← Chapters

ဧကရာဇ်ဓား

Vol. 5 Ch. 493

ဧကရာဇ်ဓား

Vol. 5 Ch. 493

“နည်းနည်းလောက် အိပ်လိုက်ဦးလေ…”

ဆန်းလျန်က လေ့ကျင်းကို ပြောလိုက်လေသည်။

လေ့ကျင်းမှာလည်း အမှန်တကယ်ပင် ပင်ပန်းနေပြီ ဖြစ်သည့် အတွက် အိပ်ပျော် သွားလေတော့သည်။

အိပ်ပျော်သွားသည့် အချိန်တွင်ပင် သူမသည် အိပ်မက်ဆိုးများကို မြင်မက် နေတော့သည်။ အိပ်မက်ထဲတွင် သူမ၏ ဦးရီးတော်နှင့် ဆန်းလျန် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး တောင်တစ်ခွင်လုံးတွင် သွေးချောင်းစီးကာ အလောင်းများဖြင့် ပြည့်နှက်နေသည်ကို မြင်တွေ့ ရလေသည်။ သို့တိုင်အောင် သူမသည် အိပ်မက်ဆိုးမှ မနိုးထနိုင်ခဲ့ ပေ။

ဆန်းလျန်သည် ကျီဝေ့ စာသင်ခန်း အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ယခင်က ရှင်းလင်းနေခဲ့သည့် တော်ဝင် ကျောင်းတော်ကြီးသည် ယခုတော့ နွယ်ပင်စိမ်းစိမ်းများ၊ သစ်ပင်စိမ်းစမ်းများဖြင့် နေရာတိုင်းတွင် စိမ်းလန်းစိုပြေ နေတော့သည်။ ဆန်းလျန် စိုက်ပျိုးထားသည့် သစ်ပင်များ ဖြစ်လေသည်။

ဝူတင်သည် တော်ဝင် ကျောင်းတော်ဝန်း အတွင်းရှိ စီးဆင်းနေသည့် စမ်းချောင်းလေး တစ်ခုဘေးတွင် ဓားသိုင်း လေ့ကျင့် နေလေသည်။ သူက အရှေ့တိုင်း စစ်သည်တော်နှင့် တိုက်ခိုက်စဉ်က ပျက်စီးသွားသည့် သူ၏ ကြေးနီစိမ်း ဓားနှင့် ပုံသဏ္ဌာန်တူသည့် သစ်သားဓား တစ်လက်ကို ပြုလုပ်ကာ ဓားသိုင်း လေ့ကျင့်နေခြင်း ဖြစ်လေသည်။

ဝူတင်သည် အေးဆေးစွာ နေတတ်သူ ဖြစ်ပြီး အခြားသူများနှင့် စကား အပြောအဆို သိပ်ရှိသူ တစ်ယောက် မဟုတ်ပေ။ သို့သော် ကွမ်းလုန်ကျီ၏ တပည့်ဖြစ်လာပြီးသည့် နောက်ပိုင်း လူအချို့နှင့် မဆက်ဆံချင်ဘဲလည်း ဆက်ဆံနေရလေ သည်။ အထူးသဖြင့် သူ့ကို အခြောက်တိုက် ရန်လိုနေသည့် ဖေးကျုန်းပင် ဖြစ်လေသည်။

“မင်းက ဓားသိုင်းလေ့ကျင့်ဖို့ သင့်တော်တဲ့သူမျိုး မဟုတ်ဘူး”

အသံထွက်ပေါ် လာရာသို့ ဝူတင်က လှည့်ကြည့်လိုက်သည့် အခါတွင်တော့ သူ့အနောက်ဘက်ရှိ မြက်ခင်းပြင်ထက်တွင် မတ်တတ်ရပ်နေသည့် ဆန်းလျန်ကို တွေ့လိုက် ရလေသည်။ မြက်ခင်းပြင်မှ မြက်လေးများမှာ အလွန်နူးညံ့ပြီး ထိုးထိုးထောင်ထောင် ပေါက်ရောက် နေလေသည်။ ဆန်းလျန်သည် ထိုမြက်ပင်လေးများ၏ ထိပ်ဖျားပေါ်တွင် ရပ်နေခြင်း ဖြစ်လေသည်။ သို့သော် မြက်ပင်လေးများမှာ ကျိုးကျေသွားခြင်း မရှိခဲ့ပေ။

