အခန်း (၉၆၃-၉၆၄)
Vol. 81 Ch. 963-964
အခန်း ၉၆၃ -
ကြယ်တစ်ထောင်နယ်မြေ၊ နေမင်းရောင်ခြည်ခြံဝင်း။
အင်မော်တယ်မီးလျှံပေတံ ဝါးမျိုခံလိုက်ရပြီးနောက် အဘယ့်ကြောင့် ထိုမျှ ရူးသွပ်သွားရသည်ကို နားလည်သွားတော့၏။ နှမြောလွန်း၍ ဖြစ်ပေလိမ့်မည်။
ဆိုလိုသည်မှာ အင်မော်တယ်တောင်၏ အမွေအနှစ်များထဲတွင် အင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်မည့် ကျင့်စဉ်လျှို့ဝှက်ချက်များ သေချာပေါက် ပါရှိပေလိမ့်မည်။ သို့သော် ယခုမူ အားလုံး ဆုံးရှုံးသွားပြီဖြစ်၏။
မည်သို့ပင်ဆိုစေကာမူ ထိုသို့သောလက်နက်ကိုပင် အစားအစာအဖြစ် ဝါးမျိုနိုင်သော ငရဲဘုံကိုးပါးဓား၏ နောက်ခံမှာ ပို၍ပင်နက်နဲဆန်းကြယ်နေနိုင်သည်။
သုံးရက်ကုန်လွန်သွား၏။ ဤရက်များအတွင်း နယ်မြေအသီးသီးကို ဝင်ရောက်ကာ အပေါင်ဆိုင်ပိုင်ရှင်ကို လှည့်လည်ရှာဖွေနေခဲ့သည်။
သို့သော် မည်သည့် ထူးခြားမှုမျှ မပြချေ။ ထို့ကြောင့်(၄၉)ခုမြောက် ပုံရိပ်ယောင်မြေသို့ လှမ်းဝင်လာခဲ့သည်။ အတွင်း၌ ခရမ်းရောင် အငွေ့အသက်များ ဖုံးလွှမ်းနေသည့် တောအုပ်ကြီးကိုမြင်လိုက်ရ၏။
“ ဘရူး ... ။ ”
ရုတ်တရက် အပေါင်ဆိုင်စာရေး ပေးလိုက်သော ကျောက်စိမ်းဆွဲသီးမှာတုန်ခါပြီး အပူရှိန်များမြင့်တက်လာခဲ့သည်။
ယင်းကြောင့် ကျောက်စိမ်းဆွဲပြားကို ဆွဲထုတ်ကာ အရူးမသည် ဤနယ်မြေအတွင်း ရှိနေကြောင်း သေချာသွား၏။
“ မင်း ရှိနေလား ... ။ ”
စုရီက သူ့အသံကို နေရာအနှံ့ ရောက်ရှိစေလိုက်သည်။ သို့သော် မည်သည့် တုံ့ပြန်မှုမျှမပြချေ။
ထို့ကြောင့် ကျောက်စိမ်းပြားမှ အချက်ပြမှုအတိုင်းခရီးနှင်လာခဲ့ရာ ရေတံခွန် တစ်ခုအနားရောက်ရှိလာ၏။
ရေတံခွန်ကြီးအောက်တွင် နက်ရှိုင်းကျယ်ပြန့်သော ရေကန်ကြီးတစ်ကန် ဖြစ်တည်နေသည်။
“ ဝှစ် ... ။ ”
စုရီလက်ထဲရှိ ကျောက်စိမ်းပြားမှ အလင်းများတောက်ပလာသဖြင့် ရေကန်ဘေး ဆင်းသက်လိုက်တော့သည်။
သည့်နောက် ရေကန်အတွင်း ဝေ့ဝဲကြည့်လိုက်ရာ မည်သည့်အရိပ်အယောင်မျှ မခံစားရချေ။ မျက်မှောင်ကြုတ်လျက်၊
