အခန်း (၅၄၁-၅၄၃)
Vol. 37 Ch. 541-543
အပိုင်း ၅၄၁ - အထွတ်အထိပ် ဓားတာအို(၂)
လူအများ "မင်းက ပြိုင်ဘက်အပေါ် တော်တော် တန်ဖိုးထားတတ်တာပဲ.."
"ဟားဟား... ငါ့ကို ဓားတာအိုရဲ့ တံခါးဝထဲကို ခြေမချနိုင်သေးဘူးလို့ ပြောရဲတယ်ပေါ့။ ဘယ်လောက် မောက်မာရဲတင်းတဲ့ ကောင်လဲ.."
ဓားဂိုဏ်း၏ ဂိုဏ်းချုပ်က သူ့ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်သည်။ ဒေါသတို့ ပေါက်ကွဲထွက်လာ၏။
ရွှီယန်သည် ဓားအိမ်အတွင်းမှ ဓားကိုထုတ်ကာ မောက်မာစွာ ရပ်နေ၏။ ထူးမခြားနားစွာ ပြောသည်။
"လောကကြီးရဲ့ ဓားပညာမှာ ငါက အစွမ်းထက်ဆုံးပဲ.."
"မင်းရဲ့ဓားပညာက ငါ့ထက်စာရင် အများကြီး နောက်ကျကျန်နေခဲ့ပြီ။ တံခါးဝကိုတောင် မဝင်ရသေးဘူး.."
သူ၏ ဆရာဖြစ်သူမှာတော့ လောကကြီး၏ အလွန်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ထို့ကြောင့် ဓားတာအိုအရာတွင် သူ့ကိုယ်သူ လောကကြီး၌ စွမ်းအားအကြီးမားဆုံးဟု ပြောသည်က ပြဿနာမရှိပါ။
ချန်သနျုံက အသက်ကို ရှူသွင်းမိသည်။ ဤသည်မှာ အလွန် မောက်မာလွန်းလှ၏။ ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် သူ့လောက် စွမ်းအားကြီးမားခြင်း မရှိပေမယ့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများအကြားတွင် သေချာပေါက် ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။
သို့ရာတွင် ရွှီယန်၏ မျက်လုံးထဲတွင် တစ်ဖက်လူသည် ဓားတာအို၏ တံခါးဝသို့ပင် ခြေချပြီးခြင်း မရှိဘူးလေလား။
ပတ်ဝန်းကျင်ရှိ သိုင်းသမားများ အားလုံးမှာလည်း ကြောင်တောင်သွားကြသည်။
"ပြောကြတာက ရွှီယန်က အရမ်းမောက်မာတယ်တဲ့... သူ့ကို ကောလဟာလတွေထက်တောင် ပိုပြီးတော့ မောက်မာနေမယ်လို့ ထင်မထားခဲ့ဘူး.."
"ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကတော့ ဒေါသထွက်ပြီး ရူးသွားလောက်တယ်.."
"သူ့ရဲ့မျက်နှာ ဘယ်လောက် နီမြန်းနေလဲ ဆိုတာကို ကြည့်လိုက်ဦး။ ဒေါသပေါက်ကွဲပြီး လျှို့ဝှက်အတတ်တစ်ခုကိုတောင် တစ်ခါတည်း အသုံးပြုတော့မယ် ထင်ရတယ်.."
သိုင်းသမားများ အားလုံးမှာ တီးတိုးနေကြ၏။
"မောက်မာလိုက်တာ.."
ဓားဂိုဏ်း၏ဂိုဏ်းချုပ်က ဒေါသတကြီး အော်ပြီးနောက် ဓားချက်တစ်ချက်ကို ခုတ်ပိုင်းလိုက်သည်။ ဓားချီကကောင်းကင်ကို ထိုးခွဲကာ ထွက်ပေါ်လာ၏။
ထိုထက်မြလှသည့် ဓားချီသည် ပတ်ဝန်းကျင်ရှိ မြက်များ၊ သစ်ပင်များ အားလုံးကို လျှပ်တပြက်အတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။
ရွှီယန်မှာ တည်ငြိမ်စွာသာ ရှိနေပြီး သူ၏ဓားကို လွှဲရမ်းလိုက်၏။ ဓားအလင်းမှာ သာမန်ဆန်ပုံ ရသည်။ သို့ပေမယ့် တောင်နှင့်မြစ်တို့ ပေါ်လာဟန်နှင့် အရာအားလုံးကို လွှမ်းခြုံသွား၏။ အရာအားလုံးကို ဖုံးလွှမ်းသွား၏။ လျှပ်တပြက်အတွင်း ဓားဂိုဏ်းမှ ဂိုဏ်းချုပ်၏ ဓားချီကိုလည်း ဝါးမြိုသွားသည်။
ဓားဂိုဏ်းမှ ဂိုဏ်းချုပ်သည် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး ဖြစ်ပြီး သူ၏ဓားပညာမှာ စွမ်းအားကြီးမားလှသည်။ ဓားချီသည် ကွန်ယက်တစ်ခုကဲ့သို့ရှိပြီး ဓားအလင်းက ကြမ်းကြုတ်ကာ တိုက်ပွဲပြင်သည် ဓားချီ၊ ဓားအလင်းတို့ဖြင့် လွှမ်းခြုံနေပါသည်။
သိုင်းသမားများအနေနှင့် အဝေးမှ ကြည့်လျှင်တောင် အေးစက်သည့် လူသတ်ငွေ့တစ်ခုကို ခံစားရဆဲ ရှိသည်။ ဤသည်မှာ အလွန် သန်မာလွန်းလှ၏။ အားနည်းသူများဆိုလျှင် နောက်သို့ ခြေတစ်လှမ်းချင်းစီ ဆုတ်ခွာကာ အဝေးသို့ ရောက်ရှိသွားကြသည်။
ချန်သနျုံ၏ မျက်လုံးများက စူးစိုက်နေ၏။ အမှန်တကယ်ကို ဓားဂိုဏ်း၏ ဂိုဏ်းချုပ် စွမ်းအားသည် ထည်ဝါလှပါသည်။ သိုင်းတစ်ထောင်ခန်းမ လက်အောက်ရှိ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်း တစ်ခု၏ ခေါင်းဆောင် ပီသလှပါသည်။
"သူက ရတနာခန္ဓာ ပိုင်ရှင်ပဲ.."
ချန်သနျုံက နှလုံးသားထဲတွင် စဉ်းစားသည်။ ဓားဂိုဏ်းမှဂိုဏ်းချုပ်သည် ရတနာခန္ဓာတစ်ခုနှင့် ပါရမီရှင်တစ်ယောက် ဖြစ်၏။
ယခုအချိန်၌ ရတနာခန္ဓာ၏ စွမ်းအားကို အသက်သွင်းကာ ဝှက်ဖဲဓားသိုင်းတစ်ခုကို ထုတ်လွှတ်ခဲ့သည်။ သူပင်လျှင် ပြင်းထန်ကြမ်းတမ်းသည့် သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားရ၏။
ရွှီယန်က ဓားစွမ်းအင် အတွင်းသို့ ခြေလှမ်းဝင်သွားကာ ခြေတစ်လှမ်းချင်းစီတိုင်းသည် ဓားဂိုဏ်းချုပ်၏ ဓားသိုင်းမှ အားနည်းချက်များကို ဦးတည်နေ၏။ သူထုတ်လွှတ်သည့် ဓားချက်တိုင်းသည် ဓားဂိုဏ်းချုပ်၏ သတ်ဖြတ်ခြင်း ဓားကွက်များကို အလွယ်တကူ ပျက်ပြယ်သွားစေသည်။
သူသည် တိုက်ပွဲပြင်တွင် အေးအေးလူလူဖြင့် ဖြတ်သန်းလျှောက်လှမ်းနေ၏။ ဓားစွမ်းအင်၏ အလယ်တွင် ရွေ့လျားနေ၏။
သူ၏လက်ထဲရှိ ဓားသည် မည်သည့် ကြမ်းကြုတ်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်မှ ပါဝင်ခြင်းမရှိဘဲ အလွန်သာမန်ဆန်ပုံရ၏။ လှုပ်ရှားမှုပြုလုပ်တိုင်းတွင် မည်သည့်စွမ်းအားကြီးမားသည့် စိတ်ဆန္ဒ သို့မဟုတ် ပြင်းထန်သည့် ဓားချီမှ ပါဝင်ခြင်း မရှိပါ။
သို့ပေမယ့် ဓားချက်တိုင်းသည် ဓားဂိုဏ်းချုပ်၏ သတ်ဖြတ်ခြင်း ဓားကွက်များကို ဖျက်ဆီးသွားပြီး ပြင်းထန်သည့်ဓားချီကို ပျက်ပြယ်သွားစေ၏။ သတ်ဖြတ်ခြင်း ဓားကွက်၏ ထွက်ပေါက်ဆီသို့ လျှင်မြန်စွာ ဖြတ်သန်းသွားသည်။
ဓားဂိုဏ်းချုပ်က မည်မျှပင် တိုက်ခိုက်စေကာမူ သို့မဟုတ် ကြောက်စရာကောင်းကာ ပြင်းထန်သည့် ဓားချက်များကို ထုတ်လွှတ်စေကာမူ ရွှီယန်သည် ၎င်းတို့ကို ကျေညက်စွာ နားလည်သိရှိနေပြီး အားနည်းချက်ကို ချက်ချင်း တွေ့မြင်နိုင်၏။ ထိုဓားပညာ၏ အားနည်းချက်နှင့် လိုအပ်မှုများကို ဓားဂိုဏ်းချုပ် ကိုယ်တိုင်ပင်လျှင် သိရှိခြင်းမရှိပေ။
တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပြီး ဓားဂိုဏ်းချုပ်၏ မျက်နှာသည် ပိုမိုပိုမိုကာ လေးနက်လာခဲ့၏။ သူသည် အနည်းငယ်မျှပင် လျစ်လျူရှု့ရဲခြင်း မရှိပေ။ ပိုမိုတိုက်ခိုက်လေလေ ပိုမိုအံ့သြလေလေလည်း ဖြစ်လာခဲ့၏။
ရွှီယန်သည် သူ၏ သတ်ဖြတ်ခြင်း ဓားကွက်များကို ဓားတစ်ချက် ဝှေ့ရမ်းရုံနှင့် ခွန်အားစိုက်ထုတ်မှု ကင်းမဲ့စွာ မည်ကဲ့သို့ ချိုးဖျက်နိုင်ခဲ့သနည်း။ သူ၏ သတ်ဖြတ်ခြင်း ဓားကွက်များတွင် ဘယ်လိုလုပ်ပြီး ယခုမျှ ကြီးမားသည့် အားနည်းချက်တို့ ရှိနေရသနည်း။
ရွှီယန်မှာ တည်ငြိမ်စွာ ရှိနေ၏။ သူသည် ဓားချီများ၏ အလယ်တွင် အသာ လျှောက်လှမ်းနေဟန်ရသည်။ သို့ပေမယ့် ဂရုမစိုက် ပြုရဲခြင်း လုံးဝမရှိပေ။
နှလုံးသားဓားအဆင့်ကို နားလည်သဘောပေါက်မှုရကာ သန့်စင်သော ဓားနှလုံးသားအဆင့်အား ကျော်လွန်ပြီးဖြစ်သည့် သူသည် ဓားဂိုဏ်းချုပ်၏ ဓားသိုင်းပညာအား အလွယ်တကူ နားလည်နိုင်၏။
သို့ပေမယ့် ဓားဂိုဏ်းချုပ်သည် အမှန်တကယ်ကို အလွန်စွမ်းအားကြီးမားပါသည်။ ဓားကွက်များ၊ အားနည်းချက်များကို သူအနေနှင့် တွေ့မြင်နိုင်လျှင်တောင် ခဏအတွင်း ပေါ်လာသည့် ဟာကွက်များကို ကောင်းကောင်းဖမ်းဆုပ်ကာ တိုက်ခိုက်ရန် စွမ်းရည်တို့ လိုအပ်ဆဲရှိသည်။
ဓားစွမ်းအင်က သူ၏ ခန္ဓာကိုယ်သို့ ဝင်ရောက်ကာ ဓားအလင်းက ဆက်လက် ဦးတည်လာနေ၏။ သတ်ဖြတ်ခြင်း စွမ်းအားတို့မှာ ပိုမိုပိုမိုကာ သန်မာလာခဲ့သည်။
ရွှီယန်သည် တိုက်ပွဲအတွင်းတွင် နစ်မျောနေရင်းမှ သူ၏ အခြေခံကိုလည်း စုဆောင်း၏။ ဒီအချိန်၌ လျှို့ဝှက်ဆန်းကြယ်သည့် အငွေ့အသက်တစ်ခုသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ စုစည်းလာဟန်ရှိသည်။ ဓားဆန္ဒအတွင်း၌ပင် ဖြစ်၏။
ထိုအငွေ့အသက်သည် စိတ်အခြေအနေကို မြှင့်တင်နိုင်ဟန်ရှိကာ အခြေခံကိုလည်း အားဖြည့်ပေး၏။ ဤသည်မှာ သိုင်းသမားတစ်ယောက်က ပြသလာသည့် အငွေ့အသက်မျိုး မဟုတ်ပေ။ စိတ်အခြေအနေ၏ အငွေ့အသက်တစ်မျိုးသာ ဖြစ်၏။
"အရှိန်အဟုန်ရဲ့ အငွေ့အသက် ပြည့်နှက်လာရင် အဆင့် ချိုးဖျက်ရတော့မယ့် အချိန်ပဲ.."
ရွှီယန်၏ နှလုံးသားထဲတွင် ရှင်းလင်းသည့် နားလည်မှုတစ်ခု ရလာခဲ့သည်။ ထိုစိတ်အခြေအနေ၏ အငွေ့သက်ကို စုစည်းကာ သိုင်းပညာအား အတိုင်းအတာတစ်ခုအထိ စုစည်းပြီးပါက ဆိုလိုသည်မှာ သူသည် မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် လုံလောက်သည့် အခြေခံအား ပိုင်ဆိုင်ပြီးပြီဟု ဖြစ်၏။
ထိုအငွေ့အသက်အား တိုက်ခိုက်ခြင်းမှသာလျှင် စုစည်းနိုင်လေသည်။ တိုက်ပွဲနှင့် ယှဉ်ပြိုင်မှုများ အတွင်းမှ ရန်သူများ၏ သိုင်းပညာပုံစံအား နားလည်ကာ ဖမ်းဆုပ်ခြင်းဖြင့်သာ စုဆောင်းနိုင်သည်။
"ရွှီယန်... မင်းကတကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ ဓားပညာမှာ အနှိုင်းမဲ့တယ်။ စိတ်ဝိဉာဉ်နယ်မြေမှာ ဒီလိုပါရမီရှင်တစ်ယောက်ကို ငါဘယ်တုန်းကမှ မတွေ့ဖူးခဲ့ဘူး.."
ဓားဂိုဏ်းချုပ်က လေးနက်စွာပြောသည်။ သူသည် ရွှီယန်၏ ဓားပညာအား အလွန်နက်ရှိုင်းပြီး စွမ်းအားကြီးမားလှသည်ဟု ဝန်ခံမိ၏။
"ဒါပေမယ့်... မင်းက မောက်မာလွန်းတယ်... ယုံကြည်ချက် လွန်ကဲလွန်းတယ်.."
ထိုစကားကို ပြောရင်းမှ ဓားဂိုဏ်းချုပ်၏ ခန္ဓာကိုယ်မှ အေးစက်သည့် အလင်းရောင်တစ်ခု ရေတေးတေး ထွက်ပေါ်လာ၏။ ဤသည်မှာ လက်ထဲရှိ ဓားမှမဟုတ်ပေ။ ခန္ဓာကိုယ်အတွင်းမှ ဖြစ်၏။
ဒီအချိန်၌ ဓားဂိုဏ်းချုပ်၏ ခွန်အားသည် ဆက်လက်မြင့်တက်လာပြီး ပြင်းထန်သည့် သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ပိုမိုပိုမိုကာ ကြီးထွားလာခဲ့သည်။ ပိုမိုပိုမိုကာ သိပ်သည်းလာခဲ့သည်။
"ဘုန်း.."
အခိုက်အတန့်တစ်ခုတွင် ဓားဂိုဏ်းချုပ်အား အေးစက်သည့် အလင်းတစ်ခုက လွှမ်းခြုံသွား၏။
"ငါက စိတ်ဝိဉာဉ်ခန္ဓာတစ်ခုကို မပိုင်ဆိုင်ထားပေမယ့် ရေခဲဓားရတနာခန္ဓာကို ပိုင်ဆိုင်ထားတယ်။ ပြီးတော့ အဲ့ဒီ့ခန္ဓာနဲ့ လိုက်ဖက်တဲ့ ဓားသိုင်းကိုလည်း ကျင့်ကြံထားတယ်။ အသန်မာဆုံးအဆင့်ကို ရောက်ခါစရှိသေးတဲ့ သိုင်းသမားတစ်ယောက်ကိုတောင် တိုက်ခိုက်နိုင်တယ်.."
ဤသည်မှာ ဓားဂိုဏ်းချုပ်၏ ယုံကြည်ချက်ဖြစ်၏။ ရတနာခန္ဓာတစ်ခုသည် အမှန်တကယ်ကို စိတ်ဝိဉာဉ်ခန္ဓာတစ်ခုထက် အားနည်းပေမယ့် ရတနာခန္ဓာနှင့် သိုင်းသမားတစ်ယောက်သည် စိတ်ဝိဉာဉ်ခန္ဓာနှင့် သိုင်းသမားတစ်ယောက်ထက် အားနည်းမည်ဟု ဆိုလိုခြင်း မရှိပါ။
အရာအားလုံးသည် ကိုယ်ကိုယ်တိုင်၏ ကျင့်ကြံမှုအပေါ်တွင် မူတည်၏။
သူသည် သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ရှိ ထိပ်တန်း စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်၏။
မွေးရာပါပါရမီမှာ ထူးကဲကာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်သည့် သိုင်းတစ်ထောင်ခန်းမ၏ ထောက်ပံ့မှုလည်း ရှိသည်။
ထိပ်တန်းဓားပညာကို ကျင့်ကြံပြီး သူ၏ ရတနာခန္ဓာကို ဆက်တိုက်သန့်စင်ကာ မြှင့်တင်ခဲ့၏။ ပြီးနောက် သူကျင့်ကြံသည့် ဓားသိုင်းမှာလည်း ရတနာခန္ဓာနှင့် ကိုက်ညီလေသည်။
ယခုအချိန်၌ ရတနာခန္ဓာအား အသက်သွင်းကာ စွမ်းအားအားလုံးတို့ကို ထုတ်ဖော်လိုက်၏။ ခန္ဓာကိုယ်အတွင်းမှ အေးစက်သည့် အလင်းက မြင့်တက်လာပြီး အေးစက်သည့် ရတနာဓား တစ်ချောင်းသဖွယ် ဖြစ်တည်လာခဲ့သည်။
ဒီအချိန်၌ ဓားဂိုဏ်းချုပ်က ထုတ်လွှတ်လာသည့် ဓားချီသည် အလွန် အေးစိမ့်လာခဲ့သည်။ တိုက်ပွဲပြင်မှာ အေးစက်သည့် ဓားချီကြောင့် အေးခဲလာပြီး လေဟာနယ်ပင်လျှင် ရေခဲအဖြစ် အေးခဲသွားပုံရ၏။
ရွှီယန်သည် လှုပ်ရှားလိုက်ချိန်၌ ဆိုင်းငံ့သွားသည့် ခံစားချက်တစ်ခုကို ရလိုက်သည်။ အေးစက်သည့် ရေခဲဓားချီမျှင်များက အရာအားလုံးကို ထိုးဖောက်သွားသည့်ဟန် ရ၏။
"ငါ့ရဲ့ ချုပ်နှောင်မှုကို မင်းဘယ်လို ချိုးဖျက်မှာလဲ... ငါ့ရဲ့ဓားစွမ်းအင်ကို အတင်းချိုးဖျက်တာမှ မဟုတ်ရင် ဘယ်လောက်ရှောင်ရှောင် မရဘူး.."
