← Chapters

နဂါးပလ္လင်အောက်မှ လုပ်ကြံသတ်ဖြတ်သူ

Vol. 30 Ch. 442

နဂါးပလ္လင်အောက်မှ လုပ်ကြံသတ်ဖြတ်သူ

Vol. 30 Ch. 442

ပိုင်ထျန်းဟမ်သည် လှုပ်ရှားလိုက်ပြီဖြစ်သည်။

သူသည် ကျေမွပျက်စီးသွားသော ကျောက်တိုင်ကြီးအတွင်း နစ်ဝင်နေသည့် လုပ်ကြံသတ်ဖြတ်သူထံသို့ မျက်နှာပျက်

ပျက်ဖြင့် လှမ်းလျှောက်သွားသည်။

ပိုင်မျိုးနွယ်စု၏ အကြီးအကဲအချို့ကလည်း မမျှော်လင့်ထားသော အပြောင်းအလဲများ မဖြစ်ပေါ်စေရန် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို ချိပ်ပိတ်ကာ နောက်မှ အနီးကပ် လိုက်ပါလာကြသည်။

လုပ်ကြံသတ်ဖြတ်သူသည် အက်ကွဲနေသော ကျောက်တိုင်ကို မှီလျက် သွေးအိုင်ထဲတွင် လဲနေ၏။

သူမ၏ ရင်ဘတ်မှာ အသက်ငွေ့ငွေ့ ရှိနေသေး၏

ပိုင်ထျန်းဟမ်သည် သူမ၏ သွေးကြောများကို ချုပ်တည်းရန် လက်လှမ်းလိုက်၏

သူ့မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်။

နောက်ကျသွားချေပြီ

လုပ်ကြံသတ်ဖြတ်သူ၏ နှုတ်ခမ်းများက တုန်ယင်သွားသည်။

သူမ၏ ပါးစပ်ထောင့်တွင် မထီမဲ့မြင်ပြုသည့် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာ၏

ထို့နောက်

ဂျွတ်

သွားများကြားတွင် တစ်ခုခု ကြေမွသွားသည့် သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာသည်။

သူမ၏ မျက်လုံးများက ချက်ချင်းပင် အရောင်မှိန်သွားသည်။

အသက်ရှူသံများလည်း တစ်ခဏချင်း ရပ်တန့်သွားတော့သည်။

သေဆုံးသွားချေပြီ

ပိုင်ထျန်းဟန်၏ မျက်နှာမှာ တစ်ပြင်လုံး မည်းမှောင်သွားတော့၏။

"တောက်... အကုသိုလ်ကောင်မ”

သူ၏ ကျိန်ဆဲသံက ခန်းမတစ်ခုလုံးတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

ကျွမ်းကျင်လုပ်ကြံသတ်ဖြတ်သူ ပီသလှပေသည်။

သွားကြားထဲတွင် အဆိပ်ဝှက်ထားသည့်အတွက် သူမသည် ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်ရန် မည်သည့်အခါကမျှ ရည်ရွယ်ခဲ့ပုံမရပေ။

အကြီးအကဲအချို့မှာလည်း ဒေါသတကြီးဖြင့် လက်သီးကို တင်းတင်းဆုပ်ထားကြသည်။

သို့သော် ပိုင်ထျန်းဟမ်က ထိုမျှနှင့် ရပ်မနေခဲ့ပေ။

သေဆုံးသွားပြီဆိုသော်ငြား လုပ်ကြံသတ်ဖြတ်သူ မည်သူမည်ဝါဖြစ်ကြောင်းကို စုံစမ်းစစ်ဆေးခြင်းဖြင့် နောက်ကွယ်မှ ကြိုးကိုင်သူကို ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်လိမ့်မည် ဖြစ်သည်။

သူမ ပြသခဲ့သော ကျင့်စဉ်အဆင့်အရ သူမ၏ မြင်တွေ့နေရသည့် မျက်နှာသွင်ပြင်ကဲ့သို့ ငယ်ရွယ်သူ မဟုတ်သည်မှာ သေချာလှသည်။

