မိန်းမောတွေဝေခြင်း
Vol. 30 Ch. 437
(အန္တရာယ်)
ပိုင်ကျီဟန်၏ စိတ်အာရုံထဲတွင် ထိုသတိပေးချက်မှာ မိုးကြိုးပစ်ချလိုက်သလို ပေါက်ကွဲသွားသည်။
တစ်ခုခုတော့ မှားနေချေပြီ။
သူတို့နှစ်ဦး အကြည့်ချင်းဆုံမိသည့် ခဏမှာပင် ပိုင်ကျီဟန် ခံစားလိုက်ရသည်—သူ့အတွေးစွန်းလေးကို တစ်စုံတစ်ယောက်က ခပ်ဖွဖွလေး ဆွဲငင်နေသလိုမျိုး။
ဆင်ခြင်တုံတရားရှိရမည့် နေရာတွင် သဘာဝမကျသော နွေးထွေးမှုတစ်ခု ပျံ့နှံ့လာသည်။
၎င်းက အတင်းအဓမ္မ ကျူးကျော်ဝင်ရောက်လာခြင်းမျိုး မဟုတ်ဘဲ မလွှဲမရှောင်သာသော အရာတစ်ခုလို သဘာဝကျနေသည်။
(ငါ့ရဲ့ ကြည်လင်တဲ့အသိစိတ်တွေ ပျောက်ဆုံးနေပြီ။)
၎င်းက ရူးသွပ်သွားခြင်းနှင့် ဆင်တူသော်လည်း သူ့စိတ်ထဲတွင် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်ကို သူခံစားနေရဆဲပင်။
ချင်လင်းရှောင်သည် သူ့အသက်ကို နှုတ်ယူနိုင်သည့် အန္တရာယ်ရှိသော ကောင်းကင်ရွေးချယ်ခံသူတစ်ယောက် ဖြစ်သည်ကို သိပါလျက်နှင့် ဘာမှမဖြစ်သလိုမျိုးပင်။
၎င်းသည် သူ့အား ပစ်မှတ်ထားထားသည့် မြှူဆွယ်သိမ်းသွင်းခြင်း နည်းစနစ်တစ်ခုဖြစ်ကြောင်း သိပါလျက်နှင့် သူ ဒေါသလည်းမထွက်၊ ကြောက်ရွံ့ခြင်းလည်း မရှိတော့ပေ။
ထိုအချက်ကပင် အန္တရာယ်အရှိဆုံး ဖြစ်နေသည်။
သူသည် မိမိကိုယ်တိုင် နစ်မြုပ်သွားချင်သည့် အုပ်စုတစ်ခုထဲသို့ ကျဆင်းသွားသလို ခံစားနေရသည်။
သတိရှိရှိဖြင့် လုပ်ဆောင်ခြင်း မဟုတ်ဘဲ သူ့ခြေလှမ်းများက သူမအနီးသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။
(ရပ်စမ်း)
သူ့ကိုယ်သူ အမိန့်ပေးလိုက်သည်။
တင်းမာမှု ရှိရမည့်နေရာတွင် တည်ငြိမ်မှုများ၊ သတိရှိရမည့်နေရာတွင် စိတ်ဝင်စားမှုများဖြင့် သူ့နှလုံးခုန်သံက ပုံမှန်အတိုင်းဖြစ်နေ၏
(ငါသာ ဆက်လွှတ်ထားရင်...)
သူ့အတွေးကို မဆုံးသတ်နိုင်ခဲ့ပေ။
ခဏတာမျှ သူ့အမြင်အာရုံများ ဝေဝါးသွားသည်။
သူ့ဦးနှောက်ထဲက အတွေးအားလုံး ရပ်တန့်တော့မည့်ဆဲဆဲ
(အသုံးမဝင်တော့ဘူးလား?)
