အခန်း (၁၅၉၃-၁၅၉၄)
Vol. 123 Ch. 1593-1594
အခန်း ၁၅၉၃ - ခွဲခွာခြင်း
နောက်ထပ် လေးရက် ကြာပြီးနောက် ယန်ကျန့်နှင့် ကျန်းရှန်းကွမ်တို့သည် ထိုတတိယမြောက် အခန်းထဲမှ ထွက်လာကြသည်။
ယခုအခါ တတိယမြောက် အခန်းမှာ ကြီးမားစွာ ပြောင်းလဲသွားပြီ ဖြစ်သည်။ အမှောင်ထုလည်း မရှိတော့သလို ထူးဆန်းသော တမလွန်နှင့် လူ့ပြည်ကြားက လမ်းလည်း မရှိတော့ပေ။ ဒါက သာမန် အခန်းလေး တစ်ခန်းသာ ဖြစ်ပြီး မည်သည့် ထူးခြားချက်မျှ မတွေ့ရတော့ပေ။
တစ်လကျော်ကြာ အဆက်မပြတ် ကြိုးစားအားထုတ်မှုများကြောင့် ယန်ကျန့်သည် တစ္ဆေနယ်မြေများကို တစ်ထပ်ပြီး တစ်ထပ် အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး သဘာဝလွန်ကမ္ဘာနှင့် လက်တွေ့ကမ္ဘာကို လုံးဝ ခြားထားနိုင်ခဲ့ပြီ ဖြစ်သည်။
ပထမအဆင့် အစီအစဉ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်သည်။
ယန်ကျန့်အနေဖြင့် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသော်လည်း ဒီအရာများ အားလုံးက တန်ဖိုးရှိသည်ဟု သူ ထင်မိသည်။
"နောက်ထပ် မင်း ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"
ကျန်းရှန်းကွမ်က မေးလိုက်သည်။
ယန်ကျန့်က ပြန်ဖြေသည်။
"အရင်က စီစဉ်ထားတဲ့အတိုင်းပဲ တမလွန်နဲ့ လူ့ပြည်ကြားက လမ်းကို ခြားလိုက်တာက ပထမအဆင့်ပဲ ရှိသေးတယ် အဲဒီနောက်မှာ ဒုတိယအဆင့် အစီအစဉ်ကို ဆက်လုပ်ရမှာ ဒါပေမဲ့ အခု ငါ့ဆီမှာ မမျှော်လင့်ထားတဲ့ ပြဿနာလေး တစ်ခု ဖြစ်သွားလို့ ဒုတိယအဆင့် အစီအစဉ်ကို စောစော လုပ်ရတော့မယ် အဲဒီအထဲမှာ အန္တရာယ် အချို့တော့ ရှိတယ် ဒါပေမဲ့ ကိစ္စမရှိပါဘူး ပထမအဆင့် အစီအစဉ်က အထောက်အပံ့ ဖြစ်နေလို့ ကျရှုံးသွားရင်တောင် ပေးဆပ်ရမယ့် အရာတွေကို ငါ ခံနိုင်ရည် ရှိပါတယ်"
"ဒါပေမဲ့ ဒုတိယအဆင့် အစီအစဉ်ကိုတော့ ငါ တစ်ယောက်တည်းပဲ လုပ်ရလိမ့်မယ် အောင်မြင်ရင် ငါ မင်းကို လာပြောမယ် တကယ်လို့ ငါ ကျရှုံးသွားရင်တော့ မင်းက ငါ့လမ်းအတိုင်း ဆက်လျှောက်သွားလိုက်ပါ"
"ဒါဆို မင်းဆီက သတင်းကို ငါ စောင့်နေမယ်"
ကျန်းရှန်းကွမ်က ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်သည်။
ယန်ကျန့်က ထပ်မေးလိုက်သည်။
"ဒါနဲ့ မင်းကော ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"
"လောလောဆယ်တော့ မစဉ်းစားရသေးဘူး အနာဂတ်မှာ အနှစ်ခြောက်ဆယ် ငြိမ်းချမ်းရေး ရလာပြီဆိုမှတော့ ငါလည်း နေရာအနှံ့ လျှောက်လည်ပြီး သဘာဝလွန်ဖြစ်ရပ် အချို့ကို ရှင်းလင်းပေးမယ်လို့ စဉ်းစားထားတယ်"
ကျန်းရှန်းကွမ်က ဖြေလိုက်သည်။
"ဒီလိုဆိုမှတော့ ငါတို့ ဒီမှာတင် လမ်းခွဲကြတာပေါ့ နောက်လည်း ပြန်ဆုံဖို့ အခွင့်အရေး ရဦးမယ်လို့ မျှော်လင့်ပါတယ်"
ယန်ကျန့်က ပြောလိုက်သည်။
"မျှော်လင့်ရတာပဲ"
ကျန်းရှန်းကွမ်က ပြောလိုက်သည်။
သူတို့ နှစ်ယောက်သည် တူညီသော ရည်ရွယ်ချက် တစ်ခုကြောင့် ပူးပေါင်းခဲ့ကြပြီး ယခု ကိစ္စ ပြီးသွားပြီ ဖြစ်ရာ လမ်းခွဲရတော့မည် ဖြစ်သည်။
ကျန်းရှန်းကွမ် ထွက်သွားချိန်မှာ မွန်းတည့်ချိန် ဖြစ်ပြီး အပြင်ဘက်တွင် နေရောင်ခြည်များ တောက်ပနေသည်။ နေရောင်ခြည်အောက်ရှိ သူ၏ ပုံရိပ်မှာ အလွန် ပေါ့ပါးနေပုံရပြီး ရင်ထဲမှ အပူအပင်များ အားလုံးကို ချထားနိုင်ခဲ့သကဲ့သို့ စိတ်အခြေအနေမှာလည်း အနည်းငယ် ကြည်နူးနေပုံရသည်။
ယန်ကျန့်သည် ကျန်းရှန်းကွမ် ထွက်သွားသည်ကို ကြည့်နေပြီး သူ၏ ပုံရိပ် လုံးဝ ပျောက်ကွယ်သွားမှသာ လှည့်ကာ ပြန်ဝင်လာခဲ့သည်။
ဒီရှေးဟောင်းအိမ်ကြီးထဲသို့ ပြန်ရောက်ပြီးနောက် သူသည် ဖုန်းကို ယူကာ ဖုန်းနှစ်ခါ ခေါ်လိုက်သည်။ တစ်ခုက နယ်တွင် ရှိနေသော ကျန်းယန်ဆီသို့ ဖြစ်သည်။
"အရေးကြီးတဲ့ ကိစ္စ ရှိတယ် အမြန်ဆုံး ပြန်လာခဲ့ ငါ ဝမ်ရှန်းရှန်း ဆီမှာ ရှိတယ်"
"ဟုတ် ဟုတ်ကဲ့ ကျွန်မ အခုပဲ ထွက်လာခဲ့ပါ့မယ်"
နယ်တွင် ရှိနေသော ကျန်းယန်သည် ဖုန်းချပြီးသည်နှင့် အလျင်စလို ထွက်လာခဲ့သည်။
ယန်ကျန့်သည် ဖုန်းချပြီးနောက် လျိုရှောင်ယွိဆီသို့ ထပ်ခေါ်လိုက်သည်။
"ဝမ်ရှန်းရှန်းဆီကို ခဏလာခဲ့ ပြောစရာ ကိစ္စ ရှိလို့"
"နင့်မှာ ကိစ္စရှိလို့လား သူတို့ အားလုံးကို ငါ့ဆီ ခေါ်လိုက်ပါလား"
ရှေးဟောင်းအိမ်ကြီးအတွင်းမှ ဝမ်ရှန်းရှန်းသည် ယန်ကျန့်၏ အသံကို ကြားပြီး အပေါ်ထပ် အခန်းထဲမှ ဆင်းလာသည်။
သူမ၏ မျက်နှာမှာ ဖြူရော်နေဆဲ ဖြစ်ပြီး အေးစက်သော အငွေ့အသက်များ ရှိနေကာ ပြုံးရယ်ခြင်း မရှိပေ။
"ကိစ္စက မလောပါဘူး ငါကသာ လောနေတာ ငါ့မှာ အချိန် သိပ်မကျန်တော့ဘူး ငါ လုပ်စရာ ရှိတဲ့ ကိစ္စလေးတွေ သွားလုပ်ရဦးမယ် ဒါပေမဲ့ ငါ စိတ်ပူစရာ ဘာမှ မရှိပါဘူး တစ်ခုတည်း စိတ်မချရတာက နင်ပဲ"
ယန်ကျန့်သည် ဝမ်ရှန်းရှန်းကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဝမ်ရှန်းရှန်း အနည်းငယ် ဘေးသို့ ကြည့်လိုက်သည်။
