နဝမမြောက်မင်းသမီး၏ မျက်နှာဖုံး
Vol. 30 Ch. 438
"ကောင်းပြီလေ၊ အဲဒါမှ ရှင်က ကျီဟန်အပေါ် လက်လျှော့မယ်ဆိုရင်ပေါ့”
ချူကျီယန်သည် ဘာတွန့်ဆုတ်မှုမှမရှိဘဲ ပြောချလိုက်သည်။
သူမ၏အသံမှာ ကြည်လင်ပြတ်သားပြီး ခိုင်မာလှသည်။
သူမသည် ကိုယ်ဟန်အနေအထားကို မတ်မတ်ပြင်ကာ ရှေ့သို့ တစ်လှမ်းတက်
လိုက်သည်။
၎င်းမှာ ထောင်လွှားခြင်း မဟုတ်သလို
မိမိထက် အားနည်းသူကို နှိပ်စက်လိုသည့် ဆန္ဒလည်း မဟုတ်ပေ။
သူမ၏မျက်လုံးထဲတွင် ယုဖေးယန်သည် အငြင်းခံရခြင်းကို တစ်ခါမျှ မကြုံဖူးသည့် အလိုလိုက်ခံထားရသော မင်းသမီးလေးတစ်ပါးမျှသာ ဖြစ်သည်။ ထိုသို့သောသူမျိုးကို စကားလုံးများ သို့မဟုတ် မြှူဆွယ်မှုများဖြင့် လှည့်စား၍မရနိုင်သော ပြတ်သားသည့် အဖြေတစ်ခု ပေးရန်လိုအပ်သည်။
အကယ်၍ တိုက်ပွဲတစ်ခုက သူမကို ဆုတ်ခွာသွားစေနိုင်မည် ဆိုလျှင်
သူမ လက်ခံရန် အသင့်ပင်။
၎င်းအပြင် ပိုင်ကျီဟန်ကို အလောင်းအစားလုပ်ပြီး သူမကို စိန်ခေါ်ရဲသည်မှာ ယုဖေးယန် ကိုယ်တိုင်ပင် မဟုတ်ပါလော။
ယုဖေးယန် ဤမျှအထိ လုပ်ဆောင်လာသည်ကို ကြည့်ခြင်းဖြင့် သူမသည် အလွယ်တကူ လက်လျှော့မည်မဟုတ်ကြောင်း ချူကျီယန် နားလည်လိုက်သည်။
ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
"ဘာ... မင်းသမီးယုက ချူကျီယန်ကို စိန်ခေါ်တယ် ဟုတ်လား?"
"ဒါက အဓိပ္ပာယ်မရှိလိုက်တာ။ မင်းသမီးယုက အခြေတည်ဝိညာဉ်အဆင့်မှာပဲ ရှိသေးတာလေ”
"မင်းသမီးက ဘာလို့ ဒီလိုတိုက်ပွဲမျိုးကို အဆိုပြုရတာလဲ?"
"သူမ ရှုံးမှာကတော့ သေချာသလောက်ပဲ။ ဒါ ဘယ်လို ဆုံးဖြတ်ချက်မျိုးလဲ?"
