← Chapters

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အခန်း (၄၉၃-၄၉၅)

Vol. 33 Ch. 493-495

အပိုင်း ၄၉၃ : အပြန်အလှန်ဖလှယ်ရေးကျောင်းသား

ယဲ့ချန်း ကားပေါ်ကဆင်းကြည့်လိုက်သောအခါ သန့်ရှင်းရေးအလုပ်သမားအဘိုးအိုတစ်ယောက်၏ယာဉ်က ဘရိတ်မမိသဖြင့် သူ့ကားကို ဝင်တိုက်မိထားကြောင်း တွေ့လိုက်ရသည်။

စုဝမ်ယိနှင့်အတူ အပြင်ထွက်လာခြင်းဖြစ်လေရာ ယဲ့ချန်းက သူ့ကူလီနန်ကားကို မောင်းလာခဲ့သည်။

သန့်ရှင်းရေးယာဉ်ကြောင့် ကူလီနန်ကား၏ ကိုယ်ထည်ပေါ်တွင် အစင်းရာတစ်ခု ထင်သွားချေသည်။

ယဲ့ချန်း ကားပေါ်က ဆင်းလာသည်ကို မြင်သော် အဘိုးအိုခမျာ ကြောက်လန့်တကြား တုန်ယင်နေရှာသည်။

အဘိုးအိုသည် ကူလီနန်ဟူသော ကားအမျိုးအစားကို မသိသော်ငြား ကားပုံစံကိုကြည့်ရုံဖြင့် အလွန်တန်ဖိုးကြီးသော ကားဖြစ်ကြောင်း ရိပ်မိလိုက်သည်။

ဘေးနားရှိ လူတချို့ကလည်း စုရုံးရောက်ရှိလာကြသည်။

"ဝိုး... ဒီအဘိုးကြီးတော့ ကံဆိုးတာပဲ။ ကူလီနန်ကိုမှ တိုက်မိတယ်လို့"

"ဟုတ်တယ်။ ဒီကားက သန်းဆယ်ဂဏန်းလောက်တန်တာ။ အခုလိုပွန်းသွားတာကို ပြန်ပြင်ရင် အနည်းဆုံး တစ်သောင်းလောက်တော့ ကုန်မှာ"

"တစ်သောင်းတည်းနဲ့ ဘယ်ရမလဲ။ ဒါက ကူလီနန်လေ။ ဆေးပြန်မှုတ်ဖို့ဆိုရင် ဆေးကို နိုင်ငံခြားက မှာရမှာ။ အနည်းဆုံး တစ်သိန်းလောက်တော့ ကုန်မှာပဲ"

ဘေးလူများ၏စကားကို ကြားလိုက်ရသောအခါ အဘိုးအို၏မျက်နှာမှာ ပိုဖြူဖျော့သွားသည်။

သူသည် မနက်လေးနာရီငါးနာရီကတည်းက အလုပ်ထလုပ်ရသော သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ဖြစ်ပြီး တစ်လမှ လစာနှစ်ထောင်သုံးထောင်လောက်သာ ရသည်။

အကယ်၍ တစ်သိန်းလောက် လျော်ရမည်ဆိုလျှင် သူ့စုငွေများပါ ကုန်သွားတော့မည်ဖြစ်၏။

ယဲ့ချန်းက ကားကိုယ်ထည်ကို တစ်ချက်ကြည့်ပြီးနောက် တုန်ယင်နေသော အဘိုးအိုကို လှမ်းကြည့်လိုက်၏။

အဘိုးအိုက ဆိုလာလေသည်။

"မောင်ရင်... အဘိုး တောင်းပန်ပါတယ်ကွယ်"

ယဲ့ချန်းကလည်း ပြန်ပြောလိုက်၏။

"အဘိုး... ဘယ်လိုဖြစ်လို့ ဒီလောက်တောင် နမော်နမဲ့နိုင်ရတာလဲ"

"အဘိုးမှားတာပါ။ မနက်စောစောထရတာဆိုတော့ ငိုက်သွားတာ"

ထို့နောက် ယဲ့ချန်းက ကားဆီသို့ ပြန်လှည့်သွားပြီး ကူလီနန်ထဲက ခွရှင်တစ်ချောင်းကို ဆွဲထုတ်လာသည်။

ယဲ့ချန်း၏အပြုအမူကို မြင်သောအခါ ဘေးနားရှိ လူများလည်း အံ့သြသွားကြသည်။

"ဝိုး... ဒီလူငယ်က လွန်လိုက်တာ"

"ဟုတ်တယ်။ အဘိုးကြီးက ကားကိုတိုက်လိုက်မိတယ်ဆိုပေမဲ့ လူကိုတော့ ရိုက်စရာမလိုပါဘူး"

"ဟုတ်ပါ့။ ချမ်းသာတိုင်း ရမ်းကားနေတာ"

စုဝမ်ယိပင် မျက်မှောင်ကြုတ်လိုက်မိသည်။

အကယ်၍ ယဲ့ချန်းသာ အဘိုးအိုကို တစ်ခုခုလုပ်မည်ဆိုလျှင် သူ(မ)လည်း ယဲ့ချန်းကို ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

သို့သော် ယဲ့ချန်းက အဘိုးအိုကိုကျော်ပြီး သန့်ရှင်းရေးယာဉ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလေသည်။

ဒိုင်း... ဒိုင်း...

ယဲ့ချန်းက သန့်ရှင်းရေးယာဉ်ကို ဟန်ပြအနေနှင့် နှစ်ချက်လောက်ထုပြီး ပြောလိုက်၏။

"ကဲ အဘိုး... အခု ကျွန်တော်တို့ကျေသွားပြီနော်"

"ဟင်..."

အဘိုးအိုခမျာ အစပိုင်းမှာ ကြောင်သွားသော်ငြား နောက်တော့ စိတ်လှုပ်ရှားလေဟန် အမူအရာတစ်ခု ပေါ်လာလေသည်။

"မောင်ရင်... ဒါက"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"အဘိုးက ကျွန်တော့်ကားကို တိုက်တယ်။ ကျွန်တော်ကလည်း အဘိုးကားကို ပြန်ထုတယ်။ အခု ကျေသွားပြီလေ"

ကြည့်နေသည့် လူအုပ်ကြီးလည်း ခဏလောက်ကြောင်သွားပြီးမှ ဘာဖြစ်သွားလဲဆိုသည်ကို နားလည်သွားကြသည်။

လက်စသတ်တော့ ဤလူငယ်က အဘိုးအိုကို လျော်ကြေးမတောင်းဘဲ ခွင့်လွှတ်ပေးလိုက်ခြင်းပင်။

"ဒီလူငယ်လေးရဲ့လုပ်ရပ်က အရမ်းမိုက်တယ်"

"လူကောင်းလေးပဲ"

"ဒီလူငယ်ကို ချီးကျူးရမယ်"

...

ထိုနေရာမှာ နွေးထွေးသော လက်ခုပ်သြဘာသံများ ထွက်ပေါ်လာသည်။

ယဲ့ချန်းက ခပ်ပြုံးပြုံးဖြင့် ကားပေါ်သို့ ပြန်တက်လိုက်သည်။

စုဝမ်ယိကလည်း ရယ်မောလိုက်သည်။

"ယဲ့ချန်း... ရှင်က အရမ်းသဘောကောင်းတာပဲ"

ကားအစင်းရာကို ယဲ့ချန်းကိုယ်တိုင် ပြင်ရမည်ဖြစ်ရာ ပိုက်ဆံရှိတိုင်းလည်း ဤမျှအထိ သဘောထားကြီးပေးနိုင်ရန် မလွယ်ကူလှပေ။

တစ်စုံတစ်ယောက်က ဤဖြစ်ရပ်ကို ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်သို့ တင်လိုက်သည်။

"အရမ်းကြည်နူးစရာကောင်းတယ်။ ဒါကမှ လူမှုပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့ လုပ်ရပ်ပဲ"

"ဟုတ်တယ်။ စိတ်လှုပ်ရှားစရာကောင်းလိုက်တာ"

"အစကတော့ ဒီကောင်လေးက အဘိုးကြီးကို ရိုက်တော့မလားလို့တောင် ထင်နေတာ။ အဆုံးသတ်ကတော့ အရမ်းနွေးထွေးနေရောပဲ"

...

