို့အတွက်တော့ တောင်ထွတ်ပေါ်သို့ တတ်ခြင်းက ခက်ခဲသောအလုပ် မဟုတ်ပေ။ သူတို့၏ အကြည့်က တောင်ထွတ်အောက်မှ မြင်ကွင်းပေါ်မှာ မဟုတ်နေပေ။ ယင်းအစား သူတို့က ခေါင်းမော့ထားကြပြီး အဝေးမှ မြင်ကွင်းကို ကြည့်နေကြသည်။
အခန်း(၆၉)
သူတို့၏ အရှေ့တွင် အလွန်ကြီးမားကျယ်ပြောပြီး အဆုံးမဲ့ဟန် ထင်ရသော တောင်တန်းဒေသတစ်ခုရှိသည်။ ယင်းက မိုင်ပေါင်းမည်မျှကျယ်ပြောကြောင်း မသိရပေ။ တောင်တန်းဒေသထဲတွင် တိမ်တိုက်များနှင့် ထိစပ်လုနီးပါး မြင့်မားသော ရှေးဟောင်းသစ်ပင်များက ထူထဲစွာ ရှိနေကြသည်။ တောင်တန်းဒေသထဲမှာ ထူထဲသော တောအုပ်များရှိကြောင်း ထင်ရှား၏။ ထိုတောင်တန်းဒေသ၏ အရှေ့မှာ ကျားရဲတောင်တန်းဒေသက တောင်ငယ်တစ်လုံးနှင့် မခြားပေ။ ယင်းက အနည်းဆုံး ဆယ်ဆ သို့မဟုတ် အဆတစ်ရာ ပိုပြီးကြီးမားသည်။
တောင်တန်းဒေသကို ထူထဲသော မြူခိုးအလွှာတစ်ခုက ဖုံးအုပ်ထားသည်။ ထို့ကြောင့် အပြင်လူများသည် တောင်တန်းဒေသ၏ အတွင်းပိုင်းကို ရှင်းလင်းစွာ မမြင်နိုင်ကြချေ။
ရှေးလူကြီးများ ပြောကြသည်မှာ လူများတွင် အသွင်သဏ္ဍာန်အမျိုးမျိုးရှိသကဲ့သို့ တောင်တန်းများတွင်လည်း အသွင်သဏ္ဍာန်အမျိုးမျိုး ရှိကြသည်။
လူတစ်ယောက်၏ အသွင်အပြင်က ထူးခြားသည်ဆိုလျှင် သူက သေချာပေါက် သာမန်လူမဖြစ်နိုင်ပေ။ တောင်တန်းများသည်လည်း ထို့နည်းတူပင်။ အကယ်၍ တောင်တန်းတစ်ခုမှာ ပုံမှန်မဟုတ်သော အရှိန်အဝါရှိသည်ဆိုလျှင် ယင်းက သေချာပေါက် သာမန်တောင်တန်းမဖြစ်နိုင်ပေ။
ဤအခိုက်အတန့်မှာ မြူခိုးထုက တောင်တန်းဒေသ၏ ကောင်းကင်ယံမှာ တလိပ်လိပ်မြှောက်တတ်နေပြီး အပြင်လူများ၏ အမြင်အာရုံကို ကန့်သတ်ပိတ်ဆို့ထားသည်။ ရှင်းလင်းစွာပင် ထိုမြူခိုးကို တောင်တန်းဒေသက သဘာဝအလျောက် ထုတ်လွှတ်နေခြင်း ဖြစ်သည်။ ထိုအချက်ကို ကြည့်လျှင် တောင်တန်းဒေသက သာမန်မဟုတ်ကြောင်း မည်သူမဆို ခန့်မှန်းနိုင်လိမ့်မည်။
“ ယင်းခုန်း… တောင်ပိုင်းမြေရိုင်းဒေသက အရှေ့မှာလား ”
သီရှီထျန်က မေးလိုက်သော်လည်း သူ၏ လေသံထဲမှာ သေချာမှုဖြင့် ပြည့်နှက်နေသည်။ ရက်ပေါင်းများစွာ ခရီးဆက်ပြီးနောက်မှာ သူတို့က တောင်ပိုင်းမြေရိုင်းဒေသကို နောက်ဆုံးမှာ မြင်တွေ့သွားကြသည်။ ဤနေရာသို့ ရောက်လာပြီးနောက် သူက စိတ်ထဲမှာ သက်တောင့်သက်သာရှိစွာ သက်ပြင်းချနိုင်သွားသည်။ သူတို့က ပန်းတိုင်ဆီသို့ နောက်ဆုံးမှာ ဘေးကင်းလုံခြုံစွာ ရောက်ရှိသွားကြသည်။
