← Chapters

မင်းဆိုးမင်းညစ်

Vol. 5 Ch. 494

မင်းဆိုးမင်းညစ်

Vol. 5 Ch. 494

တာ့ရှား ဧကရာဇ်မှာ ပေါက်ကွဲလုနီးပါး ဒေါသများကို ထိန်းချုပ် ထားရလေသည်။  သူ့ကို ကြည့်ရသည်မှာ မုန်တိုင်းမကျခင် ငြိမ်သက် နေခြင်းမျိုးနှင့် တူလေသည်။

နန်းတော်ရင်ပြင်တွင် ဒူးထောက် ဝပ်တွားနေသည့် လေ့နော်မှာ စိတ်များ ရှုပ်ထွေးလျက် ရှိတော့သည်။ သူ့အနေဖြင့် တာ့ရှားဧကရာဇ်၏ ဒေါသကို အကြိမ်ပေါင်များစွာ တွေ့မြင် ခဲ့ဖူးလေသည်။ ဧကရာဇ်မင်း ဒေါသသင့်လျှင် မည်သူမျှ သက်သာရာရမည် မဟုတ်ပေ။

လေ့ဟုန်သည် တော်ဝင်မျိုးနွယ် ခေါင်းဆောင် တစ်ယောက် ဖြစ်သလို နန်းတွင်း အမတ်မင်း တစ်ယောက်လည်း ဖြစ်လေသည်။ သူ့အနေဖြင့် တာ့ရှားဧကရာဇ် ဒေါသထွက်နေသည့် အချိန်တွင် ရှေ့သို့ မထွက်လိုသည့်တိုင် လေ့နော်မှာ သူ၏ သားအရင်း ဖြစ်နေသည့် အတွက် သားဖြစ်သူကို ကာကွယ်ရန် အရှေ့သို့ ထွက်လိုက်ရခြင်း ဖြစ်လေသည်။

တာ့ရှားဧကရာဇ်၏ မျက်နှာသည် အနည်းငယ် ကြည်ကြည်လင်လင် ဖြစ်လာလေသည်။

"ဒီနေ့ လေ့ဘိုးဘိုးကိုယ်တိုင် မင်းအတွက် တောင်းပန်ပေးမှတော့ အသက်ချမ်းသာ ပေးလိုက်မယ်၊ ထပါ…"

လေ့နော်သည် ဝပ်တွားနေရာမှ ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်ပြီး ဖခင်ဖြစ်သူ လေ့ဟုန်နောက်တွင် ပြန်ရပ် နေလိုက်လေသည်။

တာ့ရှားဧကရာဇ်က ခစားနေကြသည့် အမတ်မင်းများ၊ တော်ဝင်မျိုးနွယ်များနှင့် အခြားသူများ အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ရင်း…

"ဒီပုဂ္ဂိုလ်ရဲ့တန်ခိုးစွမ်းအားက တကယ်နက်ရှိုင်းလွန်းတယ်၊ သူက ပုန်းကွယ်နေတယ် ဆိုတော့ သူ့ကို ဖမ်းဆီးနိုင်ဖို့ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ ဒီနေ့ ငါကိုယ်တော် မောင်မောင်းတို့အားလုံးကို ဆင့်ခေါ်လိုက်တာက ဒီကိစ္စကြောင့်တော့ မဟုတ်ဘူး"

တာ့ရှားဧကရာဇ်၏ စကားကြောင့် အမတ်မင်းများနှင့် မင်းမျိုးမင်းနွယ်များမှာ အံ့သြ သွားကြလေသည်။

တာ့ရှားဧကရာဇ်၏ အပြုအမူများကို သူတို့နားမလည် နိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ တာ့ရှားဧကရာဇ် ဖြစ်ချင်သည့် ဆန္ဒများကို လုပ်ပေးမည်ဟုသာ သူတို့ ဆုံးဖြတ် ထားကြလေသည်။

