အခန်း (၁၅၄၃-၁၅၄၅)
Vol. 103 Ch. 1543-1545
အခန်း( ၁၅၄၃ )
ထိုက်ခန်းဧကရာဇ် အညံ့ခံခြင်း
ချင်းယွဲ့ မြင့်မြတ်နယ်မြေကို မည်သို့ သိမ်းပိုက်ရမည်နည်းဟု ထိုက်ခန်းဧကရာဇ် စဉ်းစားနေစဉ် သူတို့နှင့် မလှမ်းမကမ်းမှ ဖြတ်သန်းသွားသည့် ထိတ်လန့်ဖွယ် အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
ထိုအမှောင်စွမ်းအားက ရောက်ရှိနေသည့် ဧကရာဇ်အဆင့် အားလုံးကို ထိတ်လန့်တုန်လှုပ်စေပြီး ကြီးမားသော ကြောက်မက်ဖွယ် အရာတစ်ခု၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားရစေသည်။
ထိုက်ခန်းဧကရာဇ်၏ မျက်နှာ ရုတ်တရက် အလွန် တည်ကြည်လေးနက်သွား၏။
ပတ်ဝန်းကျင် ကြယ်နယ်မြေရှိ အခြေအနေကို စုံစမ်းရန် သူ၏ စိတ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ထူထပ်သည့် ကောင်းကင်နတ်ဆိုး စွမ်းအားများ မြင့်တက်လာမှုကို သူ လျင်မြန်စွာ သတိပြုမိလိုက်သည်။
ထိုကောင်းကင်နတ်ဆိုး စွမ်းအားက သူ၏ စိတ်အာရုံကိုပင် ဖိနှိပ်ထားသဖြင့် သူ့ကို အလွန် နေရခက်စေသည်။ မျက်နှာ ဖြူဖျော့သွားလျက် ထိုက်ခန်းဧကရာဇ်လည်း သူ၏ စိတ်အာရုံကို အလျင်အမြန် ပြန်လည် ရုပ်သိမ်းလိုက်ရသည်။
ထိုက်ခန်းဧကရာဇ် မျက်နှာ မကောင်းသည်ကို မြင်လျှင် အခြား ဧကရာဇ်များက စိုးရိမ်တကြီး မေးမြန်းကြသည်။
“သူတော်စင် အမွေခံ... ဘာဖြစ်လို့လဲ”
“သူတော်စင် အမွေခံ... ဘာကို တွေ့လိုက်တာလဲ”
“သူတော်စင် အမွေခံ... အဲ့ဒီ ထိတ်လန့်စရာ အငွေ့အသက်ကို ခင်ဗျားလည်း ခံစားမိတာလား”
ထိုက်ခန်းဧကရာဇ်က ဘာမှ မပြောပေ။ သူ၏ မျက်လုံးများသည် ရှန်ယွဲ့နိုင်ငံ ဘက်သို့ ဦးတည်သွားပြီး ထိုထိတ်လန့်ဖွယ် အင်အားစုက ရှန်ယွဲ့နိုင်ငံသို့ တိုက်ရိုက် ဦးတည်နေသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။
ဤမျှ ထူထပ်သည့် ကောင်းကင်နတ်ဆိုး စွမ်းအား အငွေ့အသက်များကို ကြည့်ခြင့်အားဖြင့် ရှန်ယွဲ့နိုင်ငံသို့ သွားနေသည့် ကောင်းကင်နတ်ဆိုးသည် အနည်းဆုံး အဆင့်ကိုး ဖြစ်ရမည်ဟု ထိုက်ခန်းဧကရာဇ်က သူ့ဘာသာ တွေးလိုက်သည်။
ရှနိုင်ငံ၌ အဆင့်ကိုး ကောင်းကင်နတ်ဆိုး တစ်ကောင်နှင့် တွေ့ဖူးသော်လည်း ယခုနတ်ဆိုး၏ အငွေ့အသက်က ရှနိုင်ငံတွင် တွေ့ခဲ့ရသည့် နတ်ဆိုးထက် ပို၍ထိတ်လန့်ဖွယ် ကောင်းနေပုံရသည်။
ထိုအရာကို တွေးမိရင်း ထိုက်ခန်းဧကရာဇ်လည်း ချွေးအေးများ ပြန်လာသည်။ ဗဟိုကြယ်နယ်မြေ၌ ဤမျှ အစွမ်းထက်သည့် ကောင်းကင်နတ်ဆိုး ပေါ်လာသဖြင့် ထိုနေရာ၌ နောက်ထပ် ဘာတွေ ဖြစ်လာမည်ကို သူ မတွေးရဲပေ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထိုက်ခန်းဧကရာဇ်က
“အားလုံးပဲ... အခုချက်ချင်း ချင်းယွဲ့ မြင့်မြတ်နယ်မြေကို ပြန်ကြမယ်”
ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ခံစားရသဖြင့် ချင်းယွဲ့ မြင့်မြတ်နယ်မြေသို့ ပြန်သည့် အရှိန်ကို မြှင့်ရန် ထိုက်ခန်းဧကရာဇ် ပြင်လိုက်သည်။
ခုနက ကောင်းကင်နတ်ဆိုးသည် အလွန် ထိတ်လန့်စရာ ကောင်းလွန်း၏။ ဗဟိုကြယ်နယ်မြေတစ်ခွင်လုံး မကြာမီ အလွန် မတည်မငြိမ် ဖြစ်လာတော့မည်ဟု သူက ကြိုတင် ခံစားလိုက်မိသည်။
သို့သော် ထိုက်ခန်းဧကရာဇ်၏ စကားဆုံးသည်နှင့် အဝေးမှ အမျိုးသားတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။
“ခင်ဗျားတို့က ကျုပ်ကို စောင့်ခိုင်းထားကြတာပဲ။”
ထိုအသံကို ကြားလျှင် လူအုပ်ကြီး ခဏခန့် တုန့်ဆိုင်းသွားသည်။
“ဘယ်သူက ဒီလိုအချိန်မှာ လာနောက်ပြောင်နေတာလဲ”
ဟု ဧကရာဇ်အဆင့် တစ်ဦးက အော်ဟစ်လိုက်သည်။
စကားအဆုံးသည် ဝတ်စုံဖြူနှင့် လူရိပ်တစ်ခု ၎င်းတို့၏ နတ်လှေ ရှေ့သည် ရုတ်တရက် ပေါ်လာသည်။
လုချန်း၏ ရုပ်သွင်ကို မြင်လိုက်ရလျှင် ချင်းယွဲ့ မြင့်မြတ်နယ်မြေ၏ ဧကရာဇ်အဆင့်များ ခဏခန့် မယုံကြည်နိုင် ဖြစ်သွားကြသည်။
လုချန်းက သူတို့ရှေ့သည် မည်သို့ ပေါ်လာနိုင်သနည်း။
သူတို့သည် ထျန်းကျိရဲတိုက်၏ ကောင်းကင်အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အသုံးပြုပြီး အမြန်ဆုံး အရှိန်နှင့် သွားလာနေခြင်း ဖြစ်သော်လည်း လုချန်းက သူတို့ထက် အရင် ရောက်နေတာလား။
ရှနိုင်ငံ၏ အရှေ့တွင် အန္တရာယ်ရှိသော စကြဝဠာ ချောက်နက်ကြီး ရှိနေသည် မဟုတ်ပါလား။
လုချန်းက ထိုစကြဝဠာ ချောက်နက်ကို မည်သို့ ဖြတ်ကျော်လာသနည်း။
လုချန်းကို ကြည့်ပြီး
“အဲဒီ စကြဝဠာ ချောက်နက်ကို ခင်ဗျား ဘယ်လို ဖြတ်လာတာလဲ”
ဟု ထိုက်ခန်းဧကရာဇ်က မေးလိုက်သည်။
သူတို့ဘက်မှ အဆင့်ကိုး ဧကရာဇ်တစ်ဦး စကြဝဠာ ချောက်နက်ကို ဖြတ်ကျော်စဉ် ကောင်းကင်နတ်ဆိုးများ အဖြစ်သို့ ပြောင်းလဲသွားသည်ကို အားလုံး မျက်မြင်ဒိဌ တွေ့ခဲ့ရသည်။
လုချန်းက မည်သည့် ပြဿနာမျှ မရှိပဲ ထိုချောက်နက်ကို မည်သို့ ဖြတ်ကျော်နိုင်သနည်း။
ပို၍အရေးကြီးသည့် အချက်က လုချန်းက သူတို့နောက်သို့ မည်သို့ ဒီလောက် မြန်မြန် လိုက်လာပြီး သူတို့၏ လမ်းကိုပင် ပိတ်ထားနိုင်ရသနည်း။
“ရှနိုင်ငံကို ဝင်လိုက်ရင် ခင်ဗျားတို့ နားလည်သွားမှာပါ”
ဟု လုချန်းက ခပ်အေးအေး ပြောလိုက်သည်။
ဒါက...
