အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
အပိုင်း ၅၄၄ - တစ်ယောက်တည်းနှင့် အံ့ဖွယ်သုံးပါးမျှော်စင်အား ရင်ဆိုင်ခြင်း
သိုင်းပညာစင်မြင့်ပေါ်တွင် ဝူထူသည် သူ၏ကျင့်စဉ်ကို အဆုံးစွန်အထိ မြှင့်တင်ထားပြီး အပြင်းအထန် တိုက်ခိုက်နေကာ အသန်မာဆုံး အခြေအနေသို့ ရောက်ရှိနေပါသည်။ သို့ရာတွင် မုန့်ချုံမှာ တည်ငြိမ်အေးဆေးနေဆဲ ရှိ၏။
အံ့ဖွယ်သုံးပါးမျှော်စင်၏ အရှင်သခင် မျက်နှာက ညှို့မှိုင်းသွားသည်။ ဝူထူသည် ရှုံးနိမ့်တော့မည်လား။ ဤသည်မှာ အံ့ဖွယ်သုံးပါးမျှော်စင်၏ ဂုဏ်သတင်းအား ထိခိုက်စေနိုင်သည့် ကိစ္စတစ်ရပ် ဖြစ်သည်။ စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေ၏။
လီကျိုးရှိ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်များကို အနိုင်ယူပြီးရုံရှိသေး လေလွင့်သိုင်းသမားတစ်ယောက်၏ စော်ကားမှုကို ခံခဲ့ရတော့မည်လား။
သူ၏လက်ချောင်းများက ရွေ့လျားသွားပြီး တိုက်ပွဲဆီသို့ ဝင်ရောက်ချင်နေလေသည်။ သို့ပေမယ့် လီကျိုးမဟာမိတ်ခေါင်းဆောင်၏ သူ့အား အပြုံးတစ်ခုဖြင့် ကြည့်နေသည့် မျက်နှာကို တွေ့ရပြီးနောက် ရပ်တန့်သွား၏။
တစ်ဖက်လူသည် သူ၏ ဝင်ပါမှုအား စောင့်စားနေဟန် ရသည်။ နှလုံးသားထဲ၌ လေးလံသွားပြီး သိုင်းတစ်ထောင်ခန်းမက မှာကြားခဲ့သည့် စကားများကို အမှတ်ရကာ စိတ်အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။
စိတ်ဝိဉာဉ်ဂိုဏ်းများသည် ပါရမီရှင်များပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ပထမဆုံး ချိုးဖျက်သူများ မဖြစ်ရပေ။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကိုသာ ချိုးဖျက်စေရန် ဖိအားပေးနိုင်၏။
ထိုကိစ္စ၏ နောက်ကွယ်တွင် မည်သည်တို့ ပါဝင်နေသနည်း ဟူသည်အား သူ့အနေနှင့် သိရှိခြင်းမရှိပေ။
သို့ပေမယ့် အထက်ရှိဂိုဏ်းက အမိန့်ပေးထားရာ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို အထက်ဂိုဏ်းများပင် အရေးတယူ ထားရသည်ဟု ဆိုလိုသည်ပင်။
ခဏတာစဉ်းစားပြီးနောက် အံ့ဖွယ်သုံးပါးမျှော်စင်အရှင်သခင်သည် ပြန်ထိုင်သွားပြီး မုန့်ချုံအားပြော၏။
"မုန့်ချုံ... ငါက အံ့ဖွယ်သုံးပါးမျှော်စင်ရဲ့ ခေါင်းဆောင်ပဲ။ မင်းရဲ့အနှိုင်းမဲ့တဲ့ သိုင်းပညာပါရမီနဲ့ ပြောင်မြောက်တဲ့ ဆေဘာပညာကို တွေ့မြင်ရပြီးတဲ့နောက်မှာ ဆေဘာတာအိုရဲ့ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာကို သိလိုက်ရတယ်။ မင်း ငါတို့ အံ့ဖွယ်သုံးပါးမျှော်စင်ကို ဝင်ရင်ရော.."
"မင်းသာ ငါတို့ဆီကို ဝင်မယ်ဆိုရင် ဆေဘာတာအိုရဲ့ နံပါတ်တစ်ပါရမီရှင်ဆိုတဲ့ ဘွဲ့ထူးက မင်းရဲ့အပိုင် ဖြစ်လာလိမ့်မယ်။ ပြီးတော့ ငါမင်းကို အထက်က သိုင်းတစ်ထောင်ခန်းမကိုလည်း ဝင်ရောက်နိုင်ဖို့ ထောက်ခံပေးနိုင်တယ်.."
"မင်းသာ သိုင်းတစ်ထောင်ခန်းမ အတွင်းကို ဝင်ရောက်ပြီးပြီဆိုရင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုရဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်.."
အံ့ဖွယ်သုံးပါးမျှော်စင် အရှင်သခင်၏ အမြင်တွင်လေလွင့်သိုင်းသမား တစ်ယောက်သည် ဘယ်လိုလုပ်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားတစ်ယောက်ဖြစ်လာရန် ဆွဲဆောင်ချက်ကို တောင့်ခံနိုင်မည်နည်း။
အထူးသဖြင့် သိုင်းတစ်ထောင်ခန်းမကဲ့သို့ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ ပါရမီရှင် ဖြစ်လာနိုင်မည့် အခွင့်အရေး ဖြစ်သည်။
မုန့်ချုံက မျက်ခုံးများ မြင့်တက်သွား၏။ သိုင်းစင်မြင့်၏ အပြင်ဘက်ရှိ အံ့ဖွယ်သုံးပါးမျှော်စင်၏ အရှင်သခင်ကို ခေါင်းလှည့်ကြည့်သည်။
သူ၏အကြည့်ကို တွေ့ရပြီးနောက် အံ့ဖွယ်သုံးပါးမျှော်စင်၏ အရှင်သခင်က ချက်ချင်းပင် ပြုံးပြ၏။ အနည်းငယ်ခေါင်းငြိမ့်ကာ မုန့်ချုံကို ဝင်ရောက်လာရန်အတွက် မျှော်လင့်နေမိသည်။
ထိုပုံကို တွေ့ရပြီးနောက် လီကျိုးရှိ မဟာမိတ်ခေါင်းဆောင်မှာ နှလုံးသားထဲတွင် လေးလံသွား၏။ သူ၏ မျက်စိရှေ့တွင်ပင် တစ်ဖက်လူသည် လေလွင့်သိုင်းသမားတစ်ယောက်အား မြှားယူနေလေသည်။
မကောင်းတော့ပေ။
မုန့်ချုံသာ အံ့ဖွယ်သုံးပါးမျှော်စင် အတွင်းသို့ အမှန်တကယ် ဝင်ရောက်သွားပါက သူတို့အတွက် သေချာပေါက် သတင်းဆိုးဖြစ်၏။
ထို့အပြင် လေလွင့်သိုင်းသမား အများစုသည် စိတ်ဝိဉာဉ်ဂိုဏ်းများအတွင်းသို့ ဝင်ရောက်ကာ နိမ့်ကျသည့် သိုင်းသမားများအဖြစ်မှ မြင့်တက် လိုကြသည်။ လူနည်းစုသာလျှင် ထိုဆွဲဆောင်ချက်ကို တောင့်ခံနိုင်၏။
သူသည် မုန့်ချုံကို စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုဖြင့် ညှိနှိုင်းမှု ပြုလို၏။ သေချာမှုရှိစေရန် ရတနာများကိုပင် ပေးအပ်ရန် အဆင်သင့် ဖြစ်နေပါပြီ။
ထိုအချိန်၌ မုန့်ချုံက အေးစက်စွာရယ်၏။ ပြီးနောက် မူလက တည်ငြိမ်စွာ တိုက်ခိုက်နေရာမှ ရုတ်တရက် ဆေဘာဓားချက် တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကြီးစိုးကာအနှိုင်းမဲ့သည့် ဆေဘာဓားချက်သည် ဆေဘာစွမ်းအင် အလွှာများနှင့် ဆေဘာအလင်းများကို ဖြတ်သန်းကာ ဝူထူ၏လက်ထဲရှိ ဆေဘာအား လွင့်စင်သွားစေ၏။
ဓား၏ မြေပြင်ပေါ်သို့ ကျဆင်းမှုနှင့်အတူ ဝူထူမှာ ပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။
အံ့ဖွယ်သုံးပါးမျှော်စင်၏ အရှင်သခင်မျက်နှာမှာ ချက်ချင်းပင် မဲမှောင်သွား၏။ သတ်ဖြတ်ချင်စိတ်တို့ မြင့်တက်လာပြီး နေရာမှ မတ်တပ်ရပ်ကာ မုန့်ချုံကို စူးစိုက်စွာကြည့်သည်။
သိုင်းပညာစင်မြင့်ပေါ်တွင် မုန့်ချုံက ဆေဘာကို ကိုင်ရင်းက မတ်တပ်ရပ်ကာ တိုက်ပွဲမှရရှိလာသည့် အတွေးအမြင်များကို သုံးသပ်နေ၏။ အံ့ဖွယ်သုံးပါးမျှော်စင် အရှင်သခင်၏ သတ်ဖြတ်လိုမှုကိုတော့ သူ့အနေနှင့် ဂရုစိုက်ခြင်း မရှိပေ။
လီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ မဟာမိတ်ခေါင်းဆောင်က ပြုံးသည်။ သူသည် အံ့ဖွယ်သုံးပါးမျှော်စင်၏ အရှင်သခင်ကိုကြည့်ကာ အသာပြော၏။
"ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲမှာ စည်းမျဉ်းရှိတယ်... မင်းကိုမင်း ဝင်ပြီးတော့ တိုက်ခိုက်ချင်တယ်လို့တော့ မပြောနဲ့နော်.."
