အသူရာနတ်ဆိုးဂိုဏ်း
Vol. 5 Ch. 496
ညောင်ပင်အောက်တွင် မည်သူမှ ရှိမနေပါ။ သို့သော် မင်လော့၏ စိတ်ထဲတွင် တုန်လှုပ်ဖွယ်ရာ တစ်စုံတစ်ယောက် ရှိနေသည်ဟု ခံစားနေရလေသည်။
ညောင်ပင်အောက်တွင် တည်ရှိနေသည့် ကြီးမြတ်သည့် စွမ်းအားကြီး တစ်ခုသည် တာ့ရှား ဧကရာဇ်ထက် မလျော့ပေ။
အမှန်တော့ မင်လော့သည် ရှင်းလျဲ့နှင့် စကားပြော နေစဉ်ကပင် ညောင်ပင်အောက်ကို သတိထားမိနေခြင်း ဖြစ်လေသည်။ သို့သော် ရှင်းလျဲ့ကို သင်္ချိုင်းအတွင်းသို့ သေသေချာချာ ရောက်အောင်ပိုရန် ဧကရာဇ်မင်းက မှာကြားထားသည့် အတွက် ရှင်းလျဲ့ကို အရင်ဦးဆုံး ပို့ဆောင်ပြီးမှ ညောင်ပင်အောက်ကို ကြည့်လိုက်ရခြင်း ဖြစ်လေသည်။
သူ့ကို လူအများက တာ့ရှား ဧကရာဇ်၏ နောက်လိုက်ခွေးဟု ကွယ်ရာတွင် ခေါ်ဝေါ် ကြလေသည်။ ထိုသို့ခေါ်သည်မှာ အမှန်ပင် ဖြစ်သည့် အတွက်ကြောင့် မင်လော့ကလည်း မည်သူ့ကိုမှ ပြန်လည် ချေပ ပြောဆိုခြင်း မရှိခဲ့ပါ။
လောကတွင် မင်လော့ကဲ့သို့ အစစ်အမှန် အင်အားကြီးသူ တစ်ယောက် ဖြစ်လာရန်မှာ အလွန်မှ ခဲယဉ်းလေသည်။ မင်လော့အနေဖြင့် မိမိကိုယ်ကို ရပ်တည်နိုင်ပါလျက် တာ့ရှားဧကရာဇ်၏ နောက်လိုက် ခွေးဘဝ ဖြစ်နေရသည်မှာ မသင့်တော်ဟု ထင်မြင်စရာရှိသည်။
သို့သော် သူက တာ့ရှားဧကရာဇ်ကို အဆုံးထိ သစ္စာစောင့်သိသွားမည့် နောက်လိုက် ခွေးတစ်ကောင်မျှသာ ဖြစ်လေသည်။
မင်လော့သည် ညောင်ပင်အောက်မှ ကြီးမားသည့် တန်ခိုးစွမ်းအားကို အာရုံခံမိသည်နှင့် သူ၏ဓားကို ဆွဲထုတ် လိုက်လေသည်။ ဓားကောက်ကြီးထံမှ မိစ္ဆာစွမ်းအားများ ထွက်ပေါ် လာလေသည်။
ထိုမိစ္ဆာစွမ်းအားများသည် သွေးနီရောင် ပင်လယ်မှ မွေးဖွားလာသည့် မိစ္ဆာစွမ်းအားများ ဖြစ်လေသည်။ ထိုဓားသည် အရာအားလုံးကို ဖျက်ဆီး ပစ်နိုင်စွမ်း ရှိလေသည်။
အမှန်ဆိုလျှင် ဓားမှ မိစ္ဆာစွမ်းအားများသည် မင်လော့ကို ထိန်းချုပ် သွားနိုင်စရာ ရှိလေသည်။ သို့သော်… မင်လော့သည် မိစ္ဆာစွမ်းအားများ၏ ထိန်းချုပ်မှုကို တားဆီး နိုင်ခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် တာ့ရှားဧကရာဇ်ဆိုသည့် သခင် တစ်ပါးတည်းသာ ရှိပြီး သူ၏ ဓားသည်ပင်လျှင် တာ့ရှားဧကရာဇ်ကို အစေခံရမည် ဆိုသည့် ခိုင်မာသည့် စိတ်ထားကြောင့် ဖြစ်လေသည်။
ဆန်းလျန်သည် ညောင်ပင်ကြီး အောက်တွင် ရှိနေလေသည်။ သူသည် မင်လော့၏ ဓားကောက်ကြီးဆီမှ မိစ္ဆာစွမ်းအားများကို ခံစားသိရှိ နေရလေသည်။