ထိုစကားလုံးက သဘာဝအလျောက် ပေါ်ပေါက်လာသည်။
သတိပြုမှု၊ သံသယဖြစ်မှု၊ စောင့်ကြည့်မှု။
ထိုအရာအားလုံးက ရုတ်တရက်... မလိုအပ်တော့သလို ခံစားလိုက်ရသည်။
၎င်းတို့က အသုံးမဝင်သည်တော့ မဟုတ်၊ သို့သော် ပိုင်ကျီဟန်က မလိုအပ်တော့ဟု စတင်ယုံကြည်လာခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ချင်လင်းရှောင်အပေါ် ဖြစ်ပေါ်လာသည့် ခံစားချက်များက အရေးကြီးသည်၊ အဓိပ္ပာယ်ရှိသည်၊ ကာကွယ်ရမည်ဟု ခံစားနေရသည်။
သူသည် သူမ၏ နည်းစနစ်အောက်သို့ ကျဆင်းသွားပြီ ဖြစ်ကောင်းဖြစ်နိုင်၏။
ထိုစဉ်
[သတိပေးချက်]
ထိုစကားလုံးက သူ့အသိစိတ်ထဲတွင် ပေါက်ကွဲထွက်လာသည်။
အေးစက်စက်နှင့် စက်ရုပ်ဆန်သော၊ လုံးဝထူးဆန်းသော အသံတစ်ခုက သူ့ဝိညာဉ်ထဲသို့ တိုက်ရိုက်မြည်ဟည်းလာသည်။
[စနစ် သတိပေးချက် ]
ပိုင်ရှင်၏ စိတ်အခြေအနေအား ကျူးကျော်ခံနေရသည်။
မြှူဆွယ်ခံရမှုအဆင့် - စိုးရိမ်ရ ။
မြူဆွယ်ခံရမှု ပြီးမြောက်ရန် ခန့်မှန်းခြေအချိန် - ၇ စက္ကန့်။
ပိုင်ကျီဟန်၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့သွားသည်။
စနစ်
သူ့အမိန့်မပါဘဲ တစ်ခါမှ ပေါ်မလာဖူးသော မျက်နှာပြင်သည် အလိုအလျောက် ပေါ်လာသည်။
မွေးကတည်းက သူ့ဆီတွင် ပေါ်လာပြီးနောက်ပိုင်း တစ်ခါမှ ဤသို့ မလုပ်ခဲ့ဖူးပေ။
သို့သော် ယခုအချိန်တွင် ထိုအရာက အရေးမကြီးပေ
သူ့ကိုယ်သူ လုံးဝ ဆုံးရှုံးရတော့မည့် အခြေအနေသို့ ရောက်နေချေပြီ။
[ချက်ချင်း အန္တရာယ်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်]
အရင်းအမြစ် - သူတော်စင်အဆင့် စိတ်အာရုံ မြှူဆွယ်ခြင်းနည်း။
ပိုင်ရှင်၏ ခုခံမှု - ကျရှုံးနေသည်။
အကြံပြုထားသော တန်ပြန်ဆောင်ရွက်မှု -သူတော်စင်အဆင့် စိတ်အာရုံကာကွယ်ရေး ရှေးဟောင်းလက်နက်ကို ဝယ်ယူပါ။
ကုန်ကျစရိတ် - အမှတ် ၆၀,၀၀၀။
ဝယ်ယူရန် အတည်ပြုပါသလား?
ဟုတ်ကဲ့ / မဟုတ်ပါ။
ပိုင်ကျီဟန်၏ အတွေးများက ပို၍ နှေးကွေးသွားသည်။
နွေးထွေးမှုက ပိုမိုနက်ရှိုင်းလာသည်။
(မလိုအပ်ပါဘူး... သူမက ငါ့ကို ဒုက္ခပေးမှာ မဟုတ်ဘူး...)
