← Chapters

အခန်း (၁၅၄၀-၁၅၄၂)

Vol. 103 Ch. 1540-1542

အခန်း (၁၅၄၀-၁၅၄၂)

Vol. 103 Ch. 1540-1542

အခန်း (၁၅၄၀ )

ကစဉ့်ကလျား သားရဲ၏လျှာ

တစ်စုံတစ်ခုကို သတိပြုမိသွားပြီးနောက် “ခင်ဗျား ဘယ်ရောက်နေလဲဆိုတာ သိလား”

ဟု ချူးကျန့်ယွီက စမ်းသပ်သည့်အနေနှင့် မေးလိုက်သည်။

“ဒါက ပြင်ပနယ်မြေ မဟုတ်ဘူးလား”

ဟု လုချန်းက တုံ့ပြန်၏။

တစ်ခုခုကို စဉ်းစားမိသွားဟန်ရှိသော ချူးကျန့်ယွီက

“ခင်ဗျားအမြင်အရ ခင်ဗျားက ပြင်ပနယ်မြေကို ရောက်နေတာပေါ့”

ဟု ထပ်မေးလိုက်သည်။

ချူးကျန့်ယွီ၏ မေးခွန်းကြောင့် လုချန်း ဆွံ့အသွားသည်။

သူတို့ အခု ပြင်ပနယ်မြေထဲ ရောက်နေတာ မဟုတ်ဘူးလား။

လုချန်း၏ မျက်နှာပေါ်မှ ဇဝေဇဝါဖြစ်နေသော အမူအရာကို ချူးကျန့်ယွီ ချက်ချင်း သတိပြုမိလိုက်သည်။

“ စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီနေရာက ဘာလဲဆိုတာ ဒီလူ မသိသေးတဲ့ ပုံပဲ”

ဟု ချူးကျန့်ယွီ သူ့ဘာသာ ခပ်တိုးတိုးရေရွတ်လိုက်သည်။

လုချန်း၏ တုန့်ပြန်မှုကို ကြည့်ရင်း ဤသူသည် တမင်ဟန်ဆောင်နေခြင်း မဟုတ်ပဲ အမှန်တကယ် မသိခြင်းဖြစ်ကြောင်း ချူးကျန့်ယွီ၏ စိတ်ထဲ အတည်ပြုလိုက်သည်။

ထို့နောက်

“ခင်ဗျား ရောက်နေတဲ့နေရာက ကစဉ့်ကလျား သားရဲရဲ့ လျှာပဲ”

ဟု ချူးကျန့်ယွီက တိုက်ရိုက် ပြောလိုက်သည်။

ထိုအရာကို ကြားလျှင် လုချန်း လုံးဝ အံ့အားသင့်သွားသည်။

ကစဉ့်ကလျား သားရဲရဲ့ လျှာ ဟုတ်လား။

ဒါဆိုရင် သူတို့တွေ တစ်ချိန်လုံး ကစဉ့်ကလျား သားရဲရဲ့ ဝမ်းဗိုက်ထဲ ရှိနေခဲ့တာလို့ ဆိုလိုတာလား။

ဤအချက်က စကြဝဠာနှင့် ပတ်သက်သော လုချန်း၏ နားလည်မှုကို ချက်ချင်း လှုပ်ခတ်သွားစေခဲ့၏။

စကြဝဠာ လည်ပတ်ပုံသည် သက်ရှိတစ်ခုနှင့် ဆင်တူသည်ဟု သူ အစောကတည်းကပင် ခံစားခဲ့ဖူးသော်လည်း ထိုရှုထောင့်ကတော့ တစ်ခါမှ မစဉ်းစားခဲ့ဖူးချေ။

ထိုသို့သာဆိုလျှင် အခြားလောကမှ သတ္တဝါများသည် ကစဉ့်ကလျား သားရဲ၏ အပြင်ဘက်မှ လာကြသူများလား။

သူ၏ ဖြစ်တည်မှု အစစ်အမှန်သည်လည်း ထိုသူများနှင့် အတူတူပဲ ဖြစ်နိုင်မလား။

လုချန်း၏ တုန်လှုပ်နေသော အမူအရာကို ကြည့်ကာ ချူးကျန့်ယွီက ဆက်လက်၍

“သားရဲအစောင့်အရှောက်တွေထဲမှာ ကျုပ်နဲ့ စကားပြောနိုင်တဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားဘူး။ ခင်ဗျားရဲ့ ဇစ်မြစ် တော်တော် ထူးခြားပုံရတယ်”

သတိပြန်ဝင်လာသော လုချန်းက ကောင်းကင်ယံရှိ ချူးကျန့်ယွီကို မော့ကြည့်ကာ

“ကျုပ်ကလည်း အပြင်လောကက လာတာ ဖြစ်နိုင်မယ်လို့ ခင်ဗျား ထင်လား”

ဒါက...

လုချန်း၏ စကားကြောင့် ချူးကျန့်ယွီ အံ့အားသင့်သွားပြီး သူ အထင်မှားမိသလားဟုပင် သံသယဖြစ်သွားသည်။ လုချန်း၏ စွမ်းအားကို ပြန်လည် စစ်ဆေးလိုက်ပြီး ခဏအကြာတွင် ချူးကျန့်ယွီက

“သားရဲအစောင့်အရှောက်။ ခင်ဗျားက တော်တော် နောက်ပြောင်တတ်တာပဲ။”

လုချန်း၏ စွမ်းအားကို ထပ်မံစစ်ဆေးပြီးနောက် ချူးကျန့်ယွီ၏ ယုံကြည်မှု ပိုမိုခိုင်မာလာကာ ဤသူသည် ကစဉ့်ကလျားသားရဲနှင့် ဆက်စပ်နေသူသာ ဖြစ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

“ခင်ဗျားရဲ့ စွမ်းအားက ကစဉ့်ကလျား သားရဲနဲ့ အတူတူပဲကို။ အပြင်လောကက လာတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

“ကျုပ်သာ အပြင်က လာတာ မဟုတ်ဘူးဆိုရင် ခင်ဗျား ပြောတာတွေကို ဘယ်လို နားလည်ပြီး ခင်ဗျားနဲ့ ဘယ်လို ဆက်သွယ်နိုင်တာလဲ”

ဟု လုချန်းက တုံ့ပြန်လိုက်၏။

ဒါက...

လုချန်း ပြောသည်ကို ကြားလျှင် ချူးကျန့်ယွီလည်း အလွန် ကျိုးကြောင်းဆီလျော်သည်ဟု ရုတ်တရက် တွေးမိသွားပြီး ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲသို့ ဝင်သွားခဲ့သူ တစ်ဦးကို သတိရလိုက်သည်။

“ခင်ဗျားက တကယ်ပဲ အပြင်လောကက ဆိုရင် ကျုပ်တို့ နဝမကောင်းကင်တက္ကသိုလ်ရဲ့ ကောင်းကင်မိန်းကလေးကို သိလား။ သူလည်း ကစဉ့်ကလျား သားရဲရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေတာ”

ဟု ချူးကျန့်ယွီက စမ်းသပ်မေးမြန်းလိုက်ပြန်သည်။

လုချန်း ကြောင်အ သွားသည်။

နဝမကောင်းကင်တက္ကသိုလ်ရဲ့ ကောင်းကင်မိန်းကလေး ဟုတ်လား။

အဲဒါ ဘယ်သူလဲ။

သူ ထိုသူ့အကြောင်းကို တစ်ခါမှ မကြားဖူးချေ။

သို့သော် လုချန်း၏ စိတ်ထဲသည် စကြဝဠာအတွင်းရှိ နာမည်ကျော်ပြီး အစွမ်းထက်သော အမျိုးသမီးများကို လျင်မြန်စွာ စဉ်းစားလိုက်ရာ မကြာမီသည်ပင် တစ်စုံတစ်ဦးကို သူ သတိပြုမိသွားသည်။

“ခင်ဗျားပြောနေတာက ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုကို ပြောတာလား”

လုချန်း၏ ဤစကားကြောင့် ချူးကျန့်ယွီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးမှုများ ထပ်မံဖြစ်ပေါ်လာပြီး လုချန်းကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူတို့၏ ကောင်းကင်မိန်းကလေးသည် ကောင်းကင်လျှို့ဝှက်ချက်များကို တွက်ချက်ရာသည် တကယ် ကျွမ်းကျင်သော်လည်း “ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို” ဆိုသည့် အမည်ကို မည်သည့်အချိန်က ရသွားသနည်း။

