← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း။ ၂၄၇

လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို အမြန်ကြည့်လိုက်သည်။

ကျန်းမာသန်စွမ်းမှုကို ဖော်ပြသည့် စိမ်းလန်းသောအရောင်ရှိသော သူ၏အမည်မှာ ယခုအခါ ဖျော့တော့တော့ အနီရောင်သို့ ပြောင်းလဲသွားသည်။ ထို့ပြင် ထိုအနီရောင်မှာ ပိုမိုရင့်မှောင်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နက်မှောင်သော သွေးရောင်သို့ ကူးပြောင်းသွားသည်။ ယင်းမှာ သူ၏အခြေအနေမှာ အလွန်ပင် စိုးရိမ်ရပြီး အသက်အန္တရာယ်မှာ ဆံခြည်တစ်မျှင်သာ လိုတော့ကြောင်း ပြသနေခြင်းပင်။

သို့သော် ဤမျှလောက်နှင့် လုံယီကို အရှုံးပေးအောင် မလုပ်နိုင်ပေ။

သူသည် တည်ငြိမ်စွာဖြင့် သူ၏အမည်နောက်ကွယ်တွင် ပေါ်လာသော အပေါင်းလက္ခဏာကို အားကုန် ဖိနှိပ်လိုက်သည်။ စွမ်းအင် ၂ မှတ် လျော့နည်းသွားသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော အရှိန်အဝါတစ်ခုသည် ဟင်းလင်းပြင်မှ ပေါ်ပေါက်လာသကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာပြီး ဒဏ်ရာအသွယ်သွယ်ကို လျင်မြန်စွာ ကုသပေးလိုက်သည်။

ခဏချင်းမှာပင် သူ၏ခန္ဓာကိုယ်မှာ အကောင်းဆုံး အခြေအနေသို့ ပြန်လည်ရောက်ရှိသွားတော့သည်။ စွမ်းရည်ပြမျက်နှာပြင်တွင်လည်း စွမ်းအင်အမှတ်ပေါင်း တစ်ထောင်ကျော် ကျန်ရှိနေသေးသည်။

မင်းနဲ့ အကြာကြီး ကစားပေးရသေးတာပေါ့။

သူ့ကိုယ်သူ ယုံကြည်မှုများ ပြန်လည်ပြည့်ဝလာပြီးနောက် လုံယီသည် ထိုအခိုးအငွေ့များ၏ ဗဟိုချက်ဆီသို့ ဆက်လက်တိုးဝင်သွားသည်။ ထိုနေရာတွင် ဤအဆိပ်ငွေ့များ၏ အနှစ်သာရရှိနေမည်ဟု သူ ခံစားနေရပြီး ၎င်းကို တွေ့ရှိပါက ရန်သူကို အနိုင်ယူနိုင်မည့် နည်းဗျူဟာကိုလည်း ရှာဖွေနိုင်မည် ဖြစ်သည်။

“ဟမ်...”

ထိုလူသားသည် ချက်ချင်း သေဆုံးမသွားဘဲ ရုန်းကန်နိုင်စွမ်း ရှိနေသေးသည်ကို မြင်သောအခါ အခိုးအငွေ့ကြီးမှာ အံ့ဩသွားပြီး ဒေါသလည်း ထွက်သွားတော့သည်။

“အသေစောချင်နေတာပဲ”

ဝါညိုရောင် အခိုးအငွေ့များမှာ အားဖြင့် လှိမ့်တက်လာပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမိုထူထပ်လာရာ လုံယီမှာ ရှေ့သို့ တစ်လက်မမျှပင် တိုးမရတော့ချေ။ တစ်ချိန်တည်းမှာပင် လုံယီ၏ ခန္ဓာကိုယ်အပြင်ဘက်မှာလည်း ကြီးမားသော စမ်းသပ်မှုတစ်ခုကို ရင်ဆိုင်နေရသည်။

ယခင်က နာကျင်မှုမှာ သည်းခံနိုင်သော အတိုင်းအတာအတွင်း ရှိခဲ့သော်လည်း ယခုမူ သူ၏အရေပြားကို အရှင်လတ်လတ် ဆုတ်ခွာခံရပြီး အကြောများကို အားဖြင့် ဆွဲထုတ်ကာ သံတိုင်ဖြင့် ထိုးဖောက်ခံနေရသကဲ့သို့ ခံစားနေရသည်။ ပူပြင်းလှသော ဓားမြှောင်တစ်လက်ဖြင့် အရိုးများကို ရက်ရက်စက်စက် ခြစ်ထုတ်နေသကဲ့သို့ပင်။

ပြင်းထန်လှသော ဝေဒနာကြောင့် သူ၏ အမြင်အာရုံများမှာ ခေတ္တမျှ မှောင်အတိကျသွားပြီး သတိလစ်မတတ် ဖြစ်သွားရတော့သည်။

သို့သော် လုံယီသည် သူသာ အသိစိတ် လုံးဝလွတ်သွားပါက စွမ်းရည်ပြမျက်နှာပြင်မှာ အသုံးမဝင်တော့ဘဲ ဤလောကမြေပြင်မှ အမှန်တကယ် ပျောက်ကွယ်သွားနိုင်ကြောင်း ကောင်းကောင်းကြီး သိထားသည်။

