အခန်း (၇၃-၇၅)
Vol. 5 Ch. 73-75
အခန်း(၇၃)
လှိုဏ်ခေါင်းထဲသို့ ရောက်ရှိပြီးနောက် သီရှီထျန်က သတိကြီးစွာ ထားလိုက်သည်။ သူက စူးရှတောက်ပသော မျက်လုံးဖြင့် လှိုဏ်ဂူ၏ နေရာတိုင်းကို စစ်ဆေးကြည့်လိုက်သည်။ မတော်တဆမှုဖြစ်လာမည်ကို သူစိုးရိမ်နေသည်။
“ ဖတ် ”
အရှေ့မှ ရုတ်တရက် ထွက်ပေါ်လာသော အသံက သီရှီထျန်နှင့် ပိုင်စုစုကို သတိအနေအထားသို့ ချက်ချင်း ဝင်ရောက်စေသည်။ မကြာမီ အဖြူရောင်ပုံရိပ်တစ်ခုက သူတို့၏ အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာကြောင်း မြင်တွေ့သွားကြသည်။
“ စုစု… ကြည့်… ယုန်တစ်ကောင်က အရှေ့ကနေ ပြေးနေတယ်… သူ့အနောက်ကနေ လိုက်ရအောင် ”
သီရှီထျန်သည် ယုန်ကို မြင်သော်လည်း မအံ့ဩသွားပေ။ ယင်းအစား သူက ပျော်ရွှင်သွားသည်။ ဤနေရာမှာ သက်ရှိတစ်ကောင် ရှိသည်ဆိုလျှင် ယင်းက ဤလှိုဏ်ခေါင်းသည် အလုံပိတ်မဟုတ်ကြောင်း အဓိပ္ပာယ်ရသည်။ ယုန်သည် ကြောက်လန့်သွားပြီးလျှင် သူ့ကို ဘေးကင်းလုံခြုံမှု ပေးနိုင်မည့် ဦးတည်ရာဆီသို့ ပြေးသွားလိမ့်မည်။ အကယ်၍ သူတို့က ယုန်နောက်သို့ လိုက်သွားမည်ဆိုလျှင် တခြားထွက်ပေါက်ဆီသို့ သေချာပေါက် ရောက်သွားကြလိမ့်မည်။
သီရှီထျန်နှင့် ပိုင်စုစု၏ အလျင်အရ ယုန်ကို ဖမ်းဆီးရန် သူတို့အတွက် မခက်ခဲပေ။ သို့သော်လည်း သူတို့က တခြားထွက်ပေါက်ကို ရှာဖွေချင်သောကြောင့် ယုန်နောက်သို့ ရည်ရွယ်ချက်ရှိစွာ လိုက်သွားကြသည်။ တစ်ခဏကြာ လျှောက်ပြီးနောက် လှိုဏ်ခေါင်းထဲမှာ လမ်းကြောင်းတစ်ခုထက်ပိုရှိကြောင်း သူတို့ရှာတွေ့သွားကြသည်။
အကယ်၍ သူတို့က မှားယွင်းသော လမ်းကြောင်းကို ရွေးချယ်မိမည်ဆိုလျှင် ဒုက္ခရောက်သွားနိုင်သည်။ သို့သော်လည်း ယခု ယုန်က သူတို့ကို အရှေ့မှ လမ်းပြပေးနေလေရာ အမှန်ကန်ဆုံး လမ်းကြောင်းကို ရွေးချယ်ရန် သူတို့အတွက် မခက်ခဲတော့ပေ။
ပိုင်စုစုသည်လည်း ယင်းကို နားလည်သည်။ ထို့ကြောင့် သူက ယုန်နောက်မှ စိတ်လှုပ်ရှားစွာ လိုက်သွားသည်။
မကြာမီ သူတို့နှစ်ယောက်က လှိုဏ်ခေါင်းထဲမှ လမ်းကြောင်းအများအပြားကို ဖြတ်ကျော်သွားကြသည်။ ရုတ်တရက်ဆိုသလို သူတို့၏ အရှေ့မှ ယုန်ပုံရိပ်က ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ အလင်းရောင်က သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။
“ လှိုဏ်ခေါင်းရဲ့ ထွက်ပေါက်ကို ငါတို့ရောက်ပြီ ”
သီရှီထျန်က ဝမ်းသာပျော်ရွှင်သွားသည်။ သူက အရှေ့သို့ အမြန်ပြေးသွားသည်။ လှိုဏ်ခေါင်း၏ အခြားတစ်ဖက်တွင် ထွက်ပေါက်တစ်ခုရှိနေကြောင်း သူသေချာသွားသည်။ ထွက်ပေါက်၏ အရှေ့မှာ ရပ်လိုက်စဉ် သီရှီထျန်သည် သူ့အရှေ့မှ မြင်ကွင်းကြောင့် အံ့ဩဝမ်းသာသွားသည်။
“ ငါတို့ရောက်ပြီ… ငါတို့ရှာတွေ့ပြီ… ဒီနေရာက ယင်းခုန်းပြောတဲ့ ချိုင့်ဝှမ်းဖြစ်ရမယ်… ဒီနေရာက ငါတို့နေထိုင်ဖို့ တကယ် သင့်တော်တယ် ”
အရှေ့တွင် သူ၏ မျက်လုံးထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ အလွန်ကျယ်ပြောသော မြက်ခင်းကုန်းမြေဖြစ်သည်။ မြေပြင်သည် စိမ်းလန်းစိုပြေသည်။ မြက်ပင်များသည် ထူထဲရှည်လျားကြသည်။ တိရိစ္ဆာန်အုပ်စုတချို့က မြက်ပင်များကို ပျော်ရွှင်စွာ စားနေကြသည်။ ဘေးတစ်ဖက်တွင် သေးငယ်သော တောအုပ်တစ်ခုရှိသည်။ တောအုပ်ထဲတွင် သစ်သီးပင်အများကြီး ရှိသည်။ ယင်းက အလွန်ဆွဲဆောင်မှုရှိသည်။ အရှေ့အရပ်တွင် ရေတံခွန်တစ်ခု ရှိသည်။ ကြည်လင်သန့်ရှင်းသော ရေသည် ကျောက်တုံးများပေါ်သို့ ဆက်တိုက် ကျဆင်းသွားနေပြီး သံစဉ်အမျိုးမျိုးကို ထုတ်လွှတ်ပေးနေသည်။ ထူထဲသော ရေခိုးရေငွေ့က ဝေဟင်ပေါ်သို့ တလိပ်လိပ် မြှောက်တတ်သွားနေသည်။
အကြည့်တစ်ချက်ဖြင့်ပင် ဤနေရာက လူတစ်သိန်းနေထိုင်ရန် သင့်တော်သော နေရာတစ်နေရာဖြစ်ကြောင်း မည်သူမဆို ပြောနိုင်ပေသည်။ ဤနေရာသည် သူတို့အတွက် သာမန်ဘဝတစ်ခုဖြင့် နေထိုင်ရန် လုံလောက်ပေသည်။ ဤနေရာမှာ တောင်တန်းများနှင့် မြစ်ချောင်းများ ရှိသည်။ ဤနေရာသည် သေးငယ်သော ကမ္ဘာငယ်တစ်ခု ဖြစ်သည်။
“ ကောင်းတယ်… အရမ်းကောင်းတယ်… ချိုင့်ဝှမ်းက အရမ်းကျယ်ပြောပြီး ဘေးပတ်ပတ်လည်မှာ တောင်တွေ ရှိတယ်… ပြီးတော့ မြစ်ချောင်းတွေလည်း ရှိတယ်… ဒီကို လာမယ်ဆိုရင် ကောင်းကင်ပေါ်ကနေ ပျံသန်းလာမှပဲ ရလိမ့်မယ်… အဲ့လိုမဟုတ်ရင် စောစောက ငါတို့ဝင်လာခဲ့တဲ့ လမ်းကြောင်းကနေပဲ ဒီကို လာနိုင်လိမ့်မယ်… ဒီနေရာက တကယ်ပဲ အရမ်းလျှို့ဝှက်တယ်… ဒီနေရာက ငါတို့နေထိုင်ဖို့ အသင့်တော်ဆုံးပဲ… ပြီးတော့ ဒီနေရာရဲ့ လေထဲမှာ ကိန်းအောင်းနေတဲ့ ဝိညာဉ်စွမ်းအားက အပြင်မှာထက် အများကြီး ပိုသိပ်သည်းတယ်… ကောင်းတယ်… အရမ်းကောင်းတယ် ”
စက်ကရာသည် သူ့အရှေ့မှ ချိုင့်ဝှမ်းကို ပိုပြီးကြာကြာ ကြည့်လေ ပိုပြီးစိတ်ကျေနပ်လာလေ ဖြစ်သည်။ ယင်းက သူ၏ မျှော်လင့်ထားမှုထက်ပင် အများကြီး ကျော်လွန်နေသည်။ ထိုသို့နေရာသည် အခြေအတည်တကျ သူတို့နေထိုင်ရန် အသင့်တော်ဆုံး ဖြစ်သည်။
ထို့ပြင် ချိုင့်ဝှမ်း၏ ဘေးပတ်ပတ်လည်ကို တောင်တန်းများနှင့် ချောက်ကမ်းပါးများက ဝိုင်းရံထားသည်။ ဤနေရာသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းက သူတို့၏ အနောက်မှ လှိုဏ်ခေါင်း ဖြစ်သည်။ သူတို့သည် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီးလျှင် ကျောက်တုံးများဖြင့် လှိုဏ်ခေါင်းကို ချိပ်ပိတ်နိုင်ပေသည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့က ချိုင့်ဝှမ်းထဲမှာ ဘေးကင်းလုံခြုံစွာ အင်အားစုဆောင်းနိုင်လိမ့်မည်။ အချိန်ကာလတစ်ခုအထိ မည်သည့်အန္တရာယ်နှင့်မှ သူတို့တွေ့ကြုံရလိမ့်မည် မဟုတ်ချေ။
