နာကျည်းမှုများဖြင့် တည်ဆောက်ထားသော မဟာမိတ်
Vol. 30 Ch. 448
ကောင်းကင်အင်ပါယာ တစ်ခုလုံး လှုပ်ခတ်သွားသည်။
မဟုတ်သေးချေ
ပွက်ပွက်ညံသွားခြင်း ဖြစ်သည်။
ပိုင်မျိုးနွယ်စု၏ အရှိန်အဝါကို မည်သူမျှ မတားဆီးနိုင်တော့ဘဲ သူတို့၏ လုပ်ရပ်ကိုလည်း မည်သူမျှ လိုက်မလုပ်နိုင်တော့ဟု အားလုံးက ထင်မှတ်နေချိန်တွင် လီ-ကျောက် မဟာမိတ် လည်း ကြေညာချက်တစ်ခု ထုတ်ပြန်လာခဲ့သည်
အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်တစ်ခု
ပိုင်မျိုးနွယ်စုကဲ့သို့ပင် သူတို့၏ မဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်လာသူတိုင်းကို ထိုကျင့်စဉ်အား သင်ကြားပေးမည်ဟု ဆိုလာသည်။
လီ-ကျောက် မဟာမိတ်၏ ကြေညာချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အက်ကွဲကြောင်း ထင်နေပြီဖြစ်သော ရေခဲပြင်ကြီးမှာ အစိတ်စိတ်အမြွှာမြွာ ကွဲအက်သွားသလိုပင်။မည်သူမျှ တည်ငြိမ်အောင် မထိန်းနိုင်ကြတော့ပေ။
"မင်း ဘာပြောလိုက်တယ်? လီ-ကျောက် မဟာမိတ်ကလည်း ဟုတ်လား?"
"သူတို့ကလည်း အဆင့်မြင့် မြေကမ္ဘာအဆင့်ကျင့်စဉ်ကို ကမ်းလှမ်းနေတာလား?"
"ဒါဆိုရင် ပိုင်မျိုးနွယ်စု တစ်စုတည်း မဟုတ်တော့ဘူးပေါ့..."
"ငါကြားတာတော့ လီနဲ့ ကျောက် မျိုးနွယ်စုတွေက ပိုင်မျိုးနွယ်စုဆီကနေ အဲဒီကျင့်စဉ်ကို ခိုးယူထားတာတဲ့။"
"ဘယ်သူခိုးခိုး ဘယ်သူတိုက်တိုက်... အဓိကက အဲဒီကျင့်စဉ်ကို ငါတို့ ရဖို့ပဲလေ”
ဆယ်စုနှစ်ပေါင်းများစွာအတွင်း မတွေးဝံ့စရာ ကိစ္စရပ်တစ်ခု ဖြစ်ပွားနေခြင်းပင်။
အင်အားကြီး အဖွဲ့အစည်းနှစ်ခုသည်
နောက်လိုက်အင်အား စုဆောင်းရန်အတွက် သူတို့၏ အဖိုးမဖြတ်နိုင်သော ရတနာများကို ထုတ်ဖော်ကြဲပက်နေကြသည်။
၎င်းမှာ ရူးသွပ်မှုပင်။
၎င်းမှာ အသည်းအသန် ကြိုးစားမှုပင်။
၎င်းမှာ စစ်ပွဲတစ်ခုပင် ဖြစ်သည်။
သို့သော် ဓားချင်းမထိကြသေးသည့် စစ်ပွဲတစ်ခုသာ ဖြစ်သည်။
စိတ်လှုပ်ရှားမှု ဒီရေလှိုင်းလုံးကြီးမှာ အင်ပါယာတစ်ခုလုံးကို ရိုက်ခတ်သွားသည်။ အင်အားကြီး မျိုးနွယ်စုများအကြား အာဏာလုမှု၊ ရန်ငြိုးရန်စနှင့် ပြိုင်ဆိုင်မှုများကြားတွင်
တစ်ခါဖူးမျှ မကြုံဖူးသေးသော အကျိုးကျေးဇူးကို ခံစားရသူများမှာ အင်အားကြီး မျိုးနွယ်စုများ မဟုတ်ပေ။
သာမန် အခြေခံ လူတန်းစားများပင် ဖြစ်သည်။
အသေးစား မျိုးနွယ်စုငယ်များ
လေလွင့် ကျင့်ကြံသူများနှင့်
အမြဲတမ်း ဘေးဖယ်ခံထားရသော မိသားစုငယ်များ ဖြစ်ကြသည်။
မဟာမိတ်အဖွဲ့ထဲ ဝင်ရုံဖြင့် အဆင့်မြင့် မြေကမ္ဘာအဆင့်ကျင့်စဉ်ကို ရရှိနိုင်ခြင်းမှာ
လွန်ခဲ့သော ရက်အနည်းငယ်ကဆိုလျှင် အိပ်မက်ပင် မက်ဝံ့စရာ မဟုတ်ခဲ့ပေ။
"အရင်တုန်းကဆိုရင် ဒီလိုကျင့်စဉ်မျိုးကို မြင်ခွင့်ရဖို့တောင် ငါတို့ မျိုးဆက်နဲ့ချီပြီး ခေါင်းငုံ့ခံခဲ့ရတာ။"
"အခုတော့ သူတို့က အလကား လက်ဆောင်ပေးသလို ပေးနေကြတာလား?"
