အခန်း (၄၈၁-၄၈၃)
Vol. 33 Ch. 481-483
အပိုင်း ၄၈၁ - အလှလေးက ကားမောင်းပြိုင်ရန် စိန်ခေါ်လာခြင်း
ဝူကောက ကိုယ့်သေတွင်းကိုယ်တူးမိလျက်သား ဖြစ်သွားသဖြင့် ထောင်နန်းစံရချေပြီ။
ယဲ့ချန်းကတော့ အစ်ကိုကျားတို့တစ်သိုက်ကို အကင်စားရန် ဖိတ်ပြီးနောက် အိမ်သို့ မောင်းပြန်လာခဲ့သည်။
လင်းဝမ်ယိုပြုပြင်ပေးထားသော သူ့ကားက စူပါကားတစ်စီးဖြစ်သွားလေပြီ။
အစောပိုင်းက ဝူကောတို့တစ်သိုက် လက်ဆစ်ကျိုးသွားသော်ငြား သူ့ကား၏ကိုယ်ထည်ကတော့ အဖြူရောင်အစက်အပြောက်လေးတချို့သာ ကျန်ခဲ့သည်။
ကား၏လုပ်ဆောင်ချက်ကြောင့် ယဲ့ချန်း အလွန်ကျေနပ်နေချေသည်။
သို့သော် ကားအင်ဂျင်ကို နည်းနည်းလောက် ထပ်စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
ညဘက်တွင် လမ်းရှင်းနေလေရာ ယဲ့ချန်းလည်း ဂီယာအမြင့်ကိုသာ သုံးလိုက်သည်။
လီဗာကို ဖိနင်းလိုက်သောအခါ ယဲ့ချန်း၏ကျီလိကားလေးက အမြန်မောင်းထွက်သွားလေတော့သည်။
အင်ဂျင်သံနှင့်အတူ ယဲ့ချန်း၏ကားက တစ်နာရီလျှင် မိုင်နာရီနီးပါးအထိ အရှိန်မြင့်သွားချေသည်။
ကျီလိကား၏ထုတ်လုပ်သူများမှာ သူတို့ကိုကားကို အဆင့်မြှင့်တင်လိုက်သည်နှင့် တစ်နာရီလျှင် မိုင်နှစ်ရာအထိ မောင်းနှင်နိုင်ကြောင်း လုံးဝထင်ထားမည်မဟုတ်ပေ။
ဤအရှိန်က လေယာဉ်တစ်စီး၏အမြန်နှုန်းကိုပင် ယှဉ်နိုင်သည်။
သာမန်ကားတစ်စီးသာဆိုလျှင် ဤသို့သောအမြန်နှုန်းမှာ မြေပြင်ပေါ်က ကြွတက်သွားနိုင်သော်ငြား ယဲ့ချန်း၏ကားက အလွန်လေးလံသောကြောင့် ထိန်းချုပ်မှုလွတ်ထွက်သွားခြင်းမရှိချေ။
ယဲ့ချန်းလည်း အရှိန်ဆက်တင်လိုက်၏။ မိုင်နှစ်ရာ့တစ်ဆယ်၊ မိုင်နှစ်ရာ့နှစ်ဆယ်၊ မိုင်နှစ်ရာ့ငါးဆယ်....
အနောက်မှ ပြင်းထန်လှသော တွန်းအားနှင့်အတူ ယဲ့ချန်းတစ်ယောက် အမြန်ပြေးလွှားနေသော ဘေးပတ်ဝန်းကျင်ရှိ ရှုခင်းများကို အာရုံခံမိသည်။
သာမန်လူတစ်ယောက်သာဆိုလျှင် ဤအမြန်နှုန်းရှိသော ကားတစ်စီးကို ထိန်းချုပ်နိုင်မည်မဟုတ်။
သို့သော် ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်းက နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ဤကားကို အခက်အခဲမရှိပါဘဲ မောင်းနှင်နိုင်သည်။
ပုံမှန်ဆိုလျှင် နာရီဝက်ကြာသောခရီးတစ်ခုကို ယဲ့ချန်းက ဆယ်မိနစ်တည်းဖြင့် အရောက်သွားနိုင်ခဲ့သည်။
လမ်းတစ်လျှောက်ဝယ် အရှိန်မြန်လှသော ကျီလိကားကိုမြင်သောအခါ လူအမြောက်အများ ကြက်သေသေသွားလေသည်။
ယဲ့ချန်း၏ကားက အရိပ်အလား မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားသည်။
"သောက်ကျိုးနည်း... ခုနတုန်းက မင်းမြင်လိုက်လား။ အဲဒါက ဘယ်လိုကားအမျိုးအစားလဲ"
"သေချာမမြင်လိုက်ဘူး။ ကျီလိကားနဲ့တူတယ်"
"ဘယ်လိုလုပ်ပြီး ကျီလိကားဖြစ်နိုင်မှာလဲ။ မင်း အမြင်မှားတာနေမှာပါ"
ယဲ့ချန်းကမူ စတီယာရင်ကို ဆုပ်ကိုင်ထားရင်း အရှိန်၏စိတ်လှုပ်ရှားမှုကို အားပါးတရခံစားနေပေသည်။
ထိုအချိန်မှာပင် သူ့အနောက်က ပြိုင်ကားတစ်စီး၏အသံကို ကြားလိုက်ရသည်။ ဖယ်ရာရီတစ်စီးက သူ့အနောက်က ကပ်လိုက်လာသည်ကို ယဲ့ချန်း မြင်လိုက်ရ၏။
အစောတုန်းက သူသည် ကားတချို့ကို ကျော်တက်ခဲ့ပြီဖြစ်ရာ ဤတစ်စီးကသာ သူ့အနောက်သို့ အမီလိုက်နိုင်ခဲ့သည်။
ဤဖယ်ရာရီကလည်း သူ့ကားနှယ် အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း သိသာပေသည်။
ထိုအချိန်တွင် ဖယ်ရာရီကားက ရန်စလိုဟန်ဖြင့် ရုတ်ခြည်းအရှိန်တင်ပြီး ယဲ့ချန်း၏ကားကို ခဏတွင်းချင်း အမီလိုက်လာသည်။
ယဲ့ချန်း ဘေးသို့လှည့်ကြည့်လိုက်သောအခါ မိန်းမလှလေးတစ်ယောက်က ပြိုင်ကားထဲတွင် ထိုင်နေလေသည်။
ထိုအမျိုးသမီးက ယဲ့ချန်းကို အထင်အမြင်သေးဟန်ပြု၍ အရှိန်တင်ပြီးနောက် သူ့ကားကို ကျော်တက်သွားလေတော့သည်။
ယဲ့ချန်း၏မျက်ဝန်းအစုံလည်း အနည်းငယ်ကျဉ်းမြောင်းသွားရသည်။
ငါ့ကို လာစိန်ခေါ်တာလား.. စိတ်ဝင်စားစရာပဲ...