“ ဒီလိုအံ့ဖွယ်ကောင်းတဲ့ နေရာကို ရှာတွေ့သွားတဲ့အတွက် ဂုဏ်ပြုပါတယ် အရှင်မင်းကြီး… အနာဂတ်မှာ ဒီချိုင့်ဝှမ်းက အရှင်မင်းကြီးရဲ့ အခြေခံအုတ်မြစ်ဖြစ်လာပါလိမ့်မယ်… ဘာလို့ အရှင်မင်းကြီးက အဲ့ဒါကို နာမည်မပေးတာလဲ ”
ပိုင်စုစုသည် သူ့အရှေ့မှ အံ့ဖွယ်မြင်ကွင်းကို ကြည့်နေရင်း ခန္ဓာကိုယ်ကို ရစ်ခွေလိုက်သည်။ ဤနေရာသည် ယခုအချိန်မှစ၍ သူတို့၏ အိမ်အသစ် ဖြစ်လာလိမ့်မည်။
“ အင်း… စုစု… မင်းပြောတာ မှန်တယ်… ဒီချိုင့်ဝှမ်းက အနာဂတ်မှာ ငါတို့အပိုင်ဖြစ်လာလိမ့်မယ်… အဲ့ဒါကို ငါတို့နာမည်ပေးရမယ်… အခုကစပြီး ဒီနေရာက ငါတို့ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်… ဒီနေရာမှာ ငါတို့ အင်အားစုဆောင်းကြမယ်… မသေမျိုးကျင့်ကြံခြင်းဂိုဏ်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ အင်အားစုတစ်ခုကို အနှေးနဲ့အမြန် ငါမွေးထုတ်မယ် ”
သီရှီထျန်သည် သူ့အရှေ့မှ ချိုင့်ဝှမ်းကို ကြည့်နေရင်း အနာဂတ်အကြောင်း တွေးတောမိသောအခါ ပြိုင်စံရှားသော အင်အားတစ်ခုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။
သူက ခေါင်းမော့လိုက်ပြီး မိုးကောင်းကင်ကို ကြည့်လိုက်သည်။ သူ၏ အကြည့်က ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။
“ အနာဂတ်မှာ ငါ့ရဲ့ လက်အောက်မှာ ကိုယ့်ကံကြမ္မာကိုယ် ထိန်းချုပ်နိုင်တဲ့ မိစ္ဆာထောင်သောင်းချီ ရှိလာမယ်လို့ ငါမျှော်လင့်တယ်… သူတို့က မသေမျိုးကျင့်ကြံခြင်းလောကကို တိုက်ရိုက် စိန်ခေါ်နိုင်တဲ့အထိ သန်မာကြလိမ့်မယ်… အဲ့ဒီတော့ ဒီချိုင့်ဝှမ်းကို မိစ္ဆာအသင်္ချေချိုင့်ဝှမ်းလို့ ခေါ်တွင်စေမယ် ”
မိစ္ဆာအသင်္ချေချိုင့်ဝှမ်း… ။
စစ်မှန်သော မိစ္ဆာတစ်ကောင်သည် ကိုယ်ပိုင်အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်သော သားရဲတစ်ကောင်ကို ရည်ညွှန်းသည်။ ထိုသို့မိစ္ဆာသည် လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်စွမ်းရှိသည်။ သူတို့၏ ခွန်အားသည် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် မသေမျိုးကျင့်ကြံသူများထက် အားမနည်းချေ။
ထို့ပြင် မိစ္ဆာ၏ ရုပ်ခန္ဓာကိုယ်သည် မသေမျိုးကျင့်ကြံသူများထက် အများကြီး ပိုသန်မာပြီး သူတို့ဆီမှာ မွေးရာပါသဘာဝစွမ်းရည်များလည်း ရှိကြသည်။ ထို့ကြောင့် အဆင့်တူတွင် မိစ္ဆာများသည် မသေမျိုးကျင့်ကြံသူများထက် ပိုပြီးသန်မာကြသည်။ မိစ္ဆာတစ်ကောင်သည် အဆင်တူသော မသေမျိုးကျင့်ကြံသူနှစ်ယောက် သုံးယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်။
အကယ်၍ ဤချိုင့်ဝှမ်းထဲမှာ ထိုသို့မိစ္ဆာထောင်သောင်းချီ စုဝေးရှိနေမည်ဆိုလျှင် ယင်းက မည်မျှကြောက်စရာကောင်းလိမ့်မည်နည်း။ ထိုသို့အင်အားစုသည် မသေမျိုးကျင့်ကြံခြင်းလောကထဲမှ ဂိုဏ်းများကို ရင်ဆိုင်နိုင်စွမ်းရှိသည်။ သူတို့၏ စုပေါင်းအင်အားသည် အသန်မာဆုံး မသေမျိုးကျင့်ကြံခြင်းဂိုဏ်းထက် နိမ့်ကျလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း လက်ရှိ သူ့အတွက်တော့ ထိုအတွေးက သူလက်လှမ်းမမီနိုင်သောအရာ ဖြစ်သည်။ သို့သော်လည်း စက်ကရာဆီမှာ ယုံကြည်မှုအပြည့်ရှိသည်။ အကယ်၍ သူသာ လက်မလျော့ဘဲ တစိုက်မတ်မတ် ကြိုးစားသွားမည်ဆိုလျှင် ထိုနေ့က အနှေးနှင့်အမြန် ရောက်လာလိမ့်မည်။
ထိုအချိန်ကျလျှင် မေမေကျားဖြူကို ဖမ်းဆီးသွားသော ဂိုဏ်းက မည်မျှအင်အားကြီးမားပါစေ သူက ထောင်သောင်းချီသော မိစ္ဆာများကို ဦးဆောင်၍ ထိုဂိုဏ်းကို အမှုန့်ချေပစ်မည်။ ထိုအချိန်ကျလျှင် သူ့နှလုံးသားထဲမှာ တစ်ချိန်လုံး ဖိနှိပ်ထားသော အမုန်းတရားကို ဖွင့်ထုတ်ပစ်မည်။
“ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း… ဒီနာမည်က အရမ်းကောင်းတယ်… အနာဂတ်မှာ အရှင်မင်းကြီးက ဒီချိုင့်ဝှမ်းကို သူ့ရဲ့ နာမည်အတိုင်း တကယ်ဖြစ်လာအောင် လုပ်ပေးနိုင်လိမ့်မယ်လို့ စုစု ယုံကြည်တယ် ”
ယင်းကို ပိုင်စုစု ကြားသောအခါ သူက မျက်လုံးဝင်းလက်သွားသည်။ သူက သီရှီထျန်ကို မော့ကြည့်လိုက်လေရာ ဖော်မပြနိုင်သော ကြည်ညိုလေးစားမှုက သူ၏ မျက်လုံးထဲမှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
“ အင်း ”
သီရှီထျန်က ချိုင့်ဝှမ်းကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး လှိုဏ်ခေါင်းဆီသို့ ပြန်လျှောက်သွားသည်။
“ ဟုတ်ပြီ စုစု… ငါတို့အပြင်ထွက်လာတာ အချိန်အတော်ကြာသွားပြီ… ချိုင့်ဝှမ်းဆီ သွားနိုင်မယ့် လမ်းကြောင်းကို အခု ငါတို့ရှာတွေ့သွားပြီဆိုတော့ အပြင်ပြန်ထွက်ပြီး ချီဟောင်၊ ပိုင်ယွဲ့နဲ့ တခြားလူတွေကို အကြောင်းကြားရမယ်… မင်းတို့အားလုံး ကိုယ့်ရဲ့ မျိုးနွယ်စုကို ခေါ်ပြီး ချိုင့်ဝှမ်းဆီ အမြန်ရွှေ့ပြောင်းကြရမယ်… ချိုင့်ဝှမ်းထဲမှာ အားလုံး အခြေအတည်တကျဖြစ်သွားတဲ့အခါ မိစ္ဆာဖြစ်အောင် ဘယ်လိုကျင့်ကြံရမလဲ မင်းတို့ကို ငါသင်ကြားပေးမယ် ”
သီရှီထျန်သည် စကားပြောနေရင်း အပြင်သို့ ပြန်လျှောက်သွားသည်။
“ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ”
သီရှီထျန်က မိစ္ဆာဖြစ်လာစေမည့် နည်းလမ်းကို သူတို့အား သင်ကြားပေးတော့မည်ဖြစ်ကြောင်း ပိုင်စုစု ကြားသောအခါ သူက စိတ်လှုပ်ရှားသွားပြီး ခန္ဓာကိုယ်တုန်ယင်သွားသည်။
အရှင်မင်းကြီး၏ စွမ်းအားကို မျက်မြင်တွေ့ပြီးသည့်အချိန်မှစ၍ သူတို့သည် သီရှီထျန်နောက်သို့ ဆန္ဒရှိစွာ လိုက်ပါခဲ့ကြသည်။ သူတို့သည် သီရှီထျန်ကို ရိုသေလေးစားကြသည်။ အနာဂတ်မှာ သူတို့သည်လည်း သီရှီထျန်ကဲ့သို့ သန်မာလာရန် မျှော်လင့်နေကြသည်။ ယခု သူတို့မျှော်လင့်နေသော အခွင့်အရေးက ရောက်လာတော့မည်ဖြစ်လေရာ မည်သို့ကြောင့် သူစိတ်မလှုပ်ရှားဘဲ နေမည်နည်း။
ပိုင်စုစုက စိတ်ထဲမှာ တွေးလိုက်သည်။