ဤသူက သူတို့၏ ကောင်းကင်မိန်းကလေးကို တကယ် သိနေတာလား။

ထို့နောက် ချူးကျန့်ယွီက

“ကဲပါ သားရဲအစောင့်အရှောက်။ ဟန်ဆောင်နေတာတွေ တော်လိုက်ပါတော့။ ခင်ဗျားက ကျုပ်ကို ဇဝေဇဝါဖြစ်အောင် လုပ်ပြီးမှ တိုက်ခိုက်မလို့ မဟုတ်လား။”

လုချန်း၏ စကားများကို ချူးကျန့်ယွီသည် မယုံကြည်ချင်တော့ပေ။ ဤသားရဲအစောင့်အရှောက်သည် သူ့ကို အချိန်ဆွဲရန် ကြိုးစားနေသည်ဟုသာ ယူဆလိုက်သည်။

“အချိန်မဖြုန်းပဲ တိုက်ခိုက်မှာသာ တိုက်ခိုက်လိုက်ပါ”

လုချန်းကလည်း တုံ့ဆိုင်းမနေပဲ နတ်ဘုရား‌ချေမှုန်းဓားကို ထုတ်လိုက်၏။ သို့သော် ၎င်းထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ချူးကျန့်ယွီ၏ မျက်နှာအမူအရာ တောင့်တင်းသွားသည်။

အဆင့်နိမ့် နတ်လက်နက် တစ်ခု။

အဆင့်နိမ့်သော်လည်း နတ်လက်နက်တစ်ခု ဖြစ်နေဆဲဖြစ်၏။ ဤအရာသည် အပြင်လောကမှာသာ ရရှိနိုင်သော အရာဖြစ်သည်။

ချူးကျန့်ယွီ ချက်ချင်း နားလည်သွားပြီး

“ခင်ဗျားက ကံကောင်းတဲ့ သားရဲအစောင့်အရှောက် တစ်ယောက်ပဲ။ ကျုပ်တို့လူတွေ ချန်ထားခဲ့တဲ့ နတ်လက်နက်ကို ကောက်ရခဲ့တာ ဖြစ်ရမယ်။”

ချူးကျန့်ယွီ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးတစ်ခု ပေါ်လာ၏။ ဤသားရဲအစောင့်အရှောက်သည် နတ်လက်နက်ကို ရရှိထားသော်လည်း ၎င်းကို အသုံးမပြုနိုင်ကြောင်း သူ သေချာနေသည်။

မိမိနှင့် စကားပြောနေသူသည် အဆင့်ငါး ဧကရာဇ်အဆင့်မျှသာ ဖြစ်သဖြင့် အားနည်းသူ တစ်ဦးသာဖြစ်ကြောင်း ချူးကျန့်ယွီ ခံစားနိုင်သည်။ ထိုကဲ့သို့သောသူသည် အဆင့်နိမ့် နတ်လက်နက် ရှိသော ကျင့်ကြံသူများကို အနိုင်ယူနိုင်စရာ အကြောင်းမရှိသဖြင့် သူ၏ လက်ထဲမှ နတ်လက်နက်သည် ကောက်ရထားခြင်းသာ ဖြစ်ပေလိမ့်မည်။

ချူးကျန့်ယွီက ဆက်လက်၍

“ကံမကောင်းတာက ခင်ဗျား နတ်လက်နက်တစ်ခု ရထားရင်တောင် အဲဒါကို အသုံးမပြုနိုင်ဘူး။”

သားရဲအစောင့်အရှောက်၏ စွမ်းအားသည် ကစဉ့်ကလျား သားရဲနှင့် အတူတူပင် ဖြစ်သည်။ ကစဉ့်ကလျား သားရဲသည် နတ်လက်နက်ကို အသက်မသွင်းနိုင်ဆိုသည့် အချက်က အများသိထားသော အချက်ဖြစ်၏။

ချူးကျန့်ယွီ၏ အမြင်အရ နတ်လက်နက်တစ်ခု သားရဲအစောင့်အရှောက်၏ လက်ထဲသို့ ရောက်သွားခဲ့လျှင်ပင် သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ချေ။

သို့သော်လည်း နတ်ဘုရား‌ချေမှုန်းဓားကို လုချန်းက ချက်ချင်း အသက်သွင်းလိုက်ပြီး နောက်တစ်ခဏတွင် ပြင်းထန်သော စွမ်းအားများ ချူးကျန့်ယွီဆီသို့ ပြေးဝင်သွားသဖြင့် ချူးကျန့်ယွီ၏ အမြင်လည်း မကြာမီ ပြောင်းလဲသွားသည်။

လက်ကို မြှောက်လိုက်ရုံမျှဖြင့် နတ်ဘုရား‌ချေမှုန်းဓား၏ ဖိအားကို ချူးကျန့်ယွီက ဟန့်တားလိုက်ရာ နှစ်ဦးစလုံး၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်သွားသည်။

မိမိ၏ ခန့်မှန်းချက် မှားယွင်းသွားသည်ဟု ချူးကျန့်ယွီ သိလိုက်ရ၏။ ဤသားရဲအစောင့်အရှောက်သည် သာမန်မဟုတ်နိုင်ပေ။

လုချန်း နတ်လက်နက်ကို အသက်သွင်းနိုင်သည်ကို ချူးကျန့်ယွီက အံ့အားသင့်သွားသလို ချူးကျန့်ယွီက နတ်ဘုရား‌ချေမှုန်းဓား၏ ဖိအားကို အလွယ်တကူ ခုခံနိုင်သည်ကိုလည်း လုချန်း အံ့သြသွားသည်။ ထိုအချက်အရ ထိုလူငယ်၏ အင်အားသည် ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

မိမိရှေ့မှ ဤလူသည် တကယ်ပင် အပြင်လောကက လာခဲ့တာလားဟု ချူးကျန့်ယွီ သူ့ဘာသာသူ စဉ်းစားလိုက်သည်။

ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲ၌ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် သဟဇာတဖြစ်သွားကာ ကစဉ့်ကလျား သားရဲ၏ စွမ်းအားကို အသုံးပြုနိုင်သည့် စွမ်းရည် ရရှိသွားခြင်းလား။

ထိုစဉ် လုချန်းက စနစ်ကို စိတ်ထဲမှ ပြောလိုက်သည်။

“စနစ်။ ကျုပ်ရှေ့ကလူရဲ့ အချက်အလက်ကို စစ်ဆေးပေးပါ။”

“သခင်သည် ဝင်ရောက်ကြည့်ရှုခွင့် မရှိပါ” ဟု စနစ်က ချက်ချင်း တုံ့ပြန်သည်။

စနစ်၏ အဖြေကို ကြားရလျှင် ဤစကြဝဠာ၏ အမြင့်မားဆုံး လျှို့ဝှက်ချက်ကို သူ တကယ် ထိတွေ့မိသွားပြီဟု လုချန်း တွေးလိုက်သည်။ သူသည် တကယ်ပင် အပြင်လောကမှ ဖြစ်နိုင်ပြီး ဤနေရာ၌သာ အဆက်မပြတ် ဘဝသံသရာ လည်နေခြင်း ဖြစ်နိုင်သည်။

ထိုရွှမ်ထျန်းသည် သူ၏ အခြေအနေကို သိထားပုံရ၏။ ထို့ပြင် ရွှမ်ထျန်းသည် သူ၏ အဆုံးမဲ့ ဘဝသံသရာကို ဖြစ်စေသည့် ဖြစ်စဉ် နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နိုင်သည်။

ထိုအခိုက်အတန့်တွင် ချူးကျန့်ယွီက

“ခင်ဗျားက တကယ်ပဲ အပြင်လောကက ကျင့်ကြံသူ ဖြစ်ရင်တောင် အခုတော့ ကစဉ့်ကလျား သားရဲနဲ့ သဟဇာတဖြစ်ပြီး သားရဲအစောင့်အရှောက် ဖြစ်သွားပြီဆိုတော့ ကျုပ်ရဲ့ ရန်သူပဲ။”

ထိုသို့ ပြောဆိုရင်း ချူးကျန့်ယွီထံမှ ကောင်းကင်ဧကရာဇ် စွမ်းအားများ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားများ ပြင်ပနယ်မြေအတွင်းသို့ သက်ရောက်လာခဲ့သည်။ တစ်ဆက်တည်း ဆိုသလိုပင် ရှနိုင်ငံတော်၏ ဧကရာဇ်များအားလုံး မြေပြင်ပေါ်သို့ ဝပ်စင်းသွားကြသည်။