ဝူတင်က သူ၏ဓားကို လက်ဖြန်နောက်တွင် အသာသိမ်းလိုက်ပြီး ဆန်းလျန်ရှိရာသို့ လျှောက်သွား လိုက်သည်။

“ကျွန်တော့်ကို ဓားသိုင်းလေ့ကျင့်ဖို့ မသင့်တော်ဘူးလို့ ဘာလို့ပြောရတာလဲ၊ ကျွန်တော့် ဦးလေး ပြောဖူးတာတော့ ဓားဆိုတာ လူတစ်ယောက်ရဲ့ ဂုဏ်ပုဒ်တဲ့၊ ပြီးတော့ ဧကရာဇ် တစ်ပါးရဲ့ လက်နက်တဲ့”

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ဒီစကားကို ကျုပ်ကြားဖူးပြီးသားပါ၊ ထျန်းယီ အကြီးအကဲက တကယ့်ကို ရှားပါးတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားသူပဲ၊ ကြည့်ရတာ ထျန်းယီ အကြီးအကဲကလည်း ဓားသိုင်း တော်တယ် ထင်တယ်”

ဆန်းလျန်စကားကြောင့် ဝူတင်က ပြုံးလိုက်ရင်း…

“မင်းသားလေး ဒီတစ်ခါတော့မှားသွားပြီ၊ ကျွန်တော့်ဦးလေးဟာ ဓားကို အသုံးမပြုပါဘူး၊ ဓားမှ မဟုတ်ဘူး သူက ဘယ်လက်နက်ကိုမှ အသုံးပြုလေ့မရှိပါဘူး”

ဆန်းလျန်က ခေါင်းကိုခါယမ်းလိုက်ရင်း...

“ထျန်းယီအကြီးအကဲက ဓားအသုံးပြုပါတယ်၊ တကယ်တော့ သူက ဧကရာဇ်ဓားကို အသုံးပြုတာပါ”

ဆန်းလျန်၏ စကားကြောင့် ဝူတင်မျက်နှာ ပျက်သွားလေသည်။

“စကားလုံးတွေကို သတိထားပါ မင်းသားလေး၊ ဧကရာဇ်ဓားဆိုတဲ့ အသုံးအနှုန်းမှာ ဧကရာဇ်ဆိုတဲ့ စကားလုံးပါနေ ပါတယ်၊ တာ့ရှားဧကရာဇ် သာလျှင် ဧကရာဇ်ဆိုတဲ့ အသုံးအနှုန်းကို အသုံးပြုခွင့်ရှိတာပါ၊ ကျွန်တော့်ဦးလေးက ဘယ်လိုလုပ် အသုံးပြုခွင့် ရှိမှာလဲ၊ ပြီးတော့ အဲဒီ ဧကရာဇ် ဓားဆိုတာကို တစ်ခါမှ မကြားဖူးဘူး”

“ဒါဖြင့် ဧကရာဇ် ဓားအကြောင်း မင်းကိုပြောပြရမလား”

ဆန်းလျန်က ပေါ့ပေါ့ပါးပါးဟန်ဖြင့် မေးလိုက်သည်။

ဝူတင်မှာ ဧကရာဇ်ဓားဆိုသည်ကို အလွန် သိချင်နေသည့်တိုင် မမေးသင့်သည့် မေးခွန်း ဖြစ်နေသောကြောင့် မမေးရဲဘဲ ရှိလေသည်။

သူက တစ်ခဏမျှ စဉ်းစားဟန် ပြုလိုက်ရင်း…

“ကျွန်တော် မသိချင်တော့ပါဘူး”

ဆန်းလျန်က ရယ်မောလိုက်ရင်း ဝူတင်၏ ဘေးသို့ ရောက်လာလေသည်။ သူ၏လှုပ်ရှားမှုမှာ အခိုးအငွေ့များ လွင့်မျော သွားသကဲ့သို့ လျင်မြန် လွန်းလေသည်။

သူက ဝူတင်၏ ပခုံးကို ပုတ်လိုက်ရင်း….

