အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်း....
Vol. 76 Ch. 1066
" စိတ်ဝိညာဉ်ရှာဖွေမှာလား။ " ကျင်းယိ၏ နှုတ်ခမ်းများက တုန်ယင်သွားသည်။ " ဒုတိယရွေးချယ်စရာက ဘာလဲ။ "
" ကျုပ်က စိတ်ဝိညာဉ်ရှာဖွေတာကို အတင်းအကျပ်လုပ်မယ်။ ပြီးတော့ ရွှေနဂါးဂိုဏ်းကို အပြီးတိုင်ဖျက်ဆီးပစ်မယ်။ " လင်းယွမ်က တိုက်ရိုက် ပြောလိုက်သည်။
" ငါ ပထမတစ်ခုပို ရွေးမယ်။ " ကျင်းယိက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ အခြားရွေးချယ်စရာမရှိပေ။ မည်သို့ပင်ဖြစ်စေ သူက သေရတော့မည်ဖြစ်သည်။
" ဒါဆို ရွှေနဂါးဂိုဏ်းက သူတို့ရဲ့ အမွေအနှစ်ကို ဆက်ပြီး ထိန်းသိမ်းနိုင်လိမ့်မယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ကျင်းယိ၏ မှတ်ဉာဏ်များအားလုံးကို ရရှိခြင်းဖြင့် သူက ရွှေနဂါးဂိုဏ်းကို အန္တရာယ်ကင်းကင်းနှင့် ထိန်းချုပ်နိုင်ပေလိမ့်မည်။
တဖုန်းအင်ပါယာနန်းတော်အတွင်း၌ လူငယ်ဧကရာဇ်က ပလ္လင်ပေါ်တွင် ထိုင်နေသည်။
" နှစ်ပေါင်းနှစ်ဆယ်အတွင်း ငါက တာအိုအရှင်သခင်တစ်ယောက်ဖြစ်လာပြီ။ ဧကရာဇ်က ရေရွတ်လိုက်သည်။ " ပြီးတော့ ဒီနန်းတော်ကို စိတ်ဝိညာဉ်စွမ်းအားကို တားဆီးနိုင်တဲ့ အထူးပစ္စည်းတွေနဲ့ တည်ဆောက်ထားတာပဲ။ "
" ဒီလိုအခြေအနေမှာတောင် ဒီကပ်ဘေးက ငါ့ကို နှစ်ပေါင်း ၁၅၀ပဲ အသက်ရှင်နေခိုင်းတာလား။ ဒါဆိုရင်တော့ ဒါက ငါရင်ဆိုင်ရမယ့် နောက်ဆုံးစမ်းသပ်မှုဖြစ်ဖို့ မထိုက်တန်တော့ဘူး။ "
" ငါ နန်းတော်ထဲမှာ ဆက်နေလို့မရတော့ဘူး။ "
နန်းတော်ဆိုသည်မှာ လုံးဝ ယုံကြည်စိတ်ချရသော နေရာတစ်ခုဖြစ်သည်။ ဤကမ္ဘာက ရုပ်ခန္ဓာကို ပြင်းထန်စွာ ဖိနှိပ်ထားပြီး စိတ်စွမ်းအားကလည်း ကန့်သတ်ချက်ရှိသောကြောင့် လူပေါင်းသောင်းချီကို တစ်ယောက်တည်း တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော် နောက်ဆုံးကပ်ဘေးက ထိုမျှမရိုးရှင်းနိုင်ပေ။ ၎င်းက သူတိုက်ရိုက်ရင်ဆိုင်နိုင်သည့် အရာမျိုးမဟုတ်ပေ။ ထို့ကြောင့် သူက နန်းတော်မှာ တစ်နေ့တွင် ထိုးဖောက်ခံရလိမ့်မည်ဟု ယူဆလိုက်သည်။
နန်းတော်ဟူသော ပစ်မှတ်က ထင်ရှားလွန်းနေသည်။ ဧကရာဇ်က နန်းတော်ထဲတွင် ရှိသည်ကို လူတိုင်းသိကြသည်။ နန်းတော်ထဲတွင် နေပြီး ကပ်ဘေးကြီးကျရောက်လာမည်ကို စောင့်နေမည့်အစား ကမ္ဘာအနှံ့တွင် ပျောက်ကွယ်နေခြင်းက ပိုကောင်းပေလိမ့်မည်။
ကမ္ဘာကြီးက အတိုင်းအဆမရှိ ကျယ်ပြောလှပြီး တဖုန်းအင်ပါယာက ပြည်နယ် ၉၉ခုကို သိမ်းပိုက်ထားသည်။ ထိုပြည်နယ် ၉၉ခုထဲတွင် နိုင်ငံငယ်လေးများ အနှံ့အပြားတွင် တည်ရှိနေသည်။ ပို၍ ဝေးကွာသော နေရာတွင် ကျယ်ပြောသော ကုန်းမြေများ တည်ရှိနေသည်။
