← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 25 Ch. 241-242

အခန်း။ ၂၄၁

“ယေးးးး နောက်ဆုံးတော့ ကမ်းခြေကို မြင်ရပြီဟေ့။ ငါ့မှာတော့ ငါးတွေပဲ စားလွန်းလို့ အန်

တောင် ထွက်ချင်နေပြီ”

ချူဖုန်းက ရယ်မောရင်း အော်ပြောလိုက်သည်။

“ကမ်းပေါ်က မြင်ကွင်းတွေက ဘယ်လိုမျိုးလဲ မသိဘူးနော် မသေမျိုးဂိုဏ်းတွေနဲ့ ဆရာသခင်တွေ တကယ်ပဲ ရှိနေမလား”

ကျားဟုန်က မျှော်လင့်ချက်အပြည့်ဖြင့် အဝေးကို ငေးကြည့်နေမိသည်။

အခြားသူများအားလုံးမှာလည်း ပျော်ရွှင်စွာ အောင်ပွဲခံနေကြသော်လည်း သင်္ဘောကပ္ပတိန်ကြီး တစ်ဦးတည်းသာ မျက်နှာမကောင်းရှာပေ။

“ဟူး... မင်းတို့ကို ကမ်းတစ်ဖက် ပို့ပေးပြီးရင် ငါလည်း ကိုယ့်ရပ်ရွာကို ပြန်မယ်လို့ စိတ်ကူးခဲ့တာ။ ဒါပေမဲ့ ဒီတစ်သက်မှာတော့ ပြန်ဖို့ အခွင့်အရေးရှိတော့မယ် မထင်ဘူး”

ကပ္ပတိန်ကြီး၏ မျက်ဝန်းများတွင် နောင်တရိပ်များ ယှက်သန်းနေသည်။ မြစ်တစ်ဖက်ကမ်းတွင် သူ စိုးရိမ်ပူပန်နေရသော တစ်စုံတစ်ခု ရှိနေပုံပင်။

“ဆရာကြီးရာ... အသက်ရှင်နေတာပဲ ကျေးဇူးတင်ရမှာပေါ့ အများကြီး မတွေးပါနဲ့တော့”

သင်္ဘောသားတစ်ဦးက နှစ်သိမ့်လိုက်သည်။

“နောက်ပြီး ကမ်းပေါ်ရောက်ရင် ငါတို့ နောက်ထပ် လှေတစ်စင်း ရှာလို့ရတာပဲ။ ဒီဘက်ကို လာလို့ရရင် ဟိုဘက်ကိုလည်း ပြန်လို့ရမှာပေါ့”

ကပ္ပတိန်ကြီးက ခေါင်းယမ်းပြီး သက်ပြင်းချလိုက်သည်။ ဤကဲ့သို့ မြစ်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်းမှာ ကံကောင်းလွန်း၍သာဖြစ်ပြီး ထပ်မံလုပ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲမှန်း သူ ကောင်းကောင်းသိသည်။

“လုံကျန်းမြစ်ကို ဖြတ်ကျော်ရတာက ထင်သလောက် မခက်ပါဘူးနော်”

ကျန်းဝေတက ဝေခွဲမရဖြစ်ကာ မေးလိုက်သည်။

“ဒါဆို ဘာလို့ နှစ်ပေါင်းတစ်ထောင်လုံးလုံး ဘယ်သူမှ မအောင်မြင်ခဲ့တာလဲ”

“အဲ့ဒါ မမှန်ဘူး”

တာအိုဆရာရွှမ်ကျိက ခေါင်းယမ်းကာ ပြန်ပြောလိုက်သည်။

“ဂိုဏ်းချုပ်လျူသာ မရှိရင် မင်းတို့နဲ့အတူ သိုင်းဆရာသခင် ဆယ်ယောက်ပါရင်တောင် ဒီခရီးက သေလမ်းပဲ”

ထိုအကြောင်းကို ကြားလိုက်ရသည့်အခါ လူတိုင်းက လက်ခံသဘောတူကြသည်။

ပထမဆုံးတွေ့ခဲ့ရတဲ့ ငှက်ဖြူအုပ်ကိုတော့ တောင့်ခံနိုင်ကောင်း တောင့်ခံနိုင်ပေလိမ့်မည်။ သို့သော် နောက်ပိုင်းတွေ့ခဲ့ရသည့် ငါးမိစ္ဆာအုပ်ကြီးနှင့် လိပ်မိစ္ဆာအုပ်စုမှာမူ သာမန်သိုင်းသမားများ မည်သို့မျှ မယှဉ်နိုင်သော စွမ်းအားမျိုးဖြစ်သည်။

သို့သော် လုံယီမှာမူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေဆဲပင်။

သိုင်းသမားများအတွက် ဤမြစ်မှာ မကျော်လွှားနိုင်သော အတားအဆီးတစ်ခု ဖြစ်နိုင်

သော်လည်း ကျင့်ကြံသူများ၏ နည်းလမ်းများဖြင့်ဆိုလျှင် ဖြတ်ကျော်ရန် ပြဿနာမရှိသင့်ပေ။

"ဒါဆိုရင် ငါးပါးသောဓာတ်ဂိုဏ်းက ကျင့်ကြံသူတွေနဲ့ အဲဒီလျှို့ဝှက်ဆန်းပြားတဲ့ အနက်ရောင်ဝတ်စုံဝတ်ဆရာက ဘာလို့ လုံကျန်းမြစ်ကို ဖြတ်ဖို့ ဒီလောက်တောင် ရုန်းကန်နေကြတာလဲ။ သူတို့ရဲ့ အစွမ်းနဲ့ဆိုရင် ဒါက မဖြစ်သင့်ဘူး။ သူတို့လည်း မသိသေးတဲ့ ဒါမှမဟုတ် ငါတို့မသိသေးတဲ့ အတွင်းရေးတစ်ခုခုတော့ ဒီမြစ်ထဲမှာ ရှိနေတာ သေချာတယ်"

