← Chapters

တာ့ရှားသင်္ချိုင်း

Vol. 5 Ch. 495

တာ့ရှားသင်္ချိုင်း

Vol. 5 Ch. 495

အမတ်မင်းများမှာ တာ့ရှားဧကရာဇ် ကိုယ်တိုင် စစ်ချီလိမ့်မည်ဟု မည်သူမှ တွေးမထားမိကြပေ။

ယခုဆိုလျှင် တိချိုးမြို့တော်တွင် ရွှမ်ကျန်း ဆရာသခင် ခုနစ်ပါးထက်ပင် တန်ခိုးစွမ်းအား မြင့်မားသည့် ကျင့်ကြံသူ တစ်ယောက် ရောက်ရှိ နေလေသည်။ ထိုသူမည်သူ ဖြစ်သည်ကို မဖော်ထုတ် နိုင်ခင် အချိန်တွင် တာ့ရှားဧကရာဇ်က တိုင်းပြည်မှ ထွက်ခွာကာ စစ်ချီမည်ဆိုလျှင် ဒုက္ခတွေ့နိုင်မည် ဖြစ်လေသည်။

ထို့ပြင် ရှားထိုက် အကျဉ်းထောင်တွင် အကျဉ်းချ ခံထားရသည့် ထျန်းယီကလည်း ရှိနေသေးသည်။

ဤသည်မှာ အနာဂတ်တွင် ပြဿနာ တစ်ခုခု ဖြစ်တော့မည့် အရိပ်အယောင်ပင် ဖြစ်လေသည်။ တာ့ရှားဧကရာဇ်သာ နည်းနည်းလောက်ပိုပြီး ပညာရှိနိုင်လျှင် ထိုကဲ့သို့သော မိုက်ရူးရဲဆန်သည့် အလုပ်များကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။

တာ့ရှားဧကရာဇ်က အမတ်မင်းများကို တစ်ချက် ကြည့်လိုက်ပြီး ရယ်မော လိုက်လေသည်။

“မောင်မင်းတို့တွေ ဘာတွေစဉ်းစားနေလဲဆိုတာ ငါကိုယ်တော်သိတယ်၊ ဒါပေမဲ့ ယိုးရှီဒေသကို စစ်ချီမယ့် ကိစ္စကို နောက်နှစ်ဝက်လောက်နေမှ ရက်သတ်မှတ်မှာပါ”

ထိုစကားကိုကြားတော့မှ အမတ်မင်းများမှာ စိတ်သက်သာရာ ရသွားကြလေသည်။

ထို့ပြင် တာ့ရှား ဧကရာဇ်ကိုယ်တိုင် ယိုးရှီသို့စစ်ချီ ရလောက်အောင် ယိုးရှီဒေသသည် မည်သည့် အပြစ်များ လုပ်ခဲ့လေသနည်းဟု စဉ်းစားနေကြသူများလည်း ရှိလေသည်။

အကယ်၍ တာ့ရှားဧကရာဇ် စစ်ချီမည့် သတင်းကို ယိုးရှီဒေသမှ သတင်းရရှိသွားလျှင် သူတို့သည့် အမြန် လက်နက်ချပြီး တာ့ရှားဧကရာဇ်ကို တောင်းပန်မည် ဆိုလျှင်တော့ စစ်ဘေးဒုက္ခမှ ကင်းလွတ်ကောင် ကင်းလွတ် နိုင်လေသည်။

တာ့ရှားဧကရာဇ် ဝမ်ချန်နန်းတော်တွင် အစည်းအဝေး ထိုင်နေစဉ်တွင်….