"နင် အခုလို ပြောနေတာ ငါ့ကို ချစ်ရေးဆိုနေတာလား"
"ငါ ဆိုလိုတာက နင်က ငါ့အခြေအနေကြောင့် သေသွားနိုင်တဲ့ အန္တရာယ် ရှိနေလို့ပါ"
ယန်ကျန့်က ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး ငါ သေရမှာကို မကြောက်ဘူး ပြီးတော့ နင့်အကူအညီသာ မပါရင် ငါလည်း တခြား ကျောင်းသားတွေလိုပဲ အထက်တန်းကျောင်း နံပါတ် ၇ မှာ သေသွားလောက်ပြီ အခုထိ အသက်ရှင်နေရတာကိုက တော်တော်လေး ကောင်းနေပါပြီ နင် စိတ်မကောင်း ဖြစ်စရာ မလိုသလို စိတ်ပူစရာလည်း မလိုပါဘူး လုပ်ချင်တာကိုသာ လုပ်ပါ ငါ ရှိနေတာကို ဂရုစိုက်မနေနဲ့"
ဝမ်ရှန်းရှန်းသည် အလွန် တည်ငြိမ်နေဆဲ ဖြစ်ပြီး အေးစက်လွန်းလှသည်ဟုပင် ဆိုနိုင်ပေသည်။
"ငါတို့ အားလုံးက ကံကြမ္မာရဲ့ ချုပ်နှောင်ခံထားရတဲ့ လူတွေပဲ ရွေးချယ်စရာ သိပ်မရှိဘူး ငါ ပြင်ဆင်စရာလေးတွေ ရှိလို့ ခဏ သွားလိုက်ဦးမယ် သူတို့ ရောက်လာရင် နင်ပဲ ဧည့်ခံထားလိုက်"
ယန်ကျန့်က ပြောလိုက်သည်။
"အင်း"
ဝမ်ရှန်းရှန်း ခေါင်းညိတ်လိုက်သည်။
ယန်ကျန့်သည် ကွမ်ကျန်း လူနေအိမ်ရာမှ မထွက်ခွာဘဲ အိမ်၏ မြေအောက်ရှိ နံပါတ်တစ် လုံခြုံရေး အခန်းသို့ သွားရောက်ခဲ့သည်။
ယန်ကျန့် ရောက်သွားသည်နှင့် လုံခြုံရေး အခန်းထဲတွင် မီးတောက်များ ထတောက်လာပြီး တူထုသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
နာရီဝက်ခန့် အကြာတွင်မှ ထိုအသံများ ရပ်တန့်သွားသည်။
"ပြီးပြီ"
ယန်ကျန့်သည် မျက်စိရှေ့ရှိ ပြီးစီးသွားသော လက်ရာကို ကြည့်ရင်း အနည်းငယ် ကျေနပ်နေသည်။
သူ၏ ရှေ့တွင် ရွှေဖြင့် ပြုလုပ်ထားသော ရုပ်တုကြီး တစ်ခု ရှိနေသည်။ ထိုရုပ်တုသည် သူ၏ အရပ်အမောင်း၊ ရုပ်ရည်သွင်ပြင်နှင့် တစ်ပုံစံတည်း တူညီနေသည်။
ရုပ်တု၏ အတွင်းပိုင်းမှာ အခေါင်းပေါက် ဖြစ်ပြီး မထင်ရှားသော အပေါက်ငယ်လေး တစ်ခုသာ ချန်ထားသည်။ ထိုအပေါက်ငယ်လေးကို ပိတ်လိုက်သည်နှင့် ဒါက တစ္ဆေကို ဖမ်းချုပ်နိုင်မည့် ခေါင်းတလား တစ်လုံး ဖြစ်သွားမည် ဖြစ်သည်။
သိသာသည်မှာ ဒါက ယန်ကျန့် ကိုယ့်အတွက်ကိုယ် ပြင်ဆင်ထားခြင်းပင် ဖြစ်သည်။
"ဒါနဲ့ မေ့တော့မလို့ပဲ ဒီသဘာဝလွန် လက်နက်လည်း ကျန်သေးတယ်"
ယန်ကျန့် တစ်ခုခုကို သတိရသွားပြီး အနီရောင် လှံရှည်ကို ထုတ်ယူလိုက်သည်။
ဒီသဘာဝလွန် လက်နက်ကို သွေးရေကန်ထဲ နစ်မြုပ်ပစ်ရန် မရွေးချယ်သလို သဘာဝလွန်ကမ္ဘာထဲ ပစ်ချရန်လည်း မနှမြောပေ။ ရွှေတုံး အနည်းငယ်ကို အရည်ကျိုပြီး အပေါ်မှ လောင်းချကာ ဒီသဘာဝလွန် လက်နက်ကို တိုက်ရိုက် ဖုံးအုပ်ပစ်လိုက်သည်။
ဒီပြင်ဆင်မှုတွေ အားလုံး လုပ်ပြီးသွားပြီးနောက် သူသည် ရုပ်တုကြီးနှင့် ရွှေဖုံးအုပ်ထားသော လှံရှည်ကို ယူဆောင်ကာ လုံခြုံရေး အခန်းထဲမှ ထွက်လာပြီး ရှေးဟောင်းအိမ်ကြီးသို့ ပြန်လာခဲ့သည်။
ဒီအချိန်တွင် ရှေးဟောင်းအိမ်ကြီးအတွင်း၌ လျိုရှောင်ယွိနှင့် ကျန်းယန်တို့ ရောက်ရှိနေကြပြီ ဖြစ်ပြီး ယန်ကျန့် ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြသည်။
"ယန်ကျန့် ဒီလောက်ကြီးတဲ့ ကြေးရုပ်ကြီးကို ဘယ်ကနေ သယ်လာတာလဲ"
ယန်ကျန့်က ကြီးမားသော အရာကြီး တစ်ခုကို ထမ်းလာသည်ကို မြင်သောအခါ ကျန်းယန် ချက်ချင်း လန့်သွားသည်။
"ဒါ ကြေးရုပ် မဟုတ်ဘူး ရွှေရုပ်ကြီး"
လျိုရှောင်ယွိက တစ်ချက် ကြည့်လိုက်ပြီး ချက်ချင်း မှတ်မိသွားသည်။
"ဒါကို ငါ အချိန်နည်းနည်းပေးပြီး ဖန်တီးထားတာ ငါ့အတွက် အများကြီး အသုံးဝင်တယ်"
ယန်ကျန့်သည် ထိုရုပ်တုကို တတိယမြောက် အခန်းထဲသို့ သယ်သွားပြီး သေသေချာချာ နေရာချထားပြီးနောက်မှ လက်ခုပ်တီးကာ ကျေနပ်စွာ ပြန်ထွက်လာခဲ့သည်။
လူတိုင်းက သူ့ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေကြပြီး ယန်ကျန့် ဘာလုပ်နေမှန်း နားမလည်နိုင် ဖြစ်နေကြသည်။
"အဟွတ် အဟွတ် မင်းတို့ ငါ့ကို ဒီလောက်တောင် သိချင်စိတ်နဲ့ ကြည့်မနေကြပါနဲ့ ငါ ဒီလိုလုပ်ရတာ အကြောင်းပြချက် ရှိလို့"
ယန်ကျန့် မနေနိုင်ဘဲ နှစ်ချက် ချောင်းဆိုးလိုက်ရာ သူ၏ လက်ဝါးကို ဖြန့်ကြည့်လိုက်သောအခါ သွေးနီရောင် သွေးစက် အနည်းငယ်ကို တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ တရုတ်တိုင်းရင်းဆေး တစ်ထုပ်က သူ၏ အခြေအနေကို အချိန်အကြာကြီး မတည်ငြိမ်စေနိုင်ပုံရသည်။
သို့သော် သူ ဂရုမစိုက်ဘဲ ထိုသွေးစက်များကို သုတ်ပစ်လိုက်သည်။
"ယန်ကျန့် နင်က ငါတို့ အားလုံးကို ခေါ်လိုက်တာ နင့်ရဲ့ ရုပ်တုကြီးကို ကြည့်ခိုင်းဖို့တော့ မဟုတ်လောက်ဘူးမလား ဘာအရေးကြီးတဲ့ ကိစ္စ ရှိလို့လဲ ဒီမှာ သူစိမ်းတွေ မရှိဘူး တိုက်ရိုက်သာ ပြောပါ"
လျိုရှောင်ယွိက မေးလိုက်သည်။
"သေချာပေါက် မဟုတ်ပါဘူး ငါ အတိုချုပ်ပဲ ပြောမယ် ငါ ခဏလောက် ထွက်သွားရမယ်"