အရက်ဆိုင်များအတွင်း ရယ်မောသံများ ပျံ့လွင့်နေသည်။
လူတိုင်း၏ မျက်လုံးများတွင် လောဘရိပ်များ ထင်ဟပ်နေကြသည်။
အများစုအတွက်မူ ကောင်းကင်ဘုံကြီးသည် သူတို့ဘက်သို့ နောက်ဆုံးတွင် ယိမ်းယိုင်လာပြီဟု ထင်မှတ်နေကြသည်။
အချို့ကမူ သည်းခံ၍ စောင့်ကြည့်နေကြသည်။
ပိုင်မျိုးနွယ်စု သို့မဟုတ် လီ-ကျောက် မဟာမိတ်တို့အနေဖြင့် အလောင်းအစားကို ထပ်တိုးမလားကို ငြိမ်၍ စောင့်နေကြခြင်း ဖြစ်သည်။
အကယ်၍
နှစ်ဖက်စလုံးက မြေကမ္ဘာအဆင့်ကျင့်စဉ်များကိုတောင် ထုတ်ပေးနေမှတော့ အဆင့် (၆) ဆေးလုံးများပါ ထပ်ပေးလာနိုင်သည် မဟုတ်ပါလော?
သို့သော် အချို့ကမူ မစောင့်နိုင်တော့ပေ။
ဤကဲ့သို့သော အခွင့်အရေးမှာ ဘဝတွင် နှစ်ခါမရနိုင်ကြောင်း သူတို့ သိကြသည်။
အကယ်၍ တွန့်ဆုတ်နေရင်း အခွင့်အရေး လက်လွတ်သွားပါက နောက်နောင် ဘယ်တော့မှ နာလန်ထူနိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် အဆင့်မြင့် မြေကမ္ဘာအဆင့်ကျင့်စဉ်ကို ရရှိရန်အတွက် သူတို့၏ မျိုးနွယ်စု တစ်ခုလုံးကို ပုံအော၍ သစ္စာခံရန် ဆုံးဖြတ်
လိုက်ကြသည်။
လီ-ကျောက် မဟာမိတ်ကလည်း တူညီသော ကျင့်စဉ်ကို ကမ်းလှမ်းလာသောကြောင့် အခြေအနေမှာ သူတို့ဘက်သို့ ယိမ်းသွားမည်
သို့မဟုတ် မျှခြေဖြစ်သွားမည်ဟု အများစုက ထင်မှတ်ထားကြသည်။
သို့သော် လက်တွေ့မှာ ထင်သလို ဖြစ်မလာခဲ့ပေ။
မှန်ပါသည်... လီ-ကျောက် မဟာမိတ်အဖွဲ့သို့ မျိုးနွယ်စုသစ် အချို့ ဝင်ရောက်လာကြသည်။
အင်အားပြန်လည် တောင့်တင်းလာသယောင် အသံကောင်း ဟစ်နိုင်ခဲ့သည်။
သို့သော် ပိုင်မျိုးနွယ်စု ရရှိထားသော အင်အားနှင့် ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် မျိုးနွယ်စု အမြောက်အမြားသည် ပိုင်မျိုးနွယ်စုထံသို့ အရင်ဦးဆုံး ရောက်ရှိသွားကြပြီ ဖြစ်သည်။
၎င်းတို့လက်ထဲတွင် ကျင့်စဉ်ကိုလည်း ရရှိထားပြီး ဖြစ်ရာ
သူတို့တွင် သစ္စာဖောက်ရန် အကြောင်းပြချက် မရှိတော့ပေ
အချို့က ကျေးဇူးသိတတ်ကြသည်။
အချို့က သစ္စာစောင့်သိကြသည်။
အချို့ကမူ အခြားသူများ လိုက်လံ လုယက်နေရသော ရတနာကို ကိုယ်တိုင် လက်ဝယ်ရရှိထားပြီး ဖြစ်သဖြင့် ဘက်ပြောင်းရန် မလိုအပ်တော့ဟု မြင်ကြသည်။
