← Chapters

ကောင်းကင်ဓားဂိုဏ်း ပြိုကွဲခြင်း

Vol. 30 Ch. 451

ကောင်းကင်ဓားဂိုဏ်း ပြိုကွဲခြင်း

Vol. 30 Ch. 451

ကောင်းကင်အင်ပါယာ အတွင်းသို့ ပရမ်းပတာ အခြေအနေများ တဖြည်းဖြည်း ကျရောက်လာနေချိန်တွင်၊ အခြားတစ်နေရာ၌မူ ငရဲအလား ရုတ်ရုတ်သဲသဲ ဖြစ်ပျက်နေလေပြီ။

တစ်ချိန်က ကောင်းကင်ဓားဂိုဏ်းသည် အေးချမ်းတည်ငြိမ်မှုကြောင့် ကျော်ကြားခဲ့သည်။

၎င်းသည် ရည်မှန်းချက်နောက် လိုက်ခြင်းထက် စည်းကမ်းဖြင့် ဓားသွားကို သွေးရာနေရာဖြစ်ပြီး အငြင်းပွားမှုများကို အုပ်စုဖွဲ့ အော်ဟစ်ခြင်းဖြင့် မဟုတ်ဘဲ တရားမျှတသော ယှဉ်ပြိုင်မှုများဖြင့်သာ ဖြေရှင်းလေ့ရှိသည့် နေရာဖြစ်သည်။

သို့သော် ထိုကောင်းကင်ဓားဂိုဏ်းသည် ယခုအခါ ထိုသို့ မရှိတော့ပြီ။

မိစ္ဆာတပ်ဖွဲ့များနှင့် စစ်ပွဲပြီးဆုံးချိန်မှစ၍ ဂိုဏ်းသည် တိတ်တဆိတ်သော်လည်းကောင်း၊သိသိသာသာ သော်လည်းကောင်း အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့သည်။

အကြီးအကဲ ဟန်နှင့် ဂိုဏ်းချုပ်ဆန့်ကျင်ရေး အုပ်စုတို့သည် ထျန်းယုဟမ်ကို ရာထူးမှ ဖယ်ရှားရန် စတင်တွန်းအားပေးကတည်းက စည်းလုံးမှုမှာ အက်ကြောင်းထင်နေခဲ့ခြင်း ဖြစ်သည်။

ပိုင်မျိုးနွယ်စုနှင့် လီ-ကျောက် မဟာမိတ် အကြား တပည့်များက တစ်ဖက်စီ ရွေးချယ်လာကြသောအခါ ထိုအက်ကြောင်းမှာ ပိုမိုကြီးမားလာခဲ့သည်။

အတွင်းစည်းခန်းမများသည် ခွဲခြားထားသော နေရာများ ဖြစ်လာ၏ လေ့ကျင့်ရေး ကွင်းပြင်များတွင်ပင် တင်းမာမှုများမှာ ထိတွေ့၍ရလောက်အောင်ပင် ပြင်းထန်နေတော့သည်။

ဂိုဏ်းအပေါ် ထားရှိသည့် လေးစားမှုမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လူအများစုမှာ မိမိတို့သည် ဂိုဏ်းတူညီအစ်ကိုများ ဖြစ်သည်ဆိုသည်ထက် မည်သည့်မဟာမိတ်အုပ်စုတွင် ပါဝင်သလဲဆိုသည်ကိုသာ ပို၍ အရေးစိုက်လာကြသည်။

အကြောင်းရင်းမှာ ထင်ရှားလှ၏။

တစ်ချိန်က သန့်စင်ပြီး အစွမ်းထက်သည်ဟု ချီးကျူးခံခဲ့ရသော ကောင်းကင်ဓားဂိုဏ်း၏ ကျင့်စဉ်မှာ ခေတ်နောက်ကျ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

အဓိကအဆင့် တပည့်များအတွက်သာ သီးသန့်ထားရှိပြီး မြေကမ္ဘာအဆင့် ရှိသည်ဟု ကောလာဟလ ထွက်ခဲ့သော ကျင့်စဉ်ပင်လျှင် ပိုင်မျိုးနွယ်စုနှင့် လီ-ကျောက် မဟာမိတ်တို့တွင် ပျံ့နှံ့နေသော အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်များနှင့် ယှဉ်လျှင် ဖျော့တော့လွန်းလှသည်။

နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။

တစ်ဖက်က တည်ငြိမ်မှု၊ ရိုးရာနှင့် ဂုဏ်သိက္ခာကို ပေးသည်။

အခြားတစ်ဖက်ကမူ အစွမ်းထက်မှုကို ပေးသည်။

ချက်ချင်းလက်ငင်း ရရှိမည့် လွှမ်းမိုးချုပ်ကိုင်နိုင်သော အစွမ်းမျိုး ဖြစ်သည်။

ဤသို့သော ရွေးချယ်မှုနှင့် ရင်ဆိုင်ရသောအခါ တပည့်များစွာသည် မိမိကိုယ်ကိုယ် တားမြစ်ထားသော မေးခွန်းတစ်ခုကို မေးလာကြသည်။

ငါတို့က ဘာလို့ အဓိက အဆင့်တပည့် ဖြစ်အောင် ကြိုးစားနေရဦးမှာလဲ?"

မှန်ပါသည်၊ ဂိုဏ်းက ဆေးလုံးများ ထောက်ပံ့ပေးနေဆဲဖြစ်သည်။

ဖြည့်စွက်ဓားသိုင်းများနှင့် အမွေအနှစ် လက်စွဲကျမ်းများ ရှိနေသေးသည်။

သို့သော် တပည့်အများစုအတွက်မူ ထိုအရာများသည် မလုံလောက်တော့ပေ။

တစ်ချိန်က မိမိတို့ထက် နိမ့်ပါးခဲ့သော သက်တူရွယ်တူ ကျင့်ကြံသူများမှာ မှန်ကန်သောဘက်ကို ရွေးချယ်လိုက်ရုံဖြင့် အဆင့်အတန်းများ ခုန်တက်သွားသည်ကို မြင်နေရသောအခါ အပြင်စည်းတပည့်များ လေ့ကျင့်နေသော ကျင့်စဉ်များက အဓိကအဆင့်တပည့်များထက်ပင် များစွာ သာလွန်နေလေပြီ။

ထို့ကြောင့် မကျေနပ်မှုများမှာ ပိုမိုအမြစ်တွယ်လာခဲ့သည်။

ထိုမကျေနပ်မှုများကို ဦးဆောင်သူမှာ

အကြီးအကဲ ဟန် ပင် ဖြစ်သည်။

လုရွှမ်ယွမ်သည် ပိုင်ကျီဟန်ကိူ ရှုံးနိမ့်ပြီးနောက်ပိုင်း သူ၏အုပ်စု အင်အားကြီးထွားမှု နှေးကွေးသွား၏

သို့သော်လည်း အရှိန်အဝါမှာမူ လုံးဝဥဿုံ လွှမ်းမိုးထားနိုင်ဆဲ ဖြစ်သည်။

စစ်ပွဲပြီးကတည်းက အကြီးအကဲဟန်နှင့် သူ၏လူများသည် ရန်လိုမှုကို ဖုံးကွယ်မထားတော့ပေ။

၎င်းတို့သည် ဂိုဏ်းချုပ်၏ အမိန့်များကို ဗြောင်ကျကျ စိန်ခေါ်လာကြသည်။

ထျန်းယုဟမ်၏အာဏာကို လျစ်လျူရှု၏

သူ၏ စံတန်ဖိုးများကို လှောင်ပြောင်ကြသည်။

ဂိုဏ်းချုပ်၏ သြဇာမှာ မှေးမှိန်သွားပြီး သူ့အပေါ် လေးစားမှုမှာလည်း ပါးလျလာခဲ့သည်။

ဂိုဏ်းချုပ်ဆန့်ကျင်ရေး အုပ်စုသို့ ဝင်ရောက်ထားသူများ သို့မဟုတ် စိတ်ဝင်စားသူများ စုဝေးနေကြသည်။

အကြီးအကဲများ၊

အဓိကအဆင့်တပည့်များ၊

အတွင်းစည်းတပည့်များ

အပြင်စည်းတပည့်များပင် တံခါးဝတွင် ပြည့်နှက်နေပြီး စကားသံများကို နားစွင့်နေကြသည်။

အလယ်ဗဟိုတွင် အကြီးအကဲဟန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေပြီး သူ၏ အေးစက်သော အသံသည် ခန်းမအတွင်း ဟိန်းထွက်နေသည်။

"တည်ငြိမ်မှုနဲ့ သမိုင်းကြောင်း ဟုတ်လား?"