လုချန်းသည်လည်း ထိုဖိအားကို ခဲယဉ်းစွာ ခုခံနေရသော်လည်း သူ၏ ခန္ဓာကိုယ် ငိုက်ကျသွားခဲ့သည်။

လုချန်းက အံကို ကြိတ်ကာ နတ်ဘုရား‌ချေမှုန်းဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

“တော်တော် စွမ်းအားကြီးတာပဲ”

ဤသူသည် သူ တွေ့ဖူးသမျှထဲ သူ့ကိုကြောက်ရွံ့မှု ခံစားရအောင် လုပ်နိုင်သည့် ဒုတိယမြောက်လူ ဖြစ်သည်။

ချူးကျန့်ယွီက

“ကျုပ်က စိတ်နှလုံး ကောင်းရှိပါတယ်။ ခင်ဗျားကို အေးအေးချမ်းချမ်း သွားနိုင်အောင် ကူညီပေးမယ်။”

ထိုသို့ ပြောဆိုရင်း ချူးကျန့်ယွီက သူ၏စွမ်းအားများကို စတင် စုစည်းလိုက်ကာ အောက်ဘက်ရှိ လုချန်းနှင့် အခြားသူများကို နှိမ်နင်းရန်အတွက် ကျင့်စဉ်ကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

ဤသားရဲအစောင့်အရှောက်ကို ရှင်းလင်းပစ်ရမည် ဖြစ်သည်။ မဟုတ်ပါက သူတို့ နဝမကောင်းကင်တက္ကသိုလ်၏ ကောင်းကင်မိန်းကလေးကို ရှာဖွေရန်အတွက် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

သားရဲအစောင့်အရှောက်သည် ခြိမ်းခြောက်မှု ရှိပုံ မရသော်လည်း ကစဉ့်ကလျား သားရဲ၏ စိတ်ဆန္ဒဖြင့် ထိန်းချုပ်ခံလိုက်ရပါက အပြင်လူများကို ဧကန်မလွဲ တိုက်ခိုက်လိမ့်မည်။

ချူးကျန့်ယွီက လုချန်းနှင့် အခြားသူများကို ရှင်းလင်းရန် ပြင်လိုက်စဉ်ပင်

“နည်းဗျူဟာ ခင်းကျင်းကြ”

ဟု လုချန်းက ရုတ်တရက် အော်ဟစ်လိုက်သည်။

ထိုသို့ ပြောလိုက်သည်နှင့် ရှနိုင်ငံတော်မှ ဧကရာဇ်များက သူတို့အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်လိုက်ကြပြီး ခဏအတွင်း ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို ပြန်လည် တည်ဆောက်လိုက်ကြသည်။ ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံ ပေါ်ပေါက်လာသည်နှင့်အမျှ ချူးကျန့်ယွီ ထုတ်လွှတ်လိုက်သော ဖိအားအားလုံးကို နည်းဗျူဟာ၏ ဗဟို၌ ရှိနေသည့် လုချန်းက ခံယူလိုက်သည်။

လုချန်းက သူ၏ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်၏။ ထို့စဉ် သူ၏ အနောက်၌ နိယာမ ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။

ဤသားရဲအစောင့်အရှောက်များ၏ စုပေါင်းစွမ်းအား မိမိ၏ အဆင့်သို့ ရောက်ရှိသွားသည်ကို မြင်လျှင် ချူးကျန့်ယွီ နောက်တစ်ကြိမ် အံ့အားသင့်သွားသည်။ သူသည် “ပြင်ပနယ်မြေ” အတွင်းသို့ ရောက်ရှိနေခဲ့တာ အတန်ကြာပြီ ဖြစ်သော်လည်း ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သားရဲအစောင့်အရှောက်မျိုးကို တစ်ခါမှ မတွေ့ဖူး သေးပေ။

ဤသားရဲအစောင့်အရှောက်များက စွမ်းအားများကို တကယ်ပင် ပေါင်းစပ်ပြီး ပိုအစွမ်းထက် လာစေနိုင်သလား။

ချူးကျန့်ယွီလည်း ရုတ်တရက် ဖိအားကို ခံစားလိုက်ရသည်။ သူ ဤနေရာသို့ ရောက်လာကတည်းက ဤမျှအားကြီးသော ပြိုင်ဘက်မျိုးနှင့် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူ့ဘက်က တစ်ဖက်သတ် ချေမှုန်းခြင်းသာ ရှိခဲ့ဖူးသည်။

စွမ်းအားများ ရရှိလာသော်လည်း လုချန်းက ချက်ချင်း တိုက်ခိုက်ခြင်း မပြုသေးပေ။ အပြင်လောကအကြောင်းကို သူ ပိုသိလိုသေးသည်။

…………

အခန်း (၁၅၄၁ ) စကြဝဠာ၏ အမှန်တရား

လုချန်း၏ ခန္ဓာကိုယ်သည် မြားတစ်စင်းကဲ့သို့ ကောင်းကင်ယံသို့ လျင်မြန်စွာ ပျံတက်သွားပြီး ချူးကျန့်ယွီနှင့် တစ်တန်းတည်း အမြင့်သို့ ရောက်ရှိသွား၏။ သူ၏ ပတ်ဝန်းကျင်သည် အရှိန်အဝါများဖြင့် အနည်းငယ် လှုပ်ခတ်နေပြီး ဟင်းလင်းပြင်ထဲ၌ သူ၏ အဝတ်အစားများသည် တဖျတ်ဖျတ် လွင့်ပျံနေသည်။

သူက ချူးကျန့်ယွီကို တိုက်ရိုက် စိုက်ကြည့်ကာ

“ကျုပ်က ဘာသားရဲအစောင့်အရှောက်မှ မဟုတ်ဘူး။ အပြင်ဘက်က အခြေအနေက ဘယ်လိုလဲဆိုတာ သိချင်ရုံပါပဲ။”

လုချန်း၏ ပွင့်လင်းသော ဝန်ခံချက်က ချူးကျန့်ယွီကို ခဏမျှ တွေဝေသွားစေ၏။ ဤသူသည် အခြားသော သားရဲအစောင့်အရှောက်များနှင့် လုံးဝကွဲပြားကြောင်း သူသတိထားမိလိုက်သည်။

ထို့ပြင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ရရှိပြီးနောက်တွင်ပင် လုချန်းက တိုက်ခိုက်လိုသော ဆန္ဒမရှိပဲ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း ရှိနေသည်ကို မြင်လျှင် ချူးကျန့်ယွီ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး လုချန်း ပြောသည်များကို အတိုင်းအတာတစ်ခုအထိ စတင် ယုံကြည်လာသည်။

အကယ်၍ ဤသူသည် သူနှင့် အင်အားတူသော သားရဲအစောင့်အရှောက်သာ တကယ် ဖြစ်ခဲ့လျှင် ဟန်ဆောင်နေမည် မဟုတ်ပဲ မဆိုင်းမတွ တိုက်ခိုက်မည် ဖြစ်သည်။ ယခုလို စကားပြောပြီး အချိန်ဖြုန်းနေရန် မလိုအပ်ပေ။

အကြောင်းက သားရဲအစောင့်အရှောက် တစ်ဦး၏ တာဝန်သည် ကျူးကျော်သူ အားလုံးကို မညှာမတာ ရှင်းလင်းပစ်ရန် ဖြစ်သောကြောင့်ပင်။

ခဏခန့် တိတ်ဆိတ်သွားပြီးနောက် ချူးကျန့်ယွီက မေးခွန်းပြန်ထုတ်လိုက်သည်။

“ခင်ဗျားက အပြင်လောကက လာတာလို့ ပြောတယ်။ ဒါပေမဲ့ အပြင်ဘက်က ဘယ်လိုလဲဆိုတာ ဘာလို့ မသိရတာလဲ။”

သူ၏ အသံထဲသည် သံသယနှင့် စစ်ဆေးမေးမြန်းလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။

လုချန်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ သူ၏ မျက်နှာတွင် ဇဝေဇဝါ အရိပ်အယောင်တစ်ခု ပေါ်လာကာ

“ကျုပ်က ဒီလောကထဲမှာ အကြိမ်ကြိမ် ဘဝသံသရာ လည်နေခဲ့တာမို့ မှတ်ဉာဏ်တွေ အမြောက်အမြား ပျောက်ဆုံးသွားခဲ့လို့ပါ။”

