အခန်း (၉၆၉-၉၇၀)
Vol. 81 Ch. 969-970
အခန်း ၉၆၉ –
ထိုက်ရီနတ်တောင် ကာကွယ်ရေးအစီရင်။
ချင်းရှောင်သည် ထိုက်ရီတာအိုဂိုဏ်း၏ အတွင်းအကြီးအကဲဖြစ်ပြီး ကွေ့ယီအဆင့်တွင် အထွတ်အထိပ်ဖြစ်သည်။
တိုက်ပွဲဝင်ရန် တောင်းဆိုစဉ်က ဂိုဏ်းချုပ်ဝမ်ပေ့သည် သူ့အသက်ဘေးအတွက် အရေးပေါ်လွတ်မြောက်အဆောင်တစ်ခုကိုပင် ထုတ်ပေးခဲ့သေးသည်။
သို့သော် ထိုအဆောင်ကို အသုံးပြုခွင့်ပင် မရလိုက်ဘဲ ခြေသုံးလှမ်းအတွင်းမှာပင် အသက် ပျောက်သွားလိမ့်မည်ဟု မထင်ထားချေ။
ကောင်းကင် စစ်ဆေးရေး ကြေးမှုံချပ်မှတစ်ဆင့် ဂိုဏ်းသားအားလုံးသည် ထိုသေဆုံးမှုကို မြင်လိုက်ကြသည်။
ထို့ကြောင့် တစ်ဂိုဏ်းလုံး အပ်ကျသံ ကြားရလောက်အောင်ပင် တိတ်ဆိတ်သွားပြီး ငှက်ကလေးများမှာ တေးဆိုနေခြင်းကို ရပ်တန့်လိုက်ကြ၏။
“ အရမ်း သန်မာလွန်းတယ် ... ။ ”
ဤမတိုင်မီ စုရီအကြောင်းကို ပေါ့ပေါ့ပါးပါးဝေဖန်နေကြသည့် မျိုးဆက်သစ် ကျင့်ကြံသူများသည် ထိုနေရာတွင် ကျောက်ရုပ်ဖြစ်သွားတော့၏။
အကြီးအကဲချင်းရှောင်သည် သူတို့အတွက် မော့ကြည့်ရုံသာ တတ်နိုင်သည့် ပါရမီရှင်တစ်ပါး ဖြစ်သည်။ ယခုမူ ပြိုင်ဘက်ရှေ့၌ တိုက်ပွဲ ဝင်ခွင့်ပင် မရလိုက်ချေ။
ပြိုင်ဘက်မှ ခြေသုံးလှမ်းလှမ်းရုံဖြင့် တစ်စစီပဲ့ကြွေသွားရချေပြီ။ တုန်လှုပ်စရာ ကောင်းလှ၏။
“ ငါတို့ လျှော့တွက်မိနေတုန်းပဲ ... ။”
ဂိုဏ်းချုပ်ဝမ်ပေ့တစ်ယောက် မျက်နှာပျက်ယွင်းသွား၏။ ချင်းရှောင်ဟူသည် သူ့အတွက် ဂုဏ်ယူထိုက်သောတပည့်ပေပင်။
“ ထုံရှောက်အဆင့် နှောင်းပိုင်းလေးနဲ့ ကွေ့ယီအလယ်အလတ်အဆင့်ကို ဖိနှိပ်ပြီး သတ်ဖြတ်သွားတာလား ...