ဆန်းလျန်ကတော့ တိချိုးမြို့ထဲတွင် လျှောက်သွား နေလေသည်။ နေ့လယ် နေ့ခင်းပိုင်း ဖြစ်သည့်အတွက် ရှားတူးမြောင်း ပတ်ဝန်းကျင်တွင် လူများ ထူတပ်စည်ကားလျက် ရှိလေသည်။

တိချိုးမြို့တော်ကို အရှေ့၊ အနောက်၊ တောင်၊ မြောက် အပိုင်းလေးပိုင်း ခွဲခြားထားလေသည်။

မြောက်ဘက်ပိုင်းတွင် ဝမ်ချန်နန်းတော်တည်ရှိပြီး အရှေ့ဘက်ပိုင်းတွင်တော့ အခြားသော တော်ဝင် မိသားစုများ၏ အိမ်တော်များ တည်ရှိလေသည်။ တောင်ဘက်ပိုင်းတွင်တော့ ပထမတန်း အဆင့်ရှိသည့် ချမ်းသာ ကြွယ်ဝသူ လူဂုဏ်ထန် လူတန်းစားများ နေထိုင်ကြပြီး အနောက်ပိုင်းတွင်တော့ သာမန်လက်လုပ်လက်စား ပြည်သူများ နေထိုင်ကြလေသည်။

တိချိုးမြို့တော် အလွန်တွင်တော့ တောနက်ကြီး တစ်ခုရှိပြီး နဂါးများနှင့် မြွေများ ပုန်းအောင်းရာ နေရာ ဖြစ်လေသည်။ ထိုတောနက်ထဲတွင် တန်ခိုးစွမ်းအား အပြောင်းအလဲများ အစဉ်အမြဲ ဖြစ်ပေါ်နေပြီး ကြောက်စရာ ကောင်းသည့် သတ္တဝါများ နေထိုင်ကြဟန် ရှိလေသည်။

သို့သော် မည်မျှပင် ကြောက်မက်ဖွယ်ရာ သတ္တဝါများ ရှိနေပါစေ ဆန်းလျန် ကိုယ်တိုင်နှင့် တာ့ရှားဧကရာဇ်လောက်တော့ ကြောက်မက်ဖွယ် ကောင်းလိမ့်မည် မဟုတ်ပေ။

ယခုတော့ ဆန်းလျန်သည် ရှားတူးမြောင်း ကမ်းခြေ တစ်လျှောက်တွင် လမ်းလျှောက် လာလေသည်။

ယနေ့နံနက်ခင်းတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကြောင့်ဖြင့်တော့ တာ့ရှားဧကရာဇ်၏ အနွယ်တော်များနှင့် တော်ဝင် မိသားစုများက ကြောက်ရွံ့ ထိတ်လန့်နေကြခြင်း မရှိပါချေ။ ဤသည်မှာ သူတို့မည်မျှ တည်ငြိမ်သည်ကို ပြသလိုက်ခြင်းပင် ဖြစ်လေသည်။

ဆန်းလျန်၏ စိတ်အာရုံထဲတွင် တိချိုးမြို့တော်မှ တာ့ရှားဧကရာဇ်၏ အနွယ်တော်များ ဖြစ်သည့် ရှားမျိုးနွယ်များ၏ ဝိညာဉ်များကို အာရုံခံကြည့် နေလေသည်။ ထိုမျိုးနွယ်များ၏ ဝိညာဉ်များမှာ နက်ရှိုင်းပြီး မောက်မာလွန်းသလို မြင့်လည်းမြင့်မြတ်လွန်းလေသည်။

ဆန်းလျန်သည် သူဖတ်ဖူးသည့် စာအုပ်တစ်အုပ်ထဲမှ အကြောင်းအရာ အချို့ကို သတိရ သွားမိသည်။ ထိုစာအုပ်အမည်မှာ “တရုတ်ရှေးဟောင်းသမိုင်း” စာအုပ်ဖြစ်လေသည်။

“ဝတ်စားဆင်ရင်ပုံများ အရဆိုလျှင်တော့ “ဟွာ” ဖြစ်ပြီး တိုင်းပြည်ကတော့ “ရှား” ဖြစ်သည်”

ဆိုသည့် စာကြောင်းပင် ဖြစ်လေသည်။

(အဓိပ္ပါယ် - “ဝတ်စား ဆင်ရင်ပုံများ အရဆိုလျှင်တော့ “တရုတ်လူမျိုး” ဖြစ်ပြီး တိုင်းပြည်ကတော့ “ရှား” ဆိုသည်မှာ BC 2000 ခန့်က ဆယ့်ခြောက် ပြည်ထောင်ကို သိမ်းယူခဲ့သည့် တရုတ်သမိုင်းထဲမှ “တာ့ရှားပြည်” ဖြစ်သည်” - ဘာသာပြန်သူ)

