အခန်း (၁၅၃၇-၁၅၃၉)
Vol. 103 Ch. 1537-1539
အခန်း (၁၅၃၇)
ထွက်ပြေးသွားသူ
ရွှမ်ထျန်း အအံ့သြရဆုံးအရာသည် လုချန်းအပေါ်တွင်ရှိသော နတ်လက်နက်နှစ်ခု၏ အရင်းအမြစ် ဖြစ်သည်။ လုချန်း ဤစကြဝဠာထဲသို့ စတင်ဝင်ရောက်လာချိန်က သူ၏ကိုယ်ပေါ်၌ မည်သည့်နတ်လက်နက်မှ ပါမလာခဲ့ပေ။
ထို့ပြင် လုချန်းသည် အကြိမ်ပေါင်း တစ်ရာကျော် ဘဝကူးပြောင်းခဲ့သော်လည်း ထိုဘဝများထဲမှ မည်သည့်ဘဝတွင်မှ နတ်လက်နက်များ သူ ထုတ်ယူမပြခဲ့ဖူးပေ။ သို့သော် ယခုအကြိမ်တွင်တော့ နတ်လက်နက်နှစ်ခုကို သူ ရုတ်တရက် ထုတ်ယူလာသည်။
လုချန်းက လှောင်ပြုံးပြုံးကာ
“ခင်ဗျားက ကျုပ်ရဲ့အကြောင်းတွေကို တော်တော်များများ သိထားပုံရတယ်။ တကယ်လို့သာ အဲ့ဒီလိုဆိုရင် ဒီနတ်လက်နက်နှစ်ခုရဲ့ အရင်းအမြစ်ကိုလည်း ခင်ဗျား သိသင့်တာပေါ့။”
လုချန်းက ပြောရန်ဆန္ဒမရှိသည်ကို မြင်လျှင် ရွှမ်ထျန်းက အတင်းအကျပ်မလုပ်တော့ပဲ ပေါ့ပေါ့ပါးပါးပင်
“ထားလိုက်ပါတော့။ ဒီနတ်လက်နက်နှစ်ခုက ဘာတွေလဲဆိုတာ မကြာခင် ကျုပ်သိလာမှာပါ။”
“ဘဝပေါင်း တစ်ရာကျော် ကူးပြောင်းပြီးတဲ့နောက် ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲ နတ်ဝိညာဉ်စွမ်းအား သိပ်အများကြီး မကျန်တော့ပါဘူး။ အရာအားလုံးက အဆုံးသတ်သွားသင့်ပါပြီ။
ဤစကားများနှင့်အတူ ရွှမ်ထျန်း၏ခန္ဓာကိုယ်သည် ကြယ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သည်။
ရွှမ်ထျန်း ပျောက်ကွယ်သွားသည်ကို မြင်လျှင် ရောက်ရှိနေသော ဧကရာဇ်အဆင့်များအားလုံးသည် မှင်တက်သွားကြ၏။ အထူးသဖြင့် အင်အားစုကြီး လေးခုမှ ဧကရာဇ်များ ဖြစ်ကြသည်။
သူတို့သည် လုချန်းကို ဝိုင်းရံတိုက်ခိုက်ရန် ရွှမ်ထျန်းနှင့်အတူ လာခဲ့ကြသော်လည်း သူတို့ထဲမှ အစွမ်းအထက်ဆုံးဖြစ်သည့် ရွှမ်ထျန်းက လုချန်းနှင့် စကားအနည်းငယ်သာပြောပြီးနောက် ထွက်ပြေးသွားတာလား။
ရွှမ်ထျန်းက ဘာကို ရည်ရွယ်ချင်နေတာလဲ။
ရွှမ်ထျန်း မရှိတော့ပဲ သူတို့က လုချန်း၏ ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း။
လုချန်းသည်လည်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ရွှမ်ထျန်းက သူ့ကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ဟု အစက သူထင်ခဲ့သလို ရွှမ်ထျန်း၏ ဖိအားများကိုလည်း ခံစားခဲ့ရသည်။
သို့သော် နားမလည်နိုင်သော စကားအနည်းငယ်ပြောပြီးနောက် ရွှမ်ထျန်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ရွှမ်ထျန်း၏ စကားများမှတစ်ဆင့် အရေးကြီးသော အချက်အလက်အချို့ကို လုချန်း ထုတ်ယူနိုင်ခဲ့သည်။
သူ၏ ထပ်ခါတလဲလဲ ဘဝကူးပြောင်းမှုများ၏ နောက်ကွယ်မှ ကြိုးကိုင်သူသည် ရွှမ်ထျန်း ဖြစ်နိုင်ခြေများပြီး ထိုအရာသည် သူ၏ နတ်ဝိညာဉ်စွမ်းအားနှင့် ဆက်စပ်နေပုံရသည်။ သို့သော် ရွှမ်ထျန်း ဘာကြောင့် ဤသို့လုပ်ရသည်ကိုမူ သူနားမလည်နိုင်သေးပေ။ နိဂုံးချုပ်ရလျှင် ရွှမ်ထျန်းသည် သူ၏ အကြီးမားဆုံး ရန်သူ ဖြစ်နိုင်ပေသည်။
သို့သော် မေးခွန်းတစ်ခု ရှိနေသေး၏။
ရွှမ်ထျန်းက သူ့ကို သေစေချင်ပါက အဘယ်ကြောင့် ထွက်ပြေးသွားရသနည်း။
ရွှမ်ထျန်းသည် ရှနိုင်ငံကို အဝေးမှ ပစ်မှတ်ထားနိုင်သူဖြစ်၏။ သူ၏အင်အား သူ့ထက်သာလွန်နေသည်က သံသယဖြစ်ဖွယ်မရှိပေ။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာ ပုံစံကို အသုံးပြုလျှင်တောင် သူ ရွှမ်ထျန်း၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် ရွှမ်ထျန်းက အဘယ်ကြောင့် တိုက်ရိုက် မတိုက်ခိုက်သနည်း။
သူ့မှာ အခြားအစီအစဉ်တွေ ရှိနေလို့လား။
ထားလိုက်ပါတော့။
ယခုအချိန်သည် ထိုအရာများကို တွေးတောနေရမည့် အချိန်မဟုတ်ပေ။ ရွှမ်ထျန်း ထွက်ပြေးသွားပြီ ဖြစ်သောကြောင့် ရောက်ရှိနေသည့် လူများကို ရှင်းလင်းရမည့် အချိန်ဖြစ်သည်။
ထိုသို့တွေးရင်း သတ်ဖြတ်ခြင်းစွမ်းအားကို လုချန်း ချက်ချင်း ခေါ်ယူလိုက်၏။ နောက်တစ်ခဏသည် သူနှင့် တူသော ရွှေရောင် နိယာမ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
လုချန်းက အဝေးရှိ ရွှမ်ဝူ ဧကရာဇ်နှင့် အခြားသူများကို ကြည့်ကာ
“ခင်ဗျားတို့မှာ တခြားနည်းလမ်းတွေ မရှိတော့ဘူးဆိုရင်တော့ ကျုပ် လှုပ်ရှားရမည့် အချိန်ရောက်ပြီ။”
သူပြောလိုက်သည်နှင့် လုချန်း၏ ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်ခြင်းစွမ်းအားများသည် နတ်ဘုရားချေမှုန်းဓားထဲသို့ တိုးဝင်သွား၏။ သူ၏ သတ်ဖြတ်ခြင်းစွမ်းအားသည် ရွှမ်ဝူ ဧကရာဇ်ထက်ပင် ပို၍ပြင်းထန်နေသည်။
ထိုအရာ အဝေးမှ မြင်ရရုံနှင့်ပင် လူများ မထိန်းချုပ်နိုင်စွာ တုန်လှုပ်မိကြသည်။ အဆင့်ကိုး နယ်ပယ်မှ သတ်ဖြတ်ခြင်း ဧကရာဇ် ဖြစ်သည့် ရွှမ်ဝူ ဧကရာဇ်ပင်လျှင် လုချန်း ထုတ်ဖော်လိုက်သော သတ်ဖြတ်ခြင်းစွမ်းအားကို ခံစားမိလျှင် သူ၏ သတ်ဖြတ်ခြင်းစွမ်းအားများ ဆုတ်ခွာသွားသလို ခံစားလိုက်ရသည်။