... နန်းတော်သခင်ရဲ့ ဝင်စားသူက တကယ့်ကို ကြောက်စရာကောင်းတာကိုတော့ ဝန်ခံရမယ်ထင်တယ်။ ”
တစ်ဖက်တွင် ရွှေထျန်းဟန်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ်လေးနက် သွားတော့သည်။ လီရွှမ်ကျန်းအတွက်မူ တိုက်ပွဲအပေါ် အကဲခတ်မိဟန်ဖြင့်၊
“ ဟမ့် ... သူ့ရဲ့ တာအိုနိယာမတွေက ငါတို့ကမ္ဘာဦးညီညွတ်ခြင်း ဥပဒေနိယာမအပေါ် တိုက်ဖျက်နိုင်တဲ့အပြင် ချုပ်နှောင်ထားနိုင်တဲ့ အစွမ်းပါရှိနေတယ် ဒါကြောင့် ချင်းရှောင် ပြေးမလွတ်တော့တာပဲ။ ”
-ဟု မှတ်ချက်ပေး ပြောကြားလိုက်သည်။ ကုလင်ယွင်တစ်ယောက် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာပြီး၊
“ ဒီနေ့ သူသေရမယ် ... ဘယ်လိုနည်းနဲ့မှ အသက်ရှင်လျက် ပြန်မလွှတ်နိုင်ဘူး။ ”
-ဟု အေးစက်စွာ ဆိုလိုက်၏။
“ အားလုံးပဲ ဖုံးကွယ်မနေကြနဲ့တော့ ကမ္ဘာဦးဖျက်ဆီးခြင်းအစီရင်ကို အသက်သွင်း။ ”
ရုတ်ချည်း လေထုမှာအေးခဲသွားသည်။ ချင်းရှောင်ကိုကူညီရန် ရောက်ရှိလာကြသော အကြီးအကဲကိုးဦးသည် အမိန့်လက်ခံရသည်နှင့် တံဆိပ်များထုတ်ကာ ဝင်္ကပါအစီရင်ကို အသက်သွင်းလိုက်ကြသည်။
“ လူတိုင်း နေရာယူပါ။ ”
၎င်းတို့ ကိုးဦးအနက် တစ်စုံတစ်ဦးမှ အမိန့်ပေးလိုက်သည်။ သူတို့ကိုးဦးစလုံးသည် ကွေ့ယီအဆင့် နယ်ပယ်ဘုရင်များဖြစ်၏။
“ ဝှစ် ... ။ ”
ခေါင်းဆောင်မှ အော်ဟစ်လိုက်သောအခါ အခြားသော ထုံရှောက်အဆင့် နယ်ပယ်ဘုရင် (၂၄)ဦးသည်လည်း လေထဲပျံတက်လာသည်။
“ ဝမ် ... ။ ”
တစ်ဆက်တည်းမှာပင် ထိုက်ရီ နတ်တောင်တစ်ခုလုံးတုန်ခါလျက် အဝါရောင် စွမ်းအင်အလွှာတစ်ခု လွှမ်းခြုံလာတော့၏။
ဤသည်မှာ နတ်တောင်၏စွမ်းအားကို ထုတ်ယူသုံးစွဲထားသော ခုခံကာကွယ်ရေးနှင့် တိုက်ခိုက်ရေး အစီရင်တစ်ခုပေပင်။
စုရီက ဝိုင်တစ်ငုံသောက်ကာ လျစ်လျူရှုလျက် ဖြည်းညှင်းစွာ လျှောက်လှမ်း လာတော့၏။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပတ်ဝန်းကျင်ဟင်းလင်းပြင်ပြိုကျကာ လူတိုင်း ကြောက်လန့်တကြား ဆုတ်ခွာသွားသည်။
“ ရွှီး ... ။ ”
ထိုစဉ် ကောင်းကင်ကြီး ပြိုကျမတတ် ဖြစ်သွားကာ နတ်ဘုရားအလင်းတန်းတစ်ခုက စုရီထံ ကျဆင်းလာခဲ့သည်။
“ ရွှပ် ... ။ ”
စုရီက ဝတ်ရုံစကိုဝေ့ယမ်းလျက် ၎င်းအလင်းတန်းထံ ဓားအလင်းဖြင့် ပြန်လည် ပစ်ခတ်လိုက်တော့သည်။
“ ဘန်း ... ။ ”
အလင်းတန်းနှစ်ခု လေထုအလယ် တိုက်မိသွားကာ ကျယ်လောင်သော ပေါက်ကွဲ သံကြီးနှင့်အတူ ချက်ချင်းပျက်ပြယ်သွား၏။ အကျိုးဆက်အနေဖြင့် စုရီတစ်ယောက်ခြေလှမ်း အနည်းငယ် ဆုတ်ခွာပေးလိုက်ရသည်။
“ သတ် ... ။ ”
ထိုမြင်ကွင်းကြောင့် အစီရင်ကို ထိန်းချုပ်နေသော ခေါင်းဆောင်အကြီးအကဲမှ စိတ်အားတက်ကြွလာပြီး အော်ဟစ်အမိန့်ပေး လိုက်တော့၏။
