← Chapters

အခန်း (၁၆၀၉-၁၆၁၀)

Vol. 124 Ch. 1609-1610

အခန်း (၁၆၀၉-၁၆၁၀)

Vol. 124 Ch. 1609-1610

အခန်း ၁၆၀၉ - ဇာတ်လမ်းခွဲ (ဝိညာဉ်ခေါ်ခြင်း အပိုင်း - ၃)

ကျန်းတုံး

ယန်ကျန့်သည် ကျန်းပိုင်ဟွာ၏ စကားကို ကြားသောအခါ အနီရောင် အလင်းတန်းများ ထွက်ပေါ်နေသော မျက်လုံးတစ်စုံဖြင့် သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အခြားသူများကိုပါ တည်ငြိမ်စွာ ဝေ့ကြည့်လိုက်ကာ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"မင်းတို့ ကျန်းတုံး အပေါ်မှာ အရမ်း မျှော်လင့်ချက် ကြီးမနေနဲ့ ဟဲယင်အာက ကျန်းတုံးရဲ့ ဝိညာဉ်ကို ခေါ်လို့ မရတာကို အသာထားဦး တကယ်လို့ ခေါ်လို့ရလို့ သမ္မတနိုင်ငံခေတ်က မင်းတို့ အဖွဲ့သား ခုနစ်ယောက်စလုံး ပေါင်းတိုက်ရင်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ငါ မယုံဘူး"

ကျန်းယိုဟုန် သာယာစွာ ရယ်မောလိုက်သည်။

"ကျန်းတုံးက တစ္ဆေထိန်းချုပ်တဲ့ လမ်းကြောင်းမှာ အဆုံးစွန်ထိ ရောက်သွားခဲ့တဲ့ သူပဲ ဘယ်သူမှ သူ့ထက် ပိုမတော်ဘူး မင်းက တော်ကောင်း တော်လိမ့်မယ် ဒါပေမဲ့ သူကလည်း မင်းထက် ညံ့မှာ မဟုတ်ဘူးလို့ ငါ ယုံတယ် နှမြောစရာ ကောင်းတာက မင်းတို့ နှစ်ယောက် ဆုံလို့ မရတာပဲ မဟုတ်ရင် ငါ ပြောတာ လိမ်နေတာ မဟုတ်ဘူး ဆိုတာကို မင်း သိသွားလိမ့်မယ်"

သူမ ယန်ကျန့်၏ အစွမ်းထက်မှုကို မြင်တွေ့ခဲ့ပြီးနောက်တွင်ပင် ကျန်းတုံးအပေါ် ယုံကြည်မှု ရှိနေဆဲ ဖြစ်သည်။

"နင့်ရဲ့ အဆင့်အတန်းက အရမ်း နိမ့်လွန်းတော့ ငါ့ရဲ့ အခု အခြေအနေကို ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ဘူး"

ယန်ကျန့်၏ မျက်လုံးများ အေးစက်နေသည်။

ကျန်းယိုဟုန်၏ မျက်နှာပေါ်မှ အပြုံးများ အနည်းငယ် တောင့်တင်းသွားသည်။

သူမ တစ်သက်လုံးမှာ ကိုယ့်ရဲ့ အဆင့်အတန်း နိမ့်တယ်လို့ အပြောခံရတာ ဒါ ပထမဆုံး အကြိမ်ပဲ။

ယန်ကျန့် အခြားသူများ စကားပြောရန် မစောင့်တော့ဘဲ ဆက်ပြောလိုက်သည်။

"ငါက ခေတ်တစ်ခေတ်က မွေးထုတ်ပေးလိုက်တဲ့ တစ်ခုတည်းသော ဖြစ်တည်မှုပဲ တစ္ဆေဆရာ ဆိုတဲ့ အဆင့်အတန်းကို စွန့်လွှတ်ပြီး နတ်ဘုရား တစ်ပါး အဖြစ် ခံယူရဲမှတော့ သေချာပေါက် အရာအားလုံးကို စွမ်းဆောင်နိုင်လို့ပေါ့ ငါတို့ကြားက ကွာဟချက်က သာမန်လူနဲ့ တစ္ဆေကြားက ကွာဟချက်လိုပဲ ကြည့်ရတာ ပုံစံတူပေမဲ့ တကယ်တမ်းကျတော့ လုံးဝ မတူညီတဲ့ ဖြစ်တည်မှု နှစ်ခုပဲ"

"နင်က ကျန်းတုံး ငါ့ကို ယှဉ်နိုင်မယ် ထင်နေတာလား ဒါဆိုရင် သူ လုပ်နိုင်မလုပ်နိုင် နင်တို့ကို ငါ ပြမယ်"

စကားဆုံးသည်နှင့် ယန်ကျန့်၏ နဖူးပေါ်ရှိ တစ္ဆေမျက်လုံးမှ သွေးနီရောင် အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် သူ၏ ဘေးတွင် ဝေဝါးသော ပုံရိပ်များစွာ ပေါ်လာသည်။ ဒီပုံရိပ်များက တစ်လွှာပြီး တစ်လွှာ ထပ်နေပြီး ဘယ်လောက်တောင် များပြားမှန်း မသိရပေ။ ထို့အပြင် ပုံရိပ်တိုင်းက ယန်ကျန့်နှင့် တစ်ပုံစံတည်း တူညီနေပြီး အားလုံးက တစ္ဆေမျက်လုံးကို ဖွင့်ထားကြသည်။

တစ္ဆေမျက်လုံးများမှ အနီရောင် အလင်းတန်းများ စုဆုံသွားပြီးနောက် အရည်အသွေး ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာကာ အနီရောင် တံခါးကြီး တစ်ချပ် အဖြစ် ပြောင်းလဲသွားတော့သည်။

ထိုအနီရောင် တံခါးကြီး ပွင့်သွားသည့် အခိုက်အတန့်တွင် လက်တွေ့ကမ္ဘာနှင့် သဘာဝလွန်နယ်မြေကြားက နယ်နိမိတ် ပြိုကွဲသွားပြီး ပစ္စုပ္ပန်နှင့် အတိတ်ကိုပင် ကျော်လွန်သွားတော့သည်။

တံခါး၏ တစ်ဖက်တွင် ရှေးဟောင်းအိမ်ကြီး တစ်လုံး၏ ဧည့်ခန်းမကြီးနှင့် ဆက်သွယ်နေသည်။

ဧည့်ခန်းမကြီး၏ အလယ်တွင် အသက်မဲ့နေပြီး သေဆုံးတော့မည့် အဘိုးကြီး တစ်ဦး ထိုင်နေသည်။

ထိုအဘိုးကြီးမှာ အခြားသူ မဟုတ်ဘဲ လွန်ခဲ့သော အနှစ်ခြောက်ဆယ်ကတည်းက မြှုပ်နှံထားခဲ့သော ကျန်းတုံးပင် ဖြစ်သည်။

"ကျန်းတုံးလား ဒါ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မုန်ရှောင်တုံး ယခုအခါ မျက်လုံးများ ပြူးကျယ်သွားပြီး အရေးအကြောင်းများ ပြည့်နှက်နေသော မျက်နှာပေါ်တွင် မယုံနိုင်မှုများ ပြည့်နှက်နေသည်။

ကျန်းယိုဟုန်၊ လိုချန်း၊ လိုဝမ်စုန်းနှင့် အခြားသူများလည်း အံ့အားသင့်သော အမူအရာများ ပေါ်လာကြသည်။

လက်တွေ့ကမ္ဘာနဲ့ သဘာဝလွန်နယ်မြေကြားက နယ်နိမိတ်ကို ချိုးဖျက်တာကို အသာထားဦး ဒီယန်ကျန့်က အဝေးကြီးမှာ ရှိနေတဲ့ အတိတ်ကိုတောင် ဆက်သွယ်နိုင်တာလား။