ကျင့်ကြံသူများသည် အိုမင်းရင့်ရော်မှု နှေးကွေးသည်ဆိုသော်လည်း သူမ၏ အဆင့်အတန်းအရ အနည်းဆုံး အသက် (၃၀) သို့မဟုတ် (၄၀) အရွယ်ခန့် ရှိရမည်ဖြစ်ပြီး

အသက် (၂၀) ဝန်းကျင် မိန်းကလေးတစ်ဦးကဲ့သို့ မဖြစ်နိုင်ပေ။

ပိုင်ထျန်းဟမ်သည် လက်လှမ်း၍ လုပ်ကြံသတ်ဖြတ်သူ၏ မျက်နှာဖုံးပုဝါကို ဆွဲခွာလိုက်သည်။

ခန်းမတစ်ခုလုံးတွင် အာမေဍိတ်သံများ ဆူညံသွား၏

ထို့နောက်

"သူ... သူမပဲ”

"အဲဒီမျက်နှာက”

"ချောက်နက်စာကလေး “

တီးတိုးပြောဆိုသံများ ပေါက်ကွဲထွက်လာသည်။

အကြီးအကဲတစ်ဦးက အသက်ကို ပြင်းပြင်းရှူသွင်းသည်။

"သူမက ကောင်းကင်အင်ပါယာ အထဲမှာ အလိုအရှိဆုံး လုပ်ကြံသတ်ဖြတ်သူတွေထဲက တစ်ယောက်ပဲ။ လွန်ခဲ့တဲ့ (၁၀) နှစ်က ဖန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင်ကို သတ်ခဲ့တဲ့သူလေ"

"ပြီးတော့ အင်မော်တယ်အဆင့်ကျင့်ကြံသူရဲ့ လိုက်လံဖမ်းဆီးမှုကနေတောင် လွတ်အောင် ပြေးနိုင်ခဲ့တာ"

ဤအချက်တစ်ခုတည်းနှင့်တင် သူမ၏ အစွမ်းမှာ မည်မျှကြီးမားကြောင်း သက်သေပြနေပြီဖြစ်သည်။

သူမသည် နာမည်မရှိသည့် သာမန်လူမဟုတ်ဘဲ အင်ပါယာအတွင်း အလွန်ပင် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ရာဇဝတ်သားတစ်ဦးပင် ဖြစ်သည်။

သူမသည် လွန်ခဲ့သော နှစ်ပေါင်း (၃၀) ကျော်ကတည်းက လှုပ်ရှားခဲ့သူဖြစ်ပြီး မဟာကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့် ရှိသော ဖန်းမျိုးနွယ်စု ခေါင်းဆောင်ကို သူ၏ကိုယ်ပိုင်နေအိမ်၌ပင် လုပ်ကြံသတ်ဖြတ်နိုင်ခဲ့သည့် အောင်မြင်မှုများစွာ ရှိခဲ့သူဖြစ်သည်။

ဤကဲ့သို့သော ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးကို ပိုင်ကျီဟန်အား သတ်ရန် စေလွှတ်ခဲ့ခြင်းမှာ သူမကို ခိုင်းစေခဲ့သူသည် အလွန်အမင်း အင်အားတောင့်တင်းလှကြောင်း သက်သေပြနေသည်။

အမှန်စင်စစ် သူမသည် ဤနေရာသို့ လာကတည်းက သေရန်ပြင်ဆင်ပြီးသားပင်။

သူမကဲ့သို့သူမျိုးကို အသေခံခိုင်းစေနိုင်သူမှာ သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

ပိုင်ထျန်းဟမ် မျက်လုံးများ မှေးစပြုလာသည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို အသေခံတာဝန် ပေးနိုင်သည့် အင်အားစုမှာ အနည်းငယ်သာ ရှိသည်။ အင်ပါယာနန်းတွင်းမိသားစုနှင့် ကောင်းကင်ဓားဂိုဏ်းတို့ပင် ဖြစ်သည်။

သို့သော် သူ၏ အကြီးမားဆုံး သံသယမှာ လီ နှင့် ကျောက်မျိုးနွယ်စုများအပေါ်တွင် ရှိနေသည်။