“ အရှင်မင်းကြီး… တောင်ပိုင်းမြေရိုင်းဒေသက အရှေ့မှာပါ… ကျုပ်တို့နေထိုင်တဲ့ ကျားရဲတောင်တန်းဒေသနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဲ့ဒီနေရာက အဆပေါင်းအများကြီး ပိုကျယ်ပြောပါတယ်… အရင်တုန်းက ကျုပ်က စက်ဝိုင်းတစ်ပတ်ပြည့်အောင် ပျံသန်းကြည့်ခဲ့ပေမဲ့ အဆုံးထိ မပျံသန်းနိုင်ခဲ့ပါဘူး ”
အဆုံးမဲ့စွာ သွယ်တန်းနေသော တောင်တန်းများကို မြင်သွားသောအခါ စိတ်လှုပ်ရှားသော အရိပ်အယောင်က ယင်းခုန်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် ယခု သူက အလွန်စိတ်လှုပ်ရှားနေသည်။
သီရှီထျန်က ပြောသည်။
“ တောင်ပိုင်းမြေရိုင်းဒေသက အရမ်းကျယ်ပြောတယ်… ဒါပေမဲ့ နေရာက အရမ်းကျယ်ပြောတဲ့အတွက် အဲ့ဒီမှာ အရေအတွက်များပြားတဲ့ ဝိညာဉ်သားရဲတွေနဲ့ မိစ္ဆာသားရဲတွေ သေချာပေါက် ရှိကြလိမ့်မယ်… တောင်တန်းဒေသထဲကို မဆင်မခြင် ဝင်ရောက်တာက အရမ်းအန္တရာယ်များလိမ့်မယ် ”
ယခု သူတို့က ပန်းတိုင်ဆီသို့ ရောက်ရှိသွားကြသည်။ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်ရန် သူတို့က နေ့တစ်ဝက်မျှသာ ခရီးဆက်ကြရလိမ့်မည်။ သို့သော်လည်း သူက တောင်ပိုင်းမြေရိုင်းဒေသနှင့် မရင်းနှီးပေ။ ထို့ကြောင့် မဆင်မခြင် ဝင်ရောက်မည်ဆိုလျှင် သူတို့က အန္တရာယ်ဖြင့် တွေ့ကြုံရလိမ့်မည်။
“ ယင်းခုန်း… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အရမ်းကြီးမားတဲ့ ချိုင့်ဝှမ်းတစ်ခုကို မင်းရှာတွေ့ခဲ့တယ်လို့ အရင်က ပြောခဲ့တယ်… အခု အဲ့ဒါကို မင်းရှာဖွေနိုင်ဦးမလား ”
သီရှီထန်က လေးနက်စွာ မေးသည်။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသတွင် သူတို့၏ အနာဂတ်တိုးတတ်မှုနှင့် သက်ဆိုင်နေသော ကိစ္စဖြစ်သည်။ ထို့ကြောင့် သူတို့က မည်သည့်အရာကိုမဆို အထူးသတိထားရမည်။
ယင်းကို ယင်းခုန်းကြားသောအခါ သူက လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ အရှင်မင်းကြီး… ဒီလက်အောက်ငယ်သားက ချိုင့်ဝှမ်းရဲ့ တည်နေရာကို အမြဲတမ်း မှတ်မိနေပါတယ်… အဲ့ဒီချိုင့်ဝှမ်းက အရမ်းလျှို့ဝှက်ပြီး အရမ်းကျယ်ပြောပါတယ်… အဲ့ဒီမှာ ကျုပ်တို့အားလုံး အတူနေထိုင်နိုင်ပါတယ် ”
ယင်းခုန်းက တုံ့ဆိုင်းမနေဘဲ အမြန်ပြန်ဖြေသည်။ သူ၏ လေသံထဲမှာ သေချာမှုဖြင့် ပြည့်နှက်နေသည်။