ဒါက တစ္ဆေဆရာတွေ လုပ်နိုင်တဲ့ ကိစ္စမျိုး ဟုတ်သေးလို့လား။

ရှေးဟောင်းအိမ်ကြီး အတွင်း ကျန်းတုံး ဟု အမည်ရသော ထိုအဘိုးကြီးသည် ယခုအခါ ခေါင်းကို အနည်းငယ် မော့လာပြီး ဝေဝါးနေသော မျက်လုံးများဖြင့် တံခါးအနောက်ရှိ လူများကို လိုက်ကြည့်လိုက်သည်။ ခဏတာ အံ့အားသင့်သွားပြီးနောက် အားတင်းကာ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး လေထဲတွင် ရုတ်တရက် ပေါ်လာသော အနီရောင် တံခါးကြီးဆီသို့ တွန့်ဆုတ်ခြင်း မရှိဘဲ လျှောက်သွားလိုက်သည်။

အဘယ်ကြောင့်ဆိုသော် တံခါးတစ်ဖက်ရှိ အဖွဲ့သားများက သူ၏ အကူအညီကို လိုအပ်နေသည်ဟု ကျန်းတုံး အလိုအလျောက် တွေးလိုက်သောကြောင့် ဖြစ်သည်။

သူ သေတော့မည် ဖြစ်သော်လည်း မသေခင် နောက်တစ်ကြိမ် လှုပ်ရှားပေးရန်မှာ မဖြစ်နိုင်သည့် ကိစ္စတော့ မဟုတ်ပေ။

သို့သော် သေတော့မည့် ဒီအဘိုးကြီးက အနီရောင် တံခါးကြီး အနီးသို့ ရောက်သွားသောအခါ တံခါးကြီးမှာ ပျက်စီးသွားမည့်ပုံ ပေါက်လာသည်။

"ရပ်လိုက်တော့ ငါ တစ်ယောက်တည်းပဲ မင်းဆီကို လာလို့ ရတယ် မင်းက အချိန်ရဲ့ အတားအဆီးကို ကျော်ဖြတ်ပြီး ငါ့ဆီကို လာလို့ မရဘူး"

ယန်ကျန့်၏ တည်ငြိမ်သော အသံက တံခါး၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

ကျန်းတုံး ကြားသည်နှင့် ခြေလှမ်း ရပ်တန့်သွားပြီး အိုမင်းသော အသံဖြင့် ပြောလိုက်သည်။

"ဒီလိုကိုး ကြည့်ရတာ အနာဂတ်မှာ တကယ်ပဲ အစွမ်းထက်တဲ့ လူတစ်ယောက် ပေါ်လာတာပဲ"

ပြောရင်း သူ၏ အကြည့်များက တံခါးအနောက်ရှိ အခြား အဖွဲ့သားများဆီသို့ ရောက်သွားပြန်သည်။

"အနာဂတ်ရဲ့ အခြေအနေက ဘယ်လိုလဲ"

ကျန်းပိုင်ဟွာ ချက်ချင်း ပြန်ဖြေလိုက်သည်။

"အကောင်းဆုံး အခြေအနေတွေ ပေါ်လာခဲ့ပြီ ငါတို့ သေသွားပြီးတဲ့ နောက်မှာ သဘာဝလွန်စွမ်းအားတွေ ပြန်နိုးထလာပြီး အဲဒီ ထူးခြားတဲ့သူ ပေါ်လာကာ သဘာဝလွန်ခေတ်ကြီးကို အပြီးတိုင် အဆုံးသတ်လိုက်ပြီ အခု ဒီကမ္ဘာပေါ်မှာ သဘာဝလွန်ဖြစ်ရပ်တွေ မရှိတော့ဘူး တစ္ဆေ အားလုံးကိုလည်း ပိတ်လှောင်ထားလိုက်ပြီ ငါတို့လည်း တိုက်ဖိန်ရှေးဟောင်းမြို့ရဲ့ ဝိညာဉ်ခေါ်သူက ခေါ်လိုက်လို့ ပြန်နိုးလာပြီး ကမ္ဘာသစ်ကို ကြည့်နေရတာ"

"ငါ့အတွက် တကယ် ကောင်းတဲ့ သတင်းပဲ ဒီလိုဆိုတော့ ငါလည်း မျက်စိမှိတ်ပြီး သေလို့ ရသွားပြီ"

ကျန်းတုံး၏ မျက်နှာအိုကြီးပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီးနောက် ယန်ကျန့်ကို ထပ်ကြည့်လိုက်ရာ ဒီလူကို သေချာ မှတ်သားထားချင်ပုံရသည်။

"မင်းက သဘာဝလွန်စွမ်းအားကို သုံးပြီး အချိန်ကို ကျော်ဖြတ်ကာ ငါနဲ့ လာတွေ့တာ ဒီကိစ္စ တစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး"

ယန်ကျန့်က ပြောလိုက်သည်။

"မင်းရဲ့ အဖွဲ့သားတွေက ဝိညာဉ်ခေါ်ပြီး ပြန်နိုးလာတော့ ငါ့ကို စမ်းသပ်ချင်နေကြတယ် ရလဒ်ကတော့ အပြတ်အသတ် ရှုံးသွားတာပေါ့ ပြီးတော့ မင်းကို ခေါ်ပြီး မျက်နှာပြန်ဆယ်ခိုင်းချင်ကြတယ် ဒါပေမဲ့ မင်းက ထူးခြားတော့ ဝိညာဉ်ခေါ်ပြီး ပေါ်လာအောင် လုပ်လို့ မရဘူး ဒါကြောင့် ငါ လာခဲ့တာ"

"သူတို့ကို အပြစ်မတင်ပါနဲ့ သဘာဝလွန်ခေတ်ကြီး အဆုံးသတ်သွားပြီ ဆိုမှတော့ ငါတို့ အဘိုးကြီးတွေလည်း အသုံးမဝင်တော့ဘူးလေ နောက်ပိုင်း ဒီကမ္ဘာပေါ်မှာ ပြန်ပေါ်လာဖို့လည်း မရှိလောက်တော့ဘူး ဒါကြောင့် နောက်ဆုံး အချိန်လေးမှာ လှုပ်ရှားကြည့်ချင်တာပါ မင်း သူတို့ကို မှတ်မိနေအောင်လို့ပါ"

"တကယ်လို့ မင်းလို ထူးခြားတဲ့ လူတစ်ယောက်ဆီမှာ ခြေရာလေး တစ်ခုလောက် ချန်ထားနိုင်မယ်ဆိုရင် သေချာပေါက် အရမ်း ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စပဲလေ"

"ဘာလို့လဲဆိုတော့ တကယ့် သေဆုံးခြင်း ဆိုတာ လူတွေ မေ့ပျောက်သွားတဲ့ အချိန်ကနေ စတင်တာမို့လို့ပဲ"

ကျန်းတုံး ယခုအခါ အနည်းငယ် ပြုံးလိုက်ပြီး ဒီလူဟောင်းကြီးတွေရဲ့ ရည်ရွယ်ချက်ကို ထောက်ပြလိုက်သည်။

သူတို့က သဘာဝလွန်စွမ်းအားတွေကို တစ်သက်လုံး တိုက်ခိုက်လာခဲ့တာ သေပြီးရင်တောင် ဝိညာဉ်ခေါ်ပြီး ပြန်ပေါ်လာဖို့ ပြင်ဆင်ထားခဲ့ကြတာလေ။