‘ အရှင်မင်းကြီး… စုစု သန်မာလာတဲ့အခါ အရှင်မင်းကြီးရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးမယ် ’
ပိုင်စုစုတစ်ယောက်တည်းသာ ထိုသို့တွေးခြင်း မဟုတ်ပေ။ သားရဲဘုရင်အားလုံးက ထိုသို့တွေးကြသည်။ သူတို့သည် ခွန်အားကို အလွန်လိုချင်တောင့်တကြသည်။ သူတို့ အန္တရာယ်နှင့် ရင်ဆိုင်ရသည့်အချိန်တိုင်းမှာ သီရှီထျန်သည် အရှေ့မှာ တစ်ယောက်တည်းရပ်၍ ကာကွယ်ဖြေရှင်းပေးခဲ့သည်။ သူတို့သည်တော့ အနောက်မှာ ရပ်နေ၍ သူတို့၏ ဘုရင်က အသေအကြေတိုက်ခိုက်နေသည်ကို အကူအညီမဲ့စွာ ကြည့်နေကြရသည်။ ယင်းက သူတို့ကို အလွန် စိတ်မသက်မသာဖြစ်စေသည်။ မည်သို့ဖြစ်ပါစေ သူတို့က ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော ဝိညာဉ်သားရဲများ ဖြစ်ကြသည်။
သူတို့က သီရှီထျန်ဆီမှာ အညံ့ခံခဲ့ပြီးပြီ ဖြစ်၏။ သို့ဖြစ်၍ လက်အောက်ငယ်သားများအနေဖြင့် သူတို့က အရှင်မင်းကြီး၏ ဝန်ထုပ်ဝန်ပိုးများကို မျှဝေထမ်းရွက်ပေးကြရမည်။ သူတို့သည် သီရှီထျန်အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်မလာချင်ကြပေ။
သီရှီထျန်သည် ယုန်နောက်လိုက်ရန် အာရုံစိုက်ခဲ့သည့်အပြင် သူဖြတ်သန်းခဲ့သော လမ်းကြောင်းကိုလည်း သေချာမှတ်သားခဲ့သည်။ ထို့ကြောင့် လှိုဏ်ခေါင်းကို နောက်တစ်ကြိမ် ဖြတ်သန်းခြင်းက သူ့အတွက် ခက်ခဲသောအလုပ် မဟုတ်ပေ။ သူက လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်ပြီးလျှင် အေးအေးဆေးဆေး လျှောက်သွားသည်။ ဤသည်မှာ သူက လှိုဏ်ခေါင်းကို အကြိမ်ပေါင်းများစွာ ဖြတ်ကျော်ဖူးသည့်အလားပင်။
သူက လှိုဏ်ခေါင်းထဲမှ ပြန်ထွက်လာပြီးလျှင် ဝံပုလွေများ စုဝေးနေသော နေရာဆီသို့ လျှောက်သွားသည်။ ချီဟောင်နှင့် တခြားသားရဲဘုရင်များသည် ထိုဧရိယာတစ်ဝိုက်ကို သတိကြီးစွာထား၍ စောင့်ကြပ်နေကြသည်။ သူတို့က မတော်တဆမှုတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။
“ အရှင်မင်းကြီး… လမ်းကြောင်းကို ရှာတွေ့ခဲ့လား ”
သားရဲဘုရင်များထဲတွင် အစိုးရိမ်ဆုံးသူသည် ယင်းခုန်း ဖြစ်သည်။ မည်သို့ဖြစ်ပါစေ သူက ဤနေရာမှာ ချိုင့်ဝှမ်းရှိသည်ဟု ပြောခဲ့သည့်သူ မဟုတ်ပါလော။ သူက သားရဲအုပ်စုကို ဤနေရာဆီသို့ ခေါ်ဆောင်လာသူ ဖြစ်သည်။ အကယ်၍ လမ်းကြောင်းမရှိလျှင် သူတို့၏ ကြိုးစားအားထုတ်မှုအားလုံးက သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။
“ အားလုံးပဲ… မြန်မြန် ထရပ်ပြီး အသင့်ပြင်ကြတော့… လမ်းကြောင်းကို ငါတို့ရှာတွေ့ပြီ… ယင်းခုန်း… မင်းပြောတဲ့ ချိုင့်ဝှမ်းကို ငါရှာတွေ့ပြီ… ဒီနေရာမှာ ငါတို့ အချိန်ကြာကြာဆက်မနေသင့်ဘူး… လှိုဏ်ခေါင်းကို ဖြတ်ပြီး ချိုင့်ဝှမ်းဆီ ချက်ချင်း ဝင်ရောက်ကြမယ် ”
အခန်း(၇၄)
ဤနေရာမှ သားရဲမျိုးနွယ်စုများသည် အသင့်ပြင်ထားကြပြီးပြီ ဖြစ်၏။ သီရှီထျန်၏ စကားကို ကြားသောအခါ သူတို့က ဝမ်းသာပျော်ရွှင်သွားကြသည်။ သားရဲဘုရင်များသည် သူတို့၏ မျိုးနွယ်စုကို ခေါ်ယူစုစည်းလိုက်ကြသည်။ ထို့နောက် သူတို့က ပိုင်စုစု၏ လမ်းပြပေးမှုအောက်မှာ လှိုဏ်ခေါင်းဆီသို့ ဝင်ရောက်သွားကြသည်။
ပိုင်စုစုသည် အရှေ့ဆုံးမှာနေ၍ မြွေမျိုးနွယ်ကို ဦးဆောင်သည်။ သူ့အနောက်တွင် ဝံပုလွေဘုရင်ပိုင်ယွဲ့က ဝံပုလွေအုပ်စုကို ဦးဆောင်နေသည်။ သူ့အနောက်မှာ ယွမ်ထျန်းဦးဆောင်သော မျောက်မျိုးနွယ်စု ရှိသည်။ ယင်းခုန်းသည် ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။
သီရှီထျန်သည် လှိုဏ်ခေါင်းထဲသို့ မဝင်သွားပေ။ ယင်းအစား လှိုဏ်ခေါင်း၏ အရှေ့မှာ တိတ်ဆိတ်စွာ ရပ်နေသည်။ သူက သားရဲမျိုးနွယ်စုအားလုံး ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်သွားကြောင်း သေချာချင်သည်။ ထို့ကြောင့် သူက နောက်ဆုံးမှ ဝင်ရောက်လိမ့်မည်။ ထိုနည်းဖြင့်ဆိုလျှင် ချိုင့်ဝှမ်း၏ တည်နေရာက ပိုပြီးလျှို့ဝှက်သွားလိမ့်မည်။
သူက တောင်ခြေ၏ အရှေ့မှာ ရပ်နေသည်။ သူက စူးရှတောက်ပသော မျက်လုံးဖြင့် သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေသည်။
“ ငါ့နောက်လိုက်နေတဲ့ အဲ့ဒီအရာက တကယ်ပဲ ဘာလဲ… အခုချိန်ထိ အဲ့ဒါက ငါ့နောက် လိုက်နေတုန်းပဲ ”
လွန်ခဲ့သော ရက်အနည်းငယ်တွင် သူခံစားမိခဲ့သော အကြည့်က ယခုအချိန်ထိ မပျောက်ကွယ်သွားသေးပေ။ ပိုပြီးဆိုးဝါးသည့်အချက်မှာ အကြည့်က တစ်ခုတည်း မဟုတ်တော့ပေ။ ယင်းအစား မျက်လုံးပေါင်းများစွာက သူ့ကို စိုက်ကြည့်နေကြဟန် ရ၏။ သို့သော်လည်း သူ၏ မိစ္ဆာအာရုံဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သည့်အခါ မည်သည့်အရာမှ သူရှာမတွေ့ပေ။
ယင်းက သူ့ကို စိတ်ရှုပ်ထွေးစေသည်။
သို့သော်လည်း ဤခရီးတွင် သူက အင်အားတစ်စုံတစ်ခု၏ ပစ်မှတ်ထားခံနေရကြောင်း စက်ကရာ သေချာသွား၏။ ယင်းက မျှော့တစ်ကောင်ပမာ သူ့နောက်မှာ ကယ်တွယ်နေသည်။ ယင်းက သူ၏ အားနည်းချက်ကို ရှာဖွေရန် စုံစမ်းနေဟန် ရ၏။ ထို့ကြောင့် သီရှီထျန်သည် နည်းနည်းလေးမှ သတိမပေါ့ဆဝံ့ပေ။
“ ဟွန့်… မင်းက ဘာကောင်ပဲဖြစ်နေပါစေ ချိုင့်ဝှမ်းထဲ ငါဝင်ရောက်ပြီးတဲ့အခါ ဝင်ပေါက်ကို ကျောက်တုံးကြီးတစ်တုံးနဲ့ ချိပ်ပိတ်ပစ်မယ်… ပြီးသွားရင် ငါ့ရဲ့ မိစ္ဆာစွမ်းအားကို သုံးပြီး ကျောက်တုံးကြီးကို ဘေးပတ်ဝန်းကျင်က ကျောက်နံရံတွေနဲ့ တစ်သားတည်း ပေါင်းစပ်စေမယ်… အဲ့ဒီအချိန်ကျရင် ငါ့နောက်ကို မင်းဆက်လိုက်နိုင်ဦးမလား ကြည့်မယ် ”
သူသည် အလင်းထဲမှ ရန်သူများကို မကြောက်ပေ။ သို့သော် အမှောင်ထဲမှ မမြင်နိုင်သော ရန်သူများကိုတော့ သူဂရုစိုက်ရမည်။ ရန်သူ၏ တည်နေရာကို သူရှာမတွေ့လျှင် ရန်သူက မည်သည့်နေရာမှ တိုက်ခိုက်နေကြောင်း သူသိနိုင်လိမ့်မည် မဟုတ်ချေ။ ယင်းက တစ်စုံတစ်ယောက်၏ စိတ်ကို ပင်ပန်းနွမ်းလျစေပြီး စိုးရိမ်စိတ်ဖြစ်ပေါ်စေလိမ့်မည်။ ထိုသို့အခြေအနေက တိုက်ပွဲတွင် မကောင်းမွန်ပေ။