“ ဝှစ် ... ။ ”
ကွေ့ယီအကြီးအကဲ (၉)ပါးမှ ကမ္ဘာဦးဖျက်ဆီးခြင်း ဥပဒေစည်းမျဉ်းများကို ထုတ်ဖော်လျက်အစီရင်ဖြင့် ပေါင်းစည်း ပေးလိုက်သည်။
“ ဝူး ... ။ ”
နတ်တောင်ကြီးထံမှ မြင်သာသော အဟုန်မျိုးဖြင့် မီးခိုးရောင်အလင်းတန်းများစွာ ပြေးထွက်လာပြီး ပေတစ်သောင်းခန့်မြင့်သည့် ပုံရိပ်ကြီးအသွင် ပေါင်းစည်းသွားတော့၏။
ယင်းသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့် လက်နက်မျိုးစုံကို ကိုင်ဆောင်ထားသော တာအို အဖိုးကြီး တစ်ယောက်ပေပင်။
“ ကမ္ဘာဦးဖျက်ဆီးခြင်းအစီရင်လား။ ”
ဤသည်မှာ ထိုက်ရီနတ်တောင်၏ စွမ်းအားကိုထုတ်ယူထားသော အစီရင်ပေပင်။ စုရီမှမျက်ခုံးများပင့်လျက် မော့ကြည့်ကာ ဟန်ချက်ထိန်းညှိလိုက်သည်။
၎င်းသည် ကွေ့ယွီအဆင့် နယ်ပယ်ဘုရင်များကိုပင် သတ်ဖြတ်နိုင်သည့် အစွမ်းထက်ဆုံး တောင်အကာအကွယ် တိုက်ခိုက်ရေးအစီရင်ဖြစ်၏။
“ သတ် ... ။ ”
“ ဟိတ် ... ။ ”
ထို့နောက်တွင် ကြီးကျယ်ခမ်းနားသော တိုက်ပွဲကြီးတစ်ခု စတင်လာတော့သည်။ တာအို အဖိုးကြီးလက်ထဲရှိ လက်နက်အသီးသီးတို့သည် ရေ၊မီး၊လျှပ်စီးနှင့်မိုးကြိုး ဥပဒေများပါရှိနေ၏။
“ ဘိုးဘေး ... ကျူးကျော်သူကို သတ်ပစ်။ ”
“ ဘိုးဘေး ... ကျူးကျော်သူကို ရိုက်နှက်ပစ်။ ”
“ ဘိုးဘေး ... ကျူးကျော်သူကို ဒူးထောက်လာအောင်ရိုက်။ ”
တိုက်ပွဲအတွင်း၌ စုရီတစ်ယောက် အနည်းငယ်မျှ နောက်ဆုတ်ပေးနေရသည်ကို မြင်ပြီးနောက် ထိုက်ရီတာအိုဂိုဏ်းသားများမှာ ဝမ်းသာအားရ အော်ဟစ်ကုန်သည်။
“ စိတ်ဝင်စားစရာပဲ။ ”
တစ်ဖက်တွင် စုရီသည် တိုက်ပွဲဝင်လိုစိတ်များ ပိုမိုတောက်လောင် လာ၏။ သူသည် နယ်ပယ်ဘုရင်ဖြစ်ပြီးတည်းက ထိုက်တန်သောပြိုင်ဘက်နှင့် မတွေ့ရသေးချေ။
ဤဝင်္ကပါသည် သူ့တိုက်ပွဲဝင်ဆန္ဒကို နှိုးဆွပေးနိုင်၏။ အတွေးမဆုံးခင် ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာပြီး ဓားအလင်းတစ်လက်ဖြင့်၊
“ သွား .. ။ ”
-ဟု ဆိုကာ ပစ်ခတ်လိုက်လေသည်။
“ ခရစ် ... ။ ”
“ ဒါ ... ။ ”
ဓားအလင်းဖြတ်သန်းသွားရာ လမ်းတလျှောက် မိုင်ပေါင်းရှစ်ရာအတွင်းရှိ အရာအားလုံး ပြာအတိပြောင်းလဲကုန်တော့၏။ ကြည့်ရှုနေသူများမှာ ထိုအဖျက်စွမ်းအားကြောင့် အသက်ရှူရန်ပင် မေ့လျော့နေခဲ့သည်။
“ ဘယ်လောက် ကြောက်စရာ ကောင်းလိုက်လဲ။ ”
ဂိုဏ်းချုပ်ဝမ်ပေ့သည် စုရီဓားကို ငေးကြည့်လျက် မျက်လုံးများ၌လောဘဇောဖြင့် တောက်ပလာတော့၏။
“ ဒါ ဝင်စားခြင်း ဥပဒေစွမ်းအားဖြစ်မယ် အရင်ဘဝကထက် ပိုမိုသာလွန်တဲ့ လမ်းစဉ်ကို သူ လျှောက်လှမ်းနေပုံရတယ် ...