အတိတ်တွင် သူက တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံမှာ လှည့်ပတ်ပျံသန်းခဲ့သည်။ ထိုသို့ပျံသန်းနေစဉ် နေရာတစ်နေရာမှ မြူခိုးထုက သူ၏ အမြင်အာရုံကို ကန့်သတ်ပိတ်ဆို့လိုက်သည်။ ထို့ကြောင့် သူက မြေပြင်ပေါ်မှ မြင်ကွင်းကို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် မြူခိုးထုက ထိုအချိန်မှာ ရုတ်တရက် လွင့်ပြယ်သွားသည်။ ထို့ကြောင့် သူက မြေပြင်ပေါ်မှ မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်သွားသည်။
သူက ထိုနေရာမှာ ဧရာမချိုင့်ဝှမ်းကို ရှာတွေ့သွားသည်။ သူက အနာဂတ်တွင် ဤချိုင့်ဝှမ်းဆီသို့ နောက်တစ်ကြိမ် ပြန်လာမည်ဟု တွေးထားသောကြောင့် ချိုင့်ဝှမ်း၏ တည်နေရာကို သေသေချာချာ မှတ်ထားခဲ့သည်။ ထိုချိုင့်ဝှမ်းသည် ယခုအချိန်ထိပင် သူ့ကို လေးနက်သောအမြင် ကျန်ရစ်စေသည်။ တောင်တန်းဒေသ၏ ကောင်းကင်ယံမှာ သူပျံဝဲနေလျှင် ချိုင့်ဝှမ်း၏ တည်နေရာကို အကြည့်တစ်ချက်ဖြင့်ပင် သူရှာဖွေနိုင်လိမ့်မည်။ ထိုနေရာက တောင်တန်းဒေသ၏ အရှေ့ဘက်မှာ ဖြစ်သည်။
“ မင်းမှာ ဝေဟင်အားသာချက်ရှိတယ်… ပိုင်ယွဲ့နဲ့ ငါက ဒီနေရာမှာ အရင်အခြေချနေမယ်… မင်းက လင်းတမျိုးနွယ်ကို ဦးဆောင်ပြီး မင်းပြောတဲ့ ချိုင့်ဝှမ်းကို သွားရှာဖွေပါ… ဒါ့အပြင် ချိုင့်ဝှမ်းထဲက အခြေအနေကိုလည်း သေချာစစ်ဆေးကြည့်ခဲ့ပါ ”
သီရှီထျန်သည် တစ်ခဏကြာ တွေးတောပြီးနောက် အမိန့်ပေးသည်။
အခြေတည်ငြိမ်ခြင်း… ။
ယခုအချိန်မှာ သူတို့လိုအပ်နေသောအရာက အခြေတည်ငြိမ်ခြင်းပင်။
တောင်ပိုင်းမြေရိုင်းဒေသနှင့်ပတ်သက်လျှင် သူတို့က အပြင်လူများ ဖြစ်ကြသည်။ သူတို့က တောင်တန်းဒေသအကြောင်း အနည်းအကျဉ်းသာ သိထားကြသည်။ တောင်တန်းဒေသထဲသို့ မဆင်မခြင် ဝင်ရောက်ခြင်းက ကောင်းမွန်သော ရွေးချယ်မှုမဟုတ်ပေ။ ယခု သူက ကင်းထောက်စေလွှတ်ရန် ယင်းခုန်းနှင့် လင်းတအုပ်စုကိုသာ အားကိုးနိုင်သည်။ ချိုင့်ဝှမ်းကို သူတို့ရှာတွေ့သွားပြီဆိုလျှင် သူတို့က ချိုင့်ဝှမ်း၏ ဦးတည်ရာဆီသို့ ရွှေ့ပြောင်းကြလိမ့်မည်။ ထို့နောက် သူတို့က ချိုင့်ဝှမ်းထဲမှာ အခြေအတည်တကျနေထိုင်ပြီး တောင်တန်းဒေသထဲမှ အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်ရန် လုပ်ဆောင်ကြမည်။
အကယ်၍ ထိုသို့မဖြစ်လာလျှင် သူက ပိုပြီးအန္တရာယ်များသော နည်းလမ်းကို ရွေးချယ်ရလိမ့်မည်။ သူကိုယ်တိုင် သားရဲအုပ်စုတစ်စုကို ဦးဆောင်ပြီး တောင်တန်းဒေသထဲသို့ ဝင်ရောက်ကာ သူတို့အုပ်စု အခြေအတည်တကျ နေထိုင်နိုင်မည့် တည်နေရာကို ရှာဖွေမည်။ သို့သော် ထိုသို့လုပ်ဆောင်မည်ဆိုလျှင် ဖြစ်နိုင်ခြေအမျိုးမျိုး ဖြစ်ပေါ်လာလိမ့်မည်။ မဖြစ်မနေလိုအပ်သော အခြေအနေမဟုတ်လျှင် သီရှီထျန်က ထိုရွေးချယ်မှုကို မပြုလုပ်ချင်ပေ။
