အခန်း (၄၈၄-၄၈၆)
Vol. 33 Ch. 484-486
အပိုင်း ၄၈၄ : ငါ ရုပ်ရှင်ရိုက်ချင်တယ်
ယဲ့ချန်းက မျက်လုံးမှိတ်လျက် အနားယူနေစဉ် သူ့ဘေးရှိ ထန်ရှောင်ဖေး၏ အလန့်တကြားအော်သံကို ကြားလိုက်ရသည်။
"ယဲ့ချန်း.. ကျွန်မတို့တော့သွားပြီ။ အရက်သေစာစစ်ဆေးရေးဂိတ်နဲ့ တိုးနေပြီ"
ယဲ့ချန်း မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အရှေ့နားတွင် ရဲကားများက စစ်ဆေးရေးဂိတ်ကို ပိတ်ရပ်ထားသည်ကို မြင်လိုက်ရ၏။
"မင်းမှ အရက်သောက်မထားတူ ဘာလို့လန့်နေတာလဲ"
ယဲ့ချန်းလည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ထန်ရှောင်ဖေး၏မျက်နှာကား နီရဲသွားချေသည်။
"အရက်သေစာစစ်ဆေးရေးဂိတ်နဲ့ တစ်ခါမှမတွေ့ဖူးလို့"
ယဲ့ချန်း : "..."
ထိုအချိန်တွင် ယာဉ်ထိန်းရဲတစ်ယောက်က ကားမှန်ကို လာခေါက်လေသည်။
ပြတင်းပေါက်ကို အောက်ချလိုက်သောအခါ ထိုရဲအရာရှိက အလေးပြု၍ ဆိုလာချေသည်။
"မင်္ဂလာပါ။ ကျွန်တော်တို့ အရက်သေစာသောက်သုံးခြင်းရှိမရှိ စစ်ဆေးဖို့လိုပါတယ်"
မှန်ချလိုက်သည်နှင့် ထိုအရာရှိက အရက်နံ့ရလိုက်သဖြင့် သတိကြီးကြီးထားလိုက်သည်။
ထိုအချိန်မှာပင် အခြားယာဉ်ထိန်းရဲအရာရှိများကလည်း အနားသို့ ရောက်လာသည်။
"မိန်းကလေး... ယာဉ်မောင်းလိုင်စင်နဲ့ ယာဉ်လိုင်စင်ကို ပြပေးပါ"
ထန်ရှောင်ဖေးလည်း သူ(မ)၏ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်လိုင်စင်ကို ထိုအရာရှိအား ပြလိုက်သည်။
အရာရှိကလည်း ဘာပြဿနာမှမရှိကြောင်း စစ်ဆေးပြီးနောက် စာရွက်စာတမ်းများကို ထန်ရှောင်ဖေးအား ပြန်ပေးလိုက်၏။
ထို့နောက် ထိုအရာရှိက ဤသို့ဆို၏။
"ကျွန်တော်တို့ အာငွေ့တိုင်းကိရိယာနဲ့ စစ်ဆေးရပါလိမ့်မယ်"
ထန်ရှောင်ဖေးလည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် အာငွေ့တိုင်းကိရိယာကို လေမှုတ်လိုက်သည်။
ရဲအရာရှိလည်း ထိုကိရိယာကို ကြည့်လိုက်လေရာ တိုင်းတာချက်က သာမန်ဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။
"မသောက်ထားဘူးဆိုရင်လည်း မင်း ဘာလို့ကားကိုဖြည်းဖြည်းချင်းမောင်းပြီး တအားစိတ်လှုပ်ရှားနေရတာလဲ"
ထန်ရှောင်ဖေး၏မျက်နှာမှာ ရဲခနဲဖြစ်သွားလေသည်။
"ကျွန်မကောင်လေးက အများကြီးသောက်ထားလို့ တအားမြန်မြန်ကြီးမောင်းရင်း သူ မသက်မသာဖြစ်မှာစိုးလို့ပါ"
ယာဉ်ထိန်းရဲအရာရှိ : "...🥰'
ကြိုသိရင် မမေးပါဘူး.. အခုတော့ အတွဲတွေရိုပြတာကို ခံလိုက်ရပြီ....
ထိုညနေခင်းတွင် ယဲ့ချန်းက အိမ်ပြန်ရောက်သည်နှင့် မျက်နှာသစ်လိုက်သည်။
အရက်ငါးပုလင်းသောက်ထားသော်ငြား ခွက်တစ်ထောင်သောက်လည်း မမူးသောစွမ်းရည်ကြောင့် မသက်မသာမဖြစ်ပါချေ။
ယခုမူ ယဲ့ချန်းသည် သုန်းရှောင်ယာအတွက် ဝက်ဝက်ကွဲပေါက်မည့် ရုပ်ရှင်တစ်ခုကို တွေးနေလေသည်။
မည်သည့်အမျိုးအစားကို ရွေးသင့်သလဲ။
ရုပ်ရှင်ဇာတ်ညွှန်းတချို့က ယဲ့ချန်း၏စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
ခဏတွေးကြည့်ပြီးနောက် အဆုံးတွင်မူ ယဲ့ချန်းလည်း "ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ကိုသာ ရွေးချယ်လိုက်သည်။
ဤရုပ်ရှင်ကို ယခင်ဘဝတုန်းက လီအန်းက ရိုက်ကူးထားခြင်းဖြစ်ပြီး Mနိုင်ငံတွင် အကောင်းဆုံးဒါရိုက်တာဆုနှင့် အကောင်းဆုံးနိုင်ငံခြားဘာသာရုပ်ရှင်ဆုအပါအဝင် ဆုပေါင်းဆယ်ခုအထိ ဆွတ်ခူးခဲ့သည်။
ဤသည်မှာ ယခင်ဘဝတုန်းက အော်စကာဆုပေးပွဲတွင် ဆုအများဆုံးရခဲ့သည့် ဟွားနိုင်ငံရုပ်ရှင်တစ်ခုဟု ဆိုနိုင်ပေသည်။
ထိုစဉ်က ဤရုပ်ရှင်သည် ဟွားနိုင်ငံရုပ်ရှင်လောကတွင် ခေတ်ရေစီးကြောင်းတစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာအောင် သိုင်းရုပ်ရှင်ရောဂါကို လှုံ့ဆော်ပေးနိုင်ခဲ့သည်။
ထိုစဉ်က ခေါင်းဆောင်မင်းသမီးဖြစ်သူ ကျန်းကျစ်ယီသည် ဤရုပ်ရှင်ဖြင့် နိုင်ငံတကာကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့သည်။ သူ(မ)သည် ဟွားနိုင်ငံ၏ အနုပညာကြေးအမြင့်ဆုံးမင်းသမီးများထဲမှ မင်းသမီးတစ်လက်ဖြစ်လာခဲ့ပြီး "နိုင်ငံတကာကျန်း"ဟုပင် နာမည်ပြောင်ရရှိခဲ့သည်။
ဤကမ္ဘာတွင် ထိုကဲ့သို့သော ရုပ်ရှင်မျိုး လုံးဝမရှိပေ။
ထို့ပြင် ယဲ့ချန်းကိုယ်တိုင်ကလည်း သိုင်းပညာကို နှစ်သက်သူဖြစ်သဖြင့် ဤရုပ်ရှင်ကို အရင်ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။
ရုပ်ရှင်ရိုက်ကူးပြီး သုန်းရှောင်ယာကို နိုင်ငံတကာကြယ်ပွင့်ဖြစ်အောင် ကူညီပေးရုံသာမက အော်စကာဆုကိုပါ ဆွတ်ခူးနိုင်ရန် ရည်ရွယ်ထားသည်။