ထို့ကြောင့်ပင် သူသည် လူသားတို့ခံနိုင်ရည်ထက် ကျော်လွန်သော နာကျင်မှုကို အံကြိတ်အောင့်အီးကာ ဒဏ်ရာများကို ကုသရန် သူ၏အမည်နောက်ကွယ်ရှိ အပေါင်းလက္ခဏာကို အသိစိတ်ဖြင့် အဆက်မပြတ် ဖိနှိပ်နေတော့သည်။ စွမ်းအင်အမှတ်များသည်လည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။ လုံယီသည်လည်း ရူးသွပ်မတတ် နာကျင်မှုကို အံတုရင်း လည်ပတ်နေသော အနက်ရောင်အခိုးအငွေ့များ၏ အတွင်းပိုင်းသို့ ဆက်လက်တိုးဝင်ခဲ့သည်။

အတန်ကြာ ခရီးနှင်ပြီးနောက် အခိုးအငွေ့များ၏ အလယ်ဗဟိုတွင် ပုန်းကွယ်နေသော ဖျော့တော့တော့ အရိပ်တစ်ခုကို နောက်ဆုံးတွင် သူ တွေ့မြင်လိုက်ရသည်။ လုံယီသည် ဘာမျှစဉ်းစားမနေတော့ဘဲ ပြင်းထန်လှသော လက်သီးချက်တစ်ချက်ကို ပစ်လွှတ်လိုက်တော့သည်။

“တောင်ဖြိုခွန်းအား”

သူ၏ သွေးစွမ်းအင်အားလုံးသည် ညာဘက်လက်သီးပေါ်သို့ စုပြုံရောက်ရှိလာပြီး နေမင်းငယ်တစ်စင်းအလား တောက်ပသော အနီရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ရှိသမျှခွန်အားအားလုံးကို တစ်ခဏချင်းအတွင်း သွန်းလောင်းချလိုက်သည်။

“နဂါးဖောက်စွမ်းအင်”

ရင်ဘတ်ရှိ နဂါးစူးမှတ်ကို လျှို့ဝှက်သွေးစွမ်းအင်ဖြင့် လှုံ့ဆော်လိုက်ပြီးနောက် ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံးနေရာများတွင် ဝှက်ဖုံးနေသော သွေးစွမ်းအင်နှင့် အလားအလာများကို နှိုးဆွလိုက်ရာ သူ၏ ခွန်အားမှာ ဒုတိယအကြိမ် ထပ်မံ၍ ပေါက်ကွဲကာ ထွက်ပေါ်လာပြန်သည်။

“ဝိညာဉ်ဝါးမြိုခြင်း”

ခုလေးတင် သတ်ဖြတ်ခဲ့သော မိစ္ဆာများထံမှ ရရှိထားသည့် အပိုဆောင်း သွေးအဆီအနှစ်များကိုလည်း လက်သီးပေါ်သို့ အကုန်အစင် စုစည်းစေလိုက်ရာ တတိယအကြိမ်မြောက် ခွန်အားပေါက်ကွဲမှု ဖြစ်ပေါ်လာတော့သည်။

ဘုန်း….

သူ့ကို ဝိုင်းရံပိတ်ဆို့ထားသော အခိုးအငွေ့များသည် ပေါင်တစ်သိန်းကျော်ရှိနိုင်သည့် ဤခွန်အားကြီးအောက်တွင် ရေစီးကြောင်းကဲ့သို့ ဖရိုဖရဲ လွင့်စင်သွားကြပြီး မိစ္ဆာ၏ စစ်မှန်သော ရုပ်သွင်မှာ ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

၎င်း၏ အရွယ်အစားမှာ လူတစ်ကိုယ်စာခန့်ရှိပြီး ဦးခေါင်းမှာ ပြောင်းပြန်တြိဂံပုံစံ ဖြစ်ကာ ထိပ်တွင် တွန့်လိမ်လှုပ်ရှားနေသော အာရုံခံဦးမှင်နှစ်ခု ပါရှိသည်။ မျက်နှာတစ်ခုလုံးမှာ ဝါဖျော့ဖျော့ အမွေးနုရှည်များဖြင့် ဖုံးလွှမ်းနေပြီး ပြူးထွက်နေသော မျက်လုံးအစုံမှာလည်း ကြောက်မက်ဖွယ်ကောင်းသည့် အနီရောင်အလင်းများ ဝင်းလက်နေသည်။

ခန္ဓာကိုယ်မှာ ဘဲဥပုံစံရှိပြီး ချွန်ထက်သော အမြီးပိုင်းတွင် ထူထဲသော အပေါ်ယံအလွှာများ ဖုံးအုပ်ကာ အဝါရောင်နှင့် အနက်ရောင် အစင်းကြောင်းများ တစ်လှည့်စီ ပါရှိသည်။ ကျောဘက်တွင်မူ အနက်ရောင် တောင်ပံနှစ်ခုရှိရာ ၎င်းတို့၏ မျက်နှာပြင်မှာ အကြေးခွံနုလေးများဖြင့် ပြည့်နှက်နေပြီး ဝီ... ဝီ ဟု အသံမြည်လျက် အဆက်မပြတ် တုန်ခါနေသည်။ လက်မောင်းမှာ ခြောက်ဖက်ရှိပြီး တစ်ဖက်စီမှာ လူသားတစ်ယောက်၏ လက်မောင်းခန့် ထူထဲကာ အမွေးအမျှင်များဖြင့် ဖုံးလွှမ်းနေပြီး ခြေသည်းတစ်ခုစီတွင် ချွန်ထက်သော ခြေချောင်းသုံးချောင်းစီ ပါရှိသည်။

၎င်း၏ ပုံသဏ္ဌာန်မှာ အဆပေါင်းများစွာ ကြီးမားနေသော မိစ္ဆာတစ်ကောင်နှင့် အလွန်တူလှသည်။ လုံယီက အခိုးအငွေ့များကို ခေတ္တမျှ ဖယ်ရှားပစ်နိုင်သည်ကို မြင်လိုက်ရသောအခါထိုမိစ္ဆာ၏ မျက်လုံးထဲတွင် အံ့ဩတုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။

