အလွှာဆယ့်သုံးကို တက်လှမ်းရန် ကြိုးစားခြင်း....
Vol. 76 Ch. 1061
ပင်မစကြာဝဠာ၊ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။
လင်းယွမ်၏ ကိုယ်ပွားက ခြေချိတ်ထိုင်နေပြီး မျက်လုံးများ ဖွင့်လိုက်သည်။
" သခင် " လက်ခြောက်ဖက်ပုံရိပ်က လင်းယွမ်၏ ရှေ့တွင် ပေါ်လာသည်။ " ဒီစကြာဝဠာက ပြန်လည်မွေးဖွားခြင်းထဲကို မဝင်ရသေးပါဘူး။ သက်ရှိတွေလည်း မဖြစ်ပေါ်လာသေးဘူး။ "
" ငါသိတယ်။ " လင်းယွမ်က လျို့ဝှက်နယ်မြေအပြင်ဘက်သို့ ကြည့်လိုက်သည်။
" နောက်ထပ် နှစ်ပေါင်း ၃၆သန်းမှာ ပြန်လည်မွေးဖွားခြင်းထဲကို ဝက်ရောက်လိမ့်မယ်။ နှစ်ပေါင်းသန်း ၁၃၆၀ ကြာပြီးတဲ့နောက်မှာ ပထမဆုံး သက်ရှိဖြစ်ပေါ်လာလိမ့်မယ်။ "
" ဟမ် " လက်ခြောက်ဖက်နှင့်ပုံရိပ်က စိတ်ရှုပ်ထွေးသွားသည်။ သူက စကြာဝဠာပျက်စီးခြင်းကို အကြိမ်ကြိမ် ကြုံတွေ့ဖူးပြီး စကြာဝဠာများ ပြန်လည်မွေးဖွားခြင်းက သက်ရောက်မှုအမျိုးမျိုးပေါ်တွင် မူတည်နေကြောင်း သိထားသည်။
သို့သော် လင်းယွမ်က ပြန်လည်မွေးဖွားမည့်အချိန်ကိုသာမက ပထမဆုံး သက်ရှိ မွေးဖွားလာမည့်အချိန်ကိုလည်း ပြောကြားခဲ့သည်။
" ငါ အခု ထွက်သွားတော့မယ်။ " လင်းယွမ်၏ ကိုယ်ပွားက ထရပ်လိုက်သည်။
" ထွက်သွားမှာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပို၍ နားမလည်နိုင်ဖြစ်သည်။
" ငါ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတော့မှာမလို့ စိတ်အသိအားလုံးက မူလခန္ဓာကိုယ်ဆီ ပြန်သွားရမယ်။ " လင်းယွမ်က ပြောလိုက်သည်။
" အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားတော့မှာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က မှင်သက်သွားသည်။
" အရာအားလုံး အဆင်ပြေခဲ့ရင် မင်းရဲ့ အရှင်မင်းကြီးကို ပြန်မြင်ရလိမ့်မယ်။ " လင်းယွမ်က ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
သီးခြားစကြာဝဠာ ၃၃ခုထဲမှ စိမ်းလန်းစိုပြေသော ဂြိုလ်တစ်ခုပေါ်တွင် လင်းချောင်ချန်နှင့် လုချုံးတို့က အနားယူနေကြသည်။ ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။
" ရှောင်ယွမ် " လုချုံးက ချက်ချင်း လှမ်းခေါ်လိုက်သည်။ " သား အမေတို့ကို လာမတွေ့တာ ကြာပြီနော်။ "
လုချုံးက အပြစ်တင်သော လေသံနှင့် ပြောလိုက်သည်။
" မှန်တယ်။ မင်းကို မတွေ့ရတာ အတော်ကြာပြီ။ " လင်းချောင်ချန်က ဘေးမှ ဝင်ပြောလိုက်သည်။
" ကျွန်တော်တံခါးပိတ်ကျင့်ကြံနေလို့ပါ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" အဆင်ပြေကြရဲ့လား။ " လင်းယွမ်က ပြောလိုက်သည်။