“ အိပ်မက်စားသူသေသွားပြီ ထွက်လာခဲ့ပါ။ ”
-ဟု အော်ဟစ်လိုက်သည်။
“ ဝှစ် ... ။ ”
သူ့စကားဆုံးသည်နှင့် ရေကန်ထဲမှ အလင်းတန်းများ ရုတ်ချည်းထွက်ပေါ်လာပြီး ပြေးဝင်တိုက်ခိုက်တော့၏။
“ ဟမ့် ... ။ ”
ထိုတိုက်ခိုက်မှုသည် တုံ့ယွီအဆင့် နယ်ပယ်ဘုရင်တစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိချေပြီ။ စုရီတစ်ယောက် မျက်မှောင်ကြုတ်ကာ ချက်ချင်းရှောင်တိမ်းလိုက်ရသည်။
“ ဖရူး ... ။ ”
ထိုနောက်တွင် ရေကန်ထဲမှ ရွှေရောင် စက္ကူကြိုးကြာတစ်ကောင်သည် ကျော့ရှင်းသော အမျိုးသမီးတစ်ဦးအဖြစ် လေထဲသို့ပျံတက် လာတော့၏။
ဤသည်မှာ အပေါင်ဆိုင်ပိုင်ရှင် အမျိုးသမီးပေပင်။ သို့သော် ယင်းမှာစစ်မှန်သည့် ခန္ဓာကိုယ် မဟုတ်ခဲ့ဘဲ မှတ်တမ်းတင်ထားသော ပုံရိပ်တစ်ခုသာ ဖြစ်နေချေပြီ။
“ အိပ်မက်စားသူ ... မင်းငါ့ကိုရှာတွေ့ဖို့ ဒီလောက်တောင်ကြာရတာလား .. နုံအလိုက်တဲ့ အဖိုးကြီး၊ ငါဒီလှောင်အိမ်ထဲကနေ ...
... ထွက်သွားပြီဆိုတာ မင်းသိရင် ဘယ်လောက်ဝမ်းနည်းနေမလဲ ... အနာဂါတ်မှာ ငါပြန်လာပြီး မင်းကိုသေအောင်သတ်ပေးမယ် ဟားဟားဟား ... ။ ”
စကားဆုံးသည်နှင့် အမျိုးသမီးပုံရိပ်သည် ချက်ချင်းပျောက်ကွယ်သွား၏။ စုရီတစ်ယောက် ကူကယ်ရာမဲ့သွားလေသည်။
မည်သို့ပင်ဆိုစေကာမူ သူမ အသက်ရှင်နေသေးသည်ကို သိရှိလိုက်ရသဖြင့် အနည်းငယ်စိတ်အေးသွားကာ နတ်ဘုရား နိုင်ငံတော်မှ ပြန်လည်ထွက်ခွာလာခဲ့၏။
ဤခရီးတွင် အကျိုးအမြတ်သုံးခု ရရှိလာခဲ့သည်။ ပထမဆုံးအကျိုးအမြတ်သည် ထုံရှောက်နှောင်းပိုင်းသို့ ဝင်ရောက်နိုင်ခြင်း ဖြစ်သည်။
ဒုတိယ အကျိုးအမြတ်သည် ကောင်းကင်လမ်းနယ်ပယ်အထက်တွင် အခြားသော အင်မော်တယ်နယ်ပယ်ရှိကြောင်း သိရှိခဲ့ခြင်းပေပင်။
တတိယအကျိုးအမြတ်သည် ငရဲဘုံကိုးပါးဓားအတွက် ရှားပါးရတနာကို ဝါးမြိုနိုင်ခြင်းဖြစ်၏။
အမှောင်ကြယ်ပင်လယ်ကြီးအတွင်း စုရီပြန်ရောက်သောအခါ အပေါင်ဆိုင်ပိုင်ရှင်၏ အစေခံများဖြစ်သော လောင်ချောင်ဖုန့်၊ ကြယ်ပေသီးနှင့် နတ်ဝိညာဉ်များသည် ဝမ်းသာအားရ ကြိုဆိုခဲ့ကြ၏။