၎င်း၏တောင်ပံများက ပိုမိုမြန်ဆန်စွာ တုန်ခါလာပြီး ခန္ဓာကိုယ်သည်လည်း မြေပြင်မှ အထက်သို့ ပျံတက်ရန် ပြင်လိုက်တော့သည်။

လုံယီသည် ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ သူသည် သွက်လက်ခြင်းပါရမီကို ချက်ချင်းအသုံးချလိုက်ရာ သူ၏ဒူးဆစ်များတွင် ကြွက်သားအလိပ်ပေါင်း နှစ်ဆယ်ခန့် ရုတ်တရက်ဖောင်းကြွလာပြီး ဝှစ်ကနဲအသံနှင့်အတူ ကျည်ဆန်တစ်တောင့်အလား ထိုမိစ္ဆာထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။

ထိုမိစ္ဆာသည် ၎င်း၏ကြောက်မက်ဖွယ်ကောင်းသော ပါးစပ်ကို ဟလိုက်ပြီး လုံယီ့ကို လုံးဝလွှမ်းခြုံသွားစေမည့် အနက်ရောင် အခိုးအငွေ့များကို ပန်းထုတ်လိုက်သည်။ ဤအနက်ရောင်အငွေ့များသည် အပြင်ဘက်ရှိ ဝါညိုရောင်အငွေ့များထက် ပိုမိုသိပ်သည်းကာ အသက်

အန္တရာယ် ပိုပေးနိုင်ရုံသာမက အဓိကအကျဆုံးမှာ အာရုံငါးပါးကိုပါ ပိတ်ဆို့ပစ်နိုင်သည့် စွမ်းရည်ရှိခြင်းပင်။

လုံယီသည် တစ်ကမ္ဘာလုံး အမှောင်အတိကျသွားသကဲ့သို့ ခံစားလိုက်ရပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက် မည်သည့်အရပ်မျက်နှာကိုမျှ ခွဲခြားနိုင်စွမ်း မရှိတော့ချေ။ သူ၏နားထဲတွင်လည်း ဝီကနဲ အသံများသာ မြည်နေပြီး ဘာမျှမကြားနိုင်တော့ပေ။

“သနားစရာကောင်းတဲ့ လူသား... မင်းကို ဘယ်သူက ဒီလောက်အထိ ယုံကြည်မှုတွေ ပေးထားတာလဲ”

ထိုမိစ္ဆာက လှောင်ပြောင်လိုက်ကာ စကားဆုံးသည်နှင့်

ဝူး ဝူး ဝူး

မြေပြင်ပေါ်တွင် ကျနေခဲ့သော နက္ခတ်ကြယ်ကြွေ ကြေးနက်ပုဆိန်သည် ရုတ်တရက် မြောက်

တက်လာပြီး ကမ္ဘာပေါ်တွင် အမြန်ဆုံးသော အရှိန်အဟုန်ဖြင့် လေထုကို ခွဲကာ အခိုးအငွေ့အလွှာများကို ဖြတ်သန်းလျက် ထိုမိစ္ဆာရှိရာဆီသို့ တိကျစွာ ဦးတည်လာတော့သည်။

အဆင့်မြင့် ပုဆိန်ပညာ အသက်လိုက်လံခြွေယူခြင်းသည် အသုံးပြုသူနှင့် ပုဆိန်သည် အတိုင်းအတာတစ်ခုအထိ စိတ်ချင်းဆက်သွယ်နိုင်ပြီး ပုဆိန်၏ လမ်းကြောင်းကို အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်ကာ သတ်မှတ်ထားသော ပစ်မှတ်နောက်သို့ လိုက်လံတိုက်ခိုက်နိုင်သည်။

လုံယီ၏ အမြင်အာရုံများ ပိတ်ဆို့ခံထားရသော်လည်း လွန်ခဲ့သော စက္ကန့်ပိုင်းလေးအတွင်းကပင် ထိုမိစ္ဆာ၏ တည်နေရာကို အတိအကျ မှတ်သားထားနိုင်ခဲ့ခြင်းပင်။

“အား...”

ထိုမိစ္ဆာ၏ အော်ဟစ်သံ ထွက်ပေါ်လာရာ ၎င်းသည် ပြင်းထန်သော ထိခိုက်မှုဒဏ်ကို ခံလိုက်ရသည်မှာ ထင်ရှားလှသည်။ သို့သော် ၎င်းသည် အားနည်းသော သတ္တဝါမဟုတ်ပေ။ ပုဆိန်ကို တစ်နည်းနည်းဖြင့် ခုခံတွန်းလှန်လိုက်ပြီး တည်နေရာကို ချက်ချင်း ပြောင်းလဲလိုက်သည်။ ထိုအခါ လုံယီ၏ အသက်လိုက်လံခြွေယူခြင်း စွမ်းရည်သည်လည်း အလုပ်မလုပ်တော့သော ရေဒါတစ်ခုကဲ့သို့ ဖြစ်သွားကာ ထပ်မံ ထိမှန်ခြင်း မရှိတော့ပေ။

“မင်း ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်လိုက်ပြီ”

လေဆင်နှာမောင်းသဏ္ဌာန် ဝါညိုရောင် အခိုးအငွေ့များသည် စတင်ဖိသိပ်လာပြီး လုံယီ၏ ခန္ဓာကိုယ်ကို အလွှာလိုက် ရစ်ပတ်ကာ တစ်ကိုယ်လုံးကို လုံးထွေးသွားစေတော့သည်။ ထို့နောက် အခိုးအငွေ့များသည် အထက်သို့ ပို၍မြင့်အောင် ပျံတက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် မြေပြင်မှ အမြင့်ပေ တစ်သောင်းခန့်သို့ ရောက်ရှိသွားတော့သည်။