ယန်ကျန့် ခေတ္တ နှုတ်ဆိတ်သွားပြီးနောက် ထပ်ပြောလိုက်သည်။
"အချိန်က နည်းနည်း ကြာကောင်း ကြာလိမ့်မယ်"
"ဘယ်လောက် ကြာမလဲ"
ဝမ်ရှန်းရှန်းက မေးလိုက်သည်။
ယန်ကျန့်က ပြန်ဖြေလိုက်သည်။
"ဘာအမှားအယွင်းမှ မရှိဘူးဆိုရင် အနှစ်ခြောက်ဆယ်လောက် ကြာလိမ့်မယ်"
"ဘာ အနှစ်ခြောက်ဆယ် ဟုတ်လား"
ကျန်းယန် ချက်ချင်း အံ့အားသင့်စွာ မတ်တပ်ရပ်လိုက်သည်။
အနှစ်ခြောက်ဆယ် ဆိုတာ အရမ်း ကြာလွန်းတယ်။ အဲဒီအချိန်အထိ ကိုယ်တိုင် အသက်ရှင်နေနိုင်ပါ့မလား ဆိုတာတောင် မသေချာဘူး။ ဒါက ထာဝရ ခွဲခွာသွားတော့မယ် ဆိုတဲ့ အဓိပ္ပာယ်လား။
"နင် ထပ်ပြီး သေတော့မလို့လား"
ဝမ်ရှန်းရှန်းက ခပ်အေးအေး ပြောလိုက်သည်။
လျိုရှောင်ယွိနှင့် ကျန်းယန်တို့ ချက်ချင်း ယန်ကျန့်ကို စိုက်ကြည့်လိုက်ပြီး ရှင်းပြချက် တစ်ခုကို စောင့်နေကြပုံရသည်။
ယန်ကျန့်က ပြောလိုက်သည်။
"မဟုတ်ဘူး တကယ်လို့ ငါ သေတော့မယ်ဆိုရင် ဈာပန ကိစ္စတွေကို တိုက်ရိုက် စီစဉ်လိုက်မှာပေါ့ ဒီလောက် ဒုက္ခခံနေမှာ မဟုတ်ဘူး ဒီတစ်ခါ ငါ့ဆီမှာ ပြဿနာ နည်းနည်း တက်သွားလို့ပါ ပြီးတော့ ငါ အဲဒီ ပြဿနာကို မဖြေရှင်းချင်ဘူး ဘာလို့လဲဆိုတော့ ငါ တခြား ကိစ္စ တစ်ခု သွားလုပ်ရဦးမယ် တကယ်လို့ အောင်မြင်ရင် အနှစ်ခြောက်ဆယ် အကြာမှာ ငါ ပြန်ပေါ်လာလိမ့်မယ်"
"တကယ်လို့ ကျရှုံးရင်ကော"
ကျန်းယန် ချက်ချင်း ရင်တမမ ဖြစ်သွားသည်။
"ကျရှုံးရင်လား အင်း... ကျရှုံးရင်လည်း အနှစ်ခြောက်ဆယ် အကြာမှာ ပြန်ပေါ်လာမှာပါပဲ"
ယန်ကျန့် ခေတ္တ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
လျိုရှောင်ယွိ မျက်မှောင်ကြုတ်သွားသည်။
"နင် ပြောတာ နားလည်ဖို့ တော်တော် ခက်တာပဲ သေချာလေး ရှင်းပြလို့ ရမလား"
"ရှင်းပြစရာ မလိုပါဘူး အနှစ်ခြောက်ဆယ် အကြာမှာ မင်းတို့ အသက်ရှင်နေသေးရင် သူ့ဟာသူ နားလည်သွားလိမ့်မယ် တကယ်လို့ သေသွားပြီ ဆိုရင်လည်း ငါ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်"
ယန်ကျန့် ပခုံးတွန့်ပြကာ ပေါ့ပေါ့ပါးပါး ပုံစံဖြင့် ပြောလိုက်သည်။
"မသွားဘဲ နေလို့ မရဘူးလား"
ကျန်းယန်က ယန်ကျန့်ကို သနားစဖွယ် အကြည့်ဖြင့် ကြည့်ကာ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေချင်နေသည်။
အနှစ်ခြောက်ဆယ် ဆိုတာ အရမ်း ကြာလွန်းတယ်။ လူတစ်ယောက်ရဲ့ တစ်သက်စာလုံးကိုတောင် မြှုပ်နှံပစ်နိုင်တဲ့ အချိန်ပါ။
"မရဘူး"
ယန်ကျန့်က လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဒီတစ်ခါ ငါ သွားရင် တစ္ဆေငယ်ကိုပါ ခေါ်သွားမယ် တခြား ကိစ္စတွေအတွက်တော့ ငါ ဘာမှ အထူးတလည် မှာစရာ မရှိပါဘူး ဘာလို့လဲဆိုတော့ နောက်ဆုံး ကိစ္စတွေ စီစဉ်တာနဲ့ ပတ်သက်ပြီး နင်လည်း ကျွမ်းကျင်နေပြီဆိုတော့ ငါ အများကြီး စီစဉ်နေစရာ မလိုတော့ဘူးလေ"
ကျန်းယန် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ချက်ချင်း ဝမ်းနည်းသွားသည်။
သေကွဲ ခွဲရတာ မဟုတ်ပေမဲ့ တစ်သက်လုံး ပြန်မဆုံရတော့မယ့် အခြေအနေမျိုး ဖြစ်နေတော့ သူမ ချက်ချင်း လက်မခံနိုင်သေးပေ။
လျိုရှောင်ယွိလည်း နှုတ်ဆိတ်သွားသည်။
"နင့်ရဲ့ အစီအစဉ်ကို နည်းနည်း ပြောင်းလဲလို့ မရဘူးလား အခု သဘာဝလွန်လောကမှာ နင် မရှိလို့ မဖြစ်ဘူးလေ"
"ဒီအတွက် နင် စိတ်ပူစရာ မလိုဘူး နောက်ပိုင်း သဘာဝလွန်လောက ဆိုတာ ရှိတော့မှာ မဟုတ်ဘူး အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ ဒီကမ္ဘာပေါ်က သဘာဝလွန် အရာတွေ တဖြည်းဖြည်း နည်းလာလိမ့်မယ် နောက်ဆုံးကျရင် အရာအားလုံးက အရင်လို ငြိမ်းချမ်းတဲ့ အခြေအနေကို ပြန်ရောက်သွားလိမ့်မယ် ဒါပေမဲ့ အနှစ်ခြောက်ဆယ် အကြာမှာတော့ သဘာဝလွန်စွမ်းအားတွေ ပြန်ပြီး နိုးထလာနိုင်တယ်"
ယန်ကျန့် ပြောရင်း ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အနာဂတ်၏ အပြောင်းအလဲများကို မြင်တွေ့နေရသကဲ့သို့ပင် ဖြစ်သည်။
"အနှစ်ခြောက်ဆယ် ဆိုတဲ့ အချိန်က အရမ်း ကြာလွန်းတယ် ငါတို့ သေပြီလား မသေသေးဘူးလား ဆိုတာကို အသာထားဦး အသက်ရှင်နေသေးရင်တောင် နင့်ကို ဘယ်သွားရှာရမလဲ အရာအားလုံးက ပြောင်းလဲသွားမှာပဲ အများကြီး ပြောင်းလဲသွားလိမ့်မယ်"
လျိုရှောင်ယွိက ပြောလိုက်သည်။
"ငါ့ကို လိုက်ရှာစရာ မလိုပါဘူး အနှစ်ခြောက်ဆယ် ကြာလို့ သဘာဝလွန်ဖြစ်ရပ်တွေ ပြန်ပေါ်လာတဲ့ အချိန်ကျရင် မင်းတို့ ငါ့နာမည်ကို ခေါ်လိုက် ငါ ရောက်လာလိမ့်မယ်"
ယန်ကျန့် အကြည့်ကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်ပြီး သူတို့ သုံးယောက်ကို ပြန်ကြည့်လိုက်သည်။
"ဒါက လျှို့ဝှက်ချက်ပဲ မင်းတို့ သုံးယောက်တည်းပဲ သိရမယ် တကယ်လို့ မင်းတို့ ဘယ်နေ့ သေသွားမလဲ သေတော့မယ် ဆိုရင် ဒီလျှို့ဝှက်ချက်ကို မင်းတို့ရဲ့ သားသမီး မြေးမြစ်တွေကို ချန်ထားခဲ့လို့ ရတယ် အတူတူ အသုံးဝင်တယ်"
