နဂါးပလ္လင်အောက်ဝယ် နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခြင်း
Vol. 30 Ch. 439
ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားမှာ စနစ်တကျ ဆက်လက်ကျင်းပမြဲ ရှိနေသည်။
တန်ဖိုးကြီးရတနာများကို ဆက်သကြသည်။
ဘွဲ့ထူးဂုဏ်ထူးများကို ကြေညာကြသည်။
အင်ပါယာ၏ မှတ်တမ်းများကိုလည်းတည်ကြည်ပြတ်သားစွာ ဖတ်ကြားကြသည်။
ပိုင်ကျီဟန်ပြီးနောက်တွင်မူ အင်ပါယာအတွင်း အမည်ကျော်ကြားသည့် ဝါရင့် မဟာကောင်းကင်ဘုံ တက်လှမ်းခြင်း နယ်ပယ်ကျင့်ကြံသူများ ရှေ့သို့ တက်လာကြသည်။
သူတို့သည် ထိုက်တန်သော ဂုဏ်ပြုမှုများကို လက်ခံရယူပြီးနောက် မိမိတို့နေရာသို့ တည်ငြိမ်စွာ ပြန်လည်ဆုတ်ခွာသွားကြသည်။
ထို့နောက် ဗလာသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံသူများ၏ အလှည့်ရောက်လာသည်။
သူတို့၏ စွမ်းဆောင်မှုများမှာ အားကိုးထိုက်လှသဖြင့် ရရှိသည့် ဆုလာဘ်များမှာလည်း ထိုက်ထိုက်တန်တန် ကြွယ်ဝလှသည်။ ထိုစဉ်
"ပိုင်မျိုးနွယ်စုမှ ပိုင်ရွှယ်ချင်း” အရာရှိက ကြေညာလိုက်သည်။
ခန်းမအတွင်း လှုပ်ခတ်မှုလေးတစ်ခု ဖြစ်သွားသည်။
လူအများမှာ အံ့အားသင့်သွားကြသည်။၎င်းမှာ ပိုင်ရွှယ်ချင်းက ဆုနှင့်မထိုက်တန်၍ မဟုတ်ဘဲ စာရင်းအရ သူမထက် ပို၍သန်မာသည့် ဝိညာဉ်ခွဲခြမ်းစိတ်ဖြာခြင်း နယ်ပယ်ကျင့်ကြံသူအချို့ထက်ပင် အရင် ကြေညာခံရသောကြောင့် ဖြစ်သည်။
သို့သော် မည်သူမျှ ကန့်ကွက်ခြင်းမရှိကြပေ။
အဘယ်ကြောင့်ဆိုသော် အားလုံးက အကြောင်းရင်းကို သိထားကြသောကြောင့်ပငါ။
ပိုင်ရွှယ်ချင်းသည် ပေါ့ပါးသော ခြေလှမ်းများ၊ အေးစက်တည်ငြိမ်သော အမူအရာတို့ဖြင့် ရှေ့သို့ လှမ်းတက်လာသည်။
သူမ၏ ပတ်ဝန်းကျင်တွင် နှင်းခဲကဲ့သို့ ချီစွမ်းအင်များက ခပ်ဖွဖွ ဝန်းရံနေသည်။
အရာရှိက သူမ၏ စွမ်းဆောင်ချက်များကို ဆက်လက်ဖတ်ကြားသည်။
မြောက်ပိုင်းစစ်မြေပြင် တိုက်ပွဲများတွင် ပိုင်ရွှယ်ချင်းသည် တိုက်ခိုက်ရုံသာ မဟုတ်ပေ
ရောက်ရာအရပ်တိုင်းတွင် စစ်မြေပြင်ကို ထိန်းချုပ်နိုင်စွမ်း ရှိခဲ့သည်။
သူမ၏ ရေခဲစွမ်းအင် နည်းစနစ်များသည် မိစ္ဆာသားရဲအုပ်စုလိုက်ကို အေးခဲရပ်တန့်စေခဲ့သည်။
သူမ ဖန်တီးလိုက်သည့် ရေခဲပြင်များက ရန်သူ့စစ်ကြောင်းများကို ဖြတ်တောက်နိုင်ခဲ့သည်။
ဗလာသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံသူ အချို့ပင်လျှင် သူမ၏ ရေခဲစွမ်းအင်ဖြင့် ချုပ်နှောင်ခံထားရသော ရန်သူများကို သတ်ဖြတ်ပြီးမှ တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့ကြခြင်း ဖြစ်သည်။
သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်၌သာ ရှိသေးသော်လည်း အဆင့် ၇ နှင့် အဆင့် ၈ မိစ္ဆာသားရဲ အမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့သည်။
သူမ၏ စွမ်းဆောင်ရည်မှာ သတ်ဖြတ်နိုင်သည့် အရေအတွက်တစ်ခုတည်းနှင့် မဟုတ်ဘဲ၊ အသက်ပေါင်းများစွာကို ကာကွယ်နိုင်ခဲ့မှုနှင့် တိုက်ပွဲ၏ အလှည့်အပြောင်းကို ဖန်တီးနိုင်ခဲ့မှုတို့ဖြင့် တိုင်းတာရမည် ဖြစ်သည်။
စစ်မြေပြင်၏ တန်ဖိုးအရဆိုလျှင်
သူမ၏ စွမ်းဆောင်မှုမှာ ဗလာသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများနှင့်ပင်ရင်ဘောင်တန်းနိုင်နေပြီ ဖြစ်သည်။
ပိုင်ရွှယ်ချင်းက ဆုလာဘ်များကို ယဉ်ကျေးစွာ လက်ခံလိုက်သည်။
ထိုစဉ်
ဧကရာဇ်မင်းမြတ်က ခဏမျှ ရပ်တန့်သွားသည်။
၎င်းမှာ အကဲခတ်တတ်သူများအဖို့ တစ်ခုခုလာတော့မည်ကို သိသာစေသည့် အချိန်အဆပင် ဖြစ်သည်။
"ပိုင်ရွှယ်ချင်း..." ဧကရာဇ်က တည်ငြိမ်သော်လည်း လေးနက်သောအသံဖြင့် ဆိုသည်။ "မင်းမှာ အခုလောလောဆယ် စေ့စပ်ထားသူ မရှိသေးဘူး မလား?"
ခန်းမအတွင်း တိုးတိုးတိတ်တိတ် အသံများ ထွက်ပေါ်လာသည်။
ဖြစ်ရပ်တစ်ခုလိုပင်
ပိုင်ရွှယ်ချင်း၏ မျက်ဝန်းများ အနည်းငယ် ကျုံ့သွားသည်။
"ဟုတ်ပါတယ် အရှင်မင်းကြီး" သူမက တည်ငြိမ်စွာ ပြန်ဖြေသည်။
"အရင်က စေ့စပ်ကြောင်းလမ်းမှုကလည်း ပျက်ပြယ်သွားပြီပဲ" ဧကရာဇ်က ရာသီဥတုအကြောင်း ပြောသလို ပေါ့ပေါ့ပါးပါးပင် ဆက်ပြောသည်။
အမတ်အချို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"မင်းက ငယ်ရွယ်တယ်၊ ပါရမီရှိတယ်၊ ပြီးတော့ ထူးခြားတဲ့ စွမ်းဆောင်ရည်တွေလည်း ရှိတယ်"
ဧကရာဇ်၏ အကြည့်များ နူးညံ့သွားပြီး အားလုံး မျှော်လင့်ထားသည့် စကားကို ပြောချလိုက်သည်။
"မင်းသာ လိုလားမယ်ဆိုရင်” ဧက္ကရာဇ်က ဆိုလေ၏ “ မင်းနဲ့ သင့်တော်မယ်ထင်တဲ့ ဘယ်မင်းသားကိုမဆို ရွေးချယ်ပြီး အင်ပါယာ တော်ဝင်မိသားစုထဲကို လက်ထပ်ဝင်ရောက်နိုင်တယ်"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