သို့သော် ထိုနေရာများတွင် လူဦးရေ ကျဲပါးပြီး ပတ်ဝန်းကျင်က ကြမ်းတမ်းလှသည်။ ဧကရာဇ်က ထိုထဲမှ နေရာတစ်ခုခုတွင် ပုန်းအောင်းနေပြီး နှစ်ပေါင်း ၁၅၀ ကြာနေထိုင်ပြီးလျှင် အနိုင်ရရှိပေလိမ့်မည်။
ကပ်ဘေးကို တိုက်ရိုက်ရင်ဆိုင်ခြင်းက အမိုက်မဲဆုံး နည်းလမ်းဖြစ်ပေလိမ့်မည်။ ကပ်ဘေးကို ဖြတ်ကျော်နိုင်ရန် လိုအပ်ချက်မှာ ၎င်းကို အနိုင်ယူရန် မဟုတ်ပေ။ သူက နှစ်ပေါင်း ၁၅၀ အသက်ရှင်ရန်သာ လိုအပ်သည်။
ရွှေနဂါးဂိုဏ်း။
လင်းယွမ်က ထိုဂိုဏ်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် လဝက်ခန့်သာ အချိန်ယူခဲ့ရသည်။ အထူးသဖြင့် ကျင်းယီက လင်းယွမ်နှင့် ပူးပေါင်းခဲ့သောကြောင့်ဖြစ်သည်။ လင်းယွမ်က တာအိုအရှင်သခင်စွမ်းအားကို ထုတ်ပြလိုက်သောအခါ အခြားသူများကလည်း မခုခံဝံ့တော့ပေ။
ရွှေနဂါးဂိုဏ်းသို့ ကြီးမားသော အင်အားစုတစ်ခုက တပည့်များကို လျို့ဝှက်စွာ ပျိုးထောင်ထားနိုင်မည်မှာ သေချာသည်။ တာအိုအရှင်သခင် ဖြစ်လာနိုင်သော တပည့်များကို သေချာပေါက် ထုတ်ပြမည်မဟုတ်ပေ။
တာအိုအရှင်သခင်ဖြစ်မလာမီ အခြားအင်အားစုများ၏ လုပ်ကြံမှုကို ခံရနိုင်သည်။ ထို့ကြောင့် လင်းယွမ်ကို ရွှေနဂါးဂိုဏ်းမှ တိတ်တဆိတ် ပျိုးထောင်ထားသော ဆက်ခံသူအဖြစ်သာ မှတ်ယူကြသည်။ ထိုနည်းဖြင့် ရွှေနဂါးဂိုဏ်း၏ အာဏာလွှဲပြောင်းခြင်းက ရိုးရှင်းလွယ်ကူသွားခဲ့သည်။
ထို့အပြင် လင်းယွမ်က ကျင်းယိကို စိတ်ဝိညာဉ်ရှာဖွေခြင်းပြုလုပ်ခဲ့ပြီး ရွှေနဂါးဂိုဏ်းနှင့် ပက်သက်သော အရာအားလုံးကို သိရှိကာ အချိန်အတိုင်းအတားများစွာကိုပင် ကြည့်ရှုနိုင်ခဲ့သည်။
ဤကမ္ဘာ၏ ဖိနှိပ်မှုကြောင့် လင်းယွမ်က အနာဂတ် အချိန်အတိုင်းအတာများကို ကြည့်ရှုရာတွင် တိကျသော ပုံရိပ်များကို မမြင်ရဘဲ စာသားများအဖြစ်သူ မြင်တွေ့နိုင်ခဲ့သည်။
လင်းယွမ်၏ ပစ်မှတ်က တဖုန်းဧကရာဇ်ဖြစ်သည်။ ထို့ကြောင့် ကြည့်ရှုသမျှ အချိန်အတိုင်းအတာ အများစုက တဖုန်းဧကရာဇ်နှင့်သာ ပက်သက်လေ့ရှိသည်။
" မန်ပြည်နယ်ကိုတော့ သိမ်းပိုက်ပြီးပြီ။ " လင်းယွမ်က ရွှေနဂါးခန်းမအတွင်း ထိုင်နေသည်။
ရွှေနဂါးဂိုဏ်းကို သိမ်းပိုက်နိုင်ခြင်းမှာ မမျှော်လင့်ထားသော အကျိုးအမြတ်တစ်ခုဖြစ်သည်။ ယခင်ကြည့်ရှုခဲ့ဖူးသော အချိန်အတိုင်းအတာများတွင် ထိုအချိန်အတိုင်းအတာကို မမြင်ခဲ့ရပေ။ ရွှေနဂါးဂိုဏ်းကို သိမ်းပိုက်လိုက်ခြင်းက မန်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့သည်။
လင်းယွမ်က သူ၏ နည်းလမ်းများကို အသုံးပြု၍ မန်ပြည်နယ်မှ တဖုန်းအင်ပါယာ၏ အင်အားစုများကို အစားထိုးသွားမည်ဖြစ်သည်။