ကျန်းယန် ချက်ချင်း အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ငါ အိမ်ထောင်မပြုဘူး သားသမီးလည်း မယူဘူး တကယ်လို့ ယူမယ်ဆိုရင်တောင် နင့်ရဲ့ သားသမီးပဲ ဖြစ်ရမယ် ငါက ပိုက်ဆံမက်တယ် သေရမှာ ကြောက်တယ်လို့ နင် အမြဲတမ်း ထင်နေတယ်ဆိုတာ ငါ သိပါတယ် ဒါပေမဲ့ နင့်အပေါ် ထားတဲ့ ငါ့ရဲ့ သံယောဇဉ်ကတော့ အမြဲတမ်း အစစ်အမှန်ပါ အဲဒီနေ့က ဖူရင် ကုန်တိုက်မှာ ခေါင်းပြတ် တစ္ဆေအရိပ် ဖြစ်ရပ်နဲ့ ကြုံခဲ့ရကတည်းက အခုချိန်အထိ ငါ တစ်ခါမှ မပြောင်းလဲခဲ့ဘူး"
"ယန်ကျန့် ငါ့ဆီမှာ သာမန် လူတစ်ယောက်ရဲ့ ခံစားချက်တွေ ရှိနေသေးတယ်လို့ နင် ထင်နေတာလား အိမ်ထောင်ပြုဖို့၊ သားသမီး ယူဖို့ဆိုတာ ငါ့ဘဝထဲမှာ အစောကြီးကတည်းက မရှိတော့ဘူး အရင်ကလည်း နင့်ကို ဒီစကားတွေ ငါ ပြောခဲ့ဖူးပါတယ်"
ဝမ်ရှန်းရှန်းက တစ်ချက် ကြည့်ကာ ပြောလိုက်သည်။
လျိုရှောင်ယွိကလည်း ပြောလိုက်သည်။
"ငါက ဌာနချုပ်ရဲ့ ဆက်သွယ်ရေးမှူး ဖြစ်သလို တာချန်းမြို့ရဲ့ တာဝန်ခံလည်း ဖြစ်တယ် လျှို့ဝှက်ချက်တွေ အများကြီးကို ငါ သိထားတယ် လျှို့ဝှက်ချက် တော်တော်များများက ထိန်းသိမ်းထားရမယ့် အချိန် နှစ်တစ်ရာတောင် ကျော်တယ် ဒါကြောင့် ငါ ဌာနချုပ်ကို စဝင်ကတည်းက သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းတဲ့ အလုပ်မှာ တစ်သက်လုံး မြှုပ်နှံထားမယ်လို့ သစ္စာဆိုခဲ့ပြီးသားပါ ဒါကြောင့် ငါ အိမ်ထောင်ပြုလို့ မရဘူး ငါတင် မကဘူး တခြား လုပ်ဖော်ကိုင်ဖက်တွေလည်း အတူတူပဲ"
လူသုံးယောက် မတူညီသော ဖြတ်သန်းမှုများ ရှိသော်လည်း တူညီသော ရလဒ် တစ်ခုတည်းသာ ရှိသည်။
ကျန်းယန်၏ ရယူပိုင်ဆိုင်ခွင့် မရှိသော အချစ်၊ ဝမ်ရှန်းရှန်း၏ ပုံမှန် ခံစားချက်များ ပျောက်ဆုံးနေမှု၊ လျိုရှောင်ယွိ၏ တစ်သက်တာ ပေးဆပ်မှု……
ဒီသဘာဝလွန်ခေတ်ကြီးထဲတွင် ဘယ်သူမှ ပျော်ရွှင်စွာ မနေနိုင်ကြပေ။
ယန်ကျန့် ဘာမှ မပြောတော့ပေ။ သူသည် မျက်လုံး အနည်းငယ် လှုပ်ရှားကာ သူတို့ သုံးယောက်ကို တစ်ချက် ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကျန်းယန်အပေါ်၌ အကြည့် ရပ်တန့်သွားသည်။
"တကယ်တော့ ငါ နင့်အတွက် လက်ဆောင် တစ်ခု ပြင်ဆင်ထားတယ် သိပ်တော့ အသုံးမဝင်ပေမဲ့ ငါ့ရဲ့ စေတနာလို့ သဘောထားပေး"
ပြောရင်း သူ၏ ခြေအောက်မှ သွေးနီရောင် သွေးရေများ ထွက်ပေါ်လာပြီး ထိုသွေးရေများထဲမှ သေတ္တာ တစ်လုံးကို ဖြူဖျော့သော လက်တစ်ဖက်က မြှောက်ကိုင်လာသည်။
ဒီကြောက်စရာကောင်းသော မြင်ကွင်းကို သူတို့ သုံးယောက်ကတော့ အလွန် တည်ငြိမ်စွာ ကြည့်နေကြသည်။ ရိုးအီနေပြီ ဖြစ်ပုံရသည်။
ဘာပဲဖြစ်ဖြစ် ယန်ကျန့် ထိန်းချုပ်ထားသော ရေတစ္ဆေက ခွေးထက်ပင် လိမ္မာသေးသည်။ ကြည့်ရတာ ကြောက်စရာ ကောင်းသော်လည်း တကယ်တမ်းကျတော့ နည်းနည်းမှ အန္တရာယ် မရှိပေ။
ယန်ကျန့်သည် ထိုသေတ္တာကို ယူကာ ဖွင့်လိုက်သောအခါ အတွင်းတွင် စာရွက်စာတမ်း အများအပြား ရှိနေသည်။ သူ ထုတ်ယူပြီးနောက် ကျန်းယန်အား ပေးလိုက်သည်။
ကျန်းယန် ယခုအခါ စိတ်အနည်းငယ် ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်သည်။ သူမ အလိုအလျောက် လှမ်းယူလိုက်ပြီးနောက် မျက်လုံး ပြူးကျယ်သွားကာ အလွန် အံ့အားသင့်သွားသည်။
ဒီစာရွက်စာတမ်းများမှာ ပိုင်ဆိုင်မှု လွှဲပြောင်းရေး သဘောတူညီချက်များ ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ယန်ကျန့်၏ ပိုင်ဆိုင်မှု အများစု ပါဝင်နေသည်။
ဝမ်ရှန်းရှန်းက အေးစက်သော ပုံစံဖြင့်ပင် ပြောလိုက်သည်။
"နင် ပိုက်ဆံတွေ အားလုံးကို သူ့အတွက် ချန်ထားခဲ့တာလား"
"နင် လိုချင်လို့လား ငါ နောက်တစ်စုံ ထပ်ပေးမယ်လေ အရင်က မြောင်ရှောင်ရှန်း အတွက်လည်း တစ်စုံ ချန်ထားခဲ့သေးတယ်"
ယန်ကျန့် ပြုံးလျက် ပြောလိုက်သည်။
"အသုံးမဝင်ပါဘူး ငါက ပိုက်ဆံကို သိပ်စိတ်မဝင်စားဘူး ပြီးတော့ ငါ့အိမ်မှာလည်း ပိုက်ဆံ အများကြီး ရှိတယ်"
ဝမ်ရှန်းရှန်းက ပြန်ဖြေလိုက်သည်။
ယန်ကျန့်က ပြောလိုက်သည်။
"ဒါဆိုလည်း ပြီးရောလေ"
"ငါ ပိုက်ဆံ မလိုချင်ဘူး နင့်ကိုပဲ ဆက်နေစေချင်တာ"
ယခုအခါ ကျန်းယန်သည် ထိုစာရွက်စာတမ်းများကို ဂရုမစိုက်တော့ဘဲ ထပ်မံ တောင်းဆိုလိုက်ပြန်သည်။
ယန်ကျန့် ခေါင်းခါပြလိုက်သည်။
"ငါ မလုပ်မဖြစ် လုပ်ရမယ့် ကိစ္စတွေ ရှိတယ် တကယ်လို့ နင် ငါ့ကို ပြန်တွေ့ချင်သေးရင် အသက်ကို ကောင်းကောင်း ရှင်သန်အောင် နေပါ အနှစ်ခြောက်ဆယ် ကြာရင် ငါတို့ ပြန်ဆုံနိုင်လောက်ပါတယ်"
"ငါ သွားတော့မယ် ကျန်းဝေ့တို့ကို ငါ့ကိုယ်စား နှုတ်ဆက်ပါတယ်လို့ ပြောပေးပါ အမှန်အတိုင်း ပြောရရင် အခွင့်အရေး ရှိရင် ငါ သူ့နဲ့ ဂိမ်းအတူတူ ဆော့ချင်ပါသေးတယ် ဘာပဲဖြစ်ဖြစ် တခြားလူတွေနဲ့ ဆော့ရင်လည်း ငါ့ကို ရုန်းမပေးနိုင်ကြဘူးလေ"