နောက်တစ်ကြိမ် ထပ်ဖြစ်ပြန်ပြီ
အားလုံး၏ အကြည့်များသည် ပိုင်ကျီဟန်ဆီသို့ မဟုတ်ဘဲ ပိုင်ရွှယ်ချင်းဆီသို့ ရောက်သွားကြသည်။
သို့သော် ယခုတစ်ကြိမ်မှာတော့ မမျှော်လင့်ထားသည့် အရာမဟုတ်ပေ။ ပိုင်ရွှယ်ချင်းကဲ့သို့သော အမျိုးသမီးကို မည်သူမဆို ချွေးမတော်ချင်ကြသည်မှာ အမှန်ပင်။
သူမသည် ပါရမီရှိပြီး လှပသည့်အပြင်
ပိုင်ထျန်းဟမ်၏ အဖိုးတန်သမီးတော်လည်း ဖြစ်သည်။
အရေးကြီးဆုံးအချက်မှာ သူမသည် ပိုင်ကျီဟန်ကဲ့သို့ လူစွမ်းမရှိသူမဟုတ်ခြင်းပင်။
ထို့ကြောင့် သူမနှင့် လက်ထပ်ခြင်းသည် ပိုင်မျိုးနွယ်စု၏ ထောက်ခံမှုကို ရယူနိုင်ခြင်း ဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ အရှိန်အဝါ အားကောင်းလာချိန်တွင် တော်ဝင်မိသားစုကလည်း ထိုအဆက်အသွယ်ကို လိုလားနေကြသည်။
ပိုင်ရွှယ်ချင်းကတော့ ဂုဏ်ယူဝမ်းမြောက်သည့် အမူအရာ လုံးဝမပြဘဲ တည်ငြိမ်စွာ ဂါရဝပြုလိုက်သည်။
ကြည့်ရှုနေကြသော အခြားသူများမှာလည်း တိုးတိုးတိတ်တိတ် စကားဆိုခြင်းကို မအောင့်နိုင်ကြတော့ဘဲ ဧကရာဇ်သည် ပိုင်မျိုးနွယ်စုနှင့် တော်ဝင်အမျိုးအနွယ်အကြား ထိမ်းမြားခြင်းဖြင့် ရွှေလမ်းငွေလမ်း ဖောက်ရန် အသည်းအသန် ကြိုးပမ်းနေပုံရသည်ဟု ပြောဆိုနေကြတော့သည်။
တစ်ဦးက ငြင်းပယ်လိုက်သည်နှင့် ပိုင်မျိုးနွယ်စုအတွက် ထပ်တူထပ်မျှ အရေးပါပြီး အဖိုးတန်လှသော အခြားတစ်ဦးထံသို့ ချက်ချင်းပင် ဦးတည်ချက် ပြောင်းလိုက်လေသည်။
ပိုင်ရွှယ်ချင်းသည် တုံ့ဆိုင်းနေခြင်း မရှိခဲ့ပေ။
ဝမ်းသာအားရဖြစ်သည့် အရိပ်အယောင်လည်း သူမထံတွင် မရှိခဲ့ပေ။
သူမသည် လက်နှစ်ဖက်ကို စုကာ ဂါရဝပြုလိုက်လေတော့သည်။
"ဒီဂုဏ်ပြုမှုအတွက် အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်"
ထို့နောက်
"ဒါပေမယ့်... ကျွန်မ ငြင်းပယ်ပါရစေ"
ပိုင်ကျီဟန် ငြင်းပယ်စဉ်ကကဲ့သို့ လူများ အလွန်အမင်း အံ့အားသင့်မသွားကြပေ။
ပိုင်ရွှယ်ချင်း၏ အဆင့်အတန်းနှင့် ပါရမီအရဆိုလျှင် သူမအား ရနိုင်သည့်အမျိုးသား မရှိသလောက်ပင်။ ယခုလောလောဆယ်တွင် သူမနှင့် အမှန်တကယ် ထိုက်တန်သည့် အမျိုးသား တစ်ယောက်မျှ မရှိသေးဟု လူများက ယူဆထားကြသည်။
မင်းသားများပင်လျှင် သူမနှင့်ယှဉ်လျှင် နိမ့်ကျနေသလိုပင်။
ဧကရာဇ်က မျက်ခုံးတစ်ချက် ပင့်လိုက်၏
"အို... အဲဒါ ဘာကြောင့်လဲ?"
