အခန်း (၄၃-၄၅)
Vol. 3 Ch. 43-45
အခန်း ၄၃ - ဟင်းလင်းပြင်ကို ဆွဲဖြဲခြင်း
“ဘုန်း...”
ပြင်းထန်လှသော ခွန်အားတစ်ခုက ကြောင်နက်ကြီးကို ရေကန်၏ အနက်ရှိုင်းဆုံးနေရာအတွင်းသို့ ရိုက်ချလိုက်လေသည်။
ဤရေကန်မှာ မီတာရာနှင့်ချီ၍ အလွန်ပင် နက်ရှိုင်းလှပေရာ ကြောင်နက်ကြီးမှာ ရေကန်အောက်ခြေသို့ မျက်နှာနှင့် စိုက်ကျသွားခဲ့ပြီး သဲတစ်လုပ် အံလိုက်ရတော့၏။
သူသည် ရေအောက်၌ ရုတ်တရက် ကိုယ်ကိုလှည့်လိုက်ပြီး ပါးစပ်ထဲမှ သဲများကို ပြန်ထွေးထုတ်လိုက်ရလေသည်။
ယခုအခါ ကြောင်နက်ကြီးမှာ ငိုချင်စိတ်ကို အောင့်ထားရသဖြင့် အလွန်ပင် သနားစဖွယ် ဖြစ်နေတော့၏။
‘တာအိုနယ်ပယ်က သန်မာသူကြီး တစ်ယောက်... ငါ ပြောတာ မှားသွားလို့လား...’
ရှန်တောက်မင်းဆက်မှာ တာအိုနယ်ပယ်က သန်မာသူဆိုတာ အမြင့်ဆုံးသော ဖြစ်တည်မှု မဟုတ်ပါလား။
‘ဒါပေမဲ့ ဒီဦးလေးမြင်းရဲ့ စကားထဲမှာတော့ အဲ့ဒီလိုလူတွေကိုတောင် အရေးမပါတဲ့ ကျင့်ကြံသူလေးတွေအဖြစ် အဖက်မလုပ်ဘူးပဲ… ဒါဆို... ဒီဦးလေးမြင်းက... သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က အမှန်တကယ်ပဲဆို ဘယ်အနယ်ပယ်ကို ရောက်နေလို့ပါလိမ့်...’
‘ပြီးတော့ နတ်ဘုရားတစ်ပါးအလား ခန့်ညားနေပြီး ကျင့်ကြံမှုအငွေ့အသက် အစအနလေးတောင် မရှိတဲ့ သူ့ရဲ့သခင်ကရော...’
“ရွှီ...”
ရုတ်တရက် ရေလှိုင်းများ ထွက်ပေါ်လာခဲ့ပြီး ကြောင်နက်ကြီးမှာ ရေကန်အောက်ခြေမှ ပြန်လည် ထိုးတက်လာခဲ့သည်။
“ဦးလေးမြင်း... ဒီ ကြောင်ပေါက်စလေး အမှားကို သိပါပြီ... ကျေးဇူးပြုပြီး မဟာပုဂ္ဂိုလ်ကြီးရဲ့ ဂရုဏာထားမှုကို ပြသပြီး ဒီ အညတရ ကြောင်လေးကို ခွင့်လွှတ်ပေးပါနော်...”
ကြောင်နက်ကြီးမှာ ရေမျက်နှာပြင်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဒူးထောက်ကာ ဦးညွှတ်တောင်းပန်နေတော့သည်။
မြင်းနက်ကြီးက ဘာမှမပြောဘဲ နှာတစ်ချက်သာ မှုတ်လိုက်လေ၏။
ရီယွင်၏ မျက်နှာပေါ်တွင် တိုးညင်းသော အပြုံးတစ်ခု ရှိနေခဲ့သည်။ သူသည် ရုတ်တရက် လက်ကိုဆန့်ကာ ညွှန်လိုက်ရာ ကြောင်နက်ကြီး၏ ခေါင်းမှာ ငိုက်ကျသွားတော့သည်။
နောက်တစ်စက္ကန့်မှာပင် ရီယွင်က သူ၏လက်ကို ပြန်ရုပ်လိုက်သဖြင့် ကြောင်နက်ကြီးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။
သူသည် ကြောင်နက်ကြီး ပြောခဲ့သည်များကို အတည်ပြုရန်အတွက်သာ ထိုသို့လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ သေချာပေါက်ပင် ဤကြောင်ကြီးမှာ လိမ်ညာခဲ့ခြင်း မဟုတ်ပေ။
စုဝမ်ယီသည် ကြောင်၏ဆရာက ရှန်တောက်မင်းဆက်ရှိ သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်မှာ အမှန်ပင် ဖြစ်ချေ၏။
“လော့လီ... ကျွင်းမော့ရှောင်... မင်းတို့နှစ်ယောက်... မင်းတို့ရဲ့ စီနီယာအစ်မကြီးကို တွေ့ချင်လား...”
ရီယွင်က သူတို့ကို ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
“တွေ့ချင်ပါတယ် ဘိုးဘေးကြီး... ကျွန်မတို့ စီနီယာအစ်မကြီးနဲ့ မတွေ့ရတာ သုံးလကျော်တောင် ရှိနေပြီ... သူ့ကို တကယ် လွမ်းမိတယ်...”
လော့လီမှာ ငိုတော့မည့်အလား ဖြစ်နေ၏။ ဘေးနားရှိ ကျွင်းမော့ရှောင်မှာမူ အရှက်အကြောက်မရှိဘဲ ငိုကြွေးနေလေသည်။
ဤကောင်လေးမှာ လော့လီထက်ပင် မျက်ရည်ပိုလွယ်ပုံရသည်။
“မင်းတို့က အဲ့ဒီလောက်တောင် လွမ်းနေကြမှတော့... ငါ သူ့ကို အခုပဲ ခေါ်လာပေးမယ်...”
ရီယွင်က ပြုံးလျက် ပြောလိုက်လေသည်။
ထို့နောက် သူသည် သူ၏ ညာဘက်လက်မောင်းကို အနည်းငယ် မြှောက်လိုက်၏။ သူ မြှောက်လိုက်သည်နှင့်အမျှ သူ၏ ညာဘက်လက်မောင်းမှ အဖြူရောင် အလင်းတန်းများ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့လေသည်။
အဆုံးတွင် ထိုအဖြူရောင်အလင်းမှာ အလွန်ပင် တောက်ပလာခဲ့ပြီး လူတိုင်း၏ မျက်စိများကို မှိတ်ထားရလောက်သည်အထိ တောက်ပလွန်းလှပေသည်။
အလင်းအဖြစ် ပြောင်းလဲသွားသော ရီယွင်၏လက်မှာ ဟင်းလင်းပြင်အတွင်းသို့ တိုးဝင်သွားပြီး ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာပင် တောက်ပနေသော အဖြူရောင်အလင်းမှာလည်း ပျောက်ကွယ်သွားခဲ့သည်။
ရီယွင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေခဲ့ပြီး သူ၏လက်မောင်းမှာ ဟင်းလင်းပြင်အတွင်း၌ တစ်စုံတစ်ရာကို ရှာဖွေနေပုံရပေသည်။
လော့လီနှင့် ကျွင်းမော့ရှောင်တို့မှာ မျက်လုံးအစုံ ပြူးကြည့်ရင်း မှင်တက်မိနေကြပြီး ဤ မယုံနိုင်စရာကောင်းလှသော မြင်ကွင်းကို ကြည့်ရင်း သူတို့၏ရင်ထဲ၌ လှိုင်းတံပိုးများ ထန်နေကြပေ၏။
‘ဘိုးဘေးကြီးက ဒီအနှိုင်းမဲ့ နတ်ဘုရားစွမ်းရည်ကို သုံးပြီး ရှန်တောက်မင်းဆက်က စီနီယာအစ်မကြီး စုဝမ်ယီကို လက်တစ်ဖက်တည်းနဲ့ သွားပြီး ဆွဲခေါ်လာတော့မှာလား...’
အဖြူရောင်အလင်း၏ ကြောက်မက်ဖွယ်အငွေ့အသက်ကို ခံစားလိုက်ရသဖြင့် ကြောင်နက်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ သူသည် မိမိဘာသာ တိုးညင်းစွာ ရေရွတ်လိုက်မိ၏။
“ဘုရားရေ... ဒါက ဘယ်လိုမျိုး စွမ်းအားလဲ...”
မြင်းနက်ကြီးက သူ့ကို မထီမဲ့မြင်ပြုသကဲ့သို့ တစ်ချက်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“မင်းရဲ့ စာကလေးမျက်စိလောက်ပဲရှိတဲ့ အသိဉာဏ်ကို ကြည့်စမ်း... တကယ့်ကို မျှော်လင့်ချက် မရှိတော့ဘူး...”