" အဆင်တော့ပြေတယ်။ ဒါပေမယ့် နည်းနည်းတော့ ပျင်းဖို့ကောင်းတယ်။ နေ့တိုင်းလျှောက်လည်နေရတာ။ " လင်းချောင်ချန်က ပြောလိုက်သည်။
" ဒီစကြာဝဠာကြီးက ကျယ်လွန်းတယ်။ " လုချုံးက ပြောလိုက်သည်။
" ပျင်းရင် ရှောင်လင်းကို ဆက်သွယ်လိုက်ပေါ့။ သူက ပိုပြီး ပျော်စရာကောင်းတွေကို မိတ်ဆက်ပေးပါလိမ့်မယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။ ရှောင်လင်းဆိုသည်မှာ ဤစကြာဝဠာ၏ စိတ်ဝိညာဉ်ပင် ဖြစ်သည်။
" အခုနောက်ပိုင်း ကျွန်တော်ကျင့်ကြံဖို့ လိုအပ်တယ်။ ဘယ်လောက်ထိကြာမလဲဆိုတာ မသေချာဘူး။ " လင်းယွမ်က ပြောလိုက်သည်။
" ပြဿနာမရှိဘူး။ သားရဲ့ ကျင့်ကြံမှုက အရေးကြီးဆုံးပါပဲ။ " လင်းချောင်ချန်နှင့် လုချုံးတို့က ပြောလိုက်သည်။
" ဟုတ်ကဲ့။ " လင်းယွမ်က သူ၏ မိဘများနှင့် စကားအနည်းငယ် ပြောပြီးနောက် ထိုကိုယ်ပွားကလည်း ပျောက်ကွယ်သွားသည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် ပျံ့နှံ့နေသော ကိုယ်ပွားများအားလုံးက မူလခန္ဓာကိုယ်ဆီသို့ ပြန်လာကြသည်။ ပထမရင်းမြစ်ကမ္ဘာနှင့် ဒုတိယရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်နှစ်ခုကလည်း ကိုယ်ပွားများကို ပြန်လည်သိမ်းဆည်းလိုက်သည်။
အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားသည်နှင့် မူလခန္ဓာကိုယ်အားလုံးက အချိန်စက်ဝန်းထဲသို့ ကျရောက်သွားမည်ဖြစ်သည်။ အချိန်စက်ဝန်းကို အပြည့်အဝ ချိုးဖျက်နိုင်မှသာ သူတို့ပြန်လာနိုင်မည်ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က ဖရိုဖရဲကုန်းမြေမှ ထွက်လာပြီး ဟင်းလင်းပြင်တစ်ခုသို့ ရောက်လာသည်။
" စကြတာပေါ့။ " လင်းယွမ်၏ အကြည့်မှာ တည်ငြိမ်နေပြီး သူ၏ အသက်အနှစ်သာရ ဖိနှိပ်မှုများကို လွှတ်ပေးလိုက်သည်။
အသက်အနှစ်သာရက မြင့်တက်လာပြီး အချိန်စွမ်းအားအမျှင်များက စတင်စုစည်းလာသည်။ အချိန်စွမ်းအားများ အဆက်မပြတ် စုစည်းပြီးနောက် လင်းယွမ်၏ အချိန်စက်ဝန်းက ဆင်းသက်လာခဲ့သည်။
အချိန်စွမ်းအားက ရေကဲ့သို့ စီးဆင်းနေပြီး လှိုင်းဂယက်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်။ လင်းယွမ်၏ မူလခန္ဓာကိုယ်က ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးသို့ ဆွဲခေါ်သွားခြင်းခံလိုက်ရသည်။
လင်းယွမ်၏ စိတ်အသိက လျင်မြန်စွာ ဝေဝါးလာပြီး ပြင်ပကမ္ဘာအပေါ် ထိန်းချုပ်နိုင်စွမ်းက လုံးဝ ဆုံးရှုံးသွားသည်။ သူ၏ ခန္ဓာကိုယ်က ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးမှ အချိန်စက်ဝန်းနယ်မြေအတွင်းသို့ ရောက်ရှိသွားသည်။
ဝုန်း...
