အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
အပိုင်း ၅၄၇ - တံခါးဝသို့ တစ်ခါတည်းသွားကာ နင်းချခြင်း(၂)
ရွှီယန်က မျက်စံလှည့်သည်။ မုမိသားစု၏ လူအိုကြီးများသည် အမှန်တကယ်ကို ပွဲစီစဉ်တတ်ကြ၏။
မုဖိန်မင်မှာတော့ ထိုကိစ္စများကို မသိပေ။ ရွှီယန်နှင့် တိုက်ခိုက်စဉ်အတွင်းတွင် သူသည် လက်ရည်တူစွာ တိုက်ခိုက်နိုင်ကြောင်းကို တွေ့ရပြီးနောက် အံ့သြသွား၏။
ပြောစကားများအရ ရွှီယန်မှာ များစွာ ပိုမိုသန်မာသည် မဟုတ်ပါလား။
ရွှီယန်မှာတော့ မုဖိန်မင်နှင့် တိုက်ခိုက်စဉ်အတွင်းတွင် မုဖိန်မင်၏ သိုင်းစွမ်းအင်တို့ကို ခန္ဓာကိုယ်အတွင်းသို့ ဆက်တိုက်စုပ်ယူနေ၏။ သူ့ကို အံ့သြစေသည်မှာ မုဖိန်မင်၏ သိုင်းစွမ်းအင်သည် ပျော့ပြောင်းကာ ငြိမ်းချမ်းခြင်းဖြစ်သည်။ ဤသည်မှာ မုမိသားစု၏ ကျင့်စဉ်နှင့် သက်ဆိုင်နေပေလိမ့်မည်။
၎င်းသည် ပေါက်ကွဲထွက်လာနိုင်သည့် စွမ်းအားတို့ လစ်ဟင်းနေပြီး တည်ငြိမ်စွာဖြင့် အဆက်မပြတ်သောစွမ်းအင်ကို စီးဆင်းစေ၏။ တိုက်ပွဲများတွင် သက်လုံကို ပိုမိုကြာရှည်စေသည်။
ခဏတာအတွင်းတွင် ၁၅မိနစ်သည် ကုန်ဆုံးသွားခဲ့၏။ ထိုအခါမှ ရွှီယန်က ပြင်းထန်သည့် တိုက်ခိုက်ချက်တစ်ခုကို ထုတ်ကာ မုဖိန်မင်ကို လွင့်စင်သွားစေသည်။
မုဖိန်မင်မှာ အနည်းငယ် ငိုင်တိုင်နေ၏။ ရွှီယန်သည် ဘယ်လိုလုပ်ပြီး ရုတ်တရက် ယခုမျှ ကြမ်းတမ်းသွားရသနည်း။ သူ့အနေနှင့် ခံနိုင်ရည် လုံးဝမရှိပေ။
"ညှာတာပေးတဲ့အတွက် ကျေးဇူးပါ.."
ရွှီယန်က ယဉ်ကျေးမှုရှိစွာဖြင့် ပြောသည်။
"ကျွန်တော်လည်း အကိုရွှီကို ကျေးဇူးတင်ပါတယ်.."
မုဖိန်မင်ကလည်း ယဉ်ကျေးစွာ တုံ့ပြန်၏။
မုမိသားစုရှိ အကြီးအကဲများမှာ မုဖိန်မင်၏ စွမ်းဆောင်မှုနှင့်ပတ်သက်ပြီး အလွန် ကျေနပ်သွားကြသည်။
"မိတ်ဆွေလေးရွှီ... ဒီမှာ မင်းရဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေ.."
သစ်ပင်တစ်ခု၏ အကွယ်၌ မုမိသားစု၏ အကြီးအကဲတစ်ယောက်က ဆေးပင်အိတ်ကို ပေးသည်။
ရွှီယန်ကဖွင့်ကာ စစ်ဆေးကြည့်ပြီးနောက် ဒီဗိုင်းအဆင့်စိတ်ဝိဉာဉ်ဆေးပင် ၁၀၀ကျော်ကို တွေ့လိုက်ရသည်။ ကျေနပ်စွာ ခေါင်းငြိမ့်၏။ ဒီအလဲအလှယ်က တန်လေသည်။
"မိတ်ဆွေလေးရွှီ... နောက်ထပ် ဘယ်ပါရမီရှင်ကို စိန်ခေါ်ဖို့ စီစဉ်ထားလဲလို့ မေးခွင့်ရှိမလား မသိဘူး.."
မုမိသားစုရှိ အဘိုးအိုက ခဏတာ တုံ့ဆိုင်းနေပြီးနောက် မေး၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ သို့ပေမယ့် သူသည် ဖုံးကွယ်ခြင်းမရှိပေ။
"ကျွန်တော် သိုင်းတစ်ထောင်ဒေသကို သွားတော့မှာ... ပြီးရင် သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေကို စိန်ခေါ်မယ်.."
ထိုစကားကို ကြားရပြီးနောက် မုမိသားစုမှ အဘိုးအိုက သူ၏အိတ်ထဲမှ သေးငယ်သည့် စာအုပ်တစ်အုပ်ကို ထုတ်ကာ ရွှီယန်ကိုပေးသည်။
"မိတ်ဆွေလေးရွှီ... ဒီစာအုပ်ထဲမှာ သိုင်းတစ်ထောင်ဒေသနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပါဝင်တယ်။ သိုင်းတစ်ထောင်ခန်းမရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေနဲ့ ပါရမီရှင်တွေရဲ့ စာရင်းလည်းပါတယ်.."
ရွှီယန်က စာအုပ်ကို ယူပြီးနောက် မုမိသားစု၏ အဘိုးအိုကို ပဟေဠိဖြစ်စွာ ကြည့်သည်။ ထိုအကြီးအကဲသည် သူ့ကို သိုင်းတစ်ထောင်ဒေသနှင့် သိုင်းတစ်ထောင်ခန်းမ၏ သတင်းအချက်အလက်များအား ထောက်ပံ့ပေးနေ၏။ ကြည့်ရသည်မှာ သိုင်းတစ်ထောင်ခန်းမအပေါ် ရန်ငြိုးတစ်ခု ရှိသည့်ဟန် ရသည်။
"သိုင်းတစ်ထောင်ခန်းမက အရှက်အမဲ့ဆုံးပဲ မိတ်ဆွေလေးရွှီ.. သတိထားပါ... ပါရမီရှင်တွေအကြား တိုက်ပွဲမှာ စည်းမျဉ်းစည်းကမ်းတွေ ရှိပေမယ့် အဲ့ဒီ့က လူတွေကတော့ ရှုံးနိမ့်ပြီဆိုရင် ကောက်ကျစ်တဲ့နည်းလမ်းတွေ သေချာပေါက် အသုံးပြုလာကြမှာ.."
မုမိသားစု၏ အကြီးအကဲက သတိပေးသည်။
"ခင်ဗျားတို့ မုမိသားစုမှာ သိုင်းတစ်ထောင်ခန်းမနဲ့ ရန်ငြိုးရှိလို့လား.."
ရွှီယန်က အံ့ဩစွာမေး၏။
"အတိအကျတော့ မရှိပါဘူး... ရန်ငြိုးရှိမယ် ဆိုရင်လည်း သိုင်းတစ်ထောင်ခန်းမက ကျွန်တော်တို့ မုမိသားစုကို ဖျက်ဆီးပြီးတာ ကြာပြီဖြစ်လိမ့်မယ်။ ဒါပေမယ့် သိုင်းတစ်ထောင်ခန်းမက ကျွန်တော်တို့မိသားစု အပေါ်ကို တစ်ခေါက် အမိန့်စာပေးခဲ့ဖူးတယ်။ နောက်ဆုံးမှာ ကျွန်တော်တို့တွေ တန်ကြေးကြီးကြီးမားမား ပေးဆောင်လိုက်ရတယ်.."
"အဲ့ဒါကြောင့်မလို့ သိုင်းတစ်ထောင်ခန်းမသာ ထိခိုက်မယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း ဝမ်းသာတာပေါ့.."
မုမိသားစု၏ အကြီးအကဲက လက်ကို အသာဝှေ့ရမ်း၏။ ပြီးနောက် လေးနက်စွာနှင့် စိတ်လှုပ်ရှားစွာ ပြောသည်။
"မိတ်ဆွေလေးရွှီ... မုမိသားစုက ဒီအချက်အလက်တွေကို ထောက်ပံ့ပေးခဲ့တယ်ဆိုတာကို ထုတ်မပြောနဲ့နော်.."
ရွှီယန်က စာအုပ်ကို သိမ်းဆည်းပြီးနောက် ပြောသည်။
"စိတ်မပူပါနဲ့... ကျွန်တော်မုမိသားစုကို ထည့်ပြောမှာ မဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က လေလွင့်သိုင်းသမားတစ်ယောက်ပဲ။ ကျွန်တော်ဆီမှာ ဒီအချက်အလက်တွေ ရှိတယ်ဆိုတာကို သိလည်း အားလုံးက မျိုးဆက်စုံမဟာမိတ်အဖွဲ့က ပေးထားတယ်လို့ထင်မှာ.."
"အဲ့ဒါဆိုကောင်းတယ်... ကံကောင်းပါစေ မိတ်ဆွေလေး.."
