← Chapters

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း (၂၄၉-၂၅၀)

Vol. 25 Ch. 249-250

အခန်း။ ၂၄၉

မြို့ပြအဆောက်အအုံ၏ အနောက်ဘက်တွင်မူ မြေအုတ်များဖြင့် ဆောက်လုပ်ထားသည့် အိမ်ခြေများစွာမှာ တစ်ခုနှင့်တစ်ခု ကပ်လျက် တည်ရှိနေကြပြီး ကျောက်ခင်းလမ်းမများပေါ်

တွင်လည်း လှည့်လည်ရောင်းချသူများ၏ အော်ဟစ်ရောင်းချသံများဖြင့် စည်ကားလျက်ရှိသည်။ အနည်းငယ် ပို၍ဝေးသောနေရာတွင်မူ စိမ်းလန်းစိုပြည်သည့် စပါးခင်းကြီးများ ကျယ်ပြန့်စွာ တည်ရှိနေပြီး လယ်တောထဲတွင် အလုပ်လုပ်နေကြသော လယ်သမားကြီးများနှင့် အမျိုးသမီးများကို မြင်တွေ့ရသည်။

လုံယီ့အတွက် အံ့ဩစရာအကောင်းဆုံးအရာမှာ ဖိန်အန်းရွာ၏ အလယ်ဗဟိုတွင် တည်ရှိသည့် ဧကတစ်ရာကျော် ကျယ်ဝန်းသော သဲပြင်ကွင်းပြင်ကြီးပင်။ ထိုကွင်းပြင်ကြီးထဲတွင် အနည်းငယ်မျှမကသော လူပေါင်း ရာနှင့်ချီ၍ စုဝေးနေကြသည်။ အများစုမှာ လူငယ်များဖြစ်ကြပြီး အရွယ်မရောက်သေးသည့် ဆယ်ကျော်သက်လေးအချို့လည်း ပါဝင်သည်။ သူတို့သည် ရင်ဘတ်ဗလာဖြင့် အချို့က လှံအရှည်များကို ကိုင်စွဲထားကြပြီး အချို့က လက်သီးကျင့်စဉ်များကို လေ့ကျင့်နေကြကာ အချို့မှာမူ လေးနှင့်မြှားကို အားသွန်ခွန်စိုက် လေ့ကျင့်နေကြရာ မြင်ကွင်းတစ်ခုလုံးမှာ သက်ဝင်လှုပ်ရှားလျက် ရှိသည်။

“ဟမ့် ဟာ ဟေး ဟား”

“ခြေလှမ်းကို မြဲမြဲနင်းထားကြစမ်း မင်းတို့ရဲ့ အောက်ခြေမခိုင်ရင် မိစ္ဆာတွေ တိုက်ခိုက်လာတဲ့အခါ မတ်တပ်တောင် ရပ်နိုင်မှာမဟုတ်ဘူး”

“အခုကတည်းက ကြိုးကြိုးစားစား လေ့ကျင့်ကြစမ်း ဒီနေ့ ချွေးထွက်များမှ မနက်ဖြန် သွေးထွက်နည်းမှာ”

ထို့အပြင် ကွင်းပြင်ကြီး၏ ထောင့်တစ်နေရာတွင်မူ သံတိုင်များဖြင့် ကာရံထားသည့် သီးသန့်နယ်မြေတစ်ခု ရှိနေသည်။ ထိုအတွင်း၌ ရိုးရှင်းသော ဓားတစ်လက်ကို ကိုင်စွဲထားသည့် လူငယ်တစ်ဦးသည် ငါးပေခန့် ရှည်လျားကာ ရက်စက်ကြမ်းကြုတ်လှသော မီးခိုးရောင် ဝံပုလွေတစ်ကောင်နှင့် ရင်ဆိုင်နေရသည်။ ထိုလူငယ်၏ ခါးတွင် ထင်ရှားလှသော ဒဏ်ရာတစ်ခု ရရှိထားပြီး သွေးများမှာ မြေပြင်ပေါ်သို့ အဆက်မပြတ် စီးကျကာ သူ၏ ပေါင်နှင့် ခြေသလုံးများမှာလည်း နီရဲနေပြီဖြစ်သည်။

သို့သော် သူသည် အလေးအနက်ထားသော အမူအရာဖြင့် မီးခိုးရောင် ဝံပုလွေကိုသာ စူးစိုက်ကြည့်နေဆဲပင်။ ဝံပုလွေကြီးက သူ့ထံသို့ ထပ်မံခုန်အုပ်လာသည့်အခါ သူသည် မြေပြင်ပေါ်၌ ပါးနပ်စွာ လူးလိမ့်ရှောင်တိမ်းလိုက်ပြီး ဓားဖြင့် အပေါ်သို့ အားကုန် ပင့်ထိုးလိုက်ရာ ဝံပုလွေကြီး၏ ဗိုက်မှာ ပွင့်ထွက်သွားပြီး အတွင်းကလီစာများ မြေပြင်ပေါ်သို့ ဖရိုဖရဲဖြစ်ကာ လွင့်စင်ကျလာတော့သည်။

“ကောင်းတယ်”

ဘေးပတ်ပတ်လည်မှ ကြည့်ရှုနေသူများကလည်း အားပါတရ လက်ခုပ်တီးကာ ချီးကျူးလိုက်ကြတော့သည်။

လူငယ်သည် အောင်နိုင်သူတစ်ဦးပီပီ လက်နှစ်ဖက်ကို မြှောက်ကာ သံခြံစည်းရိုးအတွင်းမှ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်မူ ထမ်းစင်တစ်ခုနှင့် လူနှစ်ဦးက အသင့်စောင့်ဆိုင်းနေပြီး သူ့အား ဆရာဝန်တစ်ဦးထံ ပြသရန် အမြန်ဆုံး သယ်ဆောင်သွားကြတော့သည်။