ယနေ့နံနက်ပိုင်းတွင်ပင် သူသည် မင်လော့၏ မိစ္ဆာဓားကောက်ကြီးမှ တန်ခိုးစွမ်းအားကို တွေ့ရှိခဲ့ရပြီး ဆန်းလျန် အတွက်တော့ အထင်ကြီးစရာ သိပ်မရှိလှပေ။
ဆန်းလျန်သည် မင်လော့ဆီမှ "သွေးဓား" ၏အဓိပ္ပာယ်ကို ခံစားနေရလေသည်။
ထိုဓားသည် မရေမတွက်နိုင်သည့် နတ်မိစ္ဆာများ၏ သွေးများကို သောက်သုံးထားသည့် မိစ္ဆာဓားတစ်လက် ဖြစ်လေသည်။
မင်လော့၏ မိစ္ဆာဓားကောက်ကြီးသည် ဆန်းလျန် ကြုံတွေ့ခဲ့ဖူးသည့် သွေးဓားထက် အဆပေါင်းများစွာ သာလွန်သလို အစွမ်းလည်း ထက်လေသည်။
သို့သော် ဆန်းလျန်သည် ယခင်က ဆန်းလျန် မဟုတ်တော့ပါ။ အများကြီး ပြောင်းလဲခဲ့ပြီ ဖြစ်လေသည်။ မင်လော့၏ သွေးဓားသည် အလွန် အစွမ်းထက်သည်ဆိုဦးတော့ အမြင့်ဆုံးဆိုလျှင် လောက နတ်ဘုရား အဆင့်သာ ရှိနိုင်လေသည်။
လောကတွင် ကျင့်ကြံသူများ များစွာရှိသည့်တိုင် ဆန်းလျန် ရောက်ရှိနေသည့် အဆင့်သို့ ရောက်ရန်မှာ လုံးဝမလွယ်ကူသည့် ကိစ္စ ဖြစ်လေသည်။ ယခုလည်း ဆန်းလျန်ကသာ မင်လော့၏ မိစ္ဆာဓားကို သေသေချာချာ လေ့လာ နေသည့် တိုင်မင်လော့ကတော့ ဆန်းလျန်ကို လုံးဝ မြင်တွေ့ရခြင်း မရှိပေ။
မင်လော့၏ မိစ္ဆာဓားမှာ သွေးနီရောင် တောက်ပနေပြီး မြင်ရသူတိုင်းကို တုန်လှုပ် ချောက်ချား စေလေသည်။ သို့သော် ထိုဓားသည် အလွန်မှ သဘာဝဆန်စွာ သေသပ် လှပလွန်းလေသည်။
ပတ်ဝန်းကျင်မှ လေထုသည် တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။
ထို့နောက် မိစ္ဆာဓားကောက်ကြီးသည် အရာအားလုံးကို ဖျက်ဆီး ပစ်နိုင်သည့် မုန်တိုင်းကြီး တစ်ခုအလား ပြောင်းလဲ သွားလေသည်။ မုန်တိုင်းကြီးကဲ့သို့သော ဓားချက်သည် ညောင်ပင်ကြီး ရှိရာသို့ ဝင်ရောက်သွားပြီး နှစ်ပေါင်း ထောင်ချီ ရှင်သန်ခဲ့သည့် ညောင်ပင်ကြီးကို ထိုးခုတ်ပစ်လိုက်လေတော့သည်။
သို့သော် လျှို့ဝှက် ဆန်းကြယ်သည့် စွမ်းအားတစ်ခုသည် ဒီရေများအလား ထွက်ပေါ်လာပြီး အချိန်နောက်ပြန် ဆွဲသကဲ့သို့ တစ်ရစ်ခြင်း ပြန်လည် ပြောင်းလဲသွားကာ မင်လော့၏ ဓားသည် သူ၏ဓားအိမ် အတွင်းသို့ ပြန်လည် ရောက်ရှိ သွားတော့သည်။
မင်လော့၏ဓားသည် ညောင်ပင်ကြီးကို ထိုးခုတ်မပစ်နိုင်တော့ပေ။
