← Chapters

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အခန်း (၄၉၀-၄၉၂)

Vol. 33 Ch. 490-492

အပိုင်း ၄၉၀ : အစ်ကိုတုဟောင်ကို အပြတ်အသတ်ချေမှုန်းခြင်း

အစ်ကိုတုဟောင်က စိတ်ထဲမှာတော့ နောင်တရနေသော်ငြား ကြွားလုံးထုတ်ပြီးသွားပြီဖြစ်ရာ နောက်ဆုတ်၍ မရတော့ပေ။

အစ်ကိုတုဟောင်ကို ဒေါသထွက်စေသည့် အရာမှာ ပရိသတ်များပင်။

သူတို့က အစောပိုင်းကပင် သူ့ဘက်မှာ ရှိနေခဲ့ကြပြီး ယခုမူ အားလုံးက သူ့ကို ဆန့်ကျင်နေကြပြန်သည်။

သူ့ကို အားမပေးသည့်အပြင် သူ့တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာပင် လာစော်ကားနေကြသေးသည်။

လေယူရာယိမ်းတတ်တဲ့ ဒီသာကူးတစ်သိုက်ကတော့...

အစ်ကိုတုဟောင်လည်း အံတင်းတင်းကြိတ်၍ ယဲ့ချန်းကို ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်းမှာ ပိုက်ဆံအများကြီး မရှိလောက်ဘူးဟုလည်း သူ တစ်ဖက်က မျှော်လင့်ထားသေးသည်။

ထို့ကြောင့် အစ်ကိုတုဟောင်က အံတင်းတင်းကြိတ်ရင်း ပြောလိုက်သည်။

"ဒီနေ့ ဘယ်သူက လက်ဆောင်ပိုပေးနိုင်လဲဆိုတာ ကြည့်ရဲလား။ ရှုံးတဲ့လူက ဒီနေ့ကစပြီး သို့ယွီကနေ ထွက်သွားရမယ်"

"ကောင်းပြီလေ"

အစ်ကိုတုဟောင်က စာအရှည်ကြီးရိုက်ပို့လိုက်သော်လည်း ယဲ့ချန်းကတော့ စကားတစ်ခွန်းတည်းဖြင့် ပြန်ဖြေလိုက်သည်။

သေစမ်း... ဒီကောင်က ငါ့ကို ဒီလောက်တောင် အထင်သေးရဲတယ်ပေါ့

ယဲ့ချန်း၏ အထင်သေးလေဟန် အမူအရာကို မြင်လိုက်ရသောအခါ အစ်ကိုတုဟောင်လည်း ဒေါသထောင်းခနဲ ထွက်သွားတော့သည်။

ယဲ့ချန်းရှေ့မှာ ရပ်နေရချိန်တွင် သူသည် ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ကို ရင်ဆိုင်နေရသည့် သူဋ္ဌေးပေါက်စတစ်ယောက်နှယ် ခံစားလိုက်ရသည်။

သို့သော် လက်လျှော့ရန် ဆန္ဒမရှိပါချေ။

ထို့ကြောင့် ယဲ့ချန်းကို အနိုင်ယူပြီး သူ့ခြေဖဝါးအောက်တွင် နင်းခြေပစ်ရမည်။

ထိုအချိန်မှာပင် ဖန်သားပြင်ပေါ်တွင် ကြေညာချက်တစ်ခု ထပ်တက်လာကြောင်း အစ်ကိုတုဟောင် မြင်လိုက်ရသည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက စုရှောင်မေ့ကို ဒုံးပျံအစင်းတစ်ထောင် လက်ဆောင်ပေးလိုက်ပါတယ်"

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက စုရှောင်မေ့ကို ဒုံးပျံအစင်းတစ်ထောင် လက်ဆောင်ပေးလိုက်ပါတယ်"

...

ချက်ချင်းဆိုသလိုပင် သို့ယွီ၏ဖန်သားပြင်ထက်ဝယ် ပွက်လောရိုက်သွားတော့သည်။

ဤတစ်ခေါက်တော့ ယဲ့ချန်းက ဒုံးပျံနှစ်ထောင်ကို တန်းပေးလိုက်သည်။

စကားပြောခန်းတစ်ခုလုံးတွင် ယဲ့ချန်း ဒုံးပျံပို့ပေးသော မက်ဆေ့ချ်များဖြင့် ပြည့်နှက်သွား၏။

တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ဒုံးပျံအစင်းနှစ်ထောင်ကို ပို့ပေးသည်အထိ သတ္တိရှိလိမ့်မည်ဟု ဘယ်သူမှ မထင်ထားကြပေ။

ဤအဖြစ်အပျက်ကြောင့် သို့ယွီပလက်ဖောင်းတစ်ခုလုံး တုန်လှုပ်သွားသည်။

ဒုံးပျံအစင်းနှစ်ထောင်ဆိုသည်မှာ တစ်သန်းပင်။

ယဲ့ချန်းက ငွေတစ်သန်းကို ပေးလိုက်ခြင်းသာ။

ဆက်တိုက်ကြွားလုံးထုတ်နေသော အစ်ကိုတုဟောင်နှင့်မတူပါဘဲ ယဲ့ချန်းကတော့ လက်တွေ့လုပ်ရပ်နှင့် တုံ့ပြန်လိုက်သောကြောင့် ပိုမောက်မာပြီး အာဏာပြရာရောက်သွားသည်။

ဒုံးပျံအစင်းနှစ်ထောင်က လူတိုင်းကို အံ့အားသင့်သွားစေသည်။

အင်တာနက်အသုံးပြုသူများကလည်း စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ အရူးအမူး ဝင်ရောက်လာကြပြီး ထိုသူဌေးကြီးကို အရိုအသေပေးချင်နေကြသည်။

စုရှောင်မေ့၏ ကြည့်ရှုနှုန်းကလည်း "နှလုံးသားထဲတွင် ကခုန်သူ"ကို တစ်ဖန်ကျော်တက်သွားပြီး ထိပ်ဆုံးနေရာကို ရယူလိုက်သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးကတော့ သြချလောက်ပါပေတယ်"

"ဟားဟား... တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ဘယ်သူစိန်ခေါ်ရဲသေးလဲ။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင်လုပ်ရတာကို သဘောကျနေကြတယ်ပေါ့"

"အစ်ကိုတုဟောင် ဘယ်ရောက်သွားတာလဲ။ ဘာလို့ ဆက်မကြွားတော့တာလဲ"

"ဒူးထောက်လိုက်တော့။ ဒုံးပျံအစင်းနှစ်ထောင်တဲ့။ ရူးချင်စရာကောင်းလောက်အောင် မိုက်တယ်"

"ဒုံးပျံတစ်စင်းပေးနိုင်ရင် သူဋ္ဌေးဖြစ်ပြီလို့ ထင်ထားတာ။ အခုမှ ငါက တကယ့်အရှုံးသမားဆိုတာ သိတော့တယ်"

...

"အစ်ကိုတုဟောင် ဘယ်မှာလဲ။ ဘယ်ရောက်သွားပြီလဲ"

"အစ်ကိုတုဟောင် ကြောက်ဒူးတုန်နေပြီထင်တယ်"

"ဟားဟား... အစ်ကိုတုဟောင်က ​ကြောက်လို့ ပြေးပြီဟေ့"

"နှလုံးသားထဲမှာ ကခုန်သူ"သည် စောစောကပင် မြောက်ကြွမြောက်ကြွဖြစ်နေခဲ့သည်။ ယခုမူ သူ(မ)၏ကြည့်ရှုနှုန်းက တစ်ဟုန်ထိုး ထိုးကျသွားကြောင်း သနားစဖွယ်ကောင်းအောင် တွေ့လိုက်ရသည်။

စနစ်၏ကြေညာချက်က တစ်ဖန်ပေါ်လာပြန်သည်။

"အဆင့်၂၁ကို တက်လှမ်းသွားတဲ့အတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီး ဂုဏ်ပြုပါတယ်"

"အဆင့်၂၂ကို တက်လှမ်းသွားတဲ့အတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီး ဂုဏ်ပြုပါတယ်"

...