“ ကျွီ… ကျွီ ”
အခြေအနေကို အမြဲစောင့်ကြည့်နေသော ဧရာမကြွက်သည် သီရှီထျန်နှင့် သူ့အုပ်စုက လှိုဏ်ခေါင်းကို ဖြတ်ကျော်သွားကြောင်း မြင်တွေ့သွားသည်။ သူ၏ မျက်လုံးထဲမှာ အံ့အားသင့်မှု ထွက်ပေါ်လာသည်။ သူက မြေအောက်ထဲသို့ အမြန်ပြန်ဝင်သွားသည်။
ကြွက်ဘုရင်နေထိုင်သော လှိုဏ်ဂူထဲတွင်… ။
ဧရာမကြွက်သည် ကြွက်ဘုရင်၏ အရှေ့သို့ အမြန်ပြေးလာပြီး သူမြင်တွေ့ခဲ့သော အရာကို အမြန်ပြောသည်။
“ သူတို့က လှိုဏ်ခေါင်းကို ဖြတ်ပြီး တောင်ထဲ ဝင်သွားကြတယ်လား ”
ကြွက်ဘုရင်၏ မျက်လုံးထဲမှာ အေးစက်စက်အလင်း ထွက်ပေါ်လာသည်။ သူက လေးနက်စွာ ပြောသည်။
“ မင်း ကြွက်စစ်သည်တော်တွေကို ဦးဆောင်ပြီး အနီးနားက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပါ… တကယ်လို့ တောင်အောက်မှာ တွင်းတူးနိုင်မယ်ဆိုရင် အမြန်တူးပါ… ပြီးတော့ နတ်ဘုရားအလင်းအောက်မှာ နှစ်ခြင်းမင်္ဂလာခံဖို့ ကြွက်စစ်သည်တော်တွေကို အမြန်ဆင့်ခေါ်လိုက်ပါ ”
ကြွက်ဘုရင်သည် အမိန့်ပေးပြီးသည်နှင့် ပလ္လင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူက အနောက်မှ ထောင့်တစ်ခုဆီသို့ လျှောက်သွားသည်။ သူက ကျောက်ပြားတစ်ချပ်ကို ဖယ်ရှားလိုက်သည်။ ကျောက်ပြားအနောက်တွင် ဧရာမတွင်းပေါက်တစ်ခု ထွက်ပေါ်လာသည်။ ယင်းကို မြင်သွားသောအခါ ကြွက်ဘုရင်က တွင်းပေါက်ထဲသို့ ချက်ချင်း ခုန်ဆင်းလိုက်သည်။ သူ၏ ဧရာမခန္ဓာကိုယ်က လှိုဏ်ဂူထဲတွင် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
သူနေထိုင်သော လှိုဏ်ဂူထက် အနည်းငယ် ပိုသေးသော မြေအောက်လှိုဏ်ဂူတစ်ခုဆီသို့ ရောက်သွားရန် အချိန်သိပ်မကြာခဲ့ပေ။ ထိုနေရာမှ မြေကြီးသည် ပြန့်ပြူးသည်။ လှိုဏ်ဂူ၏ အလယ်တည့်တည့်တွင် သုံးမီတာမြင့်မားသော အဌဂံယဇ်ပလ္လင်တစ်ခု ရှိသည်။ ထိုယဇ်ပလ္လင်ကို ထူးဆန်းသော ဂမ္ဘီရကျောက်များဖြင့် ပြုလုပ်ထားသည်။
ကြွက်ဘုရင်သည် အရှေ့သို့ လျှောက်သွားပြီး ယဇ်ပလ္လင်၏ အရှေ့မှာ ဝပ်တွားလိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး ယဇ်ပလ္လင်ပေါ်မှ ပစ္စည်းကို ကြည်ညိုလေးစားစွာ ကြည့်လိုက်သည်။ ယင်းက ကြက်ဥအရွယ်အစားခန့်ရှိသော ပုလဲလုံးတစ်လုံး ဖြစ်သည်။ ထိုပုလဲလုံးသည် မြေကြီးကဲ့သို့ အဝါရောင်ဖြစ်သည်။ ပုလဲလုံး၏ မျက်နှာပြင်ပေါ်မှာ အလင်းတန်းတစ်ခုက ရွေ့လျားစီးဆင်းနေသည်။ တစ်စုံတစ်ယောက်သည် တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုပုလဲလုံးက သာမန်မဟုတ်ကြောင်း ပြောနိုင်လိမ့်မည်။ ထို့ပြင် ပုလဲလုံးက အဝါရောင်အလင်းကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။ အဝါရောင်အလင်းသည် ယဇ်ပလ္လင်၏ ဘေးနားတစ်ဝိုက်မှာ အမြဲမပြတ် တည်ရှိနေသည်။
ထိုအဝါရောင်အလင်းသည် သူအမြဲပြောနေသော နတ်ဘုရားအလင်း ဖြစ်သည်။ နတ်ဘုရားအလင်းအောက်မှာ ကြွက်ဘုရင်သည် ဝမ်းသာပျော်ရွှင်စွာ အသက်ရှူသွင်းရှူထုတ်ပြုလုပ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ အမွှေးအမျှင်များက အဝါရောင်သို့ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲမှာ သက်တောင့်သက်သာရှိမှုနှင့် ကြည်ညိုလေးစားသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ကြီးမားသော အကျိုးအမြတ်ကို ရရှိသွားသည့်အလားပင်။
ထိုပုလဲလုံးအကြောင်း ပြောရလျှင် ယင်းက အလွန်လျှို့ဝှက်ဆန်းကြယ်သည်။ ကြွက်ဘုရင်က ယင်းကို မတော်တဆ ရှာတွေ့သွားခြင်း ဖြစ်သည်။
ကြွက်ဘုရင်သည် သူ့အရှေ့မှ ပုလဲလုံးကို ကြည့်နေရင်း အတိတ်အကြောင်းကို ပြန်လည်စဉ်းစားလိုက်သည်။ ထိုအချိန်တုန်းက သူသည် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ သာမန်ကြွက်တစ်ကောင်သာ ဖြစ်ခဲ့သည်။ ယခုကဲ့သို့ ကြွက်ဘုရင်ဖြစ်လာရန် တစ်ခါမှ သူစိတ်မကူးခဲ့ပေ။ တစ်နေ့မှာ သူသည် အစာရှာဖွေရန်အလို့ငှာ မြေအောက်ထဲတွင် တွင်းတူးလိုက်သည်။ သူက နက်ရှိုင်းစွာ တွင်းတူးနေရင်း မမျှော်လင့်ဘဲ ဤမြေအောက်လှိုဏ်ဂူပေါ်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူက လှိုဏ်ဂူထဲသို့ ချက်ချင်း ပြုတ်ကျသွားသည်။
လှိုဏ်ဂူသည် မီတာအနည်းငယ် မြင့်မားသည်။ ပုံမှန်အခြေအနေမှာဆိုလျှင် ထိုသို့သူပြုတ်ကျသည့်အခါ သူ၏ ခန္ဓာကိုယ်က အရိုးတခြား အသားတခြား ဖြစ်သွားလိမ့်မည်။ သူက အသားပြားပင် ဖြစ်သွားနိုင်လောက်၏။
သို့သော်လည်း အောက်သို့ သူပြုတ်ကျသွားသည်နှင့်ချက်ချင်း လှိုဏ်ဂူထဲမှ အဝါရောင်ပုလဲလုံးက အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းရောင်က သူ့ကို လွှမ်းခြုံသွားသည့်အခါ သူမျှော်လင့်ထားသော မည်သည့်အခြေအနေမှ မဖြစ်လာပေ။ ယင်းက အလွန်ထူးဆန်းသည်။
ပိုပြီးထူးဆန်းဖွယ်ကောင်းသည်မှာ အဝါရောင်အလင်းဖြင့် လွှမ်းခြုံခံရပြီးနောက် သူက တဖြည်းဖြည်း ဝိညာဉ်အသိဉာဏ်ရှိလာသည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ သူ၏ အသိဉာဏ်က တခြားဝိညာဉ်သားရဲများထက် အများကြီး သာလွန်သွားသည်။ ထို့ကြောင့် သူက တခြားဝိညာဉ်သားရဲများထက် ဉာဏ်ပိုကောင်းနေခြင်းပင်။
နတ်ဘုရားအလင်းအောက်မှာ တစ်ကြိမ် နှစ်ခြင်းမင်္ဂလာ သူခံယူပြီးသွားတိုင်း သူ၏ ခွန်အားက အနည်းငယ် တိုးမြှင့်သွားကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။ ထို့ကြောင့် အဝါရောင်ပုလဲလုံးက အထွတ်အမြတ်ရတနာတစ်ခုဖြစ်ကြောင်း သူသေချာသွားသည်။
သူသည် မြေအောက်ထဲမှ ကြွက်မျိုးနွယ်အားလုံးကို အနိုင်ယူပြီးနောက် ကြွက်ဘုရင်ဖြစ်လာခဲ့သည်။ သူက လှိုဏ်ဂူထဲမှာ ယဇ်ပလ္လင်တစ်ခု ဆောက်လုပ်ခဲ့ပြီး ပုလဲလုံးကို ယဇ်ပလ္လင်ပေါ်မှာ ဌာပနာထားခဲ့သည်။