အခြားအချိန်စက်ဝန်းများထက် များစွာသာလွန်သော အချိန်စက်ဝန်းနယ်မြေအသစ်တစ်ခုက လျင်မြန်စွာ ဖြစ်ပေါ်လာသည်။ ထိုအချိန်စက်ဝန်းနယ်မြေက အတိုင်းအဆမရှိ ကျယ်ပြောလှသည်။ အခြားသူများပိတ်မိနေသော အချိန်စက်ဝန်းနယ်မြေများနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့က ကျောက်ခဲလေးများသဖွယ်ဖြစ်နေသည်။
အသစ်ဖြစ်ပေါ်လာသော အချိန်စက်ဝန်းနယ်မြေက နေရာပေါင်းများစွာကို အလင်းပေးနေသော ကြယ်တာယာအဖွဲ့အစည်းကြီးတစ်ခုကဲ့သို့ ကျယ်ပြောလှသည်။ အချိန်စွမ်းအားများ စုစည်းလာသည်နှင့် ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးမှ လှုပ်ခတ်မှုများကို အချိန်သက်ရှိများက သတိထားမိသွားကြသည်။
အလွှာဆယ့်သုံး အချိန်သက်ရှိများက လင်းယွမ်ကို အထူးအာရုံစိုက်နေသူများဖြစ်သောကြောင့် အချိန်စွမ်းအား၏ ပုံမှန်မဟုတ်သော အခြေအနေကို သတိထားမိသည်နှင့် လင်းယွမ်က အလွှာဆယ့်သုံးသို့ တက်လှမ်းပြီဖြစ်ကြောင်း သိရှိလိုက်ကြသည်။
" နဂါးငွေ့တန်းက နောက်ဆုံးတော့ အလွှာဆယ့်သုံးကို တက်လှမ်းဖို့ ကြိုးစားပြီပဲ။ "
" ဖရိုဖရဲဟင်းလင်းပြင်က ကိုးယောက်မြောက် အချိန်သက်ရှိကို မွေးဖွားပေးတော့မယ်။ "
အချိန်သက်ရှိများက ဝမ်းသာသွားကြသည်။ ယခင်စောင့်ကြည့်ခဲ့သော အချိန်အတိုင်းအတာများအရ လင်းယွမ်က အချိန်သက်ရှိဖြစ်လာရန် သေချာသလောက်ရှိနေပြီဖြစ်သည်။ မကြာမီ အချိန်သက်ရှိများက ဖရိုဖရဲဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံးမှ အချိန်စက်ဝန်းနယ်မြေ၏ ပြောင်းလဲမှုများကို မြင်တွေ့လိုက်ရသည်။ အထူးသဖြင့် အသစ်ဖြစ်ပေါ်လာသော ကြီးမားသည့် အချိန်စက်ဝန်းကြီးကြောင့်ဖြစ်သည်။
" နဂါးငွေ့တန်း ကျရောက်သွားတဲ့ အချိန်စက်ဝန်းကနေဖြစ်ပေါ်လာတဲ့ နယ်မြေက အရမ်းကျယ်လွန်းတယ်။ "
ဖရိုဖရဲအဆင့် အထွတ်အထိပ်တစ်ယောက်က အလွှာဆယ့်သုံးသို့ ကြိုးစားချိန်တွင် ဖြစ်ပေါ်လာသော နယ်မြေအရွယ်အစားက ကွဲပြားမှုရှိတတ်သည်။ ၎င်းမှာ ထိုသက်ရှိ၏ စွမ်းအားနယ်ပယ်အပေါ်တွင် တိုက်ရိုက်မူတည်နေသည်။
လင်းယွမ် အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားချိန်တွင် သူကျရောက်သွားသော အချိန်စက်ဝန်းမှ ဖြစ်ပေါ်လာသော နယ်မြေအရွယ်အစားက ကြီးမားရုံသာ မကတော့ပေ။ အတိတ်မှ အချိန်စက်ဝန်နယ်မြေအားလုံးပေါင်းလျှင်တောင် လင်းယွမ်ကို မမီပေ။
" နဂါးငွေ့တန်း " လောဟောက်ကလည်း အလားတူ ဆွံ့အနေသည်။ သူက အချိန်စက်ဝန်းမှ ချိုးဖျက်ထားသည်မှာ မကြာသေးသောကြောင့် သူပိတ်မိခဲ့သော နယ်မြေအရွယ်အစားကို ကောင်းစွာ သိရှိနေသည်။ လင်းယွမ်၏ အချိန်စက်ဝန်းနယ်မြေနှင့် နှိုင်းယှဉ်လျှင် ပိုးစုန်းကြူးနှင့် လမင်းဟု ပြောလျှင်တောင် သူအတွက် ချီးကျူးရာရောက်ပေသည်။