မုမိသားစု၏ အကြီးအကဲက လက်သီးနှစ်ဖက်ကိုဆုပ်ကာ နှုတ်ဆက်၏။
"ကျွန်တော် သွားပါဦးမယ်.."
ရွှီယန်က ခေါင်းငြိမ့်ကာ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားသည်။
သိုင်းတစ်ထောင်ဒေသသည် လင်းနယ်မြေ၏ အကြီးဆုံးဒေသ၅ခုထဲမှ တစ်ခုဖြစ်၏။ သိုင်းတစ်ထောင်ခန်းမ၏ သီးသန့် ထိန်းချုပ်မှုအောက်တွင် ရှိသည်။ လင်းနယ်မြေ၏ စွမ်းအားအကြီးဆုံး ဒေသများထဲမှ တစ်ခုလည်း ဖြစ်၏။
ဒေသအတွင်းတွင် ရှိနေသည့် အင်အားစုများမှာ နိုင်ငံ၃ခု၊ ဂိုဏ်း၇ခုနှင့် မိသားစုကြီး၈ခုဟူ၍ ခွဲခြားထားသည်။ သို့ပေမယ့် အားလုံးမှာ သိုင်းတစ်ထောင်ခန်းမ၏ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်၏။ သိုင်းတစ်ထောင်ခန်းမမှာ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု ဖြစ်ရာ ဒေသတွင်းရှိ ကိစ္စငယ်များကို ကိုယ်ကိုယ်တိုင်စီမံခြင်းမရှိဘဲ သူတို့ကို တာဝန်ပေးထားသည်။
မျိုးဆက်စုံ မဟာမိတ်အဖွဲ့သည် အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာခဲ့ပြီး အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများသည် မဟာမိတ်အဖွဲ့၏ စွမ်းအားကို ဖိနှိပ့်နိုင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် လင်းနယ်မြေအပေါ် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အုပ်စိုးမှုသည် အတိုင်းအတာတစ်ခုအထိ စိန်ခေါ်မှုတို့ကြုံခဲ့ရ၏။
သို့ရာတွင် ဘာပဲဖြစ်ဖြစ် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အခြေခံမှာ နက်ရှိုင်းလှသည်။ ပါရမီရှင်များအကြား ပြိုင်ပွဲ၏ စတင်မှုနှင့်အတူ ထိပ်တန်းဂိုဏ်းအသီးသီးရှိ ပါရမီရှင်များက စတင်လှုပ်ရှားလာကြ၏။
ပါရမီရှင်ဇယားပေါ်သို့ ခရီးစဉ်အား စတင်ကာ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်များနှင့် ယှဉ်ပြိုင်ခဲ့ကြသည်။ ယခုအချိန်အထိ ပြိုင်ပွဲများတွင် စိတ်ဝိဉာဉ်ဂိုဏ်းများဘက်က လုံးဝ အသာစီးရနေ၏။
အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများမှာ စိုးရိမ်စရာ မလိုဘဲ ပါရမီရှင်တစ်ယောက်ကိုပင် စေလွှတ်ခြင်း မရှိပေ။ သူတို့သည် နောက်ဆုံးအချိန်မှ အနှိုင်းမဲ့သည့် အသွင်ဖြင့် ပေါ်လာကာ မျိုးဆက်စုံ မဟာမိတ်အဖွဲ့ရှိ ပါရမီရှင်အားလုံးတို့ကို အနိုင်ယူသွားမည့်ဟန် ရသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အခြေခံ မည်မျှနက်ရှိုင်းသည်ကို ကြည့်ရှု့မည့်ပုံရသည်။
သိုင်းတစ်ထောင်ဒေသ၌ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ မည်သည့်အဖွဲ့ခွဲမှ မရှိပါ။ မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်များအနေနှင့် သိုင်းတစ်ထောင်ဒေသ၌ စိန်ခေါ်မှုပြုရဲရန် ပိုတောင် ဝေးသေးသည်။
ထို့ကြောင့် သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များသာမက နိုင်ငံ၃ခု၊ ဂိုဏ်း၇ခုနှင့် မိသားစုကြီး၈ခုမှ ပါရမီရှင်များပင်လျှင် အားလုံးသည် ကျင့်ကြံခြင်းအပေါ်၌သာ အာရုံထားရန် လိုအပ်ကြသည်။ ခွန်အားကို ဆက်တိုက်မြှင့်တင်နေပြီး နောက်ဆုံးအချိန်တွင် ကောင်းမွန်သည့် အဆင့်တစ်ခုကို ရယူရန် ရည်ရွယ်ကြ၏။
ပါရမီရှင်များအကြား တိုက်ပွဲ၏ လက်ရှိအဆင့်တွင် အများစုတို့သည် အရမ်းကြီး စွမ်းအားမကြီးမားကြပေ။ တကယ့် အစွမ်းထက်သူများသည် နောက်ဆုံးအချိန်၌သာ လှုပ်ရှားမှုပြုလေ့ရှိ၏။
ထို့ကြောင့် ရွှီယန်က သူ၏ဓားကိုဆွဲကာ သိုင်းတစ်ထောင်ခန်းမ၏ တံခါးဝသို့ ရောက်ရှိလာပြီး ကောင်းကင်ကို ဆန့်ကျင်သကဲ့သို့ သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်များကို စိန်ခေါ်ခဲ့ခြင်းက ခန်းမရှိ သိုင်းသမားများကို သတိလက်လွတ်ဖြစ်သွားစေပြီး အံ့သြကုန်စေသည်။
"ငါ.. ဓားနတ်ဘုရားရွှီယန်... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေကို လာပြီးတော့ စိန်ခေါ်တယ်.."
သူ၏အသံသည် မိုးခြိမ်းသကဲ့သို့ ပဲ့တင်ထပ်သွား၏။
သိုင်းတစ်ထောင်ခန်းမ၏ အတွင်းတွင် စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးတို့မှာ မှင်သက်သွားကြသည်။ ဒီရဲတင်းသည့် လူသည် မည်သည့်နေရာမှ ရောက်ရှိလာခဲ့သနည်း။ သိုင်းတစ်ထောင်ခန်းမ၏ တံခါးဝသို့ လာရောက်ကာ စိန်ခေါ်ရဲသည်လား။
ထို့နောက် ချက်ချင်းပင် သိုင်းတစ်ထောင်ခန်းမရှိ သိုင်းသမားအားလုံးတို့သည် ဒေါသတကြီး ဖြစ်သွားကြသည်။ အကြီးအကဲများ၏ မျက်နှာများက ညှို့မှိုင်းသွားကြ၏။
သူတို့ သိုင်းထောင်ခန်းမ၏ ခြိမ်းခြောက်နိုင်စွမ်းသည် ယခုမျှ ကျဆင်းသွားခဲ့ပြီလား။ လေလွင့်သိုင်းသမား တစ်ယောက်ကတောင် လာရောက် စိန်ခေါ်ရဲနေပြီလား။
ထို့အပြင် တစ်ဖက်လူသည် ကိုယ့်ကိုယ်ကိုယ်ဓားနတ်ဘုရားဟု ခေါ်နေသေးသည်။ လင်းနယ်မြေတွင် သိုင်းတစ်ထောင်ခန်းမ၏ ဓားပညာမှာ အကောင်းဆုံးဖြစ်သည်ကို လူတိုင်း သိရှိကြပြီး မဟုတ်ပါလား။ ဤသည်မှာ သူတို့၏မျက်နှာအား တိုက်ရိုက် လာရောက်ရိုက်နှက်ခြင်း ဖြစ်သည်။
"ဒီနိမ့်ကျတဲ့ လေလွင့်သိုင်းသမားက ဘယ်ကနေရောက်လာတာလဲ... ဒီနေရာက မင်းလာပြီး မောက်မာရမယ့်နေရာ မဟုတ်ဘူး.."
သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲတစ်ယောက်က ပေါ်လာ၏။ ဖိအားကြီးသည့် အရှိန်အဝါဖြင့် ခက်ထန်စွာပြောသည်။
"ဘာတုန်း... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေက စိန်ခေါ်မှုကို လက်မခံရဲဘူးလား.."
ရွှီယန်၏မျက်လုံးများက အေးစက်သွားသည်။ ဒီသိုင်းတစ်ထောင်ခန်းမမှ သိုင်းသမားသည် အမှန်တကယ်ကိုရိုင်းစိုင်း၏။
"မင်းလို နိမ့်ကျတဲ့ လေလွင့်သိုင်းသမားတစ်ယောက်က သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေကို လာပြီးစိန်ခေါ်ဖို့ မထိုက်တန်ဘူး။ ထွက်သွား.."
သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲမှာ အစက တစ်ခါတည်း တိုက်ခိုက်မောင်းထုတ်လို၏။ သို့ပေမယ့် ပါရမီရှင်များအကြား စည်းမျဉ်းများကို တွေးမိပြီးနောက် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းကာ ဒေါသတကြီးအော်သည်။
"ဒါဆိုရင် ခင်ဗျားကို ကျုပ်စိန်ခေါ်မယ်.. တိုက်ရဲလား.."