... ငါတို့သာ ဒီဥပဒေစည်းမျဉ်းကို ထိန်းချုပ်နိုင်မယ်ဆိုရင် အရှေ့ဘက် ကြယ် လွင်ပြင်ကြီးမှာ ... ဘယ်သူ့ကို ကြောက်နေရတော့မှာလဲ။ ”
ကုလင်ယွင်သည်လည်း ယင်းကို သတိထားမိသွားကာ မှတ်ချက်စကားဆို လိုက်တော့၏။ ကျန်ဘိုးဘေးနှစ်ဦးလုံးသည် တပ်မက်မှုများဖြင့် မျက်ဝန်းများ လင်းလက်လာလေသည်။
တစ်ဖက်လူ အစွမ်းထက်လေ သူတို့၏လောဘမီးကို တောက်လောင်လာစေ ပေပင်။
ကမ္ဘာဦးဖျက်ဆီးခြင်း အစီရင်သည် ထုံရှောက်အဆင့်(၂၄)ပါးနှင့် ကွေ့ယီအဆင့် (၃)ပါးတို့၏ ခွန်အားကို ပေါင်းစပ်ထား၏။
“ ဂျိန်း ... ။ ”
စွမ်းအားသည် အထွက်အထိပ်သို့ ရောက်ရှိလာသောအခါ ထိုတာအိုအဖိုးအိုသည် မိုးကြိုးမုန်တိုင်းများ ဆင့်ခေါ်လာတော့သည်။
လှုပ်ရှားမှုတိုင်းကမ္ဘာကြီးကို အမှုန့်ခြေပစ်နိုင်သော နတ်ဘုရားကြီးတစ်ပါး၏ အရှိန်အဝါမျိုး ပေးဆောင်နေ၏။
“ သတ် ... ။ ”
“ ဝုန်း ... ။ ”
တစ်ဖက်တွင် ထိုသို့ကြီးမားလှသော ဧရာမပုံရိပ်ကြီးရှေ့တွင် စုရီသည်ယင်ကောင် တစ်ကောင်အလား ပျံဝဲလျက် ခုခံချေဖျက် နေတော့၏။
သူ့လက်ချောင်းများကြားတွင် ဓားအလင်းများယှက်သိုင်းပြီး တာအိုအဖိုးကြီး ပုံရိပ်ကို ရှေ့တိုးမရအောင် တားဆီးသည်။
ဤမြင်ကွင်းသည် ရင်သပ်ရှုမောဖွယ် ကောင်းလေသည်။ ထိုက်ရီဂိုဏ်းမှ နယ်ပယ် ဘုရင်များသည် ထိုမြင်ကွင်းကိုကြည့်ကာ အနည်းငယ် စိုးရိမ်လာခဲ့၏။
အဘယ့်ကြောင့်ဆိုသော် စုရီ၏ ဓားပညာသည် သူတို့၏နားလည်မှုနယ်ပယ်ကို ကျော်လွန်နေပြီဖြစ်သည်။
“ အရမ်းသန်မာတယ် ... ။ ”
ထိုက်ရီဂိုဏ်း၏ သားတပည့် ထောင်ပေါင်းများစွာက ကောင်းကင်ပေါ်ရှိ တိုက်ပွဲကြီးထံ ငေးမောလျက် အသက်ရှူရန် မေ့လျော့ကုန်သည်။
ထိုစဉ်စုရီသည် အချိန်မဖြုန်းလိုတော့ ဟန်ဖြင့် တိုက်ပွဲအဟုန်ကိုထပ်မံမြှင့်တင်လာ၏။ သူ့ကိုဗဟိုပြုသောလေထုအတွင်းရှိ ဥပဒေ စည်းမျဉ်းများမှာ ပြောင်းလဲလာခဲ့သည်။
“ သွား ... ။ ”
ခန္ဓာကိုယ်မှ အလင်းများလျှံထွက်လာပြီး လျှပ်စီးအလား ဓားအလင်းဒါဇင်ပေါင်းများစွာကို ချက်ချင်းထုတ်လွှတ်လိုက်တော့၏။
“ ဟမ့် ... ။ ”
သို့သော် ၎င်းဓားအလင်းများသည် ထွက်ပေါ်လာပြီးမကြာမီ လေဟာနယ်အတွင်း တပြိုက်နက်တည်း ပျောက်ကွယ်သွားသည်။
မြန်ဆန်လွန်းလှသဖြင့် မျက်စိဖြင့် မည်သူမျှမမြင်နိုင်ကြချေ။ ထိုခဏတွင်စုရီသည် သူ့လှုပ်ရှားမှုများရပ်လိုက်ကာ ဝိုင်အိုးကိုထုတ်ပြီး မော့သောက်နေပြီဖြစ်သည်။
“ ဒါ ... ။ ”
“ ခရစ် ... ။ ”
တစ်ချိန်တည်းမှာပင် လေထုအလယ်ရှိ တာအိုအဖိုးအိုသည် ချက်ချင်းတောင့်တင်းလျက် ကျောက်ရုပ်ပမာ လှုပ်ရှားမှုများ ရပ်တန့်သွား တော့သည်။