ထိုအရာကို ကြားလျှင် ချူးကျန့်ယွီ၏ မျက်လုံးထဲ၌ နားလည်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

ဒါဆိုရင် သူက မှတ်ဉာဏ်ပျောက်ဆုံးပြီး ဘဝသံသရာ လည်နေတာပေါ့။

ထို့နောက် သူက ဆက်မေးလိုက်သည်။

“အပြင်လောကနဲ့ ပတ်သက်ပြီး ခင်ဗျားဆီမှာ မှတ်ဉာဏ် ဘယ်လောက် ကျန်သေးလဲ။”

ထိုသို့ မေးရင်း လုချန်း၏ မျက်နှာအမူအရာမှ တစ်ခုခုကို သိနိုင်ရန် ကြိုးစားနေသကဲ့သို့ ချူးကျန့်ယွီ စိုက်ကြည့်လိုက်သည်။

လုချန်းက ခေါင်းကို အနည်းငယ် ခါယမ်းကာ

“ဘာမှ မသိတော့ပါဘူး”

ဟု တုံ့ပြန်လိုက်သည်။

သူ၏ အမူအရာတွင် ဇဝေဇဝါဖြစ်မှုနှင့် ဆုံးရှုံးမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

ချူးကျန့်ယွီ အနည်းငယ် အံ့အားသင့်သွားပြီး

“ထားလိုက်ပါတော့။ ခင်ဗျားက ကျုပ်ကို တိုက်ခိုက်တာ မလုပ်ဘူးဆိုတော့ အပြင်လောကအကြောင်း ခင်ဗျားကို ပြောပြဖို့ အချိန်နည်းနည်း ဖြုန်းရတာပေါ့။”

ချူးကျန့်ယွီ ထိုသို့ ပြောဆိုနေစဉ် သူ၏ မျက်နှာကို အနည်းငယ် မော့ထား၏။ သူ၏ အမူအရာတွင် မာနထောင်လွှားသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

“ခင်ဗျားက အခု ကစဉ့်ကလျား သားရဲတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲ ရောက်နေတာ။ ကစဉ့်ကလျား သားရဲ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာတော့ အဆုံးမဲ့တဲ့ ကစဉ့်ကလျား ပင်လယ် ရှိတယ်။ ကျင့်ကြံသူတွေ အဲဒီ ကစဉ့်ကလျား ပင်လယ်ထဲကို ရောက်သွားပြီဆိုရင် အသက်ရှင်ဖို့က မဖြစ်နိုင်သလောက်ပဲ။”

ချူးကျန့်ယွီက ဤနေရာတွင် ခေတ္တခန့် ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ မှောင်မည်းနေသော အာကာသကို လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်က ထိုနေရာမှတစ်ဆင့် အပြင်ဘက်ရှိ ကစဉ့်ကလျား ပင်လယ်ကို ဖောက်ထွက် ကြည့်နေသည့်အလားပင်။

“ဒါကြောင့် ကျင့်ကြံသူ အမြောက်အမြားက ကစဉ့်ကလျား သားရဲရဲ့ ခန္ဓာကိုယ်ထဲ ပုန်းနေဖို့ ရွေးချယ်ကြတာ။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာတော့ ကျုပ်တို့လို အပြင်လူတွေကို တိုက်ခိုက်တဲ့ သားရဲအစောင့်အရှောက်တွေ ရှိနေတယ်။”

ထိုအရာကို ကြားလျှင် လုချန်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး စနစ်က ဆုလာဘ်အဖြစ် ပေးထားသည့် နယ်စပ်ဖြတ်ကျော် ကျောက်တုံးကို ရုတ်တရက် သတိရလိုက်ကာ ၎င်း၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

အဲ့ဒါက ကစဉ့်ကလျား ပင်လယ်ကနေ ထွက်ခွာဖို့ ဖြစ်ရမယ်။

သူ၏ လက်ဝယ်ရှိ နယ်စပ်ဖြတ်ကျော် ကျောက်တုံးသည် ဤနေရာမှ လွတ်မြောက်ရန် သော့ချက်တစ်ခု ဖြစ်နိုင်သည်ဟု လုချန်း ချက်ချင်း သဘောပေါက်လိုက်သည်။

သတိပြန်ဝင်လာသော လုချန်းက

“ကစဉ့်ကလျား ပင်လယ်ရဲ့ အပြင်ဘက်သည် ဘာရှိတာလဲ”

ဟု အလျင်အမြန် မေးလိုက်သည်။

သူ၏ အသံသည် အရေးတကြီး ဖြစ်နေပြီး ခန္ဓာကိုယ်ကို အနည်းငယ် ရှေ့သို့ မသိမသာ ကိုင်းကာ ချူးကျန့်ယွီကို စိုက်ကြည့်နေ၏။

လုချန်း၏ အရေးတကြီး အမူအယာကို မြင်လျှင် ချူးကျန့်ယွီက ရယ်မောလိုက်ပြီး

“ဘာလို့ အဲ့ဒီလောက် အလောတကြီး ဖြစ်နေတာလဲ။ အခုလောလောဆယ်တော့ ကစဉ့်ကလျား သားရဲရဲ့ ခန္ဓာကိုယ်ထဲကနေ ဘယ်လို ထွက်ပြေးရမလဲဆိုတာကိုပဲ ခင်ဗျားစဉ်းစားသင့်တယ်။”

သူ၏ ရယ်သံ၌ လှောင်ပြောင်သည့် အရိပ်အယောင် ပါဝင်နေ၏။ သူ၏ မျက်လုံးများသည် ကစားစရာ တစ်ခုခုကို ကြည့်နေသည့်အလားပင်။

“တကယ်လို့ ကျင့်ကြံသူ တစ်ဦးက ကစဉ့်ကလျား သားရဲရဲ့ ခန္ဓာကိုယ်ထဲကနေ မထွက်ခွာနိုင်ဘူးဆိုရင် သူဟာ သားရဲအစောင့်အရှောက် ဘဝ ပြောင်းလဲခံရတာ ဒါမှမဟုတ် သားရဲအစောင့်အရှောက် တစ်ဦးရဲ့ သတ်ဖြတ်သည်ကို ခံရတာ၊ ဒါမှမဟုတ်ရင်လည်း ကစဉ့်ကလျား သားရဲရဲ့ အနုစိတ် ချေဖျက်တာကို ခံရလိမ့်မယ်။”

ထိုသို့ပြောစဉ် ချူးကျန့်ယွီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင်လည်း လေးနက်သည့် အမူအရာတစ်ခု ပေါ်လာသည်။

လုချန်း ခဏခန့် တိတ်ဆိတ်သွားပြီးနောက်

“ကစဉ့်ကလျား ပင်လယ်ထဲမှာ အသက်ရှင်ဖို့က မဖြစ်နိုင်သလောက်ပဲလို့ ခင်ဗျား ပြောခဲ့တယ် မဟုတ်ဘူးလား။ ဒါဆိုရင် ကစဉ့်ကလျား သားရဲရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးတာကလည်း သေလမ်းပဲ မဟုတ်လား။”

သူ၏ အသံထဲ၌ သံသယများ ပါဝင်နေသည်။

ချူးကျန့်ယွီက ခေါင်းကို အနည်းငယ် ခါယမ်းကာ

“အဲ့ဒါက မှန်ပါတယ်။ ဒါပေမဲ့ ကစဉ့်ကလျား သားရဲရဲ့ အနုစိတ် ချေဖျက်တာကို ခံရတာထက်စာရင် ပိုကောင်းပါတယ်။ ပြီးတော့ အသက်ရှင်ဖို့ နည်းလမ်းတစ်ခုခုကိုလည်း ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်မှာပါ။ ကစဉ့်ကလျား သားရဲရဲ့ ခန္ဓာကိုယ်ထဲပဲ နေနေတာကတော့ သေဖို့ စောင့်နေတာနဲ့ အတူတူပဲ။”

သူ၏ အသံ၌ ပြတ်သားမှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။

ထိုအရာကို ကြားလျှင် လုချန်းလည်း အကျိုးကြောင်းဆီလျော်သည်ဟု တွေ့ရှိရသည်။ သူသည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲ၌ အကြိမ်ပေါင်းများစွာ ဘဝသံသရာ လည်ခဲ့သော်လည်း ဤလောကထဲမှ ထွက်ခွာနိုင်မည့် နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။ သူ၏ ယခင်မှတ်ဉာဏ်များပင် ပျောက်ဆုံးသွားခဲ့သည်။

