← Chapters

အခန်း (၁၅၃၁-၁၅၃၃)

Vol. 103 Ch. 1531-1533

အခန်း (၁၅၃၁-၁၅၃၃)

Vol. 103 Ch. 1531-1533

အခန်း (၁၅၃၁)

အဓိက အင်အားစုကြီးလေးခုနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း

ဘေးနားရှိ ဧကရာဇ်၏ စကားများကို ကြားလျှင် ထိုက်ခန်းဧကရာဇ် အတွေးထဲနစ်မြောသွားသည်။ ယခု ပြန်သွားပါက ချင်းယွဲ့နယ်မြေသခင်က သူတို့ ပုန်ကန်သည်ဟု တကယ်ပင် ထင်မြင်သွားနိုင်သည်။

ကွမ်းကျယ်ဧကရာဇ် သေဆုံးမှုကို ပုံရိပ်ဖမ်းကျောက်တုံးတွင် မှတ်တမ်းတင်ထားသော်လည်း ကျောက်တုံးပေါ်ရှိ ပုံရိပ်များကို ပြုပြင်ဖန်တီးနိုင်သဖြင့် ချင်းယွဲ့နယ်မြေသခင်က ထိုပုံရိပ်များကို ယုံကြည်မည် မဟုတ်ပေ။ ချင်းယွဲ့နယ်မြေသခင်က ထိုပုံရိပ်များကို ယုံကြည်လျှင်ပင် ကွမ်းကျယ်ဧကရာဇ်အား ကင်းထောက်အဖြစ် လုပ်ဆောင်ရန် သူတို့က စတင်တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ဤအချက်များကို တွေးမိသည်နှင့် ထိုက်ခန်းဧကရာဇ်၏ စိတ်ထဲ လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ဤအချက်တစ်ခုတည်းနှင့်ပင် သူတို့သည် စကြဝဠာ ချောက်နက်ကြီး၏ အန္တရာယ်ကို ကြိုတင်သိထားသော်လည်း ကွမ်းကျယ်ဧကရာဇ်အား ရည်ရွယ်ချက်ရှိရှိ မပြောပြပဲ ချောက်နက်ကြောင့် ကွမ်းကျယ်ဧကရာဇ် ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားစေရန် ကြံစည်ခဲ့သည်ဟု ချင်းယွဲ့နယ်မြေသခင် သံသယဝင်နိုင်သည်။

စဉ်းစားပြီးနောက် ထိုက်ခန်းဧကရာဇ်က နောက်ဆုံးတွင်

“အခု လုချန်းက အရမ်းအင်အားကြီးထွားလာပြီဆိုတော့ ကျုပ်တို့ သူ့ကို မယှဉ်နိုင်တော့ဘူး။ ဒီမှာ ဆက်နေတာကလည်း အလကားပဲ။ ကျုပ် ဘိုးဘေးကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မယ်။ အကယ်၍ ဘိုးဘေးက ရှနိုင်ငံကို တိုက်ခိုက်ဖို့ ဇွတ်လုပ်နေမယ်ဆိုရင် သူ့ဘာသာသူပဲ ကိုယ်တိုင် ဦးဆောင်ခိုင်းလိုက်တော့မယ်။”

လုချန်းသည် အဆင့်ကိုး ကောင်းကင်နတ်ဆိုးကိုပင် ဓားတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခဲ့၏။ သူတို့ ဝင်ပါခြင်းသည် ကိုယ့်သေတွင်းကိုယ်တူးခြင်းသာ ဖြစ်လိမ့်မည်။

အကယ်၍ ချင်းယွဲ့နယ်မြေသခင်က အန္တရာယ်ကို ဖိတ်ခေါ်လိုပါက သူ့ထံ၌ ဆက်လက်တာဝန်ထမ်းဆောင်ရန် ထိုက်ခန်းဧကရာဇ်၌ အစီအစဉ် မရှိတော့ပေ။

မည်သို့ပင်ဆိုစေ ယခုတစ်ခေါက် ပြန်ရောက်လျှင် ချင်းယွဲ့နယ်မြေသခင်ကို ဖယ်ရှားနိုင်မည့် နည်းလမ်းတစ်ခု သူ ကြံဆရမည် ဖြစ်သည်။ ခေတ်ကူးကပ်ဘေး ရောက်ရှိလာမည့် နေ့ကို စောင့်ဆိုင်းရင်း အင်အားကို ထိန်းသိမ်းထားရမည် ဖြစ်သောကြောင့် ချင်းယွဲ့နယ်မြေသခင်ကို ဤအတိုင်း ဆက်လက် လုပ်ဆောင်ခွင့် မပေးနိုင်တော့ပေ။ ထိုသို့ တွေးတောရင်း ချင်းယွဲ့ မြင့်မြတ်နယ်မြေသို့ အမြန်ဆုံး ပြန်ရန် နတ်လှေကို ထိုက်ခန်းဧကရာဇ် အမိန့်ပေးလိုက်သည်။

……

ပြင်ပနယ်မြေ။

ထိုအခိုက်အတန့်တွင် ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်၏ အဓိက အင်အားစုများ သူရှိရာသို့ ဦးတည်လာနေသည်ကို ပြင်ပနယ်မြေ၏ ဆိတ်ငြိမ်မှုကိုသာ အာရုံစိုက်နေမိသော လုချန်း မသိသေးပေ။

လတ်တလောတွင် ရှနိုင်ငံ၏ ပြင်ပနယ်မြေ စူးစမ်းရေး ယာဉ်စုကို ထျန်းဟုန် ဧကရီက နေရာအနှံ့သို့ ဦးဆောင်သွားခဲ့သော်လည်း နေရာတိုင်းသည် အတူတူပင်ဖြစ်၏။

အခြားလောကမှ သတ္တဝါများ တွေ့ဖို့ နေနေသာသာ သက်ရှိတစ်မျိုးပင် မရှိပေ။ ထိုအခြားလောကမှ သတ္တဝါများ အားလုံး သေဆုံးသွားပြီဟုပင် လုချန်းက သံသယဝင်လာသည်။

ထျန်းဟုန် ဧကရီသည် သူမ၏ ယခင်ဘဝ၌ ပြင်ပနယ်မြေကို လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က နှစ်သန်းထောင်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ထို့ကြောင့် ထိုအခြားလောကမှ သတ္တဝါများ ပြင်ပနယ်မြေမှ ထွက်ခွာသွားခြင်း သို့မဟုတ် မျိုးတုံးသွားခြင်းလည်း ဖြစ်နိုင်သည်။

ဖေးဟုန် နတ်လှေပေါ်ရှိ နန်းဆောင်ထိပ်တွင် ရပ်နေရင်း အဆုံးမဲ့ မြေရိုင်းလွင်ပြင်ကို လုချန်း ငေးကြည့်နေသည်။ ထိုအချိန်တွင် ထျန်းဟုန် ဧကရီလည်း သူ၏ ဘေးနားတွင် ရပ်နေသည်။ လုချန်းက

“တကယ့်ကို လူတစ်ယောက်မှ မရှိဘူးပဲ။ ပြင်ပနယ်မြေက ဒီလောက်အထိ ခြောက်ကပ်နေလိမ့်မယ်လို့ ကိုယ် မထင်ထားခဲ့ဘူး။ မင်း ထွက်သွားပြီးနောက်ပိုင်း ပြင်ပနယ်မြေမှာ ဘာတွေဖြစ်ခဲ့လို့ အခြားလောကသား တစ်ယောက်မှ ရှာမတွေ့တာလဲ မသိဘူး။”

ထျန်းဟုန် ဧကရီက

“ပြင်ပနယ်မြေကို ရောက်ဖူးတဲ့ ဧကရာဇ်တွေကို ရှင် မေးကြည့်လို့ ရတာပဲ”