နတ်ဘုရားအဆင့် ကားမောင်းစွမ်းရည်ဖြင့်သာဆိုလျှင် ယဲ့ချန်းအနေနှင့် မည်သူ့ကိုမှ ရှုံးစရာအကြောင်းမရှိပေ။
ယဲ့ချန်းလည်း အရှိန်ထပ်တင်လိုက်၏။
ရုတ်ခြည်းပင် မီးတောက်များက ကား၏အရှေ့အိတ်ဇောထဲမှ ထွက်ပေါ်လာသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် ယဲ့ချန်းလည်း သူ(မ)နောက်သို့ ကပ်လျက်လိုက်ပါလာသည်။
ရှေ့နားတွင် အလွန်ကျဉ်းမြောင်းသော လမ်းကွေ့တစ်ခုရှိသဖြင့် ဖယ်ရာရီကားမှာ အရှိန်ကို အမြန်လျှော့လိုက်သည်။
ထိုကဲ့သို့သော လမ်းကွေ့မျိုးတွင် တစ်နာရီလျှင် မိုင်သုံးရာနီးပါးအရှိန်ဖြင့် မောင်းနှင်ခြင်းမှာ အလွန်အန္တရာယ်များသည်။
အလှလေးက ဘေးနားရှိ ကားကို လှမ်းကြည့်လိုက်သည်။
ယဲ့ချန်း၏ကားက အရှိန်လျှော့မသွားသည့်အပြင် အရှိန်ပင်တင်လိုက်သဖြင့် သူ(မ) အံ့သြသွားရသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ(မ) ကြောင်အသွားရသည်။
"ဘုရားရေ... ဒီလူ ရူးနေတာလား။ ဒီလောက်ကျဉ်းတဲ့လမ်းကွေ့ကို အရှိန်မလျှော့ဘူးဆိုတော့ သူ သေချင်နေတာလား"
ယဲ့ချန်း၏ကားဘီးများမှာ မြေကြီးနှင့်ပွတ်တိုက်မိပြီး အသံအကျယ်ကြီး ထွက်ပေါ်လာသည်။
သူ့ကားက လမ်းကွေ့တစ်လျှောက် ဘေးတိုက်လျှောကာ ကွေ့သွားသည်။
ဤမြင်ကွင်းကို ကြည့်နေသော အလှလေးခမျာ အံ့သြလွန်း၍ ဘာပြောရမှန်းပင် မသိတော့ပေ။
ဘုရားရေ... ဒီလောက်မြန်တဲ့အရှိန်ကြီးနဲ့တောင် ကွေ့ဆွဲဆွဲသွားတာလား။
ယခုအချိန်တွင် ယဲ့ချန်း၏ကားအရှိန်မှာ တစ်နာရီလျှင် မိုင်သုံးရာရှိနေပြီဖြစ်၏။ ဤမျှမြန်ဆန်လှသောအရှိန်ဖြင့် တိုတောင်းလှသော အကွေ့တစ်ခုကို မောင်းနှင်ရာတွင် အနည်းငယ်မှားယွင်းသွားရုံဖြင့် မတော်တဆဖြစ်သွားနိုင်ခြေ အလွန်များသည်။
သို့သော် ယဲ့ချန်းတွင် နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်ရှိနေသဖြင့် အမှားလုံးဝမရှိမည်မှာ သေချာသည်။
ကွေ့နေစဉ်အတွင်း ယဲ့ချန်းက လက်တစ်ဖက်ထုတ်၍ အလှလေးကို လက်မအောက်စိုက်ပြပြီး လှောင်ပြောင်လိုက်သေးသည်။
အလှလေးခမျာ ကြောင်တောင်တောင်ဖြစ်ကျန်ခဲ့သည်။
ယဲ့ချန်းက သူ(မ)၏အမူအရာကို ဂရုမစိုက်ဘဲ လမ်းကွေ့ကို အမြန်ကျော်ဖြတ်ကာ ဖယ်ရာရီကားကို အနောက်တွင် အဝေးကြီးကျန်ရစ်ခဲ့အောင် အရှိန်တင်၍ မောင်းထွက်သွားလေတော့သည်။
လမ်းကွေ့တစ်ခုကို ကျော်ပြီးနောက် အနောက်ရှိ ဖယ်ရာရီကားကို မမြင်ရတော့ပေ။
သို့သော် ငါးမိနစ်ခန့်အကြာတွင် ဖယ်ရာရီကားက တစ်ဖန်ပြန်မီလာသည်။
ယဲ့ချန်း၏ကားက ပြုပြင်မွမ်းမံထားသော ကျီလီကားမျှသာဖြစ်သဖြင့် လမ်းကွေ့များတွင်သာ သူ့နည်းစနစ်ဖြင့် ပြိုင်ဘက်ကို ကျော်တက်နိုင်သည်။ လမ်းဖြောင့်များတွင်မူ ကိုယ်ထည်ပေါ့ပါးသော ဖယ်ရာရီကားက အားသာချက်ရှိသဖြင့် ယဲ့ချန်းကို ပြန်မီလာခြင်းပင်။
အနောက်က ကပ်လိုက်လာသည့်ကားကို ကြည့်ရင်း ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။
အလုပ်ရှုပ်လိုက်တာ...အနောက်ကနေ အတင်းကပ်လိုက်နေတာ တော်တော်ဇွဲကောင်းတဲ့ မိန်းကလေးပဲ...
ယဲ့ချန်း အအံ့သြဆုံးမှာ ထိုကားက သူ့ကိုကျော်တက်သွားပြီးနောက် အရှေ့တွင် လမ်းကို ပိတ်ရပ်လိုက်ခြင်းပင်။
ယဲ့ချန်းလည်း ဘရိတ်အမြန်နင်းလိုက်ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် ယဲ့ချန်းတွင် နတ်ဘုရားအဆင့် ကားမောင်းစွမ်းရည်ရှိနေ၍သာ တစ်ဖက်ကားနှင့် မီတာဝက်အကွာတွင် ရပ်တန့်နိုင်ခဲ့သည်။
ယဲ့ချန်း စိတ်တိုသွားရသည်။
အကယ်၍ ဘရိတ်သာ အချိန်မီမနင်းနိုင်ခဲ့လျှင် ကားနှစ်စီး တိုက်မိကုန်မည်မှာ သေချာပေါက်ပင်။
ဖယ်ရာရီကားထဲမှ အရပ်ခပ်ရှည်ရှည် ဆံရှည်အလှလေးတစ်ယောက် ထွက်လာသည်။
ထိုမိန်းကလေးမှာ အလွန်လှပပြီး ရုပ်ရည်ရမှတ်၉၈မှတ်ခန့် ပေးရလောက်သည်။
သို့သော် ယဲ့ချန်း၏အမူအရာကား အေးစက်ခက်ထန်နေဆဲပင်။
"ခုနတုန်းက လုပ်ရပ်က ဘယ်လောက် အန္တရာယ်များလဲဆိုတာ မင်းသိလား"
အဝေးပြေးလမ်းမပေါ်တွင် ရုတ်တရက် လမ်းပိတ်ရပ်လိုက်ခြင်းမှာ အကယ်၍ ယဲ့ချန်းတွင်သာ နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည် မရှိပါက ကားနှစ်စီးလည်း တိုက်မိနေလောက်ပြီဖြစ်၏။
ဤကဲ့သို့သောအမြန်နှုန်းဖြင့် မောင်းနှင်နေချိန်တွင် ဝင်တိုက်မိပါက အပျက်အစီးကလည်း ကြောက်ခမန်းလိလိဖြစ်နိုင်ပေသည်။
"ရှင့်ရဲ့ကားမောင်းစွမ်းရည်ကို ယုံကြည်လို့ ကျွန်မလည်း ရပ်ရဲတာပါ"
ထိုအလှလေးက ယုံကြည်မှုအပြည့်ဖြင့် ပြုံးပြချေသည်။
ယဲ့ချန်းခမျာ ဘာပြောရမှန်းပင် မသိတော့ပေ။
ဤအလှလေးက သတ္တိကောင်းလွန်းလှသည်။ မိမိအသက်ကို စိတ်စေလိုရာအတိုင်း ပုံအပ်ထားရဲသည်။
ဤမိန်းကလေး ယခုအချိန်အထိ အသက်ရှင်နေနိုင်လောက်အောင် မည်မျှအထိ ကံကောင်းလေသလဲဟုပင် ယဲ့ချန်း သိချင်သွားသည်။
သူ(မ)က အလွန်လှပသော်လည်း ယဲ့ချန်း၏ လေသံကတော့ အေးစက်မြဲပင်။
"ကျေးဇူးပြုပြီး မင်းရဲ့ကားကို ဖယ်ပေးပါ"
"ကားဖယ်ပေးစေချင်ရင် ကျွန်မနဲ့ကားမောင်းပြိုင်ရမယ်"
ထိုမိန်းကလေး၏ မဖြစ်မနေလုပ်ရမည်ဟူသော အမူအရာကို ကြည့်ပြီး ယဲ့ချန်း နားလည်လိုက်သည်မှာ ဤမိန်းကလေးမှာ အလိုလိုက်ခံထားရသည့် သူဌေးသမီးတစ်ယောက်ဖြစ်ရမည်ဟုပင်။
"စိတ်မကောင်းပါဘူး။ ငါကတော့ ကားပြိုင်မောင်းဖို့ စိတ်မဝင်စားဘူး"
ယဲ့ချန်း၏ငြင်းဆိုမှုကို ကြားလိုက်ရသောအခါ ထိုအလှလေးမှာ ခဏကြောင်သွားပြီးမှ လှောင်ရယ်လိုက်သည်။
"တကယ်လို့ ရှင် ကျွန်မနဲ့မပြိုင်ဘူးဆိုရင် ဒီနေ့ ဒီလမ်းကနေ ဖြတ်သွားနိုင်မယ်မထင်နဲ့"
ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီလိုလား"
သူလည်း စကားအပိုမပြောလိုတော့သဖြင့် ကားထဲသို့ ပြန်ဝင်ကာ စက်နှိုးလိုက်သည်။
ဗရွန်း... ဗရွန်း... ဗရွန်း...