ကြောင်နက်ကြီးက ရုတ်တရက် အနားသို့ တိုးသွားလိုက်ပြီး မြင်းနက်ကြီး၏ ခွာခြေရင်းတွင် ဝပ်စင်းကာ သူ့ကို အသာအယာ ပွတ်သပ်လိုက်လေ၏။ ထို့နောက် သူက လေးစားအားကျသော အကြည့်ဖြင့် မော့ကြည့်ကာ မေးမြန်းလိုက်သည်။
“ဦးလေးမြင်း... သခင်ကြီး ခုနက ပြသလိုက်တဲ့ နတ်ဘုရားစွမ်းရည်က ဘာလဲဟင်...”
မြင်းနက်ကြီးက အနည်းငယ် ဂုဏ်ယူနေသည့် အမူအရာဖြင့် သူ၏ခေါင်းကို မော့လိုက်ပြီး ပြောလိုက်သည်။
“သခင်က ရှန်တောက်မင်းဆက်က မင်းတို့ရဲ့ သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းဆီကို သွားပြီး သူရဲ့ဂိုဏ်းဆက်ခံသူကို ရှာဖို့အတွက် ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်တာလေ...”
“ဘာ...”
ကြောင်နက်ကြီးမှာ အံ့ဩမှင်တက်မိသွားခဲ့သည်။ ဤနေရာမှာ ရှန်တောက်မင်းဆက်နှင့် မိုင်ပေါင်း ကုဋေကုဋာချီ၍ ဝေးကွာလှသည် မဟုတ်ပါလား။
ဒီလောက်အထိ ဝေးကွာလှတဲ့ အကွာအဝေးကနေ လူတစ်ယောက်ကို လက်တစ်ဖက်တည်းနဲ့ တကယ်ကြီး သွားခေါ်လို့ ရမှာလား။
ကြောင်နက်ကြီး၏ မျက်နှာပေါ်က အံ့ဩနေသည့် အမူအရာကို မြင်လိုက်ရသည့်အခါ မြင်းနက်ကြီးက သူ၏ခွာကို မြှောက်ကာ ကြောင်၏ခေါင်းကို အသာအယာ တောက်လိုက်ရင်း တိုးညင်းစွာ ပြောလိုက်သည်။
“တခြားလူတွေ မလုပ်နိုင်ပေမဲ့... ငါ့သခင်ကတော့ လုပ်နိုင်တယ်...”
ကြောင်နက်ကြီးမှာ ငေးမှိုင်သွားခဲ့ပြီး မျက်တောင်များ တဖျတ်ဖျတ် ခတ်ရင်း ထစ်ထစ်အအဖြင့် မေးလိုက်မိ၏။
“သခင်ကြီးက... လုပ်နိုင်တယ် ဟုတ်လား...”
မြင်းနက်ကြီးက ခပ်တိုးတိုး ရယ်မောလိုက်သော်လည်း ဘာမှတော့ ပြန်မပြောခဲ့ပေ။
ရှန်တောက်မင်းဆက်…
မြင့်မားပြီး ခန့်ညားလှသော တောင်တန်းများကြားတွင် ဝိညာဉ်စွမ်းအင်များမှာ ကြွယ်ဝလှပြီး အစွမ်းထက်လှသော ဝိညာဉ်သားရဲ အမျိုးမျိုးမှာ အရပ်ရပ်၌ ပျံသန်းနေကြ၏။
ဤနေရာမှာ သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းပင် ဖြစ်သည်။ ၎င်းမှာ ရှန်တောက်မင်းဆက်ရှိ အင်အားအကြီးဆုံး အင်အားစု ငါးခုအနက်မှ တစ်ခုဖြစ်ပေ၏။
ယခုအချိန်တွင် တောင်ကြားတစ်ခုအတွင်း၌ ခရမ်းရောင်ဝတ်စုံနှင့် လှပသော မိန်းကလေးတစ်ဦးမှာ သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းမှ တပည့်တစ်စု၏ ဝိုင်းရံခြင်းကို ခံနေရသည်။ သူတို့သည် သူ့အား လက်ညှိုးထိုးပြရင်း လှောင်ပြုံးများဖြင့် လှောင်ပြောင်နေကြတော့သည်။
“ဒါက ဂိုဏ်းချုပ်ကြီး ခေါ်လာတဲ့ ပါရမီရှင်ဆိုတာလား...”
“သူ့ရဲ့ ကျင့်ကြံမှုနယ်ပယ်က တကယ်ကို နိမ့်လွန်းတာပဲ မဟုတ်ဘူးလား...”
“သူက အခုမှ အနှစ်သာရစုစည်းမှုနယ်ပယ်ကို ထိုးဖောက်နိုင်ရုံ ရှိသေးတာပဲ... သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းမှာဆိုရင် သူက အပြင်စည်းတပည့်တစ်ယောက်ကိုတောင် မယှဉ်နိုင်ဘူး...”
သူ၏ ပတ်ဝန်းကျင်မှ လှောင်ပြောင်သံမျိုးစုံကို ကြားလိုက်ရသည့်အခါ စုဝမ်ယီက သူ၏ခေါင်းကို ငုံ့ထားမိစဉ် သူ၏မျက်နှာအမူအရာမှာ ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။
သူသည် ထိုသန်မာသူကြီးက ခေါ်ဆောင်လာသဖြင့် သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းသို့ ရောက်ရှိလာခဲ့ပြီး အသက်ရှင်ခွင့် ရရှိခဲ့သော်လည်း စင်စစ်အားဖြင့် သူသည် ဤနေရာ၌ များစွာသော လှောင်ပြောင်မှုများကို ခံခဲ့ရပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ အားနည်းလွန်းလှသောကြောင့် ဖြစ်သည်။
လွန်ခဲ့သည့် သုံးလအတွင်း သူသည် အသည်းအသန် ကျင့်ကြံခဲ့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ ချီစုစည်းမှုနယ်ပယ် အဆင့် ၉ မှ အနှစ်သာရစုစည်းမှုနယ်ပယ် အဆင့် ၃ သို့သာ တိုးတက်နိုင်ခဲ့လေသည်။ ဤအရှိန်မှာ သူ၏ လက်ရှိဆရာက အသိအမှတ်ပြုထားခဲ့သော်လည်း သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းမှ တပည့်များစွာမှာမူ သူ့အား မကြာခဏဆိုသလို လှောင်ပြောင်နေကြဆဲ ဖြစ်သည်။
အထူးသဖြင့် အချို့က သူသည် ရှေးဟောင်းလမင်း အင်ပါယာကဲ့သို့ သေးငယ်သော နေရာမှ လာသူဖြစ်ကြောင်း သိရှိသွားကြသည့်အခါ သူ့အား ပိုမို၍ လှောင်ပြောင်ရန် အကြောင်းပြချက် ဖြစ်သွားခဲ့ကြသည်။ ဤနေရာသို့ ရောက်လာသည့်အခါမှသာ စုဝမ်ယီသည် နားလည်လိုက်ရခြင်း ဖြစ်သည်။ သူ၏ရင်ထဲ၌ များစွာ ကျယ်ပြောလှသည်ဟု ထင်မှတ်ထားခဲ့သော ရှေးဟောင်းလမင်း အင်ပါယာမှာ သူတို့၏ မျက်စိထဲတွင်မူ အလွန်ပင် သေးငယ်လှသော နေရာလေးတစ်ခုမျှသာ ဖြစ်ချေသည်။
ရှေးဟောင်းလမင်း အင်ပါယာ၏ ထိပ်သီးအင်အားစု ဆယ်ခုဆိုသည်မှာ သူတို့အတွက် သာမန်ဂိုဏ်းလေးများမျှသာ ဖြစ်၏။ သူတို့၏ သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းမှာမူ အထွတ်အထိပ်ဂိုဏ်းကြီးတစ်ခု ဖြစ်ပေသည်။ အထွတ်အထိပ်ဂိုဏ်းကြီးတစ်ခုမှာ မယုံနိုင်လောက်အောင် သန်မာလှပေ၏။ ၎င်းမှာ ဧရာမ သတ္တဝါကြီးတစ်ကောင်အလားပင်။
အပြင်စည်းတပည့်တစ်ဦး၏ ကျင့်ကြံမှုနယ်ပယ်မှာပင် မူလပင်လယ်နယ်ပယ်၌ ရှိနေလေသည်။ စုဝမ်ယီသည် သူ၏စကားမှာ အလေးအနက် မရှိသလို သူ၏ ကျင့်ကြံမှုနယ်ပယ်မှာလည်း အားနည်းနေသည်ကို သိရှိထားသဖြင့် သူ့အား လှောင်ပြောင်နေသူများကို တစ်ခွန်းမျှ ပြန်မပြောနိုင်ခဲ့ပေ။
သူသည် ငယ်စဉ်ကတည်းက သူ၏ဆရာနှင့်အတူ ထွက်ပြေးတိမ်းရှောင်ရင်း များစွာသော အခက်အခဲများကို ခံစားခဲ့ရဖူးသည် မဟုတ်ပါလား။ ဤကဲ့သို့သော သေးငယ်သည့် လှောင်ပြောင်မှုများက ဘာအရေးပါမည်နည်း။
တစ်နေ့တွင် သူသာ ဤလူများကို ကျော်ဖြတ်နိုင်ခဲ့မည်ဆိုလျှင် သူ၏ခွန်အားကို အသုံးပြုပြီး သူတို့၏မျက်နှာများကို သေချာပေါက် ပြန်လည်ရိုက်နှက်ပြရပေလိမ့်မည်။
“ဟေး... စုဝမ်ယီ... ငါတို့ ပြောနေတာကို မကြားဘူးလား...”