သူ စကားအချို့ ချန်ထားခဲ့ပြီးနောက် တစ္ဆေငယ်ကို ဆွဲကာ ထိုတတိယမြောက် အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားတော့သည်။
"ယန်ကျန့် နေဦးလေ"
ကျန်းယန် အလျင်စလို ပြေးသွားပြီး ထပ်မံ တားဆီးရန် ကြိုးစားလိုက်သည်။
သို့သော် သူမ တတိယမြောက် အခန်းထဲသို့ ဝင်သွားသောအခါ ယန်ကျန့်၏ ပုံရိပ်ကို မတွေ့ရတော့ဘဲ ရွှေရောင် တောက်ပနေသော ရုပ်တုကြီးကိုသာ တွေ့လိုက်ရတော့သည်။
ရုပ်တု၏ ပုံစံမှာ ယန်ကျန့်နှင့် တစ်ပုံစံတည်း တူညီနေပြီး လက်ထဲတွင်လည်း ရွှေရောင် လှံရှည်ကြီးကို ကိုင်ဆောင်ထားသည်။
အခန်း ၁၅၉၄ - တဖြည်းဖြည်း ပျောက်ကွယ်သွားသော သဘာဝလွန်ခေတ်ကြီး
ဒါက အသက်မဲ့နေသော မြို့တစ်မြို့ ဖြစ်သည်။
မြို့၏ ဖွဲ့စည်းပုံမှာ လက်တွေ့ကမ္ဘာမှ တာချန်းမြို့နှင့် တစ်ပုံစံတည်း တူညီသော်လည်း ဒီမြို့ထဲတွင် လူတစ်ယောက်မှ မရှိဘဲ ပတ်ဝန်းကျင်မှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
သို့သော် ယခုအချိန်တွင် လူသူကင်းမဲ့နေသော လမ်းမပေါ်၌ ယန်ကျန့်သည် တစ္ဆေငယ်ကို ခေါ်ဆောင်ကာ အထီးကျန်စွာ လျှောက်လှမ်းနေသည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ခြေအောက်တွင် သွေးစွန်းနေသော ခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။ ထိုသွေးစွန်းနေသော ခြေရာများသည် တစ်ခုနှင့်တစ်ခု ဆက်တိုက် ဖြစ်နေပြီး အဝေးမှနေ၍ နီးကပ်လာကာ အရောင်မှာလည်း ဖျော့ရာမှ ရင့်လာသည်။
"ဒါက ငါ ဖန်တီးထားတဲ့ နောက်ဆုံး တစ္ဆေနယ်မြေ ကမ္ဘာ ဖြစ်ရမယ် ဒါက ငါ့ရဲ့ သင်္ချိုင်းလည်း ဖြစ်လာလိမ့်မယ် ကံကောင်းတာက ဒီတစ္ဆေနယ်မြေ ကမ္ဘာကို အဲဒီ ရွှေရုပ်တုကြီးထဲမှာ ဖန်တီးထားတာမို့လို့ ဒီနေရာက လုံးဝ ထိန်းချုပ်မရ ဖြစ်သွားရင်တောင် အပြင်ဘက်ကို နည်းနည်းလေးမှ သက်ရောက်မှု ရှိမှာ မဟုတ်ဘူး"
ယန်ကျန့်သည် ရှေ့သို့ ဆက်လျှောက်သွားနေစဉ် သူ၏ တစ်ကိုယ်လုံးမှ သွေးများ စိမ့်ထွက်လာပြီး အလွန် ကြောက်မက်ဖွယ် ကောင်းနေပုံရသည်။ သို့သော် သူ၏ မျက်နှာမှာမူ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူ၏ ကိုယ်ပိုင် အခြေအနေကို နည်းနည်းလေးမှ ဂရုမစိုက်ပေ။
"မူလကတော့ ဒီမြို့ထဲမှာ တစ်ပတ်လောက် လျှောက်လည်ပြီး နောက်ဆုံးအနေနဲ့ အတိတ်ကို ပြန်အမှတ်ရချင်သေးတာ ဒါပေမဲ့ အခု ငါ့ပုံစံနဲ့ဆိုရင် သိပ်အဝေးကြီးတောင် လျှောက်နိုင်တော့မှာ မဟုတ်ဘူး"
သူ ခြေလှမ်းများ ရပ်တန့်လိုက်သောအခါ ကျောင်းတစ်ကျောင်း၏ တံခါးရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။
တာချန်းမြို့ အထက်တန်းကျောင်း နံပါတ် ၇……
တစ္ဆေနယ်မြေ ကမ္ဘာထဲရှိ အဆောက်အအုံ အားလုံးသည် အတုများသာ ဖြစ်သည်။ ဒီကျောင်းသည် လက်တွေ့ကမ္ဘာရှိ ကျောင်းနှင့် တစ်ပုံစံတည်း တူညီသော်လည်း မြို့၏ အခြားနေရာများကဲ့သို့ပင် အသက်မဲ့နေပြီး သက်ရှိအငွေ့အသက် လုံးဝ မရှိပေ။
"ဒါလည်း ကောင်းပါတယ် ငါ့ရဲ့ တစ္ဆေဆရာ လမ်းကြောင်းက ဒီနေရာကနေ စတင်ခဲ့တာဆိုတော့ ဒီနေရာမှာပဲ အဆုံးသတ်သင့်တယ်"
ယန်ကျန့်သည် တရုတ်တိုင်းရင်းဆေး နောက်တစ်ထုပ်ကို စားလိုက်ပြီးနောက် အခြေအနေ အနည်းငယ် ပြန်ကောင်းလာကာ ကျောင်းထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားသည်။ ရင်းနှီးသော အားကစားကွင်းသို့ ရောက်သောအခါ သူ ဆက်မသွားတော့ဘဲ တိုက်ရိုက် ထိုင်ချလိုက်သည်။
တစ္ဆေငယ်သည် လမ်းတစ်လျှောက်လုံး လိုက်ပါလာပြီး သူ ထိုင်ချလိုက်သောအခါ ဘေးတွင် မလှုပ်မယှက် ရပ်နေသည်။
ယန်ကျန့်၏ ခန္ဓာကိုယ်မှ သွေးများ ဆက်လက် စိမ့်ထွက်နေဆဲ ဖြစ်သည်။ တရုတ်တိုင်းရင်းဆေးကလည်း မတားဆီးနိုင်တော့ဘဲ အနည်းငယ်မျှသာ သက်သာစေပြီး အချိန်အနည်းငယ်သာ ဆွဲဆန့်ပေးနိုင်တော့သည်။ ဘာပဲဖြစ်ဖြစ် ယခု သူ၏ ကိုယ်ပေါ်ရှိ သဘာဝလွန်စွမ်းအားသည် သမ္မတနိုင်ငံခေတ်က ထိပ်တန်း တစ္ဆေဆရာ အများအပြားထက်ပင် ပိုမို အစွမ်းထက်နေပြီ ဖြစ်ရာ တရုတ်တိုင်းရင်းဆေးက ကျန်းပိုင်ဟွာ၏ အသက်ကို မဆွဲဆန့်ပေးနိုင်သလို သူ၏ အသက်ကိုလည်း ဆွဲဆန့်ပေးနိုင်မည် မဟုတ်ပေ။
သူသည် တစ္ဆေငယ်ကို စိုက်ကြည့်ရင်း ဖြည်းညှင်းစွာ စကားပြောလိုက်သည်။
"ငါ့ရဲ့ ဒုတိယအဆင့် အစီအစဉ်က အစောကြီးကတည်းက ပြင်ဆင်ထားပြီးသား ပြီးတော့ ကျရှုံးစရာ အကြောင်း လုံးဝ မရှိဘူး တစ်ခုတည်း မသေချာတာက နောက်ဆုံးမှာ ငါပဲ အသက်ရှင်ကျန်ရစ်မလား မင်းပဲ အသက်ရှင်ကျန်ရစ်မလား ဆိုတာပဲ တကယ်လို့ ငါသာ အသက်ရှင်ကျန်ရစ်ခဲ့ရင် ငါဟာ တစ္ဆေဆရာ အဆင့်ကို ကျော်လွန်ပြီး မင်းနေရာမှာ အစားထိုး ဝင်ရောက်ကာ ထူးခြားတဲ့ ဖြစ်တည်မှု တစ်ခု ဖြစ်လာလိမ့်မယ် တကယ်လို့ မင်းသာ အသက်ရှင်ကျန်ရစ်ခဲ့ရင် မင်းက ငါ့ရဲ့ အရာအားလုံးကို ဆက်ခံရလိမ့်မယ် ငါ့ရဲ့ မှတ်ဉာဏ်တွေ အပါအဝင်ပေါ့ ပြီးရင် ငါ့ရဲ့ တာဝန်ကို ဆက်ပြီး ထမ်းဆောင်ရမယ်"