ယဲ့ချန်း၏ကားအင်ဂျင်သံမှာ ဟိန်းထွက်လာသည်။
ထိုအလှလေးလည်း အံ့သြသွားချေသည်။
"ရှင် ဘာလုပ်မလို့လဲ"
ယဲ့ချန်း၏နှုတ်ခမ်းများမှာ တွန့်ချိုးသွားပြီး ကားကို ရုတ်တရက်အရှိန်တင်လိုက်တော့သည်။
အလှလေးခမျာ ယဲ့ချန်း၏ကားက သူ(မ)၏ဖယ်ရာရီကားကို အတင်းဝင်တိုက်ပစ်လိုက်သည်ကို မြင်သောအခါ ဆွံ့အသွားရသည်။
ဒိုင်း...!
အလှလေး၏ အသည်းကျော်ဖယ်ရာရီကားလေးခမျာ ယဲ့ချန်း၏ကားကြောင့် ဘေးသို့ လွင့်စင်သွားလေသည်။
ယဲ့ချန်းကမူ တည်ငြိမ်စွာ ပြောလိုက်၏။
"မင်းက မဖယ်ပေးတော့လည်း ဝင်တိုက်ပြီး ဖြတ်သွားရတာပေါ့"
"ရှင်..."
အရှိန်နှင့်မောင်းထွက်သွားသော ကားကိုကြည့်ရင်း အလှလေးမှာ ဒေါသတကြီးဖြင့် ခြေဆောင့်လျက် ကျန်ရစ်ခဲ့ရှာသည်။
"လူယုတ်မာ... မှတ်ထားလိုက်။ ရှင့်ကိုအလွတ်မပေးဘူး"
ယဲ့ချန်း၏ကားနောက်မီးကိုကြည့်ရင်း ပျက်စီးသွားသော သူ(မ)၏ကားကိုယ်ထည်ကို ပြန်ကြည့်ကာ အံတင်းတင်းကြိတ်လိုက်သည်။
"လူယုတ်မာ... ရှင့်ကားနံပါတ်ကို မှတ်ထားပြီးပြီ။ သေဖို့သာပြင်"
•••••••••••••••
အပိုင်း ၄၈၂ : ပရဟိတကားပြိုင်ပွဲ
နောက်တစ်နေ့ မနက်စောစောတွင် ယဲ့ချန်းလည်း တက္ကစီဆက်မောင်းခဲ့သည်။
အော်ဒါအချို့လက်ခံပြီးစအချိန်မှာပင် ထန်ရှောင်ဖေးထံမှ ဖုန်းဝင်လာခဲ့သည်။
"ယဲ့ချန်း... ရှင့်ကားရောက်နေပြီ"
"သြော်... ကောင်းတာပေါ့။ အခုချက်ချင်း သွားယူလိုက်မယ်"
ယဲ့ချန်းလည်း ကားအရောင်းပြခန်းသို့ သွားရောက်ပြီး ကားအသစ်ကို ကြည့်လိုက်သည်။ အမှန်တော့ ယဲ့ချန်းတွင် ကားအမြောက်အများ ရှိပြီးသားဖြစ်သော်လည်း ဤကားကိုမူ ကြွားချင်ရုံသက်သက်ဖြင့် ဝယ်ယူထားခြင်းဖြစ်၏။
ထန်ရှောင်ဖေးက ယဲ့ချန်းကို မြင်သောအခါ ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်လေသည်။
"ယဲ့ချန်း... ကားရောက်နေပြီနော်။ ကျွန်မ စစ်ထားပြီးပြီ။ ဘာပြဿနာမှမရှိဘူး"
ထိုကားက ငါးသန်တန်ပြိုင်ကားတစ်စီးဖြစ်သည့်အပြင် ယဲ့ချန်းက သူ(မ)ကြောင့် ဝယ်လိုက်ရသည်ဖြစ်ရာ သူ(မ)အနေနှင့် အလွန်အသေးစိတ်ဆန်နေပေသည်။
ယဲ့ချန်းကမူ ပြုံး၏။
"မလိုပါဘူး။ ဟုတ်သားပဲ.. ကိုယ် မင်းကို ကားပတ်မောင်းဖို့ ခေါ်သွားပေးမယ်"
ထန်ရှောင်ဖေးက ပြောလိုက်လေသည်။
"အခု မြို့ထဲမှာ လမ်းတွေပိတ်နေတာလေ။ ဘယ်ကိုသွားကြမှာလဲ"
ယခင်က ယန်ချွမ်းပြောဖူးသောနေရာကို ယဲ့ချန်း ရုတ်တရက်အမှတ်ရလိုက်သည်။
"ယန်ချွမ်း... အရင်တစ်ခေါက်တုန်းက ပြေးလမ်းတစ်ခုအကြောင်း မင်းပြောဖူးတယ်မလား"
"ဟုတ်တယ်လေ။ ဒီမှာ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခု လုပ်နေတာ။ အစ်ကိုချန်း.. လာမလား"
"ရတယ်လေ"
ယဲ့ချန်း ဖုန်းချလိုက်လေသည်။
"သွားကြစို့။ ကိုယ် မင်းကို ကားမောင်းပြိုင်ဖို့ ခေါ်သွားပေးမယ်"
"ဟင် ကားမောင်းပြိုင်မှာလား"
ထန်ရှောင်ဖေးခမျာ ခဏမျှကြက်သေသေသွားသော်လည်း မျက်နှာထက်တွင် ပျော်ရွှင်သွားလေဟန်အမူအရာများဖြင့် ပြည့်နှက်သွားသည်။
ထန်ရှောင်ဖေးက မိန်းကလေးတစ်ယောက်ဖြစ်သော်ငြား ကားပြိုင်ပွဲများကို အလွန်စိတ်ဝင်စားသည်။
အရှိန်မြင့်ပြေးလမ်းသို့ ရောက်လာသည်နှင့် အထဲတွင် လူတချို့ရှိကြောင်း ယဲ့ချန်း မြင်လိုက်ရသည်။
ဤလူများအားလုံးက နိုင်ငံတကာဘရန်းများကို ဝတ်ဆင်ထားသဖြင့် နိုင်ငံတွင်းရှိ သူဌေးသားများဖြစ်ကြောင်း သိသာလှသည်။
ယန်ချွမ်းက ထိုလူတစ်သိုက်ကို မိတ်ဆက်ပေးလိုက်သည်။