တပည့်တစ်ဦးက စုဝမ်ယီ၏ ရှေ့တွင် ရပ်လိုက်ပြီး သူ့အား ကြည့်ကာ ပြုံးလျက် ပြောလိုက်လေသည်။
စုဝမ်ယီက သူ၏ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး တစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။
ထိုတပည့်က အနားသို့ တိုးသွားလိုက်ပြီး စုဝမ်ယီ၏ လှပသော မျက်နှာလေးကို ထိရန် သူ၏လက်ကို ဆန့်ထုတ်လိုက်လေသည်။
“ရှင် ဘာလုပ်တာလဲ...”
စုဝမ်ယီမှာ ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းပင် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်သည်။ ထိုတပည့်၏ မျက်နှာပေါ်တွင် ရမ္မက်ဇောများ ပြည့်နှက်နေ၏။ သူက ညစ်ညမ်းစွာ ရယ်မောလိုက်ပြီး နောက်ထပ် နှစ်လှမ်းခန့် တိုးလာခဲ့ပြန်သည်။ အခြားသူများမှာလည်း သူ၏နောက်က လိုက်လာကြပြီး ဝိုင်းဝန်းလှောင်ပြောင် အားပေးနေကြတော့သည်။
စုဝမ်ယီမှာ အတော်လေး ကြောက်လန့်နေသည်။ ဤတပည့်မှာ နဝမတောင်ထိပ် ဂိုဏ်းချုပ်၏ တိုက်ရိုက်တပည့်ဖြစ်ပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်မှာလည်း ကောင်းကင်တံတားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
သူသည် နောက်ထပ် အနည်းငယ်မျှ ဆုတ်လိုက်စဉ် သူ၏မျက်နှာလေးမှာ နီမြန်းနေခဲ့ပြီး သူ ထွက်ပြေးစရာ နေရာမရှိတော့သည်ကို စုဝမ်ယီ သိရှိလိုက်ရလေသည်။
“စုဝမ်ယီ... ငါ့ရဲ့ဆရာကို မင်းရဲ့ဆရာဆီမှာ ပြောခိုင်းပြီး မင်းကို ငါနဲ့ စေ့စပ်ခိုင်းရင် မကောင်းဘူးလား...”
ထိုတပည့်က ရမ္မက်ဇောများ ပြည့်နှက်နေသော အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။
သို့သော်လည်း နောက်တစ်ခဏမှာပင်...
“ဘုန်း...”
သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် ပေါက်ကွဲသွားခဲ့ပြီး သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ နူးညံ့သော အသံတစ်ခုမှာ ပတ်ဝန်းကျင်၌ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“ငါ့ရဲ့ နဂါးနတ်ဘုရားဂိုဏ်းက တပည့်တစ်ယောက်ကို... နှောက်ယှက်ရဲရအောင် မင်းတို့တွေက အကျိုးဆက်ကို ခံနိုင်ရည် ရှိကြလို့လား...”
“ဘယ်သူလဲ... ငါတို့ သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းထဲကို ဘယ်သူက ကျူးကျော်ဝင်ရောက်ရဲတာလဲ...”
ဘေးမှ စောင့်ကြည့်နေသော တပည့်များ၏ မျက်နှာအမူအရာများမှာ လုံးဝ ပြောင်းလဲသွားခဲ့ကြလေ၏။ သူတို့သည် ချက်ချင်းပင် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြပြီး သန်မာသော ရန်သူတစ်ဦးကို ရင်ဆိုင်ရန် ပြင်လိုက်ကြသည်။
“နဂါးနတ်ဘုရားဂိုဏ်း ဟုတ်လား...”
ထိတ်လန့်နေသော စုဝမ်ယီသည် ဤစကားလုံးများကို ကြားလိုက်ရသည့်အခါ သူ၏ခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်စဉ် သူ၏မျက်နှာပေါ်တွင် ဝေခွဲမရသည့် အမူအရာများ ရှိနေခဲ့ပေ၏။
စကားပြောလိုက်သည့် ဤ သန်မာသူကြီးမှာ သူ၏ နဂါးနတ်ဘုရားဂိုဏ်းမှ စီနီယာတစ်ဦးလည်း ဖြစ်နိုင်ပါသလား။
“မိန်းကလေး... ဒီကောင်တွေကို လောလောဆယ် ငါ အသက်ချမ်းသာပေးလိုက်မယ်... နောင်တစ်ချိန်မှာ မင်းရဲ့ နတ်ဘုရားစွမ်းအားတွေ ပြည့်စုံသွားတဲ့အခါ မင်းကိုယ်တိုင် သူတို့ရဲ့ ခေါင်းတွေကို ဖြတ်နိုင်ပါတယ်...”
ထိုအသံမှာ စုဝမ်ယီ၏ နားထဲတွင် နောက်တစ်ကြိမ် ထွက်ပေါ်လာခဲ့ပြန်၏။
ဤစကားများကို ကြားလိုက်ရသည့်အခါ စုဝမ်ယီ၏ နှလုံးသားမှာ တုန်ရီသွားခဲ့ပြီး သူသည် အတိုင်းမသိ စိတ်လှုပ်ရှားသွားခဲ့ရသည်။
ထိုစဉ် တောက်ပနေသော ဧရာမ လက်ကြီးတစ်ဖက်မှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး စုဝမ်ယီထံသို့ ကျရောက်လာကာ သူ့အား ဆုပ်ကိုင်လိုက်သဖြင့် သူသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏမှာပင် ရီယွင်သည် ဟင်းလင်းပြင်ထဲမှ သူ၏လက်မောင်းကို ပြန်ရုပ်လိုက်ပြီး အသာအယာ ခါယမ်းလိုက်လေသည်။
ခရမ်းရောင်ဝတ်စုံနှင့် စုဝမ်ယီသည် လူတိုင်း၏ မျက်စိရှေ့တွင် ဘွားခနဲ ပေါ်လာခဲ့တော့သည်။
အခန်း ၄၃ ပြီးပါပြီ။
အခန်း ၄၄ - အိပ်မက်မှ နိုးထလာသော စုဝမ်ယီ
အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖြတ်ကျော်လျက်။
စုဝမ်ယီသည် တောက်ပလှသော အဖြူရောင်အလင်းတန်းများအကြား ပိတ်မိနေပြီး သူ၏အမြင်အာရုံမှာလည်း ပတ်ဝန်းကျင်ရှိ အလင်းလွှာကို ထိုးဖောက်နိုင်ခြင်း မရှိပေ။
အဖြူရောင်အလင်းတန်းများ ပျောက်ကွယ်သွားချိန်တွင် သူ၏ခြေထောက်များသည် ခိုင်မာသော မြေပြင်သို့ ရုတ်တရက် ထိတွေ့သွားလေသည်။ စုဝမ်ယီသည် မှင်တက်မိလျက် ရပ်နေမိပြီး မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို အချိန်အတော်ကြာအောင် အကဲခတ်နေမိသည်။
“စီနီယာအစ်မ...”
နေ့ညမပြတ် တမ်းတခဲ့ရသည့် စီနီယာအစ်မကြီးကို မြင်လိုက်ရသောအခါ လော့လီသည် သူ၏စိတ်ခံစားချက်ကို ဆက်လက်မထိန်းချုပ်နိုင်တော့ပေ။ သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာပြီး ရှေ့သို့ပြေးကာ စုဝမ်ယီကို ဖက်ထားလိုက်လေသည်။
ကျွင်းမော့ရှောင်သည်လည်း အလားတူပင် စိတ်လှုပ်ရှားနေခဲ့သည်။ သူ၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာပြီး သူတို့အနားသို့ ပြေးသွားလေ၏။
“စီနီယာအစ်မ... အစ်မကြီး နောက်ဆုံးတော့ ပြန်ရောက်လာပြီနော်...”
ကျွင်းမော့ရှောင်သည် ငိုတစ်လှည့် ရယ်တစ်လှည့်နှင့် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာအမူအရာများပင် ပျက်ယွင်းနေတော့သည်။
“ဒါက တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာပဲ...”