ဟု တုံ့ပြန်၏။

သူမသည် ပြန်ဝင်စားနေရသဖြင့် ထိုကာလအတွင်း နှစ်မည်မျှ ကြာမြင့်သွားသည်ကို မသိနိုင်ပေ။ လုချန်း၏ ယာဉ်အုပ်စုထဲတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းအတွင်း ပြင်ပနယ်မြေသို့ သွားဖူးသည့် ဧကရာဇ်အဆင့် အချို့ရှိသဖြင့် သူတို့၏ နားလည်မှုက လက်ရှိနှင့် ပို၍နီးစပ်ပေလိမ့်မည်။

လုချန်းက

“ကိုယ် သူတို့ကို မေးပြီးပြီ။ သူတို့လည်း ပြင်ပနယ်မြေ ဘာကြောင့် ဒီလောက်အထိ ဆိတ်သုဉ်းသွားလဲ ဆိုတာ မသိကြဘူး။”

လုချန်း၏ လေသံတွင် စိတ်ပျက်မှုနှင့် စိုးရိမ်မှုတို့ ရောထွေးနေ၏။ဤမျှ ကြီးမားသော ပြောင်းလဲမှုမျိုး ဖြစ်ပေါ်ရခြင်း၏ နောက်ကွယ်တွင် ကြီးမားသော အကြောင်းအရင်း တစ်ခုခု ရှိနေမည်ဟု သူ သံသယဝင်နေသည်။

လုချန်း၏ ကိုယ်ပွား ပြင်ပနယ်မြေကို စူးစမ်းစဉ်က မည်သူနှင့်မှ မဆုံခဲ့သဖြင့် ထိုနေရာသို့ ရောက်ဖူးသည့် ဧကရာဇ်များကို အမြန်ခေါ်ယူကာ ပြင်ပနယ်မြေအကြောင်း သူ မေးမြန်းခဲ့သည်။ သို့သော် လက်ရှိ ပြင်ပနယ်မြေသည် သူတို့ သိခဲ့သော ပြင်ပနယ်မြေနှင့် လုံးဝ မတူပေ။

ထိုစဉ်က ပြင်ပနယ်မြေသို့ သူတို့ လာလျှင် အခြားလောကမှ သတ္တဝါများကို အမြဲ သတိထားနေခဲ့ရပြီး အခြားလောကသားတစ်ဦးနှင့် ဆုံမိပါက အသက်အန္တရာယ်ကို စိုးရိမ်ခဲ့ရသည်။ သို့သော် ယခုတော့ ပြင်ပနယ်မြေ၌ အချိန်အတော်ကြာ နေခဲ့သော်လည်း အခြားလောကမှ သတ္တဝါများသာမက သူတို့ စကြဝဠာမှ ဧကရာဇ်များကိုပင် မတွေ့ရပေ။

ဤအရာက သူတို့ မှတ်မိနေသော ပြင်ပနယ်မြေ မဟုတ်ပေ။ ပြင်ပနယ်မြေတွင် တစ်စုံတစ်ရာ ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ ဆိတ်သုဉ်းသော အခြေအနေသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း ထင်ရှားသည်။ အခြားလောကမှ သတ္တဝါများကို ရှာမတွေ့ပါက သူတို့ လာခဲ့သည့် လောကကို နားလည်နိုင်မည် မဟုတ်ပေ။

ထိုအခါ ဤခရီးစဉ် အချည်းနှီး ဖြစ်သွားမလားဟု လုချန်း ဇဝေဇဝါ ဖြစ်နေသည်။ သူပြန်ရန်ပင် စဉ်းစားလိုက်မိသည်။

ထိုသို့ တွေးတောရင်း လုချန်း၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ဖြတ်သန်းသွား၏။

မကြာမီ မရေမတွက်နိုင်သော ဧကရာဇ်အဆင့် အငွေ့အသက်များ သူတို့ရှိရာသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာသည်ကို စိတ်အာရုံမှတစ်ဆင့် လုချန်း ရုတ်တရက် ခံစားလိုက်ရသည်။

လုချန်း မျက်မှောင်ကြုတ်သွားသည်။ ထျန်းဟုန် ဧကရီကလည်း ထိုအရာကို သတိပြုမိသွားပြီး

“ရှင်က တစ်ယောက်မှ မတွေ့ရဘူးလို့ အခုလေးတင် ညည်းတွားနေတာ။ အခုတော့ လူတွေ ရောက်လာပြီပဲ”

ဟု ခပ်အေးအေး ပြောလိုက်သည်။

လုချန်းက ရယ်မောရင်း

“အရေအတွက်က နည်းနည်း များလွန်းနေတာပဲ”

ထိုဧကရာဇ်အဆင့်များ၏ အငွေ့အသက်သည် သူတို့နှင့် အလွန်နီးစပ်သဖြင့် စကြဝဠာ တစ်ခုတည်းမှ ဖြစ်ကြောင်း ညွှန်ပြနေသည်။ သို့သော် ဤမျှ များပြားသော ဧကရာဇ်အဆင့်များ တစ်ပြိုင်နက်တည်း ပေါ်လာပြီး အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာခြင်းက သူတို့သည် စိတ်ရင်းကောင်းနှင့် လာခြင်း မဟုတ်ကြောင်း ဖော်ပြနေသည်။

မည်သည့် တုံ့ဆိုင်းမှုမျှ မရှိပဲ

“ရန်သူတွေ လာနေပြီ... တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

ယာဉ်အုပ်စုရှိ ဧကရာဇ်အဆင့်များထံသို့ စိတ်ချင်းဆက်၍ လုချန်း သတင်းပို့လိုက်သည်။

လုချန်း၏ အသံ ဆုံးသည်နှင့် သူတော်စင်အဆင့် ကြယ်ဖျက်ယဉ်များသည် သူတို့၏ နည်းဗျူဟာ ပုံစံများကို အပြည့်အဝ အသက်သွင်းကာ တိုက်ပွဲဝင် အနေအထားသို့ ဝင်ရောက်သွားသည်။

ထိုအတောအတွင်း ရှနိုင်ငံ ယာဉ်အုပ်စုက တိုက်ခိုက်ရန် ပြင်ဆင်ထားသည်ကို အဝေးရှိ အဓိက အင်အားစု လေးခုကလည်း သတိပြုမိသွားသည်။ ထို့ကြောင့် သူတို့၏ နတ်လှေများကို တန်းစီလျက် ဖြန့်ကျက်လိုက်ပြီး တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံအားလုံးကိုလည်း အပြည့်အဝ ထုတ်ဖော်လိုက်ကြသည်။

သို့သော် ပြင်ပနယ်မြေတွင် အချိန်အတော်များများ၌ အနိုင်အရှုံးသည် မည်သူ့နတ်လှေက ပိုသာသနည်း ဆိုသည့်အပေါ် မမူတည်ပေ။ ဧကရာဇ်အဆင့်များ၏ တစ်ဦးချင်း အင်အားအပေါ်တွင်သာ အဓိက မူတည်၏။

နတ်လှေပေါ်ရှိ တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများသည် ရန်သူ့အင်အားကို လျှော့ချရန်အတွက်သာ အဓိက အသုံးဝင်သည်။ နတ်လှေပေါ်ရှိ တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများသည် အောင်ပွဲအတွက် အဆုံးအဖြတ်ပေးနိုင်သော အခန်းကဏ္ဍတွင် ပါဝင်သော်လည်း ၎င်း၏ အဓိက လုပ်ဆောင်ချက်မှာ ဧကရာဇ်အဆင့်များ၏ အင်အားကို ကုန်ခမ်းစေရန်အတွက်သာဖြစ်၏။

ပြင်ပနယ်မြေတွင် စိတ်ဝိညာဉ် စွမ်းအား အလွန် ရှားပါးသဖြင့် အင်အား ပြန်လည် ဖြည့်တင်းရန် ခက်ခဲသည်။ အကယ်၍ စိတ်ဝိညာဉ် စွမ်းအားကို အလွန်အကျွံ အသုံးပြုလိုက်ပါက ဧကရာဇ်အဆင့် များစွာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင် အဆင့်ကိုး ဧကရာဇ် တစ်ပါးပင်လျှင် ပျက်စီးသွားနိုင်သည်။