ယဲ့ချန်း၏ စိတ်ဓာတ်မှာ မလုပ်လျှင်လည်း လုံးဝမလုပ်ပေ။ လုပ်မည်ဆိုလျှင်လည်း ထူးထူးခြားခြားလုပ်လိုက်ရမှ ကျေနပ်သူသာ။
သို့သော် ထိုသို့မလုပ်ဆောင်ခင် ယဲ့ချန်းအနေနှင့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို အရင်ဝယ်ယူရန် လိုအပ်နေသေးသည်။
သန်းခေါင်ယံရောက်သောအခါ ဇာတ်ညွှန်းကို ခဏမျှရေးသားပြီးနောက် ယဲ့ချန်း အနည်းငယ်အိပ်ငိုက်လာသည်။
စိတ်ကိုလန်းဆန်းသွားစေမည့် ကော်ဖီတစ်ခွက်လောက်ရှိလျှင် ဘယ်လောက်ကောင်းမလဲ။
ထိုစဉ် ယဲ့ချန်းမှာ စနစ်ကုန်တိုက်ကို ရုတ်တရက်သတိရလိုက်သည်။
စနစ်ကုန်တိုက်ကို ဖွင့်ကြည့်လိုက်သောအခါ ကုန်ပစ္စည်းကဏ္ဍတွင် အိပ်ငိုက်ပြေစေမည့် ကော်ဖီကို တကယ်တွေ့လိုက်ရသည်။
ဤကော်ဖီကို သောက်သုံးခြင်းဖြင့် စိတ်ကို ကြည်လင်လန်းဆန်းစေပြီး ပင်ပန်းနွမ်းနယ်မှုများကို ပျောက်ကွယ်သွားစေနိုင်သည်။
သို့သော် ကော်ဖီက အလွန်ဈေးကြီးလှ၏။ တစ်သန်းခန့်ကျသင့်ပေသည်။
သာမန်လူများအတွက် တစ်သန်းဆိုသည်မှာ လက်လှမ်းမမီနိုင်သော ပမာဏဖြစ်သော်ငြား ယခုအချိန်တွင် ယဲ့ချန်းအတွက်မူ ဘာမှမပြောပလောက်ပေ။
ယဲ့ချန်းလည်း လဲလှယ်ရေးဆော့ဖ်ဝဲကို ဖွင့်လိုက်သည်။
"တင်! စိတ်ကိုလန်းဆန်းစေတဲ့ ကော်ဖီအတွက် ငွေတစ်သန်းနဲ့ လဲလှယ်မှုကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်"
ယဲ့ချန်းမှာ ပစ္စည်းသိုလှောင်ခန်းထဲမှ သေတ္တာတစ်လုံးကို ထုတ်ယူလိုက်လေရာ အထဲတွင် လန်းဆန်းစေသော ကော်ဖီထုပ်ပေါင်း တစ်ရာပါဝင်လေသည်။
"အမလေး... ကော်ဖီတစ်ထုပ်ကို တစ်သောင်းတောင်"
ယခင်ကဆိုလျှင် ယဲ့ချန်းအနေနှင့် စိတ်ကူးပင်မယဉ်ဖူးသော အရာမျိုးပင်။
သူသည် တစ်သောင်းတန်ကော်ဖီတစ်ခွက်ကို ဖျော်ပြီး မြည်းစမ်းကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ယဲ့ချန်း၏ အိပ်ချင်စိတ်များ လုံးဝပျောက်ကွယ်သွားပြီး စိတ်ထဲတွင်လည်း အလွန်ကြည်လင်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ယဲ့ချန်းက ကွန်ပျူတာကို ချက်ချင်းဖွင့်ပြီး ဇာတ်ညွှန်းကို အရှိန်အဟုန်ဖြင့် ရေးသားလေတော့သည်။
တစ်ညတာအပြီးတွင် ဇာတ်ညွှန်းလည်း အပြီးသတ်သွားခဲ့ပြီဖြစ်၏။
ယဲ့ချန်းမှာ တစ်ညလုံး ဇာတ်ညွှန်းရေးခဲ့ရသော်လည်း အနည်းငယ်မျှပင် အိပ်မငိုက်ခဲ့ပေ။
ထို့နောက် ကိုယ်လက်အကြောဆန့်ပြီးနောက် ခေါက်ဆွဲတစ်ပန်းကန် လုပ်စားလိုက်ပြီး မနက်ပိုင်းတွင် တက္ကစီမောင်းပြီး ညနေပိုင်းတွင် ရုပ်ရှင်ကုမ္ပဏီတစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ယဲ့ချန်းဆီသို့ အော်ဒါအသစ်တစ်ခု ဝင်လာသည်။
ခရီးသည် ကားပေါ်တက်လာသောအခါ ယဲ့ချန်း အံ့အားသင့်သွားရသည်။
ဤလူ၏ ရုပ်သွင်မှာ ယခင်ဘဝတုန်းက ဧကရာဇ်ကျိုးနှင့် အလွန်တူနေသောကြောင့်ပင်။
ထိုဧကရာဇ်ကျိုးဆိုသူမှာ မူရင်း"ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ရုပ်ရှင်၏ အမျိုးသားဇာတ်ဆောင်ပင်။
ထိုလူက စိတ်ပျက်အားငယ်နေသော မျက်နှာထားဖြင့် ကားပေါ်သို့ တက်လာပြီး ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။
"ဟယ်လို... ဒါရိုက်တာချန်းလား။ ကျွန်တော့်ကို အခွင့်အရေးလေးတစ်ခုလောက် ပေးလို့ရမလား။ ဇာတ်ပို့နေရာလေးပဲ ဖြစ်ဖြစ်ပါဗျာ"
"ဟူး... ကျွန်တော် ဘယ်လိုအခန်းမျိုးမဆို သရုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော့်ရဲ့ သရုပ်ဆောင်ချက်တွေကလည်း အရမ်းကောင်းပါတယ်"
ဖုန်းပြောဆိုမှု ပြီးဆုံးသွားသော်လည်း တစ်ဖက်လူက သဘောမတူခဲ့သည်မှာ ထင်ရှားလှသည်။
ထိုလူက အခြားဒါရိုက်တာများကိုလည်း ဖုန်းအကြိမ်ကြိမ်ဆက်နေခဲ့သည်။
သို့သော် ခြွင်းချက်မရှိပါဘဲ သူဖုန်းဆက်သမျှ ဒါရိုက်တာတိုင်းက သူ့ကို ငြင်းပယ်ခဲ့ကြသည်။
ယဲ့ချန်း၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။ ဤလူသည် ယခင်ဘဝက ဧကရာဇ်ကျိုးနှင့် အလွန်တူနေသဖြင့် သူ့ကို အမျိုးသားဇာတ်ဆောင်အဖြစ် ခန့်အပ်လိုက်လျှင် အလွန်ကောင်းမည်မဟုတ်ပါလော။
[တင်! တက္ကစီရွေးချယ်ရေးစနစ် စတင်ပါပြီ။ အပတ်စဉ် ထူးခြားအရည်အချင်းရှိတဲ့ ခရီးသည်တစ်ဦးနဲ့ ဆုံတွေ့ပြီး ရွေးချယ်မှုတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရင်း ကမ္ဘာ့အဆင့်မီသူဌေးတစ်ယောက်ဖြစ်လာစေမယ့် အမြင့်ဆုံးဆုလာဘ်များကို ရယူလိုက်ပါ]
[ခရီးသည်၏အလုပ်အကိုင် : သရုပ်ဆောင်]
