အခန်း (၁၅၃၄-၁၅၃၆)
Vol. 103 Ch. 1534-1536
အခန်း (၁၅၃၄)
လုချန်း၏ ဝှက်ဖဲ
မဟာမြင့်မြတ်နယ်မြေသခင်၏ ခန္ဓာကိုယ်သည် ကြယ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီးနောက် မျက်စိတစ်မှိတ်အတွင်းပင် သူ၏ခန္ဓာကိုယ်ကို မဟာမြင့်မြတ်စွမ်းအားဖြင့် ပြန်လည်ဖွဲ့စည်းလိုက်ပြီး သူ၏နတ်ဝိညာဉ်သည်လည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ချိန်၌ လုချန်း အတွေးနက်သွားသည်။
မဟာမြင့်မြတ်စွမ်းအားက လူတစ်ယောက်ကို မသေနိုင် မပျက်စီးနိုင်အောင် လုပ်ပေးနိုင်တာလား။
ဤအတိုင်းသာ အမှန်ဖြစ်ပါက ဤမဟာမြင့်မြတ်နယ်မြေသခင်သည် အလွန်ပင် ကိုင်တွယ်ရခက်ခဲလိမ့်မည် မဟုတ်ပါလား။
ဤစကြဝဠာထဲတွင် မသေနိုင် မပျက်စီးနိုင်သော သတ္တဝါများ မရှိသင့်ပေ။
ကန့်သတ်ချက် တစ်ခုခုတော့ ရှိရမည် မဟုတ်ပါလား။
မဟာမြင့်မြတ်နယ်မြေသခင်ကို အကြိမ်အနည်းငယ်လောက် ထပ်သတ်လိုက်ပါက နောက်ဆုံးတွင် သူ့ကို အပြီးတိုင် သတ်နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ထျန်းဟုန် ဧကရီ မဟာမြင့်မြတ်နယ်မြေသခင်ကို ဆက်လက် ကိုင်တွယ်မှာကို လုချန်း စောင့်ဆိုင်းနေစဉ်၌ပင် သူမ သွေးတစ် ပွက် အန်ထုတ်လိုက်သည်ကို သတိပြုမိလိုက်သည်။ သတ်ဖြတ်ခြင်းစွမ်းအားများသည် သူမ၏ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ ပြန်လည်ဝင်ရောက်သွားပြီး သူမ၏ ခန္ဓာကိုယ် ယိုင်နဲ့ကာ လဲကျတော့မည့်အလား ဖြစ်သွားသည်။
“ဒါက...”
ထျန်းဟုန် ဧကရီ၏နောက်သို့ လုချန်း အပြေးအလွှားသွားကာ သူမလဲကျမသွားစရန် ထိန်းပေးလိုက်ပြီးနောက် အနည်းငယ် နာလန်ထူလာစေရန် အသက်စွမ်းအားကို အသုံးပြုလိုက်သည်။ ထျန်းဟုန် ဧကရီအား ပြန်လည်ကောင်းမွန်အောင် ကူညီပေးနေစဉ် သူမ၏ခန္ဓာကိုယ်ကို လုချန်း စစ်ဆေးခဲ့ရာ ဖြစ်ပျက်နေသည့် အရာကို နောက်ဆုံးတွင် နားလည်သွားသည်။ သူမ ယခုလေးတင် အသုံးပြုခဲ့သော ဖျက်ဆီးခြင်းဓားသိုင်းသည် ရန်သူကိုသာမက သူမကိုယ်တိုင်ကိုပါ ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။
ထိုအရာက ရန်သူ့ကို တစ်ထောင်ဖိုး ထိခိုက်အောင်လုပ်လျှင် မိမိကိုယ်ကိုယ် ရှစ်ရာဖိုးလောက် ပြန်ထိခိုက်သည့် ဓားသိုင်းမျိုး ဖြစ်သည်။ လုချန်းက စိတ်ပျက်လက်ပျက်ဖြင့်
“မင်း နောက်ဆိုရင် ဒီဓားသိုင်းကို အသုံးမပြုတာ အကောင်းဆုံးပဲ။”
ယခု ထျန်းဟုန် ဧကရီ၏ဘေးတွင် သူရှိနေသဖြင့် သူမအား လျင်မြန်စွာ နာလန်ထူလာအောင် ကူညီပေးနိုင်သော်လည်း တစ်နေ့နေ့ သူ သူမဘေး၌ မရှိစဉ် သူမ ဤနည်းစနစ်ကို အသုံးပြုခဲ့မည်ဆိုပါက သူမ သေရုံသာ ရှိတော့မည် မဟုတ်ပါလား။
ယခင်ဘဝ၌ ဤနည်းစနစ်ကို အသုံးပြုခဲ့ပြီးနောက် ထျန်းဟုန် ဧကရီ ကျဆုံးခဲ့ခြင်း ဖြစ်မည်ဟု လုချန်း ယူဆလိုက်သည်။ ထျန်းဟုန် ဧကရီက ဘာမျှမပြောပဲ အဝေးရှိ မဟာမြင့်မြတ်နယ်မြေသခင်ကို အေးစက်စွာ ကြည့်နေခဲ့သည်။
သူမ၏ စွမ်းအားအားလုံးကို အသုံးပြုခဲ့သော်လည်း မဟာမြင့်မြတ်နယ်မြေသခင်ကို သူမ သတ်နိုင်ခြင်း မရှိပေ။ သူမအနေနှင့် သူတို့ကို ဆက်လက်ကိုင်တွယ်ရန် မစွမ်းသာတော့ပုံရသည်။
ထိုအခိုက်အတန့်တွင် ရွှမ်ဝူ ဧကရာဇ်သည်လည်း ရှန်ယွဲ့နိုင်ငံမှ အခြားအဆင့်ကိုး ဧကရာဇ်နှစ်ပါးနှင့်အတူ မဟာမြင့်မြတ်နယ်မြေသခင်၏ ဘေးသို့ ချက်ချင်းရောက်ရှိလာသည်။ ခဏချင်းအတွင်းသည်ပင် သူတို့ဘက်တွင် အဆင့်ကိုး ဧကရာဇ်ငါးပါး ရှိလာသည်။
အမှန်စင်စစ် ပြင်ပနယ်မြေတွင် အဆင့်ကိုး ဧကရာဇ် ငါးပါးသာ ရှိခြင်းမဟုတ်ပေ။ ယန်ယန် နန်းတော်တွင်လည်း အဆင့်ကိုး ဧကရာဇ် တစ်ပါးရှိပြီး မဟာမြင့်မြတ်နယ်မြေသခင် အပြင် မဟာမြင့်မြတ်နယ်မြေမှ နောက်ထပ် အဆင့်ကိုး ဧကရာဇ် နှစ်ပါးကို စေလွှတ်ထားသည်။
လုချန်းသည် ကောင်းကင်ဧကရာဇ် ဝင်စားသူဖြစ်နိုင်သည်ဟု မဟာမြင့်မြတ်နယ်မြေသခင် တွေးဆထား၏။ လုချန်းတွင် သူ့ကဲ့သို့ပင် ကိုင်တွယ်ရခက်ခဲသော အထူးနည်းဗျူဟာများ ရှိနေမည်ကို စိုးရိမ်သဖြင့် အန္တရာယ်မှ ကင်းစေရန် အပိုဆောင်း အဆင့်ကိုး ဧကရာဇ်နှစ်ပါးကို သူ တမင်ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အဝေးရှိ ရွှမ်ဝူ ဧကရာဇ်နှင့် အခြားသူများကို လုချန်း တစ်ချက် ကြည့်လိုက်သည်။ ယခု အခြေအနေသည် ရှနိုင်ငံအတွက် အလွန်ကို ဆိုးဝါးနေသည်။
