အဆင့် (၈) ဆေးလုံး
Vol. 30 Ch. 444
ပိုင်မျိုးနွယ်စု၏ အိမ်တော်ဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
အကြီးအကဲများသည် အစီအစဉ်တကျ လူစုခွဲသွားကြပြီး အချို့က ခုခံရေးအခင်းအကျင်းများကို အားဖြည့်ရန် ပြင်ဆင်ကြသလို အချို့ကမူ ကျောက်စိမ်းပြားများမှတစ်ဆင့်
တိတ်တဆိတ် သတင်းပို့နေကြသည်။
ပိုင်ကျီဟန်ကို လုပ်ကြံရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် သူတို့အနေဖြင့် ယခုကဲ့သို့ နိုးနိုးကြားကြား ရှိနေခြင်းမှာ သဘာဝပင်။
ပိုင်ကျီဟန်သည် ရှီယုကို သီးသန့်စကားပြောဆိုနိုင်မည့် နေရာတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
ရှီယုသည်လည်း မဆိုင်းမတွပင် နောက်မှ လိုက်ပါလာ၏။
သူမသည် ခမ်းနားထည်ဝါလှသော ပိုင်မျိုးနွယ်စု အိမ်တော်၏ အသွင်အပြင်ကို မြင်တွေ့ရသော်လည်း အံ့ဩတုန်လှုပ်ဟန် မပြဘဲ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုအရာများအပေါ် အထင်သေးနေသည့်ပုံစံ ပေါက်နေသည်။
ပိုင်ကျီဟန်သည် သူမကို အိမ်တော်၏ အတွင်းပိုင်းအကျဆုံးရှိ တိတ်ဆိတ်သော ဝင်းတစ်ခုအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုဝင်း၏ အလယ်ဗဟိုတွင် ရိုးရှင်းသော်လည်း ကျော့ရှင်းသော နားနေဆောင်လေးတစ်ခု ရှိနေ၏။
ခေတ္တအကြာတွင် အစေခံများ တိတ်တဆိတ် ရောက်ရှိလာပြီး မွှေးကြိုင်လှသော ဝိညာဉ်လက်ဖက်ရည်များကို ချပေးခဲ့ကြသည်။
သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။
အချိန်အနည်းငယ်အထိ
မည်သူမျှ စကားမစကြသေးပေ။
ကြွေခွက်များထဲမှ အငွေ့များသည် အေးအေးလူလူ ပျံ့လွင့်နေပြီး အဝေးမှ ညပိုးကောင်လေးများ၏ အော်သံသဲ့သဲ့ကိုသာ ကြားနေရသည်။
ရှီယုသည် သူမ၏လက်ဖက်ရည်ခွက်ကို တစ်ငုံသောက် လိုက်ပြီးနောက် စနစ်တကျ ပြန်ချထားလိုက်သည်။
ထိုအခါမှသာ ပိုင်ကျီဟန်က တည်ငြိမ်စွာ စကားစပြောလာ၏။
"ကဲ..." သူက သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။ "မင်းက ဘယ်သူလဲ?"
ရှီယုသည် အကြည့်မလွှဲဘဲ ပြန်ကြည့်သည်။
သူမ၏ မျက်လုံးများက သူ့ကို တစ်စုံတစ်ရာအတွက် အကဲဖြတ်နေသကဲ့သို့ စူးစမ်းဝေဖန်နေ၏။
"ကျွန်မကို ရှီယုလို့ ခေါ်နိုင်တယ်" သူမက နောက်ဆုံးတွင် ပြောလိုက်သည်။ "ဒီနာမည်က အစစ်အမှန်ပါပဲ။"
ပိုင်ကျီဟန်သည် ထိုနာမည်ဖြင့် ကျော်ကြားသူတစ်ဦးဦး ရှိ၊ မရှိ ပြန်စဉ်းစားကြည့်သော်လည်း မမှတ်မိပေ။ သူ၏ သတင်းအချက်အလက်များကို ပြန်လည် မွမ်းမံရန် လိုအပ်နေပြီဟု တွေးလိုက်မိသည်။
"ပြီးတော့ မင်းရဲ့ ရည်ရွယ်ချက်ကကော?"