ရွှမ်ဝူ ဧကရာဇ်ပေါ်ရှိ သွေးရောင် အရှိန်အဝါများ ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာ အလွန်ပျက်ယွင်းသွားခဲ့သည်။
သူသေချာ တွက်ချက်ထားခဲ့သော်လည်း ယခုလို အချိန်၌ ရွှမ်ထျန်း ထွက်ပြေးသွားလိမ့်မည်ဟုတော့ လုံးဝ ထင်မှတ်မထားခဲ့ပေ။
လုချန်းသည် ရွှမ်ထျန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု သူ အစပိုင်းက ထင်ခဲ့သည်။ ထို့ကြောင့် ရွှမ်ထျန်းက လုချန်းကို ဖယ်ရှားရန် နည်းလမ်းရှာလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် စကားအနည်းငယ်ပြောပြီးနောက် ရွှမ်ထျန်း ပျောက်ကွယ်သွားခဲ့သည်။
လုချန်းက သူတို့ကို အရင်ရှင်းပြီးမှ လုချန်းကို ကိုင်တွယ်ဖို့ သူ ကိုယ်တိုင် ပေါ်လာမှာလား။
ဤဖြစ်နိုင်ခြေကို တွေးမိလျှင် ရွှမ်ဝူ ဧကရာဇ်ပေါ်ရှိ သတ်ဖြတ်ခြင်းစွမ်းအားများ အလွန်ပင် ကစဉ့်ကလျား ဖြစ်သွားသည်။ ယနေ့တွင် သူသည် အကြောင်းရင်းမရှိပဲ ပို၍ဒေါသထွက်လွယ်လာသည်ကို သတိထားမိလိုက်သည်။
တစ်ခုခုက သူ့ကို သက်ရောက်မှုရှိနေတာ သေချာသည်ဟု ရွှမ်ဝူ ဧကရာဇ် တွေးကာ သူ့ကိုယ်သူ လျင်မြန်စွာ တည်ငြိမ်အောင် လုပ်လိုက်သည်။
ထိုအခိုက်အတန့်သည် ရွှမ်ဝူ ဧကရာဇ်သည် သူ၏ နတ်အာရုံကို ထုတ်လွှတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးခဲ့သော်လည်း သူ၏စိတ်ကို သက်ရောက်မှုရှိစေသည့် အရာတစ်ခုကိုမှ မတွေ့ရှိခဲ့ပေ။ သို့သော် သူအလျင်စလို စစ်ဆေးခဲ့ခြင်းသာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ထိုအရာများ တွေးတောနေရမည့် အချိန်မဟုတ်သေးပေ။
လုချန်းက တိုက်ခိုက်တော့မည် ဖြစ်၏။ ယခု သူတို့၏ အင်အားများ ပေါင်းလျှင်ပင် လုချန်း၏ ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
မဟာမြင့်မြတ်နယ်မြေသခင်က
“လူကြီးမင်းတို့... ခင်းဗျားတို့ရဲ့ နောက်ဆုံးဝှက်ဖဲတွေကို အမြန်ထုတ်ကြပါ။ မဟုတ်ရင် နောက်ပိုင်းကျ အခွင့်အရေးရှိတော့မှာ မဟုတ်တော့ဘူး။”
သူတို့ကဲ့သို့ ထိပ်တန်းအင်အားစုများ အနေနှင့် ဝှက်ဖဲအချို့ ရှိနေမှာ သေချာသည်။
မဟာမြင့်မြတ်နယ်မြေသခင်၏ စကားကြောင့် ရောက်ရှိနေသော ဧကရာဇ်များသည် သူတို့၏ ဝှက်ဖဲများကို ထုတ်ဖော်လိုက်ကြသော်လည်း ရွှမ်ဝူ ဧကရာဇ်ကမူ ရွှမ်ထျန်း ပေးထားသော နတ်ဆိုးလှံကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
သူ၏ ဝှက်ဖဲသည် နတ်ဆိုးလှံ မဟုတ်နိုင် ပေ။ သူသည် ရွှမ်ထျန်းကို တိုက်ခိုက်ရန် ရည်ရွယ်ထားသည့် သူ၏ မှော်ရတနာကို ထုတ်ပြရန် တွန့်ဆုတ်နေခဲ့သည်။
လက်ရှိအခြေအနေအရ ယခုခြိမ်းခြောက်မှုကို သူတို့ မကျော်လွှားနိုင်ပါက ရွှမ်ထျန်းအတွက် ချန်ထားခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။
ခေတ္တခန့် စဉ်းစားပြီးနောက်သည် သူ၏ အာကာသလက်စွပ်ထဲမှ အရိုးစုတောင်ဝှေး တစ်ခုကို ရွှမ်ဝူ ဧကရာဇ် ထုတ်ယူလိုက်သည်။ ဤတောင်ဝှေးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြင်ပနယ်မြေရှိ အခြားလောကမှ သတ္တဝါများထံမှ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ယင်း၏ အဆင့်အတန်းကို မသိရသော်လည်း နတ်ဝိညာဉ်အချို့ကို ပူဇော်ခြင်းဖြင့် ထိုတောင်ဝှေးသည် ကြီးမားသော အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်သည်။
အစွမ်းထက်လှသော်လည်း တောင်ဝှေး၏ အကြီးမားဆုံး အားနည်းချက်တစ်ခုတော့ ရှိ၏။ ထိုတောင်ဝှေးကို အသုံးပြုရန် နတ်ဝိညာဉ်ကို လောင်ကျွမ်းစေဖို့ လိုအပ်ခြင်းပင် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက ဧကရာဇ်တစ်ပါးအတွက် ပေးဆပ်မှုအလွန် ကြီးလှသဖြင့် ၎င်းကို ရရှိစဉ်က တစ်ကြိမ်သာ စမ်းသပ်ခဲ့၏။ နောက်ပိုင်းသည် တစ်ခါမှ အသုံးမပြုခဲ့ပေ။
ရွှမ်ဝူ ဧကရာဇ်၏ လက်ထဲမှ တောင်ဝှေးကို မြင်လျှင် ရင်းနှီးသော အငွေ့အသက်တစ်ခုကို လုချန်း ခံစားလိုက်ရသော်လည်း မည်သည့်အချိန်သည် ထိုတောင်ဝှေးကို မြင်ဖူးခဲမှန်းသူ မမှတ်မိတော့ပေ။ ထို့ပြင် ထိုတောင်ဝှေးက သူ့ကို ကြီးမားသော အန္တရာယ်ရှိသည့် ခံစားချက်ကို ပေးစွမ်းနေသည်။
လုချန်းလည်း တွန့်ဆုတ်မနေတော့ပဲ လမ်းစဉ်စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ရောင်ခြည်ခုနစ်ခု စွမ်းအားများကို စုစည်းလိုက်သည်။ ဤစွမ်းအားများသည် ဖန်တီးခြင်း လမ်းစဉ်၏ လွှမ်းမိုးမှုကြောင့် လုချန်း၏ ခန္ဓာကိုယ်အတွင်း၌ ပဋိပက္ခမရှိစွာ ထိန်းချုပ်နိုင်သည်။
သို့သော် လုချန်း၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး အခြားအရာဝတ္ထုများနှင့် ထိတွေ့သည်နှင့် ၎င်းတို့သည် သတ်ဖြတ်ခြင်းစွမ်းအားထက် ပို၍အဖျက်စွမ်းအား ကြီးမားသော ဖျက်ဆီးနိုင်စွမ်းကို ဖြစ်ပေါ်စေသည်။
နတ်ဘုရားချေမှုန်းဓားကို တင်းတင်းဆုပ်ကိုင်ကာ လုချန်း တိုက်ခိုက်လိုက်သည်။
သွေးဝိညာဉ်ဓား.....