"ဒီနေ့ မင်းတို့တွေကို ခေါ်လိုက်ရတဲ့အကြောင်းအရင်းက အစ်ကိုချန်း ကားပြိုင်တာကို လာကြည့်ဖို့ပဲ။ မင်းတို့ အေးအေးဆေးဆေးပဲမောင်းပြီး အစ်ကိုချန်း ပျော်ရအောင် လုပ်ပေးရမယ်"
ယဲ့ချန်းခမျာ ဤစကားကိုကြားသော် ဆွံ့အသွားလေသည်။
ဤလူတစ်သိုက်က အလွန်ကျွမ်းကျင်သောကြောင့် ယဲ့ချန်းသာ ဆိုးဆိုးဝါးဝါးရှုံးသွားလျှင် မျက်နှာပျက်ရမည်ကို ယန်ချွမ်းက စိုးရိမ်နေခြင်းပင်။
ယဲ့ချန်းလည်း အရှေ့သို့တိုးသွားပြီး အပြုံးလေးဖြင့် ပြောလိုက်၏။
"ကိုယ့်လူတို့.. သူ့စကားကို နားမထောင်နဲ့။ ချစ်ကြည်ရေးက ပထမ၊ ပြိုင်ပွဲက ဒုတိယတဲ့။ ရှုံးတာနိုင်တာက အရေးမကြီးပါဘူး။ မင်းတို့ရဲ့အကောင်းဆုံးစွမ်းရည်ကိုသာ ထုတ်ပြ"
ယန်ချွမ်းက ပြောလိုက်လေသည်။
"အားလုံးပဲ.. ဒါက အစ်ကိုချန်းတဲ့"
"မင်္ဂလာပါ အစ်ကိုချန်း"
သူဌေးသားများက တစ်ယောက်ပြီးတစ်ယောက် ဦးညွှတ်လိုက်ကြသည်။
ဤမြင်ကွင်းကိုမြင်သော် ထန်ရှောင်ဖေးခမျာ ထိတ်လန့်သွားလေသည်။ ဤသည်မှာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တစ်ယောက်အလားပင်။
ယဲ့ချန်းကမူ လက်ယမ်းပြလိုက်သည်။
"တအားယဉ်ကျေးနေဖို့မလိုပါဘူး"
သူတို့တစ်သိုက်က ယန်ချွမ်း၏လွှမ်းမိုးမှုကြောင့် ယဲ့ချန်းကို အလွန်တရာလေးစားကြသည်။
ပြိုင်ကွင်းထဲသို့ ဝင်လာပြီးသည်နှင့် ယဲ့ချန်းခမျာ အံ့အားသင့်သွားချေသည်။
ဤသည်မှာ ဖယ်ရာရီပရော်ဖက်ရှင်နယ်ပြေးလမ်းတစ်ခုပင်။
ခန်းမက အလွန်ခမ်းနားပြီး အဆောက်အအုံအားလုံးကလည်း ပြီးပြည့်စုံချေသည်။
သို့သော် ဤသို့သောနေရာတစ်ခုကို သာမန်လူများ မလာနိုင်ကြပေ။ ဘိုကင်ကြေးကပင် တစ်သိန်းပေးရသည်။
သူဌေးသားတချို့ကသာ ဤနေရာတွင် အချိန်ဖြုန်းရန်အတွက် ပိုက်ဆံသုံးတတ်ကြသည်။
"အစ်ကိုချန်း.. ငါးယောက်မြောက်မရီးနဲ့ပျော်ပါစေ"
ယန်ချွမ်းက တီးတိုးကပ်ပြောလေသည်။
"ငါးယောက်မြောက်မရီးလား"
ယဲ့ချန်းမှာမူ အံ့အားသင့်သွားလေသည်။
ထို့နောက် ယန်ချွမ်း၏တင်ပါးကို ဆောင့်ကန်လိုက်သည်။
"ပေါက်ကရတွေမပြောနဲ့"
ထန်ရှောင်ဖေးသာ ဤစကားကိုကြားပါက သူ့ကို နှာဘူးဟု ထင်မည်မှာ ကျိန်းသေပေါက်ပင်။
ယဲ့ချန်းက ယန်ချွမ်း၏တင်ပါးကို ဆောင့်ကန်လိုက်သည့်မြင်ကွင်းကို မြင်သောအခါ သူဌေးသားတစ်သိုက်လည်း အံ့ဩမှင်တက်သွားသည်။
ယန်ချွမ်းက သူတို့အမြင်တွင် ကျားတစ်ကောင်အလားပင်။
ကျားကိုသွားထိ၍ မရနိုင်ပါသော်ငြား ဤလူကတော့ ဆောင့်ကန်လိုက်သေးသည်။
ဤသည်မှာ ယဲ့ချန်းနှင့် ယန်ချွမ်းတို့ မည်မျှရင်းနှီးသလဲဆိုသည်ကို ပြသနေသည်။
တချို့ကမူ ယန်ချွမ်းသည် ယဲ့ချန်းရှေ့တွင် ညီငယ်လေးတစ်ယောက်နှယ် ဖြစ်သွားသည်ဟု ခံစားမိသဖြင့် ထိတ်လန့်သွားကြသည်။
ယဲ့ချန်းလည်း ဖယ်ရာရီပြိုင်ကားအသစ်ကို မောင်းလာရင်း ထန်ရှောင်ဖေးကို ပြောလိုက်၏။
"မင်းနဲ့အတူ တစ်ပတ်လောက်ပတ်မောင်းရမလား"
ထန်ရှောင်ဖေးကလည်း ခေါင်းညိတ်ပြလိုက်သည်။ သူ(မ)၏ရင်ထဲတွင်မူ မျှော်လင့်စောင့်စားမှုများဖြင့် ပြည့်နှက်နေသည်။
ထိုအချိန်တွင် ယန်ချွမ်းက အနားသို့လျှောက်လာပြီး ပြောလိုက်၏။
"အစ်ကိုချန်း.. ကျွန်တော်တို့က ကားမောင်းပြိုင်ကြတော့မှာ။ လောင်းကြေးလည်းပါတယ်။ စိတ်ဝင်စားလား"
"တရားမဝင်ပြိုင်ပွဲလား"
ယဲ့ချန်းမှာ မျက်မှောင်ကြုတ်လိုက်မိသည်။
လောင်းကြေးပါသော ပြိုင်ပွဲများအားလုံးကို တရားမဝင်ဘူးဟု ယဲ့ချန်းထင်သည်။
ယန်ချွမ်းက ခေါင်းခါပြလိုက်၏။
"ဟင့်အင်း.. ကျွန်တော်တို့ရဲ့ပိုက်ဆံတွေအကုန်လုံးက မျှော်လင့်ခြင်းပရောဂျက်ကို လှူမှာလေ။ ဒီတော့ ပရဟိတပြိုင်ပွဲလို့ သတ်မှတ်လို့ရပါတယ်"