အကြောင်းမှာ လက်ရှိရောက်ရှိနေသူများထဲတွင် ၎င်းတို့နှစ်စုမှာ လုပ်ကြံရန် အခိုင်မာဆုံး အကြောင်းပြချက်ရှိနေသောကြောင့်ပင်။

လီကျန်းဟုန်နှင့် ကျောက်ဝူထျန်းတို့၏ မျက်နှာတွင်မူ ထူးခြားသော အပြောင်းအလဲမရှိလှပေ။

၎င်းတို့မှာ ဤလုပ်ကြံသတ်ဖြတ်သူကို မည်သူစေလွှတ်ကြောင်း လုံးဝမသိရှိသယောင် ဟန်ဆောင်နေကြသည်။

သို့သော် ပိုင်ကျီဟန်၏ အရေးကိုလည်း ဂရုစိုက်သယောင် မပြကြပေ။

ပိုင်ထျန်းဟမ်သည် ထိုသူနှစ်ဦးကို ဤလုပ်ကြံမှုနှင့် ပတ်သက်၍ အစစ်ဆေးချင်ဆုံး ဖြစ်နေ၏

သို့သော်လည်း ခိုင်လုံသော အထောက်အထားမရှိဘဲ မည်သို့မျှ မလုပ်နိုင်ပေ။

သူသည် ကိုယ်ကိုမတ်လိုက်ပြီး ခန်းမတစ်ခုလုံးကို လေးလံသော ဖိအားများပါဝင်သည့် အကြည့်ဖြင့် ဝေ့ဝဲကြည့်လိုက်သည်။

အဝေးတစ်နေရာတွင်မူ ပိုင်ကျီဟန်က အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေ၏။

လုပ်ကြံသတ်ဖြတ်သူ ပေါ်လာသည့် အချိန်ကတည်းက

သူသည် အဖြေကို သိနှင့်ပြီးသားဖြစ်သည်။

အင်ပါယာနန်းတွင်းမိသားစု

သို့မဟုတ် အနည်းဆုံးတော့ ၎င်းတို့သည် ကြံရာပါများ ဖြစ်ကြလိမ့်မည်။

လီ (သို့မဟုတ်) ကျောက် မျိုးနွယ်စုကို သံသယဝင်ခြင်းမှာ ယုတ္တိရှိ၏

အမှန်လည်း ဖြစ်နိုင်ပေသည်။

သို့သော်လည်း လုပ်ကြံမှုဖြစ်ပွားသည့် နေရာကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

ဤနေရာမှာ အင်ပါယာနန်းတော် ဖြစ်သည်။

ဧကရာဇ်ကိုယ်တိုင် တက်ရောက်သည့် ပွဲလမ်းသဘင်လည်း ဖြစ်သည်။

အစေခံတိုင်း၊

ကချေသည်တိုင်း

တူရိယာတီးခတ်သူတိုင်းမှာ

အထပ်ထပ်အခါခါ အစစ်ဆေးခံခဲ့ရပြီးသား ဖြစ်သည်။

နာမည်ကျော် ရာဇဝတ်သားဖြစ်သည့် မဟာကောင်းကင်ဘုံတက်လှမ်းခြင်း အဆင့်ရှိ လုပ်ကြံသတ်ဖြတ်သူ တစ်ဦးက

ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်နိုင်ဖို့ဆိုသည်မှာ

မဖြစ်နိုင်ပေ

အထက်တန်းလွှာအဆင့်မှ တစ်စုံတစ်ယောက်က တံခါးဖွင့်ပေးထားခြင်း မရှိလျှင်ပေါ့။

အကယ်၍ နန်းတော်ထဲသို့ ခိုးဝင်ရန် ဤမျှလွယ်ကူနေပါက ယခင်ကတည်းက ဤကဲ့သို့သော အဖြစ်အပျက်မျိုး အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီးသား ဖြစ်လိမ့်မည်။

သို့သော် ယခုအချိန်အထိ မည်သည့်လုပ်ကြံသတ်ဖြတ်သူမျှ နန်းတော်အတွင်း ထိုးဖောက်ဝင်ရောက်ရာတွင် အောင်မြင်မှု မရရှိခဲ့ဖူးပေ။