ပတ်ဝန်းကျင်မှ လူများကြားတွင် လှောင်ပြုံးများ ပျံ့နှံ့သွားသည်။
ရလဒ်ကတော့ အားလုံးအတွက် ရှင်းလင်းနေသည်။
ချူကျီယန်သည် အရာအားလုံးတွင်သန်မာနေ၏
ကျင့်ကြံခြင်းအဆင့်၊ နည်းစနစ် သို့မဟုတ် အတွေ့အကြုံ— မည်သည့်အရာမှာမဆို ချူကျီယန်သည် ငယ်စဉ်ကတည်းက အကာအကွယ်အောက်တွင် ကြီးပြင်းလာသည့် မင်းသမီးယုဖေးယန်ထက် အဆပေါင်းများစွာ သာလွန်နေသည်။
ဤတိုက်ပွဲမှာ ခဏချင်းပင် ပြီးဆုံးသွားပေလိမ့်မည်။
အချို့က ယုဖေးယန်ကို သနားသလို ကြည့်ကာ ခေါင်းခါနေကြသည်။
သို့သော် ပိုင်ကျီဟန်မှာမူ ထိုသို့ စိတ်မအေးနိုင်ပေ။
စက္ကန့်လောက်ပင် မဟုတ်ပေ
သူ့နှလုံးသားမှာ လေးလံသွားသည်။
သူတို့ နားမလည်ကြပေ
သူတို့အတွက် ယုဖေးယန်မှာ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း
သူ့အတွက်မူ
သူမသည် အပြစ်ကင်းသော အပြုံးကို တပ်ဆင်ထားသည့် မိစ္ဆာ တစ်ကောင် ဖြစ်သည်။
သူမသည် ဤနေရာရှိ လူအားလုံးထဲတွင် ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသူ ဖြစ်သည်။
သူမ၏ သက်တမ်းသည် နှစ်ပေါင်း နှစ်ရာကျော်ရှိနေပြီဖြစ်ရာ အတွေ့အကြုံကို ပြောနေရန်ပင် မလိုတော့ပေ။ ၎င်းအပြင် သူမသည် သူတော်စင်အဆင့် နည်းစနစ်တစ်ခုကို သူ့အပေါ် အသုံးပြုခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် သူမသည် ဤနေရာရှိ မည်သူထက်မဆို ပိုမိုမြင့်မားသော နည်းစနစ်များကို ပိုင်ဆိုင်ထားကြောင်း သေချာသည်။
ဤတိုက်ပွဲသည် ခဏချင်းပင် ပြီးဆုံးသွားမည်မှာ မှန်သော်လည်း အနိုင်ရသူမှာ ချူကျီယန် ဖြစ်လိမ့်မည် မဟုတ်ချေ။
ချင်လင်းရှောင်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးညွတ်သွားသည်။
(ထင်တဲ့အတိုင်းပဲ)
အားနည်းလှသော နဝမမြောက်မင်းသမီး၏ ရုပ်သွင်ကို ယူထားသောကြောင့် သူမ နိုင်လိမ့်မည်ဟု မည်သူမှ မထင်ကြပေ။
ထို့ကြောင့် ချူကျီယန်သည် သူမ၏ စေ့စပ်ထားသူကို ကာကွယ်ရန်အတွက် ဤစိန်ခေါ်မှုကို လက်ခံလိမ့်မည်ဟု သူမ ကြိုတင်တွက်ဆထားပြီးသား ဖြစ်သည်။
ချူကျီယန်သည် သူမထက် ပို၍ ထိုက်တန်ကြောင်း သက်သေပြချင်နေမည်ကို သူမ သိသည်။
နဝမမြောက်မင်းသမီးသည် စိန်ခေါ်ပြီး ချူကျီယန်က လက်ခံလိုက်၏ ဘာဖြစ်လာမည်ကို လူတိုင်းသိကြသည်။
သဘောတူညီမှုနှင့် အလောင်းအစားဖြစ်ပျက်တော့မည့်အချိန်တွင်
မည်သူမျှ မလှုပ်ရှားခင်
"တော်ပြီ”
ပိုင်ကျီဟန် ရှေ့သို့ တိုးထွက်လာသည်။
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
သူသည် ချူကျီယန်နှင့် ယုဖေးယန်တို့ကြားတွင် မတ်မတ်ရပ်ကာ ပြတ်သားသော အမူအရာဖြင့် ရှိနေသည်။
"ဒါတွေက မလိုအပ်ဘူး" သူက အေးစက်စွာ ပြောလိုက်သည်။
အားလုံး၏ အကြည့်များက သူ့ဆီသို့ ရောက်လာသည်။
သူက ချူကျီယန်ဘက်သို့ အနည်းငယ်
လှည့်ကာ ကြည့်လိုက်သည်။
သူ့အကြည့်များ နူးညံ့သွားသည်။
"ကျွန်တော်နှလုံးသားထဲမှာ ချူကျီယန် တစ်ယောက်ပဲ ရှိတယ်" ပိုင်ကျီဟန်က တည်ငြိမ်စွာ ကြေညာလိုက်သည်။
"ဒါကြောင့် ဘယ်တိုက်ပွဲရဲ့ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်... ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်က ပြောင်းလဲမှာ မဟုတ်ဘူး"
ခန်းမထဲတွင် တိုးတိုးတိတ်တိတ် ပြောသံများ ထွက်ပေါ်လာသည်။
အပြင်လူများအဖို့တော့
၎င်းက အမျိုးသမီးတစ်ဦးအပေါ် ထားရှိသည့် အစစ်အမှန် ချစ်ခြင်းမေတ္တာနှင့် သစ္စာရှိမှုကို လူသိရှင်ကြား ထုတ်ဖော်လိုက်သလို ခံစားရသည်။
အချို့မှာ စိတ်လှုပ်ရှားသွားကြသည်။
သို့သော် အတွင်းမှာတော့
ပိုင်ကျီဟန်၏ အတွေးများကတော့ အေးစက်နေသည်။
၎င်းသည် တိုက်ပွဲ မဟုတ်ပေ
ထောင်ချောက်သာ
ဒီနေရာမှာ မည်သူဖြစ်စေ
ချူကျီယန် ဖြစ်စေ၊
အကြီးအကဲတစ်ယောက် ဖြစ်စေ...