အဖြူရောင် ဝတ်ဆင်ထားသည့် လူငယ်လေး တစ်ယောက်သည် တံတားကို ဖြတ်ကာ လမ်းလျှောက် လာလေသည်။ သို့သော် သူ၏ မျက်နှာကိုတော့ သေသေချာချာ မြင်တွေ့ရခြင်း မရှိပေ။ ထိုလူငယ်လေး လမ်းလျှောက် လာသည်နှင့်သူ၏နော်ကတွင် လောက တစ်ခုသည် သူ့ထံသို့ ချဉ်းကပ် လာသကဲ့သို့ မင်လော့ ခံစားလိုက်ရလေသည်။
မင်လော့သည် ထိုလူငယ်လေး၏ တန်ခိုးစွမ်းအား ဒီရေလှိုင်းကြီးသည် သူ့ကို နစ်မျော သွားစေသည့် အလား ခံစား နေရလေသည်။
“နတ်ဘုရားတစ်ပါးပဲ…”
မင်လော့က ရေရွတ်လိုက်သည်။
သူသည် အခိုးအငွေ့အလား လွင့်မျောနေသည့် အဖြူရောင် အရိပ်နောက်ကွယ်မှ ပုံရိပ်ကို မြင်တွေ့နိုင်ရန် ကြိုးစားပြီး ကြည့်နေလေသည်။
တံတားအောက်တွင် ရေများက စီးဆင်းနေဆဲ ဖြစ်လေသည်။ ပတ်ဝန်းကျင်တွင် မည်သည့် အရာမှ ပြောင်းလဲသွားခြင်း မရှိပါ။
သို့သော် မင်လော့၏နောက်မှ တပ်သားများ အားလုံးမှာ ဆေးမိ ခံထားရသူပမာ အသိစိတ်များ ပျောက်ဆုံးနေပြီး ကျောက်ရုပ်ကြီးများ အလား ဖြစ်နေကြလေသည်။
ဆန်းလျန်နှင့် မင်လော့သာလျှင် အသိစိတ်ရှိနေကြလေသည်။
သို့သော် မင်လော့မှာလည်း စကားပြောနိုင်သည် ဆိုရုံမျှသာ ရှိလေသည်။
မည်သို့ပင်ဖြစ်စေ မင်လော့သည် ယခုကဲ့သို့ ကိစ္စမျိုးနှင့် ကြုံတွေ့ရသည့်တိုင် အေးဆေး တည်ငြိမ်နေဆဲ ဖြစ်လေသည်။ မင်လော့သည် လောကတွင် မည်သည့် အရာကိုမှ ကြောက်ရွံ့ခြင်း မရှိပေ။
လူတစ်ယောက်သည် သေခြင်းရှင်ခြင်းကို ကြောက်ရွံ့ခြင်း မရှိလျှင် လောကတွင် ထိုသူကြောက်သည့် ကိစ္စသည် မရှိသလောက် ရှားပါးမည် ဖြစ်လေသည်။
“မင်းရဲ့ဓားက တကယ်ကောင်းတာပဲ၊ အရင်တုန်းကလည်း အဲဒီလို ဓားတစ်လက်နဲ့ ရင်ဆိုင် ခဲ့ရဖူးတယ်၊ ဒါပေမဲ့ မင်းရဲ့ဓားက ပိုကောင်းတယ်”
ဆန်းလျန်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
လွန်ခဲ့သည့်နှစ်များစွာက ရှောင်းစစ်ယိ၏ သွေးဓားကို ဆန်းလျန် ရင်ဆိုင်ခဲ့ဖူးလေသည်။ ထိုသွေးဓား နောက်ကွယ်မှ အကြောင်းအရာများကို ကြိုးကိုင်သူမှာ ယန်ရွှီးဖြစ်ခဲ့လေသည်။
“ကျုပ်သိပါတယ်၊ တစ်ယောက်ယောက်က သွေးဓားကျင့်စဉ်ကို ကျင့်ကြံထားတာကို မင်းတွေ့ခဲ့ဖူးတယ် မဟုတ်လား”
မင်လော့က အေးဆေးစွာပင် ပြန်ပြောလိုက်သည်။
“အမှန်ပါပဲ၊ မင်းရဲ့သွေးဓားကို ဘယ်မှာ ကျင့်ကြံခဲ့လဲဆိုတာ သိချင်မိတယ်”
ဆန်းလျန်က သူ၏ လက်နှစ်ဖက်ကို နောက်သို့ပစ်ရင်း ပေါ့ပါးစွာပင် မေးလိုက်လေသည်။
“သွေးနီရောင် ပင်လယ်ထဲမှာ…”
မင်လော့က မဆိုင်းမတွပင် ချက်ချင်း ပြန်ဖြေ လိုက်သည်။