ပိုင်ကျီဟန်က တည်ငြိမ်စွာပင် ထပ်မေးလိုက်သည်။
သို့သော် ရှီယုက ချက်ချင်း အဖြေမပေးပေ။
ယင်းအစား သူမ၏ အကြည့်များက ပိုမိုစူးရှလာသည်။
၎င်းမှာ သာမန်စူးစမ်းခြင်းမျိုး မဟုတ်ဘဲ သူ၏ အရေပြား၊ အရိုးနှင့် ဝိညာဉ်ကိုပါ ထိုးဖောက်မြင်နိုင်ရန် ကြိုးစားနေသည့်အလား စူးစမ်းနေခြင်း ဖြစ်သည်။
"အဲဒါကို မပြောခင်” သူမက အေးစက်စွာ ပြောလိုက်သည်။ "အရင်ဆုံး ကျွန်မ မေးတာကို ဖြေပေးပါ။"
ပိုင်ကျီဟန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။
"ရှင်က တကယ်ပဲ အစွမ်းတွေ ဆုံးရှုံးသွားတဲ့ လူဖျင်းတစ်ယောက် ဖြစ်သွားပြီလား?"
ရှီယုက ထိုမေးခွန်းသည် သူမအတွက် အလွန်အရေးကြီးသည့်အလား မေးလိုက်သည်။
ပိုင်ကျီဟန်က ရယ်မောလိုက်၏။
သူသည် လက်ဖက်ရည်ခွက်ကို မကာ အေးအေးလူလူ တစ်ငုံသောက်ပြီးနောက် ပြန်ချလိုက်သည်။
"မင်းဘာသာ မင်းပဲ အကဲဖြတ်ကြည့်လေ" ဟု သူက ပြန်ဖြေသည်။
ရှီယု၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ပိုင်ကျီဟန်က ဆက်ပြောသည်။
"ငါက ဟုတ်တယ်လို့ ပြောရင်ဖြစ်ဖြစ်၊ မဟုတ်ဘူးလို့ ပြောရင်ဖြစ်ဖြစ်... မင်းက တကယ်ကော ယုံမှာမလို့လား?"
ရှီယုသည် ငြင်းဆိုခြင်း မပြုခဲ့ပေ။
သူမ ယုံမည်မဟုတ်သည်မှာ အမှန်ပင်။
သူ့ကဲ့သို့သော လူမျိုးပြောသည့် စကားသည် အဓိပ္ပာယ်မရှိနိုင်ကြောင်း သူမ သိထားသည်။
သူမသည် ကိုယ်ကို အနည်းငယ် နောက်သို့ မှီလိုက်ပြီး လက်ချောင်းများဖြင့် စားပွဲကို အသာအယာ ခေါက်နေလိုက်သည်။
"ကျွန်မ မြင်ရသလောက်တော့..." ရှီယုက နှေးကွေးစွာ ပြောလိုက်သည်။ "ရှင့်ရဲ့ ဝိညာဉ်သွေးကြောတွေက တကယ်ပဲ ကြေမွနေပြီ။ အဲဒါကတော့ မှားစရာ မရှိဘူး။"
သူမ၏ အကြည့်သည် သူ၏ စွမ်းအင်စုရပ်ဆီသို့ ခေတ္တ ရောက်သွားသည်။
ပိုင်ကျီဟန်ကမူ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲသာ
"ဒါပေမဲ့..." သူမက သူ၏ မျက်လုံးများကို စိုက်ကြည့်ရင်း ဆက်ပြောသည်။ "ရှင့်ရဲ့ အမူအရာက အဲဒါနဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတယ်။"
သူမသည် သူ့ကို ပွင့်ပွင့်လင်းလင်းပင် လေ့လာနေတော့သည်။
သူ၏ တည်ငြိမ်လှသော ကိုယ်နေဟန်ထား။
ဖုံးကွယ်ထားခြင်း မရှိသော မထီမဲ့မြင် ပြုလိုသည့် အငွေ့အသက်အချို့။
ပြီးတော့ စိတ်ပျက်အားလျော့မှု အလျဉ်းမရှိခြင်း။