“တကယ်တော့ မင်းအနေနဲ့ဆိုရင် နှစ်ဖက်သွားဓားကို အသုံးမပြုဘဲ တစ်ဖက်သွား ဓားကို အသုံးပြုပြီး ဓားသိုင်း လေ့ကျင့်တာက ပိုပြီး သင့်တော်လိမ့်မယ်”

ပြောပြီးသည်နှင့် ဆန်းလျန် ထွက်ခွာသွားလေသည်။

အခိုးအငွေ့အလား ဝူတင်အနားသို့ ရောက်ရှိလာပြီး အခိုးအငွေ့အလားပင် ဝူတင်အနားမှ ပြန်လည် ထွက်ခွာသွားလေ သည်။

ဝူတင်သည် အမှန်တကယ်ပင် တစ်ဖက်သွားဓားနှင့် ဓားသိုင်း လေ့ကျင့်ရန် သင့်တော်သူ တစ်ယောက် ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် သူက အေးဆေးသည့် လူတစ်ယောက်ဖြစ်ပြီး ထိုကဲ့သို့သော လူမျိုးသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်နိုင်သူ ဖြစ်လေသည်။ ထို့ကြောင့် ထိုးစိုက် တိုက်ခိုက်ရသည့် နှစ်ဖက်သွားဓားထက် ပိုင်းဖြတ်ရသည့် တစ်ဖက်သွားဓားနှင့် ပိုပြီးသင့်တော် လေသည်။

လောကတွင် ဓားသိုင်းပညာပေါင်း မည်မျှပင်ရှိပါစေ ဓားသိုင်း၏ ရည်ရွယ်ချက်သည် တိုက်ခိုက်ရန်နှင့် အန္တရယ်ကို ခုခံကာကွယ်ရန် ဖြစ်လေသည်။ ဤသည်မှာ ဓား၏ သဘောသဘာဝပင် ဖြစ်လေသည်။

ထျန်းယီ အကြီးအကဲသည် ဘုရင်တစ်ပါး ဖြစ်ထိုက်သူ ဖြစ်လျှင် ဝူတင်သည်လည်း ထျန်းယီ အကြီးအကဲထက် ညံ့သူ တစ်ယောက် မဟုတ်ပေ။

ဝူတင်ကတော့ သူနှင့် ထျန်းယီ အကြီးအကဲနှင့် ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားလှသည်ဟု တွေးနေမှာ ဖြစ်လေသည်။ သို့သော် ဝူတင် ကျင့်ကြံနေသည့် ပျံသန်းကြယ်စင် ကျင့်စဉ်ကြောင့် သူသည် သိပ်မကြာမီပင် ထျန်းယီအကြီးအကဲနှင့် ပခုံးချင်း ယှဉ်နိုင်သည့် လူတစ်ယောက် ဖြစ်လာပေလိမ့်မည်။

သို့သော်… ဝူတင်သည် သူ၏ အရည်အချင်းများကို သူကိုယ်တိုင် ရှင်းရှင်းလင်းလင်း နားမလည် နိုင်သေးပေ။

ဆန်းလျန်သည် အခိုးအငွေ့အလားပင် တော်ဝင်ကျောင်းတော် အပြင်ဘက်သို့ ရောက်ရှိ သွားလေသည်။ သူက လေ့ကျင်း အိပ်ပျော်နေသည်ကို အခွင့်ကောင်းယူကာ တိချိုးမြို့တော် အတွင်းသို့ လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက် လေသည်။ အမှန်တော့ တိချိုးမြို့တော်သည် လျှို့ဝှက်ချက်များဖြင့် ပြည့်နေသည့် မြို့တော်တစ်ခု ဖြစ်လေသည်။ သို့သော် ထိုလျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်သူ မည်သူမျှ မရှိခဲ့သလို မည်သူမျှလည်း မဖော်ထုတ်ရဲကြပေ။

ယနေ့နံနက် ဖြစ်ပျက်သွားသည့် အဖြစ်အပျက် များကြောင့် တိချိုးမြို့တော်တွင် လုံခြုံရေးများကို တင်းတင်းကျပ်ကျပ် ချမှတ်ထားလေသည်။

ဝမ်ချန်နန်းတော်….