“ဆင်းသွားတော့”

ကဲ့ရဲ့လှောင်ပြောင်လိုသော ရည်ရွယ်ချက်ဖြင့် ထွက်ပေါ်လာသည့် အဆိပ်ပြင်းသော အသံကြီး ဟိန်းထွက်လာသည်။

ဝါညိုရောင် အခိုးအငွေ့များသည် လုံယီ့ထံမှ ချက်ချင်းပင် ကွာထွက်သွားပြီး သူ့ကို ဟင်းလင်းပြင်ထဲ၌ တစ်ကိုယ်တည်း ကျန်ရစ်စေခဲ့သည်။ ထို့နောက်တွင်တော့ သူသည် မြေပြင်ဆီသို့ အရှိန်အဟုန်ဖြင့် တည့်တည့်မတ်မတ် ပြုတ်ကျလာတော့သည်။

ပေတစ်ထောင်ကျော် မြင့်မားသော အမြင့်မှ ပြုတ်ကျခြင်းမှာ မည်မျှပင် အစွမ်းထက်သော သိုင်းပညာရှင်ဖြစ်စေကာမူ အသက်ရှင်ရန် မဖြစ်နိုင်သလောက်ပင်။ လုံယီမှာလည်း သိုင်းဆရာသခင်အဆင့်သို့ မရောက်ရှိသေးသလို စစ်မှန်သောခွန်အားလည်း မရရှိသေးဘဲ ပေါ့ပါးသောကိုယ်ဟန်ကိုလည်း မလုပ်ဆောင်နိုင်သေးချေ။ သူ၏ ပြုတ်ကျသည့်အရှိန်မှာ တစ်စထက်တစ်စ မြန်ဆန်လာရာ မြေပြင်နှင့် ရိုက်မိပါက သွေးအိုင်ထဲတွင် အပိုင်းပိုင်းပြတ်ကာ သေဆုံးရတော့မည့် အနေအထားသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

မြေပြင်နှင့် ဆယ်လံခန့်အလို အရေးကြီးသော အချိန်တွင်မူ လုံယီသည် သူ၏ဦးခေါင်းကို အောက်သို့ငုံ့ကာ ခြေထောက်များကို အပေါ်သို့မြှောက်လိုက်ပြီး သူ၏ ခွန်အားအားလုံးကို အချက်တစ်ချက်တည်း၌ စုစည်းစေလိုက်သည်။ ထို့နောက် မြေပြင်ဆီသို့ သူ၏လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်တော့သည်။

ဘုန်း…

ပေါင်တစ်သိန်းကျော်သော ခွန်အားနှင့်အတူ အစွမ်းကုန်ပေါက်ကွဲထွက်လာသော အရှိန်အဝါသည် သူ၏လက်သီးအောက်ရှိ ဟင်းလင်းပြင်ကို ရုတ်တရက် ဖိသိပ်လိုက်သည်။ မြင်သာသော ဖြူလွလွ လေတိုင်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မြေပြင်ဆီသို့ ထိုးဖောက်ကာ ဆင်းသက်သွားတော့သည်။

ဂြပ်….

ထိုလေတိုင်မှာ မြေပြင်နှင့် ရိုက်မိကာ နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် ကြီးမားသော ခုခံမှုနှင့် ကြုံတွေ့ရပြီး အထက်သို့ ပြန်ကန်တက်လာသော လေစီးကြောင်းတစ်ခုကို ဖြစ်ပေါ်စေရာ လုံယီ၏ ကျဆင်းနေသည့် အရှိန်ကို ခေတ္တမျှ ရပ်တန့်သွားစေခဲ့သည်။

“အသက်လိုက်လံခြွေယူခြင်း”

ဝူး ဝူး ဝူး

နက္ခတ်ကြယ်ကြွေ ကြေးနက်ပုဆိန်သည် ထိုအချိန်တွင်ပင် လေထုကို ခွဲခြမ်းကာ လုံယီ၏ ခြေဖဝါးအောက်သို့ ရောက်ရှိလာသည်။ သူသည် ပုဆိန်ကို ညာခြေဖြင့် အားကုန်ကန်လိုက်ရာ ပြုတ်ကျသည့်ဒဏ် အများစုမှာ ပုဆိန်ပေါ်သို့ ရောက်ရှိသွားတော့သည်။ ပုဆိန်မှာလည်း ဝှစ်ကနဲအသံနှင့်အတူ မြေပြင်ကို ဖောက်ထွက်ကာ မြေအောက်ရှိ အနက်ပေမသိနိုင်သော အနက်ထိတိုင် တိုးဝင်သွားခဲ့သည်။

ထိုအခါ သူ၏ ကျဆင်းသည့် အရှိန်မှာ သိသိသာသာ ထပ်မံလျော့နည်းသွားခဲ့သည်။ သူ မြေပြင်ပေါ်သို့ နောက်ဆုံး ဆင်းသက်နိုင်ခဲ့ချိန်တွင် မြေပြင်၌ နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိခဲ့ဘဲ သွေးတစ်လုပ်ပင် အန်ထွက်ခြင်း မရှိခဲ့ချေ။