ရောင်ခြည်ခုနစ်ခု စွမ်းအားများ ကိန်းဝပ်နေသော ဓားအရှိန်အဝါသည် အင်အားစုကြီး လေးခုမှ ဧကရာဇ်များထံသို့ လျင်မြန်စွာ ဦးတည်သွားသည်။ ဓားအရှိန်အဝါ ဖြတ်သန်းသွားသော နေရာတိုင်း၌ အာကာသ အလွှာများ အက်ကွဲသွားပြီး အာကာသ ဟင်းလင်းပြင်ထဲ ချောက်နက်ကြီးတစ်ခု ပေါ်လာကာ အနက်ရောင် ဓာတ်ငွေ့များ အဆက်မပြတ် ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်လျှင် လုချန်း မျက်မှောင်ကြုတ်လိုက်သည်။ ရှနိုင်ငံ၏ အပြင်ဘက်သည် ဤအနက်ရောင်ဓာတ်ငွေ့များ၏ အာနိသင်ကို သူ ကြုံတွေ့ခဲ့ဖူးပြီးဖြစ်၏။
၎င်းတို့သည် ဧကရာဇ်များကို ကောင်းကင်နတ်ဆိုးများအဖြစ် ပြောင်းလဲစေနိုင်ကြောင်း သူသိထားသည်။ အာကာသကို အက်ကွဲစေရုံနှင့် ဤအနက်ရောင်ဓာတ်ငွေ့များ ထွက်ပေါ်လာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။
ရွှမ်ဝူ ဧကရာဇ်နှင့် အခြားသူများသည် ထိုဓာတ်ငွေ့များကို သတိမပြုမိကြသေးသလို ထိုဓာတ်ငွေ့များ သူတို့အပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည်ကိုလည်း နားမလည်ကြသေးပေ။
ထိုစဉ် မဟာမြင့်မြတ်နယ်မြေသခင်က မဟာမြင့်မြတ်စွမ်းအားကို အသုံးပြုကာ
“ဖီးနစ်ငှက်မွေး ဝတ်ရုံ”
ဟု အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အသက်ကယ် ဧကရီကလည်း လက်ဖွဲ့စက္ကူတစ်ရွက်ကို အပေါ်သို့ ပစ်တင်လိုက်ရာ သူမ၏အထက်၌ ရှစ်မြှောင့် ပုံစံ အင်းကွက်တစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။
အသက်ကယ်အင်းကွက်....
အသက်ကယ် ဧကရီနှင့် မဟာမြင့်မြတ်နယ်မြေသခင်တို့၏ ရတနာများသည် ရွှမ်ဝူ ဧကရာဇ်၏ ရတနာနှင့်မတူပေ။ ၎င်းတို့သည် ကာကွယ်ရေးအတွက် ဖြစ်သည်။
ထိုစဉ် ရွှမ်ဝူ ဧကရာဇ်သည် တောင်ဝှေးကို သူ၏ရှေ့သို့ ပစ်ထုတ်လိုက်ပြီး သူ၏ နတ်ဝိညာဉ်စွမ်းအားဖြင့် လောင်ကျွမ်းစေလိုက်၏။ ထိုအခါ အရိုးစု၏ မျက်လုံးများထဲ မီးတောက်များ ဖြစ်ပေါ်လာခဲ့သည်။
အခန်း (၁၅၃၈)
ထူးဆန်းသော အနက်ရောင်ဓာတ်ငွေ့
ရွှမ်ဝူ ဧကရာဇ်၏ လက်ထဲရှိ အရိုးစုတောင်ဝှေး လင်းလက်လာသည့် အခိုက်အတန့်၌ ထူးဆန်းသော စွမ်းအားလှိုင်းတစ်ခု အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ ထိုစွမ်းအားများ လုချန်း၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလျှင် သူ မသိမသာ တုန်လှုပ်သွားမိသည်။
ဒါက ဘယ်လိုမျိုး စွမ်းအားလဲ။
ဘာလို့ ဒါက မူလအစ စွမ်းအားထက်တောင် ပိုပြီး ကြောက်စရာကောင်းနေတာလဲ။
လုချန်း ဇဝေဇဝါ ဖြစ်နေစဉ်သည်ပင် သူထုတ်လွှတ်လိုက်သော ဓားအရှိန်အဝါသည် ထိုဧကရာဇ်များထံသို့ ရောက်ရှိသွားပြီဖြစ်သည်။ အချို့က ထွက်ပြေးရန် ကြိုးစားသော်လည်း သူတို့၏ ခန္ဓာကိုယ်များသည် တစ်နေရာတည်းသည် ကပ်နေသကဲ့သို့ လှုပ်ရှား၍မရပဲ ဝင်ရောက်လာသော ဓားအရှိန်အဝါကိုသာ ရင်ဆိုင်ရန်သာ ရှိတော့သည်။
မကြာမီသည်ပင် ထိုဓားအရှိန်အဝါနှင့် ထိတွေ့မိသော ဧကရာဇ်အဆင့်များသည် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ပြင်ပနယ်မြေထဲပျောက်ကွယ်သွားကြသည်။
ဓားအရှိန်အဝါ အသက်ကယ် ဧကရီ၏ ရှေ့သို့ ရောက်လာလျှင် သူမ၏ အသက်ကယ်အင်း အကာအကွယ်သည် အံ့သြစရာကောင်းလောက်အောင်ပင် ခုခံထားနိုင်ခဲ့သည်။ ထို့အတူပင် မီးတောက်များ တောက်လောင်နေသော မဟာမြင့်မြတ်နယ်မြေသခင်၏ ဝတ်ရုံသည်လည်း ဝိညာဉ်ချပ်ဝတ်တန်ဆာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
လုချန်း၏ ဓားအရှိန်အဝါသည် ထိုဝိညာဉ်ချပ်ဝတ်ကို ထိမှန်လျှင် ချက်ချင်း ဖောက်ထွင်းနိုင်ခြင်း မရှိပေ။
အခြားသော အဆင့်ကိုး နယ်ပယ်မှ ဧကရာဇ်အဆင့်များ၌လည်း သူတို့၏ ကိုယ်ပိုင် အသက်ကယ်ဝှက်ဖဲများ အသီးသီး ရှိကြ၏။ ထို့ကြောင့် ဤဓားချက်ကို ခက်ခဲစွာ တားဆီးနိုင်ခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော်လည်း လုချန်း အလွန် အံ့သြမသွားခဲ့ပေ။ နောက်ဆုံးတော့ သူတို့သည် အသက်ကယ်ဝှက်ဖဲများရှိသည့် ထိပ်တန်း စကြဝဠာအင်အားစုများမှ ဧကရာဇ်အဆင့်များ ဖြစ်ကြ၏။ သုတို့ကို အလွယ်တကူ ကိုင်တွယ်၍မရနိုင်ခြင်းက သဘာဝပင်ဖြစ်သည်။ သို့သော် သူ၏ ပထမအကြိမ် တိုက်ခိုက်မှုသည် စမ်းသပ်မှုတစ်ခုမျှသာ ဖြစ်သည်။
အဆင့်ကိုး နယ်ပယ်မှ ဧကရာဇ်များသည် ပထမဓားချက်ကို တားဆီးရုံနှင့်ပင် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားအမြောက်အမြား ကုန်ခမ်းသွားခဲ့ရာ ဒုတိယဓားချက်ကို ခုခံရန်က ပို၍ပင် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။
