အငြင်းပွားမှုများ အရှိန်မြင့်လာခြင်း
Vol. 30 Ch. 449
ကောင်းကင်အင်ပါယာကြီးမှာ လျင်မြန်စွာပင် နှစ်ခြမ်းကွဲသွားခဲ့လေပြီ။
တစ်ဖက်က ပိုင်မျိုးနွယ်စုတွင် ရပ်တည်နေပြီးအခြားတစ်ဖက်ကမူ လီ-ကျောက် မဟာမိတ် ကို ထောက်ခံအားပေးကြသည်။
ထိုအုပ်စုနှစ်ခုလုံးထဲသို့ တရားဝင်မဝင်ရောက်သေးသူများပင်လျှင် မည်သူက အင်ပါယာကို အုပ်ချုပ်ရန် ပို၍သင့်တော်သနည်းဟူသည့်အပေါ် ပြင်းထန်သော သဘောထားကွဲလွဲမှုများ ရှိနေကြသည်။
တစ်ချိန်က ရင်းနှီးခဲ့ကြသော မိတ်ဆွေများပင်လျှင် ရပ်တည်ချက်မတူညီတော့သဖြင့် တဖြည်းဖြည်း ရန်သူများအဖြစ် ပြောင်းလဲကုန်ကြ၏။
အတိတ်က မည်မျှပင် သံယောဇဉ်ကြီးခဲ့ပါစေ၊ အရေးမကြီးတော့ဘဲ သူတို့ရွေးချယ်လိုက်သော ဘက်တော်သားအပေါ်မူတည်သည့် အနာဂတ်ကသာ အဓိကဖြစ်လာခဲ့သည်။
ပိုင်မျိုးနွယ်စုဘက်မှ လီ-ကျောက် မဟာမိတ်ကို ကိုယ်ကျင့်တရားမဲ့သော သူခိုးများဟု စွပ်စွဲကြပြီး လီ-ကျောက် မဟာမိတ်ဘက်ကမူ ထိုစွပ်စွဲချက်အားလုံးကို ငြင်းဆိုသည်။
အချို့ကမူ ပိုင်မျိုးနွယ်စုကသာ သူတို့၏ ကျင့်စဉ်များကို ခိုးယူပြီး သူတို့ကိုယ်ပိုင်သဖွယ် ဖြန့်ဝေနေခြင်းဖြစ်သည်ဟု ပြန်လည်စွပ်စွဲကြရာ ပိုင်မျိုးနွယ်စု မဟာမိတ်များ၏ ဒေါသကို ပို၍ပင် မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။
အက်ကြောင်းများ နက်ရှိုင်းလာသည်နှင့်အမျှ စကားလုံးများဖြင့် မလုံလောက်တော့ပေ။
အင်ပါယာအနှံ့အပြားတွင် အုပ်စုနှစ်ခုကြား ပဋိပက္ခများ စတင်ပေါ်ပေါက်လာသည်။
အစပိုင်းတွင် သေးငယ်သော ကိစ္စများသာ ဖြစ်သည်။
အငြင်းပွားမှု၊ စားပွဲဝိုင်းများ ရိုက်ခွဲမှုသာ
သို့သော် နောက်ပိုင်းတွင်မူ အရှိန်မြင့်လာခဲ့၏။
အချို့သော မျိုးနွယ်စုများသည် လီ-ကျောက် မဟာမိတ်နှင့် ဆက်နွှယ်သူများကို သူတို့နယ်မြေအတွင်း ပေးမဝင်တော့သလို၊ ပိုင်မျိုးနွယ်စုဘက်တော်သား ဂိုဏ်းအချို့ကလည်း လီ-ကျောက် မဟာမိတ်မှ လာသော တပည့်များကို ဂိုဏ်းမှ ထုတ်ပယ်ပစ်ခဲ့ကြသည်။
အခြေအနေကဆိုးဝါးလာချေသည်။
နတ်ဆိုးစစ်ပွဲအပြီးတွင် ငြိမ်းချမ်းရေးကို မျှော်လင့်ခဲ့ကြသော်လည်း ယခုမူ ပြည်တွင်းစစ်ရိပ်စစ်ငွေ့များကြားတွင် ပိတ်မိနေကြရရှာသည်။
အင်ပါယာ အစောင့်တပ်ဖွဲ့များသည် အကြိမ်ကြိမ် ဝင်ရောက်ထိန်းသိမ်းသော်လည်း အင်အားမလောက်မင ဖြစ်နေသည်။
