အခြေခံအဆင့်မှ အောင်မြင်မှုနှင့် ထူးဆန်းသော မြူမည်းကြီး
Vol. 30 Ch. 409
ချက်ချင်းပင်...
ရှီကျင်းသည် ရှေးဟောင်းသားရဲတောင်တန်းတွင် လမ်းကြောင်းဖော်နိုင်ခဲ့သည့် သတင်းကို ပေးပို့လိုက်ရာ ကုယန်သည် ထိုသတင်းကို ကြားရလျှင် အလွန်အမင်း ဝမ်းမြောက်သွားတော့သည်။
“ရှီကျင်းကို အမိန့်ပေးလိုက် ရှေးဟောင်းသားရဲတောင်တန်းက လမ်းကြောင်းကို အခြေခံပြီး ခံစစ်မြို့တော်တစ်ခု တည်ဆောက်စေ။ ဘယ်လိုအမှားအယွင်းမျိုးမှ မရှိစေနဲ့”
“နားလည်ပါပြီ အရှင်မင်းကြီး”
ချက်ချင်းပင် အမတ်တစ်ဦးက ဦးညွှတ်၍ အမိန့်ကို နာခံလိုက်သည်။
ကုယန်၏ အမိန့် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သိုင်းနတ်ဘုရားမင်းဆက်၏ 'ချီကံကြမ္မာ' များမှာ လှိုင်းထလာပြီး 'ဆဋ္ဌမအဆင့်ပဒုမ္မာ ‘ မှာ ပိုမိုခိုင်မာတောင့်တင်းလာသယောင် ရှိလာသည်။ သို့သော် ဤအပြောင်းအလဲကို ကျင့်ကြံသူ အနည်းငယ်သာ သတိပြုမိကြ၏။
အင်ပါယာ၏ အရှင်သခင်ဖြစ်သည့် ကုယန်ကမူ ဤထူးခြားမှုကို ပထမဆုံး သိရှိသူဖြစ်သည်။ သို့သော် အင်ပါယာ၏ ချီကံကြမ္မာ ပြောင်းလဲမှုအပေါ် သူ သိပ်ပြီး မအံ့ဩပေ။ အကြောင်းမှာ ရှေးဟောင်းသားရဲတောင်တန်းကို လမ်းကြောင်းဖော်နိုင်ခြင်းသည် အင်ပါယာ၏ နယ်မြေကို ချဲ့ထွင်လိုက်ခြင်းဖြစ်ရာ ချီကံကြမ္မာ မြင့်တက်လာခြင်းမှာ သဘာဝကျလှသည်။
သို့သော်လည်း ဤတိုးတက်မှုမှာ အလွန်အမင်း သိသာလှသည်တော့ မဟုတ်သေးပေ။ အကယ်၍ တစ်နေ့တွင် သိုင်းနတ်ဘုရားမင်းဆက်က နယ်မြေများကို ဆက်လက်ချဲ့ထွင်သွားမည်ဆိုပါက ချီကံကြမ္မာမှာလည်း ထိုနည်းတူ လိုက်ပါမြင့်တက်လာပေလိမ့်မည်။
အဆုံးသတ်မှာတော့... နယ်မြေချဲ့ထွင်ခြင်းသည် လူဦးရေတိုးပွားလာခြင်းလောက် မထိရောက်လှပေ။ အကောင်းဆုံးနည်းလမ်းမှာ အခြားသောအင်ပါယာများကို သိမ်းပိုက်ပြီး သိုင်းနတ်ဘုရားမင်းဆက်ကို ပိုမိုတောင့်တင်းအောင် ပြုလုပ်ခြင်းပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ချီကံကြမ္မာမှာ ပေါက်ကွဲထွက်မတတ် မြင့်တက်လာပေလိမ့်မည်။
သို့သော် ကုယန် မလောပေ။ ရှေးဟောင်းသားရဲတောင်တန်းကို လမ်းကြောင်းဖော်ခြင်းမှာ ပထမခြေလှမ်းမျှသာ ရှိသေးသည်။ နောက်ထပ်လုပ်ဆောင်ရမည့်အလုပ်မှာ တောင်တန်းအတွင်းရှိ အရင်းအမြစ်များကို တူးဖော်ပြီး အင်ပါယာ၏ အခြေခံအင်အားကို မြှင့်တင်ရန်ဖြစ်သည်။ လုံလောက်သော အင်အားကို စုဆောင်းမိမှသာ ကုယန်သည် နောက်ထပ်ခြေလှမ်းကို လှမ်းပေလိမ့်မည်။
…
မကြာမီ... အချိန်တို့သည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။
ပထမတစ်နှစ်အတွင်း...