"ဒီကမ္ဘာကြီးအတွက်တော့ ငါပဲ အသက်ရှင်ရှင် မင်းပဲ အသက်ရှင်ရှင် အရေးမကြီးပါဘူး ဘာလို့လဲဆိုတော့ ဘယ်သူပဲ ဖြစ်ဖြစ် ပြိုင်ဘက်ကင်းတဲ့ ဖြစ်တည်မှု တစ်ခု ဖြစ်လာမှာမို့လို့ပဲ"
"ပိုသေချာသွားအောင်နဲ့ မင်းကို ထိန်းချုပ်ထားနိုင်ဖို့ အဲဒီ မတိုင်ခင်မှာ ငါ မင်းကို နောက်ဆုံး အမိန့်တစ်ခု ပေးခဲ့မယ် ဒီအမိန့်က မင်းကိုယ်ပေါ်မှာ လူသတ်စည်းကမ်း တစ်ခုလို ထာဝရ စွဲထင်နေလိမ့်မယ်"
တစ္ဆေငယ်သည် မလှုပ်မယှက် ရှိနေဆဲ ဖြစ်ပြီး ခေါင်းကို အနည်းငယ် စောင်းကာ ယန်ကျန့်၏ စကားများကို နားမလည်သကဲ့သို့ ဖြစ်နေသည်။
ယန်ကျန့်ကတော့ သူ့ဘာသာသူ ဆက်လက် ပြောဆိုနေသည်။
"သဘာဝလွန်စွမ်းအားတွေ ပြန်လည် နိုးထလာပြီး တစ္ဆေတွေ နောက်တစ်ကြိမ် ထပ်ပေါ်လာလို့ သတ္တဝါတွေ ဒုက္ခရောက်နေချိန်မှာ လူတွေက မင်းနာမည်ကို ခေါ်လိုက်တဲ့ အခိုက်အတန့်ကျရင် မင်း ဒီကမ္ဘာပေါ်ကို ထွက်လာပြီး တစ္ဆေတွေကို နှိမ်နင်းကာ လူတွေကို ကယ်တင်ရမယ်"
တစ္ဆေငယ်သည် ဒီအမိန့်ကို နားမလည်ဘဲ လက်ခံလိုက်ပြီး အလုပ်လုပ်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။
သို့သော် ဒီလောက်နှင့်တော့ မလုံလောက်သေးပေ။
တစ္ဆေငယ်တွင် သက်ရှိလူ၏ အသိစိတ် မရှိသလို ဒီလူသတ်စည်းကမ်းကို အကောင်အထည်ဖော်ရန် စွမ်းရည်လည်း မရှိသေးပေ။
သို့သော် ယန်ကျန့်တွင် ရှိသည်။
ထို့ကြောင့် ယန်ကျန့်သည် ဒီအချက်ကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်သည်။ ဒါကြောင့် နောက်ထပ် သူ လုပ်ရမည့် အလုပ်မှာ တစ္ဆေငယ်ကို နောက်တစ်ဆင့် တက်လှမ်းအောင် ပြုစုပျိုးထောင်ပေးရန် ဖြစ်သည်။ ထို့အပြင် ပြိတ္တာ၏ စွမ်းရည် ရှိသော တစ္ဆေငယ်ကသာ သူ ပိုင်ဆိုင်သမျှ အရာအားလုံးကို ပြီးပြည့်စုံစွာ ဆက်ခံနိုင်မည် ဖြစ်ပြီး နောင်တွင် တစ္ဆေနိုးထလာမည်ကို စိုးရိမ်စရာ မလိုတော့ပေ။
ထို့ကြောင့် ယန်ကျန့်သည် ကြောက်ရွံ့နေခြင်း မရှိဘဲ အလွန် တည်ငြိမ်နေသည်။ ထို့နောက် သူ လက်နှစ်ဖက်ကို ဆန့်တန်းကာ တစ္ဆေငယ်ကို ဖက်ထားလိုက်သည်။
ခန္ဓာကိုယ်မှ အနီရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး သွေးများလည်း စိမ့်ထွက်နေကာ သူ တစ်ကိုယ်လုံး အရည်ပျော်ကျနေသကဲ့သို့ ဖြစ်နေသည်။
ယန်ကျန့်သည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး တစ္ဆေငယ်၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားတော့သည်။
သူသည် ကိုယ့်ကိုယ်ကိုယ် အစားအစာ အဖြစ် အသုံးပြုကာ တစ္ဆေငယ်ကို ကျွေးမွေးပြီး နောက်တစ်ဆင့် ထပ်မံ ကြီးထွားလာစေရန် ပြုလုပ်နေခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ယန်ကျန့်သာ သေဆုံးသွားပါက တစ္ဆေငယ်လည်း လိုက်ပါ သေဆုံးသွားမည် ဖြစ်သော်လည်း တကယ်လို့ တစ္ဆေငယ်ကသာ ယန်ကျန့်၏ အရာအားလုံးကို ဆက်ခံနိုင်ခဲ့မည်ဆိုလျှင် တစ္ဆေငယ်သည် ပျောက်ကွယ်သွားမည် မဟုတ်ဘဲ နောက်ဆုံး အားနည်းချက်ကို ဖယ်ရှားပစ်နိုင်ကာ သီးခြား ဖြစ်တည်မှု တစ်ခု အဖြစ် လုံးဝ ပြောင်းလဲသွားမည် ဖြစ်သည်။
သို့သော် ဒီသီးခြား ဖြစ်တည်မှုသည် နောက်ဆုံးတွင် မည်သူ၏ အသိစိတ်ကို သယ်ဆောင်သွားမည် ဆိုသည်ကိုတော့ ဘယ်သူမှ မသိနိုင်ပေ။ တစ္ဆေငယ်က ယန်ကျန့်၏ အရာအားလုံးကို ဝါးမြိုသွားနိုင်သလို ယန်ကျန့်၏ အသိစိတ်က တစ္ဆေအိပ်မက်၏ ကာကွယ်မှုအောက်တွင် တစ္ဆေငယ်၏ နေရာကို အစားထိုး ဝင်ရောက်သွားခြင်းလည်း ဖြစ်နိုင်သည်။
မကြာမီ ယန်ကျန့် လုံးဝ ပျောက်ကွယ်သွားပြီး တစ်ချိန်တည်းမှာပင် တစ္ဆေငယ်သည်လည်း လျင်မြန်စွာ ကြီးထွားလာသည်။
ယခုအခါ တစ္ဆေငယ်သည် ကလေးငယ် တစ်ယောက် မဟုတ်တော့ပေ။ အရင်က ပြိတ္တာကဲ့သို့ပင် တတိယအဆင့်သို့ ရောက်ရှိသွားပြီး အသက် တစ်ဆယ့်ခွန် တစ်ဆယ့်ရှစ်နှစ် အရွယ် လူငယ် တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ဒီလူငယ်သည် အသားအရေ ဖြူဖွေးပြီး ရုပ်ရည်သွင်ပြင်မှာ ယန်ကျန့်နှင့် တစ်ပုံစံတည်းနီးပါး တူညီနေကာ အနည်းငယ်သာ နုနယ်နေသေးသည်။
သို့သော် သူသည် မလှုပ်ရှားတော့ဘဲ အိပ်ပျော်နေသကဲ့သို့ မူလနေရာတွင် တိတ်ဆိတ်စွာ ရပ်နေသည်။
အဘယ်ကြောင့်ဆိုသော် ဒီတစ္ဆေနယ်မြေ ကမ္ဘာထဲတွင် တစ္ဆေ တစ်ကောင်မျှ မရှိသောကြောင့် ဖြစ်သည်။
ယန်ကျန့် မပျောက်ကွယ်မီက ချန်ထားခဲ့သော အမိန့်မှာ အလုပ်မလုပ်နိုင်သေးပေ။
တစ္ဆေနယ်မြေ ကမ္ဘာ ပျောက်ကွယ်သွားပြီး ဒီရွှေရုပ်တုကြီး အဖျက်ခံရကာ တစ်စုံတစ်ယောက်က သူ၏ နာမည်ကို ပြန်လည် ခေါ်ဆိုလာမည့် အချိန်ကျမှသာ သူ နိုးထလာပြီး ဒီကမ္ဘာပေါ်သို့ ထွက်ပေါ်လာမည် ဖြစ်သည်။