အခန်းထဲက မည်သူဖြစ်စေ
ချင်လင်းရှောင်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ
သူမသည် ချူကျီယန်ကို တမင်သက်သက် ရန်စခဲ့ခြင်း ဖြစ်သည်။
သေချာပေါက် နိုင်မည်ဟု ထင်ရသော စိန်ခေါ်မှုဖြင့် လှည့်စားကာ
ချူကျီယန်ကို အန္တရာယ်ထဲသို့ ဆွဲခေါ်နေခြင်း ဖြစ်သည်။
ပိုင်ကျီဟန် ခွင့်မပြုနိုင်ပေ
ယုဖေးယန်ကို စိုက်ကြည့်လိုက်သည်။
"ဒါကြောင့် မင်းသမီး... ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်”
ချင်လင်းရှောင်၏ အပြုံးသည် မျက်လုံးအထိ မရောက်ပေ။
အရာအားလုံး သူမ စီစဉ်ထားသည့်အတိုင်း ဖြစ်တော့မည့်ဆဲဆဲမှာ ပိုင်ကျီဟန်က တစ်ဖန် နှောင့်ယှက်ပြန်ပြီ။
ခဏတာ တိတ်ဆိတ်သွားပြီးနောက်
ယုဖေးယန်က ပြန်လည်ပြုံးပြသည်။
ပိုင်ကျီဟန်၏ ကြားဖြတ်မှုက သူမကိုစိတ်ရှုပ်စေ၏
"သခင်လေးပိုင်က ဘာလို့ ကြားထဲက ဝင်ပါရတာလဲ?" သူမက ခပ်တိုးတိုးမေးသည်။
သူမက ချူကျီယန်ဘက်သို့ လှည့်လေ၏
"ဒါက အမျိုးသမီးနှစ်ယောက်ကြားက ကိစ္စပါ။ သခင်လေးပိုင်ရဲ့ နှလုံးသားနဲ့ ဘယ်သူက ပိုထိုက်တန်သလဲဆိုတာ သက်သေပြချင်ကြတာပဲလေ"
အသံက ခန်းမတခွင်ပဲ့တင်သွား၏
အချို့က ခေါင်းညိတ်ကြသည်။
တချို့က စောင်းကြည့်ကြသည်။
ရိုမက်တစ်ဆန်သောပြိုင်ဘက်
ချစ်ချင်းအတွက်အလောင်းအစား
ကျိုးကြောင်းဆီလျော်သည်
ပိုင်ကျီဟန်ကတော့ ရွံရှာမှုကို ခံစားလိုက်ရသည်။
သူက ရှေ့တက်လိုက်၏
"မဟုတ်ဘူး”
စကားလုံးတိုင်းက ပြတ်သားနေသည်။
သူ့အကြည့်က ယုဖေးယန်ဆီကျရောက်နေချေသည်။
"မင်းသမီး တစ်ခုခုကို မှားယွင်း နားလည်နေပုံရတယ်။"
သူ့အသံက မကျယ်လောင်ပေ
သို့တိုင် တီးတိုးသံများကို ဖြတ်တောက်ပစ်နိုင်၏
"ကျွန်တော် ချူကျီယန်ကို ချစ်မိတာက သူမရဲ့ ကျင့်ကြံခြင်း၊ ပါရမီ ဒါမှမဟုတ် နောက်ခံတွေကြောင့် မဟုတ်ဘူး။"
ချူကျီယန်၏ မျက်လုံးများ အနည်းငယ် ဝိုင်းစက်သွားသည်။
ပိုင်ကျီဟန်က ဆက်ပြောသည်။
"ပြီးတော့ ကျွန်တော်က အာဏာ၊ အဆင့်အတန်း ဒါမှမဟုတ် ဘယ်သူက ဘယ်သူ့ကို အနိုင်ယူနိုင်သလဲဆိုတဲ့ အချက်တွေအပေါ် မူတည်ပြီး အမျိုးသမီးတစ်ယောက်ကို ရွေးချယ်မှာ မဟုတ်ဘူး။"
သူက ယုဖေးယန်ဘက်သို့ လုံးဝလှည့်လိုက်၏
"နဝမမြောက်မင်းသမီးက ကျွန်တော့်အပေါ် ထားရှိတဲ့ ခံစားချက်တွေအတွက် ကျေးဇူးတင်ပါတယ်” သူက ရိုသေစွာပြော၏