ရှနိုင်ငံတွင် အဆင့်ကိုး ဧကရာဇ် တစ်ပါးမှ မရှိပေ။ သို့သော် ပြိုင်ဘက်တွင် အဆင့်ကိုး ဧကရာဇ်များ ဆယ်ပါးနီးပါးအထိ ရှိနေ၏။ ထို့ပြင် ထိုအင်အား၌ ထျန်းကျိရဲတိုက်ကို မထည့်ရသေးပေ။
အရေးကြီးဆုံးအချက်က ထိုအဆင့်ကိုး ဧကရာဇ်များကပင် ကိုင်တွယ်ရ အခက်ခဲဆုံး မဟုတ်သေးခြင်းဖြစ်၏။ လှုပ်ရှားမှု မပြုရသေးသည့် ရွှမ်ထျန်းကသာ အခက်ခဲဆုံး ဖြစ်နေသည်။
ရွှမ်ဝူ ဧကရာဇ်က လုချန်းကို ကြည့်ပြီး
“မင်းကို ကိုင်တွယ်ဖို့ စကြဝဠာရဲ့ ထိပ်တန်းအင်အားစုတွေနဲ့ ပူးပေါင်းရတဲ့အထိ မင်း အင်းအား ကြီးထွားလာလိမ့်မယ်လို့ ငါ တစ်ခါမျှ မထင်ခဲ့မိဘူး။”
ထိုအရာကို ကြားလျှင် လုချန်းက ရယ်မောကာ
“ခင်ဗျားက ကျုပ်ကို ခင်ဗျားရဲ့ သားလို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပဲ။”
“ခင်ဗျားရဲ့ မျက်လုံးထဲမှာတော့ ကျုပ်က ဝိညာဉ်ကူးပြောင်းဝင်စားဖို့အတွက် ခန္ဓာတစ်ခု သက်သက်ပဲ။ ကောင်းပြီ။ အပိုစကားတွေကို ကျော်လိုက်ကြစို့။ ခင်ဗျားတို့ စတင်နိုင်ပြီ။”
လုချန်းက ဤမျှ တည်ငြိမ်နေသည်ကို မြင်လျှင် ရွှမ်ဝူ ဧကရာဇ်နှင့် အခြားသုံးယောက်သည် ချက်ချင်း လှုပ်ရှားမှု မပြုခဲ့ကြပေ။ တစ်ခုခု မှားယွင်းနေသည်ဟု သူတို့ ခံစားမိလိုက်၏။
ရှနိုင်ငံတွင် အဆင့်ကိုး ဧကရာဇ် တစ်ပါးမှ မရှိသဖြင့် ယုတ္တိဗေဒအရဆိုပါက ဤအခြေအနေတွင် လုချန်း အနည်းငယ် ထိတ်လန့်သင့်သော်လည်း သူက ဂရုမစိုက်သည့်အလား ဖြစ်နေသည်။
ထိုအရာက လုချန်းတွင် ဝှက်ဖဲများ ရှိနေသေးသည်ဟု သူတို့ကို ခံစားရစေသည်။
အသက်ကယ် ဧကရီက
“ရှင့်မှာ ဝှက်ဖဲတွေ ရှိရင်လည်း အမြန်သာ ထုတ်သုံးလိုက်တော့။ နောက်မှ ကျွန်မတို့က အခွင့်အရေး မပေးဘူးလို့ အပြစ်မတင်နဲ့။”
လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး
“အရမ်းကောင်းတာပေါ့။ ဒါဆိုရင် ရှနိုင်ငံရဲ့ တကယ့်ဝှက်ဖဲကို ခင်ဗျားတို့ကို ပြပေးမယ်။”
ထိုစကားနှင့်အတူ လုချန်းက သူ၏နောက်ရှိ ဧကရာဇ်များထံသို့
“နည်းဗျူဟာ ပုံစံ ဖော်ဆောင်ကြ”
ဟု ချက်ချင်း အသိပေးလိုက်သည်။
ခဏချင်းအတွင်းပင် ရှနိုင်ငံ၏ ဧကရာဇ်အားလုံး စုရုံးလာကြ၏။ ရွှမ်ဝူ ဧကရာဇ်တို့ လုချန်း၏ ရည်ရွယ်ချက်ကို မသိနိုင်မီပင် လုချန်း၏ခြေဖဝါးအောက်တွင် စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံ တစ်ခု ပေါ်လာပြီး သူ့ကို ပုံစံတစ်ခုလုံး၏ ဗဟိုချက် ဖြစ်လာစေသည်။
“ဒါက...”
ရွှမ်ဝူ ဧကရာဇ်တို့လူစု အံ့အားသင့်သွားကြသည်။
“စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံလား။”
မဟာမြင့်မြတ်နယ်မြေသခင်က တဟားဟား ရယ်မောကာ
“ခင်ဗျားကတော့ လမ်းပိတ်သွားပုံရတယ်။ စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံကိုတောင် အသုံးပြုနေရတယ်ပေါ့။ ဒါပေမဲ့ ကျုပ်တို့ လှုပ်ရှားမှု တစ်ခုမှ မလုပ်ရင်တောင် ခင်ဗျားရဲ့ စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံက ဘယ်လောက်ကြာကြာ ခံမှာလဲ။”
စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံသည် လမ်းစဉ်စွမ်းအား အားလုံးကို စုစည်းပေး၏။ လုချန်း၏ အဆင့်ငါးနယ်ပယ် ခန္ဓာကိုယ်ဖြင့်ဆိုပါက ဤစွမ်းအားကြောင့် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားရန် ဆယ့်ငါးမိနစ်ပင် ကြာလိမ့်မည် မဟုတ်ပေ။
ဤလုပ်ရပ်သည် သာမန် ဧကရာဇ်များကို ခြောက်လှန့်ရန်အတွက်သာ ကောင်းပေလိမ့်မည်။ ဤအဆင့်ကိုး ဧကရာဇ်များသည် အရာအားလုံးကို မြင်တွေ့ခဲ့ဖူးသူများဖြစ်၏။ သူတို့ရှေ့၌ စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံဖော်ဆောင်ခြင်းက ဟာသတစ်ခုသာ ဖြစ်သည်။
သူတို့အားလုံးသည် စတင်တိုက်ခိုက်ရန် မရည်ရွယ်ကြတော့ပေ။ လုချန်း၏ ခန္ဓာကိုယ် ဤစွမ်းအားကြောင့် ပေါက်ကွဲသွားမည့် အချိန်ကိုသာ စောင့်ဆိုင်းရန် ရည်ရွယ်ထားကြသည်။
သို့သော် မျှော်လင့်မထားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ လုချန်း စိတ်ဝိညာဉ် စုစည်းခြင်း နည်းဗျူဟာ ပုံစံ၏ ဗဟိုချက် ဖြစ်လာသည်နှင့်အမျှ အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများ သူ၏ခန္ဓာကိုယ်အတွင်းသို့ စုစည်းလာပြီး လုချန်း၏ အင်အားသည် ဧကရာဇ် အဆင့်ကိုးအထိ လျင်မြန်စွာ မြင့်တက်လာသည်ကို သူတို့ မကြာမီပင် သတိပြုမိလိုက်ကြသည်။