[ရွေးချယ်စရာနံပါတ်တစ် : ကျိုးဖာကို စိတ်ဓာတ်ကျအောင် ပြောဆိုပါ။ ယနေ့ခေတ်က လူငယ်ချောချောလေးများ၏ ခေတ်ဖြစ်ပြီး သူနှင့် သရုပ်ဆောင်လောကမှာ မသင့်တော်ကြောင်း ပြောဆိုပြီး ဆုလာဘ်အဖြစ် "ဟိုက်တီလောင်"ဟော့ပေါ့လုပ်ငန်းစု၏ ရှယ်ယာ၃၀ရာခိုင်နှုန်းကို ရယူပါ]
[ရွေးချယ်စရာနံပါတ်နှစ် : ကျိုးဖာကို ရုပ်ရှင်ဧကရာဇ်ဖြစ်လာအောင် ကူညီပေးပြီး ဆုလာဘ်အဖြစ် "အလင်းနှင့်အရိပ်"ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီကို ရယူပါ]
[ရွေးချယ်စရာနံပါတ်သုံး : ကျိုးဖာကို သူသွားလိုတဲ့နေရာကို ဘေးကင်းကင်းပို့ဆောင်ပေးပြီး ဆုလာဘ်အဖြစ် ဆယ်သန်းတန်ဖိုးရှိတဲ့ "ပါဂါနီလေနတ်ဘုရား"ပြိုင်ကားတစ်စီးကို ရယူပါ]
ပထမရွေးချယ်မှုမှာ အလွယ်ကူဆုံးဖြစ်ပြီး ရရှိမည့်ဆုလာဘ်ကလည်း မဆိုးလှပေ။
သို့သော် ကျိုးဖာ ဖုန်းပြောနေသော ပုံစံအရ သူသည် သူ့အလုပ်အပေါ် အလွန်စိတ်အားထက်သန်သူဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။
စားသောက်ဆိုင်လုပ်ငန်းစုတစ်ခု ရရုံမျှဖြင့် တစ်ပါးသူ၏အိပ်မက်ကို ယဲ့ချန်း မဖျက်ဆီးရက်ပေ။
နောက်ဆုံးရွေးချယ်မှုမှာလည်း အလွန်လွယ်ကူသော်လည်း ယဲ့ချန်းအတွက်မူ ဆယ်သန်းတန်ပြိုင်ကားမှာ တက္ကစီတစ်စီးနှင့် မခြားပေ။
ထို့ကြောင့် ဒုတိယတစ်ခုကိုသာ ရွေးချယ်လိုက်သည်။
ပထမအချက်မှာ သူသည် "ငုပ်လျှိုးနေသောကျား၊ ပုန်းကွယ်နေသောနဂါး"ကို ရိုက်ကူးရန် ပြင်ဆင်နေသည်ဖြစ်ရာ ကျိုးဖာသာ သရုပ်ဆောင်ပါက ယခင်ဘဝက ဧကရာဇ်ကျိုးကို ရှုံးလိမ့်မည်မဟုတ်ကြောင်း ယဲ့ချန်း ခံစားမိသည်။
ဒုတိယအချက်မှာမူ သူသည် ရုပ်ရှင်ကုမ္ပဏီတစ်ခုကို ဝယ်ယူရန် ပြင်ဆင်နေခြင်းဖြစ်ရာ "အလင်းနှင့်အရိပ်"ကုမ္ပဏီက သူ့လိုအပ်ချက်နှင့် အံကိုက်ဖြစ်နေသောကြောင့်ပင်။
ယဲ့ချန်းလည်း စိတ်ပိုင်းဖြတ်ပြီး ဒုတိယတစ်ခုကို ရွေးချယ်လိုက်သည်။
"တင်! "အလင်းနှင့်အရိပ်"ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးကုမ္ပဏီရဲ့ ရှယ်ယာတစ်ရာရာခိုင်နှုန်းကို ပိုင်ဆိုင်သွားတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ရုပ်ရှင်လောကရဲ့ "နတ်ဘုရားအဆင့်"အထူးပြုလုပ်ချက်ဆုလာဘ်ကိုလည်း ရရှိပါတယ်"
ထိုအချိန်တွင် ကျိုးဖာကမူ သက်ပြင်းမောချလိုက်လေသည်။
သူသည် ရုပ်ရှင်ရိုက်ကူးရေးကို အလွန်မြတ်နိုးပြီး ဇာတ်ရုပ်ပေါင်းများစွာတွင် သရုပ်ဆောင်ခဲ့ဖူးသော်လည်း မည်သည့်ဇာတ်ရုပ်ကမှ သူ့ကို ကျော်ကြားအောင် မလုပ်ပေးနိုင်ခဲ့ပေ။
အသက်အရွယ်ကလည်း လူလတ်ပိုင်းထဲသို့ ရောက်နေပြီဖြစ်သော်ငြား အပြင်တွင် အိမ်ငှားနေနေရဆဲဖြစ်ကာ နေ့တိုင်း ခေါက်ဆွဲခြောက်ထုပ်ကိုသာ အားကိုးနေရသည်။
ထိုသို့သော အခြေအနေမျိုးတွင်ပင် သူသည် သူ့အိပ်မက်အတွက် အစွမ်းကုန် ကြိုးစားနေဆဲပင်။
ဤကိစ္စကြောင့်ပင် သူ့ဇနီးသည်နှင့် မကြာခဏ စကားများရပြီး ဇနီးဖြစ်သူက သူ့အား အခြားစီးပွားရေးတစ်ခုခု ပြောင်းလုပ်ရန် အမြဲတိုက်တွန်းတတ်သည်။
သို့သော် ကျိုးဖာ၏ တစ်ခုတည်းသော အိပ်မက်မှာ ရုပ်ရှင်ဧကရာဇ်ဖြစ်လာရန်ပင်။
သို့သော် ယခုမူ သူသည် လက်လျှော့ရန် အဆင်သင့်ဖြစ်နေချေပြီ။
မည်သို့ပင်ဆိုစေကာမူ အိပ်မက်ဆိုသည်မှာ ဝမ်းမဖြည့်ပေးနိုင်ပေ။ ကလေးများကလည်း ကြီးပြင်းလာပြီဖြစ်ရာ ကျောင်းထားပေးရန် လိုအပ်လာသလို အိမ်တစ်လုံးလည်း ဝယ်ယူရန် လိုအပ်နေပြီဖြစ်၏။
ထားလိုက်ပါတော့လေ... ငါကသရုပ်ဆောင်ဖြစ်ဖို့ ကံပါမလာဘူးထင်ပါတယ်...
ထိုအချိန်တွင် ယဲ့ချန်းက ရုတ်တရက်ပြောလိုက်သည်။
"မင်္ဂလာပါ... ခင်ဗျားကိုကြည့်ရတာ အရှိန်အဝါ တော်တော်ကောင်းတယ်နော်။ ကျွန်တော်တို့ရဲ့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ထဲကို ဝင်ဖို့ စိတ်ဝင်စားလား"
••••••••••••••••
အပိုင်း ၄၈၅ : ဟန်ဆောင်ကောင်းလွန်းသည့် အတန်းဖော်
ယဲ့ချန်း၏ စကားကြောင့် ကျိုးဖာခမျာ ကြောင်အသွားသည်။
"ခင်ဗျားရဲ့ ရုပ်ရှင်အဖွဲ့ထဲကိုဝင်ရမယ် ဟုတ်လား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်တယ်။ ကျွန်တော်က အခု ရုပ်ရှင်ရိုက်ဖို့ ပြင်နေတာ။ မင်းသမီးတော့ ရှိတယ်။ မင်းသားပဲ လိုတော့တာ"
ကျိုးဖာက ယဲ့ချန်းကို တစ်ချက်ကြည့်ပြီးနောက် ခါးသက်သက်ပြုံးလိုက်သည်။
"တက္ကစီဒရိုင်ဘာအစ်ကိုရာ... ကျွန်တော်ကမှ ကံဆိုးမိုးမှောင်ကျနေပါတယ်ဆိုမှ လာမနောက်ပါနဲ့ဗျာ"
ကျိုးဖာ မယုံသည်မှာလည်း အံ့သြစရာမရှိပါချေ။ ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာ ဖြစ်လေရာ ရုပ်ရှင်တစ်ကားကို မည်သို့ ရင်းနှီးမြှုပ်နှံနိုင်မည်နည်း။