ထို့အပြင် ပိုင်မျိုးနွယ်စုက တောင်းဆိုသည်မှာ တစ်ခုတည်းသာ ရှိသည်။
"သစ္စာရှိမှု “
အဆမတန်သော အခွန်အတုပ်များ မရှိ။
အတင်းအဓမ္မ စစ်မှုထမ်းခိုင်းခြင်း မရှိပေ။
မျိုးနွယ်စုတစ်ခုကို သွေးစုပ်ဖျက်ဆီးမည့် ချုပ်ကိုင်ထားသော စည်းမျဉ်းများ မရှိပေ။
၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော လီ-ကျောက် မဟာမိတ်၏ စည်းကမ်းချက်များမှာမူ လူသိရှင်ကြား ဖြစ်လာခဲ့သည်။
၎င်းတို့ထံ ဝင်ရောက်ရန်အတွက်
မျိုးနွယ်စုတစ်ခု၏ စုစုပေါင်း အရင်းအမြစ် (၂၀) ရာခိုင်နှုန်းကို ပေးအပ်ရမည်။
ရွှေငွေများ၊
ဝိညာဉ်ဆေးပင်များ၊
လက်နက်ကိရိယာများ အားလုံး ပါဝင်သည်။
ထို့ထက် ပိုဆိုးသည်မှာ
စစ်ဖြစ်ပွားပါက ထိုမျိုးနွယ်စု၏ တိုက်ခိုက်ရေးအင်အား (၅၀) ရာခိုင်နှုန်းကို မဟာမိတ်အဖွဲ့၏ အမိန့်အောက်သို့ ထည့်ပေးရမည်ဖြစ်သည်။
ညှိနှိုင်း၍မရပေ။
ချွင်းချက်မရှိပေ။
"ငါးဆယ်ရာခိုင်နှုန်း... အကယ်၍ သူတို့က ငါတို့ မတတ်နိုင်တဲ့ စစ်ပွဲထဲ ဆွဲသွင်းလိုက်ရင် ဘယ်လိုလုပ်မလဲ?"
"တောက်၊ ငါက ကျင့်စဉ်ပဲ လိုချင်တာ။ ပိုင်မျိုးနွယ်စုဆီပဲ သွားတာ ပိုကောင်းမယ်”
မဟာမိတ် နှစ်ဖွဲ့လုံးက ကျင့်စဉ်တူတူ ပေးသော်လည်း တောင်းဆိုချက်များမှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေသည်။
ပညာရှိတစ်ဦးကမူ "သစ္စာရှိမှု" ဟူသော စကားလုံးသည် (၅၀) ရာခိုင်နှုန်းထက် ပို၍ ကြောက်စရာကောင်းသည်ဟု ဆိုပေလိမ့်မည်။ ပိုင်မျိုးနွယ်စု တောင်းဆိုသည့် သစ္စာရှိမှုဟူသည်မှာ ဝေဝါးလှသည်။
၎င်းသည် (၁၀၀) ရာခိုင်နှုန်း ပုံအောပေးဆပ်ခြင်းလည်း ဖြစ်နိုင်သလို
ထိုထက် အများကြီး လျော့နည်းခြင်းလည်း ဖြစ်နိုင်သည်။
သစ္စာရှိသော မျိုးနွယ်စုက အရာအားလုံး ပေးဆပ်မည်ဖြစ်သော်လည်း
အပေါ်ယံ သစ္စာရှိသူကမူ အနည်းငယ်သာ ပေးပေလိမ့်မည်။
တိကျသော ကိန်းဂဏန်း သတ်မှတ်ချက် မရှိပေ။
ထို့ကြောင့် ပိုင်မျိုးနွယ်စုအပေါ် ထားရှိရမည့် သစ္စာရှိမှုသည် တစ်နေ့တွင် အင်အား (၅၀) ရာခိုင်နှုန်းထက် ပို၍ ပေးဆပ်ရနိုင်သည်ဆိုသော်ငြားလည်း လက်တွေ့မကြုံမချင်း မည်သူမျှ မသိနိုင်ပေ။
၎င်းနှင့် ယှဉ်လျှင်
လီ-ကျောက် မဟာမိတ်၏ (၅၀) ရာခိုင်နှုန်းဟူသော တိကျသည့် တောင်းဆိုချက်မှာ မလိုအပ်ဘဲ ဖိနှိပ်ထားသကဲ့သို့ ခံစားရစေသည်။