"ဟန့်.."
အံ့ဖွယ်သုံးပါးမျှော်စင်၏ အရှင်သခင်က ပြန်ထိုင်သွားပြီး ညှို့မှိုင်းစွာရှိနေ၏။
ဝူထူကို သတ်ဖြတ်ပြီးနောက် မုန့်ချုံသည် သူ၏ဆေဘာကို ဓားအိမ်အတွင်းသို့ ပြန်ထည့်ကာ အေးစက်စွာပြောသည်။
"အံ့ဖွယ်သုံးပါးမျှော်စင်မှာ ပါရမီရှင်၃ယောက် ရှိတယ်လို့ ငါကြားတယ်... ဝူထူက အဲ့ဒီ့ထဲက တစ်ယောက်ပဲ။ ဒါပေမယ့် သူ့ရဲ့ ဆေဘာပညာက သာမန်ဆန်ပြီး ထိပ်တန်းမကျဘူး။ ပေါင်ရှန်းရဲ့ လက်သီးကရော ဘယ်လိုရှိလဲလို့ ငါကြည့်ချင်သေးတယ်.."
"ငါမုန့်ချုံက အနှိုင်းမဲ့လက်သီး အရှင်သခင်တစ်ယောက်လည်း ဖြစ်တယ်။ အဲ့ဒါကြောင့်မလို့ အံ့ဖွယ်သုံးပါးမျှော်စင်က ပေါင်ရှန်းကို စိန်ခေါ်ချင်တယ်.."
သိုင်းသမားအုပ်စု "..."
ခုနကတင် သူသည် ဆေဘာအရှင်သခင် ဖြစ်ခဲ့၏။ ယခုအချိန်၌ အနှိုင်းမဲ့သည့် လက်သီးအရှင်သခင် ဖြစ်သွားပြန်လေပြီလား။
သို့ရာတွင် တစ်ဖက်လူသည် အံ့ဖွယ်သုံးပါးမျှော်စင်အတွက် ရောက်ရှိလာကြောင်းကို လူတိုင်း သိလိုက်ကြသည်။ စိတ်ထဲ၌ တွေးမိကြ၏။ ဖြစ်နိုင်သည်မှာ မုန့်ချုံသည် အံ့ဖွယ်သုံးပါးမျှော်စင်နှင့် ရန်ကြွေးတစ်ခု ရှိနေသည်လား။
"မောက်မာလိုက်တာ.."
အံ့ဖွယ်သုံးပါးမျှော်စင်ဘက်မှ မြင့်မားကာ ထွားကြိုင်းသည့် လူတစ်ယောက် ထွက်လာခဲ့သည်။ လေထဲသို့ ခုန်လိုက်ကာ စင်မြင့်ပေါ်သို့တက်၏။
သူ၏ ကြံ့ခိုင်ထွားကြိုင်းသည့် ကြွက်သားများမှာ မုန့်ချုံနှင့် နှိုင်းယှဉ်နိုင်ပါသည်။ လက်သီးများတွင် သံလက်အိတ်တစ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာသည် ဒေါသတို့ဖြင့် ပြည့်နက်နေ၏။
မုန့်ချုံက သူ့ကို နာမည်ခေါ်ကာ စိန်ခေါ်ခဲ့ကတည်းက အံ့ဖွယ်သုံးပါးမျှော်စင် ဘက်ကလည်း ရွေးချယ်စရာမရှိဘဲ တုံ့ပြန်ရပေမည်။ လေလွင့်သိုင်းသမားတစ်ယောက်အား တိုက်ခိုက်ရဲခြင်း မရှိဘဲ ဖြစ်နေပါက ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ မျက်နှာကို မည်သည့်နေရာ၌ သွားထားရမည်နည်း။
"လာခဲ့... ငါတို့တွေ အားပါးတရ တိုက်ခိုက်ရအောင်.."
မုန့်ချုံသည် ဆေဘာကို အသုံးပြုခြင်းမရှိဘဲ လက်သီးကိုဆုပ်၏။ သူသည် ပေါင်ရှန်းနှင့် လက်ဗလာချင်း တိုက်ရိုက် တိုက်ခိုက်လိုလေသည်။
ပေါင်ရှန်းမှာ စိတ်ဝိဉာဉ်ကိရိယာ လက်အိတ်တစ်စုံကို ဝတ်ဆင်ထားကာ မုန့်ချုံမှာ လက်ဗလာ၌သာ ဖြစ်ပေမယ့် လက်သီးချက်များ၏ ကြမ်းတမ်းမှုမှာတော့ မုန့်ချုံအနေနှင့် သူ့ကိုယ်သူ ပိုမိုသန်မာသည်ဟု ယုံကြည်ဆဲရှိသည်။
ပေါင်ရှန်း၏ လက်သီးချက်များကို လက်ဗလာဖြင့် တိုက်ရိုက်ခုခံနိုင်၏။
သိုင်းပညာစင်မြင့်ပေါ်၌ တိုက်ရိုက်ဆန်ကာ ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဖြစ်ပွားလာခဲ့သည်။ ပွဲကြည့်သူတို့သည် ကြံ့ခိုင်ထွားကြိုင်းသည့် ပုံရိပ်နှစ်ခုကိုသာ တွေ့ကြရပြီး ပြိုင်ဘက်နှစ်ယောက်သည် အနီးကပ် တိုက်ခိုက်နေကြသည်။
ပေါင်ရှန်းမှာ လက်အိတ်များ ဝတ်ဆင်ထားပေမယ့် ပြင်းထန်သည့် တိုက်ပွဲအတွင်းတွင် သူသည် မုန့်ချုံ၏ တိုက်ခိုက်မှုများကို ရံဖန်ရံခါ ရှောင်ကျဉ်ရလေ့ရှိသည်။
ခုခံရန် ရုန်းကန်နေရဟန် ရ၏။
တစ်ဖက်ရှိ မုန့်ချုံမှာတော့ ပေါင်ရှန်း၏ လက်သီးချက်များကို သူ၏ခန္ဓာကိုယ်ဖြင့် တိုက်ရိုက်ခုခံကာ မျက်မှောင်ပင် မကျုံ့ပေ။ ထို့အပြင် အရေပြားပေါ်၌လည်း မည်သည့်ဒဏ်ရာမှ ကျန်ရစ်ခဲ့ခြင်း မရှိပါ။
ကြည့်ရှု့နေသူများမှာ အံ့သြသွားကြသည်။ မည်မျှ ကြောက်စရာကောင်းလိုက်သည့် ခန္ဓာကိုယ်ဖြစ်သနည်း။
တိုက်ပွဲ၏ရလဒ်မှာ အံ့သြစရာ မကောင်းလောက်အောင် ပေါင်ရှန်းသည် လက်သီးချက်တစ်ချက်ဖြင့် လွင့်စင်ထွက်သွားပြီး ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
သိုင်းသမားများမှာ မနေနိုင်ဘဲ တံတွေးကို မျိုချမိသည်။ ဒီကတုံးပြောင် လူငယ်သည် သွေးဆာသည့်ပုံ မပေါ်ပေ။ သို့ပေမယ့် အဘယ်ကြောင့် အလွန်ရက်စက်ရသနည်း။
သူသည် ရန်သူကို ပြာအဖြစ်ပင် ဖောက်ခွဲပစ်ခဲ့သေးသည်။
ပြင်းထန်သော တိုက်ပွဲအပြီးတွင် မုန့်ချုံ၏ ကြွက်သားများသည် လှုပ်ခါနေပြီး အပူလှိုင်းတို့ ထွက်ပေါ်လာခဲ့၏။
တိုက်ပွဲအတွင်းတွင် မြင့်တက်လာခဲ့သည့် သူ၏ မသေခြင်းရွှေခန္ဓာအား ခံစားကြည့်သည်။ ကောင်းကင်တူ၁၀၀ သန့်စင်ခြင်းအတတ်၏ အာနိသင်မှာ သိသာစွာ ပြသလာခဲ့၏။
ခန္ဓာကိုယ်ကျင့်ကြံခြင်း သိုင်းပညာစနစ်သည် တိုက်ခိုက်သည့် အချိန်တွင် ပိုမိုထင်ပေါ်လာခဲ့ပြီး တိုးတက်မှုတို့လည်း ပိုမိုရရှိလာ၏။
"လုယီရော ဘယ်မှာလဲ... မင်းရော တိုက်ခိုက်ရဲလား.."