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ယင်းခုန်းသည် သူ၏ ဧရာမအတောင်ပံများကို ဖြန့်ထုတ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ သူက စူးရှကျယ်လောင်စွာ အော်မြည်လိုက်သည်။ သူ၏ အော်သံကို ကြားသောအခါ အရေအတွက်များပြားသော လင်းတများက အဝေးမှ ပျံသန်းလာကြပြီး ယင်းခုန်း၏ အနောက်မှာ စုဝေးလိုက်ကြသည်။ ထို့နောက် သူတို့အုပ်စုက တောင်ပိုင်းမြေရိုင်းဒေသဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။ သူတို့က ကင်းထောက်လုပ်ရန် အသင့်ပြင်လိုက်ကြသည်။
လင်းတအုပ်စုက အဝေးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြောင်း သီရှီထျန် မြင်သွားသည်။ သူ၏ အကြည့်က တောင်ပိုင်းမြေရိုင်းဒေသပေါ်မှာ ကျရောက်နေဆဲပင်။
“ တောင်ပိုင်းမြေရိုင်းဒေသက တကယ်ပဲ အရမ်းကျယ်ပြောတယ်… အဲ့ဒါက ငါ့အတွက် အခြေချနေထိုင်ဖို့ သင့်တော်တယ်… တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် တောင်တန်းဒေသထဲမှာရှိတဲ့ အင်အားစုအားလုံးကို ငါသိမ်းသွင်းပစ်မယ်… အဲ့ဒီအခါကျရင် မသေမျိုးကျင့်ကြံခြင်းလောကရဲ့ ဂိုဏ်းတွေနဲ့ ရင်ဆိုင်နိုင်တဲ့ အင်အား ငါ့မှာ ရှိလာလိမ့်မယ် ”
သီရှီထျန်၏ အကြည့်က အလွန်လေးနက်နေသည်။ သူ၏ မျက်လုံးထဲတွင် တောင်ပိုင်းမြေရိုင်းဒေသက သူ့အတွက် နောက်ထပ် အစမှတ်ဖြစ်သည်။ ထိုနေရာသည် လက်ရှိ သူ့အတွက် စွမ်းအားတိုးမြှင့်နိုင်ပြီး အင်အားချဲ့ထွင်နိုင်မည့် အကောင်းဆုံးနေရာ ဖြစ်သည်။ ထို့ပြင် ထိုနေရာသည် သူ၏ လက်အောက်ငယ်သားများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်မည့် နေရာလည်း ဖြစ်သည်။
“ သိပ်မကြာခင်မှာ ဒီတောင်တန်းဒေသကို ငါသိမ်းပိုက်နိုင်ရမယ် ”
လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက သူ၏ နှလုံးသားထဲမှ ထွက်ပေါ်လာသည်။ ယင်းက သားရဲဘုရင်တစ်ပါးထံမှ သဘာဝအလျောက် ထွက်ပေါ်နေသော အရှိန်အဝါဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် ဤနေရာက အဆုံးသတ်မဟုတ်ပေ။ ယင်းအစား နောက်ထပ် အစမှတ်တစ်ခု ဖြစ်သည်။