မိမိတို့၏ အခြေအနေ မည်မျှပင် ဆိုးရွားနေပါစေ စည်းကမ်းအတိုင်း လိုက်နာရန် အတင်းအကျပ် အကျပ်ကိုင်ခံရသကဲ့သို့ ဖြစ်နေတော့သည်။
မည်သည့်ဘက်မှ ကမ်းလှမ်းချက်က ပိုကောင်းသည်ဟု အသေအချာ ပြောဖို့ခက်သည့်တိုင် အများစု နားထဲမှာတော့ ပိုင်မျိုးနွယ်စု
စည်းကမ်းချက်များက ပိုပြီး သဘောထားကြီးသည်ဟု ထင်ရ၏
ထို့ကြောင့် လီ-ကျောက် မဟာမိတ် အင်အားတိုးပွါးလာနေချိန်မှာပဲ
ပိုင်မျိုးနွယ်စု အင်အားကတော့ ဒီရေအလား တဟုန်ထိုး မြင့်တက်နေဆဲပင်
ဒါပေမဲ့ အပြင်လူအတော်များများကတော့ ထိုအခြေအနေဟာ ပိုင်မျိုးနွယ်စုအတွက် အရှုံးတစ်ခုပဲဟု ယုံကြည်နေကြသည်။
လီ-ကျောက် မဟာမိတ်က ဖြန့်ဝေနေသော ကျင့်စဉ်သည် ပိုင်မျိုးနွယ်စု အစောပိုင်းက ထုတ်ဖော်ပြသခဲ့သည့် ကျင့်စဉ်နှင့်
တစ်ထပ်တည်း တူနေတာကြောင့်ပင်။
သူတို့၏ အကောင်းဆုံးလက်နက်
အခုတော့ ရန်သူ့လက်ထဲ ရောက်သွားခဲ့ချေပြီ။
"ပိုင်မျိုးနွယ်စုက ကိုယ့်ခြေထောက်ကိုယ် ပြန်ထုလိုက်တာ မလား?"
"သူတို့က အကုန်လုံးကို ထုတ်ပြလိုက်တာကိုး”
"လီနဲ့ ကျောက်က သူတို့ရဲ့ အသာစီးရမှုကို အလဲအထိုး လုပ်လိုက်ပြီလေ။"
အင်ပါယာ၏ လမ်းမတွေထက်၌ ထိုအသံများက ပျံ့နှံ့နေချေသည်။
အပြင်လူတွေအမြင်မှာတော့ အဖြေက ရှင်းနေ၏
ပိုင်မျိုးနွယ်စုသည် သူတို့၏ သီးသန့်ပိုင်ဆိုင်မှုကို လက်လွတ်လိုက်ရချေပြီ
အကျပ်ကိုင်နိုင်စွမ်းလည်း ပျောက်ဆုံးသွားချေပြီ
အများစုက ပိုင်မျိုးနွယ်စု၏ ဒေါသတကြီး တုံ့ပြန်မှုကို စောင့်ကြည့်နေကြသည်။
လီနှင့် ကျောက်ကို ပြစ်တင်ရှုံ့ချတာမျိုး
ဒါမှမဟုတ် ပေါ်တင် လက်စားချေတာမျိုး
သို့တိုင်ထူးဆန်းသည်က ပိုင်မျိုးနွယ်စုသည် တိတ်ဆိတ်နေဆဲပင်
ထိုတိတ်ဆိတ်နေခြင်းကပဲ တခြားအရာတစ်ခုကို ပိုပြီး ထင်ရှားပေါ်လွင်စေ၏
အဘယ်ကြောင့်ဆိုသော် တကယ်တမ်း ဒေါသပေါက်ကွဲနေတာက
ပိုင်မျိုးနွယ်စု မဟုတ်ပေ
သူတို့ဆီ အရင်ဝင်ထားသည့် မျိုးနွယ်စုများပင်
လီ-ကျောက် မဟာမိတ်ဆီမှ ထိုကျင့်စဉ်ကိုပဲ ဖြန့်ဝေနေသည့် သတင်းပျံ့သွားသည်နှင့် ပိုင်မျိုးနွယ်စု၏ မဟာမိတ်အတွင်း၌ ဒေါသလှိုင်းလုံးကြီး ပေါက်ကွဲသွားချေသည်။
"ဘာလဲ၊ သူတို့က ခိုးချတာလား?”