“ သခင်စု ငါတို့သခင်မကို တွေ့ခဲ့လား။ ”
အပေါင်ဆိုင်စာရေးက အလျင်အမြန် မေးမြန်းလိုက်သည်။ စုရီက ကုလားထိုင်တွင် လဲလျောင်းအနားယူလျက် ဝိုင်တစ်ခွက် ငှဲ့ယူသောက်ပြီး၊
“ မင်းတို့ရဲ့သခင်က ... နတ်ဘုရားနိုင်ငံတော်ကနေ ထွက်သွားခဲ့ပြီးပြီ ဒါပေမယ့် သူမ ဘယ်အချိန်မှာ ပြန်လာမလဲ ငါမသိဘူး။ ”
-ဟု ပြန်ဖြေလိုက်၏။
အပေါင်ဆိုင်စာရေးက အံ့အားသင့်လျက် ခဏမျှတိတ်ဆိတ်သွားကာ အဆုံး၌ တောင်ကြီး တစ်လုံး ဖယ်ရှားခံလိုက်ရသကဲ့သို့၊
“ ငါ့သခင်မ ... ဘေးကင်းသရွေ့ အဆင်ပြေပါပြီ။ ”
-ဟု ပြောကြားလိုက်လေသည်။
ထို့နောက် စုရီက ကြက်သွေးရောင် ကျောက်စိမ်းဆွဲပြားထုတ်ယူပြီး ပြန်ပေးလိုက် တော့၏။
“ အခု ... မင်းတို့ ဘာဆက်လုပ်မလဲ။ ”
စုရီမေးခွန်းကြောင့် အပေါင်ဆိုင်စာရေးခမျာ ခဏမျှစဉ်းစားလိုက်သည်။
“ ငါတို့သခင်မရဲ့ အမိန့်အတိုင်း ဒီကနေထွက်ခွာပြီး ကံကြမ္မာရှိတဲ့သူတွေကို ရှာဖွေဖို့ လှည့်လည်သွားလာတော့မယ်။ ”
စုရီက ခေါင်းညိတ်ပြီး၊
“ မင်းရဲ့ သခင်မက ရှန့်မူဆိုတဲ့ လူတစ်ယောက်နဲ့ ဘယ်လို ဆက်စပ်မှုရှိလဲ။ ”
-ဟု မေးမြန်းလိုက်၏။ သို့သော် အပေါင်ဆိုင်စာရေးမှ အံ့အားသင့်သွားသည်။
“ သခင်စု ... အဲဒီရှန့်မူက ဘယ်သူလဲ။”
စုရီမှ မျက်ခုံးပင့်လိုက်သည်။ ထိုမေးခွန်းကိုပြန်ဖြေမည့်အစား ကြယ်ပေသီး၊ ချိန်ခွင်နှင့် နှလုံးသားခေါင်းလောင်းထံ လှည့်ကြည့်လိုက်၏။
“ မင်းတို့ရောသိလား ... ။ ”
“ မသိပါဘူး ဆရာစု ... ။ ”
“ မသိပါဘူးဆရာစု ... ။ ”
“ မသိပါဘူးဆရာစု ... ။ ”
နတ်ဝိညာဉ်သုံးပါးက တပြိုင်နက်တည်း အခိုင်အမာငြင်းဆိုတော့၏။ စုရီမှ စိတ်ပျက်သွား လေသည်။
“ ကြည့်ရတာ မင်းတို့ရဲ့ သခင်မ ပြန်လာတဲ့အထိ စောင့်ရတော့မယ်ထင်တယ်။ ”
တစ်ဆက်တည်းမှာပင် လေးလံသော ခံစားချက်များသည်လည်း ဝင်ရောက်လာခဲ့ပြီး ဤအပေါင်ဆိုင်ပိုင်ရှင်သည် ရှန့်မူနှလုံးသားကို ဖျက်ဆီးပြီးသတ်ခဲ့သူ ဖြစ်လိမ့်မည်ဟူသော သံသယများဝင်လာ၏။