ထို့ကြောင့် သူသည် သတ်မှတ်ချက် အားလုံး ပြည့်စုံလာသည်အထိ ဒီနေရာတွင် အချိန်အကြာကြီး နေရဦးမည် ဖြစ်သည်။
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ယန်ကျန့်သည် လက်တွေ့ကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
သူ ပျောက်ကွယ်သွားခြင်းကလည်း သိပ်အရေးမကြီးလှပုံပေါ်သည်။
အချို့လူများကတော့ ဝမ်းနည်းကြေကွဲကောင်း ကြေကွဲကြလိမ့်မည်။ သို့သော် လူအများစုကတော့ ဘဝကို ဆက်လက် ဖြတ်သန်းသွားကြရဦးမည် ဖြစ်သည်။
"ယန်ကျန့် သွားပြီ နောက်ထပ် နင်တို့ ဘာဆက်လုပ်ဖို့ စဉ်းစားထားလဲ"
ရှေးဟောင်းအိမ်ကြီးထဲတွင် ဝမ်ရှန်းရှန်း အသက်ရှင်နေဆဲ ဖြစ်ပြီး ယန်ကျန့် ပျောက်ကွယ် သွားခြင်းကြောင့် သေဆုံးသွားခြင်း မရှိပေ။ သူမသည် လျိုရှောင်ယွိနှင့် ဝမ်းနည်းပူဆွေးနေသော ကျန်းယန်တို့ကို ကြည့်ကာ မေးလိုက်သည်။
"ငါ အလုပ်ပြန်လုပ်ရဦးမယ် တာချန်းမြို့ရဲ့ အခု တာဝန်ခံက ဖုန်းချွမ်းလေ သဘာဝလွန်ဖြစ်ရပ်တွေကို ဆက်ဖြေရှင်းဖို့ သူ့ကို ငါ ကူညီပေးရဦးမယ်"
လျိုရှောင်ယွိက အနည်းငယ် ခါးသက်စွာ ပြောလိုက်သည်။
ဝမ်ရှန်းရှန်းက ဆက်မေးလိုက်သည်။
"ယန်ကျန့် မသွားခင်က အရာအားလုံးကို ဖြေရှင်းသွားပြီလေ နောက်ပိုင်း သဘာဝလွန်ဖြစ်ရပ်တွေ သေချာပေါက် ပိုပို နည်းလာလိမ့်မယ် မကြာခင်မှာ နင် အလုပ်လက်မဲ့ ဖြစ်သွားလိမ့်မယ် အဲဒီအခါကျရင် နင် ဘာလုပ်မလို့လဲ"
"မသိဘူး စောစော အငြိမ်းစား ယူချင်လည်း ယူမယ် ဒါမှမဟုတ် ကိုယ်ဝါသနာပါတာလေးတွေ လုပ်ချင်လည်း လုပ်ဖြစ်မယ် ထင်တယ်"
လျိုရှောင်ယွိက ခေါင်းခါပြကာ ပြောလိုက်သည်။
"ငါကတော့ နယ်ပြန်ပြီး အန်တီကို သွားပြုစုမလို့ နောက်ပိုင်း အခွင့်အရေး ရရင်တော့ ကွမ်ကျန်း လူနေအိမ်ရာကို ပြန်လာပြီး ယန်ကျန့် ပြန်လာမယ့် အချိန်ကို စောင့်မယ်"
ထိုအချိန်တွင် ကျန်းယန်က ဝင်ပြောလိုက်သည်။
"သူ အနှစ်ခြောက်ဆယ် ကြာရင် ပြန်ပေါ်လာမယ်လို့ ပြောခဲ့တယ် အဲဒီအချိန်အထိ ငါ စောင့်နိုင်မယ်လို့ ထင်တယ်"
"နင် တကယ် စောင့်မလို့လား ဒါပေမဲ့ အဲဒီအချိန်အထိ နင် အသက်ရှင်နိုင်ပါ့မလား"
လျိုရှောင်ယွိက အလွန် အံ့အားသင့်သွားသည်။
"ဘာလို့ မရှင်နိုင်ရမှာလဲ ယန်ကျန့်က ငါ့အတွက် ပိုက်ဆံတွေ အများကြီး ချန်ထားခဲ့တာ ငါ နောက်ပိုင်း အလုပ်လုပ်စရာ မလိုတော့ဘူး ကျန်းမာရေးကိုပဲ သေချာ ဂရုစိုက်ပြီး နေရင် အသက် ရှစ်ဆယ်ကျော်လောက်အထိ နေနိုင်ဖို့က လွယ်လွယ်လေးပါ နောက်တစ်ခါ ယန်ကျန့် ပြန်ပေါ်လာရင် သူ ငါ့ကို ထပ်ငြင်းနိုင်သေးလား ကြည့်ရသေးတာပေါ့"
ကျန်းယန်က အနည်းငယ် ရွဲ့ကာ ပြောလိုက်သည်။
"အဓိပ္ပာယ် ရှိသလိုပဲ"
လျိုရှောင်ယွိသည် ကျန်းယန်၏ ဒီလို အတွေးမျိုးကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
"ဝမ်ရှန်းရှန်း နင်ကော နင် ဘာဆက်လုပ်မလို့လဲ"
ကျန်းယန်က မေးလိုက်သည်။
ဝမ်ရှန်းရှန်းသည် အပေါ်ထပ် တတိယမြောက် အခန်းထဲတွင် ထားရှိသော ရုပ်တုကို လှမ်းကြည့်လိုက်သည်။
"ငါ ဒီရှေးဟောင်းအိမ်ကြီးကို ပြန်ပြင်ဆောက်မလို့ ဘုရားကျောင်း တစ်ကျောင်း အဖြစ် ဆောက်မယ် အလယ်ဗဟိုမှာ ယန်ကျန့်ရဲ့ ရုပ်တုကို ထားမယ် ပြီးရင် ငါ ဒီဘုရားကျောင်းထဲမှာပဲ တစ်သက်လုံး နေမယ် ဘယ်မှ မသွားတော့ဘူး ယန်ကျန့်အတွက် ဒါတွေ အားလုံးကို ငါ စောင့်ရှောက်ပေးထားမယ်"
သူတို့ သုံးယောက် ဟိုဟိုဒီဒီ စကားပြောနေကြသည်။
သို့သော် ညနေစောင်းသို့ ရောက်သောအခါ နောက်ဆုံးတွင် လူစုခွဲသွားကြတော့သည်။
ရှေးဟောင်းအိမ်ကြီးထဲတွင် ဝမ်ရှန်းရှန်း တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ပြီး ထူးဆန်းသော ခေါင်းတလား ကိုးလုံးလည်း ကျန်ရှိနေသေးသည်။
"ငါ အခွင့်အရေး ရှာပြီး ဒီခေါင်းတလားတွေကို မြှုပ်ပစ်လိုက်တာ ပိုကောင်းမယ် ထင်တယ် ဒီလိုကြီး ဗြောင်ကျကျ ထားထားတာက အမြဲတမ်း အန္တရာယ် တစ်ခုပဲ"
ဝမ်ရှန်းရှန်း ထိုခေါင်းတလားများကို တစ်ချက် ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်သည်။
သို့သော် ခေါင်းတလားထဲတွင် သက်ရှိလူ အချို့ လဲလျောင်းနေသေးသဖြင့် သူမ ဒီလို ချက်ချင်း လုပ်၍ မရသေးပေ။
အထဲက လူတွေ ထွက်လာမယ့် အချိန် သို့မဟုတ် လုံးဝ သေဆုံးသွားမယ့် အချိန်အထိ ဖြည်းဖြည်းချင်း စောင့်ရုံသာ ရှိတော့သည်။
အချိန်များ တစ်နေ့ပြီး တစ်နေ့ ကုန်လွန်သွားသည်။
ယန်ကျန့် ပျောက်ကွယ်သွားပြီးနောက် ဆယ်ရက်အကြာတွင် တာဟိုင်မြို့၏ ထူးဆန်းသော မြေကွက်လပ်ကြီး တစ်ခုပေါ်တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ ဒီလူသည် ဆံပင်များ ရှုပ်ပွနေပြီး ကျယ်ဝန်းသော အိပ်ရာဝတ်စုံကို ဝတ်ဆင်ကာ ခြေဗလာဖြင့် မြေကြီးပေါ်တွင် ရပ်နေသည်။ လက်ထဲတွင်လည်း တွန့်လိမ်နေသော ထူးဆန်းသည့် ဓားရှည်ကြီး တစ်လက်ကို ကိုင်ဆောင်ထားကာ အရူး တစ်ယောက်နှင့် တူနေသည်။
