← Chapters

ခဏတာအိပ်စက်ခြင်း....

Vol. 76 Ch. 1060

ခဏတာအိပ်စက်ခြင်း....

Vol. 76 Ch. 1060

" ငါက လုပ်ကြံသတ်ဖြတ်မှုတစ်ခုကို ကြိုးကိုင်ခဲ့ပြီး ငါ့ရဲ့ ရန်သူကို သတ်နိုင်ခဲ့တယ်။ ပြီးတော် သူတည်ထောင်ထားတဲ့ မင်းဆက်အပေါ်မှာ ငါ့ရဲ့ ကိုယ်ပိုင်အင်ပါယာကို တည်ထောင်ခဲ့တယ်။ ငါက အဲ့ဒီအင်ပါယာကို ငါ့ဘဝရဲ့ နောက်ဆုံးလမှာ တည်ထောင်ခဲ့တာပဲ။ အဲ့ဒီနောက်မှာ ငါက အချိန်စက်ဝန်းကို ချိုးဖျက်နိုင်ခဲ့တယ်။ " လောဟောက်က ပြောလိုက်သည်။

" တကယ်မလွယ်ဘူးပဲ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ငါ အဖမ်းခံရပြီးတဲ့နောက်မှာ ရန်သူရဲ့ နှိပ်စက်မှုကို ဆယ်နှစ်တိတိ ခံခဲ့ရတယ်။ ငါ သည်းခံနိုင်ခဲ့တဲ့ အကြောင်းရင်းက ဂုဏ်သိက္ခာနဲ့ အရှက်တရားဆိုတာ ခဏပဲဖြစ်ပြီး ဘာမှမဟုတ်ဘူးဆိုတာ နားလည်သွားလို့ပဲ။ " လောဟောက်က လင်းယွမ်ကို ကြည့်လိုက်သည်။

" အချိန်စက်ဝန်း..." လင်းယွမ်က အချိန်စက်ဝန်း၏ ခက်ခဲမှုကို နောက်တစ်ကြိမ် ခံစားလိုက်ရသည်။

" ငါလည်း အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ပြင်ဆင်နေတာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " ဒါပေမယ့် ငါ့ကို ပိတ်လှောင်မယ့် အချိန်စက်ဝန်းက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ မသေချာဘူး။ "

လောဟောက်က သူရှာဖွေနေသော အဖြေကို သိလိုက်ရသည်။ ထိုအနှိုင်းမဲ့မဟာသူတော်စင်က အလွှာဆယ့်သုံးသို့ မရောက်သေးပေ။

" မင်းရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် အချိန်စက်ဝန်းကို ချိုးဖျက်နိုင်မယ့် အခွင့်အလမ်းက ငါ့ထက် အများကြီး ပိုများပါတယ်။ " လောဟောက်က ပြောလိုက်သည်။

အချိန်သက်ရှိမဟုတ်သေးသော်လည်း သူ့အပေါ် ဖိအားပေးနိုင်သော လင်းယွမ်မှာ အချိန်စက်ဝန်းကို ချိုးဖျက်နိုင်ရန် အခွင့်အလမ်း အလွန်များလေသည်။ ထို့နောက် လင်းယွမ်က လောဟောကနှင့် စကားအနည်းငယ် ပြောပြီး လမ်းညွှန်မှုအချို့ ပေးလိုက်သည်။

လောဟောက်က အချိန်သက်ရှိတစ်ယောက်ဖြစ်သော်လည်း လင်းယွမ်၏ နားလည်မှုဖြင့် သူ့ကို လမ်းညွှန်မှုပေးနိုင်သည်။

လောဟောက်က လင်းယွမ်ထံမှ ထွက်လာပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။ သူက အချိန်သက်ရှိဖြစ်လာပြီးနောက် လင်းယွမ်ကို လမ်းညွှန်မှုပေးရန် ရည်ရွယ်ချက်ဖြင့် လာရှာခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူကသာ လမ်းညွှန်မှုယူခဲ့ရသည်။

" အလွှာဆယ့်နှစ် သက်ရှိတစ်ယောက်က ဘယ်လိုလုပ်ဒီလောက်အထိ သန်မာနေတာလဲ။ " လောဟောက်က နားမလည်နိုင်ဖြစ်နေသည်။

ထိုအချိန်တွင် ခန့်ညားသော ပုံရိပ်ခုနှစ်ခုက ဆင်းသက်လာသည်။ သူတို့က ဖရိုဖရဲဟင်းလင်းပြင်မှ အချိန်သက်ရှိ ခုနှစ်ယောက်ပင်ဖြစ်သည်။

" လောဟောက် အလွှာဆယ့်သုံးကို ရောက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ " အရှင်မိုရှုက ပြုံး၍ ပြောလိုက်သည်။