"ပါရမီရှင်တွေ ပျက်စီးသွားတာကို ကျွန်မ အများကြီး မြင်ဖူးပါတယ်" ရှီယုက အေးစက်စွာ ပြောလိုက်သည်။ "တချို့ကတော့ ဂုဏ်သိက္ခာရော၊ ယုံကြည်ချက်ပါ အရာအားလုံး ဆုံးရှုံးသွားပြီး လူပဲ ကျန်တော့တဲ့အထိ ဖြစ်သွားကြတယ်။"
"တချို့ကျတော့လည်း ကိုယ့်ကိုယ်ကိုယ် မုန်းတီးနာကျည်းပြီး သိမ်ငယ်စိတ်တွေနဲ့ နစ်မွန်းနေတတ်ကြတာပေါ့။"
"ကျန်တဲ့လူတွေကျတော့ လက်ရှိအခြေအနေကို လက်မခံနိုင်ကြဘူး။ သူတို့က အရင်ကလို တန်ခိုးရှင်ကြီး ဖြစ်နေတုန်းပဲဆိုတဲ့ စိတ်ကူးယဉ်မှုတွေထဲမှာပဲ နစ်မွန်းနေတတ်ကြတယ်လေ။"
သူမသည် လက်ကို အသာချလိုက်ရင်း
"ဒါပေမဲ့ ရှင်ကတော့ အဲဒီလူတွေထဲက တစ်ယောက်မှ မဟုတ်ဘူး”
ပိုင်ကျီဟန်သည် သူမ ကြားဖူးသည့်အတိုင်းပင် မာနကြီးလှသည်။
အရာအားလုံးသည် သူမျှော်လင့်ထားသည့်
အတိုင်း ဖြစ်ပျက်နေသကဲ့သို့ပင်။
လုပ်ကြံခံရလုနီးပါး ဖြစ်ခဲ့သည့်တိုင် သူ၏ အမူအရာမှာ တုန်လှုပ်ခြောက်ခြားခြင်း အလျဉ်းမရှိပေ။
ထို့အပြင် သူသည် ယခင်က ပိုင်ကျီဟန်အဖြစ် ရှိနေသေးသည်ဟု ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေခြင်းမျိုးလည်း မဟုတ်ပေ။
သူသည် အစွမ်းကုန်သွားသော လူဖျင်းတစ်ယောက် ဖြစ်သွားပြီဆိုသည်ကို အပြင်ပန်းအားဖြင့် လက်ခံထားပုံရသည်။
ကြမ်းတမ်းလှသော လက်တွေ့ဘဝကို လက်မခံနိုင်ဘဲ ငြင်းဆန်နေတတ်သည့် အခြားလူများနှင့် သူက မတူပေ။
သို့သော်လည်း တောင်ထိပ်ဖျားမှ ပြုတ်ကျသွားသော မည်သည့် ပါရမီရှင်မှ ယခုကဲ့သို့ မာနထောင်လွှားနေနိုင်ခြင်း မရှိပေ။
ပိုင်ကျီဟန်က ခပ်ဖွဖွ ပြုံးလိုက်၏
"ပြီးတော့ကော?"
ရှီယုက သက်ပြင်းတစ်ချက် ချလိုက်သည်။
သူမပင်လျှင် အဆုံးထိ ထိုးဖောက်မမြင်နိုင်သော ပိုင်ကျီဟန်သည် မည်သို့သော လူစားမျိုးလဲဆိုသည်ကို သူမ မသိတော့ပေ။
သူမသည် ပိုင်ကျီဟန်၏ ဖြစ်တည်မှုအစစ်အမှန်ကို နားလည်ရန် ကြိုးစားခြင်းအား လက်လျှော့လိုက်သည့်ပုံစံဖြင့် ပြောလိုက်
သည်။
"ထားပါတော့လေ... ရှင်ကတော့ တကယ်ပဲ အစွမ်းကုန်သွားတဲ့ လူဖျင်းတစ်ယောက် ဖြစ်နေတာတော့ အမှန်ပဲ။"
ပိုင်ကျီဟန်က နားထောင်နေသော်လည်း သူ၏ အခြေအနေနှင့် သူမ၏ ရည်ရွယ်ချက်မှာ မည်သို့ ဆက်စပ်နေသည်ကို နားမလည်သေးပေ။
"ကျွန်မက ကျွန်မတို့ သူတော်စင်မိန်းကလေး ပေးအပ်တဲ့ တာဝန်တစ်ခုကြောင့် ရောက်လာတာပါ" ရှီယုက ဆိုသည်။
(သူတော်စင်မိန်းကလေး?)