လုချန်း၏ စကားက ရောက်ရှိနေသည့် ဧကရာဇ်အဆင့်များကို နောက်တစ်ကြိမ် မှင်တက်သွားစေသည်။
ရှနိုင်ငံသို့ ဝင်ရောက်ရမှာလား။
လုချန်းက သူတို့ကို လိုက်လံ သတ်ဖြတ်ရန် ရောက်လာခြင်း မဟုတ်ဘူလား။
သူက အဘယ်ကြောင့် ရှနိုင်ငံသို့ ဝင်ရန် ဖိတ်ခေါ်နေရသနည်း။
လူတိုင်း၏ မျက်နှာပေါ်ရှိ မယုံကြည်နိုင်မှုကို မြင်လျှင် လုချန်းက
“ခင်ဗျားတို့ ဒီစကြဝဠာရဲ့ အခု အခြေအနေကို သိဦးမှာ မဟုတ်ဘူး။”
“တိုက်ရိုက်ပဲ ပြောလိုက်မယ်။ ကျုပ်ရဲ့ ကိုယ်ပွားက ပြင်ပနယ်မြေမှာ ထျန်းကျိရဲတိုက် ဦးဆောင်တဲ့ မဟာ အင်အားစု လေးခုက ဧကရာဇ်အဆင့် အများစုကို သုတ်သင်လိုက်ပြီ။ ရှန်ဝူ ဧကရာဇ်နဲ့ ထျန်းကျိရဲတိုက် ရဲတိုက်သခင်တို့ ထွက်ပြေးသွားပေမဲ့ သူတို့ရဲ့ အင်အားလည်း အတော်လေး ဆုတ်ယုတ်သွားပြီ။ ရှနိုင်ငံရဲ့ တပ်ဖွဲ့တွေက မကြာခင် ဗဟိုကြယ်နယ်မြေထဲကို ချီတက်လာတော့မယ်။”
ချင်းယွဲ့ မြင့်မြတ်နယ်မြေ၏ ဧကရာဇ်များလည်း ဇဝေဇဝါ ဖြစ်လျက် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။
လုချန်း၏ ကိုယ်ပွားက ထျန်းကျိရဲတိုက် ဦးဆောင်သည့် မဟာ အင်အားစု လေးခုမှ ဧကရာဇ်အဆင့် အများစုကို သုတ်သင်လိုက်တာလား။
ဤအရာက အမှန် ဖြစ်နိုင်ပါ့မလား။
အကယ်၍ ထိုသို့သာ ဖြစ်ပါက ဗဟိုကြယ်နယ်မြေရှိ မည်သည့် မဟာ အင်အားစုမှ ရှနိုင်ငံကို ဆန့်ကျင်ရန် ဝံ့တော့မည် မဟုတ်ပေ။
အခြား ဖြစ်နိုင်ခြေတစ်ခုက ကျန်ရှိနေသည့် မဟာ အင်အားစုများ အားလုံး စုပေါင်းပြီး ရှနိုင်ငံကို ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။ သို့သော် လုချန်း ယခု ပြသလိုက်သည့် အင်အားအရ မဟာ အင်အားစုများ အားလုံး တကယ် ပူးပေါင်းလျှင်ပင် ရှနိုင်ငံ၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ပေ။
ခဏတာမျှ တုံ့ဆိုင်းသွားပြီးနောက် သူနောက်သို့ လိုက်ပါလာသည့် ဧကရာဇ်များကို ထိုက်ခန်းဧကရာဇ် ကြည့်လိုက်သည်။ ထိုဧကရာဇ်အဆင့်များသည် သူ့အပေါ် အမြဲတမ်း သစ္စာရှိခဲ့ကြသဖြင့် ဤကဲ့သို့သော ဆုံးဖြတ်ချက်ကို သူ တစ်ဦးတည်း မချနိုင်ပေ။
ထိုအချိန်တွင် ချင်းယွဲ့ မြင့်မြတ်နယ်မြေ၏ ဧကရာဇ်အဆင့်များလည်း တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြပြီး နောက်ဆုံးတွင် ထိုက်ခန်းဧကရာဇ်ကို
“သူတော်စင် အမွေခံ... ကျုပ်တို့ သူတော်စင် အမွေခံရဲ့ အမိန့်အတိုင်း လိုက်နာပါ့မယ်။”
ထိုဧကရာဇ်အဆင့်များသည် အရူး များ မဟုတ်ကြပေ။ လုချန်း၏ စကားက လိမ်ညာနေခြင်းဖြစ်ပြီး သူ၏ ကိုယ်ပွားက ပြင်ပနယ်မြေရှိ မဟာ အင်အားစု လေးခုမှ ဧကရာဇ်အဆင့်များကို မဖျက်ဆီးခဲ့လျှင်ပင် လုချန်း၏ လက်ရှိ အင်အားအရ သူတို့၏ အခြေအနေ အလွန် အန္တရာယ်ရှိနေမှန်း ကောင်းကောင်း သိကြသည်။
ယခုအချိန်သည် လက်နက်မချပါက ပျက်စီးခြင်းနှင့်သာ ရင်ဆိုင်ရပေလိမ့်မည်။ ထို့ပြင် ပြန်စဉ်းစားကြည့်လျှင် ရှနိုင်ငံသို့ ဝင်ရောက်ခြင်းက ဆိုးရွားသည့် အကြံတစ်ခု ဟုတ်ပုံမရပေ။
ယခု ရှနိုင်ငံသည် စကြဝဠာအတွင်း ထိပ်တန်း အင်အားစုတစ်ခု ဖြစ်နေပြီဖြစ်၏။ တည်ရှိပြီးသား မြင့်မြတ်နယ်မြေများပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မည်။
မည်သို့ပင်ဆိုစေ ချင်းယွဲ့ မြင့်မြတ်နယ်မြေသည် ရှနိုင်ငံကို ယှဉ်နိုင်သည့် အခွင့်အရေး မရှိပေ။
ထို့ပြင် ဗဟိုကြယ်နယ်မြေ၌ အစွမ်းထက်သည့် ကောင်းကင်နတ်ဆိုး ပေါ်လာသည်ကို ၎င်းတို့ ခံစားမိခဲ့ပြီးဖြစ်၏။ ထိုအရာက မည်သို့သော မငြိမ်သက်မှုများ ယူဆောင်လာမည်ကို မည်သူမှ မသိနိုင်ပေ။ ယခုအချိန်၌ ယုံကြည်ရသည့် မဟာမိတ်တစ်ဦးကို ရှာဖွေခြင်းက ကောင်းမွန်သည့် ရွေးချယ်မှုတစ်ခု ဖြစ်ပုံရသည်။
သူ့နောက်သို့ လိုက်ရန် ဆန္ဒရှိကြောင်း ဧကရာဇ်များ၏ ပြောသည်ကို ကြားလျှင် သူတို့ တိုက်ခိုက်လိုစိတ် မရှိတော့ကြောင်း ထိုက်ခန်းဧကရာဇ် သဘောပေါက်လိုက်သည်။ ထို့နောက် အဝေးရှိ လုချန်းကို ထိုက်ခန်းဧကရာဇ်က ကြည့်လိုက်ပြီး
“ကောင်းပါပြီ... ကျုပ်တို့ ရှနိုင်ငံကို သစ္စာခံပါ့မယ်။”
လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ထို့ထက် ပိုအားစိုက်ထုတ်ရမည်ဟု သူ အစပိုင်းက ထင်ခဲ့သော်လည်း စကားအနည်းငယ်နှင့်ပင် ပြီးဆုံးသွားခဲ့သည်။
လုချန်းက ဆက်လက်၍