" အားလုံးကို နှုတ်ဆက်ပါတယ်။ " လောဟောက်က အလျင်အမြန် နှုတ်ဆက်လိုက်သည်။ သူက ယခုမှ တက်လှမ်းလာသော အချိန်သက်ရှိဖြစ်သောကြောင့် စီနီယာများကို လေးစားရမည်ဖြစ်သည်။

" မင်း နဂါးငွေ့တန်းကို သွားတွေ့ခဲ့တာလား။ " အရှင်မိုရှုက လောဟောက်ထွက်လာသော နေရာကို ကြည့်ပြီး မေးလိုက်သည်။

" ဟုတ်ပါတယ်။ " လောဟောက်က ပြန်ဖြေလိုက်သည်။

လင်းယွမ်၏ စွမ်းအားကို သူမခန့်မှန်းနိုင်သော်လည်း ထိုအချိန်သက်ရှိများက လင်းယွမ်အကြောင်း ပိုသိလိမ့်မည်ဟု ယူဆရလေသည်။

" နဂါးငွေ့တန်းရဲ့ စွမ်းအားက ဘယ်လိုလဲ။ " လောဟောက်က မေးလိုက်သည်။

" နဂါးငွေ့တန်းရဲ့ စွမ်းအားကလား။ "

အရှင်မိုရှုနှင့် အချိန်သက်ရှိများက တိတ်ဆိတ်သွားကြသည်။ သူတို့က မည်သို့ရှင်းပြရမှန်းမသိဖြစ်နေကြသည်။

" နဂါးငွေ့တန်းကို သာမန်သီအိုရီတွေနဲ့ တိုင်းတာလို့မရဘူး။ သူက အချိန်သက်ရှိတစ််ယောက်ဖြစ်ဖို့ သေချာသလို အချိန်အရှင်သခင်ဖြစ်လာဖို့ ကံပါလာပြီးသားပဲ။ " အရှင်မိုရှုက ပြောလိုက်သည်။

" အချိန်သက်ရှိနဲ့ အချိန်အရှင်သခင်ဖြစ်လာဖို့ သေချာလား။ " လောဟောက်က စိတ်ထဲတွင် တုန်လှုပ်သွားသည်။

" မင်းက နဂါးငွေ့တန်းနဲ့ ပဋိပက္ခဖြစ်တာ မရှိဘူးမဟုတ်လား။ " အရှင်မိုရှုက ပြောလိုက်သည်။

" မရှိပါဘူး။ " လောဟောက်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" ဒါဆို ကောင်းတာပေါ့။ " အရှင်မိုရှုက ခေါင်းညိမ့်လိုက်သည်။ " နဂါးငွေ့တန်းအကြောင်းကို မင်း မကြာခင် နားလည်လာပါလိမ့်မယ်။ "

" အခုတော့ မင်းရဲ့ စွမ်းအားကို တည်ငြိမ်အောင်လုပ်လိုက်ဦး။ ကောင်းကင်မြစ်ဒိုင်မန်ရှင်းကိစ္စမှာ မင်းကို လိုအပ်နေတယ်။ "

" ကောင်းပါပြီ။ " လောဟောက်က ပြန်ဖြေလိုက်သည်။

လင်းယွမ်က နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေသို့ ပြန်ရောက်လာသည်။

" အလွှာဆယ့်သုံးကို မတက်လှမ်းခင် တစ်ရေးလောက်အိပ်ဦးမှပါ။ " လင်းယွမ်က ဘယ်လောက်ကြာ အိပ်ရမည်ကို စဉ်းစားလိုက်သည်။

ကျင့်ကြံခြင်းလမ်းစဉ်အပေါ် ခြေချပြီး ဆင့်ကဲပြောင်းလဲသူဖြစ်လာကတည်းက လင်းယွမ်က တစ်ခါမှ ကောင်းမွန်စွာ အနားမယူခဲ့ရပေ။ သူ၏ စွမ်းအားအရ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်နှစ်ခုလုံးက ကောင်းမွန်သော အခြေအနေတွင် ရှိနေပြီး ပင်ပန်းနွမ်းနယ်ခြင်းမရှိသော်လည်း အလွှာဆယ့်သုံးသို့ မတက်လှမ်းမိိ လင်းယွမ်က အိပ်စက်ချင်သေးသည်။

" အိပ်မယ်ကွာ...." လင်းယွမ်က မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ သူ၏ ကိုယ်ပွားများအားလုံး၊ ပထမရင်းမြစ်ကမ္ဘာနှင့် ဒုတိယရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်အားလုံးက အိပ်စက်ခြင်းသို့ ကျရောက်သွားသည်။