ထိုမျှသာမကပဲ လုချန်း၏ အင်အားသည် ဆက်လက် မြင့်တက်နေခဲ့ပြီး သူ၏ ဖိအားများကြောင့် ရွှမ်ဝူ ဧကရာဇ်ကဲ့သို့သော အဆင့်ကိုး ဧကရာဇ်များပင်လျှင် စိတ်မသက်မသာ ဖြစ်လာကြသည်။ မဟာမြင့်မြတ်နယ်မြေသခင်က မျက်မှောင်ကြုတ်ကာ
“တစ်ခုခု မှားနေပြီ။ သူ ဘာလို့ အခုထိ မပေါက်ကွဲသေးတာလဲ။”
လုချန်းက ပြုံးပြီး
“ဒါက ခင်ဗျားတို့အားလုံးအတွက် ကျုပ် ပြင်ဆင်ထားတဲ့ ဝှက်ဖဲပဲ။ ခင်ဗျားတို့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ထိုစကားများနှင့်အတူ စနစ်ထဲမှ နတ်ဘုရားချေမှုန်းဓားကို လုချန်း ထုတ်ယူလိုက်သည်။
နတ်ဘုရားချေမှုန်းဓား ပြင်ပနယ်မြေတွင် ပေါ်လာသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော နတ်လက်နက် အငွေ့အသက်များ ကျဆင်းလာသည်။ ထိုစဉ် ရွှမ်ထျန်း၏ မျက်နှာ အလွန် ဖြူဖျော့သွားပြီး ရွှမ်ဝူ ဧကရာဇ်နှင့် အခြားအဆင့်ကိုး ဧကရာဇ်များ၏ နဖူးမှလည်း ချွေးအေးများ အလိုအလျောက် စီးကျလာသည်။
“ဒါက ဘယ်လိုအဆင့်ရှိတဲ့ လက်နက်လဲ။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားမျိုး ဘယ်လိုလုပ်ပြီး ရှိနေနိုင်ရတာလဲ။”
လက်နက်တစ်ခုတည်းနှင့်ပင် သူတို့ကို မလှုပ်ရှားနိုင်အောင် လုပ်နိုင်သည်။
ဤအရာကမှ လုချန်းရဲ့ တကယ့်ဝှက်ဖဲလား။
အင်အားကြီးလှသော ရွှမ်ထျန်းပင်လျှင် လုချန်းကို အဘယ်ကြောင့် ကြောက်ရွံ့ပြီး သူ့ကို ကိုင်တွယ်ရန် သူတို့ကို အဘယ်ကြောင့် စေလွှတ်ခဲ့သနည်းဆိုတာကို ထိုခဏ၌ ရွှမ်ဝူ ဧကရာဇ် ရုတ်တရက် နားလည်သွားခဲ့သည်။ လုချန်းတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
ထိတ်လန့်သွားပြီးနောက် ရွှမ်ဝူ ဧကရာဇ်၏ စိတ်ခံစားချက်များ လျင်မြန်စွာ ပြောင်းလဲသွား၏။ သူ၏ အကြည့်သည် လောဘ အရိပ်အယောင်များဖြင့် ပြည့်နှက်လာသည်။
သူသာ လုချန်းကို သတ်နိုင်ပြီး လက်နက်ကို ရယူနိုင်ခဲ့လျှင် ရွှမ်ထျန်းကို သူ အနိုင်တိုက်နိုင်မည် မဟုတ်ပါလား။
ရွှမ်ထျန်း ယခုအချိန်ထိ ပေါ်မလာရဲသေးတာက ထိုလက်နက်ကို ကြောက်နေသောကြောင့် ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးတောရင်း ရွှမ်ဝူ ဧကရာဇ်သည် တွန့်ဆုတ်မနေတော့ပဲ နတ်ဆိုးလှံကို တိုက်ရိုက် အသုံးပြုလိုက်သည်။ ထို့နောက် ရွှမ်ဝူ ဧကရာဇ်၏ ပတ်လည်ရှိ သွေးမျိုးဆက်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ပတ်ဝန်းကျင် အာကာသလည်း အဆက်မပြတ် လိမ်တွန့်လာသည်။
ခဏချင်းအတွင်းသည်ပင် သူတို့ရှိနေသည့် နေရာသည် သွေးပင်လယ်နှင့် အလောင်းတောင်များအဖြစ် ပြောင်းလဲသွားသည်။ လုချန်းထံမှ ဖိအားများကို ခံစားရသဖြင့် သူ၏ ရှိသမျှ စွမ်းအားအားလုံးကို အသုံးပြုရမည်ဖြစ်ကြောင်း ရွှမ်ဝူ ဧကရာဇ် သိလိုက်ပြီး သတ်ဖြတ်ခြင်း နယ်ပယ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
………….
အခန်း (၁၅၃၅)
လူတစ်ယောက်က ဒါမျိုး လုပ်နိုင်ပါ့မလား
သူ့ထံမှ ထွက်ပေါ်လာသော ဖိအားများကို ခံစားရပြီးနောက်တွင်ပင် ရွှမ်ဝူ ဧကရာဇ်က သူ၏လက်နက်ကို ထုတ်ဖော်ဝံ့သေးသည်ကို မြင်လိုက်ရသဖြင့် လုချန်း ခပ်ဖွဖွ ပြုံးလိုက်မိ၏။
ယနေ့တွင် သူ သားမိုက်တစ်ယောက် ဖြစ်လာရတော့မှာကိုလည်း နားလည်လိုက်သည်။ မည်သို့ပင်ဆိုစေ ရွှမ်ဝူ ဧကရာဇ်သည် သူ၏ဖခင် ဖြစ်ခဲ့၏။
သို့သော် ကံမကောင်းစွာဖြင့် ဤဖခင်သည် သူ့ကို အစကတည်းက လူတစ်ယောက်ကဲ့သို့ ဘယ်သောအခါကမှ မသတ်မှတ်ခဲ့ပေ။
လုချန်း ထိုကိစ္စများကို အာရုံထဲ ထည့်မထားတော့ပေ။ ရွှမ်ဝူ ဧကရာဇ်က သူ့ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် သူ့ကို အပြစ်တင်၍ မရတော့ပေ။
ဤနေရာတွင် သားအဖဟူ၍ မရှိတော့။ ရန်သူများသာ ရှိတော့သည်။
နတ်ဘုရားချေမှုန်းဓားကို လုချန်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး လမ်းစဉ်စွမ်းအား အားလုံးကို ဓားအတွင်းသို့ ထည့်သွင်းလိုက်၏။ ဓားမှ ချက်ချင်းပင် အလင်းရောင်ခြည် ခုနှစ်ခု ထွက်ပေါ်လာသည်။
လုချန်းက လမ်းစဉ်စွမ်းအား အားလုံးကို တကယ် ပေါင်းစပ်နိုင်သည်ကို မြင်လိုက်ရလျှင် ရောက်ရှိနေသည့် အင်အားစု လေးစုမှ ဧကရာဇ်အဆင့်များ ဆွံ့အသွားကြသည်။
မဟာမြင့်မြတ်နယ်မြေသခင်သည် နွားတစ်ကောင်ကဲ့သို့ မျက်လုံးများ ပြူးသွားကာ လုချန်းထံမှ ထွက်ပေါ်နေသော ရောင်ခြည် ခုနစ်ခု စွမ်းအားများကို စိုက်ကြည့်ရင်း
“ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...”