နောက်တစ်နေ့မှာတော့ ယဲ့ချန်း တက္ကစီ ဆက်မောင်းနေလိုက်သည်။

ခရီးစဉ်တစ်ခု ပြီးသွားချိန်မှာ လင်းရှစ်ယင်ဆီက ဖုန်းဝင်လာသည်။

"ကျောင်းအုပ်ယဲ့... ကျောင်းကို ခဏလောက် လာခဲ့လို့ရမလား"

"တစ်ခုခုဖြစ်လို့လား"

လင်းရှစ်ယင်က ခပ်မဲ့မဲ့ပြုံးလိုက်၏။

"ရောက်လာရင် သိပါလိမ့်မယ်"

ယဲ့ချန်း ကျောင်းထဲသို့ ကားမောင်းဝင်သွားသောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ကြိုဆိုနှုတ်ဆက်လေသည်။

"ကျောင်းအုပ်ယဲ့... မင်္ဂလာပါ။ ကျွန်တော်က ကျယ်ကျန်းတက္ကသိုလ်ရဲ့ကျောင်းအုပ် ကျိုးခွန်းပါ"

"ဪ... ကျောင်းအုပ်ကျိုး မင်္ဂလာပါ"

ကျယ်ကျန်းတက္ကသိုလ်ကလည်း ဟွားနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်များထဲက တစ်ခုဖြစ်ပြီး မိုတုမြို့နှင့် နီးကပ်ပေသည်။

တစ်ဖက်လူကလည်း ကျောင်းအုပ်တစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်းအနေနှင့် ဖော်ဖော်ရွေရွေ နှုတ်ဆက်လိုက်၏။

ယဲ့ချန်းက သိချင်စိတ်ဖြင့် မေးလိုက်၏။

"ကျောင်းအုပ်ကျိုး... မိုတုမြို့အထိ ရောက်လာတာ ဘာကိစ္စများရှိလို့လဲဗျ"

"ကျောင်းအုပ်ယဲ့... ကျွန်တော် ဒီကိုလာရတဲ့အကြောင်းအရင်းက..."

ထိုအချိန်မှာပင် နောက်ထပ်ကားတစ်စီး ဆိုက်ရောက်လာသည်

"လောင်ကျိုး... ခင်ဗျားက တော်တော်မြန်တာပဲ"

ကျိုးခွန်းမှာ ထိုလူ့ကိုမြင်သော် မျက်နှာတည်သွားသည်။ ထိုလူမှာ ဖုတန်တက္ကသိုလ်၏ ကျောင်းအုပ်ကြီးပင်။

နာမည်ကြီးကျောင်းများ၏ ကျောင်းအုပ်များက သူ့ကျောင်းကို ဘာကြောင့် အစုလိုက်အပြုံလိုက် ရောက်လာကြသလဲဆိုသည်ကို ယဲ့ချန်း နားမလည်နိုင်ပေ။

လင်းရှစ်ယင် သူ့ကို ဖုန်းဆက်ရခြင်းမှာ ကျောင်းအုပ်ရုံးခန်းထဲတွင် ကျောင်းအုပ်တချို့ ရောက်နေသောကြောင့်ပင်။

"ကဲ... အားလုံးပဲ ကျွန်တော့်ရုံးခန်းထဲမှာ အတူစကားပြောကြတာပေါ့"

ကျောင်းအုပ်ရုံးခန်းထဲသို့ ရောက်သောအခါ ယဲ့ချန်း၏ရုံးခန်းထဲတွင် ကျောင်းအုပ်ရှစ်ယောက် စုဝေးနေကြောင်း တွေ့လိုက်ရပြန်သည်။

ဤကျောင်းအုပ်ရှစ်ယောက်စလုံးက ဟွားနိုင်ငံ၏ နာမည်ကျော်၉၈၅ကျောင်းများမှ ဖြစ်ကြပြီး ပညာရေးလောကတွင် ထင်ရှားသူများပင်။ ယခုအချိန်တွင်မူ သူတို့အားလုံး ယဲ့ချန်း၏ရုံးခန်းထဲသို့ ရောက်နေကြသည်။

ယဲ့ချန်းက မေးလိုက်၏။

"ကျောင်းအုပ်ကြီးတို့... ကျွန်တော့်ဆီက ဘာများလိုချင်လို့လဲ"

ကျိုးခွန်းက မတ်တတ်ထရပ်ပြီး ပြောလိုက်၏။

"ကျောင်းအုပ်ယဲ့... ကျွန်တော်တို့ရဲ့ ကျောင်းသားတချို့ကို ခင်ဗျားတို့ကျောင်းဆီ ပညာသင်ဖလှယ်ရေးအဖြစ် လွှတ်ချင်လို့ပါ"

ကျန်ကျောင်းအုပ်များကလည်း ဤရည်ရွယ်ချက်ဖြင့် လာကြခြင်းပင်။

ပညာသင်ဖလှယ်ရေးတဲ့လား။

ယဲ့ချန်း အံ့သြသွားရသည်။

ဤသည်မှာ နာမည်ကြီးကျောင်းများပင်။ ဘာကြောင့်များ ရုတ်တရက်ကြီး သာမန်ကျောင်းလေးနှင့် ပညာရပ်ဆိုင်ရာဖလှယ်မှုများ လုပ်ချင်ရလေသလဲ။

ဖုတန်တက္ကသိုလ်ကျောင်းအုပ်ကြီးကလည်း စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။

"ကျောင်းအုပ်ယဲ့... ကျုပ်တို့က စိတ်ရင်းနဲ့လာခဲ့တာပါ။ ကျုပ်တို့ဆီက အတော်ဆုံးကျောင်းသားတွေကို လွှတ်ပေးမယ်လို့ အာမခံပါတယ်"

ကျန်ကျောင်းအုပ်များကလည်း သူတို့ကျောင်း၏ အထူးချွန်ဆုံးကျောင်းသားများကို လွှတ်မည်ဟု ကတိပေးကြသည်။

ကျိုတိုတက္ကသိုလ် ကျောင်းအုပ်ကလည်း မှတ်ချက်ပြုလာလေသည်။

"ကျောင်းအုပ်ယဲ့... ကျုပ်တို့ရဲ့ ကွန်ပျူတာသိပ္ပံကျောင်းသားတွေက ဟွားနိုင်ငံမှာ နံပါတ်တစ်ပါပဲ"

"ကျုပ်တို့ရဲ့ စွမ်းအင်သစ်ပရိုဂရမ်ကလည်း ဟွားနိုင်ငံမှာ နာမည်ကြီးပါတယ်"

ကျောင်းရှစ်ကျောင်းရှိ ကျောင်းအုပ်များမှာ ယဲ့ချန်းက အခြားကျောင်းကို အခွင့်အရေး ပေးလိုက်မည်စိုးသောကြောင့် တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင်ဖြစ်နေကြသည်။

ကျောင်းအုပ်ကြီးရှစ်ယောက်အကြား ရန်ပွဲဖြစ်တော့မတတ်ပင်။

ယဲ့ချန်းလည်း ယခုမှသာ အခြေအနေကို သဘောပေါက်သွားတော့သည်။

စတားတက္ကသိုလ်က နိုင်ငံတော်အဆင့် အမြင့်ဆုံးသုတေသနဆုကို ရရှိထားသောကြောင့် သူတို့ကျောင်းသားများကို လာရောက်သင်ယူစေပြီး သူတို့ကျောင်း၏ သုတေသနစွမ်းရည်ကို မြှင့်တင်ချင်ကြခြင်းပင်။

တက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ဖလှယ်မှုဆိုသည်မှာလည်း ပုံမှန်ကိစ္စရပ်တစ်ခုပင် ဖြစ်လေရာ ယဲ့ချန်းအနေနှင့် ငြင်းပယ်စရာ အကြောင်းမရှိပေ။

ခဏမျှစဉ်းစားကြည့်ပြီးနောက် ယဲ့ချန်းလည်း လိုလိုလားလား သဘောတူလိုက်သည်။

ဤကိစ္စက စတားတက္ကသိုလ်အတွက် ဆိုးကျိုးမရှိသည့်အပြင် ရောက်လာမည့် ကျောင်းသားများကလည်း အတော်ဆုံး ကျောင်းသားများ ဖြစ်နေချေမည်။