ပိုင်ရွှယ်ချင်း၏ အသံမှာ အေးစက်ပြီး ဂရုမစိုက်သလိုပင်။
"ကျွန်မမှာ အဲဒီလိုကိစ္စတွေအတွက် အချိန်မရှိလို့ပါ"သူမက ဆိုလေ၏
စကားလုံးများက ရိုးရှင်းပြီး ပြတ်သားလှသည်။
ပိုင်ရွှယ်ချင်းမှာ ယဉ်ကျေးမှု ရှိသော်လည်း ဧကရာဇ်အား တိုက်ရိုက်ပြောမှသာ နားလည်မည်ကို သိထားသည်။
၎င်းအပြင် ဘယ်မင်းသားကိုမဆို ရွေးချယ်နိုင်သည်ဟူသော စကားက သူမအတွက်တော့ မည်သို့မျှ ဆွဲဆောင်မှု မရှိပေ။
အနည်းဆုံး ပိုင်ကျီဟန်၏ ကိစ္စတွင်မူ မင်းသမီးယုဖေးယန်သည် သူ့ကို ချစ်မြတ်နိုးနေပါသည်ဟူသော အကြောင်းပြချက်ဖြင့် ဖုံးကွယ်ထားသေးသည်။
သို့သော် ပိုင်ရွှယ်ချင်းကတော့ ထိုအရာကို အမှန်ဟု မယုံကြည်ပေ။
ပိုင်ကျီဟန်လို လူမျိုးကို အမှန်တကယ် ချစ်မည့်မိန်းကလေး ရှိလိမ့်မည်ဟု သူမ မထင်ပေ
တစ်ယောက်မှလွဲ၍ပေါ့
ပိုင်ကျီဟန်သည် ရက်စက်ပြီး စကားကို အချိုမသတ်တတ်ပေ။
သူတစ်ပါး ခံစားချက်ကိုလည်း ဂရုမစိုက်ချေ။
အရာရာကို အထင်သေးပြီး စကားလုံးဖြင့် ဖော်ပြမရအောင် မောက်မာသူ ဖြစ်သည်။
ထို့ကြောင့် မင်းသမီးတစ်ပါးသည် ဒုက္ခိတဖြစ်ပြီး စွမ်းရည်အားလုံးဆုံးရှုံးသွားသည့် ထိုသို့သောသူကို ချစ်မိသွားမည်ဟု သူမ မယုံကြည်ပေ
အထူးသဖြင့် ရှေးဟောင်းအပျက်အစီးထဲတွင် ပိုင်ကျီဟန်က မိုထျန်းကျီကို ရက်ရက်စက်စက် ရိုက်နှက်ခဲ့ပြီး ပိုင်ရှင်းယွဲ့အတွက်နှင့် ပါဝင်သူအားလုံးနီးပါးကို ခြိမ်းခြောက်ခဲ့သည်ကို သူမ မြင်တွေ့ခဲ့ရသည်။
ထိုသို့သော အပြုအမူမျိုးကို မင်းသမီးလေးကဲ့သို့ သိမ်မွေ့သူမျိုးက ချစ်မိမည် မဟုတ်ချေ။
ထို့ကြောင့် ၎င်းမှာ ပိုင်မျိုးနွယ်စုကို ချုပ်ကိုင်ရန် ဖန်တီးထားသည့် ပြဇာတ်တစ်ခုဟုသာ သူမ မြင်သည်။
ယခုလည်း သူမကို ထိုသို့ပင် လုပ်ဆောင်နေခြင်း ဖြစ်သည်။
သို့သော် ဧက္ကရာဇ်သည် အခုတကြိမ်တွင် ဇာတ်လမ်းဆင်ရန် အားထုတ်ခြင်းမရှိပေ
သူမကတော့ ဂရုမစိုက်ပေ
သူမအနေဖြင့် တဖက်လူကို မျက်နှာသာပေးရန် လိုအပ်သည်ဟုလည်း မထင်ပေ