သို့သော် ထိုရှုပ်ပွနေသော ဆံပင်များအောက်တွင်တော့ စူးရှသော မျက်လုံးတစ်စုံကို မြင်တွေ့နေရသည်။
"ဒီကမ္ဘာပေါ်က တစ္ဆေတွေ အားလုံးကို ငါ ရှင်းလင်းပစ်မယ် အဖြစ်ဆိုးတွေ ထပ်မဖြစ်စေရဘူး"
ရဲကျန့်သည် ရူးသွပ်နေသူ တစ်ယောက်ကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
နောက်ဆုံးတွင် သူသည် စိတ်ထဲမှ အထုံးအဖွဲ့ကို ကျော်လွှားနိုင်ခဲ့ပြီး အိပ်မက်ထဲမှ လွတ်မြောက်ကာ ပြန်လည် အားမွေးနိုင်ခဲ့သည်။ ထို့နောက် ယန်ကျန့် ချန်ထားခဲ့သော လမ်းကြောင်းအတိုင်း လိုက်ကာ လက်တွေ့ကမ္ဘာနှင့် သဘာဝလွန်နယ်မြေကြားက နယ်နိမိတ်ကို ချိုးဖျက်ပြီး တာဟိုင်မြို့သို့ အောင်မြင်စွာ ပြန်လည် ရောက်ရှိလာခဲ့သည်။ တကယ်လို့ ယန်ကျန့်သာ လမ်းမချန်ထားခဲ့လျှင် ရဲကျန့် အနေဖြင့် ငရဲကဲ့သို့သော တစ္ဆေနယ်မြေ အလွှာများကို ဖြတ်ကျော်နိုင်မည် မဟုတ်ဘဲ ထိုနေရာတွင် အရှင်လတ်လတ် ပိတ်မိပြီး သေဆုံးသွားမည်သာ ဖြစ်သည်။
သို့သော် ဒါတွေ အားလုံးကို ကြုံတွေ့ခဲ့ရပြီးနောက် ရဲကျန့်သည် အခြား လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။ အရင်က ဖြူစင်မှုများ မရှိတော့ဘဲ ရူးသွပ်လုနီးပါး ဖြစ်နေသော စွဲလမ်းမှု တစ်ခုသာ ကျန်ရှိတော့သည်။
ထို့နောက် ရဲကျန့်သည် ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားပြီး မှောင်မည်းသော ညဉ့်ယံထဲတွင် ပျောက်ကွယ်သွားတော့သည်။
နှမြောစရာ ကောင်းသည်မှာ ပျောက်ကွယ်သွားသော ယန်ကျန့်သည် ရဲကျန့် သဘာဝလွန်လောကသို့ ပြန်လည် ဝင်ရောက်လာသည့် ဒီအခိုက်အတန့်ကို မမြင်တွေ့နိုင်တော့ခြင်းပင် ဖြစ်သည်။
သို့သော် အနာဂတ် အရာအားလုံးသည် သူ စီစဉ်ထားသည့်အတိုင်း လျင်မြန်စွာ ကောင်းမွန်လာခဲ့သည်။
ယန်ကျန့် ပျောက်ကွယ်သွားပြီး တစ်လအကြာတွင် ပြည်တွင်းရှိ သဘာဝလွန်ဖြစ်ရပ်များ သိသိသာသာ လျော့ကျသွားပြီး မြို့အများအပြားမှာလည်း အရင်လို တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိလာကြသည်။
ယန်ကျန့် ပျောက်ကွယ်သွားပြီး သုံးလအကြာတွင် ပိတ်ဆို့ထားသော နေရာအချို့ကို ပြန်လည် ဖွင့်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝလွန်လောကတွင် ရူးရူးမူးမူး တစ္ဆေဖမ်းနေသော လူအချို့ ရှိနေသောကြောင့် ဖြစ်သည်။ တစ်ယောက်ကတော့ ဆံပင်ရှုပ်ပွပြီး ဓားရှည် ကိုင်ဆောင်ထားသော ရဲကျန့် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ တစ္ဆေကြိုးကို ကိုင်ဆောင်ကာ နေရာအနှံ့ သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းနေသော တစ္ဆေတမာန်တော် ဝေ့ကျင်း ဖြစ်သည်။ ထို့အပြင် ညဘက် မြို့ထဲတွင် လှည့်လည်သွားလာနေပြီး ရုပ်ရည်ကို မှတ်မိ၍မရသော ထူးဆန်းသည့် လူတစ်ယောက်လည်း ရှိသေးသည်။
ယန်ကျန့် ပျောက်ကွယ်သွားပြီး ခြောက်လအကြာတွင် အခြေအနေကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။ ပြည်တွင်းရှိ သဘာဝလွန်ဖြစ်ရပ်များမှာ နေရာအနည်းငယ်တွင်သာ ရှိတော့ပြီး သဘာဝလွန်စွမ်းအားများ စတင် နိုးထလာသော ခေတ်ကို ပြန်လည် ရောက်ရှိသွားသကဲ့သို့ ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် မျိုးဆက်သစ် သဘာဝလွန်လောကမှ တစ္ဆေဆရာများမှာ တဖြည်းဖြည်း သေဆုံး ပျောက်ကွယ်လာပြီး သဘာဝလွန်လောက ဆိုသည်မှာလည်း လူအများ၏ အမြင်မှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ယန်ကျန့် ပျောက်ကွယ်သွားပြီး တစ်နှစ်အကြာတွင် ပြည်တွင်း၌ သဘာဝလွန်လောက ဆိုသည်မှာ လုံးဝ မရှိတော့ပေ။ နိုင်ငံခြားရှိ သဘာဝလွန်ဖြစ်ရပ်များလည်း တဖြည်းဖြည်း ပျောက်ကွယ်လာနေသည်။
ယန်ကျန့် ပျောက်ကွယ်သွားပြီး သုံးနှစ်အကြာတွင် ကမ္ဘာတစ်ဝန်းရှိ သဘာဝလွန်ဖြစ်ရပ်များမှာ အလွန် နည်းပါးသွားပြီ ဖြစ်သည်။ ရံဖန်ရံခါ ပေါ်လာသော သဘာဝလွန်ဖြစ်ရပ်များမှာလည်း တစ္ဆေဆရာများ သေဆုံးပြီးနောက် တစ္ဆေနိုးထလာခြင်းကြောင့်သာ ဖြစ်သည်။
ယန်ကျန့် ပျောက်ကွယ်သွားပြီး ဆယ်နှစ်အကြာတွင် သဘာဝလွန်ဖြစ်ရပ်များ လုံးဝ ပျောက်ကွယ်သွားသလောက် ဖြစ်နေပြီ ဖြစ်သည်။ ဌာနချုပ်သည်လည်း ဌာနအများအပြားကို ဖျက်သိမ်းလိုက်ပြီး သဘာဝလွန် သတင်းအချက်အလက်များနှင့် မှတ်တမ်းမှတ်ရာများ အားလုံးကို စတင် ပိတ်ဆို့ သိမ်းဆည်းလိုက်တော့သည်။
သဘာဝလွန်ခေတ်ကြီးသည် ခဏတာ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။
သို့သော် နောက်ကွယ်မှ အကြောင်းအရာကို အမှန်တကယ် သိရှိသူများကတော့ အလွန် ရှင်းလင်းစွာ သိထားကြသည်။ ဒီကြောက်မက်ဖွယ်ကောင်းပြီး မျှော်လင့်ချက်မဲ့သော ခေတ်ကြီးသည် ယန်ကျန့် ပျောက်ကွယ်သွားပြီး အနှစ်ခြောက်ဆယ် အကြာတွင် နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာမည် ဆိုသည်ကိုပင်။