လုံယီက ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေသည်ကို ဆန်ဖုန်းက သတိပြုမိသွားပြီး ရှင်းပြလိုက်သည်။

“ဖိန်အန်းရွာက နယ်ပယ်သုံးခုရဲ့ ဆုံချက်မှာ တည်ရှိနေတာဗျ။ ဒါကြောင့်လည်း မိစ္ဆာတွေ၊ နတ်ဆိုးတွေနဲ့ ခဏခဏ ရင်ဆိုင်နေရတာပေါ့။ အကယ်၍ ငယ်စဉ်ကတည်းက သိုင်းပညာနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို မလေ့ကျင့်ထားဘူးဆိုရင် ဒီကမ္ဘာကြီးပေါ်ကနေ ခဏချင်းအတွင်း ပျောက်ကွယ်သွားနိုင်တယ်လေ”

သူသည် လုံယီနှင့် အခြားသူများကို တန်းစီကာ ဆောက်လုပ်ထားသော အိမ်တန်းရှည်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး “ဒီနေရာက အားနေတာ တော်တော်ကြာပြီဗျ။ ခင်ဗျားတို့ အသုံးပြုဖို့ အနေတော်ပါပဲ။ ကြိုက်သလောက် အေးအေးဆေးဆေး နေထိုင်နိုင်ပါတယ်” ဟု ပြောလိုက်သည်။ သူ၏ စကားများထဲတွင် လုံယီတို့အဖွဲ့ကို ဤနေရာတွင် အခြေချစေလိုသည့် မျှော်လင့်ချက်များ အတိုင်းသား ပေါ်လွင်နေသည်။

ဝမ်ကျန်းသားများမှာ ဆန်ဖုန်း၏ စကားကို နားထောင်ရင်း တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။

“ဖိန်အန်းရွာက လူအင်အား တော်တော်လိုနေပုံပဲ”

ကျန်းဝေတက ဇဝေဇဝါဖြင့် ပြောလိုက်သည်။

“ငါတို့ ဘယ်ကလာလဲဆိုတာတောင် သေချာမမေးဘူး။ ငါတို့က ပြဿနာရှာမယ့်သူတွေလို့ သူတို့ မစိုးရိမ်ကြဘူးလား”

“ငါ ရွာထဲဝင်လာတုန်းက သတိထားမိတာတစ်ခုရှိတယ်။ သန်သန်မာမာရှိတဲ့ အမျိုးသားတိုင်းလိုလို သိုင်းကျင့်နေကြတာပဲ။ ခြေလက်အင်္ဂါ မပြည့်စုံတဲ့သူတွေလည်း အများကြီးတွေ့ခဲ့ရတယ်။ ဒါပေမဲ့ သူတို့ကို လယ်ကွင်းတွေနဲ့ ဆိုင်တွေမှာပဲ မြင်ရတယ်”

တာအိုဆရာ ရွှမ်ကျိက အေးစက်စက် လေသံဖြင့် ပြောလိုက်ရာ လူတိုင်း၏ စိတ်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။

မကြာခင်ကပင် မိစ္ဆာအုပ်ကြီး၏ လိုက်လံတိုက်ခိုက်မှုကို ခံခဲ့ရသည်ကို ပြန်လည်အမှတ်ရမိသောအခါ ဖိန်အန်းရွာသည် မည်သည့်ရန်သူနှင့် ရင်ဆိုင်နေရသည်မှာ ထင်ရှားလှသည်။ အိမ်လွတ်များစွာ ရှိနေသည့်အချက်ကို ဆက်စပ်ကြည့်ရင်း လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်

ရိပ်များ ယှက်သန်းသွားကြသည်။ ဖိန်အန်းသည် အေးချမ်းခြင်းဟု အမည်တွင်သော်လည်း ဤရွာက အမှန်တကယ်တော့ လုံးဝ အေးချမ်းနေမည်မဟုတ်ပေ။

သို့သော်လည်း ရောက်ရှိလာပြီဖြစ်ရာ ဤနေရာတွင်ပင် ခေတ္တအခြေချရန် ဆုံးဖြတ်လိုက်ကြသည်။ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရသော ခရီးကြမ်းကြီးအပြီးတွင် အတော်အသင့် ဘေးကင်းသော နားခိုရာကို တွေ့ရှိခဲ့ပြီဖြစ်ရာ လူတိုင်းမှာ အနားယူလိုစိတ် ပြင်းပြနေကြသည်။ အိမ်လွတ်များစွာရှိသဖြင့် တစ်ဦးချင်းစီက မိမိတို့နှစ်သက်ရာ အိမ်တစ်လုံးစီကို ရွေးချယ်ကာ ဝင်ရောက်နားခိုကြတော့သည်။

လုံယီသည်လည်း အနောက်ဘက်ရှိ အခန်းတစ်ခန်းကို ရိုးရှင်းစွာပင် ရွေးချယ်လိုက်သည်။ တံခါးကို ဖွင့်လိုက်သည်နှင့် ဖုန်နံ့သင်းသင်းကို ရလိုက်သည်။ နံရံဖြူဖြူပေါ်မှ မီးခိုးရောင် အိမ်မြှောင်တစ်ကောင်မှာ လန့်ဖျန့်သွားပြီး မျက်နှာကျက်ပေါ်သို့ လျင်မြန်စွာ ပြေးတက်သွားတော့သည်။

ညာဘက်ခြမ်းရှိ အိပ်ခန်းအတွင်းတွင် အနည်းငယ်ဟောင်းနွမ်းနေသော အိပ်ရာခင်းများဖြင့် ကုတင်ကို သေသေသပ်သပ် ပြင်ဆင်ထားသည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သိသာသည်။