“ဒါပေမယ့် ကျွန်တော်ကတော့ အဲဒါကို လက်မခံနိုင်သလို၊ တုံ့ပြန်မှာလည်း မဟုတ်ပါဘူး။"
ခန်းမကြီးသည် ဆက်လက်ငြိမ်သက်နေ၏
"ခံစားချက်ဆိုတာ လုယူရမဲ့ ဆုလာဘ် မဟုတ်ဘူး။ တိုက်ခိုက်ပြီး ရယူရမဲ့ အရာလည်း မဟုတ်ဘူး" ပိုင်ကျီဟန်က အေးစက်စွာ ပြောလိုက်သည်။
သူ့စကားလုံးများက ပြင်းထန်၏
ယုဖေးယန်၏ အပြုံးမှာ တောင့်တင်းသွားသည်။
ပိုင်ကျီဟန်သည် သက်ပြင်းတစ်ချက်ချလိုက်ပေသည်။
"ပြီးတော့ အရေးအကြီးဆုံးက “ သူက ခန်းမတစ်ပြင်လုံး ဝေ့ကြည့်ကာ ပြောလေသည်” ဒီနေ့ဟာ ဂုဏ်ပြုတဲ့နေ့ပါ”
“ မြောက်ပိုင်းစစ်မြေပြင်က သူရဲကောင်းတွေအတွက် ဂုဏ်ပြုပွဲပဲ။"
သူ့အသံက ပို၍ မာထန်လာသည်။
"ပုဂ္ဂိုလ်ရေး စွဲလမ်းမှုတွေအတွက် ဒီပွဲကို ပြက်လုံးတစ်ခုအဖြစ် ပြောင်းလဲပစ်တာက ကျဆုံးသွားတဲ့သူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေနဲ့ စတေးခဲ့ကြတဲ့သူ အားလုံးကို စော်ကားရာ ရောက်ပါတယ်။"
လူအများစုက ခေါင်းညိတ်ကြသည်။ ပိုင်ကျီဟန် ပြောသည်မှာ ကျိုးကြောင်းဆီလျော်လှသည်။
ပိုင်ကျီဟန် မျက်လုံးများက နောက်ဆုံးအကြိမ်အဖြစ် ယုဖေးယန်ဆီ ကျရောက်လာ၏
"ဒါကြောင့် မင်းသမီး... ဒီကိစ္စ ဒီမှာတင် ပြီးပါပြီ။"
ပိုင်ကျီဟန်သည် ယုဖေးယန်၏ တုံ့ပြန်မှုကို မစောင့်တော့ပေ
ဧကရာဇ်မင်းမြတ်၏ ပလ္လင်တော်ဘက်သို့ လှည့်ကာ ဂါရဝပြုလိုက်သည်။
"အရှင်မင်းကြီး”
ဧက္ကရာဇ်အကြည့်များစူးရှသွားပေသည်။
ပိုင်ကျီဟန်သည် ရန်ငြိုးထားတာမျိုး၊ နာကျည်းတာမျိုးမရှိပေ
"ဒီဂျူနီယာက မြောက်ပိုင်းစစ်မြေပြင်အတွက် ပေးသနားတဲ့ ဆုလာဘ်တွေကို လက်ခံရရှိပြီးပါပြီ။
“ဂုဏ်ပြုမှုတွေ၊ ရတနာတွေနဲ့ အသိအမှတ်ပြုမှုတွေအားလုံးကို ကျေးဇူးတင်စွာနဲ့ လက်ခံပါတယ်”
ခန်းမကြီးသည် အသက်ရှုကြပ်စွာ နားထောင်နေ၏
"ဒါပေမယ့် အဲဒီထက် ကျော်လွန်တဲ့ ကိစ္စရပ်တွေအတွက်တော့... ကျွန်တော် ငြင်းပယ်ပါရစေ”
သူက ခေါင်းကိုမော့လိုက်၏
ခန်းမတစ်ခုလုံး တုန်လှုပ်သွားသည်။
တိတ်ဆိတ်သွားချေပြီ
အကြည့်အားလုံးသည် ဧကရာဇ်ထံ ရောက်သွားကြသည်။
ဧက္ကရာဇ်သည် ပိုင်ကျီဟန်ကို အကြာကြီး စိုက်ကြည့်နေပြီးနောက်
သက်ပြင်းတစ်ချက် ချလိုက်သည်။
တိတ်ဆိတ်သောအသံ
"ကောင်းပြီလေ”
ဧက္ကရာဇ်က ခေါင်းငြိမ့်ရင်း ပြောလေ၏