လုံယီသည် လုံကျန်းမြစ်ကြီးမှာ ထင်သလောက် မရိုးရှင်းကြောင်း ဝေဝါးစွာ ခံစားမိနေသည်။

ကမ်းခြေနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ လုံယီ၏ စွမ်းရည်ပြမျက်နှာပြင်တွင်လည်း ပြောင်းလဲမှုအသစ်များ ရှိလာသည်။ ခရီးစဉ်တစ်လျှောက်တွင် သူသည် အသက်ရှူကျင့်စဉ်ကို လေ့ကျင့်ရန် တစ်ရက်မျှ မပျက်ကွက်ခဲ့ရာ သူ၏ ကျွမ်းကျင်မှုအမှတ်မှာလည်း တစ်နေ့လျှင် ၄၀ ခန့် မှန်မှန် တိုးတက်လာခဲ့သည်။

ယနေ့တွင် သူ၏ ဆဠမမြောက်ချီစွမ်းအားအဆင့်မှာ ပြည့်စုံသွားပြီဖြစ်ရာ သတ္တမမြောက်ချီစွမ်းအားအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နိုင်ပြီဖြစ်သည်။

ကမ်းပေါ်တွင် မည်သို့သော အန္တရာယ်များ စောင့်ကြိုနေမည် အခြေအနေက မည်သို့ရှိမည်ကို မသိရသဖြင့် လုံယီသည် မမျှော်လင့်ထားသော ဖြစ်ရပ်များအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မြစ်ပေါ်တွင်ရှိနေစဉ်မှာပင် တိုက်ရိုက် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ရေထဲတွင် အေးအေးလူလူ ကူးခတ်နေသော ဝက်ဝံနက်ဝိညာဉ်ကြီးကို လှမ်းခေါ်လိုက်သည်။ ရေပေါ်သို့ ပေါ်ထွက်နေသော ဝက်ဝံကြီး၏ ဦးခေါင်းကြီးပေါ်တွင် ထိုင်လိုက်ပြီးနောက် လိပ်ဘုရင်ကြီးနှင့် ပေရာပေါင်းများစွာဝေးသော နေရာသို့ ခေါ်ဆောင်သွားခိုင်းလိုက်သည်။

သူ၏ စွမ်းရည်ပြမျက်နှာပြင်ရှိ အဆင့်ကဏ္ဍနောက်ကွယ်တွင် တဖျပ်ဖျပ်ပေါ်နေသော အပေါင်းလက္ခဏာလေးကို ကြည့်ရင်း အားတစ်ခုဖြင့် ဖိနှိပ်လိုက်သည်ဟု စိတ်ကူးလိုက်သည်။

ချက်ချင်းပင် သူ၏အဆင့်မှာ ပြောင်းလဲသွားတော့သည်။

[ဆဠမမြောက်ချီစွမ်းအားအဆင့် သိုင်းသမား (600/600) → သတ္တမမြောက်ချီစွမ်းအားအဆင့် သိုင်းသမား (0/600)]

ယခင်က သူ၏ခန္ဓာကိုယ်အတွင်း ဆဋ္ဌဂံပုံစံဖြင့် စီးဆင်းနေသော လျှို့ဝှက်သွေးကြော ခြောက်ခုမှာ ယခုအခါ ပြင်းထန်သော လှုံ့ဆော်မှုခံရသကဲ့သို့ ပိုမိုကြီးမားတုတ်ခိုင်လာပြီး တစ်ခုချင်းစီမှ သွေးအနည်းငယ်စီ ခွဲထွက်ကာ သတ္တမမြောက် လျှို့ဝှက်သွေးကြောအဖြစ် ပေါင်းစပ်သွားကြသည်။

လျှို့ဝှက်သွေးကြော ခုနစ်ခုမှာ တစ်ခုနှင့်တစ်ခု ထိပ်နှင့်အမြီးကဲ့သို့ ချိတ်ဆက်သွားကြပြီး မြွေတစ်ကောင်အလား ရှည်လျားသော ပုံစံဖြင့် သူ၏ခန္ဓာကိုယ်အတွင်း ရူးသွပ်မတတ် လှည့်ပတ်စီးဆင်းနေတော့သည်။ လက်များ၊ ခြေထောက်များ၊ နှလုံး၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်နှင့် သရက်ရွက် စသည့် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများကို ဖြတ်သန်းသွားရင်း တစ်ကိုယ်လုံးရှိ အကြွင်းအကျန် စွမ်းအင်နှင့် အပူရှိန်များကို စုပ်ယူကာ ပြန်လည်ဖြည့်တင်းပေးသည်။

၎င်းမှာ ထိုနေရာများရှိ ဆဲလ်ကွဲပွားမှုကို အဆပေါင်း ရာနှင့်ချီ ထောင်နှင့်ချီ၍ မြန်ဆန်စေပြီး အဆင့်မြှင့်တင်ခြင်း ပြောင်းလဲမှုများကို စတင်စေတော့သည်။ သူ၏ခန္ဓာကိုယ် ပြင်ပတွင်မူ တစ်ကိုယ်လုံးမှာ ပူပြင်းလာပြီး မီးဖုတ်ထားသော သံပူတုံးကြီးအလား နီရဲလာကာ အဖြူရောင် ရေနွေးငွေ့များ အမြောက်အမြား ထွက်ပေါ်လာတော့သည်။

“ဝူး...”