တာ့ရှားဧကရာဇ်သည် အကြီးအကျယ် ဒေါသ ထွက်နေလေသည်။ အမတ်မင်းများ အားလုံးသည် ဝမ်ချန်နန်းတော်သို့ စုဝေး ရောက်ရှိနေကြပြီး ဧကရာဇ်မင်းနှင့် အစည်းအဝေး ပြုလုပ် နေကြလေသည်။

တာ့ရှားပြည်၏ အဓိကအင်အားများ စုဝေးရာနေရသည် ဝမ်ချန်နန်းတော်သာလျှင် ဖြစ်လေသည်။ တော်ဝင်မိသားစု ဆယ့်နှစ်ခု၏ ခေါင်းဆောင်များနှင့် အခြားသော နန်းတွင်း အမတ်မင်းများ၊ ရွှမ်ကျန်းကျောင်းတော်နှင့် တာ့ကြွယ် ကျောင်းတော်များမှ ကျင့်ကြံသူများပင် ဝမ်ချန် နန်းတော်သို့ ရောက်ရှိနေကြလေသည်။

တာ့ရှားပြည်သည် အသူရာချောက်၏ အလယ်ဗဟိုတွင် တည်ရှိလေသည်။ သွေးနီ ပင်လယ် အတွင်းမှ နတ်ဆိုး မျိုးနွယ်စုများပင်လျှင် ထိုအချက်ကို မဆန့်ကျင်ရဲကြပေ။ တာ့ရှားဧကရာဇ်၏ ဘိုးဘေးဘီဘင် အစဉ်အဆက် ကတည်းက သူတို့ကို မဆန့်ကျင်နိုင်ရန် အတွက် သြဇာအာဏာကို အသုံးပြုကာ တိုက်ခိုက် ဖိနှိပ်ထားခဲ့ကြလေသည်။

တာ့ရှားဧကရာဇ်၏ဖခင် မည်သို့မည်ပုံ နတ်ရွာစံခဲ့ရသည်ကို မည်သူမျှ မသိကြပေ။ သို့သော် တာ့ရှားဧကရာဇ်က မင်းသား မဖြစ်ချင်တော့ဘဲ ဘုရင်ဖြစ်ချင်သည်ဟု ပြောသည့် တစ်နေ့တွင်ပင် တာ့ရှားဧကရာဇ်၏ ဖခင် နတ်ရွာစံ သွားခဲ့ရခြင်း ဖြစ်လေသည်။

လောကတွင် တာ့ရှားဧကရာဇ်ပြောသမျှ နှုတ်ထွက် စကားတိုင်းသည် ဖြစ်မလာသည်ဟူ၍ မရှိသလောက် ရှားပါးလေသည်။

လက်ရှိတာ့ရှားဧကရာဇ်သည် အလွန်မှ ခြိမ်းခြောက်နိုင်စွမ်း ရှိသူတစ်ယောက် ဖြစ်လေသည်။ သူဘုရင်တစ်ပါး ဖြစ်လာပြီးသည့် နောက်ပိုင်း တာ့ရှားပြည်ကို သြဇာမခံသည့် တိုင်းပြည်၊ နေရာဒေသဟူ၍ မရှိသလောက်ပင်။

ပေတီပြည်၊ တုန်းယီပြည်၊ နန်မန်ပြည်၊ ရှီးရုန် ပြည်ကဲ့သို့သော အင်အားကြီး တိုင်းပြည်ကြီးများ အားလုံးသည် တာ့ရှားပြည်ကို သစ္စာခံခဲ့ကြလေသည်။

ယခုတော့ တာ့ရှားဧကရာဇ်သည် ရွှေရောင် ဘုရင့်ဝတ်စုံကို ဝတ်ဆင်ကာ ဝမ်ချန်နန်းတော် နန်းရင်ပြင်ရှိ ပုလ္လင်ထက်တွင် ထိုင်နေလေသည်။

ထိုရွှေဝတ်စုံမှာ သာမန်ရွှေဖြင့် ပြုလုပ်ထားသည့် ဝတ်စုံမဟုတ်ပေ။။ အလွန်အဖိုးတန်သည့် မိုးကောင်းကင် ရွှေဖြင့် ပြုလုပ်ထားသည့် ဝတ်စုံ ဖြစ်လေသည်။ မိုးကောင်းကင် ရွှေဆိုသည်မှာ ပြင်ပကမ္ဘာမှ အသူရာချောက်သို့ စီးဝင်လာ သည့်ဝိညာဉ်မြစ်ရေထဲတွင် ပါဝင်လာသည့် သန့်စင်သည့် ရွှေစင်ကို ပြောခြင်း ဖြစ်လေသည်။ ဝိညာဉ်မြစ်ရေနှင့် သွေးနီ ပင်လယ်ပင်လျှင် ထိုမိုးကောင်းကင် ရွှေစင်ကို ပျက်စီးအောင် မစွမ်းဆောင်နိုင်ခဲ့ကြပေ။