" အချိန်က မြန်လွန်းတယ်။ " လင်းယွမ်က တွေးလိုက်သည်။
နှစ်ပေါင်းနှစ်ဆယ် ကျင့်ကြံပြီးနောက် သူက တာအိုအရှင်သခင်အဆင့် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ တိုက်ခိုက်ရေးစွမ်းအားအရ သူက တာအိုအရှင်သခင်များကြားတွင် အနှိုင်းမဲ့ဖြစ်ပြီး အခြားသူများက သူ့ကို ခုခံရန် နည်းလမ်းမရှိပေ။
သို့သော် ထိုမျှသန်မာသော ခွန်အားက သက်တမ်းတိုးမြှင့်ခြင်းအပေါ်တွင် သက်ရောက်မှုမရှိပေ။ ရုပ်ခန္ဓာအပေါ် တိကျသော နားလည်မှုအရ သူ၏ ကျန်ရှိသော သက်တမ်းက နှစ်ပေါင်း ၁၃၀ ကျော်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ဤအချိန်စက်ဝန်းကို ချိုးဖျက်ရန်အတွက် နှစ်ပေါင်း ၁၃၀အတွင်း တဖုန်းဧကရာဇ်ကို သတ်ရမည်ဖြစ်သည်။
" တကယ်လို့ သက်တမ်းကုန်ဆုံးတဲ့နေ့အထိ တဖုန်းဧကရာဇ်ကို မသတ်နိုင်ရင် ငါ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို သုံးပြီး တိုက်ရိုက်သတ်ပစ်မယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားက သူ၏ နောက်ဆုံးလက်နက်ဖြစ်သည်။ သို့သော် အကယ်၍ သူကိုယ်တိုင်က အချိန်စက်ဝန်းကို ချိုးဖျက်နိုင်ခြင်းမရှိခဲ့လျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အသုံးပြုရန် ဝန်လေးနေမည်မဟုတ်ပေ။
" အချိန်သက်ရှိတွေက ငါ့ရဲ့ အနာဂတ်အချိန်အတိုင်းအတာတွေကို စောင့်ကြည့်ပြီး ငါ အလွှာဆယ့်သုံးကို သေချာပေါက် ရောက်လိမ့်မယ်လို့ ယုံကြည်နေကြတယ်။ အဲ့ဒါက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားကို အချိန်စက်ဝန်းထဲမှာ အသုံးပြုနိုင်လို့ ထင်တယ်။ "
လင်းယွမ်က သူ၏ အနာဂတ်အချိန်အတိုင်းအတာများကို ဆက်လက်စောင့်ကြည့်လိုက်သည်။
" သင်က အသက် ၃၈တွင် မည်သည့်တာအိုအရှင်သခင်မှ သင့်ကို မယှဉ်နိုင်ဟု ယုံကြည်သောကြောင့် တဖုန်းဧကရာဇ်ကို လုပ်ကြံရန် မြို့တော်သို့ ခိုးဝင်ခဲ့သည်။ တစ်လအကြာတွင် သင်က တာအိုအရှင်သခင် ၂၈ ယောက်နှင့် နန်းတွင်းအစောင့် ငါးသောင်း၏ ဝန်းရံတိုက်လိုက်မှုကို ခံရပြီး သေဆုံးသွားခဲ့သည်။ "
" ဟမ် " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။ " တာအိုအရှင်သခင် ၂၈ ယောက်လား။ "
တာအိုအရှင်သခင် ၂၈ ယောက်နှင့် နန်းတွင်းအစောင့် ငါးသောင်းကို တိုက်ရိုက်ရင်ဆိုင်ခြင်းက သေဆုံးရန်သာရှိသည်။ သူက အချိန်အတိုင်းအတာကို ကြည့်ရှုခြင်းဖြစ်သောကြောင့် နောက်ဆုတ်မည်မဟုတ်ပေ။ သို့မှသာ မြို့တော်၏ နည်းဗျူဟာများကို သိရှိနိုင်မည်ဖြစ်သည်။
" ဆက်ကြည့်တာပေါ့။ " လင်းယွမ်က နောက်ထပ် အချိန်အတိုင်းအတာအသစ်တစ်ခုကို ထပ်ကြည့်လိုက်သည်။