ဟု မကြားတကြား ရေရွတ်လိုက်သည်။
အသက်ကယ် ဧကရီသည်လည်း သူမရှေ့မှ မြင်ကွင်းကြောင့် ဆွံ့အကာ စကားပင် မပြောနိုင် ဖြစ်နေသည်။ ထိုအခိုက်အတန့်တွင် လူတိုင်းသည် လုချန်းကို စေ့စေ့စိုက်ကြည့်နေကြ၏။ ရွှမ်ဝူ ဧကရာဇ်၏ မျက်နှာသည်လည်း အလွန်ပင် တည်ကြည်လေးနက်သွားသည်။
လမ်းစဉ်စွမ်းအား အားလုံးကို ပဋိပက္ခမရှိပဲ ထိန်းချုပ်နိုင်သည့်သူ တစ်စုံတစ်ယောက် ရှိသည်ဟု သူတို့ တစ်ခါမှ မကြားဖူးခဲ့ကြပေ။
ဒါက လူတစ်ယောက် လုပ်နိုင်တဲ့ အရာမျိုးလား။
ဧကရာဇ်တစ်ပါးသည် လမ်းစဉ်တစ်ခုတည်းကိုသာ သက်သေထူနိုင်သည်။
သူတို့က အခြားလမ်းစဉ်များ၏ စွမ်းအားကို ဘယ်လိုလုပ်ပြီး တတ်မြောက်နိုင်မှာလဲ။
ယခင်ခေတ်မှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်သောကြောင့် အခြားလမ်းစဉ်များကို သက်သေထူခဲ့ဖူးလျှင်ပင် အပိုဆောင်း စွမ်းအားတစ်မျိုးကိုသာ ထိန်းချုပ်နိုင်ပေလိမ့်မည်။
သို့သော် ထိုသို့ တတ်မြောက်လျှင်တောင် အလွန် အားနည်းလှပြီး သူတို့ သက်သေထူထားသည့် လမ်းစဉ်၏ စွမ်းအားကဲ့သို့ လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်စွမ်း မရှိပေ။ သို့သော် လုချန်းကတော့ လမ်းစဉ်စွမ်းအား အပိုတစ်ခုတည်းကိုသာ တတ်မြောက်ခြင်း ဟုတ်ပုံမရပေ။
သူ အေးအေးဆေးဆေး ရှိနေနိုင်ခြင်းကို ကြည့်ခြင်းအားဖြင့် ဤစွမ်းအားများ အားလုံးအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းသည် ဧကရာဇ်တစ်ပါး မိမိ၏ ကိုယ်ပိုင်လမ်းစဉ်အပေါ် ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိနေသည်။ လုချန်းသည် သူ၏ လမ်းစဉ်ကို သက်သေထူစဉ်ကပင် လမ်းစဉ်အားလုံးကို သက်သေထူခဲ့သည့်အလား လမ်းစဉ်စွမ်းအားများအားလုံးကို သူ၏ ခန္ဓာကိုယ်အတွင်း ပဋိပက္ခမရှိပဲ လိုက်လျောညီထွေ ဖြစ်နေစေသည်။
ဒါပေမဲ့ ဒီစကြဝဠာထဲက လူတစ်ယောက်က ဘယ်လိုလုပ်ပြီး လမ်းစဉ်အားလုံးကို သက်သေထူနိုင်မှာလဲ။
ဒါက စကြဝဠာ နိယာမက ခွင့်ပြုထားတဲ့ အရာလား။
ထိုအခိုက်အတန့်တွင် ရွှမ်ထျန်းသည် လုချန်းကို စိုက်ကြည့်နေပြီး သူထံမှ မူလအစစွမ်းအားများ မထိန်းချုပ်နိုင်ပဲ ယိုစိမ့်ထွက်ပေါ်လာကာ သူ၏ ပတ်ဝန်းကျင်ရှိ အာကာသကို လိမ်တွန့်သွားစေသည်။ လုချန်း ဤဘဝတွင် ဤအဆင့်အထိ ရောက်ရှိလာလိမ့်မည်ဟု ရွှမ်ထျန်း တစ်ခါမှ ထင်မှတ်မထားခဲ့ပေ။
သူ့ကို အမြန်ဆုံး မဖယ်ရှားနိုင်ပါက သူသည် စကြဝဠာကြီးကို တကယ်ပင် ငါးပါးမှောက်စေလိမ့်မည်။
ခဏခန့် တွန့်ဆုတ်သွားသော်လည်း ရွှမ်ဝူ ဧကရာဇ် ချက်ချင်းပင် သတိပြန်ဝင်လာခဲ့သည်။
လက်ရှိ အခြေအနေအရ လုချန်းက မည်မျှပင် အစွမ်းထက်နေပါစေ သူ လှုပ်ရှားရတော့မည်။
လုချန်း၏ ဓားထံမှ ခြိမ်းခြောက်မှုကို သူ ခံစားနေရသည်။ ယခုနေ သူ လှုပ်ရှားမှု မပြုပါက သေရမည့်သူသည် သူကိုယ်တိုင်ပင် ဖြစ်လိမ့်မည်။
ထို့နောက် လုချန်း၏ စွမ်းအားများကို ဖိနှိပ်ရန်နှင့် သူ၏ အစွမ်းအစများကို အပြည့်အဝ အသုံးမပြုနိုင်စေရန်အတွက် သတ်ဖြတ်ခြင်း နယ်ပယ်တစ်ခုလုံးကို ရွှမ်ဝူ ဧကရာဇ် ချက်ချင်း ပိတ်စို့လိုက်သည်။
သို့သော် လုချန်းသည် သတ်ဖြတ်ခြင်းစွမ်းအား အပါအဝင် လမ်းစဉ်စွမ်းအား အားလုံးကို ပေါင်းစပ်ထားပြီး ဖြစ်သဖြင့် ရွှမ်ဝူ ဧကရာဇ်၏ သတ်ဖြတ်ခြင်း နယ်ပယ်က သူ့အပေါ် မည်သည့် သက်ရောက်မှုမှ မရှိနိုင်ပေ။
သို့သော် ထိရောက်မှု ရှိမရှိကို ဂရုမစိုက်တော့ပဲ သူ၏ သတ်ဖြတ်ခြင်းစွမ်းအား အားလုံးကို ရွှမ်ဝူ ဧကရာဇ် တိုက်ရိုက် ထုတ်ဖော်လိုက်တော့သည်။
ငရဲမီးကြာပန်း......