ရွှီယန်က အေးစက်စွာပြောသည်။
သိုင်းတစ်ထောင်ခန်းမမှ အကြီးအကဲမှာ ပထမတွင် မှင်သက်သွား၏။ ထို့နောက် ဝမ်းသာသွားသည်။ ဒီမိုက်မဲသည့် လေလွင့်သိုင်းသမားသည် သူ့ကို စိန်ခေါ်ရဲ၏။ ဤသည်မှာ ကိုယ်ကိုယ်တိုင်၏ မြေတွင်းကို တူးနေသည်ပင်။ မည်သူမှ သူ့ကို အပြစ်တင်နိုင်မည် မဟုတ်ပေ။
"မင်းက သေချင်နေတာပဲ...ငါကလည်း သတ်ပေးရမှာပေါ့.."
သူသည် ပြောလိုက်ပြီးသည့်နှင့် တိုက်ခိုက်မှုကို ပြုလုပ်၏။ တစ်ဖက်လူအား သေစေရန် ရည်ရွယ်သည်။
သိုင်းတစ်ထောင်ခန်းမမှာ ပြောကြသည့်အတိုင်း အမှန်တကယ်ကို အရှက်မဲ့လှသည်ဟု ရွှီယန်တစ်ယောက် တွေးမိလိုက်သည်။
သူသည် နှာခေါင်းရှုံ့ကာ ဓားကို ခုတ်ပိုင်းချလိုက်၏။ လျှပ်တပြက်အတွင်း ဓားဆန္ဒက မြင့်တက်ကာ တောင်နှင့်မြစ်တို့ လွှမ်းခြုံလာခဲ့သည်။
ထိုအကြီးအကဲသည် သာမန် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်သာ ဖြစ်၏။ ရွှီယန်၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။
"တောင်နှင့်မြစ်နဂါးဟိန်းသံ၊ မိုးကြိုးဓားချက်၊ လျှပ်တပြက်သုတ်သင်ခြင်း ဓားချက်..."
"ဘုန်း.."
သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲသည် နေရာမှာတွင် သတ်ဖြတ်ခံခဲ့ရပြီး ပြာများအဖြစ် ပြောင်းလဲသွားခဲ့၏။
"ရိုင်းစိုင်းတဲ့ကောင်.."
သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးအတွင်းတွင် သိုင်းသမားတစ်ယောက်သည် ဒေါသဖြင့် အံကိုကြိတ်မိ၏။
အိမ်တော်ထိန်းတစ်ယောက်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင်ပင် သတ်ဖြတ်ခြင်းခံခဲ့ရသည်။
ထိုကဲ့သို့သော ကိစ္စမျိုး မဖြစ်ပွားခဲ့တာ နှစ်ပေါင်းမည်မျှကြာခဲ့ပြီလဲ။ နောက်ဆုံးအကြိမ် ဖြစ်ခဲ့တုန်းက သွေးနတ်ဆိုး၏ လက်ချက်ဖြင့် ဖြစ်သည်။
ယခုအချိန်၌ ထိုမြင်ကွင်းသည် ထပ်မံပေါ်လာခဲ့၏။ သူသည် ကြီးစွာသော စော်ကားမှုကို ခံလိုက်ရသည်ဟု ခံစားရ၏။
"ဘုန်း.."
စွမ်းအားကြီးမားသည့် အရှိန်အဝါတစ်ခု ပေါ်ပေါက်လာပြီး ဂိတ်တံခါးဆီမှ လှံတစ်ချောင်း လွင့်ပျံလာခဲ့သည်။
"သိုင်းတစ်ထောင်ခန်းမက လင်းနယ်မြေရဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေထဲမှာ တကယ့်ကို အရှက်အမဲ့ဆုံးပဲ။ မင်းတို့က ပါရမီရှင်တွေရဲ့ တိုက်ပွဲအကြား စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖျက်ဖို့ စီစဉ်ထားတာလား.."
ရွှီယန်က နှာခေါင်းရှုံ့သည်။ သူ၏အသံက ပဲ့တင်ထပ်စွာ ပေါ်လာ၏။
အဝေးတွင် သိုင်းသမားများစွာ ကြည့်ရှု့နေပြီ ဖြစ်သည်။
သူတို့အားလုံးသည် အံ့သြနေကြ၏။
မည်သူသည် အကြောက်တရားကင်းမဲ့စွာဖြင့် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ ရောက်လာကာ တစ်ခါတည်း လာရောက်စိန်ခေါ်ရဲသနည်း။ အတိတ်တုန်းက သွေးနတ်ဆိုးသာလျှင် ထိုကဲ့သို့လုပ်ဆောင်ရဲပေလိမ့်မည်။
လှံသည် လေထဲတွင် ရပ်တန့်သွား၏။ သိုင်းတစ်ထောင်ခန်းမမှ သိုင်းသမား၏ မျက်နှာမှာ နီရဲနေသည်။ သူသည် အရင်တုန်းက ပါရမီရှင်များအကြား တိုက်ပွဲမှ စည်းမျဉ်းစည်းကမ်းများကို ဂရုစိုက်ခြင်း လုံးဝမရှိခဲ့ပေ။ သို့ပေမယ့် ယခုအချိန်၌ အခြေအနေက ခြားနား၏။
"မင်းငါ့ကို အရမ်း သတ်ချင်နေမယ်ဆိုတာကို ငါသိတယ်.."
ရွှီယန်၏ မျက်နှာပေါ်၌ တောက်ပသည့် အပြုံးတစ်ခုပေါ်လာ၏။
"သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေဆိုတာ ငကြောက်တစ်စုပဲ... စိန်ခေါ်မှုကို လက်ခံဖို့တောင်မှ သတ္တိမရှိဘူး။ အဲ့ဒါကြောင့်မလို့ မင်းတို့ လူအိုကြီးတွေက လာပြီး တိုက်ခိုက်ရတာမလား.."
"အဲ့လိုဆိုမှတော့လည်း မင်းကိုပဲ စိန်ခေါ်တာပေါ့.."
"လာခဲ့လေ..."
"မင်းက မဟုတ်တာ ပြောနေတာပဲ.."
သိုင်းတစ်ထောင်ခန်းမရှိ သိုင်းသမားမှာ ဒေါသတကြီးဖြစ်သွား၏။ သူသည် တိုက်ခိုက်လိုနေလေသည်။
သို့ပေမယ့် ထိုကဲ့သို့လုပ်ပါက ဂိုဏ်းရှိ ပါရမီရှင်များ၏ သိက္ခာကို ကျဆင်းစေမှာ ဖြစ်၏။
တိုက်ခိုက်မှုမပြုလျှင်လည်း သူကိုယ်တိုင်မှာ ငကြောက်နှင့် တူသွားကာ စိန်ခေါ်မှုကို လက်မခံရဲသည်နှင့် တူနေပေလိမ့်မည်။
"ကောက်ကျစ်တဲ့ လူရမ်းကား.."
သူသည် ဒေါသတကြီး အံကိုကြိတ်မိ၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။
"ဘာတုန်း... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေက ငကြောက်တွေဖြစ်ရုံတင် မကဘူး။ မင်းတို့လို လူအိုကြီးတွေကလည်း ငကြောက်တွေပဲလား.."
"သေချင်နေတာ.."
"ဘုန်း.."
လှံသည် နဂါးတစ်ကောင်ကဲ့သို့ ရွှီယန်ဆီသို့ ပြေးဝင်သွား၏။ ရွှီယန်က ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ လေထဲတွင် နဂါးဟိန်းသံက ပျံ့လွင့်လာပြီး သူသည် ရှေ့သို့တက်ကာ တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်၏။
"သိုင်းတစ်ထောင်ခန်းမရဲ့ ဒီလှံအတတ်က တကယ်ပဲ မဆိုးဘူး.."
ရွှီယန် ဝန်ခံမိ၏။ အဆင့်တူရှိ သိုင်းသမားများအကြားတွင် သိုင်းတစ်ထောင်ခန်းမရှိ သိုင်းသမားများသည် အမှန်တကယ်ကို အခြား စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ သိုင်းသမားများထက် များစွာ ပိုမိုသန်မာ၏။
သိုင်းတစ်ထောင်ခန်းမမှ သိုင်းသမားသည် စတင် တိုက်ခိုက်မှု ပြုပြီးဖြစ်ရာ ဆက်လက် တုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ သူ၏ ကျင့်စဉ်ကို အကန့်အသတ်အထိ မြှင့်တင်ထားပြီး နဂါးကဲ့သို့ လှံသိုင်း၊ ကြယ်တစ်ထောင်ကဲ့သို့ လှံသိုင်းဖြင့် ရွှီယန်ကို လွှမ်းခြုံသွားစေ၏။
"ဒီနေ့မှာ မင်းသေရမယ်.."
ရွှီယန်က အသာပြုံးသည်။ သူသည် တောင်နှင့်မြစ်ဓားတာအိုကို ထုတ်ဖော်ကာ ရန်သူကို ဆက်တိုက်တိုက်ခိုက်နေ၏။ တစ်ဖက်လူ၏ တိုက်ခိုက်မှု အငွေ့အသက်များကို ခန္ဓာကိုယ်အတွင်းသို့ တစ်စတစ်စ စုပ်ယူသည်။
သူ၏ သိုင်းပညာအရှိန်အဝါ အငွေ့အသက်သည် ကြီးထွားလာနေပြီး ခြားနားသည့် သိုင်းသမားများဆီမှ ခြားနားသည့် အသိအမြင်များကို ရရှိလာခဲ့၏။
"မူလဒီဗိုင်းအဆင့်က မဝေးတော့ဘူး.."