လုံယီသည် သူ၏ ပုဆိန်ကို ပြန်လည်ခေါ်ယူလိုက်ပြီး ကောင်းကင်ယံမှ အခိုးအငွေ့များကို အေးစက်စွာ တစ်ချက်ကြည့်ကာ ရှေ့သို့ အမြန်ဆုံး ပြေးထွက်သွားတော့သည်။ ဤမိစ္ဆာမှာ အလွန်ပင် လက်ပေါက်ကပ်လှပြီး အဓိကမှာ အနားကပ်ရန် ခက်ခဲခြင်းပင်။ သူကိုယ်တိုင် သိုင်းဆရာသခင် အဆင့်သို့ မရောက်မချင်း ၎င်းကို သတ်ဖြတ်နိုင်မည့် နည်းလမ်းကို လုံယီ စဉ်းစားမရသေးချေ။ အနိုင်မတိုက်နိုင်သဖြင့် ထွက်ပြေးရခြင်းမှာလည်း ရှက်စရာမဟုတ်ပေ။

အခန်း။ ၂၄၈

ထို့ပြင် သူသည် ထိုမိစ္ဆာနှင့် အတော်ကြာအောင် အချိန်ဆွဲ တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ ကျန်ရှိသည့် အဖွဲ့သားများမှာလည်း ယခုအချိန်တွင် ဘေးကင်းရာသို့ ရောက်ရှိနေလောက်ပြီဟု တွေးတောမိသည်။

ထိုသို့တွေးတောရင်း လုံယီသည် သွက်လက်ခြင်းပါရမီနှင့် ပေါ့ပါးသောကိုယ်ဟန်တို့ကို အစွမ်းကုန်အသုံးချကာ တောနက်ကြီးအတွင်းမှ လူသားအမြောက်ဆန်တစ်ခုအလား ထိုးထွက်လာခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းသည် မြေပြင်ပေါ်၌ နက်ရှိုင်းသော ကျင်းများကို ထင်ကျန်ရစ်စေပြီး လမ်းတွင် ပိတ်ဆို့နေသော သစ်ကိုင်းများနှင့် အပင်များကိုလည်း အပိုင်းပိုင်းပြတ်အောင် တိုးဝှေ့ဖျက်ဆီးသွားတော့သည်။

“ဒီလူသား... မင်း ဘယ်ကို ပြေးမလို့လဲ”

ထိုမိစ္ဆာသည် ဒေါသတကြီးဖြင့် လေဆင်နှာမောင်းသဏ္ဌာန် အခိုးအငွေ့များကို ဦးဆောင်ကာ လုံယီနောက်သို့ ထပ်ချပ်မကွာ လိုက်လံတိုက်ခိုက်တော့သည်။ သူ့ကို စိန်ခေါ်ဝံ့သော ဤပိုးကောင်ကို သတ်ပစ်ရန်သာ သုစိတ်ကူးထားသည်။ သို့သော် သူ၏ ပြိုင်ဘက်မှာ မသေနိုင်သော ပိုးဟပ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်ကို တွေ့ရသောအခါ သူ့မှာ အံ့အားသင့်သွားရသည်။ သူ ဂုဏ်ယူရသော အဆိပ်ငွေ့များသာမက ကောင်းကင်ပေါ်မှ ပစ်ချလိုက်သည့် နည်းလမ်းကပါ ဤလူသားအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိသကဲ့သို့ပင်။

ထိုမိစ္ဆာ၏ တိုက်ကွက်များမှာ အဓိကနည်းဗျူဟာ သုံးမျိုး၌သာ ကန့်သတ်ထားရာ လုံယီသည် ၎င်းကို အနိုင်မတိုက်နိုင်သော်လည်း ၎င်းကလည်း လုံယီကို အန္တရာယ်မပြုနိုင်ဘဲ ဖြစ်နေသည်။ တစ်ဦးက လိုက် တစ်ဦးက ပြေးရင်းဖြင့် သူတို့နှစ်ဦးသည် တောအုပ်အစွန်သို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။

ရုတ်တရက်ဆိုသလို သူတို့၏ အရှေ့ ကိုက်တစ်ရာခန့်အကွာတွင် သားရဲရေခွံဝတ်စုံများကို ဝတ်ဆင်ထားပြီး ရင်ဘတ်ဗလာဖြင့် ခေါင်းတွင် ဝါရောင်ဦးထုပ်များ ပတ်ထားသည့် ကြွက်သားသန်သန် လူသိုက်တစ်သိုက် ပေါ်လာသည်။ လုံယီကို လေဆင်နှာမောင်းသဏ္ဌာန် ဝါညိုရောင် အခိုးအငွေ့များက လိုက်လံတိုက်ခိုက်နေသည်ကို မြင်သောအခါ သူတို့၏ မျက်နှာတွင် ထိတ်လန့်မှုများ ယှက်သန်းသွားကြသည်။

“ဒါ ဆန်ရွန်တောအုပ်က မိစ္ဆာဆိုး လေနက်ဘုရင်ပဲ”

“မသေမျိုးဆရာသခင် ပြောဖူးတာတော့... သူ့ရဲ့ ဓာတ်က ယင်ဘက်ကို အားသန်ပြီး မိုးကြိုးနဲ့ မီးကို ကြောက်တတ်တယ်တဲ့။ ငါတို့ မိုးကြိုးဒုံးမြှားတွေနဲ့ သူ့ကို ဟန့်တားလို့ရတယ်”

“မြှားတွေဆင်ကြ သူ့ကို ကယ်ကြစမ်း”

ခေါင်းဆောင်ဖြစ်သူ ရုပ်ရည်ချောမောသော လူငယ်၏ အမိန့်ပေးသံအဆုံးတွင် လူတိုင်းသည် လေးများကို အမြန်ဆွဲတင်ကာ မလှမ်းမကမ်း ကောင်းကင်ယံရှိ ဝါညိုရောင် အခိုးအငွေ့များဆီသို့ တပြိုင်နက်တည်း ချိန်ရွယ်လိုက်ကြသည်။