ပိုင်ကျီဟန်သည် ထိုစကားလုံးကို အသေအချာ စဉ်းစားနေမိသည်။
ကောင်းကင်အင်ပါယာထဲတွင် ထိုကဲ့သို့သော ဘွဲ့ထူးများ မရှိခြင်းကြောင့် မဟုတ်ပေ။
မြင့်မြတ်သော ဂိုဏ်းအတော်များများတွင် သူတို့၏ ဆက်ခံသူများကို သူတော်စင် သို့မဟုတ် သူတော်စင်မိန်းကလေးဟု ခေါ်ဝေါ်လေ့ရှိကြသည်။
မိစ္ဆာကျင့်ကြံသူများတွင်ပင် ၎င်းတို့၏ ကိုယ်ပိုင် သူတော်စင်များ ရှိတတ်ကြပြီး နောင်တွင် ဂိုဏ်းချုပ်များ သို့မဟုတ် မိစ္ဆာလောက၏ ခေါင်းဆောင်များ ဖြစ်လာကြသည် မဟုတ်ပါလော
သို့သော် မျိုးဆက်သစ်လူငယ်ဖြစ်သော သူတော်စင်တစ်ဦးသည် ရှီယုကဲ့သို့ အစွမ်းထက်သော ကျင့်ကြံသူကို အမိန့်ပေးနိုင်သည်ဆိုခြင်းမှာ သူမ၏ နောက်ခံအဖွဲ့အစည်းသည် ခန့်မှန်းရခက်လောက်အောင် အင်အားကြီးမားလှသည်ကို ပြသနေခြင်းပင်။
ရှီယု၏ လက်အင်္ကျီစက လှုပ်ရှားသွား၏
ကျောက်စိမ်းပုလင်းလေးတစ်လုံးသည် သူမ၏ လက်ဖဝါးပေါ်တွင် ပေါ်လာကာ ကျောက်စားပွဲပေါ်သို့ အသာအယာ ချလိုက်သည်။
ပိုင်ကျီဟန်၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။
ရှီယုသည် ပုလင်းလေးကို ရှေ့သို့ အသာတွန်းပေးလိုက်၏
"ဒါက လက်ဆောင်ပါ"သူမက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
ပိုင်ကျီဟန်က ချက်ချင်း လှမ်းမယူသေးပေ။
ကျောက်စိမ်းပုလင်းလေးကို အကဲဖြတ်ကြည့်နေသည်။
ပုလင်းလေးမှာ ကြည်လင်နေပြီး မျက်စိဖြင့် ကြည့်ရုံနှင့် နွေးထွေးမှုကို ခံစားရကာ ပုလင်း၏ မျက်နှာပြင်အောက်တွင် ရွှေရောင် စာတန်းလေးများက သွေးကြောများသဖွယ် စီးဆင်းနေသည်။
ပုလင်းကို မဖွင့်ရသေးသော်လည်း သူ သိလိုက်ပြီ။
"ဒါက..." ပိုင်ကျီဟန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"အဆင့် (၈) ဆေးလုံးပါ" ရှီယုက သာမန်ကာလျှံကာကိစ္စတစ်ခုကဲ့သို့ ပြောလိုက်သည်။
"ကောင်းကင်ပြန်လည်ရှင်သန်ခြင်း နှလုံးသားဆေးလုံးလို့ ခေါ်တယ်။"
ပိုင်ကျီဟန်၏ သူငယ်အိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
အဆင့် (၆) မဟုတ်သလို...