ထိုအခိုက်အတန့်တွင် အဓိက အင်အားစု လေးခုမှ နတ်လှေ အားလုံး အလင်းနှစ် တစ်နှစ်စာမျှ အကွာအဝေးတွင် ရပ်တန့်သွား၏။ ထိုနေရာ၌ ရွှမ်ထျန်းသည် ကြယ်တာယာခန်းမထိပ်တွင် ရပ်နေပြီး လုချန်းကို တိုက်ရိုက် စိုက်ကြည့်နေ၏။

ယခုအကြိမ်မှ ရွှမ်ထျန်းကို လုချန်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ တစ်ချက်ကြည့်ရုံနှင့်ပင် ရွှမ်ထျန်းထံမှ ထွက်ပေါ်နေသော မူလအစစွမ်းအားကို ခံစားမိကာ သူ၏ စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။

ရွှမ်ထျန်း၏ မူလအစစွမ်းအားသည် ရှနိုင်ငံပေါ်တွင် လက်ဝါးကြီးတစ်ခု ဖန်တီးခဲ့သည့် စွမ်းအားနှင့် တူနေသဖြင့် ရှနိုင်ငံကို ရွှမ်ထျန်းက တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ညွှန်ပြနေသည်။

ဤသဘောပေါက်မှုက လုချန်း၏ စိတ်ထဲတွင် ပဟေဠိတစ်ခုကို ဖြေရှင်းပေးလိုက်သလို ဖြစ်သွား၏။ ယခု ရင်ဆိုင်ရမည့် ရန်သူသည် ယခင်က ရင်ဆိုင်ခဲ့ဖူးသမျှထက် များစွာ အင်အားကြီးမားကြောင်းလည်း သူ သိလိုက်ရသည်။

ထိုဖြစ်နိုင်ခြေကို သတိပြုမိရင်း လုချန်း၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။

အကယ်၍ ထိုလက်ဝါးပိုင်ရှင်သာ အမှန်တကယ် ရွှမ်ထျန်း ဖြစ်ပါက ရွှမ်ထျန်း၏ အင်အား သူ့ထက် သာလွန်နေမှာ သေချာသည်။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို အသုံးပြုခြင်းက ရွှမ်ထျန်းအပေါ် ထိရောက်မှု ရှိမရှိ မသေချာနိုင်ပေ။

လာမည့် အခြေအနေသည် ဒုက္ခရောက်သွားနိုင်သော အခြေအနေ ဖြစ်သည်။ လုချန်းကို ကြည့်ရင်း ရွှမ်ဝူ ဧကရာဇ် အပါအဝင် သူ၏ ဘေးရှိ သုံးဦးကို ရွှမ်ထျန်းက

“အခု တိုက်တော့။ လုချန်း သေသွားပြီဆိုတာနဲ့ ကျုပ် ရှနိုင်ငံကို ဒီစကြဝဠာကနေ ခွဲထုတ်လိုက်လို့ ရပြီ။ အဲ့ဒီအခါ ရှနိုင်ငံက ပေးနေတဲ့ ခြိမ်းခြောက်မှုလည်း ပျောက်ကွယ်သွားလိမ့်မယ်။”

ရွှမ်ထျန်း ပြောပြီးသည်နှင့် အသက်ကယ် ဧကရီက အမိန့်ပေးလိုက်ရာ ယန်ယန် နန်းတော် နတ်လှေများ၏ နည်းဗျူဟာ ပုံစံမှ အလင်းတန်းများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာပြီး ရှနိုင်ငံ၏ ပြင်ပနယ်မြေ စူးစမ်းရေး ယာဉ်အုပ်စုဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

ရန်သူက တိုက်ခိုက်မှု စတင်သည်ကို မြင်လျှင်

“အစွမ်းကုန် တိုက်ကြ။ ကြယ်ဖျက်ယဉ်တွေကို သုံးဖို့ မတွန့်ကြနဲ့။”

ဟု လုချန်းက ချက်ချင်း အမိန့်ပေးလိုက်သည်။

တစ်ဖက်ရှိ ဧကရာဇ်အဆင့် အရေအတွက်သည် အလွန်များပြားလှပြီး ယနေ့ တိုက်ပွဲတွင် ကြယ်ဖျက်ယဉ် များစွာ ပျက်စီးသွားမှာ သေချာသည်။ ထိုယဉ်များ မပျက်စီးခင် ရန်သူ့အင်အားကို အပြည့်အဝ လျှော့ချရမည်ဖြစ်၏။

ရန်သူ့အင်အား လုံလောက်စွာ ကုန်ခမ်းသွားမှသာ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို နောက်ဆုံး လက်နက်အဖြစ် အသုံးပြုရမည် ဖြစ်သည်။

ရွှမ်ထျန်း၏ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုကို ရင်ဆိုင်ရသဖြင့် လုချန်း မဆင်မခြင် မလုပ်ရဲပေ။ စနစ်ကို ရရှိပြီးကတည်းက သူရင်ဆိုင်ခဲ့ရသမျှတွင် ကြောက်စရာ အကောင်းဆုံး ပြိုင်ဘက်သည် ဤရွှမ်ထျန်း ဖြစ်ကြောင်း လုချန်းက ရှင်းရှင်းလင်းလင်း သိထားသည်။

လုချန်း၏ စိတ်ထဲတွင် တိုက်ပွဲအပြီး အခြေအနေကိုပါ ကြိုတင်တွေးဆနေ၏။ ယနေ့ မရှုံးနိမ့်မှသာ ရှနိုင်ငံ၏ အနာဂတ် ဆက်လက်တည်တံ့မည် ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။

လုချန်း အမိန့်ပေးလိုက်သည်နှင့် ရှနိုင်ငံ၏ သူတော်စင်အဆင့် ကြယ်ဖျက်ယဉ်များမှ တိုက်ခိုက်မှု စတင်လိုက်၏။ ကြယ်ဖျက်ယဉ်များမှ မရေမတွက်နိုင်သော အနက်ရောင် အလင်းတန်းများ ပစ်လွှတ်လိုက်တော့သည်။

…………

အခန်း (၁၅၃၂)

ပြပွဲပြီးတော့မယ်

ယန်ယန် နန်းတော်၏ နတ်လှေမှ ပစ်ခတ်လိုက်သော အလင်းများသည် ရှနိုင်ငံ၏ သူတော်စင်အဆင့် ကြယ်ဖျက်ယဉ်များမှ ပစ်ခတ်သော အနက်ရောင် အလင်းတန်းများနှင့် ထိပ်တိုက်တွေ့ကာ ပြင်ပနယ်မြေ တိုက်ကြီးကို အမာရွတ်များ ထင်ကျန်စေပြီး ကွဲအက်သွားစေသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

သို့သော် သူတော်စင်အဆင့် ကြယ်ဖျက်ယဉ်များမှ ပစ်ခတ်လိုက်သော အနက်ရောင် အလင်းတန်းများသည် ပြင်းထန်လှသော စွမ်းအားများ ပါရှိသောကြောင့် သိသိသာသာ ပို၍အစွမ်းထက်လှသဖြင့် ယန်ယန် နန်းတော်၏ နတ်လှေများသည် သူတော်စင်အဆင့် ကြယ်ဖျက်ယဉ်များ ရှေ့တွင် လုံးဝ အားနည်းသွားသည်။

ခဏချင်းအတွင်းပင် ယန်ယန် နန်းတော်၏ နတ်လှေ ဆယ်စင်းကျော်သည် ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်များ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ အချို့သော ဧကရာဇ်အဆင့်များသည် ပျက်စီးခြင်းစွမ်းအားများ ပြည့်နှက်နေသည့် အနက်ရောင် အလင်းတန်းများကို ခုခံရန် ကြိုးစားခဲ့ကြသော်လည်း နောက်ဆုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြသည်။