နောက်တစ်ခဏတွင် သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ မရေမတွက်နိုင်သော မီးတောက်နေသည့် ကြာပန်းများ ပေါ်လာပြီး ပြင်းထန်သော သွေးအငွေ့အသက်များကို ထုတ်လွှတ်ကာ ထိတွေ့သမျှ အရာအားလုံးကို လျင်မြန်စွာ တိုက်စားသွားသည်။ မကြာမီပင် ထိုကြာပန်းများ အားလုံး လုချန်းထံသို့ ပျံသန်းသွားကြ၏။
လုချန်းက သူ၏ နတ်ဘုရားချေမှုန်းဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ဤဓားချက်၌ မည်သည့် ဓားသိုင်းကိုမှ အသုံးမပြုထားသလို မည်သည့် ကျင့်စဉ်မှလည်း မပါရှိပေ။
ယင်းသည် သန့်စင်သော ဓားအရှိန်အဝါ သက်သက်သာ ဖြစ်သည်။ သို့သော် အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများ ပါဝင်နေသည့် ဓားအရှိန်အဝါနှင့် ထိတွေ့လိုက်သည်နှင့် မီးကြာပန်း အားလုံး ချက်ချင်း ဖျက်ဆီးခံလိုက်ရသည်။
လုချန်းက ကျင့်စဉ်တစ်ခုဖြင့်ပင် အားစိုက်စရာ မလိုပဲ ထိုအရာကို ချေဖျက်နိုင်ကြောင်း မြင်လိုက်ရလျှင် ရွှမ်ဝူ ဧကရာဇ် ချက်ချင်း မျက်နှာ ပျက်သွားသည်။ သူ၏ သတ်ဖြတ်ခြင်း နယ်ပယ်သည် လုချန်း၏ အင်အားကို ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ကြောင်း သူ သိထားသော်လည်း ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို အသုံးပြုပြီးနောက် လုချန်း ဤမျှအထိ အစွမ်းထက်လာလိမ့်မည်ဟုတော့ သူ ထင်မှတ်မထားခဲ့ပေ။
ဤမျှ သာမန်ဆန်သော ဓားချက်တစ်ချက်က သူ၏ ကောင်းကင်အဆင့် တိုက်ကွက်ကို တကယ်ပင် တားဆီးနိုင်ခဲ့သည်။
ထိုအခိုက်အတန့်တွင် သူ၏ နတ်ဆိုးလှံကို ရွှမ်ဝူ ဧကရာဇ် မသိစိတ်ဖြင့် ပို၍တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်မိသည်။
ကြည့်ရတာ ထိုတိုက်ကွက်ကိုသာ အသုံးပြုရန် ရှိတော့ပုံရသည်။
ထိုအခိုက်အတန့်တွင် ရွှမ်ဝူ ဧကရာဇ်က အသက်ကယ် ဧကရီနှင့် မဟာမြင့်မြတ်နယ်မြေသခင်ကို ပြောလိုက်သည်
“ခင်ဗျားတို့ နှစ်ယောက်က ဘယ်လောက်ကြာကြာ ကြည့်နေဖို့ စိတ်ကူးထားလဲ။”
ရွှမ်ဝူ ဧကရာဇ်၏ အသံကို ကြားလျှင် ထိုနှစ်ဦး နောက်ဆုံးတွင် သတိပြန်ဝင်လာကြပြီး မဟာမြင့်မြတ်နယ်မြေသခင်က ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ၏နောက်တွင် နိယာမ ပုံရိပ်တစ်ခု ချက်ချင်းပေါ်လာ၏။
ထို ရွှေရောင် ပုံရိပ်ကြီးသည် ကြီးမားသော ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ တစ်ဆက်တည်းဆိုသလိုပင် မဟာမြင့်မြတ်နယ်မြေသခင်က
“မီးဖီးနစ် မဟာမြင့်မြတ်ဓားချက်။”
ဟုကြွေးကြော်လိုက်သည်။
ထို့နောက် မီးတောက်နေသည့် အဝါရောင် ဓားအရှိန်အဝါသည် လုချန်းထံသို့ ဦးတည်ကာ ပျံသန်းသွား၏။ ထိုဓားအရှိန်အဝါ လုချန်း၏ ခန္ဓာကိုယ်နှင့် နီးကပ်လာသည်နှင့်အမျှ တောက်လောင်နေသည့် ဖီးနစ်ငှက်တစ်ကောင်အဖြစ် ပြောင်းလဲလာသည်။
လုချန်းက နတ်ဘုရားချေမှုန်းဓားကို ညင်သာစွာ မြှောက်၍ တစ်ချက် ဝှေ့ယမ်းလိုက်ရာ ယခင်ကကဲ့သို့ပင် အမျိုးမျိုးသော လမ်းစဉ်စွမ်းအားများ ပါဝင်သည့် ဓားအရှိန်အဝါသည် မဟာမြင့်မြတ်နယ်မြေသခင်၏ တိုက်ကွက်ကို ချက်ချင်း ချေဖျက်ပစ်လိုက်သည်။
ဤအရာကို မြင်လိုက်ရလျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးကို ရန်စမိလိမ့်မည်ဟု တစ်ခါမှ ထင်မှတ်မထားခဲ့သော အသက်ကယ် ဧကရီလည်း နက်ရှိုင်းသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
အဝေးရှိ ရွှမ်ဝူ ဧကရာဇ်နှင့်တို့ကို ကြည့်ရင်း လုချန်းက ပြုံးကာ
“ခင်ဗျားတို့မှာ ဘာတွေ ကျန်သေးလဲ။ အကုန် ထုတ်သုံးလိုက်ကြပါ။ ပြီးပြီဆိုရင်တော့ ကျုပ်အလှည့် ရောက်ပြီလို့မှတ်။”
ထိုအရာကို ကြားလျှင် အင်အားစု လေးခုမှ အဆင့်ကိုး ဧကရာဇ်များ တစ်ဦးပြီးတစ်ဦး တိုက်ခိုက်လာကြသော်လည်း အားလုံးသည် တူညီစွာပင် ကျရှုံးသွားခဲ့သည်။ လုချန်းက သူတို့ကို အလွယ်တကူပင် ခုခံနိုင်ခဲ့သည်။
ထိုစဉ် မဟာမြင့်မြတ်နယ်မြေသခင်
ရုတ်တရက် သတိရသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“လုချန်းရဲ့ စွမ်းအားက ရှနိုင်ငံက ဧကရာဇ်တွေဆီက လာတာ။ ကျုပ်တို့သာ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို ဖျက်ဆီးပစ်လိုက်ရင် သူ ရထားတဲ့ စွမ်းအားတွေ ချက်ချင်း ပျောက်သွားလိမ့်မယ်။”
မဟာမြင့်မြတ်နယ်မြေသခင်၏ စကားကို ကြားလျှင် လူတိုင်း သဘောပေါက်သွားကြသည်။ ဟုတ်ပါသည်။ သူတို့ ယခုအချိန်တွင် လုချန်းကို ရင်ဆိုင်နေစရာ မလိုပေ။
ယခု လုချန်းသည် ကောင်းကင်ဧကရာဇ် အဆင့်နီးပါး ရောက်ရှိနေလောက်ဖြစ်သည်။ ကောင်းကင်ဧကရာဇ် အဆင့်ပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
သူတို့ လုချန်းကို မထိခိုက်နိုင်သော်လည်း သူ၏နောက်ရှိ ဧကရာဇ်များကိုရော မထိခိုက်နိုင်ဘူးလား။
ရှနိုင်ငံ၏ ဧကရာဇ်များသည် သူတို့၏ စွမ်းအားများကို လုချန်းထံ ပေးထားသဖြင့် ယခု သူတို့သည် အလွန် အားနည်းနေပြီး အားစိုက်စရာ မလိုပဲ သတ်ဖြတ်ခြင်း ခံရနိုင်သည်။
ထိုအချက်ကို တွေးတောမိရင်း အင်အားစု လေးခုမှ ဧကရာဇ်များလည်း လုချန်း၏ အနောက်ရှိ ရှနိုင်ငံ ဧကရာဇ်များကို ပစ်မှတ်ထားကာ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို ဖျက်ဆီးပြီး လုချန်း၏ စွမ်းအားများကို ရုပ်သိမ်းရန် ကြိုးပမ်းကြတော့၏။
အင်အားစု လေးခု၏ အတွေးများကို ရိပ်မိလိုက်သော်လည်း လုချန်းက ပြုံးနေဆဲပင်။
သူတို့ ဤနည်းဗျူဟာမျိုး အသုံးပြုလိမ့်မည်ဟု သူ ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။
သို့သော် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို ထိုမျှ လွယ်လွယ်ကူကူနှင့် ဖျက်ဆီး၍ မရပေ။ သူက နည်းဗျူဟာ ပုံစံ၏ ဗဟိုချက်အဖြစ် ထိုဧကရာဇ်များကို ကာကွယ်ရန် စွမ်းအားများကို ထုတ်လွှတ်ထားသရွေ့ အင်အားစု လေးခုမှ မည်သူမှ ရှနိုင်ငံ၏ ဧကရာဇ်များကို ထိနိုင်လိမ့်မည် မဟုတ်ပေ။
ချက်ချင်းပင် မူလအစစွမ်းအားများကို လုချန်း ထုတ်လွှတ်လိုက်ပြီး ရှနိုင်ငံ၏ ဧကရာဇ်များ အားလုံးကို လွှမ်းခြုံထားသည့် ကြီးမားသော အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။ သူ့ထံ၌ ရှိနေသော မူလအစစွမ်းအားသည် နည်းပါးသော်လည်း ရေတို ကာကွယ်ရန်အတွက်တော့ လုံလောက်မှု ရှိသည်။
လုချန်းထံမှ ထွက်ပေါ်နေသော မူလအစစွမ်းအားများကို ခံစားလိုက်ရလျှင် ရွှမ်ဝူ ဧကရာဇ်လည်း ဆက်လက် တည်ငြိမ်မနေနိုင်တော့ပေ။
ဘာကြောင့် တစ်ယောက်ပြီး တစ်ယောက် မူလအစစွမ်းအားကို အသုံးပြုနိုင်နေကြတာလဲ။
ရွှမ်ထျန်းက မူလအစစွမ်းအားကို အသုံးပြုနိုင်သည်။ ယခု လုချန်းကပါ မူလအစစွမ်းအားကို ခေါ်ယူနိုင်နေပြီလား။
ရွှမ်ထျန်းက ဖုံးကွယ်ထားသည့် ကောင်းကင်ဧကရာဇ် တစ်ပါးဖြစ်သောကြောင့် ထားလိုက်ပါဦး.....