ရွှီယန်သည် ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ်စဉ်းစားသည်။
အပိုင်း ၅၄၈ - သိုင်းတစ်ထောင်ခန်းမ၏ ရှေ့တွင် စိန်ခေါ်ခြင်း၊ စင်မြင့်တစ်ခုအား ဖန်တီးခြင်း
သိုင်းတစ်ထောင်ခန်းမ၏ တောင်ခြေ ဂိတ်တံခါးရှေ့တွင် စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာ၏။ ထိုသတင်းထွက်ပေါ်လာသည်နှင့် ပိုမိုများပြားသည့် သိုင်းသမားများ လာရောက်ကြည့်ရှု့ကြသည်။
အားလုံးတို့၏ မျက်နှာများသည် အံ့ဩနေကြ၏။ ဒီလူငယ်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် မျက်နှာချင်းဆိုင်ကာ လာရောက်စိန်ခေါ်သည်လား။ သူ့ကို မည်သူက ယခုမျှသော သတ္တိတို့ ပေးခဲ့သနည်း။
"ဓားနတ်ဘုရားရွှီယန်လား... လော့ဒေသမှာ ယွီချန်ဖုန်းကို သတ်ခဲ့တဲ့လူလား.."
"ယွီချန်ဖုန်းတင်မကဘူး... ဓားဂိုဏ်းချုပ်ပါ အသတ်ခံခဲ့ရတာ.."
"ဒီနေ့ရဲ့ လေလွင့်သိုင်းသမားတွေ ဒီလိုပဲ အားလုံး ရဲတင်းကြတာလား။ သိုင်းတစ်ထောင်ခန်းမရဲ့ ဂိတ်တံခါးရှေ့မှာ တစ်ခါတည်းလာပြီး စိန်ခေါ်နေတယ်။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ဘယ်နေရာမှာ သွားထားတော့မလဲ.."
"ဟစ်... ရွှီယန်က အရမ်းသန်မာပြီး သူ့ရဲ့ဓားပညာက ပုံမှန်မဟုတ်ဘူး.."
"အမှန်ပဲ... သိုင်းတစ်ထောင်ခန်းမရဲ့ သိုင်းပညာတွေထက်တောင် အများကြီးပိုပြီး စွမ်းအားကြီးတယ်လို့ ခံစားရတယ်.."
ကြည့်နေကြသည့် သိုင်းသမားများက အသီးသီး ဆွေးနွေးနေကြ၏။
သိုင်းတစ်ထောင်ခန်းမတောင်၏ ထိပ်တွင် သိုင်းတစ်ထောင်အရှင်သခင်နှင့် အကြီးအကဲများအားလုံးမှာ မဲမှောင်သည့် မျက်နှာဖြင့် ရှိနေကြ၏။ အောက်ရှိမြင်ကွင်းကို ကြည့်ရှု့နေကြသည်။
အစီအစဉ်အရ ပြိုင်ပွဲ၏ နှောင်းပိုင်းမှ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ပါရမီရှင်များသည် တောင်အောက်သို့ဆင်းကာ မြင်မြင်သမျှ ပါရမီရှင်များကို အနိုင်ယူမည် ဖြစ်သည်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ထည်ဝါမှုကို ပြသမည် ဖြစ်သည်။
ထို့နောက် အရှိန်အဟုန် ကြီးမားစွာဖြင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပါရမီရှင်များကို အနိုင်ယူမည်ဖြစ်သည်။
သူတို့တွင် ယုံကြည်ချက်ရှိပြီး ထိုကဲ့သို့ စွမ်းဆောင်နိုင်မည်ဟု တွက်ချက်ထားကြသည်။ မျိုးဆက်စုံမဟာမိတ်အဖွဲ့ဘက်တွင် ဝူထန်းနန်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး၏ ထောက်ခံမှု ရှိနေလျှင်တောင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ နက်ရှိုင်းသည့်အခြေခံဖြင့် ရန်သူများကိုအောင်နိုင်မည်ဟု ယုံကြည်ဆဲရှိ၏။
သူတို့သည် ပါရမီရှင်များကို ပျိုးထောင်ရန် ပိုမိုများပြားသည့် အရင်းအမြစ်များကို မြှုပ်နှံခဲ့ပြီး ပြိုင်ပွဲ၏ နောက်ဆုံး အောင်နိုင်မှုကို ရယူရန် ဆုံးဖြတ်ချက်ချထားကြသည်။
သို့ပေမယ့် ယခုအချိန်၌ တစ်ယောက်ယောက်က တစ်ခါတည်း လာရောက်စိန်ခေါ်နေ၏။ ဤသည်မှာ သူတို့အနေနှင့် ဘယ်တုန်းကမှ မထင်ထားသည့်အရာဖြစ်သည်။
"ဒါက ဘယ်လို ဓားပညာမျိုးလဲ.."
သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲတစ်ယောက်က နက်ရှိုင်းသည့်အသံဖြင့် မေးသည်။
သူသည် သိုင်းတစ်ထောင်ခန်းမ၏ အကောင်းဆုံး ဓားသိုင်းပညာကို ကျင့်ကြံ၏။ သို့ပေမယ့် ရွှီယန်၏ ဓားသိုင်းကိုတွေ့ရပြီးနောက် ရှင်းမပြနိုင်သည့် ထိန်းချုပ်ခံရမှုကို ခံစားလိုက်ရသည်။
"မင်းတောင် ဘာသဲလွန်စမှ မတွေ့ဘူးလား.."
သိုင်းတစ်ထောင်ခန်းမ အရှင်သခင်က လေးနက်စွာမေးသည်။
"ကျွန်တော် သူ့ရှေ့မှာ ဓားထုတ်ဖို့ကိုတောင်မှ အရှက်ရသလို ခံစားရတယ်။ ကြိုးကြိုးစားစား ကျင့်ကြံထားတဲ့ ဓားသိုင်းက ၃နှစ်သား ကလေးငယ်လောက်ထက် မပိုသလိုပဲ.."
ထိုအကြီးအကဲက ညှို့မှိုင်းစွာဖြင့် ပြော၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ.."
ကျန်ရှိသည့် အကြီးအကဲများအားလုံးမှာ ထိတ်လန့်သွားကြသည်။ ယခုပြောလိုက်သည့် လူမှာ သိုင်းတစ်ထောင်ခန်းမ၏ နံပါတ်တစ် ဓားသိုင်းကျင့်ကြံသူ ဖြစ်ပြီး လက်ရှိဓားခန်းမသခင်လည်း ဖြစ်သည်။
"ငါလည်း အဲ့လိုမျိုး ခံစားရတယ်.."
နောက်ထပ် ဓားပညာကို ကျင့်ကြံသည့် အကြီးအကဲတစ်ယောက်ကလည်း လေးလံသည့် အသံဖြင့် ပြော၏။
"ဒီလူငယ်က ငါတို့ သိုင်းတစ်ထောင်ခန်းမရဲ့ သိုင်းပညာကို သေချာပေါက် ခိုးသွားခဲ့တာပဲ.."
အကြီးအကဲတစ်ယောက်၏ မျက်လုံးများက အလင်းရောင်တစ်ချက် လက်သွားပြီး ကောက်ကျစ်သည့်အသံဖြင့် ပြောသည်။
"အဲ့ဒီ့ကိစ္စနဲ့ ယွီကျိုးကို ဟွမ်းလျန်သွားခဲ့တယ်။ ပြီးတော့သူသေဆုံးခဲ့ရတယ်.."
တစ်ယောက်ယောက်က သတိပေးသည်။
"သူတောင် ငါတို့ဂိတ်ကို ရောက်လာသေးတာပဲ။ ဘာကိုကြောက်ဖို့လိုသေးလို့လဲ.."
"ဒါပေမယ့် ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေက..."
"သူက မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ပါရမီရှင်တစ်ယောက် ဟုတ်လို့လား။ မဟုတ်ရင် ဘာလို့ အများကြီး ဂရုစိုက်နေမှာလဲ။ ဝူမျိုးရိုးက ဒီလေလွင့်သိုင်းသမားတစ်ယောက်အတွက် တကယ်ပဲ လာတိုက်ခိုက်မှာလား.."
"ခန်းမအရှင်သခင်ရော ဘယ်လိုမြင်လဲ.."
ဆွေးနွေးနေကြသည့် အဖွဲ့သားများသည် သိုင်းတစ်ထောင် အရှင်သခင်အား ခေါင်းလှည့်ကြည့်ကြ၏။ သိုင်းတစ်ထောင်အရှင်သခင်က ခဏတာစဉ်းစားပြီးနောက် နက်ရှိုင်းသည့်အသံဖြင့် ပြောသည်။
"အချိန်မကျသေးဘူး...နောက်ပြီး ရွှီယန်နဲ့ဝူထန်းနန်အကြားမှာ ဆက်သွယ်မှုအချို့ ရှိနေမယ်လို့ ငါခံစားရတယ်။ မဟုတ်ရင် ဒီလိုထူးကဲတဲ့ ဓားသိုင်းပညာတစ်ခုက ဘယ်နေရာကနေ ရောက်လာမှာလဲ.."
"မင်းတို့သိထားရမှာက ဝူထန်းနန်သာ ရူးသွပ်သွားရင် မင်းတို့ငါတို့လောက်နဲ့ သူ့ကို တားနိုင်မှာမဟုတ်ဘူး.."