လုချန်း၏ စိတ်ထဲတွင် အေးစက်သော ခံစားချက်တစ်ခု ဖြတ်သန်းသွား၏။ သူ ဤကဲ့သို့ ဘဝသံသရာ ဆက်လက် လည်နေမည်ဆိုပါက တစ်နေ့တွင် သူ၏ ယခင်မှတ်ဉာဏ်များကို လုံးဝ မေ့လျော့သွားပြီး ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲမှ ဌာနေ ဒေသခံတစ်ဦး တကယ် ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် ယခင်ဘဝမှ မှတ်ဉာဏ်များ မရှိတော့ပါက ဘဝသံသရာ တစ်ဖန် ပြန်လည် မလည်ပတ်နိုင်တော့သည်အထိ ဖြစ်နိုင်သည်။

ဤဖြစ်နိုင်ခြေကို စဉ်းစားမိရုံနှင့် လုချန်း၏ ကျောရိုးထဲ စိမ့်ခနဲဖြစ်သွားသည်။ အကယ်၍ သူ၏ ယခင်ဘဝ မှတ်ဉာဏ်များကို မမှတ်မိနိုင်သည့် နေ့တစ်နေ့ ရောက်လာခဲ့ပါက သူ ပို၍အင်အားကြီးလာရန် စိန်ခေါ်မှု ဖြစ်လာလိမ့်မည်။

နောက်ဆုံးတွင် ခေတ်ကူးကပ်ဘေးကို ကျော်ဖြတ်နိုင်စွမ်း မရှိတော့ပဲ သေဆုံးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ယခုအချိန်အထိ သူ အသက်ရှင်နေခြင်းက သူသည် မရေမတွက်နိုင်သော ခေတ်ကူးကပ်ဘေးများကို ရှောင်တိမ်းနိုင်ခဲ့ကြောင်း သက်သေပြနေသည်။

ထိုစဉ် ရွှမ်ထျန်း၏ စကားများကို ပြန်လည် အမှတ်ရလိုက်ရာ သူ့အပေါ် ကျရောက်နေသည့် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခုကို လုချန်း၏ စိတ်ထဲ မြင်ယောင်လာသည်။ သူ့၌ မြေကမ္ဘာမှ မှတ်ဉာဏ်များ ရှိနေပြီး ဝတ္ထုများစွာကိုလည်း ဖတ်ဖူးခဲ့သဖြင့် ထိုကဲ့သို့သော ကိစ္စရပ်များကို နားလည်ထားသူ ဖြစ်ရာ ရွှမ်ထျန်းသည် သူ၏ ရန်သူ ဖြစ်နိုင်ကြောင်း သံသယဝင်လာသည်။

သူ့ကို မသတ်နိုင်သောကြောင့် ရွှမ်ထျန်းက ကစဉ့်ကလျား သားရဲကို အသုံးပြု၍ သူ့ကို ရှင်းလင်းပစ်ရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်။

ထို့ပြင် အဆုံးသတ်ရမည့် အချိန်ရောက်ပြီဟု ရွှမ်ထျန်းက ပြောခဲ့သည်။ ထို့ကြောင့် ရွှမ်ထျန်းက သူ့အပေါ် နည်းဗျူဟာအချို့ အသုံးပြုလာမှာ သေချာလှ၏။ လုချန်းအနေနှင့် သတိကြီးစွာဖြင့် ရှေ့ဆက်ရမည် ဖြစ်သည်။

လုချန်း ထိုအရာကို စဉ်းစားနေစဉ်အတွင်း ချူးကျန့်ယွီက

“ခင်ဗျားရဲ့ အခက်အခဲတွေကို ကျုပ် ပြောပြပြီးပြီဆိုတော့ အခု ခင်ဗျားဘက်က မေးခွန်းတချို့ကို ဖြေဖို့ အလှည့်ရောက်ပြီ။”

သူ၏ အသံတွင် တည်ကြည်လေးနက်မှုတစ်ခု ပါဝင်နေ၏။

လုချန်း အနည်းငယ် အံ့အားသင့်သွားပြီး

“ဘာမေးခွန်းတွေလဲ”

ချူးကျန့်ယွီက

“ခင်ဗျားပြောတဲ့ အဲဒီ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ဘယ်သူလဲ”

သူ၏ အကြည့်သည် လုချန်းအပေါ်တွင် တည်ရှိနေပြီး မျက်လုံးများ၌ စူးစမ်းလိုစိတ်နှင့် စစ်ဆေးမေးမြန်းလိုသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။

ခဏခန့် စဉ်းစားပြီးနောက် လုချန်းက တုံ့ပြန်လိုက်သည်။

“သူက ဟောကိန်းထုတ် တွက်ချက်ခြင်းအတတ်မှာ အရမ်းကျွမ်းကျင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ခေတ်ကူးကပ်ဘေး ရောက်လာမယ့် အချိန်ကိုလည်း ကြိုတင်ဟောကိန်းထုတ်နိုင်တယ်။ ဒါပေမဲ့ သူ့မှာ လျှို့ဝှက်ချက်တွေ အတော်လေး ရှိပုံရတယ်။ ကျုပ်လည်း သူ့ကို မတွေ့ဖူးဘူး။ သူ့အကြောင်းကို ကြားဖူးတာပဲ ရှိတာပါ။”

လုချန်း၏ ဤအဖြေက ချူးကျန့်ယွီ၏ မျှော်လင့်ချက်များကို ပိုမိုရှင်သန်သွားစေ၏။လုချန်း၏ စကားအရ ထိုအမျိုးသမီးသည် သူတို့၏ ကောင်းကင်မိန်းကလေး ဖြစ်နိုင်ခြေ ပိုများလာသည်။

ထို့နောက် ချူးကျန့်ယွီ ခဏခန့် တိတ်ဆိတ်သွား၏။ မည်သို့ပင်ဆိုစေ ဟောကိန်းထုတ်ခြင်းအတတ်မှာ ကျွမ်းကျင်သည် ဆိုသည့်အချက်က သူတို့လူနဲ့ တော်တော်လေး ကိုက်ညီနေ၏။

သို့သော်... အကယ်၍ သူမသာ ကစဉ့်ကလျား သားရဲရဲ့ ဝမ်းဗိုက်ထဲကို ဝင်သွားခဲ့ရင် ပြန်ထွက်ဖို့က အရမ်း ခက်ခဲလိမ့်မည်ဖြစ်သည်။

ထိုသို့ တွေးမိသည်နှင့် ချူးကျန့်ယွီက ဆက်မေးလိုက်သည်။

“ဟောကိန်းထုတ်ခြင်းအတတ်အပြင် သူက တော်တော်လေး အစွမ်းထက်ရမယ် မဟုတ်လား။ သူရဲ့ အင်အားက ဘယ်လောက်ရှိမယ်လို့ ခင်ဗျား ထင်လဲ”

သူ၏ အသံထဲတွင် မျှော်လင့်ချက်နှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေသည်။

လုချန်းက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး

“တော်တော် အစွမ်းထက်မှာပါ။ ကျုပ်က သူ့ကို မတွေ့ဖူးတော့ သူ့ရဲ့ အင်အား အစစ်အမှန်ကိုတော့ မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ ခေတ်ကူးကပ်ဘေး သတင်းကို စကြဝဠာ တစ်ခုလုံးဆီ ပျံ့နှံ့အောင် လုပ်နိုင်တယ်ဆိုကတည်းက အားနည်းတဲ့သူ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။”

လုချန်း၏ အဖြေက ချူးကျန့်ယွီ၏ စိတ်ထဲ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် လုံလောက်သော အချက်အလက်များ ဖြစ်လာခဲ့သည်။

သူမ၏ အစွမ်းသည်လည်း ကြီးမားနေမည်ဆိုပါက သူမသည် သူတို့ နဝမကောင်းကင်တက္ကသိုလ်၏ ကောင်းကင်မိန်းကလေး တကယ် ဖြစ်နိုင်သည်ဟု ချူးကျန့်ယွီ တွေးလိုက်သည်။ သူတို့၏ ကောင်းကင်မိန်းကလေးသည် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲသို့ သွားမည်ဟု တစ်ခါက ပြောဖူးခဲ့ဖူး၏။ ယခု ထိုနေရာ၌ ကစဉ့်ကလျား ပင်လယ်မှ လွတ်မြောက်နိုင်မည့် နည်းလမ်းကို သူမ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မည်။