ဓားဂိုဏ်းချုပ်က နှာခေါင်းရှုံ့သည်။ အေးစက်သောအလင်းသည် ပိုမိုပိုမိုကာ ထူထဲလာပြီး ဓားချီက လေကိုဖြတ်သန်းကာ ထက်မြသည့် ရေခဲတန်းတစ်ခုအား ကျန်ရစ်စေသည်။ ရေခဲဓားစွမ်းအင်က စုစည်းလာပြီး ရွှီယန်အပေါ်သို့ ဖိနှိပ့်၏။
ဓားဂိုဏ်းချုပ်၏ အသွင်သည် သက်တောင့်သက်သာရှိနေပေမယ့် တကယ့်တကယ်တွင် ခွန်အားအပြည့်အား အသုံးပြုကာ ခန္ဓာကိုယ်ကိုလည်း အကန့်အသတ်အထိ တွန်းပို့ပြီး အထွတ်အထိပ်ဓားပညာကို အသုံးပြုခဲ့ခြင်းဖြစ်၏။
ဒီအချိန်၌ သူ၏အခြေအနေမှာ စွမ်းအားကြီးမားသည့် သိုင်းပညာလျှို့ဝှက်အတတ်ကို အသုံးပြုခြင်းနှင့် ဝေးကွာခြင်း မရှိပေ။ စွမ်းအင်ကုန်ဆုံးမှုမှာ များပြားလှပြီး အချိန်အကြာကြီး တိုက်ခိုက်နိုင်မည် မဟုတ်ပါ။
ထို့ကြောင့် တိုက်ပွဲကို လျှင်မြန်စွာ တိုက်ခိုက်ပြီး ပျက်ပျက်သားသား အဆုံးသတ်ရန် လိုအပ်၏။
ဓားဂိုဏ်းချုပ်၏ လှုပ်ရှားမှုများသည် ပိုမိုပိုမိုကာ မြန်ဆန်လာပြီး သူ၏ဓားချက်များက ပိုမိုလျှင်မြန်ကာ တိုက်ပွဲပြင်သည် အေးစက်သည့် အလင်းရောင်အဖြစ် ပြောင်းလဲသွားသည်။ အတွင်းထဲရှိ အခြေအနေကို မြင်တွေ့နိုင်ခြင်း မရှိအောင်ဖြစ်စေ၏။
ထိုအေးစက်သောအလင်းနှင့် တိုက်ပွဲပြင်သည် တဖြည်းဖြည်း ကျုံ့ဝင်လာပြီး ယူထားသည့် နေရာမှာ ပိုမိုပိုမိုကာ သေးငယ်လာခဲ့သည်။
"ခင်ဗျားက တကယ့်ကို စွမ်းအားကြီးတဲ့ ရန်သူတစ်ယောက်ပဲ။ တကယ်လို့ ဓားပညာ ကျင့်ကြံသူတစ်ယောက်သာ မဟုတ်ဘူးဆိုရင် ကျွန်တော် လှည့်ပြီးထွက်ပြေးရမှာ။ ဒါပေမယ့် ဓားပညာ ကျင့်ကြံသူတစ်ယောက် ဆိုကတည်းက ဘာမှ ထူးခြားမနေတော့ဘူး.."
"ခင်ဗျားရဲ့ ဘဝတလျှောက်လုံးမှာ ဓားပညာကို ကျင့်ကြံပြီး အချိန်ကုန်ခဲ့တယ်။ ဒါပေမယ့် ဓားတာအိုဆိုတာ ဘာလဲလို့မသိဘူး။ ဒီနေ့မှာ စစ်မှန်တဲ့ ဓားတာအိုက ဘာလဲဆိုတာကို ပြပေးလိုက်မယ်.."
"မသေခင်မှာ စစ်မှန်တဲ့ ဓားတာအိုကို မြင်ခွင့်ရတာ ခင်ဗျား ကျေနပ်သင့်တယ်.."
ရွှီယန်က ထူးမခြားနားစွာ ပြောသည်။
ဓားချက်တစ်ခု ထွက်ပေါ်လာပြီး တောင်နှင့်မြစ် ဓားဆန္ဒက ဖြစ်တည်လာခဲ့သည်။ လျှပ်တပြက်အတွင်း လျှပ်စီးကဲ့သို့ ဓားစွမ်းအင်တို့ ပေါ်လာကာ မျက်စိတမှိတ်အတွင်း သက်ဆင်းလာခဲ့၏။
"လျှပ်စီးဓားချက်..."
ကြည့်ရှုနေသည့် သိုင်းသမားများအားလုံးသည် တိုက်ပွဲပြင်အတွင်းမှ လျှပ်စီးမိုးကြိုးဓားချက် တစ်ခုကိုသာ တွေ့လိုက်ရသည်။ ၎င်းသည် အေးစက်သည့်အလင်းနှင့် ဓားချီတို့ကို ဖြတ်တောက်သွား၏။ ထိုလျှပ်စီးဓားချက်အောက်တွင် လေအေးတို့သည် ပျောက်ကွယ်သွားတော့မည့်ဟန် ရသည်။
ထို့နောက် သူတို့သည် ရွှီယန်က ဓားတစ်ချက် ခုတ်ပိုင်းလိုက်ပုံကို တွေ့ရ၏။ မြင်ကွင်းထဲတွင် တောင်နှင့်မြစ်တို့ သက်ဆင်းလာဟန် ရပြီး တောင်နှင့်မြစ်၏ အလယ်တွင် လူများက ဓားများကို ကိုင်ဆွဲကာ ခုတ်ပိုင်းလိုက်ကြသည်။
"ဘုန်း.."
ဓားဂိုဏ်းချုပ်သည် မယုံကြည်နိုင်သည့် အကြည့်တို့ ပေါ်လာခဲ့၏။ ဒီအချိန်၌ သူ၏ဓားမှာ ကိုယ်ပိုင်ထိန်းချုပ်မှုအောက်၌ မရှိတော့ကြောင်းကို နားလည်လိုက်သည်။
ကြည့်ရသည်မှာ ရန်သူ၏ ဓားတစ်ချောင်း ဖြစ်လာခဲ့၏။
သူ့ကို ပိုမိုထိတ်လန့်သွားစေသည်မှာ သူထုတ်လွှတ်လိုက်သည့် ဓားချီသည်လည်း ရန်သူ၏ဓားချီ ဖြစ်လာခဲ့ခြင်းဖြစ်သည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ..."
"ဘုန်း.."
သူ၏ခန္ဓာကိုယ်သည် စတင်ပြိုလဲလာခဲ့ပြီး ဒီဗိုင်းဝိဉာဉ်က တစ်စစီ ဖြစ်သွား၏။
"ဒါကို ဓားတာအိုလို့ပြောတာလား... ဒါက ဘယ်လို ဓားပညာမျိုးလဲ.."
