← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 25 Ch. 245-246

အခန်း။ ၂၄၅

“ဝူး...”

အရပ်နှစ်လံနီးပါး မြင့်မားသော ဝက်ဝံနက်ဝိညာဉ်ကြီးသည် ရှေ့ဆုံးမှနေ၍ လမ်းဖောက်ပေးနေသည်။ လမ်းတွင် ပိတ်ဆို့နေသော နွယ်ပင်များနှင့် ချုံနွယ်ပိတ်ပေါင်းများကို ယပ်တောင်ပမာ ကြီးမားလှသော လက်ဖဝါးကြီးနှစ်ဖက်ဖြင့် ဝေ့ယမ်းကာ အတားအဆီးအားလုံးကို ဖယ်ရှားပစ်သည်။ အဆိပ်ပြင်းမြွေများနှင့် လူသားစားအပင်များပင်လျှင် ဝက်ဝံကြီး၏ ရှေ့မှောက်၌ အားစိုက်စရာမလိုဘဲ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်ကုန်ကြသည်။

မြစ်ကို ဖြတ်ကျော်ပြီးနောက် ဝက်ဝံနက်ဝိညာဉ်ကြီးမှာ သိသိသာသာ ပြောင်းလဲလာခဲ့သည်။ ၎င်း၏ အမွေးအမျှင်များမှာ ပိုမိုနက်မှောင်ပြောင်လက်လာပြီး မျက်လုံးများမှာလည်း ပိုမိုသွက်လက်လာသည်။ ယခုအခါ ၎င်း၏ အရှိန်အဝါမှာ လုံယီ ယခင်က ရင်ဆိုင်ခဲ့ဖူးသော ဝံပုလွေမိစ္ဆာထက်ပင် ပိုမိုအားကောင်းနေပြီး သာမန်ဝိညာဉ်သတ္တဝါများမှာ ၎င်းကို မယှဉ်နိုင်တော့ချေ။

ဝက်ဝံကြီး၏ လမ်းဖောက်ပေးမှုကြောင့် သူတို့အဖွဲ့၏ ခရီးမှာ များစွာ မြန်ဆန်လာခဲ့သည်။ လုံယီ၊ ချူဖုန်း၊ တာအိုဆရာ ရွှမ်ကျိနှင့် အခြားသူများမှာမူ ဘေးအန္တရာယ်များ ရုတ်တရက် ကျရောက်မလာစေရန် အဖွဲ့၏ ဘေးပတ်ပတ်လည်တွင် အမြဲမပြတ် ကင်းလှည့်နေကြသည်။

“ဒီကမ္ဘာကြီးကတော့ ရူးနေပြီပဲ လူတွေက မိစ္ဆာတွေနဲ့ ပေါင်းနေကြတာလား”

ကျန်းဝေတက လမ်းတစ်လျှောက် ဒေါသတကြီး ရေရွတ်နေမိသည်။

“လုံကျန်းမြစ် တစ်ဖက်ကမ်းမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါတို့ သေချာမသိသေးဘူး။ ဒါက ဒီဘက်မှာ သာမန်ကိစ္စတစ်ခုတောင် ဖြစ်နေနိုင်တယ်”

ရှီချင်းတက အဆိုးမြင်စိတ်ဖြင့် ပြောလိုက်သည်။

“မြို့ကိုရောက်ရင် သိရမှာပါ အခုတော့ ခန့်မှန်းနေရတာပဲ ရှိသေးတယ်။ ငါစိုးရိမ်တာက အဲ့ဒီမြို့ကော ဘေးကင်းပါ့မလားဆိုတာပဲ”

လက်တစ်ဖက်တည်းသာ ကျန်တော့သော ချန်မူကျူက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ရိပ်များ ယှက်သန်းသွားကြသည်။ သူတို့ ခရီးကို အသည်းအသန် နှင်နေကြစဉ်မှာပင် အနီးနားရှိ သစ်ပင်ထိပ်ဖျားမှ ထူထပ်လှသော သစ်ရွက်များကြားတွင် ဝါဖျော့ဖျော့ မျက်လုံးအစုံအချို့က တိတ်တဆိတ် စောင့်ကြည့်နေသည်ကို မည်သူမျှ သတိမထားမိကြချေ။ ထိုမျက်လုံးပိုင်ရှင်များ သစ်ရွက်များကြားမှ ထွက်ပေါ်လာသောအခါ ၎င်းတို့မှာ ကိုယ်လုံးကိုယ်ပေါက် သေးငယ်သော မျောက်အုပ်တစ်အုပ် ဖြစ်နေသည်ကို တွေ့ရသည်။

“အု..အု…အ….အု…”

“အု…အူးးး.အအ…အုအု…..”

[ဘာသာပြန်သူမှတ်ချက် -မျောက်အော်သံဘယ်လိုရေးရမလဲမသိလို့ အုအုအအပဲရေးလိုက်တယ်။ ရှေ့အပိုင်းကတိရစ္ဆာန်တွေအော်တဲ့အသံတွေမှာ အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ ကျွန်တော်လဲမျောက်အော်သံတိုင်းလိုက်အော်ကြည့်တာပဲ ဝူးဝူးထက်အုအုကပိုကောင်းမယ်ထင်လို့ 😁😁]

မျောက်အုပ်သည် ခေတ္တမျှ အချင်းချင်း ဆက်သွယ်လိုက်ကြပြီးနောက် ၎င်းတို့ထဲတွင် အသန်မာဆုံးဖြစ်သော မျောက်တစ်ကောင်သည် အရပ်မျက်နှာတစ်ခုသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။