နေ့စဉ်နေတိုင်း သူသည် ဤနေရာသို့ ရောက်လာပြီး နတ်ဘုရားအလင်းအောက်မှာ တစ်နာရီပြည့်သည်အထိ နှစ်ခြင်းမင်္ဂလာခံယူလိမ့်မည်။ ထို့ကြောင့် ယနေ့ထိတိုင် သူက မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း မသိထားသော်လည်း ဆယ်စုနှစ်အနည်းငယ်ကြာပြီးနောက် ဝိညာဉ်သားရဲနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။
သို့သော်လည်း ကံမကောင်းသည်မှာ နတ်ဘုရားအလင်းက သူ၏ ခွန်အားကို တိုးမြှင့်ပေးနိုင်သော်လည်း ယင်းက သူ့ကို မိစ္ဆာသားရဲဖြစ်လာစေရန် ကူညီမပေးနိုင်ပေ။ မိစ္ဆာသားရဲအဖြစ် အဆင့်တတ်နိုင်ရန် သူနှင့်အဆင့်တူသော ဝိညာဉ်သားရဲတစ်ကောင်ကို သူဝါးမျိုရလိမ့်မည်။ ထို့ကြောင့် သူက သီရှီထျန်ကို အသည်းအသန် လိုချင်နေခြင်းပင်။
“ အဲ့ဒီကျားနက်ကို ငါစားပြီးတဲ့အခါ မိစ္ဆာသားရဲတစ်ကောင် ငါဖြစ်လာလိမ့်မယ် ”
ကြွက်ဘုရင်၏ မျက်လုံးထဲမှာ လိုချင်တပ်မက်မှု အရိပ်အယောင် ထွက်ပေါ်လာသည်။
… … …
“ ဘန်း ”
သားရဲမျိုးနွယ်စုအားလုံး လှိုဏ်ခေါင်းထဲသို့ ဝင်ရောက်သွားသည့်အခါ သီရှီထျန်က ဧရာမကျောက်တုံးကြီးတစ်တုံးကို ရှာဖွေလိုက်သည်။ သူက မိစ္ဆာစွမ်းအား ကိန်းအောင်းနေသော အနက်ရောင်ကျားလက်သည်းတချို့ကို လေထဲမှာ ဖွဲ့စည်းလိုက်ပြီး ကျောက်တုံးကြီးကို ဆုပ်ကိုင်လိုက်သည်။
သူက ကျောက်တုံးကြီးကို လှိုဏ်ခေါင်း၏ အဝင်ဝဆီသို့ သယ်ဆောင်သွားသည်။ ထို့နောက် သူက မိစ္ဆာစွမ်းအားဖြင့် ကျောက်တုံးကြီးကို အရည်ပျော်သွားစေပြီး ဘေးပတ်ဝန်းကျင်မှ ကျောက်နံရံများနှင့် တစ်သားတည်း ပေါင်းစပ်စေသည်။
ယင်းက လှိုဏ်ခေါင်း၏ ဝင်ပေါက်ကို လုံးဝ ပိတ်ဆို့စေသည်။
“ ကောင်းပြီ… ဒီနည်းနဲ့ဆိုရင် အပြင်လူတွေက လှိုဏ်ခေါင်းကို အလွယ်တကူ ရှာဖွေနိုင်တော့မှာ မဟုတ်ဘူး ”
လှိုဏ်ခေါင်းကို ချိပ်ပိတ်လိုက်သည့်အခိုက် သူ့နောက်သို့ အမြဲလိုက်လာခဲ့သော အကြည့်က နောက်ဆုံးမှာ လုံးဝ ပျောက်ကွယ်သွားကြောင်း သီရှီထျန် ခံစားမိသွားသည်။ ယင်းက သူ့ကို စိတ်သက်သာရာရစေသည်။ သို့သော်လည်း သူက အပြည့်အဝ မပျော်ရွှင်နိုင်သေးပေ။ သူ့နောက်သို့ ဇွဲကောင်းစွာ လိုက်လာခဲ့သော ထိုအရာက အလွယ်တကူ လက်လျော့သွားလိမ့်မည်ဟု သူမထင်ပေ။ မကြာခင် တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု သူအာရုံရနေသည်။
သို့သော်လည်း ယခုအချိန်မှာ သူက ထိုအကြောင်းကို အများကြီး စဉ်းစားမနေပေ။ သူက အနောက်လှည့်လိုက်ပြီး လှိုဏ်ခေါင်းကို အမြန်ဖြတ်ကျော်သွားသည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းဆီသို့ ဦးတည်သွားသည်။
ချိုင့်ဝှမ်းကို သူမြင်တွေ့ပြီးပြီဖြစ်သော်လည်း ယင်းကို သေသေချာချာ သူမစူးစမ်းရသေးပေ။ ချိုင့်ဝှမ်း၏ ဘေးပတ်ဝန်းကျင်ကို သေချာသူကြည့်ရှုရဦးမည်။
သီရှီထျန်သည် လှိုဏ်ခေါင်းထဲမှာ မြန်ဆန်စွာ ရွေ့လျားနေသည်။ သူ့အရှေ့မှာ လမ်းကြောင်းအများကြီး ရှုပ်ထွေးနေလျှင်ပင် လမ်းကြောင်းအမှန်ကို ချက်ချင်း သူရှာဖွေနိုင်ပေသည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ သိပ်မကြာမီ သူက ချိုင့်ဝှမ်း၏ ဝင်ပေါက်ဆီသို့ ရောက်ရှိသွားသည်။
သူက လှိုဏ်ခေါင်း၏ အရှေ့မှာ ရပ်နေရင်း အရှေ့သို့ ကြည့်လိုက်သည်။
သူ့အရှေ့မှ မြက်ခင်းကုန်းမြေပေါ်တွင် ဝံပုလွေအုပ်စု၊ မြွေအုပ်စု၊ မျောက်အုပ်စုနှင့် လင်းတအုပ်စုက ပျော်ရွှင်စွာ ဆော့ကစားနေကြသည်။ သူတို့က ဘေးပတ်ဝန်းကျင်မှ ရှုခင်းများကို ကြည့်နေရင်း အလွန်ပျော်ရွှင်နေကြသည်။ ဤနေရာသည် အနာဂတ်မှာ သူတို့အခြေချနေထိုင်မည့် နေရာဖြစ်ကြောင်း သူတို့သိထားကြသည်။ သူတို့က တစ်လနီးပါးကြာအောင် ခရီးဆက်ပြီးမှ ဤနေရာဆီသို့ ရောက်လာကြခြင်း ဖြစ်သည်။
သို့ဖြစ်လေရာ သူတို့က မည်သို့ကြောင့် မပျော်ရွှင်ဘဲ နေမည်နည်း။
“ အရှင်မင်းကြီး… အရှင်မင်းကြီး ”
သီရှီထျန်က လှိုဏ်ခေါင်းအရှေ့မှာ ထွက်ပေါ်လာကြောင်း မြင်သောအခါ ယွမ်ထျန်းက သွားဖြဲပြလိုက်ပြီး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်သည်။ သူ၏ လက်ထဲမှာ အနီရောင်တောက်ပသော သစ်သီးများကို ကိုင်ထားရင်း သူက စိတ်လှုပ်ရှားစွာ ပြောသည်။
“ အရှင်မင်းကြီး… ကျွန်တော့်မှာ အရှင့်အတွက် ဝမ်းသာစရာ သတင်းကောင်းရှိပါတယ် ”
ယွမ်ထျန်းသည် စကားပြောနေရင်း သူ့လက်ထဲမှ သစ်သီးများကို သီရှီထျန်၏ အရှေ့မှာ ထုတ်ဖော်ပြလိုက်သည်။
“ ယွမ်ထျန်း… ဘာသတင်းကောင်းလဲ… အဲ့ဒါက မင်းလက်ထဲက သစ်သီးတွေလား ”
ယွမ်ထျန်း၏ စိတ်လှုပ်ရှားသော အမူအရာကို မြင်သောအခါ သီရှီထျန်သည် ယွမ်ထျန်း၏ ဝမ်းသာစရာ သတင်းကောင်းက သူ့လက်ထဲမှ သစ်သီးများနှင့် ဆက်စပ်နေနိုင်ကြောင်း ခန့်မှန်းလိုက်သည်။ သူက စကားပြောနေရင်း သူ၏ မိစ္ဆာအာရုံကို စေလွှတ်၍ ထိုသစ်သီးများကို စစ်ဆေးကြည့်လိုက်သည်။ တစ်ခဏကြာ စစ်ဆေးကြည့်ပြီးနောက် အံ့ဩထိတ်လန့်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော ထိုသစ်သီးများထဲမှာ ပမာဏအလွန်များပြားသော ဝိညာဉ်စွမ်းအားက ကိန်းအောင်းနေကြောင်း သူအာရုံခံမိသွားသည်။ ဝိညာဉ်စွမ်းအားသည် ပမာဏအလွန်များပြားသည်။
ယွမ်ထျန်းသည် ယင်းကို သတိမထားမိပေ။ သူက ဝမ်းသာပျော်ရွှင်စွာ ခေါင်းကုတ်လိုက်ပြီး ပြောသည်။
“ အရှင်မင်းကြီး… အဲ့ဒါ အရှင့်ကို အရင်က ကျွန်တော်ပြောခဲ့တဲ့ အနီရောင်သစ်သီးတွေလေ… အဲ့ဒါတွေကို ဒီချိုင့်ဝှမ်းထဲမှာ ကျွန်တော် ရှာတွေ့ခဲ့ပါတယ်… ဒီအနီရောင်သစ်သီးတွေက အရင်က ကျွန်တော် ရှာတွေ့ခဲ့တဲ့ သစ်သီးတွေထက် အများကြီး ပိုကောင်းမွန်ပါတယ်… ဒီသစ်သီးတွေကို အသုံးပြုပြီး ဝိုင်ချက်လုပ်မယ်ဆိုရင် ဝိုင်ရဲ့ အရည်အသွေးက သိသိသာသာ တိုးတတ်သွားပါလိမ့်မယ် ”