အနီးကပ်ကြည့်ရှုလိုက်သောအခါ မြှားတံများပေါ်တွင် ရှုပ်ထွေးလှသော အင်းကွက်လိုင်းများ ထွင်းထုထားသည်ကို တွေ့ရပြီး မြှားခေါင်းများမှာမူ ဖြူလွလွ အလင်းတန်းများ မှိန်ဖျော့စွာ လင်းလက်နေကြရာ ၎င်းတို့မှာ သာမန်ပစ္စည်းများမဟုတ်သည်မှာ သိသာသည်။

နောက်တစ်ခဏတွင် ထိုလူများ၏ ကြွက်သားများမှာ သိသိသာသာ ဖောင်းကြွလာပြီး အရေပြားအရောင်မှာပင် အနည်းငယ်ပြောင်းလဲကာ ဝါရောင်သန်းသွားတော့သည်။ ထို့နောက် လေးကြိုးများကို အဆုံးထိ ဆွဲတင်လိုက်ကြပြီး…

ဝှစ်... ဝှစ်... ဝှစ်

မြှားများသည် ကောင်းကင်ယံကို တိုးဖောက်ကာ အခိုးအငွေ့များပေါ်သို့ တိကျစွာ ကျရောက်သွားတော့သည်။ ထို့နောက် ဘုန်း... ဘုန်း... ဘုန်း ဟု မြည်ဟည်းလျက် ပေါက်ကွဲသွားကြပြီး စူးရှတောက်ပသော ငွေဖြူရောင် မီးလျှံများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုမီးလျှံများသည် အနက်ရောင်အခိုးအငွေ့များနှင့် ထိတွေ့မိသည်နှင့် ဆီပူအိုးထဲသို့ မီးကျသကဲ့သို့ တဟုန်ထိုး တောက်လောင်လာပြီး ဝါညိုရောင် အခိုးအငွေ့တစ်ခုလုံးကို တောက်ပသော ငွေဖြူရောင် မီးပင်လယ်ကြီးအတွင်းသို့ ဝါးမြိုပစ်လိုက်တော့သည်။

“အား... အား... အား ချမ်းသာပေး...”

လေနက်ဘုရင်သည် အသနားခံရန်နှင့် ထွက်ပြေးရန် ကြိုးစားသော်လည်း မီးလျှံများ ပျံ့နှံ့သည့်အရှိန်မှာ ၎င်းထင်ထားသည်ထက် များစွာ ပိုမိုမြန်ဆန်နေခဲ့သည်။ အသက်ရှူအကြိမ် ဆယ်ကြိမ်မပြည့်မီမှာပင် လေဆင်နှာမောင်းသဏ္ဌာန် အခိုးအငွေ့များအားလုံး လောင်ကျွမ်းကာ ပြာကျသွားတော့သည်။ လေနက်ဘုရင်၏ စစ်မှန်သော ရုပ်သွင်မှာလည်း မီးကျွမ်းကာ မီးသွေးတုံးအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်သွားရရှာသည်။

ဆန်ရွန်တောအုပ်၏ အရှင်သခင်မှာ ယခုကဲ့သို့ပင် ဝေဒနာပြင်းစွာဖြင့် သေဆုံးသွားခဲ့ရသည်။

ကျင့်ကြံသူတွေ ဒီလောက်တောင် များနေတာလား။

လုံယီ၏ ရင်ထဲ၌ ထိတ်လန့်သွားမိပြီး အနားသို့ လျှောက်လာကြသော သန်မာသည့် လူတစ်သိုက်ကို လက်အုပ်ချီ နှုတ်ဆက်ကာ “ကျေးဇူးတင်ပါတယ် မသေမျိုးဆရာသခင်တို့... ကျွန်တော့်ကို ကယ်တင်ပေးလို့ပါ” ဟု ပြောလိုက်သည်။

ခေါင်းဆောင်ဖြစ်သူ ရုပ်ရည်ချောမောသော လူငယ်က ပြုံးလျက် “ခင်ဗျားက အားနာတတ်တာပဲ။ ကျွန်တော်တို့က မသေမျိုးဆရာသခင်တွေ မဟုတ်ပါဘူး။ ခင်ဗျားက လုံယီ မဟုတ်လား ခဏလေးတင်ပဲ လူတစ်ယောက်က ကျွန်တော်တို့ဆီမှာ အကူအညီ လာတောင်းသွားတယ်။ အဲ့ဒါနဲ့ လေနက်ဘုရင်က ထပ်ပြီး ပြဿနာရှာနေတာကို တွေ့လိုက်ရတာပဲ” ဟု ပြောလိုက်သည်။

“သူသာ ဆန်ရွန်တောအုပ်ထဲမှာပဲ ပုန်းနေရင် ကျွန်တော်တို့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီနေ့တော့ သူက အပြင်ထွက်လာပြီး ကျွန်တော်တို့ဆီမှာလည်း မိုးကြိုးဒုံးမြှားတွေ ရှိနေတော့... ဒါက သူ့ရဲ့ ကံကြမ္မာပဲပေါ့”

အခြားလူတစ်ဦးကလည်း ရယ်မောကာ ပြောလိုက်သည်။

သူတို့၏ ဖော်ရွေသော သဘောထားကို မြင်လိုက်ရသောအခါ လုံယီသည်လည်း တဖြည်းဖြည်း စိတ်လျှော့နိုင်သွားတော့သည်။

“အစ်ကို….”