အတန်ကြာ ပြေးလွှားပြီးနောက်တွင်မူ လူခုနစ်ယောက်၊ ရှစ်ယောက်ခန့် ဝိုင်းပတ်၍ ဖက်တွယ်ရလောက်အောင် ကြီးမားလှသော အချင်း တစ်လံကျော်ရှိသည့် သစ်ပင်ကြီးတစ်ပင်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ သစ်ပင်ကြီး၏ ပင်စည်မှာ ခြောက်သွေ့နေပြီး မြေပြင်မှ ငါးလံ ခြောက်လံခန့်အမြင့်တွင်မူ လူတစ်ကိုယ်စာ ဖြတ်သန်းနိုင်လောက်သော သစ်ခေါင်းတစ်ခု ရှိနေသည်။ ထိုသို့ အမှောင်အတိကျနေသော သစ်ခေါင်းအတွင်း မည်သူနေထိုင်သည်ကိုမူ မသိရချေ။

မျောက်ငယ်သည် သစ်ခေါင်းကို မော့ကြည့်ကာ စူးရှစွာ အော်လိုက်ပြီး တစ်စုံတစ်ခုကို ဖော်ပြနေသကဲ့သို့ လက်ဖဝါးများကို မြှောက်ကာ သွက်လက်စွာ ဝေ့ယမ်းပြလိုက်သည်။

မကြာမီမှာပင် ထိုသစ်ခေါင်းအတွင်းမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ လွင့်ပျံ့ထွက်ပေါ်လာတော့သည်။

“ဆန်ရွန်တောအုပ်ရဲ့ အရှင်သခင်... ငါ ဟေးဖုန်းကို ဘယ်သူကများ စိန်ခေါ်ရဲတာလဲ...”

“ငါ့ရဲ့ လက်ပါးစေကို သတ်ရဲတဲ့သူတွေကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အခြောက်လှန်းပစ်မယ်”

ထို့နောက်တွင်တော့ သစ်ခေါင်းအတွင်းမှ ကြီးမားလှသော ဝါညိုရောင် အခိုးအငွေ့များ လှိမ့်ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ ၎င်းဖြတ်သန်းသွားသော လေထုထဲတွင် စူးရှသော အနံ့ဆိုးများ ကျန်ရစ်ခဲ့သည်။ ထိုအငွေ့များ ထိမှန်ရာရှိ သစ်ရွက်များမှာ ချက်ချင်းပင် ဝါရောင်သန်းကာ ညှိုးနွမ်းသွားပြီး သစ်ပင်ပင်စည်များပေါ်တွင်လည်း ခဏချင်းအတွင်း စားပွားသွားသကဲ့သို့ ချိုင့်ခွက်များ ထင်ကျန်ရစ်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ လုံယီနှင့် အဖွဲ့သားများသည် အရှိန်အဟုန်ဖြင့် ခရီးဆက်နေကြဆဲပင်။ အမျိုးသမီးများနှင့် သိုင်းပညာမတတ်သော အမျိုးသားများ လမ်းမလျှောက်နိုင်တော့သည့်အခါ သိုင်းသမားများက လက်ကူပေးကာ ဤတောနက်ကြီးထဲမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန် တစ်လှည့်စီ ကုန်းပိုးကာ ခရီးနှင်ကြသည်။ သူတို့သည် တောအုပ်အထွက်နှင့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်သည်။

“ဝူး...”

ရုတ်တရက် ရှေ့ဆုံးမှ လမ်းဖောက်နေသော ဝက်ဝံနက်ဝိညာဉ်ကြီးမှာ ရပ်တန့်သွားပြီး တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်ထလာသည်။ ၎င်း၏ အကြည့်များမှာ ရက်စက်ကြမ်းကြုတ်လာကာ ရန်သူကို ခြိမ်းခြောက်သည့်အနေဖြင့် အားကုန် ဟိန်းဟောက်လိုက်တော့သည်။

“ဝူး...”

ရန်သူဘက်မှလည်း ပြန်လည်ဟိန်းဟောက်သံ ထွက်ပေါ်လာရာ ဝက်ဝံနက်ကြီး၏ ခြိမ်းခြောက်မှုမှာ လုံးဝ အရာမထင်ခဲ့ကြောင်း သိသာလှသည်။ ဝက်ဝံနက်ကြီးမှာ ဝမ်ကျန်းခရိုင်ရှိ သားရဲလှိုင်း များအတွင်းမှ သားရဲဘုရင်များနှင့် ရင်ဘောင်တန်းနိုင်သော အစွမ်းရှိရာ ယခုအခါ ဝက်ဝံမိစ္ဆာ ဟုပင် ခေါ်ဆိုထိုက်နေပြီ ဖြစ်သည်။

ဝက်ဝံနက်ကြီးကပင် မခြောက်လှန့်နိုင်သော သားရဲမျိုးဆိုလျှင် အမှန်တကယ်ပင် အစွမ်းထက်

မည်မှာ အသေအချာပင်။

လုံယီနှင့် အဖွဲ့သားများ ရောက်ရှိသွားချိန်တွင် ဝက်ဝံနက်ဝိညာဉ်ကြီးနှင့် ရင်ဆိုင်နေသော သတ္တဝါကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ ဝက်ဝံနက်ကြီးနှင့် အရပ်အမောင်းချင်း တူညီသော ဧရာမ မျောက်ဝံကြီး တစ်ကောင် ဖြစ်သည်။ ၎င်းသည် လူကဲ့သို့ မတ်တပ်ရပ်နေပြီး အရပ်နှစ်လံခန့် မြင့်မားကာ တစ်ကိုယ်လုံးကို မီးခိုးဖြူရောင် အမွေးအမျှင်များဖြင့် ဖုံးလွှမ်းထားသည်။ ကြွက်သားများမှာလည်း တောင်ပူစာငယ်များအလား ဖောင်းကြွနေပြီး မြင်ရသူကို အလွန်အမင်း တောင့်တင်းခိုင်မာသော အရှိန်အဝါဖြင့် ဖိအားပေးနေသည်။