လင်းယွမ်၏ အာရုံခံသားမှုက အလွန်ဝေဝါးနေပြီး သူ၏ စိတ်အသိက အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုထဲသို့ ကျဆင်းနေသကဲ့သို့ ခံစားနေရသည်။
" သခင်လေး... ခဏသည်းခံပါဦး။ မကြာခင် သူတို့ကို ရှင်းထုတ်နိုင်မှာပါ။ "
" သခင်လေး....ဒီမှာ ခဏလောက် အနားယူလိုက်ပါဦး။ ကျွန်တော် သူတို့ကို ဟိုဘက် မျှားခေါ်သွားလိုက်မယ်။ "
" သခင်လေး ကျွန်တော်ပြန်လာပြီ။ အခုတော့ စိတ်ချရပါပြီ။ သခင်လေး ထပါဦး။ သခင်လေးသာ တစ်ခုခုဖြစ်သွားရင် ကျွန်တော် သခင်ကြီးကို ဘယ်လိုမျက်နှာပြရမှာလဲ။ "
လင်းယွမ်က အသံအချို့ကို ဝေဝါးစွာ ကြားနေရပြီး ၎င်းတို့ကိုလည်း နားလည်နေသည်။ သို့သော် သူ၏ စိတ်အသိက အလွန်အားနည်းနေပြီး မနိုးထဘဲ အိပ်စက်နေရန်သာ ဖိအားပေးနေသည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိတ်အသိက တဖြည်းဖြည်း ပြန်လည်နိုးထလာခဲ့သည်။ သူက အနည်းဆုံးတော့ ပြင်ပမှ အချက်အလက်များကို ရယူနိုင်ရန် ကြိုးစားနိုင်လာသည်။
နောက်တစ်နေ့တွင် လင်းယွမ်က အလွန်ခက်ခဲစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ စိတ်ထဲသို့ မှတ်ဉာဏ်များစွာ စီးဆင်းလာသည်။
" တဖုန်းမင်းဆက်က ကမ္ဘာကြီးကို အုပ်စိုးထားတယ်။ ငါက ကြာပန်းနီဂိုဏ်းရဲ့ သခင်လေး။ ကြာပန်းနီဂိုဏ်းက ပုန်ကန်ဖို့ ရည်ရွယ်ထားတယ်။ အဲ့ဒါကြောင့် တဖုန်းမင်းဆက်ရဲ့ အလုံးအရင်းနဲ့ နှိမ်နင်းမှုကို ခံနေရတယ်။ "
" ကြာပန်းနီဂိုဏ်းချုပ်ဖြစ်တဲ့ ငါအဖေက မကြာခင်က ဝန်းရံတိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့ပြီ။ အစေခံအိုကြီးတစ်ယောက်က သူ့အသက်ကို ရင်းပြီး ကယ်ထုတ်ခဲ့တယ်။ " လင်းယွမ်က အခြေအနေကို အကြမ်းဖျင်း နားလည်သွားသည်။
တဖုန်းမင်းဆက်က ပြည်နယ် ၉၉ခုကို အုပ်စိုးထားပြီး ယခုအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ ယခင် တဖုန်းဧကရာဇ်ခြောက်ယောက်လုံးက စနစ်တကျ အုပ်ချုပ်ခဲ့ပြီး ဝန်ကြီးများနှင့် စစ်သူကြီးများစွာ ပေါ်ထွက်လာခဲ့သည်။
သို့သော် မည်သည့်ဧကရာဇ်လက်ထပ်တွင်ဖြစ်စေ ပုန်ကန်သောအဖွဲ့စည်းများရှိစမြဲဖြစ်ပြီး ကြာပန်းနီဂိုဏ်းက တစ်ခုအပါအဝင်ဖြစ်သည်။ ကြာပန်းနီဂိုဏ်း၏ တည်ထောင်သူက ယခင်မင်းဆက်၏ အကြွင်းအကျန်တစ်ယောက်ဖြစ်ပြီး တဖုန်းမင်းဆက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
အလွန်ဖွံ့ဖြိုးတိုးတက်လာသော တဖုန်းအင်ပါယာ၏ ရှေ့မှောက်တွင် ကြာပန်းနီဂိုဏ်းက ပုန်ကန်ရန် မပြောနှင့် ၎င်း၏ တည်ရှိမှုကိုပင် အသည်းအသန် ထိန်းသိမ်းနေရသည်။ မကြာသေးမီက လက်ရှိကြာပန်းနီဂိုဏ်းချုပ်ပင် နန်းတွင်းစစ်တပ်၏ သတ်ဖြတ်ခြင်းကိုပင် ခံခဲ့ရသည်။
" ဒီကမ္ဘာက ဘယ်လိုလဲ။ " လင်းယွမ်က ပတ်ဝန်းကျင်မှ အသေးစိတ်အခြေအနေများကို စတင်အာရုံခံနေသည်။ သူ၏ စိတ်စွမ်းအားက အလွန်အားနည်းနေပြီး သူ၏ စိတ်အသိကမူ မပျက်မယွင်းပဲ ရှိနေသည်။