"အဆင့်၃၀ကို တက်လှမ်းသွားတဲ့အတွက် တက္ကစီဒရိုင်ဘာအစ်ကိုကြီး ဂုဏ်ပြုပါတယ်"

တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး ယဲ့ချန်း၏သုံးစွဲနိုင်စွမ်းကြောင့် အံ့အားသင့်ကုန်ကြသည်။

ယဲ့ချန်းမှာ သို့ယွီပလက်ဖောင်းတစ်ခုလုံးတွင် အခမ်းနားဆုံး သူဋ္ဌေးကြီးဖြစ်လာခဲ့သည်။

ထိုအချိန်တွင် တစ်ဖက်မှာမူ အစ်ကိုတုဟောင်ခမျာ အံတင်းတင်းကြိတ်ထားလေသည်။

အထူးသဖြင့် အင်တာနက်အသုံးပြုသူများ၏ လှောင်ပြောင်သရော်လေဟန် မှတ်ချက်များက သူ့ကို ဆက်တိုက်ထိုးနှက်နေသည်။

သူလည်း အံတင်းတင်းကြိတ်ပြီး ရှိသမျှ နှစ်သန်းလုံးကို ပုံအောလိုက်သည်။

တစ်ပြိုင်တည်းမှာပင် ဒုံးပျံအစင်းလေးထောင်ကို ပို့ပေးလိုက်သည်။

ဒုံးပျံအစင်းလေးထောင်ကြောင့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် တုန်လှုပ်သွားကြပြန်သည်။

"သေစမ်း။ အစ်ကိုတုဟောင်က မိုက်ချက်"

"မယုံနိုင်စရာပဲ။ ဒုံးပျံအစင်းလေးထောင်တဲ့... ဝိုး"

"ဒါကမှ မိုက်တာ။ တကယ့်ကြွယ်ဝချမ်းသာခြင်းနတ်ဘုရားပဲ"

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက ဘာလို့ ဘာမှမပြောတော့တာလဲ"

"ကြောက်သွားတာနေမှာပေါ့။ တကယ့်လူကုံထံအစစနဲ့ မကြုံဖူးတော့ ဟန်လုပ်နေတာလေ။ အခု တကယ့်လူနဲ့ ရင်ဆိုင်လိုက်ရတော့ ဘာလုပ်ရမှန်းမသိဖြစ်သွားပြီ"

"ဟုတ်တယ်။ တစ်ခါတည်းနဲ့ နှစ်သန်းလောက် သုံးဖို့ဆိုတာ လူတိုင်းတတ်နိုင်တဲ့အရာမှ မဟုတ်တာ"

...

ထိုအချိန်မှာမူ အင်တာနက်အသုံးပြုသူများက လေယူရာယိမ်းသွားကြပြန်သည်။

သူတို့သည် ပွဲကြည့်ရုံသက်သက်သာ။ ဘယ်သူက ပိုအင်အားကြီးလဲဆိုသည်ကိုသာ ကြည့်ပြီး ဘာစည်းဘောင်မှမရှိဘဲ ပြောဆိုနေကြခြင်းပင်။

အွန်လိုင်းပေါ်ရှိ မှတ်ချက်များကို မြင်သောအခါ အစ်ကိုတုဟောင် မာန်တက်သွားသည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... မင်းက ဆင်းရဲသားတက္ကစီသမားအဆင့်ပါကွာ။ ငါ့ရှေ့လာပြီး ဟန်ရေးပြဖို့ဆိုရင် မင်း အဝေးကြီးလိုသေးတယ်။ သတ္တိရှိရင် လက်ဆောင်ဆက်ပေးကြည့်လေ"

"ကျွန်မရဲ့အစ်ကိုတုဟောင်က အကောင်းဆုံးပဲ။ အများကြီးချစ်တယ်နော်"

"နှလုံးသားထဲတွင် ကခုန်သူ"က ဘေးနားမှ ဝင်ထောက်ခံသည်။

ဤလူက သူ့ကို နှစ်သန်းတန်လက်ဆောင် ပေးထားသည်ဖြစ်ရာ ယခုအချိန်တွင် သူ့ကို ဖားထားရပေမည်။

ယဲ့ချန်းဘက်က အချိန်အတော်ကြာအောင် တိတ်ဆိတ်နေသည်ကိုမြင်သော် အစ်ကိုတုဟောင်လည်း ယဲ့ချန်း ကြောက်သွားပြီဟု ယုံကြည်သွားပြီး ပို၍ပင်မောက်မာလာတော့သည်။

"ဟားဟား... စောစောက မောက်မာမှုတွေ ဘယ်ရောက်သွားပြီလဲ။ မင်းတော့ သွားပြီ။ ငါ့ရှေ့လာပြီး ကြွားချင်နေတာပေါ့။ ငါ မင်းကို မိနစ်ပိုင်းအတွင်း သင်ခန်းစာပေးပြမယ်။ အား... ပြိုင်ဘက်ကင်းတဲ့ အထီးကျန်မှုပါလား။ ငါ့ဆီမှာ နောက်ထပ်ဒုံးပျံတစ်သောင်းတောင် ကျန်သေးတယ်။ လာစမ်းပါ"

ထိုစဉ်မှာပင် ဖန်သားပြင်ပေါ်တွင် မက်ဆေ့ချ်တစ်စောင် ရုတ်တရက်ထပ်ပေါ်လာပြန်သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက စုရှောင်မေ့ကို ဒုံးပျံအစင်းတစ်သောင်း ပို့ပေးလိုက်ပါတယ်"

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူအားလုံး အံ့အားသင့်မှင်တက်သွားကြသည်။

ဘုရားရေ... ငါ အခု ဘာမြင်လိုက်ရတာလဲ။

ဒုံးပျံအစင်းတစ်သောင်းတဲ့။

ဒါတော့ လွန်လွန်းသွားပြီ။

စနစ်မှာ အမှားအယွင်းတစ်ခုခုဖြစ်နေခြင်းပင် ဖြစ်ရမည်။

ဘုရားရေ... ဘယ်လိုလုပ်ပြီး ဒုံးပျံအစင်းတစ်သောင်း ဖြစ်နိုင်မှာလဲ။

အစောကမှ ကြွားလုံးထုတ်နေသော အစ်ကိုတုဟောင်ခမျာ ချက်ချင်း ဆွံ့အသွားသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မကြာသေးခင်ကမှ မြောက်ကြွမြောက်ကြွ ဖြစ်နေသော "နှလုံးသားထဲတွင် ကခုန်သူ" လည်း အံ့အားသင့်သွားချေသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဤဒုံးပျံတစ်သောင်းကြောင့် စနစ်ပင် ကြောင်သွားသေးသည်။

သိကြသည့်အတိုင်း သို့ယွီပလက်ဖောင်းကို စတင်တည်ထောင်ကတည်းက ဒုံးပျံတစ်သောင်းကို တစ်ပြိုင်တည်းပို့ဖူးခြင်းမျိုး တစ်ခါမှမရှိခဲ့ဖူးပေ။။

ဤပမာဏက ငါးသန်းနှင့် ညီမျှပေသည်။

တိုက်ရိုက်ထုတ်လွှင့်သူတစ်ယောက်ကို လူတစ်ယောက်က ငွေငါးသန်း လက်ဆောင်ပေးလိုက်ချေသည်။

ထိုအချိန်မှာတော့ အစ်ကိုတုဟောင်လည်း လုံးဝဆွံ့အသွားရလေပြီ။

အထူးသဖြင့် သူ လေလုံးထွားပြီးခါစမှာပင် တစ်ဖက်လူက ဒုံးပျံအစင်းတစ်သောင်းကို ပို့လိုက်သည်။

အစ်ကိုတုဟောင် အကြောင်သားဖြစ်နေချိန်မှာပင် စနစ်၏ ဖန်သားပြင်ထက်တွင် ကြေညာချက်တစ်ခု ထပ်တက်လာပြန်သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးက စုရှောင်မေ့ကို ဒုံးပျံအစင်းတစ်သောင်း ပို့လိုက်ပါတယ်"

နောက်ထပ်ဒုံးပျံအစင်းတစ်သောင်း။

သို့ယွီပလက်ဖောင်းတစ်ခုလုံး အကြီးအကျယ် တုန်လှုပ်သွားတော့သည်။

ဘယ်လိုသူဋ္ဌေးကများ ယဲ့ချန်းရှေ့မှာ အမှိုက်သာသာ ဖြစ်သွားရလေသလဲ။

ယဲ့ချန်း၏ အကောင့်အဆင့်ကလည်း အဆင့်၄၀သို့ တက်လှမ်းသွားပြီး သို့ယွီကွန်ရက်ပေါ်တွင် ထင်ရှားကျော်ကြားသော သူဋ္ဌေးတစ်ယောက် ဖြစ်လာခဲ့သည်။