"ကျွန်မရဲ့ ကျင့်ကြံခြင်းအဆင့်က နိမ့်ပါးနေပါသေးတယ်။ မိစ္ဆာသားရဲတွေကို တိုက်ခိုက်ပြီးနောက်မှာ ဒါကို ကျွန်မ သဘောပေါက်ခဲ့ပါတယ်
“ လက်ထပ်ခြင်းဆိုတာ ကျွန်မအတွက်တော့ အာရုံနောက်စရာတစ်ခုပါပဲ"
သူမသည် အကြည့်ကို အနည်းငယ် မြှင့်လိုက်ပြီး ၎င်းမှာ စိန်ခေါ်ခြင်း မဟုတ်သော်လည်း မတုန်မလှုပ် ခိုင်မာနေသည်။
"ဒါကြောင့်... ကျွန်မ အခုလောလောဆယ် ဘယ်သူ့ကိုမှ လက်ထပ်မှာ မဟုတ်ပါဘူး"
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။
ပိုင်ရွှယ်ချင်းသည် ဧကရာဇ်ကိုသာ ငြင်းပယ်လိုက်ခြင်း မဟုတ်ပေ
သူမထံသို့ စေ့စပ်ရန် ကမ်းလှမ်းချက်များ ဆက်တိုက်ပို့နေသည့် မျိုးနွယ်စုအားလုံးကိုပါ တစ်ခါတည်း ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
ဧကရာဇ်က သက်ပြင်းချကာ ရယ်မောလိုက်သည်။
တိုတောင်းသော ရယ်သံ
"ကြည့်ရတာ... ပိုင်မျိုးနွယ်စုဟာ သာမန်လူတွေကို မွေးထုတ်တာ မဟုတ်ဘူးပဲ"
နောက်ထပ် ငြင်းပယ်မှုတစ်ခု။
ဧကရာဇ်၏ လက်ထဲမှ အခွင့်အရေးတစ်ခုမှာ နောက်တစ်ကြိမ် လွတ်ထွက်သွားပြန်ပြီ။
၎င်းသည် ရှေ့လျှောက် တော်ဝင်မိသားစုနှင့် ပိုင်မျိုးနွယ်စုတို့၏ ဆက်ဆံရေးကိုလည်း ဖော်ပြနေသည်။
ပိုင်ရွှယ်ချင်းနှင့် ပိုင်ကျီဟန် နှစ်ဦးလုံးက ငြင်းပယ်လိုက်ခြင်းကြောင့် သူတို့နှစ်ဦးကြား မဟာမိတ်ဖွဲ့ရန် မဖြစ်နိုင်တော့ကြောင်း အားလုံး သိသွားကြချေပြီ။
တော်ဝင်မိသားစုသည် ပိုင်မျိုးနွယ်စု၏ အရှိန်အဝါကို သတိထားရတော့မည် ဖြစ်သည်။
မဟာမိတ်မဖြစ်ပါက ပိုင်မျိုးနွယ်စု ဘာလုပ်ပါစေ၊ တော်ဝင်မိသားစုက ကြောက်လန့်နေရမည်သာ
"ကောင်းပြီလေ... မင်းမလိုလားတဲ့အရာကို ငါအတင်းအကျပ် မလုပ်ပါဘူး"
ပိုင်ရွှယ်ချင်းက ဂါရဝပြုလိုက်၏
“ ကျေးဇူးပါ အရှင်မင်းကြီး”
သူမသည် ဘာစကားမှ ထပ်မပြောဘဲ မိမိနေရာသို့ ပြန်လာခဲ့သည်။
သူမသည် ပိုင်ကျီဟန်ကို ဖြတ်သွားစဉ် အကြည့်ချင်း ခဏတာ ဆုံမိသွားသည်။