ဓားဂိုဏ်းချုပ်သည် နောင်တ၊ ဒေါသ၊ ကြောင်တောင်မှုတို့ဖြင့် သေဆုံးခဲ့ရ၏။
သူ၏ခန္ဓာကိုယ်နှင့် ဝိဉာဉ်တို့သည် ပျက်စီးသွားကာ နောက်ဆုံးတွင် ပြာအဖြစ် ပြောင်းလဲသွားခဲ့သည်။ စိတ်ဝိဉာဉ်ဂိုဏ်း၏ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဓားဂိုဏ်းချုပ်သည် ဤနည်းအားဖြင့် သေဆုံးခဲ့လေသည်။
လူငယ်ပါရမီရှင်တစ်ယောက် ဖြစ်သည့် ရွှီယန်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ သူ့ကို ဓားနတ်ဘုရား ရွှီယန်ဟု ခေါ်လေသည်။ ဒီအချိန်၌ သိုင်းသမားအားလုံးတို့သည် ထိုအမည်အား နက်ရှိုင်းစွာ အမှတ်ရမိလိုက်ကြသည်။
ဖန်ခိုင်ဆန်းမှာလည်း အလွန် လေးနက်လာခဲ့၏။
လေလွင့်သိုင်းသမားများ အကြားတွင် ယခုကဲ့သို့သော ပါရမီရှင်တစ်ယောက် ရှိနေသည်လား။ ဓားဂိုဏ်းချုပ်ပင်လျှင် သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
ယခုအချိန်၌ ရွှီယန်သည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များအား ခြိမ်းခြောက်နိုင်သည့် အသွင် ရှိလာခဲ့၏။
သူသည် ရှေ့သို့ ခြေလှမ်းတက်ကာ မျက်နှာ၌ မျှော်လင့်ချက်တို့ ပေါ်လာခဲ့သည်။ ရွှီယန်အား ဆက်လက်မောက်မာကာ သူ့ကို စိန်ခေါ်စေရန် မျှော်လင့်မိ၏။ ထိုအခါ တစ်ဖက်လူကို သတ်ဖြတ်ရန်အတွက် အခွင့်အရေးရလာမှာ ဖြစ်သည်။
အပိုင်း ၅၄၂ - မုန့်ချုံ၏ ပေါ်ပေါက်လာမှု
ရွှီယန်သည် ဓားဂိုဏ်းချုပ်အား သတ်ဖြတ်ပြီးနောက် သူစုစည်းထားသည့် အငွေ့အသက်မှာ ပိုမိုကြီးထွားလာခဲ့သည်။ ဤသည်က သူ၏ သိုင်းပညာအခြေခံအား ဆက်တိုက် အားဖြည့်နေပြီး လုံလောက်သည့် အခြေခံကို စုဆောင်းနိုင်ရန် နောက်ထပ်ခြေတစ်လှမ်း ပိုမို နီးကပ်သွားစေ၏။
သူသည် စိတ်အားထက်သန်နေပြီး မျှော်လင့်မှုတို့ဖြင့် ပြည့်နက်နေပုံ ရသည့် ဖန်ခိုင်ဆန်းကို ခေါင်းလှည့်ကြည့်သည်။ ထို့နောက် မည်သည့်စကားမှ မဆိုဘဲ ထွက်ခွာသွားခဲ့၏။
ရွှီယန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား ကျင့်ကြံထားသည့် သိုင်းသမားတစ်ယောက်ကို စိန်ခေါ်ရလောက်အောင် ရူးသွပ်နေသူ မဟုတ်ပါ။ သူ၏ လက်ရှိခွန်အားနှင့် ဖန်ခိုင်ဆန်းအား ရင်ဆိုင်ရန် သေချာပေါက် မဖြစ်နိုင်ပေ။ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ပြီးမှသာလျှင် တိုက်ခိုက်နိုင်ပေလိမ့်မည်။
"မင်းက ဆက်ပြီးတော့ မတိုက်ခိုက်တော့ဘူးလား.."
ဖန်ခိုင်ဆန်းမှာ အနည်းငယ် အံ့သြသွား၏။
ရွှီယန်၏ ခြေလှမ်းများက ရပ်တန့်သွားပြီး စဉ်းစားစွာပြောသည်။
"ငါက စိတ်ဝိဉာဉ်နယ်မြေရဲ့ ပါရမီရှင်ထဲမှာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်။ အခြားပါရမီရှင်တွေ အားလုံးက ငါ့ရဲ့ရှေ့မှာ ခေါင်းငုံ့ထားသင့်တယ်။ အဲ့ဒါကြောင့်မလို့ ဒီကိုလာရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်က စိတ်ဝိဉာဉ်နယ်မြေရဲ့ ပါရမီရှင်တွေအားလုံးကို စိန်ခေါ်အနိုင်ယူဖို့ပဲ.."
"ခင်ဗျားလို လူအိုကြီးတွေကို စိန်ခေါ်ဖို့တော့ မဟုတ်ဘူး... ခင်ဗျားရဲ့ခွန်အားက ကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ အသက်ကို စဉ်းစားပြီးတဲ့နောက်မှာ ဒီလောက်စွမ်းအားလေးနဲ့ အချိန်ပေးဖို့ မထိုက်တန်ဘူး ဆိုတာကို နားလည်လာခဲ့တယ်.."
"ဓားဂိုဏ်းချုပ်က ဓားပညာကို ကျင့်ကြံလို့ ကျုပ်သူ့ကိုတိုက်ခိုက်ခဲ့တာပဲ။ ဒါပေမယ့် ခင်ဗျားကတော့ ဓားပညာကျင့်ကြံသူ မဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ အချိန်များကြီးပေးရလောက်အောင် မထိုက်တန်ဘူး.."
ဖန်ခိုင်ဆန်း၏ မျက်နှာက အစိမ်းရောင်နှင့် အနီရောင် တစ်လှည့်စီ ပြောင်းလဲနေပြီး ရင်ဘတ်ဆီသို့ မကျေနပ်မှုတို့ ဆို့တက်လာခဲ့သည်။ သူကဲ့သို့သော အသန်မာဆုံးပုဂ္ဂိုလ် တစ်ယောက်သည် ဘယ်လိုလုပ်ပြီး ဘာမဟုတ်သည့် လူငယ်တစ်ယောက်၏ အထင်သေးမှုကို ခံခဲ့ရသနည်း။
အသက်ကြီးပြီး စွမ်းအားနည်းသည် ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။
"ကောင်လေး... မင်းငါ့ကို အထင်သေးနေတာလား.."
ဖန်ခိုင်ဆန်းက ဒေါသတကြီး ပြောသည်။
ရွှီယန်မှာ ရိုးသားသည့် လူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် အတည်ပြုစွာ ခေါင်းငြိမ့်၏။
"ဟုတ်တယ်... ကျွန်တော်ခင်ဗျားကို အထင်သေးတာတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့အသက်က အိုနေပြီလေ။ စွမ်းအားကတော့ ဒီလောက် နည်းနေတယ်။ ကျုပ်သာ ခင်ဗျားအသက်အရွယ်မှာဆိုရင် လောကကြီးထက် ကျော်လွန်ပြီးတာ ကြာပြီဖြစ်လိမ့်မယ်.."
ကြည့်ရှုနေကြသည့် သိုင်းသမားများ "..."
ဖန်ခိုင်ဆန်းမှာ အလွန် ဒေါသထွက်နေပြီး မျက်လုံးများ နီရဲလာခဲ့၏။ အသက်ကိုပင် ထိန်းရှူနေရသည်။
ချန်သနျုံမှာလည်း ထိပါးခြင်း ခံလိုက်ရသည်ဟု ခံစားရသည်။ သူ၏ခွန်အားနှင့် အသက်သည်လည်း ဖန်ခိုင်ဆန်းနှင့်တူညီ၏။
ရွှီယန်မှာ ဖန်ခိုင်ဆန်းအပေါ် အထင်သေးရာ သူ့အပေါ်လည်း အထင်သေးသည်ဟု မဆိုလိုပေဘူးလား။
ရွှီယန်က သူတို့ကိုဘဂရုစိုက်မနေတော့ပါ။ လျှပ်တပြက်အတွင်း ရွေ့လျားသွား၏။ သူ၏ နောက်ထပ်ပစ်မှတ်မှာ ကောင်းကင်တိမ်နိုင်ငံမှ ပါရမီရှင် ချိုင်ယွင်ဟုန်ဖြစ်သည်။
အချိန်သည် အလွန် အဖိုးတန်၏။ သူသည် အခြေခံအား စုဆောင်းကာ အမြန်ဆုံး အဆင့်ချိုးဖျက်ရပေမည်။
"မင်းက ဘယ်ကိုသွားမလို့လဲ.."
ဖန်ခိုင်ဆန်းက ဒေါသတကြီးနှင့် နောက်မှလိုက်ရန် ပြင်သည်။ ချန်သနျုံက အေးစက်စွာပြော၏။
"ဘာလဲ... မင်းလိုအဘိုးကြီးက လူငယ်တစ်ယောက်ကို အနိုင်ကျင့်ချင်တာလား... သူက ငါတို့ အမျိုးဆက်စုံ မဟာမိတ်အဖွဲ့က ပါရမီရှင်တစ်ယောက် မဟုတ်တာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် လေလွင့်သိုင်းသမား ပါရမီရှင်တစ်ယောက်ပဲ။ မင်းအခု လုပ်တာက ပါရမီရှင်တွေရဲ့ ယှဥ်ပြိုင်ပွဲက စည်းမျဉ်းတွေကို ချိုးဖောက်တာပဲ.."
"ဟန့်.."
ဖန်ခိုင်ဆန်းက နှာခေါင်းရှုံ့ကာ လှည့်ထွက်သွား၏။
"ရွှီယန်ခွေးကောင် မင်းလွန်သွားပြီ.."