သူသည် အံ့ဖွယ်သုံးပါးမျှော်စင်မှ ပါရမီရှင်၃ယောက်လုံးကို စိန်ခေါ်ရန် ရည်ရွယ်ထားသည်။
သရွှမ်မြို့ တစ်ခုလုံးသည် ဆူပွက်နေ၏။ နာမည်ကျော်ကြားသည့် ဝူထူနှင့် ပေါင်ရှန်းတို့မှာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအပြင် မုန့်ချုံသည် လုယီကို ဆက်လက်စိန်ခေါ်နေ၏။
သူသည် အံ့ဖွယ်သုံးပါးမျှော်စင်၏ ပါရမီရှင်၃ယောက်လုံးကို သတ်ဖြတ်ရန် ရည်ရွယ်ထားသည့်ဟန် ရသည်။
လေလွင့်သိုင်းသမားများမှာ စိတ်အားထက်သန်လာခဲ့၏။
စိတ်သက်သာရာလည်း ရသွားကြသည်။
သူတို့၏ကျောများကို ဆန့်ထားကာ လမ်းလျှောက်လျှင် ခေါင်းမော့စွာ ရှိနေ၏။ စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများကို တွေ့ရလျှင် အားငယ်သည့် အသွင်အပြင်မျိုး မပြတော့ပါ။
အပိုင်း ၅၄၅ - တစ်ယောက်တည်းနှင့် အံ့ဖွယ်သုံးပါးမျှော်စင်အား ရင်ဆိုင်ခြင်း(၂)
စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများ၏ မျက်နှာများက လုံးဝ မဲမှောင်သွားကြသည်။ လေလွင့်သိုင်းသမားတစ်ယောက်၏ အနိုင်ယူမှုကို ခံခဲ့ရသည့် အံ့ဖွယ်သုံးပါးမျှော်စင်မှ ပါရမီရှင်ဟူသည်များကို အမှိုက်များဟု တိတ်တဆိတ် ကျိန်ဆဲမိကြ၏။
လီကျိုး၏ မဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များအားလုံးမှာ အပြုံးများဖြင့် ဝေဆာနေကြသည်။ မုန့်ချုံမှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်တစ်ယောက် မဟုတ်ပေမယ့် သူသည် လေလွင့်သိုင်းသမားတစ်ယောက် ဖြစ်၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် တစ်ဖက်တည်း မဟုတ်ပါက သူတို့အနေနှင့် ထောက်ခံပေးရမည့်လူ ဖြစ်သည်။
"စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ကောင်တွေကို မျက်စိဒေါက်ထောက်ပြီးကြည့်ထား... သူတို့တွေ လှုပ်ရှားမှု ပြုရဲတာနဲ့ ညှာတာနေစရာမလိုဘူး။ ငါတို့တွေ မုန့်ချုံကို ချောင်းမြောင်းတိုက်ခိုက်ခံလို့ မဖြစ်ဘူး.."
လီကျိုး၏ မျိုးဆက်စုံမဟာမိတ်အဖွဲ့ ခေါင်းဆောင်က လေးနက်သည့်အသံဖြင့် ပြောသည်။
"နားလည်ပါပြီ.."
မဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ် တစ်စုက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ကြသည်။
အံ့ဖွယ်သုံးပါးမျှော်စင်၏ အရှင်သခင်မှာ အလွန် ညှို့မှိုင်းစွာ ရှိနေ၏။ သူ၏နှလုံးသားက သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့ဖြင့် ဆူပွက်နေပါသည်။
သို့ပေမယ့် လီကျိုး၏ မဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များကို ကြည့်လိုက်ပြီးနောက် ရွေးချယ်စရာ မရှိဘဲ သတ်ဖြတ်လိုစိတ်များကို ဖိနှိပ့်ထားရသည်။ ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို စိတ်ဝိဉာဉ်ဂိုဏ်းများက အရင် ဆုံးချိုးဖျက်လို့မရပါ။
ဤသည်မှာ အထက်ပုဂ္ဂိုလ်များ၏ အမိန့်ဖြစ်၏။ ထို့ကြောင့် အခြားလူများ၏ မျက်စိရှေ့တွင် သေချာပေါက် လှုပ်ရှားလို့မရပေ။ နောက်ကွယ်တွင် လှုပ်ရှားမှုပြုလျှင်တောင် ရှာဖွေတွေ့ရှိခြင်း မရှိရအောင် လုပ်ရပေမည်။
သို့ပေမယ့် ရှင်းလင်းစွာပင် မျိုးဆက်စုံမဟာမိတ်အဖွဲ့က သူတို့ကို ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေးမည် မဟုတ်ပါ။
လုယီက လက်ထဲတွင် လှံကိုဆွဲကာ စင်မြင့်ပေါ်သို့ တက်လာ၏။ မည်သည့်စကားမှ ဆိုမနေဘဲ မိုးကြိုးပစ်သကဲ့သို့ တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်ကာ သူ၏လှံက နဂါးတစ်ကောင်သဖွယ် ပျောက်ကွယ်သွားခဲ့သည်။
ပြင်းထန်မြန်ဆန်စွာဖြင့် မုန့်ချုံဆီသို့ ပြေးဝင်သွား၏။
မုန့်ချုံမှာ သူ၏လက်ကို လှုပ်ရှားကာ ဆေဘာဓားဖြင့် လွှဲရမ်းလိုက်သည်။ သူသည် ကြီးစိုးလှသည့် ဓားချက်တစ်ခုကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်၏။
"ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးစိုးခြင်းဓားချက်.."
ထင်ထားသည့်အတိုင်းပင် တိုက်ပွဲအပြီးတွင် လုယီသည် သေဆုံးသွားခဲ့၏။ အံ့ဖွယ်သုံးပါးမျှော်စင်မှ စွမ်းအားကြီးပုဂ္ဂိုလ် အားလုံး၏ မျက်နှာများသည် ညှို့မှိုင်းနေကြသည်။ သူတို့သည် မုန့်ချုံအား အရှင်လတ်လတ် အရေခွံစုတ်ချင်နေကြ၏။
ထိပ်တန်းပါရမီရှင် ၃ယောက်တို့ကို အနိုင်ယူခဲ့သည့် မုန့်ချုံမှာတော့ စင်မြင့်ပေါ်မှ ဆင်းသွားခြင်း မရှိသေးပါ။
သူသည် ဆေဘာကို လက်ထဲတွင် ကိုင်ထားရင်းက နေရာတွင်ရပ်ပြီး ပတ်ဝန်းကျင်ကို ခေါင်းလှည့်ကြည့်သည်။ ကျယ်လောင်သောအသံဖြင့် ပြော၏။
"ငါမုန့်ချုံ စိတ်ဝိဉာဉ်နယ်မြေရဲ့ ပါရမီရှင်တွေကို စိန်ခေါ်တယ်... ဘယ်သူက ငါ့ကိုလာပြီးတော့ သင်ကြားပေးကြမလဲ.."