ထိုအိပ်စက်မှုက အလွန်နက်နဲလှသည်။ ပြင်ပခြိမ်းခြောက်မှုများမရှိသရွေ့ သူ၏ စိတ်အသိနှင့် စိတ်ဝိညာဉ်အားလုံးက အရာအားလုံးမှ ကင်းကွာသော အခြေအနေတွင် ရှိနေပေလိမ့်မည်။

လင်းယွမ်၏ အိပ်စက်မှုက ဖရိုဖရဲဟင်းလင်းပြင်အပေါ် သက်ရောက်ခြင်းမရှိပေ။ သူက ပုံမှန်အားဖြင့် ဖရိုဖရဲဟင်းလင်းပြင်မှ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့ မရှိသောကြောင့်ဖြစ်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းနှစ်ထောင် ကြာသွားခဲ့သည်။ နှစ်ပေါင်းနှစ်ထောင်အိပ်စက်ခြင်းက လင်းယွမ်ကို အလွန်သက်သောင့်သက်သာ ဖြစ်စေခဲ့သည်။

လင်းယွမ်၏ စိတ်အသိမျှင်လေးတစ်ခုက လွင့်မျောသွားပြီး အိပ်မက်နယ်မြေ၏ အလွှာတစ်ခုအတွင်းသို့ ရောက်ရှိသွားသည်ဟု ထင်ရသည်။ သူက ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခုသို့ ရောက်သွားခဲ့သည်။

ထိုနန်းတော်ကြီးက အလွန်မြင့်မားလှပြီး ၎င်း၏ လှေကားများက မည်သည့်နေရာသို့ ဦးတည်နေသည်ကို မသိရပေ။ လင်းယွမ်က ထိုလှေကားထစ်များအတိုင်း တက်သွားခဲ့သည်။

အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် သူက လှေကားထစ်များ၏ အဆုံးသို့ ရောက်သွားခဲ့သည်။ ခမ်းနားထည်ဝါသော အလင်းတံခါးကြီးတစ်ခုက ထိုနေရာတွင် ရှိနေသည်။ ၎င်း၏ တည်ရှိမှုက အရာအားလုံးမှ မြစ်ဖျားခံလာသည်ဟု ထင်ရသည်။ အလင်းတံခါးကြီးက အချိန်အတိုင်းအတာများ၊ ဒိုင်မန်းရှင်းများနှင့် သက်ရှိများအပေါ်တွင် တိတ်ဆိတ်စွာ သက်ရောက်မှုပေးနေသည်။

ထိုတံခါးကြီး၏ အဝင်ဝတွင် ဝေဝါးသော ပုံရိပ်တစ်ခုက တံခါးဘောင်ကို မှီပြီး ရပ်နေသည်။ ထိုပုံရိပ်က သူ၏ ညာလက်ဖြင့် မေးစေ့ကို ထောက်ထားပြီး မျက်လုံးများမှိတ်ကာ အိမ်ပျော်နေသကဲ့သို့ ရှိနေသည်။ ထိုပုံရိပ်မှ ထွက်ပေါ်လာသော အော်ရာက အလင်းတံခါးကြီးထက်ပင် သာလွန်နေသည်။

ဝုန်း....

နောက်ခဏတွင် လင်းယွမ်က နိုးထလာသည်။

" ဒီအိပ်မက်က..." လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။

နှစ်ပေါင်းနှစ်ထောင်အတွင်း သူ၏ စိတ်အသိက အဆုံးမရှိ ပျံ့နှံ့နေခဲ့သောကြောင့် အဓိပ္ပါယ်မရှိသော အိပ်မက်များစွာကို မက်ခဲ့သည်။ သို့သော် မြင့်မားသော နန်းတော်ကြီး၊ ခမ်းနားထည်ဝါသော အလင်းတံခါးနှင့် ဝေဝါးသော ပုံရိပ်တို့က လင်းယွမ်အပေါ် ကြီးမားသော ရိုက်ခတ်မှုတစ်ခုကို ပေးနေသည်။

" ဒါက အိပ်မက်တစ်ခုလား။ ဒါမှမဟုတ်..." လင်းယွမ်က ထိုအိပ်မက်ကို အစစ်လား အတုလား စဉ်းစားနေသည်။ သို့သော် ထိုခမ်းနားထည်ဝါသော အလင်းတံခါးကြီးက သူ၏ စိတ်ထဲမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် ဆင်တူနေသည်။

" ဒါ ဂိတ်တံခါးက ငါ့အပေါ် သက်ရောက်မှုပေးနေတာလား။ " လင်းယွမ်က စဉ်းစားနေသည်။ ထိုအလင်းတံခါးကို မီနေသည့် ဝေဝါးနေသော ပုံရိပ်က ဂိတ်တံခါး၏ ယခင်အရှင်သခင် ဖြစ်နိုင်လားဟု သူတွေးမိသည်။