သူက တောင်ထွတ်ပေါ်မှာ အချိန်တစ်ခဏကြာအောင် ရပ်နေသည်။ ထို့နောက် သူက စိတ်ဓာတ်ပြတ်သားစွာ အနောက်လှည့်လိုက်ပြီး တောင်အောက်သို့ ခုန်ဆင်းသွားသည်။ သူ့မှာ ဆောင်ရွက်ရမည့် ကိစ္စအများကြီး ရှိသည်။
သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းကို မြန်နိုင်သမျှမြန်မြန် အထွတ်အထိပ်သို့ ရောက်အောင် ကျင့်ကြံရမည်။ တောင်တန်းဒေသထဲသို့ ဝင်ရောက်ပြီးလျှင် သူ၏ လက်အောက်ငယ်သားငါးယောက်ကို သူ့ကဲ့သို့ မိစ္ဆာလမ်းစဉ်ပေါ်မှာ လျှောက်လှမ်းနိုင်ရန် ကျင့်ကြံခြင်းအတတ်ပညာများ သူသင်ကြားပေးရမည်။
သူကျင့်ကြံသော “ ကျားဟိန်းသံကျင့်စဉ် ”က သူ့အတွက် အထူးရည်ရွယ်သော ကျင့်စဉ်ဖြစ်သော်လည်း အစောပိုင်းအဆင့်များက တိရိစ္ဆာန်အားလုံးအတွက် အတူတူပင် ဖြစ်သည်။ တိရိစ္ဆာန်များသည် မိစ္ဆာစွမ်းအားကို သူတို့၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းစေရန် သူတို့၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးကို ဖွင့်လှစ်ရလိမ့်မည်။ ထိုလုပ်ငန်းစဉ်သည် တိရိစ္ဆာန်အားလုံးအတွက် တူညီသည်။ သို့သော်လည်း မျိုးနွယ်မတူညီမှုကြောင့် ခြားနားမှုတချို့ ရှိသည်။
သူတို့ထဲတွင် ပြဿနာအများဆုံးက ပိုင်စုစု ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူက တွားသွားသတ္တဝါဖြစ်ပြီး သူ့မှာ ခြေထောက်များ မရှိပေ။ သူ့မှာ ရှည်လျားသော ခန္ဓာကိုယ်သာလျှင် ရှိ၏။ ထို့ကြောင့် မြွေမိစ္ဆာကျင့်ကြံသူနှင့် သူ့ကြားမှာ မည်သည့်ခြားနားမှုရှိကြောင်း သူမသိပေ။ သို့သော်လည်း ခြားနားမှုက အလွန်မကြီးမားနိုင်ကြောင်း သူယုံကြည်သည်။
သူက အလွန်လျှင်မြန်သော အလျင်ဖြင့် တောင်အောက်သို့ မြန်ဆန်စွာ ဆင်းသွားသည်။ ကြမ်းတမ်းသော လေပြင်းက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ အရှေ့သို့ မြန်ဆန်စွာ သူပြေးသွားနေစဉ် ကြီးမားသော လေအဟုန်က သူ့အနောက်မှ နီးကပ်စွာ လိုက်လာသည်။
မကြာမီ သူက တောင်အောက်သို့ ရောက်ရှိသွားသည်။
“ ဘန်း ”
သူက ရုတ်တရက် ရပ်လိုက်သည့်အခါ သူ့အနားမှာ ရစ်သိုင်းနေသော လေအဟုန်က အရှေ့သို့ ပျံသန်းထွက်သွားပြီး မျောက်ဝံတချို့ပေါ်သို့ ရိုက်ခတ်သွားသည်။ မျောက်ဝံများသည် အရပ်မျက်နှာအသီးသီးသို့ လွင့်စင်သွားကြသည်။
လင်းတမျိုးနွယ်စုမှလွဲလျှင် ကျန်မျိုးနွယ်စုသုံးခုသည် နေရာပြောင်းရွှေ့သည့် ဤခရီးတစ်လျှောက်မှာ အနည်းနှင့်အများ ထိခိုက်ဆုံးရှုံးမှုကို တွေ့ကြုံခံစားခဲ့ကြသည်။ သို့သော် အားနည်းသူများက ဖယ်ရှားခံလိုက်ရပြီး သန်မာသူများသာ မျိုးနွယ်စုထဲမှာ ကျန်နေခဲ့ကြသည်။