သူတော်စင်အဆင့် ကြယ်ဖျက်ယဉ်များ၏ အင်အားကို မြင်လျှင် ရွှမ်ထျန်း၏ မျက်နှာ သိသိသာသာ ပျက်သွားသည်။ ယခုခေတ်၏ လုချန်းသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်များကို ဖန်တီးနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မထင်မှတ်ထားခဲ့ပေ။ အကယ်၍ ယခုခေတ်၏ လုချန်းအား ဖွံ့ဖြိုးတိုးတက်ရန် အချိန်ပိုပေးလိုက်ပါက စကြဝဠာတစ်ခုလုံးကို မှောက်လှန်ပစ်နိုင်သည့် မည်မျှ ကြောက်စရာကောင်းသော လက်နက်များကို သူ ကြံစည်ဖန်တီးလိမ့်မည်ကို မည်သူမှ မသိနိုင်ပေ။

ယန်ယန် နန်းတော်၏ နတ်လှေများ ဆက်တိုက် ပျက်စီးနေသည်ကို မြင်လျှင် အသက်ကယ် ဧကရီက သူမ၏ ဘေးရှိ ရွှမ်ဝူ ဧကရာဇ်နှင့် မဟာမြင့်မြတ်နယ်မြေသခင်တို့ကို

“ရှင်တို့ အားလုံး ဘာကို စောင့်နေကြတာလဲ”

ဟု ခက်ထန်စွာ ကြည့်ရင်း မေးလိုက်သည်။

အသက်ကယ် ဧကရီ၏ စကား ဆုံးသည်နှင့် မဟာမြင့်မြတ်နယ်မြေသခင်ကလည်း မဟာမြင့်မြတ်နယ်မြေ၏ နတ်လှေများကိုလည်း တိုက်ခိုက်မှု စတင်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။

ယန်ယန် နန်းတော်နှင့် နှိုင်းယှဉ်ပါက မဟာမြင့်မြတ်နယ်မြေ၏ နတ်လှေများပေါ်တွင် ထွင်းထုထားသော တိုက်ခိုက်ရေး နည်းဗျူဟာ ပုံစံများသည် အဆပေါင်းများစွာ ပိုအစွမ်းထက်၏။ ထို့ကြောင့် ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်များကို ထိမှန်သည့် အချို့သော စွမ်းအားများသည် ကြယ်ဖျက်ယဉ်များ၏ ကာကွယ်ရေး နည်းဗျူဟာ ပုံစံကို တိုက်ရိုက် ထိုးဖောက်သွားခဲ့သည်။

မည်သို့ပင်ဆိုစေ မဟာမြင့်မြတ်နယ်မြေသခင်သည် ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်သူ ဖြစ်သောကြောင့် မဟာမြင့်မြတ်နယ်မြေတွင် အမွေအနှစ် အချို့ ရှိနေသေးတာတော့ အမှန်ပင်ဖြစ်သည်။ မဟာမြင့်မြတ်နယ်မြေ၏ နတ်လှေများမှ ထိုကဲ့သို့သော စွမ်းအားများကို မြင်လျှင် ရွှမ်ထျန်း မျက်မှောင် အနည်းငယ် ကြုတ်သွားပြန်သည်။

ယခင်ခေတ်မှ ကျန်ရစ်သော အကြွင်းအကျန်များကလည်း ဤမျှ အစွမ်းထက်သော နည်းဗျူဟာ ပုံစံများကို သုတေသန ပြုလုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ ဤခေတ်၏ ကပ်ဘေးက ပိုမိုပြည့်စုံရန် လိုအပ်ပုံရ၏။

ထိုအစွမ်းထက်သော မြင့်မြတ်နယ်မြေများကို သူတို့၏ အမွေအနှစ်များ ဆက်လက် ထိန်းသိမ်းခွင့် မပေးသင့်ပေ။ မဟုတ်ပါက နောက်ခေတ်တွင် သူတို့ မည်သည့်အရာများကို ဖန်တီးလာဦးမည်ကို မည်သူမှ မသိနိုင်‌ပေ။

ထိုအခိုက်အတန့်တွင် ရွှမ်ဝူ ဧကရာဇ်ကတော့ ရွှမ်ထျန်း၏ တုံ့ပြန်မှုများကို မျက်လုံးထောင့်မှ အကဲခတ်နေဆဲ ဖြစ်သည်။ ရွှမ်ထျန်း မျက်မှောင်ကြုတ်သွားသည်ကို မြင်လျှင် ရွှမ်ထျန်း၏ အတွေးအချို့ကိုရွှမ်ဝူ ဧကရာဇ် ချက်ချင်း ရိပ်မိလိုက်သည်။

ရှနိုင်ငံ၏ အင်အားသည် အလွန်ကြီးမားလွန်းသဖြင့် ရွှမ်ထျန်းအား ခြိမ်းခြောက်မှု ခံစားရစေသကဲ့သို့ပင် မဟာမြင့်မြတ်နယ်မြေ၏ အင်အားသည်လည်း အလွန် သာလွန်နေသဖြင့် ရွှမ်ထျန်းအား တစ်နည်းတစ်ဖုံ စိတ်မသက်မသာ ဖြစ်စေသည်။ တစ်နည်းအားဖြင့် ပြောရလျှင် မည်သူမဆို အင်အား အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာပါက ရွှမ်ထျန်းက ထိုသူကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်မည် ဖြစ်သည်။

ဤနေရာတွင် ရွှမ်ထျန်းသည် ရွှမ်ဝူ ဧကရာဇ်၏ အကြည့်ကို သိသွားပုံရပြီး သူက ရွှမ်ဝူ ဧကရာဇ်ဘက်သို့ ရုတ်တရက် ခေါင်းလှည့်လိုက်ကာ

“ရွှမ်ဝူဧကရာဇ်... ရှန်ယွဲ့နိုင်ငံရဲ့ နတ်လှေတွေကို ဘာလို့ အခုထိ မတိုက်ခိုက်ခိုင်း သေးတာလဲ။”

ရွှမ်ဝူ ဧကရာဇ်သည် ရွှမ်ထျန်း၏ မေးခွန်းကို မတုံ့ပြန်ပဲ ရှန်ယွဲ့နိုင်ငံ၏ နတ်လှေများကို တိုက်ခိုက်မှု စတင်ရန် ဆက်လက် အမိန့်ပေးလိုက်သည်။ ရှန်ယွဲ့နိုင်ငံ၏ နတ်လှေများ စစ်မြေပြင်သို့ ဝင်ရောက်လာလျှင် တိုက်ပွဲသည် ပိုပို၍ ပြင်းထန်လာ၏။ ပြင်ပနယ်မြေဟင်းလင်းပြင် တစ်လျှောက်တွင် နတ်လှေများ ပေါက်ကွဲကာ မီးတောက်များဖြင့် လွှမ်းခြုံသွားသည်။

ရှနိုင်ငံဘက်ကလည်း အခြေအနေ သိပ်မကောင်းလှပေ။ သူတို့၏ ကြယ်ဖျက်ယဉ် ဆယ်စင်းကျော် ပျက်စီးသွားပြီဖြစ်သည်။

သို့သော် အစကတည်းက ဆုံးရှုံးမှုများကို လုချန်း ခန့်မှန်းထားပြီး ဖြစ်၏။ ထို့ပြင် ဤဆုံးရှုံးမှုများသည် သူ လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိနေသေးသည်။

ထို့ပြင် ရှနိုင်ငံ၏ ဆုံးရှုံးမှုများနှင့် နှိုင်းယှဉ်ပါက ရန်သူ အင်အားစု လေးခုသည် ပို၍ ပြင်းထန်စွာ ခံစားခဲ့ရ၏။ သူတို့၏ နတ်လှေများ တစ်စင်းပြီးတစ်စင်း ပေါက်ကွဲခဲ့သည်။ အရေးကြီးဆုံးက အဓိက အင်အားစု လေးစု၏ ဧကရာဇ်အဆင့်များလည်း ထိခိုက်မှု ရှိသွားခြင်းဖြစ်သည်။

ဤပထမအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုတွင်ပင် သူ့တိုဘက်မှ အမြောက်အမြား ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ လက်ရည်ချင်းယှဉ်သည့် တိုက်ပွဲမစတင်မီကပင် သူတို့ဘက်မှ ဧကရာဇ်များ ပြင်းထန်စွာ ဒဏ်ရာရနေပြီ ဖြစ်သောကြောင့် နောက်ပိုင်း အနီးကပ် တိုက်ပွဲများ ဖြစ်ပွားလာလျှင် သူတို့၌ မလွဲမသွေ အားနည်းချက်များ ရှိနေမည် ဖြစ်သည်။

ဤမြင်ကွင်းကို မြင်လျှင် ရွှမ်ထျန်းက

“အားလုံးပဲ... ပွဲ့ကြည့်တဲ့ အချိန်က ကုန်ဆုံးတော့မှာ ဖြစ်တယ်။ ရှနိုင်ငံရဲ့ နတ်လှေတွေကို ဒီအတိုင်း ဆက်ပြီး တိုက်ခိုက်ခွင့် ပေးထားမယ်ဆိုရင် ကျုပ်တို့ဘက်က ဧကရာဇ်အဆင့်တွေ အကုန်လုံး သေဆုံးသွားနိုင်တယ်”

ဟု သတိပေးလိုက်သည်။

ရွှမ်ထျန်း၏ စကားများသည် ရွှမ်ဝူ ဧကရာဇ်နှင့် အခြားသူများအတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့သည်။ ယခု အဆင့်ကိုး နယ်ပယ်မှ ဧကရာဇ်အဆင့်များသည် နောက်တစ်ဆင့်အနေနှင့် စစ်မြေပြင်သို့ ဆင်းရန် လိုအပ်နေပြီ ဖြစ်သည်။

ရွှမ်ထျန်း၏ သတိပေးမှုကို ကြားလျှင် အသက်ကယ် ဧကရီက ပထမဆုံး ရှေ့သို့ ထွက်လာခဲ့သည်။ သူမ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ပြင်ပနယ်မြေ၏ မြေပြင်မှ မရေမတွက်နိုင်သော နွယ်ပင်များ ရုတ်တရက် စတင် ပေါက်ရောက်လာပြီး ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်များ အောက်ခြေသို့ လျင်မြန်စွာ ပြန့်နှံ့သွားကာ အနီးနားရှိ ကြယ်ဖျက်ယဉ်များကို ရစ်ပတ်လိုက်သည်။ ခဏချင်းအတွင်း၌ပင် နွယ်ပင်များဖြင့် ပတ်နှောင်ခံထားရသော ထိုကြယ်ဖျက်ယဉ်များသည် နွယ်ပင်များ၏ ဆွဲဖြဲခြင်းကို ခံလိုက်ရသည်။

အသက်ကယ် ဧကရီက စတင် လှုပ်ရှားပြီးနောက် ရွှမ်ဝူ ဧကရာဇ်ကလည်း ယခင်ကကဲ့သို့ တွန့်ဆုတ်မနေတော့ပေ။ နောက်ဆုံးတွင် ရွှမ်ထျန်းသည် သူ၏ ရန်သူ ဖြစ်လာနိုင်ဖွယ် ရှိသော်လည်း လုချန်းသည်လည်း သေထိုက်သူပင် ဖြစ်သည်။

သူ့၏ ထိုခြေလှမ်းကို တားဆီးမည့် မည်သူ့ကိုမဆို ဖယ်ရှားပစ်ရမည် ဖြစ်သည်။ သူ လုချန်းကို မသတ်ခဲ့လျှင် ရွှမ်ထျန်း လုချန်းကို ဘာ့ကြောင့် ကြောက်ရွံ့နေသည်ကို သူ သိနိုင်မည် မဟုတ်ပေ။ ရွှမ်ထျန်းကို ထိရောက်စွာ ရင်ဆိုင်နိုင်ရန်အတွက် လုချန်းထံမှ အဖြေများ သူ လိုအပ်သည်။

ထိုစဉ် ရွှမ်ဝူ ဧကရာဇ်၏ သွေးအငွေ့အသက်များ ပျံ့လွင့်သွားပြီး စစ်မြေပြင်တစ်ခုလုံးကို သွေးနီရောင် ပြောင်းလဲသွားစေသည်။ နောက်တစ်ခဏတွင် ရွှမ်ဝူ ဧကရာဇ်၏ ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ ပြန်လည် ပေါ်လာလျှင် ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ်စုကြီးထဲသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရွှမ်ဝူ ဧကရာဇ်သည် ရွှမ်ထျန်း ပေးအပ်ထားသော နတ်ဆိုးလှံကို တင်းတင်းဆုပ်ကိုင်၍ ရှေ့သို့ ထိုးနှက်လိုက်ရာ လှံသွားမှ သတ်ဖြတ်ခြင်း စွမ်းအားများ ပြည့်နှက်နေသော မိစ္ဆာစွမ်းအားများ ထွက်ပေါ်လာပြီး ရှနိုင်ငံ၏ ကြယ်ဖျက်ယဉ် အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

လုချန်း မျက်မှောင် အနည်းငယ် ကြုတ်သွား၏။ ဤအရာကား အဆင့်ကိုးနယ်ပယ် သတ်ဖြတ်ခြင်း ဧကရာဇ်၏ စွမ်းအားပင်။

ရွှမ်ဝူ ဧကရာဇ်ကို ရင်ဆိုင်ရန်အတွက် စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံကို အသုံးပြုရန် လိုအပ်ပုံရသည်။ သို့သော် ယခုအချိန်တွင် စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံကို အသုံးပြုခြင်းက စွန့်စားလွန်းရာ ရောက်လိမ့်မည်။

ရွှမ်ထျန်းတွင် မည်သည့် နည်းလမ်းများ ကျန်ရှိနေသေးသည်ကို မည်သူမှ မသိနိုင်ပေ။ ရွှမ်ထျန်းသည် ဤနေရာတွင် အကြောက်ရဆုံး ရန်သူ ဖြစ်သည်။

ရွှမ်ဝူ ဧကရာဇ်က စတင် လှုပ်ရှားပြီးနောက် မဟာမြင့်မြတ်နယ်မြေသခင်သည်လည်း ဆက်လက် စောင့်ဆိုင်းမနေတော့ပဲ ရှေ့သို့ လှမ်းတက်လာကာ ဖေးဟုန် နတ်လှေ၏ ရှေ့တွင် ပေါ်လာသည်။

မဟာမြင့်မြတ်နယ်မြေသခင်၏ ပစ်မှတ်က ရှင်းလင်းလှ၏။

သူက လုချန်းကို တိုက်ရိုက်သတ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ မဟာမြင့်မြတ်နယ်မြေသခင်က လုချန်းထံသို့ တိုက်ရိုက် ဦးတည်လာသည်ကို မြင်လျှင် ထျန်းဟုန် ဧကရီ ချက်ချင်း အပြေးတက်လာပြီး မဟာမြင့်မြတ်နယ်မြေသခင်၏ လမ်းကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

ထျန်းဟုန် ဧကရီသည် အချိန်အတော်ကြာအောင် သည်းခံခဲ့ရ၏။ ယနေ့တွင်တော့ သူမ၏ အစွမ်းရှိသမျှဖြင့် ပါဝင် ဆင်နွှဲနိုင်ပြီ ဖြစ်သည်။

ထျန်းဟုန် ဧကရီထံမှ ထွက်ပေါ်နေသော သတ်ဖြတ်ခြင်း စွမ်းအားကို ခံစားလိုက်ရလျှင် မဟာမြင့်မြတ်နယ်မြေသခင် မျက်မှောင် အနည်းငယ် ကြုတ်သွားသော်လည်း လုံးဝ နောက်မဆုတ်ခဲ့ပေ။ သတ်ဖြတ်ခြင်း ဧကရာဇ်သည် ကိုင်တွယ်ရ ခက်ခဲသော်လည်း လက်ရှိ သူ၏ ရှေ့မှ သတ်ဖြတ်ခြင်း ဧကရာဇ်သည် အဆင့်ခြောက် နယ်ပယ်တွင်သာ ရှိနေသေးသည်။