သို့သော် လုချန်းက ကောင်းကင်ဧကရာဇ် မဟုတ်ပဲ မူလအစစွမ်းအားကို ဘယ်က နေသနည်း။
ဒီစကြဝဠာရဲ့ ကောင်းကင်လမ်းစဉ်က ဒီလောက်တောင် မတရားရလား။
သူသည် သတ်ဖြတ်ခြင်း လမ်းစဉ်တွင် ဇွဲနပဲနှင့် ကြိုးစားခဲ့သော်လည်း မူလအစစွမ်းအား၏ အရိပ်အယောင်ကိုသာ မည်ကာမတ္တ ခံစားနိုင်ခဲ့သည်။ သို့သော် သူ၏ သားဖြစ်သော လုချန်းကတော့ မူလအစစွမ်းအားကို တိုက်ရိုက် ခေါ်ယူ အသုံးပြုနိုင်နေသည်။
…………….
အခန်း (၁၅၃၆)
ဘဝအဆက်ဆက် စောင့်ကြည့်နေသူ
ထိုအခိုက်အတန့်တွင် ရွှမ်ဝူ ဧကရာဇ်၏ စိတ်နှလုံးထဲ၌ ကောင်းကင်လမ်းစဉ်အပေါ် ကြီးမားသော ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ ရွှမ်ထျန်းတစ်ဦးတည်းသာ မူလအစစွမ်းအားကို အသုံးချနိုင်ကြောင်း သူ တွေ့ခဲ့လျှင် သူ စိတ်မပါပဲ လက်ခံနိုင်ကောင်း လက်ခံနိုင်မည် ဖြစ်၏။ သို့သော် သူ၏စွမ်းအားကို မြှင့်တင်ရန်အတွက် စိတ်ဝိညာဉ် စုစည်းခြင်း နည်ဗျူဟာ ပုံစံအပေါ် အမှီပြုနေရသော လုချန်းကလည်း မူလအစစွမ်းအားကို ထိန်းချုပ်နိုင်နေသည်။
လုချန်းက ကောင်းကင်ဧကရာဇ် မဟုတ်ပါပဲ မူလအစစွမ်းအားကို ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်ရတာလဲ။
ကောင်းကင်လမ်းစဉ်က လုချန်းကို ကောင်းကင်ဧကရာဇ်အဖြစ် တိတ်တဆိတ် အသိအမှတ်ပြုထားပြီးပြီဟု အဓိပ္ပာယ်ရနေသလား။
သူ၏ သားက သူ့ထက် အရင် ထိုခြေလှမ်းကို လှမ်းသွားနိုင်သည်ဟူသော အတွေးက ရွှမ်ဝူ ဧကရာဇ်၏ စိတ်အတွင်း၌ ပြင်းထန်သော ဒေါသမီးများ လောင်မြိုက်စေခဲ့သည်။
ထိုအချိန်တွင် ရွှမ်ဝူ ဧကရာဇ်အား ဝန်းရံထားသော သွေးရောင် မိစ္ဆာစွမ်းအားများသည် တဖြည်းဖြည်းနှင့် အနက်ရောင်သို့ ပြောင်းလဲသွားပြီး ပို၍ထူးဆန်းလာကာ ပတ်ဝန်းကျင် အာကာသသည်လည်း အဆက်မပြတ် လိမ်တွန့်လာတော့သည်။
ရွှမ်ဝူ ဧကရာဇ် တစ်ခုခု မှားယွင်းနေသည်ကိုအသက်ကယ် ဧကရီ အာရုံခံမိလိုက်သည်။ သူမသည် သူ၏ခန္ဓာကိုယ်ထဲသို့ အသက်စွမ်းအားကို အလျင်အမြန် ထည့်သွင်းပေးလိုက်ပြီး သူ၏စိတ်ကို တည်ငြိမ်စေရန် ကြိုးပမ်းသည့်အနေနှင့် ‘နိုးထခြင်းခေါင်းလောင်း’ ဟုခေါ်သော မှော်ရတနာကို ထုတ်ယူလိုက်သည်။
“ရွှမ်ဝူ ဧကရာဇ်... ချက်ချင်း နိုးထစမ်း”
အသက်ကယ် ဧကရီ၏ အသံသည် ရွှမ်ဝူ ဧကရာဇ်၏ စိတ်ထဲသို့ တိုက်ရိုက် ဝင်ရောက်သွား၏။ သူမ၏အသံကို ကြားလျှင် ရွှမ်ဝူ ဧကရာဇ်၏ မျက်လုံးများ ရုတ်တရက် ကြည်လင်မှု ပြန်လည်ရရှိလာသည်။
ရွှမ်ဝူ ဧကရာဇ်သည် မျက်မှောင်ကြုတ်ကာ သူ၏ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်ပြီး ၎င်းထံမှ ထွက်ပေါ်နေသော အနက်ရောင် မိစ္ဆာစွမ်းအားများကို မြင်လျှင် အလွန်ပင် ဇဝေဇဝါ ဖြစ်သွားသည်။
“ဘာတွေ ဖြစ်နေတာလဲ။”
သူ ဘာကြောင့် ဒီအချိန်မှာမှ ကျင့်စဉ် ဖောက်ပြန်မှု ဖြစ်သွားရတာလဲ။
လွန်ခဲ့သော ခဏကပင် စကြဝဠာကြီးသည် သူ့အပေါ် မတရားဟု သူ ရုတ်တရက် ခံစားခဲ့ရသည်။
သူသည် သူ၏ဘဝတစ်လျှောက်လုံး သတ်ဖြတ်ခြင်းလမ်းစဉ်ကို ကျင့်ကြံခဲ့သော်လည်း ထိုခြေလှမ်းကို မလှမ်းနိုင်သေးပဲ လုချန်းကမူ မူလအစစွမ်းအားကို အသုံးချနိုင်နေသည်။ ဤကဲ့သို့သော ကောင်းကင်လမ်းစဉ်မျိုးကို ဖျက်ဆီးပစ်သင့်သည်။
ထို့နောက် သူ တဖြည်းဖြည်းနှင့် သတိလွတ်သွားခဲ့သည်။ ထို့နောက် သူတစ်ခါမှ မကြုံဖူးသော စွမ်းအားတစ်ခုကို ဝေဝါးစွာ အာရုံခံမိခဲ့သည်။ ထိုစွမ်းအားသည် သူ့အတွက် အလွန်ပင် ဆွဲဆောင်မှု ရှိနေပြီး ၎င်းကို ရရှိလိုက်သည်နှင့် သူ ကောင်းကင်ဧကရာဇ် ချက်ချင်း ဖြစ်သွားတော့မည့်အလား ခံစားခဲ့ရသည်။
သတိပြန်ဝင်လာလျှင် ဖြစ်ပျက်ခဲ့သည့်အရာကို ရွှမ်ဝူ ဧကရာဇ် ချက်ချင်း သဘောပေါက်သွားသည်။ တစ်စုံတစ်ယောက်က သူ့ကို ခြယ်လှယ်နေပြီး သူ၏စိတ်ကို လွှမ်းမိုးနေခြင်း ဖြစ်သည်။