သူက အေးစက်စွာ ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်ထျန်းက တည်ငြိမ်မှုနဲ့ သမိုင်းကြောင်းဟာ ငါတို့ရဲ့ ကျင့်ကြံခြင်းကို တိုးတက်အောင် လုပ်ပေးနိုင်မယ့်အတိုင်း ပြောနေတာပဲ”

လူအုပ်ကြားတွင် တီးတိုးသံများ ထွက်ပေါ်လာသည်။

အကြီးအကဲဟန်က လှည့်ကြည့်ကာ တပည့်များကို ဝေ့ကြည့်လိုက်သည်။

"ပြောစမ်း... စစ်ပွဲအတွင်းမှာ မင်းတို့ထဲက ဘယ်နှစ်ယောက် အဆင့်တက်နိုင်ခဲ့လဲ?"

တိတ်ဆိတ်သွားသည်။

"ဒါဆို စစ်ပွဲပြီးကတည်းက တခြားမျိုးနွယ်စုက တပည့်တွေ မင်းတို့ကို ကျော်တက်သွားတာကိုရော ဘယ်နှစ်ယောက် မြင်ခဲ့ရလဲ?"

တိတ်ဆိတ်မှုက ပို၍ လေးလံလာသည်။

"ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘူး" အကြီးအကဲ ဟန်က အသံကို မြှင့်လိုက်သည်။ "ဒါက ရပ်တန့်နေတာပဲ”

သူက လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။

"ငါတို့ရဲ့ ကောင်းကင်ဓားဂိုဏ်းက ကောင်းကင်အင်ပါယာရဲ့ ထိပ်တန်းဂိုဏ်းတွေထဲက တစ်ခုပဲ”

သူ့အသံက ကျယ်လောင်နေ၏

"ဒါပေမဲ့ ငါတို့ ဘာလုပ်နေလဲ”

“ ငါတို့က ခေါင်းငုံ့နေကြတယ်”

“ယဉ်ယဉ်ကျေးကျေး ပြုံးပြနေကြတယ်”

“ခေတ်နောက်ကျနေတဲ့ ကျင့်စဉ်တွေကို ဖက်တွယ်ပြီး ဒါကို ဂုဏ်သိက္ခာလို့ ခေါ်နေကြတယ်”

သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

"တစ်ဖက်မှာတော့ ပိုင်မျိုးနွယ်စုက အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်တွေကို အမှိုက်တွေလို သဘောထားပြီး အလကား ဖြန့်ဝေနေတာပဲ”

ခန်းမအတွင်း ဒေါသလှိုင်းများ လှုပ်ခတ်သွားသည်။

"အဲဒါက ခွန်အားလား?"

"မဟုတ်ဘူး”

လူအုပ်က ပြိုင်တူအော်ဟစ်သည်။

"အဲဒါက ဂုဏ်သိက္ခာလား?"

"မဟုတ်ဘူး”

အကြီးအကဲ ဟန်၏ အသံမှာ အဆိပ်ကဲ့သို့ စူးရှသွားသည်။

"အဲဒါက အားနည်းသွားတာပဲ”

လူအုပ်က ပေါက်ကွဲထွက်လာ၏

“ထျန်းယုဟမ်က ပိုင်မျိုးနွယ်စုရဲ့ ဖိနပ်ကို လျက်ဖို့ပဲ သိတယ်။ သူဟာ အလကားပေးနေတဲ့ ကျင့်စဉ်ကိုတောင် ငါတို့အတွက် ရအောင် မယူပေးနိုင်ဘူး”

လူအုပ်ကြားတွင် ရှိုက်သံများနှင့်အတူ

အချို့က လက်သီးများကို တင်းတင်းဆုပ်ထားကြသည်။

အကြီးအကဲဟန်က လက်နှစ်ဖက်ကို ဆန့်လိုက်သည်။

"ငါတို့က ကောင်းကင်ဓားဂိုဏ်းပဲ”

“ဓားဆိုတာ ဒူးမထောက်ဘူး”