ဤအမျိုးသမီး၏ အဆင့်နယ်ပယ်သည် ရွှမ်ဝူ ဧကရာဇ်နှင့် အတူတူသာ ဖြစ်နေပါက သူအနည်းငယ် တွန့်ဆုတ်သွားနိုင်သော်လည်း ကံမကောင်းစွာဖြင့် သူတို့ ကြားတွင် အဆင့်သုံးဆင့် ကွာဟချက် ရှိနေသည်။

မဟာမြင့်မြတ်နယ်မြေသခင်က

“မဟာမြင့်မြတ်မီး”

ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူပြောပြီးသည်နှင့် ဒီရေကဲ့သို့ တောက်လောင်နေသော မီးတောက်များ ထျန်းဟုန် ဧကရီထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ သို့သော် ထျန်းဟုန် ဧကရီက ရှောင်တိမ်းခြင်း မပြုပဲ လာနေသော မီးတောက်များကို ရင်ဆိုင်ရန်အတွက် သူမအတွင်းရှိ သတ်ဖြတ်ခြင်း စွမ်းအားများကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။

သွေးနီရောင် သတ်ဖြတ်ခြင်း စွမ်းအားနှင့် မဟာမြင့်မြတ်နယ်မြေသခင်၏ မဟာမြင့်မြတ်မီးတို့ ထိတွေ့လိုက်လျှင် ပေါက်ကွဲမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး နှစ်ဦးစလုံးသည် အရှိန်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့သော်လည်း မိမိကိုယ်ကိုယ် အမြန် ပြန်လည် ထိန်းချုပ်လိုက်ကြသည်။

မဟာမြင့်မြတ်နယ်မြေသခင် တည်ငြိမ်သွားသည်နှင့် ထျန်းဟုန် ဧကရီ၏ အပေါ်တွင် မရေမတွက်နိုင်သော ပျံသန်းနေသည့် ဓားများ ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူမသည် ဧကရီဓားကို တင်းတင်းဆုပ်ကိုင်ထားရင်း မဟာမြင့်မြတ်နယ်မြေသခင်ထံသို့ ထိုးနှက်လိုက်သည်။

သတ်ဖြတ်ခြင်း စွမ်းအားစုများဖြင့် ဝန်းရံထားသော ဧကရီဓားသည် နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မဟာမြင့်မြတ်နယ်မြေသခင်ထံသို့ ပြေးဝင်သွားသည်။

သတ်ဖြတ်ခြင်း စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဧကရီဓား နဂါးထံမှ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် မဟာမြင့်မြတ်နယ်မြေသခင်လည်း ထိုအရာကို တိုက်ရိုက် ရင်ဆိုင်ရန် မရည်ရွယ်တော့ပေ။

သူက ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ပြီး ထျန်းဟုန် ဧကရီ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် မျှော်လင့်မထားသည်က သူ အခြားတစ်နေရာသို့ လျင်မြန်စွာ ရွှေ့ပြောင်းလိုက်‌ သော်လည်း သွေးနီရောင်နဂါးသည် သူ၏ တည်နေရာကို ပစ်မှတ်ထားထားသကဲ့သို့ သူ့ထံသို့ ထပ်မံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာနေသည်ကို တွေ့ရှိလိုက်ရခြင်းဖြစ်သည်။

…………

အခန်း (၁၅၃၃)

အလွန်အကျွံ အထင်သေးရာ ရောက်လိမ့်မယ်

မဟာမြင့်မြတ်နယ်မြေသခင်က လှောင်ပြုံးပြုံးကာ

“ခင်ဗျားက ကိုယ့်သေတွင်းကိုယ်တူးဖို့ ဇွတ်လုပ်နေမှတော့ ခင်ဗျားရဲ့ဆန္ဒကို ကျုပ် ဖြည့်ဆည်းပေးရတာပေါ့”

မည်သို့ပင်ဆိုစေ သူသည် ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်ခဲ့သည့် ဧကရာဇ်အဆင့် တစ်ပါး ဖြစ်သည်။ သတ်ဖြတ်ခြင်းစွမ်းအားက တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူပိုင်ဆိုင်သည့် မဟာမြင့်မြတ်စွမ်းအားသည်လည်း အားနည်းသည့် ပြိုင်ဘက် မဟုတ်ပေ။

သတ်ဖြတ်ခြင်းစွမ်းအား၏ အငြိုးတေးခံထားရပြီ ဖြစ်သောကြောင့် ထိုအရာကို ထိပ်တိုက်ရင်ဆိုင်ရန်သာ သူ ဆုံးဖြတ်လိုက်သည်။ သတ်ဖြတ်ခြင်းစွမ်းအားက ပို အာဏာစက်ပြင်းထန်သလား သို့မဟုတ် သူ၏ မဟာမြင့်မြတ်စွမ်းအားက ပို အစွမ်းထက်သလား ဆိုတာကို သူ သိလိုနေ၏။

ထို့နောက် မဟာမြင့်မြတ်နယ်မြေသခင်က သူ၏ မဟာမြင့်မြတ်စွမ်းအားကို ထပ်မံ ထုတ်ဖော်လိုက်၏။ သူ၏ လက်ဝါးကို ပြင်းထန်စွာ ရိုက်ထုတ်လိုက်ရာ မဟာမြင့်မြတ်စွမ်းအားမှ ဆင်းသက်လာသည့် ဖီးနစ်ငှက်တစ်ကောင်သည် သွေးနဂါးထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။

သွေးနဂါးနှင့် ဖီးနစ်ငှက်တို့ ထိပ်တိုက်တွေ့သည့် အခိုက်အတန့်တွင် လမ်းစဉ်စွမ်းအား နှစ်ခုလည်း ထပ်မံ ပေါက်ကွဲသွားပြန်၏။ ယခုတစ်ကြိမ်တွင် နှစ်ဖက်စလုံး အခြေအနေသည် မကောင်းလှပေ။

ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော အရှိန်ကြောင့် ထျန်းဟုန် ဧကရီနှင့် မဟာမြင့်မြတ်နယ်မြေသခင်တို့ နှစ်ဦးစလုံး လွင့်ထွက်သွားပြီး ဒဏ်ရာအချို့ အသီးသီး ရရှိခဲ့ကြသည်။

သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်ကို ခံစားလိုက်ရလျှင် သွေးနံ့ကို ရရှိသွားသည့် သားရဲတစ်ကောင်ကဲ့သို့ ထျန်းဟုန် ဧကရီ ချက်ချင်း ပြောင်းလဲသွားသည်။ နောက်တစ်ခဏတွင် သူမ၏ ဘေးပတ်လည်ရှိ သွေးနီရောင် မိစ္ဆာစွမ်းအားများသည် ပိုမို ထူထပ်လာပြီး သတ်ဖြတ်ခြင်းစွမ်းအားသည်လည်း ပို၍ပြင်းထန်လာ၏။

သူမကိုယ်တိုင်လည်း သွေးရူးသွေးတန်း ဖြစ်နေသည့်အလား ထင်ရသည်။ ထျန်းဟုန် ဧကရီသည် သူမ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ရာ သူမ၏ ဘေးရှိ ဧကရီဓားဆီမှ ဓားသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်ယံတွင် မရေမတွက်နိုင်သော ဧကရီဓားများ ပေါ်ပေါက်လာသည်။

ဧကရီဓား၏ အကြီးမားဆုံးသော လုပ်ဆောင်ချက်သည် ထျန်းဟုန် ဧကရီ၏ သတ်ဖြတ်ခြင်းစွမ်းအားကို သိုလှောင်ထားရန် ဖြစ်သည်။ ဧကရီဓား၏ ဓားပွားများ ပို များလေလေ ထျန်းဟုန် ဧကရီ၏ နောက်တစ်ကြိမ် တိုက်ခိုက်မှုက ပို၍ပြင်းထန်လာလေလေ ဖြစ်လိမ့်မည်။