ဤတက္ကသိုလ်များက သူတို့ဘာသာသူတို့ ရောက်လာကြခြင်းဖြစ်လေရာ ယဲ့ချန်းအနေနှင့် ဤအခွင့်အရေးကို လွယ်လွယ်နှင့် ဘယ်လက်လွှတ်မည်နည်း။

"ကောင်းပါပြီ... ကျွန်တော် သဘောတူပါတယ်။ ဒါပေမဲ့ အရေအတွက်တော့ အများကြီး မဖြစ်စေချင်ဘူး။ ကျောင်းတစ်ကျောင်းကို သုံးနေရာစီပဲ ပေးနိုင်မယ်"

အရေအတွက် ကန့်သတ်လိုက်မှသာ ဤကျောင်းအုပ်ကြီးများအနေနှင့် သူတို့၏ အတော်ဆုံးလူများကို ရွေးလွှတ်ကြမည်ဖြစ်ကြောင်း ယဲ့ချန်း သိနေချေသည်။

သို့သော် ဤလူတော်များ စတားတက္ကသိုလ်ကို ရောက်လာပြီဆိုလျှင် ပြန်ရန် မလွယ်တော့ပေ။

နေရာသုံးခုသာရမည်ဖြစ်ကြောင်း ကြားလိုက်ရချိန်ဝယ် ကျောင်းအုပ်ကြီးများ မျက်မှောင်ကြုတ်သွားကြသည်။

"ကျောင်းအုပ်ယဲ့... သုံးနေရာဆိုတာက အရမ်းနည်းလွန်းပါတယ်။ အနည်းဆုံး ဆယ်နေရာလောက်တော့ ပေးသင့်ပါတယ်"

ကျိုးခွန်းက ဆိုလေသည်။

"ဟုတ်တယ်။ ကျောင်းတွေကြားမှာ ဖလှယ်တာဆိုတော့ ကျောင်းသားများများရှိမှ ပိုကောင်းမှာ"

ကျန်ကျောင်းအုပ်များကလည်း ဝိုင်းပြောကြသည်။

"ဒီလိုလုပ်ရင်ရော... စတားတက္ကသိုလ်ကသာ လူအရေအတွက်တိုးပေးမယ်ဆိုရင် ကျုပ်တို့ဘက်ကလည်း အပိုရန်ပုံငွေတွေ ထည့်ဝင်ပေးပါ့မယ်"

"ဟုတ်တယ်။ နေရာတွေက အရမ်းနည်းနေသေးတယ်"

ယဲ့ချန်းက ပြောလိုက်၏။

"ဒီလိုလုပ်တာပေါ့။ ကျောင်းတစ်ကျောင်းကို ငါးနေရာစီပေးမယ်။ ဒါက နောက်ဆုံးကမ်းလှမ်းချက်ပဲ။ လက်မခံနိုင်ဘူးဆိုရင်လည်း ထားလိုက်တော့"

ယဲ့ချန်း၏စကားကို ကြားပြီးနောက် ကျောင်းအုပ်ကြီးများလည်း ဘာမှထပ်မပြောတော့ပေ။

ယဲ့ချန်းကလည်း လျှော့ပေးလိုက်သည်မဟုတ်လော။

ငါးနေရာဆိုသည်မှာ သုံးနေရာထက်တော့ ပိုကောင်းပေသည်။

ထို့နောက် ကျောင်းအုပ်ကြီးများမှာ ပညာဖလှယ်ရေးကျောင်းသားများ၏ အသေးစိတ်အချက်အလက်များကို ဆွေးနွေးပြီးမှ ပြန်သွားကြသည်။

သို့သော် ထိုကျောင်းအုပ်များမှာ တစ်ယောက်ကိုတစ်ယောက် ရန်လိုသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

အကယ်၍ အခြားလူများသာ ရောက်မလာခဲ့လျှင် သူတို့ကျောင်းက နေရာပိုရနိုင်သည်မဟုတ်လော။

စတားတက္ကသိုလ်ထဲက ထွက်လာပြီးသည်နှင့် ထိုကျောင်းအုပ်များမှာ သူတို့ကျောင်း၏ အတော်ဆုံးကျောင်းသားများကို စတင်ရွေးချယ်လေတော့သည်။

ဤကျောင်းသားများမှာ တာဝန်တစ်ခုကို ထမ်းဆောင်ရမည်ဖြစ်သောကြောင့် ကျောင်းတွင် အထူးချွန်ဆုံး ပါရမီရှင်များဖြစ်ကြသည်။

•••••••••••••••••

အပိုင်း ၄၉၄ : ပညာဖလှယ်ရေးကျောင်းသားသစ်

နောက်တစ်နေ့မှာ စတားတက္ကသိုလ်သည် လူသစ်အယောက်ငါးဆယ်ကို ကြိုဆိုလက်ခံခဲ့သည်။

ဤအယောက်ငါးဆယ်က ဟွားနိုင်ငံ၏ ထိပ်တန်းကျောင်းဆယ်ကျောင်းမှ ရွေးချယ်ခံထားရသော ထူးချွန်သူများပင်။

သူတို့သည် ကွန်ပျူတာသိပ္ပံ၊ စက်မှုအင်ဂျင်နီယာအပြင် ရူပဗေဒနှင့် ဓာတုဗေဒဘာသာရပ်များကိုလည်း အထူးပြုလေ့လာထားကြသူများဖြစ်သည်။

ယဲ့ချန်းခမျာ စကားပင်မပြောနို​င်လောက်အောင် ဖြစ်သွားသည်။

ဤပါမောက္ခချုပ်များက လောကြီးလွန်းနေသည်မဟုတ်လော။

မနေ့ကမှ အစည်းအဝေးလုပ်ပြီးသော်ငြား ယနေ့ချက်ချင်း ကျောင်းသားများကို လွှတ်လိုက်ကြသည်။

ကျောင်းသားအယောက်ငါးဆယ်ကို သူတို့၏ အထူးပြုဘာသာရပ်အလိုက် အတန်းများထဲသို့ ခွဲထည့်ပေးလိုက်သည်။

ဤကျောင်းသားများ ကျောင်းကို စရောက်လာချိန်တုန်းက သူတို့၏မျက်နှာပေါ်တွင် မောက်မာလေဟန် အမူအရာများဖြင့် ပြည့်နှက်နေလေသည်။

သူတို့သည် သူတို့၏ကျောင်းတွင် ပါရမီရှင်များဖြစ်ကြပြီး ကျောင်းတစ်ကျောင်းချင်းစီ၏ ထိပ်တန်းလူရည်ချွန်များလည်း ဖြစ်၏။

ဤဂုဏ်ပုဒ်များနှင့်အတူ သူတို့က စတားတက္ကသိုလ်ထဲသို့ သာလွန်မြင့်မြတ်လေဟန်ဖြင့် ဝင်ရောက်လာခဲ့ကြသည်။

ဤကျောင်းသားများနှင့် တွေ့ရသည့်အတွက် ယဲ့ချန်းကတော့ အလွန်ဝမ်းသာနေပေသည်။

ဤကျောင်းသားတစ်ယောက်ချင်းစီတိုင်းက ထူးချွန်ထက်မြက်ကြသည်။

သူတို့က သက်ဆိုင်ရာကျောင်းအသီးသီး၏ အားအထားရဆုံး အဓိကကျောင်းသားများပင် မဟုတ်လော။

ယခု ကျောင်းကို ရောက်လာပြီဖြစ်ရာ ယဲ့ချန်းအနေနှင့် ဤအခွင့်အရေးကို လက်လွှတ်ခံနိုင်မည်တဲ့လား။

ဤကျောင်းသားများသာ စတားတက္ကသိုလ်က ဘယ်လောက်အံ့သြဖို့ကောင်းလဲဆိုသည်ကို သိသွားလျှင် မောင်းထုတ်သည့်တိုင် ပြန်ကြမည်မဟုတ်ကြောင်း ယဲ့ချန်း ယုံကြည်ထားသည်။

ရိုးရှင်းသော မိန့်ခွန်းတစ်ခု ပြောကြားပြီးနောက် ယဲ့ချန်းက အထူးပြုဘာသာရပ်အလိုက် အတန်းခေါင်းဆောင်များကို ခေါ်ယူပြီး ဤကျောင်းသားများကို သူတို့၏အတန်းသစ်များဆီသို့ ခေါ်သွားခိုင်းလိုက်သည်။

လီရှောင်မင်က ကွန်ပျူတာသိပ္ပံဘာသာရပ်ကို သင်ယူနေသူပင်။

ကျိုတိုတက္ကသိုလ်မှာတော့ သူက ကွန်ပျူတာနတ်ဘုရားဖြစ်၏။

သို့သော် ကွန်ပျူတာသိပ္ပံအတန်းထဲကို လျှောက်ဝင်သွားလိုက်ချိန်မှာမူ ချက်ချင်းဆိုသလို မှင်တက်သွားရသည်။

သောက်ကျိုးနည်း... ဒီကုတ်တွေက ဘာတွေလဲ...