ယွမ်ထျန်းဦးဆောင်သော မျောက်အုပ်စုသည် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီးသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်လျှောက်ကြည့်ခဲ့ကြသည်။ မည်သို့ဖြစ်ပါစေ မျောက်များသည် အငြိမ်မနေနိုင်သော သားရဲမျိုးနွယ်စု ဖြစ်သည်။
ထို့ကြောင့် သူတို့က ချိုင့်ဝှမ်းထဲမှာ သစ်သီးပင်အမျိုးမျိုးကို ရှာတွေ့သွားကြသည်။ ထို့ပြင် သူတို့က အရှေ့ဘက်ရေတံခွန်နားမှ ဇာမဏီသစ်သီးပင်တချို့ကိုလည်း မြင်တွေ့သွားကြသည်။ ထိုသစ်သီးပင်များပေါ်မှာ ဇာမဏီသစ်သီးများဖြင့် ပြည့်နှက်နေသည်။
ထိုသစ်သီးပင်များပေါ်မှ ဇာမဏီသစ်သီးများသည် ယခင်က သူတို့မြင်တွေ့ဖူးသော သစ်သီးများထက် အရည်အသွေး ပိုကောင်းမွန်ကြသည်။ ယင်းတို့ထဲမှာ ဝိညာဉ်စွမ်းအားအများကြီး ကိန်းအောင်းနေသည်။
အခန်း(၇၅)
အတိတ်တွင် သူတို့ဝိုင်ချက်လုပ်ခဲ့သော ဇာမဏီသစ်သီးများသည် သက်တမ်းဆယ်ဂဏန်းမျှသာ ရှိကြသည်။ အများဆုံး ယင်းတို့က သက်တမ်းနှစ်တစ်ရာခန့်သာ ရှိလိမ့်မည်။ သို့သော် ဤနေရာမှ ဇာမဏီသစ်သီးများသည် အနည်းဆုံး နှစ်တစ်ထောင်သက်တမ်းရှိကြသည်။ ယင်းက အနှစ်တစ်ထောင်သက်တမ်းရှိသော ဇာမဏီသစ်သီး ဖြစ်သည်။
ထို့ပြင် သူတို့က ချိုင့်ဝှမ်းထဲမှာ ဂျင်ဆင်းများ၊ သွေးလင်ဇီးပင်များ အစရှိသော ဆေးဖက်ဝင်အပင်များကိုလည်း မြင်တွေ့ခဲ့ကြသည်။ မျောက်မင်းဝိုင်ချက်လုပ်ရန် အပြင်လောကမှာ ရှာတွေ့ရန် ခက်ခဲသော ကုန်ကြမ်းပစ္စည်းများကို ဤနေရာမှာ အလွယ်တကူ ရှာဖွေနိုင်ပေသည်။
ထို့ပြင် ဤနေရာမှ ဆေးဖက်ဝင်အပင်များ၏ အရည်အသွေးက တခြားနေရာများထက် အဆပေါင်းများစွာ ပိုပြီးကောင်းမွန်သည်။ အကယ်၍ သူတို့သာ ချိုင့်ဝှမ်းထဲမှ ထိုသစ်သီးများကို ခူးဆွတ်ပြီး မျောက်မျိုးနွယ်စု၏ လျှို့ဝှက်နည်းလမ်းအတိုင်း ဝိညာဉ်ဝိုင်ချက်လုပ်မည်ဆိုလျှင် ဝိညာဉ်ဝိုင်၏ အကျိုးသက်ရောက်မှုက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းလိမ့်မည်။
“ ဘာလဲ… အဲ့ဒါက မင်းပြောတဲ့ အနီရောင်သစ်သီးလား ”
သီရှီထျန်သည် အဖြေကို စိတ်ထဲမှာ ကြိုခန့်မှန်းထားသော်လည်း ယွမ်ထျန်း၏ အတည်ပြုမှုကို ကြားသောအခါ သူ၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားဆဲပင်။ မျောက်မင်းဝိုင်သည် ကျင့်ကြံခြင်းအတွက် အထူးကောင်းမွန်ကြောင်း သံသယရှိရန် မလိုပေ။ မျောက်မင်းဝိုင်ထဲမှာ ပါဝင်သော ဝိညာဉ်စွမ်းအားက မကြမ်းတမ်းပေ။ ယင်းအစား သိမ်မွေ့ညင်သာ၏။ ယင်းက ကျင့်ကြံသူများ စုပ်ယူရန် အထူးသင့်တော်သည်။
သီရှီထျန်သည် မျောက်မင်းဝိုင်ကို ကျားရဲတောင်တန်းဒေသ၏ မျောက်ချိုင့်ဝှမ်းထဲမှ အများကြီး သယ်ဆောင်လာခဲ့သည်။ သို့သော်လည်း အနာဂတ်မှာ ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များသည် သူ့နည်းတူ မိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းကြလိမ့်မည်။
ထိုအခါ ပမာဏအလွန်များပြားသော မျောက်မင်းဝိုင်ကို သူလိုအပ်လိမ့်မည်။ သူက မည်မျှများပြားစွာ သယ်ဆောင်ခဲ့ပါစေ တစ်နေ့မှာ မျောက်မင်းဝိုင်က ကုန်ခမ်းသွားလိမ့်မည်။
ဤခရီးတစ်လျှောက်တွင် သီရှီထျန်သည် ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များကို မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း သင်ကြားပေးရန် စိတ်ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် သူသည်လည်း သူ့ကိုယ်ပိုင်ကျင့်ကြံခြင်း၏ အမြန်နှုန်းကို ထပ်မံ တိုးမြှင့်ရန် နည်းလမ်းစဉ်းစားခဲ့သည်။
အကယ်၍ သူသာ ပုံမှန်အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျင့်ကြံမည်ဆိုလျှင် မိစ္ဆာဖြစ်လာသည်အထိ စွမ်းအားအလုံအလောက် စုဆောင်းမိရန် မည်မျှအချိန်ကြာမြင့်လိမ့်မည်ကို မသိနိုင်ပေ။ သူက ထိုပြဿနာကြောင့် ခေါင်းကိုက်နေသည့်အချိန် ယွမ်ထျန်းက သူ့အတွက် ဝမ်းသာစရာ သတင်းကောင်းကို သယ်ဆောင်လာသည်။ ယင်းကို ကြားသောအခါ သူက ဖော်မပြနိုင်အောင် ဝမ်းသာပျော်ရွှင်သွားသည်။
သူ၏ ကျားမျက်လုံးထဲမှာ စူးရှတောက်ပသောအလင်း ထွက်ပေါ်လာသည်။ သူ၏ နဖူးပေါ်တွင် ခရမ်းရောင်ဘုရင်စာလုံးက အဆက်မပြတ် လှုပ်ခါနေသည်။ အလွန်အားကောင်းသော ဖိအားက ယွမ်ထျန်းပေါ်သို့ ချက်ချင်း ကျဆင်းသွားသည်။
“ အရှင်မင်းကြီး… ဒီအနီရောင်သစ်သီးတွေနဲ့ဆိုရင် တခြားကုန်ကြမ်းပစ္စည်းတွေကို ရှာဖွေစုဆောင်းပြီးတဲ့အခါ မျောက်မင်းဝိုင်ကို ကျွန်တော် စတင်ချက်လုပ်နိုင်ပါပြီ ”
ယွမ်ထျန်းသည် တောင်ကြီးတစ်တောင်နှယ် ကြီးမားသော ဖိအားက သူ့အပေါ်သို့ ကျဆင်းလာနေကြောင်း ခံစားမိသွားသည်။ သို့တိုင် သူ၏ မျက်လုံးထဲမှ ပျော်ရွှင်မှုက မပျောက်ကွယ်သွားပေ။ သူက မြေကြီးပေါ်မှာ ရိုသေလေးစားစွာ ဒူးထောက်လိုက်ပြီး သီရှီထျန်ကို ပြောသည်။
“ ကောင်းပြီ… ယွမ်ထျန်း… မျောက်မင်းဝိုင်က မင်းရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းနဲ့ ခွန်အားကို တိုးမြှင့်ပေးနိုင်တယ်… ဒီတစ်ကြိမ် ငါမင်းကို တာဝန်တစ်ခုပေးမယ် ”
စက်ကရာသည် သူ၏ နှလုံးသားထဲမှ ဝမ်းသာပျော်ရွှင်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်သည်။ သူက ယွမ်ထျန်းကို စူးရှတောက်ပသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။
“ အရှင်မင်းကြီး… ကျေးဇူးပြုပြီး အမိန့်ပေးပါ ”
ယွမ်ထျန်း၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသောအလင်း ထွက်ပေါ်လာသည်။