ထိုအချိန်မှာမူ အစ်ကိုတုဟောင်၏ မျက်နှာတစ်ခုလုံး ဖြူလျော့သွားလေပြီ။

ယဲ့ချန်း၏ ဒုံးပျံအစင်းနှစ်သောင်းကို ကြည့်ရင်း သူ လုံးဝကြောင်အသွားသည်။

ယခုမူ သူ့အကောင့်ထဲမှာ နှစ်သိန်းသာ ကျန်တော့သည်။

သူ့အနေနှင့် အကုန်လုံးကို လက်ဆောင်ပေးလိုက်လျှင်ပင် ယဲ့ချန်း၏ ဒုံးပျံအစင်းနှစ်သောင်းရှေ့မှာ ရေလှိုင်းလေးတစ်ခုမျှပင် တန်ဖိုးရှိမည်မဟုတ်ချေ။

ဤရိုက်ချက်ကား မယုံနိုင်လောက်အောင် နာကျင်ရသည်။

အဆိုးဆုံးကတော့ သူကိုယ်တိုင် ကြွားဝါမိပြီး ကိုယ့်ကိုယ်ကိုယ်အရှက်ကွဲအောင် လုပ်ခဲ့မိခြင်းပင်။

ယခုမူ သူနှင့် ကြွယ်ဝခြင်းနတ်ဘုရား ယဲ့ချန်းကြားရှိ ကွာဟချက်ကို သဘောပေါက်သွားချေပြီ။

ယဲ့ချန်းက သူ့ကို လက်ဖျောက်တစ်ချက်စာမျှဖြင့် ချေမှုန်းပစ်နိုင်သည်။

အင်တာနက်အသုံးပြုသူများကလည်း ယဲ့ချန်းဘက်ကို ပါသွားကြပြန်သည်။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီးကို ဦးညွှတ်လိုက်ကြ"

"ကြွယ်ဝခြင်းနတ်ဘုရားဆိုတာ ဘာမှန်း ငါ နောက်ဆုံးတော့ နားလည်သွားပြီ"

"အရမ်းမိုက်တာပဲ။ အထင်ကြီးသွားပြီ"

"ဆယ်သန်းကြီးတောင်နော်။ အရမ်းအင်အားကြီးလွန်းတယ်"

"အစ်ကိုတုဟောင် ဘယ်ရောက်သွားတာလဲ။ ဒုံးပျံအစင်းတစ်သောင်းရှိသေးတယ်ဆို။ ဆက်သွားလေ"

"အခုကျတော့ ဘာလို့တိတ်သွားတာလဲ"

အင်တာနက်အသုံးပြုသူများ၏ လှောင်ပြောင်သရော်စကားများကို ကြည့်ရင်း အစ်ကိုတုဟောင်ခမျာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူဖျော့လာသည်။

သို့သော် ထိုအချိန်မှာပင် "နှလုံးသားထဲတွင် ကခုန်သူ"က ဆိုလာလေသည်။

"အစ်ကိုတုဟောင် သူ့ကို ဆက်ရင်ဆိုင်လိုက်။ နောက်မဆုတ်နဲ့။ အစ်ကိုသာ ဒုံးပျံအစင်းသုံးသောင်း ထပ်ပေးရင် ကျွန်မ တိုက်ရိုက်လွှင့်..."

"နှလုံးသားထဲတွင် ကခုန်သူ"လည်း စိုးရိမ်နေပေသည်။ အကြောင်းမှာ ယဲ့ချန်း၏ ဒုံးပျံအစင်းနှစ်သောင်းက သူ(​မ)၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ ကြည့်ရှုနှုန်းအားလုံးကို ဆွဲယူသွားသဖြင့် ယခုမူ ကြည့်ရှုသူမှာ အယောက်တစ်ထောင်ပင် မပြည့်တော့ပေ။

လက်ဆောင်ပေးထားသည့် မက်ဆေ့ချ်များပင် တစ်ခုမှ မရှိတော့ချေ။

အစ်ကိုတုဟောင်၏ မျက်နှာလည်း ဖြူဖျော့သွားသည်။

"နှလုံးသားထဲတွင် ကခုန်သူ"ဆီက သီးသန့်မက်ဆေ့ချ်ကို မြင်သောအခါ သူ ခဏမျှစဉ်းစားပြီး အရှုံးပေးလိုက်ခြင်းကသာ ပိုကောင်းမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။

သူ့အကောင့်ထဲတွင် နှစ်သိန်းသာကျန်တော့သည်ဖြစ်ရာ အကယ်၍ လက်ဆောင်ဆက်ပေးနေလျှင် နေ့တိုင်း ခေါက်ဆွဲခြောက်နှင့်သာ နှစ်ပါးသွားရပေလိမ့်မည်။

သို့သော် ဤမျှလက်ဆောင်အများကြီးပေးခဲ့ခြင်းမှာ ဤအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူ၏ အာရုံစိုက်မှုကို ရဖို့အတွက်ပင် မဟုတ်လော။

ထို့ကြောင့် သူသည် အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူဆီကို သီးသန့်မက်ဆေ့ချ် ပို့လိုက်သည်။

"အချစ်လေး... ဒီနေ့ ကိုယ့်ကတ်က လစ်မစ်ပြည့်သွားလို့။ သူ့ကို နောက်နေ့မှ ကြည့်ရှင်းလိုက်မယ်။ ဒါနဲ့ မင်း ညစာအတူစားဖို့ အားလား"

အစ်ကိုတုဟောင်ကလည်း ပိုက်ဆံအများကြီး သုံးခဲ့သည်ဖြစ်ရာ သဘာဝကျကျပင် အကျိုးအမြတ်တစ်ခုခုကို ပြန်လိုချင်သည်သာ။

သို့သော် အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူ၏ တုံ့ပြန်မှုကြောင့် အစ်ကိုတုဟောင်ခမျာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားပြီး ကီးဘုတ်ကိုပါ ရိုက်ခွဲပစ်လိုက်တော့သည်။

••••••••••••••••

အပိုင်း ၄၉၁ : မင်းအတွက် သီချင်းရေးပေးမယ်

"အစ်ကိုတုဟောင် ငွေနည်းနည်းလောက် ထပ်ဖြည့်ပေးပါဦး။ တွေ့လား။ ကျွန်မရဲ့ ပရိသတ်တွေအကုန်လုံးကို စုရှောင်မေ့က လုယူသွားပြီ။ အရမ်းစိတ်ပျက်တာပဲ"

"ငါတို့ ဝီချက်အပ်ထားပြီး ထမင်းအတူစားကြမလား။ ဒီလိုအမှိုက်ကောင်တွေအတွက်နဲ့ ဘာလို့ဒေါသထွက်နေမှာလဲ"

အစ်ကိုတုဟောင်က မလိုလားဟန်ဖြင့် ပြောလိုက်သည်။

"ဟွန့်... ကိုယ့်ကိုယ်ကိုယ်များ အစ်ကိုတုဟောင်လို့ ခေါ်နေသေးတယ်။ ကျွန်မအထင်တော့ ရှင် ပိုက်ဆံပြတ်သွားပြီမဟုတ်လား"

အစ်ကိုတုဟောင်၏လေသံကို ကြားလိုက်ရသည်နှင့် ဤလူ သေချာပေါက် ပိုက်ဆံပြတ်သွားပြီဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်သည်။

ထို့ကြောင့် သူ(မ)၏သဘောထားကလည်း ချက်ချင်း အေးစက်သွားတော့သည်။

"ပိုက်ဆံမရှိဘဲနဲ့များ ဟန်ရေးလာပြနေသေးတယ်။ ကိုယ့်ကိုယ်ကိုယ်များ အစ်ကိုတု​ဟောင်တဲ့။ ရှင်က ဆင်းရဲသားအဆင့်ပါပဲ"

ထို့နောက် တစ်ဖက်လူက သီးသန့်စကားပြောခန်းကို ပိတ်ချပစ်လိုက်သည်။

အစ်ကိုတုဟောင် : "..."

ဒေါသကြောင့် သူ့အဆုတ်များ ပေါက်ကွဲထွက်တော့မလို ခံစားလိုက်ရသည်။

သေစမ်း... ငါကတော့ မင်းကို လက်ဆောင်တွေ သန်းနဲ့ချီပြီး ပေးခဲ့တာတောင် မင်းက ငါ့ကို ကျိန်ဆဲနေသေးတယ်ပေါ့လေ...