သူ့ကို ပိုမှင်တက်သွားစေသောအရာကား ဤကျောင်းသားများ၏ ကုတ်များမှာ Mနိုင်ငံ၏ ကာကွယ်ရေးစနစ်ထဲကိုပင် အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်ခြင်းပင်။

ဤသည်မှာ စင်စစ်မယုံနိုင်စရာကောင်းလှသည်။

လီရှောင်မင်ခမျာ ငေးငိုင်သွားသည်။

ကျိုတိုတက္ကသိုလ်တွင် သူသည် ကွန်ပျူတာနတ်ဘုရား ဖြစ်ချင်ဖြစ်နေလိမ့်မည်။

သို့သော် စတားတက္ကသိုလ်တွင်မူ သာမန်လက်အောက်ငယ်သားအဆင့်သာ ရှိသေးသည်။

တစ်ချိန်တည်းမှာပင် စတားတက္ကသိုလ်၏ လက်တွေ့စမ်းသပ်ခန်း အဆောက်အအုံထဲတွင်...

ဝူကွမ်းသည် မိုတုတက္ကသိုလ်မှ ထုတ်လုပ်မှုပိုင်းဆိုင်ရာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဆုတံဆိပ်အများကြီး ရရှိထားသည်။

စတားတက္ကသိုလ်၏ နည်းပညာအဆောက်အအုံထဲသို့ ဝင်ဝင်ချင်းမှာပင် ထိုနေရာရှိ အထောက်အကူပြုပစ္စည်းများကိုမြင်ပြီး သူ မှင်တက်သွားချေသည်။

မယုံနိုင်စရာပင်။ စတားတက္ကသိုလ်၏ စမ်းသပ်ခန်းက မိုတုတက္ကသိုလ်ထက် အဆတစ်ရာခန့် ပိုကောင်းနေသေးသည်။

ကမ္ဘာ့နာမည်ကြီးတက္ကသိုလ်များမှာပင် စတားတက္ကသိုလ်လောက် ကိရိယာတန်ဆာပလာ အပြည့်အစုံရှိပါ့မလားဟု တွေးမိသည်။

စက်မှုအင်ဂျင်နီယာအလုပ်ရုံထဲသို့ ဝင်လိုက်ချိန်တွင်မူ...

သူ့ရှေ့ရှိ ဧရာမစက်ရုပ်ကြီးကို ကြည့်ပြီး ဝူကွမ်းခမျာ အံ့ဩမှင်တက်သွားရပြန်သည်။

ဘုရားရေ... စတားတက္ကသိုလ်က ကျောင်းသားတွေက အရမ်းမိုက်တာပဲ။

သူတို့က စက်ရုပ်ကြီးတွေတောင် ဖန်တီးနေကြတာကိုး...

သူ အံ့ဩတကြီးငေးနေတုန်းမှာပင် ဂဟေဆက်နေသည့် ကျောင်းသားတစ်ယောက်က လှမ်းအော်လေသည်။

"ဟေး... လူသစ်.. ငါ့အတွက် နေ့လယ်စာသွားယူပေးစမ်း"

ဝူကွမ်းခမျည ခေါင်းညိတ်ပြပြီး အမြန်ပြေးသွားပါတော့သည်။

ချန်းအိုက်ရုန်က ကျယ်ကျန်းတက္ကသိုလ်၏ စွမ်းအင်သစ်ဌာနမှ ပါရဂူဘွဲ့ကျောင်းသားတစ်ဦးပင်။

အစပိုင်းတွင် သူသည် စတားတက္ကသိုလ်ကို လာရန် အလွန်ဝန်လေးနေခဲ့သည်။

သူသည် ဟွားနိုင်ငံ၏ စွမ်းအင်သစ်ကဏ္ဍတွင် တောက်ပလာမည့် ကြယ်ပွင့်တစ်ပွင့်ပင် ဖြစ်ချေသည်။

သူ့သုတေသနစာတမ်းများကလည်း နိုင်ငံတကာဂျာနယ်များတွင် မကြာခဏ ဖော်ပြခံရလေ့ရှိ၏။

သူ့လိုလူက စတားတက္ကသိုလ်မှာ သင်ယူရမည်တဲ့လား။ ဘာများ သင်ယူစရာရှိလေသလဲ။

သူကသာ ဤကျောင်းသားများကို လမ်းညွှန်သင်ကြားပေးလျှင် ပိုသင့်တော်ပေဦးမည်။

မောက်မာလှသော သူ့အမူအရာများမှာ စမ်းသပ်ခန်းထဲသို့ ဝင်လိုက်သည်နှင့် တစ်စစီကျိုးပဲ့သွားသည်။

အကြောင်းမှာ ထိုနေရာရှိ ကျောင်းသားများမှာ နျူကလီးယားဓာတ်ပေါင်းဖိုစမ်းသပ်မှုကို လုပ်ဆောင်နေကြောင်း တွေ့လိုက်ရသောကြောင့်ပင်။

သေစမ်း... စတားတက္ကသိုလ်က ကျောင်းသားတွေက ဒီလောက်တောင် ထူးချွန်ကြတာလား။

...

အခြားအထူးပြုဘာသာရပ်များရှိ ကျောင်းသားများလည်း ဤသို့နှယ် အံ့အားသင့်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး စတားတက္ကသိုလ်၏ မယုံနိုင်စရာကောင်းလှသည့် သင်ထောက်ကူပစ္စည်းများနှင့် အလွန်ထက်မြက်သော ကျောင်းသားများကြောင့် အံ့ဩမှင်တက်သွားကြရသည်။

ဤကျောင်းသားများမှာ ဆရာမပါဘဲ ဘယ်လိုသင်ယူနေကြသလဲဆိုသည်ကို သူတို့ သိချင်ခဲ့ကြသည်။

လက်စသတ်တော့ ဤကျောင်းသားများက သင်ယူဖို့ပင် မလိုချေ။ သူတို့ကိုယ်တိုင်က ပါရမီရှင်များ ဖြစ်နေကြသည်။

ယခုအချိန်တွင် စတားတက္ကသိုလ်၏ အရေးအကြီးဆုံးစမ်းသပ်မှုမှာ စက်ရုပ်ထုတ်လုပ်ရေးပင်။

ဤသည်မှာ စတားတက္ကသိုလ်က မကြာသေးခင်ကမှ စတင်လိုက်သည့် ပရောဂျက်အသစ်တစ်ခုပင်။

ယခင်တုန်းက စတားတက္ကသိုလ်သည် လုဂန်ပြုလုပ်ခဲ့သည့် ဉာဏ်ရည်တုစက်ရုပ်နှင့် ဟွားနိုင်ငံ၏ နည်းပညာဆုများတွင် ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

တကယ်တော့ ထိုစက်ရုပ်လေးက အသေးစားပုံစံငယ်လေးသာ။

စတားတက္ကသိုလ်သို့ ပြန်ရောက်သောအခါ လုဂန်က စက်ရုပ်ထုတ်လုပ်ရေးကို စတင်ခဲ့သည်။

စတားတက္ကသိုလ်၏ တစ်ခုတည်းသောကောင်းကျိုးတစ်ချက်ကတော့ ဖန်တီးချင်စိတ်သာရှိနေသရွေ့ လိုအပ်သည့် ပစ္စည်းမှန်သမျှကို ရနိုင်ခြင်းပင်။