“ အရင်ဆုံး ချိုင့်ဝှမ်းထဲမှာ ငါတို့အားလုံး အခြေအတည်တကျနေနိုင်အောင် လုပ်ဆောင်ရမယ်… အားလုံး အခြေအတည်တကျဖြစ်သွားရင် မင်းက မျောက်မျိုးနွယ်စုကို ဦးဆောင်ပြီး မျောက်မင်းဝိုင်ကို စတင်ချက်လုပ်ပါ… မင်းလိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းရှိရင် ငါ့ကို ပြောပါ… ဒီဘုရင်က လူလွှတ်ပြီးတော့ အဲ့ဒါတွေကို လိုက်ရှာဖွေစေမယ်… မျောက်မင်းဝိုင်က လူတိုင်းရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်… အဲ့ဒါကြောင့် မျောက်မင်းဝိုင် မပြတ်လပ်သွားအောင် ငါတို့လုပ်ဆောင်ရမယ် ”
သီရှီထျန်က တည်ကြည်လေးနက်စွာ ပြောသည်။
“ ကျွန်တော်ယွမ်ထျန်းက အရှင်မင်းကြီးပေးတဲ့ တာဝန်ကို သေချာထမ်းဆောင်ပါမယ် ”
ယင်းကို ယွမ်ထျန်းကြားသောအခါ သူက လုံးဝတုံ့ဆိုင်းမနေဘဲ သဘောတူလိုက်သည်။
“ ဒါပေမဲ့ မျောက်မင်းဝိုင်ကို ချက်လုပ်ဖို့ အချိန်အကြာကြီး လိုအပ်ပါတယ်… အနည်းဆုံး အချိန်သုံးလလောက် ကြာပါလိမ့်မယ် ”
ဝိုင်သည် တခြားအရည်များနှင့် ခြားနားသည်။ ယင်းက အချဉ်ဖောက်ရသော လုပ်ငန်းစဉ်ဖြစ်သည်။ ထိုသို့အချဉ်ဖောက်ရာတွင် သစ်သီးအမျိုးမျိုး၊ ထူးဆန်းသော ပန်းပွင့်များနှင့် ဆေးဖက်ဝင်အပင်များကို အတူတကွ ရောနှောရသည်။ ယင်းကို အချိန်ကြာကြာ သိုလှောင်ထားပြီးမှသာလျှင် မျောက်မင်းဝိုင်ကို ချက်လုပ်နိုင်လိမ့်မည်။ မျောက်မင်းဝိုင်သည် နေ့ချင်းညချင်း ဖြစ်ပေါ်လာနိုင်သောအရာ မဟုတ်ပေ။
“ အင်း ”
သီရှီထျန်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ယင်းကို ကြားသောအခါ သူ၏ စိတ်ပျော်ရွှင်မှုက တဖြည်းဖြည်း ပြန်ငြိမ်သက်သွားသည်။ ထိုသို့အချိန်ကြန့်ကြာမှုက မျောက်မင်းဝိုင်ထုတ်လုပ်မှုပိုင်းတွင် ကန့်သတ်ချက်ရှိစေနိုင်ကြောင်း သူသိသည်။ မျောက်မင်းဝိုင်ကို အကန့်အသတ်မဲ့စွာ မထုတ်လုပ်နိုင်မည်ကို သူစိုးရိမ်သည်။
“ ဘာပဲဖြစ်ဖြစ် မင်းလက်မလျော့ရဘူး… အခြေချပြီးသွားရင် မင်းရဲ့ လူတွေကို ခေါ်ပြီး ဝိုင်ချက်လုပ်ဖို့ စတင်ပြင်ဆင်ပါ… ယင်းခုန်းနဲ့ တခြားလူတွေကို မင်းကို ကူညီပေးဖို့ ငါမှာကြားထားမယ် ”
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
သီရှီထျန်သည် ယွမ်ထျန်းနှင့် တစ်ခဏကြာ စကားပြောပြီးနောက် အောက်သို့ ဆင်းသွားသည်။ သူက ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီးလျှင် ချီဟောင်နှင့် တခြားသားရဲဘုရင်များကို သူတို့၏ သက်ဆိုင်ရာမျိုးနွယ်စုအား ခေါ်ဆောင်၍ သင့်တော်သော နေရာမှာ အခြေချနေထိုင်ကြရန် ပြောသည်။
ထို့ပြင် သီရှီထျန်သည် ယွမ်ထျန်း အေးအေးဆေးဆေး ဝိုင်ချက်လုပ်နိုင်ရန်အတွက် ဧရာမလှိုဏ်ဂူတစ်ခုကို တောင်ပိုင်းအရပ်မှ တောင်တစ်လုံးပေါ်မှာ ကိုယ်တိုင်ဖောက်ထွင်းပေးလိုက်သည်။
လှိုဏ်ဂူ၏ အရှေ့တွင် သစ်သီးတောအုပ်ရှိသည်။ ထိုနေရာသည် မျောက်မျိုးနွယ်စု အခြေချနေထိုင်ရန် အထူးသင့်တော်သည်။ သူတို့သည် အစားအစာအတွက် သစ်သီးများကို အလွယ်တကူ ခူးယူစားသောက်နိုင်ကြသည်။
ပိုင်စုစုသည် မြွေမျိုးနွယ်စုကို ရေတံခွန်နားမှ ရေကန်ဆီသို့ ခေါ်ဆောင်သွားသည်။ သူက မရေမတွက်နိုင်သော မြွေများနှင့်အတူ ထိုရေကန်ထဲမှာ အခြေချနေထိုင်သည်။ မှန်ပေသည်။ တချို့မြွေများက တောအုပ်ထဲမှာ ပြန့်ကျဲနေထိုင်ကြသည်။ ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် နောက်ထပ် စုဝေးရှိနေရန် မလိုအပ်တော့ပေ။ သူတို့က ချိုင့်ဝှမ်းထဲမှာ လွတ်လပ်စွာ ရွေ့လျားသွားလာကြသည်။
ဝံပုလွေများသည်တော့ မြက်ခင်းကုန်းမြေပေါ်မှာ နေထိုင်ကြသည်။ လင်းတများက ပိုပြီးရိုးရှင်းသည်။ သူတို့က ချိုင့်ဝှမ်း၏ ဘေးပတ်ဝန်းကျင်မှ တောင်များပေါ်မှာ လှိုဏ်ဂူများရှိကြောင်း ရှာတွေ့သွားကြသည်။ သူတို့က ထိုလှိုဏ်ဂူများထဲမှာ အသိုက်များ ဆောက်လုပ်ကြသည်။
မျောက်များသည် မျောက်ချိုင့်ဝှမ်းထံမှ သူတို့ယူဆောင်လာသော ပျိုးပင်များနှင့်် မျိုးစေ့များကို ဤချိုင့်ဝှမ်းထဲမှာ ဖြန့်ကြဲစိုက်ပျိုးလိုက်ကြသည်။ သီရှီထျန်က ထိုပျိုးပင်များနှင့် မျိုးစေ့များကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်သိမ်းခဲ့သည်။ ထို့ကြောင့် ယင်းတို့က တစ်လကြာမြင့်သွားသည့်တိုင် မူလပုံစံအတိုင်း ဆက်ရှိနေကြဆဲပင်။ ဘာမှမပျက်စီးသွားကြပေ။
ဤချိုင့်ဝှမ်းထဲမှာ စိုက်ပျိုးလိုက်သည့်အခါ ယင်းတို့ထဲမှ အများစုက ရှင်သန်ကြီးထွားနိုင်ကြလိမ့်မည်။ ဤချိုင့်ဝှမ်းထဲမှ ဝိညာဉ်စွမ်းအားက အလွန်သိပ်သည်းလေရာ သိပ်မကြာမီ ယင်းတို့က ရှင်သန်ကြီးထွားလာကြမည်ဟု သူတို့ယုံကြည်ကြသည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် မသေးငယ်ပေ။ သီရှီထျန်ခေါ်ဆောင်လာသော သားရဲအရေအတွက်က တစ်သိန်းကျော်သော်လည်း သူတို့သိမ်းပိုက်ထားသော ဧရိယာက ချိုင့်ဝှမ်း၏ အလွန်သေးငယ်သော အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်၏။ ဤချိုင့်ဝှမ်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သော ဧရိယာက အများကြီး ကျန်ရှိနေဆဲပင်။ ထိုနေရာများမှာ မည်သည့်အရာများရှိကြောင်း မသိရပေ။
သီရှီထျန်သည် ဤနေရာမှာ အခြေချနေထိုင်ရန် စိတ်ဆုံးဖြတ်ထားသည်။ ထို့ကြောင့် ချိုင့်ဝှမ်းထဲမှ အရာအားလုံးကို သူသိချင်သည်။ မျိုးနွယ်စုအားလုံး အခြေချသွားပြီးနောက် သူက မျိုးနွယ်စုအားလုံးကို သူတို့ထဲမှ သားရဲတချို့အား စေလွှတ်ခိုင်း၍ ချိုင့်ဝှမ်းထဲမှ နေရာတိုင်းကို စူးစမ်းလေ့လာရန် အမိန့်ပေးလိုက်သည်။ သူက ချိုင့်ဝှမ်းထဲမှ အရာအားလုံးကို အချိန်တိုလေးအတွင်း သိနားလည်ချင်သည်။
အချိန်သည် မည်သို့မည်ပုံမသိလိုက်ခင်မှာ ညသို့ ကူးပြောင်းသွားသည်။ အမှောင်ထုသည် ချိုင့်ဝှမ်းကို တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။