အားလုံး တိတ်ဆိတ်နေ၏။ မည်သူမှ တုံ့ပြန်ခြင်းမရှိပေ။
အံ့ဖွယ်သုံးပါးမျှော်စင်မှ ထိပ်တန်းပါရမီရှင်၃ယောက်လုံး သေဆုံးခဲ့ကြ၏။ ယခုအချိန်၌ မည်သူက ရဲတင်းစွာဖြင့် တက်ရောက် တိုက်ခိုက်ရဲမည်နည်း။
ထို့အပြင် မုန့်ချုံသည် ရန်သူ၃ယောက်တို့ကို တိုက်ခိုက်ခဲ့ပေမယ့် မည်သည့် အားနည်းပင်ပန်းသွားသည့် အရိပ်အယောင်မှ မပြပေ။ တိုက်ပွဲကို ဆက်လက်ဆာလောင်နေသေး၏။
မုန့်ချုံက မျက်မှောင်ကျုံ့သွားပြီး ပြောလိုက်ပြန်၏။
"ငါမုန့်ချုံ လေလွင့်သိုင်းသမားလေးတစ်ယောက် အနေနဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေက ပါရမီရှင်တွေကို စိန်ခေါ်တယ်။ ငါ့ကိုသင်ကြားပေးဖို့ ဘယ်သူမှ မရှိကြဘူးလား.."
သူသည် လေလွင့်သိုင်းသမားတစ်ယောက်ဟူသည့် စကားလုံးကို ထင်ပေါ်အောင် ပြောကြားပြီး စိတ်ဝိဉာဉ်ဂိုဏ်းမှ ပါရမီရှင်များကို ရန်စသည်။
လေလွင့်သိုင်းသမားတစ်ယောက်၏ အထင်သေးခြင်းကို ခံရခြင်းမှာ စိတ်ဝိဉာဉ်ဂိုဏ်းများအတွက် သည်းခံနိုင်စရာမရှိပေ။ ထို့ကြောင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် တိုက်ခိုက်ရန် ပါရမီရှင်တို့ကို သေချာပေါက် စေလွှတ်မှာဖြစ်သည်။
သို့ပေမယ့် ယခုအချိန်အထိ မည်သည့်ပါရမီရှင်မှ ပေါ်မလာသေးပါ။
"စိတ်ဝိဉာဉ်ဂိုဏ်းတွေက အမြဲတမ်း မောက်မောက်မာမာပြုမူကြတယ် မဟုတ်ဘူးလား... ငါတို့ လေလွင့်သိုင်းသမားတွေ အပေါ်ကို အထင်သေးကြတယ် မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဒီအချိန်မှ အကုန် အမှိုက်ဖြစ်ကုန်တာလဲ.."
"မင်းတို့ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ပါရမီရှင်လို့ခေါ်တဲ့ လူတွေက တကယ်ပဲ အသုံးမကျဘူး။ မင်းတို့တွေက အကောင်းဆုံးကျင့်စဉ်တွေကို ကျင့်ကြံပြီး အကောင်းဆုံးအရင်းအမြစ်တွေကို ရရှိကြတယ်။ အကောင်းဆုံး ခံစားခွင့်တွေကို သိမ်းပိုက်ထားပြီး ဘယ်လိုလုပ်ပြီး လေလွင့်သိုင်းသမားလေးတစ်ယောက်ကို ကြောက်နေကြတာလဲ.."
"မင်းတို့ကောင်တွေက ငကြွားတွေပဲ... စိတ်ဝိဉာဉ်ဂိုဏ်းမှာသာ စစ်မှန်တဲ့ပါရမီရှင်တွေ ရှိပြီး လေလွင့်သိုင်းသမားတွေမှာ မရှိဘူးလို့ပြောရဲတာ တော်ရုံ အရေထူရုံနဲ့တော့ မရဘူး။ အခုစိန်ခေါ်တဲ့လူရှိနေတာတောင် ဘာလို့မလာရဲကြတာလဲ.."
"ဟန့်... အရှက်မရှိတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းအမှိုက်တွေ..."
လူအုပ်အတွင်းမှလည်း လှောင်ပြောင်သည့်အသံများ ထွက်ပေါ်လာ၏။ ထိုလူများမှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ သိုင်းသမားများ ဖြစ်သည်။
သူတို့၏ လှောင်ပြောင်သရော်သည့် စကားလုံးများ ထွက်ပေါ်လာသည်နှင့် အခြား ကြည့်ရှု့နေကြသည့် လေလွင့်သိုင်းသမားများလည်း စတင်ပါဝင်ကာ လှောင်ပြောင်လာကြသည်။
ဤသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းများကို အသာစီးမှ ပြောဆိုနိုင်သည့် အခွင့်အရေးကောင်း ဖြစ်၏။ နောက်တစ်ကြိမ်ကြုံတွေ့ရန် ခက်ခဲလှသည်။ အဘယ်ကြောင့် အလွဲချော်ခံမည်လဲ။
ထိုအချိန်၌ စိတ်ဝိဉာဉ်ဂိုဏ်းမှ သိုင်းသမားများအားလုံးတို့သည် အလွန် ဒေါသထွက်စွာ ရှိနေကြသည်။
"သေခြင်းရှင်ခြင်းတိုက်ပွဲ မဟုတ်ဘဲ ဒီအတိုင်း ရိုးရိုးရော တိုက်လို့မရဘူးလား.."
ထိုအချိန်၌ ကြောက်ရွံ့သည့် အသံတစ်ခု ထွက်ပေါ်လာ၏။
မုန့်ချုံက အသံလာသည့် လားရာကို လှည့်ကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဂိုဏ်းတစ်ခုခုမှ စင်မြင့်ပေါ်သို့ တက်ရောက်ကာ တိုက်ခိုက်နေလိုသည့် တပည့်တစ်ယောက် ဖြစ်ပေလိမ့်မည်။
သူသည် တုံ့ဆိုင်းနေပြီး ရှုံးနိမ့်ကာ သတ်ဖြတ်ခြင်း ခံရမည်ကို ကြောက်ရွံ့နေဟန်ရှိသည်။ ထို့ကြောင့် မတက်ရဲဘဲ ရှိနေ၏။
"ရတာပေါ့... ငါမုန့်ချုံက သွေးဆာတဲ့ လူတစ်ယောက် မဟုတ်ဘူး... သေခြင်းရှင်ခြင်း တိုက်ပွဲကလည်း ငါ့ရဲ့စိတ်ကူး မဟုတ်ဘူး။ အဲ့ဒါက အံ့ဖွယ်သုံးပါးမျှော်စင်ကလူတွေ သေချင်နေတာပဲ.."
မုန့်ချုံက သူ၏ကတုံးပြောင်ကို ပွတ်ရင်းက ပြောသည်။
အံ့ဖွယ်သုံးပါးမျှော်စင်မှ စွမ်းအားကြီး ပုဂ္ဂိုလ်များမှာ ပိုမိုကာပင် မပျော်မရွှင် ဖြစ်သွား၏။ သို့ပေမယ့် အမှန်တကယ်ကို သေခြင်းရှင်ခြင်း တိုက်ပွဲအား ကမ်းလှမ်းခဲ့သူမှာ ဝူထူဖြစ်သည်။ သူတို့အနေနှင့် မုန့်ချုံအား ထိုကိစ္စအတွက် အပြစ်တင်နိုင်ခြင်း မရှိပါ။
"ဒါဆိုလည်း ငါတိုက်ခိုက်မယ်.."