မြင်းနက်ကြီးက ကြောင်နက်ကြီး၏ ခေါင်းကို ပွတ်သပ်ရင်း သက်ပြင်းချလိုက်သည်။
ကြောင်နက်ကြီးမှာမူ သူ၏ဝိုင်းစက်တောက်ပြောင်နေသော မျက်လုံးအစုံဖြင့် ပြန်လည်ပေါ်လာသည့် ရင်းနှီးသော ပုံရိပ်ကို စိုက်ကြည့်ရင်း ရင်ထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
‘နတ်ဘုရားတစ်ပါးနဲ့ တူလှတဲ့ ဒီသခင်ကြီးက... ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုနယ်ပယ်ကို ပိုင်ဆိုင်ထားတာလဲ... သူက ဟင်းလင်းပြင်ကို လက်ဗလာနဲ့ ဆွဲဖြဲပြီး မိုင်ပေါင်း ကုဋေကုဋာချီ ဝေးတဲ့နေရာက လူတစ်ယောက်ကို ဘာဒဏ်ရာမှမရဘဲ အေးအေးဆေးဆေး ခေါ်လာနိုင်တယ်... ငါ့အမြင်မှာတော့ ဒီသခင်ကြီးကို ဖော်ပြဖို့ စကားလုံးတစ်လုံးပဲ ရှိတယ်... အဲ့ဒါက နတ်ဘုရားပဲ... ဒီသခင်ကြီးဟာ တစ်လောကလုံးမှာ အနှိုင်းမဲ့တဲ့ နတ်ဘုရားတစ်ပါးပဲ ဖြစ်ရမယ်...’
ဤအချက်ကို သဘောပေါက်သွားသည့်အခါ ကြောင်နက်ကြီးသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီလာတော့သည်။ သူ၏သက်တမ်းတစ်လျှောက်တွင် ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါးကို မြင်တွေ့ရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သို့သော်လည်း ချန်းနန်ကုန်းမြေကြီးပေါ်တွင် နတ်ဘုရားတစ်ပါး မည်သို့ရှိနေနိုင်ပါသနည်း။ အင်အားအကြီးဆုံးသော ထာဝရနယ်ပယ်ရှိသည့် ဂိုဏ်းကြီးများတွင်ပင် နတ်ဘုရားအဆင့် သန်မာသူများ မရှိကြပေ။
“ညီမလေး... မောင်လေး... ငါ အိပ်မက်မက်နေတာလား... မင်းတို့ကို ဒီမှာ ဘယ်လိုလုပ် တွေ့နေရတာလဲ...”
စုဝမ်ယီက မျက်မှောင်ကြုတ်လျက် ဝေခွဲမရဖြစ်နေဆဲပင်။
လော့လီက သူ့ကို လွှတ်ပေးလိုက်ပြီး မျက်ရည်များကို သုတ်ကာ ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“စီနီယာအစ်မ... အစ်မကြီးကို သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းကနေ ဘိုးဘေးကြီးက ခေါ်လာပေးတာလေ...”
‘ဘိုးဘေးကြီး ဟုတ်လား...’
စုဝမ်ယီမှာ ခဏမျှ မှင်တက်မိသွားလေ၏။
နဂါးနတ်ဘုရားဂိုဏ်း၏ အမွေအနှစ်မှာ ဆုတ်ယုတ်နေခဲ့ပြီး ဘိုးဘေးဟောင်းများမှာလည်း နှစ်ပေါင်းများစွာကတည်းက မြေမြှုပ်ခံခဲ့ရပြီ ဖြစ်သည်။ ဘိုးဘေးအသစ်က ဘယ်အချိန်မှာ ပေါ်လာခဲ့သနည်း။ ထို့ပြင် ဤနေရာမှာ ရှန်တောက်မင်းဆက်နှင့် မိုင်ပေါင်း ကုဋေကုဋာချီ ဝေးကွာလှသည် မဟုတ်ပါလား။ ဤမျှဝေးကွာလှသော အကွာအဝေးမှ သူ့ကို ဘာဒဏ်ရာမှမရဘဲ ခေါ်ဆောင်လာခြင်းမှာ မည်သို့သော စွမ်းအားမျိုးနည်း။
သူ၏စီနီယာအစ်မကြီး ငေးငိုင်နေဆဲဖြစ်သည်ကို မြင်သောအခါ လော့လီက သူ၏လက်ကို အမြန်ဆွဲပြီး အသာအယာ လှုပ်ယမ်းလျက် ပြုံးပြလိုက်သည်။
“စီနီယာအစ်မ... ဟိုမှာကြည့်... အဲ့ဒါ ငါတို့ နဂါးနတ်ဘုရားဂိုဏ်းရဲ့ ၁၃ ဆက်မြောက် ဂိုဏ်းချုပ် ဘိုးဘေးကြီးပဲ...”
“ဘာ...”
စုဝမ်ယီသည် အိပ်မက်မှ လန့်နိုးလာသူအလား လော့လီ ညွှန်ပြရာသို့ အမြန်ကြည့်လိုက်သည်။
ဆယ်မီတာခန့်အကွာတွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ဦး ရပ်နေလေသည်။ ထိုလူငယ်၏ မျက်နှာသွင်ပြင်မှာ ထင်ရှားပေါ်လွင်ပြီး မျက်ဝန်းများမှာ နက်ရှိုင်းလှကာ ရှည်လျားသော ဆံနွယ်များမှာလည်း လွင့်ပျံနေသည်။ သူ၏အရှိန်အဝါမှာ ခန့်မှန်းရခက်ပြီး ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့် နတ်ဘုရားတစ်ပါးအလား တည်ငြိမ်လှပနေ၏။
“ညီမလေး... သူက တကယ်ပဲ ငါတို့ရဲ့ ဘိုးဘေးကြီးလား...”
စုဝမ်ယီက ခေါင်းငုံ့ကာ တိုးညင်းစွာ မေးလိုက်သည်။
နဂါးနတ်ဘုရားဂိုဏ်း၏ ၁၃ ဆက်မြောက် ဂိုဏ်းချုပ်သည် လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းကတည်းက ကွယ်လွန်ခဲ့သည် မဟုတ်ပါလား။
“ဘိုးဘေးကြီးက မသေပါဘူး... သူက ပြန်ပြီး နိုးထလာတာ...”
လော့လီက စိတ်လှုပ်ရှားစွာဖြင့် စကားများကို ခပ်သွက်သွက် ပြောနေတော့သည်။ စင်စစ်အားဖြင့် သူကိုယ်တိုင်ပင်လျှင် ဘိုးဘေးကြီးမှာ သေသွားပြီးမှ ပြန်နိုးထလာခြင်းလော၊ သို့မဟုတ် တစ်ခါမျှ မသေခဲ့ခြင်းလော ဆိုသည်ကို သေချာမသိပေ။
သူ၏စီနီယာအစ်မနှစ်ယောက်မှာ စကားများကို အစီအစဉ်မကျ ပြောနေကြသဖြင့် ကျွင်းမော့ရှောင်က ကြားဖြတ်ပြောလိုက်သည်။
“စီနီယာအစ်မ... ဒါက တကယ်ပဲ ငါတို့ရဲ့ ဘိုးဘေးကြီးပါ။ အမြန်သွားပြီး ဂါရဝပြုလိုက်ပါဦး...”
ကျွင်းမော့ရှောင်၏ စကားကို ကြားမှ စုဝမ်ယီ သတိပြန်ဝင်လာလေသည်။ သူသည် လော့လီ၏လက်ထဲမှ သူ၏လက်ကို အမြန်ရုပ်လိုက်ပြီး ရှေ့သို့ ခပ်သွက်သွက် လျှောက်သွားကာ ရီယွင်၏ရှေ့တွင် ဒူးထောက်၍ သုံးကြိမ်တိုင်တိုင် ရိုသေစွာ ဦးချလိုက်တော့သည်။
“စုဝမ်ယီ... ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်...”
“ထပါ...”
ရီယွင်က နူးညံ့စွာ ပြုံးလိုက်သည်။ စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး စုဝမ်ယီကို အလိုအလျောက် ထရပ်စေလေသည်။
“ဒီနေ့ကစပြီး မင်းတို့ တပည့်သုံးယောက် ဘယ်တော့မှ လူစုကွဲမှာ မဟုတ်တော့ဘူး...”