လုံယီသည် သူ၏လက်ဖဝါးဖြင့် လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရာ အခန်းအတွင်းရှိ ဖုန်မှုန့်များစွာမှာ တံခါးအပြင်ဘက်သို့ လွင့်စင်ထွက်သွားတော့သည်။ ထို့နောက် တံခါးကိုပိတ်ကာ ကုတင်ပေါ်သို့ ခုန်တက်လိုက်ပြီး အသစ်ရရှိထားသော ပါရမီကို စတင်လေ့လာဆန်းစစ်တော့သည်။

သူသည် စွမ်းအင် ၁၀ မှတ်ကို အသုံးပြုကာ လေငြိမ်သက်ခြင်း ပါရမီကို အဆင့်မြှင့်တင်လိုက်ရာ

[လေငြိမ်သက်ခြင်း (အစမပြုရသေး ၀/၁၀) → လေငြိမ်သက်ခြင်း (အစပြုခြင်း ၀/၃၀ + ကောင်းကင်ပြာငှက်မွှေး ၁ ခု)]

ထိုအခါ သူ၏စိတ်အာရုံထဲတွင် အသစ်စက်စက် မှတ်ဉာဏ်များ ပေါ်ထွက်လာတော့သည်။

[အဝါရောင်လေတိုက်ခတ်ရာ ချိုင့်ဝှမ်းတွင် အမည်မသိ ယင်လေပြင်းများမှာ တစ်နှစ်ပတ်လုံး တိုက်ခတ်နေသည်။ ဤလေပြင်းမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပေရာ ၎င်းနှင့် ထိတွေ့မိသူတိုင်းသည် ခဏချင်းအတွင်း အရေပြားများ စုတ်ပြဲကာ အသားစိုင်များ ကွာကျကုန်ကြသည်။ အချိန်ကြာမြင့်စွာ ထိတွေ့မိပါက အရိုးများကို တိုက်စားသွားပြီး ဝိညာဉ်ကိုပင် ပျက်စီးစေနိုင်သည်။ ထို့ကြောင့် ထိုချိုင့်ဝှမ်းတွင် မြက်တစ်ပင်၊ သစ်ပင်တစ်ပင်မျှ မပေါက်ရောက်ဘဲ သက်ရှိဟူသမျှ ကင်းမဲ့နေခဲ့သည်။

တစ်နေ့တွင် မိမိနေရပ်သို့ ပြန်လာသော တောငန်းနက်ကြီးတစ်ကောင်သည် လမ်းမှားကာ ထိုနယ်မြေထဲသို့ ပျံသန်းမိရာ ယင်လေပြင်း၏ ဒဏ်ကြောင့် ချက်ချင်းပင် မြေပြင်သို့ ပြုတ်ကျကာ သေဆုံးသွားခဲ့ရသည်။ တောငန်းကြီး၏ သွေးနှင့် အသားစိုင်များသည် လေပြင်း၏ တိုက်စားမှုအောက်တွင် တဖြည်းဖြည်း ပုပ်သိုးဆွေးမြည့်သွားတော့သည်။ ထိုအခါ တောငန်းကြီး၏ ဗိုက်ထဲတွင် မကြေညက်သေးသော အပင်မျိုးစေ့လေးတစ်ခုသည် ချိုင့်ဝှမ်း၏ မြေဆီလွှာပေါ်သို့ ကျရောက်သွားခဲ့သည်။

ထိုမျိုးစေ့လေးသည် မြေကြီး၏ အကာအကွယ်နှင့် တောငန်းကြီး၏ ခန္ဓာကိုယ်မှ ရရှိသော မြေဩဇာတို့ကြောင့် အံ့ဩဖွယ်ကောင်းလောက်အောင် အမြစ်တွယ်ကာ အပင်ပေါက်လာခဲ့ပြီး အဝါရောင်လေတိုက်ခတ်ရာ ချိုင့်ဝှမ်း၌ အသက်ရှင်သန်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ၎င်းသည် ရိုးရှင်းသော မြက်စိမ်းလေးတစ်ပင်အဖြစ် ကြီးထွားလာခဲ့သည်။ သို့သော် ဤကဲ့သို့သော ချိုင့်ဝှမ်းမျိုးတွင် ပေါက်ရောက်နေခြင်းကပင် ထိုမြက်ပင်လေးသည် သာမန်မဟုတ်တော့ကြောင်း သက်သေပြနေသည်။ မြက်ပင်လေးသည် တဖြည်းဖြည်း ကြီးထွားလာပြီးနောက် တစ်နေ့တွင် သူ၏ အသိစိတ်မှာ ရုတ်တရက် နိုးထလာခဲ့လေသည်...]

လက်တွေ့ကမ္ဘာတွင်မူ လုံယီသည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသေးချေ။ သို့သော် ဤပါရမီမှာ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင်မှ ထူးခြားချက်ကို ပြသနိုင်မည်မှာ သေချာလှသည်။

လေငြိမ်သက်ခြင်း ပါရမီ၏ အထက်တွင် အကြောင်းကြားချက်အသစ်တစ်ခု ပေါ်လာသည်။

[လေငြိမ်သက်ခြင်းသည် ရန်လိုသော လေထုပတ်ဝန်းကျင်တွင် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ပေးနိုင်သော စွမ်းရည်ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ တိုးမြင့်လာမည်ဖြစ်သည်။ ခံနိုင်ရည်ရှိသော အတိုင်းအတာအတွင်း ခန္ဓာကိုယ်သို့ ကျရောက်လာသော လေကြောင့်ဖြစ်သည့် ထိခိုက်မှု ၉၀% ကို စုပ်ယူပေးနိုင်သည်]

၉၀% ထိခိုက်မှုလျှော့ချပေးနိုင်ခြင်းမှာ ယခင်က မီးဒဏ်ခံနိုင်ခြင်း၏ အစပြုအဆင့်နှင့် အလားသဏ္ဌာန်တူသည်။ မည်သည့်ထိခိုက်မှုကိုမဆို စုပ်ယူပေးနိုင်သော ခံနိုင်ရည်ပါရမီနှင့် ပေါင်းစပ်လိုက်လျှင် လုံယီသည် လေဓာတ်အခြေခံ မှော်အတတ်များကို ခံနိုင်ရည်ရှိမှုမှာ အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်သည်။

တစ်နေ့မှာ ငါက ရုပ်ဝတ္ထုဓာတ်ငါးပါးစလုံးကို ခံနိုင်ရည်ရှိတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်လာမလား...