သူ့အသံတွင် ဒေါသမပါပေ
လက်ခံမှုသာ
“ဒီကိစ္စက ငါ ကိုယ်တော်အတင်းအကျပ် လုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ မင်းရဲ့ နှလုံးသားက တစ်စုံတစ်ယောက်ဆီမှာ ရှိနေပြီးသားဆိုရင် ငါကိုယ်တော်က ဘာလုပ်နိုင်မှာလဲ?"
အမတ်များကြားတွင် တိုးတိုးတိတ်တိတ် ပြောသံများ ထွက်ပေါ်လာသည်။
ပိုင်ကျီဟန်က ငြင်းပယ်ခဲ့သော်လည်း
ဧကရာဇ်က ခွင့်ပြုပေးလိုက်သည်။
သူ့ဆန္ဒကြောင့် မဟုတ်ပေ
အခြားနည်းလမ်းမရှိသောကြောင့်ပင်
သူသည် ခန္ဓာကိုယ် ဒဏ်ရာရနေသော်လည်း
လောကကြီးအား ကျောခိုင်းထားလင့်ပါစေ
ပျက်စီးသွားသော သွေးကြောများနှင့် အနာဂတ်က ဝေဝါးနေသော်လည်း
ပိုင်ကျီဟန်မှာ ပိုင်ကျီဟန်ပင် ဖြစ်သည်။
အရာအားလုံးသည် သူအလိုရှိသည့်အတိုင်း ဖြစ်သွားမြဲပင်။
ပိုင်ကျီဟန်က အရိုအသေပေးလေ၏
"နားလည်ပေးတဲ့အတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
သူ့အသံသည် တည်ငြိမ်ပြီး ကျေးဇူးတင်တာမျိုးလည်းမရှိပေ
ဧကရာဇ်သည် ဘာမှမဖြစ်သလိုပင် လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်သည်။
"သွားတော့... မင်းရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါဦး"
ပိုင်ကျီဟန်က အရိုအသေပေးလိုက်၏
ပြီးနောက် လှည့်ထွက်လာသည်။
ယုဖေးယန်ကို တစ်ချက်ကလေးမှ လှည့်မကြည့်တော့ပေ။
သူနှင့်အတူရှိမေရမည့်အလား ချူကျီယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
"သွားကြစို့"သူက ပြောချေသည်။
သူ့အသံတွင် ငြင်းပယ်ရန် အခွင့်အရေး မရှိချေ။
ချူကျီယန်သည် ခတ္တမျှတောင့်တင်းသွားပြီး
ပြေလျော့သွားခဲ့သည်။
သူမသည် အသာအယာခေါင်းငြိမ့်ပြကာ သူ့နောက်သို့ လိုက်ပါသွားသည်။ သူမ၏ တည်ငြိမ်သော အမူအရာများကြားမှပင် ပါးပြင်ပေါ်တွင် ရှက်သွေးလေးများ အနည်းငယ် ဖြတ်ပြေးသွားသည်။
သူတို့နှစ်ဦး ဘေးချင်းယှဉ်ကာ ခန်းမထဲမှ ထွက်ခွာသွားကြသည်။
သူတို့နှစ်ဦးသည် ခန်းမအတွင်း ဘေးချင်းယှဉ်လျက် လျှောက်လှမ်းသွားကြသည်။
လူအုပ်ကြီးမှာ အလိုအလျောက်ပင် လမ်းဖယ်ပေးလိုက်ကြ၏။
အချို့သောအကြည့်များမှာ ကြောက်ရွံ့အားကျမှုများဖြင့် ပြည့်နှက်နေ၏
အချို့မှာမူ မယုံကြည်နိုင်ခြင်းများဖြင့်သာ
အချို့မှာ ရှုပ်ထွေးလှသော မနာလိုဝန်တိုမှုများဖြင့် ကြည့်နေကြသည်။