ရီယွင်၏ စကားကို ကြားလိုက်ရသည့်အခါ လော့လီ၊ ကျွင်းမော့ရှောင်နှင့် စုဝမ်ယီတို့မှာ ထိတ်လန့်ဝမ်းသာ ဖြစ်သွားကြရသည်။ သူတို့၏ စိတ်ခံစားချက်များမှာ ရှုပ်ထွေးနေပြီး တစ်ဦးကိုတစ်ဦး ဖက်ထားရင်း ငိုတစ်လှည့် ရယ်တစ်လှည့် ဖြစ်နေကြလေ၏။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်လုံးလုံး သူတို့သည် ဆရာနှင့်အတူ တစ်နေရာမှ တစ်နေရာသို့ လှည့်လည်သွားလာရင်း ရန်သူများကို အမြဲတမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သူတို့၏ ဘဝမှာ လူသားမဆန်လောက်အောင် ဆင်းရဲပင်ပန်းခဲ့ရသည် မဟုတ်ပါလား။
ယခုအခါ ဂိုဏ်း၏ ဘိုးဘေးကြီး ပြန်လည်နိုးထလာရုံသာမက သူတို့အတွက် အသန်မာဆုံးသော အထောက်အပံ့ကြီးလည်း ဖြစ်လာခဲ့ချေပြီ။
တစ်ဦးကိုတစ်ဦး ဖက်ကာ ငိုနေကြသည့် ထိုသုံးဦးကို ကြည့်ရင်း ရီယွင်က လက်ကို နောက်ပစ်လျက် သူကိုယ်တိုင်ပင် စိတ်လှုပ်ရှားနေမိသည်။
ခဏအကြာတွင်…
ဝဝလင်လင် ငိုပြီးကြသောအခါ တပည့်သုံးဦးမှာ စိတ်တည်ငြိမ်သွားကြပြီး မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်ကြသည်။
ထိုအခါမှ စုဝမ်ယီသည် သူ၏မောင်လေးနှင့် ညီမလေးကို သေချာကြည့်လိုက်မိသည်။
လော့လီသည် နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁၀ သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူ အလွန်ပင် အံ့ဩသွားလေသည်။
ကျွင်းမော့ရှောင်၏ ကျင့်ကြံမှုမှာလည်း နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁၀ ၏ အထွတ်အထိပ်သို့ ရောက်နေပြီး ကောင်းကင်တံတားနယ်ပယ်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။
“မင်းတို့... မင်းတို့ရဲ့ ကျင့်ကြံမှုတွေက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ မြန်မြန် တိုးတက်လာတာလဲ...”
စုဝမ်ယီက အံ့ဩတကြီး မေးလိုက်မိသည်။
“ဘာလို့လဲဆိုတော့ ငါတို့မှာ ဘိုးဘေးကြီး ရှိလို့ပေါ့...”
လော့လီက ဂုဏ်ယူနေသော အပြုံးလေးနှင့်အတူ နှုတ်ခမ်းဆူကာ ပြန်ဖြေလိုက်လေ၏။
“...”
စုဝမ်ယီသည် မျက်တောင်တဖျတ်ဖျတ် ခတ်နေမိသည်။ သူသည် မည်သို့သော ကောင်းကင်အဆင့် ရတနာမျိုးက လော့လီနှင့် ကျွင်းမော့ရှောင်တို့ကို ဤမျှမြန်ဆန်စွာ တိုးတက်စေခဲ့သနည်းဟု အသည်းအသန် စဉ်းစားနေမိသော်လည်း အဖြေရှာမတွေ့ခဲ့ပေ။
“စုဝမ်ယီ... မင်းရဲ့ အရည်အချင်းကလည်း သူတို့ထက် မနိမ့်ပါဘူး။ မင်းရဲ့ အနာဂတ်ကလည်း တောက်ပနေမှာပါ...”
ရီယွင်က ဝေခွဲမရဖြစ်နေသော စုဝမ်ယီကို ကြည့်ကာ နူးညံ့စွာ ပြုံးလျက် ပြောလိုက်သည်။
“ဘိုးဘေးကြီး... ကျွန်မကိုလည်း မောင်လေးနဲ့ ညီမလေးလိုမျိုး ဖြစ်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း ရှိလား...”
စုဝမ်ယီက စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေး နီမြန်းနေပြီး တုန်ရီနေသော အသံဖြင့် မေးမြန်းလိုက်လေသည်။
ရီယွင်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူလိုက်ပြီး စုဝမ်ယီထံသို့ ဖြည်းညင်းစွာ ကမ်းပေးလိုက်သည်။
လော့လီက အနားသို့ အမြန်ပြေးလာပြီး စုဝမ်ယီ၏ နားနားတွင် တိုးတိုးလေး ကပ်ပြောလိုက်သည်။
“စီနီယာအစ်မ... ဘိုးဘေးကြီးမှာ နဂါးဘိုးဘေး အနှစ်သာရသွေးတွေ ရှိတယ်။ တစ်စက်လောက် သောက်လိုက်ရုံနဲ့ အစ်မကြီးလည်း မြန်မြန် ထိုးဖောက်နိုင်မှာပဲ...”
‘နဂါးဘိုးဘေး အနှစ်သာရသွေး ဟုတ်လား... အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...’
စုဝမ်ယီမှာ အလွန်အမင်း ထိတ်လန့်သွားပြီး မျက်လုံးများ ပြူးသွားလေသည်။
“ဘိုးဘေးကြီး... ကျွန်မတို့ဂိုဏ်းရဲ့ နဂါးနတ်ဘုရား အနှစ်သာရသွေးတွေ အကုန်လုံးကို ၂၅၀ ဆက်မြောက် ဂိုဏ်းချုပ်ကြီးက ဖျက်ဆီးပစ်လိုက်တာ မဟုတ်ဘူးလား...”
ရီယွင်က အသာအယာ ပြုံးရုံသာ ပြုံးပြလိုက်သည်။
ပါးနပ်လှသော လော့လီက အမြန်ဆုံး ရှင်းပြလိုက်သည်။
“စီနီယာအစ်မ... အဲ့ဒီတုန်းက အဖျက်ဆီးခံလိုက်ရတာက နဂါးနတ်ဘုရား အနှစ်သာရသွေးတွေလေ... အခု ဘိုးဘေးကြီးဆီမှာ ရှိတာက နဂါးဘိုးဘေး အနှစ်သာရသွေးတွေ... အစ်မကြီး ကြားတာ မမှားဘူးနော်... နဂါးဘိုးဘေး အနှစ်သာရသွေးတွေပဲ...”
“သြော်...”
စုဝမ်ယီမှာ မှင်တက်မိလျက် ခေါင်းညိတ်လိုက်မိသည်။
‘နဂါးဘိုးဘေး အနှစ်သာရသွေး’
ထိုစကားလုံးများကို ကြားလိုက်ရုံနှင့်ပင် သူ၏စိတ်မှာ အံ့ဩလွန်းသဖြင့် ထုံထိုင်းသွားရလေသည်။ နဂါးနတ်ဘုရားဂိုဏ်း၏ တပည့်တစ်ဦးအနေနှင့် နဂါးဘိုးဘေး အနှစ်သာရသွေးအကြောင်းကို သူ မည်သို့မျှ မကြားဖူးဘဲ မနေနိုင်ပေ။ သို့သော်လည်း နဂါးဘိုးဘေး အနှစ်သာရသွေးဆိုသည်မှာ ရှေးဟောင်းဒဏ္ဍာရီများထဲတွင်သာ ရှိခဲ့သည့် အရာမဟုတ်ပါလား။
စီနီယာအစ်မကြီး၏ လက်ရှိအမူအရာကို မြင်သောအခါ လော့လီသည် သူ၏ အရင်က အမူအရာကို ပြန်လည် မြင်ယောင်နေမိသည်။ သူက အနားသို့ နောက်တစ်ကြိမ် ကပ်သွားပြီး ပြောလိုက်ပြန်သည်။
“စီနီယာအစ်မ... အစ်မကြီး သိလား... အဲ့ဒီ ပုလင်းငယ်လေးထဲမှာ အစက်ပေါင်း တစ်သိန်းကျော်တောင် ရှိတာနော်...”
‘ဘုရားရေ... နဂါးဘိုးဘေး အနှစ်သာရသွေးတွေ ဒီလောက်တောင် များတာလား...’
စုဝမ်ယီသည် စိတ်လှုပ်ရှားလွန်းသဖြင့် မေ့လဲတော့မတတ် ဖြစ်သွားရလေသည်။
“စီနီယာအစ်မ... စိတ်ကို တင်းထားဦးနော်... သတင်းကြားတာနဲ့တင် မေ့လဲသွားခဲ့တဲ့ မောင်လေးလိုမျိုးတော့ မဖြစ်စေနဲ့...”
လော့လီက ရယ်မောရင်း စုဝမ်ယီ၏ လက်မောင်းကို ကိုင်ကာ အသာအယာ လှုပ်ယမ်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ကျွင်းမော့ရှောင်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားလေသည်။ ထိုစဉ်က သူသည် နှစ်ကြိမ်တိုင်တိုင် မေ့လဲသွားခဲ့သည် မဟုတ်ပါလား။ ယခု ပြန်စဉ်းစားကြည့်လျှင် အမှန်တကယ်ပင် ရှက်စရာကောင်းလှပေသည်။
မြင်းခြေရင်းတွင် ဝပ်နေသော ကြောင်နက်ကြီးသည်လည်း "နဂါးဘိုးဘေး အနှစ်သာရသွေး" ဆိုသည့် စကားလုံးကို ကြားလိုက်ရသဖြင့် သူ၏မျက်လုံးများမှာ တောက်ပလာခဲ့သည်။
‘ဒဏ္ဍာရီလာ နဂါးဘိုးဘေး အနှစ်သာရသွေး’
ချန်းနန်ကုန်းမြေကြီးပေါ်တွင် တစ်ခါမျှ ပေါ်မလာခဲ့ဖူးပေ။
ကြောင်နက်ကြီးသည် သူ၏နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်မိပြီး နဂါးဘိုးဘေး အနှစ်သာရသွေးကို သူလည်း မြည်းစမ်းကြည့်ချင်စိတ်များ ပေါ်လာလေသည်။
“ဘုန်း...”