"ဒါက ရိုးရိုးအိပ်မက်တစ်ခုလား။ " လင်းယွမ်က ထိုအိပ်မက်အပေါ် အာရုံသိပ်မထားတော့ပေ။ " အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားရမယ့်အချိန် ရောက်ပြီ။ "

နှစ်ပေါင်းနှစ်ထောင်ကြာ အိပ်စက်ပြီးနောက် လင်းယွမ်က ကောင်းမွန်သော အခြေအနေတွင် ရှိနေသည်။

" အရင်ဆုံး နှုတ်ဆက်လိုက်ဦးမယ်။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။

အလွှာဆယ့်သုံးသို့ တက်လှမ်းခြင်းက မည်မျှကြာမည်ကို ဘယ်သူမှမသိနိုင်ပေ။ ၎င်းက ရာစုနှစ်အနည်းငယ် ဖြစ်နိုင်သကဲ့သို့ နှစ်ပေါင်းထောင်ချီ၍ ကြာနိုင်သည်။ နှစ်ပေါင်းများစွာ ကြာမြင်နိုင်သောကြောင့် သူ၏ မိသားစုနှင့် သူငယ်ချင်းများကို နှုတ်ဆက်သင့်ပေသည်။

နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေတွင် ရွှမ်ယွမ်နှင့် အခြားသူများက ထွက်လာကြသည်။

" လင်းယွမ် ဘာဖြစ်လို့လဲ။ " ရွှမ်ယွမ်က လင်းယွမ်ကို ကြည့်လိုက်သည်။

" ငါ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတော့မယ်။ " လင်းယွမ်က ပြောလိုက်သည်။

" အလွှာဆယ့်သုံးကို တက်လှမ်းတော့မှာလား။ " ရွှမ်ယွမ်နှင့် အခြားသူများက အံ့အားသင့်သွားကြသည်။

" မင်း ခဏစောင့်လို့မရဘူးလား။ " ရွှမ်ယွမ်ကလည်း စိုးရိမ်နေသည်။ အချိန်စောင့်ဆိုင်းလိုက်ခြင်းက ပိုမိုစုဆောင်းနိုင်ပြီး အောင်မြင်ရန် အခွင့်အလမ်းကို မြင့်မားစေနိုင်သည်။

"စောတာနဲ့ နောက်ကျတာ အရေးမကြီးတော့ဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူက ယခုအခါ ကဏ္ဍအားလုံးတွင် အထွတ်အထိပ်သို့ ရောက်နေပြီး နှစ်ပေါင်းသန်းချီစောင့်ဆိုင်းလျှင်တောင် ပြောင်းလဲမှုရှိမည်မဟုတ်ပေ။ ထို့အပြင် သူက အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်ရန် သေချာသလောက်ဖြစ်နေသည်။

" မင်းကိုယ်တိုင် ဆုံးဖြတ်ပြီးပြီဆိုတော့ ငါတို့ ဘာမှမပြောတော့ပါဘူး။ " ရှချင်က သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

" မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ မရှိရင် နှစ်ပေါင်းထောင်ဂဏန်းအတွင်း အလွှာဆယ့်သုံးကို တက်လှမ်းနိုင်လိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။ " ဒါပေမယ့် နှစ်ပေါင်းတစ်သောင်းကျော်တဲ့အထိ ပေါ်မလာခဲ့ရင် လူသားမျိုးနွယ်အနေနဲ့ နောက်ဆုံးအစီအစဉ်ကို အကောင်အထည်ဖော်လိုက်တော့။ "

အလွှာဆယ့်သုံးသို့ တက်လှမ်းရန် မည်မျှသေချာသည်ဖြစ်စေ အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ လူသားမျိုးနွယ်၏ နောက်ဆုံးအစီအစဉ်မှာ လင်းယွမ် အဆင့်မတက်နိုင်ဘဲ အချိန်စက်ဝန်းအတွင်း ပိတ်မိသွားလျှင် အသုံးပြုရန်ဖြစ်သည်။

သီးခြားစကြာဝဠာ ၃၃ခုက နောက်ဆုံးအခြေခံအုတ်မြစ်အဖြစ် အသုံးချပြီး လူသားမျိုးနွယ်၏ အနာဂတ်ကို အာမခံချက်ပေးမည်ဖြစ်သည်။

" ကောင်းပါပြီ။ " ရွှမ်ယွမ်နှင့် အခြားသူများက ခေါင်းညိမ့်လိုက်ကြသည်။

All Chapters