ထိုအခါမှသာ ယဲ့ချန်းလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ရတဘ်လေ။ ဒီလိုပွဲမျိုးကို ငါ သေချာပေါက်ဝင်ပြိုင်ရမှာပေါ့"
"ကောင်းတယ်။ ကျွန်တော် အစ်ကိုချန်းအတွက် စာရင်းသွင်းပေးမယ်"
ယန်ချွမ်းက ထွက်သွားလေသည်။
ယဲ့ချန်းလည်း ဖယ်ရာရီကားကို မောင်းလာခဲ့ပြီးနောက် ထန်ရှောင်ဖေးနှင့်အတူ နှစ်ပတ်လောက်ပတ်လိုက်သည်။
ဤမျှမြန်ဆန်သော ကားတစ်စီးကို ထန်ရှောင်ဖေး ပထမဆုံးအကြိမ်စီးဖူးခြင်းပင်။ မည်မျှစိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း တတွတ်တွတ်ရေရွတ်နေမိတော့သည်။
ထိုအချိန်တွင် ပြိုင်ပွဲကား စတင်လေပြီ။
ပြေးလမ်းဝန်ထမ်းတစ်ယောက်က လူတိုင်းကို ပြောလိုက်၏။
"လူကြီးမင်းတို့.. ကျွန်တော်တို့ရဲ့ပရဟိတပြိုင်ပွဲက စပါတော့မယ်။ တစ်ယောက်ချင်းစီက လောင်းကြေးငါးထောင်ထည့်ထားပါတယ်။ စိတ်ချပါ။ ပထမဆုကလွဲရင် ကျန်တဲ့ငွေတွေအားလုံးကို မျှော်လင့်ခြင်းပရောဂျက်ကို လှူဒါန်းသွားမှာပါ။ ကားအမျိုးအစားကိုလည်း ကန့်သတ်ထားတာမရှိပါဘူး။ ပွဲစဉ်တစ်ခုကို ပြေးလမ်းသုံးပတ်မောင်းရမှာပါ။ နောက်ဆုံးရလဒ်ကိုတော့ အရင်ဆုံးပန်းဝင်တဲ့လူကို ပေးမှာပါ"
ယဲ့ချန်းက ဖယ်ရာရီအသစ်နှင့် ဝင်ပြိုင်ချိန်မှာ ယန်ချွမ်းကတော့ သူ့လမ်ဘော်ဂီနီကို မောင်းလာလေသည်။
လူတိုင်းက ပျော်ရုံသက်သက် ဝင်ပြိုင်ကြခြင်းဖြစ်ပြီး တစ်ဆက်တည်း ပရဟိတလုပ်ပြီးသားလည်း ဖြစ်သွားသည်။
ပြေးလမ်းထဲတွင် ဇိမ်ခံကားများကို နေရာတိုင်းတွင် တွေ့နေရသည်။ ယဲ့ချန်း၏ငါးသန်းတန်ပြိုင်ကားမှာ အဆင့်မြှင့်တင်ထားသော ထိုသူဌေးသားများ၏ ပြိုင်ကားများနှင့် မယှဉ်နိုင်ပေ။
ဤလူတစ်သိုက်က ပြေးလမ်းထဲတွင် ကျင်လည်နေကျဖြစ်သဖြင့် အစွမ်းအစကောင်းမွန်ပေသည်။ ယဲ့ချန်းကမူ ပိုက်ဆံကို အလကားပေးပစ်နေသလိုပင်။
သို့သော် ယဲ့ချန်းကတော့ ဂရုမစိုက်ပေ။ မည်သို့ပင်ဖြစ်စေ အပျော်သဘောနှင့် ပရဟိတလုပ်ရုံသက်သက် ဝင်ပြိုင်ခြင်းသာ။
ပြိုင်ပွဲ၏ပထမပွဲစဉ်က စတင်တော့မည်ဖြစ်၏။ စုစုပေါင်းကားဆယ့်ငါးစီး စာရင်းသွင်းထားသည်။
ပြိုင်ကားများ၏ အင်ဂျင်သံနှင့်အတူ ပြိုင်ပွဲလည်း စတင်ချေပြီ။
ယဲ့ချန်း၏ကားက စွမ်းဆောင်ရည်အပိုင်းတွင် အခြားလူများကို မယှဉ်နိုင်ပေ။ စထွက်ကတည်းက အဆင့်ဆယ့်နှစ်နေရာတွင် ကျန်နေခဲ့သည်။
ဤရလဒ်က သာမန်ပင်။ အကြောင်းမှာ ယဲ့ချန်း၏ကားက အဆင့်မြှင့်မထားသောကြောင့် သူ့တွင် မည်မျှပင် အရည်အချင်းရှိနေပါစေ လမ်းဖြောင့်တွင် ဘာအစွမ်းမှ မပြနိုင်ပေ။
သို့သော် အကွေ့သို့ရောက်သည်နှင့် ယဲ့ချန်း၏အလှည့်ပင်။
ပွဲကြည့်စင်တွင် ပွဲကြည့်သူများ ရှိနေပေသည်။ အခြားကားများက အကွေ့နားသို့ ရောက်သောအခါ အရှိန်လျှော့လိုက်ကြသည်။ သို့သော် ယဲ့ချန်း၏ကားကတော့ အရှိန်လျှော့မသွားသည့်အပြင် ပို၍ပင် အရှိန်တင်လိုက်သေးသည်။
"ဝိုး.. ဒီလူ ရူးနေတာလား"
"အကွေ့မှာ ဒီလိုအရှိန်မျိုးနဲ့မောင်းရဲတာ... သူ့ကိုယ်သူ ပရော်ဖက်ရှင်နယ်ပြိုင်ကားသမားများ မှတ်နေတာလား"
"ဒီလူက အကွေ့နားကိုရောက်ရင် အရှိန်လျှော့ရမယ်ဆိုတာ မသိဘူးလား"
ယဲ့ချန်း၏လုပ်ရပ်က အလွန်အန္တရာယ်များလှပေသည်။
ကွေ့ဆွဲနေစဉ်အတွင်း အကွေ့ကို ထိန်းထားရရုံသာမက အခြားကားများကိုလည်း ရှောင်တိမ်းရန် လိုပေသည်။
ခက်ခဲမှုကား နှစ်ဆမြင့်တက်သွားသည်။
ကြောက်တတ်သော မိန်းကလေးတချို့ဆိုလျှင် မျက်လုံးကိုပင် အုပ်ထားကြလေပြီ။
ကျွီ ကျွီ ကျွီ...