ဤကဲ့သို့သော ဧရာမမျောက်ဝံမျိုးကို ဝမ်ကျန်းခရိုင်တွင်လည်း တွေ့နိုင်သော်လည်း ၎င်း၏ မျက်နှာမှာ စတုရန်းပုံ ဖြစ်နေသည်မှာ ထူးခြားလှသည်။ ဤသည်မှာ လုံယီတို့အဖွဲ့ ဤဒေသသို့ ရောက်မှသာ စတင်တွေ့မြင်ဖူးသည့် ထူးခြားချက်တစ်ခု ဖြစ်သည်။

စတုရန်းမျက်နှာနှင့် မျောက်ဝံကြီးမှာ အလျှော့ပေးမည့်ဟန် မရှိသည်ကို မြင်သောအခါ ဝက်ဝံနက်ကြီးမှာ ဒေါသထွက်သွားပြီး အတင်းတိုးဝင်ကာ လုံးထွေးသတ်ပုတ်တော့သည်။

ဘုန်း... ဘုန်း... ဘုန်း

ဧရာမ သတ္တဝါကြီးနှစ်ကောင်သည် တောအုပ်အတွင်း အပြင်းအထန် တိုက်ခိုက်နေကြသည်။ ခြေသည်းများ ပါးစပ်များကို အသုံးပြုကာ တစ်ဦးကိုတစ်ဦး တိုက်ခိုက်နေကြရာ သစ်ပင်များ ကျိုးပဲ့ပျက်စီးပြီး ကျောက်တုံးများမှာလည်း လွင့်စင်ထွက်ကုန်သည်။ ဖုန်မှုန့်များနှင့် မြေနီများမှာလည်း ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။ အသက်ရှူအကြိမ် အနည်းငယ်ကြာအောင် အပြင်းအထန် တိုက်ခိုက်ပြီးနောက်တွင်လည်း တစ်ဦးက တစ်ဦးကို အသာစီးမရနိုင်ဘဲ ဖြစ်နေသည်။ ဤစတုရန်းမျက်နှာနှင့် မျောက်ဝံကြီးမှာ သာမန်ဝိညာဉ်သတ္တဝါအဆင့်ကို ကျော်လွန်ကာ မိစ္ဆာအဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားလှသည်။

“သတ်ပစ်လိုက်ကြစို့ ဒီမှာ အချိန်ဆွဲနေလို့ မဖြစ်ဘူး”

ချူဖုန်းသည် သူ၏ ရွှေဖရုံသီး တူကြီးများကို မြှောက်ကာ ဝက်ဝံနက်ကြီးနှင့်အတူ မျောက်ဝံကြီးကို ဝိုင်းပတ်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် ရုတ်တရက် သူတို့၏ ပတ်ပတ်လည်တွင် ဝှစ်... ဝှစ် နှင့် ရှဲ... ရှဲ မြည်သံများ ဟိန်းထွက်လာတော့သည်။ ထူးဆန်းသော သားရဲများနှင့် ငှက်ရဲကြီးများမှာ သူတို့၏ ပုံသဏ္ဌာန်များကို ဖော်ပြကာ ထွက်ပေါ်လာကြသည်။

လေးငါးလံခန့် ရှည်လျားပြီး တစ်ကိုယ်လုံး မာကျောသော အကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမ မိကျောင်းကြီး တစ်ကောင်ပါ ပါလာသည်။ ၎င်း၏ ပါးစပ်မှ ရွံရှာဖွယ်ရာ အဝါရောင်တံတွေးများ စီးကျနေသည်။ ငွေရောင်အစက်အပြောက်များဖြင့် ပြည့်နှက်နေပြီး လျှပ်စီးအလား လျင်မြန်သော ကျားသစ် တစ်ကောင်လည်း ပါဝင်ပြီး ၎င်း၏မျက်လုံးများမှာ လူသတ်သမားတစ်ဦးကဲ့သို့ အေးစက်ကာ ဝင်းလက်နေသည်။ ထို့ပြင် နီညိုရောင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော အသားအရေရှိသည့် ဧရာမ လင်းတကြီး တစ်ကောင်လည်း ပါဝင်သည်။ ၎င်း၏ တောင်ပံများ ဖြန့်လိုက်ချိန်တွင် နေရောင်ကိုပင် ကွယ်သွားစေပြီး အမွှေးအတောင် တစ်ခုချင်းစီမှာ သွေးထားသော ဓားသွားများအလား အေးစက်စွာ တောက်ပနေတော့သည်။

ဤသားရဲတိရစ္ဆာန်နှင့် ငှက်ရဲကြီးများထဲတွင် အများစုမှာ ဝိညာဉ်အဆင့်သို့ ရောက်ရှိနေကြပြီး မိစ္ဆာအဆင့်သို့ တက်လှမ်းနိုင်သူ အရေအတွက်မှာလည်း မနည်းလှပေ။ သူတို့၏ အရေအတွက်မှာ ယခင်က တိုင်မြို့ကို ဝိုင်းရံတိုက်ခိုက်ခဲ့စဉ်က အတိုင်းအတာနှင့်ပင် ယှဉ်နိုင်လောက်သည်။