ထို့နောက်သည် လုချန်းက ရောင်ခြည်ခုနစ်ခု စွမ်းအားကို စုစည်းလိုက်ပြီး နောက်ထပ် ဓားတစ်ချက်ကို ထပ်မံလွှဲယမ်းလိုက်သည်။ ယခင်တစ်ခေါက်ကဲ့သို့ပင် ဓားအရှိန်အဝါ ဖြတ်သန်းသွားသော နေရာတိုင်း၌ အာကာသသည် တစ်လက်မချင်း အက်ကွဲသွားပြီး အနက်ရောင် ဓာတ်ငွေ့များ ပို၍ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်သည် ရွှမ်ဝူ ဧကရာဇ်ကလည်း သူ၏လက်ထဲမှ အရိုးစု တောင်ဝှေးကို အပြည့်အဝ အသက်သွင်းလိုက်ပြီး အေးစက်စွာ အော်ဟစ်လိုက်သည်။
“အကြွင်းမဲ့ ဝိညာဉ်ဝါးမျိုခြင်း”
နောက်တစ်ခဏသည် တောင်ဝှေးထဲမှ ရေတွက်၍မရနိုင်သော ကောင်းကင်နတ်ဆိုးများ ထွက်ပေါ်လာခဲ့၏။ ၎င်းတို့အားလုံးသည် ဧကရာဇ် နယ်ပယ်၌ ရှိကြသည်။
ရွှမ်ဝူ ဧကရာဇ်က ကောင်းကင်နတ်ဆိုးများကို တကယ် ဆင့်ခေါ်လိုက်သည်ကို မြင်လျှင် ရောက်ရှိနေသူတိုင်း မှင်တက်သွားကြသည်။ ရွှမ်ဝူ ဧကရာဇ်က ကောင်းကင်နတ်ဆိုးများကို တကယ် စေခိုင်းနိုင်လိမ့်မည်ဟု မဟာမြင့်မြတ်နယ်မြေသခင်နှင့် အခြားသူများ ဘယ်တုန်းကမှ ထင်မထားခဲ့ကြပေ။
ကျင့်ကြံသူတစ်ဦးက ကောင်းကင်နတ်ဆိုးများကို စေခိုင်းနိုင်လိမ့်မည်ဟု လုချန်းလည်း မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ရွှမ်ဝူ ဧကရာဇ် ဆင့်ခေါ်လိုက်သော ကောင်းကင်နတ်ဆိုးများသည် ဧကရာဇ် အဆင့်များဖြစ်ကြသဖြင့် အလွန်ပင် အစွမ်းထက်ကြသည်။
တောင်ဝှေးထဲမှ ထွက်လာပြီး ထကြွ သောင်းကျန်းနေသော ကောင်းကင်နတ်ဆိုးစွမ်းအားများသည် ရောက်ရှိနေသည့် ကျင့်ကြံသူများကို အလွန်ပင် နေရခက်သွားစေ၏။ သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကိုလည်း လှည့်ပတ်၍ မရတော့ပေ။
သို့သော် ဤဧကရာဇ် နယ်ပယ်မှ ကောင်းကင်နတ်ဆိုးများသည် လုချန်း၏ ရှေ့မှောက်တွင်တော့ ကြီးမားသော ပြဿနာကို မဖန်တီးနိုင်ကြပေ။
ဤဧကရာဇ် နယ်ပယ်မှ ကောင်းကင်နတ်ဆိုးများကို မြင်လျှင် လုချန်း မပြုံးပဲ မနေနိုင်ခဲ့ပဲ။ သူ့အတွက်မူ ကောင်းကင်နတ်ဆိုးများကို ကိုင်တွယ်ခြင်းက သာမန်ဧကရာဇ်အဆင့်များကို ကိုင်တွယ်ရသည်ထက်ပင် ပို၍လွယ်ကူနေသည်။ အကြောင်းမှာ သူ၏ အတွင်းစွမ်းအားက ထိုနတ်ဆိုးများကို သဘာဝအရ နှိမ်နင်းနိုင်သောကြောင့်ဖြစ်သည်။
လုချန်း နောက်ထပ် ဓားတစ်ချက် လွှဲယမ်းလိုက်သည်။ ဤအကြိမ်တွင် သူသည် အခြားသော ဧကရာဇ်များထံမှ စွမ်းအားများကို အသုံးမပြုပဲ သူ၏ ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားကိုသာ အသုံးပြုလိုက်သဖြင့် ဓားချက်က အစွမ်းမထက်လှသလို ထင်ရ၏။ သို့သော် သူ၏ ဓားအရှိန်အဝါ ထိုဧကရာဇ် နယ်ပယ်မှ ကောင်းကင်နတ်ဆိုးများနှင့် ထိတွေ့လိုက်သည်နှင့် ၎င်းတို့သည် ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
ဤအရာကို မြင်လိုက်ရလျှင် ရွှမ်ဝူ ဧကရာဇ်၏ အကြွင်းမဲ့ ဝိညာဉ်ဝါးမျိုတောင်ဝှေးကို ဆုပ်ကိုင်ထားသော လက်လည်း အနည်းငယ် တုန်ယင်သွားသည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်တာလဲ။
ထိုနတ်ဆိုးများသည် ကျင့်ကြံသူများကို အဆင့်ကျော်ပြီး အလွယ်တကူ နှိမ်နင်းနိုင်သည့် ဧကရာဇ် နယ်ပယ်မှ ကောင်းကင်နတ်ဆိုးများ ဖြစ်ကြသည်။ ဧကရာဇ် နယ်ပယ်မှ ကောင်းကင်နတ်ဆိုးများနှင့်ဆိုလျှင် ကောင်းကင်ဧကရာဇ် တစ်ပါးကို ရင်ဆိုင်ရန်ပင် ပြဿနာရှိမည် မဟုတ်ပေ။
အထူးသဖြင့် လုချန်းသည် ကောင်းကင်ဧကရာဇ် အစစ် မဟုတ်ပေ။ သူသည် ကောင်းကင်ဧကရာဇ်၏ အစွမ်းမျိုးကို ယာယီအားဖြင့်သာ အသုံးချနိုင်နေခြင်း ဖြစ်သည်။
လုချန်း၏ အမူအရာအရ သူ၏ အင်အားအကုန်ပင် မထုတ်ရသေးပေ။ ထိုဧကရာဇ် နယ်ပယ်မှ ကောင်းကင်နတ်ဆိုးများကို သာမန်ကာလျှံကာပင် ချေမှုန်းလိုက်သကဲ့သို့ ဖြစ်နေသည်။
ခဏချင်းအတွင်းမှာပင် တိုးဝင်လာသော ဧကရာဇ် နယ်ပယ်မှ ကောင်းကင်နတ်ဆိုးအားလုံး လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ တောင်ဝှေးမှ ဆင့်ခေါ်ထားသော နောက်ဆုံးနတ်ဆိုး ပျောက်ကွယ်သွားပြီးနောက် ရွှမ်ဝူ ဧကရာဇ်သည် အကြွင်းမဲ့ ဝိညာဉ်ဝါးမျိုတောင်ဝှေး၏ တန်ပြန်မှုကို ခံစားလိုက်ရပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ရကာ တောင်ဝှေးကို ကိုင်ထားသော သူ၏ လက်မောင်းလည်း ချက်ချင်းပင် မည်းနက်သွားသည်။
သူ၏ ခန္ဓာကိုယ်သည်လည်း အနက်ရောင် အမျှင်လေးများဖြင့် ဖုံးလွှမ်းသွားပြီး မြင်တွေ့ရသူများအဖို့ အလွန်ထိတ်လန့်ဖွယ် ကောင်းနေသည်။
လုချန်းက
“ဒါတွေက ခင်ဗျားတို့ရဲ့ ဝှက်ဖဲတွေ အကုန်ပဲ ထင်တယ်။ အဲ့ဒီလိုဆိုရင်တော့ ဒါကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ။”