အနက်ရောင် မြင်းခွာတစ်ခုက ကြောင်နက်ကြီး၏ ခေါင်းပေါ်သို့ ကျရောက်လာပြီး သူ၏မျက်နှာကို မြေကြီးထဲသို့ ဖိချလိုက်လေသည်။
“ကြောင်ပေါက်ကလေး... မင်း ဘာမှ မဟုတ်တာတွေ မတွေးနဲ့နော်... ကြပ်ကြပ်သတိထား... မဟုတ်ရင် ဒီက ဦးလေးမြင်းက မင်းကို အခုပဲ သတ်ပစ်လိုက်မှာ...”
မြင်းနက်ကြီးက စိတ်တိုတိုနှင့် ခြိမ်းခြောက်လိုက်သည်။
အခန်း ၄၄ ပြီးပါပြီ။
အခန်း ၄၅ - ဘိုးဘေးကြီး၏ ဆုလာဘ်များ
“ဦးလေးမြင်း... ကျွန်တော့်ကို သတ်ရင်လည်း သေရမှာပါ... ဒါပေမဲ့ ကျွန်တော်က ကြောင်ပေါက်စလေးတစ်ကောင်ပါ... ကိုယ့်အတိုင်းအတာကိုယ် သိပါတယ်... အစကတည်းက ဒီလို အကြံအစည်မျိုး တစ်ခါမှ မရှိခဲ့ပါဘူး... ဦးလေးမြင်း သေချာကြည့်ပေးပါဦး... ဒီမျက်နှာက အဲ့ဒီလောက် ရဲတင်းတဲ့ပုံ ပေါက်နေလို့လားဟင်...”
ကြောင်နက်ကြီးမှာ ရွှံ့နွံထဲမှ သူ၏ခေါင်းကို ခက်ခဲစွာ မော့လိုက်ရင်း မြိုမိထားသော မြေကြီးများကို ပြန်ထွေးထုတ်ကာ သူ၏လက်သည်းနှစ်ဖက်ဖြင့် ခေါင်းကိုအုပ်လျက် သနားစဖွယ် တောင်းပန်နေရှာသည်။
“အဲ့လိုမှပေါ့... မင်းက ကြောင်လေးဖြစ်ပေမဲ့ အမူအရာကတော့ တော်တော်လေး ကောင်းတယ်... ကိုယ့်နေရာကိုယ်လည်း သိသားပဲ...”
မြင်းနက်ကြီးက ပြုံးလိုက်ရာ ၎င်း၏မြင်းခွာဖြင့် ကြောင်နက်ကြီး ခေါင်းပေါ်က အမွေးများကို အသာအယာ သပ်ပေးလိုက်ရင်း အားရပါးရ ရယ်မောလေသည်။
ဤကြောင်နက်ကလေးမှာ သူ့ကို အတော်လေး သဘောကျစေသည်ဟု ဝန်ခံရပေလိမ့်မည်။ ကြောင်ကလေးက ‘ဦးလေးမြင်း’ ဟု ခေါ်လိုက်တိုင်း မြင်းနက်ကြီး၏ ရင်ထဲတွင် ပီတိများ ဝေဖြာသွားရသည် မဟုတ်ပါလား။
ရီယွင်က မြင်းနက်ကြီးကို တစ်ချက်ကြည့်လိုက်ရာ သူ၏နှုတ်ခမ်းထောင့်တွင် မသိမသာသော ပြုံးယောင်လေးတစ်ခု ပေါ်လာလေသည်။
ဤမြင်းနက်ကြီးမှာ ဝီရိယရှိပြီး အလုပ်ကြိုးစားသူဖြစ်ကာ မည်သည့်အခါမျှ ငြီးငြူခြင်းမရှိဘဲ ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သူ ဖြစ်ပေ၏။ ယခုအခါတွင်မူ ၎င်းသည် စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်ကို ရှာတွေ့သွားပုံရချေပြီ။
မြင်းနက်ကြီးနှင့် ကြောင်နက်ကြီး... စိတ်ဝင်စားစရာ ကောင်းလှပေစွ။
ရီယွင်၏ လက်ထဲက ပုလင်းငယ်လေးကို အသာအယာ လှည့်လိုက်သောအခါ ဝိညာဉ်စွမ်းအင်များ ပြည့်ဝနေသည့် ထူးကဲနဂါးနတ်ဘုရား အရှိန်အဝါများ ထွက်ပေါ်နေသော နဂါးဘိုးဘေး အနှစ်သာရသွေးတစ်စက်မှာ လေထဲသို့ ပျံတက်သွားပြီး စုဝမ်ယီထံသို့ ဖြည်းညင်းစွာ လွင့်မျောသွားလေသည်။
စုဝမ်ယီ၏ အသက်ရှူသံများမှာ မြန်ဆန်လာခဲ့ပြီး သူ၏မျက်နှာလေးမှာလည်း စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေခဲ့ပြီ ဖြစ်သည်။
“ညီ... ညီမလေး... ငါ ဘာလုပ်ရမလဲ...”
နဂါးဘိုးဘေး အနှစ်သာရသွေးမှာ သူ၏ထံသို့ တိုက်ရိုက် လွင့်မျောလာသည်ကို မြင်သောအခါ စုဝမ်ယီမှာ အယောင်ယောင်အမှားမှား ဖြစ်သွားပြီး ဘာလုပ်ရမှန်း မသိတော့ပေ။
“စီနီယာအစ်မ... ဘာတွေ ဝေခွဲမရ ဖြစ်နေတာလဲ... အမြန်ပဲ ဒီနဂါးဘိုးဘေး အနှစ်သာရသွေးတစ်စက်ကို မျိုချလိုက်စမ်းပါ... ပြီးရင် ငါတို့ နဂါးနတ်ဘုရားဂိုဏ်းရဲ့ ကျင့်စဉ်ကို သုံးပြီး အမြန်ဆုံး သန့်စင်လိုက်လေ...”
လော့လီက ဘေးမှနေ၍ ပြုံးလျက် သတိပေးလိုက်ပေသည်။
“သြော်... အင်းအင်း...”
စုဝမ်ယီ သဘောပေါက်သွားလေပြီ။
သူသည် ချယ်ရီသီးကဲ့သို့ နီမြန်းသော သူ၏ပါးစပ်လေးကို အနည်းငယ် ဖွင့်လိုက်ပြီး အသာအယာ စုပ်ယူလိုက်ကာ နဂါးဘိုးဘေး အနှစ်သာရသွေးကို မျိုချလိုက်လေသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာပျက်တော့မတတ် အံ့ဩဖွယ်ရာ အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
သူသည် မြေပြင်ပေါ်တွင် အမြန်ဆုံး တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး နဂါးဘိုးဘေး အနှစ်သာရသွေးကို သန့်စင်ရန်အတွက် နဂါးနတ်ဘုရားဂိုဏ်း၏ ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။
သူ၏ခန္ဓာကိုယ်မှ ထူးကဲနဂါးနတ်ဘုရား အရှိန်အဝါများမှာ ဟုန်းခနဲ ထွက်ပေါ်လာပြီး မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် မြင့်တက်လာတော့သည်။
အနှစ်သာရစုစည်းမှုနယ်ပယ် အဆင့် ၄...
အနှစ်သာရစုစည်းမှုနယ်ပယ် အဆင့် ၅...
အနှစ်သာရစုစည်းမှုနယ်ပယ် အဆင့် ၆...
...
မူလပင်လယ်နယ်ပယ် အဆင့် ၁...
မူလပင်လယ်နယ်ပယ် အဆင့် ၂...
မူလပင်လယ်နယ်ပယ် အဆင့် ၃...
...
မူလပင်လယ်နယ်ပယ် အဆင့် ၁၀...
“စီနီယာအစ်မ... ဆက်လုပ်ဦး...”