သို့သော် ယခုအဖွဲ့ထဲရှိ လူတစ်ဝက်ကျော်မှာမူ သိုင်းပညာကို တစ်ခါမျှ မသင်ကြားဖူးသူများ ဖြစ်ကြသည်။ သူတို့၏ အင်အားမှာ ထိုစဉ်က တိုင်မြို့ကို ခုခံကာကွယ်ခဲ့သော စစ်သည်တော်များနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။

“ငါတို့အနည်းငယ်က ဒီမိစ္ဆာတွေကို ခုခံထားမယ် မင်းတို့က ကျန်တဲ့သူတွေကို စောင့်ရှောက်ပြီး အရင်သွားကြ”

အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသဖြင့် လုံယီသည် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည်။ သူသည် ရှီချိုင်ဖုန်း၊ ချန်မူကျူနှင့် ယန်ကျီတို့အား လူအုပ်ကို ကာကွယ်ရင်း ဆုတ်ခွာရန် ညွှန်ကြားလိုက်သည်။ သူကိုယ်တိုင်မှာမူ တာအိုဆရာ ရွှမ်ကျိ၊ ချူဖုန်းနှင့် အဘိုးကြီးရှီတို့ကဲ့သို့ အသန်မာဆုံးသူများနှင့်အတူ အနောက်မှနေ၍ ခုခံပေးရန် ပြင်ဆင်လိုက်သည်။

“နားလည်ပြီ အားလုံးပဲ သတိထားကြပါ”

ရှီချိုင်ဖုန်းသည်လည်း ပြတ်သားသူဖြစ်ရာ ချက်ချင်းပင် လူအုပ်ကို ရှေ့မှနေ၍ ကာကွယ်ကာ ဆုတ်ခွာစေတော့သည်။

ထို့နောက်တွင်တော့ လုံယီ၏ ခန္ဓာကိုယ်မှ စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး တောက်ပသော လူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားသည်။ သူသည် မြေပြင်ကို အားဖြင့် ဆောင့်နင်းလိုက်ရာ နက်ရှိုင်းသော ကျင်းကြီးတစ်ခု ထင်ကျန်ရစ်ခဲ့ပြီး သူ၏ ကိုယ်လုံးမှာ အမြောက်ဆန်တစ်ခုအကဲ့သို့ လေးငါးလံခန့် ရှည်လျားကာ မာကျောသော အကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမ မိကျောင်းကြီးဆီသို့ တိုးဝင်သွားတော့သည်။

သူသည် ပုဆိန်ကို မြှောက်ကာ အထက်မှနေ၍ အားကုန် ခုတ်ချလိုက်သည်။

ဝှစ်…

မည်သည့် ထူးခြားသော သိုင်းကွက်ကိုမျှ မသုံးဘဲ ရိုးရှင်းသော ခုတ်ချက်တစ်ခုသာ ဖြစ်သည်။ သို့သော် လေထုကို ဖြတ်သန်းသွားသည့် အသံမှာ လေးနက်လှပြီး ပုဆိန်သွား၏ အစွန်းတွင် ဖြူလွလွ လေစီးကြောင်းများ စုစည်းပြီး ဘေးပတ်ပတ်လည်သို့ လွင့်စင်သွားစေရာ မြေပြင်ပေါ်ရှိ သစ်ရွက်များမှာလည်း အရပ်မျက်နှာအနှံ့ ပျံထွက်ကုန်ကြသည်။

ဤခုတ်ချက်တွင် အလေးချိန် ပေါင်သုံးသောင်းသုံးထောင်ခန့် ပါဝင်နေသည်။

ဖတ်…

ဝံပုလွေမိစ္ဆာနှင့် အဆင့်တူညီသော ဧရာမ မိကျောင်းကြီးမှာ ပြန်လည်ခုခံရန်ပင် အချိန်မရလိုက်ချေ။ ၎င်း၏ ဦးခေါင်းအလယ်တွင် ထင်ရှားလှသော အနီရောင်မျဉ်းတစ်ကြောင်း ပေါ်လာပြီး မေးစေ့မှတစ်ဆင့် လည်ပင်းအထိ ဆန့်တန်းသွားသည်။

ဂြပ်ကနဲ အသံနှင့်အတူ ၎င်း၏ ဦးခေါင်းမှာ နှစ်ခြမ်းကွဲသွားပြီး အတွင်းရှိ နီရဲသော အသားစများနှင့် မီးခိုးဖြူရောင် ဦးနှောက်အသားစများကို ဖော်ထုတ်ပြသနေတော့သည်။ တို့ဖူးတုံးလေးများကဲ့သို့ နူးညံ့လှသော ဦးနှောက်အသားစများမှာ တဆတ်ဆတ် တုန်ခါနေသည်ကိုပင် မြင်တွေ့နေရသည်။

ရိုးရှင်းသော တိုက်ကွက်တစ်ချက်တည်းဖြင့် လုံယီသည် မိစ္ဆာအဆင့်သို့ ရောက်လုနီးပါးရှိသော သားရဲကြီးတစ်ကောင်၏ ဦးခေါင်းကို ပိုင်းဖြတ်ပစ်ခဲ့သည်။ ဤကျွမ်းကျင်မှုမှာ သားရဲလှိုင်းများထံမှ မြို့ကို ကာကွယ်ခဲ့သည့် တိုက်ပွဲများစဉ်ကထက် များစွာ သိသိသာသာ တိုးတက်လာခဲ့ခြင်းပင်။