ထိုပါရမီရှင်က စိတ်သက်သာရာ ရသွား၏။
တိုက်ပွဲသည် နောက်ထပ်တစ်ကြိမ် စတင်ခဲ့ပြန်သည်။ သို့ရာတွင် ထိုပါရမီရှင်သည် အားနည်းခြင်း မရှိပေမယ့် အံ့ဖွယ်သုံးပါးမျှော်စင်မှ ပါရမီရှင်၃ယောက်ထက် များစွာနိမ့်ကျနေဆဲ ရှိသည်။ သိုင်းကွက်အနည်းငယ် အတွင်းတွင် မုန့်ချုံ၏ အနိုင်ယူမှုကို ခံလိုက်ရ၏။
ပထမဆုံးလူက စင်မြင့်ပေါ်သို့ တက်ရောက်ပြီးနောက် စိတ်ဝိဉာဉ်ဂိုဏ်းမှ အခြားပါရမီရှင်များလည်း တက်ရောက် တိုက်ခိုက်လာကြသည်။ သို့ပေမယ့် တစ်ယောက်ပြီးတစ်ယောက်အား ယှဉ်ပြိုင်တိုက်ခိုက် ရလျှင်တောင် မုန့်ချုံမှာ စိတ်ပျက်စွာ ခံစားလိုက်ရ၏။
သူတို့ အားလုံးသည် အားနည်းလွန်းလှပါသည်။ သူ၏ မသေခြင်းရွှေခန္ဓာအား တိုးမြင့်ရန်အတွက် အများကြီး အထောက်အကူ မဖြစ်ပေ။
သူ၏အကြည့်က အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲများဆီသို့ ကျရောက်သွား၏။
"အံ့ဖွယ်သုံးပါးမျှော်စင်က အဘိုးကြီးတွေ.. ငါ့ကိုအရှင်လတ်လတ် အရေခွံစုတ်ချင်နေတယ် ဆိုတာကို ငါသိတယ်။ အခု မင်းတို့ကို အခွင့်အရေးတစ်ခု ပေးလိုက်မယ်။ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့်အောက်က ဘယ်အကြီးအကဲမဆို ငါ့ကို တိုက်ခိုက်ရဲရင် လာတိုက်ခိုက်လို့ရတယ်.."
လူတိုင်းမှာ မှင်သက်သွားကြ၏။ မုန့်ချုံသည် အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲတို့ကို စိန်ခေါ်နေသည်လား။
"သတိထား မုန့်ချုံ.."
လီကျိုး၏ မဟာမိတ်ခေါင်းဆောင်က အမြန်တားသည်။
"ဒီကိစ္စအတွက် ထပ်ပြောဖို့မလိုဘူး... အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်း သို့မဟုတ် သူ့အောက်က လူတွေ ငါနဲ့ တိုက်ခိုက်ရဲတာရှိလား... ငါမုန့်ချုံက မင်းတို့ကိုလက်စားချေဖို့ အခွင့်အရေးပေးမယ်.."
မုန့်ချုံက ခိုင်မာစွာဖြင့် ကြေငြာ၏။
"ကောင်းပြီ... ဒါဆိုလည်း မင်းကိုငါ သတ်ပေးမယ်.."
အံ့ဖွယ်သုံးပါးမျှော်စင်က အကြီးအကဲတစ်ယောက်က လှံတစ်ချောင်းနှင့်အတူ စင်မြင့်ပေါ်သို့ တက်လာ၏။ ဤသည်မှာ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်ပြီး နှောင်းပိုင်းနှင့် နီးကပ်နေပါပြီ။
"ကောင်းတယ်... တိုက်ခိုက်တာပေါ့.."
မုန့်ချုံ၏သွေးများက ဆူပွက်လာ၏။ ဆေဘာကိုဆွဲကာ ပြေးဝင်တိုက်ခိုက်သည်။
သရွှမ်မြို့မှ ပျံ့နှံ့သွားသည့် ထိုသတင်းသည် ကြားလိုက်သမျှ သိုင်းသမားအားလုံးတို့ကို ဆွဲဆောင်သွား၏။ မုန့်ချုံဟူသည့် အမည်မှာလည်း ဆေဘာအရှင်သခင်ဟူ၍ စတင်ပျံ့နှံလာခဲ့သည်။
"ဘုန်း.."
အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲတစ်ယောက်မှာ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။
"ဘယ်သူရှိသေးလဲ.."
မုန့်ချုံက ဆက်လက်စိန်ခေါ်သည်။
"မောက်မာလိုက်တာ.."
အံ့ဖွယ်သုံးပါးမျှော်စင်မှ နောက်ထပ်အကြီးအကဲတစ်ယောက် ရှေ့တက်လာခဲ့သည်။ သူသည် ရတနာဆေဘာတစ်ချောင်းကို ကိုင်ဆောင်ထားပြီး တိုက်ပွဲစတင်သည်နှင့် လျှို့ဝှက်အတတ်ကို အသုံးပြု၏။
အံ့ဖွယ်သုံးပါးမျှော်စင်မှ အကြီးအကဲ ၃ယောက်တို့ကို အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် မုန့်ချုံ၏ အရှိန်အဝါက မြင့်တက်လာခဲ့သည်။ အရပ်မျက်နှာ အားလုံးတို့ကို အံ့ဩသွားစေ၏။
လီကျိုးရှိ ပါရမီရှင်များအားလုံးတို့သည် စိတ်ဓာတ်ကျစွာဖြင့် ခေါင်းများကို ငုံ့ထားရ၏။ ဤသည်မှာ အလွန်စွမ်းအားကြီးမားလှလေသည်။ တိုက်ပွဲများစွာ တိုက်ခိုက်ပြီးသည့်တိုင်အောင် တစ်ဖက်လူသည် အထွတ်အထိပ်အခြေအနေ၌ ရှိနေသေး၏။ မပင်ပန်းပေဘူးလား။
"အံ့ဖွယ်သုံးပါးမျှော်စင်ရဲ့ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကရော ငါနဲ့ တိုက်ခိုက်ရဲလား.."
မုန့်ချုံက ဆက်လက်အဆင့်မြင့်ကာ စိန်ခေါ်မှုပြု၏။
"ကောင်းပြီ... ငါ့ရဲ့ အံ့ဖွယ်သုံးပါးမျှော်စင်ကို ပစ်မှတ်ထားချင်တာလား... မင်းမှာ ဘယ်လောက်အစွမ်းရှိလဲလို့ ကြည့်ရတာပေါ့.."
အံ့ဖွယ်သုံးပါးမျှော်စင်မှ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားသည် လှံတစ်ချောင်းကိုကိုင်ကာ စင်ပေါ်သို့တက်လာခဲ့၏။
မုန့်ချုံ၏မျက်နှာက လေးနက်သွားသည်။ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ ခွန်အားသည် အလွန် ထည်ဝါလှ၏။
သူ့အနေနှင့် ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးလျှင်တောင် သတိလက်လွတ်နေရဲခြင်း မရှိပေ။
သို့ရာတွင် စွမ်းအားကြီးမားသည့် မသေခြင်း ရွှေခန္ဓာနှင့် ကြောက်စရာလည်း မည်သည်မှမရှိပါ။
"ဘုန်း.."
ထိုအချိန်၌ မသေခြင်း ရွှေချပ်ဝတ်က မုန့်ချုံ၏ ခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံလာ၏။ ကြည့်ရသည်မှာ သူ့ကို ရွှေရောင်ချပ်ဝတ်တစ်ခု ဖုံးလွှမ်းထားပုံပေါ်ပြီး အလွန်ထည်ဝါလှသည်။
"ဒါက ဘယ်လို သိုင်းပညာမျိုးလဲ.."
"မသိဘူးလေ ငါလည်း မကြားဖူးဘူး.."
သိုင်းသမားအားလုံးတို့မှာ အံ့သြစွာဖြင့် တုန်ခါသွားကြ၏။ စိတ်ဝိဉာဉ်ဂိုဏ်းများရှိ စွမ်းအားကြီးပုဂ္ဂိုလ်များက မုန့်ချုံအား သုန်မှုန်နေသည့် မျက်နှာများဖြင့် မျက်တောင်မခက်ဘဲ ကြည့်နေကြသည်။
တိုက်ပွဲမှာ အလွန် ပြင်းထန်လှ၏။ မုန့်ချုံ၏ မသေခြင်းရွှေချပ်ဝတ်ပင်လျှင် အကြိမ်အနည်းငယ် ထိုးဖောက်ခြင်းခံလိုက်ရသည်။ သို့ပေမယ့် သူ၏ခန္ဓာကိုယ်မှာ အထိအခိုက်ကင်းမဲ့စွာ ရှိနေဆဲရှိ၏။
"ဒါက ဘယ်လိုခန္ဓာကိုယ်မျိုးလဲ... ဘာလို့ဒီလောက်တောင် ကြောက်ဖို့ကောင်းရတာလဲ.."
"စိတ်ဝိဉာဉ်ကိရိယာ တစ်ခုနဲ့တောင် နှိုင်းယှဉ်နိုင်တာလား.."