ထိုအတွေးက အတည်ဖြစ်တော့မည်။
သူ့အကြည့်များက ချင်လင်းရှောင်ဆီသို့ လွင့်မျောသွားသည်။
သူမ၏ ပုံရိပ်က ဝေဝါးသွားလိုက်၊ ကြည်လင်လာလိုက်၊ ပြန်လည် နူးညံ့သွားလိုက်နှင့်။
သူသည် စနစ်၏ ကမ်းလှမ်းချက်ကို ငြင်းပယ်တော့မည့်ဆဲဆဲ။
စနစ်၊ သတိပေးချက်၊ အန္တရာယ်
အားလုံးက ချဲ့ကားထားသလို၊
မလိုအပ်သလို ခံစားနေရသည်။
ထိုစဉ်
ဗီဇ၏ အစိတ်အပိုင်းတစ်ခုက အော်ဟစ်လိုက်သည်။
ယုတ္တိဗေဒ မဟုတ်ပေ။
ဆင်ခြင်တုံတရား မဟုတ်ပေ။
စစ်မှန်သော ရှင်သန်လိုစိတ် သက်သက်သာ ဖြစ်သည်။
သူ့စိတ်ထဲတွင် ပုံရိပ်အချို့ ဖြတ်ခနဲ ပေါ်လာသည်။
သူ ဒူးထောက်နေပုံ။
သူ ပြုံးနေပုံ။
သူ ပိုင်ဆိုင်သမျှ နည်းစနစ်များ၊ သူ့အနာဂတ်၊ သူ့ဘဝ အားလုံးကို ဘာတွန့်ဆုတ်မှုမှမရှိဘဲ ပေးအပ်နေပုံ။
အတင်းအကျပ် ခိုင်းစေခံရ၍ မဟုတ်ပေ
သူကိုယ်တိုင်က လုပ်ချင်နေ၍ ဖြစ်သည်။
သူမအား အလုပ်အကျွေးပြုရခြင်းက မှန်ကန်သည်ဟု ခံစားနေရသောကြောင့် ဖြစ်သည်။
ထိတ်လန့်မှုများ စုပြုံတိုးဝင်လာသည်။
အားနည်းသော်လည်း အစစ်အမှန်ဖြစ်သည်။
သူ့မှာ ကျန်ရှိနေသေးသည့် နောက်ဆုံး စိတ်စွမ်းအား အကြွင်းအကျန်လေးဖြင့်
(ဝယ်မယ်)
ထိုအတွေးက အတည်ပြုချက်အဖြစ် ရိုက်ချလိုက်သည်။
[အတည်ပြုချက်ကို လက်ခံရရှိပါပြီ]
သူတော်စင်အဆင့် ရှေးဟောင်းလက်နက်အား စတင်အသုံးပြုသည်။
ဖောက်
နွေးထွေးမှုများ တစ်စစီ ကြွေလွှင့်သွားသည်။
မမြင်ရသော ဆွဲငင်မှုမှာ ပိုးချည်မျှင်များကို ဓားဖြင့် ဖြတ်တောက်ပစ်လိုက်သလို ပြင်းထန်စွာ ပြတ်တောက်သွားသည်။
အေးစက်ကြည်လင်သော အသိစိတ်များ ပိုင်ကျီဟန်၏ စိတ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည်။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။
အသက်ရှူကျပ်နေရာမှ လေထုကို အငမ်းမရ ရှူသွင်းလိုက်ရသလိုပင်။
သူ့မျက်လုံးများမှာ ထိတ်လန့်မှုများဖြင့် ဝိုင်းစက်နေသည်။
သူ မည်မျှ ပျက်စီးသွားလုနီးပါး ဖြစ်ခဲ့ရသည်ကို သဘောပေါက်လိုက်ပြီး စိတ်ထဲတွင် ယိုင်နဲ့သွားသည်။
သေဆုံးခြင်း မဟုတ်ဘဲ ထိုထက် ပိုဆိုးသော အရာတစ်ခု။
သူ ချင်လင်းရှောင်ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။
ယခုတစ်ကြိမ်တွင်တော့ အစစ်အမှန်အတိုင်း မြင်နေရပြီ။
သူမ၏ အပြုံး။