လုံယီသည် ထိုသို့တွေးတောမိရင်း အနာဂတ်အတွက် မျှော်လင့်ချက်အချို့ ဖြစ်ပေါ်လာခဲ့သည်။ သူသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်ရာ သူ၏အာရုံမှာ အဝါရောင်အထွတ်အထိပ် အသက်ရှူနည်းစနစ် (ဒုတိယအဆင့်၊ ကျွမ်းကျင်မှု ၀/၁၀၀၀၀ + ဝိညာဉ်သန့်စင်ပန်း ၁ ပွင့်) အပေါ်သို့ ရောက်ရှိသွားသည်။

အသက်ရှူနည်းစနစ်မှာ အခြေခံအကျဆုံး ဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံမှုအရှိန်မှာ အလွန်ပင် နှေးကွေးနေပြီး သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိရန် အနည်းဆုံး နောက်ထပ် တစ်နှစ်ခွဲခန့် အချိန်ယူရဦးမည်။ တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင်တွင်ဆိုလျှင် ပြဿနာမရှိသော်လည်း ဤလောကကြီးမှာ အလွန်အန္တရာယ်များလှသဖြင့် သူ၏အင်အားကို အမြန်ဆုံး အဆင့်မြှင့်တင်ရန် လိုအပ်နေသည်။

ဖိန်အန်းရွာတွင် ဝိညာဉ်သန့်စင်ပန်း၏ သဲလွန်စရှိမရှိကို ဆန်ဖုန်းအား မေးမြန်းကြည့်သင့်သည်။ ဝိညာဉ်သန့်စင်ပန်း မရှိလျှင်ပင် သူ၏ပါရမီများကို အဆင့်မြှင့်တင်ပေးနိုင်မည့် အခြားသော ကောင်းကင်နှင့်မြေကြီးမှ ရတနာများကို ရှာဖွေတွေ့ရှိလျှင်လည်း လုံယီအတွက် လုံလောက်လှပြီဖြစ်သည်။ ထို့ပြင် မသေမျိုးဆရာသခင်များအကြောင်းကိုလည်း သူ စုံစမ်းရဦးမည်။ ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေစုံပစ်ဝင်ရန်မှာ အချိန်စောင့်ဆိုင်းရန်သာ လိုတော့သည်။

တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့တွင် သူသည် အပြင်သို့ထွက်ကာ ရွာပြင်ရှိ ကွင်းပြင်ကြီးဆီသို့ ဦးတည်လိုက်သည်။ ဖိန်အန်းရွာ၏ ကွင်းပြင်ကြီးထဲတွင် လူပေါင်းရာချီ၍ သိုင်းပညာများကို လေ့ကျင့်နေကြပြီး အော်ဟစ်သံများဖြင့် အလွန်ပင် စည်ကားနေသည်။ ဆန်ဖုန်းကို ရှာမတွေ့သဖြင့် ဓားသိုင်းလေ့ကျင့်နေသူတစ်ဦးအား သူ မေးမြန်းကြည့်လိုက်သည်။

ထို့နောက် ကွင်းပြင်ကြီး၏ အဆုံးသို့ လျှောက်သွားကာ သိပ်မထင်ရှားသော လမ်းကြားလေးတစ်ခုအတွင်းသို့ ချိုးဝင်လိုက်ရာ အလွန်ကျယ်ဝန်းသော အိမ်ဝင်းကြီးတစ်ခုကို တွေ့ရှိလိုက်ရသည်။

“လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ ယှက်ထားစမ်း။ ခြေထောက်ကို ပုခုံးအကျယ်အတိုင်း ခွာထား ခြေချောင်းတွေက မြေကြီးကို မြဲမြဲဆုပ်ထားရမယ်။ မင်းကိုယ်မင်း မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနေတဲ့ ထင်းရှူးပင်ကြီးတစ်ပင်လို စိတ်ကူးထားစမ်း။ လေပြင်းတွေ၊ မိုးတွေ၊ မိုးကြိုးမုန်တိုင်းတွေကြားမှာတောင် မလှုပ်မယှက်ဘဲ မတ်တပ်ရပ်နေရမယ်”

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း…

“ပိုနာနာရိုက်စမ်း ငါ မင်းကို ပိုနာနာရိုက်ဖို့ ပြောထားတယ်မဟုတ်လား။ နေ့လယ်စာ မစားခဲ့ဘူးလား”

သိုင်းကျင့်စဉ်နှင့် ပတ်သက်သည့် အမျိုးမျိုးသော အော်ဟစ်သံများနှင့် အားထုတ်သံများမှာ သူ၏နားထဲသို့ တိုးဝင်လာခဲ့သည်။ အပြင်ဘက်ရှိ ကွင်းပြင်ကြီးနှင့် နှိုင်းယှဉ်လျှင် ဤနေရာမှာ ပိုမိုကျွမ်းကျင်ပြီး အဆင့်မြင့်သော လေ့ကျင့်ရေးကွင်းဖြစ်သည်မှာ ထင်ရှားလှသည်။

အိုး... ဒီနေရာမှာ ဒီလိုကမ္ဘာသစ်တစ်ခု ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။