ယင်းသို့ဆိုက သူတို့သည် ရန်သူများ ဖြစ်နိုင်ပေမည်။ အတွေးများစွာဖြင့် ဝိုင်ခွက်ကို မြှောက်ကာ ဖြည်းဖြည်းခြင်းသောက်နေခဲ့၏။
စုရီထံမှ သူတို့၏သခင်မ အန္တရာယ်ကင်းကြောင်း ကြားသိပြီးနောက်တွင် အားလုံးက စိတ်အေးသွားကြသည်။
အချိန်အနည်းငယ် အနားယူပြီးနောက် စုရီကထရပ်ကာ အမှောင်ကြယ်ပင်လယ်ကြီးမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့၏။
“ သခင်စု ... ဘယ်သွားချင်တာလဲ ... ငါတို့အပေါင်ဆိုင်နဲ့ လိုက်ပို့ပေးပါရစေ။ ”
အပေါင်ဆိုင်စာရေး လောင်ချောင်ဖုန့်က ကမ်းလှမ်းလိုက်သည်။
“ ကောင်းပြီ ... ငါ့ကို ‘ချန်းကျီး’ကြယ်ကို ပို့ပေးပါ။ ”
ထိုစကားကြောင့် မုချန်းယွင်သည် စိတ်လှုပ်ရှားသွားသည်။ ချန်းကျီးကြယ်သည် သူ့ဇာတိဖြစ်ပြီး နေမင်းရောင်ခြည်ခြံဝင်းမှာ သူ့ဂိုဏ်းဖြစ်၏။ ကြယ်တစ်ထာင်နယ်မြေ ဟုလည်း ခေါ်ဆိုလေသည်။
***
ချန်းကျီးကြယ်စု။ ဤသည်မှာ အရှေ့ပိုင်းကြယ်လွင်ပြင်၏ ထိပ်တန်းကြယ်စု ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ကြီးမားပြီး ရှေးကျကာ ကမ္ဘာငယ်ပေါင်း တစ်ထောင်ကျော် ပါဝင်၏။
ဂိုဏ်းဂဏများနှင့် ရှေးဟောင်း အင်အားစုကြီးများသည် သစ်ပင်ကြီးများကဲ့သို့ များပြားနေချေပြီ။ ဤကြယ်စု၏အုပ်စိုးရှင်သည် ထိုက်ရီတာအိုဂိုဏ်းဖြစ်၏။
မုချန်းယွမ်၏ နေမင်းရောင်ခြည်ခြံဝင်း ဂိုဏ်းသည် ထိုက်ရီတာအိုဂိုဏ်းထက်များစွာ နိမ့်ကျသော်လည်း ပထမတန်းစား ဂိုဏ်းကြီး တစ်ခုဖြစ်နေသေးသည်။
၎င်းဂိုဏ်းတည်နေရာသည် မိုးတိမ်တံတား နတ်ဘုရားတောင်တွင်ဖြစ်၏။ တောင်ခြေရင်းသို့ ပုံရိပ်တစ်ရိပ်ဆင်းသက်လာသည်။
“ နောက်ဆုံးတော့ ငါပြန်ရောက်ပြီ။ ”
မုချန်းယွမ်နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။
“ ပထမဆုံး ငါ့ဆရာဆီ သွားမယ်၊ ပြီးရင် အဲဒီကောင်လေး ပိုင်ဟဲကိုတွေ့ရမယ် .. ငါမရှိတဲ့ အချိန်မှာ သူ့ရဲ့ကျင့်ကြံမှုကို လျှော့ချရဲရင် ငါသူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး။ ”