အရေးအကြီးဆုံးကတော့ ကျေးဇူးတင်စိတ် နည်းနည်းမျှ မရှိခြင်းပင်။

"သေလိုက်ပါတော့... ငါက စုံလုံးကန်းပြီး ဒီကောင်မကို လက်ဆောင်တွေပေးမိတာပဲ"

စကားပြောခန်းထဲတွင် သူ့ကို လှောင်ပြောင်ထားသော မှတ်ချက်များကို ကြည့်ရင်း အမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူထံမှ အဟောက်ခံလိုက်ရသောကြောင့် အစ်ကိုတုဟောင်၏ရင်ထဲဝယ် မခံမရပ်နိုင်အောင် နာကျင်လာပြီး လူနာတင်ယာဉ်ကိုပင် ခေါ်လိုက်ရသည်။

...

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင်မူ နှလုံးသားထဲတွင်ကခုန်သူက ဆွဲဆောင်မြှူဆွယ်နေဆဲပင်။

"ဘေဘီ မပျော်ဘူးနော်။ ဘေဘီ့ရင်ထဲမှာ အရမ်းခံစားနေရတယ်။ အစ်ကိုကြီးတစ်ယောက်ယောက်များ လက်ဆောင်ပေးမယ်ဆိုရင် ဘေဘီက အားလုံးကို အံ့သြသွားအောင် လုပ်ပေးမယ်"

သို့သော် တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံးကတော့ တိတ်ဆိတ်ငြိမ်သက်နေသည်။

ယဲ့ချန်းနှယ် ချမ်းသာကြွယ်ဝသူက ဘယ်နှယောက်များ ရှိမည်နည်း။

ထို့ပြင် သူတို့တွင် ပိုက်ဆံရှိလျှင်ပင် ခဏမျှသာ နာမည်ကြီးသော ဤတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းပေါ်တွင် မည်သူကမှ ပိုက်ဆံကို အလဟဿမဖြုန်းတီးချင်ကြချေ။

ဘယ်သူကမှ လက်ဆောင်မပေးကြကြောင်း မြင်လိုက်ရသောအခါ နှလုံးသားထဲတွင် ကခုန်သူလည်း တိတ်တိတ်လေး ကျိန်ဆဲမိသည်။

"ဆင်းရဲသားတွေ"

သို့သော် သူ(မ) ထင်မှတ်မထားသည့် ကိစ္စတစ်ခုမှာ မိုက်ကို မပိတ်ရသေးသောကြောင့် ဤစကားကြီးကို အသံလွှင့်မိသွားခြင်းပင်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ အင်တာနက်အသုံးပြုသူများအားလုံး ဒေါသထွက်သွားကြသည်။

"သေလေ... မင်းက ဘယ်သူ့ကို ဆင်းရဲသားလို့ လာပြောနေတာလဲ"

"သေစမ်း... ငါ တစ်လကို ထောင်နဲ့ချီပြီး လက်ဆောင်ပေးနေတာတောင် သူက ငါ့ကို ကျိန်ဆဲနေတယ်"

"ဒီတိုက်ရိုက်ထုတ်လွှင့်သူက စရိုက်အရမ်းဆိုးတာပဲ"

နှလုံးသားထဲတွင် ကခုန်သူလည်း အနည်းငယ်မျက်နှာပျက်သွားသည်။

အစကတော့ သူ(မ) ရှင်းပြချင်ခဲ့သော်ငြား တိုက်ရိုက်ထုတ်လွှင့်ရေးဖန်သားပြင်ကြီး အမည်းရောင်ပြောင်းသွားသည်ကိုသာ တွေ့လိုက်ရသည်။

"တိုက်ရိုက်ထုတ်လွှင့်ခြင်းဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်မှုကြောင့် သင့်အကောင့်ကို ပိတ်လိုက်ပါပြီ။ ကျေးဇူးပြုပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်းဆိုင်ရာ စည်းကမ်းများကို လိုက်နာပါ"

နှလုံးသားထဲတွင် ကခုန်သူ : "..."

အပိတ်ခံလိုက်ရသည့် သူ(မ)၏အကောင့်ကို ကြည့်ရင်း နှလုံးသားထဲတွင် ကခုန်သူခမျာ ရူးမတတ်ဖြစ်သွားရသည်။

သူ(မ)မှာ ဖုန်းကောက်ကိုင်ပြီး မွေးစားအဖေကို ဖုန်းခေါ်လိုက်၏။

မွေးစားအဖေဆိုသည်မှာ သူ(မ) မကြာသေးခင်ကမှ သိကျွမ်းခဲ့သော သို့ယွီပလက်ဖောင်း၏ အကြီးတန်းအမှုဆောင်တစ်ယောက်ဖြစ်၏။ သူ(မ) ဤမျှအထိ မကြောက်မရွံ့ဖျော်ဖြေရဲခြင်းမှာ ဤအမှုဆောင်အရာရှိ၏ အားကိုးကြောင့်ပင်။

"မွေးစားအဖေ.. ကျွန်မရဲ့အကောင့် အပိတ်ခံလိုက်ရပြီ။ ကူညီနိုင်မယ့် နည်းလမ်းလေးတစ်ခုခု စဉ်းစားပေးလို့ရမလား"

"ဘာ မင်းအကောင့်ကို ပိတ်ရဲတဲ့သူတောင် ရှိတယ်ပေါ့။ တော်တော်အတင့်ရဲတာပဲ"

ခဏအကြာမှာပင် မွေးစားအဖေဆီက ဖုန်းပြန်ဝင်လာသည်။

"ကောင်မ... မင်း ဘယ်သူ့ကို သွားစော်ကားမိလဲ သိလား။ တက္ကစီဒရိုင်ဘာအစ်ကိုကြီးဆိုတာ တကယ့်ဒိတ်ဒိတ်ကြဲသူဌေးကြီးကွ။ မင်းက သူ့ကိုတောင် စော်ကားရဲတယ်ပေါ့။ အထက်လူကြီးတွေက ပြောလိုက်တယ်။ မင်းရဲ့အကောင့်ကို ပြန်ယူလို့မရတော့ဘူးတဲ့။ ပြီးတော့ စည်းကမ်းချိုးဖောက်တဲ့အတွက် ဆုကြေးငွေတွေကိုလည်း ထုတ်ပေးလို့ မရတော့ဘူးတဲ့"

ဖုန်းကျသွားသည်နှင့် နှလုံးသားထဲတွင် ကခုန်သူက ဒေါသတကြီးဖြင့် ဖုန်းကို ရိုက်ခွဲပစ်လိုက်သည်။

ယဲ့ချန်းကို စော်ကားမိခြင်းကြောင့် ဤမျှအထိ သနားစရာကောင်းသည့် အဆုံးသတ်မျိုးနှင့် ကြုံရလိမ့်မည်ဟု သူ(မ) အိပ်မက်ထဲပင် ထည့်မမက်ဖူးပေ။

ယဲ့ချန်းကတော့ စုရှောင်မေ့နှင့် စကားပြောနေလေသည်။

"နှလုံးသားထဲတွင်ကခုန်သူရဲ့အကောင့် အပိတ်ခံလိုက်ရတယ်ဆိုပြီး သတင်းထွက်နေတယ်"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဒီလိုဖျော်ဖြေမှုမျိုးက စောစောကတည်းက ပိတ်ပင်ခံရသင့်တာ"

ယခင်ဘဝတုန်းကလည်း တိုက်ရိုက်ထုတ်လွှင့်ခန်းများတွင် ယခုလိုမြူဆွယ်ပြီး လက်ဆောင်တောင်းသည့် တိုက်ရိုက်ထုတ်လွှင့်သူများဖြင့် ပြည့်နှက်နေခဲ့ဖူးသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းအမျိုးမျိုးက တစ်ယောက်ကိုတစ်ယောက် အတုခိုးကြရင်း အဆုံးတွင်မူ ကြီးမားလှသော နှိမ်နင်းမှုကြီး ဖြစ်ပေါ်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှုလုပ်ငန်းကိုလည်း အကြီးအကျယ် ထိခိုက်နစ်နာစေခဲ့သည်။

မောင့်ယာပလက်ဖောင်းတွင်မူ ယဲ့ချန်းက ဤသို့သောအပြုအမူမျိုးကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