နေရာတစ်ခုတွင် ငြိမ်သက်သွားတိုင်း အခြားနှစ်နေရာတွင် ပဋိပက္ခသစ်များ ထပ်မံပေါက်ဖွားလာနေသည်။ ရန်ပွဲများသည် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေသော ထမင်းစားရေသောက်ကိစ္စသဖွယ် ဖြစ်လာတော့သည်။
ဤကဲ့သို့သော မြင်ကွင်းများမှာ ထပ်တလဲလဲ ဖြစ်ပေါ်နေ၏။
မြို့အနှံ့
ဂိုဏ်းအနှံ့
မျက်နှာသစ်များ
အကြမ်းဖက်မှုများသည် တိုက်ဆိုင်မှုဟုပင် ပြော၍မရနိုင်လောက်အောင် စိပ်လာခဲ့သည်။
ဤအတောအတွင်း
အင်ပါယာတော်ဝင်မိသားစုကမူ နှုတ်ဆိတ်နေဆဲပင်။
သူတို့သည် ထိန်းထိန်းသိမ်းသိမ်းရှိကြရန်နှင့် သဟဇာတဖြစ်ကြရန်သာ တိုက်တွန်းနှိုးဆော်သည်။
ဖျန်ဖြေရေးသမားများကို စေလွှတ်ကာ နှစ်ဖက်လုံးကို စိတ်အေးအေးထားရန် ပြောကြားကြ၏
သို့သော်လည်း ပြဿနာ၏ အရင်းအမြစ်ကိုမူ မဖြေရှင်းပေ။
လီ-ကျောက် မဟာမိတ်ကိုဖြစ်စေ၊ ပိုင်မျိုးနွယ်စုကိုဖြစ်စေ ပြစ်တင်ရှုတ်ချခြင်း လုံးဝမပြုပေ။
ဤနည်းဖြင့် သူတို့သည် ကြားနေစွမ်းအားစုကြီးအဖြစ် ပုံရိပ်ကို ထိန်းသိမ်းထားကြသည်။
သို့သော် အလုံးစုံ ဖုံးကွယ်၍တော့ မရနိုင်ပေ။
စည်းကမ်းသတ်မှတ်ချက်များ ဝေဝါးနေသည့် အငြင်းပွားမှုမျိုးတွင် တော်ဝင်မိသားစု၏ ဆုံးဖြတ်ချက်မှာ တစ်ဖက်သို့ အနည်းငယ် ယိမ်းယိုင်နေတတ်သည်။
အထင်အရှား စွပ်စွဲ၍မရသော်လည်း
သိသိသာသာပင် တစ်ဖက်သတ် ဆန်နေတတ်၏။
ပိုင်မျိုးနွယ်စုနှင့် လီ-ကျောက် မဟာမိတ်တို့ ပဋိပက္ခဖြစ်တိုင်း
ဘက်လိုက်တတ်သည်။
အနည်းငယ်သာ
တရားသူကြီးများနှင့် အစောင့်တပ်များသည် လီ-ကျောက် ဘက်တော်သားများကို မျက်နှာသာပေးဆုံးဖြတ်တတ်သဖြင့်
လူအများကြား သံသယများ မြင့်တက်လာသည်။
သို့သော် တစ်ခါတစ်ရံတွင်မူ ပိုင်မျိုးနွယ်စုဘက်ကိုလည်း အနိုင်ပေးတတ်ပြန်ရာ တော်ဝင်မိသားစု၏ ရပ်တည်ချက်ကို မည်သူမျှ အသေအချာ မခန့်မှန်းနိုင်ကြပေ။
မည်သို့ပင်ဖြစ်စေ၊ လောလောဆယ်တွင် အောက်ခြေမျိုးနွယ်စုလေးများနှင့် အရေးမပါသော လူများသာ လူသိရှင်ကြား တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ထိပ်သီးပိုင်းများဖြစ်သော လီ၊ ကျောက် နှင့် ပိုင်မျိုးနွယ်စုတို့မှာမူ လှုပ်ရှားမှုမရှိသေးပေ။
ဆယ်စုနှစ်ပေါင်းများစွာ ရန်ဘက်ဖြစ်ခဲ့ကြသူများဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အထင်အရှား ရန်လိုခြင်းမရှိကြသည်မှာ ထူးဆန်းလှသည်။