"ဒီဗိုင်းတံတား သက်ဆင်းလာတဲ့အခါမှ လှုပ်ရှားမှုပြုလည်း နောက်မကျသေးဘူး... ပြီးရင် သူဘာလုပ်နိုင်မလဲလို့ ငါတို့ကြည့်တာပေါ့.."
ဓားသခင်အကြီးအကဲက ခေါင်းငြိမ့်သည်။
"ခန်းမအရှင်သခင်ပြောတာ မှန်တယ်။ အချိန်မကျသေးဘူး.."
"ဒါဆိုရင် ငါတို့တွေ ရွှီယန်ကို ဘယ်လိုလုပ်ကြမလဲ.."
အကြီးအကဲတစ်ယောက်က မျက်မှောင်ကျုံ့သွားသည်။
"ဂိုဏ်း၇ဂိုဏ်း၊ မိသားစုကြီး၈ခုနဲ့ နိုင်ငံ၃နိုင်ငံထဲမှာ ရွှီယန်ကို ရင်ဆိုင်နိုင်တဲ့ ပါရမီရှင်တစ်ယောက်မှ မရှိဘူးလား။ သူတို့ကို လှုပ်ရှားခိုင်းလိုက်ပေါ့.."
သိုင်းတစ်ထောင်အရှင်သခင်က အေးစက်စွာ ပြော၏။
ကျန်ရှိသည့် အကြီးအကဲများက သဘောတူစွာ ခေါင်းငြိမ့်ကျသည်။ သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်တစ်ယောက်သာ တိုက်ပွဲအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားပါက သူတို့၏ ဂုဏ်သတင်းကို မကျဆင်းပေဘူးလား။
အရင်ဆုံး သတ်မှတ်ချက်တစ်ခု ထားရပေမည်။ ရွှီယန်သည် ဂိုဏ်း၇ဂိုဏ်း၊ မိသားစုကြီး၈ခုနှင့် နိုင်ငံ၃နိုင်ငံ၏ ပါရမီရှင်များအားလုံးကို အနိုင်ယူပြီးမှသာလျှင် သိုင်းတစ်ထောင်ခန်းမ၏ ပါရမီရှင်များကို စိန်ခေါ်ရန် အရည်အချင်းပြည့်မှီမည် ဖြစ်၏။
သိုင်းတစ်ထောင်ခန်းမ၏ တောင်ခြေတွင် တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့၏။ ရွှီယန်က ဓားကိုခုတ်ပိုင်းကာ လျှပ်တပြက်အတွင်း ဓားဆန္ဒက ဓားစွမ်းအားများစွာကို ဖြစ်တည်လာစေခဲ့သည်။ သိုင်းတစ်ထောင်ခန်းမ၏ သိုင်းသမားကို လွှမ်းခြုံသွား၏။
သေခြင်းရှင်ခြင်း ဓားစက်ဝန်းကို လျှပ်တပြက် ထုတ်ဖော်ပြီး သေခြင်းနှင့်ရှင်ခြင်းအား ပြောင်းလဲပြီးနောက် ဓားစက်ဝန်းတစ်ခုက ထိုသိုင်းသမား၏ လည်ပင်းကို လှီးဖြတ်သွား၏။
သူ၏ဦးခေါင်းမှာ ပြုတ်ကျသွားခဲ့သည်။ ပြီးနောက် လျှပ်တပြက်လေ ဓားဆန္ဒက မုန်တိုင်းတစ်ခုနှယ် ဖြတ်သန်းသွားပြီး ဒီဗိုင်းဝိဉာဉ်မှာ ပျက်စီးကာ ခန္ဓာကိုယ်မှာ ပြာအဖြစ် ပြောင်းလဲသွားခဲ့၏။
သိုင်းတစ်ထောင်ခန်းမရှိ နောက်ထပ် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ရွှီယန်သည် သူ၏ဓားကိုကိုင်ကာ ခက်ထန်စွာဖြင့် သိုင်းတစ်ထောင်ခန်းမ၏ တောင်ခြေရှိ ဂိတ်တံခါးကို မထိမဲ့မြင် ကြည့်နေသည်။ အေးစက်စွာပြော၏။
"သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေ အားလုံးက ငကြောက်တွေလား.."
ရှိနေကြသည့် သိုင်းသမားများအားလုံးမှာ ပြောစရာစကားမဲ့အောင် အံ့သြနေကြသည်။ သိုင်းတစ်ထောင်ခန်းမ၏ မျက်နှာသည် ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်း ခံခဲ့ရ၏။ သို့ပေမယ့် ထိုတိုက်ခိုက်လာသူကို မိုးကြိုးပစ်သကဲ့သို့ လျှင်မြန်စွာ မသတ်ဖြတ်ပေဘူးလား။
ဖြစ်နိုင်သည်မှာ ပါရမီရှင်များအကြား၏ တိုက်ပွဲတွင် အတွင်းရေးကိစ္စအချို့ ရှိနေပြီး မြင့်မားထည်ဝါသည် ဟူသည့် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများပင် ၎င်းကိုဆန့်ကျင်ရဲခြင်း မရှိပေဘူးလား။
"ရွှီယန်.."
သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲတစ်ယောက်က ရှေ့သို့တက်လာသည်။ သူ၏အရှိန်အဝါမှာ ကြီးမားလှပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့် စွမ်းအားက သူ၏အပေါ်တွင် စုစည်းနေဟန်ရသည်။ ဤသည်မှာ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်၏။
ရွှီယန်၏ မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားပြီး အချိန်မရွေး ထွက်ပြေးရန် အဆင်သင့်ရှိနေသည်။
ထိုအကြီးအကဲ၏ စွမ်းအားသည် ဟွမ်းလျန်ထက် သန်မာ၏။ သူ့အနေနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးပေ။
"ဒါဆိုရင် သိုင်းတစ်ထောင်ခန်းမမှာ တကယ်ပဲ ဘယ်ပါရမီရှင်မှ မရှိတော့ဘူးပေါ့... ခင်ဗျားတို့လို အဘိုးကြီးတွေပဲ ရှိတော့တာပေါ့.."
ရွှီယန်က တစ်ဖက်လူအား တိုက်ရိုက်ကြည့်ကာ လှောင်ပြောင်စွာ ပြောသည်။
"မောက်မာလိုက်တာ.."
"ရွှီယန်ကို အရမ်းမောက်မာတယ်လို့ ငါကြားဖူးတယ်။ ဒီနေ့တွေ့လိုက်ရတော့ တကယ့်ကို ဟုတ်နေတာပဲ.."
ကြည့်နေကြသည့် လူအုပ်သည် အသက်ကို ရှူသွင်းမိကြ၏။ ဤသည်မှာ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သို့ပေမယ့် ရွှီယန်ကတော့ သူ့ကိုအလွယ်တကူ စော်ကားနေ၏။
ဆုန်ကျန်မှာ စိတ်ထဲတွင် ဒေါသဖြင့် ဆူပွတ်နေ၏။ သို့ပေမယ့် ဖိနှိပ့်ထားရသည်။
"ငါတို့ သိုင်းတစ်ထောင်ခန်းမက အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာကြီးမားတယ်။ ငါတို့ဂိုဏ်းရဲ့ ပါရမီရှင်တွေက မင်းလိုမျိုး လေလွင့်သိုင်းသမားတစ်ယောက် စိန်ခေါ်ချင်တိုင်း စိန်ခေါ်လို့ရတဲ့အရာ မဟုတ်ဘူး.."
"သိုင်းတစ်ထောင်ဒေသရဲ့ ပါရမီရှင်တွေ အားလုံးကို အနိုင်ယူပြီးတဲ့အခါ ကျရင် ငါတို့ဂိုဏ်းက ပါရမီရှင်တွေကို စိန်ခေါ်ဖို့အတွက် မင်းပြန်လာလို့ရတယ်။ မဟုတ်ရင်တော့ မင်းက အဆင့်မမှီဘူး.."