တစ်ယောက်ပြုံးလျက် ရေရွတ်လိုက်ပြီး တောင်ပေါ်ဦးတည်လိုက်၏။ ပိုင်ရီသည် သူ၏ တစ်ဦးတည်းသောတပည့်ပေပင်။
ထက်မြက်လွန်းပြီး အရည်အချင်းမှာ အထက်တန်းစားဖြစ်သော်လည်း အနည်းငယ် ပျင်းရိကာခေါင်းမာ၏။ ဤသည်ကပင် သူ့ကို ပို၍ဂရုစိုက်မိစေသည်။
အတွေးများဖြင့် မည်သူ့ကိုမျှ ဆက်သွယ်မနေခဲ့ဘဲ တောင်အနောက်ဘက်ထံ ဆက်လက်ဦးတည်လိုက်၏။ ထိုအရပ်တွင် သူ့ဆရာ နေထိုင်ချေပြီ။
ဆရာသခင်ကို နှုတ်ဆက်ကာ လောကသခင်ဝင်စားသူထံတွင် အလုပ်အကျွေး ပြုနေကြောင်း သတင်းဝေမျှလိုသည်။ ထိုစဉ် ဆရာသခင်မှ မည်မျှအံ့ဩလာမည်ကို အတွေးထဲပုံဖော်နေလိုက်၏။
“ သိုင်းဦးလေးလား ... ။ ”
ရုတ်တရက် အစောင့်တစ်ယောက်က မုချန်းယွမ်ကိုမြင်လိုက်ရသဖြင့် မယုံနိုင်အောင် ဖြစ်သွားလေသည်။ မုချန်းယွမ်က စကားမဆိုဘဲ ခေါင်းညိတ်ပြကာ ဆက်လက်ထွက်ခွာလာ၏။
သို့သော် ထိုအစောင့်သည် မျက်နှာ ပျက်ယွင်းသွားကာ ချက်ချင်းပင် တံဆိပ်တစ်ခု ထုတ်ယူကာ သတင်းပေးပို့လေသည်။
“ သိုင်းဦးလေး ခဏနေပါဦး။ ”
ချက်ချင်းပင် တံဆိပ်ပြားသည် လင်းလက်လာပြီး အစောင့်သည်မုချန်းယွမ်ထံ အမြန်ပြေးလိုက်လာတော့၏။
အနောက်ဘက်တောင်ကုန်းသို့ ရောက်ခါနီးတွင်တားဆီးခံရသဖြင့် မုချန်းယွမ်မှ စိတ်ရှုပ်လာကာ ပြန်လှည့်ကြည့်လေသည်။
“ မင်းမှာ ကိစ္စရှိလား။ ”
အစောင့်သည် အနည်းငယ် တွန့်ဆုတ်နေသော်လည်း အားတင်းလျက်၊
“ သိုင်းဦးလေး ... ဂိုဏ်းချုပ်က ဂိုဏ်းရဲ့ကျက်သရေဆောင်ခန်းမဆီ ကြွလာခဲ့ဖို့ အခုပဲဖိတ်ကြားလိုက်ပါတယ်။ ”
-ဟု ပြန်ဖြေသည်။
“ ငါပြန်လာတာကို ဂိုဏ်းချုပ် သိသွားပြီလား။ ”
“ ဟုတ်ကဲ့ ... ။ ”
ထိုမေးခွန်းကြောင့် အစောင့်မှ ထိတ်လန့်တကြားခေါင်းငုံ့သွား၏။ မုချန်းယွမ်က အစောင့်ထံ စိုက်ကြည့်လျက်၊
“ ကောင်းပြီ ... ဂိုဏ်းချုပ်ကို သွားပြောလိုက်ပါ ... ငါ့ဆရာကို ဂါရဝပြုပြီးရင် ငါလာခဲ့မယ်လို့။ ”