ထိုစဉ်မှာပင် ရှီချိုင်ဖုန်းသည် ကျန်းဝေတ၊ ချန်မူကျူတို့နှင့်အတူ အနောက်ဘက်မှ အပြေးအလွှား ရောက်ရှိလာတော့သည်။

“အစ်ကို ဘာမှမဖြစ်တာ တကယ်ပဲ ဝမ်းသာလိုက်တာ”

ရှီချိုင်ဖုန်း၏ မျက်ဝန်းအစုံမှာ နီမြန်းနေပြီး ငိုထားသည်မှာ သိသာလှသည်။

“စိတ်အေးအေးထားပါ။ ငါက မသေချာတဲ့အလုပ်ကို ဘယ်တော့မှ မလုပ်တတ်ပါဘူး”

သူ့အတွက် စိတ်ပူပြီး ပြန်လာကြသည့် သူငယ်ချင်းများကို ကြည့်ကာ လုံယီ၏ ရင်ထဲတွင် နွေးထွေးသွားရသည်။

“လေနက်ဘုရင်ရဲ့ လက်ထဲကနေ လွတ်အောင် ပြေးနိုင်တာ တကယ်ကို အထင်ကြီးဖို့ကောင်းပါတယ်။ ငါတို့ ဖိန်အန်းရွာမှာ ခင်ဗျားလို ကျွမ်းကျင်တဲ့လူမျိုးတွေ လိုအပ်နေတာပါ”

ရုပ်ရည်ချောမောသော လူငယ်က ချီးကျူးစကားဆိုလိုက်ပြီး “ကဲ... ရွာကို ပြန်ပြီးမှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့” ဟု ဖိတ်ခေါ်လိုက်သည်။

“ကောင်းပါပြီ”

လုံယီက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

သို့သော် မထွက်ခွာမီ သူရရှိမည့် တိုက်ပွဲလက်ဆောင်များကို ရေတွက်ရန် သူ မေ့မထားခဲ့ပေ။ သေဆုံးသွားသော လေနက်ဘုရင်၏ အလောင်းမှာ သူနှင့် မလှမ်းမကမ်းတွင် ရှိနေပြီး စွမ်းရည်ပြမျက်နှာပြင်ထံမှ တုံ့ပြန်မှုတစ်ခု ချက်ချင်းထွက်ပေါ်လာသည်။

[ကောက်ယူနိုင်သော ပစ္စည်းများကို တွေ့ရှိထားသည်။ ထိုအထဲမှ တစ်ခုကို ရွေးချယ်ပါ

[စွမ်းအင်: ၈၈ မှတ်

[ယင်ဓာတ်: အနည်းငယ် ပိုမိုအားကောင်းလာခြင်း

[ပါရမီ: လေငြိမ်သက်ခြင်း - ကန့်သတ်ချက်ထက် မကျော်လွန်ပါက လေစွမ်းအင်တိုက်ခိုက်မှုအချို့ကို ဝါးမြိုနိုင်သည်]

ဟင်... နောက်ထပ် ပါရမီတစ်ခုလား။

တတိယမြောက် ရွေးချယ်စရာကို မြင်လိုက်ရသောအခါ လုံယီ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။ သူသည် အများကြီး စဉ်းစားမနေတော့ဘဲ တတိယမြောက် ရွေးချယ်စရာကိုသာ တိုက်ရိုက်ယူလိုက်တော့သည်။

စွမ်းရည်ပြမျက်နှာပြင်၏ ပါရမီကဏ္ဍတွင် လေငြိမ်သက်ခြင်း (အစမပြုရသေး ၀/၁၀) ဟူ၍ ချက်ချင်း ပေါ်လာတော့သည်။ သို့သော် ဘေးပတ်ပတ်လည်တွင် လူများစွာ ရှိနေသောကြောင့် သူသည် အဆင့်မြှင့်တင်ရန် လောလောဆယ် မဆုံးဖြတ်သေးပေ။

သူသည် သူ့ကို ကယ်တင်ခဲ့သော သားရဲရေခွံဝတ်စုံဝတ်လူစုနှင့်အတူ လမ်းလျှောက်ရင်း စကားတပြောပြောဖြင့် လိုက်ပါသွားတော့သည်။

တစ်ချိန်တည်းမှာပင် သူသည် ထိုလူများ၏ အရှိန်အဝါကို တိတ်တဆိတ် အကဲခတ်ကြည့်ရာ အနည်းငယ် ဝေဝါးနေသည်ကို တွေ့ရသည်။ သို့သော် သူ၏ စိတ်အာရုံထဲရှိ သိမ်းငှက်ကြီး၏ ခံစားချက်အရ သူတို့သည် သူ့အတွက် အန္တရာယ်ဖြစ်စေမည့်သူများ မဟုတ်ပေ။

“အစ်ကိုလုံ... ခင်ဗျားရဲ့ အရည်အချင်းက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်။ မိစ္ဆာလေနကဘုရင်ကို ဒီလောက်အကြာကြီး ခုခံထားနိုင်တာက ကျွန်တော်တို့တောင် မလုပ်နိုင်တဲ့အရာပဲ”

သားရဲရေခွံဝတ် လူအုပ်ကို ဦးဆောင်လာသူက ချီးကျူးစကား ပြောလိုက်သည်။

သူသည် အသက် ၂၀ ကျော်အရွယ်ခန့်ရှိပြီး ရုပ်ရည်ချောမောကာ အသားညိုပြီး ဦးခေါင်းတွင် ဆံပင်ကျစ်ဆံမြီးသေးသေးလေးများစွာ ကျစ်ထားပြီး နာမည်မှာ ဆန်ဖုန်း ဖြစ်သည်။

“ညီအစ်ကိုဆန်... အားနာစရာ မလိုပါဘူး။ မင်းတို့သာ ဒီမိစ္ဆာကို သတ်ဖို့ ကူမပေးခဲ့ရင် ငါလည်း မလွတ်လောက်ဘူး”