မဟာမြင့်မြတ်နယ်မြေသခင်ကလည်း ဤအချက်ကို သတိပြုမိသဖြင့် သူ၏ မဟာမြင့်မြတ်စွမ်းအားကို ထပ်မံ စုစည်းကာ ထျန်းဟုန် ဧကရီနှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ထိုအခိုက်အတန့်တွင် မဟာမြင့်မြတ်နယ်မြေသခင်၏ ဘေး၌ အသက်ကယ် ဧကရီ ရုတ်တရက် ပေါ်လာသည်။ အသက်ကယ် ဧကရီ ကူညီရန် ရောက်လာသည်ကို မြင်လျှင် မဟာမြင့်မြတ်နယ်မြေသခင်က အနည်းငယ် ပြုံးလိုက်ပြီး

“သတ်ဖြတ်ခြင်း ဧကရာဇ် ဖြစ်နေရင်တောင် အဆင့်ကိုး ဧကရာဇ်နှစ်ပါးရဲ့ တိုက်ခိုက်မှုကို ခင်ဗျား တောင့်ခံနိုင်မှာ မဟုတ်ဘူး။”

အသက်ကယ် ဧကရီက ထျန်းဟုန် ဧကရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် မဟာမြင့်မြတ်နယ်မြေသခင်ကို ပြောလိုက်သည်။

“ရှင့်လို ထိပ်တန်းအင်အားစု တစ်ခုရဲ့ အကြီးအကဲက အဆင့်ခြောက် ဧကရာဇ်တစ်ပါးကိုတောင် ပြတ်ပြတ်သားသား အနိုင်မယူနိုင်ပဲ ကျွန်မရဲ့ အကူအညီကို လိုအပ်နေတာ အံ့ဩစရာပဲ။”

မဟာမြင့်မြတ်နယ်မြေသခင်က တဟားဟား ရယ်မောကာ

“အခုက ဒါတွေ ပြောနေရမယ့် အချိန် မဟုတ်ဘူး။ နောက်ပိုင်း လုချန်း ထွက်မပြေးနိုင်အောင် သူ့ကို အမြန် ဖယ်ရှားပစ်ရမယ်။”

မဟာမြင့်မြတ်နယ်မြေသခင်ကို အသက်ကယ် ဧကရီ ဆက်လက် မနောက်ပြောင်တော့ပေ။ ထိုအစား သူမ၏ လက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ပြင်းထန်သော အသက်စွမ်းအား တစ်ခု မဟာမြင့်မြတ်နယ်မြေသခင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး သူ၏ ဒဏ်ရာများကို ချက်ချင်း သက်သာပျောက်ကင်းသွားစေသည်။

သူ၏ ဒဏ်ရာများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသဖြင့် မဟာမြင့်မြတ်နယ်မြေသခင်လည်း ခဏခန့် ကြောင်အသွားသည်။ ထိုအခါမှသာ အသက်ကယ် ဧကရီသည် ဖန်တီးခြင်း လမ်းစဉ်ကို လိုက်နာသူ ဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။

အသက်ကယ် ဧကရီသည် အကောင်းဆုံးသော ပံ့ပိုးသူ ဖြစ်သည်။ သူမ ရှိနေသဖြင့် သူသည် ယခင်ကကဲ့သို့ သတိထားနေစရာ မလိုတော့ပဲ သူ၏ တိုက်ခိုက်မှုကို အပြည့်အဝ ထုတ်ဖော်နိုင်ပြီ ဖြစ်သည်။ ထို့နောက် ချက်ချင်းပင် မဟာမြင့်မြတ်နယ်မြေသခင်သည် သူ၏ မဟာမြင့်မြတ်စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။

ခဏချင်းအတွင်းပင် သူ၏ နောက်ကျောတွင် ကြီးမားလှသော နိယာမ ပုံရိပ်တစ်ခု ပေါ်လာသည်။ မဟာမြင့်မြတ်နယ်မြေသခင်က ထျန်းဟုန် ဧကရီကို

“ခင်ဗျားရဲ့ သတ်ဖြတ်ခြင်းစွမ်းအားကို ကျုပ်ကို နောက်တစ်ကြိမ် ခံစားခွင့်ပေးပါဦး။”

“မီးနတ်ဘုရား မိုးကောင်းကင် တံဆိပ်တော်....”

မဟာမြင့်မြတ်နယ်မြေသခင်၏ နိယာမ ပုံရိပ်မှ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ကောင်းကင်ယံတွင် ကြီးမားသော လေးထောင့်တံဆိပ်တစ်ခု ပေါ်လာ၏။ ၄င်း‌တွင် ထိတွေ့သမျှ အရာအားလုံးကို ပြာဖြစ်သွားစေမည့် ပြင်းထန်သော မီးတောက်များ လောင်မြိုက်နေသည်။

ထိုအရာက မဟာမြင့်မြတ်နယ်မြေသခင်၏ အစွမ်းအထက်ဆုံး တိုက်ကွက် ဖြစ်သည်။ ဤနည်းစနစ်ကို အသုံးပြုခြင်းက သူ၏ စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြားကို ကုန်ခမ်းစေမည် ဖြစ်သော်လည်း တိုက်ပွဲကို အမြန်အဆုံးသတ်ရန်နှင့် ဤအမျိုးသမီး နောက်ကွယ်တွင် ပုန်းနေသော လုချန်းကို ဖယ်ရှားရန်အတွက် ဤအရာကို မလွဲမရှောင်သာ သူ အသုံးပြုရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြိုင်ဘက်သည်လည်း သာမန်လူ မဟုတ်သောကြောင့်ပင်။ သာမန် တိုက်ကွက်များသည် အဆင့်ခြောက် သတ်ဖြတ်ခြင်း ဧကရာဇ်အပေါ် ထိရောက်မည် မဟုတ်သော်လည်း ဤတိုက်ကွက်ကိုတော့ ထျန်းဟုန် ဧကရီ တောင့်ခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။

ကောင်းကင်ယံမှ တံဆိပ်ကြီးကြောင့် ဖြစ်ပေါ်လာသော ဖိအားကို ခံစားလိုက်ရသဖြင့် ထျန်းဟုန် ဧကရီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

ငြင်းမရနိုင်သည့် အချက်တစ်ခုက သူမ၏ အသက်အန္တရာယ် တကယ်ပင် ခြိမ်းခြောက်ခံနေရခြင်း ဖြစ်သည်။

အဆင့်ကိုး ဧကရာဇ်များသည် အမှန်တကယ်ပင် ကိုင်တွယ်ရ မလွယ်ကူသူများဖြစ်ကြသည်။ အထူးသဖြင့် ထိပ်တန်း မြင့်မြတ်နယ်မြေများမှ ရှေးဟောင်း အဆင့်ကိုး ဧကရာဇ်များကို ရင်ဆိုင်ရခြင်းက ပို၍ခက်ခဲလှသည်။

ထျန်းဟုန် ဧကရီ သူမ၏ သတ်ဖြတ်ခြင်းစွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ရန် ပြင်ဆင်နေစဉ်မှာပင် သူမ၏ ခန္ဓာကိုယ် အလွန် ပေါ့ပါးသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး ယခင် ဒဏ်ရာများလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

အခြေအနေကို ထျန်းဟုန် ဧကရီ ချက်ချင်း နားလည်လိုက်သည်။ ရန်သူ့ဘက်တွင် အသက်စွမ်းအားကို အသုံးပြုသည့် ဧကရာဇ်တစ်ပါး ရှိသကဲ့သို့ သူမတို့ဘက်တွင်လည်း အသက်စွမ်းအားကို အသုံးပြုနိုင်သည့်သူ တစ်ဦး ရှိနေပြီ ဖြစ်သည်။

ထျန်းဟုန် ဧကရီ ပြန်လည် နာလန်ထူလာမသည်ကို မြင်လိုက်ရလျှင် မဟာမြင့်မြတ်နယ်မြေသခင်၏ မျက်နှာ ပို၍ တည်သွားသည်။

လုချန်းက သတ်ဖြတ်ခြင်း ဧကရာဇ် မဟုတ်ဘူးလား....