ဝက်ဝံနက်ဝိညာဉ်ကြီးမှာ အပူရှိန်ကြောင့် တုန်ရင်သွားပြီး နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သို့သော် လုံယီကို ခါချရန် မဝံ့ရဲသဖြင့် အပူရှိန်လျော့ပါးစေရန် ရေထဲသို့ ငုပ်လျှိုးလိုက်တော့သည်။ ထို့ကြောင့် ဝက်ဝံကြီး၏ ဦးခေါင်းပေါ်တွင် ထိုင်နေသော လုံယီ၏ ခန္ဓာကိုယ်အများစုမှာလည်း မြစ်ရေထဲသို့ နစ်မြုပ်သွားရသည်။

ဗွက်..ဗွက်…..

လုံယီနှင့် တိုက်ရိုက်ထိတွေ့နေသော မြစ်ရေများသည် မြင့်မားလှသော အပူရှိန်ကြောင့် ရုတ်တရက် ဆူပွက်လာသည်။

ထိုခဏ၌ လုံယီ၏ ကိုယ်တွင်းအင်္ဂါများ အာရုံကြောများ သွေးကြောများ အရိုးများနှင့် ကြွက်သားများသည် အဆက်မပြတ် သန်မာလာပြီး အဆင့်မြင့်လာတော့သည်။ သူ၏နားထဲတွင် အရိုးများကွဲအက်သံကဲ့သို့ ခရက်..ခရက် သွေးများ မြစ်တစ်စင်းလို စီးဆင်းသံ ဝူး... ဝူး... နှင့် အကြောများနှင့် အသားမျှင်များ ပြတ်တောက်ကာ ပြန်လည်ဖွဲ့စည်းနေသည့် ဇိ... ဇိ... ဟူသော အသံများကိုပင် ကြားနေရသည်။

အသားမျှင်နှင့် ကိုယ်တွင်းအင်္ဂါများ အားလုံးနီးပါး သန်မာလာပြီးနောက်

မြွေတစ်ကောင်လို ရှည်လျားသော လျှို့ဝှက်သွေးကြောသည် သူ၏ ဦးခေါင်းပိုင်းသို့ ဝင်ရောက်ရန် ရုတ်တရက် အထက်သို့ အရှိန်အဟုန်ဖြင့် ထိုးတက်သွားတော့သည်။

ဦးခေါင်းသည် သိုင်းသမားတစ်ဦးအတွက် ချီနှင့် သွေးများ ရောက်ရှိရန် အခက်ခဲဆုံးနှင့် အရေးကြီးဆုံး နေရာဖြစ်သည်။ သာမန်အားဖြင့် သိုင်းသမားတစ်ဦး၏ ဦးခေါင်းသည် ခန္ဓာကိုယ်၏ အဆင့်မြင့်လာမှုအပေါ် မူတည်ပြီး သိမ်မွေ့စွာသာ ပြောင်းလဲလေ့ရှိသော်လည်း ယခုကဲ့သို့ တိုက်ရိုက်နှင့် အားကောင်းမောင်းသန် ပြုပြင်ပြောင်းလဲမှုမျိုးမှာ အလွန်ပင် ရှားပါးလှသည်။

မျှော်လင့်ထားသည့်အတိုင်းပင် လျှို့ဝှက်သွေးကြောသည် လည်ပင်းကို ဖြတ်ကျော်ချိန်တွင် အရှိန်စတင်နှေးကွေးသွားပြီး ကြီးမားသော အတားအဆီးတစ်ခုနှင့် ကြုံတွေ့နေရပုံပေါ်သည်။ လုံယီ၏ မျက်နှာမှာ ကြီးမားသော မီးသီးတစ်လုံးအလား နီရဲကာ ခရမ်းရောင်သန်းလာပြီး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။

သူ၏ စိတ်အာရုံ နက်ရှိုင်းရာအရပ်တွင်လည်း အပြောင်းအလဲသစ်များ ဖြစ်ပေါ်လာသည်။

ရွှီး……

မမြင်နိုင်သော သိမ်းငှက်ကြီးက စိတ်လှုပ်ရှားစွာ အော်မြည်လိုက်သည်။ လျှို့ဝှက်သွေးကြော၏ လှုံ့ဆော်မှုကြောင့် ထိုသိမ်းငှက်ကြီးတွင်လည်း ကောင်းမွန်သော အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း လုံယီ ခံစားလိုက်ရသည်။ သိမ်းငှက်ကြီး အသွင်ပြောင်းလာသည်နှင့်အမျှ လျှို့ဝှက်သွေးကြောများမှာလည်း ဆွဲဆောင်ခြင်းခံရကာ အပိုင်းအစပေါင်း ရာနှင့်ချီ၍ ကွဲထွက်သွားပြီး သူ၏ဦးခေါင်းအတွင်း ရူးသွပ်မတတ် လှည့်ပတ်စီးဆင်းတော့သည်။

လုံယီ၏ မျက်လုံး၊ နှာခေါင်း၊ လျှာ၊ နား၊ မေးစေ့နှင့် ဦးနှောက်အာရုံကြောများ အားလုံးမှာ အတိုင်းအတာတစ်ခုအထိ သန်မာလာခဲ့သည်။ လျှို့ဝှက်သွေးကြောနှင့် သိမ်းငှက်ကြီးတို့မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုနေကြသည်မှာ ထင်ရှားလှသည်။

သွေးဖြင့် စိတ်ဝိညာဉ်ကို မွေးမြူ၍ စိတ်ဝိညာဉ်ဖြင့် သွေးကို ထိန်းချုပ်သည်။

ထိုကဲ့သို့သော အတွေးစများမှာ လုံယီ၏ စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာတော့သည်။