"ဘယ်သူက သတင်းပေါက်ကြားအောင် လုပ်တာလဲ”
မျိုးနွယ်စု တစ်ခုပြီးတစ်ခု ကျိန်ဆဲသံများ ထွက်ပေါ်လာ၏
ပိုင်မျိုးနွယ်စုဆီ ဝင်ထားသူများသည် ထိုကျင့်စဉ်ကို ယုံကြည်မှုနဲ့ ပေးအပ်ထားသည်ဟု ခံယူထားကြပြီး သစ္စာဖောက်သည် သူတို့ထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမည်ဟု တစ်ထစ်ချ ယုံကြည်နေကြသည်။
"ဒီကျင့်စဉ်ကို ငါတို့ကို ယုံကြည်လို့ ပေးထားတာလေ၊ ဘယ်သူကများ ဒီလောက်ယုတ်မာပြီး ခိုးယူပြီးတော့ လီနဲ့ ကျောက်ဆီ သွားပေးရတာလဲ?”
"ငါသာ အဲဒီသစ္စာဖောက်ကို သိလို့ကတော့... သူ့မျိုးနွယ်စုက ခွေးတစ်ကောင်မကျန် အကုန် သတ်ပစ်မယ်”
ဒေါသများသည် တောမီးပမာ တဟုန်းဟုန်း တောက်လောင်နေ၏
အချို့ကတော့ လီနှင့်ကျောက်မျိုးနွယ်စုကို အရှက်မဲ့သည့် သူခိုးတွေအဖြစ် စွပ်စွဲကြသလိုအချို့ကလည်း အမည်မသိ သစ္စာဖောက်ကို နာကျည်းနေကြသည်။
တချို့ကျတော့လည်း ပိုပြီး ရိုးရှင်းသည့် အတ္တဆန်သော အကြောင်းပြချက်ကြောင့် ဒေါသထွက်နေကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်ကမူ ၎င်းတို့သည် အခြားသောသူများထက် သာလွန်သောအခြေအနေသို့ ရောက်ရှိနေပြီဟု ကိုယ့်ကိုကိုယ် ယုံကြည်ခဲ့ကြကုန်၏။
ပိုင်မျိုးနွယ်စုထံသို့ ဦးစွာပထမ သစ္စာခံဝင်ရောက်ခဲ့ကြပေသည်။
အခြားသူများ မရရှိနိုင်သော အဆင့်မြင့် မြေကမ္ဘာအဆင့်ကျင့်စဉ် ကို ပိုင်ဆိုင်ခွင့် ရရှိခဲ့ကြလေသည်။
မိမိတို့၏ မျိုးဆက်သစ် တပည့်များမှာ သူတစ်ပါးထက် ရှေ့သို့ရောက်ရှိကာ ပြိုင်ဘက်အားလုံးကို ဖုန်မှုန့်များကြားတွင် ချန်ရစ်ထားနိုင်မည်ဟုလည်း စိတ်ကူးယဉ်ခဲ့ကြလျေသည်။
သို့ရာတွင် ယခုမူ
ထိုသာလွန်မှုများမှာ ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ချေပြီ။
"တောက်...”