လေထဲတွင် အံ့သြမှုဖြင့် အသံပြုမှုများ ပြည့်နှက်နေ၏။ အမျိုးသမီးတစ်ယောက်၏ နှစ်ထောင်းအားရအသံတစ်ခုလည်း ထွက်ပေါ်လာခဲ့သည်။
"အရမ်းကို မာကျောတယ်... ငါစမ်းကြည့်ချင်တယ်.."
သိုင်းသမားများ "..."
သရွှမ်မြို့၏ သိုင်းသမား အရေအတွက်သည် ပိုမိုတိုးပွားလာခဲ့၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မျိုးဆက်စုံ မဟာမိတ်အဖွဲ့က စည်းမျဉ်းများကို ကြီးကြပ်ထားရသည်။
ကောင်းကင်လူသားကြီး အဆင့်သို့ မရောက်ရှိသည့် သိုင်းသမားများကို တိုက်ခိုက်ခြင်း စင်မြင့်ဆီသို့ လာခြင်းမှပင် တားမြစ်ရ၏။ ထိုအခါမှသာ လူအုပ်ကို လျော့ချနိုင်မည် ဖြစ်သည်။
မုန့်ချုံ၏ အမည်သည် သရွှမ်မြို့တစ်ခုလုံးသို့ ပျံ့နှံသွား၏။
မုန့်ချုံက သရွှမ်မြို့တွင် သူ၏ စွမ်းအားကို ပြသနေစဉ် ရွှီယန်ကလည်း ချိုင်ယွင်ဟုန်ကို အနိုင်ယူခဲ့ပြီးဖြစ်၏။ ချိုင်ယွင်ဟုန်က ဒီဗိုင်းခန္ဓာဖြင့် ထုတ်လွှတ်ခဲ့သည့် ကြောက်စရာကောင်းသည့် စွမ်းအားကို လေ့လာခဲ့သည်။ သေခြင်းရှင်ခြင်း တိုက်ပွဲတစ်ခုမဟုတ်ရာ ထိုတိုက်ပွဲတွင် ချိုင်ယွင်ဟုန်သည် သေဆုံးခဲ့ခြင်း မရှိပေ။
ရွှီယန်မှာ သူ၏ခွန်အားတို့ ထပ်မံ မြင့်တက်လာပြီးနောက် နောက်ထပ် လားရာတစ်ခုဆီသို့ ထွက်ခဲ့၏။
လော့ဒေသ၏ အရှေ့ဘက်တွင် ထိပ်တန်း မိသားစုကြီးတစ်ခု ဖြစ်သည့် မုမိသားစုရှိ၏။ သူသည် မုမိသားစု၏ ပါရမီရှင် မုဖိန်မင်အား စိန်ခေါ်မည်ဖြစ်သည်။
လော့ဒေသတွင် မုမိသားစု၏ စွမ်းအားနှင့် ဂုဏ်သတင်းသည် ချီမင်ဂိုဏ်း၊ ချန်းယွင်နိုင်ငံတို့ထက် များစွာ ပိုမိုသာလွန်၏။ သို့ရာတွင် သူတို့သည် အခြားလူများနှင့် နှိုင်းယှဉ်ပါက အလွန် နှိမ့်ချကြသည်။ ထိုသို့ဆိုလျှင်တောင် မုမိသားစုရှိ လူတိုင်းသည် နှိမ့်ချကြသည် မဟုတ်ပါ။
ပြီးခဲ့တုန်းက မျိုးဆက်တွင် အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ယောက်ကို မွေးထုတ်နိုင်ခဲ့၏။ ထိုပါရမီရှင်ကို ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက မူလက နှိမ့်ချကြသည့် မုမိသားစုသည် စိတ်ဝိဉာဉ်နယ်မြေတွင် ရုတ်တရက် ကျော်ကြားလာမည် မဟုတ်ပါ။
မုမိသားစုမှ မုကျားဖုန်းသည် သူ၏ပွေရှုပ်မှုဖြင့် လင်းနယ်မြေတလျှောက် အလွန်နာမည်ကြီး၏။ သိုင်းလောကတွင် သူ၏ အချစ်ရေးအချစ်ရာ များသည် အဓိကပြောစရာ ခေါင်းစဉ်တစ်ခု ဖြစ်သည်။
ဤသည်က မုမိသားစုအတွက် ပြဿနာများစွာကိုလည်း သယ်ဆောင်လာ၏။ ဥပမာအားဖြင့် စိတ်ဝိဉာဉ်ဂိုဏ်းမှ သခင်လေးတစ်ယောက်၏ ဇနီးလောင်းကို ခိုးယူခြင်း သို့မဟုတ် မိသားစုကြီးတစ်ခုမှ မုဆိုးမတစ်ယောက်နှင့် ကဗျာဆန်စွာ ကြုံတွေ့ခြင်းတို့ ဖြစ်သည်။
ဤသည်က မုမိသားစု၏ အကြီးအကဲများကို များစွာခေါင်းခဲစေ၏။ မုကျားဖုန်း၏ အရှုပ်အထွေးများကို ရှင်းလင်းရန်အတွက် သူတို့သည် မိသားစုအရင်းအမြစ်များကို အကြိမ်ပေါင်းများစွာ လျော်ကြေးပေးခဲ့ရသည်။
နောက်ဆုံးတွင် မုကျားဖုန်းအား ထိန်းချုပ်ရန်အတွက် ဇနီးတစ်ယောက်ကို စီစဉ်ပေးခဲ့၏။ သို့ရာတွင် လက်ထပ်ပြီး ရက်အနည်းငယ်အကြာတွင် သူသည် ပွေရှုပ်သည့် ခရီးစဉ်အား ဆက်လက် လုပ်ဆောင်ခဲ့သည်။
သူ၏ ဇနီးဖြစ်သူသည် ဒေါသထွက်စွာဖြင့် မိဘအိမ်သို့ပြန်ခဲ့၏။ ထို့အပြင် မုကျားဖုန်းနှင့် ပတ်သက်ခဲ့သည့် မိန်းမ အားလုံးတို့ကိုလည်း စတင် စာရင်းရှင်းသည်။
မုကျားဖုန်း၏ မကြာခဏ ပွေရှုပ်မှုက ပြဿနာများကိုဖန်တီးခဲ့ပြီး မုမိသားစုအတွက် အရင်းအမြစ်များစွာကို ပေးချေခဲ့ရပေမယ့် သူသည် ပါရမီရှိကာ သန်မာသည်။
ခွန်အားမှာ အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်း ကောင်းကင်လူသားအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်၏။
ထိုကဲ့သို့သော ပါရမီရှင်တစ်ယောက်အား မုမိသားစုရှိ အကြီးအကဲများသည် ချစ်လည်းချစ်ကြသလို ဒေါသလည်း ထွက်ကြသည်။
李 望舒:
အပိုင်း ၅၄၆ - တံခါးဝသို့ တစ်ခါတည်းသွားကာ နင်းချခြင်း
ပြောကြသည်မှာ မုမိသားစု၏ ထိုငရှုပ်သခင်လေးသည် အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာနိုင်ခြေ ရှိသည်ဟု ဆို၏။
သို့ရာတွင် အသန်မာဆုံးပုဂ္ဂိုလ် ဖြစ်လာနိုင်မည့် နည်းလမ်းများအား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများကသာ ပိုင်ဆိုင်ထားသည်။ မုမိသားစုအနေနှင့် ရရှိနိုင်မည်လား ဟူသည်မှာ မသေချာပေ။
လွန်ခဲ့သော ဆယ်နှစ်က မုမိသားစု၏ ငရှုပ်သခင်လေးသည် သဲလွန်စမရှိဘဲ ပျောက်သွားခဲ့၏။ တူညီသည့် နှစ်တွင်ပင် လှပသည့် မိန်းကလေးတစ်ယောက်သည် အသက်၁၂နှစ်၁၃နှစ်အရွယ် ကောင်လေးတစ်ယောက်ကို ခေါ်ဆောင်ကာ မုမိသားစု၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
ထိုကောင်လေးသည် ငရှုပ်သခင်လေး၏ သားဖြစ်၏။ သူ၏ ပွေရှုပ်မှုအတွင်းတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
လှပသည့် မိန်းကလေးမှာ လေလွင့်သိုင်းသမားလေး တစ်ယောက်သာ ဖြစ်၏။