-ဟု ပြောကြားလိုက်တော့၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာတည်းက သူသည် ခရီးမှပြန်လာတိုင်း ဆရာ့ကိုအရင်ဆုံး ဂါရဝပြုသည့် အလေ့အထရှိ၏။
ဤအကျင့်သည် လူငယ်ဘဝမှသည် နယ်ပယ်ဘုရင်အဆင့် ရောက်ရှိသည်အထိ မပြောင်းလဲခဲ့ချေ။
“ ဒါပေမယ့် ... ဂိုဏ်းချုပ်က သိုင်းဦးလေး အခုချက်ချင်းလိုက်လာဖို့ အလေးအနက် မှာကြားထားပါတယ်။ ”
အစောင့်ကိုကျောခိုင်းလျက် တောင်အနောက်ဘက်ဆီသို့ ဦးတည်နေသော မုချန်းယွမ်ခမျာ ခြေလှမ်းရပ်ပြီး၊
“ ဂိုဏ်းမှာ တစ်ခုခု ဖြစ်နေလို့လား။ ”
-ဟု တုန့်ပြန်မေးမြန်း၏။
သူ့အသွင်မှာ အေးစက်လွန်းနေပြီး စိတ်မရှည်တော့သည်ကို အတိုင်းသား မြင်သာ နေချေပြီ။ ယင်းကြောင့် အစောင့်သည် တစ်ကိုယ်တစ်ခုလုံး တုန်ရီလျက်၊
“ မ ... မဖြစ်ပါဘူး သိုင်းဦးလေး။ ”
-ဟု ချက်ချင်း ပြန်ဖြေလာ၏။
“ ဟမ့် ... ။ ”
မုချန်းယွမ်မှ နှာခေါင်းရှုံ့လျက် စကားမဆိုတော့ဘဲ တောင်အနောက်ဘက်သို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။
ထိုအပြုအမူကြောင့် အစောင့်သည် မည်သို့ဆက်ပြောရမည်မှန်းမသိ ဖြစ်သွားရ၏။ သည့်စဉ်ကောင်းကင်မှလူရိပ်များ ပျံသန်းလာ သည်ကို မြင်လိုက်ရသဖြင့် သက်ပြင်းချကာ အနည်းငယ် ပြေလျော့သွားလေသည်။
***
အပိုင်း ၉၆၄ -
သစ္စာဖောက် ... ။
“ သိုင်းဦးလေး ... ခဏနေပါဦး။ ”
ရုတ်တရက် ဟန့်တားလာသံကြောင့် မုချန်းယွမ်မှ မကျေမနပ်ဖြင့်လှည့်ကြည့်လိုက်ရာ ခရမ်းရောင်ဝတ်ရုံနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။
သူ့နောက်တွင် လူအချို့လိုက်ပါလာ၏။ ဤသည်မှာ နေမင်းရောင်ခြည်ခြံဝင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဝမ်ကျိရှင်းပင် ဖြစ်သည်။
မုချန်းယွမ်မှ သူ့နောက်ရှိ အဆင့်မြင့်အကြီးအကဲ ဆယ်ဦးကျော်ထံ ဝေ့ဝဲ ကြည့်လိုက်ကာ၊
“ ဂိုဏ်းချုပ် ... ငါဂိုဏ်းဆီ ပြန်လာမဲ့အချိန်အတွက် မင်းကလူအင်အား အလုံးအရင်းနဲ့ ကြိုဖို့စောင့်နေတာလား။ ”
-ဟု မေးမြန်းလိုက်သည်။
သူ့အသံတွင် အလိုမကျမှုတစ်ခုပါရှိနေ၏။ ဂိုဏ်းသည် သူ့ဆရာထံ သွားရောက်ခြင်းအပေါ် အဘယ့်ကြောင့် ဤမျှတားမြစ်နေသည်ကို နားမလည်နိုင်တော့ချေ။