အခန်း။ ၂၅၀

သိုင်းပညာလေ့ကျင့်ခြင်းသည် အလွန်ပင် ပုဂ္ဂိုလ်ရေးဆန်ပြီး လျှို့ဝှက်ချက်များ ရှိတတ်သဖြင့် လုံယီသည် အိမ်ဝင်းအတွင်းသို့ ရုတ်တရက် ဝင်မသွားဘဲ အပြင်ဘက်မှနေ၍သာ လှမ်းအော်ခေါ်လိုက်သည်။

“ညီအစ်ကိုဆန်”

လုံယီ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဆန်ဖုန်း၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး လုံယီ့ကို အိမ်ဝင်းအတွင်းသို့ တွန့်ဆုတ်မနေဘဲ ဆွဲခေါ်သွားတော့သည်။

အိမ်ဝင်းအတွင်း၌ လူပေါင်း လေးငါးဆယ်ခန့်မှာ သိုင်းပညာကို ကြိုးစားပမ်းစား လေ့ကျင့်နေကြသည်။ လူတိုင်းမှာ သွေးစွမ်းအင်များ ပြည့်လျှံနေကြပြီး အပြင်ဘက်ကွင်းပြင်ရှိ လူများထက် များစွာ ပိုမိုသန်မာကြသည်။ သူတို့ထဲမှ ထက်ဝက်ကျော်မှာ မြင်းစီးဟန်ဖြင့် သစ်သားတိုင်များအလား မလှုပ်မယှက် ရပ်နေကြပြီး မျက်လုံးများမှာလည်း အရှေ့တည့်တည့်သို့ စူးစိုက်ကြည့်နေကြသည်။

သူတို့သည် အင်္ကျီဗလာဖြင့် ရှိနေကြပြီး လူနှစ်ဦးကြားတွင် အနီရောင်သန်းသော ကြေးနီရောင် အရည်များဖြင့် ပြည့်နေသည့် သစ်သားစည်ပိုင်းတစ်ခုစီ ရှိသည်။ ဆံပင်ဖြူဖြူနှင့် အဘိုးအိုအချို့သည် လက်ထဲတွင် ဝါးစုတ်တံများကို ကိုင်ထားကြပြီး ထိုအရည်များကို ခပ်ယူကာ လေ့ကျင့်နေသူများ၏ ကိုယ်ပေါ်သို့ ကျွမ်းကျင်စွာ သုတ်လိမ်းပေးနေကြသည်။

ထိုအနီရောင်အဆီများ သုတ်လိမ်းခံရသူများသည် ချက်ချင်းပင် ကြွက်သားများ တင်းမာသွားကြပြီး မျက်နှာအမူအရာများမှာလည်း ခက်ထန်သွားကြသည်။ ယင်းမှာ အလွန်ပင် နာကျင်ဖွယ်ကောင်းသော အတွေ့အကြုံဖြစ်ကြောင်း သိသာလှသည်။ အချို့မှာမူ ထိုအဆီများကို လိမ်းထားသည်မှာ ကြာပြီဖြစ်၍ အရေပြားတစ်ခုလုံး ပြုတ်ထားသော ဂဏန်းတစ်ကောင်အလား နီရဲနေကြသည်။

ပြင်ပဆေးဝါးတွေကို သုံးပြီး အရေပြားကို လှုံ့ဆော်တယ်။ အထဲအထိ ထိုးဖောက်ဝင်ရောက်စေပြီး သွေးစွမ်းအင် လည်ပတ်မှုကို အားပေးတာလား...

ဝမ်ကျန်းခရိုင်၏ အထွတ်အထိပ် သိုင်းပညာရှင်ဖြစ်သော လုံယီသည် ဤလေ့ကျင့်ခန်း၏ နက်နဲမှုကို ချက်ချင်းပင် ရိပ်မိလိုက်သည်။

ထိုအနီရောင်အဆီ လိမ်းထားသူများအပြင် အချို့မှာမူ ပို၍ပင် ပြင်းထန်သော နည်းလမ်းကို သုံးနေကြသည်။ သူတို့မှာ အဝတ်အစား ဝတ်ထားခြင်း ရှိမရှိပင် ခွဲခြားမရတော့ဘဲ တစ်ကိုယ်လုံးကို ရွံရှာဖွယ် အနံ့အသက်ဆိုးများ ထွက်နေသည့် ရွှံ့နက်များဖြင့် ဖုံးလွှမ်းထားကြသည်။ ထိုရွှံ့နက်လိမ်းထားသူများ၏ ဘေးတွင် သန်မာသော အမျိုးသားကြီးများက သစ်သားတုံးကြီးများကို ကိုင်ကာ ရွှံ့များဖုံးနေသည့် ကိုယ်ခန္ဓာများကို ရက်ရက်စက်စက် ရိုက်နှက်နေကြတော့သည်။

ဘုန်း ဘုန်း ဘုန်း….

ဒုတ် ဒုတ် ဒုတ်….

ဘုန်း ဘုန်း ဘုန်း…

ထိုရွှံ့ရုပ်ကြီးများသည် အမျိုးမျိုးသော ရိုက်နှက်မှုဒဏ်ကို ခံနေရသော်လည်း သူတို့၏ မျက်နှာများတွင်မူ ကျေနပ်နှစ်သက်သည့် အမူအရာများ ပေါ်လွင်နေသည်။ ဆေးဆီလိမ်းထားသူများနှင့် နှိုင်းယှဉ်လျှင် သူတို့မှာ အခြားအဆင့်တစ်ခုသို့ သိသိသာသာ တက်လှမ်းသွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။ ရိုက်နှက်ခံရပြီးနောက် သူတို့သည် သိုင်းကွက်များကို နေရာတင်ပင် လေ့ကျင့်ကြရာ ထိုလှုပ်ရှားမှုများမှာ အင်အားအပြည့်နှင့် ကျားတစ်ကောင်အလား ခန့်ညားထည်ဝါလှသည်။