“လက်မခံခင် ခင်ဗျားတို့ လုပ်ရမယ့် အရာ တစ်ခု ကျန်သေးတယ်။”
ထိုအရာကို ကြားလျှင် ထိုက်ခန်းဧကရာဇ်က မျက်မှောင်ကြုတ်လျက်
“အဲဒါ ဘာလဲ”
ဟု ချက်ချင်း မေးလိုက်သည်။
အန္တရာယ်ရှိသော တာဝန်တစ်ခုခုကို ထမ်းဆောင်ခိုင်းခြင်းဖြင့် သစ္စာရှိမှုကို သက်သေပြရန် လုချန်း လိုလားနေသည်ဟု ထိုက်ခန်းဧကရာဇ် သံယယ ဝင်လိုက်သည်။
“စိတ်မပူပါနဲ့။ ခင်ဗျားတို့ရဲ့ စိတ်အာရုံကို ဖွင့်ပေးဖို့ပဲ လိုတာပါ”
ဟု လုချန်းက ပြောလိုက်သည်။
စိတ်အာရုံကို ဖွင့်ပေးရန်လား။
လုချန်းကို ဇဝေဇဝါ ဖြစ်လျက် ထိုက်ခန်းဧကရာဇ် ကြည့်လိုက်သည်။
ဘာလုပ်ဖို့ ရည်ရွယ်တာလဲ။
ပုံမှန်အားဖြင့် စိတ်အာရုံကို ဖွင့်ပေးခြင်းသည် တစ်ဖက်လူ၏ ထိန်းချုပ်မှုကို ခံယူခြင်း ဖြစ်သော်လည်း ဤစကြဝဠာတွင် ဧကရာဇ်အဆင့်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်း မရှိပေ။ ထို့ကြောင့် လုချန်းက အဘယ်ကြောင့် စိတ်အာရုံ ဖွင့်ခိုင်းသနည်း ဆိုသည်ကို ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများ တကယ်ကို နားမလည်ကြပေ။
သို့သော် ရောက်ရှိနေသည့် ဧကရာဇ်အဆင့်များသည် တုန့်ဆိုင်းမနေပဲ ၎င်းတို့၏ စိတ်အာရုံများကို ဖွင့်ပေးလိုက်ကြသည်။ ထို့နောက် လုချန်းက ဝိညာဉ်ထိန်းချုပ်ခြင်းပညာကို အသုံးပြု၍ ဧကရာဇ်အဆင့်များ၏ အနက်ရှိုင်းဆုံးသော စိတ်ပင်လယ်အတွင်း အမှတ်အသားတစ်ခုကို ထားရှိလိုက်သည်။ ၎င်းတို့၏ စိတ်ပင်လယ် အတွင်းရှိ အမှတ်အသားကို ခံစားမိသည့် အခါမှသာ ဖြစ်ပျက်ခဲ့သော အရာကို ထိုက်ခန်းဧကရာဇ်တို့ သဘောပေါက်သွားကြသည်။
လုချန်းက ဧကရာဇ်အဆင့်တွေကို တကယ်ပဲ ထိန်းချုပ်နိုင်တာလား။
ယခုတော့ သူတို့ နောင်တရရန် နောက်ကျသွားပြီ ဖြစ်သည်။ လုချန်းသည် ဘဝကူးပြောင်းလာသည့် ကောင်းကင်ဧကရာဇ် ဖြစ်နိုင်သည်ကို သူ မည်သို့ မေ့လျော့နေရသနည်းတွေးရင်း ထိုက်ခန်းဧကရာဇ် စိတ်ထဲ အကူအညီမဲ့သလို ခံစားလိုက်ရသည်။ အခြားသူများ၌ ဧကရာဇ်အဆင့်ကို ထိန်းချုပ်ရန် နည်းလမ်း မရှိသော်လည်း ဘဝကူးပြောင်းလာသည့် ကောင်းကင်ဧကရာဇ်၌ မရှိဟု မဆိုလိုပေ။
…………
အခန်း (၁၅၄၄ )
ကောင်းကင်နတ်ဆိုးတစ်ပိုင်း ကောင်းကင်ဧကရာဇ်
ထိန်းချုပ်ခံရသည့် ကိစ္စအပေါ် ထိုက်ခန်းဧကရာဇ် ဆက်လက်၍ အာရုံမထားတော့ပေ။ ဤစိတ်ဝိညာဉ် အမှတ်အသားသည် လုချန်းကို သစ္စာဖောက်ရန် ကြံစည်မှသာ အကျိုးသက်ရောက်မည် ဖြစ်ပြီး သာမန် အခြေအနေမျိုးတွင် သူတို့ကို ထိခိုက်မှု ရှိမည်မဟုတ်ကြောင်း သူ ခံစားမိသည်။
သူတို့သည် ရှနိုင်ငံထံ သစ္စာခံပြီးသား ဖြစ်သဖြင့် နောက်တစ်ဆင့်သည် ရှနိုင်ငံ၏ အကျိုးစီးပွားကို ဦးစားပေးရန်ပင် ဖြစ်သည်။ ရှနိုင်ငံသည် ဗဟိုကြယ်နယ်မြေထဲသို့ မကြာမီ ကျူးကျော်ဝင်ရောက်လာတော့မည်ဟု လုချန်းက ပြောခဲ့သဖြင့် သူ စောစောက ခံစားခဲ့ရသော ကောင်းကင်နတ်ဆိုး စွမ်းအားကို ထိုက်ခန်းဧကရာဇ် ပြန်လည် သတိရသွားသည်။
ထို့နောက် ထိုက်ခန်းဧကရာဇ်က
“ဗဟိုကြယ်နယ်မြေထဲကို စောစောက ဝင်လာတဲ့ အစွမ်းထက်တဲ့ ကောင်းကင်နတ်ဆိုးကို မင်းကြီး ခံစားမိပါသလား”
ဟု လုချန်းကို မေးလိုက်သည်။
လုချန်းသည် သူတို့ရှေ့တွင် ပေါ်လာသဖြင့် သူလည်း ထိုအရာကို ခံစားမိ လောက်သည်ဟု ထိုက်ခန်းဧကရာဇ် စိတ်ထဲ တွေးလိုက်သည်။
လုချန်းက
“ကျုပ်ခံစားမိပါတယ်။ အဲ့ဒါက ရှန်ဝူ ဧကရာဇ် ဖြစ်ဖို့ များတယ်။”
လုချန်း၏ စကားကို ကြားလျှင် လူတိုင်း မှင်တက်သွားကြသည်။
ရှန်ဝူ ဧကရာဇ်လား။
ကောင်းကင်နတ်ဆိုး စွမ်းအားတွေ ထုတ်လွှတ်နေတဲ့ ကောင်းကင်နတ်ဆိုးက တကယ်ပဲ ရှန်ဝူ ဧကရာဇ်လား။
မကြာမီ လူအုပ်ကြီး သဘောပေါက်သွားသည်။ ဤအရာက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
အဆင့်ကိုး ဧကရာဇ်တစ်ဦး ကောင်းကင်နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားသည်ကို သူတို့ရှေ့တွင် မြင်တွေ့ခဲ့ရပြီး မဟုတ်ပါလား။
သို့သော် ထိုကောင်းကင်နတ်ဆိုးကို နောက်ဆုံးတွင် လုချန်းက အလွယ်တကူ ကိုင်တွယ်ဖြေရှင်းခဲ့သည်။
ထိုက်ခန်းဧကရာဇ်က
“ကောင်းကင်နတ်ဆိုးက ရှန်ဝူ ဧကရာဇ် ဖြစ်မှန်း မင်းကြီး သိပြီးသားဆိုတော့ ရှန်ယွဲ့နိုင်ငံကို ဆက်ပြီး တိုက်ခိုက်ဖို့ အစီအစဉ် ရှိပါသလား”
ဟု စမ်းသပ် မေးမြန်းလိုက်သည်။
လုချန်းက