သို့ဆိုလျှင် အဘယ်ကြောင့် ယခုမှ ဖြစ်ရသနည်း။

အဖြေမှာ ရှင်းနေပါသည်။ ၎င်းတို့က ခွင့်ပြုခဲ့သောကြောင့်ပင်။

ပိုင်ကျီဟန်၏ အကြည့်သည် ယခုအခါ လစ်လပ်နေသော နဂါးပလ္လင်ဆီသို့ ဝေ့ဝဲသွားသည်။

သူ၏ မျက်နှာပေးမှာ တည်ငြိမ်နေ၏

သို့သော် မျက်ဝန်းတို့မှာမူ အေးစက်နေ၏။

(ဒါကြောင့်ကိုး)

ဤအချက်တစ်ခုတည်းနှင့်တင် အင်ပါယာနန်းတွင်းမိသားစု၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် လုံလောက်နေပြီ ဖြစ်သည်။

ခန်းမတစ်ခုလုံးတွင် အင်ပါယာအမတ်များမှာ မျက်နှာပျက်နေကြပြီး ၎င်းတို့၏ သစ္စာရှိမှုကို အပြိုင်အဆိုင် ကျိန်ဆိုကာ ဤလုပ်ကြံမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချနေကြသည်။ ထို့ပြင် စုံစမ်းစစ်ဆေးမှုများ အပြည့်အဝ လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း အသံကျယ်ကျယ်ဖြင့် ကတိပေးနေကြ၏။

ပိုင်ကျီဟန်က ထိုစကားများကို နားထောင်နေသော်လည်း

တစ်ခုမှ မယုံကြည်ပေ။

သူတို့အားလုံး မဟုတ်သည့်တိုင် အများစုမှာ ဧကရာဇ်၏ ကြံရာပါများသာ ဖြစ်ကြလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် နောက်ကွယ်မှ တရားခံကို ဖမ်းဆီးရန်ထက် မိမိတို့ဆီသို့ မြှားဦးလှည့်လာနိုင်သည့် သက်သေအထောက်အထားများကို ဖျောက်ဖျက်ရန်သာ ပို၍ အားထုတ်ကြလိမ့်မည် မဟုတ်ပါလော

ခန်းမအတွင်းရှိ တင်းမာမှုများ မပြယ်သေးမီမှာပင် ဘေးဘက်ဝင်ပေါက်မှ ကပျာကယာ လျှောက်လာသည့် ခြေသံများ ပဲ့တင်ထပ်လာသည်။

အင်ပါယာ ဝတ်ရုံကို ဆင်မြန်းထားသည့် လူငယ်တစ်ဦးသည် တည်ငြိမ်သော မျက်နှာပေးဖြင့် လျှောက်လှမ်းလာ၏။

သူကား ပထမမင်းသား ယုကျီတီပင် ဖြစ်သည်။

သူသည် ပိုင်ကျီဟန်၏ ရှေ့ အနည်းငယ်အကွာတွင် ရပ်တန့်လိုက်ပြီး လက်အုပ်ချီကာ အလွန်အမင်း ရိုသေလေးစားဟန်ဖြင့် ဦးညွှတ်လိုက်သည်။

"သခင်လေးပိုင်..." သူ၏ အသံမှာ တည်ငြိမ်သော်လည်း လေးလံနေ၏။ "ဒီကိစ္စက အင်ပါယာနန်းတော်အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့ နန်းတွင်းမိသားစုမှာ တာဝန်ရှိပါတယ်။ ခမည်းတော်နဲ့ နန်းတွင်းကိုယ်စား ကျွန်တော်ကပဲ အနူးအညွတ် တောင်းပန်အပ်ပါတယ်"

သူ၏ ကိုယ်ဟန်အနေအထားမှာ ရိုသေမှုအပြည့်ရှိနေ၏

ပြောစကားများမှာလည်း အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသည်။

သို့သော် ပိုင်ကျီဟန်မှာမူ မည်သည့်ခံစားချက်မျှ မရှိပေ။

ဤအရာအားလုံးသည် ဟန်ပြသက်သက်သာ ဖြစ်သည်။ မိမိကိုယ်ကို အခွင့်အာဏာရှိသူအဖြစ် ပြသခြင်းသာ ဖြစ်၏။