သူမ၏ မျက်လုံးများ။
သူမ၏ တည်ငြိမ်မှု
(သူမက အားတောင်မစိုက်ရသေးဘူး။)
ထိုအသိက သူ့ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။
သူမသည် သူမ၏ ချီစွမ်းအင်ကိုတောင် အသုံးမပြုခဲ့ပေ။ ဆိုလိုသည်မှာ ဤနည်းစနစ်သည် သူမ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ပြီးနောက် သူမဆီကနေ အလိုအလျောက် ထွက်ပေါ်နေသည့် အငွေ့အသက်သာ ဖြစ်သည်။
သို့သော်
လက်ဖျားလေးတောင် မလှုပ်ရဘဲ သူမသည် သူ့ကို လိုလိုလားလားရှိသော ကျွန်တစ်ယောက်အဖြစ် ပြောင်းလဲပစ်လုနီးပါး ဖြစ်ခဲ့သည်။
သူသည် ကိရိယာတစ်ခုအဖြစ် လျှော့ချခံရတော့မည်။
မဟုတ်ပေ
ကစားစရာတစ်ခုအဖြစ်။
အဆိုးဆုံးကတော့
စနစ်သာ ဝင်မပါခဲ့လျှင် အမှန်တရားသည် မည်မျှ ကြောက်စရာကောင်းကြောင်း သူသိ၏
သူသည် သူမအတွက် ဘာမဆို လုပ်ပေးမိမည်ဖြစ်သာ။
အရာအားလုံးကို ပေးဆပ်မိလိမ့်မည်
သာ။
ထိုသို့လုပ်ဆောင်ရခြင်းကိုလည်း သူ လုံးဝ စိတ်ရှိမည်မဟုတ်ကြောင်း သူ သေချာပေါက် သိနေခြင်းပင်။
ပိုင်ကျီဟန်၏ နှလုံးခုန်သံမှာ ပြင်းထန်နေဆဲသာ။
သူမသည် အန္တရာယ်ရှိရုံတင်မက၊ သူမသာ တကယ် ကြိုးစားမည်ဆိုလျှင် လူတိုင်းကို မြှူဆွယ်နိုင်လိမ့်မည်ဟု သူယုံကြည်သွားသည်။
သူမ၏ နည်းစနစ်များကို လုပ်ဆောင်ရန် အခြေအနေ သို့မဟုတ် လိုအပ်ချက်များ မည်သို့ ရှိသည်ကို သူ မသိခဲ့ပေ။သို့သော် မိမိကိုယ်တိုင် စိတ်ဓာတ် အလွန်ခိုင်မာသူ တစ်ဦး ဖြစ်သော်လည်း သူမ၏ လှည့်ကွက်အောက်တွင် အလွယ်တကူ ကျရောက်သွားခဲ့သည့် အတွေ့အကြုံကို သတိရမိသောအခါ သူမသည် ထို့ထက်ပင် ကြောက်မက်ဖွယ် အရာများကို လုပ်နိုင်စွမ်း ရှိကြောင်း သူ သိလိုက်သည်။
သူ၏ မျက်လုံးများ တင်းကျပ်လာသည်။
မိမိကိုယ်ကိုပင် ဒေါသထွက်နေသလို၊ မျက်နှာချင်းဆိုင် ရပ်နေသော မိန်းမအပေါ်လည်း အမုန်းအား ပြင်းထန်နေခဲ့သည်။သို့သော် ယခုအချိန်၌ သူမကို တစ်စုံတစ်ရာ ပြုလုပ်ရန် ကြိုးစားခြင်းသည် သေခြင်းတရားကို ကိုယ်တိုင် ဖိတ်ခေါ်သကဲ့သို့ ဖြစ်မည်ကို သူ ကောင်းကောင်း သိနေသည်။
ကောင်းကင်ဘုံ ရွေးချယ်သူ မဟုတ်ခဲ့လျှင် သူ့ကို သတ်ချင်မိမည် ဖြစ်သည်။
သူမသည် အန္တရာယ်ကြီးမားသော ရန်သူ တစ်ဦး ဖြစ်နိုင်သည့် အတွက်သာ မဟုတ်ဘဲ…
သူ၏ နှလုံးကို အရုပ်တစ်ရုပ်ကဲ့သို့ ကစားရန် ရဲရဲတင်းတင်း လုပ်ခဲ့သောကြောင့် ဖြစ်သည်။