အခု ဒါက နောက်ဆုံးအကြိမ် ဝိညာဉ်ခေါ်တာ ဆိုတာကို သိလိုက်ရတော့ ပြီးတော့ နောက်ပိုင်း တိုက်ခိုက်စရာ တစ္ဆေတွေလည်း မရှိတော့ဘူး ဆိုတော့ ဒီအတိုင်း အေးအေးဆေးဆေး အဆုံးသတ်သွားဖို့ ဘယ်ကျေနပ်နိုင်ပါ့မလဲ။

"ဒါဆိုရင် မင်းရဲ့ သဘောထားကကော ငါနဲ့ လှုပ်ရှားကြည့်ချင်သေးလား"

ယန်ကျန့် မေးလိုက်သည်။

"မင်းက ဆယ်စုနှစ်ပေါင်းများစွာ ဆိုတဲ့ အချိန်ကို ကျော်ဖြတ်ပြီး ငါ့ဆီကို လာနိုင်တာ ငါက ဘယ်လိုလုပ် မင်းကို ယှဉ်နိုင်မှာလဲ ပြီးတော့ ငါ့ရဲ့ သက်တမ်းကလည်း သိပ်မကျန်တော့ဘူး နောက်ဆုံး ကိစ္စတွေ ပြင်ဆင်ရဦးမယ် ဒီနေ့ အနာဂတ်က ကိစ္စတချို့ကို သိလိုက်ရတာနဲ့တင် ငါ ကျေနပ်ပါပြီ"

ကျန်းတုံး ခေါင်းအနည်းငယ် ခါပြလိုက်ရာ ဒီအချိန်တွင် သူ အလွန် သဘောထား ကြီးနေပုံရသည်။

အနည်းဆုံးတော့ သူ တစ်သက်လုံး ကြိုးစားခဲ့တာတွေ အလကား မဖြစ်သွားဘူးလေ။

အနာဂတ်က တကယ်ပဲ မျှော်လင့်ချက် ရှိနေတာပဲ။

ယန်ကျန့် ဒီလို မြင်သောအခါ ထပ်မမေးတော့ဘဲ တစ္ဆေမျက်လုံး၏ အနီရောင် အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားကာ အတိတ်နှင့် ဆက်သွယ်ထားသော ဒီအနီရောင် တံခါးကြီးမှာလည်း လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

"အားလုံးပဲ ကောင်းကောင်းသွားကြပါ"

ကျန်းတုံး အနည်းငယ် ပြုံးကာ အရင်က အဖွဲ့သားများကို နောက်ဆုံး အနေဖြင့် နှုတ်ဆက်လိုက်သည်။

လိုချန်း၊ လိုဝမ်စုန်း၊ ကျန်းပိုင်ဟွာ၊ ကျန်းယိုဟုန်နှင့် အခြားသူများ အားလုံး ပြုံးလျက် ပြန်လည် နှုတ်ဆက်ကြသည်။

ဒီအချိန်တွင် သူတို့ ပြန်လည် ဆုံစည်းခွင့် ရလိုက်တာက အရင်က အချိန် တစ်ခုကို ပြန်ရောက်သွားသလိုပါပဲ နှမြောစရာ ကောင်းတာက ဒီလို အချိန်လေးက အရမ်း တိုတောင်းလွန်းတယ် ဒါပေမဲ့လည်း ကျေနပ်စရာပါပဲ ဘာလို့လဲဆိုတော့ သူတို့ သေသွားတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီကို အနာဂတ် အသစ်တစ်ခုကို မြင်တွေ့လိုက်ရတာက ဒီဘဝအတွက် မနှမြောစရာပါပဲ။

မုန်ရှောင်တုံး ယခုအခါ မျက်ရည်များ ဝဲနေသည်။ ရင်ထဲတွင် ဘယ်လောက်ပဲ မနှမြောနိုင်ဖြစ်နေပါစေ ဒီနောက်ဆုံးအကြိမ် ခွဲခွာမှုကို လက်ခံရုံသာ ရှိတော့သည်။

"ရှောင်တုံး တောင်းပန်ပါတယ်"

ကျန်းတုံး နောက်ဆုံး အနေဖြင့် မုန်ရှောင်တုံးကို ကြည့်လိုက်ချိန်တွင် မျက်လုံးထဲ၌ အနည်းငယ် အားနာမှုများ ပါဝင်နေသည်။

ထို့နောက် လူတိုင်း အံ့အားသင့်နေချိန်တွင် ကျန်းတုံး၏ အိုမင်းနေသော လက်ဝါးက အနီရောင် တံခါးထဲသို့ ဝင်ရောက်လာပြီး အချိန်ကို ကျော်ဖြတ်ထားသော သဘာဝလွန်စွမ်းအား မပျောက်ကွယ်မီလေးတွင် မုန်ရှောင်တုံး၏ ရှေ့သို့ ရောက်ရှိလာကာ ထိုအိုမင်းနေသော မျက်နှာပေါ်မှ မျက်ရည်တစ်စက်ကို သုတ်ပေးလိုက်သည်။

ဒီနောက်ဆုံး ကိစ္စကို လုပ်ပြီးသွားပြီးနောက် သဘာဝလွန် တံခါးကြီး ပျောက်ကွယ်သွားပြီး အနာဂတ်နှင့် ပစ္စုပ္ပန် နောက်တစ်ကြိမ် ထပ်မံ ခြားနားသွားတော့သည်။

အရာအားလုံး၏ ခြေရာများ လုံးဝ ပျောက်ကွယ်သွားတော့သည်။

"သူ တကယ် လုပ်နိုင်တာပဲ"

ယန်ကျန့် မျက်လုံး အနည်းငယ် ကျဉ်းသွားပြီး ကျန်းတုံး ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်နေသည်။

"ဟားဟား ဆန္ဒတွေ ပြည့်ဝသွားပြီ အရာအားလုံး ပြီးဆုံးသွားပြီ ဝိညာဉ်ခေါ်ထားတဲ့ အချိန်လည်း ပြည့်တော့မယ် ငါလည်း သွားသင့်ပြီ"

ကျန်းပိုင်ဟွာ ယခုအခါ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်သံက အလွန် လွတ်လပ်ပေါ့ပါးနေပြီး နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့သော စိတ်ဖိစီးမှုများ အားလုံး စောစောက အရာအားလုံးနှင့်အတူ လုံးဝ ပျောက်ကွယ်သွားသကဲ့သို့ပင်။

ရယ်မောနေစဉ်မှာပင် ကျန်းပိုင်ဟွာ၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြိုကွဲလာပြီး မီးခိုးငွေ့ အဖြစ် ပြောင်းလဲကာ လေထဲတွင် လွင့်ပျောက်သွားတော့သည်။

"ဟုတ်တယ် ဒီခေတ်ကြီးမှာ တစ္ဆေတွေကို ဖမ်းချုပ်ပေးမယ့် နတ်ဘုရား တစ်ပါး ရှိနေပြီဆိုတော့ ငါတို့ ဘာစွဲလမ်းစရာ ရှိတော့မှာလဲ ကြိုးစားခဲ့သမျှ အားလုံးက တန်ဖိုးရှိပါတယ်"

လိုချန်းလည်း ဝမ်းသာသော အပြုံးတစ်ခု ပေါ်လာပြီး ခန္ဓာကိုယ်မှာလည်း ပြိုကွဲပျောက်ကွယ်သွားကာ အလွန် လွတ်လပ်ပေါ့ပါးစွာ ထွက်ခွာသွားတော့သည်။

"အနာဂတ်မှာ မင်း ရှိနေတာ တကယ် အံ့ဩစရာပဲ"

လီချင့်ကျိက ယန်ကျန့်ကို ကြည့်ကာ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် အရပ်ရှည်သော ပုံရိပ်ကြီးလည်း ပျောက်ကွယ်သွားတော့သည်။