ဧကရာဇ်မရှိခိုက်တွင် ၎င်းကိုယ်တိုင်ကသာ ဧကရာဇ်ကို ကိုယ်စားပြုသူဖြစ်ကြောင်း သတိပေးလိုက်ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ဤကဲ့သို့သော ထိပ်တန်းကျင့်ကြံသူ အင်အားစုများစွာ ရှေ့မှောက်တွင် မိမိကိုယ်ကို တာဝန်ယူမှုရှိသူတစ်ဦးအဖြစ် ပုံဖော်ချင်နေခြင်းလည်း ဖြစ်၏

ပိုင်ကျီဟန်က သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်၏

"ကျွန်တော် နားလည်ပါတယ်" ဟုသာ ပြောလိုက်သည်။

ပထမမင်းသား၏ မျက်နှာမှာ သိသိသာသာ ပေါ့ပါးသွားသော်လည်း ပိုင်ကျီဟန်၏ စကားက မဆုံးသေးပေ။"ဧကရာဇ်မင်းမြတ်ထံကို သတင်းစကားတစ်ခု ပါးပေးပါဦး"မင်းသားသည် ကိုယ်ကို ပြန်မတ်လိုက်ပြီး အလေးအနက် နားစွင့်လိုက်သည်။

"ဒါက ဧက္ကရာဇ် ရွေးချယ်လိုက်တဲ့ လမ်းစဉ်ပဲပေါ့... ဒီလက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါ”

ယခင်က ဧကရာဇ်သည် ပိုင်မျိုးနွယ်စုနှင့် မဟာမိတ်ဖွဲ့ရန်

သို့မဟုတ် အခြားသူများနှင့် ပူးပေါင်းကာ ပိုင်မျိုးနွယ်စုကို နှိပ်ကွပ်ရန် ဝေခွဲမရ ဖြစ်နေခဲ့သည်ကို ပိုင်ကျီဟန် သိရှိပြီးသားဖြစ်သည်။

ယခုမူ ဧကရာဇ်သည် နောက်ဆုံးလမ်းကိုသာ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ထင်ရှားသွားလေပြီ။

ပထမမင်းသား၏ သူငယ်အိမ်မှာ သိသိသာသာ ကျုံ့သွားသည်။

မင်းသားသည် စကားပြန်ရန် စဉ်းစားနေစဉ်မှာပင် ပိုင်ကျီဟန်က ကျောခိုင်းထွက်ခွာသွားပြီ ဖြစ်သည်။

သူ၏အမြင်တွင်မူ... ဤကိစ္စမှာ ပြီးပြတ်သွားလေပြီ။

ရှီယုကတော့ ပရမ်းပတာ ဖြစ်နေသည့် အခြေအနေများကြားတွင် တည်ငြိမ်စွာဖြင့် လက်ကလေးနှစ်ဖက်ကို ယှက်ကာ ခပ်

လှမ်းလှမ်းတွင် ရပ်နေဆဲဖြစ်သည်။

ခန်းမအတွင်းရှိ အခြားသူများနှင့်မတူဘဲ သူမထံတွင် မည်သည့် စိုးရိမ်တုန်လှုပ်မှု၊ တင်းမာမှု သို့မဟုတ် မိမိကိုယ်ကိုယ် ခုခံကာကွယ်ရန် ကြိုးပမ်းမှုမျိုးမျှ မတွေ့ရပေ။

ပိုင်ကျီဟန်က သူမကို ခဏမျှ စိုက်ကြည့်လိုက်၏

"မင်း ငါ့ကို စကားပြောချင်နေတာ မလား" ဟု မေးလိုက်သည်။

သူ၏အသံသည် အေးဆေးတည်ငြိမ်ပြီး သာမန်ကာလျှံကာ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ၏စကားလုံးများ နောက်ကွယ်တွင်မူ ခိုင်မာသော ယုံကြည်ချက်တစ်ခု ပါဝင်နေသည်။

သူမသည် သူ၏အသက်ကို ရန်ရှာလိုဟန်မတူသော်လည်း ဤမျှ အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးက သူ့ထံ ချဉ်းကပ်လာခြင်းမှာ အကြောင်းရင်းတစ်ခုခု ရှိရမည် မဟုတ်ပါလော