လျှို့ဝှက်သွေးကြောနှင့် သိမ်းငှက်ကြီးတို့သည် တစ်ဦးနှင့်တစ်ဦး ဆွဲဆောင်မှုရှိနေကြသော်လည်း သိသာထင်ရှားသော အပြောင်းအလဲကြီးဖြစ်ပေါ်လာရန်အတွက် စုဆောင်းမှုမှာ လုံလောက်မှု မရှိသေးချေ။

နောက်ဆုံးတွင် ဦးခေါင်းအတွင်း လှည့်ပတ်စီးဆင်းပြီးနောက် လျှို့ဝှက်သွေးကြောသည် ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကာ မူလအတိုင်း လျှို့ဝှက်သွေးကြော ခုနစ်ခုအဖြစ် ပြန်လည်တည်ရှိသွားတော့သည်။

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။

[အမည်: လုံယီ]

[အသက်: 20/96]

[အဆင့်: သတ္တမမြောက်ချီစွမ်းအား သိုင်းသမား (0/600)]

[ကျင့်စဉ်: အဝါရောင်အဆင့် အသက်ရှူကျင့်စဉ် (ဒုတိယအဆင့် အထွတ်အထိပ် 0/10000 + ဝိညာဉ်သန့်စင်ပန်း ၁ ပွင့် လိုအပ်)]

[ကျွမ်းကျင်မှုများ: လုံမိသားစု ပုဆိန်သိုင်း (ပြီးပြည့်စုံခြင်း) အစွန်းရောက်လက်သီး (အထွတ်အထိပ် 0/3000) ပေါ့ပါးသောကိုယ်ဖျတ်အတတ် (အထွတ်အထိပ်) လျှို့ဝှက်သိုင်း နဂါးဖောက်ထွင်းချက် အပိုင်းအစ (၁)]

[မှော်အတတ်: ဓားပျံထိန်းချုပ်ခြင်းအတတ် (မစတင်ရသေး)]

[ပါရမီများ: ကျောက်ဖြစ်ခြင်း (အထွတ်အထိပ် 0/10000 + ရေခဲဝိညာဉ် ၁ ခု) လျှပ်စီးအရှိန် (ကျွမ်းကျင် 0/100 + နတ်ဘုံပိုးချည် ၁ ခု) ရုပ်ဖျက်ခြင်း (ကျွမ်းကျင် 0/300 + မြေကမ္ဘာဝိညာဉ် အဆီအနှစ် ၁ ခု)၊ ခံနိုင်ရည် (ကျွမ်းကျင်မှုအဆင့်မြင့် 0/1000 + ဝိညာဉ်ဝါးမြိုနွယ် ၁ ခု) အဆိပ် (အခြေခံ 0/20 + အရိုးဆွေးမြက် ၁ ခု) ထိန်းချုပ်ခြင်း (အခြေခံ 0/20 + ဝိညာဉ်မွေးမြူကြာပန်း ၁ ပွင့်) မီးခံနိုင်ရည် (အခြေခံ 0/30 + နှစ်တစ်ရာသက်တမ်းရှိ ဖီးနစ်သစ်သားအနှစ် ၁ ခု)]

[စွမ်းအင်: 1253]

အသက်အပိုင်းအခြား၏ ပြောင်းလဲမှုမှာ အသိသာဆုံးဖြစ်ပြီး ၉၀ မှ ၉၆ နှစ်အထိ ၆ နှစ် တိုးလာခဲ့သည်။ ၎င်းမှာ ပဉ္စမမြောက်ချီစွမ်းအားအဆင့်သို့ တက်စဉ်က ၁၀ နှစ်တိုးခဲ့ပြီးနောက် ဒုတိယအများဆုံး တိုးလာခြင်းဖြစ်သည်။

သို့သော် ဆဠမမြောက်ချီစွမ်းအားအဆင့်ကို ကျော်ဖြတ်ပြီးနောက် အဆင့်တက်ရန် ကျွမ်းကျင်မှုအမှတ် ရရှိနှုန်းမှာ သိသိသာသာ လျော့ကျသွားပြီး မူလ၏ ဆယ်ပုံတစ်ပုံခန့် တစ်နေ့လျှင် ၄ မှတ်ခန့်သာ ရရှိတော့သည်။ ဆိုလိုသည်မှာ လုံယီအနေဖြင့် စွမ်းအင်စက်ဝန်းပြည့်အဆင့်သို့ ရောက်ရှိရန် ရက်ပေါင်း ၁၅၀ သို့မဟုတ် ၅ လခန့် ကြာမြင့်မည်ဖြစ်သည်။

ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဝိညာဉ်သန့်စင်ပန်းကို ရှာမှဖြစ်မယ်။

လုံယီ တွေးလိုက်မိသည်။

သာမန်သိုင်းသမားများအတွက်မူ ၅ လအတွင်း စွမ်းအင်စက်ဝန်းပြည့်အဆင့်သို့ ရောက်ရှိခြင်းမှာ အံ့ဖွယ်အရှိန်အဟုန်ပင်။ သမိုင်းတစ်လျှောက် အမြန်ဆုံးသိုင်းသမားများပင် လုံယီထက် ဆယ်ဆနီးပါး ပိုမိုကြာမြင့်ခဲ့ကြသည်။

သို့သော် လုံယီကတော့ ကျေနပ်ခြင်းမရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် သူသည် တာအိုကျင့်ကြံခြင်းလောကသို့ ခြေချရမည်ဖြစ်ပြီး သူ၏ပြိုင်ဘက်များမှာ တာအိုဆရာထက် ပိုမိုအစွမ်းထက်သော ကျင့်ကြံသူများ ဖြစ်လာနိုင်သောကြောင့်ပင်။ သိုင်းပညာ ဆက်လက်ထိရောက်မှုရှိနေစေရန်အတွက် သူသည် သာမန်သိုင်းသမားများထက် များစွာသာလွန်သော ကျင့်ကြံခြင်းအရှိန်ကို ထိန်းသိမ်းထားမှသာ နောက်ကျကျန်ရစ်မည် မဟုတ်ပေ။