ကားတာယာသံများနှင့်အတူ ယဲ့ချန်း၏ကားက တတိယနေရာသို့ ရောက်ရှိသွားသဖြင့် လူတိုင်း အံ့ဩမှင်တက်ကုန်သည်။
ကံဆိုးချင်တော့ လမ်းဖြောင့်ကိုရောက်သောအခါ ယဲ့ချန်း၏ကားက ကျော်တက်ခံလိုက်ရပြန်သည်။
အဆုံးတွင်မူ ယဲ့ချန်းသည် တတိယနေရာဖြင့် ပန်းဝင်ခဲ့သည်။
သို့သော် ယဲ့ချန်းအနေနှင့် အဆင့်မြှင့်မထားသော ကားတစ်စီးဖြင့် တတိယနေရာကို ဆွတ်ခူးနိုင်ခဲ့သည်ကပင် အလွန်အထင်ကြီးဖို့ကောင်းနေပြီဖြစ်၏။
ပြိုင်ပွဲပြီးသွားသည့်နောက် ထိုသူဌေးသားများက ယဲ့ချန်းအနား ဝိုင်းအုံနေကြသည်။
"မိုက်လိုက်တာ.. အစ်ကို့ရဲ့ကွေ့ဝိုက်နည်းက အရမ်းမိုက်တာပဲ"
"ဟုတ်တယ်။ ကားရဲ့လုပ်ဆောင်ရည်ကြောင့်သာမဟုတ်ရင် ပထမနေရာရမှာ သေချာတယ်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"ဟားဟား အပျော်သက်သက်ပါကွာ။ မျှော်လင့်ခြင်းပရောဂျက်အတွက် ကူညီပေးနိုင်တာနဲ့တင် ပျော်နေပါပြီ"
ဤနေရာတွင် ပြိုင်ကားမောင်းကြသူများမှာ ငွေကြေးပြတ်လပ်မနေပေ။ ဤပမာဏလောက်က မပြောပလောက်ပေ။
ဒုတိယပွဲစဉ်လည်း စတင်လေပြီ။ ထိုအခါ ယန်ချွမ်းက ပြောလာလေသည်။
"အစ်ကိုချန်း.. ခင်ဗျားကားက မကောင်းဘူးနော်။ ကျွန်တော့်ကားကို သုံးလိုက်ပါ့လား။ ဒီပွဲစဉ်က စူပါကားတွေ ပြိုင်ကြမှာဆိုတော့ ခင်ဗျားကားက သင့်တော်မှာမဟုတ်ဘူး"
ဒုတိယပွဲစဉ်တွင် ထိပ်ဆုံးငါးယောက်ကသာ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်၏။ ယန်ချွမ်းက ယခင်ပွဲစဉ်တွင် ဆယ်ယောက်မြောက်ပန်းဝင်သူဖြစ်သောကြောင့် ဤပွဲစဉ်တွင် ဝင်ပြိုင်ရန် အရည်အချင်းမရှိပေ။
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ ဒါဆို မင်းရဲ့ကားကို ခဏငှားဦးမယ်"
ပြိုင်ပွဲ စတင်လေပြီ။ ဤတစ်ခေါက်တွင် ယဲ့ချန်း၏ကားက အစောက ဖယ်ရာရီထက် ပိုမြန်ပေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပ်င အကွေ့နားသို့ ရောက်ချလာသည်။
သာမန်လူများက မြန်လွန်းသောအရှိန်ကို မထိန်းချုပ်နိုင်သောကြောင့် အကွေ့နားတွင် အရှိန်လျှော့ကြပါသော်ငြား ယဲ့ချန်းကတော့ မတူပေ။ နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်ဖြင့်သာဆိုလျှင် ယဲ့ချန်းထံ၌ လူအစွမ်းရော စက်ကိရိယာအစွမ်းအစပါ ရှိပေသည်။
ဤတစ်ခေါက်တွင်မူ အကွေ့ကိုကွေ့ပြီးနောက် လမ်းဖြောင့်တွင် အကွာအဝေးသိပ်မခြားသဖြင့် ယဲ့ချန်းလည်း ပထမနေရာကို အသာလေးသိမ်းပိုက်နိုင်ခဲ့သည်။
•••••••••••••••••••
အပိုင်း ၄၈၃ - နတ်ဘုရားအဆင့်ရုပ်ရှင်အထူးပြုလုပ်ချက်
အကွေ့နားသို့ ရောက်လာသောအခါ ခရီးသည်ထိုင်ခုံတွင်ထိုင်နေသော ထန်ရှောင်ဖေးက မအော်ဘဲ မနေနိုင်တော့ပေ။
သူ(မ)ခမျာ အချိန်မရွေးလွင့်ထွက်သွားတော့မလို ခံစားနေရသည်။
"ယဲ့ချန်း.. အရှိန်လျှော့ပါဦး။ ကျွန်မမှာ အခုထိ ရည်းစားမရှိသေးဘူး။ ကျွန်မ တစ်ခါမှမချစ်ဖူးသေးဘူး"
ထန်ရှောင်ဖေးခမျာ ကားထဲက ပြုတ်ကျတော့မလို ခံစားနေရသဖြင့် အော်ဟစ်နေမိတော့သည်။
ယဲ့ချန်းကမူ ထန်ရှောင်ဖေးကို ဘာမှပြန်မပြောဘဲ အရှိန်ဆက်တင်ထားသည်။
ထိုအချိန်တွင် လမ်ဘော်ဂီနီတစ်စီးက အနောက်က ကပ်လိုက်လာသည်။
ထိုကားသမားက ယဲ့ချန်းကို အရှုံးမပေးချင်ပေ။
လမ်းဘော်ဂီနီကို မောင်းနှင်နေသူမှာ ပြိုင်ကားသမားတစ်ယောက်ဖြစ်ခဲ့ဖူးသော လင်းယင်ဖြစ်သည်။
ဤပြေးလမ်းပေါ်ရှိ စံချိန်သစ်ကိုလည်း သူ ချိုးခဲ့ခြင်းပင်။
သူသည် ယဲ့ချန်းကို အရှုံးမပေးချင်ကြောင်း သိသာလှသည်။
ကံဆိုးချင်တော့ လမ်းဖြောင့်တွင် လင်းယင်က ယဲ့ချန်းကို မီနေသော်ငြား အကွေ့တွင်မူ သူ အရှိန်လျှော့လိုက်ရသည်။
အကွေ့နားတွင် အရှိန်မြှင့်၍မောင်းရန်မှာ သူမလုပ်ရဲသောကိစ္စတစ်ခုပင်။
အဆုံးတွင်မူ ယဲ့ချန်းကသာ ပထမဦးစွာ ပန်းဝင်ခဲ့သည်။
ယဲ့ချန်းက ဤပြေးလမ်း၏စံချိန်သစ်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။
ထန်ရှောင်ဖေးခမျာ ကားထဲကထွက်လာပြီးနောက် ခြေထောက်များ ပျော့ခွေသွားသလို ခံစားလိုက်ရသည်။
ဤသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ရာပင်။
ထန်ရှောင်ဖေးက စိတ်လှုပ်ရှားမှုကို သဘောကျသောကြောင့် ကားမောင်းပြိုင်ပွဲများကို မကြာခဏကြည့်ဖြစ်သည်။
ယနေ့ ယဲ့ချန်း၏စကားထဲတွင် ထိုင်နေချိန်ဝယ် သူ(မ)မှာ မိုးပေါ်ပျံနေသလို ခံစားရသည်။
ဤခံစားချက်ကား အလွန်အံ့ဩဖို့ကောင်းသည်။
ထိုအချိန်တွင် ပြေးလမ်းပေါ်ရှိ လူတော်တော်များများက သူ(မ)ကို အာရုံစိုက်နေကြသည်။
ထန်ရှောင်ဖေးက အရပ်ရှည်ပြီး မျက်နှာသွင်ပြင်ကလည်း နူးညံ့ကာ ဆွဲဆောင်မှုရှိသော ကောက်ကြောင်းတို့ကြောင့် အမျိုးသားများကို ဆွဲဆောင်ဖမ်းစားနိုင်စွမ်းရှိသည်။
ထိုအချိန်တွင် လမ်ဘော်ဂီနီပိုင်ရှင် လင်းယင်က အနားသို့လျှောက်လာချေသည်။