ထို့ကြောင့် ယခုဆိုလျှင် စက်ရုပ်၏ မူလပုံကြမ်းက ပုံပေါ်နေချေပြီ။

ဝူကွမ်းခမျာ လုံးဝမှင်တက်သွားရသည်။

သူ့ကျောင်းတွင် သူ ဂုဏ်ယူခဲ့ရသော အရာများမှာ ယခုမူ အမှိုက်ပုံကြီးတစ်ပုံနှယ် ခံစားလိုက်ရသည်။

ယခု စတားတက္ကသိုလ်က စက်ရုပ်ကြီးများကိုပင် ဖန်တီးနေလေပြီ။

ယခင်က ကာတွန်းကားထဲမှာသာ မြင်တွေ့ရလေ့ရှိသော စက်ရုပ်ကြီးများကို လက်တွေ့တွင်လည်း နိုင်ငံအသီးသီးက တီထွင်ဖန်တီးနေကြသော်ငြား ဘယ်နိုင်ငံမှ မအောင်မြင်သေးပေ။

ဤပရောဂျက်က လုဂန်နှင့် ဝမ်မုန့်တို့ ပူးပေါင်းလုပ်ဆောင်ထားသည့် ပရောဂျက်တစ်ခုပင်။

ဤမျှကြီးမားသော စက်ရုပ်ကြီးအတွက် ဧရာမစွမ်းအင်အရင်းအမြစ်တစ်ခု လိုအပ်သည်ဖြစ်ရာ ဝမ်မုန့်၏ နျူကလီးယားဓာတ်ပေါင်းဖိုက စက်ရုပ်အတွက် အားကောင်းသော နှလုံးသားဗဟိုချက်တစ်ခုအဖြစ် အပြည့်အဝ ပံ့ပိုးပေးနိုင်သည်။

ယခုအချိန်တွင် စက်ရုပ်၏လုပ်ဆောင်ချက်များအားလုံး ပြီးပြည့်စုံနေပြီဖြစ်၏။ စွမ်းအင်ပြည့်ဝသော ဤနှလုံးသားတစ်ခုတည်းသာ လိုတော့သည်။

ဝူကွမ်းက အစပိုင်းတွင် အကူအနေနှင့် ပါဝင်ခဲ့သော်ငြား သူ၏အံ့မခန်းပါရမီကြောင့် ထုတ်လုပ်ရေးအဖွဲ့ထဲကို အလျင်အမြန် ပေါင်းစည်းဝင်ရောက်သွားနိုင်ခဲ့သည်။

စတားတက္ကသိုလ်တွင် တစ်ရက်သာ နေရသေးသော်ငြား သူကျောင်းမှာ တစ်နှစ်လုံး သင်ခဲ့ရသည်ထက် ပိုပညာရသည်ဟု ဝူကွမ်း ခံစားမိသည်။

မိုတုတက္ကသိုလ်၏ ပါမောက္ခချုပ်က အခြေအနေမေးမြန်းရန်အတွက် ဝူကွမ်းဆီသို့ ဖုန်းခေါ်လာသည်။

ဝူကွမ်း၏တာဝန်က စတားတက္ကသိုလ်၏ နည်းပညာကို လေ့လာရန်ဖြစ်ပြီး ကျောင်းဘက်က သူပြန်လာသည်နှင့် သင်ကြားရေးရာထူးကို ပေးအပ်မည်ဟုပင် ကတိပေးထားသည်။

"ဟယ်လို ဝူကွမ်း... စတားတက္ကသိုလ်မှာ ပညာသင်ရတာ အခြေအနေဘယ်လိုရှိလဲ"

"ဪ... အရမ်းကောင်းပါတယ် ပါမောက္ခချုပ်။ ကျွန်တော် အလုပ်များနေလို့ နောက်မှဆက်ပြောမယ်နော်"

ထိုသို့ပြောပြီးသည်နှင့် သူက ဖုန်းချပစ်လိုက်သည်။

မိုတုတက္ကသိုလ်၏ ပါမောက္ခချုပ်ခမျာ နည်းနည်းတော့ ကြောင်အသွားချေသည်။

ဤကျောင်းသားများက အမိကျောင်းတော်ထဲတွင် အလွန်ရိုသေကိုင်းရှိုင်းတတ်ကြသော်လည်း စတားတက္ကသိုလ်ကို ရောက်သွားသောအခါ သူတို့ကိုယ်သူတို့ အလွန်အထင်ကြီးသွားလေဟန်ဖြင့် သူ့ဖုန်းကိုပင် ချပစ်ရဲနေချေပြီ။

ဤအခြေအနေမျိုးက အခြားပါမောက္ခချုပ်များနှင့် ကျောင်းသားများကြားမှာလည်း ဖြစ်ပွားခဲ့သည်။

စတားတက္ကသိုလ်၏ ဌာနတိုင်းက ထူးခြားသောအရာများကို ပံ့ပိုးပေးထားပြီး နိုင်ငံတော်အဆင့် ဦးဆောင်နေသော နယ်ပယ်များလည်း အပါအဝင်ပင်။

ထက်မြက်လှသော ဤကျောင်းသားများက လေ့လာသင်ယူရခြင်းကို နှစ်သက်ကြသလို စူးစမ်းရှာဖွေခြင်းကိုလည်း သဘောကျကြသည်။

စတားတက္ကသိုလ်ကို ရောက်လာချိန်တွင် သူတို့သည် ရေထဲကိုရောက်သွားသော ငါးတစ်ကောင်နှယ် ဖြစ်သွားပြီး ဤနေရာရှိ အသိပညာများအားလုံးကို အငမ်းမရစုပ်ယူလေ့လာနေကြတော့သည်။

မူလကျောင်းကိုပြန်ရန် ဟူသော အတွေးမျိုးကတော့ လုံးဝပျောက်ကွယ်သွားလေပြီ။

ကျောင်းအသီးသီးက သူတို့ကို မက်လောက်စရာ အခွင့်အရေးများ ပေးထားသော်လည်း စတားတက္ကသိုလ်ကတော့ သူတို့၏အိပ်မက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မည့် အခွင့်အလမ်းကို ပေးစွမ်းနိုင်သည်။

အစပိုင်းတွင် ဤကျောင်းသားများက ဖုန်းကို အလွယ်တကူချပစ်ပြီး နောက်ပိုင်းမှာမူ ဖုန်းခေါ်သည်ကိုပင် လုံးဝလျစ်လျူရှုလာကြောင်း ပါမောက္ခချုပ်များမှာ စိတ်ပျက်ဖွယ် သိရှိလိုက်ရသည်။

ဤပါမောက္ခချုပ်များ၏ ရင်ထဲတွင် စိုးရိမ်ပူပန်လာပြီး မလုံခြုံသော ခံစားချက်များလည်း ကိန်းအောင်းလာသည်။

ထိုနေ့မှာပင် ဗီဒီယိုတစ်ခုက အင်တာနက်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။

ထိုဗီဒီယိုမှာ စတားတက္ကသိုလ်က ထုတ်လုပ်လိုက်သည့် စက်ရုပ်ကြီးအကြောင်းပင်။

ထိုစက်ရုပ်ကြီးက အလွန်အထင်ကြီးလောက်စရာကောင်းပြီး ယခင်ဘဝတုန်းက အော့ပတီမတ်စ်ပရိုင်းမ်ကိုပင် သတိရစေသည်။

ဗီဒီယိုကို တင်လိုက်သည်နှင့် အကြိတ်အနယ်ဆွေးနွေးငြင်းခုံကြလေတော့သည်။

မိုတုတက္ကသိုလ်ရှိ ကျောင်းသားများကလည်း ဗီဒီယိုများကို ကြည့်နေကြသည်။

ရုတ်တရက်ဆိုသလို ခက်ထန်ကြမ်းတမ်းလှသော စက်ရုပ်ကြီးတစ်ခုက သူတို့၏ဖုန်းထဲတွင် ပေါ်လာလေသည်။

"ဝိုး... ဒီစက်ရုပ်ကြီးက အစစ်လားဟ"

"ကွန်ပျူတာနဲ့ ဖန်တီးထားသလိုပဲနော်။ ဟုတ်တယ်မလား"