ကိုယ်လက်အင်္ဂါ မသန်စွမ်းတော့သော သူရဲကောင်းတစ်ဦး။
ငြင်းပယ်ခံလိုက်ရသော နန်းတွင်းတော်ဝင်လက်ထပ်ပွဲ။
သူ့နောက်သို့ မဆိုင်းမတွ လိုက်ပါသွားသော အမျိုးသမီးတစ်ဦး။
မည်သည့်အချက်က ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်ကို မည်သူမျှ မဝေခွဲနိုင်ကြပေ။
သူတို့၏ နောက်ကွယ်တွင်မူ
ယုဖေးယန်သည် ရပ်မြဲအတိုင်း ရပ်နေဆဲ။
သူမ၏ ကိုယ်ဟန်အနေအထားမှာ မပြောင်းလဲချေ။
မျက်နှာအမူအရာမှာလည်း အေးဆေးတည်ငြိမ်လျက်၊
ပြုံးမြဲအတိုင်း ပြုံးနေဆဲပင်။
သို့သော် သူမ၏ မျက်ဝန်းအိမ်နက်ရှိုင်းရာတွင်မူ အေးစက်စက် အရာတစ်ခု လှုပ်ခတ်သွားခဲ့သည်။
ဒေါသမဟုတ်၊
အရှက်ရမှုလည်းမဟုတ်၊
စိတ်ဝင်စားမှုသာ ဖြစ်သည်
ပိုင်ကျီဟန် လျှောက်လှမ်းနေစဉ်အတွင်း သူ၏ အာရုံခံစားမှုများကို အစွမ်းကုန် ဖြန့်ကြက်ထားခဲ့သည်။
သူသည် နောက်သို့ အထင်အရှား လှည့်မကြည့်သော်လည်း
အမြင်အာရုံ၏ ထောင့်စွန်းမှတစ်ဆင့် ချီစွမ်းအင်နှင့် ရည်ရွယ်ချက်တို့၏ သိမ်မွေ့သော အပြောင်းအလဲများမှတစ်ဆင့် ချင်လင်းရှောင်ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။
ယုဖေးယန်မှာ ရပ်မြဲအတိုင်း ရပ်နေဆဲသာ
သတ်ဖြတ်လိုသော စိတ်ဆန္ဒ အရိပ်အယောင် အနည်းငယ်မျှပင် ပေါ်ပေါက်မလာခဲ့ပေ။
လုံးဝမရှိခဲ့ပေ
ပိုင်ကျီဟန်သည် ချူကျီယန်ကို ဆုပ်ကိုင်ထားသော လက်ကို မသိမသာ ပို၍ တင်းကျပ်လိုက်မိသည်။
(အကယ်၍ သူမသာ တစ်ခုခု လုပ်ချင်တယ်ဆိုရင်...)
သူသည် အမှန်တရားကို သိရှိနားလည်ထားသည်။
ချင်လင်းရှောင်အနေဖြင့် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် မလိုပေ
လှည့်ကွက်များ မလိုသလိုပေ။
ဆင်ခြေဆင်လက်များလည်း မလိုအပ်ပေ။
အကယ်၍ သူမက သူ့ကို သတ်ချင်သည်ဆိုလျှင်
သူသည် သေဆုံးပြီးသား ဖြစ်နေလိမ့်မည်။
ဤနေရာ၊
ဤခန်းမထဲတွင်ပင်
ဧကရာဇ်များ၊အကြီးအကဲများနှင့် သူရဲကောင်းများ ဝိုင်းရံထားသည့် ကြားတွင်ပင်၊
သူတို့အထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ သူမကို တားဆီးနိုင်ကြမည်မဟုတ်ပေ။
အနည်းဆုံးတော့ ချင်လင်းရှောင်သည် သူမ၏ ဟန်ဆောင်မျက်နှာဖုံးကို လောလောဆယ်တွင် ခွာချရန် ရည်ရွယ်ချက်မရှိသေးကြောင်း ပိုင်ကျီဟန် သဘောပေါက်လိုက်သည်။