“ငါတို့ရဲ့ မျိုးဆက်သစ်တွေ အဆင့်တက်ခါစပဲ ရှိသေးတယ်”
“အားလုံးကို နှိပ်ကွပ်ထားနိုင်ပြီလို့ ထင်မှတ်ထားခဲ့တာ..."
၎င်းတို့အတွက်မူ လီ-ကျောက် မဟာမိတ်အဖွဲ့သည် ကျင့်စဉ်ကို ကူးယူရုံမျှမကဘဲ ၎င်းတို့၏ အနာဂတ်ကိုပါ ခိုးယူဖျက်ဆီးလိုက်ခြင်း ဖြစ်ပေ၏။
"ဒါက ပိုင်မျိုးနွယ်စု တစ်ခုတည်းကို ရန်စတာ မဟုတ်ဘူး”
“ငါတို့အားလုံးကို စိန်ခေါ်လိုက်တာပဲ”
နာကျည်းမှုဒေါသများသည် ပိုမိုထက်မြက်လာခဲ့ချေပြီ။
၎င်းတို့ ဝန်ခံသည်ဖြစ်စေ၊ မဝန်ခံသည်ဖြစ်စေ အမှန်တရားမှာ ရှင်းလင်းလှပေ၏။
၎င်းတို့၏ ကံကြမ္မာသည် ပိုင်မျိုးနွယ်စုနှင့် တစ်သားတည်း ဖြစ်သွားခဲ့ချေပြီ။
လီ-ကျောက်တို့၏ လုပ်ရပ်မှာ ၎င်းတို့၏ မျက်နှာကို တည့်တည့်ဖြတ်ရိုက်လိုက်သကဲ့သို့ ခံစားကြရကုန်၏။
ထူးဆန်းသည်မှာ ထိုဒေါသမာန်များသည် မမျှော်လင့် ထားသည်များကို ဖြစ်လာစေသည်။
ပိုင်မျိုးနွယ်စု၏ မဟာမိတ်အဖွဲ့ကို အားနည်းမသွားစေဘဲ လီ-ကျောက် မဟာမိတ်အပေါ် ထားရှိသော တူညီသည့် မုန်းတီးမှုအောက်တွင် အားလုံးကို စည်းလုံးသွားစေခြင်းပင် ဖြစ်ပေသည်။
အစောပိုင်းက ဝင်ရောက်ခဲ့သော မျိုးနွယ်စုများသည် ပိုမို၍ပင် စည်းလုံးညီညွတ်လာကြကုန်၏။
အကယ်၍ ၎င်းတို့အတွင်း၌ သစ္စာဖောက်တစ်ဦး အမှန်တကယ် ရှိနေခဲ့လျှင်ပင် ထိုသူသည် ပိုင်မျိုးနွယ်စု၏ ရန်သူသာမကပေ
အားလုံး၏ ဘုံရန်သူ ဖြစ်သွားခဲ့ချေပြီ။
ပိုင်မျိုးနွယ်စု၏ ခန်းမဆောင်အတွင်း၌မူ ပြင်ပလောက၏ ရုန်းရင်းဆန်ခတ်မှုများနှင့် လားလားမျှ မသက်ဆိုင်ဘဲ အေးချမ်းတည်ငြိမ်လျက် ရှိနေ၏။
ပိုင်ကျီဟန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ပြတင်းပေါက်မှတစ်ဆင့် တောင်ထိပ်ပေါ်က တိမ်တိုက်များကို အေးဆေးစွာ ငေးကြည့်နေပေ၏။ သူ၏နောက်ကွယ်ရှိ စားပွဲပေါ်တွင်မူ လီ-ကျောက် မဟာမိတ်အပေါ် နာကျည်းမှုနှင့် ရန်လိုမှုများ ပြည့်နှက်နေသော သတင်းမှတ်တမ်းများ ပြန့်ကျဲလျက် ရှိနေသတည်း။
သူသည် ထိုသတင်းမှတ်တမ်းများကို ဖတ်ရှုနေ၏
ပြီးနောက် အနည်းငယ် ပြုံးလိုက်မိချေသည်။
"ဒီလို ဖြစ်လာတာကိုး..." သူသည် တိုးတိုးမျှ ရေရွတ်လိုက်ပေသည်။
အမှန်စင်စစ် ပိုင်ကျီဟန်ကိုယ်တိုင်ပင်လျှင် အခြေအနေမှာ ဤမျှအထိ ဖြစ်လာလိမ့်မည်ဟု အပြည့်အဝ မျှော်လင့်မထားခဲ့ပေ။