လုချန်းကို တစ်ချက် ထပ်မံ အကဲခတ်ပြီးနောက် ချူးကျန့်ယွီက

“ခင်ဗျားက တကယ်ပဲ အပြင်လောကက လာတာဆိုရင် ကျုပ်တို့ တိုက်ခိုက်နေဖို့ မလိုတော့ဘူး။ ကျုပ်တို့မှာ တူညီတဲ့ ရန်သူ ရှိနေတယ်။”

သူ၏ အသံနေအသံထားတွင် ရင်းနှီးဖော်ရွေမှုနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်များ ပါဝင်နေသည်။

“ခင်ဗျားရဲ့ စကြဝဠာဆီ ကျုပ်ကို ခေါ်သွားပေးလို့ ရမလား။ ခင်ဗျားပြောတဲ့ အဲဒီ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုနဲ့ ကျုပ် တွေ့ချင်တယ်။”

သူ၏ အကြည့်တွင် မျှော်လင့်ချက်နှင့် ပြတ်သားမှုများဖြင့် ပြည့်နှက်နေပြန်၏။

လုချန်းက မဆိုင်းမတွပင်

“ကောင်းပါပြီ”

ဟု သဘောတူလိုက်သည်။

မည်သို့ပင်ဆိုစေ ချူးကျန့်ယွီသည် အပြင်လောကမှ လာသူ ဖြစ်သဖြင့် သူနှင့် ရင်းနှီးအောင် ပေါင်းသင်းထားခြင်းက အပြင်လောကတွင် ဖြစ်ပျက်နေသည့် အရာများကို ပိုသိနိုင်ရန် အထောက်အကူ ဖြစ်စေလိမ့်မည်။

ဥပမာအားဖြင့် ကစဉ့်ကလျား ပင်လယ်ရဲ့ အပြင်ဘက်တွင် ဘာရှိသလဲ ဆိုတာမျိုးကို လုချန်းအနေနှင့် လေ့လာသိဖို့ လိုအပ်နေသည်။

သို့သော် ဝိညာဉ်စုစည်းခြင်း နည်းဗျူဟာပုံစံကို ဖျက်သိမ်းပြီး ချူးကျန့်ယွီကို သူတို့၏ စကြဝဠာဆီသို့ ပြန်ခေါ်သွားရန် ပြင်ဆင်လိုက်စဉ်ပင် ပြင်ပနယ်မြေ၌ ရှိနေဆဲဖြစ်သော သူ၏ အခြားကိုယ်ပွားမှတဆင့် သူတို့၏ တည်နေရာရွှေ့ပြောင်း လမ်းကြောင်း ပိတ်သွားပြီဖြစ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။

ထို့ကြောင့် ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲရှိ သူတို့၏ စကြဝဠာဆီသို့ ပြန်ရန် တည်နေရာရွှေ့ပြောင်း လမ်းကြောင်းကို အသုံးမပြုနိုင်တော့ဟု အဓိပ္ပာယ်ရသည်။

လုချန်း အနည်းငယ် အံ့အားသင့်သွားပြီး ဧကရီထျန်းဟုန်ဘက်သို့ လှည့်ကာ

“တည်နေရာရွှေ့ပြောင်း လမ်းကြောင်းက ပိတ်သွားပြီ။ အဲဒီတုန်းက မင်း ပြင်ပနယ်မြေကနေ ဘယ်လို ထွက်သွားခဲ့တာလဲ။”

ဧကရီထျန်းဟုန်က

“ကျွန်မနောက် လိုက်ခဲ့”

ဟု အေးစက်စွာ ပြောလိုက်သည်။

သူမ၏ အသံသည် ဆီးနှင်းများကဲ့သို့ အေးစက်နေပြီး မည်သည့် စိတ်ခံစားချက်မှ ပါဝင်ခြင်း မရှိချေ။ သူမ စကားပြောပြီးသည်နှင့် လုချန်းကို လမ်းပြရန်အတွက် လှည့်ထွက်သွားသည်။

ဧကရီထျန်းဟုန် အစောပိုင်းက ပြောခဲ့သည့် စကားကို ချူးကျန့်ယွီ နားလည်လိုက်သည်။

သူမကလည်း အပြင်လောကက လာခဲ့တာ ဖြစ်နိုင်မလား။

သို့သော် သူမ၏ စွမ်းအားသည်လည်း သူရှေ့မှ အမျိုးသားကဲ့သို့ပင် ကစဉ့်ကလျား သားရဲထံမှ ဆင်းသက်လာခြင်း ဖြစ်သဖြင့် သူမသည်လည်း သဟဇာတဖြစ်သွားပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

ရုတ်တရက် ချူးကျန့်ယွီ၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။

တကယ်လို့ သူတို့၏ ကောင်းကင်မိန်းကလေးသာ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်ထဲသို့ ဝင်သွားခဲ့လျှင် သူမသည်လည်း ၎င်းနှင့် သဟဇာတဖြစ်သွားနိုင်မလား။

ထိုသို့သာ ဖြစ်ပါက ပြဿနာတက်ပေလိမ့်မည်။ သူ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး မျက်နှာပေါ်တွင် စိုးရိမ်သည့် အမူအရာများ ပေါ်လာတော့သည်။

…………

အခန်း (၁၅၄၂)

ပင်မစကြဝဠာသို့ ပြန်လာခြင်း

ထျန်းဟုန် ဧကရီ၏ ကျောပြင်ကို ကြည့်ရင်းချူးကျန့်ယွီက လုချန်းကို မေးလိုက်သည်။

“သူကလည်း ပြင်ပနယ်မြေကပဲ လာတာလား”

“ဟုတ်တယ်”

ဟု လုချန်းက တိုက်ရိုက် တုံ့ပြန်လိုက်သည်။

သူနှင့် ပတ်သက်သည့် မည်သည့် အမျိုးသမီးမဆို သူနှင့်အတူ ဤ‌လောကထဲသို့ ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ယခု လုချန်း ခံစားလိုက်ရသည်။

ဤလောကထဲသို့ သူနှင့်အတူ ဝင်ရောက်လာသည့် အမျိုးသမီးများကို ရှာဖွေရန်အတွက်သာ ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း၌ သူ ဘဝအလီလီ ကူးပြောင်းနေခဲ့ခြင်း ဖြစ်နိုင်သည်။

လုချန်း အတွေးထဲ နစ်မြောနေစဉ် ချူးကျန့်ယွီ၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

“ကျုပ် သိချင်တာက ခင်ဗျားက အတိတ်က မှတ်ဉာဏ်တွေကို မေ့နေတာတောင် ပြင်ပနယ်မြေက လာမှန်း ဘယ်လိုသိတာလဲ။”

“တခြား မှတ်ဉာဏ်တွေကို ကျုပ် မေ့သွားပေမဲ့ ပြင်ပနယ်မြေက လာတာကိုတော့ မှတ်မိတယ်”

ဟု လုချန်းက အေးအေးဆေးဆေး ပြောလိုက်သည်။

ချူးကျန့်ယွီက

“တကယ်လို့ ခင်ဗျား နောက်တစ်ကြိမ် ဘဝကူးပြောင်းရင် ပြင်ပနယ်မြေက လာတာကိုတောင် မေ့သွားမှာ ကျုပ် စိုးရိမ်မိတယ်။ အဲ့ဒီအချိန်ကျရင် ခင်ဗျားလည်း ကစဉ့်ကလျား သားရဲ ဝါးမြိုတာကို အပြည့်အဝ ခံရပြီး သူ့ရဲ့ သားရဲ အစောင့်အရှောက် ဖြစ်သွားလိမ့်မယ်။”

တစ်ခုခု ပြောရန် လုချန်း ပြင်လိုက်စဉ် အန္တရာယ်တစ်ခု နီးကပ်လာသလို ရုတ်တရက် ခံစားလိုက်ရသည်။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အလျင်အမြန် ကြည့်လိုက်သည်။ အန္တရာယ် ခံစားချက်က ပို၍ နီးကပ်လာသော်လည်း ရန်သူ ချဉ်းကပ်လာသည်ကိုတော့ သူ မမြင်ရပေ။

လုချန်း ရုတ်တရက် သတိထားသွားသည်ကို မြင်လျှင်

“မိတ်ဆွေ... ခင်ဗျား ဘာလုပ်နေတာလဲ”