အမှန်စင်စစ် တာအိုကျင့်စဉ်များနှင့် ယှဉ်လျှင် သိုင်းပညာ၏ အခြေခံယန္တရားမှာ အားနည်းလွန်းလှသဖြင့် သူသည် ကိန်းဂဏန်းများ တိုးတက်လာစေရန် နည်းလမ်းမျိုးစုံ ရှာဖွေရမည်ဖြစ်သည်။ အဆင့်သစ်သို့ ရောက်ရှိပြီးနောက် လုံယီသည် သူ၏ ခွန်အားများကို စမ်းသပ်ကြည့်တော့သည်။

အခန်း။ ၂၄၂

သူသည် ဝက်ဝံနက်ဝိညာဉ်ကြီး၏ ဦးခေါင်းပေါ်မှ ရေထဲသို့ ခုန်ဆင်းလိုက်ပြီး တစ်ချိန်တည်းမှာပင် လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။

ဝုန်း…

သူ၏လက်သီး လှုပ်ရှားသွားသည်နှင့်အမျှ ဖြူလွလွ ရေပူဖောင်းများစွာမှာ ဂုလု... ဂုလု နှင့် လျင်မြန်စွာ စုစည်းသွားတော့သည်။ နောက်ဆုံးတွင် ထိုရေပူဖောင်းများမှာ ရွှံ့နွံရောင် ရေတိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နဂါးတစ်ကောင်အလား ရှေ့သို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။

“အခြေခံခွန်အားက အတော်လေး တိုးတက်လာတာပဲ ၂၀ ရာခိုင်နှုန်းလောက် ရှိမယ်။ အရင်က ပေါင် ၂၇,၀၀၀ ကနေ ၂၈,၀၀၀ ဝန်းကျင်ပဲ ရှိတာ အခုဆိုရင် ပေါင် ၃၃,၀၀၀ လောက် ရှိနေပြီ”

“စွမ်းအင်စက်ဝန်းပြည့်အဆင့်ကို မရောက်ခင်အထိတော့ ခွန်အားတိုးနှုန်းက အရမ်းကြီး သိသာဦးမှာ မဟုတ်ဘူး...”

ပေါင် ၃၃,၀၀၀ ရှိသော ခွန်အားဖြင့်ဆိုလျှင် လုံယီသည် ယခုအခါ သာမန်သိုင်းဆရာသခင်တစ်ဦးကို လက်သီးတစ်ချက်တည်းဖြင့် အမှုန့်ချေပစ်နိုင်သည်။ တစ်ချိန်က ဝမ်ကျန်းမြို့၏ ထိပ်သီးသိုင်းပညာရှင်ဖြစ်ခဲ့သော မုန့်ခုန်းဟွာပင်လျှင် သူ၏လက်သီးအနည်းငယ်ကို တောင့်ခံနိုင်မည် မဟုတ်ပေ။

ယခုအခါ သူ၏ တိုးတက်မှုလမ်းကြောင်းမှာ သာမန်သိုင်းသမားများ၏ စံနှုန်းများနှင့် လုံးဝကွဲထွက်သွားခဲ့ပြီ ဖြစ်သည်။ မည်သည့်အရပ်သို့ ဦးတည်နေမှန်းမသိသော တောမြင်းရိုင်းတစ်ကောင်အလား သူ၏ အစွမ်းများမှာ တိုးတက်နေတော့သည်။

အဆုံးစွန်တွင် သူ ဘယ်အဆင့်အထိ ရောက်ရှိသွားမလဲဆိုသည်ကို သိုင်းပညာရပ်ကို စတင်ဖန်တီးခဲ့ကြသော ရှေးဦးဆရာကြီးများပင်လျှင် စိတ်ကူးကြည့်ရန် ခက်ခဲပေလိမ့်မည်။

အဆင့်တက်ပြီးနောက် လုံယီသည် ဝက်ဝံနက်ဝိညာဉ်ကြီး၏ ဦးခေါင်းပေါ်တွင် ထိုင်လျက် လိပ်ခွံဆီသို့ ပြန်လာခဲ့သည်။ နာရီဝက်ခန့် ကြာပြီးနောက် လိပ်ဘုရင်ကြီးသည် ကမ်းခြေသို့ ချဉ်းကပ်လာခဲ့ရာ စိမ်းစိုထူထပ်သော တောအုပ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။

“ရောက်ပြီ... နောက်ဆုံးတော့ ရောက်ပြီဟေ့”

“ငါတော့ အရက်ဆိုင်တစ်ဆိုင်ရှာပြီး အားရပါးရ သောက်ဦးမှပဲ”

“ငါ အသက်ရှင်ခဲ့ပြီ တကယ်ကြီး အသက်ရှင်ခဲ့တာပဲ... ငါကိုယ်တိုင်တောင် မယုံနိုင်ဘူး...”