တာ့ရှားဧကရာဇ်က ထျန်းယီ အကြီးအကဲကို ဖမ်းဆီးကာ အကျဉ်းချ ထားစဉ်ကလည်း သူတို့မည်သို့မှ မတားဆီးနိုင်ခဲ့ ကြပေ။ ယင်းစန်းဒေသ အင်အားကြီး လာသည်ကို အကြောင်းပြကာ တာ့ရှားဧကရာဇ်က ထျန်းယီ အကြီးအကဲကို ဖမ်းဆီးထားခဲ့ခြင်း ဖြစ်လေသည်။ တာ့ရှား ဧကရာဇ်သည် တစ်ခါတစ်ရံတွင် ထိုသို့ စိတ်ကူး ပေါက်ရာကို ထလုပ်တတ် လေသည်။

အမှန်တော့ တာ့ရှားဧကရာဇ် ထိုသို့ပြုလုပ်ခြင်းက အခန့်မသင့်လျှင် ပုန်ကန်မှုများကို ဖြစ်ပေါ် လာစေနိုင်လေသည်။

ထို့ပြင် ထျန်းယီအကြီးအကဲကို ချုပ်နှောင်ထားရန် အတွက် ရှားထိုက် အကျဉ်းထောင်ကြီးကို တည်ဆောက်ခဲ့သည့် အတွက် တိချိုးမြို့တော်တွင် ဝိညာဉ်စွမ်းအားများ လျော့ကျ သွားခဲ့ရလေသည်။

ထို့ကြောင့် နောင်ဆယ်စုနှစ် အနည်းငယ်အတွင်း တိချိုးမြို့တော်တွင် အသက်ရှင်သန်ရန် အတွက် အခက်အခဲများ ရှိလာမည်ဖြစ်ပြီး မြို့တော်ကို နေရာရွှေ့ပြောင်း ကြရမည် ဖြစ်လေသည်။

တာ့ရှားဧကရာဇ်နှင့် တော်ဝင် မိသားစုများသည် မွေးရာပါ တန်ခိုးစွမ်းအား ထက်မြက်သူများ ဖြစ်သည့်တိုင် ဝိညာဉ် စွမ်းအားများ မရှိတော့လျှင် သူတို့၏ တန်ခိုးစွမ်းအားကို ဖော်ထုတ် အသုံးပြုနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့သည် ဝိညာဉ် စွမ်းအား ပစ္စည်းများနှင့် ရှားပါသည့် ဝိညာဉ် စွမ်းအား အရင်းအမြစ်များကို အလွန်တန်ဖိုး ထားကြလေသည်။

ထို့ကြောင့်လည်း တာ့ရှားဧကရာဇ်သည် တိုင်းပြည်များကို သိမ်းပိုက်ကာ သယံဇာတများကို လုယူခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်…

ဘယ်ဘက် အခြမ်းတွင် ရပ်နေသည့် အမတ်မင်း တစ်ယောက်က အရှေ့သို့ ထွက်လာလေသည်။ ထိုသူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ တောက်လောင် နေသည့် မီးတောက်အလား ရဲရဲတောက်လျက် ရှိလေသည်။

ထိုသူမှာ တော်ဝင်မိသားစု ဆယ့်နှစ်စုတွင် အပါအဝင် ဖြစ်သည့် ရှင်းအိမ်တော်၏ အရှင်သခင် ရှင်းလျဲ့ ဖြစ်လေသည်။

ရှင်းအိမ်တော်၏ တန်ခိုးစွမ်းအားမှာ မိုးကောင်းကင် မီးတောက် တန်ခိုးစွမ်းအား ဖြစ်လေသည်။ သူတို့မျိုးနွယ်ကို ခုနစ်ကြိမ် လူပြန်ဝင်စားသည့် မျိုးနွယ်ဟု လူသိများကြသည်။ သူတို့ ပိုင်ဆိုင်ထားသည့် မိုးကောင်းကင်မီးတောက် တန်ခိုးစွမ်းအားသည် တာအိုဝါဒမှ သမာဓိမီးတောက်ကို ကောင်းကောင်း ယှဉ်နိုင်လေသည်။