သူက ဘယ်လိုလုပ်ပြီး အသက်စွမ်းအားကို အသုံးပြုနိုင်တာလဲ....

သူ၏ ဘေးရှိ အသက်ကယ် ဧကရီသည်လည်း ဇဝေဇဝါ ဖြစ်သွားသည်။ လုချန်း ထျန်းဟုန် ဧကရီထံသို့ အသက်စွမ်းအားများ ထည့်သွင်းပေးလိုက်စဉ်က သူမလည်း ထိုစွမ်းအားလှိုင်းကို ခံစားလိုက်ရသည်။

လုချန်း၏ အသက်စွမ်းအားသည် သူမထက် ပို၍ပြင်းထန်ပြီး တက်ကြွနေသည်ကို သူမ တွေ့ရှိလိုက်ရ၏။ သတ်ဖြတ်ခြင်းဖြင့် လမ်းစဉ်ကို သက်သေထူထားသည့် ဧကရာဇ်တစ်ပါးက ဤမျှ စင်ကြယ်သော အသက်စွမ်းအားကို ထိန်းချုပ်နိုင်သည်ဟု သူမ တစ်ခါမှ မကြားဖူးပေ။

လုချန်း ဤအရာကို မည်သို့ လုပ်ဆောင်ခဲ့မှန်း သူမ နားမလည်နိုင်ပေ။

မဟာမြင့်မြတ်နယ်မြေသခင် သတိပြန်ဝင်လာပြီး

“သူတို့ နာလန်ထူလာတော့ကော ဘာဖြစ်လဲ။ ကျုပ်လက်ထဲမှာပဲ သူသေရမှာ။”

သူပြောနေစဉ်ပင် သူ၏ အတွင်းမှ မဟာမြင့်မြတ်စွမ်းအားသည် ပို၍ကြမ်းတမ်းလာပြီး ကောင်းကင်ယံမှ တံဆိပ်ကြီးသည်လည်း အရှိန်မြင့်တင် ဆင်းသက်လာ၏။ ယင်းသည် အချိန်နှင့်အမျှ ပို၍ကြီးမားလာပြီး ပတ်ဝန်းကျင် အာကာသကိုပါ ပိတ်ဆို့လိုက်သည်။

အပြည့်အဝ ပစ်မှတ်ထားခံလိုက်ရသဖြင့် နေရာရွှေ့ပြောင်းခြင်း သို့မဟုတ် အာကာရွှေ့ပြောင်းခြင်းများကို ထျန်းဟုန် ဧကရီ မလုပ်နိုင်တော့ပေ။ ထျန်းဟုန် ဧကရီက သူမ၏ သတ်ဖြတ်ခြင်းစွမ်းအား အားလုံးကို စုစည်းကာ အေးစက်စွာဖြင့်

“ဖျက်ဆီးခြင်းဓား”

ဟုအော်ဟစ်လိုက်သည်။

ထို့နောက် ကောင်းကင်ယံတွင် ပျံဝဲနေသော ဧကရီဓား အားလုံးသည် အနက်ရောင်သို့ ပြောင်းလဲသွားပြီး သူတို့ထံမှ ထွက်ပေါ်နေသော အငွေ့အသက်သည်လည်း အနီရောင် မိစ္ဆာစွမ်းအားမှ အနက်ရောင် မိစ္ဆာစွမ်းအားသို့ ပြောင်းလဲသွားသည်။

အနက်ရောင် မိစ္ဆာစွမ်းအားများ ထွက်ပေါ်နေသည့် ဤဧကရီဓားများကို မြင်ရုံမျှနှင့်ပင် တုန်လှုပ်ချင်စရာ ကောင်းလှသည်။ ဧကရီဓားများသည် ကောင်းကင်ယံတွင် သင်္ချိုင်း မှတ်တိုင်များကဲ့သို့ ပျံဝဲနေပြီး သတ္တဝါ အားလုံး၏ ပျက်သုဉ်းခြင်းကို စောင့်ကြည့်နေပုံရသည်။

ကောင်းကင်ယံမှ မီးတောက်နေသော လေးထောင့်တံဆိပ်ကြီး ထျန်းဟုန် ဧကရီထံသို့ နီးကပ်လာလျှင် အနက်ရောင် မိစ္ဆာစွမ်းအားများ ထွက်ပေါ်နေသည့် ဧကရီဓားများသည် ကြီးမားသော အနက်ရောင် ဧကရီဓားကြီး တစ်လက်အဖြစ် စုစည်းသွားပြီး ကောင်းကင်ယံရှိ တံဆိပ်ဆီသို့ တိုးဝင်သွားသည်။

ထို့နောက် ကြီးမားသော အနက်ရောင် ဧကရီဓားကြီးသည် တံဆိပ်ကို တိုက်ရိုက် ထိုးဖောက်သွားတော့သည်။ တံဆိပ် ပျက်ပြယ်သွားသော်လည်း ဧကရီဓားကြီးကတော့ ကျန်ရစ်နေပြီး မဟာမြင့်မြတ်နယ်မြေသခင်ထံသို့ တိုက်ရိုက် ဦးတည်သွားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် မဟာမြင့်မြတ်နယ်မြေသခင်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။ ထျန်းဟုန် ဧကရီသည် သူ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်ရုံသာမက တန်ပြန် တိုက်စစ်ပါ ဆင်နိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

မဟာမြင့်မြတ်နယ်မြေသခင်သည် သူ၏ ရှေ့တွင် ဒိုင်းတစ်ခု ပြုလုပ်ရန် မဟာမြင့်မြတ်စွမ်းအားများကို အမြန် စုစည်းလိုက်သော်လည်း အနက်ရောင် ဧကရီဓားကြီးသည် ထိုဒိုင်းကို အားစိုက်စရာ မလိုပဲ ထိုးဖောက်ကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေသည်။

နောက်တစ်ခဏတွင် အနက်ရောင် ဧကရီဓားကြီးသည် မဟာမြင့်မြတ်နယ်မြေသခင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့၏။ ထိုအခိုက်အတန့်တွင် သူ၏ နိယာမ ပုံရိပ်သည်လည်း ပြိုကျပျက်စီးသွားတော့သည်။

ဒါက...

သူ၏ ဘေးရှိ အသက်ကယ် ဧကရီ မယုံကြည်နိုင် ဖြစ်နေသည်။ အဆင့်ကိုးရှိ မဟာမြင့်မြတ်နယ်မြေသခင်က အဆင့်ခြောက် ထျန်းဟုန် ဧကရီ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာလား....

သတ်ဖြတ်ခြင်း ဧကရာဇ်တွေက ဒီ‌လောက်တောင် အစွမ်းထက်လာပြီလား။

မဖြစ်ပေ။

မဟာမြင့်မြတ်နယ်မြေသခင်တောင် ထိုအမျိုးသမီး၏ ပြိုင်ဘက် မဟုတ်လျှင် သူမသည်လည်း မည်သို့မှ ယှဉ်နိုင်မည် မဟုတ်ပေ။ ဤအမျိုးသမီးကို ရှန်ဝူ ဧကရာဇ် သို့မဟုတ် ရွှမ်ထျန်း ကိုယ်တိုင် ကိုင်တွယ်ရန်သာ ချန်ထားရမည်။

မဟာမြင့်မြတ်နယ်မြေသခင်၏ ခန္ဓာကိုယ်သည် ပြာများအဖြစ် လွင့်စင်တော့မည့် အချိန်၌ သူက ကျယ်လောင်စွာ ရယ်မောကာ

“ ဟား ဟား ဟား...ကျုပ် ခင်ဗျားကို တကယ် အထင်သေးခဲ့မိတာပဲ။ ဒါပေမဲ့ ဒါနဲ့ ကျုပ်ကို သတ်လို့ရမယ်လို့ ထင်နေရင်တော့ ခင်ဗျား ကျုပ်ကို အလွန်အကျွံ အထင်သေးရာ ရောက်လိမ့်မယ်။”

All Chapters