ဂိုဏ်းချုပ်ဝမ်ကျိရှင်းမှ သူစကားကြောင့် စိတ်မသက်မသာ ဖြစ်နေသော မျက်နှာထားဖြင့်၊
“ သိုင်းဦးလေး ... မင်းတကယ်ပဲ သစ္စာဖောက်ခဲ့တာလား။ ”
-ဟု သက်ပြင်းချကာ မေးမြန်းလာခဲ့သည်။
“ သစ္စာဖောက်တယ် ... ဟုတ်လား ... ။ ”
မုချန်းယွမ်မှ မျက်ခုံးပင့်လိုက်သည်။
“ ဂိုဏ်းချုပ် ... မင်းဘာကို ဆိုလိုတာလဲ ရွှမ်ဟွမ်ကြယ်စုဆီ မစ်ရှင်အတွက် ငါသွားခဲ့တာ ဘယ်လိုလုပ် သစ္စာဖောက် ဖြစ်သွားရတာလဲ။ ”
“ သိုင်းဦးလေး ... မင်းသစ္စာဖောက်ခဲ့တဲ့ ကိစ္စအပေါ် တစ်လောကလုံး သိကုန်နေကြပါပြီ မင်းဘာလို့ မသိဟန်ဆောင်နေရတာလဲ။ ”
ဂိုဏ်းချုပ်ဝမ်ကျိရှင်းဘေးရှိ အဝါဝတ်အကြီးအကဲတစ်ဦးမှ အေးစက်စွာ အော်ဟစ်လိုက်လေသည်။
“ မှန်တယ် ... လွန်ခဲ့တဲ့တစ်နှစ်တုန်းက ထိုက်ရီဂိုဏ်းရဲ့မစ်ရှင်မှာ ... သိုင်းဦးလေးအနေနဲ့ သူတို့အပေါ်သစ္စာဖောက်ခဲ့တာ ငါတို့သိခဲ့ရပြီ မင်းလိမ်ညာချင်နေတာလား။ ”
အခြားသော အဆင့်မြင့် အကြီးအကဲတစ်ဦးမှလည်း ဝင်ရောက်မေးခွန်း ထုတ်လာတော့၏။
“ သိုင်းဦးလေး ... မင်းကငါတို့ဂိုဏ်းရဲ့ အဆင့်မြင့်အကြီးအကဲပါ ဘယ်လိုလုပ် ဒီလိုမျိုး သစ္စာဖောက်နိုင်ရတာလဲ ...
... ဒီတစ်နှစ်အတွင်းမှာ မင်းကြောင့် ငါတို့ဂိုဏ်းဘယ်လောက်တောင် ကဲ့ရဲ့ရှုတ်ချတာ ခံခဲ့ရလဲ မင်းသိရဲ့လား ... ။ ”
“ ဟုတ်တယ် ... ဒါတင်မကဘူး ... ထိုက်ရီဂိုဏ်းကနေ ငါတို့ကိုအမိန့်ထုတ်ခဲ့တယ် သိုင်းဦးလေးကို သူတို့ဆီမအပ်ရင် ငါတို့ဂိုဏ်းကို ဖျက်ဆီးပစ်လိမ့်မယ် အခုဆိုရင် လူတိုင်းက အခွင့်အရေးအတွက် ငါတို့ဂိုဏ်းအပေါ် ချောင်းမြောင်းနေကြပြီ။ ”
အဆင့်မြင့် အကြီးအကဲများက ဒေါသတကြီးဖြင့် တစ်ယောက်တစ်ပေါက် ချက်ချင်း အော်ဟစ်လာကြတော့သည်။
မုချန်းယွမ်သည်ပင် စကားလုံးများ ပျောက်ဆုံးသွား၏။ သူသည် မျှော်လင့်ချက်များ တပွေ့တပိုက်နှင့် ပြန်လာခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့ ကြိုဆိုခြင်း ခံရလိမ့်မည်မှာ မထင်ထားချေ။