ယဲ့ချန်းက ဆို၏။
"ရုပ်ရှင်ရိုက်တယ်ဆိုတာ ကျွန်တော့်အတွက် ဝါသနာသက်သက်ပါ။ တကယ်တော့ ကျွန်တော်က လူကုံထံသူဌေးတစ်ယောက်လေ"
"ဘာ...လူကုံထံသူဌေးတဲ့လား"
ကျိုးဖာက ယဲ့ချန်းကို အပေါ်အောက်စုန်ချည်ဆန်ချည် အကဲခတ်လိုက်သည်။
ယဲ့ချန်း၏ လက်ကောက်ဝတ်ထက်ရှိ ပါတက်ခ်ဖီလစ်နာရီကို မြင်လိုက်ရသောအခါ ကျိုးဖာ၏မျက်လုံးများမှာ တန့်ခနဲဖြစ်သွားလေတော့သည်။
ယဲ့ချန်းက ကားကို မာရီးယော့ဟိုတယ်တွင် ရပ်လိုက်ပြီး ပြုံးစစဖြင့် ပြောလိုက်၏။
"အမှန်အတိုင်းပြောရရင် ဒီဟိုတယ်ကလည်း ကျွန်တော့်အပိုင်ပဲ"
ကျိုးဖာခမျာ ခဏမျှဆွံ့အသွားလေသည်။
သူ ယခုထိ မယုံနိုင်သေးပေ။
ထိုအချိန်တွင် ယဲ့ချန်းက ထပ်ပြောလိုက်ပြန်သည်။
"မယုံရင် ကျွန်တော်နဲ့အတူ ဟိုတယ်ဧည့်ခန်းထဲလိုက်ပြီး မေးကြည့်လို့ရတယ်"
ကျိုးဖာလည်း ခေါင်းညိတ်ပြပြီး ယဲ့ချန်းနောက်သို့ လိုက်သွားခဲ့သည်။
ဟိုတယ်အဝင်ဝသို့ ရောက်သည်နှင့် ဧည့်ကြိုမန်နေဂျာနှင့် ဧည့်ကြိုများက ယဲ့ချန်းကိုမြင်သည်နှင့် ခါးကို ကိုးဆယ်ဒီဂရီ ကိုင်းညွတ်လိုက်၏။
"မင်္ဂလာပါ သူဌေး"
ကျိုးဖာခမျာ ပါးစပ်အဟောင်းသားဖြစ်သွားလေတော့သည်။
ဤလူက အမှန်စင်စစ် လူကုံထံသူဌေးတစ်ယောက် ဖြစ်နေပေသည်။
ကျိုးဖာက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။
"ခင်ဗျားက ဒီလောက်ချမ်းသာနေတာကို ဘာလို့ တက္ကစီမောင်းနေရတာလဲ"
ယဲ့ချန်းက ခပ်ဖွဖွရယ်လိုက်သည်။
"ဘဝအတွေ့အကြုံယူချင်လို့ မောင်းတာပါ"
ကျိုးဖာခမျာ ဘာပြန်ပြောရမှန်းမသိအောင် ဆွံ့အသွားရပြန်သည်။
သူတို့နှစ်ယောက်သား ဟိုတယ်စားသောက်ဆိုင်တွင် ခဏမျှစကားပြောဖြစ်ကြသည်။
ယဲ့ချန်းက သူရိုက်ကူးမည့် ရုပ်ရှင်အကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်သည်။
သုန်းရှောင်ယာနှင့် အတူသရုပ်ဆောင်ရမည်ဟု ကြားလိုက်ရသောအခါ ကျိုးဖာခမျာ ဝမ်းသာလွန်း၍ ရူးမတတ်ပင်။
သုန်းရှောင်ယာက သူအကြိုက်ဆုံး မင်းသမီးများထဲမှ တစ်ယောက်ဖြစ်၏။
သုန်းရှောင်ယာနှင့်အတူ သရုပ်ဆောင်ခွင့်ရမည်ဟု သူ ဘယ်တုန်းကမှ အိပ်မက်မမက်ဖူးခဲ့ပေ။
ယဲ့ချန်းက ရယ်လိုက်၏။
"ကဲ... ဘယ်လိုလဲ။ သဘောတူလား"
ကျိုးဖာက ခေါင်းညိတ်ပြလိုက်သည်။
"အခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာယဲ့"
ယဲ့ချန်းက ဆို၏။
"ကောင်းပြီ။ မနက်ဖြန်ကျရင် 'အလင်းနှင့်အရိပ်'ရုပ်ရှင်ထုတ်လုပ်ရေးကို သွားပြီး စာချုပ်ချုပ်လိုက်တော့"
ကျိုးဖာလည်း အကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုရင်း ထွက်ခွာသွားသည်။
ယဲ့ချန်းလည်း ပြန်ရန် ထရပ်လိုက်ချိန်မှာပင် အနောက်က အသံတစ်သံ ရုတ်တရက်ထွက်လာသည်။
"ယဲ့ချန်း...မင်းလား"
လှည့်ကြည့်လိုက်သောအခါ မူလတန်းအတန်းဖော်ဖြစ်သူ ရွှီထျန်းကျယ်ဖြစ်နေကြောင်း သိလိုက်ရသဖြင့် ယဲ့ချန်း အံ့သြသွားရသည်။
ယခင်က ယဲ့ချန်းသည် အတန်းခေါင်းဆောင်ဖြစ်ပြီး ရွှီထျန်းကျယ်ကမူ အဖွဲ့ခေါင်းဆောင် ဖြစ်ခဲ့လေသည်။
အတန်းခေါင်းဆောင် ရွေးချယ်စဉ်က ရွှီထျန်းကျယ်သည် ယဲ့ချန်းကို ရှုံးနိမ့်သွားသဖြင့် တော်တော်ငိုကြွေးခဲ့ကြောင်း မှတ်မိနေသေးသည်။ မသင်္ကာစရာတစ်ခုခုရှိသည်ဟုပင် သူက ဇွတ်ငြင်းခဲ့သေးသည်။
သို့သော် မူလတန်းအတန်းဖော်များ ဖြစ်သည့်အားလျော်စွာ ယဲ့ချန်းက ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"ထျန်းကျယ်... ဒီနေရာမှာလာဆုံတာ တော်တော်တိုက်ဆိုင်တာပဲ"
ရွှီထျန်းကျယ်က ပြုံးဖြဲဖြဲဖြင့် ယဲ့ချန်းကို ဆွဲခေါ်သွားသည်။
"တွေ့တုန်းတွေ့ခိုက် အတူသောက်ကြရအောင်လေ"
ယဲ့ချန်းလည်း ခေါင်းညိတ်လျက် ပြောလိုက်၏။
"ရတာပေါ့"
နှစ်ယောက်သား ထိုင်မိသည်နှင့် ရွှီထျန်းကျယ်က ထမင်းစားရင်း အလွမ်းသယ်ရန် ခေါ်လာခြင်းမဟုတ်ဘဲ ကြွားချင်လွန်းသဖြင့် ခေါ်လာခြင်းဖြစ်ကြောင်း ယဲ့ချန်း ရိပ်မိလိုက်တော့သည်။
ထိုင်ချလိုက်သည်နှင့် ရွှီထျန်းကျယ်က သူ ဘယ်လောက်ဆင်းရဲကြောင်း စတင် ညည်းတွားတော့သည်။
"အား... ဘဝက တော်တော်ပင်ပန်းတာပဲကွာ။ ငါ့ကိုကြည့်ဦး။ တစ်လကို လစာ တစ်သန်းပဲရတယ်။ တစ်နှစ်မှ ၁၂သန်းတည်း။ မြေကွက်တိုင်းက ရွှေလောက် တန်ဖိုးကြီးနေတဲ့ မိုတုမြို့မှာ ငါ့ကိုယ်ငါဆင်းရဲသားတစ်ယောက်လို ခံစားရတယ်"
"တကယ်ပါကွာ... ငါက တော်တော်ဆင်းရဲတာပဲ။ ဘဝက ခက်ခဲလိုက်တာကွာ"
ရွှီထျန်းကျယ်က ပြောရင်းဆိုရင်း ဘီယာတစ်ငုံမော့လိုက်သည်။
ယဲ့ချန်း : "..."