“ရှန်ဝူ ဧကရာဇ် ကိစ္စကို ခဏဘေးဖယ်ထားမယ်။ ကျုပ်တို့ရဲ့ အဓိက အလုပ်က နယ်မြေ ဆက်လက် ချဲ့ထွင်ဖို့ပဲ။”
သူတို့သည် လောလောဆယ် ကစဉ့်ကလျား သားရဲ တစ်ကောင်၏ ဝမ်းဗိုက်ထဲတွင် ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပိုမိုအစွမ်းထက်လာစေရန် ရှနိုင်ငံ၏ မင်းဆက်ကံစွမ်းအားကို အားကိုးရန် လိုအပ်သည်။
ယခု သူ၏ ဇနီးမယားများနှင့် သားသမီး ရရှိရန် အလွန် ခက်ခဲနေသည်ကို တွေ့ရသည်။ ပြန်လည်ပျက်စီးခြင်း အဆင့်မှ ကိုယ်ပွားများကို အသုံးပြုလျှင်ပင် သူတို့ကို ကိုယ်ဝန်ရရှိစေရန် မတတ်နိုင်ပေ။
ဤအရာက အဆင့် နယ်ပယ်၏ ပြဿနာ မဟုတ်ပေ။ သူ့ကို ကန့်သတ်ထားသည့် နိယာမ အချို့ကြောင့် ဖြစ်ကြောင်း ထင်ရှားသည်။
သူ၏ အဆင့်နယ်ပယ်က အလွန် မြင့်မားနေသဖြင့် သူ၏ ဇနီးမယားများ ကိုယ်ဝန်မရနိုင်ခြင်းဟု အစက သူ ထင်ခဲ့သည်။ နောက်ပိုင်းတွင် အဆင့်နယ်ပယ်နိမ့်သော ခန္ဓာကိုယ်များကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးခဲ့သော်လည်း ထိုခန္ဓာကိုယ်များကပင် သူ၏ ဇနီးမယားများကို ကိုယ်ဝန် မရရှိစေနိုင်ခဲ့ပေ။
ထို့ကြောင့် သူ၏ မြင့်မားသော နယ်ပယ်ကြောင့်ဟု အပြစ်မတင်နိုင်တော့တာ ထင်ရှားသည်။ ဖန်တီးခြင်း စွမ်းအားကို ထိန်းချုပ်နိုင်သည့် ဧကရာဇ်အဆင့် တစ်ဦး ဖြစ်သော်လည်း အသက်ဇီဝအသစ်ကို မဖန်တီးနိုင်သေးခြင်းက သိသာထင်ရှားသော ပြဿနာတစ်ခု ဖြစ်သည်။
ကံကောင်းသည်က ယခုအခါတွင် သူသည် လုံလောက်စွာ အစွမ်းထက်လာပြီ ဖြစ်ပြီး အင်အားကို မျိုးဆက်ပြန့်ပွားခြင်းမှတစ်ဆင့် တည်ဆောက်ရခြင်းအပေါ် မှီခိုရမှု နည်းသွားခဲ့သည်။
လုချန်း လက်ရှိ တကယ် စိုးရိမ်ပူပန်နေသည်က ရှန်ဝူ ဧကရာဇ် မဟုတ်ပေ။ ရွှမ်ထျန်း ဖြစ်၏။
သို့သော် ရွှမ်ထျန်း မည်သည့်နေရာသို့ ရောက်သွားမှန်း သူ မသိပေ။ ရွှမ်ထျန်း အသက်ရှင်နေသရွေ့ သူသည် စိတ်အေးရမည် မဟုတ်ပေ။
ထို့နောက် ထိုက်ခန်းဧကရာဇ်က
“မင်းကြီးအနေနှင့် ရှန်ယွဲ့နိုင်ငံကို တိုက်ခိုက်ဖို့ အစီအစဉ် မရှိဘူးဆိုရင် ချင်းယွဲ့ မြင့်မြတ်နယ်မြေကို အရင် သိမ်းပိုက်ဖို့ ကြိုးစားကြည့်လို့ ရပါတယ်။”
“ချင်းယွဲ့ မြင့်မြတ်နယ်မြေက လူအမြောက်အမြားက ကျုပ်ကို ထောက်ခံကြပါတယ်။ ကျုပ် ပြန်သွားပြီး ချင်းယွဲ့နယ်မြေသခင်ကို ရှင်းထုတ်လိုက်တာနှင့် ချင်းယွဲ့ မြင့်မြတ်နယ်မြေနှင့် အဲဒီနယ်မြေက ထိန်းချုပ်ထားတဲ့ ကြယ်နယ်မြေတွေ အားလုံး ရှနိုင်ငံ၏ ပိုင်နက်တွေ ဖြစ်လာပါလိမ့်မယ်။”
ထိုအရာကို ကြားလျှင် လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ ချင်းယွဲ့ မြင့်မြတ်နယ်မြေသည် ဗဟိုကြယ်နယ်မြေ၏ အချက်အချာကျသော နေရာတွင် တည်ရှိသဖြင့် ထိုနယ်မြေကို တိုက်ခိုက်ရန် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံတစ်ခု တကယ် လိုအပ်သည်။
တည်နေရာရွှေ့ပြောင်း ပုံစံရှိသွားပါက ဗဟိုကြယ်နယ်မြေကို ဝင်ရောက်တိုက်ခိုက်ရန် ပို၍ လွယ်ကူသွားပေလိမ့်မည်။ထိုသို့ တွေးမိရင်း လုချန်းက
“ကောင်းပြီ။ ချင်းယွဲ့ မြင့်မြတ်နယ်မြေကို တိုက်ခိုက်ဖို့ ချက်ချင်း တပ်လွှတ်လိုက်မယ်။”
သူ၏ အဆိုပြုချက်ကို လုချန်း သဘောတူသည်ကို မြင်လျှင် ထိုက်ခန်းဧကရာဇ် အလွန် ဝမ်းသာသွားသည်။ သူသည် ချင်းယွဲ့နယ်မြေသခင်ကို အစောကတည်းကမုန်းတီးနေခဲ့ခြင်းဖြစ်၏။
ယခု သူ့ကို ဖယ်ရှားရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။ ချင်းယွဲ့နယ်မြေသခင်သည် ချင်းယွဲ့ မြင့်မြတ်နယ်မြေထဲတွင် ပုန်းအောင်းပြီး ရှေးဟောင်း နည်းဗျူဟာပုံစံများကို အသုံးပြုလျှင်ပင် လုချန်း၏ အစွမ်းနှင့်ဆိုလျှင် သူသည် လုချန်း၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ဟု ထိုက်ခန်းဧကရာဇ် ယုံကြည်သည်။
သူ၏ စကားအတိုင်း မိုးကြိုး ဧကရာဇ်၊ အခြား ဧကရာဇ်အဆင့် ဆယ်ဦးကျော်နှင့် ထိုက်ခန်းဧကရာဇ်တို့ကို ချင်းယွဲ့ မြင့်မြတ်နယ်မြေသို့ ချက်ချင်း စေလွှတ်လိုက်သည်။
……
ထိုအတောအတွင်း။
ပြင်ပနယ်မြေတွင်။