သို့သော် နှလုံးသားထဲတွင်ကခုန်သူ၏အကောင့် အပိတ်ခံရခြင်းမှာ သူ့ကြောင့်ဖြစ်ကြောင်း သူ မသိပေ။

သို့ယွီပလက်ဖောင်း : "အဲဒီတက္ကစီဒရိုင်ဘာအစ်ကိုကြီးဆိုတာ တကယ်ပဲ သခင်လေးယဲ့လား"

လူငယ်တစ်ယောက်က သင်္ကာမကင်းဟန်ဖြင့် မေးလိုက်သည်။

"ဟုတ်တယ်။ မှတ်ပုံတင်ဖို့အတွက် ကိုယ်ရေးအချက်အလက်တွေ လိုအပ်လို့ ငါတို့ စစ်ဆေးပြီးသွားပြီ"

"ဒီနေ့ကစပြီး သခင်လေးယဲ့ကို ဆန့်ကျင်ရဲတဲ့ ဘယ်သူ့ကိုမဆို ဘန်းပစ်ရမယ်"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သူ့လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်သည်။

သူသည် ဝမ်ခုန်းခုန်းဆီကတစ်ဆင့် ယဲ့ချန်း၏နာမည်ကို အကြိမ်ပေါင်းများစွာ ကြားဖူးသည်။

သို့သော် တစ်ဖက်လူက သူ့တိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းမှာ အကောင့်လာဖွင့်လိမ့်မည်ဟုတော့ ထင်မထားပေ။

ယဲ့ချန်း၏ ကျေးဇူးကြောင့် စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ကြည့်ရှုသူအရေအတွက် သန်းဆယ်ဂဏန်းအထိ ရောက်သွားခဲ့သည်။

ဤလူများအားလုံးကို ယဲ့ချန်းက ဆွဲဆောင်ပေးခဲ့ခြင်းပင်။

စုရှောင်မေ့၏ တိုက်ရိုက်ထုတ်လွှင့်မှုများက သီချင်းဆိုခြင်းနှင့် ရိုးရာအကတချို့ကို ကပြရင်း လူအများကိုလန်းဆန်းပြီး ရိုးရှင်းသော ခံစားမှုမျိုးကို အမြဲပေးစွမ်းနိုင်ခဲ့သည်။

သူ(မ) ဖြတ်လမ်းလိုက်သော အခြားအမျိုးသမီးတိုက်ရိုက်ထုတ်လွှင့်သူများနှင့် မတူပါဘဲ တစ်ဆင့်ချင်းစီ တက်လှမ်းလာခဲ့သူတစ်ယောက် ဖြစ်၏။

ထို့ကြောင့် သူ(မ)၏ရေပန်းစားမှုက တည်ငြိမ်ပြီး ခိုင်မာသည့် ပရိသတ်အင်အားတစ်ခုကလည်း ရှိနေပြန်သည်။

စုရှောင်မေ့က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် "ကံကောင်းခြင်းလေးများ"သီချင်းကို ဆိုလိုက်သောအခါ အွန်လိုင်းပေါ်တွင် ချက်ချင်းနာမည်ကြီးသွားသည်။

စုရှောင်မေ့နှင့် အတန်ကြာအောင် စကားပြောပြီးနောက်မှာမူ ယဲ့ချန်းလည်း ဖုန်းပိတ်ပြီး အိပ်ရာဝင်လိုက်သည်။

နောက်တစ်နေ့တွင် ယဲ့ချန်း တက္ကစီကို နှစ်နာရီခန့်မောင်းပြီးနောက် သုန်းရှောင်ယာဆီက ဖုန်းဝင်လာသည်။

"ဒါရိုက်တာယဲ့... ကျွန်မကို ဟိုတယ်မှာ လာကြိုပေးပါဦး။ ဪ... ဒါနဲ့ ရှင့်ရဲ့ ကြက်ဥနဲ့ အသားစင်းကောဆန်ပြုတ်ကိုလည်း စားချင်တယ်နော်"

ယဲ့ချန်းခမျာ ဆွံ့အသွားရလေသည်။

သူသည် ဒါရိုက်တာတစ်ယောက်ထက်စာလျှင် သူ(မ)၏ လက်ထောက်တစ်ယောက်နှင့် ပိုတူနေသလိုပင်။

သို့သော် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက ကောင်းလွန်းသောကြောင့် ယဲ့ချန်း၏ရင်ထဲတွင် သုန်းရှောင်ယာက သူ့အစ်မတစ်ယောက်နှယ်။

"ကောင်းပြီလေ။ ကိုယ် လာနေပြီ"

ယဲ့ချန်းက သူ့ကျီလိကားကို ဟိုတယ်အဝင်ဝသို့ မောင်းသွားလိုက်သည်။

ထိုအချိန်တွင် အပေါက်ဝရှိ နာမည်ကြီးတင်ဆက်သူတစ်ယောက်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

"လူကြီးမင်းတို့... ကျွန်တော်တို့ရဲ့ရှောင်ယာ ဟိုတယ်ထဲက ထွက်လာပါပြီ။ နာမည်ကြီးရေဘာကတော့ မာစီးတီးနန်နီကားနဲ့ ထွက်လာတာကို တွေ့ရပါတယ်။ ရှောင်ယာရဲ့အာဗွီကားကရော ဘယ်အဆင့်ရှိမလဲဆိုတာ သိချင်ပါသေးတယ်"

"ဒေါ်လာတစ်သိန်းတန် နန်နီကားလောက်တော့ ဖြစ်မယ်လို့ ငါလောင်းရဲတယ်"

"ရှောင်ယာရဲ့အဆင့်နဲ့ဆိုရင် အနည်းဆုံး ဒေါ်လာတစ်သိန်းတန် အာဗွီကားလောက်တော့ ဖြစ်သင့်တာပေါ့"

ထိုအချိန်မှာပင် ကျီလိတက္ကစီတစ်စီးက ဟိုတယ်အဝင်ဝတွင် ထိုးရပ်လိုက်သည်။

"ဟင်... ကျီလိတက္ကစီကြီးက ဒီကို ဘာလို့ရောက်နေတာလဲ။ အွန်လိုင်းဆယ်လီတစ်ယောက်ယောက် ငှားထားတဲ့ကားပဲ ဖြစ်ရမယ်"

"အွန်လိုင်းဆယ်လီတွေက သနားစရာကောင်းလိုက်တာ။ နန်နီကားတစ်စီးတောင် မတတ်နိုင်ကြဘူး"

သို့သော် ထိုအချိန်မှာပင် ကျက်သရေရှိလှသော မိန်းမလှလေးတစ်ယောက် ထွက်လာ​ချေသည်။

"အဲဒါ ငါတို့ရဲ့ရှောင်ယာ မဟုတ်လား"

သုန်းရှောင်ယာက တက္ကစီကားတံခါးကိုဖွင့်ပြီး ကျီလိကားထဲသို့ ဝင်သွားကြောင်း သူတို့ မြင်လိုက်ရသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

သို့သော် ခဏအကြာမှာပင် ဖန်သားပြင်ပေါ်တွင် မှတ်ချက်များ ပလူပျံလာတော့သည်။

"အံ့ဩစရာမရှိပါဘူး။ ငါတို့ရဲ့ရှောင်ယာက သိုသိုသိပ်သိပ်နေတတ်တာကိုး"

"ဟုတ်တယ်။ ဒီလောက်နာမည်ကြီးတဲ့ မင်းသမီးတစ်ယောက်က ကျီလိကားကို စီးသွားတယ်ဆိုတာ အရမ်းကြည်နူးဖို့ကောင်းလိုက်တာ"

"အဲဒီတက္ကစီဒရိုင်ဘာကို ငါ အရမ်းမနာလိုဖြစ်တာပဲ"

...