ရှီယုသည် သူ၏အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်သည်။

သူမက ခေါင်းတစ်ချက် ငြိမ့်ပြကာ

"ဟုတ်ကဲ့” တိုတိုတုတ်တုတ်ပင် ဖြေကြားလိုက်၏။

ပိုင်ကျီဟန်က အရာအားလုံးကို ကြိုသိနေသည့်အလား အပြုံးဖျော့ဖျော့တစ်ခုကို ဖော်ပြလိုက်၏

"ဒါဆိုရင် ငါနဲ့အတူ လိုက်ခဲ့ပါ။ ပိုင်မျိုးနွယ်စုရဲ့ စံအိမ်တော်ကျမှပဲ စကားပြောကြတာပေါ့"

သူသည် ကိုယ်ကို အနည်းငယ်လှည့်ကာ ရှေ့သို့ လျှောက်လှမ်းရန် အမူအရာပြလိုက်သည်။

သူ၏ အကြည့်တို့က ခန်းမတစ်ခုလုံးရှိ အမတ်များ၊ အကြီးအကဲများ၊ ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည့် မရေမတွက်နိုင်သော မျက်ဝန်းများပေါ်သို့ ဝေ့ဝဲသွားပြီးနောက်

"ဒီစားသောက်ပွဲကို ကျွန်တော် သဘောကျပါတယ်" ပိုင်ကျီဟန်က တည်ငြိမ်စွာ ဆိုသည်။

"ဒါပေမဲ့ အချိန်တန်ပြီထင်တယ်..."

သူက မသိမသာ ပြုံးလိုက်၏

"ကျွန်တော်ကို သွားခွင့်ပြုပါဦး"

မည်သူမျှ စကားမဆိုနိုင်ကြပေ။

မည်သူမျှလည်း ကန့်ကွက်ရဲခြင်း မရှိကြပေ။

ဘယ်သူက ကန့်ကွက်ရဲပါ့မည်နည်း

အင်ပါယာ နန်းတွင်းစားသောက်ပွဲကြီး၏ အလယ်၌ လုပ်ကြံမှုတစ်ခု ဖြစ်ပွါးခဲ့ချေပြီ။

မဟာကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိ လုပ်ကြံ သတ်ဖြတ်သူတစ်ဦးက အောင်မြင်လုနီးပါးအထိ ဖြစ်ခဲ့သည် မဟုတ်ပါလော

အကယ်၍ ပိုင်ကျီဟန်သာ ဆက်နေဖို့ ရွေးချယ်ခဲ့မည်ဆိုလျှင်

၎င်းသည် မိုက်မဲရာ ရောက်မည်သာ

မည်သို့ပင်ဖြစ်စေ အင်ပါယာ၏ ကာကွယ်ရေးစနစ်သည် ယုံကြည်လို့ မရတော့ကြောင်းသက်သေပြပြီးသား ဖြစ်သွားချေပြီ

ထိုစကားကို ပြောပြီးနောက် ပိုင်ကျီဟန်သည် လူအားလုံး၏ အကြည့်အောက်မှာပင် စောင့်မနေတော့ဘဲ ထွက်ခွာသွားတော့သည်။

မထွက်ခွာမီ သူသည် ထိုရမ်းပတာ အခြေအနေများကြားမှ သီးသန့်ခွဲထွက်နေသည့် လီနှင့် ကျောက် မျိုးနွယ်စုများကို တစ်ချက်ကြည့်လိုက်၏။

၎င်းတို့မှာ လုပ်ကြံမှုအပေါ် ဘာမျှမဖြစ်သလို နေနေကြသည် သို့မဟုတ် ဘာမှမသိသလို ဟန်ဆောင်နေကြခြင်း ဖြစ်သည်။

(ကောင်းပြီလေ... မကြာခင် ငါသိရမှာပေါ့)

ပိုင်မျိုးနွယ်စုမှ အကြီးအကဲများနှင့်မဟာ အကြီးအကဲများကလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။ ၎င်းတို့၏ စွမ်းအင် များသည် ထိန်းချုပ်ထားသော်လည်း ထက်မြက်လှပြီး ပိုင်ကျီဟန်၏ ပတ်ပတ်လည်တွင် အစွမ်းထက်သည့် ကာကွယ်ရေးအခင်းအကျင်းတစ်ခုကို တည်ဆောက်ထားကြသည်။