"မဟုတ်ဘူး။ အစစ်ဟ။ ဟိုမှာကြည့်စမ်း၊ အဲဒါ ဝူကွမ်းမဟုတ်လား"

ဝူကွမ်းက ထိုစက်ရုပ်ကြီးကို လုပ်ဆောင်နေကြောင်း မြင်လိုက်ရချိန်တွင် သူတို့အားလုံး မှင်တက်သွားကြသည်။

ဘုရားရေ... ဒါက တကယ့်အစစ်ကြီးလား။

ထိုအချိန်မှာပင် ဟွားနိုင်ငံရှိ အကြီးအကဲတစ်ယောက်ကလည်း ထိုဗီဒီယိုကိုကြည့်ရင်းမျက်လုံးများ အရောင်လက်သွားချေသည်။

"ဒီစက်ရုပ်ကြီးက တကယ့်အစစ်လား"

ယူနီဖောင်းဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ပြောလိုက်သည်။

"ကျွန်တော်တို့ အတည်ပြုပြီးပါပြီ။ ဗီဒီယိုက အစစ်ပါ"

"ဒါဆို ဟွားနိုင်ငံက စက်ရုပ်ကို တကယ် ဖန်တီးနိုင်သွားပြီပေါ့"

အကြီးအကဲခမျာ အတိုင်းမသိ ဝမ်းသာသွားသည်။

"အပြည့်အစုံတော့ မပြီးသေးလောက်ပါဘူး။ ဒါပေမဲ့ မူလပုံကြမ်းကတော့ ရနေပြီထင်တယ်။ ကျွန်တော်တို့နည်းပညာဌာနက ခွဲခြမ်းစိတ်ဖြာကြည့်တာတော့ စက်ရုပ်ရဲ့ ပြီးပြည့်စုံမှုက ဂျပန်ရဲ့လက်ရှိတိုးတက်မှုအခြေအနေထက်တောင် ကျော်နေပါတယ်"

"ဘယ်တက္ကသိုလ်ကလဲဆိုတာ စုံစမ်းလိုက်။ ငါကိုယ်တိုင် သွားကြည့်ချင်တယ်"

အကြီးအကဲက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

••••••••••••••••••

အပိုင်း ၄၉၅ : တစ်ဖန်သတိထားခံရခြင်း

အကြီးအကဲက တစ်စုံတစ်ခုကို သတိရသွားပြီး ထပ်ဖြည့်ပြောလိုက်သည်။

"ပြီးတော့ အွန်လိုင်းပေါ်က စက်ရုပ်ဗီဒီယိုတွေအကုန်လုံးကို ဖျက်ပစ်လိုက်။ အင်တာနက်ပေါ်မှာ ပြန့်သွားလို့မဖြစ်ဘူး"

မကြာခင်မှာပင် ဟွားနိုင်ငံ၏ ကွန်ရက်ဆက်သွယ်ရေးဌာနက စတင်အရေးယူဆောင်ရွက်ပါတော့သည်။

အွန်လိုင်းပေါ်ရှိ စက်ရုပ်ကြီးနှင့် ပတ်သက်သည့် ဗီဒီယိုများမှာ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပါတော့သည်။

ထိုအချိန်မှာ ယဲ့ချန်းကလည်း စက်ရုပ်ထုတ်လုပ်မှု၏ တိုးတက်မှုအခြေအနေကို စောင့်ကြည့်နေသည်။

ဤပရောဂျက်ကို မြင်လိုက်ရချိန်မှာ ယဲ့ချန်းလည်း လန့်သွားခဲ့ရသည်။

ကျောင်းသားများ၏ ဖန်တီးနိုင်စွမ်းက ဤမျှအထိ ကြောက်စရာကောင်းနေလိမ့်မည်ဟု သူ ထင်မထားပေ။

သူတို့က စက်ရုပ်ကြီးတစ်ခုကို ဖန်တီးရန် သန္နိဋ္ဌာန်ချထားကြသည်။

ယဲ့ချန်းလည်း ဒီဇိုင်းပုံကြမ်းများကို ကြည့်ပြီး တိတ်တဆိတ် ခေါင်းခါလိုက်သည်။

စက်ရုပ်ကြီး၏ပုံကြမ်း ထွက်လာပြီဆိုသော်ငြား အပြီးသတ်ရန်မှာမူ အလှမ်းဝေးနေသေးသည်။

သူတို့၏ လက်ရှိတိုးတက်မှုအခြေအနေအရ ခန့်မှန်းကြည့်ရလျှင် အနည်းဆုံး အနှစ်နှစ်ဆယ်လောက်တော့ အချိန်ယူရဦးမည်။

စက်ရုပ်ကြီးမှာ နျူကလီးယားစွမ်းအင် အသုံးပြုမှုနှင့် စွမ်းအင်စီးဆင်းမှု လုပ်ဆောင်ချက်များကဲ့သို့ အရေးကြီးအချက်တော်တော်များများတွင် ချို့ယွင်းချက်ကြီးကြီးမားမား ရှိနေသေးသည်။

ယဲ့ချန်းကတော့ အနှစ်နှစ်ဆယ်မစောင့်နိုင်ပေ။ သို့သော် ယဲ့ချန်းတွင် နတ်ဘုရားအဆင့်နည်းပညာ ရှိနေချေသည်။

ထို့ကြောင့် ဤကျောင်းသားများကို ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

ယဲ့ချန်းက စမ်းသပ်ခန်းထဲသို့ သွားပြီး ပုံကြမ်းတချို့ကို ဆွဲထုတ်ကာ ဝမ်မုန့်နှင့် ဝူဂန်တို့ကို ကမ်းပေးလိုက်သည်။

"ကျောင်းအုပ်ယဲ့... ဒါက ဘာတွေလဲ"

"မင်းတို့လုပ်ထားတဲ့ စက်ရုပ်ကို ငါတွေ့ပြီးပြီ။ တော်တော်ဖန်တီးမှုအားကောင်းတယ်။ ဒါပေမဲ့ အဓိကကျတဲ့ နေရာတွေမှာတော့ ပြုပြင်မွမ်းမံဖို့လိုနေသေးတယ်။ သေချာထပ်လေ့လာကြည့်ကြ"

ထုံးစံအတိုင်းပင် ယဲ့ချန်းက ပုံကြမ်းများကို သူတို့လက်ထဲ ထည့်ပေးပြီး ထွက်လာခဲ့သည်။

ယဲ့ချန်းက သူတို့ကို လမ်းမှန်ပြသပေးခဲ့ပြီးပြီဖြစ်ရာ လက်တွေ့အလုပ်ကိုတော့ သူတို့ကိုယ်တိုင် လုပ်ရမည်သာ။

ထိုအဖွဲ့က ပုံကြမ်းများကို ရလိုက်ချိန်မှာမူ မျက်နှာအမူအရာများ ရုတ်တရက်ပြောင်းလဲသွားသည်။

ဤသည်မှာ သူတို့ ခေါင်းစားခံပြီး စဉ်းစားနေခဲ့ရသည့် အရာများပင်။

ယဲ့ချန်းက သူတို့၏ပြဿနာအားလုံးကို ဖော်မြူလာအဖြစ် ချပြပြီး ကူညီပေးခဲ့သည်ဟုပင် ဆိုနိုင်သည်။

ယခု သူတို့လုပ်ရမည့်အရာကား ဤဖော်မြူလာများကို အဖြေရှာရန်ပင်။

ဤသည်မှာလည်း အချိန်တစ်ခုယူရမည်ဖြစ်သော်ငြား လမ်းကြောင်းမှန်နေပြီဖြစ်ရာ တိုးတက်မှုကတော့ ပိုမြန်လာမည်မှာ သေချာသည်။

ယဲ့ချန်း ကျောင်းအုပ်ရုံးခန်းထဲသို့ ပြန်ရောက်သည်နှင့် လင်းရှစ်ယင်က အလျင်စလို ဝင်လာလေသည်။

"ကျောင်းအုပ်ယဲ့... ဧည့်သည်တွေ ရောက်နေပါတယ်"

ဧည့်သည်တွေ ဟုတ်လား။

ယဲ့ချန်း အံ့သြသွားသည်။

ပညာဖလှယ်ရေးကျောင်းသားများကို ထပ်ပို့ရန် အခြားပါမောက္ခချုပ်များ ရောက်လာကြပြန်လေသလား။