စကားအဆုံးတွင် လမ်းစဉ်စွမ်းအားများအားလုံးဖြင့် ဖွဲ့စည်းထားသော ရောင်ခြည်ခုနစ်ခု စွမ်းအားကို လုချန်း ထပ်မံ စုစည်းလိုက်ရာ ပြင်ပနယ်မြေ၏ ကောင်းကင်ယံတစ်ခုလုံးသည် နတ်ဘုရားများ၏ ကောင်းချီးမင်္ဂလာ ဆင်းသက်လာသကဲ့သို့ သက်တံရောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ အခြားနေရာများရှိ ဧကရာဇ်အဆင့်များလည်း ဤမြင်ကွင်းကို မြင်လျှင် ရတနာတစ်ခု ထွက်ပေါ်လာသည်ဟု ထင်မှတ်ပြီး ထိုအရပ်သို့ အပြေးအလွှား လာကြတော့သည်။
ထိုစဉ် သွေးဝိညာဉ်ဓားချက်ကို လုချန်း ထပ်မံ ထုတ်ဖော်လိုက်သည်။ ဓားကို မလွှဲယမ်းရသေးမှာပင် ပြင်ပနယ်မြေ၏ ကုန်းမြေကြီးလည်း ပြိုကွဲမည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် တစ်လောကလုံး တုန်ခါသွားပြီး အရပ်မျက်နှာအနှံ့မှ ရေတွက်၍မရသော အနက်ရောင်ဓာတ်ငွေ့များ ပြင်ပနယ်မြေထဲသို့ ပျံ့နှံ့လာခဲ့သည်။
အင်အားစုကြီး လေးခုမှ ဧကရာဇ်အဆင့်အချို့သည် ထိုအနက်ရောင်ဓာတ်ငွေ့များနှင့် ထိတွေ့မိလျှင် နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး ရုန်းကန်နေကြရသည်။ တစ်ချိန်တည်းမှာပင် အင်အားစုကြီး လေးခုမှ အဆင့်ကိုး နယ်ပယ် ဧကရာဇ်များသည်လည်း အနက်ရောင်ဓာတ်ငွေ့များနှင့် ထိတွေ့မိသောအခါ အလွန် နေရခက်လာခဲ့သည်။ ထို့ကြောင့် သူတို့၏ အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားကို ခက်ခဲစွာ လှည့်ပတ်ပြီး ခုခံနေကြရသည်။
မဟာမြင့်မြတ်နယ်မြေသခင်က
“ဒါက ဘာကြီးလဲ။ ဘာလို့ ငါ့ရဲ့ မဟာမြင့်မြတ်စွမ်းအားကို နှိမ်နင်းထားနိုင်ရတာလဲ”
ဟု ထိတ်လန့်တကြား ပြောလိုက်သည်။
မဟာမြင့်မြတ်စွမ်းအားသည် မဟာမြင့်မြတ်နယ်မြေသခင်အတွက် အလွန်အရေးကြီးသည်။ အကြောင်းမှာ မဟာမြင့်မြတ် စွမ်းအား လှည့်ပတ်နေသရွေ့ နတ်ဝိညာဉ် ပျောက်ကွယ်သွားလျှင်တောင် သူ ချက်ချင်း ပြန်လည်ရှင်သန်နိုင်သောကြောင့် ဖြစ်သည်။
သို့သော် အာကာသအက်ကွဲကြောင်းမှ ထွက်ပေါ်လာသော အနက်ရောင်ဓာတ်ငွေ့များသည် မဟာမြင့်မြတ်စွမ်းအားကို နှိမ်နင်းထားနိုင်ပြီး ၎င်းအား လှည့်ပတ်၍မရအောင် တားဆီးထားသည်။ ဤအခြေအနေအရ သူသာ ယခုအကြိမ် သေဆုံးခဲ့လျှင် တကယ်ပင် ပျက်စီးသွားလိမ့်မည် ဖြစ်ကြောင်း ညွှန်ပြနေသည်။ ထို့ကြောင့် မဟာမြင့်မြတ်နယ်မြေသခင် အလွန် ထိတ်လန့်နေမိသည်။
ထို့အတူပင် အသက်ကယ် ဧကရီသည်လည်း သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်အင်အားသည် ဤအနက်ရောင်ဓာတ်ငွေ့၏ နှိမ်နင်းခြင်းကို ခံနေရသည်ဟု ခံစားလိုက်ရသည်။ သူမ၏ အသက်ဓာတ် အင်အားသည် ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော အရာအမြောက်အမြားကို ဖယ်ရှားပေးနိုင်စွမ်း ရှိသော်လည်း ဤအနက်ရောင်ဓာတ်ငွေ့ကိုမူ အနည်းငယ်မှပင် သက်ရောက်မှု မရှိပေ။
ခဏချင်း အတွင်းမှာပင် အင်အားစုကြီး လေးခုမှ ဧကရာဇ်အဆင့်အချို့သည် နတ်ဆိုးအသွင်ပြောင်းသည့် လက္ခဏာများ ပြလာခဲ့၏။ သူတို့၏ ခန္ဓာကိုယ်များသည် အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်နတ်ဆိုးစွမ်းအားများ ပို၍ ထူထပ်လာခဲ့သည်။
လုချန်းက
“ တော်သေးတယ်။ ရှနိုင်ငံက ကျင့်ကြံသူတွေက ကောင်းကင်နတ်ဆိုးစွမ်းအားကို ဖယ်ရှားနိုင်တဲ့ ကျင့်စဉ်တွေကို ကျင့်ကြံထားကြလို့ပဲ”
ဟု စိတ်ထဲမှ တွေးလိုက်သည်။
မဟုတ်ပါက ရှနိုင်ငံမှ ကျင့်ကြံသူများလည်း ဤအနက်ရောင်ဓာတ်ငွေ့နှင့် တွေ့ကြုံပါက ထိုဧကရာဇ်များကဲ့သို့ ဖြစ်သွားနိုင်ပေသည်။ ထိုသို့တွေးရင်း သူ၏ အနောက်ရှိ ဧကရာဇ်အဆင့်များကို မျက်လုံးထောင့်မှ လုချန်း ကြည့်လိုက်သည်။
အာကာသအက်ကွဲကြောင်းမှ ပျံ့နှံ့လာသော အနက်ရောင်ဓာတ်ငွေ့များသည် မူလအစစွမ်းအားဖြင့် တည်ဆောက်ထားသော အကာအကွယ်ကို တိုက်ရိုက် ဖောက်ထွက်သွားသော်လည်း ရှနိုင်ငံမှ ဧကရာဇ်များအနားသို့တော့ မကပ်လာခဲ့ပေ။
အနက်ရောင်ဓာတ်ငွေ့အချို့သည် သူတို့နှင့် ထိတွေ့မိလျှင် ထိုဧကရာဇ်များအပေါ်ရှိ တစ်စုံတစ်ခုကို ကြောက်လန့်နေသကဲ့သို့ လျင်မြန်စွာပင် နောက်ဆုတ်သွားကြသည်။
ဖြစ်ပျက်နေသည့်အရာကို လုချန်း ချက်ချင်း နားလည်သွားသည်။ နတ်ဆိုးမြေမြုပ်ကျင့်စဉ် နှင့် ဖရိုဖရဲ နတ်ဆိုးသတ်ကျင့်စဉ်တို့ကို ကျင့်ကြံထားခြင်းက ဤထူးဆန်းသော အနက်ရောင်ဓာတ်ငွေ့များကိုပင် ခုခံနိုင်စွမ်းရှိပုံရသည်။
ထိုသို့ဆိုရင် ဖရိုဖရဲနတ်ဆိုးသတ်ကျင့်စဉ်ကို ကျင့်ကြံထားသော သူ၏ ကိုယ်ပွားကတော့ ဘာကြောင့် ချောက်နက်ကြီးထဲသို့ ဝင်သွားသည့်နှင့် အဆက်အသွယ် ပြတ်တောက်သွားရသနည်း။
သူ၏ ကိုယ်ပွားသည် ထိုအနက်ရောင်ဓာတ်ငွေ့၏ သက်ရောက်မှုကို မခံရသင့်ပေ။
လုချန်း ခဏခန့် စဉ်းစားလိုက်သော်လည်း အဖြေမရသဖြင့် ထပ်မံ၍ အချိန်မဖြုန်းတော့ပေ။
ထားလိုက်ပါတော့.....
ယခုလက်ရှိ ကိစ္စကို အရင်ဆုံး ဖြေရှင်းပြီးမှသာ ဤအနက်ရောင်ဓာတ်ငွေ့ ဘာလဲဆိုတာ ကို ဖြည်းဖြည်းချင်း ရှာဖွေရတော့မည်။
………..