(အခုတော့ မဟုတ်သေးဘူး)
အခုမလုပ်နိုင်ပေ
သူသည် ချင်လင်းရှောင်၏ လက်ထဲမှ သူ့လက်ကို ရွံရှာစွာဖြင့် ဆွဲထုတ်လိုက်သည်။
"မင်းသမီး... ဒါက မသင့်တော်သလို ရိုင်းရာလည်း ကျပါတယ်"
ဤသို့ ပြောလိုက်ခြင်းက သူမ၏နည်းစနစ် မအောင်မြင်ကြောင်း ပြသလိုက်ခြင်းဖြစ်၍ သူမကို သတိထားမိသွားစေမည် ဖြစ်သော်လည်း သူ့မှာ ရွေးချယ်စရာ မရှိပေ။
သူမသည် ယုဖေးယန်၏ ရုပ်သွင်ကို ယူထားသရွေ့ သူမ၏ မူလလက္ခဏာကို ထုတ်ဖော်ဦးမည် မဟုတ်ချေ။
သို့တိုင်
ချင်လင်းရှောင်က အရှုံးမပေးခဲ့ပေ
သူမက သူမ၏ နည်းစနစ် စွမ်းအားကို ထပ်တိုးလိုက်သည်။
ပိုင်ကျီဟန် ခံစားရ၏
သို့သော် မတုန်လှုပ်တော့ပေ။
သူ့စိတ်က ကြည်လင်နေဆဲဖြစ်ပြီး ချင်လင်းရှောင်ကို တစ်နေ့သတ်ရမည့် ရန်သူအဖြစ်သာ မြင်နေတော့သည်။
ရှေးဟောင်းလက်နက်က ထိရောက်နေဆဲပင်။
အခြေအနေက ထိုသို့ဖြစ်လင့်ကစား သူမ၏ မြှူဆွယ်ဖြားယောင်းမှု အတတ်ပညာများမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း သူ မြင်တွေ့နေရဆဲပင်။
အင်မော်တယ်အဆင့် ကျင့်ကြံသူအချို့ပင်လျှင် ၎င်း၏ဒဏ်ကို ခံစားနေရပုံပေါ်ပြီး သူတို့၏ စိတ်အစဉ်ကို မနည်းထိန်းချုပ်ကာ တည်ငြိမ်အောင် ကြိုးစားနေကြရသည်။
သို့သော်လည်း... ပိုင်ကျီဟန်ကမူ မည်သည့်ခံစားချက်မျှမရှိဘဲ အေးစက်ခက်ထန်နေဆဲပင်
"မင်းသမီးမှာ တခြားပြောစရာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ကို ခွင့်ပြုပါဦးမယ်"
သူက ချူကျီယန်၏ လက်ကို အမြန်ဆွဲပြီး ထိုနေရာမှ ထွက်ခွာရန် ကြိုးစားလိုက်သည်။
ဤနေရာက အန္တရာယ်များလွန်းသည်။
သူသည် မိမိနေရာသို့ ပြန်ရုံတင်မက
ပိုင်မျိုးနွယ်စုဆီသို့ပါ လုံးဝ ဆုတ်ခွာသွားချင်စိတ် ပေါက်သွားသည်။
ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးစဉ်
"နေပါဦး”
အသံက နူးညံ့လှသည်။
ယုဖေးယန်သည် ရှေ့သို့ တိုးလာပြီး သူမ၏ ဝတ်ရုံစများက လေအေးလေးကြောင့် လွင့်မြောနေသလို နူးညံ့နေသည်။
အခြားသူများအဖို့တော့သာမန်ပင်။
၎င်းက စိုးရိမ်ပူပန်မှု၊ နှမြောတသမှုကဲ့သို့ ထင်ရသော်လည်း
သူမ၏ စိတ်ထဲတွင်မူ
(မဖြစ်နိုင်တာ)
ချင်လင်းရှောင်၏ အတွေးများ ရှုပ်ထွေးနေသည်။
(သူ ဘယ်လို ခုခံနိုင်သွားတာလဲ?)