“ဓားဆိုတာ တောင်းပန်တိုးလျှိုး မနေဘူး”

“တကယ်လို့ ပိုင်မျိုးနွယ်စုက ငါတို့ထက် သာချင်တယ်ဆိုရင် သူတို့ ငါတို့ကို ကြောက်နေရမယ်”

မျက်နှာသာပေးတာကို မခံယူဘူး

သူတို့ဆီက အပြုံးကို မမျှော်လင့်ဘူး

ကောင်းကင်ဓားဂိုဏ်း တစ်ကျော့ပြန် ထကြွလာတာကိုပဲ သူတို့ ကြောက်ရွံ့စေရမယ်

သူ၏ စကားလုံးများသည် ခန်းမတစ်ခုလုံးကို မီးဟုန်းဟုန်းတောက်သွားစေသည်။

"ငါတို့က ဦးဆောင်ရမယ်၊ ငါတို့ဟာ ဘယ်သူ့ထက်မဆို ပိုမြင့်တဲ့နေရာကို ပျံတက်ရမယ်”

ခန်းမအတွင်းမှ လက်ခုပ်သံများသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားတော့သည်။

ပြင်းထန်ရက်စက်ပြီး အတားအဆီးမဲ့သော စကားလုံးများ ဖြစ်သည်။

အကြီးအကဲ ဟန်သည် လီ-ကျောက် မဟာမိတ် အကြောင်းကို တစ်ခွန်းတစ်ပါဒမျှ ထည့်မပြောခဲ့ပေ။

သူတို့၏ ထောက်ပံ့မှုအကြောင်းကိုလည်း မဟခဲ့ပေ။

သို့သော် အဆုံးသတ်တွင်မူ အားလုံးက အတူတူပင် ဖြစ်သည်။

အကြီးအကဲဟန်သည် ထျန်းယုဟမ်ကို ပိုင်မျိုးနွယ်စု၏ ဖိနပ်လျက်သူဟု စွပ်စွဲခဲ့သော်လည်း သူကိုယ်တိုင်မှာလည်း ထူးမခြားနားပေ။

ပိုင်မျိုးနွယ်စုကို ဖျက်ဆီးမည်၊ သူတို့အထက်သို့ တက်လှမ်းမည်ဟု ကြွေးကြော်နေသော်လည်း တကယ်တမ်းတွင်မူ သူသည်လည်း လီ-ကျောက် မဟာမိတ်၏ ခွေးတစ်ကောင်မျှသာ ဖြစ်လာပေလိမ့်မည်။

သူ၏ စကားလုံးများက မည်မျှပင် တရားမျှတဟန်ဆောင်ပါစေ၊ မည်မျှပင် ရည်မှန်းချက်ကြီးမားပါစေ... အနှစ်သာရမှာ အတူတူပင်။

ထျန်းယုဟမ်သည် ခန်းမအတွင်း ထားရှိထားသော သူ၏လူများမှတစ်ဆင့် အကြီးအကဲ ဟန်ပြောသမျှ စကားတိုင်းကို ကြားသိနေရသည်။

အကြီးအကဲဟန်က ထိုအချက်ကို သိသော်လည်း ဂရုမစိုက်တော့ပေ။

ထျန်းယုဟမ်သိနေသည်။

လူအများအပြားမှာ အကြီးအကဲ ဟန်၏ဘက်သို့ ပါသွားကြပြီဆိုသည်ကို။

သတင်းပေးပို့မှု ပြီးဆုံးသွားချိန်တွင် ထျန်းယုဟမ်သည် တိတ်ဆိတ်စွာ နားထောင်နေမိသည်။

နောက်ဆုံးစကားလုံးများက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်နေဆဲ.

ပိုင်မျိုးနွယ်စုရဲ့ ဖိနပ်ကို လျက်နေသည်

သူသည် သက်ပြင်းကို ဖြည်းညှင်းစွာ ချလိုက်သည်။

ဒေါသကြောင့် မဟုတ်ပေ

မောပန်းနွမ်းနယ်မှုကြောင့် ဖြစ်သည်။

ဤအချိန်တွင် ကောင်းကင်ဓားဂိုဏ်း၏ ခန်းမဆောင်ကြီးမှာ ဗလာကျင်းနေ၏။

အမွှေးတိုင်များသည် ကုန်ခါနီးဖြစ်နေပြီး ဓားစင်များမှာမူ အစီအရီ တည်ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကိုပင် ပြန်လည်အသိအမှတ် မပြုနိုင်တော့သည့် ဂိုဏ်းတစ်ခု၏ မပြောင်းလဲသော သက်သေများအလား။

"နောက်ဆုံးတော့ ဒီလိုအခြေအနေအထိ ရောက်လာခဲ့ပြီပေါ့..."