အခန်း (၁၅၃၉ )
သားရဲအစောင့်အရှောက်
လုချန်း အချိန်ပိုမဖြုန်းတော့ပဲ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ရာ သူ၏ အငွေ့အသက်များ ရုတ်တရက် တည်ငြိမ်သွားသည်။ ထို့နောက် လက်ထဲမှ ဓားကို လုချန်း ဖြည်းညင်းစွာ မြှောက်လိုက်သည်။
အေးစက်သော အလင်းတန်းများ ထွက်ပေါ်နေသည့် ဓားလက်ကိုင်ပေါ်မှ အင်းကွက်ပုံစံများသည်လည်း အသက်ဝင်လာသကဲ့သို့ ရှိသည်။
ချက်ချင်းပင် လက်ကို ဝှေ့ယမ်း၍ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ အဝေးရှိ အင်အားစုကြီး လေးခုမှ ဧကရာဇ်အဆင့်များဆီသို့ ကျယ်ပြောသော ဓားအရှိန်အဝါများ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။
ကောင်းကင်ယံမှ စီးကျလာသော ကြယ်စုတစ်ခုကဲ့သို့ ထိုဓားအရှိန်အဝါသည် အနှိုင်းမဲ့စွမ်းအင်ကို သယ်ဆောင်ထား၏။ ၎င်းဖြတ်သန်းသွားသော အာကာသသည် စူးရှသော အသံများ မြည်ဟည်းလျက် ဆုတ်ဖြဲခံလိုက်ရပြီး တဖြည်းဖြည်း ချေမှုန်းခံလိုက်ရသည်။
အမည်းရောင် အငွေ့အသက်များ၏ သက်ရောက်မှုကြောင့် မမြင်ရသော ကြိုးများဖြင့် ချည်နှောင်ခံထားသလို ဖြစ်နေသည့် ဧကရာဇ်အဆင့်များသည် အစကတည်းကလှုပ်ရှားနိုင်ခြင်း မရှိခဲ့ချေ။ ယခု ဒီရေလှိုင်းကဲ့သို့ တဟုန်ထိုး ပြေးဝင်လာသော ရောင်ခြည်ခုနစ်ခု ဓားအရှိန်အဝါကို ရင်ဆိုင်ရချိန်တွင် သူတို့၏ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက်မဲ့မှုများသာ ထင်ဟပ်နေသည်။ သူတို့၏ နှုတ်ခမ်းများ တုန်ရင်နေသော်လည်း အချိန်မီ အကူအညီတောင်းရန်ပင် မတတ်နိုင်ကြတော့ချေ။
မျက်လုံးများ ပြူးကျယ်သွားကာ နဖူးတွင် အကြောများ ထောင်ထွက်နေသော မဟာမြင့်မြတ်နယ်မြေသခင်က
“မဖြစ်ဘူး။ ကျုပ် ဒီမှာ အသေမခံနိုင်ဘူး” ဟု အက်ကွဲရှတသော အသံဖြင့် အော်ဟစ်လိုက်သည်။
သူ၏ အသံထဲတွင် စိတ်ပျက်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော်လည်း ထိုသို့အော်ဟစ်ပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်သည် လေပြင်းမုန်တိုင်းကြောင့် လွင့်စင်သွားသည့် ဖုန်မှုန့်များကဲ့သို့ ပျောက်ကွယ်သွားကာ မည်သည့်အရာမှ ကျန်ရစ်ခြင်း မရှိတော့ချေ။
ထိုအခိုက်အတန့်၌ အသက်ကယ် ဧကရီ၏ မျက်လုံးများထဲတွင်လည်း နောက်ဆုံးအကြိမ် ရုန်းကန်မှုများ ဖြစ်ပေါ်နေသည်။ လက်နက်ချလိုကြောင်း ပြောဆိုရန် သူမ ပါးစပ်ကို ဟလိုက်သော်လည်း လုချန်း၏ ဓားအရှိန်အဝါသည် ပြင်းထန်သော ဒီရေကဲ့သို့ ပြေးဝင်လာပြီးဖြစ်ရာ ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်တော့ချေ။
နောက်တစ်စက္ကန့်သည် ဓားအရှိန်အဝါသည် အသက်ကယ် ဧကရီကို ရက်စက်စွာ ရိုက်ခတ်သွားပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ချက်ချင်းပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ လေထုထဲ၌ ပျောက်ကွယ်သွားတော့သည်။
ရောင်ခြည်ခုနစ်ခု ဓားအရှိန်အဝါ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ အဆင့်ကိုး ဧကရာဇ်များပင်လျှင် မုန်တိုင်းထဲမှ သစ်ရွက်ခြောက်များကဲ့သို့ လွင့်စင်သွားကြပြီး အင်အားမဲ့စွာဖြင့် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့ရကာ ပြင်ပနယ်မြေ၏ တိတ်ဆိတ်သော မြေရိုင်းများထဲ၌ ပျော်ဝင်သွားကြသည်။
ရှန်ဝူဧကရာဇ်သည် ပြေးဝင်လာသော ဓားအရှိန်အဝါကို ကြည့်ရင်း သူ၏ခေါင်းကို ရုတ်တရက် မော့လိုက်သည်။ သူ၏ မျက်လုံးများသည် နက်ရှိုင်းသော ရေကန်ကြီးနှစ်ခုကဲ့သို့ မည်းမှောင်နေသည်။
ငရဲတွင်းမှ တက်လာသူကဲ့သို့ သူ၏ တစ်ကိုယ်လုံးမှ ထူထပ်သော အမည်းရောင် အငွေ့အသက်များ ထွက်ပေါ်နေကာ ကောင်းကင်နတ်ဆိုး တစ်ဦးအဖြစ် လုံးဝ ပြောင်းလဲသွားပုံ ရသည်။
ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ်မှ ကောင်းကင်နတ်ဆိုး စွမ်းအားကို လုချန်း တကယ် ခံစားလိုက်ရသည်။ သို့သော် ရှန်ဝူဧကရာဇ်၏ မျက်လုံးထဲတွင် အမှောင်ထုထဲမှ ဖယောင်းတိုင်မီးကဲ့သို့ အားနည်းသော်လည်း တည်ရှိနေဆဲဖြစ်သော မူလအသိစိတ်တစ်ခုကို သူ သတိပြုမိလိုက်သည်။
ရှန်ဝူဧကရာဇ်သည် သူ၏ တုတ်ကောက်ကို ဖြည်းညင်းစွာ မြှောက်လိုက်၏။ သူ၏ လှုပ်ရှားမှုများသည် နှေးကွေးသော်လည်း ထူးဆန်းသော စွမ်းအားတစ်ခု ပါဝင်နေသည်။ ထို့နောက် ပြင်ပနယ်မြေ၏ ကောင်းကင်ယံကို ကြည့်ကာ
“ဒီလိုကိုး... ဒီလိုကိုး... ဟားဟားဟားဟား” ဟု ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူ၏ ရယ်မောသံထဲ၌ ရူးသွပ်မှုနှင့် ဂုဏ်ယူမှုများ ပါဝင်နေပြီး တိတ်ဆိတ်သော အာကာသထဲ၌ ထပ်ဆင့်ပဲ့တင်ထပ်နေသဖြင့် ကြားရသူများအား ကျောချမ်းစေသည်။
“ကောင်းကင်ဧကရာဇ်...နောက်ဆုံးတော့ ငါ ကောင်းကင်ဧကရာဇ် ဖြစ်တော့မယ်”
ထိုစကားများအဆုံးတွင် တုတ်ကောက်မှ ထူးဆန်းသော စွမ်းအားလှိုင်းများ ထွက်ပေါ်လာသည်။ ထိုစွမ်းအားသည် လေထုထဲတွင် လှိုင်းဂယက်ထသကဲ့သို့ ပျံ့နှံ့သွားပြီး ရှန်ဝူဧကရာဇ်၏ ရှေ့၌ အမည်းရောင် ဝဲဂယက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်း၏ အလယ်ဗဟိုမှ ပြင်းထန်သော စုပ်ယူမှုအားသည် အရာအားလုံးကို ဝါးမြိုပစ်နိုင်ပုံ ရသည်။
လုချန်း တုံ့ပြန်ခြင်း မပြုနိုင်မီပင် ရှန်ဝူဧကရာဇ်၏ ခန္ဓာကိုယ်သည် ဝဲဂယက်ထဲသို့ စုပ်ယူခံလိုက်ရပြီး မည်သည့်အစအနမှ မကျန် ပျောက်ကွယ်သွားခဲ့သည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် လုချန်း အံ့အားသင့်သွားသည်။ သူ၏ မျက်ခုံးများသည် တင်းကျပ်စွာ တွန့်တက်သွားပြီး မျက်လုံးများထဲ၌လည်း တုန်လှုပ်မှုနှင့် ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်သွားသည်။