သို့သော် လူတိုင်းသိကြသည်မှာ
၎င်းသည် ဆက်ဆံရေးကောင်းမွန်သွားလို့မဟုတ်ပေ
မုန်တိုင်းမလာခင် ငြိမ်သက်နေခြင်းသာ ဖြစ်၏
မြို့တော်နှင့် မနီးမဝေးရှိ စည်ကားလှသော မြို့တစ်မြို့၏ လမ်းမထက်တွင် လူငယ်နှစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။
နှစ်ဦးလုံးမှာ ကျင့်ကြံသူများဖြစ်ကြ၏
အသက် ၂၀ ဝန်းကျင်ခန့်သာ ရှိသေးသည်။
လူငယ်ပီပီ မာနထောင်လွှားမှုများက သူတို့ထံမှ သိသိသာသာ စီးထွက်နေ၏။
တစ်ဦးက ခါးတွင် ပိုင်မျိုးနွယ်စု၏ အမှတ်အသားပါသော ဝတ်ရုံကို ဆင်မြန်းထားသည်။
အခြားတစ်ဦးကမူ လီ-ကျောက် မဟာမိတ်နှင့် ဆက်နွှယ်သော ဂိုဏ်းတံဆိပ်ကို လက်မောင်းတွင် ဂုဏ်ယူစွာ ထိုးနှံထားသည်။
သူတို့၏ အငြင်းပွားမှုမှာ စကားလုံးများဖြင့် စတင်ခဲ့သည်။
အမြဲတမ်းလည်း ထိုအတိုင်းပင်။
"သူခိုးဖြစ်ပြီးတော့မှ ဂုဏ်ယူနေသေးတာလား၊ လီ-ကျောက် မဟာမိတ်က လူတွေဆိုတော့လည်း ထုံးစံအတိုင်းပါပဲ”
အခြားတစ်ဦးက အေးစက်စွာ ပြန်လည်
တုံ့ပြန်သည်။
"ဟွန့်၊မင်းတို့မှာ ဘာသက်သေမှမရှိဘဲ လျှောက်စွပ်စွဲနေတာပဲ။"
အသံများ ကျယ်လောင်လာ၏
ချီအရှိန်အဝါများ လှုပ်ခတ်လာသည်။
လမ်းသွားလမ်းလာများကလည်း ဝိုင်းအုံကြည့်ရှုနေကြပြီး ဤကဲ့သို့ မြင်ကွင်းမျိုးကို အကြိမ်ကြိမ် မြင်ဖူးသော်လည်း လူများက မရိုးနိုင်ကြပေ။
အမှန်စင်စစ် သူတို့သည် ဤရန်ပွဲများကို ဖျော်ဖြေရေးတစ်ခုသဖွယ် ကျင့်သားရနေကြပြီဖြစ်သည်။
သာမန်လူများအတွက်မူ မဟာမိတ်အဖွဲ့နှစ်ခုကြားက ကွာခြားချက်ကို နားလည်ရန် မလိုဘဲ သူတို့အတွက်မူ နှစ်ဖက်လုံးမှာ အလွန်အမင်း အင်အားကြီးသည့် အဖွဲ့အစည်းများသာ ဖြစ်သည်။
မည်သူက အာဏာရရ သူတို့ဘဝက ထူးခြားသွားမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ၊ ဖြစ်လာတော့မည့် ရန်ပွဲကို ကြည့်ရှုရန် အခွင့်အရေးကိုတော့ လက်လွှတ်မခံကြပေ။
ပိုင်မျိုးနွယ်စုဘက်တော်သား လူငယ်သည်စက်ဆုပ်ရွံရှာသော မျက်လုံးများဖြင့် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။
လီ-ကျောက် ဘက်တော်သားကလည်း မလျော့သော အမူအရာဖြင့် တုံ့ပြန်သည်။
"ဟေး ကြည့်စမ်း! အဲဒါ ဖေချီယန် နဲ့ ကျွမ်းခိုင်ယုမလား”
"သူတို့ တိုက်တော့မှာလား?"