ထိပ်တန်း အင်အားစုများသည် မဟာ အင်အားစု လေးခုနှင့် ရှနိုင်ငံကြား တိုက်ပွဲကို မသိသေးသော်လည်း ထိုအင်အားစုများမှ ဧကရာဇ်အဆင့် အမြောက်အမြားကတော့ ပင်မစကြဝဠာသို့ ပြန်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ပြင်ပနယ်မြေသို့ ရောက်ရှိလာသည့်အခါ ဘာမှမရှိပဲ ဗလာဖြစ်နေသည်ကို သူတို့ တွေ့ရှိခဲ့ရသည်။ ဧကရာဇ် အဆင့်ကိုးများကို နောက်တစ်ဆင့် တက်လှမ်းရန် ကူညီပေးနိုင်သည်ဆိုသော ထျန်းကျိရဲတိုက်က သတင်းလွှင့်ထားသည့် ရတနာများတွေ့ဖို့ မဆိုထားနှင့် သက်ရှိဖြစ်တည်မှု တစ်ခုပင် ပြင်ပနယ်မြေ၌ သူတို့ မတွေ့ခဲ့ရပေ။
ထိုသို့ဖြင့် သူတို့ ထျန်းကျိရဲတိုက်၏ လှည့်ဖြားမှုကို ခံလိုက်ရကြောင်း ဧကရာဇ်များ ရိပ်မိလာကြသည်။ ထို့ပြင် ထျန်းကျိရဲတိုက်က အဘယ်ကြောင့် ထိုကဲ့သို့သော သတင်းမှားများကို ထုတ်ပြန်ခဲ့လဲ ဆိုတာကို ဧကရာဇ်အဆင့် အမြောက်အမြား မကြာမီ နားလည်သွားကြသည်။
၎င်းသည် ရှနိုင်ငံကို ကိုင်တွယ်ရန် ထျန်းကျိရဲတိုက်နှင့် မဟာ အင်အားစု လေးခုတို့ ပူးပေါင်း ကြံစည်ထားသည့် လှည့်ကွက်တစ်ခုပင် ဖြစ်သည်။ ဤအရာ အားလုံးသည် ရှနိုင်ငံကို တိုက်ခိုက်ရန် ထျန်းကျိရဲတိုက် ဦးဆောင်သော မဟာ အင်အားစု လေးခု၏ လုပ်ကြံဇာတ် ဖြစ်ကြောင်း နားလည်သွားသောအခါ ထိုထိပ်တန်း အင်အားစုများမှ ဧကရာဇ်အဆင့်များလည်း ဒေါသဖြင့် ကျိန်ဆဲရင်း စကြဝဠာနှင့် ပြင်ပနယ်မြေကြား နယ်စပ်သို့ သွားရောက်ကာ ပင်မ စကြဝဠာထဲသို့ ပြန်ရန် ပြင်ဆင်ကြ တော့သည်။
…….
ထိုအတောအတွင်း။
ကြယ်နယ်မြေ၏ တစ်နေရာတွင် ဖြစ်သည်။
ခရမ်းရောင် နတ်လှေ တစ်စီးသည် ဟင်းလင်းပြင်ထဲတွင် ဖြည်းညှင်းစွာ မျောလွင့်နေ၏။ လှေ၏အရှေ့ဘက်တွင် ခရမ်းနုရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားသည့် ရွှမ်ချင်းယွမ် ရပ်နေ၏။ သူမသည် ဗဟိုကြယ်နယ်မြေ ဘက်သို့ ကြည့်လျက်
“ပြီးဆုံးတော့မယ့် ပုံပဲ”
ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
“ကစဉ့်ကလျား သားရဲရဲ့ ခြယ်လှယ်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီးမှ အခြေအနေကို သူ ပြောင်းပြန်လှန်နိုင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မ ရှင့်ကို ကူညီပေးမယ်။”
စကားအဆုံးတွင် ရွှမ်ချင်းယွမ်၏ ခန္ဓာကိုယ်မှ အမှောင်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး စကြဝဠာ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ အချို့သော ကျင့်ကြံသူများသည် ဤအမှောင်စွမ်းအားကို ခံစားမိသည်နှင့် ကောင်းကင်နတ်ဆိုးများ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားကြသည်။
……
ထိုအတောအတွင်း။
ရှန်ယွဲ့နိုင်ငံ။
ကောင်းကင်နတ်ဆိုး အဖြစ် ပြောင်းလဲသွားသည့် ရှန်ဝူ ဧကရာဇ်သည် ရှန်ယွဲ့နိုင်ငံသို့ ပြန်ရောက်လာပြီး ထိုနေရာရှိ ဧကရာဇ်အဆင့်များ၏ ဝိုင်းရံမှုကို ခံလိုက်ရသည်။ သို့သော် သူ၏ လက်ကို အသာအယာ မြှောက်လိုက်ရုံဖြင့် ထွက်ပေါ်လာသော အရှိန်အဝါက ဧကရာဇ်အဆင့် အားလုံးကို မြေပြင်ပေါ်သို့ ဖိချလိုက်သဖြင့် မလှုပ်ရှားနိုင်တော့ပေ။
ရှန်ဝူ ဧကရာဇ်၏ နီမြန်းသော မျက်လုံးများက သူ့ရှေ့တွင် ဝပ်တွားနေသည့် ဧကရာဇ်အဆင့်များကို စိုက်ကြည့်လျက်
“ကျုပ်ကိုတောင် မမှတ်မိဘူးလား”
ဟု အေးစက်စွာ ပြောလိုက်သည်။
“ဒါမှမဟုတ် ခင်ဗျားတို့ ပုန်ကန်ဖို့ ကြံစည်နေကြတာလား”
ရှန်ဝူ ဧကရာဇ်၏ အသံကို ကြားလျှင် ရောက်ရှိနေသည့် ဧကရာဇ်အဆင့်များ ဇဝေဇဝါ ဖြစ်သွားကြသည်။
ရှန်ဝူ ဧကရာဇ်က မည်သို့ ကောင်းကင်နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားသနည်း။
ထိုသူသည် ရှန်ဝူ ဧကရာဇ်နှင့် ဆင်တူသည်ဟု သူတို့ ခံစားမိသော်လည်း ပို၍ထူထပ်သည့် ကောင်းကင်နတ်ဆိုး စွမ်းအားများဖြင့် အသစ်မွေးဖွားလာသည့် ကောင်းကင်နတ်ဆိုးဟုသာ သူတို့ ထင်ခဲ့ကြသည်။ မမျှော်လင့်ပဲ ထိုသူက ရှန်ဝူ ဧကရာဇ် ဖြစ်နေသည်။
မြေပြင်ပေါ်တွင် ဝပ်နေသော ဧကရာဇ်အဆင့် တစ်ဦးက သတ္တိမွေး၍
“မင်းကြီး... က”
ရှန်ဝူ ဧကရာဇ်က
“ရွှမ်ထျန်းရဲ့ လုပ်ကြံမှုကို ခံခဲ့ရလို့ ဒီလို လူတစ်ပိုင်း နတ်ဆိုးတစ်ပိုင်း ပုံစံအဖြစ် ကျုပ်ပြောင်းသွားရတာပဲ”
ဟု အေးစက်စွာ တုံ့ပြန်လိုက်သည်။
“ထားလိုက်ပါတော့။ အခုက အဲဒါတွေ ပြောနေရမယ့် အချိန် မဟုတ်ဘူး။ ကျုပ် အသက်ရှင်နေသရွေ့ ကျုပ်ကို လုပ်ကြံခဲ့တဲ့ အကျိုးဆက်ကို ရွှမ်ထျန်း သိစေရမယ်။”