သိုင်းနတ်ဘုရားမင်းဆက်သည် ရှေးဟောင်းသားရဲတောင်တန်း၏ လမ်းကြောင်းကို အခြေခံ၍ 'ရှေးဟောင်းမြို့တော် ကိုးမြို့' ကို တည်ဆောက်ခဲ့သည်။ ထို့နောက် နန်းတွင်းက မြို့ကိုးမြို့လုံးတွင် စစ်သည်အင်အား အလုံးအရင်း ချထားကာ တစ်မြို့နှင့်တစ်မြို့ အပြန်အလှန် အထောက်အကူပြုစေပြီး ရှေးဟောင်းသားရဲတောင်တန်း၏ အရပ်မျက်နှာအသီးသီးသို့ နယ်မြေချဲ့ထွင်ခဲ့သည်။
ထိုအချိန်တွင်...
ကျယ်ပြောလှသော ရှေးဟောင်းသားရဲတောင်တန်းကြီးမှာ တုန်ခါသွားတော့သည်။ အစွမ်းထက်လှသော ရှေးဟောင်းသားရဲကြီးများစွာ နိုးထလာကြသော်လည်း ထိုသားရဲကြီးများမှာ သိုင်းနတ်ဘုရားမင်းဆက်၏ ထက်မြက်လှသော ဓားသွားများအောက်တွင် နောက်ဆုံး၌ လဲကျသွားခဲ့ကြရသည်။
ထိုကာလအတွင်းမှာပင်...
'သူတော်စင်နယ်ပယ်' သားရဲတစ်ကောင်မှာ အမျက်ချောင်းချောင်းထွက်ကာ တိုက်ခိုက်လာသဖြင့် စစ်တပ်အတွင်း အကျအဆုံးများစွာ ရှိခဲ့သည်။ သို့သော် ကုယန်ကိုယ်တိုင် 'နတ်ဘုရားဖီးနစ်မျှော်စင်' ကို ကိုင်ဆောင်ကာ ရှေးဟောင်းသားရဲတောင်တန်းသို့ ကြွချီလာပြီး ထိုသားရဲကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်နှိမ်နင်းလိုက်သည်။ ထိုသူတော်စင်သားရဲမှာလည်း ကယောင်ကတမ်းဖြင့် ထွက်ပြေးသွားခဲ့ရလေသည်။
ထိုအချိန်မှစ၍ သိုင်းနတ်ဘုရားမင်းဆက်၏ စစ်တပ်ကြီးကို မည်သူမျှ မတားဆီးနိုင်တော့ချေ။
ဒုတိယနှစ် တတိယနှစ် …
နောက်ပိုင်းနှစ်များတွင် သိုင်းနတ်ဘုရားမင်းဆက်သည် ရှေးဟောင်းသားရဲတောင်တန်းမှ အရင်းအမြစ်များကို အဆက်မပြတ် တူးဖော်ခဲ့ရာ အင်ပါယာ၏ အင်အားမှာ မျက်မြင်ကိုယ်တွေ့ မြန်ဆန်စွာ တိုးတက်လာခဲ့သည်။ အခြားသော အင်အားစုများမှာလည်း မနာလိုဖြစ်ကာ အင်ပါယာကို အတုယူပြီး ကျင့်ကြံသူများစွာကို စေလွှတ်ကာ အရင်းအမြစ်များကို လုယူရန် ကြိုးစားခဲ့ကြသည်။ သို့သော် ရှေးဟောင်းသားရဲတောင်တန်းသည် အစွမ်းထက်သားရဲများစွာ၏ အခြေစိုက်စခန်းဖြစ်ရာ သားရဲလှိုင်းများအကြားတွင် အမှန်တကယ် အကျိုးအမြတ်ရရှိသူမှာ အနည်းငယ်မျှသာ ရှိလေသည်။
တစ်နေ့သောအခါ...