" သင်က အသက် ၃၈ နှစ်တွင် ပိုမိုသတိထားပြီး မြို့တော်သို့ ခိုးဝင်ခဲ့သည်။ နှစ်လအကြာတွင် သင်က နန်းတော်ထဲသို့ အောင်မြင်စွာ ခိုးဝင်နိုင်ခဲ့သော်လည်း နန်းတွင်းအစောင့် သုံးသောင်းနှင့် ရင်ဆိုင်ရပြီး သေဆုံးခဲ့သည်။ "
" ဟ..." လင်းယွမ်က သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။
" နန်းတော်ထဲမှာ တာအိုအရှင်သခင်တစ်ယောက်ကို ဖိနှိပ်နိုင်တဲ့ လျို့ဝှက်ချက်တစ်ခု ရှိနေတာပဲဖြစ်ရမယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
တာအိုအရှင်သခင် ၂၈ ယောက်နှင့် နန်းတွင်းအစောင့် ငါးသောင်းကို တိုက်ရိုက်ရင်ဆိုင်ခြင်းက အမှန်တကယ်ပင် သေဆုံးနိုင်သည်။ သို့သော် နန်းတွင်းအစောင့် သုံးသောင်းဆိုလျှင် သူ၏ လက်ရှိစွမ်းအားနှင့် သူတို့ကို ချေမှုန်းပစ်နိုင်လေသည်။
လင်းယွမ်က အနာဂတ်အချိန်အတိုင်းအတာများကို ဆက်လက်ကြည့်ရှုလိုက်သည်။ ရွှေနဂါးဂိုဏ်းက အင်အားကြီးသော ဂိုဏ်းတစ်ခုဖြစ်သောကြောင့် အရင်းအမြစ်များစွာကိုလည်း စုဆောင်းထားခဲ့သည်။
လင်းယွမ်က ရွှေနဂါးဂိုဏ်းတွင် ခြေကုပ်ယူကာ အခြားပြည်နယ်များကို တဖြည်းဖြည်း ချဲ့ထွင်ခဲ့သည်။ သူက ၎င်းတို့ကို လျို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။ အကယ်၍ တဖုန်းအင်ပါယာက သိရှိသွားလျှင် သူ၏ အင်အားချဲ့ထွင်မှုက အတားအဆီးဖြစ်သွားပေလိမ့်မည်။
ထိုအချိန်ကျလျှင် တဖုန်ဧကရာဇ်ကို သတ်ဖြတ်ခြင်းက သူ၏ ကိုယ်ပိုင်စွမ်းအားတစ်ခုတည်းအပေါ်တွင်သာ မူတည်သွားပေလိမ့်မည်။ ထိုအချက်က ဖြစ်နိုင်ခြေကို များစွာ လျော့ကျစေလိမ့်မည်။
ထိုသို့ဖြင့် အချိန်များစွာ ကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းငါးဆယ်ကြာသွားခဲ့သည်။
ဟေးစန်းတောင်တန်းက အလွန်ရှည်လျားပြီး ပြည်နယ်ဆယ်ခုကျော်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ ၎င်းက တဖုန်းအင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင်မရှိသော နယ်မြေတစ်ခုဖြစ်သည်။ ဟေးစန်းတောင်တန်းက ချောက်ကမ်းပါးကြီးများတွင် ထူထပ်သော တောအုပ်များ ရှိသောကြောင့် ဖြစ်သည်။
ကြမ်းတမ်းသော သားရဲများနှင့် အသက်အန္တရာယ်ရှိသော နေရာများလည်း ရှိသည်။ ထိုနယ်မြေထဲတွင် လှည့်လည်သွားလာနေသော ဓားပြများပင် တောင်တန်းအတွင်းမှ အချို့နေရာများတွင်သာ နေထိုင်ရဲကြသည်။
ဖြတ်သန်းသွားလာသော ကုန်သည်များကို လုယက်ပြီး အသက်မွေးကြသည်။ သို့သော် အချိန်အတော်ကြာသည်အထိ ဟေးဖုန်းတောင်တန်းမှ ဓားပြများ၏ သတင်းကို လုံးဝ မကြားရတော့ပေ။ ဓားပြများက ဟေးစန်းတောင်တန်းမှ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သည်။