ချူကျီယန်သည်လည်း သူ၏ဘေးမှ အနီးကပ်လိုက်ပါလာပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အမြဲမပြတ် အကဲခတ်နေ၏။

ပိုင်မျိုးနွယ်စု ထွက်ခွာသွားပြီးနောက်တွင်မူ စားသောက်ပွဲခန်းမကြီးအတွင်း၌ မသက်မသာဖြစ်ဖွယ် တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ခဏမျှ မည်သူမျှ မလှုပ်ရှားရဲကြပေ။

ထို့နောက်တွင်တော့

"အဟမ်း၊ အင်း... အခုမှ သတိရတယ်၊ ငါ့ဂိုဏ်းမှာ အရေးပေါ်ဖြေရှင်းရမယ့် ကိစ္စတစ်ခု ရှိနေတာပဲ။ ငါလည်း အခုပဲ ပြန်မှဖြစ်မယ်"

"ဟုတ်တယ်၊ ငါ့တပည့်ကလည်း အခု ကျင့်စဉ်အဆင့် တက်လှမ်းနေတဲ့ အချိန်ဆိုတော့ တစ်ခုခု မှားယွင်းသွားရင် အန္တရာယ်ရှိတယ်။ ငါလည်း ချက်ချင်း ပြန်ရမှာပဲ"

ဆင်ခြေအမျိုးမျိုးမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့သည်။

ယခင်က ယဉ်ကျေးပျူငှာသော ရယ်မောသံများနှင့် ပြိုင်ဆိုင်မှုများဖြင့် ပြည့်နှက်နေသည့် ခန်းမကြီးထဲတွင် ယခုမူ ကပျာကယာ နှုတ်ဆက်သံများနှင့် ရိုးသားမှုမရှိသည့် ဦးညွှတ်သံများသာ ပဲ့တင်ထပ်နေတော့သည်။

မည်သူမျှ လူအများ မဟုတ်ကြပေ။

အင်ပါယာနန်းတော်အတွင်း၌ လုပ်ကြံမှုတစ်ခု ဖြစ်ပွါးခဲ့ခြင်းသည် အချက်တစ်ချက်ကိုပဲ ညွှန်ပြနေ၏

ကောင်းကင်အင်ပါယာ၏ ရေပြင်သည် အကြီးအကျယ် လှိုင်းထန်စပြုနေပြီဆိုတာပင်

ထို့အပြင် တခြားသော လုပ်ကြံသတ်ဖြတ်သူများ ပုန်းအောင်းပြီး သူတို့အား ပစ်မှတ်ထား​နေလောက်မလား မည်သူမှ မသိနိုင်ပေ။

သူတို့အနေဖြင့်အသက်ဘေးကို စွန့်စားဖို့ မလိုပေ

ထို့ပြင် ပိုင်မျိုးနွယ်စု ထွက်သွားပြီဖြစ်၍ အများစုမှာ ဆက်နေရန် အကြောင်းရင်း မရှိတော့ပေ။ မျိုးနွယ်စု အများစုသည် ပိုင်မျိုးနွယ်စုနှင့် ရင်းနှီးမှုရရန်သာ လာရောက်ကြခြင်း ဖြစ်သည်။

ပိုင်မျိုးနွယ်စု၏ မဟာမိတ်များ အားလုံးကပါ ထွက်သွားကြသည့်အတွက် ၎င်းတို့မှာလည်း ကျန်ရစ်နေသူများဘက်ကဟု အထင်မခံလိုကြတော့ပေ။

မည်သို့ပင်ဖြစ်စေ ပိုင်မျိုးနွယ်စု ထွက်သွားပြီးနောက်မှာတော့ လီ-ကျောက် မျိုးနွယ်စုနှင့် အင်ပါယာနန်းတွင်း မိသားစု၊ ပြီးတော့ သူတို့

မဟာမိတ်တွေသာ ကျန်ရစ်ခဲ့တော့သည်။

All Chapters