အခန်း။ ၂၄၆

မိကျောင်းကြီးအား သုတ်သင်ပြီးနောက် လုံယီသည် မိကျောင်းနှင့် အစွမ်းချင်း မထူးမခြားနားလှသည့် အဖြူရောင်အစင်းကျားကြီးတစ်ကောင်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားပြန်သည်။ သူသည် ပုဆိန်ကို မြှောက်ကာ အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်ရာ တိုက်ကွက်နှစ်ကွက်အတွင်းမှာပင် ထိုသားရဲကြီးမှာ အသက်ပျောက်သွားတော့သည်။ ထို့နောက် ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို အသုံးပြုကာ သားရဲ၏ သွေးစွမ်းအင်ကို စုပ်ယူပြီး အရေးပေါ်အခြေအနေတွင် အသုံးပြုရန် သူ၏ ခန္ဓာကိုယ်အတွင်း၌ သိုလှောင်လိုက်သည်။

လုံယီသာမက အဖွဲ့အတွင်းရှိ အခြားသော သိုင်းဆရာသခင် သုံးဦးမှာလည်း အားကုန်ထုတ်၍ တိုက်ခိုက်နေကြသည်။ ချူဖုန်းသည် ရွှေဖရုံသီး တူကြီးနှစ်လက်ကို ကိုင်စွဲထားသည်မှာ လောကမြေပြင်သို့ ဆင်းသက်လာသည့် စစ်နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။ သူသည် သွေးစွမ်းအင် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားရာ သူ၏ တူကြီးဖြင့် ရိုက်နှက်လိုက်တိုင်း သားရဲများ၏ ဦးခေါင်းများ ပေါက်ကွက်ကာ၊ အရိုးများ ကျိုးကြေပြီး သွေးများမှာလည်း ဟိုမှဒီမှ ပန်းထွက်ကုန်ကြတော့သည်။

တာအိုဆရာ ရွှမ်ကျိမှာမူ လက်တစ်ဖက် ဆုံးရှုံးထားသော်လည်း သူ၏ ဓားသိုင်းပညာမှာ ပိုမို၍ ပါးနပ်ကာ သိမ်မွေ့လာသည်။ ဓားဦးဖျားမှ ထွက်ပေါ်လာသော ဓားချီများသည် မိစ္ဆာများ၏ မျက်လုံး၊ လည်ချောင်းနှင့် နားပေါက်များကိုသာ ဦးတည်တိုက်ခိုက်သဖြင့် အင်အားအနည်းငယ်မျှဖြင့်ပင် ရန်သူ၏ အသက်ကို အလွယ်တကူ ခြွေယူနိုင်စွမ်း ရှိသည်။

ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး မသက်သာသေးသော အဘိုးကြီးရှီကမူ အခြေအနေကို ကြည့်၍သာ တိုက်ခိုက်နေသည်။ သူသည် မိစ္ဆာများကို အသက်ပျောက်အောင် သတ်ဖြတ်ရန်ထက် သူ၏ ငွေရောင်ချိတ်များကို အသုံးပြုကာ သားရဲများ၏ ခြေထောက်များကို ဒဏ်ရာရအောင် ပြုလုပ်ခြင်းဖြင့် ကျန်ရှိနေသော လူအုပ်နောက်သို့ လိုက်မလာနိုင်အောင် တားဆီးပေးထားသည်။

ဤလေးဦးနှင့် သားရဲဘုရင် အဆင့်ရှိသော ဝက်ဝံနက်ကြီးတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် မိစ္ဆာအုပ်ကြီးမှာ အတုံးအရုံး ကျဆုံးကုန်ကြပြီး သူတို့၏ အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်မှုမှာ ခေတ္တမျှ ရပ်တန့်သွားခဲ့ရသည်။ သို့သော် မိစ္ဆာအရေအတွက်မှာ များလွန်းလှသဖြင့် အချို့မှာ သူတို့ကို ကျော်ဖြတ်ကာ ရှီချိုင်ဖုန်း ဦးဆောင်၍ ဆုတ်ခွာနေသော အဖွဲ့ဆီသို့ ရောက်ရှိသွားကြသည်။

“အား...”

သိုင်းပညာမတတ်သော သင်္ဘောသားလူငယ်တစ်ဦးမှာ စတုရန်းမျက်နှာနှင့် ဧရာမ မျောက်ဝံကြီး၏ အဖမ်းခံလိုက်ရပြီး အလွယ်တကူပင် အထက်သို့ မြှောက်တင်ခံလိုက်ရသည်။ မျောက်ဝံကြီးသည် ၎င်း၏ ခြေသည်းများဖြင့် လူငယ်၏ ဘယ်ဘက်ခြေထောက်နှင့် ညာဘက်လက်မောင်းကို မြဲမြံစွာ ဆုပ်ကိုင်ထားပြီး ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်ရာ ထိုလူငယ်မှာ သွေးရဲရဲသံရဲရဲဖြင့် ကိုယ်ခန္ဓာနှစ်ခြမ်း ကွဲသွားကာ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားပင်။

ကျန်းမိသားစုဝင်တစ်ဦးမှာမူ သူ၏ အရပ်ခန့် မြင့်မားသည့် မြေပြင်ပေါ်တွင် ခွေနေသော ဧရာမ မြွေဟောက်နက်ကြီးကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။ သူ၏ ဓားချက်မှာ မြွေဟောက်ကြီး၏ ထူထပ်လှသော အကြေးခွံများကို ထိမှန်သွားရာ စူးရှသော မီးပွင့်များပင် ထွက်ပေါ်လာတော့သည်။