သူ၏ မျက်ဝန်းများမှ ဓားဝိညာဉ်မှာ လင်းလက် တောက်ပ နေလေသည်။
ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။
ရုတတရက်ပင် သူဝတ်ဆင်ထားသည့် အဖြူရောင် ဝတ်စုံသည် အနီရောင် အဖြစ်သို့ ပြောင်းလဲ သွားလေသည်။ သူသည် အလောင်းများဖြင့် ပြည့်နေသည့် တောင်တစ်တောင် ထက်တွင် ရောက်ရှိ နေလေသည်။ ကြောက်မက်ဖွယ် ကောင်းလောက်အောင် သတ်ဖြတ်ထားသည့် ဓားဝိညာဉ်သည် မင်လော့၏ သွေးဓားကိုပင် မှေးမှိန် သွားစေပြီး မင်လော့သည် ကောင်းကောင်းပင် မရပ်တည် နိုင်လောက်အောင်
“ငရဲလမ်းဓားဝိညာဉ်… "ယွမ်" မရဏဓား…၊ မင်းက အသူရာ နတ်ဆိုးဂိုဏ်းက လူလား"
မင်လော့ အံ့သြစွာဖြင့် မေးလိုက်လေသည်။
နောက်ဆုံးတော့ မင်လော့သည် ဆန်းလျန် မည်သူဖြစ်သည်ကို မှားယွင်း ဆုံးဖြတ်လိုက်မိပြီ ဖြစ်လေသည်။ သူသည် ဝမ်ချန်နန်းတော်သို့ ချက်ချင်းပြန်ကာ တာ့ရှားဧကရာဇ်အား ဆန်းလျန် အကြောင်းကို ပြောပြ ချင်နေမိတော့သည်။
သွေးနီရောင် ပင်လယ်သည် အသူရာချောက်တွင် အလွန်လျှို့ဝှက် နက်နဲသည့် နေရာတစ်ခု ဖြစ်လေသည်။
ထိုသွေးနီရောင် ပင်လယ်ဖြစ်တည် လာမှုသည် တာ့ရှားပြည်၏ ဘိုးဘေးများနှင့် တန်းတူ ဖြစ်လေသည်။
ထိုအချိန်တုန်းက အသူရာချောက်တွင် ဝိညာဉ်များပင် မရှိသေးဘဲ လူပြန်ဝင်စားခြင်း ဘုံခြောက်ခုသာလျှင် တည်ရှိလေသည်။
အသူရာ နတ်ဆိုးဂိုဏ်းသည် ထိုသွေးနီရောင် ပင်လယ်ထဲမှ ထွက်ပေါ်လာသည့် နတ်ဆိုးဂိုဏ်း ဖြစ်လေသည်။ သူတို့သည် နှစ်ပေါင်း မရေမတွက်နိုင်အာင် အသက်ရှင်ကြပြီး သူတို့ကို နှိမ်နင်း၍ မရနိုင်ပေ။ တာ့ရှားပြည်၏ အင်အားကို ယှဉ်နိုင်သည့် စွမ်းအားသည် အသူရာ နတ်ဆိုးဂိုဏ်းတွင်သာ ရှိလေသည်။
သို့သော်… တိကျန်ဗောဓိသကျ ထွက်ခွာသွားပြီးသည့် နောက်ပိုင်း မင်လော့က သွေးနီရောင် ပင်လယ်ထဲသို့ ဝင်ကာ အသူရာနတ်ဆိုးများကို သုတ်သင် ပစ်ခဲ့လေသည်။ ထို့ကြောင့် အသူရာ နတ်ဆိုးဂိုဏ်းသည် ပြန်လည် နာလန်ထူလာခြင်း မရှိတော့ပေ။
သို့ရာတွင် ဆန်းလျန်သည် အသူရာမျိုးနွယ် တစ်ယောက်နှင့် သိပ်မတူပေ။
မည်သို့ပင်ဖြစ်စေ ဆန်းလျန် ရောက်လာသည်မှာ ကောင်းသည့် ကိစ္စတော့ မဟုတ်ပေ။
အနည်းဆုံးတော့ ဆန်းလျန်သည် အသူရာ နတ်ဆိုးဂိုဏ်းမှ မဟုတ်လျှင် တောင်မှ အသူရာ နတ်ဆိုးများ၏ မျိုးနွယ်မှ ဆင်းသက် လာကြသည့် အနွယ်တော်များစွာ ရှိသည် မဟုတ်ပါလား။
***