လူအုပ်ကြီး စိတ်လှုပ်ရှားနေရခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။
ထိုနှစ်ဦးသည် အမည်မသိ ကျင့်ကြံသူများ မဟုတ်ကြပေ
ပိုင်မျိုးနွယ်စုဘက်တော်သား ဖေချီယန် မှာ ဤမြို့တွင် ထွန်းသစ်စ ပါရမီရှင်တစ်ဦးအဖြစ် လူသိများသူဖြစ်ပြီး အသက်နှစ်ဆယ် မပြည့်မီမှာပင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိခဲ့သူဖြစ်သည်။
ပိုင်မျိုးနွယ်စု မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ပြီးနောက်ပိုင်း သူ၏ကျင့်ကြံဆင့်သည် အကြိမ်ကြိမ် ခုန်ပျံကျော်လွှားတက်လှမ်းခဲ့ကာ ယခုအခါ ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုကြသည်။
လာမည့် နဂါးနှင့်ဖီးနစ် ပြိုင်ပွဲတွင် သူသည် ထိပ်သီးအယောက် ၂၀ စာရင်းဝင်နိုင်
လိမ့်မည်ဟုပင် သတင်းကြီးနေသူ ဖြစ်၏။
လီ-ကျောက် မဟာမိတ်ဘက်တော်သားမှာလည်း အားမနည်းပေ။
သူသည် ကျွမ်းခိုင်ယုဖြစ်ပြီး လူသိရှင်ကြား စိန်ခေါ်ပွဲများနှင့် တိုက်ပွဲများစွာတွင် အနိုင်ယူကာ နာမည်ကျော်ကြားလာခဲ့သည့် ဂိုဏ်း၏ ထင်ရှားသော တပည့်တစ်ဦးဖြစ်သည်။
လီ-ကျောက် မဟာမိတ်အဖွဲ့သို့ ဝင်ပြီးကတည်းက ရှားပါးဆေးလုံးများနှင့် အဆင့်မြင့် မြေကမ္ဘာအဆင့်ကျင့်စဉ်များ၏ အထောက်အပံ့ကြောင့် သူ၏ကျင့်ကြံအဆင့်မှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။
ထို့ကြောင့် ဤကဲ့သို့သော ထင်ရှားသည့် လူငယ်နှစ်ဦး လမ်းလယ်ခေါင်တွင် အကြီးအကျယ် စကားများကာ တိုက်ခိုက်တော့မည့်အရေးကို သာမန်လူများအပါအဝင် လူအများက ဝိုင်းအုံကြည့်ရှုနေကြခြင်းမှာ မဆန်းပေ။
"သူတို့ပဲ..."
"ဖေချီယန်က သုံးနှစ်အတွင်းမှာ နှစ်ဆင့်တောင် အဆင့်တက်သွားတယ်လို့ ကြားတယ်"
"သူက အပြင်စည်းတပည့် ဖြစ်နေတုန်းကတည်းက အတွင်းစည်းတပည့်တစ်
ယောက်နဲ့ အဆင့်တူ တိုက်နိုင်ခဲ့တာတဲ့"
"ဒါကြောင့်လည်း သူတို့က ဒီလောက် မာနကြီးနေတာပေါ့"
ကြည့်ရှုသူများအတွက်မူ ဤသည်မှာ သာမန်လမ်းဘေးရန်ပွဲ မဟုတ်ပေ။
ကြီးကျယ်သော မြင်ကွင်းတစ်ခုပင်။
ပါရမီရှင်နှစ်ဦး၏ အားပြိုင်ပွဲပင် ဖြစ်သည်။
ဖေချီယန်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ ဝိညာဉ်ချီသည် လှိုင်းတံပိုးတစ်ခုကဲ့သို့ အပြင်သို့ လွင့်စင်ထွက်လာသည်။
ကျွမ်းခိုင်ယုကလည်း လျော့မပေးဘဲ သူ၏ ချီအရှိန်အဝါကို ထုတ်ဖော်လိုက်ရာ သူတို့နှစ်ဦးကြားရှိ လေထုမှာ တုန်ခါသွားတော့သည်။
ဝုန်းးး
ပထမဆုံး ထိုးနှက်ချက်နှင့်အတူ တင်းမာမှုများ ပေါက်ကွဲထွက်သွားသည်။
သူတို့၏ လက်သီးများ ထိပ်တိုက်တွေ့ဆုံရာမှ ဝိညာဉ်ချီများ ပြင်းထန်စွာ ပွင့်ထွက်လာ၏။
ခြေဖဝါးအောက်ရှိ ကျောက်ပြားများ အက်ကွဲသွားချေသည်။
ထွက်ပေါ်လာသော အရှိန်လှိုင်းများကြောင့် အနီးနားရှိ သာမန်လူများမှာ နောက်သို့ လွင့်ထွက်သွားကြရသည်။
"ဟက်... မင်းရဲ့ အစွမ်းက ဒီလောက်ပဲလား?"