ပတ်ဝန်းကျင် အာကာသကို ချိပ်ပိတ်ရန် ကောင်းကင်ဧကရာဇ်နှင့် နီးစပ်သော စွမ်းအားကို သူ အသုံးပြုခဲ့သော်လည်း ရှန်ဝူဧကရာဇ်က အဘယ်ကြောင့် အာကာသကို ဖြတ်ကျော်နိုင်သေးသနည်း။
ဤမေးခွန်းသည် သူ၏ စိတ်ထဲ၌ စွဲထင်နေပြီး သူ့ကို အကြီးအကျယ် နားမလည်နိုင် ဖြစ်စေသည်။
ရှန်ဝူဧကရာဇ် ထွက်ပြေးသွားပြီးနောက် အင်အားစုကြီး လေးခုမှ ဧကရာဇ်များကို လုချန်းက ပြင်းထန်သော ဓားအရှိန်အဝါဖြင့် လျင်မြန်စွာ ရှင်းလင်းလိုက်ရာ သူ၏ ဓားတစ်ချက်တည်းဖြင့် အားလုံးပျောက်ကွယ်သွားတော့သည်။
သို့သော်လည်း ထိုသူများကို ရှင်းလင်းပြီးနောက် သူ၏ နောက်ရှိ ဧကရာဇ်များ၏ စွမ်းအားများ လုံးဝနီးပါး ကုန်ခမ်းသွားသည်ကို လုချန်း ခံစားလိုက်ရသည်။ သူတို့၏ အငွေ့အသက်များသည် အားနည်းသွားပြီး မျက်နှာများသည်လည်း ဖြူဖျော့နေသဖြင့် လုချန်း အနည်းငယ် စိုးရိမ်သွားသည်။
ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံသည် ထိရောက်မှုရှိသော်လည်း သူ၏ လက်ရှိ စွမ်းအားသုံးစွဲနှုန်းအရ ဧကရာဇ်အဆင့် တစ်ရာ ပေါင်းလိုက်လျှင်ပင် သူ အကြိမ်အနည်းငယ် လှုပ်ရှားရန်အတွက် လုံလောက်ပုံ မရပေ။
နောင်တွင် အင်အားကို မဆင်မခြင် အသုံးပြုခြင်းမှ ရှောင်ကြဉ်သင့်ပြီး တစ်ကြိမ်တည်းဖြင့် ဖြေရှင်းနိုင်ပါက အကောင်းဆုံးဖြစ်ကြောင်း သူ တွေးလိုက်မိသည်။
ထို့နောက် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို လုချန်း ရုပ်သိမ်းလိုက်သည်။ ထို့နောက် အနည်းငယ် ခုန်ပျံ၍ အာကာသအက်ကွဲကြောင်း တစ်ခုအနီးသို့ ပျံသန်းသွားပြီးနောက် အမည်းရောင် အငွေ့အသက်များကို သတိကြီးစွာဖြင့် စစ်ဆေးလိုက်သည်။
ဟင်းလင်းပြင်ထဲတွင် ပျံ့လွင့်နေသော အမည်းရောင် အငွေ့အသက်များကို သူ၏ လက်ဖြင့် ထိတွေ့ရန် ကြိုးစားလိုက်ချိန်၌ ထိုအငွေ့အသက်များသည် ထိတ်လန့်သွားသော သားရဲငယ်လေးများကဲ့သို့ ရှောင်ဖယ်သွားကြကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့တွင် အသိစိတ်ရှိပုံ ရ၏။
ဤအမည်းရောင် အငွေ့အသက်များသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို ကြောက်ရွံ့သဖြင့် ရှောင်ရှားနေခြင်းဖြစ်ကြောင်း လုချန်း ရှင်းလင်းစွာ ခံစားလိုက်ရသည်။
စိတ်ကူးတစ်ခုနှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို တိုက်ရိုက် အသက်သွင်းကာ အမည်းရောင် အငွေ့အသက် အုပ်စုတစ်ခုကို ဝန်းရံလိုက်သည်။ ထိုအငွေ့အသက်၏ ဖွဲ့စည်းပုံနှင့် မည်သည့်အရာဖြစ်ကြောင်း စစ်ဆေးရန် သူ ရည်ရွယ်သည်။
သို့သော်လည်း သူ၏ စိတ်ဝိညာဉ် စွမ်းအားက အမည်းရောင် အငွေ့အသက်ကို ထိတွေ့သည်နှင့် တစ်ပြိုင်နက် ထိုအငွေ့အသက်သည် မီးလောင်သွားသော စက္ကူကဲ့သို့ ပြိုကွဲသွားသဖြင့် ၎င်း၏ ဖွဲ့စည်းပုံကို စစ်ဆေးခွင့် မရလိုက်ချေ။
ထိုအခိုက်အတန့်တွင် ပြင်ပနယ်မြေ တိုက်ကြီးသည် ကမ္ဘာကြီးပျက်တော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ သူ၏ ခြေထောက်အောက်ရှိ မြေပြင်သည် ပြင်းထန်စွာ လှုပ်ခါသွားပြီး အဝေးရှိ တောင်တန်းများသည်လည်း ပြိုလဲလုနီးပါး ယိမ်းထိုးနေသည်။
လုချန်း အလျင်အမြန်ပင် ကိုယ်ဟန်ချက်ကို ထိန်းလိုက်သည်။ လေထဲတွင် ခဏခန့် ယိမ်းထိုးသွားသော်လည်း သူ၏ ကိုယ်ဟန်ကို လျင်မြန်စွာ ပြန်လည်ပြင်ဆင်၍ ကောင်းကင်ယံသို့ ပျံတက်လိုက်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသည်။
ရုတ်တရက် ဧကရာဇ်တစ်ဦးက
“ဟိုမှာကြည့်စမ်း။ အဲ့ဒါ ဘာကြီးလဲ”
ဟု ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ အသံထဲတွင် ထိတ်လန့်မှုများ ပါဝင်နေပြီး အဝေးက ကောင်းကင်ယံသို့ တုန်ရီနေသော လက်ချောင်းဖြင့် ညွှန်ပြနေသည်။
ထိုဧကရာဇ် ပြောပြီးသည်နှင့် အဝေးမှ ကောင်းကင်ယံ၌ ကြီးမားသော အမည်းရောင် ဝဲဂယက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုဝဲဂယက်သည် လျင်မြန်စွာ ကျယ်ပြန့်လာပြီး မျက်တောင်တစ်ခတ်အတွင်း အဆင့်နိမ့် ကမ္ဘာတစ်ခု၏ အရွယ်အစားခန့်အထိ ကြီးမားလာကာ ကောင်းကင်တစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ရှိနေသည်။
ထို့နောက်သည် အခြားဧကရာဇ် တစ်ဦးက
“အဲ့ဒီ ဝဲဂယက်ထဲကနေ တစ်ခုခု ထွက်လာတော့မယ့်ပုံပဲ။”
သူ၏ အသံ၌ တုန်လှုပ်မှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။ သူ ညွှန်ပြရာသို့ ကြည့်လိုက်ရာ အမည်းရောင် ဝဲဂယက်အတွင်း၌ အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။
လုချန်းလည်း မျက်မှောင်ကြုတ်လျက် ထိုအမည်းရောင် ဝဲဂယက်ကို စိုက်ကြည့်နေမိသည်။ သူ၏ မျက်လုံးများထဲ၌လည်း တစ်စုံတစ်ရာကို သိမြင်လိုက်သည့် အရိပ်အယောင်တစ်ခု ယှက်သန်းသွားသည်။
ထျန်းဟုန် ဧကရီ ပြောခဲ့သည့် အခြားလောကမှ သတ္တဝါ ပေါ်လာတော့မည်ဖြစ်ကြောင်း သူ ကြိုတင်ခံစားလိုက်ရသောကြောင့်ဖြစ်သည်။
နောက်တစ်စက္ကန့်သည် ဝဲဂယက်ထဲမှ ကြီးမားသော အမည်းရောင် နန်းတော်ကြီးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။ ထိုနန်းတော်ကို မြင်လျှင် လူတိုင်း၏ မျက်နှာအမူအရာများ လေးနက်သွားကြသည်။
နန်းတော်မှ ထွက်ပေါ်လာသော ပြင်းထန်သော ဖိအားက အသက်ရှူရန်ပင် ခက်ခဲစေသည်။ ဤနန်းတော်၏ အဆင့်သည် ရှဧကရာဇ် ကိုင်ဆောင်ထားသော ဓားထက် မနိမ့်နိုင်ချေ။
နတ်ဘုရားချေမှုန်းဓားကို လုချန်း အလိုအလျောက် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။ သူ၏ လက်ချောင်းများသည် အားစိုက်ထားသဖြင့် ဓားလက်ကိုင်၏ အေးစက်သော အထိအတွေ့သည် ရှေ့တွင် ကြုံတွေ့ရမည့် အကျပ်အတည်းကို ပို၍ သိမြင်နေစေသလိုပင်။