ထိုသတင်းကို ကြားရပြီးနောက် ငရှုပ်သခင်လေး၏ တရားဝင်ဇနီးက ဒေါသတကြီးဖြစ်ကာ နေရာမှာတင် ပေါက်ကွဲသွားခဲ့သည်။ သူမသည် ကလေးကို ခွေးကောင်လေးဟုခေါ်ကာ သတ်ဖြတ်ချင်နေ၏။
သို့ရာတွင် မုမိသားစု၏ အကြီးအကဲများက ကလေးတွင် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားကြောင်းကို တွေ့ရပြီးနောက် အံ့သြသွားကြသည်။
သူတို့အတွက် ကောင်လေး၏ နောက်ခံမှာ ဘာကိစ္စမှမရှိပေ။ မုမိသားစု၏ သွေးမျိုးဆက်ကို သယ်ဆောင်ထားပြီး ထူးကဲသည့် ပါရမီကို ပိုင်ဆိုင်ထားပါက လုံလောက်၏။ ဤသည်မှာ မိသားစုကြီးများ၏ အစစ်အမှန်ရုပ်သွင်ဖြစ်သည်။
အကြီးအကဲတို့သည် ထန်းကျင်းယန်၏ ငြင်းဆန်မှုနှင့် ဒေါသတို့ကို လျစ်လျူရှု့ကာ မုမိသားစု၏ ငရှုပ်သခင်လေးအား ရန်ငြိုးမထားရန်ပင် သတိပေးခဲ့သေးသည်။
ဤသည်က ထန်းကျင်းယန်ကို အလွန်ဒေါသထွက်သွားစေပြီး မုမိသားစုတွင် ဆက်လက်နေထိုင်ရန် သည်းမခံနိုင်တော့ပေ။
ယခုအချိန်၌ ထိုကောင်လေးသည် မုမိသားစု၏ ပါရမီရှင်တစ်ယောက် ဖြစ်လာခဲ့ပြီး မုဖိန်မင်ဟု ခေါ်၏။ ဖခင်ဖြစ်သူ၏ မကောင်းသည့် အကျင့်စရိုက်များအား ကူးစက်မည်ကို ကြောက်ရွံ့ကာ အကြီးအကဲများက သူ့ကို လမ်းမှားသို့ မရောက်စေရန် ကောင်းကောင်းဆုံးမကြသည်။
ရွှီယန်က မုဖိန်မင်ကိုကြည့်ကာ မနေနိုင်ဘဲ ပဟေဠိဖြစ်စွာ ခံစားလိုက်ရသည်။ ထိုလူငယ်၏ မျက်ခုံးများနှင့် အသွင်အပြင်သည် အဘယ်ကြောင့် ဂျူနီယာညီမ စုလင်းရှုံနှင့် အလွန်တူညီရသနည်း။
"မျက်ပေါက်တူတာက... တိုက်ဆိုင်တာပဲ ဖြစ်မှာပါ.."
သူသည် ထိုကိစ္စအတွက် အများကြီး စဉ်းစားမနေပါ။ ဘာပဲဖြစ်ဖြစ် လောကကြီးတွင် ရုပ်ရည်တူညီသည့် လူများစွာတို့ ရှိ၏။ ထို့အပြင် သူတို့နှစ်ယောက်မှာ အနည်းငယ်ဆင်တူကြခြင်းသာ ရှိသည်။
မုဖိန်မင်သည် ရွှီယန်ကို လေးနက်စွာကြည့်နေ၏။
ရွှီယန်၏ ဂုဏ်သတင်းသည် လော့ဒေသတလျှောက် ပျံ့နှံ့ပြီး ဖြစ်သည်။ ထိုသူသည် ကိုယ်ပိုင်စွမ်းရည်နှင့် ယွီချန်ဖုန်းအပါအဝင် ဓားဂိုဏ်းချုပ်ကိုပင် သတ်ဖြတ်ခဲ့ရာ သူသည် ရွှီယန်၏ ပြိုင်ဘက်မဟုတ်ပေ။
ကောင်းကင်တိမ်နိုင်ငံ၏ ချိုင်ယွင်ဟုန်လည်း တစ်ဖက်လူဆီ၌ ရှုံးနိမ့်ခဲ့၏။ ယခုအချိန်၌ သူသည် လော့ဒေသရှိ နောက်ဆုံးပါရမီရှင် ဖြစ်လေသည်။ သူ့အနေနှင့် တစ်ဖက်လူ၏ ပြိုင်ဘက်မဟုတ်တာကို သိပေမယ့် ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရ၏။
"အကိုရွှီ.. ကျေးဇူးပြုပြီး.."
မုဖိန်မင်က အသက်ကို နက်ရှိုင်းစွာရှူသည်။
ရွှီယန်က ခေါင်းငြိမ့်၏။ မုဖိန်မင်ကို အနိုင်ယူပြီးပါက သူ၏ နောက်ထပ်လားရာသည် ချန်းဝူ(သိုင်းတစ်ထောင်)ဒေသ ဖြစ်သည်။
အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများသည် မြင့်မားထည်ဝါစွာ နေထိုင်ကြ၏။ ယခုအချိန်အထိ သူတို့ဆီမှ မည်သည့်ပါရမီရှင်မှ ပေါ်မလာသေးပေ။ ကြည့်ရသည်မှာ ပြီးပြည့်စုံသည့် အခိုက်အတန့်ကို စောင့်စားနေပြီး ပေါ်လာသည်နှင့် အခြား ပါရမီရှင်အားလုံးတို့ကို အနိုင်ယူရန် စီစဉ်ထားကြပုံ ရသည်။
သူသည် ထိုသူများကို သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့မှ တစ်ခါတည်း စိန်ခေါ်လို၏။ ထိုအခါ ရွေးချယ်စရာမရှိဘဲ ထွက်လာကြရမှာ ဖြစ်သည်။
မုမိသားစု၏ အကြီးအကဲများမှာ အလွန် စိုးရိမ်နေ၏။ ရွှီယန်၏ ဂုဏ်သတင်းတို့သည် လော့ဒေသတလျှောက် ပျံ့နှံ့ပြီး ဖြစ်သည်။ ဒီအချိန်အထိ သူ၏ပြိုင်ဘက်များထဲတွင် ချိုင်ယွင်ဟုန်မှလွဲ၍ အခြားလူများအားလုံး ပြာအဖြစ် ပြောင်းလဲခဲ့ရ၏။
"မိတ်ဆွေလေးရွှီ... ကျေးဇူးပြုပြီး သနားညှာတာပေးပါ... မိတ်မပျက်တာ ပိုကောင်းတာပေါ့။ ငါတို့မိသားစုမှာ ထိပ်တန်း စိတ်ဝိဉာဉ်ဆေးပင်အချို့ ရှိတယ်။ အဲ့ဒါက မင်းနဲ့ အရမ်းသင့်တော်မယ်လို့ ယုံကြည်တယ်.."
မုမိသားစု၏ အကြီးအကဲက ရွှီယန်ဆီသို့ တိတ်တဆိတ် အသံလွှဲပြောင်းကာ ပြောလိုက်သည်။
ရွှီယန် "..."
ရွှီယန်၏ တိတ်ဆိတ်နေပုံကို တွေ့ရပြီးနောက် တစ်ဖက်လူသည် ပိုမိုကာ စိုးရိမ်သွား၏။ မုမိသားစုသည် နောက်ဆုံး၌ ဖြောင့်မတ်မှန်ကန်ကာ လူငယ်မျိုးဆက် တစ်ခုလုံးအား ဦးဆောင်နိုင်သည့် ပါရမီရှင်တစ်ယောက်ကို ပျိုးထောင်နိုင်ခဲ့လေသည်။
သူသာ သေဆုံးသွားပါက ဆုံးရှုံးမှုမှာ ကြီးမားလှမှာ ဖြစ်၏။ ဤသည်မှာ မိသားစုခေါင်းဆောင်နေရာအတွက် တစ်ခုတည်းသော ရွေးချယ်ထားသူဖြစ်၏။
ထိုငရှုပ်ကိုသာ အပြစ်တင်ရပေမည်။ သူသည် နေရာတိုင်း၌ ပွေရှုပ်ကာ မိသားစုရေးရာ ကိစ္စများကိုလည်း စီမံရန် စိတ်ဝင်စားခြင်း မရှိပေ။ ထို့ကြောင့် မိသားစုခေါင်းဆောင် ဆက်ခံမည့်နေရာသည် လစ်ဟင်းနေ၏။
ယခုအချိန်၌ နောက်မျိုးဆက်၏ ပါရမီရှင်အသစ်သည် မုမိသားစု၏ ခေါင်းဆောင်နေရာကို ဆက်ခံကာ မုမိသားစုတစ်ခုလုံးကို ပိုမို သာယာဝပြောအောင် ဦးဆောင်နိုင်မှာ ဖြစ်သည်။ ရွှီယန်သာ သူ့ကို သတ်လိုက်ပါက သံသယဝင်စရာ မကောင်းလောက်အောင် မိသားစုအား ကြီးစွာ ထိခိုက်မှာ ဖြစ်၏။
"မိတ်ဆွေလေးရွှီ... ထိပ်တန်းစိတ်ဝိဉာဉ်ဆေးပင် ၁၂ခုဆိုရင်ရော... အဲ့ဒါက အခုအချိန်မှာ ငါတို့မိသားစုက ထုတ်နိုင်တဲ့ အများဆုံးပမာဏပဲ.."