ကားထဲရောက်သည်နှင့် သုန်းရှောင်ယာက စိတ်မရှည်ဟန်ဖြင့် မေးလိုက်သည်။

"ကြက်ဥနဲ့ အသားစင်းကောဆန်ပြုတ်ကရော ဘယ်မှာလဲ"

ယဲ့ချန်းက အပူထိန်းဘူးကို ထုတ်ပေးပြီး ပြောလိုက်၏။

"မင်းအတွက် လုပ်လာတာ"

သုန်းရှောင်ယာလည်း တစ်လုတ်စားကြည့်လိုက်သည်။

"ဝိုး... ယဲ့ချန်း ရှင့်လက်ရာက အရမ်းကောင်းတာပဲ။ နောက်နောင် အတူရိုက်ကူးရေးလုပ်တဲ့အခါ သုံးနပ်လုံး ရှင်ပဲတာဝန်ယူရမယ်နော်"

"အိပ်မက်မက်နေလိုက်။ ကိုယ်လည်း ရုပ်ရှင်ရိုက်ရဦးမယ်လေ။ ဟုတ်ပြီလား"

ထိုအချိန်မှာ သုန်းရှောင်ယာ၏ဖုန်းက အသံမြည်လာသည်။

ဖုန်းထဲက အေးစက်စက်အသံတစ်သံ ထွက်လာသည်။

"ရှောင်ယာ... တောင်းပန်ပါတယ်။ ငါ မင်းအတွက် သီချင်းတွေဆက်ရေးပေးလို့ မရတော့ဘူး"

"ဘာဖြစ်လို့လဲ"

သုန်းရှောင်ယာက မေးလိုက်သည်။

"မင်းက ဖျော်ဖြေရေးလောကထဲက အရေးပါတဲ့လူတစ်ယောက်ကို စော်ကားထားမိလို့တဲ့။ ပြီးတော့ မင်းအတွက် သီချင်းရေးပေးရဲတဲ့ ဘယ်သူ့ကိုမဆို ပိတ်ပင်မယ်လို့လည်း သူတို့က ပြောထားတယ်"

"ဪ... နားလည်ပါပြီ။ ကျေးဇူးတင်ပါတယ် ဆရာချန်း"

ဖုန်းချပြီးနောက် သုန်းရှောင်ယာ၏ စိတ်အခြေအနေက သိသိသာသာ မကောင်းတော့ပေ။

ယဲ့ချန်းက ပြုံးယောင်သန်းလျက် ပြောလိုက်၏။

"ဘာဖြစ်လို့လဲ။ ပြဿနာတစ်ခုခုကြုံလို့လား"

"ဘာမှမဖြစ်ပါဘူး"

သုန်းရှောင်ယာက ခေါင်းခါပြလိုက်သည်။

သုန်းရှောင်ယာက သူ့ဆီမှာ စာချုပ်ချုပ်ဖို့အတွက် အများကြီးစွန့်လွှတ်ခဲ့ရကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

"ဒါနဲ့ မင်း အယ်လ်ဘမ်တစ်ခုထုတ်ဖို့ ကိုယ် ကူညီပေးချင်တယ်"

ယဲ့ချန်းက ရုတ်တရက်ပြောလိုက်သည်။

"ဟားဟား... မလိုပါဘူး။ အခုအချိန် ဘယ်သူကမှ ကျွန်မအတွက် သီချင်းရေးပေးချင်မှာမဟုတ်ဘူး"

ယဲ့ချန်းက ရယ်မောလိုက်၏။

"တခြားလူတွေက မရေးပေးချင်ပေမယ့် ကိုယ်ကတော့ မင်းအတွက် သီချင်းရေးပေးဖို့ အရမ်းလိုလားပါတယ်"

••••••••••••••••

အပိုင်း ၄၉၂ : အရုပ်ကောက်စက်ကျွမ်းကျင်သူ

သုန်းရှောင်ယာက ယဲ့ချန်းကို ထိတ်လန့်တကြား ကြည့်လိုက်သည်။

"ရှင်က သီချင်းရေးတတ်လို့လား"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ရေးတတ်တာပေါ့။ အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ 'ကံကောင်းခြင်းလေး'ဆိုတဲ့ သီချင်းကို ကြားဖူးလား။ အဲဒါ ကိုယ်ရေးထားတာလေ"

"ရှင်က 'ကံကောင်းခြင်းလေး'ကို ရေးတဲ့လူလား"

သုန်းရှောင်ယာ အလွန်အံ့ဩသွားရသည်။

သူ(မ)လည်း ထိုသီချင်းကို အွန်လိုင်းတွင် နားထောင်ဖူးပြီး အလွန်ကောင်းသည်ဟု တွေးခဲ့မိသော်လည်း ယဲ့ချန်းရေးထားကြောင်း လုံးဝမထင်ထားပေ။

"ဒါဆို ကောင်းတာပေါ့။ ကျွန်မအတွက် သီချင်းတစ်ပုဒ်လောက် ရေးပေးပါဦး။ ကုမ္ပဏီက ကျွန်မကိုနာမည်ဖျက်ဖို့ စီစဉ်နေတယ်လို့ ကြားတယ်။ ဒီတစ်ခါတော့ ကျွန်မ အားပြင်းပြင်းနဲ့ တစ်ကျော့ပြန်ပွဲဦးထွက်မှဖြစ်မယ်"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ကိုယ်ရှိနေသရွေ့တော့ ဘယ်သူမှ မင်းကို နာမည်ဖျက်လို့ မရစေရဘူး။ မင်းက အရင်ကထက်တောင် ပိုနာမည်ကြီးလာဦးမှာ"

မိုတုရုပ်ရှင်နှင့်ဗီဒီယိုရိုက်ကူးရေးစခန်းသို့ ရောက်သောအခါ သုန်းရှောင်ယာက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်သည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို လက်ခံရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်ကို အသက်သွင်းလိုက်နိုင်တဲ့အတွက် သို့ယွီတိုက်ရိုက်ထုတ်လွှင့်ရေးပလက်ဖောင်းရဲ့ ရှယ်ယာတစ်ရာရာခိုင်နှုန်းကို ရရှိပါတယ်]

ယဲ့ချန်း ခဏမျှကြောင်သွားသည်။

မနေ့ကမှ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဆယ်သန်းဖိုး လက်ဆောင်ပေးခဲ့သည်။ ယနေ့တွင်မူ သို့ယွီ၏ပိုင်ရှင်ဖြစ်လာလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားပေ။

"နောက်ဆိုရင်တော့ တက္ကစီဒရိုင်ဘာအစ်ကိုကြီးဆိုတဲ့ နာမည်ကိုသုံးပြီး တခြားသူဋ္ဌေးတွေကို လက်ဆောင်တွေအများကြီးပေးလာအောင် မြှူဆွယ်ရတော့မှာပဲ"

ရိုက်ကွင်းသို့ ရောက်လာသည်နှင့် ရိုက်ကူးရေး စတင်ခဲ့သည်။

ယဲ့ချန်းက ဖန်သားပြင်၏နောက်ကွယ်မှာ ထိုင်နေချေသည်။ ဤသည်မှာ အကြီးစား

ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခု ဖြစ်၏။

ဇာတ်ဆောင်မင်းသားကျိုးဖာက လီမုပိုင်အဖြစ် သရုပ်ဆောင်ပြီး သုန်းရှောင်ယာနှင့်အတူ ဓားသိုင်းလေ့ကျင့်ခန်းတစ်ခန်းကို ရိုက်ကူးနေကြသည်။

ယဲ့ချန်းကတော့ ရိုက်ကွင်းတစ်ခုလုံး အဆင်ပြေချောမွေ့နေသည်ဟု ခံစားရသော်လည်း ထိုအချိန်မှာပင် အနီးအနားရှိ ဒါရိုက်တာတစ်ယောက်က "ကတ်"ဟု ရုတ်တရက်အော်လိုက်ချေသည်။

ယဲ့ချန်းလည်း ချက်ချင်းဆိုသလို အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

သူက ဒါရိုက်တာဖြစ်လေရာ လက်ထောက်ဒါရိုက်တာတစ်ယောက်က မည်သည့်လုပ်ပိုင်ခွင့်ဖြင့် ထအော်ရလေသလဲ။

အရေးအကြီးဆုံးကတော့ ယခု ရိုက်ကူးနေသည့်အခန်းတွင် သရုပ်ဆောင်နှစ်ယောက်စလုံး၏ စိတ်ခံစားချက်များက အရှိန်ရနေပြီဖြစ်ရာ ရိုက်ချက်တစ်ချက်တည်းနှင့် အောင်မြင်သွားနိုင်သည့် အနေအထားပင်။

ယခုလိုကြားဖြတ်လိုက်သောကြောင့် သရုပ်ဆောင်များအနေနှင့် မူလစိတ်ခံစားချက်မျိုးပြန်ရရန် ခက်ခဲသွားစေသည်။

ထို့ပြင် လွန်ခဲ့သည့်နှစ်ရက်အတွင်း ရိုက်ကူးရေးလုပ်နေစဉ်မှာလည်း သူတို့နှစ်ယောက်အကြား သဘောထားကွဲလွဲမှုများ အကြိမ်ကြိမ်ရှိခဲ့ဖူးသည်။