“ ခရစ် ... ။ ”
ခန္ဓာကိုယ်အနှံ့အက်ကြောင်းများ ပေါ်ထွက်လာပြီး စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်းမှ ဓားအလင်းများ ဖြာထွက်လာခဲ့၏။
ထိုဓားအလင်းများသည် ရှေးမစွကပင် ပျောက်ကွယ်သွားသော ဓားအလင်းများပေပင်။ ၎င်းတို့ပြန်လည်ထွက်ပေါ်လာချိန်၌ လေထုထဲရှိ တာအိုအဖိုးကြီး၏ ဦးခေါင်းသုံးလုံး ပြတ်ကျ သွားလေသည်။
လက်ခြောက်ဖက်သည်လည်း လွင့်စင်သွားကာ ခြေထောက်နှစ်ဖက်စလုံးသည် ဒူးဆစ်မှ ပြတ်ထွက်သွားတော့၏။
“ ဘန်း ... ။ ”
***
အခန်း ၉၇၀ -
မင်းရဲ့ နောက်ဆုံးစကားအဖြစ် သတ်မှတ်လိုက်မယ်။
အဆုံးတွင် ကျယ်လောင်သော ပေါက်ကွဲမှုကြီးနှင့်အတူ အလင်းမှုန်များအဖြစ် နေရာအနှံ့သို့ ပြန့်ကျဲကုန်တော့သည်။
“ ငါတို့ ... နောက်တစ်ကြိမ် လျှော့တွက်မိပြန်ပြီ ... ။ ”
ဂိုဏ်းချုပ်ဝမ်ပေ့ မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားခဲ့ချေပြီ။ ဤသည်မှာ ထိုက်ရီတာအိုဂိုဏ်းအတွက် မြင့်မြတ်သောအစီရင်ပေပင်။
တောင်တန်းများ ကာကွယ်ရန်သာမက ရန်သူများကို ပိတ်ဆို့သတ်ဖြတ်ရန်လည်း အသုံး ပြုနိုင်လေသည်။
“ အဟွတ် ... အဟွတ် ... ။ ”
“ ဝေါ့ ... ။ ”
အစီရင်ကို ထိန်းချုပ်နေခဲ့သော နယ်ပယ်ဘုရင်များသည်လည်း တုန့်ပြန်မှုဒဏ် ခံလိုက်ရသဖြင့် ချောင်းချိုးလျက်သွေးအန်ပြီး ယိုင်ထိုးကုန်ကြတော့သည်။
“ မြန်မြန် ဆုတ်ခွာကြ ... ။ ”
အစီရင်ပျက်စီးသွားပြီ ဖြစ်သောကြောင့် ဂိုဏ်းချုပ်ဝမ်ပေ့မှ စိုးရိမ်တကြီးအော်ဟစ်ခဲ့၏။ သို့သော် စုရီက ခွင့်မပြုတော့ချေ။
“ မင်းတို့ လွတ်မြောက်မယ်ထင်လား။ ”
လက်ဝှေ့ယမ်းကာ ဓားအလင်းများ ပစ်လွှတ်လိုက်၏။ ရွှေရောင်ဓားအလင်းများက မြွေဟောက်များပမာ ဟိန်းဟောက်ပြီး ချက်ချင်း ပြေးထွက်သွားကြသည်။
“ မကောင်းတော့ဘူး ... ။ ”
“ မြန်မြန် ... ငါ့ကိုကယ်ပါ။ ”
“ ဘောင်း ဘောင်း ဘောင်း ... ။ ”
ကောင်းကင်တစ်ခုလုံး သွေးမြူများဖြင့် နီရဲသွားသည်။ ထုံရှောက်အဆင့် နယ်ပယ်ဘုရင် (၂၄)ပါးနှင့် ကွေ့ယီအဆင့် (၉)ပါးစလုံးသည် နုပ်နုပ်စဉ်းခံလိုက်ရတော့၏။
နယ်ပယ်ဘုရင်တစ်ပါး၏ သွေးနှင့်ချီသည် ကမ္ဘာငယ်တစ်ခုကိုပင် လွှမ်းမိုးပျက်စီးနိုင်သော ပေါက်ကွဲစွမ်းအားပါရှိသည်။
ယခုကဲ့သို့ အစုလိုက်အပြုံလိုက် နုပ်နုပ်စဉ်းခံရပြီးနောက် ထိုက်ရီတာအိုဂိုဏ်း၏ ကောင်းကင်နှင့်မြေကြီးသည် သွေးကမ္ဘာအဖြစ် ပြောင်းလဲသွားသည်မှာ သဘာဝပေပင်။
တစ်ဦးမျှ အသက်ရှင်ခြင်း မရှိခဲ့ချေ။ စုရီကကောင်းကင်မှဆင်းကာ တောင်တံခါးတွင် ရပ်လိုက်တော့၏။