ဆေးဆီနှင့် ရွှံ့နက်လိမ်းထားသူများအပြင် ဆန်ဖုန်းကဲ့သို့ မည်သည့်အရာမျှ လိမ်းကျံထားခြင်းမရှိဘဲ ကျောက်တုံးအလေးမခြင်း၊ ကျောက်ကြိတ်ဆုံများကို တွန်းခြင်းဖြင့် ခွန်အားဗလကိုသာ သီးသန့်လေ့ကျင့်နေသူ အနည်းငယ်လည်း ရှိနေသေးသည်။

လုံယီ စိတ်ဝင်တစား ကြည့်နေသည်ကို မြင်သောအခါ ဆန်ဖုန်းက “အစ်ကိုလုံက ပညာရှင်

တစ်ယောက်ပဲ။ ကျွန်တော်တို့ရဲ့ ဒီလေ့ကျင့်ခန်းတွေအပေါ် ဘယ်လိုထင်လဲ။ တိုးတက်ဖို့ လိုအပ်ချက်တွေရှိရင် ထောက်ပြပေးပါဦး” ဟု ပြောလိုက်သည်။

သူသည် လုံယီ့ကို စိုက်ကြည့်ကာ စစ်မှန်သော ဆန္ဒဖြင့် မေးမြန်းနေခြင်းပင်။

လုံယီသည် ချက်ချင်း အဖြေမပေးဘဲ ခေတ္တမျှ စဉ်းစားပြီးမှ “ဒီနည်းလမ်းက တကယ်ကို ထူးခြားပါတယ်။ ပြင်ပပစ္စည်းတွေနဲ့ ခန္ဓာကိုယ်ကို လှုံ့ဆော်တယ်။ ပြီးတော့မှ လှုပ်ရှားမှုတွေ၊ တိုင်ကျင့်စဉ်တွေနဲ့ ပေါင်းစပ်ပြီး သွေးစွမ်းအင်ကို အမြန်ဆုံး သန့်စင်အောင် လုပ်တာပဲ။ ဒါပေမဲ့ အရာရာမှာ အပြန်အလှန် ဆက်နွယ်မှုရှိတယ်။ အရှိန်ကို ဦးစားပေးလိုက်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အချို့နေရာတွေကို ဂရုမစိုက်မိဘဲ ကျန်ခဲ့တတ်တယ်။ နောက်ပိုင်းအဆင့်တွေမှာတော့ ဒါကို ပြန်ဖြည့်ဆည်းဖို့ အထူးနည်းလမ်းတွေ လိုအပ်လိမ့်မယ်။

ငါသင်ယူခဲ့တဲ့ သိုင်းပညာက မင်းတို့နဲ့ အတော်လေး ကွာခြားတယ်။ ခုမှရောက်တာဆိုတော့ အနက်ရှိုင်းဆုံးအထိတော့ မသိနိုင်သေးဘူး။ ငါ့စကားကို ထည့်သွင်းစဉ်းစားရုံပဲ လုပ်ပါ။ အတည်ကြီးတော့ မယူပါနဲ့” ဟု အားနာစွာ ပြန်ပြောလိုက်သည်။

ဆန်ဖုန်းမှာ လုံယီက အားနည်းချက်ကို ထောက်ပြလိုက်၍ စိတ်ဆိုးသွားခြင်းမရှိဘဲ ပို၍ပင် ဝမ်းသာသွားကာ “အစ်ကိုလုံက တကယ့်ကို ထိုးထွင်းသိမြင်နိုင်စွမ်း ရှိတာပဲ။ အစ်ကိုပြောတာက မသေမျိုးဆရာသခင်ရှမု ပြောတာနဲ့ တစ်ထပ်တည်းပဲဗျ။ ဆရာသခင်ရှကလည်း ကျွန်တော်တို့ရဲ့ သိုင်းပညာတွေက အရမ်းရိုးရှင်းလွန်းပြီး ခန္ဓာကိုယ်ကို ထိခိုက်စေတယ်လို့ ပြောဖူးတယ်။ အချိန်ကြာလာရင် အတွင်းဒဏ်ရာတွေ စုလာပြီး သက်တမ်းကိုတောင် ထိခိုက်နိုင်တယ်တဲ့”

ထို့နောက် သူ၏မျက်နှာမှာ ဝမ်းသာရာမှ ပူပန်မှုသို့ ကူးပြောင်းသွားပြီး “ဒါပေမဲ့ ကျွန်တော်တို့မှာ တခြားရွေးချယ်စရာမှ မရှိတာ ရန်သူတွေက ဖိန်အန်းရွာကို ခဏခဏ ဝိုင်းနေကြတာဆိုတော့ကိုယ့်အရည်အချင်းကို အမြန်ဆုံး မမြှင့်တင်နိုင်ရင် အသက်ပျောက်ရတာက ပိုမြန်နေဦးမှာပဲ” ဟု ညည်းတွားလိုက်သည်။

“ဒါနဲ့ အစ်ကိုလုံကရော ဘယ်လိုသိုင်းမျိုးကို ကျင့်တာလဲ”

လုံယီကလည်း ဖုံးကွယ်မထားဘဲ “ငါကတော့ အသက်ရှူနည်းစနစ်နဲ့ တိုင်ကျင့်စဉ်ကို ပေါင်းစပ်ပြီး သွေးစွမ်းအင်ကို အမြဲမပြတ် စုဆောင်းရတာပါ။ အတိုင်းအတာတစ်ခုအထိ ရောက်လာရင်တော့ ရွှမ်တံခါးကို ဖောက်ထွက်ဖို့ ကြိုးစားပြီး မွေးရာပါမဟုတ်တဲ့ သွေးစွမ်းအင် ဒါမှမဟုတ် လျှို့ဝှက်သွေးစွမ်းအင်အဖြစ် ပြောင်းလဲစုစည်းရတာပဲ...”