“ အရှင်မင်းကြီး ”
တောင်ထွတ်ပေါ်မှ သီရှီထျန်ဆင်းလာသည်ကို မြင်သောအခါ နှင်းကဲ့သို့ ဖြူဆွတ်သော ဝံပုလွေတစ်ကောင်၊ တစ်ကိုယ်လုံးဖြူဖွေးသော ဧရာမမြွေတစ်ကောင်နှင့် ရွှေရောင်အမွှေးအမျှင်များရှိသော မျောက်ဝံတစ်ကောင်က အရှေ့သို့ အမြန်ထွက်လာကြပြီး သီရှီထျန်ကို အရိုအသေပေးလိုက်ကြသည်။
“ မင်းတို့ရဲ့ မျိုးနွယ်ဝင်တွေကို အနီးနားမှာ အမဲလိုက်ခိုင်းလိုက်ပါ… အားလုံး ဗိုက်ပြည့်နေရမယ်… နေမဝင်ခင်မှာ တောင်ပိုင်းမြေရိုင်းဒေသဆီ ငါတို့ရောက်သွားပြီး တောင်တန်းထဲ ဝင်ကြမယ်… ငါတို့ရဲ့ ပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရမယ် ”
သီရှီထျန်သည် သူ့အရှေ့မှ သားရဲမျိုးနွယ်စုများကို ကြည့်လိုက်သည်။ လဝက်ကြာအောင် ဒုက္ခအမျိုးမျိုးတွေ့ကြုံပြီးနောက် ဤနေရာအထိ အသက်ရှင်ကျန်ရစ်ခဲ့သူများသည် သာမန်တိရိစ္ဆာန်များထက် အများကြီး ပိုသန်မာကြသူများ ဖြစ်သည်။
သူက အကြည့်တစ်ချက်ဖြင့်ပင် ထိုသားရဲများထံမှ သတိထားမှုနှင့် ရိုင်းစိုင်းကြမ်းကြုတ်မှုကို အာရုံခံနိုင်ပေသည်။ အကယ်၍ ယခုအချိန်မှာ သူတို့က အရေအတွက်နှစ်ဆပိုများသော ရန်သူများဖြင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် အနိုင်ရရှိလိမ့်မည်။ ထို့ကြောင့် ဤတစ်ကြိမ် နေရာပြောင်းရွှေ့မှုက အကျိုးမဲ့ဖြစ်မသွားပေ။ အနည်းဆုံးတော့ သားရဲအားလုံးက လေ့ကျင့်ပေးခြင်းခံလိုက်ကြရသည်။
“ အရှင်မင်းကြီး… တောင်ပိုင်းမြေရိုင်းဒေသဆီ ကျုပ်တို့ ရောက်တော့မှာလား ”
ယင်းကို ကြားသောအခါ ပိုင်စုစုက သူ၏ ခန္ဓာကိုယ်ကို ရစ်ခွေလိုက်ပြီး သူ၏ မျက်လုံးကြီးများကို မှိတ်ချည်ဖွင့်ချည် ပြုလုပ်လိုက်သည်။ သူက ဝမ်းသာပျော်ရွှင်စွာ မေးသည်။
ဤအတောအတွင်းမှာ တောင်ပိုင်းမြေရိုင်းဒေသသည် သူတို့၏ ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်မည့် တည်နေရာဖြစ်လာသည်။ ယခု သူတို့က တောင်ပိုင်းမြေရိုင်းဒေသဆီသို့ အမှန်တကယ် ရောက်ရှိလာသည့်အခါ ထုံးစံအားဖြင့် ဝမ်းသာပျော်ရွှင်သွားကြသည်။
“ အင်း… နောက်ထပ် နေ့တစ်ဝက်ကြာ ခရီးဆက်ပြီးရင် တောင်တန်းဒေသရဲ့ အပြင်ဘက်ဆီ ငါတို့ရောက်သွားကြလိမ့်မယ်… အရင်က ယင်းခုန်းပြောခဲ့တဲ့ ချိုင့်ဝှမ်းကို ရှာဖွေဖို့ စောစောကတင် ယင်းခုန်းနဲ့ သူ့ရဲ့ မျိုးနွယ်စုကို ငါစေခိုင်းလိုက်ပြီ… တောင်တန်းဒေသဆီ ငါတို့ရောက်သွားတဲ့အခါ ယင်းခုန်းက ငါ့အတွက် သတင်းကောင်းသယ်လာလိမ့်မယ်လို့ ငါယုံကြည်တယ် ”