“ ဂိုဏ်းချုပ် ငါတို့ဓားစာခံတွေကို အပ်လိုက်သင့်လား။ ”
ထိုမြင်ကွင်းကြောင့် ကုလင်ယွင်က တုန်ရီနေသောအသံကိုထိန်းကာ မေးမြန်းလိုက် လေသည်။ ဂိုဏ်းချုပ်ဝမ်ပေ့မှ ချက်ချင်း ပြန်မဖြေနိုင်ချေ။ တိတ်ဆိတ်နေ၏။
တစ်ဖက်တွင် လီရွှန်းကျန်းမှာမူ မျက်ဝန်းများနီမြန်းလျက် သတ်ဖြတ်လိုသော ဆန္ဒများပြင်းထန်လာပြီး၊
“ မလိုဘူး ... ဒီမိစ္ဆာကို ဒီနေ့ အသက်ရှင်လျက် ထွက်သွားခွင့်ပေးလို့ မဖြစ်ဘူး ငါတို့သေတဲ့အထိ တိုက်ရအောင်။ ”
-ဟု ငြင်းဆန်လိုက်တော့၏။
တိုက်ပွဲများ ရပ်တန့်လျက် ကမ္ဘာကြီးမှာခဏမျှ တိတ်ဆိတ်သွားလေသည်။ ထိုက်ရီနတ်တောင်၏ တောင်တံခါးအပြင်တွင် စုရီက တစ်ယောက်တည်းရပ်နေ၏။
လေပြင်းတစ်ချက်အဝှေ့တွင် သူ၏ ကျောက်စိမ်းရောင်ဝတ်ရုံစများသည် တဖျပ်ဖျပ် လွင့်မျောနေခဲ့သည်။
ဤနတ်တောင်သည် ကြယ်တစ်ထောင် နယ်မြေ မိခင်ချီပင်လယ်တည်ရှိရာ အရပ်ဖြစ်ပြီး ထိုက်ရီဂိုဏ်း၏ အုတ်မြစ်လည်းဖြစ်၏။
ဂိုဏ်းရှိရှေးဘိုးဘေးများသည် ထိုက်ရီနတ်တောင် မပြိုသရွေ့ ထိုက်ရီဂိုဏ်းကို မည်မျှဖျက်ဆီးမရဟု ကြုံးဝါးထားသည်။
“ ဝှစ် ... ။ ”
ထိုစဉ်ထိုက်ရီတောင်ပေါ်မှ ပုံရိပ်တစ်ခု လေထဲပျံတက်လာ၏။ သူကား တုံ့ယွီအဆင့် လီရွှန်းကျန်းပေပင်။
တုံ့ယွီနှောင်းပိုင်းတွင် ပြီးပြည့်ဆုံသော အဆင့်သို့တက်လှမ်းထားနိုင်၏။ ထိုအဆင့်သည် ကြယ်ပင်လယ်ကြီးတွင် အထွတ်အထိပ် တည်ရှိမှု ပေပင်။
“ ကောင်လေး မင်းရဲ့နည်းလမ်းတွေက တကယ့်ကို ရက်စက်ကြမ်းကြုတ်လွန်းပါတယ် ဒီကနေ့ ကြယ်လွင်ပြင်ကြီးကနေ မင်းကို ဖယ်ရှားပြီး သန့်စင်ပေးရတော့မယ်။ ”
လီရွှန်းကျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ စုရီကတစ်ဖက်လူထံ လှမ်းကြည့်ကာ မျက်ခုံးပင့်လျက်၊
“ ငါ မင်းကို တွေ့ဖူးသလိုပဲ ... ။ ”
-ဟု နဖူးကိုကုပ်ခြစ်လျက် စဉ်းစားနေခဲ့၏။
“ ဟားဟားဟား လူသားနန်းတော်သခင် ကွမ်ကျိုးက ငါ့လိုအဘိုးကြီးကိုသိနေတာလား တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ”
သူ့စကားကြောင့် လီရွှန်းကျန်းက လှောင်ပြောင်တုန့်ပြန်ပြောကြားသည်။ သို့မှသာ စုရီက ရှင်းရှင်းလင်းလင်းမှတ်မိသွား၏။
“ မှတ်မိပြီ ... လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကျော်က ဘေလင်တောင်မှာ ငါ မင်းရဲ့ ဘိုးဘေးတျန်ကျောက်ကို ရိုက်နှက်နေတုန်း ...
... ဘေးကနေကြည့် ရပ်ကြည့်နေခဲ့တဲ့ ကလေးလေးပဲ ကြောက်လွန်းလို့ဘောင်းဘီထဲ ဆီးထွက်ကျခဲ့သေးတယ် မဟုတ်လား ...