ယဲ့ချန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ပြဿနာရှိလို့လား"

လက်ထောက်ဒါရိုက်တာသုန်းပေါ်က ဆိုလာလေသည်။

"ဒါရိုက်တာယဲ့.. ဒီအခန်းမှာ ကျိုးဖာရဲ့စိတ်ခံစားချက်က လိုအပ်တာထက် လျော့နေတယ်လို့ထင်တယ်"

"ကျုပ်ကတော့ သူ့အမူအရာ တော်တော်ကောင်းတယ်လို့ ထင်တာပဲ"

သုန်းပေါ်ပ အေးစက်စက်လေသံဖြင့် ဆိုလိုက်၏။

"ဒါရိုက်တာယဲ့...ဒါက ခင်ဗျားရဲ့ပထမဆုံးကားဖြစ်ပေမဲ့ ကျွန်တော်ကတော့ ကားပေါင်းတစ်ရာကျော် ရိုက်ခဲ့ဖူးပြီးသား။ ကျုပ်ရဲ့ ဇာတ်လမ်းအပေါ် နားလည်နိုင်စွမ်းက ခင်ဗျားထက် အများကြီးသာတယ်"

အမှန်တော့ ယဲ့ချန်းက အခြားဒါရိုက်တာများ၏ အားသာချက်ကို လေ့လာရန်နှင့် အကူအညီရရန်အတွက် သုန်းပေါ်ကို ငှားထားခြင်းပင်။

ယဲ့ချန်းက နတ်ဘုရားအဆင့် ရိုက်ကူးရေးကျွမ်းကျင်မှုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ မည်သူ့ဆီကမှ လေ့လာနေစရာမလိုချေ။

သို့သော် ဤလူက သူ့အတွေ့အကြုံကို အကြောင်းပြပြီး အမြဲဝင်စွက်ဖက်ကာ ရိုက်ကူးရေးကို ခဏခဏနှောင့်ယှက်နေတော့သည်။

ယဲ့ချန်းကတော့ ဤလူ တမင်တကာပြဿနာရှာနေသလားဟုပင် သံသယဝင်မိသည်။

သူတို့နှစ်ယောက် ငြင်းခုံခဲ့ကြသော်လည်း အဆုံးတွင်မူ ယဲ့ချန်းကသာ အနိုင်ရခဲ့သည်။

ယဲ့ချန်းက ဤရုပ်ရှင်၏ ထုတ်လုပ်သူလည်းဖြစ်သလို ရင်းနှီးမြှုပ်နှံသူပါဖြစ်သောကြောင့် ပိုက်ဆံရှိသူကသာ အာဏာအရှိဆုံးပင်။

သုန်းပေါ်က အပေါ်ယံမှာတော့ နာခံသလိုရှိသော်ငြား စိတ်ထဲတွင်မူ အလွန်မကျေမနပ်ဖြစ်နေလေသည်။

ယဲ့ချန်းက နာမည်လည်းမရှိသလို ဤရုပ်ရှင်က သူ့ပထမဆုံးရုပ်ရှင် မဟုတ်လော။

သူ့အမြင်မှာတော့ သူသည် ယဲ့ချန်းနှင့်ယှဉ်လျှင် ကျွမ်းကျင်သူတစ်ယောက်ပင်။

နေ့တစ်ဝက်စာရိုက်ကူးရေး ပြီးဆုံးသွားသောအခါ ယဲ့ချန်း သက်ပြင်းတစ်ချက်ချလိုက်သည်။

ဒါရိုက်တာလုပ်ရခြင်းမှာ တက္ကစီမောင်းရသလောက်တော့ မသက်သာပေ။

ယဲ့ချန်း၏ ရိုက်ကူးရေးအစီအစဉ်က နေ့တစ်ဝက်သာဖြစ်ပြီး နေ့လည်ပိုင်းတွင်မူ အားလပ်နေပေသည်။

ယခုလိုစီစဉ်ထားရသည့် အဓိကအကြောင်းအရင်းမှာမူ သူ့အနေနှင့် တက္ကစီဆက်မောင်းရပေဦးမည်။

တက္ကစီကို နာရီအနည်းငယ်ခန့် မောင်းပြီးနောက် ယဲ့ချန်းဆီသို့ စုဝမ်ယိ ဖုန်းဆက်လာသည်။

"ယဲ့ချန်း... ကျွန်မနဲ့အတူ လမ်းလျှောက်လိုက်ခဲ့ဦး"

"ရတာပေါ့"

ယဲ့ချန်းလည်း သဘောတူပြီးနောက် ယာရှီလုပ်ငန်းစုဆီကို တန်းမောင်းသွားလိုက်သည်။

"မိန်းကလေး... ကားပေါ်တက်ပါဗျ။ ဘယ်သွားမလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား"

ယဲ့ချန်းက ပြုံးစစဖြင့် မေးလိုက်သည်။

စုဝမ်ယိက ဆို၏။

"ဈေးဝယ်စင်တာကို လိုက်ခဲ့ပေး"

"ကောင်းပါပြီဗျာ"

သူတို့နှစ်ယောက်သား ဈေးဝယ်စင်တာ၏ တတိယထပ်သို့ ရောက်လာခဲ့ကြသည်။

ထိုအချိန်မှာပင် စုဝမ်ယိ၏ မျက်လုံးများက ရုတ်တရက်တောက်ပသွားပြီး အရုပ်ကောက်စက်များရှိသည့် ဂိမ်းဆိုင်ထဲကို ပြေးဝင်သွားသည်။

အမြဲ ရေခဲတုံးနှယ် အေးစက်လှသော အမျိုးသမီးစီအီးအိုက ကလေးမလေးတစ်ယောက်လို ဖြစ်သွားသည့်မြင်ကွင်းကို ကြည့်ရင်း ယဲ့ချန်း ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။

စုဝမ်ယိက ကုမ္ပဏီတွင် အလွန်တည်ကြည်အေးစက်သော်လည်း ယဲ့ချန်းနှင့်အတူ ရှိနေချိန်မျိုးမှာတော့ ကလေးတစ်ယောက်လို ဖြစ်သွားတတ်သည်။

စုဝမ်ယိက အရုပ်များကို အလွန်နှစ်သက်ကြောင်း ယဲ့ချန်းသိသည်။ ယခင်တစ်ခေါက် စုဝမ်ယိ၏အိမ်ကို အလည်သွားစဉ်က သူ(မ)​၏အိပ်ခန်းထဲတွင် အရုပ်များအပြည့်ပင်။

အကယ်၍ သူ(မ)၏ လက်အောက်ငယ်သားများသာ ဤအကြောင်းကို သိသွားလျှင် ကြက်သေသေသွားကြမည်မှာ သေချာသည်။

ယဲ့ချန်းက အကြွေစေ့စက်ဆီကိုသွားပြီး ဂိမ်းအကြွေစေ့များကို ယွမ်တစ်ရာဖိုး ချက်ချင်းလဲလိုက်သည်။

သေတ္တာအသေးလေးတစ်ခုစာအပြည့် ရလာခဲ့သည်။

စုဝမ်ယိက စိတ်လှုပ်ရှားစွာဖြင့် အကြွေစေ့တစ်ခုကို ထည့်ပြီး 'မွန်ချီချီ'အရုပ်လေးကို ချိန်ရွယ်လိုက်သည်။

သို့သော် အရုပ်က အပေါက်နားသို့ ရောက်ခါနီးမှာပင် ပြုတ်ကျသွားသည်။

"အား... နည်းနည်းလေးပဲလိုတော့တာကို"

လက်မလျှော့ချင်သောကြောင့် စုဝမ်ယိလည်း ဆက်တိုက်ကြိုးစားနေတော့သည်။

နောက်ဆုံးမှာတော့ အကြွေစေ့ယွမ်တစ်ရာဖိုးအကုန်နီးပါး သုံးလိုက်သော်ငြား အရုပ်တစ်ရုပ်မှ မရခဲ့ပေ။

အကြိမ်တော်တော်များများမှာ အရုပ်ကို ကောက်မိလုနီးပါး ဖြစ်သွားသော်ငြား အပေါက်ဝရောက်ခါမှ ပြုတ်ကျသွားသည်။