တာ့ရှားဧကရာဇ်၏ ဦးခေါင်းထက်တွင် ဆောင်းထားသည့် ဘုရင့်ခေါင်းဆောင်း သရဖူမှာလည်း တောက်ပသည့် ပုလဲလုံးများ စီတန်း ကျဆင်းနေလေသည်။ ထိုပုလဲလုံးများမှာ တိကျန်ဗောဓိသကျ ချန်ထားရစ်ခဲ့သည့် ဓာတ်တော်များ ဖြစ်သည်ဟု လူအများက ပြောစမှတ် ရှိကြလေသည်။

မည်သို့ပင်ဖြစ်စေကာမူ လောကတစ်ခွင်တွင် လူသားအားလုံး ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ကြရသည့် တာ့ရှား ဧကရာဇ်သည် ယနေ့တော့ဖြင့် မရှုမလှ အရှက်ကွဲခဲ့ရပြီ ဖြစ်သည်။

တိချိုးမြို့တော်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက်သည် ကြီးမားသည့် တောင်မြင့်ကြီး တစ်တောင်ကို ဖန်ဆင်းပြကာ သူတို့အားလုံးကို စိန်ခေါ်ခဲ့လေသည်။ ထိုတောင်ကြီးကြောင့် တိချိုးမြို့တော်မှာ သဲမုန်တိုင်းဖြင့် ဝါးမျိုခံရလုဆဲဆဲ အခြေအနေထိ ဖြစ်ခဲ့ရသည်။ ဤကဲ့သို့သော ဖြစ်ရပ်မျိုးကြောင့် တာ့ရှားဘုရင် အရှက်မကွဲဘူးဆိုလျှင် မည်သည့် ဖြစ်ရပ်က အရှက်ကွဲစရာ ရှိပါမည်နည်း။

ထို့ပြင် တိချိုးမြို့တော်တွင် အနယ်နယ် အရပ်ရပ်မှ ရောက်ရှိ နေကြသည့် သံတမန်များစွာ ရှိလေသည်။ ယနေ့သတင်း သာ အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားပါက တိချိုးမြို့တော် အတွက် လှောင်ရယ်စရာ ဖြစ်လာပေမည်။

ဝမ်ချန်နန်းတော် ပုလ္လင်ထက်မှ တာ့ရှားဧကရာဇ်၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲမှ ဒေါသတရားကတော့ အချိန်မရွေး ပေါက်ကွဲနိုင်သည့် မီးတောင်ကြီး တစ်ခုအလား ဖြစ်နေလေသည်။

ဝမ်ချန်နန်းတော်ကြီးသည် အလွန်ကြီးမားပြီး မြင့်မားလွန်းသည့် တိုင်လုံးကြီးများဖြင့် ဆောက်လုပ် ထားသော ခမ်းနားလှသည့် နန်းတော်ကြီး တစ်ခုဖြစ်လေသည်။ ယင်းလုန်နဂါးကြီးသည် တိုုင်လုံးကြီး တစ်ခုကို ရစ်ပတ်ထားပြီး မျက်လုံးများကို မှိတ်ထားလေသည်။

တာ့ရှားဧကရာဇ် စိတ်မကြည်လင် ဒေါသ ထွက်နေသည်ဆိုလျှင် ယင်းလုန်သည်လည်း စိတ်မကြည်လင်နိုင်ပါ။

နန်းတော်အတွင်းသို့ ရောက်ရှိနေကြသည့် လူသားတိုင်းမှာ ယင်းလုန် စိတ်မကြည်သည့် အတွက် တုတ်တုတ်ပင် မလှုပ်ရဲကြပေ။ သူတို့အားလုံးသည် ခေါင်းများကို ငုံ့ကာ တိတ်ဆိတ် ငြိမ်သက် နေကြလေသည်။

တာ့ရှားဧကရာဇ်သည် သူ့ကို ခစားနေကြသည့် တော်ဝင်မျိုးနွယ်များ၊ အမတ်မင်းများနှင့် အခြားသော ကျင့်ကြံသူများ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ရင်း…

"အသုံးမကျဘူး… တစ်ယောက်မှ အသုံးမကျဘူး"

တာ့ရှားဧကရာဇ်၏ ဒေါသတကြီး ပြောလိုက်သည့် စကားကြောင့် ဝမ်ချန်နန်းတော် အတွင်းတွင် အလှဆင်ထားသည့် အပြာရောင် ကျောက်တုံးများ ပင်လျှင် အစိတ်စိတ် အမြွှာမြွှာ ကွဲအက် ကုန်ကြရလေသည်။