သူသည် ပွင့်ပွင့်လင်းလင်း တိုက်ခိုက်နိုင်ခြင်း မရှိပါက နောက်ကွယ်တွင် တိုက်ခိုက်မည် ဖြစ်သည်။ မည်သူမှ မသိလျှင် စည်းမျဉ်းများကို ချိုးဖျက်သည်ဟု ဆိုနိုင်ခြင်း မရှိပေ။
ရွှီယန်သည် စိတ်ဝိဉာဉ်နယ်မြေမှ ပါရမီရှင်များအား စိန်ခေါ်သည့် သူ၏ခရီးစဉ်အား တရားဝင် စတင်ခဲ့၏။ ကိုယ်ပိုင် အနှိုင်းမဲ့သည့် လမ်းစဉ်အား တည်ဆောက်မည် ဖြစ်သည်။
တစ်ချိန်တည်းတွင် မုန့်ချုံမှာလည်း အံ့ဖွယ်သုံးပါးမျှော်စင်၏ ပိုင်နက်အတွင်းသို့ ရောက်ရှိလာ၏။ အံ့ဖွယ်သုံးပါးမျှော်စင်သည် လော့ဒေသတွင် မရှိပေ။ လီဒေသတွင်သာ ရှိ၏။
လီကျိုးရှိ မျိုးဆက်စုံမဟာမိတ် အဖွဲ့သည် အားနည်းခြင်း မရှိပေ။ စိတ်ဝိဉာဉ်ဂိုဏ်းများထက် အနည်းငယ် နိမ့်ကျပေမယ့် ပါရမီရှင်အချို့ ရှိနေသေး၏။ သူတို့သည် ပြိုင်ဘက်များကို ရင်ဆိုင်နိုင်ဆဲ ရှိသည်။
သရွှမ်သည် လီကျိုးရှိ အကြီးမားဆုံးမြို့ကြီး ဖြစ်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းများစွာက ပူးပေါင်း အုပ်ချုပ်ကြသည်။
တစ်ချိန်တည်းတွင် လီကျိုးရှိ မျိုးဆက်စုံ မဟာမိတ်အဖွဲ့၏ ဌာနသည်လည်း ထိုမြို့တွင် ရှိနေ၏။ သရွှမ်မြို့၏ တောင်ဘက်ပိုင်းကို သိမ်းပိုက်ထားကာ အဓိကစိတ်ဝိဉာဉ်ဂိုဏ်းကြီးများကို ရင်ဆိုင်သည်။
လီကျိုးရှိ ပါရမီရှင်များအကြား ပြိုင်ပွဲသည် လော့ဒေသထက် ပိုမို စည်ကားသိုက်မြိုက်၏။ ပါဝင်ဆင်နွှဲသူလည်း ပိုမိုများပြားသည်။
သရွှမ်မြို့အလယ်ရှိ သိုင်းပညာစင်မြင့်တစ်ခု၏ အပေါ်တွင် လူငယ်နှစ်ယောက် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ တစ်ယောက်မှာ လေလွင့်သိုင်းသမားဖြစ်ပြီး အခြားတစ်ယောက်မှာ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုမှ တပည့်တစ်ဦး ဖြစ်၏။
နှစ်ယောက်စလုံးသည် ကောင်းကင်လူသားကြီး အဆင့်၏ အထွတ်အထိပ်၌ ရှိကြသည်။ အသက်အရွယ်မှာ ၃၀အောက်သာ ရှိသေးရာ ထိုအဆင့်ရှိသည့် ခွန်အားမှာ ပါရမီရှင်ဟု ယူဆနိုင်၏။
သူတို့သည် ထိပ်တန်းပါရမီရှင်များ မဟုတ်လျှင်တောင် ပါရမီရှင်များ၏ အတိုင်းအတာအတွင်းသို့ ဝင်ရောက်နိုင်ဆဲ ရှိသည်။
"ဘုန်း.."
"ဝေါ့.."
လေလွင့်သိုင်းသမားမှာ လက်သီးချက်တစ်ချက်ဖြင့် လွင့်စင်သွားခဲ့၏။ သွေးတစ်လုတ်ကို အန်ထုတ်ကာ အရိုးများစွာ ကျိုးသွားခဲ့ပုံပေါ်ပြီး နောက်သို့ လွင့်ပျံသွားခဲ့သည်။
"ငါအရှုံးပေးတယ်.."
သူက အမြန်အော်၏။
လီကျိုးရှိ ပါရမီရှင်များအကြား ပြိုင်ပွဲသည် အမှန်တကယ်ကို ပြင်းထန်ပေမယ့် သေခြင်းရှင်ခြင်းဖြင့် အဆုံးသတ်စရာ မလိုပေ။ တစ်ဖက်က အရှုံးပေးလျှင် တိုက်ပွဲအား အဆုံးသတ်နိုင်၏။
သို့ပေမယ့် ၎င်းသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များ မဟုတ်မှသာလျှင် ဖြစ်ပွားလေ့ရှိသည်။
ထို့အပြင် ပါရမီရှင်များအကြား တိုက်ပွဲသည် လေလွင့်သိုင်းသမားများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များချည်း တိုက်ခိုက်ကြခြင်း မဟုတ်ပေ။ စိတ်ဝိဉာဉ်ဂိုဏ်းများ အတွင်းတွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိ၏။
ပါရမီရှင်ဇယား၌ နေရာတစ်ခု ရရှိစေရန်၊ ယှဉ်ပြိုင်ပွဲ၏ ဆုကြေးကို ရယူနိုင်ရန် စစ်မှန်သည့် ပြိုင်ဘက်များသည် စိတ်ဝိဉာဉ်ဂိုဏ်းများ အတွင်းမှ ပါရမီရှင်များ ဖြစ်ကြ၏။
ဘာပဲဖြစ်ဖြစ် လေလွင့်သိုင်းသမား ပါရမီရှင်များမှာ နည်းပါးလှသည်။ အများစုတို့သည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ ပါရမီရှင်များထက် အားနည်းကြ၏။
လေလွင့်သိုင်းသမားများသည် ကျင့်ကြံခြင်းအတတ်၊ သိုင်းပညာ၊ အတွေ့အကြုံ၊ လက်နက် အစရှိသဖြင့် နေရာအားလုံးတို့၌ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများထက် နိမ့်ကျကြသည်။
မျိုးဆက်စုံမဟာမိတ်အဖွဲ့က လေလွင့်သိုင်းသမားများဘက်မှ ဖြစ်ပေမယ့် သူတို့ကို သာမန် လေလွင့်သိုင်းသမားများကဲ့သို့ သတ်မှတ်လို့မရပေ။
စိတ်ဝိဉာဉ်နယ်မြေရှိ ဒေသ၁၈ခုတို့တွင် ယွီကျိုးနှင့် လော့ဒေသမှ လွဲ၍ အခြားဒေသများမှာ အလွန်စည်ကားသိုက်မြိုက်နေ၏။ ပါရမီရှင်များအကြား တိုက်ပွဲအား ခြိမ့်ခြိမ့်သည်းသည်း ကျင်းပနေပြီး ပါရမီရှင်များ အားလုံးတို့သည် တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေကြသည်။
အားလုံးတို့မှာ ကျော်ကြားမှုအတွက်၊ ပြိုင်ပွဲ၏ဆုကြေးအတွက်၊ ပိုမိုမြင့်မားသည့် အရင်းအမြစ်နှင့် ကျင့်စဉ်တို့အတွက် ဖြစ်၏။
မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် စိတ်ဝိဉာဉ်ဂိုဏ်းတို့အကြား သတ်ဖြတ်မှုမှာတော့ သာမန် ပါရမီရှင်များအနေနှင့် ဝင်ပါနိုင်သည့်အရာ မဟုတ်ပေ။ နောက်ဆုံးအနိုင်ရမှုသည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဌာနများအပေါ်တွင် မူတည်၏။
သူတို့၏ ပြင်းထန်သည့် တိုက်ပွဲမှာ ယခုအချိန်၌ စောလွန်းနေသေးသည်။ ဒီပါရမီရှင်များ၏ တိုက်ပွဲသည် သွေးနတ်ဆိုး၏ ကပ်ဘေး ပြီးဆုံးကတည်းက စိတ်ဝိဉာဉ်နယ်မြေ သိုင်းလောက၏ အကြီးမားဆုံး သိုင်းပွဲတော်ကြီးတစ်ခု ဖြစ်သည်။
အဓိကဂိုဏ်းကြီးများနှင့် လက်ရွေးစင် မိသားစုကြီးများ အားလုံးတို့သည် သူတို့၏ပါရမီရှင်များ ပိုမိုမြင့်မားသည့်အဆင့်နှင့် ပိုမိုကောင်းမွန်သည့် ဂုဏ်သတင်းကို ရရှိစေရန် အရင်းအမြစ် အားလုံးတို့ကို မြှုပ်နှံထားကြ၏။
ဤသည်မှာ ဂိုဏ်းများနှင့် မိသားစုကြီးများ ရယူနိုင်သည့် အရင်းအမြစ်နှင့် သြဇာအာဏာ ခွဲဝေမှုအတွက်လည်း အကျုံးဝင်သည်။
မျိုးဆက်စုံမဟာမိတ်အဖွဲ့ ထွက်ပေါ်လာခြင်း မရှိပင်လျှင် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ယှဉ်ပြိုင်ပွဲသည် နှစ်အနည်းငယ် ကြာပြီးနောက် ကျင်းပမှာဖြစ်၏။
လက်ရှိယှဉ်ပြိုင်ပွဲမှာ အချိန်စောသွားခြင်းသာ ရှိသည်။ ပြီးနောက် ပြိုင်ပွဲအတွင်းတွင် မျိုးဆက်စုံမဟာမိတ်အဖွဲ့နှင့် လေလွင့်သိုင်းသမား အားလုံးတို့အား ထည့်ပေါင်းလိုက်ခြင်းသာ ရှိ၏။
သရွှမ်၏ စည်ကားသိုက်မြိုက်သော ဒေသသို့ ရောက်ရှိပြီးနောက် မုန့်ချုံသည် နှောင့်နှေးနေခြင်းမရှိဘဲ စင်မြင့်ပေါ်ရှိ ပါရမီရှင်နှစ်ယောက်တို့၏ တိုက်ပွဲကို သွားရောက်ကြည့်ရှု့သည်။
နှစ်ဦးလုံးတွင် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့် ရှိပေမယ့် သူတို့၏ သိုင်းအဆင့်သည် တည်ငြိမ်ခြင်းမရှိဘဲ ခွန်အားမှာ အလွန်အားနည်းလွန်းလှသည်။
အပိုင်း ၅၄၃ - မုန့်ချုံ၏ ပေါ်ပေါက်လာမှု(၂)
ကြည့်လိုက်သည်နှင့် သူတို့၏ နောက်ခံအဖွဲ့အစည်းများက အရင်းအမြစ်များကို ပုံအောကာ အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ မကြာသေးခင်ကမှ ချိုးဖျက်ခိုင်းခဲ့သည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။
ထို့ကြောင့် သိုင်းအဆင့်သည် လုံလောက်စွာ အခြေခိုင်မှုမရှိပေ။ သို့ပေမယ့် ယှဥ်ပြိုင်ပွဲအား အသုံးချကာ အခြေခံအား ပြည့်စုံစွာ သိပ်သည်းအောင် ပြုလုပ်သူများလည်း ရှိသည်။
ထိုပါရမီရှင်တို့နှင့် ပတ်သက်ပြီး မုန့်ချုံတွင် မည်သည့်စိတ်ဝင်စားမှုမှ မရှိပါ။ သူ၏ပစ်မှတ်မှာ အံ့ဖွယ်သုံးပါးမျှော်စင်၏ ပါရမီရှင် ဝူထူဖြစ်၏။ ဝူထူပြီးလျှင် ဒုတိယပစ်မှတ်မှာ ပေါင်ရှန်းဖြစ်သည်။ အကယ်၍ လုယီက စင်ပေါ်သို့တက်ကာ စိန်ခေါ်လာလျှင်လည်း မုန့်ချုံအနေနှင့် လက်ခံမှာ ဖြစ်၏။
သူ၏ လင်းနယ်မြေသို့ ခြေဆန့်ခဲ့သည့် ခရီးစဉ်သည် ပါရမီရှင်အားလုံးတို့အား စိန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်၏။
'တိုက်ပွဲကနေပြီးတော့ သိုင်းပညာအခြေခံကို တည်ဆောက်တာက သိသာတဲ့ ထိရောက်မှုတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် သိုင်းသမားတွေဆိုတာ တိုက်ပွဲတွေကနေ ကြီးထွားဖို့အတွက် လိုအပ်တယ်။ သိုင်းပညာအသီးသီးကို ရင်ဆိုင်ရမယ်။ အဲ့ဒါမှ သိုင်းပညာရဲ့ စစ်မှန်တဲ့အနှစ်သာရကို ဉာဏ်အလင်းရနိုင်မယ်။ အဲ့ဒီ့နည်းနဲ့ သိုင်းပညာအတွေ့အကြုံတွေကို စုဆောင်းနိုင်တယ်..'