သူမ၏ အကြည့်မှာ ချူကျီယန်၏ လက်ကို ဆုပ်ကိုင်ထားဆဲ ဖြစ်သော ပိုင်ကျီဟန်၏ လက်ဆီသို့ ရောက်သွားသည်။
ပိုင်ကျီဟန်ကတော့ ယခုအချိန်တွင် လက်လွှတ်လိုက်ပါက ဟန်ဆောင်နေမှန်း သိသာသွားမည်စိုးသဖြင့် ချူကျီယန်အပေါ် သူ၏ မြတ်နိုးမှုကို ဆက်လက်ပြသနေခြင်း ဖြစ်သည်။
ပိုင်ရွှယ်ချင်းက မျက်မှောင်ကြုတ်လိုက်သည်။
သူမ၏ ဘေးရှိ ချူကျီယန်မှာမူ လူအ တစ်ယောက်လို ပြုံးပျော်နေပြီး သူမကို သတိပင် မထားမိချေ။
ပိုင်ရွှယ်ချင်းသည် စိတ်တိုတိုဖြင့် သူမ၏နေရာသို့ ပြန်လာခဲ့သည်။
သူမ ဘာကြောင့် စိတ်တိုနေရမှန်း သူမကိုယ်တိုင် မသိပေ။
ထိုအကြောင်းကိုလည်း မစဉ်းစားချင်တော့ပေ။
သူမ မရပ်တန့်ခင် နှာခေါင်းရှုံ့လိုက်ချေ၏
"ဟွန့်”
သူမ နှာခေါင်းရှုံ့သံကို ပိုင်ကျီဟန် ကြားလိုက်သည်။
သူ ဘေးသို့ ငဲ့ကြည့်လိုက်စဉ် စိတ်မကျေမနပ်ဖြင့် လှည့်ထွက်သွားသော ပိုင်ရွှယ်ချင်း၏ ကျောပြင်ကို မြင်လိုက်ရသည်။
သူ မျက်မှောင်ကြုတ်လိုက်မိသည်။ (သူမက ဘာဖြစ်လို့ ပြန်စိတ်ဆိုးသွားရတာလဲ?)
ခဏအကြာတွင် ပိုင်ကျီဟန်က ကျိုးကြောင်းဆီလျော်သည့် ကောက်ချက်တစ်ခု ချလိုက်
သည်။
သူမက စေ့စပ်တာတွေ လက်ထပ်တာတွေကို တကယ် မုန်းပုံရတယ်
ဧကရာဇ် စကားများသည် သူမကို နီဖန်းကျိုးနှင့် စေ့စပ်ခဲ့သည့်အဖြစ်အပျက်ကို သွားသတိရစေလို့ ဖြစ်မှာပင်
"ကျွတ်ကျွတ်... ကြည့်ရတာ သူကတော့ တစ်သက်လုံး တစ်ယောက်တည်းပဲ နေသွားတော့မယ့်ပုံပဲ" ပိုင်ကျီဟန် တွေးလိုက်မိသည်။
အခမ်းအနားမှာ ဆက်လက်ကျင်းပသည်။
တစ်ယောက်ပြီးတစ်ယောက် အမည်ခေါ်ယူခံရသည်။
ထို့နောက်
"ချူမျိုးနွယ်စုမှ ချူကျီယန်” အရာရှိက ကြေညာလေ၏
သူမက တည်ငြိမ်စွာ ရှေ့သို့ တက်လာသည်။
သူမ၏ စွမ်းဆောင်ချက်များဖြစ်သော ခေါင်းဆောင်မှု၊ တိုက်ခိုက်မှုနှင့် အရေးတကြီးချိတ်ဆက်မှုများအတွင်း သူမနေရာကိုထိန်းထားနိုင်မှုတို့ကို ဖတ်ကြားပြလေသည်။
ဧကရာဇ်က တည်ငြိမ်စွာ နားထောင်နေ၏