သူတို့သည် တိုက်ပွဲဖြစ်ပွားခဲ့ကာ သိုင်းသမားနှစ်ယောက်တို့ သတ်ဖြတ်ခြင်းခံခဲ့ရပြီး မျက်နှာပန်းအချို့ ဆုံးရှုံးခဲ့၏။ သို့ပေမယ့် ထိုအကြောင်းကြောင့် ပါရမီရှင်များကို စေလွှတ်ကာ တိုက်ခိုက်ခိုင်းခြင်းက သိုင်းတစ်ထောင်ခန်းမရှိ ပါရမီရှင်များ၏ တန်ဖိုးကို လျော့ကျစေမှာ ဖြစ်သည်။
ပါရမီရှင်များအကြား ယှဉ်ပြိုင်ပွဲ၏ စည်းမျဥ်းများကြောင့်သာ မဟုတ်ပါက ရွှီယန်ကို ဂိတ်တံခါးရှေ့၌ ယခုကဲ့သို့ သောင်းကြမ်းခွင့်ပြုမည် မဟုတ်ပေ။ တစ်ခါတည်း ရိုက်သတ်လိုက်တာ ကြာပြီဖြစ်၏။
အပိုင်း ၅၄၉ - သိုင်းတစ်ထောင်ခန်းမ၏ ရှေ့တွင် စိန်ခေါ်ခြင်းစင်မြင့် တစ်ခုအား ဖန်တီးခြင်း(၂)
သို့ရာတွင် သိုင်းတစ်ထောင်ခန်းမသည် ဝူထန်းနန်၏ အနီးကပ် စောင့်ကြည့်ခြင်းကို ခံနေရ၏။ သူတို့သာ ပါရမီရှင်များအကြား တိုက်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖျက်ပါက ဝူထန်းနန်အနေနှင့် ဝင်ရောက်တိုက်ခိုက်ရန် သေချာပေါက် အကြောင်းပြချက်ရှာမှာဖြစ်သည်။
ထိုအကြောင်းကြောင့် အခြား အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများက ဝူထန်းနန်ကို ဆန့်ကျင်ရာတွင် သိုင်းတစ်ထောင်ခန်းမဘက်မှ ပါမည်ဟု သေချာခြင်း မရှိပါ။
ပြီးခဲ့တုန်းက ဝမ်ရှင်းသိုင်းပညာ အကယ်ဒမီနှင့် တိုက်ပွဲတွင် သိုင်းတစ်ထောင်ခန်းမ၏ အရှင်သခင်ဟောင်းက တိုက်ခိုက်မှုပြုကာ ဝူထန်းနန်ကို အနိုင်ယူခဲ့၏။
သို့ပေမယ့် တစ်ဖက်လူသည် အလွန်အံ့သြဖွယ်ကောင်းလောက်အောင် အသက်ရှင်ရက် လွှတ်မြောက်သွားခဲ့သည်။ ယခုအချိန်၌ ခွန်အားမှာ များစွာ တိုးမြင့်လာခဲ့ပြီး လင်းနယ်မြေ၏ သိုင်းပညာအကန့်အသတ်သို့ ရောက်ရှိနေပြီး ဖြစ်၏။
ထိုကဲ့သို့သော စွမ်းအားကြီးမားသူ တစ်ယောက်၏ စောင့်ကြည့်မှုအောက်တွင် သိုင်းတစ်ထောင်ခန်းမအနေနှင့် ယာယီအချိန်အတွင်း စွန့်စားလိုခြင်း မရှိပေ။
'သိုင်းတစ်ထောင်ခန်းမရဲ့ ခွန်အားက အရမ်းစွမ်းအားကြီးတယ်... သူတို့ရဲ့ ပါရမီရှင်တွေ အားလုံးမှာ စိတ်ဝိဉာဉ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်။ အဆင့်ကြီးနှစ်ဆင့်လည်း ကွာခြားနေတာဆိုတော့ ငါ့အနေနဲ့ သူတို့ကို အနိုင်ရချင်မှရလိမ့်မယ်..'
'အဲ့ဒီ့အပြင် သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေအကုန်လုံး ရှုံးနိမ့်သွားရင် ဒီအဘိုးကြီးတွေ သေချာပေါက် ထိုင်နေမှာ မဟုတ်တော့ဘူး။ သူတို့တွေ ဝင်ပါလာရင် ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ နည်းနည်းခက်ခဲလိမ့်မယ်..'
'အဲ့ဒီ့အချိန်မှာ ဆရာပေးထားတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား ကျောက်စိမ်းအဆောင်ကို အသုံးပြုရမှာ အသေအချာပဲ။ ဒီကိစ္စက မဟုတ်သေးဘူး... ငါရွှီယန်က သိုင်းလောကမှာ လျှောက်လှမ်းနေစဉ် ဘယ်လိုလုပ်ပြီး ဆရာ့ရဲ့ အကာအကွယ်ကို မှီခိုလို့ဖြစ်မှာလဲ..'
'ငါ့ရဲ့ခွန်အားအဆင့်က မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်တော့မယ်။ နောက်ထပ် တိုက်ပွဲ အနည်းငယ်လောက်ဆိုရင် အဆင်သင့်ဖြစ်လောက်ပြီ။ ငါသာ မူလဒီဗိုင်းအဆင့်ထဲကို ဝင်ရောက်ပြီးရင် ဘာကိုမှ ကြောက်စရာမလိုတော့ဘူး..'
ရွှီယန်က ကိုယ့်ကိုယ်ကိုယ် တိတ်တဆိတ် စဉ်းစားသည်။
'ကောင်းပြီ... ဒါဆိုရင်လည်း ငါရွှီယန် သိုင်းတစ်ထောင်ဒေသရဲ့ လူငယ်ပါရမီရှင်တွေ အားလုံးကို အရင်ဆုံး အနိုင်ယူမယ်..'
ရွှီယန်က အေးစက်စွာ ခေါင်းငြိမ့်သည်။
ဆုန်ကျန်၏ မျက်နှာက မဲမှောင်သွား၏။ ရွီယန်ကို အမှန်တကယ် မောက်မာလွန်းလှသည်ဟု ခံစားရသည်။ သူသည် သိုင်းတစ်ထောင်ဒေသရှိ ပါရမီရှင်အားလုံးတို့ကို တစ်ယောက်တည်းနှင့် အမှန်တကယ် အနိုင်ယူချင်သည်လား။
"ငါအရှင် မင်း.. သိုင်းတစ်ထောင်ခန်းမရဲ့ လူငယ်ပါရမီရှင်တွေကို ဘယ်လိုအနိုင်ယူမလဲလို့ တကယ် တွေ့ချင်သေးတယ်.."
ဆုန်ကျန်က အေးစက်စွာ နှာခေါင်းရှုံ့သည်။
ပတ်ဝန်းကျင်ရှိ သိုင်းသမားအားလုံးတို့မှာ ချက်ချင်းပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ သိုင်းတစ်ထောင်ဒေသသည် သက်ဝင်လှုပ်ရှား လာပေတော့မည်။ လူငယ်ပါရမီရှင်များ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာတော့မှာဖြစ်၏။
"ပြီးရင် ရွှီယန် ဘယ်နေရာကို သွားပြီးတော့ စိန်ခေါ်မှုပြုမှာလဲ... ဂိုဏ်း၇ဂိုဏ်းနဲ့ မိသားစုကြီး၈ခု၊ နိုင်ငံ၃ခုထဲက တစ်ခုခုကို သွားမှာမလား.."
"သေချာတာပေါ့... သူတို့အားလုံးက သိုင်းတစ်ထောင်ခန်းမရဲ့ လက်အောက်ခံ အင်အားစုတွေပဲ.."
သိုင်းသမားများက အချင်းချင်း ပြောဆိုနေကြ၏။ ရွှီယန်မှာတော့ လူတိုင်းက သူ့ကို ပြန်လည်ထွက်ခွာသွားတော့မည်ဟု တွေးထားသည့်အချိန်၌ ရပ်တန့်သွားခဲ့သည်။
လက်ကိုမြှောက်ကာ လက်ဝါးချက်တစ်ချက်ကို ရိုက်ထုတ်လိုက်၏။
"ဘုန်း.."
သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးမှ ပေပေါင်းရာချီအကွာ၌ မြေကြီးများ လိမ့်တက်ကာ အတူတူ စုစည်းလာခဲ့သည်။ အချိန်တိုအတွင်းတွင် မြေဖြင့်ပြုလုပ်ထားသည့် စင်မြင့်တစ်ခု ပေါ်လာပြီး ၎င်းသည် ဆယ်ပေလောက် မြင့်မားစွာ ဖြစ်တည်လာခဲ့၏။
ညီညာသည့် စင်မြင့်ပေါ်တွင် ရွှီယန်က အမည်မသိရတနာများကို ထုတ်ကာ စင်၏ ထောင့်လေးထောင့်ဆီ၌ ထိုးစိုက်လိုက်သည်။ ချက်ချင်းပင် အမည်မသိ စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ရွှံ့မြေနှင့် ပြုလုပ်ထားသည့် စင်မြင့်ပေါ်၌ စုစည်းလာခဲ့၏။ ထိုအား စုစည်းလာပြီးနောက် ရွှံ့စင်သည် ကျောက်သားကဲ့သို့ မာကျောလာခဲ့သည်။
ရွှီယန်က စင်မြင့်ပေါ်၌ ဂုဏ်ယူစွာ ရပ်ရင်းက အော်သည်။
"ငါဓားနတ်ဘုရားရွှီယန် လူငယ်ပါရမီရှင်တွေ အားလုံးကို သိုင်းတစ်ထောင်ခန်းမရဲ့ ဂိတ်တံခါးအပြင်ဘက်က ဒီနေရာမှာ စိန်ခေါ်တယ်.."
ရှိနေကြသည့် သိုင်းသမားအားလုံးတို့မှာ မှင်သက်သွားကြ၏။ ဤသည်မှာ မည်မျှ ရဲတင်းလိုက်သနည်း။
သူတို့သည် တစ်ဖက်လူကို သိုင်းတစ်ထောင်ခန်းမဆီမှ ထွက်ခွာကာ သက်ဆိုင်ရာအင်အားစုအသီးသီးဆီသို့ သွားရောက်စိန်ခေါ်မည်ဟု ထင်ထားခဲ့ကြ၏။
သို့ပေမယ့် သိုင်းတစ်ထောင်ဒေသ၏ ပါရမီရှင်များကို စိန်ခေါ်ရန် ရွှီယန်သည် သိုင်းတစ်ထောင်ခန်းမ၏ အပြင်ဘက်၌ စင်မြင့်တစ်ခုကို တည်ဆောက်ခဲ့လေသည်။
ဆုန်ကျန်၏ မျက်နှာက ဒေါသဖြင့် အစိမ်းရောင်ပြောင်းသွား၏။
"ရွှီယန်... စော်ကားတဲ့ကောင်.."