လူတိုင်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။ အချို့သော လှေလုပ်သားများမှာမူ မစောင့်နိုင်တော့ဘဲ ရေထဲသို့ ကြိုတင်ခုန်ဆင်းကာ ကမ်းခြေသို့ တိုက်ရိုက် ရေကူးသွားကြတော့သည်။

လိပ်ဘုရင်ကြီးသည် ကုန်းရေနှစ်ရပ်လုံးတွင် နေထိုင်နိုင်သော သတ္တဝါဖြစ်သဖြင့် ရေထဲမှ ထွက်လာပြီးနောက် ကုန်းပေါ်သို့ ဖြေးညှင်းစွာ လမ်းလျှောက်တက်လာသည်။ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော ၎င်း၏ တုတ်ခိုင်လှသည့် ခြေထောက်ကြီး လေးချောင်းမှာ တစ်လှမ်းလှမ်းတိုင်း မြေပြင်ပေါ်တွင် ကြီးမားသော ကျင်းကြီးများကို ဖြစ်ပေါ်စေသည်။

၎င်းသည် မြေပြင်ပေါ်တွင် ဝပ်ဆင်းပေးလိုက်ပြီး လူတိုင်းကို ကုန်းပေါ်သို့ ဆင်းခွင့်ပြုလိုက်သည်။ မထွက်ခွာမီတွင် လိပ်ဘုရင်ကြီးသည် သူ၏ ခေါင်းကြီးဖြင့် လုံယီကို ချစ်ခင်ကြည်ညိုစွာဖြင့် အသာအယာ ထိတွေ့နှုတ်ဆက်သွားသေးသည်။

နောက်ပိုင်းတွင်မူ လုံယီသည် ထိန်းချုပ်ခြင်း ပါရမီကို မသုံးလျှင်ပင် လိပ်ဘုရင်ကြီးမှာ လုံယီအပေါ် အလွန်ရိုသေလေးစားပြီး အားကိုးတကြီး ဖြစ်နေတော့သည်။ လုံယီသည် လိပ်ဘုရင်ကြီးကို ပြန်လွှတ်လိုက်ပြီးနောက် သိသာထင်ရှားလှသော ဝက်ဝံနက်ဝိညာဉ်ကြီးနှင့်အတူ လူအုပ်ကိုဦးဆောင်ကာ လျှို့ဝှက်ဆန်းပြားသော တောအုပ်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။

ထူထပ်လှသော တောအုပ်ကြီးအတွင်း၌ သစ်ပင်ကြီးများမှာ ကောင်းကင်သို့ ထိုးထွက်နေကြပြီး ငှက်ကလေးများ၏ တေးသံနှင့် ပိုးမွှားအမျိုးမျိုး၏ တရှဲရှဲ မြည်သံများကို ကြားနေရသည်။ အဖွဲ့ထဲတွင် အသန်မာဆုံးဖြစ်သော လုံယီမှာ ရှေ့ဆုံးမှနေ၍ လမ်းကြောင်းရှင်းလင်းကာ အန္တရာယ်များကို စူးစမ်းသည်။

သူ့နောက်တွင်မူ ချူဖုန်းနှင့် တာအိုဆရာ ရွှမ်ကျိတို့ကဲ့သို့ အစွမ်းထက်သော သိုင်းဆရာသခင်များက အနောက်မှ ကာကွယ်ပေးကြပြီး အလယ်တွင်မူ ရှီချိုင်ဖုန်း၊ ဒဏ်ရာရထားသော အဘိုးကြီးရှီနှင့် ချန်မူကျူတို့က လူအုပ်ကို စောင့်ရှောက်ရင်း လိုက်ပါလာကြသည်။

ဤတောအုပ်ကြီးမှာ သစ်ပင်ခြုံနွယ်များ ပိတ်ပေါင်းနေပြီး လမ်းကြောင်းဟူ၍ လုံးဝမရှိရာ လူသူအရောက်အပေါက် နည်းပါးကြောင်း သိသာလှသည်။

နီရဲနေသော အသီးများဖြင့် ပြည့်နှက်နေသည့် သစ်ပင်တစ်ပင်အနားသို့ ရောက်သောအခါ ကျန်းဝေတမှာ မနေနိုင်ဘဲ ခုန်တက်ကာ အသီးတစ်လုံးကို ဆွတ်ယူပြီး ကိုက်စားကြည့်လိုက်သည်။

“အီး... ဖန်လိုက်တာ”

လုံယီလည်း တစ်လုံးစမ်းစားကြည့်ရာ ထိုအသီးမှာ ဝမ်ကျန်းခရိုင်ရှိ အသီးများနှင့် ပုံစံတူသော်လည်း အရသာမှာမူ အလွန်ပင် ဖန်လွန်းလှသဖြင့် မျိုချရန်ပင် ခက်ခဲလှသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ဤနေရာ၏ ဂေဟစနစ်မှာ ဝမ်ကျန်းခရိုင်နှင့် အလွန်ကွာခြားနိုင်ကြောင်း သူ သတိပြုမိလိုက်သည်။

နောက်ပိုင်းတွေ့ရှိချက်များကလည်း ဤအချက်ကို ထောက်ခံနေသည်

ဦးခေါင်းပေါ်တွင် အနီရောင်အသားပိုလုံးလေးရှိသော ငှက်၏ အမွှေးအမျှင်မှာ မီးခိုးဖြူရောင်ဖြစ်ပြီး မျက်လုံးများမှာ ကြောင်အမ်းအမ်းဖြစ်နေကာ ဘဲတစ်ကောင်ကဲ့သို့ ကွာ... ကွာ... ဟု အော်တတ်သည်။

ရင်ခေါင်းလောက်အထိ မြင့်သော မျောက်တစ်ကိုယ်လုံးတွင် အနက်ရောင် အမွေးကြမ်းများဖြင့် ဖုံးအွှမ်းထားသော်လည်း မျက်နှာမှာ စတုရန်းပုံ ဖြစ်နေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသည်။

လယ်ဖားနှင့် တူသော်လည်း အရွယ်အစားမှာ ဆယ်ဆခန့် ကြီးမားပြီး အနီရောင် လျှာဖျားတွင် ဆူးများဖြင့် ပြည့်နှက်နေကာ ပေ ၂၀ ခန့်အထိ ရှည်ထွက်နိုင်သည်။