"အဟင့်... ကျွန်မ မွန်ချီချီအရုပ်လေးကို အရမ်းကြိုက်တာ။ ယဲ့ချန်း... ကျွန်မကို ကူကောက်ပေးပါဦး"

ယဲ့ချန်းလည်း ကြိုးစားကြည့်သော်ငြား ကျန်အကြွေစေ့များ ကုန်သွားသည်အထိ အရုပ်ကို မရခဲ့ပေ။

အကြွေစေ့များ ကုန်သွားသည်ကို ကြည့်ရင်း စုဝမ်ယိ အလွန်စိတ်ပျက်သွားဟန်ပင်။

"ထားလိုက်ပါတော့။ မကောက်တော့ဘူး"

မပျော်မရွှင်ဖြစ်နေသော စုဝမ်ယိ၏မျက်နှာကိုကြည့်ပြီး ယဲ့ချန်း ရယ်မောလိုက်၏။

"စိတ်မပူပါနဲ့။ အကြွေစေ့တွေ ထပ်ဝယ်လိုက်မယ်လေ။ နောက်တစ်ခါကျရင် ရရင်ရမှာပေါ့"

ယဲ့ချန်းက ထိုသို့ပြောပြီးနောက် ဝန်ဆောင်မှုကောင်တာဆီသို့ သွားလိုက်သည်။

ဆိုင်ရှင်က ဂိမ်းကစားရာတွင် အာရုံဝင်စားနေခိုက် ယဲ့ချန်းက ပြောလိုက်သည်။

"ဆိုင်ရှင်... အရုပ်ကောက်စက်ကို နည်းနည်းလောက် လွယ်အောင်လုပ်ပေးလို့ ရမလား"

"မဖြစ်နိုင်တာ။ ငါတို့ရဲ့ အရုပ်ကောက်စက်တွေက စနစ်နဲ့သတ်မှတ်ထားတာ။ ချိန်ညှိလို့ မရဘူး"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်လေသည်။

"တကယ်ချိန်လို့မရဘူးလား"

"ဒါပေါ့"

ယဲ့ချန်းက သူ့ပိုက်ဆံအိတ်ကိုထုတ်ပြီး စားပွဲပေါ်သို့ ယွမ်တစ်ရာတင်လိုက်သည်။

"လူကြီးမင်း... တကယ်မရလို့ပါ။ ကျွန်တော်တို့ရဲ့စက်တွေက စနစ်နဲ့..."

ယဲ့ချန်းက နောက်ထပ်တစ်ရွက် ထပ်တင်လိုက်သည်။

ဖြတ် ဖြတ် ဖြတ်...

ခဏအကြာမှာပင် စားပွဲပေါ်၌ ယွမ်တစ်ထောင် ဖြစ်သွားလေတော့သည်။

"ဆိုင်ရှင်... ကျွန်တော့်ချစ်သူက အရုပ်ကောက်နေတာ ကြာလှပြီ။ တစ်ရုပ်မှမရလို့ စိတ်မကောင်းဖြစ်နေတာ။ ကူညီပေးလို့ရမလား"

ဆိုင်ရှင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်လေသည်။

"ကောင်းပြီလေ"

ခဏအကြာတွင် ယဲ့ချန်းက နောက်ထပ် ယွမ်တစ်ရာဖိုးရှိသော ဂိမ်းအကြွေစေ့များနှင့် ပြန်​​ရောက်လာသည်။

စုဝမ်ယိက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။

"ဒီနေ့ ကျွန်မ ကံမကောင်းဘူးထင်တယ်။ ရမှာမဟုတ်ပါဘူး"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ဘယ်သူပြောလဲ။ ကိုယ်က ရတယ်လို့ပြောရင် ရမှာပဲ။ လာ... ကိုယ် မင်းကို ကံကောင်းခြင်းနည်းနည်း ပေးမယ်"

ယဲ့ချန်းက ထိုသို့ပြောရင်း စုဝမ်ယိ၏ ပါးပြင်လေးကို အနမ်းပေးလိုက်သည်။

စုဝမ်ယိခမျာ ရှက်သွေးဖြာသွားချေသည်။

"လူဆိုး... ကျွန်မကို အခွင့်အရေးယူနေပြန်ပြီ"

ယဲ့ချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။

"ကံကောင်းခြင်းတွေ ရောက်လာပြီ။ စမ်းကြည့်လိုက်ဦး"

စုဝမ်ယိကလည်း ခေါင်းညိတ်ပြီးနောက် အကြွေစေ့တစ်ပြား ထည့်လိုက်သည်။

ဤတစ်ခေါက်မှာတော့ သူ(မ) 'မွန်ချီချီ'ကို တကယ်ရလိုက်သည်။

"ယဲ့ချန်း.. ရှင့်ကံက တကယ်အစွမ်းထက်တယ်နော်"

စုဝမ်ယိက အကြွေစေ့များကို ဆက်တိုက်ပစ်ထည့်ပြီး အရုပ်များကို တစ်ရုပ်ပြီးတစ်ရုပ် ကောက်နေချေသည်။

အစောတုန်းက အရုပ်တစ်ရုပ်ပင် မရခဲ့သော စုဝမ်ယိမှာ ယခုမူ အရုပ်ကောက်စက်ကျွမ်းကျင်သူပင် ဖြစ်သွားချေပြီ။

မကြာခင်မှာပင် စုဝမ်ယိက အိတ်အကြီးတစ်လုံးစာအပြည့် ရသွားတော့သည်။

"ဝိုး... ကျွန်မက ဒဏ္ဍာရီလာအရုပ်ကောက်စက်ကျွမ်းကျင်သူဆိုတာ အခုမှသိတော့တယ်"

စုဝမ်ယိက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

ယဲ့ချန်းကလည်း သူ(မ)၏ဘေးက ခေါင်းညိတ်ပြသည်။

"ဟုတ်ပါပြီဗျာ။ အရုပ်ကောက်စက်ကျွမ်းကျင်သူကို အလေးပြုပါတယ်"

ယခုလို ကျွမ်းကျင်သူဖြစ်လာခြင်းမှာ ငွေ၏အစွမ်းကြောင့်ဖြစ်ကြောင်း စုဝမ်ယိ သိမည်မဟုတ်ပေ။

ခဏအကြာမှာပင် စုဝမ်ယိ၏အကြွေစေ့များအားလုံး ကုန်သွားပြီး အိတ်ထဲမှာလည်း အရုပ်များဖြင့် ပြည့်နှက်သွားသည်။

"ယဲ့ချန်း... ဒီနေ့ ကျွန်မ အရမ်းပျော်တာပဲ။ တစ်ခုခုကို အောင်အောင်မြင်မြင်လုပ်လိုက်နိုင်သလို ခံစားရတယ်"

"ဟားဟား... မင်းပျော်ရင် ပြီးတာပါပဲ"

ထိုအချိန်မှာပင် ကောင်တာတွင် အုတ်အော်သောင်းတင်းဖြစ်သွားချေသည်။

"လူကြီးမင်း... အဲဒီအရုပ်တွေကို ယူလို့မရပါဘူး။ ခုနတုန်းက လူတစ်ယောက်က သူ့ရည်းစားပျော်အောင် ခက်ခဲမှုအဆင့်ကို လျှော့ပေးဖို့ ကျွန်တော့်ကို လာတောင်းဆိုထားတာမို့လို့ပါ"

"ဘာ... ခက်ခဲမှုအဆင့်ကို ချိန်လို့ရတာလား။ လိမ်နေတာပဲ။ လက်စသတ်တော့ ကြိုတင်စီစဉ်ထားတာပေါ့"

ယဲ့ချန်းက ကောင်တာတွင် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြည့်ရင်း လျှာတစ်လစ်ထုတ်ကာ စုဝမ်ယိကို အမြန်ဆွဲခေါ်သွားလိုက်တော့သည်။

ယခုလောက်ဆိုလျှင် ဆိုင်ရှင်တော့ စိတ်ရှုပ်နေလောက်ပြီ။

သူတို့နှစ်ယောက်သား လမ်းနည်းနည်းထပ်လျှောက်ပြီးနောက် အိမ်ပြန်ရန် ကားမောင်းလာခဲ့ကြသည်။

မီးနီသွားသဖြင့် ယဲ့ချန်း ကားရပ်လိုက်ချိန်မှာပင် အနောက်က ဘန်းခနဲအသံတစ်သံကို ကြားလိုက်ရ၏။

ကားတိုက်ခံလိုက်ရခြင်းပင်။

All Chapters