"ယဲ့ချန်း ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ အထူးသဖြင့် အကွေ့ကိုချိုးသွားတဲ့ ရှင့်အကွက်လေးတွေက အရမ်းလှတယ်။ ထိပ်တန်းပြိုင်ကားသမားတွေတောင် ရှင့်ကိုယှဉ်နိုင်မှာမဟုတ်လောက်ဘူး"
ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်သည်။
"မင်းရဲ့ကားမောင်းစွမ်းရည်ကလည်း မဆိုးပါဘူး။ အရင်တုန်းက ကားပြိုင်ဖူးတယ်ထင်တယ်"
လင်းယင်မှာ အတန်ငယ်ရှက်သွေးဖြာသွားချေသည်။
"ကျွန်မက အစွမ်းကုန်ထုတ်သုံးခဲ့တာတောင် ကွာခြားချက်က ကြီးနေတုန်းပဲ။ ကျွန်မကားရဲ့အရှိန်နဲ့ စွမ်းဆောင်ရည်က ရှင့်ကားထက် ပိုသာပေမဲ့ ရှုံးသွားတာပါပဲ"
တတိယပွဲစဉ်ကား ချစ်ကြည်ရေးပွဲစဉ်တစ်ခုဖြစ်သည်။
ယဲ့ချန်းလည်း သူ့ဘေးရှိ ထန်ရှောင်ဖေးကို ကြည့်လိုက်သည်။
"မင်းမောင်းတတ်တယ်မလား"
ထန်ရှောင်ဖေးက ခေါင်းညိတ်ပြလိုက်သည်။
"အင်း မောင်းတတ်တယ်"
"တစ်ခါလောက်စမ်းမောင်းကြည့်မလား"
ထန်ရှောင်ဖေးမှာမူ စမ်းမောင်းကြည့်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်နေသော်လည်း ထုတ်ပြောရမည်ကို ရှက်နေခြင်းပင်။
မည်သို့ပင်ဖြစ်စေ ပြိုင်ကားတစ်စီးက သန်းပေါင်းများစွာကုန်ကျသည်မဟုတ်ပါလော။
"ကျွန်မ တကယ်မောင်းလို့ရလား"
ထန်ရှောင်ဖေးက စိတ်လှုပ်ရှားခြင်းကြီးစွာဖြင့် မေးလိုက်လေသည်။
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြသည်။
"ရတာပေါ့"
ထန်ရှောင်ဖေးလည်း ဖယ်ရာရီပြိုင်ကားထဲသို့ ဝင်သွားလိုက်၏။ သူ(မ)၏အမူအရာမှာမူ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
အစောတုန်းက ခရီးသည်ထိုင်ခုံတွင် သူ(မ) အော်ဟစ်နေခဲ့ပါသော်ငြား ထိုခံစားချက်ကို အလွန်သဘောကျသည်။
တတိယပွဲစဉ်က အမျိုးသမီးသီးသန့်ပွဲစဉ်ဖြစ်၏။
ထန်ရှောင်ဖေးမှာ အလွန်စိတ်လှုပ်ရှားနေသည်။
ပြိုင်ပွဲစတင်ချိန်တွင် ထန်ရှောင်ဖေးက ကောင်းမွန်လှသော ကားမောင်းစွမ်းရည်ကို ပြသပြီး ပြိုင်ပွဲတွင် ဆက်တိုက်ဦးဆောင်ထားသည်။
အထူးသဖြင့် အကွေ့နားတွင် ထန်ရှောင်ဖေးက လှလှပပကြီး ကွေ့ဝိုက်ပြခဲ့သည်။
ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းများမှာ ကွေးညွတ်သွားသည်။ ဤမိန်းကလေးက ပါရမီရှင်တစ်ယောက်ပင်။
အစောတုန်းက ထန်ရှောင်ဖေးမှာ အော်ရုံသာ အော်နေခြင်းမဟုတ်ဘဲ ယဲ့ချန်း၏နည်းစနစ်များကို စောင့်ကြည့်နေခြင်းပင်။
အားနည်းချက်များစွာရှိပါသော်ငြား ထန်ရှောင်ဖေးအနေနှင့် ဤမျှစွမ်းဆောင်နိုင်ခြင်းကပင် အထင်ကြီးဖို့ကောင်းနေလေပြီ။
ယဲ့ချန်းမှာမူ ခရီးသည်ထိုင်ခုံတွင် တိတ်တဆိတ်ထိုင်နေပေသည်။
ဤမျှမြန်ဆန်လှသောအရှိန်မျိုးတွင် ယဲ့ချန်းကသာ အကုန်လိုက်ပြောနေမည်ဆိုလျှင် ထန်ရှောင်ဖေးလည်း ကောင်းကောင်းမောင်းနိုင်မည်မဟုတ်ပေ။
ယဲ့ချန်းကမူ ကားက အန္တရာယ်တစ်စုံတစ်ရာကျရောက်မှသာ ဝင်ပါရန် ကြံရွယ်ထားသည်။
သို့သော် ထန်ရှောင်ဖေး၏အရည်အချင်းက အလွန်ကောင်းမွန်လှသည်။ အမှားတချို့လုပ်မိသော်လည်း အန္တရာယ်ကြီးသော အမှားများတော့ မပါချေ။
ဤပွဲစဉ်တွင် ထန်ရှောင်ဖေးကပင် ဦးဆောင်သွားပြီး ပထမနေရာကို သိမ်းပိုက်လိုက်သည်။
အဆုံးသတ်မျဉ်းကို ဖြတ်ကျော်လိုက်ချိန်ဝယ် ထန်ရှောင်ဖေး အလွန်စိတ်လှုပ်ရှားနေမိသည်။
"ဟုတ်ပြီ။ ငါတို့နိုင်သွားပြီ"
ယဲ့ချန်းကလည်း ရယ်လိုက်သည်။
"တော်တယ်။ ချန်ပီယံဖြစ်ပြီ"
စည်းမျဉ်းအရဆိုလျှင် ယဲ့ချန်းနှင့် ထန်ရှောင်ဖေးတို့မှာ ဝင်ကြေးပြန်ယူနိုင်ပါသော်လည်း ယဲ့ချန်းကတော့ မျှော်လင့်ခြင်းပရောဂျက်ကို အကုန်လှူပစ်ရန် ဆုံးဖြတ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ ပရဟိတအတွက် လှူဒါန်းခြင်းဖြစ်သည့်အပြင် ယဲ့ချန်းကလည်း ပိုက်ဆံပြတ်လပ်မနေပေ။ တစ်သောင်းဆိုသည်မှာ သူ့အတွက်တော့ မပြောပလောက်ပေ။
ပြိုင်ပွဲပြီးသွားသည့်တိုင် ထန်ရှောင်ဖေးမှာမူ မြူးကြွနေဆဲပင်။
"ပြိုင်ကားမောင်းတာက ဒီလောက်တောင်ပျော်ဖို့ကောင်းတာပါလား။ လူတွေအများကြီး သဘောကျနေကြတာလည်း မဆန်းပါဘူး"
ယဲ့ချန်းက ရယ်လိုက်၏။
"မင်း သဘောကျရင် ဒီဖယ်ရာရီက မင်းအတွက်ပဲ"
"ဟင် ကျွန်မအတွက်လား"
ထန်ရှောင်ဖေး အံ့အားသင့်သွားလေသည်။
ယဲ့ချန်းက ပြုံးလိုက်၏။
"ကိုယ့်မှာ ကားတွေအများကြီးရှိတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံးလည်း မမောင်းနိုင်ပါဘူး"
"မဖြစ်နိုင်တာ။ ဒါက အရမ်းဈေးကြီးလွန်းတယ်"
ထန်ရှောင်ဖေးမှာမူ ခေါင်းခါယမ်းပြသည်။
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"ရပါတယ်။ ပြိုင်ကားတစ်စီးက တခြားလူတွေအတွက် တန်ဖိုးကြီးကောင်းကြီးနိုင်ပေမဲ့ ကိုယ့်အတွက်တော့ အရုပ်တစ်ရုပ်လောက်ပဲရှိတာ"
"ဒါပေမဲ့..."