အန္တရာယ်များမှာလည်း နေရာအနှံ့ ရှိနေသည်။ သိုင်းသမားအဆင့်ရှိသော လှေလုပ်သားတစ်ဦး မြက်တောထဲသို့ ခြေလှမ်းလိုက်မိချိန်တွင် ရုတ်တရက်ဆိုသလို နွယ်ပင်များမှာ လျှပ်စီးအရှိန်ဖြင့် ထိုသူကို ရစ်ပတ်နှောင်ဖွဲ့လိုက်ပြီး လည်ပင်းကို ချိတ်ကာ အထက်သို့ ဆွဲတင်လိုက်တော့သည်။ ထိုသူ၏မျက်နှာမှာ သွေးရောင်လွှမ်းသွားပြီး ရုန်းကန်၍ပင် မရတော့ချေ။ ကံကောင်းထောက်မစွာဖြင့် အနီးနားရှိ အပေါင်းအသင်းများက ချက်ချင်း သတိပြုမိသွားကြသဖြင့် အသက်အန္တရာယ်မှ သီသီလေး လွတ်မြောက်သွားခဲ့ရသည်။

နောက်ထပ် နာရီဝက်ခန့် ခရီးဆက်ပြီးနောက်တွင်တော့ သစ်ပင်ခြုံနွယ်များ ကျဲပါးလာသဖြင့် လူတိုင်းမှာ စိတ်ဓာတ်များ ပြန်လည်တက်ကြွလာပြီး တောအုပ်အထွက်နှင့် မဝေးတော့ကြောင်း ခံစားလိုက်ရသည်။

“ဒီတောအုပ်ရဲ့ တစ်ဖက်မှာ ဘာတွေရှိနေမလဲလို့ မင်းတို့ ထင်ကြလဲ”

ကျန်းဝေတက မနေနိုင်ဘဲ မေးလိုက်သည်။ ယခုအခါ သူသည် ဆံပင်ဖရိုဖရဲ အဝတ်အစားများ စုတ်ပြတ်ကာ တစ်ကိုယ်လုံး ဆားနံ့များ နံစော်နေသဖြင့် ဂုဏ်သရေရှိ မိသားစုဝင်တစ်ဦးနှင့် လုံးဝ မတူတော့ချေ။ သို့သော် မြစ်ပေါ်တွင် ကြာရှည်စွာ မျောပါလာခဲ့ကြသူများ ဖြစ်သဖြင့် ကျန်

သူများမှာလည်း ထိုနည်းတူပင။

“ခရိုင်မှတ်တမ်းတွေအရတော့ လုံကျန်းမြစ်ရဲ့ တစ်ဖက်ကမ်းမှာ တခြားနိုင်ငံတစ်ခု ရှိတယ်လို့ ဆိုတယ် ဒါပေမဲ့ နာမည်ကိုတော့ ဘယ်သူမှ မသိကြဘူး”

ကျားဟုန်၏ ကြည်လင်သော အသံလေး ထွက်ပေါ်လာသည်။ သူမသည်လည်း လှပသော ဝတ်စုံကို မဝတ်ဆင်နိုင်တော့ဘဲ ဖျော့တော့တော့ အပြာရောင်ဝတ်စုံမှာ ရေမှော်များဖြင့် စွန်းထင်းနေပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေသည်။ သို့သော် သူမ၏ သွယ်လျသော ကိုယ်လုံး ဘဲဥပုံမျက်နှာနှင့် တောက်ပသော မျက်ဝန်းများကိုမူ ထိုအဝတ်အစားများက ဖုံးကွယ်မထားနိုင်ဘဲ ဒုက္ခရောက်နေသော မင်းသမီးလေးတစ်ပါးအလား ဖြစ်နေစေသည်။

“ဘယ်လိုနေရာပဲဖြစ်ဖြစ် ငါတို့ရဲ့ စွမ်းအားနဲ့ဆိုရင် မြန်မြန်ဆန်ဆန်ပဲ အခြေချနိုင်မှာပါ”

ရှီချင်းတက ရယ်မောရင်း ပြောလိုက်သည်။

“မင်းမှာ ဘာစွမ်းအားရှိလို့လဲ ဒုတိယချီစွမ်းအားအဆင့် သိုင်းသမားလေးဖြစ်နေတာကို”

ရှီချိုင်ဖုန်းက ရက်ရက်စက်စက် ပြောချလိုက်ရာ ရှီချင်းတ၏ မျက်နှာမှာ နီရဲသွားတော့သည်။

“ပေါ့ပေါ့တန်တန် မတွေးကြနဲ့ဦး ဒီကမ္ဘာက ငါတို့အတွက် အသစ်ပဲ။ ဒီမှာလည်း မသေမျိုးဆရာသခင် တွေ ရှိနေနိုင်တယ်”

တာအိုဆရာ ရွှမ်ကျိက သတိပေးလိုက်သည်။

သူတို့ စကားပြောနေစဉ်မှာပင် လေနှင့်အတူ ဝေးကွာလှသော အရပ်မှ ခပ်သဲ့သဲ့ အသံများ လွင့်ပါလာသည်။

“ကယ်ပါ... ကယ်ကြပါဦး...”

တစ်ယောက်ယောက် အကူအညီတောင်းနေတာလား။

အဖွဲ့သားများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး လုံယီထံသို့ အကြည့်များ ရောက်သွားကြသည်။

“ဇွတ်မလုပ်ကြနဲ့ဦး ငါ့ရဲ့ အချက်ပြမှုကို စောင့်နေကြ”

လုံယီက ခေတ္တစဉ်းစားပြီးနောက် တစ်ဦးတည်း သွားရောက်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။

ဝူး...