ရုတ်တရက်ဆိုသလို ရှေးဟောင်းသားရဲတောင်တန်း၏ အနက်ရှိုင်းဆုံးနေရာမှ သွေးရောင်အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထို့နောက် ထူးဆန်းသော မြူမည်းကြီးများမှာ ကောင်းကင်နှင့် မြေကြီးကို ဖုံးလွှမ်းသွားပြီး ၎င်းအတွင်းရှိ သက်ရှိမှန်သမျှကို ဝါးမျိုလိုက်တော့သည်။
ချက်ချင်းပင်... ဤသတင်းမှာ အမြန်ဆုံး ပေးပို့လိုက်ရာ နာရီဝက်မပြည့်ခင်မှာပင် ကုယန်ထံသို့ ရောက်ရှိသွားတော့သည်။
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်... ရှေးဟောင်းသားရဲတောင်တန်းမှာ ထူးဆန်းတဲ့ မြူမည်းတွေ ပေါ်လာပါတယ်။ အဲဒီမြူတွေကြောင့် 'နတ်ဘုရားအရှိန်အဝါတပ်စခန်း' က တာအိုနန်းတော် ပဉ္စမအဆင့် ပညာရှင်တစ်ဦး ဦးဆောင်တဲ့ ထိပ်တန်းစစ်သည် တစ်ထောင်ခန့်ဟာ သဲလွန်စမရှိ ပျောက်ကွယ်သွားခဲ့ပါပြီ”
နန်းတွင်း၌ စစ်သူကြီးတစ်ဦးက လေးနက်သောအသံဖြင့် လျှောက်တင်လိုက်သည်။ ကုယန်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားတော့၏။
“မြူမည်းတွေ ပေါ်လာရတဲ့ အကြောင်းရင်းကို သိပြီလား”
“မသိရသေးပါဘူး အရှင်မင်းကြီး... ဒါပေမဲ့ မြူမည်းတွေက ဆက်ပြီး ကျယ်ပြန့်လာနေပါတယ်။ တာအိုနန်းတော်အဆင့် သားရဲတစ်ကောင်တောင် အဲဒီမြူတွေထဲမှာ ပျောက်ကွယ်သွားတာကို တွေ့ခဲ့ရပါတယ်။ မြူတွေ ထပ်မပြန့်အောင် ကျွန်တော်မျိုးတို့ စစ်တပ်က ခဏတော့ ရှောင်နေကြပါတယ်။ ဒါပေမဲ့ ဒီအတိုင်းသာ ထားလိုက်ရင် ရှေးဟောင်းမြို့တော် ကိုးမြို့ကိုပါ ထိခိုက်လာနိုင်ပါတယ်”
ထိုစကားကို ကြားသောအခါ ကုယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တာအိုနန်းတော်အဆင့် သားရဲတစ်ကောင်ကိုပင် ဝါးမျိုနိုင်သော မြူမည်းဆိုသည်မှာ သာမန်ကိစ္စမဟုတ်သည်မှာ သေချာလှသည်။
“စစ်တပ်ကို အမိန့်ပေးလိုက် မြူမည်းတွေနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ကြစေ။ ပြီးတော့ ရှီကျင်းကို 'ဝိညာဉ်တစ်သောင်းအလံ' ယူပြီး အခြေအနေကို သွားရောက်စုံစမ်းခိုင်းလိုက်”
ခဏမျှ စဉ်းစားပြီးနောက် ကုယန်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ မြူမည်း၏ သဘာဝကို မသိရသေးဘဲနှင့် စစ်သည်များကို စတေးရန် မဖြစ်နိုင်ပေ။ ထို့အတူ ရှေးဟောင်းမြို့တော် ကိုးမြို့ကို စွန့်လွှတ်လိုက်မည်ဆိုပါကလည်း အင်ပါယာ၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုများမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် ရှီကျင်းကို