မုန့်ချုံက စဉ်းစားသည်။ စီနီယာအစ်ကိုကြီး၏ နည်းလမ်းသည် မှန်ကန်မှုရှိ၏။ သူသည် မသေခြင်း ရွှေခန္ဓာ၏ ပထမအဆင့်သို့သာ ရောက်ရှိသေးပြီး ပြီးပြည့်စုံမှုရရန် အလှမ်းကွာနေသေးသည်။
ဒီတိုက်ပွဲများမှတစ်ဆင့် အခြေခံကို လျှင်မြန်စွာ တည်ဆောက်ပြီး အဆင့်ချိုးဖျက်နိုင်မည်ဟု ယုံကြည်ချက်ရှိ၏။
ထို့အပြင် ရန်သူ၏ တိုက်ခိုက်မှုများကို အသုံးပြုကာ ကောင်းကင်တူ၁၀၀ သန့်စင်ခြင်း အတတ်ကို အသုံးပြုကာ မသေခြင်းရွှေခန္ဓာ၏ အဆင့်မြင့်တက်မှု အမြန်နှုန်းကို မြှင့်တင်နိုင်ပါသည်။
စင်မြင့်ပေါ်ရှိ တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့၏။ နှစ်ဖက်လုံးသည် တူညီစွာ ဒဏ်ရာများရရှိခဲ့ပြီး မည်သူမှ အရေးသာခြင်း မရှိပေ။
ထိုအချိန်၌ ကောင်းကင်ပေါ်မှ အေးစက်သည့် အလင်းတစ်ခု သက်ဆင်းလာ၏။ သိုင်းစင်မြင့်ပေါ်သို့ ဆေဘာဓားတစ်ချောင်း စိုက်ကျလာပြီး ဓား၏ မျက်နှာပြင်ပေါ်တွင် ပတ်ဝန်းကျင်အား ရောင်ပြန်ဟပ်နေသည်။
ကောင်းကင်မှ ပုံရိပ်တစ်ခု ကျဆင်းလာပြီး သူသည် ဆေဘာဓား၏ ဓားရိုးပေါ်တွင် ခြေတစ်ဖက်ဖြင့် ရပ်လိုက်၏။
"ဝူထူ ရောက်လာပြီ.."
"ဒီတစ်ခေါက် လီကျိုးရဲ့ မဟာမိတ်အဖွဲ့က ဘယ်သူ့ကို ရင်ဆိုင်မှာလဲ.."
"ဖြစ်နိုင်တာက ဘယ်သူမှ စိတ်မခေါ်ရဲတာများလား... မနေ့ကလည်း သူ့ကိုဘယ်သူမှ မတိုက်ခိုက်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် လေလွင့်သိုင်းသမားတွေက အဲ့လောက် စွမ်းအားကြီးတာ မဟုတ်ဘူး။ ဝူထူက အံ့ဖွယ်သုံးပါးမျှော်စင်ရဲ့ ပါရမီရှင်သုံးယောက်ထဲက တစ်ယောက်ဖြစ်ပြီး ဆေဘာပညာကို ကျင့်ကြံတယ်.."
"ဘာပဲဖြစ်ဖြစ် အံ့ဖွယ်သုံးပါးမျှော်စင်က သိုင်းတစ်ထောင်ခန်းမရဲ့ လက်အောက်ခံ ဂိုဏ်းတစ်ခုပဲ။ ဝူထူရဲ့ပါရမီနဲ့၊ ခွန်အားနဲ့ဆိုရင် နောင်မှာ သိုင်းတစ်ထောင်ခန်းမဆီကို ဝင်ရောက်နိုင်လောက်မှာ။ လေလွင့်သိုင်းသမားတွေက ဘယ်လိုလုပ်ပြီး သူ့ကိုနှိုင်းယှဉ်နိုင်မှာလဲ.."
ပတ်ဝန်းကျင်ရှိ သိုင်းသမားများက တစ်ယောက်နှင့်တစ်ယောက် တီးတိုးစွာ ပြောကြသည်။ ဝူထူသည် အံ့ဖွယ်သုံးပါးမျှော်စင်၏ ပါရမီရှင်တစ်ယောက် ဖြစ်၏။ ယခုအချိန်၌ သူသည် ဓားရိုးပေါ်၌ရပ်နေပြီး လီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့အား လှောင်ပြောင်သည့် အပြုံးဖြင့် ကြည့်သည်။
"ဘာလဲ... ဒီနေ့ရော ငါ့ကိုတိုက်ခိုက်ဖို့ ဘယ်သူမှ မရှိဘူးလား... ဒါမှမဟုတ်ရင် မင်းတို့တွေ လက်လျှော့ပြီး သရွှမ်မြို့ကနေ ထွက်သွားကြလေ.."
လီကျိုးမဟာမိတ်အဖွဲ့ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ၏ မျက်နှာများက ညှို့မှိုင်းသွားကြသည်။
"ကျွန်တော် သူ့ကို သွားရင်ဆိုင်မယ်.."
ရှည်လျားသည့် ဆေဘာတစ်ချောင်းကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက်က မခံမရပ်နိုင်ဖြစ်ကာ ရှေ့သို့တက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်သည်။
သူ့အနေနှင့် ရှုံးနိမ့်ခဲ့လျှင်တောင် အကြောက်တရားတို့ပြသပြီး စိန်ခေါ်မှုကို လက်မခံရဲတာမျိုး မလိုချင်ပေ။
သို့ရာတွင် သူစင်ပေါ်သို့ မရောက်ခင်၌ လူအုပ်ထဲမှ ကြံ့ခိုင်ထွားကြိုင်းသည့် လူတစ်ယောက် ရုတ်တရက် တက်လာကြောင်းကို တွေ့လိုက်ရသည်။
"သူက ဝူထူကို စိန်ခေါ်မလို့လား... သေချင်နေတာလား.."
ကြည့်ရှု့နေကြသည့် သိုင်းသမားများက မှင်သက်သွားကြ၏။ ဒီကတုံးပြောင်နှင့် လူငယ်သည် သာမန် လေလွင့်သိုင်းသမားတစ်ယောက်သာ ဖြစ်ဟန်တူ၏။ သူက ဝူထူကို အမှန်တကယ် စိန်ခေါ်မည်လား။
မုန့်ချုံသည် စင်ပေါ်သို့ တိုက်ရိုက် တက်ရောက်သွား၏။ သရွှမ်မြို့တွင် သိုင်းသမားများစွာ ရှိပါသည်။ သူသည် လင်းနယ်မြေတလျှောက် လျှောက်သွားနေစရာ မလိုသည့် ကောင်းမွန်သည့် နည်းလမ်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်၏။ သရွှမ်မြို့တွင် နေထိုင်ကာ စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များအားလုံးကို တစ်ခါတည်း စိန်ခေါ်မည် ဖြစ်သည်။
ဝူထူ၏ မျက်နှာက အေးစက်သွားသည်။ ဒီလေလွင့်သိုင်းသမားသည် အသက်ရှင်ရတာ ပင်ပန်းနေသည်ပင်။
"မင်းက ငါ့ကို စိန်ခေါ်တာလား.."
သူ၏မျက်နှာပေါ်၌ အေးစက်သည့် အပြုံးတစ်ခု ပေါ်လာပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒတို့ မြင့်တက်လာခဲ့၏။
"ဟုတ်တယ်.."