မြွေဟောက်ကြီးသည် အနည်းငယ်မျှ ထိခိုက်မှုမရှိသကဲ့သို့ ထိုသူ့အပေါ်သို့ ခုန်အုပ်လိုက်ပြီး ခန္ဓာကိုယ်ကို အားဖြင့် ရစ်ပတ်ကာ အသက်ရှူမရအောင် တင်းကျပ်စွာ စည်းနှောင်လိုက်တော့သည်။ အရိုးများ ကျိုးကြေသွားသည့် ဂြပ် ဂြပ် မြည်သံများ ဟိန်းထွက်လာပြီးနောက် ထိုမိသားစုဝင်မှာ မျက်လုံးများ ပြူးထွက်ကာ သွေးအန်လျက် အသက်ပျောက်သွားရရှာသည်။

ဦးလေးခြောက်၏ ဇနီးဖြစ်သူ အဘွားအိုမှာ တိုက်ပွဲဒဏ်ကြောင့် သွေးအလိမ်းလိမ်းဖြစ်နေသော ဦးလေးခြောက်၏ နောက်ကွယ်တွင် ပုန်းအောင်းနေခဲ့သည်။ သို့သော် ရုတ်တရက်ဆိုသလို ဖောက်ထွင်းမြင်နိုင်လောက်သည့် နူးညံ့သော အမျှင်တန်းတစ်ခုသည် သူမ၏ အနားသို့ လျှပ်တပြက် ရောက်ရှိလာပြီး ညာဘက်ခြေကျင်းဝတ်ကို ရစ်ပတ်ကာ သစ်ပင်ထိပ်ဖျားသို့ ဆွဲတင်သွားတော့သည်။

ထို့နောက်တွင်တော့ နွားပေါက်တစ်ကောင်ခန့် အရွယ်အစားရှိသည့် ဧရာမ ပင့်ကူနီကြီး တစ်ကောင် ပေါ်လာသည်။ ၎င်း၏ ချွန်ထက်လှသော ဆူးခြေထောက်များမှာ အဘွားအို၏ လည်ချောင်းကို ရက်ရက်စက်စက် ထိုးစိုက်လိုက်ရာ သွေးများ ပန်းထွက်သွားပြီး သူမမှာ နေရာတင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရသည်။

ဝမ်ကျန်းမှ လာကြသူများသည် လုံကျန်းမြစ်၏ ဘေးဒုက္ခအသွယ်သွယ်ကို ကျော်ဖြတ်နိုင်ခဲ့ပါလျက် ယခုကဲ့သို့ တောအုပ်အထွက် နောက်ဆုံးခြေလှမ်းတွင်မှ အသက်ပျောက်ရလိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးကြချေ။

“သေစမ်း”

လုံယီသည် ဒေါသကြောင့် သွေးဆူလာပြီး သူ၏ပုဆိန်ထဲသို့ အနီရောင်အလင်းတန်းများ ထည့်သွင်းကာ ဝှေ့ယမ်းလိုက်သည်။ လေထုမှာ ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားရပြီး ရှေ့မှ မိစ္ဆာရန်သူအချို့မှာ အသားစိုင်လေးများအဖြစ် အပိုင်းပိုင်း ပြတ်ထွက်ကုန်ကြသည်။ လုံယီ၏ သိုင်းပညာမှာ အထွတ်အထိပ်သို့ ရောက်နေသော်လည်း လူသားတစ်ယောက်၏ အင်အားမှာ အကန့်အသတ်ရှိရာ သူသည် ရန်သူများ၏ တိုက်ခိုက်မှုကို လျှော့ချပေးနိုင်ရုံသာရှိပြီး အဆက်မပြတ် တိုးဝင်လာသော မိစ္ဆာအုပ်ကြီးကိုမူ လုံးဝ တားဆီးနိုင်ခြင်း မရှိသေးပေ။

လူအုပ်ကို ကာကွယ်ပေးနေသော ရှီချိုင်ဖုန်း၊ ချန်မူကျူနှင့် ယန်ကျီတို့မှာလည်း ဒဏ်ရာကိုယ်စီ ရရှိလာကြရာ အခြေအနေမှာ ပိုမိုစိုးရိမ်ရလာတော့သည်။ ဤအရေးကြီးသော အချိန်တွင် တစ္ဆေများ အော်ဟစ်သံကဲ့သို့ စူးရှလှသော လေတိုးသံတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့သည်။

ထို့နောက် လေဆင်နှာမောင်းငယ်တစ်ခုအလား လည်ပတ်နေသော ဝါညိုရောင် အခိုးအငွေ့များ ရုတ်တရက် ပေါ်ပေါက်လာပြီး စူးရှလှသော အနံ့ဆိုးများမှာလည်း လေထုထဲတွင် ပျံ့နှံ့သွားသည်။ ဤသည်ကို မြင်လိုက်ရသောအခါ တောအုပ်အတွင်းရှိ မိစ္ဆာအားလုံးသည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြပြီး ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ကြတော့သည်။

“ဘယ်သူကများ ငါ့ရဲ့မွေးစားသားကို သတ်ရဲတာလဲ”

အက်ရှရှနှင့် နက်ရှိုင်းလှသော အသံတစ်ခုမှာ ထိုအငွေ့အရှိန်အဝါများ၏ အလယ်မှ ထွက်ပေါ်လာသည်။ ထိုအသံမှာ မိုင်ပေါင်းများစွာအထိ ဟိန်းထွက်သွားတော့သည်။ နှစ်ထပ် သုံးထပ်တိုက်ခန့် မြင့်မားသော ထိုဝါညိုရောင် အခိုးအငွေ့ကြီးမှာ ဖြည်းညှင်းစွာ ရွေ့လျားလာသည်။ ၎င်းဖြတ်သန်းသွားရာရှိ သစ်ပင်များမှာ ညှိုးနွမ်းသွားပြီး သစ်ရွက်များမှာလည်း ပုပ်သိုးကုန်ကြကာ ငှက်နှင့် သားရဲတိရစ္ဆာန်လေးများမှာမူ ခဏချင်းအတွင်း အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။