လုံယီ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ဆန်ဖုန်း၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး အသေးစိတ်အချက်အလက်များကို မနားတမ်း မေးမြန်းတော့သည်။ သူသည် ရံဖန်ရံခါတွင် သူ၏ပေါင်ကို ရိုက်ကာ အံ့ဩတသ ဖြစ်နေပြီး ဝမ်ကျန်းခရိုင်မှ ဤကဲ့သို့သော သိုင်းပညာလေ့ကျင့်မှု နည်းစနစ်များအပေါ် အလွန်ပင် စိတ်ဝင်စားနေပုံရသည်။

ဆန်ဖုန်းသာမက ကွင်းပြင်အတွင်း ခန္ဓာကိုယ်ကို လေ့ကျင့်နေကြသော အခြားသူများမှာလည်း နားစွင့်နေကြသည်။ သို့သော် သူတို့၏ အမူအရာများမှာမူ အမျိုးမျိုး ကွဲပြားနေကြသည်။ အချို့က စူးစမ်းလိုစိတ်ဖြင့် အလေးအနက် စဉ်းစားနေကြသော်လည်း အများစုမှာမူ သူတို့၏ လက်ရှိနည်းလမ်းများမှာသာ အကောင်းဆုံးဟု ယူဆကာ လုံယီ၏ စကားကို ပယ်ချလိုသည့် ပုံစံမျိုး ရှိနေကြသည်။

“ဆရာသခင်ရှက ခင်ဗျားတို့ လုံကျန်းမြစ်ကို ဖြတ်ပြီး လာကြတာလို့ ပြောဖူးတယ်။ ဒါပေမဲ့ သိုင်းပညာတွေက ဒီလောက်အထိ ကွာခြားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး”

ဆန်ဖုန်းသည် မရည်ရွယ်ဘဲ လုံယီတို့၏ မူလဇာစ်မြစ်ကို ထုတ်ပြောလိုက်မိသဖြင့် လုံယီမှာ ခေတ္တမျှ တင်းမာသွားရသည်။ ကံကောင်းသည်မှာ ဖိန်အန်းရွာသားများသည် အလွန်ပင် ဖော်ရွေကြပြီး သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို စိတ်မဝင်စားကြသဖြင့် လုံယီမှာ တဖြည်းဖြည်းနှင့် စိုးရိမ်စိတ် လျော့ပါးသွားခဲ့သည်။ သူသည် ဆန်ဖုန်းနှင့်အတူ သူတို့၏ သိုင်းပညာများကို အလေးအနက် ဆွေးနွေးတော့သည်။ အတွေ့အကြုံများမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖြည့်ဆည်းပေးနိုင်ရာ လုံယီအနေဖြင့် နည်းစနစ်များ များပြားနေခြင်းကို စိုးရိမ်စရာ မရှိပေ။ ရေတိုတွင် မသေမျိုးကျင့်စဉ်များကို ရရှိရန် မဖြစ်နိုင်သေးသဖြင့် သူ၏အင်အားကို မြှင့်တင်နိုင်မည့် အခြားသော နည်းလမ်းများကို ရှာဖွေရမည်ပင်။

အတန်ကြာ ဆွေးနွေးပြီးနောက် လုံယီသည် ဖိန်အန်းရွာ၏ သိုင်းပညာအပေါ် အတော်အတန် နားလည်လာခဲ့သည်။ ဆန်ဖုန်းနှင့် အခြားသူများ လေ့ကျင့်နေသော နည်းလမ်းကို အရေပြားသန့်စင်ခြင်း ကျင့်စဉ်ဟု ခေါ်ကြသည်။ ၎င်းသည် အသက်ရှူနည်းစနစ်များ မလိုအပ်ဘဲ တိုင်ကျင့်စဉ် လှုပ်ရှားမှုများနှင့် အထူးဖော်စပ်ထားသော ပြင်ပလျှို့ဝှက်ဆေးဝါးများကိုသာ အဓိကအသုံးပြုသည်။ လျှို့ဝှက်ဆေးဝါးများဖြင့် အရေပြားကို လှုံ့ဆော်ကာ အတွင်းပိုင်းအထိ စိမ့်ဝင်စေပြီးနောက် ပြင်ပမှ အတွင်းပိုင်းသို့ ခန္ဓာကိုယ်၏ သွေးစွမ်းအင်ကို မြှင့်တင်ပေးခြင်း ဖြစ်သည်။ ဝမ်ကျန်းသိုင်းပညာနှင့် နှိုင်းယှဉ်ပါက တစ်ခုမှာ ပြင်ပသန့်စင်မှုကို အားပြုပြီး အခြားတစ်ခုမှာ အတွင်းပိုင်းသန့်စင်မှုကို အလေးပေးခြင်းပင်။

ဆန်ဖုန်း၏ ပြောကြားချက်အရ အရေပြားသန့်စင်ခြင်း ကျင့်စဉ်၏ အဆင့်အတန်းများကို အဓိကအားဖြင့် အဆင့်လေးဆင့် ခွဲခြားထားသည်။

ပထမဆုံးအဆင့်မှာ နွားသားရေအဆင့်ဖြစ်သည်။ အဆက်မပြတ် လေ့ကျင့်မှုများပြုလုပ်ပြီးနောက် လူတစ်ဦး၏ အရေပြားမှာ နွားသားရေကဲ့သို့ပင် ခိုင်ခံ့ကာ ကျစ်လျစ်သွားတော့သည်။ ၎င်းသည် ပြင်းထန်သော ရိုက်နှက်မှုဒဏ်များကို ကောင်းစွာခုခံနိုင်ရုံသာမက ခွန်အားမှာလည်း ပေါင် ၁,၅၀၀ အထိ တိုးတက်လာသည်။ ဝမ်ကျန်းခရိုင်ရှိ သိုင်းအဆင့်အတန်းနှင့် နှိုင်းယှဉ်လျှင် ပထမချီစွမ်းအားအဆင့်မှ ဒုတိယချီစွမ်းအားအဆင့်ကြားရှိ အဆင့်နှင့် တူညီသည်။