ထျန်းယုဟမ်သည် တိုးတိုးလေး ရေရွတ်လိုက်သည်။

သူ သိထားခဲ့သည်။ မသိဘဲ မနေချေ။

ကောင်းကင်အင်ပါယာသည် အင်အားစုကြီး နှစ်ခုဖြစ်သော ပိုင်မျိုးနွယ်စုနှင့် လီ-ကျောက် မဟာမိတ်ကြားတွင် တဖြည်းဖြည်း အပိုင်းပိုင်း ပြတ်နေပြီ ဖြစ်သည်။

အကြီးအကဲ ဟန်၏နောက်တွင် လီ-ကျောက် မဟာမိတ် ရှိမနေဘူးဟု တွေးမိပါက သူသည် လူမိုက်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။

အကြီးအကဲဟန်သည် လူမိုက်မဟုတ်ပေ။

သူသည် သစ္စာဖောက်မှုအကြောင်းကို ဗြောင်ကျကျ မပြောပေ။

လီ သို့မဟုတ် ကျောက် အမည်ကိုလည်း ထည့်မပြောခဲ့ပေ။

သို့သော် သူ၏ စကားလုံးတိုင်းသည် ဦးတည်ချက်တစ်ခုတည်းသို့သာ ညွှန်ပြနေသည်။

ပိုမြင့်ရာသို့ တက်လှမ်းရန်။ ဦးဆောင်မှုယူရန်။

ပိုင်မျိုးနွယ်စုကို ငါတို့အား ကြောက်ရွံ့စေရန်။

လှပပြီး ရည်မှန်းချက်ကြီးမားသော စကားလုံးများ

သို့သော်လည်း အမှန်တရားမှာမူ ထိုထက် များစွာ ရုပ်ဆိုးလှသည်။

ဂိုဏ်းတစ်ခုအနေဖြင့် ကောင်းကင်ဓားဂိုဏ်းသည် မည်သည့်ဘက်ကိုမျှ ဗြောင်ကျကျ သစ္စာခံ၍ မရနိုင်ပေ။ အကယ်၍ သူတို့၏ ကျင့်စဉ်ကို လုံးဝပြောင်းလဲလိုက်ပါက ဂိုဏ်း၏ ပင်ကိုယ်လက္ခဏာပျောက်ကွယ်သွားမည် မဟုတ်ပါလော? သို့သော် အစွမ်းထက်မှုနှင့် ရင်ဆိုင်ရသောအခါ သမိုင်းကြောင်းနှင့် ဂုဏ်သိက္ခာမှာ ဘာမျှ အဓိပ္ပာယ်မရှိတော့ပေ။ မျိုးနွယ်စုများနှင့် ဂိုဏ်းများစွာသည် ၎င်းတို့၏ မူလကျင့်စဉ်များကို စွန့်ပယ်ကာ ကောင်းကင်အမိန့်တော် တစ်သားတည်းဖြစ်

ခြင်း အတတ်သို့ ကူးပြောင်းကုန်ကြပြီ ဖြစ်သည်။

ထျန်းယုဟမ်က မျက်လုံးများကို မှိတ်လိုက်သည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားနေပါက သူသည် သူ၏ ရာထူးကိုသာမက