"လေ့နော်… ထွက်လာခဲ့စမ်း"

တာ့ရှားဧကရာဇ်က သူ၏ယောက်ဖတော်ဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီးလေ့နော်ကို လက်ညှိုးညွှန်ပြကာ ခေါ်ထုတ် လိုက်လေသည်။ လေ့နော်သည် ယိုဟူအိမ်တော်၏ ခေါင်းဆောင် လေ့ဟုန်နောက်တွင် ကုတ်ကုတ်ကလေး ရပ်နေလေရာ ဧကရာဇ်က ခေါ်လိုက်သည့် အခါတွင်လည်း ကုတ်ကုတ်ကလေးပင် ထွက်လာလေသည်။

"ကျွန်တော်မျိုး ရှိပါတယ် မင်းကြီး…"

တာ့ရှားဧကရာဇ် လေ့နော်ကို အတန်ကြာ စိုက်ကြည့်နေပြီးမှ ဖြည်းဖြည်းချင်း စတင်ကာ စကားဆို လိုက်သည်။

"မောင်မင်းကို ခိုင်းထားတဲ့ကိစ္စ ဘယ်လိုလဲ၊ တိချိုးမြို့တော်ထဲကို ဝင်လာတဲ့ တန်ခိုးစွမ်းအား မြင့်မားတဲ့ ကျင့်ကြံသူကို ရှာဖွေဖို့ မောင်မင်းကို ငါကိုယ်တော် အမိန့်ပေးထားတာလေ၊ မောင်မင်း တာဝန်မကျေလို့ ဒီကောင်က ဒီနေ့မှာ ဒီလိုအတင့်ရဲပြီး တန်ခိုးပြတဲ့ လုပ်ရပ်မျိုးကို လုပ်လာတာ”

လေ့နော်သည် ချက်ချင်း ဒူးထောက် ချလိုက်ကာ ကြမ်းပြင်ထက်တွင် ပြားပြားဝပ် နေလေသည်။

"ကျွန်တော်မျိုး သေသင့်ပါတယ်၊ သေသင့်ပါတယ်"

လေ့နော်သည် တာ့ရှားဧကရာဇ်၏ ဒေါသကို ကောင်းကောင်း နားလည်ထားသူ ဖြစ်လေသည်။

အစကတည်းက ဆန်းလျန်အကြောင်းကို ဧကရာဇ်မင်းထံ တင်ပြခဲ့မိလျှင် ကောင်းသားဟု လေ့နော် တွေးနေမိလေသည်။ သူ့အနေဖြင့် ယခုမှတော့ ဆန်းလျန် အကြောင်းကို ဖော်ထုတ်ရန်မှာ မဖြစ်နိုင်တော့ပေ။ ယခုအချိန်မှ သွားပြောမိလျှင်တော့ တာ့ရှားဧကရာဇ်သည် ကျိန်းသေသူ့ကို အမှုန့်ချေပစ် တော့မည် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်သည် သူ့ကို လိမ်လည်သည့် သူများကို မည်သည့်အခါမှ ခွင့်မလွှတ်တတ်ပေ။

လေ့နော်သည် တာ့ရှားဧကရာဇ်ကို အကြိမ်ကြိမ် ဦးတိုက်ရင်း တောင်းပန် နေမိလေသည်။ သူ၏ နဖူးထက်မှ သွေးများသည် ကြမ်းပြင်ထက်တွင် ပေကျံနေပြီ ဖြစ်လေသည်။

ယိုဟူအိမ်တော်၏ သခင် လေ့ဟုန်မှာ သားဖြစ်သူကို မကြည့်ရက်တော့ဘဲ သက်ပြင်း တစ်ချက်ချကာ အရှေ့သို့ ထွက်လိုက်လေသည်။

"ကျွန်တော်မျိုး ညံ့ဖျင်းလို့ ကျွန်တော်မျိုးရဲ့ သားက အသုံးမကျ ဖြစ်ရတာပါ မင်းကြီး၊ နောက်ဆို ကျွန်တော်မျိုး ကိုယ်တိုင် ဒီညံ့ဖျင်းတဲ့ သားကို သေသေချာချာ ဆုံးမပါ့မယ်"

***

All Chapters