ဤလူ၏ ကြွားဝါနိုင်စွမ်းက မဆိုးလှပေ။ ဆင်းရဲကြောင်း အရင်ညည်းပြပြီးမှ စကြွားခြင်းပင်။
ရွှီထျန်းကျယ်က ဆက်ပြောပြန်သည်။
"တကယ်တော့ ငါ့ဘဝက နေ့တိုင်း ခွေးတစ်ကောင်ထက်တောင် ပိုဆိုးနေသလို ခံစားရတယ်။ ဌာနခွဲမန်နေဂျာတစ်ယောက်အနေနဲ့ နေ့တိုင်း ကိုင်တွယ်နေရတဲ့ ကိစ္စတွေက အများကြီးပဲ။ လူတွေအများကြီးကို အုပ်ချုပ်နေရတာဆိုတော့ တော်တော်ပင်ပန်းတယ်"
ယဲ့ချန်းမှာမူ ဘာမှမပြောနိုင်တော့ပေ။ ရွှီထျန်းကျယ်က ဆင်းရဲသည်ဟု ညည်းနေသော်ငြား သူ့မျက်နှာကမူ အလွန်ကျေနပ်ဂုဏ်ယူနေဟန်ပင်။
ငယ်စဉ်က အတန်းခေါင်းဆောင်ရွေးပွဲတွင် ယဲ့ချန်းကို ရှုံးနိမ့်ခဲ့သည့်အဖြစ်မှာ သူ့ရင်ထဲတွင် လုံးဝဖျောက်ဖျက်၍မရနိုင်သော အမာရွတ်တစ်ခုနှယ် ဖြစ်နေခဲ့သည်။
ယခု ယဲ့ချန်းကို ပြန်တွေ့ရသောအခါ သူ အောင်မြင်နေကြောင်း မကြွားဘဲ နေနိုင်မည်လော။
ယဲ့ချန်းကို အပီအပြင်နှိပ်ကွပ်ရန်အတွက် သူသည် အကောင်းဆုံးနည်းလမ်းဖြစ်သည့် 'ဆင်းရဲချင်ယောင်ဆောင်၍ ကြွားဝါသည့်နည်းလမ်း'ကို ထုတ်သုံးလိုက်သည်။
ဤသို့နှယ် ဆင်းရဲချင်ယောင်ဆောင်သည့်နည်းလမ်းမှာ ရွှီထျန်းကျယ်အတွက် တစ်ခါမှမလွဲချော်ဖူးပေ။
အစပိုင်းတွင် သူသည် ဘယ်လောက်အထိ အဆင်မပြေကြောင်း အရင်ပြောလေ့ရှိသည်ဖြစ်ရာ လူများကလည်း သူ တကယ် ညည်းနေသည်ဟု ထင်သွားကြသည်။
သို့သော် သိပ်မကြာခင်မှာပင် သူသည် တကယ်ဆင်းရဲနေခြင်းမဟုတ်ပါဘဲ ကြွားနေကြောင်း သိသွားကြတော့သည်။
ရွှီထျန်းကျယ်က ဤသို့သော ခံစားချက်မျိုးကို အလွန်သဘောကျပြီး ဘယ်တော့မှလည်း ငြီးငွေ့မသွားချေ။
ယခု ယဲ့ချန်းနှင့် ပြန်တွေ့ချိန်တွင်မူ ယခင်က ခံပြင်းခဲ့ရသည့် အဖြစ်များကို အင်အားအဖြစ်ပြောင်းလဲပြီး ယဲ့ချန်းကို နှိပ်ကွပ်ရန် အပီအပြင်ကြွားတော့မည်ဟု ပြင်လိုက်သည်။
ရွှီထျန်းကျယ်က သက်ပြင်းချလျက် သူ့သော့တွဲကို စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။
ယဲ့ချန်းလည်း တစ်ချက်ကြည့်လိုက်လေရာ မာစီးတီးကားသော့များ ဖြစ်နေချေသည်။
ရွှီထျန်းကျယ်က ယဲ့ချန်းမမြင်မည်စိုးသဖြင့် ကားသော့များကို တမင်တကာ ဟိုယမ်းသည်ယမ်း လုပ်ပြနေသေးသည်။
"မင်းသိလား... အခုတလော ငါ တော်တော်စိတ်ညစ်နေတာ။ ငါ့သားကို နာမည်ကြီးမူလတန်းကျောင်းမှာ ထားပေးချင်လို့ ကျောင်းနားက အိမ်ကို ငါးသန်းကျော်ပေးပြီး ဝယ်လိုက်ရတယ်။ လတိုင်းလည်း အရစ်ကျစနစ်နဲ့ လေးထောင်ငါးထောင်လောက် ပေးနေရတာ။ အား... ငါ တော်တော်ဆင်းရဲတာပဲ"
"ဒီမာစီးတီးကိုပဲ ကြည့်လေ။ သွားရေးလာရေးအတွက်ပဲ မဟုတ်လား။ ဒါပေမဲ့ ငါ့မိန်းမက မရဘူး။ တစ်သန်းကျော်တန်မှ စီးမယ်ဆိုပြီး ဇွတ်ဝယ်ခိုင်းတာ။ အဲ့ဒါနဲ့ပဲ ရင်နာနာနဲ့ ဝယ်လိုက်ရတယ်"
"ဘဝက ခက်ခဲလိုက်တာကွာ။ တစ်နှစ်ကို သန်းချီရနေပေမဲ့ အေးအေးဆေးဆေး နေရမယ် ထင်ထားတာ။ အခုတော့ ကြည့်စမ်းပါဦး။ လတိုင်း အိမ်လခပေးရတယ်။ ကားထိန်းသိမ်းပြုပြင်ခတွေကလည်း ရှိသေးတယ်။ ကလေးကို ကျူရှင်ထားရတာနဲ့တင် ငါတော့ ဆင်းရဲပြီးသေတော့မယ်"
ရွှီထျန်းကျယ်က ထိုသို့ပြောရင်း တကယ်ဒုက္ခရောက်နေသည့် ပုံစံမျိုးပင် ဖမ်းလိုက်သေးသည်။
သူ့ဘဝက အမှန်စင်စစ် ဆင်းရဲဒုက္ခများဖြင့် ပြည့်နှက်နေသလိုမျိုးပင်။
ဟန်ကျပန်ကျဖြစ်သွားစေရန် သူသည် သောကများကိုအရည်ဖျော်ဖို့ ဘီယာကိုပင် တစ်ငုံသောက်ပြလိုက်သေးသည်။
ယဲ့ချန်းကမူ ဘာမှမပြောဘဲ သူ့ကြွားလုံးများကိုသာ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေလိုက်သည်။
"သြော်... ငါတို့အိမ်အကြောင်း ပြောရဦးမယ်။ ဝမ်တာ့အိမ်ရာကို သိတယ်မလား။ တစ်စတုရန်းမီတာကို ခုနစ်သောင်းရှစ်သောင်းလောက် ပေးရတာလေ။ ဥရောပစတိုင်ဘုရင့်နန်းတော်လို ဝန်ဆောင်မှုပေးမယ် ဥရောပဥယျာဉ်ပုံစံ လုပ်ပေးမယ်ဆိုပေမဲ့ ခြံနည်းနည်းကျယ်သွားရုံပဲ ရှိတာမဟုတ်လား။ ဒါပေမဲ့ ငါ့မိန်းမက သဘောကျတယ်ဆိုတော့လည်း ဝယ်လိုက်ရတာပေါ့"
ရွှီထျန်းကျယ်က ခါးသက်သက်မျက်နှာပေးဖြင့် ပြောလိုက်သည်။
ယဲ့ချန်းကတော့ စိတ်ထဲမှ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။ ကြွားဝါတတ်သူများကို အများကြီးတွေ့ဖူးသော်လည်း ဤလူကတော့ အမှတ်အပြည့် ပေးရပေမည်။ စင်စစ် ဟန်ဆောင်ကောင်းလွန်းလှသည်။
အကယ်၍ ကြွားဝါသည့်နေရာတွင် အဆင့်များသာရှိလျှင် ဤလူက "ဘုရင်"အဆင့်သို့ ရောက်နေမည်မှာ သေချာပေါက်ပင်။
"အဲဒီလောက်တောင် ခက်ခဲနေရင်လည်း ဘာလို့ ဈေးကြီးတဲ့အိမ်ကို ဝယ်ထားတာလဲ။ သာမန်အိမ်လေးတစ်လုံးပဲ ဝယ်လိုက်ပါ့လား"
ယဲ့ချန်းက တမင်တကာ မေးလိုက်သည်။
သူ မျှော်လင့်ထားသည့်အတိုင်း ရွှီထျန်းကျယ်၏ မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ပေါ်လာချေသည်။ သူသည် ယဲ့ချန်းထံမှ ဤကဲ့သို့သော တုံ့ပြန်မှုကို စောင့်နေခြင်းပင်။