ဒဏ္ဍာရီလာ အဆင့် (၇) တောင် မဟုတ်ဘဲ
အဆင့် (၈) ဖြစ်နေသည်။
အဆင့် (၈) ဆေးလုံးဆိုသည်မှာ ဒဏ္ဍာရီထဲတွင်သာ ရှိသော အရာဖြစ်သည်။
ကောင်းကင်အင်ပါယာထဲတွင် အဆင့် (၇) ဆေးလုံးဆိုလျှင်ပင် ဂိုဏ်းကြီးများနှင့် ထိပ်တန်းမျိုးနွယ်စုများကို တုန်လှုပ်စေနိုင်
သည့် ရတနာဖြစ်သည်။
အဆင့် (၈) ဆေးလုံး
၎င်းကို ဖော်စပ်နိုင်သည့် ဆေးဆရာဆိုသည်မှာလည်း မရှိသလောက်ပင်။
ထိုဆေးအတွက် လိုအပ်သော ပါဝင်ပစ္စည်းများမှာလည်း အလွန်ရှားပါးလှသဖြင့် ရရှိနိုင်ရန် မဖြစ်နိုင်သလောက်ပင်။
ဤအင်ပါယာအတွင်းတွင် ထိုဆေးမျိုး မရှိနိုင်ပေ။
သေချာသည်မှာ ရှီယုသည် အင်ပါယာပြင်ပရှိ အင်အားစုတစ်ခုမှ လာခြင်းပင် ဖြစ်ရမည်။
လောကအတွေ့အကြုံ များလှသော ပိုင်ကျီဟန်ပင်လျှင် အမှန်တကယ် အံ့ဩသွားရသည်။
(ဒီလိုအရာမျိုးကို လက်ဆောင်အဖြစ် အလွယ်တကူ ပေးနိုင်တယ်ဆိုတော့)
သူ၏ အကြည့်က ရှီယုဆီသို့ ရောက်သွားသည်။
(မင်းရဲ့ နောက်ကွယ်က အင်အားစုကို ငါ အထင်သေးခဲ့မိပုံပဲ။)
"ဒီဆေးလုံးက ပြန်လည်ကုသပေးနိုင်တဲ့ အစွမ်းသတ္တိတွေ အများကြီးရှိတယ်" သူမက ဆက်ပြောသည်။ "၁၀၀ ရာခိုင်နှုန်းတော့ အာမမခံနိုင်ပေမဲ့ ရှင့်ရဲ့ ဝိညာဉ်သွေးကြောတွေကို ပြန်ကုသပေးနိုင်မယ့် အခွင့်အရေးတော့ ရှိပါတယ်။"
ပိုင်ကျီဟန်က ဆေးပုလင်းကို လှမ်းယူလိုက်သည်။
သူ၏ စနစ်မှတစ်ဆင့် မည်သည့်ဆေးလုံးမဆို ရနိုင်သော်လည်း ဤဆေးလုံးသည် သူ့အတွက် စနစ်အမှတ်များကို သက်သာစေမည် မဟုတ်ပါလော။
"မင်းရဲ့ စေတနာကို ငါနားလည်ပါပြီ" ပိုင်ကျီဟန်က ဆိုသည်။ "ဒါပေမဲ့ ဒါက ငါ့ကို ပိုပြီး သိချင်စိတ် ဖြစ်စေတယ်။
သူက တည့်တည့်ကြည့်ကာမေးလိုက်၏
“ အဲဒီ သူတော်စင်က ဘယ်သူလဲ?"
ရှီယုက ခေါင်းယမ်းလိုက်၏
"ဒါကို သိဖို့ ရှင့်မှာ အခွင့်အာဏာ မရှိသေးဘူး"
ချက်ချင်း ပြန်ဖြေသည်။
ပိုင်ကျီဟန်က စိတ်မဆိုးပေ။
သူ မျှော်လင့်ထားပြီးသား ဖြစ်သည်။
"ငါ သူမကို သိလား?"