ဤနန်းတော်သည် နတ်လက်နက် တစ်ခုဖြစ်ကြောင်း သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။ ဤလောကတွင် သူမှအပ နတ်လက်နက် ပိုင်ဆိုင်သူ ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့ချေ။
ထိုနန်းတော် ဝဲဂယက်ထဲမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်နှင့်အမျှ အမည်းရောင် ဝဲဂယက်လည်း တဖြည်းဖြည်း ပိတ်သွားသည်။
ရုတ်တရက် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
“တော့်တော့်ကို စည်ကားနေတာပဲ။ ဒါက ကျုပ် ရောက်လာမှာကို ကြိုဆိုနေတာလား။”
ထိုအသံ၌ မောက်မာမှုနှင့် ထောင်လွှားမှုများ ပါဝင်နေပြီး တိတ်ဆိတ်သော ပြင်ပနယ်မြေ၏ အာကာသထဲတွင် ထူးထူးခြားခြား စူးရှနေသည်။
ထိုစကားသံကို ကြားလျှင် ရှနိုင်ငံတော်မှ ဧကရာဇ်များ တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြသည်။ သူတို့အတွက်မူ ထိုစကားများသည် အဓိပ္ပာယ်မရှိသော စကားသံများကဲ့သို့ ဖြစ်နေသဖြင့် နားမလည်နိုင်ကြတာ ထင်ရှား၏။
သို့သော်လည်း နားလည်သူ တစ်ဦးတော့ ရှိနေသည်။
ကောင်းကင်ရှိ နန်းတော်ကို လုချန်း အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ထိုစကားများကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း သူ၏ စိတ်ထဲတွင် ၎င်း၏ အဓိပ္ပာယ်ကို အလိုအလျောက် ဘာသာပြန်ဆိုပြီး ဖြစ်နေသည်။
ဤလူ၏ စကားကို သူ အဘယ်ကြောင့် နားလည်နေရသနည်းဟု လုချန်း ဇဝေဇဝါ ဖြစ်သွားသည်။ သူ၏ စိတ်ထဲတွင် မရေရာမှုများ ပြည့်နှက်နေသဖြင့် သူ၏ နောက်ရှိ ဧကရာဇ်များဘက်သို့ လှည့်ကာ
“အဲ့ဒီလူ ပြောတာကို ခင်ဗျားတို့ထဲက တစ်ယောက်ယောက် နားလည်ကြလား”
ဟု မမေးပဲ မနေနိုင် ဖြစ်သွားသည်။
ဧကရာဇ်များအားလုံး ခေါင်းခါပြကြ၏။ မည်သူမှ နားမလည်ကြချေ။
ထို့နောက် လုချန်းက ထျန်းဟုန် ဧကရီကို ကြည့်လိုက်ရာ သူမက
“နည်းနည်းပဲ”
ဟု အမူအရာမဲ့စွာ တုံ့ပြန်သည်။
သူမ၏ အသံသည် အေးစက်ပြီး တိုတောင်းလှသည်။
ဤအရာက အခြားလောကမှ သတ္တဝါများ၏ ဘာသာစကားလားဟု ထျန်းဟုန် ဧကရီကို မေးမြန်းရန် ပြင်လိုက်စဉ်ပင် နန်းတော်ရှေ့၌ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ပေါ်လာသည်။ ထိုအမျိုးသားက လုချန်းနှင့် အခြားသူများကို ပုရွက်ဆိတ်အုပ်စုတစ်စုကဲ့သို့ အထင်သေးသော အကြည့်များဖြင့် ငုံ့ကြည့်လိုက်သည်။
“အဆင့်ကိုးတောင် မဟုတ်ဘူးလား။ ကစဉ့်ကလျား သားရဲက ခုခံဖို့ လက်လျှော့လိုက်ပြီလား။”
ထိုအမျိုးသား၏ အသံတွင် လှောင်ပြောင်မှုများ ပါဝင်သည်။ ထိုအမျိုးသား၏ စကားကို ကြားရသောအခါ ဤသူသည် အခြားလောကမှ သတ္တဝါဖြစ်ကြောင်း လုချန်း အတပ်ပြောနိုင်လိုက်သည်။ ထိုသူက သူ့ကို နားလည်နိုင်မလား ဆိုတာကို ဂရုမစိုက်ပဲ
“ကစဉ့်ကလျား သားရဲ ဆိုတာ ဘာကို ပြောတာလဲ”
ဟု လုချန်းက တိုက်ရိုက် မေးလိုက်သည်။
သူ၏ အသံသည် စူးစမ်းလိုစိတ်နှင့် အမှန်တရားကို သိလိုစိတ်များဖြင့် ပြည့်နှက်နေသည်။
လုချန်းက ဦးအောင် မေးမြန်းလိုက်သည်ကို မြင်သောအခါ ကောင်းကင်ယံရှိ အမျိုးသားလည်း မယုံကြည်နိုင်သော အမူအရာ ဖြစ်သွား၏။ သူ၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားကာ အတော်လေး အံ့အားသင့်သွားပုံ ရသည်။
အဘယ်ကြောင့်ဆိုသော် လုချန်း ပြောသည်ကို သူလည်း နားလည်သောကြောင့် ဖြစ်သည်။ ယခင်က သူနှင့် တွေ့ဆုံခဲ့ဖူးသော သားရဲအစောင့်အရှောက်များသည် သူနှင့် စကားမပြောနိုင်ကြပဲ တွေ့သည်နှင့် တိုက်ခိုက်တတ်ကြသည်။ ထိုသားရဲအစောင့်အရှောက်များ အချင်းချင်း ပြောဆိုနေကြသည်ကိုလည်း သူ နားမလည်ခဲ့ချေ။
သို့သော် ယခု သူ၏ ရှေ့မှ လူပြောသည်ကို သူ မမျှော်လင့်ပဲ နားလည်နေသည်။
ချူးကျန့်ယွီ သတိပြန်ဝင်လာပြီး လုချန်းကို အလေးအနက် စစ်ဆေးလိုက်သည်။ သူ၏ အကြည့်သည် ထက်မြက်သော ဓားတစ်စင်းကဲ့သို့ လုချန်းကို ဝေ့ကြည့်သွားပြီးနောက်
“ခင်ဗျားက သားရဲအစောင့်အရှောက် မဟုတ်ဘူးလား”
ဟု မသေချာသော အသံဖြင့် စမ်းသပ်မေးမြန်းလိုက်သည်။
လုချန်းက ကောင်းကင်ယံရှိ အဖြူရောင် ဝတ်စုံနှင့် လူငယ်ကို နားမလည်စွာဖြင့် ကြည့်ကာ
“သားရဲအစောင့်အရှောက် ဆိုတာ ဘာလဲ” ဟု ပြန်မေးလိုက်သည်။
သူ၏ မျက်လုံးများအရ ထိုဝေါဟာရနှင့် ရင်းနှီးမှုမရှိကြောင်း ထင်ရှားနေသည်။
လုချန်း ဘာမှ မသိသည်ကို မြင်သောအခါ ချူးကျန့်ယွီ တွေးလိုက်မိသည်။
ဤလူသည် သားရဲအစောင့်အရှောက် တစ်ဦး ဖြစ်သင့်သည်။ သူ၏ အင်အားသည်လည်း ကစဉ့်ကလျား သားရဲထံမှ လာခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် အဘယ်ကြောင့် သူနှင့် ဆက်သွယ်ပြောဆိုနိုင်နေရသနည်း။
ဤအရာက သူလည်း နားမလည်နိုင်သော အရာပင်။
စူးစမ်းလိုစိတ်ကြောင့် ချူးကျန့်ယွီ ချက်ချင်း မတိုက်ခိုက်သေးပဲ
“ခင်ဗျားက ဘယ်သူလဲ ဆိုတာရော သိလား”
ဟု ဆက်လက် မေးမြန်းလိုက်သည်။
လုချန်းက
“ရှနိုင်ငံတော်ရဲ့ ဧကရာဇ်ပဲ”
ဟု တုံ့ပြန်လိုက်သည်။
သူ၏ အသံထဲတွင် ထိုအဆင့်အတန်းကို ဂုဏ်ယူမှုများ ပါဝင်နေသည်။
ချူးကျန့်ယွီစိတ်ထဲ မေးခွန်းများဖြင့် ပြည့်နှက်သွားသည်။
ရှနိုင်ငံတော်....
အဲဒါ ဘယ်လို အင်အားစုလဲ...
သူတစ်ခါမှ မကြားဖူးပေ။
တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ချူးကျန့်ယွီ ထပ်တွေးလိုက်မိသည်။
‘နေဦး...ဒီသားရဲအစောင့်အရှောက်တွေမှာသည်လည်း နိုင်ငံ ရှိနေတာလား။ သူပြောတဲ့ ရှနိုင်ငံတော်ဆိုတာ ဒီသားရဲအစောင့်အရှောက်ရဲ့ အင်အားစုကို ပြောတာများလား’