အသက်ကိုပါ ဆုံးရှုံးရပေလိမ့်မည်။

ထိုထက် ပိုဆိုးသည်မှာ သူသည် သူ၏ဂိုဏ်းကိုပါ ဆုံးရှုံးရတော့မည်။

အကယ်၍ အကြီးအကဲ ဟန်သာ ကောင်းကင်ဓားဂိုဏ်းကို ထိန်းချုပ်နိုင်သွားခဲ့လျှင် ဤဂိုဏ်းသည် လီမျိုးနွယ်စုနှင့် ကျောက်မျိုးနွယ်စုတို့၏ နောက်ထပ် ခွေးခြေဖဝါး နင်းသူတစ်ဦးအဖြစ် အမည်ပြောင်းလဲသွားရုံသာ ရှိတော့မည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ထျန်းယုဟမ်သည် မတ်တပ်ထရပ်လိုက်သည်။ "ငါလည်းပဲ ရှေးရိုးစွဲဝါဒတွေကို ဆုပ်ကိုင်ထားလို့ မရတော့ဘူး ထင်တယ်"

သူသည် အတွင်းခန်းမဆောင်ထဲသို့ လှမ်းဝင်သွားပြီး လျှို့ဝှက်အခင်းအကျင်းတစ်ခုကို အသက်သွင်းလိုက်သည်။

ဝိညာဉ်အလင်းတန်းများမှာ နံရံတစ်လျှောက် လှိုင်းထသွားပြီး ထိုနေရာကို ပြင်ပနှင့် လုံးဝအဆက်အသွယ် ဖြတ်တောက်လိုက်လေသည်။

ထိုအခါမှသာ သူသည် ကျောက်စိမ်းပြား တစ်ခုကို ထုတ်ယူလိုက်သည်။

သူ၏ လက်မသည် ထိုကျောက်စိမ်းပြားပေါ်တွင် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့၏။

ထို့နောက်

သူသည် သတင်းစကားကို ပေးပို့လိုက်တော့သည်။

အဝေးတစ်နေရာ၊ ပိုင်မျိုးနွယ်စုအတွင်း၌

ပိုင်ထျန်းဟမ်သည် မျိုးနွယ်စုအစီရင်ခံစာများကို စစ်ဆေးနေစဉ် သတင်းစကားကို လက်ခံရရှိလိုက်သည်။

ထျန်းယုဟမ်၏ အသံကို ခံစားမိလိုက်သည်နှင့် သူ၏မျက်မှောင်များ ကြုတ်သွားသည်။

"ထျန်းယုဟမ်လား?"

သူသည် ကျောက်စိမ်းပြားကို အသက်သွင်းလိုက်၏

ထျန်းယုဟမ်၏ တည်ငြိမ်သော်လည်း သိသိသာသာ မောပန်းနွမ်းနယ်နေသော အသံ ထွက်ပေါ်လာသည်။

"ပိုင်ထျန်းဟမ်... ငါ စကားအရှည်ကြီး မပြောတော့ဘူး။ ကောင်းကင်ဓားဂိုဏ်းကတော့ အစိတ်စိတ်အမွှာမွှာ ကွဲထွက်နေပြီ"

ပိုင်ထျန်းဟမ်၏ အမူအရာ တင်းမာသွားသည်။

"အကြီးအကဲ ဟန် ကြောင့်လား?"

"ဟုတ်တယ်”

ခဏတာ တိတ်ဆိတ်သွား၏

ထို့နောက် ထျန်းယုဟမ်သည် ပို၍ နှေးကွေးသော အသံဖြင့် ဆက်ပြောသည်။

"ကောင်းကင်ဓားဂိုဏ်းအနေနဲ့ ပိုင်မျိုးနွယ်စုကို သစ္စာခံဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ပိုင်ထျန်းဟမ် ဘာမျှပြန်မပြောဘဲ စောင့်ဆိုင်းနေလိုက်သည်။

"ဒါပေမဲ့ အခုတော့ ငါက လမ်းပိတ်နေတဲ့ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက”

ထျမ်းယုဟမ်အသံက တိုးသွားချေသည်။

“ငါနဲ့ ငါ့ဂိုဏ်းသားတွေအတွက် မင်းတို့ဆီမှာရှိတဲ့ အဆင့်မြင့် မြေကမ္ဘာအဆင့် ကျင့်စဉ်ကို ကျင့်ကြံခွင့်ရဖို့ ဖြစ်နိုင်မလား?”