ယခင်က သဘောထားကွဲလွဲမှုများ သို့မဟုတ် လက်ထပ်ရေး ကိစ္စများကို မပြောတော့ဘဲ သူမ နှင့်ထိုက်တန်သော ဆုလာဘ်များကို ပေးသနားခဲ့သည်။
ချူကျီယန်ကလည်း အရိုအသေပေးကာ ဆုကို လက်ခံလေ၏
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး” သူမသည် ပိုင်ကျီဟန်၏ အနားသို့ ပြန်လာခဲ့သည်။
ကျန်သည့်ဆုများကိုလည်း ဆက်လက်ချီးမြှင့်ပေသည်။
နောက်ဆုံးတွင် အမည်စာရင်းများ အားလုံး ကုန်ဆုံးသွားသောအခါ ဧကရာဇ်က ပလ္လင်တော်ပေါ်မှ ထလိုက်သည်။
ခန်းမတစ်ခုလုံး ချက်ချင်း ငြိမ်သက်သွားသည်။
"မြောက်ပိုင်းစစ်မြေပြင်က သူရဲကောင်းတို့”ဧက္ကရာဇ်အသံသည် ခန်းမအနှံ့ဟိန်းထွက်သွားချေသည်။
“ ဒီနေ့ မင်းတို့ကို ဆုချီးမြှင့်တာဟာ ခွန်အားအတွက်တင် မဟုတ်ဘူး။ မင်းတို့ရဲ့ သတ္တိ၊ စတေးမှုနဲ့ ပြတ်သားမှုတွေအတွက်လည်း ဖြစ်တယ်။"
ဧကရာဇ်က ကျင့်ကြံသူအားလုံးကို ဝေ့ကြည့်လိုက်သည်။
"မင်းတို့ကြောင့် နယ်စပ်ဒေသတွေ ခိုင်မာနေတာ။ မင်းတို့ကြောင့် ပြည်သူတွေ အေးအေးချမ်းချမ်း အိပ်စက်နိုင်တာ။
သူက ခေါင်းကိုငုံ့လိုက်ချေသည်။
“ဒါကြောင့် ဒီဧကရာဇ်က မင်းတို့ကို အလေးအနက် ကျေးဇူးတင်ပါတယ်။"
ရိုသေလေးစားမှုပြည့်နေသည့် တိတ်ဆိတ်မှုသည် ခန်းမတခွင် လွှမ်းမိုးထားချေသည်။
ထို့နောက် ဧက္ကရာဇ်က ဆက်လက်မိန့်ကြားပေသည်။
"ဒီဂုဏ်ပြုပွဲ အခမ်းအနားက ဒီမှာတင် ပြီးဆုံးပါပြီ” သက်သာရာရမှုများက ခန်းမတွင် ပျံ့နှံ့သွားချေသည်။
“ဒါပေမယ့်..." ဧကရာဇ်က ပြုံးလိုက်ကာ "ပျော်ပွဲရွှင်ပွဲတစ်ခုကို ပြင်ဆင်ထားပါတယ်”
တီးတိုးသံများ ထွက်ပါ်လာ၏
“အစားအသောက်၊ ဝိုင်နဲ့ တေးဂီတတွေ ရှိမှာပါ” ဧက္ကရာဇ်က ဆက်ပြောလေသည်။”သူရဲကောင်းအားလုံး လွတ်လွတ်လပ်လပ် ပါဝင်ဆင်နွှဲကြဖို့ မျှော်လင့်ပါတယ်”
“ ဒီညတော့ ကျင့်ကြံခြင်းနဲ့ ပဋိပက္ခတွေကို ဘေးဖယ်ထားပြီး မင်းတို့ ကာကွယ်ခဲ့တဲ့ အရာတွေကို ပျော်ပျော်ပါးပါး ခံစားကြပါ"