သူက ထပ်မေးသည်။
ရှီယုသည် ခေတ္တမျှ တွေဝေသွားပြီးမှ ရိုးသားစွာ ပြန်ဖြေသည်
"ကျွန်မလည်း မသိဘူး။"
သူမ ပြောသည်မှာ အမှန်လား၊ အလိမ်အညာလားဆိုသည်ကို ပိုင်ကျီဟန် မပြောနိုင်ပေ။
သူသည် သူမကို ခေတ္တမျှ စိုက်ကြည့်ပြီးနောက် နောက်သို့ အသာမှီလိုက်၏
"အော်...အင်းပါ”
ရှီယုထံမှ နောက်ထပ် သတင်းအချက်အလက် ရနိုင်တော့မည် မဟုတ်ကြောင်း သူ သိလိုက်သည်။
သူမသည် သူတော်စင် မည်သူဖြစ်ကြောင်း မပြောပြသည့်အတွက် သူမ၏ နောက်ကွယ်မှ ဂိုဏ်း သို့မဟုတ် မျိုးနွယ်စုကိုလည်း ပြောပြလိမ့်မည် မဟုတ်ပေ။
ရှီယုက ထရပ်လိုက်သည်။
သူမ၏ လှုပ်ရှားမှုများက သပ်ရပ်ပြတ်သားလှသည်။
"ကျွန်မရဲ့ တာဝန်က ပြီးဆုံးသွားပြီ" သူမက တည်ငြိမ်စွာ ပြောသည်။ "ဒီမှာ ဆက်နေဖို့ အကြောင်းမရှိတော့ဘူး။"
ပိုင်ကျီဟန်ကလည်း သူမကို မတားဆီးပေ။
အနည်းဆုံးတော့ သူမသည် သူ့ကို လုပ်ကြံမှုမှ ကယ်တင်ပေးခဲ့ပြီး အဆင့် (၈) ဆေးလုံးကို မဆိုင်းမတွ ပေးအပ်ခဲ့သဖြင့် ရန်သူမဟုတ်
သည်မှာ သေချာသည်။
အနည်းဆုံးတော့ ယခုလောလောဆယ်တွင်ပေါ့။
ပြီးတော့ သူမ၏ သူတော်စင်သည် သူ့အပေါ် စိတ်ဝင်တစား ရှိနေခြင်းမှာလည်း ဆိုးလှသည်တော့ မဟုတ်ပေ။
သူမသည် နားနေဆောင်လေးထဲမှ ထွက်ခွာရန် လှည့်လိုက်သည်။
အပြင်သို့ မထွက်မီ
သူမ ရုတ်တရက် ရပ်တန့်လိုက်၏
ပိုင်ကျီဟန်ကို နောက်တစ်ကြိမ် လှည့်ကြည့်သည်။
ယခုတစ်ကြိမ်တွင်မူ စူးစမ်းစိတ်
သိချင်စိတ်များ မဟုတ်ပေ။
သတိပေးသည့် အကြည့်မျိုးသာ ဖြစ်သည်။
"ပိုင်ကျီဟန်" သူမက အေးစက်စွာ ပြောလိုက်သည်။ "ကျွန်မတို့ သူတော်စင်မနဲ့ နီးစပ်အောင် မကြိုးစားပါနဲ့။"
ထိုစကားလုံးများက ရုတ်တရက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။
ပိုင်ကျီဟန်၏ မျက်ခုံးများ တွန့်ချိုးသွား၏။
ဘာလဲ?
သူ့မျက်နှာပေါ်တွင် အမှန်တကယ်ပင် ဝေခွဲမရသည့် အမူအရာ ပေါ်လာသည်။
(နီးစပ်အောင်? ငါက သူမ ဘယ်သူလဲဆိုတာတောင် မသိတာလေ။)
သူ့တွင် ထင်မြင်ချက်အချို့ ရှိသော်လည်း မသေချာသည့်အတွက် မသိသည်နှင့် အတူတူပင်။
သူက သက်ပြင်းတစ်ချက်ချရင်း သူမကို စိုက်ကြည့်လိုက်သည်။
"မင်းတို့ သူတော်စင်မက ဘယ်သူလဲဆိုတာတောင် ငါမသိဘူးလေ" ပိုင်ကျီဟန်က ပြောလိုက်သည်။ "ငါ တစ်ခါမှ မတွေ့ဖူးတဲ့လူကို ဘယ်လိုလုပ်ပြီး ရှောင်ရမှာလဲ?"