ရှန်ဝူ ဧကရာဇ်၏ စကားအဆုံးတွင် သူ၏ ခန္ဓာကိုယ်ထဲသို့ အမှောင်စွမ်းအားတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။ ၎င်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နတ်ဆိုး စွမ်းအားများနှင့် ချက်ချင်းပေါင်းစပ်သွားခဲ့သည်။
ချက်ချင်းပင် သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအားများသည် ပို၍ပြင်းထန်လာပြီး သူ၏ အဆင့်နယ်ပယ်သည်လည်း လျင်မြန်စွာ မြင့်တက်လာသည်။
ရှန်ဝူ ဧကရာဇ် ခဏခန့် မှင်တက်သွား၏။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်သနည်း။
ပြင်ပနယ်မြေတွင် ရှိစဉ်က ကောင်းကင်နတ်ဆိုး အဖြစ် ပြောင်းလဲခြင်းသည် ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ အလွယ်တကူ တက်လှမ်းနိုင်စေနိုင်ကြောင်း သူ သိခဲ့ရ၏။ သိုသော် ဤမျှ မြန်ဆန်စွာ ကောင်းကင်ဧကရာဇ် နယ်ပယ်သို့ ရောက်ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကြီးမားသော အစွမ်းကို ခံစားရင်း ရှန်ဝူ ဧကရာဇ်က
“ကောင်းကင်ဧကရာဇ်.....ကောင်းကင်ဧကရာဇ် အဆင့်ပဲ။ ငါ နောက်ဆုံးတော့ ကောင်းကင်ဧကရာဇ် ဖြစ်သွားပြီ”
ဟု မအောင့်နိုင်ဘဲ အော်ဟစ်လိုက်သည်။
ရုတ်တရက် ကောင်းကင်ဧကရာဇ် တစ်ဦး၏ ဖိအားသည် စကြဝဠာ တစ်ခုလုံးသို့ ပြန့်နှံ့သွားပြီး စကြဝဠာအတွင်းရှိ ကျင့်ကြံသူ အားလုံးလည်း ထိုထိတ်လန့်ဖွယ် ဖိနှိပ်မှုကို ခံစားလိုက်ရသည်။
…………
အခန်း (၁၅၄၅ )
ကောင်းကင်နတ်ဆိုး ဖြစ်လာရခြင်း၏ ခံစားချက်
လုချန်း၏ ကိုယ်ပွားများသာမက ထျန်းချန်ကမ္ဘာရှိ သူ၏ ပင်မခန္ဓာတို့ပါ ကောင်းကင်ဧကရာဇ်ထံမှ ထွက်ပေါ်လာသော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။
ထိုဖိအားသည် အလွန် ထူးခြားလှသည်။ ၎င်း ကျရောက်လာချိန်၌ လူတို့၏ စိတ်ထဲသို့ အသံတစ်ခု ရောက်ရှိလာပြီး ၎င်းထံ လက်နက်ချ အညံခံရန် တိုက်တွန်းနေသကဲ့သို့ ခံစားရစေ၏။
ဤအခြေအနေသည် ရှေးဟောင်းခေတ် သမိုင်းမှတ်တမ်းများသည် ဖော်ပြထားသည့် ကောင်းကင်ဧကရာဇ် တစ်ပါး ပေါ်ထွန်းလာသော ဖြစ်စဉ်များနှင့် တစ်ထပ်တည်းဖြစ်နေ၏။ ယခု အခိုက်အတန့်သည် စကြဝဠာအတွင်း၌ စစ်မှန်သော ကောင်းကင်ဧကရာဇ် တစ်ပါး ပေါ်ထွက်လာပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။
ချင်းယွဲ့ မြင့်မြတ်နယ်မြေသို့ သွားရာလမ်းရှိ ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများလည်း ထိုထိတ်လန့်ဖွယ် ဖိအားကို ခံစားလိုက်ရပြီး လုချန်း၏ ကိုယ်ပွားကို သံသယများဖြင့် ကြည့်လိုက်ကြသည်။ ၎င်းတို့၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံး နေရာများ၌ လုချန်း ထားရှိခဲ့သော အမှတ်အသားများ ရှိနေသဖြင့် အသစ် ပေါ်ထွန်းလာသော ကောင်းကင်ဧကရာဇ်၏ အငွေ့အသက်သည် လုချန်းနှင့် လုံးဝ ကွဲပြားနေသည်ကို သူတို့ သိလိုက်ကြပြီးဖြစ်၏။
လုချန်း ထက်စော၍ အခြား တစ်စုံတစ်ယောက်က ကောင်းကင်ဧကရာဇ် ဖြစ်သွားပြီ ဖြစ်ကြောင်း ဆိုလိုနေသည်။ ခဏတာခန့် ထိုက်ခန်းဧကရာဇ်တို့ လည်း မျက်ရည်မထွက်ပဲ ငိုချင်သွားသလို ခံစားလိုက်ရသည်။
အစွမ်းထက်သော မဟာမိတ်တစ်ဦးကို ရှာတွေ့ပြီဟု သူတို့ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ပဲ အခြား တစ်ယောက်က ထိုအဆင့်ကို လျင်မြန်စွာ လှမ်းတက်သွားခဲ့၏။
ရှေးဟောင်းခေတ် မှတ်တမ်းများအရ စကြဝဠာ တစ်ခုတွင် ကောင်းကင်ဧကရာဇ် တစ်ပါးကိုသာ မွေးဖွားပေးနိုင်သဖြင့် လုချန်းသည် နောက်ထပ် ကောင်းကင်ဧကရာဇ် ဖြစ်လာနိုင်တော့မည် မဟုတ်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ပြင် အသစ် ပေါ်ထွန်းလာသော ကောင်းကင်ဧကရာဇ်သည် ကောင်းကင်ဧကရာဇ်၏ လူဝင်စားဟု ယူဆရသော လုချန်းကို စာရင်းရှင်းမှာ အသေအချာပင်။
ကောင်းကင်ဧကရာဇ် တစ်ပါး၏ အစွမ်းနှင့်ဆိုလျှင် ရှနိုင်ငံ၌ ခုခံနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
လုချန်းက ထိုက်ခန်းဧကရာဇ်နှင့် အခြားသူများကို တစ်ချက် ကြည့်လိုက်၏။ သူတို့က သူ့ကို စိုက်ကြည့်နေသည်ကို မြင်လျှင် လုချန်းက ခပ်တိုးတိုး ရယ်မောလျက်
“ခင်ဗျားတို့အားလုံး ကျုပ်ကို ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ”
ထိုက်ခန်းဧကရာဇ်က သတိထားလျက်
“မင်းကြီး... ခုနက ဖိအားက...”