ဝိညာဉ်တစ်သောင်းအလံနှင့်အတူ စေလွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ရှီကျင်းမှာ တာအိုနန်းတော် နဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အပြင်၊ ဝိညာဉ်တစ်သောင်းအလံမှာလည်း သူတော်စင်တစ်ပိုင်းအဆင့် ရတနာ ဖြစ်ရာ၊ အန္တရာယ်တစ်ခုခုနှင့် တွေ့လျှင်ပင် အောင်မြင်စွာ ဆုတ်ခွာနိုင်လိမ့်မည်ဟု ကုယန် ယုံကြည်ထားသည်။
——
“ဝုန်း——”
ဓားသွေးသန့်စင်ခန်းမ အတွင်း၌ မီးလျှံများ တဟုန်းဟုန်း တောက်လောင်နေသည်။ မဟာဖီးနစ်ငှက်ကြီးတစ်ကောင်မှာ ကောင်းကင်ယံမှ နေမင်းကြီးအဖြစ် ပြောင်းလဲသွားသယောင် ရှိနေပြီး ခန်းမအတွင်းရှိ အရာအားလုံးကို အရည်ပျော်စေတော့မည့်အလား ကြောက်မက်ဖွယ်ကောင်းလှသည်။
ဓားသွေးသန့်စင်ခန်းမအတွင်းရှိ နတ်ဘုရားလက်နက်များစွာမှာ ထိုစွမ်းအားများကို မခံနိုင်သည့်အလား ပြင်းထန်စွာ တုန်ခါနေကြသည်။ သို့သော် သေချာကြည့်မည်ဆိုပါက ထိုလက်နက်များသည် ဤစွမ်းအားများကို စုပ်ယူသန့်စင်ကာ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းများကို မြှင့်တင်နေကြခြင်း ဖြစ်သည်။
“ပြန်သိမ်း”
ကုချင်းဖန်က ရုတ်တရက် အော်ဟစ်လိုက်ရာ ထူးဆန်းသော မီးလျှံများအားလုံးမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စုပ်ယူခံလိုက်ရပြီး တစ်ခဏချင်း ပျောက်ကွယ်သွားတော့သည်။ ထို့နောက် ကုချင်းဖန်သည် သူ၏အချက်အလက်ပြဇယား ကို ကြည့်လိုက်၏။
…
အမည်: ကုချင်းဖန်
အသက်: ၇၄ / ၇၀၀၀
နယ်ပယ်: သူတော်စင်နယ်ပယ် နဝမအဆင့်
ကျင့်စဉ်များ: ကောင်းကင်အကြောစစ်ကျမ်း (တတိယအဆင့်)၊ ကောင်းကင်ဓား (ပြီးပြည့်စုံအဆင့်)၊ ကောင်းကင်ဖီးနစ် နတ်ဘုရားအတတ် (အခြေခံအဆင့်မှ အောင်မြင်မှုအဆင့် ၊ ကောင်းကင်ကိုးထပ်ကျမ်း(သူတော်စင်အခန်း - စတုတ္ထအဆင့်) …
အဆင့်မြှင့်တင်မှတ်: ၁၁,၄၈၂
…
“ကောင်းကင်ဖီးနစ် နတ်ဘုရားအတတ်က နောက်ဆုံးတော့ အောင်မြင်မှုအဆင့်ကို ရောက်သွားပြီပဲ”
ကုချင်းဖန်၏ မျက်နှာတွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။ နှစ်ရှည်လများ ကျင့်ကြံခဲ့ရပြီးနောက် 'အခြေခံအဆင့်' မှ 'အောင်မြင်မှုအဆင့်' သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မဟာသူတော်စင်၏ နတ်ဘုရားစွမ်းအားဖြစ်သည့်အတွက် ဤအဆင့်လေးတစ်ခု တိုးတက်ခြင်းမှာပင် ကြီးမားသော ပြောင်းလဲမှုများကို ဆောင်ကြဉ်းပေးနိုင်ပေသည်။