မုန့်ချုံက ခေါင်းငြိမ့်သည်။
ဝူထူက လေထဲသို့ ခုန်တက်သွားရင်းမှ လက်ကိုမြှောက်လိုက်ချိန်၌ ဆေဘာက သူ၏လက်ထဲသို့ ပျံတက်လာခဲ့သည်။
"ငါ့ကိုစိန်ခေါ်တဲ့ ဘယ်သူမဆို အရှုံးပေးဖို့ အခွင့်အရေး မရှိဘူး။ ငါသေရင်သေ မဟုတ်ရင် စိန်ခေါ်တဲ့လူ သေရမယ်.."
"မင်းငါ့ကို စိန်ခေါ်ချင်သေးလား.."
မုန့်ချုံက မှင်သက်သွားသည်။ သူက ကတုံးပြောင်ကို ကုပ်ရင်းက အံ့သြစွာမေး၏။
"မင်းက သေချင်နေတာလား.."
ပတ်ဝန်းကျင်ရှိ သိုင်းသမားများ "..."
ဒီကတုံးပြောင်နှင့် လူငယ်သည် တစ်ဖက်လူ၏ စကားကို နားမလည်ပေဘူးလား။
ဝူထူမှာ ပေါက်ကွဲလုမတတ် ဖြစ်သွားပြီး ဒေါသတကြီးပြောသည်။
"သေချင်နေတာက မင်းပဲ... မင်းက သေချင်နေတယ် ဆိုမှတော့ ငါက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့.."
မုန့်ချုံက လက်တစ်ဖက်ဖြင့် ဆေဘာကိုကိုင်ကာ လက်တစ်ဖက်ဖြင့် ခေါင်းကိုပွတ်သည်။
"မင်းက သိုင်းတစ်ထောင်ခန်းမရဲ့ လက်အောက်က အံ့ဖွယ်သုံးပါးမျှော်စင်ရဲ့ တပည့်တစ်ယောက် ဖြစ်ပေမယ့် ငါတို့ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ရန်ကြွေးမရှိဘူးလေ။ ဒီအတိုင်း ယှဉ်ပြိုင်ရုံပဲကို။ သူသေကိုယ်သေ တိုက်ခိုက်နေရင် အရမ်းကြီး လွန်ရာမကျဘူးလား.."
သရွှမ်မြို့၏ ယှဉ်ပြိုင်ပွဲတွင် သေခြင်းရှင်ခြင်းအခြေအနေတို့ ပေါ်ပေါက်လာနိုင်ပေမယ့် တိုက်ခိုက်သည်နှင့် သတ်ဖြတ်ရန် စိတ်ကူးမရှိကြပါ။
သို့ရာတွင် ကြည့်ရသည်မှာ ဝူထူသည် သေချင်နေပုံရ၏။ ထို့ကြောင့် သူကလည်း တစ်ဖက်လူ၏ဆန္ဒကို ဖြည့်ဆည်းပေးရ ပေတော့မည်။
"မင်း သေမှာကြောက်နေတယ်ဆိုရင် ဆင်းသွား.."
ဝူထူက ဒေါသတကြီး အော်၏။
"မင်းက တကယ် သေချင်နေတာပဲ...ဒါဆိုရင်လည်း ငါကမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့.."
မုန့်ချုံက လေးနက်စွာ ကြည့်သည်။
ပြီးနောက် သူသည် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ကြည့်ရှု့နေသူများကို ခေါင်းလှည့်ကြည့်ကာ နက်ရှိုင်းစွာ ပြောသည်။
"ငါသူ့ကို ပြာအဖြစ် ပြောင်းပေးလိုက်ရင် စည်းမျဉ်းကို ချိုးဖျက်ရာကျလား.."
ပတ်ဝန်းကျင်ရှိ သိုင်းသမားများ "..."
သူသည် ပါးစပ်ဖွင့်လိုက်သည်နှင့် ဝူထူအား ပြာအဖြစ်ပြောင်းလဲချင်နေလေသည်။ ဒီကတုံးပြောင်သည် အလွန်ရက်စက်လှသည်လား။
"အဲ့ဒါက စည်းမျဉ်းတွေကို မချိုးဖျက်ဘူး။ ရန်သူရဲ့အလောင်းကို အကောင်းပကတိအတိုင်း ထားခဲ့ရမယ်လို့ ဘာစည်းမျဉ်းမှ မရှိဘူး.."
လီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲ ခေါင်းဆောင်က နှုတ်ခမ်းထောင့်များ တွန့်ကွေးစွာဖြင့် ပြောသည်။ အံ့ဖွယ်သုံးပါးမျှော်စင် သခင်၏မျက်နှာက ပိုမိုကာပင် မဲမှောင်သွား၏။
ဝူထူက တစ်ဖက်လူအား အလွန်သတ်ဖြတ်ချင်နေပြီး အံကိုကြိတ်ကာ ပြောသည်။
"ငါမင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်း ခုတ်ပိုင်းပစ်မယ်.."
သူသည် ဆေဘာကိုမြှောက်ကာ ရန်သူကို ကြမ်းကြုတ်စွာဖြင့် သတ်ဖြတ်ရန် အဆင်သင့် ဖြစ်နေပါပြီ။
ထိုအချိန်၌ မုန့်ချုံက လက်ကိုမြှောက်ကာ ပြော၏။
"နေဦး.."
"မင်းမှာ နောက်ဆုံးစကား ရှိသေးလို့လား။ အဲ့ဒါဆို အခုပြောထား.."
ဝူထူက အေးစက်စွာ ပြောသည်။
မုန့်ချုံ၏ပုံက လေးနက်သွား၏။ ဆေဘာကို ကိုင်ရင်းက ပြောသည်။
"ငါ့ကိုယ်ငါ မိတ်မဆက်ရသေးဘူး... မင်းလည်း မင်းကိုသတ်မှာက ဘယ်သူဆိုတာကို မသိဘဲနဲ့ မသေချင်လောက်ဘူးမလား..."
သိုင်းသမားအုပ်စု "..."
ဝူထူ၏ မျက်လုံးများက သွေးရောင်လွှမ်းလာပြီး သူ၏ဆေဘာမှ ပြင်းထန်သည့် ဆေဘာအလင်းတစ်ခု ထွက်ပေါ်လာကာ ကြီးမားသည့် အရှိန်အဝါတို့ ဖြန့်ကျက်လာခဲ့သည်။ ဦးခေါင်းထက်တွင်ပင် ဆေဘာသဏ္ဍာန် စွမ်းအင်တစ်ခု ပေါ်လာ၏။
"ငါ့ရဲ့ စီနီယာအစ်ကိုက ဓားနတ်ဘုရားပဲ။ ဓားသိုင်းတွေအားလုံးကို အုပ်စိုးတယ်။ ငါကတော့ ဆေဘာ လမ်းစဉ်ကို ကျင့်ကြံတယ်။ ငါကလောကကြီးမှာ အစွမ်းအထက်ဆုံး ဆေဘာ ကိုင်ဆောင်သူပဲ။ အဲ့တော့ ငါ့ရဲ့နာမည်ကိုလည်း ဆေဘာအရှင်သခင်လို့ အမည်ပေးလိုက်မယ်.."
ထိုကဲ့သို့ တွေးမိပြီးနောက် မုန့်ချုံက ဆေဘာဓားရိုးကို လက်နှစ်ဖက်ဖြင့်ဆုပ်ကာ ဦးညွှတ်ရင်းက ပတ်ဝန်းကျင်ရှိ သိုင်းသမားများကို လေးစားစွာဖြင့် လေးနက်စွာပြောသည်။
"ကျွန်တော် ဆေဘာအရှင်သခင် မုန့်ချုံက ဆေဘာတာအိုလောကမှာ ပြိုင်ဘက်ကင်းသူပါ.."
အခြား သိုင်းသမားများအားလုံးမှာ ကြောင်တောင်သွားကြ၏။ ဒီလေလွင့်သိုင်းသမားသည် မည်သည့်နေရာမှ ရောက်ရှိလာခဲ့သနည်း။ ရူးသွပ်စရာကောင်းလောက်အောင် မောက်မာပြီး ဆေဘာတာအိုလောကတွင် အသန်မာဆုံးဟုတောင် ဆိုနေလေသည်။
ထို့အပြင် ဝူထူ၏ရှေ့တွင် ထိုစကားကို ပြောခဲ့ခြင်းဖြစ်၏။ သိထားရမည်မှာ အံ့ဖွယ်သုံးပါးမျှော်စင်၏ အကြွင်းမဲ့ပညာရပ် သုံးခုထဲမှ တစ်ခုမှာ ဆေဘာပညာဖြစ်သည်။ လီကျိုး၏ အကောင်းဆုံး ဆေဘာပညာသည် အံ့ဖွယ်သုံးပါးမျှော်စင်၌ ရှိ၏။
"မောက်မာတဲ့အရူးကောင်... သေလိုက်တော့.."
ဝူထူမှာ သူ၏ဒေါသကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ဆေဘာကို ဝှေ့ရမ်းလိုက်သည်။ ကြောက်စရာကောင်းကာ အနှိုင်းမဲ့သည့် ဆေဘာဓားချက်က မုန့်ချုံဆီသို့ ပြေးဝင်သွား၏။
"ဒင်.."