ထိုစကားလုံးများသည် သူတို့နှစ်ဦးကြားတွင် လေးလံစွာ ပျံ့လွင့်နေသည်။

ပိုင်ထျန်းဟမ်သည် ထိုင်ခုံနောက်မှီကို မှီလိုက်၏

သူ၏လက်ချောင်းများဖြင့် လက်တန်းကို ခပ်ဖွဖွ တောက်နေမိသည်။

သူ၏ စိတ်ထဲတွင် အခြားအသံတစ်ခု ပေါ်လာသည်။

အကယ်၍ ထိုသူက ယုံကြည်ရသူဆိုလျှင် ကျင့်စဉ်ကို ပေးစရာမလိုပေ

ပိုင်ကျီဟန် ပြောခဲ့သော ထိုစကားကို ပိုင်ထျန်းဟမ် နားလည်သည်။

အဆင့်နိမ့်ကျင့်စဉ်ကို ကျင့်ကြံသူသည် အဆင့်မြင့်ကျင့်စဉ်ကို ကျင့်ကြံသူ၏ ဖိနှိပ်မှုကို အမြဲခံရမည် ဖြစ်သည်။

ထျန်းယုဟမ်သည် သူယုံကြည်ရသောသူ ဖြစ်သည်။

ထို့ပြင် ကောင်းကင်ဓားဂိုဏ်းသည် သူကိုယ်တိုင်ပင် တစ်ချိန်က ပညာသင်ကြားခဲ့ဖူးသော ဂိုဏ်းဖြစ်သည်။

ပိုင်ထျန်းဟမ် ချက်ချင်း အဖြေမပေးနိုင်သေးပေ။

မည်သို့ပင်ဆိုစေကာမူ ဤကျင့်စဉ်သည် အလွန်အစွမ်းထက်ပြီး ရလဒ်များမှာ ငြင်းမရနိုင်အောင် ကောင်းမွန်လွန်းလှသည်။

"အခြေအနေက တကယ်ပဲ အဲဒီလောက်အထိ ဆိုးရွားနေတာလား?" ပိုင်ထျန်းဟမ်က မေးလိုက်သည်။

ထျန်းယုဟမ်၏ လေသံတွင် ခါးသီးသော အပြုံးတစ်ခု ပါဝင်နေသည်။

"ဟုတ်တယ်၊ ပထမဆုံးအနေနဲ့ ပြောရရင်... မင်းတို့က ဘာဖြစ်လို့ ဒီလောက်အစွမ်းထက်တဲ့ ကျင့်စဉ်ကို ပြင်ပလူတွေကို ဝေမျှနေရတာလဲ? အဲဒီလိုသာ မဟုတ်ခဲ့ရင် အကြီးအကဲ ဟန်ကို ဖြေရှင်းဖို့ ငါ့မှာ အချိန်အလုံအလောက် ရှိဦးမှာ..."ထျန်းယုဟမ်သည် အပြစ်တင်စကားများဘက်သို့ ရောက်သွားသည်။

အဓိကတရားခံမှာ အကြီးအကဲ ဟန် ဖြစ်သော်လည်း ပိုင်မျိုးနွယ်စု၏ ပြင်းထန်သော လူသစ်စုဆောင်းမှုနှင့် ကျင့်စဉ်ဖြန့်ဝေမှုများက အခြေအနေကို ပိုမိုမြန်ဆန်သွား စေခဲ့သည်မှာ ငြင်း၍မရပေ။

"ကောင်းပြီ၊ ကောင်းပြီ။ အပြစ်တင်နေတာ ရပ်လိုက်ပါဦး" ပိုင်ထျန်းဟမ်က နောက်ဆုံးတွင် ကြားဖြတ်ပြောလိုက်သည်။

သူသည် ဘေးထွက်ဆိုးကျိုးများကြောင့် တုံ့ဆိုင်းနေခဲ့ခြင်း ဖြစ်သော်လည်း ထျန်းယုဟမ်က ဤမျှအထိ အသည်းအသန် လိုလားနေမှတော့ ငြင်းပယ်ရန် အကြောင်းပြချက် မရှိတော့ပေ။

"ငါ အဲဒါကို မင်းဆီ ပို့ပေးလိုက်မယ်" ပိုင်ထျန်းဟမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်း သင်ပေးချင်တဲ့သူကို သင်ပေးလို့ရတယ်။"ခဏမျှ တိတ်သွားပြီးနောက် သူက ဆက်ပြောလိုက်သည်။

"အကြီးအကဲဟန်ကိုတောင်မှပေါ့”

All Chapters