မုန်ရှောင်တုံး ယခုအခါ ကျန်းတုံး ပျောက်ကွယ်သွားသည့် နေရာကိုသာ အမြဲ ကြည့်နေသည်။ သူမ ငေးမောနေပြီး နှုတ်ခမ်းထောင့်တွင် မိန်းမငယ်လေး တစ်ယောက်လို အပြုံးတစ်ခု ပေါ်လာသည်။ သူမ၏ မှတ်ဉာဏ်များက အရင်အချိန်များကို ပြန်ရောက်သွားပြီး ကျန်းတုံးကို ပထမဆုံး တွေ့ခဲ့ရသည့် အချိန်ဆီသို့ ပြန်ရောက်သွားသကဲ့သို့ ထိုလှပသော မှတ်ဉာဏ်များထဲတွင် သူမလည်း ဒီကမ္ဘာကြီးမှ ထွက်ခွာသွားတော့သည်။

"ငါ့အချိန်လည်း ပြည့်တော့မယ်"

ကျန်းယိုဟုန် ယခုအခါ ရင်ဖုံးအင်္ကျီများ ကွာကျလာပြီး ခန္ဓာကိုယ်မှာလည်း မီးခိုးငွေ့ အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ သို့သော် သူမသည် ထိုဆွဲဆောင်မှု ရှိသော အပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

"ယန်ကျန့် ငါ နိုးလာတဲ့ ဒီအချိန်လေး အတွင်းမှာ တခြား ငါ တစ်ယောက် အသက်ရှင်နေသေးတယ် ဆိုတာကို ငါ ခံစားမိတယ် အချိန် တွက်ကြည့်ရရင် အဲဒါ ငါ့ရဲ့ တတိယ ဘဝ ဖြစ်ရမယ် တကယ်လို့ ဖြစ်နိုင်ရင် မင်း သူ့ကို ရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်"

"နင့်ကို ရှာတွေ့ရင် နင့်ကို ငရဲပြည်ထဲ ပိတ်လှောင်လိုက်မှာကို မကြောက်ဘူးလား"

ယန်ကျန့်၏ မျက်လုံးများ လှုပ်ရှားသွားသည်။

"အနာဂတ်က အရမ်း ရှည်လျားပါတယ်"

ကျန်းယိုဟုန် ဒီစကားတစ်ခွန်းကို ချန်ထားခဲ့ပြီးနောက် လုံးဝ ပျောက်ကွယ်သွားတော့သည်။

သမ္မတနိုင်ငံခေတ်က ထိပ်တန်း တစ္ဆေဆရာများ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားကြသည်။

နောက်ဆုံးတွင် အရင်က တစ္ဆေစာပို့ရုံး၏ မန်နေဂျာ လိုဝမ်စုန်း တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။

သို့သော် လိုဝမ်စုန်း၏ အချိန်လည်း ပြည့်သွားပြီ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်မှာလည်း မီးခိုးငွေ့ အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ သို့သော် နောက်ဆုံးတွင် သူ ညည်းတွားလိုက်သည်။

"လူငယ်လေး မင်း ပြောတာ မှန်တယ် ငါတို့ အားလုံး ပေါင်းရင်တောင် မင်းကို မယှဉ်နိုင်ပါဘူး ငါ့ရဲ့ ဒီဘဝ နောက်ဆုံး အချိန်မှာ မင်းနဲ့ တွေ့ရတာ တကယ် ကံကောင်းတာပဲ"

သူ၏ ရင်ထဲတွင်လည်း လွတ်မြောက်သွားပြီ ဖြစ်ရာ နောက်ဆုံးတွင် ပြုံးလျက် ထွက်ခွာသွားတော့သည်။

မကြာမီ ပုံမှန်မဟုတ်သော အရာများ အားလုံး ပျောက်ကွယ်သွားတော့သည်။

တိုက်ဖိန်မြို့လေး၏ ဘိုးဘွားဗိမာန်ရှေ့တွင် နောက်တစ်ကြိမ် ငြိမ်သက်သွားပြန်သည်။

"တော်ပါသေးတယ် ကိစ္စတွေ သိပ်မဆိုးရွားသွားလို့"

ဟဲယင်အာ ဒီမြင်ကွင်းကို မြင်သောအခါ ရင်ထဲတွင် သက်ပြင်းချနိုင်သွားသည်။

ဒီသမ္မတနိုင်ငံခေတ်က တစ္ဆေဆရာတွေနဲ့ ယန်ကျန့်က အစွမ်းကုန် မတိုက်ခိုက်ကြလို့ တော်သေးတာပေါ့ မဟုတ်ရင် တိုက်ဖိန်မြို့လေး အကောင်းအတိုင်း ကျန်ပါ့မလား ဆိုတာတောင် မသေချာဘူး။

ယန်ကျန့်သည် လူတိုင်း ထွက်သွားသည်ကို ကြည့်နေပြီးနောက် နောက်ဆုံးမှ ဟဲယင်အာကို ကြည့်ကာ ပြောလိုက်သည်။

"နောက်တစ်ခါ နင် ဝိညာဉ်ခေါ်တဲ့ အခါကျရင် ငါ့နာမည်ကို လွယ်လွယ်နဲ့ မခေါ်နဲ့ ငါ ပေါ်လာတာက သဘာဝလွန်စွမ်းအားတွေကို တိုက်ခိုက်ပြီး တစ္ဆေတွေကို ဖမ်းချုပ်ဖို့ သက်သက်ပဲ"

"ဒါက ငါနဲ့ ဘာမှ မဆိုင်ဘူးနော် အဲဒီ သမ္မတနိုင်ငံခေတ်က လူကြီးတွေက နင့်အပေါ် ဒီလောက် စွဲလမ်းနေလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး ဒါပေမဲ့ နင့်ရဲ့ ဖြစ်တည်မှုက ငါ့ကို အံ့ဩစေတယ် ဒီအနှစ်ခြောက်ဆယ် အတွင်းမှာ ဘာတွေများ ဖြစ်ခဲ့တာလဲ လူတွေ အများကြီးက နင့်ကို စောင့်နေခဲ့ကြတယ် ဒါပေမဲ့ နောက်ဆုံး အချိန်အထိ နင့်ကို မစောင့်နိုင်ခဲ့ကြဘူး"

ဟဲယင်အာက ပြောလိုက်သည်။

ယန်ကျန့် အကြည့်လွှဲကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"သဘာဝလွန်ခေတ်ကြီးကို အဆုံးသတ်ဖို့က ပေးဆပ်ရတာတွေ ရှိတယ် ငါ့ရဲ့ ပေးဆပ်မှုက အဲဒီ အနှစ်ခြောက်ဆယ်ပဲ"

"ကောင်းကောင်း နေပါ အားရင် တာချန်းမြို့ကို လာပြီး လက်ဖက်ရည် လာသောက်လှည့်ဦး အဲဒီ ကျန်းယိုဟုန် ပြောတာ မှန်တယ် အနာဂတ်က အရမ်း ရှည်လျားပါတယ်"

ပြောပြီးနောက် သူ နောက်လှည့်သွားရာ မျက်စိရှေ့တွင် ကောင်းကင်သို့ ဦးတည်နေသော ရွှေရောင် လှေကားထစ်များ နောက်တစ်ကြိမ် ထပ်မံ ပေါ်လာပြန်သည်။

ယန်ကျန့် ထိုလှေကားထစ်များကို နင်းကာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် လုံးဝ မမြင်ရတော့ပေ。

အခန်း ၁၆၁၀ - ဇာတ်လမ်းခွဲ (ဝမ်ဖျင်)