လင်းရှစ်ယင်က ခေါင်းခါယမ်းပြပြီး ယဲ့ချန်း၏နားနားကပ်ကာ တိုးတိုးလေး ကပ်ပြောလိုက်သည်။

ယခုတစ်ခေါက် ရောက်လာသူမှာ သြဇာအာဏာကြီးမားသော အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သောကြောင့် ယဲ့ချန်း၏အမူအရာမှာ တည်ကြည်သွားသည်။

အားရပါးရရယ်မောသံနှင့်အတူ အကြီးအကဲတစ်ယောက်က ယဲ့ချန်း၏ ရုံးခန်းထဲသို့ ဝင်လာလေသည်။

ယဲ့ချန်းလည်း မတ်တတ်ထရပ်လိုက်သည်။

"မင်္ဂလာပါ လူကြီးမင်း"

ထိုအကြီးအကဲမှာ ဟွားနိုင်ငံရှိ ရာထူးကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယခင်က ဂုဏ်ပြုခံ စစ်မှုထမ်းဟောင်းတစ်ဦးလည်း ဖြစ်၏။

သူ့လိုလူမျိုးကို ယဲ့ချန်း အလွန်တရာလေးစားသည်။

အကြီးအကဲဝေ့က ရယ်မောလိုက်၏။

"ကျောင်းအုပ်ယဲ့... မင်းတို့ကျောင်းမှာ စက်ရုပ်တွေအကြောင်း သုတေသနလုပ်နေတယ်လို့ ကြားတယ်"

ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်ပါတယ်။ ကျောင်းသားတွေက အဲဒီကိစ္စကို အသေးစိတ်လေ့လာနေကြတာပါ"

အကြီးအကဲဝေ့က စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

"ငါ သွားကြည့်လို့ရမလား"

ယဲ့ချန်းက ပြုံးလိုက်သည်။

"ရတာပေါ့။ ပြဿနာမရှိပါဘူး"

ထို့နောက် သူတို့အဖွဲ့ဟာ နည်းပညာအဆောက်အအုံဆီသို့ ထွက်လာခဲ့လိုက်သည်။

အကြီးအကဲဝေ့ခမျာ အဆင့်မြင့်နည်းပညာအပြည့်တပ်ဆင်ထားသော အဆောက်အအုံကို မြင်လိုက်ရချိန်ဝယ် အံ့အားသင့်သွားလေသည်။

"ရှောင်ယဲ့... မင်းရဲ့နည်းပညာအဆောက်အအုံက တရုတ်သိပ္ပံအကယ်ဒမီထက်တောင် ပိုအထင်ကြီးစရာကောင်းနေသလိုပဲ"

ယဲ့ချန်းက ရယ်မောလိုက်၏။

"မဟုတ်ရပါဘူးဗျာ။ ကျွန်တော်တို့က သူတို့ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

"ဘာလို့ယှဉ်မရမှာလဲ။ အရင်တစ်ခေါက်က မင်းတို့ရဲ့ နျူကလီးယားဓာတ်ပေါင်းဖိုက တော်တော်မိုက်တယ်လို့ ကြားထားတယ်။ တကယ်လို့ ဟွားနိုင်ငံက တက္ကသိုလ်တွေအားလုံးသာ မင်းတို့ကျောင်းလို ဖြစ်နေမယ်ဆိုရင် ငါတို့နိုင်ငံတော့ အများကြီးပိုအင်အားတောင့်လာမှာပဲ"

စကားပြောရင်းဖြင့် သူတို့အဖွဲ့ဟာ စက်ရုပ်ထုတ်လုပ်ရာနေရာသို့ ရောက်လာကြသည်။

စက်ရုံထဲတွင် ရပ်နေသည့် စက်ရုပ်ကြီးကို မြင်လိုက်ရသောအခါ အကြီးအကဲဝေ့တစ်ယောက် အလွန်စိတ်လှုပ်ရှားသွားသည်။

"အထင်ကြီးလောက်စရာပဲ။ မင်းတို့ တကယ်လုပ်နိုင်ခဲ့တာပဲ"

ယဲ့ချန်းက ခေါင်းခါပြလေသည်။

"အကြီးအကဲဝေ့... ဒါက စက်ရုပ်ရဲ့ပုံကြမ်းလောက်ပဲ ရှိပါသေးတယ်။ သူ အလုပ်လုပ်ပြီး လှုပ်ရှားနိုင်ဖို့ကတော့ အချိန်နည်းနည်း ယူရဦးမှာပါ"

အကြီးအကဲဝေ့က ခေါင်းညိတ်ပြလိုက်သည်။

"ကုန်ကြမ်းပစ္စည်း၊ လူအင်အား၊ အရင်းအမြစ်... မင်း ဘာပဲလိုလို ပြောသာပြော။ အကုန်လုံး ငါတို့ အာမခံတယ်"

အကယ်၍ ဤစက်ရုပ်ကြီးကိုသာ တကယ်ဖန်တီးနိုင်ခဲ့မည်ဆိုလျှင် ဟွားနိုင်ငံအတွက် ၎င်း၏အရေးပါမှုကား ကြီးမားလှသည်။

လွန်ခဲ့သည့်ဆယ်နှစ်က နိုင်ငံတော်တော်များများဟာ ဤနည်းပညာကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့ကြသည်။ အထူးသဖြင့် ဂျပန်နိုင်ငံပင်။ သို့သော် ဘယ်သူမှ မအောင်မြင်ခဲ့သည်ကိုထောက်လျှင် ဤအရာမှာ ဘယ်လောက်ခက်ခဲကြောင်း သိနိုင်ပေသည်။

ယခုမူ စတားတက္ကသိုလ်က ပုံကြမ်းကို ဖန်တီးနိုင်ခဲ့ပြီဖြစ်ရာ အကြီးအကဲဝေ့လည်း ဝမ်းမသာဘဲ ဘယ်နေနိုင်မည်နည်း။

အကယ်၍ ဤအရာကြီးသာ အလုံးစုံပြီးမြောက်သွားမည်ဆိုလျှင် ဟွားနိုင်ငံ၏ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်မှုကလည်း သိသိသာသာခုန်တက်သွားလိမ့်မည်။

ဤစက်ရုပ်ကြီးများသာရှိလျှင် ဟွားနိုင်ငံကို ဘယ်သူကများ စိန်ခေါ်ရဲတော့မည်နည်း။

ယဲ့ချန်းက ခေါင်းခါလိုက်၏။

"အကြီးအကဲဝေ့... အခုလောလောဆယ် ကျွန်တော်တို့ အချိန်လိုပါသေးတယ်။ ကျောင်းသားတွေက ကြိုးကြိုးစားစား သုတေသနလုပ်နေကြတာမို့ မကြာခင် ရလဒ်ကောင်းတွေ မြင်ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

အကြီးအကဲဝေ့ကလည်း ခေါင်းညိတ်ပြလိုက်၏။

"ရှောင်ယဲ့... ဒါကြီးသာပြီးသွားရင် နိုင်ငံတော်က ဒါကိုဝယ်မယ်။ မင်း ကန့်ကွက်စရာ မရှိဘူးမလား"

ယဲ့ချန်းက ပြုံးလိုက်သည်။

"သေချာပေါက် ကန့်ကွက်စရာမရှိပါဘူး။ ဟွားနိုင်ငံသားတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုအားလုံးက အမိနိုင်ငံ ပိုခွန်အားကြီးလာဖို့အတွက်ချည်းပါပဲ"

အကြီးအကဲဝေ့မှာ ယဲ့ချန်း၏အသိတရားကြောင့် အလွန်ကျေနပ်သွားပြီး ခေါင်းတညိတ်ညိတ်လုပ်နေလေသည်။

"အင်း... မဆိုးဘူး။ ငါ မင်းဆီက သတင်းကောင်းကို စောင့်နေမယ်။ တစ်ခုခုလိုအပ်ရင် အချိန်မရွေး ပြောပါ။ ဌာနတိုင်းက မင်းအတွက် အဆင်သင့်ဖြစ်နေစေရမယ်လို့ ငါ အာမခံတယ်"