ကောင်းကင်လမ်းစဉ်က မတရားဟု သူ တကယ် ခံစားခဲ့ရသော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျင့်စဉ် ဖောက်ပြန်မှု ဖြစ်ပေါ်ရန်အထိ ထိုခံစားချက်က မလုံလောက်ပေ။ သူ၏အတွင်း၌ ရှိသော မကောင်းသည့် စိတ်ခံစားချက်များကို တစ်စုံတစ်ယောက်က တစ်ခုခု အသုံးပြု၍ ချဲ့ထွင်လိုက်ခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။
ထိုအချိန်အထိ လုချန်းဘက်က တိုက်ခိုက်မှု မစတင်သေးပေ။ ရွှမ်ဝူ ဧကရာဇ်ထံမှ ထွက်ပေါ်နေသော အနက်ရောင် မိစ္ဆာစွမ်းအားများကို မြင်လျှင် ချူယုချင်၏ ကမ္ဘာအတွင်း၌ မွေးဖွားလာသော ကောင်းကင်နတ်ဆိုးကို လုချန်း ရုတ်တရက် သတိရသွားသည်။
ကောင်းကင်နတ်ဆိုးစွမ်းအား၏ အရိပ်အယောင်ကိုလည်း သူ ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။ အကယ်၍ အသက်ကယ် ဧကရီသာ နိုးထခြင်းခေါင်းလောင်းကို အသုံးမပြုခဲ့လျှင် ရွှမ်ဝူ ဧကရာဇ်သည် ကောင်းကင်နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားလောက်ပြီး ဖြစ်နိုင်သည်။
လုချန်း နားမလည်နိုင် ဖြစ်သွား၏။ ကမ္ဘာပေါ်ရှိ ကောင်းကင်နတ်ဆိုးများသည် ကျင့်ကြံသူများမှ ပြောင်းလဲသွားခြင်း ဖြစ်နိုင်ကြောင်း သူ သိထား၏။
သို့သော် မည်သို့သော အခြေအနေမျိုးတွင် ကျင့်ကြံသူတစ်ဦးက ကောင်းကင်နတ်ဆိုးအဖြစ်သို့ ပြောင်းလဲနိုင်သနည်း။
ပြီးခဲ့သည့်အကြိမ်က ချင်းယွဲ့မြင့်မြတ်နယ်မြေမှ ဧကရာဇ် ချောက်နက်ထဲတွင် ကောင်းကင်နတ်ဆိုးအဖြစ် ပြောင်းလဲသွားသည်ကို သူ မြင်ခဲ့ရသည်။ ယခုအကြိမ်တွင်မူ ရွှမ်ဝူ ဧကရာဇ်သည် ဘာမှမလုပ်ပဲနှင့်ပင် ကောင်းကင်နတ်ဆိုးအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်ခဲ့သည်။
ကျင့်ကြံသူများ ကောင်းကင်နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခြင်း၏ နောက်ကွယ်တွင် မည်သည့် လုပ်ဆောင်ချက်မျိုး ရှိနေသနည်း။
သတိပြန်ဝင်လာပြီးနောက် ရွှမ်ဝူ ဧကရာဇ်သည် နတ်ဆိုးလှံကို တင်းတင်းဆုပ်ကိုင်လိုက်ပြီးနောက် သူ၏တစ်ကိုယ်လုံးရှိ သတ်ဖြတ်ခြင်းစွမ်းအားများကို နှိုးဆွလိုက်သည်။ သူက ထပ်မံတိုက်ခိုက်ရန် ပြင်ဆင်ရင်း မဟာမြင့်မြတ်နယ်မြေသခင်၊ အသက်ကယ် ဧကရီနှင့် အခြားအဆင့်ကိုး ဧကရာဇ်များကို
“ကျုပ် အဲ့ဒီ အကာအကွယ်ကို ချိုးဖျက်ဖို့ နည်းလမ်းရှာလိုက်မယ်။ အဲ့ဒါ ပျက်သွားတာနဲ့ ချက်ချင်း လှုပ်ရှားကြ။”
မူလအစစွမ်းအားသည် စကြဝဠာ၏ အမြင့်ဆုံးစွမ်းအား ဖြစ်သော်လည်း ၎င်းအပေါ် သူ လုံးဝ သက်ရောက်နိုင်မှု မရှိဟု ရွှမ်ဝူ ဧကရာဇ် မယုံကြည်ပေ။ ထို့ပြင် လုချန်းသည် ကောင်းကင်ဧကရာဇ် မဟုတ်သောကြောင့် ၎င်းကို အမြောက်အမြား ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။ စွမ်းအားသည် အားကောင်းသော်လည်း ၎င်းကို ထိန်းချုပ်ရန် တစ်စုံတစ်ယောက် လိုအပ်နေဆဲပင်။
နောက်တစ်ခဏတွင် ရွှမ်ဝူ ဧကရာဇ်၏ ခန္ဓာကိုယ်သည် အပေါ်သို့ တဖြည်းဖြည်း မြင့်တက်သွားပြီး သူ၏နောက်တွင် အင်္ကျီမပါသော ရွှေရောင် နိယာမကိုယ်ထည် တစ်ခု ပေါ်လာကာ အလွန် ခန့်ညားထည်ဝါစွာ ရပ်နေခဲ့သည်။ ၎င်း၏ ကြွက်သားများသည် ဖောင်းကြွနေပြီး သွေးနီရောင် သတ်ဖြတ်ခြင်းစွမ်းအားများကို ထုတ်လွှတ်နေကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော ပုံစံရှိသည်။
ရွှမ်ဝူ ဧကရာဇ်က နတ်ဆိုးလှံကို ကိုင်ဆောင်ကာ အဝေးရှိ လုချန်းကို ချိန်ရွယ်ရင်း
“ငါ့ရဲ့ ဒီလှံချက်ကို မင်း ခံနိုင်ရည် ရှိမရှိ ကြည့်ကြသေးတာပေါ့။”
နောက်တစ်ခဏတွင် ရွှမ်ဝူ ဧကရာဇ်ထံရှိ သတ်ဖြတ်ခြင်းစွမ်းအားများ အပြင်းအထန် ပေါက်ကွဲထွက်လာပြီး နတ်ဆိုးလှံထံသို့ စုစည်းသွားသည်။ သတ်ဖြတ်ခြင်းစွမ်းအားများ အတိုင်းအတာတစ်ခုအထိ စုစည်းမိသွားလျှင် ရွှမ်ဝူ ဧကရာဇ်က လှံဖြင့် ထိုးနှက်လိုက်သည်။
သွေးရောင်သတ်ဖြတ်ခြင်း နတ်ဘုရားသတ်လှံ...