"မတတ်နိုင်ဘူးလေကွာ... ကလေးက ကိုယ်ပိုင်ကျောင်းတက်နေတာဆိုတော့ အတန်းဖော်မိဘတွေက အကုန်ချမ်းသာကြတယ်။ ကိုယ့်ကလေးကို အစကတည်းက နောက်ကောက်မကျစေချင်တော့လည်း အားတင်းပြီး လုပ်လိုက်ရတာပေါ့"
သူ ကြွား၍မပြီးသေးခင်မှာပင် အမျိုးသမီးတစ်ယောက်က ခုနစ်နှစ်ရှစ်နှစ်အရွယ် ကလေးတစ်ယောက်ကို ခေါ်ပြီး သူတို့ထံသို့ လျှောက်လာချေသည်။
ရွှီထျန်းကျယ်က ပြုံးလိုက်၏။
"မိန်းမ... ဒါက ယဲ့ချန်းလေ။ မင်းကို ခဏခဏပြောပြဖူးတဲ့ မူလတန်းတုန်းက အတန်းခေါင်းဆောင်ပေါ့"
အိမ်တွင် ရွှီထျန်းကျယ်သည် ယဲ့ချန်းအကြောင်း မကောင်းပြောလေ့ရှိသည်။ ယဲ့ချန်းက မရိုးသားသည့်နည်းလမ်းများကိုသုံးပြီး အတန်းခေါင်းဆောင်နေရာကို လုယူသွားခြင်းဖြစ်သည်ဟု ပြောထားသဖြင့် သူ့ဇနီးသည်ကလည်း ယဲ့ချန်းအပေါ် အမြင်မကြည်လှပေ။
ထို့နောက် ရွှီထျန်းကျယ်က တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးလေသည်။
"ဒါနဲ့ ယဲ့ချန်း... မင်း အခု ဘာအလုပ်လုပ်နေတာလဲ"
ရွှီထျန်းကျယ်၏ မျက်လုံးများက မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပေသည်။
ယဲ့ချန်း၏ ဝတ်စားဆင်ယင်ပုံက ရိုးရှင်းလှသဖြင့် ယဲ့ချန်းသည် သူ့လောက် မအောင်မြင်နိုင်ဘူးဟု တွက်ဆထားသည်။
သူ ထင်ထားသည့်အတိုင်းပင် ယဲ့ချန်းက ပေါ့ပေါ့ပါးပါးဖြင့် ဆိုလာလေသည်။
"သြော်... ငါလား။ ငါက တက္ကစီမောင်းနေတာ"
ယဲ့ချန်းထံမှ တက္ကစီမောင်းနေသည်ဟူသော စကားကို ကြားလိုက်ရချိန်ဝယ် ရွှီထျန်းကျယ်ခမျာ သက်ပြင်းမောတစ်ချက်ချလိုက်သည်။ မျက်နှာထက်တွင်လည်း အလွန်ဝမ်းသာကျေနပ်နေသည့် အရိပ်အယောင်များ ပေါ်လာလေတော့သည်။
•••••••••••••••
အပိုင်း ၄၈၆ : မာနကြီးလွန်းသည့်ထိပ်တန်းမင်းသမီး
ရွှီထျန်းကျယ်က အံ့သြချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"ဟာ... တက္ကစီမောင်းနေတာလား။ မင်းက စာလည်းတော်ရဲ့သားနဲ့ ဘာလို့ တက္ကစီမောင်းနေတာလဲကွ"
ယဲ့ချန်းက တက္ကစီမောင်းနေသည်ဟု ကြားလိုက်ရချိန်တွင် ရွှီထျန်းကျယ်၏ ဇနီးမျက်နှာမှာ ချက်ချင်းပင် အထင်သေးလေဟန် အရိပ်အယောင်များ ဖုံးလွှမ်းသွားတော့သည်။ သူ(မ)က ယဲ့ချန်းကို နှုတ်ပင်မဆက်တော့ပေ။
"ဒါနဲ့ ယဲ့ချန်း... ဒီတစ်နပ်ကိုတော့ ငါပဲ ရှင်းလိုက်မယ်။ မင်း အကူအညီလိုရင်လည်း ပွင့်ပွင့်လင်းလင်းပြော"
ရွှီထျန်းကျယ်၏ဇနီးက ဘေးနားက ဝင်ပြောချေသည်။
"ရှင်ကတော့ ကြွားပြန်ပြီ။ အခုခေတ် အတန်းဖော်တွေပြန်ဆုံရင်လည်း ကိုယ့်စရိတ်ကိုယ်ရှင်းကြတာပဲမဟုတ်လား"
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။
"မလိုပါဘူး။ ဒီထမင်းဖိုးကို ငါ ရှင်းပြီးပါပြီ"
"ဘာ... ရှင်းပြီးပြီ ဟုတ်လား"
ရွှီထျန်းကျယ်မှာ အံ့အားသင့်သွားရသလို သူ့ဇနီး၏မျက်နှာထက်တွင်လည်း ဝမ်းသာရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
သို့သော် ရွှီထျန်းကျယ်ကတော့ အလွန်မကျေမနပ်ဖြစ်သွားပြီး ပြောလိုက်၏။
"ယဲ့ချန်း... မင်းက တက္ကစီမောင်းပြီး ခက်ခက်ခဲခဲရှာနေရတာကို ငါက ဘယ့်နှယ့်အလကားစားရမှာလဲ။ မဖြစ်ဘူး။ ဘယ်လောက်ကျလဲ။ ငါ ပြန်ပေးမယ်"
ယဲ့ချန်းက ခေါင်းခါပြပြီး ပြောလိုက်သည်။
"မလိုပါဘူး။ ငါက ဒီနေရာမှာ ပိုက်ဆံပေးစရာမလိုဘူး"
ပိုက်ဆံပေးစရာမလိုဘူး ဟုတ်လား။
ရွှီထျန်းကျယ် တစ်ချက်ကြောင်သွားသည်။ သို့သော် ယဲ့ချန်းက အားနာ၍ပြောသည်ဟုသာ ထင်လိုက်သည်။
"ပိုက်ဆံမပေးရဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းက ဒီဟိုတယ်ပိုင်ရှင်မှ မဟုတ်တာ"
ထိုစဉ် စားသောက်ဆိုင်မန်နေဂျာက အနားသို့ လျှောက်လာပြီး ရိုရိုသေသေဖြင့် ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့... ဘာများ ထပ်မှာချင်သေးလဲဗျ"
ယဲ့ချန်းကမူ ခေါင်းခါပြလိုက်သည်။
"မလိုတော့ဘူး။ အကုန်ပြီးပြီ"
ဥက္ကဋ္ဌယဲ့ ဟုတ်လား။
ရွှီထျန်းကျယ် : "..."
ရွှီထျန်းကျယ်၏ဇနီး : "..."
ဘာဥက္ကဋ္ဌယဲ့လဲ။
ရွှီထျန်းကျယ်ခမျာ လုံးဝကြောင်အသွားသည်။
ယဲ့ချန်းလည်း ခါးသက်သက် ပြုံးလိုက်မိသည်။ သူကတော့ သိုသိုသိပ်သိပ်နေချင်ပါသော်ငြား နောက်ဆုံးတော့ လူမိသွားခဲ့ပြီဖြစ်၏။
ထိုအချိန်တွင် စားသောက်ဆိုင်ဝန်ထမ်းများက တစ်ညီတစ်ညွတ်တည်း ဦးညွှတ်နှုတ်ဆက်လေသည်။
"ဥက္ကဋ္ဌယဲ့...ဂရုစိုက်ပြီးသွားပါ"
ယဲ့ချန်းကိုမြင်လိုက်ရသည့် လူများမှာ မှင်တက်သွားကြသည်။ အထူးသဖြင့် ချမ်းသာကြွယ်ဝသော အလှပဂေးလေးများမှာ ချောမောခန့်ညားသော ဟိုတယ်ပိုင်ရှင်ကို မြင်လိုက်ရသောကြောင့် မျက်ဝန်းများ ဝင်းလက်သွားသည်။
ယဲ့ချန်းကလည်း ရှက်ကိုးရှက်ကန်း ပြုံးပြပြီး ပြောလိုက်၏။
"အားလုံးပဲ မင်္ဂလာပါ။ ပင်ပန်းသွားကြပြီ"
ရွှီထျန်းကျယ်မှာမူ လုံးဝဆွံ့အသွားရသည်။
ဘုရားရေ... ယဲ့ချန်းက ဒီဟိုတယ်ရဲ့ ဥက္ကဋ္ဌကြီး ဖြစ်နေတာလား...