"မင်းက ကိုယ့်ကောင်မလေးနော်။ ကိုယ့်ကောင်မလေးကို ကားတစ်စီးတောင် ပေးလို့မရဘူးလား"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထန်ရှောင်ဖေးလည် ခပ်ရှက်ရှက်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သိပ်မကြာခင်မှာပင် ထန်ရှောင်ဖေးက ပြိုင်ကားကို ပြေးလမ်းတစ်လျှောက် ခဏပတ်မောင်းလိုက်သေးသည်။
သူ(မ)မှာ ကားကို ထိန်းချုပ်ရာတွင် ပိုကျွမ်းကျင်လာသည်။
ညနေရောက်သော် ယန်ချွမ်းက မေးလိုက်သည်။
"အစ်ကိုယဲ့... ဒီညအားလား။ ညစာအတူစားရအောင်လေ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်လေသည်။
"ရတယ်လေ"
ညဘက်တွင် သူတို့တစ်သိုက်လည်း စားသောက်ဆိုင်တစ်ဆိုင်သို့ ထွက်လာခဲ့လိုက်သည်။
ကားထဲကမဆင်းခင် ထန်ရှောင်ဖေးက အကျင့်ဖြစ်နေသဖြင့် ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။
[တင်.. ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်ကို ရရှိတဲ့အတွက် နတ်ဘုရားအဆင့်ရုပ်ရှင်အထူးပြုလုပ်ချက်ကို ဆုလာဘ်အဖြစ် ရရှိလိုက်ပါပြီ]
ယန်ချွမ်းက သူ့အိမ်က မော့ထိုက်တစ်ပုလင်းကို ယူချလာသည်။
လင်းယင်က ရယ်လိုက်သည်။
"အစ်ကိုယဲ့... ဒီနေ့ဒီအချိန်အထိ တခြားလူရဲ့ကားမောင်းစွမ်းရည်ကြောင့် ကျွန်တော် အထင်ကြီးဖူးတယ်လို့ မရှိဖူးဘူး။ ဒါပေမဲ့ ခင်ဗျား ကျွန်တော်နဲ့ယှဉ်သောက်နိုင်ပါမလား"
ယန်ချွမ်းက ရယ်လိုက်သည်။
"အစ်ကိုယဲ့.. သူနဲ့သွားမပြိုင်နဲ့နော်။ သူ့မိသားစုက အရက်ရောင်းတာ။ သူ့ခံနိုင်ရည်က အရမ်းမြင့်တယ်"
ခွက်တစ်ထောင်သောက်လျှင်ပင် မူးသွားခြင်းမရှိသည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ယဲ့ချန်းကလည်း မကြောက်ပေ။
"မပူနဲ့။ ငါတို့ ပြိုင်သောက်လို့ရတာပဲ"
ယဲ့ချန်းက လင်းယင်နှင့် ပြိုင်သောက်မည်ဟု ကြားလိုက်ရသောအခါ လူတိုင်း၏အမူအရာကား အနည်းငယ်ပြောင်းလဲသွားသည်။
ဒီလူတော့ ကံဆိုးတာပဲ...
လင်းယင်က ဤအသိုင်းအဝိုင်းထဲတွင် ဝိုင်နတ်ဘုရားအဖြစ် နာမည်ကြီးသည်။ သူသည် အရက်သောက်ရာတွင် မည်သူ့ကိုမှ မကြောက်ဖူးပေ။
အကယ်၍ ယဲ့ချန်းသာ သူနှင့် ပြိုင်သောက်လျှင် သေချာပေါက်မူးသွားလိမ့်မည်သာ။
လင်းယင်က ယဲ့ချန်းအတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်သည်။
"အစ်ကိုယဲ့.. ချီးယား"
သူတို့နှစ်ယောက်သား ချက်ချင်းဆိုသလို တစ်ခွက်မော့လိုက်ကြသည်။
ယန်ချွမ်းကမူ စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။
"အစ်ကိုချန်း.. မသောက်နိုင်ရင် ထားလိုက်နော်။ ဒီကောင်က လူသားဝိုင်စည်ပိုင်းကြီး... သူ့ကိုရှုံးတယ်ဆိုတာ သာမန်ပါပဲ"
ယဲ့ချန်းက ပြုံးလိုက်သည်.
"ရတယ်။ ငါ သောက်နိုင်သေးတယ်"
ပြိုင်သောက်ရန် သဘောတူပြီးပြီဖြစ်ရာ နောက်ဆုတ်လိုက်လျှင် အလွန်ရှက်ဖွယ်ကောင်းနေချေမည်။
မော့ထိုက်တစ်ပုလင်းလည်း သူတို့နှစ်ယောက်လက်ချက်ဖြင့် ကုန်သွားသောကြောင့် ဘီယာတစ်ကတ်မှာလိုက်သည်။
မည်သူကမှ လက်မတွန့်ပေ။
ယဲ့ချန်းအတွက်မူ ခွက်တစ်ထောင်သောက်လျှင်ပင် မမူးသောကြောင့် အရက်သောက်ရခြင်းမှာ ရေသောက်နေရသလိုပင်။
သို့သော် လင်းယင်ကတော့ မသောက်နိုင်တော့ပေ။
သူ့အနေနှင့် သောက်နိုင်ပါသော်ငြား အများကြီးတော့ မသောက်နိုင်တော့ပေ။
အဆုံးတွင်မူ နောက်တစ်ခွက်သောက်ပြီးသည်နှင့် လင်းယင်လည်း စားပွဲပေါ်သို့ မှောက်သွားလေသည်။
ဘီယာစားပွဲတစ်ခုလုံး တိတ်ဆိတ်သွားချေသည်။
ယန်ချွမ်းကမူ ယဲ့ချန်းအား လက်မထောင်ပြလိုက်သည်။
"အစ်ကိုယဲ့... အရမ်းမိုက်တာပဲ.. ခွက်တစ်ထောင်သောက်ရင်တောင် မမူးဘူးဆိုတာ အဟုတ်ပဲ"
တကယ်တမ်းတွင် ယဲ့ချန်း နည်းနည်းရှက်မိသည်။ အကြောင်းမှာ သူသည် စနစ်၏နောက်ခံဖြင့် နိုင်သွားခြင်းသာ။
စနစ်သာမရှိလျှင် သူ့ခံနိုင်ရည်လည်း အစောကတည်းက ကုန်သွားလောက်ပြီဖြစ်၏။
"ကောင်းပြီလေ။ ဒီနေ့ ငါတို့ တော်တော်ပျော်ခဲ့ရတယ်။ ယန်ချွမ်း.. လင်းယင်ကို အိမ်ပြန်ပို့ပေးလိုက်"
ယန်ချွမ်းကလည်း ခေါင်းညိတ်ပြသည်။
"အစ်ကိုချန်း.. ကျွန်တော့်တာဝန်သာထားလိုက်"
ဟိုတယ်ထဲက ထွက်လာပြီးနောက် ထန်ရှောင်ဖေးက ပြောလိုက်လေသည်။
"ယဲ့ချန်း.. ရှင် အများကြီးသောက်ထားတာဆိုတော့ ကျွန်မပဲ မောင်းလိုက်မယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။ ယဲ့ချန်းတစ်ယောက် သောက်ထားသဖြင့် မသက်မသာခံစားရမည်စိုးသောကြောင့် ထန်ရှောင်ဖေးက ကားကို တမင်တကာ ဖြည်းဖြည်းချင်းမောင်းနေပေသည်။
သို့သော် လမ်းဆုံတစ်ခုသို့အရောက်တွင် ထန်ရှောင်ဖေးမှာ အရှေ့သို့ ရုတ်တရက်လှမ်းကြည့်ပြီး လန့်ဖျပ်သွားသည်။