... ဟားဟားဟား အခုတော့ မင်းတောင် ဒီအရွယ်ထိရောက်လာပြီပဲ ... ဘယ်လိုလဲ ဒီနေ့ မင်းဆီးကို ထိန်းနိုင်ပြီလား။ ”
“ မင်း ... ။ ”
စုရီစကားကြောင့် လီရွှန်းကျန်း၏ ကြီးစိုးလိုသောအမူအရာသည် မိုးကြိုးထိမှန်လာ သကဲ့သို့ မျက်နှာတစ်ပြင်လုံး ခရမ်းချဉ်သီးပမာ ရဲတွတ်သွားလေသည်။ ထိုက်ရီဂိုဏ်းသားများ သည်လည်း အံ့အားသင့်ကုန်၏။
သူတို့အားလုံး ကြည်ညိုလေးစားသော ဘိုးဘေးတစ်ယောက်၌ ဤကဲ့သို့အရှက်ရဖွယ် အတိတ်မျိုး ရှိနေခဲ့သည်လော။
ထိုသတင်းသည်သာ ပြင်ပလောကသို့ ပျံ့နှံ့သွားသော် မည်မျှရှက်ဖွယ်ကောင်းနေလိမ့် မည်နည်း။
“ လုံလောက်ပြီ ... အဲဒီတုန်းက နန်းတော်သခင်ကွမ်ကျိုးအဖြစ် ဘယ်လောက် ခမ်းနားလိုက်လဲ အခုတော့ မင်းကိုကြည့်ရတာ ရွံ့စရာကောင်းတဲ့ ကောင်လေးပဲ။ ”
“ ဟားဟားဟား ... ဘာလဲ ဒေါသထွက်နေတာလား အဲဒီတုန်းက မင်း တကယ်ကြောက်ပြီး ဘောင်းဘီထဲ ဆီးသွားခဲ့တဲ့ မြင်ကွင်းကို လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ ပြန်သရုပ်ဆောင်ခိုင်းရမလား။ ”
“ မင်း ... ။ ”
ဤတစ်ကြိမ်တွင် လီရွှန်းကျန်းခမျာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး နဖူးရှိ သွေးကြောများ ဖောင်းကားလာကာ အမူအရာ မရေမရာ ဖြစ်လာတော့သည်။
ဤမျှများပြားလှသော လူအုပ်ကြီးရှေ့၌ ထိုသို့နည်းလမ်းမျိုးဖြင့် နှိပ်စက်ခံရမည်ဆိုသော် မည်သို့မျှ ကောင်းနိုင်စရာအကြောင်းမရှိချေ။
“ ဝှစ် ... ။ ”
ထိုစဉ် လီရွှန်းကျန်း၏ အရှက်ကိုကာကွယ်ပေးရန် ရွှေထျန်းဟန်နှင့် ကုလင်ယွင်တို့သည်လည်း ရောက်ရှိလာခဲ့၏။
“ ဟမ့် ... လောကသခင် ... မင်းလို လူတစ်ယောက်က တစ်စုံတစ်ယောက်အပေါ် ဒီလိုနည်းလမ်းမျိုးနဲ့ အရှက်ခွဲချင်နေတာလား ... ဘယ်လောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းလဲ။ ”
ရွှေထျန်းဟန်က ဒေါသတကြီး ဟိန်းဟောက်လိုက်၏။ သူ့စကားကြောင့် စုရီမှ မျက်ခုံးပင့်လျက် ရယ်မောလိုက်သည်။
“ ဟားဟားဟား ... ဒီနည်းလမ်းက စက်ဆုပ်ရွံရှာဖွယ်ကောင်းလား မင်းတို့အားလုံး ငါ့လက်မှာဆုံးရှုံးမှုကို ခံစားခဲ့ရတဲ့အတွက် ဘာလို့ ငါ့ဆီမလာဘဲ ...
... မုချန်းယွမ်အပေါ် မင်းတို့ရဲ့ဒေါသတွေ ဖွင့်ချလိုက်ရတာလဲ မုချန်းယွမ်ရဲ့ဆရာသခင်နဲ့ သူ့တပည့်ကို ဘာလို့ဖမ်းဆီးရတာလဲ၊ မင်းမှာ ဒီစကားပြောဖို့ ဘယ်လိုမျက်နှာရှိလဲ ...
... ငါက အဲဒီလိမ်လည်သူ အဖိုးကြီး တျန်ကျောက်ရဲ့ ရန်သူတစ်ယောက်ဖြစ်ပေမယ့် သူ့မှာကျောရိုးရှိတာ ငါသိတယ် ...