သီရှီထျန်က ပိုင်စုစုကို ကြည့်လိုက်ပြီး ပြောသည်။
“ စုစု… မင်းလည်း အသင့်ပြင်ဆင်ထားပါ… တောင်ပိုင်းမြေရိုင်းဒေသက ငါတို့ရဲ့ ကျားရဲတောင်တန်းဒေသလို မဟုတ်ဘူး… တောင်တန်းဒေသထဲမှာ ဘယ်လိုအခြေအနေတွေနဲ့ တွေ့ကြုံရမယ်ဆိုတာ ငါတို့သေချာမသိဘူး… ဒါကြောင့် အရာအားလုံးကို သတိထားတာက အကောင်းဆုံးပဲ ”
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ပိုင်စုစုက ခေါင်းညိတ်လိုက်သည်။
လဝက်ကြာအောင် အန္တရာယ်အမျိုးမျိုး၊ အခက်အခဲအမျိုးမျိုးဖြင့် တွေ့ကြုံပြီးသည့်နောက် အရာရာကို သတိထားခြင်းက သူတို့၏ ပင်ကိုယ်အသိစိတ် ဖြစ်လာသည်။ အမဲလိုက်ခြင်းသည် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ကြသော သားရဲတိရိစ္ဆာန်များအတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။ သူတို့သည် နှစ်နာရီမပြည့်ခင်မှာတင် သားကောင်များကို အမဲလိုက်ပြီး ဗိုက်ဖြည့်တင်းလိုက်ကြသည်။
ထို့နောက် ဧရာမသားရဲအုပ်စုသည် မတ်တတ်ရပ်လိုက်ကြပြီး တောင်ပိုင်းမြေရိုင်းဒေသဆီသို့ စတင်ရွေ့လျားသွားကြသည်။ ဖြစ်နိုင်သည်မှာ ပန်းတိုင်ဆီသို့ သူတို့ရောက်တော့မည်ဖြစ်ကြောင်း သိထားသောကြောင့် သူတို့၏ အလျင်က ယခင်ကထက် အနည်းငယ် ပိုမြန်ဆန်သွားဟန် ရ၏။
လမ်းတစ်လျှောက်တွင် သစ်ပင်အမျိုးမျိုးနှင့် ရှုခင်းအမျိုးမျိုးက သူတို့၏ အနောက်မှာ ကျန်နေခဲ့ကြသည်။ ဤနေရာသည် ကျားရဲတောင်တန်းဒေသထက်ပင် ပိုပြီးရှေးကျသည်။ ဤနေရာမှာ လူသားများ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရပေ။ ဖြစ်နိုင်သည်မှာ ဤနေရာက လူသားများ၏ ထိတွေ့ခြင်းမခံရသော တားမြစ်နယ်မြေတစ်ခု ဖြစ်ဟန် တူသည်။ ဤနေရာတွင် ထူထဲသော တောအုပ်အများအပြား ရှိသည်။ သို့သော်လည်း သီရှီထျန်တို့အုပ်စုသည် ထိုတောအုပ်များကို စိတ်မဝင်စားပေ။
တောင်တန်းဒေသသည်သာ သူတို့၏ ပန်းတိုင်ဖြစ်သည်။ သူတို့သည် ဤနေရာမှာ မည်သို့ကြောင့် ရပ်နိုင်မည်နည်း။ ယင်းအစား သူတို့က ပင်လယ်ထဲမှ ငါးများသဖွယ် မြန်ဆန်စွာ ရွေ့လျားနေကြသည်။
နောက်ဆုံးမှာတော့ နာရီအနည်းငယ်ကြာပြီးနောက် နေလုံးသည် အနောက်အရပ်သို့ ဖြည်းဖြည်းချင်း ဝင်သွားသည်။ သီရှီထျန်တို့အုပ်စုသည် အဆုံးမဲ့စွာ ကျယ်ပြောသော တောင်တန်းဒေသတစ်ခု၏ အရှေ့သို့ ရောက်ရှိသွားကြသည်။