ယန်ကျန့် ပျောက်ကွယ်သွားပြီးနောက် တိုက်ဖိန်မြို့လေး၏ ဘိုးဘွားဗိမာန်မှာ ဒီအတိုင်း တိတ်ဆိတ်သွားခြင်း မရှိခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ဟဲယင်အာက သမ္မတနိုင်ငံခေတ်က လူဟောင်းများကို ဝိညာဉ်ခေါ်ပြီးနောက် ယန်ကျန့်သည် သဘာဝလွန်ခေတ်ကြီးကို အပြီးတိုင် အဆုံးသတ်နိုင်ပြီ ဖြစ်ကြောင်း ပို၍ သေချာသွားခဲ့သည်။ ထို့ကြောင့် သူမသည် ဝိညာဉ်ခေါ်သူ၏ တာဝန်ကို လုံးဝ ချထားလိုက်နိုင်ပြီ ဖြစ်သည်။

"အတိတ်က အရာအားလုံးကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ"

ဟဲယင်အာ ယန်ကျန့် ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ပြီးနောက် ဘိုးဘွားဗိမာန်ထဲသို့ ထပ်မံ ဝင်ရောက်သွားခဲ့သည်။

ဒီနေ့ မူလက တိတ်ဆိတ်ခြောက်ကပ်နေသော ဘိုးဘွားဗိမာန်ထဲတွင် ထူးဆန်းသော မီးခိုးငွေ့များ အလွှာလိုက် ပျံ့နှံ့လာသည်။ ထိုမီးခိုးငွေ့များထဲတွင် လူအများအပြား ပေါ်လာပြီး ထိုလူများ၏ ဝတ်စားဆင်ယင်မှုမှာ ယခုခေတ် လူများနှင့် လုံးဝ မတူညီဘဲ ဆယ်စုနှစ်ပေါင်းများစွာ ကွာဟနေသကဲ့သည်။

တိုက်ဖိန်မြို့လေးမှ နေထိုင်သူ အချို့သည် ဘိုးဘွားဗိမာန်ထဲမှ စည်ကားနေသော အသံမျိုးစုံကို ကြားလိုက်ရသည်။ လူအချို့ ကျယ်လောင်စွာ ရယ်မောနေကြပြီး လူအချို့က နောက်ပြောင်နေကြကာ လူအချို့ကလည်း ပျော်ရွှင်စွာ သီချင်းဆိုနေကြသည်... တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ခံထားရသော ဘိုးဘွားဗိမာန်ထဲတွင် ကြီးကျယ်ခမ်းနားသော ပွဲကြီးတစ်ခု ကျင်းပနေပြီး လူအများအပြား ပါဝင်ဆင်နွှဲနေသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ပျော်ရွှင်ရသော အချိန်မှာ အလွန် တိုတောင်းလှသည်။

ခဏအကြာတွင် ထိုစည်ကားနေသော အသံများ အားလုံး ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ် ထပ်မံ မပေါ်လာတော့ပေ။

ထိုနေ့မှစ၍ ဘိုးဘွားဗိမာန်ထဲရှိ ကမ္ပည်းပြားများ အားလုံး ပျောက်ကွယ်သွားခဲ့သည်။

ဘိုးဘွားဗိမာန်တွင် အမြဲ နေထိုင်စောင့်ရှောက်ခဲ့သော ဟဲယင်အာလည်း ပျောက်ဆုံးသွားခဲ့သည်။

သူမ ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြသလို ထိုနေ့က ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကိုလည်း ဘယ်သူမှ မသိကြပေ။

သိရတာကတော့ အဲဒီနောက်ပိုင်း တိုက်ဖိန်မြို့လေးဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေ နည်းသွားပြီး အိုမင်းပျက်စီးလာမှုတွေ ပိုများလာတယ်။ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က အသစ်တည်ဆောက်ခဲ့တဲ့ ဒီရှေးဟောင်းမြို့လေးဟာလည်း သက်တမ်း ကုန်ဆုံးသွားပြီ ဖြစ်ပုံရတယ်။ ဒေသခံတွေ အမြဲတမ်း ရှောင်ကြဉ်ခဲ့ရတဲ့ တားမြစ်နယ်မြေ ဆိုတာတွေကို နောက်ပိုင်း သွားရောက် လည်ပတ်ကြည့်တဲ့အခါ ဘာမှ ထူးခြားတာ မရှိဘူးလို့ တွေ့ရတယ်။ ထူးဆန်းတယ်ဆိုတဲ့ ကိစ္စတွေကလည်း လူကြီးတွေက တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ပြောလာခဲ့ကြတာ သက်သက်ပဲ လုံးဝ ယုံကြည်စရာ မရှိဘူး။

သို့သော် တိုက်ဖိန်မြို့လေးနှင့် သိပ်မဝေးသော တာယွမ်မြို့၏ ရှေးဟောင်းပုံစံ လမ်းတစ်ခုပေါ်တွင် အသက် ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ် အရွယ် မိန်းကလေး တစ်ဦး ယခုအခါ လမ်းပေါ်တွင် အေးအေးဆေးဆေး လျှောက်သွားနေသည်။ ဒီမိန်းကလေး၏ အမူအရာနှင့် အငွေ့အသက်မှာ ပတ်ဝန်းကျင်ရှိ လူများနှင့် လုံးဝ ကွဲပြားနေပြီး ပြောမပြတတ်အောင် ထူးခြားမှုကို ခံစားရစေသည်။

ထို့အပြင် ဒီမိန်းကလေး၏ ဝတ်စားဆင်ယင်မှုမှာ အနည်းငယ် ထူးဆန်းနေသည်။ သူမသည် အနီရောင် ရင်ဖုံးအင်္ကျီကို ဝတ်ဆင်ထားပြီး သွေးလို နီရဲနေသော ဒေါက်မြင့်ဖိနပ် တစ်ရံကို စီးကာ လက်ထဲတွင် ဖြူဖျော့သော စက္ကူထီး တစ်လက်ကို ဆောင်းထားသည်။

အနီနှင့် အဖြူ ပေါင်းစပ်မှု၊ အရောင်များ ဆန့်ကျင်ဘက် ဖြစ်မှုက ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကို ကြီးမားစွာ ဆွဲဆောင်နိုင်သည်။

သို့သော် အနီးနားရှိ လမ်းသွားလမ်းလာများက ဒီမိန်းကလေးကို မမြင်ရသကဲ့သို့ ဘေးမှ ဖြတ်သွားလျှင်တောင် တစ်ချက်လေးမျှ သတိမထားမိကြပေ။ ဒီမိန်းကလေးက မြို့ထဲတွင် လှည့်လည်သွားလာနေသော တစ္ဆေ တစ်ကောင်လို ကိုယ့်ဘေးနားမှာ ရှိနေပေမဲ့ မြင်လို့မရတဲ့ အတိုင်းပဲ။

မိန်းကလေးသည် လမ်းလျှောက်ရင်း သီချင်းလေး တစ်ပုဒ်ကို တိုးတိုးလေး ညည်းဆိုနေသည်။ အဲဒါက သမ္မတနိုင်ငံခေတ်က သံစဉ်လေး ဖြစ်ပြီး ဟောင်းနွမ်းနေသော်လည်း သာယာနာပျော်ဖွယ် ကောင်းသည်။

"ဒါက နင့်ရဲ့ တတိယဘဝ ပုံစံလား ငါ နင့်ကို ကျန်းယိုဟုန်လို့ ခေါ်ရမလား ဒါမှမဟုတ် လျိုချင်းချင်း ဒါမှမဟုတ် ဟုန်ချယ် လို့ ခေါ်ရမလား"

အေးစက်သော အသံတစ်ခုက လမ်းမ၏ ကောင်းကင်ယံတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