လော့လီ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များ ပြည့်နှက်နေလေသည်။ သူ၏စီနီယာအစ်မကြီးမှာ မူလပင်လယ်နယ်ပယ် အဆင့် ၁၀ ၏ အဆုံးအဖြတ် အခိုက်အတန့်သို့ ရောက်နေသည်ကို မြင်သောအခါ သူ၏ရင်ထဲတွင် တိတ်တဆိတ် အားပေးနေမိသည်။
ယခင်က သူကိုယ်တိုင်မှာ ချီစုစည်းမှုနယ်ပယ်မှနေ၍ မူလပင်လယ်နယ်ပယ် အဆင့် ၁၀ အထိ တစ်ရှိန်ထိုး တိုးတက်ခဲ့ခြင်း ဖြစ်ပေ၏။ သို့သော်လည်း စီနီယာအစ်မကြီးမှာ အနှစ်သာရစုစည်းမှုနယ်ပယ်၌ ရှိနှင့်ပြီးသား ဖြစ်သောကြောင့် နတ်ဝိညာဉ်အာရုံနယ်ပယ်သို့ ထိုးဖောက်နိုင်မည့် အခွင့်အရေး ရှိပေသည်။
ရီယွင်က စုဝမ်ယီ၏ ထိုးဖောက်မှုကို တည်ငြိမ်သော မျက်နှာထားဖြင့် ကြည့်နေခဲ့သည်။ သူ၏မျက်နှာမှာ လှိုင်းမထသော ရေပြင်အလား အေးဆေးနေဆဲပင်။
မြင်းခွာခြေရင်းက ကြောင်နက်ကြီးမှာမူ စုဝမ်ယီ၏ ကျင့်ကြံမှုနယ်ပယ်မှာ ကောင်းကင်သို့ ထိုးတက်သွားသည်ကို မျက်လုံးအစုံ ပြူးကြည့်နေမိသည်။ သူက ထိတ်လန့်တုန်လှုပ်နေသော အမူအရာနှင့်အတူ ပြောလိုက်သည်။
“ဦးလေးမြင်း... ဒီနဂါးဘိုးဘေး အနှစ်သာရသွေးက ဒီလောက်အထိ ကြီးမားတဲ့ စွမ်းအားတွေ ရှိတာလား... တစ်စက်တည်းနဲ့ တကယ်ကြီး တစ်ယောက်ယောက်ရဲ့ ကျင့်ကြံမှုကို ဒီလောက်အထိ မြန်မြန် တိုးတက်စေနိုင်တာလား...”
မြင်းနက်ကြီးက ၎င်း၏သွားများကို ဖြဲပြလိုက်ပြီး မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် စိုက်ကြည့်ကာ ငေါက်လိုက်လေသည်။
“မင်းလို အသုံးမကျတဲ့ ကြောင်ကလေးကတော့ အသိအမြင် တော်တော်လေး နည်းတာပဲ...”
“ဦးလေးမြင်း... ကျေးဇူးပြုပြီး လမ်းပြပေးပါဦး...”
ကြောင်နက်ကြီးက သူ၏လက်သည်းများကို မြှောက်ကာ မြှောက်ပင့်လိုသော အပြုံးဖြင့် ပြောလိုက်လေသည်။
မြင်းနက်ကြီးက နှာတစ်ချက် မှုတ်လိုက်ရင်း ဖြီးတော့သည်။
“နဂါးဘိုးဘေး အနှစ်သာရသွေးကို ဘယ်သူမဆို သောက်နိုင်တယ်လို့ မင်း ထင်နေတာလား... အဲ့ဒါက နဂါးနတ်ဘုရား သွေးဗီဇကို ပိုင်ဆိုင်ထားတဲ့ နဂါးမျိုးနွယ်စုရဲ့ မျိုးဆက်တွေပဲ ဖြစ်ရမယ်... နောက်ပြီး ဒီလိုမျိုး ကျင့်ကြံမှု အရှိန်အဟုန်နဲ့ တိုးတက်တာဟာ ခန္ဓာကိုယ်ထဲက သွေးဗီဇကို ပထမဆုံးအကြိမ် အစားထိုးလိုက်တဲ့ အခါမှာပဲ ဖြစ်ပေါ်တာလေ... နောက်ပိုင်းမှာ ထပ်သောက်မယ်ဆိုရင်တော့ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ အရှိန်နဲ့ တိုးတက်မှာ မဟုတ်တော့ဘူး...”
ဦးလေးမြင်း၏ အသေးစိတ် ရှင်းပြချက်ကို ကြားရခဲလှသဖြင့် ကြောင်နက်ကြီးမှာ ကျေးဇူးတင်သော အမူအရာကို ပြသလိုက်ပြီး သူ၏လက်သည်းများကို အမြန်မြှောက်ကာ အကြိမ်ကြိမ် ဦးညွှတ်လိုက်လေသည်။
“ကြောင်လေးကို လမ်းပြပေးတဲ့အတွက် ဦးလေးမြင်းကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ...”
“ဟဲဟဲ...”
မြင်းနက်ကြီးက ခပ်တိုးတိုး နှစ်ချက် ရယ်မောလိုက်ရာ ၎င်း၏ ကျောက်မျက်ရတနာကဲ့သို့ အနက်ရောင်မျက်လုံးများတွင် ဂုဏ်ယူနေသည့် အရိပ်အယောင်များ ဝင်းလက်သွားလေသည်။
ဤကြောင်နက်ကြီး၏ ကျင့်ကြံမှုမှာ နိမ့်လွန်းလှပြီး ပြန်လည်မွေးဖွားခြင်းနယ်ပယ်၌သာ ရှိပေသေးသည်။ ဤ ဦးလေးမြင်း မျက်စိထဲတွင်မူ သူသည် သာမန်မိစ္ဆာသားရဲတစ်ကောင်နှင့် ဘာမျှမခြားပေ။
“ဘုန်း...”
စုဝမ်ယီ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားလေသည်။ သူ၏ကျင့်ကြံမှုနယ်ပယ်မှာ မူလပင်လယ်နယ်ပယ် အဆင့် ၁၀ မှ နတ်ဝိညာဉ်အာရုံနယ်ပယ် အဆင့် ၁ သို့ တစ်ရှိန်ထိုး ခုန်တက်သွားခဲ့လေသည်။
ထိုအခါမှသာ အံ့ဩဖွယ်ရာ ထူးကဲနဂါးနတ်ဘုရား အရှိန်အဝါများမှာ တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။
“စီနီယာအစ်မ နောက်ဆုံးတော့ ထိုးဖောက်နိုင်သွားပြီ...”
ဘေးမှ စိုးရိမ်တကြီး ကြည့်နေသော ကျွင်းမော့ရှောင်က ဝမ်းသာအားရ ပြောလိုက်လေသည်။ လော့လီ၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ချေပြီ။
ခဏအကြာတွင် စုဝမ်ယီက သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူသည် ရီယွင်၏အနားသို့ လျှောက်သွားလိုက်ပြီး ဒူးထောက်ကာ မြေပြင်ပေါ်သို့ ဝပ်စင်းလိုက်လေသည်။
“ဒါတွေအားလုံး ဖြစ်လာအောင် လုပ်ပေးခဲ့တဲ့အတွက် ဘိုးဘေးကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်...”
“ထပါ... ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး...”
ရီယွင်က ပြုံးလျက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး စုဝမ်ယီကို အလိုအလျောက် ထရပ်စေလေသည်။
“မင်း ဘယ်လိုဝတ်စုံအရောင်မျိုးကို ကြိုက်လဲ...”
ရီယွင်က မေးလိုက်သည်။ ဘိုးဘေးကြီး၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ စုဝမ်ယီမှာ ခဏမျှ မှင်တက်မိသွားလေသည်။ လော့လီကမူ ဘေးနားမှနေ၍ သူ၏ပါးစပ်ကို ပိတ်ကာ ခပ်တိုးတိုး ရယ်မောနေ၏။
ဘိုးဘေးကြီးက စီနီယာအစ်မကြီးကို လက်ဆောင်ပေးတော့မည် မဟုတ်ပါလား။
‘ဝတ်စုံတစ်စုံနှင့် နတ်ဘုရားဓားတစ်လက်… ဒါတွေက ငါတို့ နဂါးနတ်ဘုရားဂိုဏ်းက တပည့်တွေအတွက် ပုံသေသတ်မှတ်ချက်တွေ ဖြစ်နေခဲ့ပြီလေ...’
“ဘိုးဘေးကြီးကို တင်ပြပါရစေ... ကျွန်မ... ကျွန်မ ခရမ်းရောင်ကို ကြိုက်ပါတယ်...”