ဒုတိယအဆင့်မှာမူ ကျောက်သားအရေပြားအဆင့်ဖြစ်သည်။ ဤအဆင့်တွင် ကျင့်ကြံသူ၏ အရေပြားမှာ ကျောက်သားကဲ့သို့ မာကျောသွားသည်။ ရိုက်နှက်မှုဒဏ်ကိုသာမက သာမန်ဓားလှံများဖြင့်ပင် ထိုးခုတ်ရန် ခက်ခဲသွားပြီး ခွန်အားမှာလည်း ပေါင် ၃,၀၀၀ မှ ၄,၀၀၀ အထိ ရှိလာသည်။ ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ချီစွမ်းအင်ပတ်လမ်းငယ်နှင့် ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်များကြားတွင် ရှိနေသည်။

တတိယအဆင့်ဖြစ်သော သံမဏိအရေပြားအဆင့်မှာမူ အမည်နှင့်လိုက်ဖက်စွာပင် တစ်ကိုယ်လုံးကို သံမဏိကဲ့သို့ မာကျောစေပြီး ဓားလှံလက်နက်များ လုံးဝမတိုးနိုင်သည့် အကာအကွယ်မဲ့ အဆင့်သို့ ရောက်ရှိစေသည်။ ဤအဆင့်တွင် ခွန်အားမှာ သိသိသာသာ တိုးတက်လာပြီး ပေါင် ၇,၀၀၀ မှ ၁၀,၀၀၀ ကျော်အထိ ရှိလာသည်။ အားနည်းသူများသည် ချီစွမ်းအင်ပတ်လမ်းကြီး အဆင့်နှင့် တူညီပြီး အားကောင်းသူများမှာမူ စွမ်းအင်စက်ဝန်းပြည့်အဆင့်ကိုပင် ကျော်လွန်သွားကြသည်။

စတုတ္ထအဆင့်မှာ အနက်ရောင်အရေပြားအဆင့်ဖြစ်သည်။ ဤအဆင့်သို့ ရောက်ရှိပါက ခန္ဓာကိုယ်မှာ အထွတ်အထိပ် ပြည့်စုံမှုသို့ ရောက်ရှိသွားပြီး အရေပြားမှာ မင်ကဲ့သို့ နက်

မှောင်သွားကာ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအင်ဟု ခေါ်ဆိုသော စွမ်းအင်တစ်မျိုး စတင်မွေးဖွားလာတော့သည်။

လုံယီသည် ဤအချက်များကို ကြားသိရသောအခါ သိုင်းပညာလမ်းစဉ်အားလုံးမှာ အဆုံးသတ်တွင် ပန်းတိုင်တစ်ခုတည်းသို့သာ ဦးတည်နေကြကြောင်း သဘောပေါက်လိုက်

သည်။ ဤချီစွမ်းအင်ဆိုသည်မှာ သဘာဝအရ ဝမ်ကျန်းခရိုင်၏ စစ်မှန်သောခွန်အားနှင့် အလွန်ပင် ဆင်တူသည်။ အနက်ရောင်အရေပြားအဆင့် ရှိသော သိုင်းပညာရှင်တစ်ဦးသည် ဝမ်ကျန်းမှ သိုင်းဆရာသခင်တစ်ဦးနှင့် စွမ်းရည်ချင်း တူညီသည်။

သို့သော် ဝမ်ကျန်းသိုင်းပညာမှာ အတွင်းအားကို အခြေခံပြီး အသက်ရှူနည်းစနစ်ဖြင့် လျှို့ဝှက်သွေးစွမ်းအင်ကို စုဆောင်းကာ နောက်ဆုံးတွင် လျှို့ဝှက်သွေးစွမ်းအင် ခုနစ်ခုကို ပေါင်းစပ်ပြီး စစ်မှန်သောခွန်အားအဖြစ် ပြောင်းလဲခြင်းဖြစ်သည်။ ဖိန်အန်းရွာ၏ သိုင်းပညာမှာမူ ပြင်ပကျင့်စဉ်များမှ စတင်ပြီး ခန္ဓာကိုယ်ကို အစွမ်းကုန် သန့်စင်ပြီးနောက်မှ ချီစွမ်းအင်မှာ အလိုအလျောက် ပေါ်ထွက်လာခြင်းဖြစ်သည်။

၎င်း၏ ဖော်ပြချက်များအရ အရေပြားသန့်စင်ခြင်းကျင့်စဉ်၏ အမြင့်ဆုံးကန့်သတ်ချက်မှာ အသက်ရှူနည်းစနစ်ထက် ပိုမိုအားကောင်းနိုင်သော်လည်း လိုအပ်သော အရင်းအမြစ်များမှာ ပိုမိုများပြားသလို ခန္ဓာကိုယ်အပေါ် ထိခိုက်မှုမှာလည်း ပိုမိုကြီးမားလှသည်။ အဆင့်မြင့်လေလေ သက်တမ်းတိုရန် အလားအလာ ပိုများလေလေပင်။

သူတို့နှစ်ဦးသည် သိုင်းပညာအကြောင်းကို တစ်ဝက်တစ်ပျက်ခန့် ဆွေးနွေးပြီးနောက် ဆန်ဖုန်းက အလွန်ပင် ဖော်ရွေစွာဖြင့် အရေပြားသန့်စင်ခြင်းကျင့်စဉ်ကို လက်တွေ့စမ်းသပ်ရန် လုံယီ့အား ဖိတ်ခေါ်လိုက်ရာ လုံယီကလည်း ဝမ်းမြောက်ဝမ်းသာပင် သဘောတူလိုက်သည်။

All Chapters