မိန်းကလေး ခြေလှမ်း ရပ်တန့်သွားပြီး ဟောင်းနွမ်း သာယာသော သမ္မတနိုင်ငံခေတ် သီချင်းသံလေးလည်း ရုတ်တရက် ရပ်တန့်သွားသည်။ သူမက အနည်းငယ် အံ့အားသင့်စွာဖြင့် ခေါင်းမော့ကာ ကောင်းကင်ယံကို ကြည့်လိုက်သည်။

ကောင်းကင်ယံက အရင်ကလိုပဲ သာမန်ပါပဲ ဒါပေမဲ့ နည်းနည်းလေးတော့ ထူးခြားနေတယ်။

အဘယ်ကြောင့်ဆိုသော် ယခုအခါ ခေါင်းပေါ်ရှိ နေမင်းကြီးက အေးစက်နေပြီး အပူချိန် တစ်စက်မျှ မရှိသောကြောင့် ဖြစ်သည်။

ဒီအသေးစိတ် အချက်လေးကို ပတ်ဝန်းကျင်က လမ်းသွားလမ်းလာတွေ သတိမထားမိကြတာပဲ ရှိတယ်။

"ယန်ကျန့်..."

မိန်းကလေး ပြုံးလိုက်သည်။ သူမ အသက်ငယ်သေးသော်လည်း သူမ၏ အပြုံးက အမြဲတမ်း ပေါ့ပျက်ပျက် နိုင်ပြီး ထူးဆန်းသော အငွေ့အသက် အနည်းငယ် ပါဝင်နေသည်။

"နင် ပေါ်လာတာက အမြဲတမ်း လူကို အံ့အားသင့်စေတာပဲ ဒါပေမဲ့ အခု ငါက ဟုန်ချယ်လည်း မဟုတ်ဘူး ကျန်းယိုဟုန်လည်း မဟုတ်ဘူး လျိုချင်းချင်းလည်း ပိုလို့တောင် မဟုတ်သေးဘူး ငါ့နာမည်က လီဇီမေ့ ပြီးတော့ အခု ငါ့မှာ ငါ့ကို ချစ်တဲ့ မိဘတွေ ရှိရုံတင် မကဘူး ဆော့တတ်တဲ့ မောင်လေး တစ်ယောက်တောင် ရှိသေးတယ် နင် မထင်ထားဘူး မဟုတ်လား ကံဆိုးတဲ့ လူတစ်ယောက်က နောက်ဆုံးမှာ ပျော်ရွှင်တဲ့ မိသားစု တစ်ခုကို ပိုင်ဆိုင်ခွင့် ရလိမ့်မယ်လို့"

"ဒါဆိုရင်လည်း ကောင်းကောင်း တန်ဖိုးထားပါ ဒါပေမဲ့ ငါ နင့်ကို အမြဲတမ်း စောင့်ကြည့်နေမှာပဲ..."

အသံက တဖြည်းဖြည်း ဝေးကွာသွားပြီး နောက်ဆုံးတွင် လုံးဝ မကြားရတော့ပေ။

ထို့နောက် ကောင်းကင်ယံရှိ ပြောမပြတတ်သော ပုံမှန်မဟုတ်မှုများလည်း ပျောက်ကွယ်သွားတော့သည်။

ခေါင်းပေါ်ရှိ နေရောင်ခြည်က နောက်တစ်ကြိမ် ထပ်မံ နွေးထွေးလာပြန်သည်။

"သွားပြီလား"

လီဇီမေ့ တိုးတိုးလေး ရေရွတ်လိုက်ပြီး ခေါင်းထဲတွင် အတိတ်က မှတ်ဉာဏ်များ အဆက်မပြတ် ထွက်ပေါ်လာသည်။

"ကျန်းယိုဟုန် ဟုတ်လား တကယ်ကို ဟောင်းနွမ်းနေတဲ့ နာမည် တစ်ခုပါပဲ နင် သတိမပေးရင် အရင်က ငါ့မှာ ဒီလို နာမည်မျိုး ရှိခဲ့ဖူးတယ် ဆိုတာကိုတောင် ငါ မေ့တော့မလို့"

"သမ္မတနိုင်ငံခေတ်... အရမ်းကို ဝေးကွာသွားပြီပဲ"

တစ်ချိန်တည်းမှာပင်…

တာဟန်မြို့၊ ရွှမ်ချောင်မြို့လေး….

မူလတန်းကျောင်း တစ်ကျောင်း၏ ဆရာများ ရုံးခန်းထဲတွင်။

အသက် သုံးဆယ်ကျော် အရွယ် အမူအရာ သိမ်မွေ့သော အမျိုးသား တစ်ဦး ယခုအခါ ကုလားထိုင်ပေါ်တွင် ထိုင်ကာ သတင်းစာ တစ်စောင်ကို ဖတ်နေသည်။

သတင်းစာက မကြာသေးမီကမှ ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ကမ္ဘာပေါ်တွင် ဂယက် အတော်လေး ရိုက်သွားခဲ့သည်။

အထဲရှိ အကြောင်းအရာများက အလွန် ထူးခြားပြီး စာကြောင်းတိုင်းက ဒီကမ္ဘာပေါ်တွင် ကြောက်စရာကောင်းသော တစ္ဆေများ ရှိနေကြောင်းနှင့် သာမန်လူများ တွေ့ပါက မခုခံနိုင်ကြောင်း ဖော်ပြနေသည်။ ထို့အတွက် စာရေးသူက သက်သေ အထောက်အထား အများအပြားကိုလည်း တင်ပြထားသည်။ ထို့အပြင် အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် သာမန်လူများ တစ္ဆေများကို မည်သို့ ခုခံရမည်ဆိုသည့် နည်းလမ်းများကိုလည်း သတင်းစာတွင် သင်ပေးထားသည်။

နည်းလမ်းက အလွန် ရိုးရှင်းပြီး တစ်ခုတည်းသာ ရှိသည်။ အဲဒါက အန္တရာယ် ရောက်လာချိန်မှာ နာမည် တစ်ခုကို ခေါ်ဖို့ ကြိုးစားရမှာပဲ... နတ်ဘုရား ယန်ကျန့် တဲ့။

"နတ်ဘုရား ယန်ကျန့် လား"

အမျိုးသားက သတင်းစာကို ချထားလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဒါပေမဲ့ သဘာဝလွန်ခေတ်ကြီး တစ်ခုလုံးကို တစ်ယောက်တည်း ထမ်းပိုးရတာက အရမ်း နာကျင်ရတဲ့ ကိစ္စပဲ အနာဂတ်မှာ မင်း တစ်ယောက်တည်း အထီးကျန်စွာ လျှောက်လှမ်းရလိမ့်မယ် ဒါပေမဲ့ မင်း လုပ်နိုင်မယ်လို့ ငါ ယုံကြည်ပါတယ် ဘာပဲဖြစ်ဖြစ် အခု မင်းက တကယ့် နတ်ဘုရား တစ်ပါး ဖြစ်နေပြီပဲ"

"ကျန်းရှန်းကွမ်"

ထိုအချိန်တွင် ရုံးခန်း အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ အသက် ငါးဆယ်ခန့် အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူမက အော်ခေါ်ရင်း လောဆော်လိုက်သည်။

"နင် အပျင်းတစ်ပြီး သတင်းစာ ဖတ်နေပြန်ပြီလား အတန်းတက်ရတော့မယ် စာသင်ခန်းထဲမှာ ကျောင်းသားတွေ စောင့်နေကြပြီ"

"အခု လာပြီ"