သူမ စွမ်းအား တိုးလိုက်သော်လည်း ပိုင်ကျီဟန်က မတုန်လှုပ်ပေ။
အင်မော်တယ်အဆင့် ကျွမ်းကျင်သူများတောင် ခံစားရမည် ဖြစ်သည်။
သူ ကျဆုံးလုနီးပါး ဖြစ်ပြီးမှ
ဘယ်လို လွတ်မြောက်သွားသည်နည်း။
၎င်းသည် မဖြစ်နိုင်ပေ
သူမ၏ အပြုံးက မပျက်သော်လည်း အတွင်းစိတ်ထဲတွင်တော့ ဒေါသများ ဝေနေပြီဖြစ်သည်။
သူမရှေ့ကိုဆက်တိုးလာချေ၏
"သခင်လေးပိုင်... ကျွန်မကို ငြင်းပယ်စရာ မလိုပါဘူး။ ကျွန်မက သခင်လေးနဲ့ သီးသန့် စကားပြောချင်ရုံတင်ပါ"
ပိုင်ကျီဟန် မဖြေခင်မှာပင်
အေးစက်သော ရယ်သံတစ်ခုက လေထဲတွင် ပျံ့လွင့်လာသည်။
"မျက်နှာပြောင်တိုက်လှချည်လား”
ချူကျီယန်က ရှေ့သို့ တက်လာပြီး ပိုင်ကျီဟန်၏ ရှေ့တွင် တစ်ဝက်ခန့် ကာရပ်လိုက်သည်။
ပိုင်ကျီဟန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားခြင်းက သူသည် သူမပိုင်ဆိုင်သူဖြစ်ကြောင်း ပြသနေသည်။
သူမက ယုဖေးယန်ကို တည့်တည့်ကြည့်လိုက်ကာ သူမ၏ မျက်လုံးများသည် ကြည်လင်ပြီး ဘာမြှူဆွယ်မှုမှ မထိရောက်ဘဲ အေးစက်နေသည်။
"ငြင်းပယ်တာကို မခံယူတတ်တဲ့ မိန်းမတစ်ယောက်ဟာ... အကျည်းတန်တယ်" ချူကျီယန်က ပြတ်ပြတ်သားသား ပြောချင်
လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အေးခဲသွားကြသည်။ ယုဖေးယန်၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။
အကျည်းတန်တယ်?
မည်သူမှ သူမကို ဤသို့ မပြောရဲဖူးပေ။
"မင်း ဘာပြောလိုက်တာလဲ?" ယုဖေးယန်က နူးညံ့စွာ မေးသော်လည်း အသံကတော့ ပို၍ အေးစက်လာသည်။
ချူကျီယန်က မတွန့်ဆုတ်ပေ
"ရှင်က လူမုန်းစရာကောင်းတယ်လို့ ပြောတာ။ အနည်းဆုံးတော့ ယောက်ျားတစ်ယောက်က ငြင်းလိုက်ရင် သိက္ခာရှိရှိ လက်ခံတတ်အောင် သင်ထားပါဦး"
ချင်လင်းရှောင်၏ စိတ်ထဲတွင် ဒေါသများ ဒီရေလို တက်လာသည်။
ဒီလို အဆင့်မရှိသည့် ကောင်မလေးက ငါ့ကို ဒီလို ပြောရဲတယ်ပေါ့
စက္ကန့်ပိုင်းမျှ
ခဏတာမျှ သတ်ဖြတ်လိုသော အရှိန်အဝါ များ ယိုစိမ့်ထွက်လာသော်လည်း
ချင်လင်းရှောင်က ချက်ချင်း ပြန်ထိန်းလိုက်သည်။
(အခု မဟုတ်သေးဘူး)
သူမ အသက်ကို ဖြည်းဖြည်းရှူပြီး ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်သည်။
"ကျွန်မက သခင်လေးပိုင်နဲ့ သီးသန့်စကားပြောချင်တာပါ”သူမက အေးစက်စွာပြော၏
“အဲဒါက ဘာပြဿနာရှိလို့လဲ?"