အမှန်တော့ မိုးကောင်းကင် မီးတောက် တန်ခိုးစွမ်းအားကို အပြည့်အဝ အသုံးချနိုင်ရန် အတွက် ခုနစ်ကြိမ်တိတိ လူပြန်ဝင်စားရမည် ဖြစ်လေသည်။ သတ္တမအကြိမ်မြောက် လူပြန်ဝင်စား ပြီးသည့်အခါတွင်တော့ မိုးကောင်းကင် မီးတောက်၏ အစစ်အမှန် စွမ်းအားကို ရရှိနိုင်မည် ဖြစ်လေသည်။

ယခုအချိန်တွင် ရှင်းလျဲ့သည် ခြောက်ကြိမ် လူပြန်ဝင်စားပြီးပြီ ဖြစ်လေသည်။

ရှင်းလျဲ့ရှေ့သို့ ထွက်လာသည်နှင့် အခြားသော အမတ်မင်းများက ကြိတ်ပြီး သက်ပြင်း ချလိုက်မိကြလေသည်။ အနည်းဆုံးတော့ တာ့ရှားဧကရာဇ်၏ စိတ်အာရုံကို လွှဲနိုင်မည့် လူတစ်ယောက် ရှေ့သို့ ထွက်သွားခဲ့ပြီ မဟုတ်ပါလား။

"မင်းကြီး၊ ကျွန်တော်မျိုးမှာ လျှောက်တင်စရာ ရှိပါတယ်”

တာ့ရှားဧကရာဇ်၏ နေရောင်ခြည်ကဲ့သို့ စူးရှ တောက်ပသည့် အကြည့်က ရှင်းလျဲ့အပေါ်သို့ ကျရောက် လာလေသည်။ နန်းရင်ပြင်တစ်ခုလုံး အပူချိန် သိသိသာသာ မြင့်တက်လာသည်ကို အားလုံး ခံစား လိုက်ကြရလေသည်။

သို့သော်… တာ့ရှားဧကရာဇ်၏ အကြည့်ကြောင့် ရှင်းလျဲ့သည် နောက်သို့ တစ်ချက် တွန့်ဆုတ်သွားခြင်း အလျဉ်းမရှိပါ။

ထိုအခါမှ တာ့ရှားဧကရာဇ်က အကြည့်များကို အနည်းငယ် လျှော့ချ လိုက်လေသည်။

"လျှောက်တင်စေ…"

တာ့ရှားဧကရာဇ်က ခံစားချက် မပါသည့် အသံဖြင့် ပြောလိုက်သည်။

နန်းတွင်း အရာရှိ မင်းများမှာ ရှင်းလျဲ့၏ သတ္တိကို ကြိတ်ပြီး ချီးကျူး လိုက်မိကြလေသည်။ မကြာသေးမီ နှစ်များအတွင်း တာ့ရှားဧကရာဇ်၏ အကြည့်ကို ယခုကဲသို့ ရင်ဆိုင်ရဲသူမှာ အနည်းငယ်သာ ရှိလေသည်။

ရှင်းလျဲ့ကတော့ မီးမျိုးနွယ်ဖြစ်သည့် အလျောက် သူ၏ပင်ကိုယ်သဘာဝကိုက ရှင်းလင်းသည့် စိတ်ထား ရှိလေသည်။

တစ်ချိန်တုန်းက ရှင်းလျဲ့ကဲ့သို့ သတ္တိရှိသူ တစ်ယောက် ရှိခဲ့ဖူးလေသည်။ ထိုသူမှာ တာ့ရှား ဧကရာဇ်က နှင်ထုတ်လိုက်သည့် မင်းဆရာကြီး ကွမ်းလုန်ကျီပင် ဖြစ်လေသည်။