လုချန်းက
“ဒါက ကောင်းကင်နတ်ဆိုးကနေ ကောင်းကင်ဧကရာဇ် အဖြစ် ပြောင်းသွားတာပဲ။ အဲ့ဒါအတွက် အရမ်း စိတ်ပူနေဖို့ မလိုပါဘူး”
ဟု အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။
ကောင်းကင်ဧကရာဇ်၏ ဖိအားကို ခံစားလိုက်ရသည့် အချိန်၌ လုချန်း စိတ်ထဲ၌လည်း တကယ်ပင် စိုးရိမ်သွားခဲ့သည်။
ဤစကြဝဠာသည် ကောင်းကင်ဧကရာဇ် တစ်ပါးကိုသာ ခွင့်ပြုနိုင်၏။
ယခု တစ်ပါး ပေါ်လာပြီ ဖြစ်သောကြောင့် ပိုမြင့်သော နယ်ပယ်သို့ သူ တက်လှမ်းနိုင်တော့မည် မဟုတ်ဟု စိုးရိမ်သွားခဲ့သည်။ သို့သော် ကောင်းကင်ဧကရာဇ်၏ ဖိအားအတွင်း၌ ပြင်းထန်သော ကောင်းကင်နတ်ဆိုး စွမ်းအားများ ရှိနေသည်ကို သူ လျင်မြန်စွာ သတိပြုမိလိုက်သည်။
ထိုဖိအားသည် ဗဟိုကြယ်နယ်မြေမှ မြစ်ဖျားခံလာခြင်း ဖြစ်သဖြင့် သူ၏ စိတ်ထဲသို့ ပထမဆုံး ရောက်လာသူက ရှန်ဝူ ဧကရာဇ်ပင် ဖြစ်သည်။ ထို့ကြောင့် ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ဧကရာဇ် အဖြစ်သို့ တက်လှမ်းသွားခြင်း ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းလိုက်သည်။
အကယ်၍ ရှန်ဝူ ဧကရာဇ်သာ ကောင်းကင်ဧကရာဇ် ဖြစ်လာပါက ပြဿနာ မရှိလှပေ။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် ကောင်းကင်နတ်ဆိုး စွမ်းအားကို ဖိနှိပ်ရန် အထူး ဖန်တီးထားခြင်း ဖြစ်၏။ ထို့ကြောင့် အခြေခံအားဖြင့် သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိပေ။
ရှန်ဝူ ဧကရာဇ် အားကိုးနေသည့် ကောင်းကင်နတ်ဆိုး စွမ်းအားသည်ပင်လျှင် သူ့ကို ရင်ဆိုင်ရသည့် အခါဝန်ထုပ်ဝန်ပိုး ဖြစ်လာပေလိမ့်မည်။
ဤအချက်ကို သဘောပေါက်သွားခြင်းက လုချန်းကို သက်ပြင်းချနိုင်စေခဲ့သည်။
အခြား တစ်စုံတစ်ယောက် ထိုအဆင့်သို့ တက်လှမ်းသွားခြင်း ဖြစ်ပါက သူ စိုးရိမ်မိမည် ဖြစ်သော်လည်း ရှန်ဝူ ဧကရာဇ်ကိုမူ အခြေခံအားဖြင့် လျစ်လျူရှုထားနိုင်သည်။
သို့သော် ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်နတ်ဆိုး ဖြစ်ပြီးနောက် အဘယ်ကြောင့် ကောင်းကင်ဧကရာဇ် အဆင့်သို့ တက်လှမ်းနိုင်သွားသနည်း ဆိုသည့် မေးခွန်းကိုတော့ လုချန်း နားမလည်နိုင် ဖြစ်မိသည်။
ကောင်းကင်နတ်ဆိုး စွမ်းအားသည် အဆင့်ကိုး ဧကရာဇ်အဆင့် တစ်ဦးကို ထိုအဆင့်သို့ တက်လှမ်းရန် တကယ် ကူညီပေးနိုင်တာလား။
ထားလိုက်ပါတော့။
ထိုအရာများ တွေးနေခြင်းက အသုံးမဝင် ပေ။
ချင်းယွဲ့ မြင့်မြတ်နယ်မြေသို့ အမြန်သွားပြီး ၎င်းကို လျင်မြန်စွာ ထိန်းချုပ်ကာ ထိုနေရာ၌ သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ တစ်ခု တည်ဆောက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။
ရှန်ဝူ ဧကရာဇ်သည် ကောင်းကင်ဧကရာဇ် အဖြစ်သို့ တက်လှမ်းသွားပြီ ဖြစ်သောကြောင့် နောက်ထပ် ဘာတွေ လျှောက်လုပ်ဦးမလဲ ဆိုတာကို မည်သူမှ မသိနိုင်ပေ။
ရှနိုင်ငံ အနေနှင့် ရှန်ယွဲ့နိုင်ငံကို တိုက်ခိုက်ရန် ဖို့ အဆင်ပြေစေရန် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို အရင် တည်ဆောက်ထားခြင်းက ပို၍ ကောင်းသည်။
…….
ရှန်ဝူ ဧကရာဇ်ထံ၌ သူ့ကို ကိုင်တွယ်ရန် ရည်ရွယ်ချက် မရှိသေးသည်ကို ထိုအခိုက်အတန့်တွင် လုချန်း မသိသေးပေ။
ရှန်ဝူဧကရာဇ်၏ လက်ရှိ ဆန္ဒက ထျန်းကျိရဲတိုက်ကို လုံးဝ ခြေမှုန်းပစ်ချင်ရုံသာ ဖြစ်သည်။ သူ ကောင်းကင်နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားရခြင်းက ရွှမ်ထျန်းကြောင့်ဟု ရှန်ဝူ ဧကရာဇ် မြင်၏။
ထိုစဉ်က ရွှမ်ထျန်း ထွက်မပြေးခဲ့ပါက သူတို့ လုချန်းနှင့် တိုက်ရိုက် ရင်ဆိုင်ရမည် မဟုတ်ပေ။ ရွှမ်ထျန်းသည် လုချန်းနှင့် သူတို့ကို အပြန်အလှန် တိုက်ခိုက်ခိုင်းပြီး နောက်ကွယ်မှ အကျိုးအမြတ် ထုတ်ခဲ့ခြင်းဖြစ်သည်။ ရွှမ်ထျန်း၏ ရည်ရွယ်ချက်က အခြားသူများကို အသုံးချရုံ သက်သက်သာဟု သူ အပြင်းအထန် သံသယ ဝင်နေသည်။
လောလောဆယ်သည် ရှန်ယွဲ့နိုင်ငံ တစ်နိုင်လုံးသည် ရှန်ဝူ ဧကရာဇ် ထုတ်လွှတ်လိုက်သော ကောင်းကင်နတ်ဆိုး စွမ်းအားများ လွှမ်းခြုံခြင်း ခံနေရသည်။ ပို၍ ပို၍ များသော ကျင့်ကြံသူများလည်း ကောင်းကင်နတ်ဆိုး စွမ်းအား၏ လွှမ်းမိုးမှုကို ခံရပြီး အသိဉာဏ်မဲ့သော ကောင်းကင်နတ်ဆိုးများ အဖြစ်သို့ ပြောင်းလဲသွားကြ၏။
ဧကရာဇ်အဆင့်များကတော့ ရှန်ဝူ ဧကရာဇ်ကဲ့သို့ပင် ပြောင်းလဲသွားသော်လည်း သတိတရားကို ဆက်လက် ထိန်းသိမ်းထားနိုင်သည်။ ကောင်းကင်နတ်ဆိုး စွမ်းအားမှ ရရှိလာသော တိုးတက်မှုများကို ခံစားပြီးနောက် ဧကရာဇ်အဆင့် တစ်ဦးက ရှန်ဝူ ဧကရာဇ် စကားမပြောမီ စိတ်အားထက်သန်စွာဖြင့်
“မင်းကြီး... ထျန်းကျိရဲတိုက်ကို တိုက်ခိုက်ဖို့ တပ်ကို ဦးဆောင်ခွင့်ပေးဖို့ တောင်းဆိုပါတယ်။ မင်းကြီး အတွက် အဲ့ဒီသစ္စာဖောက်ကို ဖယ်ရှားခွင့်ပေးပါ။”