ရွှီထျန်းကျယ်၏မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားလေတော့သည်။ သူသည် ဘီလျံချီပြီး တန်ဖိုးရှိသော မာရီယော့ဟိုတယ်၏ ပိုင်ရှင်ရှေ့မှာမှ ကြွားလုံးထုတ်နေခဲ့မိသည် မဟုတ်လော။
ယဲ့ချန်းအတွက် တစ်သန်းဆိုသည်မှာ တစ်ဒေါ်လာလောက်ပင် တန်ဖိုးရှိမည်မဟုတ်ပေ။
ကောင်းလိုက်လေခြင်း။ ငယ်ဘဝတုန်းက အောက်ကျနောက်ကျဖြစ်ခဲ့တာကို ပြန်အနိုင်ယူပြီး ကြွားချင်ခဲ့မိတာ။ အခုတော့ မျက်နှာဖြတ်ရိုက်ခံလိုက်ရပြီ...
အစောက ယဲ့ချန်းကို အထင်သေးသလို ကြည့်နေခဲ့သော ရွှီထျန်းကျယ်၏ဇနီးလည်း စကားသံတစ်သံပင် မထွက်နိုင်တော့ပေ။
ဘုရားရေ... ယဲ့ချန်းက ဒီဟိုတယ်ရဲ့ပိုင်ရှင် ဖြစ်နေတာပဲ။ တော်တော်အထင်ကြီးချင်စရာ ကောင်းလိုက်တာ...
ရွှီထျန်းကျယ်မှာမူ အနိုင်ယူခံလိုက်ရသလိုပင်။ သူက ကိုယ့်ကိုယ်ကိုယ်တော်လှပြီဟု ထင်နေသော်လည်း သူ့အတန်းဖော်ကမူ သူ မျှော်ကြည့်ရုံသာတတ်နိုင်သော အဆင့်တစ်ခုသို့ ရောက်နေပြီမဟုတ်လော။
ရွှီထျန်းကျယ်၏ဇနီးက ဘေးနားက သရော်လာလေသည်။
"တွေ့လား။ ရှင်ပဲ ကြွားချင်တာလေ။ အခုတော့ ရှင်ကမှ တကယ့်ဆင်းရဲသားဆိုတာ သိပြီမလား"
ဇနီးဖြစ်သူ၏စကားကို ကြားလိုက်ရသောအခါ ရွှီထျန်းကျယ်မှာ ဒေါသပေါက်ကွဲလေတော့သည်။
"ငါက ဘာလို့ဆင်းရဲရမှာလဲ။ မင်းကို တံဆိပ်အကောင်းစားတွေ ဝတ်ခိုင်းတယ်။ အိတ်အကောင်းစားတွေ ကိုင်ခိုင်းတယ်။ သားအတွက်လည်း ကျောင်းနားမှာ အိမ်ဝယ်ပေးထားတာကို မင်းက ငါ့ကိုများ ဆင်းရဲသားလို့ ပြောရက်တယ်ပေါ့လေ"
ရွှီထျန်းကျယ်၏ဇနီးက နှာခေါင်းရှုံ့လိုက်သည်။
"အဲ့ဒါက ဘယ်သူနဲ့ယှဉ်လဲဆိုတဲ့အပေါ် မူတည်သေးတာပေါ့။ သူ့ကိုကြည့်လေ... ဟိုတယ်တစ်ခုလုံး ပိုင်ထားတာတောင် ဘယ်လောက်သိုသိပ်လိုက်သလဲ။ ရှင်ကတော့ ရတဲ့ပိုက်ဆံလေးနည်းနည်းကို ဟိုနားဒီနား လျှောက်ကြွားနေတာ။ သူများနဲ့ လိုက်ယှဉ်နေတယ်လေ။ အခုတော့ အရှက်ကွဲပြီမလား။ ရှင် ဘယ်လောက် ဆင်းရဲလဲဆိုတာ အခု မြင်လောက်ရောပေါ့"
ထိုအချိန်တွင် လူအများအပြား စုရုံးလာကြပြီး လင်မယားနှစ်ယောက် ရန်ဖြစ်နေသည့်မြင်ကွင်းကို လက်ညှိုးတထိုးထိုးဖြင့် အတင်းတုတ်နေကြသည်။
ရွှီထျန်းကျယ်မှာ သိက္ခာမဆည်နိုင်တော့ဘဲ သူ့ဇနီးကို ပါးတစ်ချက် ရိုက်ချလိုက်သည်။
"မင်းလို အသုံးအဖြုန်းကြီးတဲ့ မိန်းမက အမြဲ ဒီဇိုင်နာအဝတ်အစားအကောင်းစားတွေ ဝတ်ဖို့နဲ့ သူများနဲ့ယှဉ်ဖို့ပဲ စဉ်းစားနေတာ။ ငါ့မှာတော့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတာကို မင်းက ငါ့ကို ဆင်းရဲတယ်လို့ လာပြောနေတယ်ပေါ့"
"ရှင်က အစကတည်းက ဆင်းရဲသားပဲလေ။ လျှောက်ကြွားနေတာလည်း ကျွန်မပြောတာ မဟုတ်လို့လား"
ပါးရိုက်ခံလိုက်ရသဖြင့် ရွှီထျန်းကျယ်၏ ဇနီးကလည်း ရူးခါသွားပြီး ရွှီထျန်းကျယ်ကို အော်ဟစ်ဆဲဆိုတော့သည်။
ယဲ့ချန်းမှာမူ ဘေးနားမှာနေရင်း နေရခက်သွားသဖြင့် ဤသို့သာ ပြောလိုက်ရတော့သည်။
"ထျန်းကျယ်... မင်းတို့လင်မယားချင်းပဲ ရှင်းကြတော့ကွာ။ ငါ အရင်သွားနှင့်ပြီ"
သူလည်း ထွက်လာရင်း ခေါင်းခါယမ်းလိုက်မိသည်။
"ဟား... သိုသိုသိပ်သိပ်နေတာက အကောင်းဆုံးပဲ"
ယဲ့ချန်းက သူ့တက္ကစီကို "အလင်းနှင့်အရိပ်"ရုပ်ရှင်ထုတ်လုပ်ရေးသို့ မောင်းလာခဲ့သည်။
ကုမ္ပဏီနားသို့ ရောက်ခါနီးတွင် ဘီအမ်ဒဗလျူပြိုင်ကားတစ်စီးက လမ်းကြားထဲက ရုတ်တရက်ဖြတ်မောင်းလာသည်။ ယဲ့ချန်းလည်း ရှောင်ချိန်မရလိုက်သဖြင့် ကားနှစ်စီး တိုက်မိသွားတော့သည်။
ဆံပင်ခပ်ရှည်ရှည်နှင့် အလှပဂေးတစ်ယောက်က မောက်မာလှသော မျက်နှာထားဖြင့် ဘီအမ်ဒဗလျူပေါ်မှ ဆင်းလာလေသည်။
"တက္ကစီဒရိုင်ဘာ.. ရှင် ဘယ်လိုမောင်းနေတာလဲ"
ယဲ့ချန်းက ဆို၏။
"ကျွန်တော်က ပုံမှန်အတိုင်း မောင်းလာတာ။ ခင်ဗျားကမှ ရုတ်တရက် လမ်းပြောင်းလိုက်တာလေ။ ဒါက ခင်ဗျားအမှား မဟုတ်ဘူးလား"
"ကျွန်မကလမ်းပြောင်းတယ် ဟုတ်လား။ ဒါက 'အလင်းနှင့်အရိပ်'ရုပ်ရှင်ထုတ်လုပ်ရေးဆိုတာ ရှင်သိလား။ ရှင့်လိုကားစုတ်ကို ဘယ်သူက အထဲပေးဝင်တာလဲ"
ယဲ့ချန်းမှာ စိတ်တိုသွားလေသည်။
"ခင်ဗျားဟာလည်း ကားပဲ။ ကျွန်တော့်ဟာလည်း ကားပဲလေ။ ဘာလို့ ဝင်လို့မရရမှာလဲ"
ထိုအမျိုးသမီးက မာနတစ်ခွဲသားဖြင့် ဆိုလိုက်သည်။
"မှန်ပါတယ်။ နှစ်စီးလုံးက ကားတွေပါပဲ။ ဒါပေမဲ့ ကျွန်မကားက ဘီအမ်ဒဗလျူ။ ရှင့်ကားက ကျီလိကားအစုတ်လေ။ ရှင့်မှာ ပိုက်ဆံတစ်သိန်းရော ရှိရဲ့လား"
ထိုအခိုက်ဝယ် လုံခြုံရေးဝန်ထမ်းတစ်ယောက် ရောက်လာလေသည်။ ထိုအမျိုးသမီးကို မြင်သောအခါ လုံခြုံရေးဝန်ထမ်းက တရိုတသေနှုတ်ဆက်လိုက်၏။
"မိန်းကလေးဝေ့... ရောက်လာပြီလား"
စွန်းဝေ့က နှာခေါင်းရှုံ့လိုက်လေသည်။
"ရှင်တို့ တံခါးကို ဘယ်လိုစောင့်နေတာလဲ။ ဒီလိုကားစုတ်ကို ဘာလို့ အထဲပေးဝင်တာလဲ"
"ဒါက..."