ဖေချီယန်က လှောင်ပြောင်ရင်း နောက်သို့ အနည်းငယ် ဆုတ်ကာ အသာအယာ ပြန်လည် တည်ငြိမ်အောင် လုပ်လိုက်သည်။
"ဒါက ငါ့အင်အားရဲ့ တစ်ဆယ်ရာခိုင်နှုန်းပဲ ရှိသေးတယ်၊ မင်းကို တစ်ချက်တည်းနဲ့ သတ်မပစ်လိုက်တာ ကံကောင်းတယ်မှတ်”
ကျွမ်းခိုင်ယုက မာနအပြည့်ဖြင့် ပြန်လည် အော်ဟစ်လိုက်သည်။
သူတို့နှစ်ဦး ထပ်မံ တိုက်ခိုက်ကြပြန်သည်။
ထပ်မံတိုက်လေ၏
နှစ်ဦးလုံးသည် အစွမ်းကုန် ထုတ်သုံးနေကြပြီး တစ်ဖက်လူကို အသက်ဘေးအန္တရာယ် ပေးနိုင်သည်အထိ ရည်ရွယ်ထားကြသည်။
လမ်းမပေါ်တွင် ပင့်ကူအိမ်သဖွယ် အက်ကြောင်းများ ပေါ်လာ၏။
ဆိုင်ခန်းများ မှောက်ခုံဖြစ်ကုန်၏ နံရံများ ပြိုကျပျက်စီးသွားသည်။
ကြည့်ရှုနေသော လူအုပ်ကြီးမှာမူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်အားပေးနေကြသည်။
၎င်းသည် သူတို့ လာကြည့်ချင်သည့် မြင်ကွင်းမျိုးပင်။
မကြာမီမှာပင် လူအုပ်ကြားထဲမှ ရင်းနှီးသော ပုံရိပ်များ တိုးဝှေ့ထွက်လာကြသည်။
သူတို့မှာ စီနီယာအစ်ကိုတစ်ဦး ဦးဆောင်လာသော ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြသည်။
"ရပ်စမ်း၊ ကျွမ်းခိုင်ယု”
"ဖေချူယန်... မင်း ဘာလုပ်နေတာလဲ?"
စီနီယာအစ်ကိုများက သွေးကြွနေသော လူငယ်နှစ်ဦးကို တားဆီးလိုက်ကြသည်။
အစပိုင်းတွင် လူအများက ရန်ပွဲကို ဖျန်ဖြေပေးမည်ဟု ထင်မှတ်ခဲ့ကြ၏
သို့သော်လည်း ထိုလူငယ်နှစ်ဦးက သူတို့၏ စီနီယာအစ်ကိုများ နားထဲသို့ တိုးတိုးတိတ်တိတ် တစ်ခုခု ပြောလိုက်သည့်အခါ တားဆီးရန် လာသူများ၏ မျက်နှာများ ပျက်သွားပြီး တစ်ဖက်လူကို စိုက်ကြည့်ကာ ဒေါသထွက်လာကြသည်။
"မင်းတို့က ငါတို့လူကို လက်ဖျားနဲ့တောင် ထိရဲတယ်ပေါ့?”
"ငါတို့ကို အရှုံးသမားတွေလို့ ထင်နေတာလား၊ တောင်းပန်စမ်း”
"မင်းတို့ကသာ အရင်တောင်းပန်ရမှာ”
ဒေါသမီးများ ချက်ချင်း တောက်လောင်လာပြီး မည်သူကမျှ လျှော့မပေးလိုကြပေ။
အခြေအနေကို ငြိမ်သက်အောင် လုပ်မည့်အစား အသစ်ရောက်လာသူများက သူတို့ခေါင်းဆောင်များ နောက်တွင် အစီအရင်ဖြင့် နေရာယူလိုက်ကြပြီး ဝိညာဉ်ချီများမှာလည်း တစ်လွှာပြီးတစ်လွှာ ဆင့်တက်လာတော့သည်။
ပိုင်မျိုးနွယ်စုဘက်တော်သား တပည့်တစ်ဦးသည် ရှေ့သို့ တိုးလာပြီး အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"တောင်းပန်စမ်း၊ ငါတို့ မဟာမိတ်အဖွဲ့ကို စော်ကားပြီး ငါတို့စီနီယာကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့အတွက် အခုချက်ချင်း တောင်းပန်”
လီ-ကျောက် တပည့်များကလည်း တင်းခနဲ ဖြစ်သွားသည်။ အခြားတစ်ဦးက ရှေ့ထွက်ကာ နှာခေါင်းရှုံ့ရင်း