လေထုကို ဖြတ်သန်းသွားသည့် စူးရှသော အသံနှင့်အတူ လုံယီသည် ရပ်နေသည့်နေရာမှ ပျောက်ကွယ်သွားတော့သည်။ အဖွဲ့ထဲရှိ လူအနည်းငယ်သာ သူ၏ ရွေ့လျားမှုကို အမီလိုက်ကြည့်နိုင်ကြသည်။ လုံယီ၏ အစွမ်းထက်မှုကို သိရှိထားကြသော်လည်း ယခုကဲ့သို့ ထပ်ခါတလဲလဲ မြင်တွေ့ရတိုင်း လူတိုင်းမှာ အံ့ဩခြင်း မကင်းနိုင်ကြပေ။

ရိပ်မိခြင်းမခံရစေရန် လုံယီသည် သစ်ပင်ထိပ်ဖျားရှိ သစ်ရွက်များကြားမှ သွက်လက်စွာ ကူးခတ်သွားသည်။ အသက်ရှူအကြိမ်အနည်းငယ်အတွင်းမှာပင် အသံလာရာနေရာသို့ ရောက်ရှိသွားပြီး မြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ လူနှစ်ဦးမှာ လက်ချင်းတွဲလျက် အသည်းအသန် ပြေးလွှားနေကြပြီး သူတို့နောက်တွင် သားရဲတစ်ကောင်က ဒေါသတကြီး လိုက်လံတိုက်ခိုက်နေသည်။

ထိုသူနှစ်ဦးထဲတွင် တစ်ဦးမှာ ခြေဗလာဖြင့် သားရဲရေခွံဝတ်စုံ ဝတ်ဆင်ထားသော ဆံပင်ဖြူအဘိုးအိုတစ်ဦး ဖြစ်သည်။ အခြားတစ်ဦးမှာမူ အသားညိုညို သားရေစကတ် ဝတ်ဆင်ထားသည့် အသက် ၁၅ ၁၆ နှစ်အရွယ် ခန့်ရှိသော မိန်းကလေးငယ်တစ်ဦး ဖြစ်သည်။

သူတို့နောက်မှ လိုက်နေသော သားရဲမှာမူ ၅ ပေခန့် ရှည်လျားသော မီးခိုးရောင် ဝံပုလွေ တစ်ကောင် ဖြစ်သည်။ ထိုဝံပုလွေသည် မိစ္ဆာသားရဲအဆင့်သို့ မရောက်သေးသော်လည်း ထိုအဘိုးအိုနှင့် မိန်းကလေးအတွက်မူ အသက်အန္တရာယ် ပေးနိုင်သည်မှာ သံသယရှိစရာ မလိုပေ။

“နီနီ... သမီး အရင်ပြေးတော့”

“မရဘူး ဘိုးဘိုး... သမီး ဘိုးဘိုးကို တစ်ယောက်တည်း မထားခဲ့နိုင်ဘူး”

အားအင်ကုန်ခန်းနေသော အဘိုးအိုနှင့် မိန်းကလေးမှာ မှောက်လဲသွားကြပြီး ဝံပုလွေကြီး ခုန်အုပ်လာချိန်တွင် မျှော်လင့်ချက်ကင်းမဲ့စွာ မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။

ဝှစ်…

လက်သီးဆုပ်ခန့်ရှိသော ကျောက်ခဲတစ်လုံးသည် ဝံပုလွေ၏ ဦးခေါင်းကို ရုတ်တရက် ထိမှန်သွားရာ ၎င်းမှာ ဘုန်းကနဲ မြေပြင်ပေါ်သို့ လဲကျသွားပြီး လှုပ်ရှားခြင်း မရှိတော့ပေ။ ဝံပုလွေ၏ ဦးခေါင်းညာဘက်ခြမ်းတွင် ကြောက်မက်ဖွယ်ကောင်းသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားပြီး အရိုးဖြူဖြူများနှင့် သွေးများ ရောနှောကာ စီးကျလာတော့သည်။ ဤတစ်ချက်တည်းသော တိုက်ခိုက်မှုက ထိုဝံပုလွေ၏ အသက်ကို အဆုံးစီရင်လိုက်ခြင်းပင်။

အသက်ဘေးမှ လွတ်မြောက်သွားသော အဘိုးအိုနှင့် မိန်းကလေးမှာ တစ်ဦးကိုတစ်ဦး ဖက်ကာ ငိုကြွေးနေကြသည်။ ထို့နောက် တောအုပ်ထဲမှ ထွက်လာသော လုံယီကို မြင်သောအခါ ကျေးဇူးတင်လွန်းသဖြင့် ဒူးထောက်ကာ အလေးပြုကြတော့သည်။

“ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ကျေးဇူးရှင်ကြီးခင်ဗျာ။ ဒီကြီးမားတဲ့ ကျေးဇူးတရားကို တစ်သက်လုံး ဆပ်လို့တောင် ကုန်မှာမဟုတ်ပါဘူး”

အဘိုးအိုက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

သူတို့ပြောသော ဘာသာစကားမှာ ဝေနိုင်ငံ၏ ရုံးသုံးစကားနှင့် ဆင်တူသော်လည်း ဒေသန္တရ လေယူလေသိမ်း အနည်းငယ် ပါဝင်နေသည်။ သို့သော် လုံယီအနေဖြင့် ကောင်းစွာ နားလည်နိုင်သည်။ ဤအချက်ကြောင့် လုံယီမှာ စိတ်သက်သာရာရသွားပြီး နောင်တွင် ဤဒေသ၌ အခြေချရန်အတွက် အဆင်ပြေနိုင်မည်ဟု တွေးလိုက်မိသည်။

All Chapters