ရွှီယန်က သူ့ကို ပြန်ကြည့်သည်။
"ဒါက ခင်ဗျားပြောခဲ့တာပဲ... သိုင်းတစ်ထောင်ဒေသရဲ့ လူငယ်ပါရမီရှင်တွေ အားလုံးကို အနိုင်ယူပြီးတဲ့ အခါကျရင် ကျုပ်ခင်ဗျားတို့ သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေကို ဆက်ပြီးတော့ စိန်ခေါ်မယ်။ သိုင်းတစ်ထောင်ဒေသက အရမ်းကို ကျယ်ပြောလွန်းတယ်။ ဒီတိုင်းလျှောက်သွားနေရင် ပင်ပန်းဖို့ကောင်းတယ်.."
"သိုင်းတစ်ထောင်ခန်းမရဲ့ အပြင်ဘက်မှာ စည်းမျဉ်းတစ်ခုကို တည်ဆောက်တာက အများကြီးပိုပြီးသင့်တော်တယ်။ ပြီးတော့ မင်းတို့ သိုင်းတစ်ထောင်ခန်းမက လူတွေ တိုက်ပွဲကို ကြည့်ဖို့လဲ အဆင်ပြေတာပေါ့။ မဟုတ်ရင် ငါက သိုင်းတစ်ထောင်ခန်းမက ပါရမီရှင်အားလုံးကို အနိုင်ယူပြီးရင်တောင် မင်းတို့က ငြင်းချင်ငြင်းနေဦးမှာ.."
ဆုန်ကျန်၏ မျက်နှာက မဲမှောင်သွားသည်။ တစ်ဖက်လူသည် မည်မျှပင် ကျိုးကြောင်းဆီလျော်မှု မရှိလျှင်တောင် သူ၏ စကားထဲတွင် မှန်ကန်မှုအချို့ ပါရှိ၏။
သို့ပေမယ့် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးအနီးတွင် မထီမဲ့မြင်ဖြင့် စင်မြင့်တစ်ခုကို တည်ဆောက်ခြင်းက သူတို့၏ မျက်နှာကို ဖြတ်ရိုက်လိုက်သည်နှင့် တူညီပါသည်။
"ရွှီယန်... ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေ ရှိတာနဲ့ မင်းကိုယ်မင်း လုပ်ချင်တာလုပ်လို့ရမယ် ထင်နေတာလား.."
ဆုန်ကျန်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ပြော၏။
"ငါရွှီယန်က စည်းမျဉ်းတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးဘူး... စည်းမျဉ်းတွေဆိုတာ အားနည်းတဲ့လူတွေအတွက်ပဲ သက်ရောက်တာ။ ငါရွှီယန်က အမြဲတမ်း စည်းမျဉ်းတွေကို ချိုးဖျက်တယ်။ မင်းတို့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ စည်းမျဉ်းတွေက ငါ့မျက်လုံးထဲမှာ ခွေးချီးထက်မပိုဘူး.."
"ဒီနေ့မှာ သိုင်းတစ်ထောင်ဒေသရဲ့ လူငယ်ပါရမီရှင်တွေအားလုံးကို ဒီနေရာမှာပဲ ငါစိန်ခေါ်တယ်။ လက်မခံဘူးဆိုရင် မင်းတို့ သိုင်းတစ်ထောင်ခန်းမက လူငယ်ပါရမီရှင်တွေကို ထွက်လာပြီးတော့ တိုက်ခိုက်ခိုင်းလှည့်.."
"မင်းတို့ရဲ့ အိုကြီးအိုမ အသက်အရွယ်တွေကို အားကိုးပြီးအားနည်းတဲ့ လူငယ်တစ်ယောက်ကို အနိုင်ကျင့်ချင်တယ်ဆိုရင်လည်း လှုပ်ရှားကြည့်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် လူတိုင်းပြောကြတာက သိုင်းတစ်ထောင်ခန်းမက အရှက်အမဲ့ဆုံးပဲတဲ့..."
ရွှီယန်က ဆုန်ကျန်ကို မထီမဲ့မြင် ကြည့်၏။ သူ၏အသွင်နှင့် မျက်နှာပေးတို့မှာ မနှစ်မြို့မှုတို့ဖြင့် ပြည့်နက်နေပြီး တစ်ဖက်လူကို ပိုမို ဒေါသထွက်လာစေသည်။
ဆုန်ကျန်သည် အလွန် လူသတ်ချင်နေပြီး မျက်နှာက အနီရောင်ပြောင်းကာ အရှိန်အဝါတို့ ထွက်ပေါ်လာခဲ့သည်။ သူသည် ဆေဘာကို အလိုလိုဆုပ်ကိုင်မိ၏။
ကြည့်ရှု့နေသူများမှာ အဝေးသို့ အနည်းငယ် ဆုတ်ခွာသွားကြသည်။ စင်မြင့်ပေါ်ရှိ ပုံရိပ်ကို ကြည့်ကာ အားလုံးမှာ အံ့သြနေကြ၏။ ဤသည်မှာ သိုင်းတစ်ထောင်ခန်းမ၏ အပြင်ဘက်တွင် ပထမဆုံး စင်မြင့်တစ်ခုကို ဆောက်လုပ်ခဲ့သူ ဖြစ်သည်။ အတိတ်တုန်းက သွေးနက်ဆိုးပင်လျှင် မည်မျှပင် မောက်မာစေကာမူ၊ မည်မျှပင် ရဲတင်းစေကာမူ သိုင်းတစ်ထောင်ခန်းမ၏ အပြင်ဘက်၌ စင်မြင့်တစ်ခုကို တည်ဆောက်ရဲခြင်း မရှိပေ။ ရွှီယန်မှာ လင်းနယ်မြေ၏ သမိုင်းတွင် ပထမဆုံးလူဖြစ်၏။
သိုင်းတစ်ထောင်ခန်းမသည် အရှက်အမဲ့ဆုံး အဆင့်လွန်ဂိုဏ်းတစ်ခုအဖြစ် လူအများ ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည်။ ဤသည်မှာ လင်းနယ်မြေရှိ သိုင်းသမားအားလုံးနီးပါး အသိအမှတ် ပြုထားသည့် ကိစ္စရပ် ဖြစ်၏။ သို့ပေမယ့် မည်သူမှ သူတို့ကို အရှက်အမဲ့ဆုံးလူများဟု တိုက်ရိုက် ပြောဆိုရဲခြင်း မရှိကြပါ။
ယနေ့တွင်တော့ သူတို့သည် သမိုင်းတစ်ခုကို မြင်တွေ့ခဲ့ကြ၏။ ရဲရင့်သည့် လူငယ်တစ်ယောက်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် ထိုစကားကို ပြောခဲ့လေသည်။
ဆုန်ကျန်၏ မျက်နှာက ဒေါသဖြင့် နီရဲနေ၏။ သူသည် ယခုမျှ အရှက်ရလောက်အောင် ဘယ်တုန်းကမှ စော်ကားခံရဖူးခြင်း မရှိပေ။ ထို့အပြင် တစ်ဖက်လူမှာ လေလွင့်သိုင်းသမားတစ်ယောက် လူငယ်လေးတစ်ယောက်သာ ဖြစ်၏။
ဒီကိစ္စကိုသာ ဆက်လက်သည်းခံနေရပါက သူ့ကိုငကြောက်တစ်ယောက်ဟု မြင်လာကြမည်မှ လွဲ၍ အခြားရလဒ် မရှိတော့ပေ။ ရွှီယန်မှာ သေကို သေရပေမည်။
"ရွှီယန်... မင်းရဲ့နောက်မှာ ဘယ်သူပဲရှိရှိ ဒီနေ့မှာ သေရမယ်..."