မုမိသားစု၏ အကြီးအကဲက အံကိုကြိတ်ကာ ပြော၏။
ရွှီယန်က ခေါင်းငြိမ့်သည်။ ဤသည်မှာ အလွန်ရက်ရောသည့် ကမ်းလှမ်းမှုဖြစ်၏။ အဘယ်ကြောင့် ငြင်းဆန်နေမည်နည်း။
ထို့အပြင် သူသည် မုဖိန်မင်ကို သတ်ဖြတ်ရန်အတွက် ဘယ်တုန်းကမှ တွေးထားခြင်းမရှိပါ။ ဘာပဲဖြစ်ဖြစ် သူတို့အကြားတွင် မည်သည့်ရန်ကြွေး သို့မဟုတ် ပဋိပက္ခမှမရှိပေ။
ရွှီယန်၏ သဘောတူပုံကို တွေ့ရပြီးနောက် မုမိသားစု၏ အကြီးအကဲမှာ အလွန်ဝမ်းသာသွားပြီး နောက်ထပ် အသံပို့လွှတ်ကာ ပြောလိုက်၏။
"မိတ်ဆွေလေးရွှီ... ငါတို့တွေ သဘောတူညီမှုတစ်ခု လုပ်ကြရင်ရော။ ငါတို့မိသားစုရဲ့ ပါရမီရှင်ကို အရမ်းကြီးလျှင်လျှင်မြန်မြန် အနိုင်မယူနဲ့။ အဲ့ဒီ့အတွက် ငါတို့မုမိသားစုက ထိပ်တန်းအဆင့်စိတ်ဝိဉာဉ်ဆေးပင် ၅ခုကို ထပ်ပေးမယ်။ ဘယ်လိုလဲ.."
ရွှီယန် "..."
သူသည် မုမိသားစု၏ အကြီးအကဲကို ကြည့်သည်။ ထို့နောက် မုဖိန်မင်ကို ကြည့်၏။ တစ်ဖက်လူသည် မုမိသားစု၏ ဂုဏ်သိက္ခာအတွက် ကံကြမ္မာကို လက်ခံကာ တိုက်ခိုက်တော့မည့်ဟန် ရသည်။
ရွှီယန်က မနေနိုင်ဘဲ သက်ပြင်းချသည်။ မုဖိန်မင်သည် မိသားစု၏ အလွန် တန်ဖိုးထားခြင်းကို ခံရ၏။
မုမိသားစုနှင့်ပတ်သက်ပြီး ရွှီယန်သည် စုံစမ်းမှုအချို့ ပြုလုပ်ခဲ့၏။ ထိုမိသားစုသည် စိတ်ဝိဉာဉ်ဆေးပင်များကို ပျိုးထောင်ရာ၌ ကျွမ်းကျင်ကာ ဆေးရည်များကို ပြုလုပ်သည်။ သူတို့တွင် စိတ်ဝိဉာဉ်ဆေးပင်များ စုဆောင်းထားမည်မှာ သေချာ၏။
မုမိသားစု၏ ဆေးရည်များသည် လော့ဒေသတွင်သာမက လင်းနယ်မြေ၌ပါ ကျော်ကြားကြသည်။ သို့ရာတွင် ဤသည်မှာ အရင်းအမြစ် ဖြုန်းတီးခြင်းသာ ဖြစ်သည်ဟု ရွှီယန်အနေနှင့် ခံစားရ၏။
ရွှီယန်သည် ခေါင်းငြိမ့်ကာ သဘောတူလိုက်၏။ ဘာပဲဖြစ်ဖြစ် ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်များသည် ရှားပါးရတနာများ ဖြစ်သည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့၏ ရတနာတိုက်များကို လုယူခဲ့လျှင်တောင် ထိုကဲ့သို့သော ဆေးပင်များ အများကြီး မရခဲ့ပေ။
စိတ်ဝိဉာဉ်ဂိုဏ်းများအကြားတွင် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှာ ဆင်းရဲသည်ဟု ဆိုနိုင်၏။ မုမိသားစုနှင့် နှိုင်းယှဉ်နိုင်ခြင်း လုံးဝမရှိပေ။
စဉ်းစားမှုအချို့ ပြုလုပ်ပြီးနောက် သူသည် မုမိသားစု၏ အကြီးအကဲဆီသို့ ပြန်ပြောလိုက်၏။
"တကယ်လို့ မင်းတို့ရဲ့ပါရမီရှင်ကို ငါ.. တစ်နာရီရဲ့ လေးပုံတစ်ပုံကြာအောင် တိုက်ခိုက်ပေးမယ်ဆိုရင် ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဆေးပင် ဘယ်လောက်လောက် ပေးနိုင်မလဲ.."
မုမိသားစု၏ အကြီးအကဲမှာ မှင်သက်သွားသည်။ တစ်နာရီ၏ လေးပုံတစ်ပုံကြာအောင် တိုက်ခိုက်မည်လား။ ထိုသတင်းသာ ထွက်ပေါ်သွားပါက မုမိသားစု၏ ပါရမီရှင်သည် ရွှီယန်အား ၁၅မိနစ်ကြာအောင် ရှုံးနိမ့်ခြင်းမရှိဘဲ ရင်ဆိုင်နိုင်သည်ဟု မကျော်ကြားလာပေဘူးလား။
ဤသည်က သူ၏ ဂုဏ်သတင်းကို ကြီးစွာ မြင့်တက်သွားစေမှာ ဖြစ်သည်။ ရွှီယန်၏ ကျော်ကြားမှုနှင့် ဂုဏ်သတင်းတို့ ကြီးထွားလာသည်နှင့်အမျှ မုမိသားစု ပါရမီရှင်၏ ဂုဏ်သတင်းလည်း တူညီစွာ မြင့်တက်ဦးမှာဖြစ်၏။
မုမိသားစု၏ အကြီးအကဲက အံကိုကြိတ်ကာ ပြောသည်။
"ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်၅၀... ငါတို့မှာ တကယ်ပဲ ထပ်မရှိတော့ဘူး.."
ရွှီယန်မှာ မနေနိုင်ဘဲ အံ့သြသွားသည်။ မုမိသားစုသည် စိတ်ဝိဉာဉ်ဆေးပင် ပျိုးထောင်သူ မိသားစုကြီးတစ်ခုအနေနှင့် ထိပ်တန်း စိတ်ဝိဉာဉ်ဆေးပင်များကို ပျိုးထောင်ရမည့် နည်းလမ်းအား ပိုင်ဆိုင်ထားလောက်ပါသည်။
ထိုအကြောင်းကြောင့်သာ များပြားလှသည့် ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်များကို စုစည်းနိုင်ခြင်းဖြစ်၏။
"၁၀၀.."
ရွှီယန်သည် မုမိသားစု အကြီးအကဲ၏ စကားလုံးများကို ယုံကြည်ခြင်းမရှိပေ။ တစ်ခါတည်း ပြန်ပြော၏။
"အဲ့ဒါက..."
မုမိသားစု၏ အကြီးအကဲမှာ ခဏတာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် အံ့ကိုကြိတ်ကာ နာကျင်သည့်မျက်နှာဖြင့် ပြော၏။
"ကောင်းပြီ သဘောတူတယ်.."