သီရှီထျန်သည် ချိုင့်ဝှမ်း၏ အရှေ့အရပ်မှ ရေတံခွန်နံဘေးတွင် သူ့ကိုယ်သူအတွက် ဧရာမလှိုဏ်ဂူကြီးတစ်ခု ဖောက်ထွင်းလိုက်သည်။ ဤအခိုက်အတန့်မှာ လှိုဏ်ဂူကြီးထဲတွင် ချီဟောင်၊ ပိုင်စုစု၊ ယင်းခုန်း၊ ယွမ်ထျန်းနှင့် ပိုင်ယွဲ့က တန်းစီရပ်နေကြသည်။ သူတို့ငါးကောင်စလုံးက ဝိညာဉ်အသိဉာဏ်ဖွင့်ဖြိုးပြီးသော သားရဲများဖြစ်ကြသည်။ သူတို့သည် အရှေ့မှာ ရပ်နေသော သီရှီထျန်ကို ရိုသေလေးစားစွာ ကြည့်နေကြသည်။ သူတို့၏ အကြည့်ထဲမှာ လိုချင်တောင့်တသော အရိပ်အယောင်လည်း ရှိသည်။
“ ချီဟောင်… မင်းက မီးမှုတ်ထုတ်နိုင်တဲ့ မွေးရာပါသဘာဝစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ အဲ့ဒါက မွေးရာပါစွမ်းရည်တစ်ခုထက် မပိုဘူး… မင်းက မိစ္ဆာကျင့်ကြံခြင်းလမ်းကြောင်းပေါ်ကို အမှန်တကယ် ခြေမချရသေးဘူး… မင်းက ဘေးပတ်ဝန်းကျင်က ဝိညာဉ်စွမ်းအား၊ နေနဲ့လရဲ့ အနှစ်သာရနဲ့ သွေးအစာရဲ့ အာဟာရဓာတ်ကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် အင်အားတိုးမြှင့်နိုင်တယ်… ဒါပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတဲ့ စွမ်းအားကို ဘယ်လိုအသုံးပြုရမလဲ မင်းမသိဘူး… မင်းက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာမယ်ဆိုရင်တောင် ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာ သိမှာမဟုတ်ဘူး… အဲ့ဒီအခါ မင်းက မိစ္ဆာတွေထဲမှာ အားအနည်းဆုံး ဖြစ်လာလိမ့်မယ် ”
သီရှီထျန်သည် သူ့အရှေ့မှာ စုဝေးနေကြသော လက်အောက်ငယ်သားငါးယောက်ကို ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။ အရင်ဦးဆုံး သူစပြောလိုက်သည်မှာ သူတို့က မိစ္ဆာသားရဲဖြစ်လာရန် အရည်အချင်းမပြည့်မီသေးကြောင်းနှင့် သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကို မည်သို့အသုံးချရန် သေချာမသိသေးကြောင်း ဖြစ်သည်။
မှန်ပေသည်။ ဤလောကတွင် ဝိညာဉ်သားရဲအများစုသည် သူတို့၏ ခန္ဓာကိုယ်ကို ပိုပြီးသန်မာစေရန် နေနှင့်လ၏ အနှစ်သာရကို စုပ်ယူနိုင်ကြသည်။ ထိုသို့နှစ်ပေါင်းများစွာကြာအောင် စုပ်ယူပြီးသည့်အခါ တစ်နေ့တွင် သူတို့က ကံကြမ္မာကောင်းနှင့် တွေ့ဆုံသွားသည့်အခါ မိစ္ဆာသားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားကြလိမ့်မည်။
သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုနည်းလမ်းများသည် သာမန်တိရိစ္ဆာန်များနှင့် အများကြီး ခြားနားမှုမရှိပေ။ သူတို့၏ ခန္ဓာကိုယ်ထဲမှာ ကြီးမားသော စွမ်းအားရှိနေလျှင်ပင် ယင်းကို မည်သို့အသုံးပြုရမည်ဖြစ်ကြောင်း သူတို့မသိကြပေ။
သူတို့၏ အသိဉာဏ်က အကန့်အသတ်ရှိသောကြောင့် သူတို့က ထိုကိစ္စကို မတွေးတောနိုင်ကြချေ။ ထို့ပြင် သူတို့ကို သေသေချာချာ လမ်းညွှန်သင်ကြားပေးမည့် ဆရာမရှိပေ။ ထို့ကြောင့် သူတို့ဆီမှာ ကြီးမားသော စွမ်းအားနှင့် မြင့်မားသော အလားအလာရှိသော်လည်း သူတို့က မသေမျိုးကျင့်ကြံသူများ၏ သားကောင်များ ဖြစ်လာကြသည်။ သူတို့က မသေမျိုးကျင့်ကြံသူများ၏ လက်ထဲမှာ ကြက်ကလေး ငှက်ကလေးများသဖွယ် အသတ်ခံကြရသည်။
ထိုပြဿနာ၏ အဓိကသော့ချက်က မိစ္ဆာများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားကို ထုတ်မသုံးနိုင်ခြင်း ဖြစ်သည်။
“ အရှင်မင်းကြီး… ကျုပ်တို့ ဘယ်လိုလုပ်ရင် ပိုပြီးသန်မာလာမလဲ ကျေးဇူးပြုပြီးတော့ သင်ကြားပေးပါ ”
သားရဲဘုရင်ငါးပါးထဲတွင် စွမ်းအားကို အလိုချင်ဆုံးသူက ချီဟောင်မှလွဲ၍ တခြားမဟုတ်ပေ။ သူက သီရှီထျန်၏ စကားကို လုံးဝ သံသယမရှိပေ။ သူက မြေကြီးပေါ်မှာ ချက်ချင်း ဒူးထောက်လိုက်ပြီး အသနားခံတောင်းဆိုသည်။
“ အရှင်မင်းကြီး… ကျုပ်တို့ကို စွမ်းအားပေးသနားပါ ”
ယင်းခုန်းနှင့် တခြားလူများသည်လည်း မြေကြီးပေါ်မှာ မြန်ဆန်စွာ ဝပ်တွားလိုက်ကြပြီး ပြိုင်တူအော်လိုက်ကြသည်။ သူတို့၏ အမူအရာတွင် ကြည်ညိုလေးစားမှု၊ မျှော်လင့်မှုဖြင့် ပြည့်နှက်နေသည်။
သီရှီထျန်က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ အားလုံးထကြပါ… မင်းတို့ကို ဒီတစ်ကြိမ် ငါခေါ်လိုက်တာက မိစ္ဆာဖြစ်အောင် ဘယ်လိုကျင့်ကြံရမလဲ မင်းတို့ကို သင်ကြားပေးမလို့ပဲ… ခန္ဓာကိုယ်ထဲမှာ စွမ်းအားကို ဘယ်လိုစုဆောင်းရမလဲ… အဲ့ဒီစွမ်းအားကို မိစ္ဆာစွမ်းအားအဖြစ် ဘယ်လိုသန့်စင်ရမလဲ… ပြီးတော့ မိစ္ဆာစွမ်းအားကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မင်းတို့ကို ငါသင်ကြားပေးမယ် ”
သူကျင့်ကြံသော “ ကျားဟိန်းသံကျင့်စဉ် ”သည် သူ့အတွက် အသင့်တော်ဆုံး မိစ္ဆာကျင့်စဉ် ဖြစ်သည်။ ထိုကျင့်စဉ်ကြောင့် သူက မိစ္ဆာလမ်းစဉ်ပေါ်သို့ မြန်ဆန်စွာ ခြေချနိုင်သွားခြင်း ဖြစ်သည်။ ထိုကျင့်စဉ်ထဲမှာ ကျားတစ်ကောင်အနေနှင့် မည်သည့်မရီဒျန်ကို အရင်ဆုံး ဖွင့်လှစ်သင့်ကြောင်း၊ နောက်ထပ် ဖွင့်လှစ်ရမည့် မရီဒျန်က မည်သည့်အရာဖြစ်ကြောင်း စုံလင်စွာ ပါဝင်သည်။ သို့သော်လည်း ယင်းက တခြားမျိုးနွယ်စုများအတွက် မသင့်တော်ပေ။ သို့သော် လမ်းစဉ်အားလုံး၏ ဦးတည်ရာက တစ်ခုတည်း ဖြစ်သည်။ ကျင့်ကြံခြင်း၏ စဦးအဆင့်သည် အလွန်ရိုးရှင်းသည်။
ယင်းက မရီဒျန်များကို ဖွင့်လှစ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ချီဟောင်နှင့် တခြားလူများကို မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း သင်ကြားပေးရန်သည် စက်ကရာအတွက် မခက်ခဲပေ။ သူက သူတို့၏ ခန္ဓာကိုယ်ထဲမှ မှန်ကန်သော မရီဒျန်ကို ရှာဖွေပေးပြီး မိစ္ဆာစွမ်းအားကို မရီဒျန်ထဲမှာ မည်သို့လှည့်ပတ်ရမည်ဖြစ်ကြောင်း ညွှန်ကြားပေးရန်သာ လိုအပ်သည်။
ထို့နောက် သူတို့က ကျန်မရီဒျန်များကို သူတို့ဘာသာ ဖြည်းဖြည်းချင်း ဖွင့်လှစ်နိုင်သွားကြလိမ့်မည်။ ထိုနည်းဖြင့် သူတို့က အထွတ်အထိပ် ဝိညာဉ်သားရဲများ ဖြစ်လာကြလိမ့်မည်။