ထို တရုတ်သမိုင်းထဲတွင် သမိုင်းတွင်ကျန်ရစ်သည့် တာ့ရှားပြည်ဆိုသည်မှာ ယခု ဆန်းလျန် ရောက်ရှိနေသည့် တာ့ရှားပြည်နှင့် အလွန် ဆင်တူ လေသည်။ အလွန်မှ သြဇာအာဏာ ကြီးမား လွန်းလှသည်။ သို့သော် ယခု ဆန်းလျန်ရောက်ရှိနေ သည့်တာ့ရှားပြည်မှာ သမိုင်းထဲမှ တာ့ရှားပြည် မဟုတ်ပေ။

သူရောက်ရှိနေသည့် တာ့ရှားပြည်တွင် ကျင့်ကြံသူများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ နတ်ဘုရားများ၊ နတ်မိစ္ဆာများ၊ သူတော်စင်များနှင့် ရှုတ်ထွေးစွာ တည်ရှိပြီး တာ့ရှား ဧကရာဇ်နှင့် တော်ဝင် မိသားစုများသည်လည်း မွေးရာပါတန်ခိုးစွမ်းအားများနှင့့်ပင် ပြည့်စုံနေသေးသည်။

သို့သော်… ဆန်လျန်၏စိတ်ထဲတွင် ထိုတာ့ရှားပြည်နှစ်ခုသည် ဆက်စပ်နေသည်ဟု ခံစား နေရလေသည်။

ဆန်းလျန်သည် တွေးရင်းနှင့်ပင် တိချိုးမြို့တော်ထဲတွင် လျှောက်သွား နေမိလေသည်။

တစ်နေရာ အရောက်တွင်တော့ ဆန်းလျန်၏ ခြေလှမ်းများ ရပ်တန့် သွားလေသည်။  ထိုနေရာသည် တာ့ရှားပြည်၏ ဘိုးဘေးများကို ဝတ်ပြုကိုးကွယ်ရာ ဝတ်ကျောင်းတော် ဖြစ်လေသည်။ ထိုနေရာ၏ အနောက်ဘက်တွင် တာ့ရှား သင်္ချိုင်း ရှိလေသည်။

ဆန်းလျန်သည် တာ့ရှားသင်္ချိုင်းသို့ သွားသည့် ကျောက်တုံး တံတားလေးဘေးတွင် ရပ်နေလေသည်။ သူ့ဘေးနားတွင် ညောင်ပင်ကြီး တစ်ပင်ရှိနေပြီး ညောင်ပင်မှ ရှည်လျားစွာ ကျဆင်းနေသည့် ညောင်မြစ်ရှည်ကြီးများက ဆန်းလျန်ကို အခြားသူများ မမြင်အောင် ကာကွယ် ပေးထားလေသည်။

ကျောက်တုံး တံတားလေးထက်မှ လှမ်းကြည့်မည် ဆိုလျှင်တောင် ဆန်းလျန်ကို တွေ့မြင်နိုင်မည် မဟုတ်ပေ။ သူ၏မျက်ဝန်းများက ဘိုးဘွား ကန်တော့ရာ ဝတ်ကျောင်းတော် ရှိရာသို့ စိုက်ကြည့် နေလေသည်။

ဝတ်ကျောင်းတော်သည် အလွန်မှ ရှေးကျပြီး နက်ရှိုင်းသည့် တန်ခိုးစွမ်းအားများ ထွက်ပေါ် နေလေသည်။ ကြမ်းတမ်းသည့်တိုင် တိတ်ဆိတ် ငြိမ်သက်နေသည့် သားရဲတစ်ကောင်နှင့်ပင် ဆင်တူလေသည်။ ငြိမ်သက်နေသော သားရဲကိုသွားပြီး နှိုးဆွမိပါက မမြင်နိုင်သော ဘေးဆိုးများ ကျရောက် လာနိုင်ပေလိမ့်မည်။