"တောင်းပန်ရမယ်? ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာကိုလား? မင်းတို့တွေကသာ ဒူးထောက်သင့်တာ”
နှစ်ဖက်လုံးက မည်သို့လျှင် ဤကဲ့သို့ အရှက်ခွဲမှုကို လက်ခံနိုင်ပါမည်နည်း။
အထူးသဖြင့်
ဤကဲ့သို့ လူအများ ဝိုင်းကြည့်နေသည့်အချိန်
မိမိတို့ မဟာမိတ်အဖွဲ့၏ ဂုဏ်သိက္ခာကို ပခုံးပေါ် ထမ်းတင်ထားချိန်မျိုးတွင်ဖြစ်သည်။
ခေတ္တမျှ ထိန်းထားနိုင်သော စိတ်ရှည်မှုများမှာ အကုန်အစင် ပျက်စီးသွားတော့သည်။
တစ်ဦးချင်း တိုက်ပွဲမှသည် ရုန်းရင်းဆန်ခတ် ပဋိပက္ခကြီးအဖြစ်သို့ ပေါက်ကွဲထွက်သွား၏။
ချီကျင့်စဉ်များ ဖြာထွက်လာ၏ ဓားသွားများ ဝင့်ကာ မှော်စာလုံးများသည်လည်း လေထုထဲတွင် ပေါက်ကွဲနေသည်။
လမ်းတစ်လျှောက် အော်ဟစ်သံများ ဖုံးလွှမ်းသွားပြီး နှစ်ဖက်လုံးက ရှေ့သို့ အလုံးအရင်းဖြင့် တိုးဝင်ကြသည်။
ဘေးကင်းရာမှ ကြည့်နေကြသော လူအုပ်ကြီးမှာလည်း ထိန်းမနိုင်သိမ်းမရ ဖြစ်လာသော တိုက်ပွဲကြောင့် နောက်သို့ အလုအယက် ဆုတ်ခွာကြရတော့သည်။
ဒဏ်ရာရရုံနှင့် ပြီးဆုံးရမည့် ပါရမီရှင်နှစ်ဦး၏ ရန်ပွဲမှာ ယခုမူ အပြည့်အဝ ထိပ်တိုက်ရင်ဆိုင်မှုကြီး ဖြစ်သွားခဲ့ချေပြီ။
သေးငယ်သော အငြင်းပွားမှုလေးမှသည် မဟာမိတ်နှစ်ဖက်လုံးနှင့် ဆက်စပ်သူများပါ ပါဝင်လာသည့် တိုက်ပွဲကြီး ဖြစ်သွားခဲ့သည်။
"ရပ်ကြစမ်း”
အင်ပါယာ အစောင့်တပ်ဖွဲ့များ ရောက်ရှိလာချိန်တွင် လူအတော်များများ ဒဏ်ရာရနေကြပြီဖြစ်သည်။
အစောင့်တပ်ဖွဲ့များက ကျွမ်းကျင်စွာပင် တိုက်ခိုက်နေသူများကို ခွဲထုတ်လိုက်ကြသည်။
သို့သော် ထို့နောက်တွင် ဖြစ်ပျက်လာသည့် အရာများကမူ... အခြေအနေကို ပို၍ ပေါ်လွင်စေခဲ့သည်။
ပိုင်မျိုးနွယ်စုဘက်တော်သား လူငယ်များကိုမူ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပြီး သတိပေးမှုများ ပြုလုပ်ကာ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန် ဖိအားပေးသည်။
လီ-ကျောက် ဘက်တော်သားများကိုမူ ဦးစွာ ခေါ်ဆောင်သွားကြ၏
သူတို့၏ ဒဏ်ရာများကို ဆေးကုသပေးကာ သူတို့၏ ရှင်းပြချက်များကို ပို၍ စိတ်ရှည်စွာ နားထောင်ပေးခဲ့သည်။
မည်သည့်ဥပဒေကိုမျှ အတိအလင်း ချိုးဖောက်ခြင်း မရှိပေ။
ချက်ချင်း ကန့်ကွက်ရလောက်အောင် မတရားသော ဆုံးဖြတ်ချက်မျိုးလည်း မဟုတ်ပေ။
သို့သော် သေချာ ဂရုစိုက်ကြည့်သူတိုင်းမှာမူ ပုံစံတစ်ခုကို သတိပြုမိကြသည်။ အင်ပါယာ အစောင့်တပ်ဖွဲ့များသည် လီ-ကျောက် မဟာမိတ်အဖွဲ့ကို တစ်ဖက်သတ် မျက်နှာသာ ပေးနေကြပြန်ပြီဖြစ်သည်။