"ထျန်းယီအကြီးအကဲကို ယင်းစန်းကို ပြန်လွှတ်ပေးဖို့ တောင်းပန်လိုပါတယ်"

ရှင်းလျဲ့က ကျယ်လောင်သည့်အသံဖြင့် လျှောက်တင်လိုက်သည်။

"မဖြစ်နိုင်ဘူး…"

တာ့ရှားဧကရာဇ်က ထိုင်နေသည့် ပုလ္လင်၏ လက်တန်းကို ဝုန်းကနဲ လက်ဖြင့် တစ်ချက်ရိုက်ကာ ပြောလိုက်လေသည်။ သူ၏အသံမှာ နန်းရင်ပြင် တစ်ခုလုံး ဟိန်းထွက်သွားသည့် အတွက် ယင်းလုန်သည်ပင်လျှင် မျက်လုံး ဖွင့်ကြည့်လိုက် လေသည်။

ဝမ်ချန်နန်းတော်ကြီး တစ်ခုလုံးမှာလည်း တုန်လှုပ်သွားသည့် အလား ထင်မှတ် လိုက်ရသည်။

"ဒါဖြင့် ထျန်းယီ အကြီးအကဲကို သေဒဏ် ချမှတ်လိုက်ပါတော့ မင်းကြီး"

ရှင်းလျဲ့၏ ပထမစကားကြောင့် အသက်ပင် မရှူနိုင်ဖြစ်နေကြရသည့် အမတ်မင်းများမှာ နောက်ထပ် ပြောလိုက်သည့် စကားကြောင့် ဟာခနဲ ဟင်ခနဲ ဖြစ်ကုန်ကြလေသည်။

ရှင်းလျဲ့ ပထမစကားကို ပြောလိုက်စဉ်တွင် အားလုံးက ရှင်းလျဲ့သည် ယင်းစန်းဒေသဘက်မှ လိုက်ပြီး ပြောပေးသည်ဟု ထင်မြင်ခဲ့ကြလေသည်။ သို့သော် ရှင်းလျဲ့က ထျန်းယီအကြီးအကဲကို သေဒဏ် ချမှတ်ရန် လျှောက်တင်မည်ဟု သူတို့လုံး၀ မထင်မှတ်ခဲ့ကြပေ။

ယခုတစ်ကြိမ်တွင်တော့ တာ့ရှားဧကရာဇ်က ဒေါသမထွက်တော့ပါ။

သူက အတန်ကြာ တိတ်ဆိတ်နေပြီးမှ…

"ဒါလည်းမဖြစ်နိုင်ဘူး၊ ရှင်းလျဲ့ … မောင်မင်း ဒီကိစ္စကို ထပ်မပြောနဲ့တော့"

ဧကရာဇ်က “ထပ်မပြောနဲ့” ဟုဆိုသည့်တိုင်အောင် ရှင်းလျဲ့က ပါးစပ်ပိတ်သွားခြင်း မရှိပါ။

"မင်းကြီး၊ ထျန်းယီဟာ ဘုရင်တစ်ပါး ဖြစ်ထိုက်တဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်ဝတဲ့သူပါ၊ လူအတော် များများက သူ့ကို သူတော်စင်လို့တောင် သမုဒ်ကြပါတယ်၊ မင်းကြီးက သူ့ကို မကျေနပ်ဘူးဆိုရင် ဘာလို့ သူ့ကို ရှင်းမပစ်နိုင်ရမှာလဲ၊ အခုနေရှင်းပစ်ထားမှ နောင်တစ်ချိန်မှာ အရှုပ်အထွေးတွေ ဖြစ်မလာနိုင်မှာပါ”