ကျန်းရှန်းကွမ် လက်ထဲရှိ သတင်းစာကို ချထားလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ပြီးတော့ ငါ့နာမည်ကို မခေါ်နဲ့ ငါ့ကို ဆရာလို့ ခေါ်ဖို့ မှတ်ထား ကျောက်ရှောင်ယာ"

"နင့်ပုံစံက အရမ်း ငယ်နေတော့ ငါက နင့်ကို ဆရာလို့ ခေါ်ရင် လူတွေ ပိုပြီး သံသယ မဝင်သွားဘူးလား"

ကျောက်ရှောင်ယာက ပြောလိုက်သည်။

ကျန်းရှန်းကွမ် ရုတ်တရက် ပြုံးလိုက်သည်။

"အဲဒါလည်း ဟုတ်တာပဲ ငါ ဒါကို မေ့နေတာ"

သူ စောစောက ကိစ္စကို ဂရုမစိုက်တော့ဘဲ မတ်တပ်ရပ်ကာ ကျောင်းသားများကို စာသင်ပေးရန် ပြင်ဆင်လိုက်သည်။

"ဒါနဲ့ နင့်ကို ကိစ္စ တစ်ခု ပြောရဦးမယ် အခုတလော ငါ အိပ်တဲ့ အချိန် ပိုပို ရှည်လာတယ် အိပ်ပျော်သွားတိုင်း သတိမလည်တော့သလိုပဲ မနေ့ကဆို ငါ အိပ်တာ ဆယ့်ငါးနာရီတိတိ ကြာတယ် ဒါ ဘာဖြစ်တာလဲ ဆိုတာ နင် သိလား"

ကျောက်ရှောင်ယာက မေးလိုက်သည်။

ကျန်းရှန်းကွမ်၏ အပြုံး ချက်ချင်း ရပ်တန့်သွားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

"သဘာဝလွန်စွမ်းအားနဲ့ ထိတွေ့မိတဲ့ လူတိုင်းက ကံဆိုးကြတာပဲ နင့်ရဲ့ ဒီအခြေအနေက တစ္ဆေအိပ်မက် ကမ္ဘာထဲမှာ နေခဲ့လို့ ကျန်ခဲ့တဲ့ နောက်ဆက်တွဲ ပြဿနာပဲ ဒါပေမဲ့ မကြောက်ပါနဲ့ ပြဿနာ တစ်ခုခု ဖြစ်လာရင် ငါ ဖြေရှင်းပေးပါ့မယ်"

ဒီလို ပြောလိုက်သော်လည်း ဒါက ကျောက်ရှောင်ယာ၏ သက်တမ်း ကုန်ဆုံးတော့မည့် လက္ခဏာ ဆိုသည်ကို သူ ရင်ထဲတွင် သိနေသည်။

အနှစ်ခြောက်ဆယ် ကြာပြီးနောက် ကျောက်ရှောင်ယာက သဘာဝလွန်စွမ်းအားများ၏ သက်ရောက်မှုကြောင့် အိုမင်းရင့်ရော် မသွားခြင်းက ကောင်းသော ကိစ္စ တစ်ခု ဖြစ်သော်လည်း သဘာဝလွန်စွမ်းအားများ၏ ဆိုးကျိုးများကိုတော့ သူမ ခံစားရမည် ဖြစ်သည်။

ဖြစ်နိုင်တာက မကြာခင် အချိန်တွင်း တစ်ညမှာ ကျောက်ရှောင်ယာဟာ ထာဝရ အိပ်မောကျသွားပြီး ဘယ်တော့မှ ပြန်မနိုးလာတော့တာ ဖြစ်နိုင်ပါတယ်။

သို့သော် သူ ကျန်းရှန်းကွမ်ကော ဒီလို မဟုတ်ဘူးလား။

ပုံမှန်မဟုတ်သော ဖြစ်တည်မှုတွေတောင် သေဆုံးရမယ့် နေ့ရက် ရှိတာပဲ။

သူ အခုချိန်ထိ အသက်ရှင်နိုင်တာက ဒီအနှစ်ခြောက်ဆယ် အတွင်းမှာ သဘာဝလွန်စွမ်းအားတွေကို လုံးဝ အသုံးမပြုခဲ့လို့ပဲ။ သို့သော် ဒီလို ဖြစ်နေသည့်တိုင်အောင် သူ၏ ကန့်သတ်ချက် ရောက်လာတော့မည်ကို ကျန်းရှန်းကွမ် ခံစားနေရသည်။

ရုံးခန်းထဲမှ ထွက်လာသောအခါ နေရောင်ခြည်အောက်ရှိ ကျန်းရှန်းကွမ်၏ ခန္ဓာကိုယ်မှာ ယခုအခါ အနည်းငယ် ဝေဝါးနေပြီး အချိန်မရွေး ပျောက်ကွယ်သွားမည့်ပုံ ပေါက်နေသော်လည်း မကြာမီ ထိုဝေဝါးနေသော ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ပုံမှန် ပြန်ဖြစ်သွားသည်။

သို့သော် ဒီကိစ္စကို ကျန်းရှန်းကွမ် ဂရုမစိုက်ပေ။ သူသည် မလှမ်းမကမ်းတွင် ကျောင်းသားများ ကစားနေသော အားကစားကွင်းကို တစ်ချက် ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ဒီလိုဆိုရင် လုံလောက်ပါပြီ"

သူ စိတ်ကျေနပ်သွားပြီး ဘာမှ နောင်တမရှိတော့ပေ။ ကိုယ့်ဘဝ မဆုံးဆုံးခင်မှာ ကျန်နေသေးတဲ့ တန်ဖိုးလေးတွေကို အသုံးချလိုက်ရုံပဲ။

ရက်အနည်းငယ် အကြာတွင်။

တာတုန်းမြို့၏ မြို့တွင်း ဧရိယာ၊ နာမည်ကြီး တရုတ် လက်ဖက်ရည်ဆိုင် တစ်ဆိုင်

ဒီနေ့ မနက်ခင်းတွင် လက်ဖက်ရည်ဆိုင်၏ ထောင့်တစ်နေရာရှိ သတိမထားမိသော စားပွဲ တစ်လုံးတွင် လူတစ်ယောက် ထိုင်နေသည်။ ထိုလူမှာ ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး ဖြစ်ပြီး ယခုအခါ ခေါင်းငုံ့ကာ အရူးအမူး စားသောက်နေသည်။ ထိုအမျိုးသား၏ စားပွဲရှေ့တွင် စားပြီးသား ပန်းကန်ပြား အလွတ်များ အများအပြား စုပုံနေသည်။

အနီးနားရှိ စားပွဲထိုးများက ဒီအခြေအနေကို ကြည့်ပြီး အချင်းချင်း ကြည့်ကာ အနားမကပ်ရဲကြပေ။

အဘယ်ကြောင့်ဆိုသော် ဒီအမျိုးသားက ပုံမှန် မဟုတ်သောကြောင့် ဖြစ်သည်။ သူ စားသွားသော အစားအစာများက သာမန်လူ တစ်ယောက် စားနိုင်သည့် ပမာဏထက် ဆယ်ဆမက ပိုများနေသည့်အပြင် ဒီလူ၏ ပုံစံကလည်း သာမန် မဟုတ်ပေ။ သူ၏ မျက်လုံးများက အသက်မဲ့နေပြီး ရှေ့ကို တည့်တည့် စိုက်ကြည့်နေကာ တစ်ကိုယ်လုံးမှလည်း အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး... အလောင်း တစ်လောင်းနှင့်ပင် တူနေသည်။

"သွား သူဋ္ဌေးကို ဖုန်းဆက်ပြီး အကြောင်းကြားလိုက်"