... သူနဲ့ယှဉ်ရင် မင်းတို့လို မျိုးဆက်သစ်တွေက ရွံစရာကောင်းလွန်းပြီး တကယ်ကျဆင်းနေပြီ။ ”
ဤတစ်ကြိမ်တွင် တုံ့ယွီအဆင့် ဘိုးဘေးသုံးယောက်ခမျာ မျက်နှာပျက်ယွင်း သွားကြတော့၏။ ကုလင်ယွင်မှ အံကြိတ်လျက်၊
“ စုရီ ... မင်းက ရွှမ်ဟွမ်ကြယ်စုကနေ လာခဲ့တာပဲ ... မင်းကြယ်စုကို ငါတို့ဖျက်ဆီးမှာ မကြောက်ဘူးလား ဟမ့် ... ။ ”
-ဟု ခြိမ်းခြောက်စကားဆိုလိုက်သည်။
“ ဝှစ် ... ။ ”
ထိုခဏတွင် စုရီမျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားပြီး အေးစက်သောအသွင်ဖြင့် မဟူရာရွှေနွယ်ကိုထုတ်ယူလျက် ဓားအဖြစ် ပြောင်းလဲလိုက်တော့၏။
“ ဒီစကားကို ... မင်းဘဝရဲ့ နောက်ဆုံးစကားလို့ ငါမှတ်ယူလိုက်တော့မယ် ။ ”
သည့်နောက် ထိုစကားဆုံးသည်နှင့် စုရီတစ်ယောက် ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။ ကုလင်ယွင်သည်လည်း အပြာရောင်ပုဆိန်ကြီး ထုတ်ယူကာ မိုးကြိုးများဆင့်ခေါ်လျက် ချက်ချင်းခုခံလိုက်တော့၏။
“ ထန် ... ထန် ... ။ ”
“ ဝုန်း ... ။ ”
ကျယ်လောင်သော တိုက်မိသံကြီး ထွက်ပေါ်လာကာ စုရီ၏ဓားချက်အောက်တွင် ကုချန်ယွင်ပုဆိန်မှာ ပြန်လည်လွင့်စဉ်သွား၏။
“ သတ် ... ။ ”
“ သတ် ... ။ ”
အခြားတစ်ဖက်တွင် လီရွှန်းကျန်းက တာအိုတံဆိပ်ထုတ်ယူပြီး နတ်တောင်ကြီးအဖြစ် ပြောင်းလဲကာဖိနှိပ်ရန် ကြိုးစားလိုက်၏။
ရွှေထျန်းဟန်သည်လည်း ငြိမ်သက် မနေတော့ဘဲ မီးတောက်နေသော ဓားချက်များ ထုတ်ဖော်ကာ ဘေးထံပါးမှ တိုက်ခိုက်သည်။
ဤသည်မှာ ထုံ့ယွီအထွက်အထိပ် ပုဂ္ဂိုလ်သုံးဦးမှ ပေင်းစပ်တိုက်ခိုက်မှုဖြစ်ချေ၏။ သူတိုသုံးဦးသည် တြိဂံပုံစံအဖြစ်နေရာယူကာ တိုက်ခိုက်မှုများ ထုတ်ဖော်ခဲ့ခြင်းပေပင်။
“ ဘောင်း ... ။”
“ ဝှစ် ... ။ ”
“ ကလန် ... ကလန်။ ”
ကောင်းကင်နှင့် မြေကြီး ပြိုကျမတတ် တုန်ခါလာပြီး နတ်သက်တံများ အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကားကုန်သည်။
“ သတ် ... ။ ”
“ မင်းတို့ရဲ့ ဝှက်ဖဲကိုထုတ် ... ။ ”
မျက်စိတမှိတ်အတွင်း လှုပ်ရှားမှုပေါင်း တစ်ရာခန့်ဖလှယ်မိ၏။ အချိန်ကြာလာသည်နှင့် အမျှ ထုံ့ယွီအဆင့်ဘိုးဘေးသုံးဦးစလုံးသည် အနည်းငယ် မျက်လုံးပြူးလာခဲ့သည်။
ပြိုင်ဘက်သည် ထုံရှောက်နှောင်းပိုင်း နယ်ပယ်ဘုရင်မျှသာ ဖြစ်နေသော်ငြားလည်း သူတို့သုံးဦးနှင့် ကောင်းစွာယှဉ်နေနိုင်ခဲ့သည်။
တိုက်ပွဲဝင်စွမ်းအားများ ကုန်ဆုံးသွားခြင်းမရှိဘဲ အဆုံးမရှိစီးဆင်းနေ၏။ ယင်းအစား သူတို့သုံးဦးသည်ပင် ဖိအားများကို ခံစားလာရသည်။
“ မြန်မြန် ပြန်ဆုတ် ... ။ ”
လီရွှန်းကျန်းက ပြတ်သားသော ဆုံးဖြတ်ချက်ချမှတ်လိုက်သည်။ ထို့နောက်တွင် သုံးယောက်သား တောင်တံခါးအတွင်းသို့ ချက်ချင်းလှည့်ပြေးတော့၏။
“ ဟမ့် ... ဘယ်ကို လှည့်ပြေးတာလဲ ... ဒီနေ့မင်းတို့တွေ တစ်ယောက်မှ လွတ်မြောက်ဖို့ မျှော်လင့်မထားနဲ့။ ” ”
“ ရွှပ် ... ။ ”
သို့သော် စုရီမှအခွင့်အရေးမပေးချေ။ လျှပ်စီးပမာ မြန်ဆန်လွန်းသောဓားအလင်းဖြင့် ကုလင်ယွင်ထံ ခုတ်ပိုင်းချလိုက်တော့သည်။
***