မုန့်ချုံလည်း သူ၏ဆေဘာကို လွှဲရမ်းလိုက်သည်။ တည်ငြိမ်ကာ မြန်ဆန်ပြီး ဝူထူ၏ တိုက်ခိုက်မှုကို အလွယ်တကူ ချိုးဖျက်သွား၏။
ဝူထူ၏မျက်နှာက ချက်ချင်းပင် ညှို့မှိုင်းသွားသည်။ မုန့်ချုံမှာ သာမန်ရန်သူတစ်ယောက် မဟုတ်ဟု နားလည်လိုက်၏။ သူသည် တစ်ဖက်လူအား အထင်သေးရဲခြင်း မရှိဘဲ သူ၏ ဆေဘာသိုင်းပညာကို အဆုံးစွန်အထိ ပြသကာ အားကုန်တိုက်ခိုက်သည်။
မုန့်ချုံမှာ သူ၏ဆေဘာကို ကိုင်ဆောင်ရင်းက မသေခြင်းရွှေခန္ဓာ သို့မဟုတ် မည်သည့် ဆေဘာဆန္ဒကိုမှ ပြသခြင်းမရှိပေ။ သူသည် သန့်စင်သည့် ဆေဘာပညာဖြင့်သာ ဝူထူကို တိုက်ခိုက်၏။ သူ၏ ဆေဘာချီသည် ကြီးစိုးပြီး အနှိုင်းမဲ့သည်။ နောက်မတွန့်မှုနှင့် ရဲရင့်မှုတို့မှာ နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။
"ဒီကတုံးက အရမ်း စွမ်းအားကြီးတယ်.."
ကြည့်ရှု့နေကြသည့် သိုင်းသမားများမှာ မနေနိုင်ဘဲ အံ့ဩသွားကြ၏။ အံ့ဖွယ်သုံးပါးမျှော်စင်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များမှာလည်း လေးနက်သွားကြသည်။
ဒီကတုံး၏ ဆေဘာပညာသည် အလွန်လက်ရာမြောက်ကာ အပြောင်းအလဲ များပြား၏။ ရံဖန်ရံခါတွင် ကြီးစိုးပြီး ရမ်းဖန်ရံခါတွင် လေပြင်းကဲ့သို့ရှိကာ ရံဖန်ရံခါတွင် လေညင်းကဲ့သို့လည်း ညင်သာလှသည်။ သူ၏ ဆေဘာပညာသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။
ဝူထူ၏ မျက်နှာက တဖြည်းဖြည်းနှင့် ညှို့မှိုင်းလာကာ ထိတ်လန့်၍ပင် လာခဲ့သည်။ ဒီလေလွင့်သိုင်းသမား၏ ဆေဘာပညာသည် အဘယ်ကြောင့် အလွန် နက်နဲနေရသနည်း။ အမှန်တကယ်ကို စဉ်းစားကြည့်ရန် ခက်ခဲလှသည်။ ထိုသူ၏နောက်တွင် အထွတ်အထိပ် ဆေဘာပညာရှင်တစ်ယောက် ရှိရပေလိမ့်မည်။
"မင်းက ငါနဲ့တိုက်ခိုက်ဖို့ ထိုက်တန်တယ်.."
ဝူထူက ပြောသည်။ သူ၏ ဆေဘာကို ဝှေ့ရမ်းလိုက်ပြီးနောက် လျှပ်တပြက်အတွင်း ဆေဘာအလင်းက ထွက်ပေါ်လာ၏။
၎င်းသည် တောက်ပကာ လှပသည်။ မည်သည့်ကြီးစိုးသည့် အငွေ့အသက်မှ မရှိသလို ကြမ်းကြုတ်မှုလည်း မရှိပေ။ အဲ့ဒီ့အစား ရေလှိုင်းကဲ့သို့ ညင်သာကာ ဆေဘာအလင်းသည် ဆက်တိုက်စီးဆင်းနေ၏။ သို့ရာတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒမှာတော့ အထူး ထက်မြစွာ ပုန်းအောင်းနေပါသည်။
မုန့်ချုံ၏ မျက်နှာက လေးနက်သွားသည်။ ဝူထူ၏ ဆေဘာသိုင်းတွင် သူ့အစွမ်းနှင့်သူ ရှိ၏။ သူသည် တည်ငြိမ်စွာဖြင့် ဆေဘာကို တစ်ချက်ပြီးတစ်ချက် လွှဲရမ်းလိုက်သည်။ ဓားချက်တိုင်းသည် ရိုးရှင်း၏။ သို့ပေမယ့် ဝူထူ၏ ဆေဘာအလင်းမှ အားနည်းချက်ဆီသို့ အမြဲတမ်းသွားရောက်ထိမှန်သည်။ သေစေနိုင်သည့် တိုက်ခိုက်မှုများကို ပျက်စီးစေ၏။
ဝူထူမှာ ပိုမိုတိုက်ခိုက်လေလေ ပိုမိုအံ့သြလေ ဖြစ်လာခဲ့သည်။ သူသည် ယခုအချိန်၌ အံ့ဖွယ်သုံးပါး မျှော်စင်မှ အစွမ်းထက်ဆုံး ဆေဘာသိုင်းကို အသုံးပြုနေခြင်းဖြစ်၏။ သိုင်းတစ်ထောင်ခန်းမရှိ သိုင်းပညာများ အတွင်းတွင်ပင် ထိုအတတ်သည် ထိပ်တန်း၁၀ခု၌ ပါဝင်၏။
သို့ရာတွင် မုန့်ချုံ၏မျက်လုံးထဲတွင် အားနည်းချက်တို့ ပြည့်နက်နေဟန် ရသည်။ သေစေနိုင်သည့် ဓားချက်များကို အလွယ်တကူ ဖြေရှင်းလေ့ရှိ၏။
"ဘုန်း.."
ဆေဘာချီက ရုတ်တရက် ကြမ်းတမ်းလာခဲ့သည်။ ဝူထူသည် မာန်ပြုစွာ အော်ရင်းက သူ၏ ဆေဘာပညာမှာ ရုတ်တရက် ပြောင်းလဲသွား၏။ မုန်တိုင်းကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်ကာ ရူးသွပ်နေသကဲ့သို့ ထိုးစစ်ဆင်လာခဲ့သည်။
သိုင်းစင်မြင့် တစ်ခုလုံးသည် ဆေဘာချီဖြင့် ဖုံးလွှမ်းလာခဲ့၏။ မြင့်တက်နေသည့် ဆေဘာချီများ၏ အထက်တွင် ပုန်းအောင်းနေသည့် တောက်ပသည့် ဆေဘာအလင်းမှာ ပိုမိုကာပင် အန္တရာယ်များလှသည်။
မုန့်ချုံ၏ပုံစံမှာ ပျော်ရွှင်မှု ဝမ်းနည်းမှု မရှိပေ။ ဆေဘာချီ တစ်ခုပြီးတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နေ၏။ ဆေဘာအလင်းပင်လျှင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ ခုတ်ပိုင်းလာခဲ့သေးသည်။
သို့ပေမယ့် သူသည် ေရှာင်ရှားခြင်း မရှိပါ။ ကောင်းကင်တူအတတ်ကို အသက်သွင်းထား၏။
ပြီးနောက် ဆေဘာကို ဝှေ့ရမ်းကာ ဝူထူ၏ တိုက်ခိုက်မှုကို လျှပ်တပြက် ဖျက်ဆီးပြီး ကွာဟချက်တစ်ခုကို ဖန်တီးလိုက်သည်။ တစ်ဖက်လူအပေါ် ပိုမိုကြီးမားသည့် ဖိအားပေးကာ ပိုမိုအစွမ်းထက်သည့် တိုက်ကွက်များကို ထုတ်လွှတ်စေချင်၏။
အံ့ဖွယ်သုံးပါး မျှော်စင်၏ သခင်က ရုတ်တရက် မတ်တပ်ရပ်သည်။ သူ၏မျက်နှာက အထူး မဲမှောင်နေ၏။ ဝူထူသည် ရှုံးနိမ့်တော့မည့်ဟန် ရသည်။
ဤသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။ သို့ပေမယ့် တကယ်လက်တွေ့ အဖြစ်အပျက်က မျက်စိရှေ့တွင် ဖြစ်ပွားခဲ့သည်။
ဝူထူမှာ ရူးသွပ်လုနီးပါး အခြေအနေသို့ ဝင်ရောက်နေပြီးဖြစ်၏။ သူသည် သူ၏ အစွမ်းထက်ဆုံး ဆေဘာအတတ်ကို အသုံးပြုထားကာ ကျင့်စဉ်ကို အဆုံးစွန်အထိ မြှင့်တင်ထားသည်။
မုန့်ချုံမှာတော့ တည်ငြိမ်အေးဆေးနေဆဲ ရှိ၏။ အခြေအနေကို အလွယ်တကူ ကိုင်တွယ်နိုင်လေသည်။
ဆေဘာချီ တစ်ခုပြီးတစ်ခုသည် သူ့ဆီသို့ ထိမှန်နေပုံပေါ်ပေမယ့်၊ ဆေဘာအလင်း တစ်ခုပြီးတစ်ခုသည် တစ်ချက်ပြီးတစ်ချက် ဖြတ်တောက်သွားပုံ ပေါ်ပေမယ့် အမှန်တကယ် ထက်မြကာ သေစေနိုင်သည့် တိုက်ခိုက်မှုများ အားလုံးမှာ ပျက်စီးသွားရသည်။
ကျန်ရှိသည့် တိုက်ခိုက်မှုများသည် တစ်ဖက်လူအပေါ် လုံးဝ ထိခိုက်စေနိုင်ခြင်း မရှိပေ။ သူတို့၏ ခွန်အား ခြားနားချက်သည် ရှင်းလင်းစွာပင် ပေါ်လာပြီးဖြစ်၏။