နောင်တရစေချင်ရုံသာ။ လီ-ကျောက် မျိုးနွယ်စုသည် ကျင့်စဉ်ကို ဖြန့်ဝေလိုက်သည့်အခါ မိမိထံမှ မျိုးနွယ်စုအချို့ သစ္စာယိမ်းယိုင်ခြင်းမျိုးလောက်သာ သူ မျှော်လင့်ခဲ့ခြင်း ဖြစ်
ပေ၏။
သို့ရာတွင် ယခုအခါ လီ-ကျောက် မဟာမိတ်အပေါ် ထားရှိသော မုန်းတီးမှုမှာမူ သူ၏ ခန့်မှန်းချက်ထက်ပင် ကျော်လွန်နေခဲ့ချေပြီ။
တကယ်တော့ သူဖန်တီးထားသော မဟာမိတ်အဖွဲ့အပေါ် သူသည် အထူးတလည် မျှော်လင့်ထားခြင်း မရှိပေ။
၎င်းတို့သည် ကျင့်စဉ်ကို ပြန့်ပွားစေရန်နှင့် မိမိ၏ အကျပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အသုံးချခံ ရုပ်သေးများသာ ဖြစ်ကြကုန်၏။
ပိုင်မျိုးနွယ်စုကပင် ဖြန့်ဝေသည်ဖြစ်စေ၊ လီ-ကျောက် မဟာမိတ်ကပင် ဖြန့်ဝေသည်ဖြစ်စေ သူ၏အတွက်မူ ဘာမျှ ခြားနားမှု မရှိချေ။
ပြောရလျှင်
လီနှင့် ကျောက်တို့သည် သူ့အတွက် ကျင့်စဉ်ကို ကူညီဖြန့်ဝေပေးနေခြင်းမှာ ပို၍ပင် ကောင်းမွန်နေသေး၏။
ယခုအချိန်တွင် လီ-ကျောက် မဟာမိတ်အဖွဲ့ဝင် အများစုသည် ထိုကျင့်စဉ်ကို စတင်ကျင့်ကြံနေကြပြီဖြစ်ကြောင်း သူ ခန့်မှန်းမိပေ၏။
ထိုမျိုးနွယ်စုများ၏ ကံကြမ္မာမှာ သူ၏လက်
ဝယ်သို့ ရောက်ရှိနေပြီ ဖြစ်သတည်း။
၎င်းတို့သည် မိမိကို ရန်စရဲပါက ဝန်လေးခြင်းမရှိဘဲ ခြိမ်းခြောက်ခြင်း သို့မဟုတ် သုတ်သင်
ခြင်းများကို ပြုလုပ်နိုင်ပေ၏။
ပိုင်မျိုးနွယ်စု မဟာမိတ်အတွင်းရှိ လူများမှာလည်း ထို့အတူပင် ဖြစ်ကြ၏။ ၎င်းတို့သည် သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့သလို၊ ၎င်းတို့ကို သုံးစားရန်လည်း သိပ်မလိုတော့ပေ။
သို့သော် ယခုမူ
၎င်းတို့ကို ပိုမိုကောင်းမွန်စွာ အသုံးချနိုင်တော့မည် ဖြစ်ပေ၏။
အကယ်၍ သူသည် ထိုနာကျည်းမှုများကို စနစ်တကျ ပုံဖော်ကာ တူညီသော ရည်မှန်းချက်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့လျှင် သူ၏ လှည့်ကွက်များကို ထုတ်ဖော်ပြသရန်ပင် မလိုတော့ဘဲ ထိုမျိုးနွယ်စုများသည် လီ-ကျောက် မဟာမိတ်ကို အလိုလို တိုက်ခိုက်လာကြလိမ့်မည် ဖြစ်ပေသည်။
ပိုင်ကျီဟန်၏ အပြုံးသည် ပိုမိုကျယ်ပြန့်လာကာ အေးစက်သော ကျေနပ်အားရမှုများ ပြည့်နှက်နေတော့၏။
"ဒါက” သူကပြောလေ၏ “ငါတို့အတွက် အကောင်းဆုံး အခြေအနေပဲ”