မြေပြင်သည်ပင်လျှင် ယခင်ကကဲ့သို့ နူးညံ့မနေတော့ဘဲ မီးခိုးဖြူရောင်သန်းကာ မာကျောခြောက်သွေ့သွားပြီး အက်ကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။

ထိုထူးဆန်းသော အခိုးအငွေ့များကို မြင်လိုက်ရသည့်ခဏတွင် လုံယီ၏ စိတ်အာရုံထဲ၌ သိမ်းငှက်ကြီး၏ စူးရှသော အော်ဟစ်သံမှာ အဆက်မပြတ် မြည်ဟည်းနေတော့သည်။ ဤအရေးပေါ် သတိပေးသံမှာ ရှေ့တွင်ရှိနေသည်မှာ အမှန်တကယ်ပင် အစွမ်းထက်လှသည့် မိစ္ဆာစစ်စစ် တစ်ကောင်ဖြစ်ကြောင်း၊ ယခင်က သူအလွယ်တကူ သတ်ဖြတ်ခဲ့သော မြွေပါမိစ္ဆာနှင့် လုံးဝမတူဘဲ အတောင်ပံပါသော သားရဲဘုရင်ကျားထက်ပင် ပိုမိုအစွမ်းထက်နိုင်ကြောင်း သူ့ကို သတိပေးနေခြင်းပင်။

သို့သော် ရန်သူနှင့် မျက်နှာချင်းဆိုင် တိုးနေပြီဖြစ်ရာ သူ ထွက်ပြေးနိုင်ပါဦးမလား မသေချာပေ။

လုံယီ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ ဝင်းလက်သွားသည်။ သူသည် ပုဆိန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ ခါးကို အားဖြင့် လိမ်ကျော့လျက် နက္ခတ်ကြယ်ကြွေ ကြေးနက်ပုဆိန်ကို ရှိသမျှ အင်အားအကုန်သုံး၍ ပစ်လွှတ်လိုက်တော့သည်။

ဝှစ်….

ပုဆိန်သည် ကောင်းကင်ယံကို ခွဲခြမ်းသွားပြီး ၎င်း၏ နောက်ကွယ်တွင် ရူးသွပ်မတတ် လည်ပတ်နေသော ဖြူလွလွ လေလှိုင်းများကို ချန်ရစ်ခဲ့သည်။

“သတ္တိရှိလှချေလား”

ထိုအငွေ့များထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ သူ့ကို တိုက်ခိုက်ရဲသူရှိလိမ့်မယ်ဟု ထိုသူက မမျှော်လင့်ထားခဲ့ပုံပင်။ သို့သော် ပုဆိန်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ၎င်းမှာ ငြိမ်မနေဘဲ ဘေးသို့ လျှပ်တပြက် ရှောင်တိမ်းလိုက်ရာ ပုဆိန်၏ လျှပ်စီးအလား မြန်ဆန်သော ခုတ်ချက်မှာ လွဲချော်သွားတော့သည်။

ဤသည်ကို မြင်လိုက်ရသောအခါ လုံယီ၏ မျက်လုံးများမှာ ပိုမိုတောက်ပလာသည်။ သူသည် အံ့ဩခြင်းထက် ဝမ်းသာခြင်းက ပိုနေတော့သည်။

ဒီအငွေ့ကြီးက ဘာလို့ ရှောင်လိုက်ရတာလဲ။

ယင်းမှာ ဤပုဆိန်သည် ၎င်းအတွက် ခြိမ်းခြောက်မှု ဖြစ်စေနိုင်ကြောင်းနှင့် ၎င်းတွင်လည်း အားနည်းချက် ရှိနေကြောင်း သက်သေပြနေခြင်းပင်။

လုံယီသည် မဆုတ်မနစ်ဘဲ ရှေ့သို့သာ တိုးဝင်လိုက်ပြီး အနက်ရောင် လေဆင်နှာမောင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူသည် အနောက်ရှိ ရှီချိုင်ဖုန်းနှင့် အခြားသူများကို အမြန်ဆုံး ဆုတ်ခွာကြရန် လက်ရိပ်ပြလိုက်သည်။

“သူ့စကားကို နားထောင်ကြ မြန်မြန်ပြေး”

အဘိုးကြီးရှီ၏ မျက်ဝန်းများ ဝင်းလက်သွားပြီး လူတိုင်းကို အတင်းတိုက်တွန်းကာ ထွက်ပြေးစေတော့သည်။

“ကျွန်မတို့ ထွက်သွားရင် အကိုရှုအခြေအနေက ဘယ်လိုဖြစ်မလဲ”

ရှီချိုင်ဖုန်း၏ အသံမှာ စိုးရိမ်စိတ်ကြောင့် တုန်ရီနေပြီး သူမ၏ မျက်နှာပေါ်တွင်လည်း ပူပန်မှုများ အထင်းသား ပေါ်လွင်နေသည်။ သူမသည် လုံယီ့အပေါ် အမြဲယုံကြည်မှု ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုလေဆင်နှာမောင်းဆီမှ ထွက်ပေါ်လာသည့် အသံမှာ အတိုင်းအထက်အလွန် ထူးဆန်းလှပေရာ လူသားတစ်ယောက်၏ ခွန်အားဖြင့် အမှန်တကယ်ပင် ခုခံနိုင်ပါ့မလားဟု သံသယဝင်ဖွယ် ဖြစ်နေတော့သည်။