ရှန်ဝူ ဧကရာဇ်က ခန်းမအတွင်းရှိ ဧကရာဇ်အဆင့်များကို တစ်ချက် ကြည့်လိုက်သည်။ ရှန်ယွဲ့နိုင်ငံ၌ ကျန်ရှိနေသည့် ဧကရာဇ်အဆင့် အမြောက်အမြားသည် ကောင်းကင်နတ်ဆိုးများ အဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်ပြီး ၎င်းတို့၏ အစွမ်းသည်လည်း ပို၍အားကောင်းလာသည်။
ထို့ပြင် ကောင်းကင်နတ်ဆိုး စွမ်းအားကို အသုံးပြု၍ အချို့သော ဧကရာဇ်လောင်းများကို ဧကရာဇ်အဆင့်များ ဖြစ်လာစေရန် အတင်းအကျပ် မြှင့်တင်ပေးခဲ့သဖြင့် ရှန်ယွဲ့နိုင်ငံရှိ ဧကရာဇ်အဆင့် အရေအတွက်သည် ချက်ချင်းပင် တစ်ထောင်ကျော်အထိ တိုးလာခဲ့သည်။
စကြဝဠာအတွင်းရှိ မည်သည့် အင်အားစုမှ ရှန်ယွဲ့နိုင်ငံကို မယှဉ်နိုင်တော့ဟု ယုံကြည်လျက် ရှန်ဝူဧကရာဇ်၏ စိတ်ထဲ ကြီးမားသော ရည်မှန်းချက်များ ပြည့်လျှံလာ တော့သည်။
ထို့နောက် ရှန်ဝူ ဧကရာဇ်က
“မလိုဘူး... ကျုပ်ကိုယ်တိုင် ကိုင်တွယ်မယ်”
နဂါးပလ္လင်မှ ထရပ်လိုက်ပြီးနောက် ထျန်းကျိရဲတိုက်၏ တည်နေရာကို ရှာဖွေရန် သူ၏ စိတ်အာရုံကို ရှန်ဝူဧကရာဇ် လွှတ်တင်လိုက်သည်။ ကောင်းကင်ဧကရာဇ်၏ စိတ်အာရုံသည် စကြဝဠာ တစ်ခုလုံးကို လွှမ်းခြုံနိုင်၏။ ခဏချင်းအတွင်းပင် ထျန်းကျိရဲတိုက်၏ လက်ရှိ အခြေအနေကို သူ သိသွားခဲ့သည်။
ဟောကိန်းထုတ်ခြင်း အတတ်၌ ကျွမ်းကျင်သော ထျန်းကျိရဲတိုက်မှ အချို့သော ဧကရာဇ်အဆင့်များသည် ဘေးဒုက္ခ ကျရောက်တော့မည်ကို တွက်ချက်ထားပြီး ဖြစ်သဖြင့် ထျန်းကျိရဲတိုက် တစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။ အချို့သော ဧကရာဇ်အဆင့်များသည် ဘေးဒုက္ခမှ လွတ်မြောက်ရန် ထျန်းကျိရဲတိုက် ဝတ်စုံများကို ချွတ်၍ ထွက်ပြေးခဲ့ကြသော်လည်း ထိုသို့ ပြုလုပ်ခြင်းက ၎င်းတို့၏ ကံကြမ္မာ အနှောင်အဖွဲ့ကို မဖြတ်တောက်နိုင်ခဲ့ပေ။
ရှန်ဝူ ဧကရာဇ်၏ စိတ်အာရုံက မည်သူသည် ထျန်းကျိရဲတိုက်မှ ဖြစ်သည်ကို အလွယ်တကူ ခွဲခြား သိနိုင်သည်။
သူ၏ စိတ်အာရုံဖြင့် စကြဝဠာ တစ်ခုလုံးကို ရှန်ဝူ ဧကရာဇ် လှည့်ပတ် ကြည့်ရှုနေစဉ် ဇဝေဇဝါဖြစ်သွားသော အသံ တစ်ခု သူ့ထံမှ ထွက်ပေါ်လာသည်။
“ဟမ်...”
သူ၏ စိတ်အာရုံဖြင့် ရှနိုင်ငံကို လွှမ်းခြုံ၍ မရနိုင်သည်ကို သူ တွေ့ရှိခဲ့ရသောကြောင့်ဖြစ်သည်။
သူ ရှာဖွေ၍ မရသော အခြား လူအနည်းငယ်လည်း ရှိနေသည်။
တစ်ယောက်သည် လုချန်း ဖြစ်ပြီး နောက်တစ်ယောက်က ရွှမ်ထျန်း ဖြစ်၏။ အခြား နောက်တစ်ယောက်ကတော့ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ဖြစ်သည်။
လုချန်းနှင့် ရွှမ်ထျန်းတို့သည် ပြင်ပနယ်မြေ၌ ရှိနေနိုင်သေးသဖြင့် သူတို့ကို ရှာမတွေ့ခြင်းက သဘာဝကျသော်လည်း ရွှမ်ချင်းယွမ်ကတော့ ပြင်ပနယ်မြေသို့ သွားစရာ အကြောင်းမရှိဘူး မဟုတ်ဘူးလား။
အဘယ်ကြောင့် စကြဝဠာအတွင်း၌ သူမ၏ အရိပ်အယောင်တစ်ခုမှ မရှိရသနည်း။
သူမသည် ဤစကြဝဠာမှ မဟုတ်သကဲ့သို့ပင်။
ထိုအရာကို ရှန်ဝူ ဧကရာဇ် အာရုံမထားတော့ပေ။ ပထမဦးစွာ ထျန်းကျိရဲတိုက်ကို ချေမှုန်းရန် လိုအပ်သည်။
နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် ခန်းမ အတွင်းမှ ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့် အခါတွင် ထျန်းကျိရဲတိုက် ဌာနချုပ် တည်ရှိရာ ကမ္ဘာ၏ ပြင်ပ၌ ရပ်နေသည်။
ထွက်မပြေးနိုင်သေးသည့် ထျန်းကျိရဲတိုက်မှ ဧကရာဇ်အဆင့်များသည် ကမ္ဘာ့ ပြင်ပရှိ ထိတ်လန့်ဖွယ် အငွေ့အသက်ကြောင့် ကြောက်လန့်တုန်လှုပ်သွားကြပြီး ထျန်းကျိရဲတိုက်ဆီသို့ အပြေးအလွှား သွားကြတော့သည်။
ထျန်းကျိရဲတိုက်သည်လည်း မြင့်မြတ်သော ကာကွယ်ရေး ရတနာ တစ်ခု ဖြစ်သည်။ သူတို့သည် ကမ္ဘာ့ပြင်ပမှ ကောင်းကင်နတ်ဆိုး၏ တိုက်ခိုက်မှုကို ခုခံရန် ထျန်းကျိရဲတိုက် အဆောက်အဦးကို အားကိုးနိုင်လိမ့်မည်ဟု စိတ်ကူးယဉ်နေကြသည်။
ထျန်းကျိရဲတိုက်မှ လူများ ထျန်းကျိရဲတိုက်ဆီသို့ စုပြုံသွားသည်ကို မြင်လျှင် ရှန်ဝူ ဧကရာဇ်က နှာခေါင်းရှုံ့လျက် သူ၏ လက်ကို မြှောက်လိုက်၏။ ထို့နောက် ထိတ်လန့်ဖွယ် ကောင်းကင်နတ်ဆိုး စွမ်းအားများသည် ဒီရေလှိုင်းများကဲ့သို့ ထျန်းကျိကမ္ဘာဆီသို့ ဒလဟော စီးဝင်သွားတော့သည်။
ကောင်းကင်နတ်ဆိုး စွမ်းအား ထျန်းကျိကမ္ဘာရှိ ကျင့်ကြံသူများကို ထိတွေ့လိုက်သည်နှင့် ၎င်းတို့၏ သွေးနှင့် အသက်စွမ်းအားများ ချက်ချင်းပင် စုပ်ယူခြင်း ခံလိုက်ရသည်။ ထိုအခါရှန်ဝူ ဧကရာဇ်၏ ခန္ဓာကိုယ် တစ်ခုလုံး သာယာကြည်နူးမှုကို ချက်ချင်း ခံစားလိုက်ရ၏။
ဤအရာကား ကောင်းကင်နတ်ဆိုး ဖြစ်လာခြင်း၏ ခံစားချက် ဖြစ်ကြောင်းတွေးရင်း သူ၏ စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
ကျေနပ်စရာ ကောင်းလှ၏။
တကယ်ကို လုံးကျေနပ်စရာပင်။
ထိုအခိုက်အတန့်သည် ကျင့်ကြံသူများ၏ သွေးနှင့် အသက်စွမ်းအားများအပေါ် ရှန်ဝူ ဧကရာဇ်၏ တောင့်တမှုက ပို၍ ပို၍ ပြင်းထန်လာခဲ့သည်။ ထိုကျင့်ကြံသူများထံမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုများကို သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သည့် အခိုက်အတန့်က သူ့ကို အတိုင်းထက်လွန် သာယာမှုများ ပေးစွမ်းနိုင်သည်ကိုလည်း သူ တွေ့ရှိလာခဲ့သည်။