"ကျေးဇူးတင်ပါတယ် အကြီးအကဲဝေ့"

အကြီးအကဲဝေ့လည်း ယဲ့ချန်းနှင့် စကားအနည်းငယ် ထပ်ပြောပြီးနောက် ကျေနပ်အားရစွာ ပြန်သွားလေသည်။

ယဲ့ချန်းကတော့ တည်ဆောက်နေဆဲဖြစ်သည့် စက်ရုပ်ကြီးကိုကြည့်ရင်း စဉ်းစားခန်းဖွင့်နေလေသည်။

အစောပိုင်းက ဝူဂန်နှင့် ဝမ်မုန့်တို့ကို ပေးခဲ့သည့် ကုတ်ထဲတွင် ယဲ့ချန်းက သူ့ကိုယ်ပိုင်အချက်အလက်တချို့ကို ထည့်သွင်းပေးခဲ့သည်။

ထို့ကြောင့် တကယ်တမ်းတွင်မူ စက်ရုပ်ကြီးကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်းမှာ ယဲ့ချန်းဆီမှာ ရှိနေချေသည်။

စက်ရုပ်ကြီးကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့လျှင် ကမ္ဘာတစ်ဝန်းကို တုန်လှုပ်သွားစေမည်မှာ သေချာလှသည်။ ယဲ့ချန်းကမူ ဤကျောင်းသားများ မလုပ်သင့်သည့်အရာများကို လုပ်မည်မဟုတ်ကြောင်း ယုံကြည်ထားသော်လည်း သတိထားဖို့တော့ လိုသေးသည်။

မည်သို့ပင်ဖြစ်စေ လူဆိုသည်မှာ ကိုယ်ကျိုးစီးပွားနှင့် ကြုံလာသောအခါ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးသွားတတ်ကြသည် မဟုတ်လား။

အကုန်တွေးပြီးသွားသောအခါ ယဲ့ချန်းလည်း သက်ပြင်းတစ်ချက်ချပြီး ကျောင်းထဲက ထွက်လာခဲ့လိုက်သည်။

ယဲ့ချန်းလည်း ကားမောင်းရင်း ရေဒီယိုနားထောင်လာခဲ့သည်။

ရုတ်ခြည်းပင် သတင်းတစ်ပုဒ်က ယဲ့ချန်း၏အာရုံကို ဖမ်းစားသွားသည်။

ယနေ့တွင် နတ်ဘုံဖျော်ဖြေရေးကုမ္ပဏီက သူတို့၏ အနုပညာရှင်သုန်းရှောင်ယာနှင့် စာချုပ်ကို တရားဝင်ရပ်စဲလိုက်ပြီဖြစ်ကြောင်းနှင့် သုန်းရှောင်ယာ၏ ဂီတနှင့်ပတ်သက်သော မူပိုင်ခွင့်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ဤသတင်းက ချက်ချင်းဆိုသလို ပွက်လောရိုက်သွားသည်။

သုန်းရှောင်ယာ၏ သီချင်းမူပိုင်ခွင့်များကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းမှာ သူ(မ)၏ နာမည်ကြီးသီချင်းများကို လူသိရှင်ကြား သီဆိုဖျော်ဖြေခွင့်မရှိတော့ဘူးဟူသော အဓိပ္ပာယ်ပင်။

အနုပညာရှင်တစ်ယောက်အတွက် အောင်မြင်နေသော သီချင်းဆိုသည်မှာ သူတို့၏ အသက်သွေးကြောပင်။

ဤသည်မှာ သုန်းရှောင်ယာအတွက် ကြီးမားလှသော ထိုးနှက်ချက်တစ်ခုဖြစ်ကြောင်း သေချာလှသည်။

နတ်ဘုံဖျော်ဖြေရေးကုမ္ပဏီသည် လာမည့်အောက်တိုဘာလတွင် သူတို့၏အနုပညာရှင် ဝူမေ့မေ့အတွက် "နုပျိုမှုမုန်တိုင်း"ဟူသော အဓိကအယ်လ်ဘမ်တစ်ခုကို ထုတ်ဝေသွားမည်ဟုလည်း ကြေညာခဲ့သည်။

ယခင်က "နုပျိုမှုမုန်တိုင်း"အတွက် နတ်ဘုံကုမ္ပဏီ၏ ပရိုမိုးရှင်းများဟာ သုန်းရှောင်ယာအတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားကြောင်း ယဲ့ချန်း မှတ်မိနေသည်။

အင်တာနက်ပေါ်မှာတော့ သက်ပြင်းချသံများဖြင့် ပြည့်နှက်နေသည်။

"ဟူး... သုန်းရှောင်ယာ ဘာတွေတွေးနေတာလဲမသိဘူး။ နတ်ဘုံဖျော်ဖြေရေးကုမ္ပဏီကနေ ထွက်သွားရတယ်လို့"

"သူ့ကို တစ်ယောက်ယောက်က အမ်းထားတယ်လို့ ကြားတာပဲ"

"အနုပညာလောကက ရှုပ်ယှက်ခတ်နေတာပဲ"

"အေးလေ။ ငါ သူ့ကို တော်တော်သဘောကျတာ။ သူ နာမည်ပျက်စာရင်းအသွင်းခံလိုက်ရတယ်လို့လည်း ကြားတယ်"

သုန်းရှောင်ယာ ထွက်ခွာသွားခြင်းမှာ သူ(မ)၏ အနုပညာလမ်းကြောင်း ပြီးဆုံးသွားပြီဟု လူတိုင်းလိုလိုက ယုံကြည်ထားကြသည်။

ယဲ့ချန်းမှာမူ သုန်းရှောင်ယာ၏ စွန့်လွှတ်အနစ်နာခံမှုများကြောင့် ရင်ထဲတွင် နွေးထွေးသွားရသည်။

သူ့ဆီကို ရောက်လာဖို့အတွက် သုန်းရှောင်ယာသည် အများကြီးစွန့်လွှတ်ခဲ့ရသည်။

ယဲ့ချန်းလည်း သုန်းရှောင်ယာအတွက် ရောင်းအားအကောင်းဆုံးစံချိန်တင်မည့် အယ်လ်ဘမ်တစ်ခုကို ဖန်တီးပေးရန် ဆုံးဖြတ်လိုက်၏။

သူ(မ)က သူ့အတွက် ကြီးမားလှသော ပေးဆပ်မှုများကို လုပ်ခဲ့သည်မဟုတ်လော။

ယဲ့ချန်း၏စိတ်ထဲတွင် နာမည်တစ်ခုကို သွားသတိရမိသည်။ ချီချီပင်။

ယခင်ဘဝတုန်းက ချီချီကို ငယ်ရွယ်မှု၏ဘုရင်မအဖြစ် တင်စားခဲ့ကြပြီး သူ(မ)၏သီချင်းတိုင်းကလည်း ဂန္ထဝင်မြောက်များချည်းသာ။

ထို့ပြင် ချီချီ၏အသက်ကလည်း သုန်းရှောင်ယာနှင့် ရွယ်တူလောက်ပင်။

ထို့ကြောင့် ယဲ့ချန်းလည်း အိမ်ကို တန်းတန်းမတ်မတ် မောင်းပြန်လာခဲ့သည်။

ညရောက်ချိန်တွင်မူ သီချင်းရှစ်ပုဒ်စာအတွက် နမူနာအသံများ၊ စာသားများနှင့် တေးသွားများအားလုံး အဆင်သင့်ဖြစ်နေလေပြီ။

ယဲ့ချန်းက သုန်းရှောင်ယာဆီသို့ ဖုန်းခေါ်လိုက်၏။

"ဒါရိုက်တာယဲ့... ဘာကိစ္စရှိလို့လဲဟင်"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"မင်းက ကိုယ်တို့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတာလေ။ ကိုယ် မင်းအတွက် အယ်လ်ဘမ်တစ်ခု ထုတ်ပေးချင်လို့"

"ကောင်းတာပေါ့။ ကျွန်မ မစောင့်နိုင်တော့ဘူး။ ရှင် ကျွန်မအတွက် ဖန်တီးပေးမယ့် အယ်လ်ဘမ်ဆိုတော့ သေချာပေါက် စိတ်လှုပ်ရှားဖို့ကောင်းနေမှာပဲ"

All Chapters