“မင်းတို့ မသွားဘဲ ဒီမှာနေရင် သူ့ကို အနှောင့်အယှက်ပဲ ဖြစ်လိမ့်မယ်”

အဘိုးကြီးရှီက စူးစူးရှရှ အော်ဟစ်လိုက်သည်။

“အကိုရှုသာ တစ်ခုခုဖြစ်ရင်... နောင်တစ်ချိန်ကျရင် ဒီမိစ္ဆာကို ပြာဖြစ်အောင် ငါကိုယ်တိုင် လုပ်

ပစ်မယ်”

ရှီချိုင်ဖုန်းသည် သူမ၏ နှုတ်ခမ်းကို သွေးထွက်အောင်အထိ နာကျင်စွာ ကိုက်လိုက်မိသည်။ အနက်ရောင်အခိုးအငွေ့များဆီသို့ တိုးဝင်သွားသည့် လုံယီကို တစ်ချက်ကြည့်ကာ သူမသည် ပြတ်သားစွာပင် လှည့်ထွက်ခဲ့ပြီး ရှီချင်းတကို ဆွဲကာ ရှေ့သို့ အသည်းအသန် ပြေးတော့သည်။ အဖွဲ့သားများမှာလည်း အရပ်မျက်နှာအသီးသီးသို့ ခွဲကာ မြို့ရှိရာဘက်သို့ ဦးတည်ထွက်ပြေးကြသည်။

ကံကောင်းထောက်မစွာပင် လုံယီသည် မိစ္ဆာကြီး၏ အာရုံအားလုံးကို ဖမ်းစားထားနိုင်ခဲ့သည်။ မိစ္ဆာကြီးမှာလည်း လုံယီကိုသာ အာရုံစိုက်နေမိသဖြင့် ကျန်ရှိသော သားရဲအုပ်ကြီးကို အမိန့်ပေးရန် ခေတ္တမေ့လျော့သွားရာ ဝမ်ကျန်းသားများအတွက် လွတ်မြောက်ရန် အခွင့်အရေးတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

တိုက်ပွဲဖြစ်ရာနေရာတွင်မူ လုံယီသည် ထိုအခိုးအငွေ့များနှင့် သုံးပေခန့်အကွာအထိ နီးကပ်သွားပြီဖြစ်ကာ အတွင်းသို့ ဝင်ရောက်ရန် ခြေလှမ်းပြင်လိုက်သည်။

“မိုက်မဲတဲ့ လူသား... ဒီလို သွေးသားခန္ဓာကိုယ်နဲ့ ငါ့ရဲ့ အရိုးစားအဆိပ်ငွေ့ကို ခုခံနိုင်မယ်လို့ ထင်နေတာလား ရယ်စရာကောင်းလိုက်တာ”

လုံယီသည် လက်ဗလာဖြင့် တိုးဝင်လာသည်ကို မြင်သောအခါ ထိုအခိုးအငွေ့ကြီးမှာ အေးစက်စွာ လှောင်ပြုံးလိုက်ပြီး ရှောင်တိမ်းခြင်းမပြုတော့ဘဲ လုံယီ့ထံသို့ တက်ကြွစွာ တိုးဝင်လာတော့သည်။

ထိတွေ့ရန် သုံးပေခန့်အလိုမှာပင် လုံယီသည် တစ်ကိုယ်လုံး စိမ့်ခနဲအေးသွားကာ မရေမတွက်နိုင်သော ဓားမြှောင်များဖြင့် ထိုးဆစ်ခံနေရသကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

“ခံနိုင်ရည်…”

“ကျောက်သားအသွင်”

ခံနိုင်ရည်စွမ်းရည်က ရရှိလာသည့် ထိခိုက်မှု ၈၀% ခန့်ကို စုပ်ယူပေးလိုက်ပြီး ကျောက်သားအသွင်၏ မြင့်မားလှသော ခံစစ်စွမ်းအားကြောင့် လုံယီ၏ နာကျင်မှုမှာ အနည်းငယ် သက်သာသွားကာ သည်းခံနိုင်သော အတိုင်းအတာအတွင်းသို့ ရောက်ရှိသွားသည်။ သို့သော်လည်း ထိုအခိုးအငွေ့များက သူ့ကို အလုံးစုံ ဝန်းရံဖုံးလွှမ်းသွားသည့် အခါတွင်မူ လုံယီ၏ မျက်နှာအမူအရာမှာ ပျက်သွားတော့သည်။

ဤအဆိပ်ငွေ့များမှာ စူးရှသော တိုက်ခိုက်မှုအပြင် ပြင်းထန်လှသော တိုက်စားမှုအာနိသင်ပါ ရှိနေသည်ကို သူ သဘောပေါက်လိုက်သည်။ ကျောက်စိမ်းကဲ့သို့ ဖြူစင်ကာ မာကျောနေသော သူ၏ အရေပြားမှာ ခဏချင်းအတွင်း အမျိုးမျိုး ပြောင်းလဲသွားတော့သည်။ အချို့သော နေရာများမှာ အနည်းငယ် နိမ့်ဝင်သွားကာ အပေါက်ငယ်လေးများ ဖြစ်ပေါ်လာပြီး အချို့နေရာများတွင်မူ အဝါရောင်အဖုအပိမ့်များ ဖောင်းကြွလာကာ အချို့မှာမူ တိုက်စားခံရလုနီးပါး အက်ကွဲကြောင်းများ ပေါ်ပေါက်လာတော့သည်။

ပြင်းထန်လှသော နာကျင်မှုများက အရပ်မျက်နှာအနှံ့မှ သူ့ထံသို့ တိုးဝင်လာခဲ့သည်။

All Chapters