ဆုန်ကျန်က အံကိုကြိတ်ကာ လက်ထဲရှိ ဆေဘာက ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအင် တစ်စွန်းတစ်စကို စုစည်းလာခဲ့၏။ မိုးကြိုးပစ်သကဲ့သို့ တိုက်ခိုက်မှုပြုကာ စင်မြင့်ပေါ်ရှိ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလှသည့် ကောင်ကို နေရာတွင် သတ်ဖြတ်မည် ဖြစ်သည်။
သို့ပေမယ့် ချက်ချင်းပင် သူ၏ပုံစံက ကြီးစွာ ပြောင်းလဲသွား၏။ ခေါင်းကိုမော့ကာ လားရာတစ်ခုဆီသို့ လှည့်ကြည့်သည်။ အကောင်အထည် မရှိသည့် သို့ပေမယ့် စွမ်းအားကြီးသည့် အရှိန်အဝါတစ်ခုသည် သူ့ကို ပစ်မှတ်ထားလာခဲ့၏။ ကြီးမားသည့် အန္တရာယ်အငွေ့အသက်က နှလုံးသားထဲတွင် မြင့်တက်လာခဲ့သည်။
တစ်ချိန်တည်းတွင် သိုင်းတစ်ထောင်အရှင်သခင်၏ ခန္ဓာကိုယ်က ရွေ့လျားသွားပြီး တိမ်များ၏အထက်သို့ ရောက်ရှိသွား၏။ သူ၏မျက်နှာက သတိတရားနှင့် လေးနက်မှုတို့ဖြင့် ပြင်းထန်နေပါသည်။
သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးအတွင်းတွင် စွမ်းအားကြီးမားသည့် အားတစ်ခု စုစည်းနေပြီး အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ရှိနေ၏။
ဆုန်ကျန်က ရွေ့လျားမှုပြုကာ သူ၏ခန္ဓာကိုယ်သည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးနှင့် ပြန်လည် နီးကပ်သွားခဲ့သည်။ အကြီးအကဲတစ်စုနှင့် မတ်တပ်ရပ်ကာ ကောင်းကင်ပေါ်သို့ ညှို့မှိုင်းနေသည့် မျက်နှာဖြင့်ကြည့်၏။
ရွှီယန်မှာ ခဏတာ အံ့သြသွားသည်။ ဒီငကြောက်သည် အမှန်တကယ် ပုန်းအောင်းရန်အတွက် ဆုတ်ခွာသွားသည်လား။
သူ၏နှလုံးသားက အခုန်မြန်သွား၏။ လားရာတစ်ခုဆီသို့ ခေါင်းလှည့်ကြည့်မိသည်။
'အရမ်း စွမ်းအားကြီးလွန်းတယ်..'
ဒီအချိန်၌ သူသည် အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။
'ဟွမ်းလျန်ထက် အများကြီးပိုပြီး စွမ်းအားကြီးတယ်။ သူသာ တိုက်ခိုက်ရင် ဆရာ့ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားကျောက်စိမ်းအဆောင်က လွဲပြီး ငါ့ရဲ့စွမ်းအားနဲ့ လွတ်မြောက်နိုင်စရာ ဘာမှမရှိဘူး..'
ထိုအချိန်၌ ရွှီယန်သည် အလွန် လေးနက်လာခဲ့၏။
'ငါက အရမ်း အားနည်းလွန်းသေးတယ်... ဒါပေမယ့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို မရောက်ရင်တောင်... မူလဒီဗိုင်းအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ရှိပြီးရင် ဒီစွမ်းအားကြီးတဲ့ ရန်သူကို ယှဉ်ပြိုင်လို့ ရလောက်တယ်..'
သူ၏ အာရုံခံနိုင်စွမ်းဖြင့် သတိထားမိလိုက်သည်။ လေထဲရှိ နေရာတစ်ခု၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့် စွမ်းအားသည် ကြီးစွာစုစည်းနေ၏။ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားရုံသာ မဟုတ်ပေ။ များစွာ ပိုမိုနက်ရှိုင်း၏။
'ဖြစ်နိုင်တာက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမစွမ်းအားများလား..'
သူသည် နှလုံးသားထဲတွင် ရေရွတ်မိ၏။
တိမ်များ၏ အထက်တွင် ကျောင်းဆရာတစ်ယောက်နှင့်တူသည့် လူတစ်ယောက်သည် လက်တစ်ဖက်တွင် စာအုပ်ကိုကိုင်ရင်းက စာဖတ်ခြင်း၌ နစ်မျောနေဟန်ရ၏။
သူသည် ကျန်လက်တစ်ဖက်ဖြင့် ပေတံတစ်ချောင်းကို ကိုင်ဆောင်ထားကာ သိုင်းတစ်ထောင်အရှင်သခင်အား မည်သည့် အာရုံထားမှုမှ မရှိပေ။
"ဝူထန်းနန်.."
သိုင်းတစ်ထောင်အရှင်သခင်က အံကိုကြိတ်ကာ ညှို့မှိုင်းစွာ ပြော၏။
"မင်းငါ့ရဲ့ သိုင်းတစ်ထောင်ခန်းမကို လာရဲတယ်ပေါ့... သေမှာမကြောက်ဘူးလား.."
ဝူထန်းနန်က စာအုပ်ကို တစ်ချက်လှန်ရင်းက အသာပြုံးသည်။
"မင်းငါ့ကို သတ်ဖို့ ကြိုးစားကြည့်လို့ရတယ်... ငါဒီကိုလာတာက ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲမှာ ဘယ်သူမှစည်းမျဉ်းတွေ မချိုးဖျက်အောင် သေချာစေဖို့ပဲ.."
"ဘာပဲဖြစ်ဖြစ် မင်းတို့ သိုင်းတစ်ထောင်ခန်းမက မင်းတို့ရဲ့ အရှက်မဲ့မှုအတွက် နာမည်ကြီးတယ်လေ။ အဲ့ဒါကို လူတိုင်းလည်း သိကြတယ်။ ဒီကောင်လေးတောင်မှ သိနေတယ်.."
"ဟန့်... မင်းအဲ့လို ဘယ်အချိန်အထိ ဆက်ပြီး မောက်မာနေနိုင်ဦးမလဲလို့ ကြည့်သေးတာပေါ့.."
သိုင်းတစ်ထောင်အရှင်သခင်က အေးစက်စွာ နှာခေါင်းရှုံ့၏။ သူသည် သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးဆီသို့ပြန်ကာ နက်ရှိုင်းစွာ ပြောသည်။
"ဝူထန်းနန် ရောက်လာပြီ... ကြည့်ရတာ ရွှီယန်က သူ့ရဲ့တပည့် ဖြစ်လောက်တယ်။ မဟုတ်ရင် ငါတို့ကို တစ်ခါတည်းလာပြီး စိန်ခေါ်ရဲမှာ မဟုတ်ဘူး.."
"အဲ့ဒါကြောင့်မလို့ ငါတို့ဘက်က ပြင်ဆင်မှုလုပ်ရမယ်။ နိုင်ငံ၃ခု၊ မိသားစုကြီး၈ခုနဲ့ လက်အောက်ခံစိတ်ဝိဉာဉ်ဂိုဏ်းက ဘယ်ပါရမီရှင်ကိုမဆို ရွှီယန်ကို အနိုင်ရနိုင်ရင် ကြီးမားတဲ့ ဆုကြေးတွေရမယ်လို့ ကြေငြာလိုက်.."
သိုင်းတစ်ထောင်အရှင်သခင်က အမိန့်ပေး၏။
"ဟုတ်ကဲ့ပါ ခန်းမအရှင်သခင်.."
အကြီးအကဲအားလုံးတို့သည် နှလုံးသားထဲ၌ အေးစက်စွာ ခံစားလိုက်ရ၏။
တိမ်များ၏အထက်တွင် ဝူထန်းနန်မှာလည်း ရှုပ်ထွေးသည့်မျက်နှာနှင့် ရှိနေ၏။
'ရွှီယန်ရဲ့ ဓားတာအိုက ဘာလို့ အရမ်းနက်ရှိုင်းပြီး မကြားဖူးရတာလဲ... သူဘယ်နေရာကနေ ဒီအမွေအနှစ်ကို ရခဲ့တာလဲ..'
ထို့အပြင် လေလွင့်သိုင်းသမားလေးတစ်ယောက် ဖြစ်ကာ သိုင်းတစ်ထောင်ခန်းမ၏ ဂိတ်တံခါးရှေ့တွင် တစ်ခါတည်း လာရောက် စိန်ခေါ်ရဲလေသည်။ ဒီကောင်လေးတွင် မည်သည့်နေရာမှ ယုံကြည်ချက်နှင့် သတ္တိတို့ ရရှိလာခဲ့သနည်း။ မူလက သွေးစိတ်ဝိဉာဉ်ကလေးငယ်ပင် ထိုမျှ မောက်မာခြင်း မရှိပေ။
ရွှီယန်၏ သိုင်းတစ်ထောင်ဒေသမှ ပါရမီရှင်အားလုံးတို့ကို စိန်ခေါ်သည့် သတင်းသည် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ သိုင်းတစ်ထောင်ဒေသ တစ်ခုလုံးမှာ ဆူညံသွားခဲ့သည်။
လူတိုင်းသည် အံ့သြနေကြ၏။ မည်သူသည် ရွှီယန်ဖြစ်သနည်း။ သူသည် အဘယ်ကြောင့် အလွန် မောက်မာကာ ရဲရင့်ရသနည်း။
ပိုမိုအံ့ဩစရာကောင်းသည်မှာ သိုင်းတစ်ထောင်ခန်းမက ရွှီယန်ကို ပြင်းထန်သည့် တုံ့ပြန်မှုတို့ဖြင့် တိုက်ခိုက်သတ်ဖြတ်မှု မပြုခဲ့ခြင်း ဖြစ်သည်။ ခန်းမ၏ အရှေ့တွင် စင်မြင့်အား တည်ဆောက်မှုကို လက်ခံထား၏။
"ရွှီယန်... အရမ်းကြီး မောက်မာမနေနဲ့... သိုင်းတစ်ထောင်ခန်းမရဲ့ ပါရမီရှင်တွေက မင်းစိန်ခေါ်ချင်တိုင်းစိန်ခေါ်လို့ရတဲ့အရာ မဟုတ်ဘူး။ ဒီနေ့မှာ ငါမင်းကို သတ်ဖို့လာခဲ့တာ.."
ပုံရိပ်တစ်ခုသည် စင်မြင့်ဆီသို့ လျှင်မြန်စွာဖြင့် ပျံသန်းလာခဲ့၏။