ထိုသို့ ထိုးနှက်လိုက်သည်နှင့် ကောင်းကင်ယံ၌ ကြီးမားသော လှံကြီးတစ်စင်း ပေါ်လာပြီး လုချန်းထံသို့ တိုက်ရိုက် ဦးတည်သွားသည်။ လုချန်းသည်လည်း ဤတိုက်ကွက်၏ ခြိမ်းခြောက်မှုကို ခံစားမိလိုက်သဖြင့် သူ၏လက်ထဲမှ နတ်ဘုရားချေမှုန်းဓားကို မြှောက်ကာ သွေးဝိညာဉ်ဓားကွက်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် ကောင်းကင်မှ ကြီးမားသော လှံကြီးသည် ဘာမှမဖြစ်ခဲ့သလိုမျိုး ရုတ်တရက် ပျောက်ကွယ်သွားသည်။
လုချန်းက မျက်မှောင်ကြုတ်လိုက်သည်။ ယခုအခါ ကောင်းကင်ဧကရာဇ်၏ စွမ်းအားကို ပိုင်ဆိုင်ထားသဖြင့် သူသည် သူ၏ပတ်ဝန်းကျင်ရှိ အာကာသ လှုပ်ခတ်မှုများကို စူးရှစွာ အာရုံခံနိုင်စွမ်း ရှိသည်။
သူတို့သည် ယခု ရွှမ်ဝူ ဧကရာဇ်၏ သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း ရောက်ရှိနေကြသည်။ ရွှမ်ဝူ ဧကရာဇ်သည် တိုက်ခိုက်မှု၏ ဦးတည်ချက်နှင့် တည်နေရာကို စိတ်ကြိုက် ပြောင်းလဲနိုင်၏။
ထင်ထားသည့်အတိုင်း နောက်တစ်ခဏတွင် ပြင်းထန်သော သတ်ဖြတ်ခြင်းစွမ်းအားများ ကိန်းဝပ်နေသည့် ထိုလှံသည် လုချန်း၏ နောက်ကျောဘက်တွင် ပေါ်လာသည်။ လှံ၏ တည်နေရာကို သိလိုက်သည်နှင့် လုချန်းလည်း ရွှမ်ဝူ ဧကရာဇ်၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသည်။
ရွှမ်ဝူ ဧကရာဇ်သည် စိတ်ဝိညာဉ် စုစည်းခြင်း နည်ဗျူဟာ ပုံစံကို ဖျက်ဆီးပြီး သူ၏ စွမ်းအားများကို ဖယ်ရှားပစ်ရန် ရည်ရွယ်နေခြင်း ဖြစ်သည်။
လုချန်း ခပ်တိုးတိုး ရယ်လိုက်သည်။
ယခုအချိန် သူ့ရှေ့၌ ဤကဲ့သို့သော လှည့်ကွက်ငယ်လေးများကို အသုံးပြုခြင်းက လွယ်လွယ်ကူကူ အောင်မြင်လိမ့်မည် မဟုတ်ပေ။
နောက်တစ်ခဏတွင် လုချန်း၏ ခန္ဓာကိုယ်သည် မူလနေရာမှ ပျောက်ကွယ်သွားပြီး လှံ၏ရှေ့တွင် ပြန်လည်ပေါ်လာကာ သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။
သွေးဝိညာဉ်ဓားချက်...
ပို၍ကြီးမားသော သတ်ဖြတ်ခြင်းစွမ်းအားများ ပါဝင်သည့် ဓားအရှိန်အဝါ ထွက်ပေါ်လာပြီး ရွှမ်ဝူ ဧကရာဇ်၏ တိုက်ကွက်ကို တိုက်ရိုက် ပယ်ဖျက်လိုက်သည်။
လုချန်းက သူ၏ တိုက်ကွက်ကို ပယ်ဖျက်လိုက်သည်ကို မြင်လျှင် ရွှမ်ဝူ ဧကရာဇ်၏ မျက်နှာ ပို၍ပင် မှောင်မိုက်သွားသည်။
သူ၏ သတ်ဖြတ်ခြင်း နယ်ပယ်အတွင်း၌ပင် လုချန်းသည် အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို လွတ်လွတ်လပ်လပ် လုပ်နိုင်နေဆဲပင်။
သတ်ဖြတ်ခြင်း နယ်ပယ်သည် လုချန်းအပေါ် မည်သည့် သက်ရောက်မှုမှ ရှိပုံမရပေ။
ဒါက အတော်လေး ဒုက္ခရောက်စရာပင်။
လုချန်းသည် သူ၏ တိုက်ခိုက်မှုကိုပင် မစရသေးချေ။
သူသာ တိုက်ခိုက်လာပါက သူတို့ထဲမှ မည်သူမှ သူ၏ တိုက်ကွက်ကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သတ်ဖြတ်ခြင်း နယ်ပယ်ကို ရွှမ်ဝူ ဧကရာဇ်ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်၏။ ထို့နောက် သူ၏ ဦးခေါင်းကို အနည်းငယ် စောင်းကာ ကြယ်တာယာခန်းမပေါ်ရှိ ရွှမ်ထျန်းကို ချက်ချင်း ကြည့်လိုက်၏။
ရွှမ်ထျန်းက ဘယ်လောက်အထိ ထပ်စောင့်ဖို့ စိတ်ကူးထားသလဲဆိုတာကို သူ သိလိုသည်။
သူတို့သည် လုချန်း၏ ပြိုင်ဘက် မဖြစ်နိုင်ကြတော့ပေ။ ယခုအခါ အောင်ပွဲအတွက် သူတို့၏ တစ်ဦးတည်းသော မျှော်လင့်ချက်က ရွှမ်ထျန်းဖြစ်လာသည်။ ကိုယ်တိုင် ပါဝင်လှုပ်ရှားမှသာ ရတော့မည်။
သို့သော် ရွှမ်ထျန်းကတော့ ကြည့်သာကြည့်နေခဲ့သည်။ ရွှမ်ဝူ ဧကရာဇ်လည်း ယဉ်ကျေးနေခြင်းကို ရပ်တန့်လိုက်ပြီး
“ရွှမ်ထျန်း... ခင်ဗျားဘယ်လောက်ကြာအောင် ထပ်ရှုစားနေဖို့ စိတ်ကူးထားတာလဲ။”
ဟု တိုက်ရိုက် အမည်တပ် ပြောလိုက်သည်။
သူ၏အမည်ကို ခေါ်သံအား ကြားလျှင် ရွှမ်ထျန်း သတိပြန်ဝင်လာပုံရပြီး ရှေ့သို့ ခြေလှမ်းလှမ်းလိုက်ရာ နောက်တစ်ခဏတွင် လုချန်း၏ရှေ့၌ ပေါ်လာတော့သည်။
ရွှမ်ထျန်းကို မြင်လျှင် ပြင်းထန်သော အန္တရာယ် အငွေ့အသက်ကို လုချန်း ခံစားလိုက်ရသည်။ ဤထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်သည် မယုံနိုင်လောက်အောင် အစွမ်းထက်လှသည်။
သူသည် အလွန်အစွမ်းထက်လွန်းလှသဖြင့် ယခုအချိန်၌ သူကို့ယှဉ်ပြိုင်နိုင်ရန် မသေချာပေ။ အသေအကြေ တိုက်ခိုက်ရန် စိတ်ထဲပြင်ဆင်လိုက်ရင်း သူ၏ နတ်ဘုရားချေမှုန်းဓားကို လုချန်း တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။
လုချန်းကို ကြည့်ကာ ရွှမ်ထျန်းက
“ဒီဘဝမှာ ခင်ဗျား ဒီလောက်အထိ ကြီးထွားလာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။”
ရွှမ်ထျန်း၏ စကားကို ကြားလျှင် လုချန်း ခဏခန့် မှင်တက်သွားသည်။ သူ၏စကားများအရ သူတို့ ယခင်ဘဝကတည်းက သိကျွမ်းခဲ့ကြပုံရနေ၏။
မဟုတ်သေးပေ။
သူ၏စကားများအရ သူက သူ့ကို ဘဝအဆက်ဆက် စောင့်ကြည့်နေခဲ့သည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
လုချန်းက
“ခင်ဗျား ဘယ်သူလဲ”
ဟု အေးစက်စွာ မေးလိုက်သည်။
ရွှမ်ထျန်းက လုချန်း၏ မေးခွန်းကို လျစ်လျူရှုကာ လုချန်း၏ လက်ထဲမှ နတ်ဘုရားချေမှုန်းဓားကို ကြည့်လိုက်သည်။
“ကျုပ်မှာ မေးခွန်းတစ်ခု ရှိတယ်။ ခင်ဗျား ဒီနတ်လက်နက်တွေကို ဘယ်ကနေ ရခဲ့တာလဲ။”