ချူကျီယန်က နှာခေါင်းရှုံ့လိုက်၏
"စေ့စပ်ထားပြီးသား ယောက်ျားတစ်ယောက်ကို ချဉ်းကပ်ဖို့ ကြိုးစားပြီး ငြင်းတာကိုလည်း လက်မခံနိုင်တဲ့ မင်းသမီး... ဘယ်အချိန်မှာ လက်လျှော့ရမလဲဆိုတာ သင်ယူသင့်တယ်"
ချူကျီယန်က တိုက်ရိုက်ပင် ပြောချလိုက်သည်။
တကယ်လို့ ပိုင်ကျီဟန်သာ လက်ခံခဲ့မည်ဆိုလျှင် တစ်မျိုးပေါ့။
ဒါပေမဲ့ သူက လက်မခံခဲ့ပေ
ထိုကြောင့် သူမအနေနဲ့ ငဲ့ညှာနေဖို့ အကြောင်းပြချက် မရှိတော့ပေ
သူမ ရင်ထဲ၌ သိုဝှက်ထားသော နာကျည်းချက်တွေသည် အပြင်ကို အနည်းငယ် လျှံထွက်သွားတာလည်း ဖြစ်နိုင်၏
ယုဖေးယန်၏ အပြုံးက ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
"သခင်လေးပိုင်က ဒီအင်ပါယာရဲ့ သူရဲကောင်းပါ” သူမကဆက်ပြော၏ “ သူ့လို လူမျိုးက သူ့ရဲ့ နောက်ခံ၊ သူ့ရဲ့ မျိုးနွယ်စု ဒါမှမဟုတ် နိုင်ငံရေး အဆင်ပြေမှုတွေအတွက် မဟုတ်ဘဲ သူ့ကိုယ်သူ အစစ်အမှန် ချစ်တဲ့သူနဲ့ပဲ ထိုက်တန်တာပါ"
ထိုအခါမှ ချူကျီယန်က ရယ်မောလိုက်သည်။
"သူက ဘယ်သူပဲဖြစ်ဖြစ်” ချူကျီယန်က တွေဝေခြင်းမရှိဘဲပြောလေ၏ “သူက ကျွန်မနဲ့ စေ့စပ်ထားတဲ့သူပဲ"
သူမက ခေါင်းကို အနည်းငယ် စောင်းပြီး ယုဖေးယန်ကို ကြည့်လိုက်သည်။
"ဒါကြောင့် အပြင်လူက ကြားထဲက ထွက်သွားပေးပါ"
ပတ်ဝန်းကျင် အပူချိန်က ရုတ်တရက် ကျဆင်းသွားသည်။
ယုဖေးယန်၏ အကြည့်များက စူးရှလာသည်။
(ဒီကောင်မလေး... ငါ မင်းကို သင်ခန်းစာ ပေးရမယ်)
သူမ၏ နှုတ်ခမ်းများ ပြန်လည် ကွေးညွတ်သွားသော်လည်း ယခုတစ်ကြိမ်တွင်တော့ အပြုံးက နွေးထွေးမှု မရှိတော့ပေ။
"ကောင်းပြီလေ” ယုဖေးယန်က ပြောလေ၏
“စကားနဲ့ ပြောလို့ မရဘူးဆိုရင်..."
သူမ၏ မျက်လုံးများက ချူကျီယန်ဆီမှာ စွဲမြဲနေသည်။
"ဒါဆို တိုက်ပွဲနဲ့ပဲ အဆုံးအဖြတ်ပေးကြတာပေါ့။ မိန်းကလေးချူ... သခင်လေးပိုင်အတွက် ကျွန်မရဲ့ စိန်ခေါ်မှုကို လက်ခံရဲသလား?"
ယုဖေးယန်သည် အများအမြင်တွင် အခြေတည်ဝိညာဉ်အဆင့်သာ ရှိပြီး ချူကျီယန်ထက် အားနည်းသည်ဟု ထင်ရသည်။
ထို့ကြောင့် ချူကျီယန်က အလွယ်တကူ နိုင်မည်ဟု ထင်ပြီး လက်ခံလိမ့်မည်ဟု ချင်လင်းရှောင်က တွက်ဆထားသည်။
ထင်ထားသည့်အတိုင်းပင် ချူကျီယန်က ထောင်ချောက်ထဲသို့ ဝင်လာခဲ့သည်။
"ကောင်းပြီလေ၊ အဲဒါမှ ရှင်က ကျီဟန်အပေါ် လက်လျှော့မယ်ဆိုရင်ပေါ့”