ရှီယုက တစ်ကိုယ်လုံး ပြန်လှည့်မလာဘဲ
"အချိန်တန်ရင် ရှင် သိလာလိမ့်မယ်" ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။
သူမ၏ မျက်လုံးများက ပို၍ မာကျောလာ၏ "အဲဒီအချိန်ရောက်ရင် ရှင့်ဘက်ကနေ အကွာအဝေးတစ်ခုမှာပဲ နေလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်"သူမက ထပ်လောင်း ပြောလိုက်သည်။
ပိုင်ကျီဟန်သည် သူမ၏ ကျောပြင်ကို စိုက်ကြည့်နေမိသည်။
ထိုသတိပေးချက်မှာ အဓိပ္ပာယ်မရှိပေ
သို့သော်လည်း အလကားပြောနေသည့် စကားမျိုးတော့ မဟုတ်ပေ။
သူ တစ်စုံတစ်ရာ မပြောနိုင်မီမှာပင်
ဂျိမ်း
ဟင်းလင်းပြင်တစ်ခုလုံး အက်ကွဲသွားသည်။
ရှီယု၏ ရှေ့တည့်တည့်တွင် လေထုသည် ဖန်ကွဲစများကဲ့သို့ ကွဲအက်သွားပြီး မှောင်မိုက်ကာ လိမ်ရှုနေသော ဟင်းလင်းပြင် အက်ကြောင်း တစ်ခု ပေါ်လာသည်။
ဟင်းလင်းပြင် အက်ကြောင်း
ပိုင်မျိုးနွယ်စု အိမ်တော်ကို အဆင့်ဆင့်သော အစီအရင်များဖြင့် ကာကွယ်ထားပြီး ထိုအစီအရင်များသည် အင်မော်တယ်
အဆင့်ကျင့်ကြံသူများ၏ ဟင်းလင်းပြင် ကူးသန်းမှုနှင့် အက်ကြောင်းဖန်တီးမှုများကိုပင် နှိမ်နင်းနိုင်စွမ်းရှိသည်။
ဤနေရာတွင် အက်ကြောင်းတစ်ခုကို အတင်းအဓမ္မ ဖွင့်လှစ်နိုင်သည်ဆိုခြင်းမှာ
(မြေကမ္ဘာအင်မော်တယ်အဆင့်? ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့ အဆင့်လား)
ရှီယုသည် မဆိုင်းမတွပင် ရှေ့သို့ တိုးဝင်လိုက်၏
သူမ၏ ကိုယ်ထည်သည် အက်ကြောင်းအတွင်းသို့ ပျောက်ကွယ်သွားသည်။
ဂျိမ်း
ဟင်းလင်းပြင် အက်ကြောင်းသည် ချက်ချင်း ပြန်ပိတ်သွားပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဝင်းအတွင်းသို့ တိတ်ဆိတ်မှုများ ပြန်လည် ရောက်ရှိလာသည်။
ဝိညာဉ်လက်ဖက်ရည်၏ သင်းပျံ့သော ရနံ့လေးသာ ကျန်ရစ်တော့၏။
ပိုင်ကျီဟန်သည် သူမ ပျောက်ကွယ်သွားသော နေရာကို စိုက်ကြည့်ရင်း ထိုင်မြဲအတိုင်း ထိုင်နေသည်။
"...စိတ်ဝင်စားဖို့ကောင်းသားပဲ" သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
အင်အားကြီး နောက်ခံရှိသော သူတော်စင်မ တစ်ဦး။
ရွှေအမြုတေ အင်မော်တယ် အဆင့်ရှိသော မမျှော်လင့်ထားသည့် ကောင်းကင်ဘုံရွေးချယ်ခံ ပါရမီရှင်တစ်ဦး။
ပြီးတော့ သူ့ကို လုပ်ကြံရန် ကြိုးပမ်းမှု။
ကောင်းကင်ဘုံက သူ့ကို အေးအေးဆေးဆေး နေခွင့်ပေးမည့်ပုံ မပေါ်ပေ။
ပိုင်ကျီဟန်သည် ကျောက်စိမ်းပုလင်းလေးကို ကောက်ယူလိုက်ပြီး ပုလင်း၏ နွေးထွေးသော မျက်နှာပြင်ကို လက်ချောင်းများဖြင့် ပွတ်
သပ်လိုက်သည်။
"ပုံစံကြည့်ရတာ” သူက ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။ "အခြေအနေတွေက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတော့မှာပဲ။"