ဟု ချူးကျန့်ယွီက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ချူးကျန့်ယွီ၏ မေးခွန်းကို မဖြေပဲ

“ရပ်လိုက်ကြ”

ဟု ရှနိုင်ငံ၏ ဧကရာဇ်အဆင့်များကို လုချန်း သတိပေးလိုက်သည်။

လုချန်း၏ စကားအဆုံးတွင် ဧကရာဇ်အဆင့် အားလုံး ရပ်တန့်သွားကြပြီး ထျန်းဟုန် ဧကရီ၏ နောက်သို့ ဆက်၍ မလိုက်ကြတော့ပေ။

ဖြစ်ပျက်နေသည့် အရာကို နားမလည်နိုင် ဖြစ်လျက် လူအုပ်က လုချန်းကို ကြည့်လိုက်ကြသည်။ ပြင်ပနယ်မြေရှိ အခြေအနေကို အာရုံခံရင်း လသူ၏ စိတ်အာရုံကို လုချန်း ထုတ်လွှတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ၎င်းတို့၏ အထက်၌ ကြီးမားသော ဝဲကယက် နှစ်ခု ရုတ်တရက် ပေါ်လာပြီး တစ်ခုက လုချန်းနှင့် ရှနိုင်ငံ၏ ဧကရာဇ်အဆင့်များကို စုပ်ယူလိုက်ကာ ကျန်တစ်ခုက ချူးကျန့်ယွီနှင့် သူ၏ နန်းတော်ကို ဆွဲငင်သွားသည်။

လုချန်း သတိပြန်ဝင်လာလျှင် သူတို့သည် မူလ စကြဝဠာသို့ ပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။ သို့သော် ချူးကျန့်ယွီ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

ဤအရာအားလုံး၏ နောက်ကွယ်တွင် ရွှမ်ထျန်း ရှိနေသည်ဟု လုချန်း ချက်ချင်း သံသယ ဝင်လိုက်သော်လည်း အဘယ်ကြောင့်ဆိုသည်ကိုတော့ သူက တကယ် နားမလည်ပေ။

ရွှမ်ထျန်း၏ အင်အားက သူထက်သာနိုင်သော်လည်း မဟာ အင်အားစု လေးခုမှ ဧကရာဇ်အဆင့်များ ရှိနေစဉ် ရွှမ်ထျန်းက အဘယ်ကြောင့် အရေးမယူပဲ အချိန်ဆွဲနေရသနည်း။

သူက ဘာကို စောင့်နေသနည်း။

ပြင်ပနယ်မြေသို့ ခရီးစဉ် ထိုသို့ ပြီးဆုံးသွားသည်ကို မြင်လျှင် ရှနိုင်ငံ၏ ဧကရာဇ်အဆင့်များ ကြောင်အသွားကြသည်။ ဤပြင်ပနယ်မြေ ခရီးစဉ်အတွင်း အခွင့်အရေး အချို့ ရနိုင်မည် ဟုသူတို့မျှော်လင့်ထားကြသည်။ အနည်းဆုံးတော့ ရှဧကရာဇ်၏ ရှေ့တွင် စွမ်းဆောင်ရည်အချို့ ပြသနိုင်မည်ဟု ထင်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် သူတို့ ပြင်ပနယ်မြေသို့ ရောက်ခါစသာ ရှိသေးချိန်၌ အင်အား တစ်ခု၏ ပြန်လည် ပို့ဆောင်ခြင်းကို ခံလိုက်ရသည်။ ဤအရာကို မည်သူ လုပ်ခဲ့သနည်း။

ပို၍ တိတိကျကျ ပြောရလျှင် သူတို့ အားလုံးကို ပင်မစကြဝဠာသို့ တိုက်ရိုက် ပြန်ပို့နိုင်သည့် ထိတ်လန့်ဖွယ် အင်အားမျိုးကို မည်သူက ပိုင်ဆိုင်သနည်း။

မှင်တက်နေသည့် လုချန်းကို ကြည့်ပြီး

“နောက်ထပ် ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ”

ဟု ထျန်းဟုန် ဧကရီက မေးလိုက်သည်။

လုချန်းက သူ့ကိုယ်သူ ပြင်ပနယ်မြေကဟု ပြောသည်ကို ကြားပြီးနောက် လုချန်း၏ အစီအစဉ်ကို ထျန်းဟုန် ဧကရီ အတော်အတန် ခန့်မှန်းမိသွားသည်။ ဤစကြဝဠာမှ ထွက်ခွာရန် လုချန်း အမှန်တကယ် လိုလားနေလိမ့်မည်။

ဤကမ္ဘာမှ ထွက်ခွာရန် မည်သည့် နည်းလမ်းကို အသုံးပြုရမလဲဟု သူ စဉ်းစားနေလောက်ပြီ ဖြစ်သည်။

လုချန်း သတိပြန်ဝင်လာပြီး ထျန်းဟုန် ဧကရီ၏ မျက်လုံးများကို ကြည့်ကာ

“ကိုယ်တို့ တစ်ဆင့်ချင်းစီ သွားကြတာပေါ့။ ကိုယ်တို့ ရင်ဆိုင်ရမယ့် ရန်သူကြီး တစ်ယောက် ကျန်သေးတယ်။”

ဤစကြဝဠာမှ သူ အလွယ်တကူ ထွက်ခွာနိုင်မည်ဟု လုချန်း မထင်ပေ။ အကယ်၍ ထွက်ခွာနိုင်ပါက ယခင်က ဘဝများစွာ ကတည်းက သူ ထွက်ခွာသွားပြီး ဖြစ်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိကောင်းကင်ယံကို လုချန်း မော့ကြည့်လိုက်ပြီး

“ဒီလောက် လှပတဲ့ စကြဝဠာကြီးက သတ္တဝါ တစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲမှာ ရှိနေလိမ့်မယ်လို့ မထင်ခဲ့မိဘူး”

ဟု တစ်ဦးတည်း ရေရွတ်လိုက်သည်။

“အဲ့ဒီလူ ပြောတာကို ရှင် ယုံသလား”

ဟု ထျန်းဟုန် ဧကရီက မေးလိုက်သည်။

လုချန်းက

“မှန်ဖို့ ရာခိုင်နှုန်း များပါတယ်”

ထျန်းဟုန် ဧကရီလည်း ဆက်၍ မပြောတော့ပေ။ လုချန်းတင်မဟုတ် သူမကိုယ်တိုင်လည်း ယုံကြည်မိ၏။ သို့သော် ယုံကြည်ရုံ သက်သက်နှင့်တော့ ဤစကြဝဠာမှ ထွက်ခွာနိုင်သည့် စွမ်းရည်ကို သူတို့ မရရှိနိုင်ပေ။

ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်ပွား ပြင်ပနယ်မြေ၌ ရှိနေသေးသည်ကို လုချန်း သတိပြုမိလိုက်သည်။ ချူးကျန့်ယွီကို ရှာဖွေရန် ကိုယ်ပွားကို အသုံးပြုဖို့ သူ ချက်ချင်း တွေးလိုက်မိသည်။

အကယ်၍ သူ့ကို ရှာတွေ့ပါက ပြင်ပနယ်မြေနှင့် ပတ်သက်သည့် အချက်အလက်များကို သူ ပို၍ ရရှိနိုင်ပေမည်။

ထို့နောက်တွင် ကိုယ်ပွား လှုပ်ရှားနိုင်ရန် သူ စတင် ထိန်းချုပ်လိုက်သည်။

……

တစ်ချိန်တည်းသည်ပင်။

ဗဟိုကြယ်နယ်မြေ။

အနီရောင် မိုးစက်ကမ္ဘာ။

ချင်းယွဲ့ မြင့်မြတ်နယ်မြေ၏ နတ်လှေဖြင့် ဗဟိုကြယ်နယ်မြေသို့ ထိုက်ခန်းဧကရာဇ် အလျင်အမြန် ပြန်လာခဲ့သည်။ သူတို့ မမျှော်လင့်ထားသည့် အရာက ထျန်းကျိရဲတိုက်က ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံအား သူတို့အတွက် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ပင် ဗဟိုကြယ်နယ်မြေသို့ သူတို့ အလွန်လျင်မြန်စွာ ပြန်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