လေ့နော်မှာ ရှင်းလျဲ့၏ စကားကြောင့် သက်ပြင်းချ လိုက်မိလေသည်။

လေ့နော်သည် နိုင်ငံခြားရေး ဝန်ကြီးတစ်ယောက် ဖြစ်သည့်အတွက် တိုင်းပြည်ပေါင်း များစွာ၏ အကြောင်းကို နားအလည်ဆုံးသူ ဖြစ်လေသည်။ ရှင်းလျဲ့ယခုကဲ့သို့ လျှောက်တင် နေသည်မှာ တာ့ရှားပြည်၏ အကျိုးစီးပွား အတွက် ဖြစ်လေသည်။

ထျန်းယီအကြီးအကဲသည် ဂုဏ်သိက္ခာ ကြီးမြတ်သူ တစ်ယောက်ဖြစ်ပြီး လူသားများ၏ စိတ်နှလုံးထဲတွင် သူ့ကို သူတော်စင်အဖြစ် သတ်မှတ် ထားကြလေသည်။ အကယ်၍ ထျန်ယီ အကြီးအကဲကို ယင်းစန်းသို့ ပြန်လွှတ် ပေးလိုက်လျှင်လည်း ထျန်းယီ၏ စိတ်နေစိတ်ထားဖြင့် ဆိုလျှင် သူသည် တာ့ရှားဧကရာဇ်ကို ပုန်ကန်ခြားနားမည့် လူတစ်ယောက် မဟုတ်ပေ။

သို့သော် တာ့ရှားဧကရာဇ်က မည်သည့်နည်းနှင့်မျှ ထျန်းယီ အကြီးအကဲကို ပြန်လွှတ် မပေးနိုင်ပါ။ ထိုသို့ဆိုလျှင် ကြိုးရှည်ရှည်ဖြင့် လှန်ထားပြီး အန္တရယ်ကို ရင်ဝယ်ပိုက် ထားသကဲ့သို့ လုပ်နေမည့် အစား ထျန်းယီအကြီးအကဲကို ကွက်မျက် လိုက်သည်က ပိုကောင်းမည် ဖြစ်လေသည်။

တာ့ရှား ဧကရာဇ်ကတော့ ထျန်းယီက ပုန်ကန်မည် ဆိုလျှင်တောင်မှ သူ့ကိုသတ်ပစ်မည် မဟုတ်ပေ။ သို့သော် ထျန်းယီကို လွှတ်ထား ပြန်ပါကလည်း တာ့ရှားဧကရာဇ်မှာ နေ့နေ့ညည ထိတ်လန့် တုန်လှုပ် နေရလေသည်။ ထို့ကြောင့် သတ်လည်းမသတ်ချင်၊ လွှတ်လည်းမလွှတ်ချင်သည့် တာ့ရှားဧကရာဇ်သည် မပြတ်မသားဖြင့်ပင် ထျန်းယီ အကြီးအကဲကို အကျဉ်းချထားရခြင်း ဖြစ်တော့သည်။

"မပြောနဲ့တော့လို့ ပြောပြီးပြီလေ၊ မောင်မင်းမှာ နားမပါဘူးလား"

တာ့ရှားဧကရာဇ်က မဲ့ပြုံး တစ်ချက်ပြုံးရင်း ပြောလိုက်လေသည်။

ထို့နောက် ဧကရာဇ်၏ ဒေါသမှာ အမျှင်မပြတ်နိုင် ဖြစ်လာပြီး ဆက်အမိန့် ပေးလိုက်လေသည်။

"လာကြစမ်း၊ ရှင်းလျဲ့ရဲ့ နားတွေကို ဖြတ်ပြီး သူ့ကို တာ့ရှားသင်္ချိုင်းကို နှင်လွှတ်လိုက်၊ သူ့အတွက် ဘာလွတ်ငြိမ်း ချမ်းသာခွင့်မှ မရှိဘူး၊ တာ့ရှားသင်္ချိုင်း အပြင်ကို ခြေတစ်လှမ်းတောင် ထွက်မလာစေနဲ့”