ထိုအချိန်မှာပင် ကျောက်တုံး တံတားလေးကို ဖြတ်လျှောက် လာသည့် ညီညာသည့် ခြေသံများကို ကြားလိုက် ရလေသည်။ အနက်ရောင် သံချပ်ကာ အင်္ကျီများ ဝတ်ဆင်ထားသည့် တပ်ဖွဲ့တစ်ဖွဲ့သည် လူတစ်ယောက်ကို ခြံရံကာ လျှောက်လှမ်းလာကြခြင်း ဖြစ်လေသည်။

တန်ခိုးစွမ်းအားအငွေ့အသက်များသည် ထိုသူများ အားလုံးထံမှ ထွက်ပေါ် နေလေသည်။

ထိုတပ်ဖွဲ့မှာ တာ့ရှားပြည် ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့ ဖြစ်လေသည်။

ထိုတပ်ဖွဲ့မှာ တာ့ရှားဧကရာဇ်၏ ကြောက်မက်ဖွယ် ကောင်းသည့် အင်အား တစ်ရပ်ပင် ဖြစ်လေသည်။ ထိုတပ်ဖွဲ့ကို သေသေချာချာ လေ့ကျင့် သင်ကြား ပေးထားပြီး သန့်စင်သော တန်ခိုးစွမ်းအားကို တပ်ဖွဲ့ဝင်များ အားလုံးက ပိုင်ဆိုင် ထားလေသည်။

ဆန်းလျန်သည် ကြည်လင်သည့် မျက်လုံးများဖြင့် ထိုတပ်ဖွဲ့ကို လှမ်းကြည့် လိုက်လေသည်။

ဆန်းလျန်၏ မျက်လုံးများသည် မှန်ကဲ့သို့ပင် သူမြင်သမျှ အရာအားလုံးကို ရောင်ပြန်ဟပ် နိုင်စွမ်း ရှိလေသည်။

ထိုတပ်ဖွဲ့ကို ဦးဆောင်လာသူမှာ ယနေ့နံနက်က တောင်မြင့်ကြီးကို တိုက်ခိုက်ခဲ့သည့် မိစ္ဆာ ဓားကောက်ကြီး၏ ပိုင်ရှင် ဖြစ်သည်ကို ဆန်းလျန် ချက်ချင်း သိရှိလိုက်သည်။ သူ၏ တစ်ကိုယ်လုံးမှာ အနက်ရောင် ဝတ်ဆင်ထားပြီး သူ၏ မျက်နှာနေရာလေးကိုသာ ကွက်ပြီး တွေ့မြင်ရလေသည်။

တပ်ဖွဲ့၏ အလယ်တွင် ခန္ဓာကိုယ် တစ်ခုလုံး မီးတောက် အလား နီရဲနေသည့် လူတစ်ဦး လိုက်ပါလာလေသည်။ ထိုသူထံမှ မြင့်မားသည့် တန်ခိုးစွမ်းအား တုန်ခါမှု တစ်ခုကို ခံစားရလေသည်။ သို့သော် ထိုသူ၏ နားရွက်နှစ်ဖက်လုံးမှာ ဖြတ်တောက် ခံထားရလေသည်။

ထိုသူ၏နားရွက်များ ဖြတ်ထားခံရသည်မှာ သိပ်မကြာသေးကြောင်း ဆန်းလျန်က ရိပ်မိလိုက်သည်။ ထို့ကြောင့် ထိုသူ၏ခန္ဓာကိုယ်မှ တန်ခိုး စွမ်းအားများမှာလည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေလေသည်။

သူတို့သည် တာ့ရှားသင်္ချိုင်းမြေနှင့် တဖြည်းဖြည်း နီးကပ်လာပြီး ကျောက်တုံး တံတားလေး နားသို့ မရောက်မီ ခြေလှမ်း သုံးဆယ်ခန့် အကွာတွင် ရပ်တန့် လိုက်ကြလေသည်။