အဝေးမှ ဗဟိုကြယ်နယ်မြေကို ကြည့်ရင်း ထိုက်ခန်းဧကရာဇ်လည်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်နေသည်။ ပြန်ရောက်သည့်အခါ ချင်းယွဲ့နယ်မြေသခင်ကို အနိုင်ယူပြီး ချင်းယွဲ့ မြင့်မြတ်နယ်မြေကို ထိန်းချုပ် သိမ်းပိုက်နိုင်မလား ဆိုတာကို သူတကယ် မသိပေ။

ထိုအခိုက်အတန့်တွင် ဧကရာဇ်အဆင့် တစ်ဦးက ထိုက်ခန်းဧကရာဇ်၏ အနားသို့ ချဉ်းကပ်လာပြီး

“သူတော်စင် အမွေခံ... အမှန်တော့ ကျုပ်တို့ ပြန်စရာ မလိုပါဘူး။ ခင်ဗျားရဲ့ အခု အင်အားနဲ့ဆိုရင် ခေတ်ကူးကပ်ဘေး ရောက်လာတဲ့အခါ ကျုပ်တို့အတွက် ကပ်ဘေးကျော်ဖြတ်နိုင်မယ့် နေရာကို ကိုယ်တိုင် ရှာလို့ မရဘူးလား။ ဘာလို့ ချင်းယွဲ့ မြင့်မြတ်နယ်မြေကိုမှ သိမ်းပိုက်ရမှာလဲ။”

ယခုအချိန်တွင် ချင်းယွဲ့ မြင့်မြတ်နယ်မြေသည် သူတို့အတွက် အန္တရာယ်ရှိသော နေရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူ စေလွှတ်လိုက်သည့် လူ သေဆုံးသွားသည်ကို ချင်းယွဲ့နယ်မြေသခင်က သိပြီး ဖြစ်နိုင်ကာ သစ္စာဖောက်များကို ရှင်းလင်းရန် စီစဉ်နေလောက်ပြီ ဖြစ်သည်။

သူအနားရှိ ဧကရာဇ်၏ စကားကို နားထောင်ပြီးနောက် ထိုက်ခန်းဧကရာဇ် သက်ပြင်းချလိုက်သည်။

အမှန်စင်စစ် ချင်းယွဲ့ မြင့်မြတ်နယ်မြေသို့ ပြန်မသွားရန် သူလည်း စဉ်းစားခဲ့ဖူး၏။ မည်သို့ပင်ဆိုစေ ချင်းယွဲ့နယ်မြေသခင်နှင့် သူ၏ ပဋိပက္ခက လူသိရှင်ကြား ဖြစ်တော့မည် ဖြစ်သည်။

သို့သော် ချင်းယွဲ့ မြင့်မြတ်နယ်မြေသည် ချင်းယွဲ့နယ်မြေသခင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်ပြီး ရှေးဟောင်း နည်းဗျူဟာ ပုံစံ အားလုံးကလည်း သူ၏ အမိန့်အောက်တွင် ရှိနေသည်။ ချင်းယွဲ့ မြင့်မြတ်နယ်မြေအတွင်း၌ ချင်းယွဲ့နယ်မြေသခင်နှင့် တိုက်ခိုက်ခြင်းက သူတို့အတွက် ကောင်းကျိုး ဖြစ်လိမ့်မည် မဟုတ်ပေ။

သို့သော် ပြဿနာ တစ်ခုကို ထိုက်ခန်းဧကရာဇ်က ထည့်သွင်း စဉ်းစားလိုက်သည်။ ကပ်ဘေးကျော်ဖြတ်မည့် နေရာက မည်သည့်နေရာတွင် ရှိပြီး မည်သို့ ရှာဖွေရမည်ကို သူတို့ မသိကြခြင်းပင် ဖြစ်သည်။

ခေတ်ကူးနယ်မြေတွင် အသက်ရှင်ရန် အခွင့်အလမ်း ရှိသည်ကိုသာ သူတို့ သိကြခြင်းဖြစ်၏။ ထိုနေရာက ဗဟိုကြယ်နယ်မြေတွင် ပေါ်လာနိုင်ချေ ရှိသည်။

ကပ်ဘေးကျော်ဖြတ်မည့် နေရာကို ရှာဖွေရန်အတွက် ခိုင်မာသော အချက်အလက်များကို ချင်းယွဲ့နယ်မြေသခင်ထံမှ ရယူရန်နှင့် နယ်မြေအတွက် အခြား ဧကရာဇ်အဆင့်များနှင့် ယှဉ်ပြိုင်ရန်အတွက် ထိုက်ခန်းဧကရာဇ် ပြန်လာခဲ့ခြင်း ဖြစ်သည်။

ကပ်ဘေးကျော်ဖြတ်မည့် နေရာသို့ ဝင်ရောက်နိုင်သည့် လူဦးရေ ကန့်သတ်ချက် မရှိဟု မည်သူမှ အာမမခံနိုင်ပေ။ ထို့ကြောင့် အင်အားစု အသီးသီးက ဗဟိုကြယ်နယ်မြေရှိ နယ်မြေများအတွက် ပြင်းထန်စွာ ယှဉ်ပြိုင်ကြလိမ့်မည်။

ချင်းယွဲ့ မြင့်မြတ်နယ်မြေကို မထိန်းချုပ်နိုင်ပဲနှင့် ဗဟိုကြယ်နယ်မြေ၏ အချက်အချာကျသော နေရာတွင် နေရာတစ်ခု ရရှိရန်က သူတို့အဖွဲ့လေးအတွက် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

“ဒီတစ်ခေါက် ပြန်လာတာက ကပ်ဘေးကျော်ဖြတ်မယ့် နေရာအကြောင်း အသေးစိတ် သတင်းအချက်အလက်တွေ ရဖို့နဲ့ တခြား အင်အားစုတွေက ကျုပ်တို့ကို ဗဟိုကြယ်နယ်မြေထဲကနေ မောင်းမထုတ်နိုင်အောင် တားဆီးဖို့ပဲ”

ဟု သူရှေ့ရှိ ဧကရာဇ်များကို ထိုက်ခန်းဧကရာဇ်က ရှင်းပြလိုက်သည်။

အဆင့်ကိုး နယ်ပယ် ဧကရာဇ်တစ်ဦး အတွက် အခြား အင်အားစုများနှင့် မဟာမိတ်ဖွဲ့ရန် မလွယ်ကူပေ။ အဓိကအားဖြင့် လုချန်းမှလွဲ၍ မည်သူ့တွင်မှ ဤစကြဝဠာရှိ ဧကရာဇ်အဆင့်များကို ထိန်းချုပ်ရန် ထိရောက်သော နည်းလမ်း မရှိခြင်းကြောင့် ဖြစ်သည်။

ဧကရာဇ်အဆင့်များအကြား၊ အထူးသဖြင့် အဆင့်ကိုးများအကြားတွင် မယုံကြည်မှုများ ရှိတတ်သည်။ အဆင့်ကိုး ဧကရာဇ် အများစုသည် ကောင်းကင်ဧကရာဇ် ဖြစ်လာရန်အတွက် ထိုအဆင့်ကို ကျော်ဖြတ်ရန် စိတ်အားထက်သန်နေကြသဖြင့် အခြား အဆင့်ကိုး နယ်ပယ် ဧကရာဇ်များအပေါ် များစွာ သံယ ရှိတတ်ကြသည်။

အရေးကြီးဆုံး အချက်က ချင်းယွဲ့ မြင့်မြတ်နယ်မြေသည် ရှနိုင်ငံကို တိုက်ခိုက်ရန် ကြေညာခဲ့ခြင်း ဖြစ်သည်။ လုချန်း ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းသွားမည်ကို ချင်းယွဲ့ မြင့်မြတ်နယ်မြေမှ အဆင့်ကိုး နယ်ပယ် ဧကရာဇ်အဆင့်များ ကြောက်ရွံ့နေကြတာ ထင်ရှား၏။

ထို့ကြောင့်ပင် ရှနိုင်ငံကို တိုက်ခိုက်ရန် သူတို့က လှုံ့ဆော်ခဲ့ခြင်း ဖြစ်သည်။ သူ ကောင်းကင်ဧကရာဇ် ဖြစ်လာရန် စိတ်မဝင်စားဟု ထိုက်ခန်းဧကရာဇ်က ပြောလျှင်လည်း အခြား မဟာ အင်အားစုများမှ အဆင့်ကိုး ဧကရာဇ်များက သူ့ကို ယုံကြည်ကြလိမ့်မည်တော့ မဟုတ်ပေ။

All Chapters