စားပွဲထိုးက ဒီမြင်ကွင်းကို မြင်သောအခါ ကိုယ့်သဘောနှင့်ကိုယ် မဆုံးဖြတ်ရဲပေ။

ဒါက ကိစ္စသေးသေးလေး တစ်ခုလို့ ထင်ခဲ့ပေမဲ့ ဒီကိစ္စကို အထက်ကို သတင်းပို့လိုက်တာနဲ့ ဒီစားသောက်ဆိုင် သူဋ္ဌေးရဲ့ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

မကြာမီ စားသောက်ဆိုင် တံခါးဝသို့ ကားတစ်စီး ဆိုက်ရောက်လာသည်။

ကားတံခါး ပွင့်သွားပြီး အသက် ခြောက်ဆယ်ခန့် အရွယ် ရိုးရှင်းစွာ ဝတ်ဆင်ထားကာ မျက်နှာထား လေးနက်သော အမျိုးသား တစ်ဦး ဆင်းလာသည်။

သူ့နာမည်က ဝမ်ဖျင် ဖြစ်သည်။ တာတုန်းမြို့တွင် မွေးဖွားကြီးပြင်းလာပြီး ဒီစားသောက်ဆိုင်ကို ဖွင့်လှစ်လာခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သည်။ သူ့ကို သိသော သူများက သူသည် စားသောက်ဆိုင် သူဋ္ဌေး တစ်ယောက် ဖြစ်ကြောင်းသာ သိကြသော်လည်း တကယ်တမ်းတွင် သူ၌ အခြား အဆင့်အတန်း တစ်ခုလည်း ရှိသေးသည်။

ဝမ်မိသားစု၏ စတုတ္ထ မျိုးဆက်…..

သို့သော် ဝမ်ဖျင် ဒီအဆင့်အတန်းကို ဖုံးကွယ်ထားခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒီငြိမ်းချမ်းသော ခေတ်ကြီးတွင် ဝမ်မိသားစု၏ စတုတ္ထ မျိုးဆက် ဆိုသော အဆင့်အတန်းကို အသုံးပြုစရာ မလိုသောကြောင့် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စားပွဲထိုးများနှင့် မန်နေဂျာတို့ အားလုံး စားသောက်ဆိုင်ထဲမှ ထွက်လာပြီး သူ့ကို ဆီးကြိုကြသည်။

သို့သော် ဝမ်ဖျင်သည် စားသောက်ဆိုင်ထဲသို့ တိုက်ရိုက် မဝင်ဘဲ တံခါးဝတွင် အလွန် သတိထားကာ အတွင်းသို့ လှမ်းကြည့်လိုက်သည်။

မကြာမီ ဝမ်ဖျင်သည် ပုံမှန်မဟုတ်သော အငွေ့အသက်များကို အနံ့ခံမိသွားပြီး ချက်ချင်း ပြောလိုက်သည်။

"လူတိုင်းကို အကြောင်းကြားလိုက် စားသောက်ဆိုင်ထဲက တခြား ဧည့်သည်တွေကို ဖယ်ရှားလိုက် ဧည့်သည်တွေရဲ့ ဆုံးရှုံးမှု အားလုံးကို ငါတို့ စားသောက်ဆိုင်က တာဝန်ယူမယ် အဲဒီ အဆက်မပြတ် စားသောက်နေတဲ့ ဧည့်သည်ကိုတော့ သွားမနှောင့်ယှက်နဲ့"

"ဟုတ်ကဲ့ပါ သူဋ္ဌေး"

မကြာမီ စားသောက်ဆိုင်ထဲရှိ ဧည့်သည်များ အားလုံးကို ဖယ်ရှားလိုက်သည်။

မူလက စည်ကားနေသော စားသောက်ဆိုင်မှာ ချက်ချင်း ခြောက်ကပ်သွားတော့သည်။

"မင်းတို့ အားလုံး အပြင်မှာပဲ နေကြ ငါ ဝင်ကြည့်လိုက်မယ်"

ထို့နောက် ဝမ်ဖျင် ထပ်မံ အမိန့်ပေးလိုက်သည်။

လူတိုင်း နားမလည်နိုင် ဖြစ်နေကြသော်လည်း အမိန့်ကိုတော့ နာခံလိုက်ကြသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဲဒီ သတင်းစာကို မြင်လိုက်ရကတည်းက ဒီကမ္ဘာကြီး နောက်တစ်ကြိမ် ထပ်ပြီး မငြိမ်းချမ်းတော့ဘူး ဆိုတာကို ငါ သိလိုက်တယ်"

ဝမ်ဖျင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူ၏ ခေါင်းထဲတွင် မိခင်ဖြစ်သူ အမြဲ ဆုံးမသွန်သင်ခဲ့သော စကားများနှင့် သူ့မွေးရာပါ တာဝန်ကို ပြန်လည် အမှတ်ရလာသည်။

"တစ္ဆေတွေနဲ့ ဆက်ဆံရတာက ဝမ်မိသားစုရဲ့ ကံကြမ္မာပဲ အဲဒီ ယန်ကျန့်ရဲ့ ကျေးဇူးကြောင့် ငါ အသက် ခြောက်ဆယ် ပြည့်မှ တခြား သဘာဝလွန်စွမ်းအားတွေကို ပထမဆုံး အကြိမ် တွေ့ဖူးတာပဲ"

"ငါ့အသက်အရွယ် ရောက်လာမှတော့ ကြောက်စရာ ဘာမှ မရှိတော့ပါဘူး"

"ငါ့အဖေ ဝမ်ချာလင်းနဲ့ ယှဉ်ရင် ငါက ကံကောင်းပါတယ် ပြီးတော့ ပျော်လည်း ပျော်ရွှင်ရပါတယ်"

ဝမ်ဖျင် တွေးနေရင်းဖြင့် စားသောက်ဆိုင်ထဲသို့ ဝင်သွားသည်။

သို့သော် သူက တစ်ယောက်တည်း မဟုတ်ပေ။ ဘယ်တုန်းကမှ တစ်ယောက်တည်း မဟုတ်ခဲ့ပေ။

သူ ရှေ့သို့ ဆက်သွားသည်နှင့်အမျှ အနောက်ရှိ အခြားသူများ၏ အမြင်ကွင်းမှ လွတ်ကင်းသွားပြီးနောက် ဝမ်ဖျင်၏ ဘေးတွင် အေးစက်သော အဖြူအမည်း ပုံရိပ်အချို့ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုပုံရိပ်များမှာ တကယ့် မကျေမနပ် ဖြစ်နေသော ဝိညာဉ်များ ဖြစ်ပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေများလည်း ဖြစ်သည်။

"ဆာတယ် ဆာတယ်..."

စားပွဲရှေ့ရှိ ဝတ်စုံပြည့် ဝတ်ဆင်ထားသော ထိုထူးဆန်းသည့် အမျိုးသားက တိုးတိုးလေး ရေရွတ်နေသည်။ သူ၏ ရှေ့ရှိ အစားအစာများကို စားသောက်ပြီးသွားသော်လည်း ဗိုက်မဝသေးသကဲ့သို့ ဆာလောင်နေကြောင်း အော်ဟစ်နေဆဲ ဖြစ်သည်။

"ငါ့နာမည်က ဝမ်ဖျင် ဝမ်မိသားစုရဲ့ စတုတ္ထ မျိုးဆက် မင်းက လူလား ဒါမှမဟုတ် တစ္ဆေလား"

ဝမ်ဖျင် စားပွဲရှေ့သို့ ရောက်ရှိလာပြီး ဒီဝတ်စုံပြည့် အမျိုးသားကို သတိထားကာ စိုက်ကြည့်လိုက်သည်။

သူ၏ ဘေးတွင် အေးစက်သော ပုံရိပ် ခြောက်ခုက ဝန်းရံထားသည်။

All Chapters