လုံခြုံရေးဝန်ထမ်းကလည်း ယဲ့ချန်းကို တစ်ချက်ကြည့်ပြီး မျက်နှာထားတင်းမာသွားသည်။
"အပြင်မှာ ဆိုင်းဘုတ်မတွေ့ဘူးလား။ ကုမ္ပဏီကားတွေပဲ ဝင်ရမှာလေ။ မင်းကို ဘယ်သူက ဝင်ခိုင်းလို့လဲ"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်၏။
"ကျွန်တော်ကလည်း ကုမ္ပဏီကလူပဲ။ သူက ရုတ်တရက်ကြီး လမ်းပြောင်းလိုက်လို့ တိုက်မိကုန်တာ။ ရဲခေါ်ရင်တောင် ကျွန်တော့်ဘက်က အမှန်ပဲ မဟုတ်ဘူးလား"
ထိုအမျိုးသမီးက ယဲ့ချန်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။
"သူ့အချိုးကို ကြည့်ဦး"
လုံခြုံရေးဝန်ထမ်းက ကားနှစ်စီးလုံးကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
"သိပ်တော့ မပျက်စီးပါဘူး။ မိန်းကလေးဝေ့ကို တောင်းပန်လိုက်ပါ့လား"
"မရဘူး။ သူ ငါ့ကို လျော်ရမယ်။ ပိုက်ဆံနဲ့ မလျော်နိုင်ရင် ငါ့ရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ရမယ်။ ဒါဆိုရင်တော့ ငါ ခွင့်လွှတ်ပေးလိုက်မယ်"
ယဲ့ချန်းကတော့ မရယ်ဘဲ မနေနိုင်တော့ပေ။
ဒီမိန်းမတော့ သူခိုးကလူပြန်ဟစ်နေတာပဲ...
သူ(မ)ကိုယ်တိုင်က လမ်းပြောင်းလိုက်သဖြင့် တိုက်မိခြင်းကို ဒူးထောက်၍တောင်းပန်ခိုင်းသည်မှာ လွန်လွန်းလှသည်။
ယဲ့ချန်းက အေးစက်မာကျောစွာ ဆိုလိုက်သည်။
"ဒါဆို ရဲခေါ်လိုက်ကြတာပေါ့"
"ရဲခေါ်မယ် ဟုတ်လား။ ဒါက အများသုံးလမ်းမှ မဟုတ်တာ။ ကုမ္ပဏီဝင်းထဲက လမ်းလေ။ ရဲက ဒါမျိုးတွေကို ဂရုစိုက်မယ် များထင်နေလား"
လုံခြုံရေးဝန်ထမ်းက တီးတိုးဆိုလိုက်၏။
"ညီလေး... မိန်းကလေးဝေ့က ဒီကုမ္ပဏီရဲ့ နာမည်ကြီးမင်းသမီးကွ။ သူ့ကို သွားစော်ကားမိရင် မင်း ကုမ္ပဏီမှာ အနေကျပ်လိမ့်မယ်"
ယဲ့ချန်းက နှာခေါင်းရှုံ့လိုက်၏။
"တကယ်လား... ကုမ္ပဏီမှာ ဘယ်သူက တကယ်အနေကျပ်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
ထိုစဉ် ယဲ့ချန်း၏ဖုန်းက အသံမြည်လာသည်။ ခေါ်ဆိုသူမှာ "အလင်းနှင့်အရိပ်"ကုမ္ပဏီ၏ ဥက္ကဋ္ဌလီယောင်ပင်။
"မစ္စတာယဲ့... ကုမ္ပဏီကို ရောက်ပြီလားဗျ"
ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်၏။
"မရောက်သေးဘူး။ အောက်မှာ ကားတိုက်မှုဖြစ်လို့။ ကုမ္ပဏီက နာမည်ကြီးမင်းသမီးက ကျွန်တော့်ကို ဒူးထောက်တောင်းပန်မှ ခွင့်လွှတ်ပေးမယ်တဲ့"
"ဘာ"
လီယောင်၏ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားသည်။
စီးပွားရေးအခြေအနေ မကောင်းသဖြင့် ကုမ္ပဏီမှာ ဒေဝါလီခံရမည့် အခြေအနေသို့ ဆိုက်ရောက်ခဲ့ရသည်။
ထိုအချိန်မှာပင် ရင်းနှီးမြှုပ်နှံသူတစ်ဦးက ကုမ္ပဏီကိုဝယ်ယူရန် ကမ်းလှမ်းလာခဲ့သည်ဖြစ်ရာ ယဲ့ချန်းမှာ သူတို့ကုမ္ပဏီအတွက် တစ်ဦးတည်းသော ကယ်တင်ရှင်ဖြစ်သည်။
ကုမ္ပဏီ၏ နာမည်ကြီးမင်းသမီးမှာ စွန်းဝေ့ဖြစ်ကြောင်း လီယောင်သိသည်။
စွန်းဝေ့သည် ဇာတ်လမ်းတွဲအချို့တွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကုမ္ပဏီက အသေအလဲ ပရိုမိုးရှင်းလုပ်ပေးထားသည့် ဒုတိယတန်းစားမင်းသမီးတစ်လက် ဖြစ်သည်။
ကံဆိုးသည်မှာ သူ(မ)သည် လှပသော်ငြား သရုပ်ဆောင်ပိုင်းတွင် အားနည်းနေခြင်းပင်။ ထို့ကြောင့် ကုမ္ပဏီက အများကြီးရင်းနှီးမြှုပ်နှံခဲ့သော်လည်း သူ(မ)ကတော့ နာမည်ကြီးမလာခဲ့ပေ။
လီယောင်ခမျာ အောက်သို့ အပြေးအလွှား ဆင်းလာခဲ့လိုက်သည်။ ထိုနေရာတွင် စွန်းဝေ့က အလျှော့မပေးသေးကြောင်း တွေ့လိုက်ရသည်။
"ဒီမှာ... ရှင် ဒီနေ့ ဒူးထောက်မတောင်းပန်ရင် 'အလင်းနှင့်အရိပ်'ကုမ္ပဏီကနေ ကန်ထုတ်ခံရစေမယ်လို့ အာမခံတယ်"
ယဲ့ချန်းကမူ နှာခေါင်းရှုံ့လိုက်သည်။
"ဟုတ်လား။ တစ်ယောက်ယောက်တော့ ကုမ္ပဏီက ထွက်သွားရမယ်လို့ ငါလည်းထင်တယ်။ ဒါပေမဲ့ အဲ့ဒါ ငါမဟုတ်ဘဲ မင်းဖြစ်လိမ့်မယ်နော်"