“ဟားဟား... ဒါက မသေမျိုးဆရာသခင် ရှမု လုပ်ပေးထားတဲ့ မိုးကြိုးဒုံးမြှားတွေကြောင့်ပါ။ ဒါတွေသာ မရှိရင် ကျွန်တော်တို့လည်း အဲ့ဒီမိစ္ဆာဆီမှာ အစားအသောက်အဖြစ် သွားဆက်သရုံပဲ ရှိမှာပေါ့”

ဆန်ဖုန်းက ရယ်မောရင်း ပြန်ပြောသည်။

“မသေမျိုးဆရာသခင် ရှမု ဟုတ်လား ဒီမှာ မသေမျိုးဆရာသခင်တစ်ပါး နေထိုင်တာလား”

လုံယီမှာ အံ့ဩသွားရသည်။

“ဟုတ်ပါတယ်။ ဆရာသခင်ရှဟာ ဖိန်အန်းရွာရဲ့ အလေးစားရဆုံး ပုဂ္ဂိုလ်ဖြစ်သလို ကျွန်တော်တို့အားလုံးရဲ့ လမ်းပြဆရာနဲ့ ကျေးဇူးရှင်ပဲ”

ဆန်ဖုန်းသည် ဆရာသခင်ရှအကြောင်း ပြောချိန်တွင် သူ၏မျက်ဝန်းများ၌ အထင်အရှားပင် ရိုသေလေးစားမှုများ မြင်တွေ့နေရသည်။ ထိုပုဂ္ဂိုလ်သည် သူ၏နှလုံးသားထဲတွင် အလွန်မြင့်မြတ်သော နေရာ၌ ရှိနေပုံပင်။

သူ့အပြင် အခြားသော သားရဲရေခွံဝတ် လူများမှာလည်း တိတ်တဆိတ် ခေါင်းငြိမ့်နေကြရာ ဆရာသခင်ရှအပေါ် သူတို့အားလုံး လေးစားကြသည်မှာ ထင်ရှားလှသည်။ သူတို့၏ အမူအရာများကို မြင်လိုက်ရသောအခါ လုံယီသည်လည်း ဆရာသခင်ရှအပေါ် စိတ်ဝင်စားမှု မြင့်တက်လာခဲ့သည်။

သူ၏ ယခင်က အထင်အမြင်အရ မသေမျိုးဆရာသခင်ဆိုသည်မှာ မောက်မာရိုင်းစိုင်းပြီး သာမန်လူသားများကို ဖုန်မှုန့်သဖွယ် သဘောထားကာ လူ့အသက်ကို တန်ဖိုးမထားတတ်သူများ ဖြစ်သည်။ သို့သော် သူတို့ပြောနေသော ဆရာသခင်ရှမှာမူ ထိုကဲ့သို့သော အမျိုးအစားမဟုတ်သည်မှာ သေချာလှသည်။

လုံယီသည် သားရဲရေခွံဝတ် လူစုနောက်သို့ ခဏမျှ လိုက်ပါလာခဲ့ရာ အရှေ့ဘက်တွင် ခုနစ်ပေ၊ ရှစ်ပေခန့်သာ မြင့်မားသော မြို့ပြအဆောက်အအုံတစ်ခု ပေါ်လာခဲ့သည်။ ထိုမျှော်စင်ကြီးကို မီးခိုးဖြူရောင် ကျောက်တုံးများဖြင့်သာ တည်ဆောက်ထားပြီး ဆေးများကွာကျကာ သံချေးတက်နေသည့် သံတံခါးကြီးတစ်ခုသာ ရှိသည်။

ဒုတိယအထပ်တွင်မူ မပြည့်စုံသော ကင်းမျှော်စင် ခုနစ်ခု၊ ရှစ်ခုခန့် ရှိနေပြီး မြားပစ်ပေါက် ဆယ်ခုကျော်မှာလည်း အများစုမှာ ပျက်စီးနေသည်။ လောလောဆယ်တွင် လူအနည်းငယ်သာ ထိုနေရာ၌ ရပ်နေကြပြီး တစ်ဦးချင်းစီမှာ စိတ်မပါလက်မပါ အမူအရာများဖြင့် ပျင်းရိကာ သမ်းဝေနေကြသူများပင် ရှိသည်။ မြို့ရိုးမျက်နှာပြင်မှာလည်း ကျင်းခွက်များဖြင့် ပြည့်နှက်နေပြီး အချို့မှာ အသစ်စက်စက် ဒဏ်ရာများ ဖြစ်ကြသည်။

ယခင်က စကားဝိုင်းအရ ဤနေရာကို ဖိန်အန်းရွာဟု ခေါ်ဝေါ်ကြောင်း လုံယီ သိရှိခဲ့သည်။ ဤသည်မှာ မိုင်ပေါင်းများစွာအတွင်း အကြီးဆုံးသော လူသားအခြေစိုက်စခန်းဖြစ်ပြီး လူဦးရေ သောင်းနှင့်ချီ၍ နေထိုင်ကြသည်။ ရွာဟု ခေါ်ဆိုသော်လည်း ၎င်း၏ ခုခံကာကွယ်ရေး အတိုင်းအတာမှာ မြို့ငယ်လေးတစ်မြို့နှင့်ပင် နှိုင်းယှဉ်နိုင်သည်။

အဘိုးကြီးရှီ၊ လျိုယွမ်၊ ယန်ကျီနှင့် အခြားသော ဝမ်ကျန်းသားများမှာ မြို့တံခါးဝတွင် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြပြီး လုံယီကို မြင်လိုက်ရသည့်အခါ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

“မင်း... နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ”

“လာကြ... အထဲရောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့”

လုံယီက ပြုံးလျက် ပြောလိုက်သည်။

All Chapters