ထို့ပြင် အဆင့်မြှင့်တင်မှတ်များမှာလည်း တစ်သောင်းကျော်သို့ တစ်ဖန် ပြန်လည်ရောက်ရှိသွားခဲ့ပြီ။
“အဆင့်မြှင့်တင်မှတ် တစ်သောင်းကျော်ပြီဆိုတော့... ကောင်းကင်ကိုးထပ်ကျမ်းကို အဆင့်မြှင့်ဖို့ အချိန်တန်ပြီ”
ကုချင်းဖန် စိတ်ကူးလိုက်သည်နှင့်တစ်ပြိုင်နက် အမှတ်တစ်သောင်းမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး၊ ဗဟုသုတများစွာမှာ သူ၏ ဦးနှောက်အတွင်းသို့ စီးဝင်လာတော့သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များမှာလည်း အဟုန်ပြင်းစွာ နိုးထလာ၏။
“ဘုန်း——”
အတိုင်းအဆမဲ့သော ချီစွမ်းအင်များမှာ ဟင်းလင်းပြင်ကို လင်းထိန်သွားစေပြီး ဓားသွေးသန့်စင်ခန်းမတစ်ခုလုံး၏ အပူချိန်မှာ ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွားတော့သည်။ သို့သော် ဤထူးခြားမှုမှာ ကြာရှည်မခံဘဲ ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ ကုချင်းဖန်သည် မျက်လုံးကိုမှိတ်ကာ သူ၏ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ခံစားကြည့်ရင်း ထပ်မံပြုံးလိုက်မိပြန်သည်။
“ငါက သူတော်စင် နဝမအဆင့်မှာပဲ ရှိသေးတယ်ဆိုပေမဲ့၊ ကောင်းကင်ကိုးထပ်ကျမ်းက သူတော်စင်အခန်း ပြီးပြည့်စုံသွားပြီဆိုတော့... ငါ့ရဲ့အစွမ်းက အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် တိုးလာပြီပဲ”
၃၀ ရာခိုင်နှုန်းဆိုသည်ကို အထင်မသေးသင့်ပေ။ ကုချင်းဖန်ကဲ့သို့ အဆင့်မျိုးတွင် ဤမျှတိုးတက်ခြင်းမှာ အခြားသူများအတွက်မူ အိပ်မက်ဆိုးတစ်ခုပင် ဖြစ်ပေလိမ့်မည်။ ထို့ပြင် ကောင်းကင်ကိုးထပ်ကျမ်း ပြီးပြည့်စုံသွားပြီဖြစ်၍ ကုချင်းဖန်သည် ယခုအခါ 'သူတော်စင်ဘုရင်နယ်ပယ်' သို့ ချိုးဖောက်ဝင်ရောက်ရန် အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။
အဆင့်မြှင့်တင်မှတ် လုံလောက်သည်နှင့်တစ်ပြိုင်နက် သူတော်စင်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ကုချင်းဖန်၏ အစွမ်းမှာ အဆမတန် မြင့်တက်သွားပေလိမ့်မည်။
သူတော်စင် နဝမအဆင့်မှ သူတော်စင်ဘုရင်အဆင့်သို့ တက်လှမ်းရန် အဆင့်မြှင့်တင်မှတ် ငါးထောင်သာ လိုအပ်သည်။ ဤပမာဏမှာ ကုချင်းဖန်အတွက်မူ နောက်ထပ် နှစ်အနည်းငယ်မျှ စောင့်ဆိုင်းရုံဖြင့် အလွယ်တကူ ရရှိနိုင်မည့်အရာပင် ဖြစ်လေတော့သည်။