အနက်ရောင် ဝတ်ရုံဝတ်ဆင် ထားသူက…

“အစ်ကိုလျဲ့ … ကျုပ်ဒီနေရာအထိပဲ လိုက်ပို့တော့မယ်၊ ခင်ဗျားအိမ်ကို မှာစရာရှိရင် ကျုပ်ကနေ တစ်ဆင့် မှာလိုက်နိုင်ပါတယ်"

ရှင်းလျဲ့သည် နားမကြားတော့ပါ။ သို့သော် သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ မင်လော့ ပြောနေသည့် စကားများကို နားလည် နိုင်လေသည်။

“မင်းကို ဒုက္ခမပေးတော့ပါဘူး စစ်သူကြီးမင်လော့၊ ကျုပ်ရဲ့သားကိုသာ ဧကရာဇ်မင်းကို ဆက်ပြီး သစ္စာရှိဖို့ မှာကြားပေးပါ၊ ပြီးတော့ ကျုပ်လို အဘိုးကြီးကို မေ့လိုက်ပါတော့လို့ ပြောပေးပါ”

မင်လော့က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…

“အစ်ကိုလျဲ့ ပြောတာတွေကို မှာကြားပေးပါ့မယ်၊ တကယ်တော့ ဒီတာ့ရှားသင်္ချိုင်းထဲမှာ ကျုပ်တို့ ဘိုးဘေးတွေရဲ့ အသက်ဓာတ် စွမ်းအားတွေ တည်ရှိ နေတယ်၊ အစ်ကိုလျဲ့သာ ကျင့်ကြံနိုင်မယ် ဆိုရင် အကျိုးကျေးဇူး အများကြီး ရှိမှာပါ၊ အစ်ကိုက အခုဆိုရင် ခုနစ်ကြိမ်မြောက် လူပြန်ဝင်စားတော့မယ် ဆိုတော့ ကျင့်စဉ်လမ်းမှာ အောင်မြင်နီးနေပြီ မဟုတ်လား"

ရှင်းလျဲ့က ပြုံးလိုက်ရင်း….

“ဒီကိစ္စတွေကို ကျုပ်သိပါတယ်၊ တကယ်တော့ ကျုပ်ဘဝမှာ ဧကရာဇ်မင်းကို တစ်ခါမှ အမျက်မထွက်ခဲ့ဖူးပါဘူး၊ မင်းနဲ့ကျုပ်နှစ်ယောက်စလုံးရဲ့ ဧကရာဇ်မင်း အပေါ် ထားရှိတဲ့ သစ္စာစောင့်သိမှုဟာ အတူတူပါပဲ”

မင်လော့သည် ရှင်းလျဲ့ကို လက်နှစ်ဖက်စုပ်ကာ ဂါရဝပြုလိုက်ရင်း…

“အစ်ကိုလျဲ့က ဒီလိုပြောပြီ ဆိုမှတော့ အစ်ကိုလျဲ့ ဒီနေရာက ထွက်ခွာလာလို့ရတဲ့ တစ်နေ့ကျရင် အစ်ကိုလျဲ့ဆီက အကြံဉာဏ်တွေ ယူချင်ပါသေးတယ်”

ရှင်းလျဲ့က ပြုံးရုံသာ ပြုံးနေလိုက်ပြီး စကားပြန် မပြောတော့ပါ။ ထို့နောက် သူက မှောင်မှိုင်းနေသည့် သင်္ချိုင်း မြေအတွင်းသို့ ဝင်ရောက် သွားတော့သည်။

မင်လော့သည့် သင်္ချိုင်းမြေ အတွင်းသို့ ဝင်ရောက်သွားသည့် ရှင်းလျဲ့ကို မျက်စိတစ်ဆုံး ကြည့်နေလေသည်။

ရှင်းလျဲ့မြင်ကွင်းမှ ပျောက်ကွယ် သွားသည်နှင့် မင်လော့၏ စူးရှသည့် အကြည့်သည် ညောင်ပင်အောက်သို့ ရောက်ရှိ လာလေသည်။

***

All Chapters