စုဝမ်ယီက သူ၏မျက်နှာလေး နီမြန်းလျက် တိုးညင်းစွာ ပြောလိုက်လေသည်။
ရီယွင်က ခေါင်းညိတ်လိုက်သည်။ သူသည် သူ၏လက်ကောက်ဝတ်၌ ခဏမျှ ရှာဖွေကြည့်သော်လည်း ခရမ်းရောင်ဝတ်စုံကို ရှာမတွေ့သဖြင့် သူ၏မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာလေသည်။
အမျိုးသမီးများအတွက် သင့်တော်သော ဝတ်စုံများမှာ အလွန်ပင် နည်းပါးလှပေ၏။ သူ၏ပစ္စည်းစာရင်းထဲတွင် ခရမ်းရောင်ဝတ်စုံ တစ်စုံမျှ တကယ်ကို မရှိပေ။ ဤအချက်က ဘိုးဘေးကြီးဖြစ်သူ ရီယွင်ကို အနည်းငယ် အနေရခက်စေခဲ့သည်။
ရီယွင်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရွှေရောင်ဝတ်စုံတစ်စုံကို ထုတ်ယူလိုက်လေသည်။
“ခရမ်းရောင်ဝတ်စုံတော့ မရှိဘူး... ဒါပေမဲ့ ဒီမှာ ရွှေရောင်တစ်စုံ ရှိတယ်... လောလောဆယ်တော့ ဒါကိုပဲ ဝတ်ထားလိုက်ဦး...”
ရီယွင်က ပြုံးလျက် အားနည်းသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေသည့် ဝတ်စုံကို စုဝမ်ယီထံသို့ လှမ်းပေးလိုက်လေသည်။ စုဝမ်ယီသည် တောက်ပလှသော ရွှေရောင်အလင်းများ ထွက်ပေါ်နေပြီး သိသာစွာပင် ထူးခြားလှသော ထိုရွှေရောင်ဝတ်စုံကို ကြည့်ရင်း လုံးဝ အံ့ဩမှင်တက်မိသွားတော့သည်။
သူ ထိုဝတ်စုံကို လက်ခံလိုက်ပြီး ၎င်းမှထွက်ပေါ်နေသော ထူးကဲနဂါးနတ်ဘုရား အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ သူက အံ့ဩတကြီး မော့ကြည့်ကာ မေးလိုက်မိလေသည်။
“ဘိုးဘေးကြီး... ဒါက ဧရာရာဇ်အဆင့် ဝတ်စုံလား...”
ရီယွင်က ခေါင်းညိတ်ပြလိုက်သည်။ စုဝမ်ယီ၏ မျက်လုံးများမှာ ပြူးသွားခဲ့ပြီး သူ၏အသက်ရှူသံများ မြန်လာကာ နှလုံးခုန်သံများလည်း မြန်ဆန်လာခဲ့ချေပြီ။ သူသည် ကျောက်ရုပ်တစ်ရုပ်အလား နောက်တစ်ကြိမ် မှင်တက်မိသွားပြန်သည်။
ဧကရာဇ်အဆင့် ဝတ်စုံတစ်စုံ... ဘိုးဘေးကြီးက... တကယ်ကို ရက်ရောလွန်းလှပေသည်။
စုဝမ်ယီသည် ရှန်တောက်မင်းဆက်ရှိ သားရဲတစ်သောင်း နတ်ဘုရားဂိုဏ်းတွင် သုံးလတိုင်အောင် နေထိုင်ခဲ့ဖူးသဖြင့် ပြင်ပလောကကြီးအကြောင်းကို အတန်အသင့် သိရှိထားလေသည်။ ထိုဂိုဏ်း၏ ထိပ်တန်းပါရမီရှင် တပည့်များပင်လျှင် ဧကရာဇ်အဆင့် ရတနာများကို ပိုင်ဆိုင်ထားခြင်း မရှိကြပေ။
ဤကဲ့သို့သော ဝတ်စုံမျိုးကို တောင်ပိုင်သခင်များနှင့် ဂိုဏ်းချုပ်ကြီးတို့သာ ဝတ်ဆင်နိုင်ကြပေသည်။
ဘိုးဘေးကြီးက သူ့အား ဧကရာဇ်အဆင့် ဝတ်စုံတစ်စုံကို လက်ဆောင်ပေးလိုက်သည်ဟု တွေးလိုက်မိသည့်အခါ စုဝမ်ယီမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရလေ၏။
ရီယွင်က သူ၏လက်ကောက်ဝတ်၌ ထပ်မံရှာဖွေလိုက်ပြီး ဓားတစ်လက်ကို ထုတ်ယူလိုက်ပြန်သည်။ ၎င်းမှာ ရဲရဲနီနေသော ဓားအိမ်နှင့် နီမြန်းသော ဓားတစ်လက် ဖြစ်ပေသည်။ ထိုဓား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ထူးကဲနဂါးနတ်ဘုရား အရှိန်အဝါများမှာ လွင့်ပျံလာတော့သည်။
“ဒီဓားက မင်းအတွက်ပဲ...”
ရီယွင်က သူ၏လက်ကို အသာအယာ မြှောက်လိုက်ရာ ကြောက်စရာကောင်းလှသော ထို ဓားနီကြီးမှာ စုဝမ်ယီထံသို့ လွင့်မျောသွားလေသည်။
“ဒါက...”
စုဝမ်ယီမှာ တုန်ရီနေသော လက်များဖြင့် ထိုဓားကို လက်ခံလိုက်စဉ် သူ၏နှလုံးသားမှာလည်း တုန်လှုပ်နေခဲ့ချေပြီ။
ဤဓား၏ အဆင့်အတန်းမှာ မည်မျှအထိ ရှိမည်ကို သူ မခန့်မှန်းနိုင်တော့ပေ။ ဂိုဏ်းချုပ်ကြီးမှာပင် ဤမျှသန်မာလှသော ဓားတစ်လက် မရှိသည်မှာ သေချာပေသည်။
“ဘုရားရေ ဦးလေးမြင်း... သခင်ကြီးက ဒီတစ်ခါမှာ ဘယ်လိုမျိုး ဓားကို ထုတ်လိုက်တာလဲ... ကျွန်တော် ဘာလို့ မခွဲခြားနိုင်ရတာလဲ...”
ကြောင်နက်ကြီးက သူ၏လက်သည်းဖြင့် သူ၏အမွေးပွခေါင်းကို ကုတ်လိုက်ရင်း အံ့ဩမှင်တက်မိနေသော မျက်နှာထားနှင့် ပြောလိုက်လေသည်။
“ပြင်ပလောကကြီးအကြောင်း ဘာမှမသိတဲ့ ဒီကြောင်ကလေးကတော့ကွာ... ငါ မင်းရဲ့ ဦးခေါင်းခွံကို ခွဲကြည့်ပြီး အထဲမှာ ဘယ်လိုမျိုး အမှိုက်တွေ ရှိနေလဲဆိုတာကို တကယ်ပဲ ကြည့်ချင်မိတယ်...”
မြင်းနက်ကြီးက ၎င်း၏ ဧရာမ သွားဖြူကြီးများကို ဖြဲပြလိုက်ပြီး ၎င်း၏ခွာဖြင့် ကြောင်နက်ကြီးကို အားပါပါ နင်းလိုက်ကာ ဂုဏ်ယူစွာ ပြောလိုက်လေသည်။
“သေချာနားထောင်စမ်း ကြောင်လေး... အဲ့ဒါက နတ်ဘုရားအဆင့်ပဲ...”
“ဘာ... ဦးလေးမြင်း... ဒါက တကယ်ပဲ နတ်ဘုရားအဆင့် ဓားတစ်လက်လား...”
ကြောင်နက်ကြီးမှာ မှင်တက်မိသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားလေသည်။
ဘာပဲဖြစ်ဖြစ် ၎င်းသည် ရှန်တောက်မင်းဆက်မှ လာသူဖြစ်ပြီး အချိန်အတော်ကြာအောင် အသက်ရှင်ခဲ့သူ ဖြစ်သော်လည်း နတ်ဘုရားအဆင့် ရတနာတစ်ခုကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယနေ့တွင်မူ ၎င်း၏မျက်စိများမှာ အမှန်တကယ်ပင် ပွင့်သွားခဲ့ချေပြီ။ ပထမဆုံးအနေနှင့် နဂါးဘိုးဘေး အနှစ်သာရသွေးကို မြင်တွေ့ခဲ့ရသည်။ ထို့နောက် သခင်တစ်ဦးတည်းသာ ဝတ်ဆင်နိုင်သော ဧကရာဇ်အဆင့် ဝတ်စုံကို မြင်တွေ့ခဲ့ရပြန်သည်။ ယခုအခါတွင်မူ သူ၏တစ်သက်တာတွင် ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်သော နတ်ဘုရားအဆင့် ဓားတစ်လက်ကို မြင်တွေ့ခဲ့ရပြန်ချေပြီ။ တကယ်ကို ကြောက်စရာ ကောင်းလှပေစွ။ စစ်မှန်သော နတ်ဘုရားတစ်ပါးနှင့် တူလှသော ဖြစ်တည်မှုတစ်ခု မဟုတ်ပါလား။
ကြောင်နက်ကြီးသည် ရီယွင်၏ ကျောပြင်ကို ကြည့်ရင်း သူ၏နက်ရှိုင်းသော အနက်ရောင်မျက်လုံးများတွင် ပြင်းထန်သော ကြည်ညိုလေးစားမှုများ ပြည့်နှက်နေတော့ပေသည်။
အခန်း ၄၅ ပြီးပါပြီ။