ဧကရာဇ် အမိန့်စကား ဆုံးသွားသည်နှင့် နန်းရင်ပြင်ဆီသို့ အနက်ရောင် သံချပ်ကာအင်္ကျီများ ဝတ်ဆင်ထားသည့် စစ်သည်တော်များ ဝင်လာကြလေသည်။ ထိုစစ်သည်တော်များကို ဦးဆောင်သူမှာ စစ်သူကြီးမင်လော့ ဖြစ်လေသည်။ မင်လော့သည် သူ၏ ဓားကောက်ကြီးကို ထုတ်ယူကာ ရှင်းလျဲ့၏ နားရွက်နှစ်ဖက်လုံးကို ချက်ချင်းပင် ဖြတ်တောက် ပစ်လိုက်လေသည်။

ရှင်းလျဲ့သည် လုံး၀ ခုခံတိုက်ခိုက်ခြင်း မရှိပါ။ အဘယ်ကြောင့် ဆိုသော် သူသာ ခုခံ တိုက်ခိုက်ခဲ့လျှင် သူတို့ ရှင်းအိမ်တော် တစ်ခုလုံး ဆွေစဉ်မျိုးဆက် အသတ်ခံရမည် ဖြစ်သောကြောင့်ပင်။ သို့သော် သူက တာ့ရှားဧကရာဇ်ကို တောင်းပန်စကားလည်း မဆိုခဲ့ပေ။

တာ့ရှားပြည်၏ အမတ်မင်း တစ်ယောက်အနေဖြင့် သူတတ်နိုင်သမျှ အကောင်းဆုံး သူလုပ်ဆောင် ပေးခဲ့ပြီးပြီ ဖြစ်လေသည်။

မင်လော့သည် ရှင်းလျဲ့ကို နန်းရင်ပြင်မှ ဆွဲထုတ်ကာ တာ့ရှားသင်္ချိုင်းသို့ ခေါ်သွားတော့သည်။

မင်လော့နှင့် ရှင်းလျဲ့တို့ ထွက်ခွာသွားတော့မှ….

"ကဲ… ဘယ်သူက ဘာတင်ပြစရာ ရှိသေးလဲ"

တာ့ရှားဧကရာဇ်က အေးအေးဆေးဆေးပင် မေးမြန်း လိုက်လေသည်။

အမတ်မင်းများအားလုံးနှင့် တော်ဝင်မျိုးနွယ်များ အားလုံးမှာ အပ်ကျသံပင် မကြားရ လောက်အောင် တိတ်ဆိတ်နေကြ လေသည်။ အမှန်တော့ တာ့ရှား ဧကရာဇ်သည် အမတ်မင်းများထံမှ အကြံဉာဏ် ရယူလိုခြင်း မရှိပါ။ သူ၏အမိန့်ကို နာခံစေလိုသည့် ဆန္ဒသာ ရှိလေသည်။

တာ့ရှား ဧကရာဇ်သည် မသေနိုင်သည့် နတ်ဘုရားတစ်ပါး ဖြစ်ပြီး ပြိုင်ဘက်ကင်းသူ ဖြစ်လေသည်။ သူ့ဘဝတွင် သူ့အမှားကို ထောက်ပြသည့် မည်သူ့ကိုမဆို မလိုအပ်ပေ။ အဘယ်ကြောင့် ဆိုသော် သူက အမှားမလုပ်သည့် တန်ခိုးရှင် တစ်ပါး ဖြစ်သောကြောင့်ပင်။ သူမှားနေလျှင်တောင်မှ သူမှားနေသည့် အမှားသည် အမှန်တရားပင် ဖြစ်လေသည်။

"ကောင်းပြီလေ၊ မောင်မင်းတို့ ပြောစရာမရှိမှတော့ ငါကိုယ်တော် ပြောရတော့မှာပေါ့၊ အရင်ကလည်း ငါကိုယ်တော် ပြောခဲ့ဖူးပါတယ်၊ “ငါကိုယ်တော် စကားကို နားထောင်ရင် အသက်ရှင်ခွင့် ရမယ်၊ ငါကိုယ်တော်ကို ဆန့်ကျင်ရင်တော့ အသက်ဆုံးရမှာပဲ” ဆိုတဲ့ စကားအတိုင်းပဲပေါ့၊ ဒီတော့ အခု ငါကိုယ်တော်ရဲ့ အင်အားကို ပြသဖို့အတွက် စစ်ချီဖို့ ဆန္ဒရှိတယ်၊ ဘယ်ကို စစ်ချီမလဲဆိုရင် အရှေ့တိုင်း စစ်သည်တော်တွေနဲ့ တုန်းယီမျိုးနွယ်စုတွေ နေထိုင်ရာ ယိုးရှီဒေသကို စစ်ချီမယ်၊  အဲဒါကြောင့် မောင်မင်းတို့က ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်ထားကြပါ”

တာ့ရှားဧကရာဇ်၏ အသံသည် အမတ်မင်းများ အားလုံး၏ နားထဲသို့ ကျယ်လောင် မြည်ဟည်းစွာဖြင့် ဝင်ရောက် လာလေသည်။

အမတ်မင်းအားလုံးမှာ ဧကရာဇ်၏ စကားကြောင့် အလွန်မှ ထိတ်လန့် အံ့သြ သွားကြရလေသည်။

ယိုးရှီဒေသဆိုသည်မှာ အရှေ့တိုင်း စစ်သည်တော်များ နေထိုင်ရာ ဒေသဖြစ်ပြီး တာ့ရှားပြည်နှင့် ဆက်ဆံရေး ကောင်းမွန်လေသည်။ နှစ်စဉ်နှစ်တိုင်း တာ့ရှား ဧကရာဇ်ထံသို့ အခွန်တော်ငွေကိုလည်း မပျက်မကွက် ဆက်သကြသူများ ဖြစ်လေသည်။ အဘယ့်ကြောင့် တာ့ရှား ဧကရာဇ်သည် ယိုးရှီဒေသကို ရုတ်တရက် စစ်ချီရန် ဆုံးဖြတ်ခဲ့ပါသနည်း။

သို့သော် သူတို့အနေဖြင့် တာ့ရှား ဧကရာဇ်စစ်ချီရသည့် နောက်ကွယ်မှ အကြောင်းများကို မေးခွန်း ထုတ်ရန် မဝံ့ရဲကြပါ။

“မင်းကြီးအမိန့်အတိုင်း တစ်သွေမတိမ်း လိုက်နာဖို့ အသင့်ပါ”

လေ့ဟုန်က ပြောလိုက်လေသည်။

လေ့ဟုန်၏ စကားကြောင့် တာ့ရှားဧကရာဇ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ရင်း…

“ကောင်းပြီ၊ လေ့ဘိုးဘိုးရဲ့ သစ္စာရှိမှုအတွက် ငါကိုယ်တော် သိပ်ပြီးကျေနပ်တယ်၊ ငါကိုယ်တော်လည်း ပြောစရာရှိတာတွေ ပြောပြီးပြီ”

လေ့ဟုန်က…

“ဒါဖြင့် ယိုးရှီကို စစ်ချီမယ့် စစ်တပ်ကို ဘယ်သူက ဦးဆောင်မှာပါလဲ မင်းကြီး”

“ငါကိုယ်တော် ကိုယ်တိုင် ဦးဆောင်မှာ ဖြစ်တယ်…”

တာ့ရှားဧကရာဇ်က လေ့ဟုန်၏ အမေးကို ခံစားချက် ကင်းမဲ့စွာဖြင့် ပြန်ဖြေ လိုက်လေသည်။

***

All Chapters