သို့သော် ဤလူများ၏ စကားအရ အရာအားလုံး၏တရားခံမှာ ထိုက်ရီဂိုဏ်းထံမှ လာကြောင်း သဘောပေါက်လိုက်၏။
ထိုဂိုဏ်းသည် သူ့အပေါ် သစ္စာဖောက်တစ်ဦးအဖြစ် သတ်မှတ်လိုက်ကာ သူ့ဂိုဏ်းကိုပါ ဖိအားပေးနေခြင်းဖြစ်၏။
“ သိုင်းဦးလေး ... မင်းမှာ ရှင်းပြစရာရှိသေးလား။ ”
မုချန်းယွမ်တစ်ယောက် တိတ်ဆိတ်သွားသဖြင့် ဂိုဏ်းချုပ်ဝမ်ကျိရှင်းက မေးမြန်းလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မုချန်းယွမ်အဖြေကို နားထောင်နေတော့၏။
မုချန်းယွမ်တစ်ယောက် နှလုံးသားထဲ ဖော်မပြနိုင်သောဝမ်းနည်းမှုများ ပြည့်နှက်လာ ခဲ့ပြီးနောက်၊
“ ကောင်းပြီး ... အဲဒီထိုက်ရီဂိုဏ်းက သစ္စာဖောက်လို့ပြောတာနဲ့ပဲ ... မင်းတို့က ငါ့ကို သစ္စာဖောက်လို့ သတ်မှတ်လိုက်တာလား။ ”
-ဟု တုန်တုန်ယင်ယင်ဖြင့် မေးမြန်းလိုက်လေသည်။ လူတိုင်း ပြန်မဖြေချေ။ မုချန်းယွမ်နှင့် မျက်လုံးချင်း ဆုံရမည်ကို ကြောက်ရွံ့ဟန် မျက်နှာလွှဲကုန်၏။
“ အဟက် ... ။ ”
ထိုမြင်ကွင်းကြောင့် မုချန်းယွင်က နာကျင်စွာရယ်မောလိုက်ပြီး၊
“ ငါကလေးတည်းက ဒီဂိုဏ်းမှာ ကျင့်ကြံကြီးပြင်းလာခဲ့တာပါ ပြင်ပတပည့်ဆိုတဲ့ ဘဝကနေ အတွင်းတပည့်၊ အမာခံတပည့် ...
... အခု အဆင့်မြင့်အကြီးအကဲ ဖြစ်လာတဲ့အထိ နှစ်ပေါင်းသုံးသောင်းကိုးထောင် နေထိုင်ခဲ့တယ် ဂိုဏ်းအပေါ် ငါ့ရဲ့ကောင်းမှုတွေ၊ ကြိုးစားအားထုတ်မှုတွေကို ထားလိုက်ဦး ...
... ငါ့ဘဝတလျှောက်မှာ ငါ့ဂိုဏ်းနစ်နာစေမယ့် မကောင်းမှုတစ်စုံတစ်ရာ ကိုတောင် လုပ်ခဲ့ဖူးလို့လား။ ”
စကားလုံးတိုင်းသည် မိုးကြိုးသံကဲ့သို့ ဟိန်းထွက်နေပြီး ဂိုဏ်းချုပ်အပါအဝင် လူတိုင်းမှ မျက်နှာပျက်သွားကြ၏။
“ အခုတော့ ... ထိုက်ရီဂိုဏ်းက ငါ့ကို သစ္စာဖောက်လို့ သတ်မှတ်တာ ထားလိုက်ပါဦး မင်းတို့အားလုံးကပါ ငါ့ကိုသစ္စာဖောက်လို ဆက်ဆံနေတယ် ...
... ဟားဟားဟား ဘယ်လောက်တောင် ရယ်စရာကောင်းပြီး သနားစရာကောင်းလိုက်လဲ အဖိုးကြီးချန်း ဒါမင်းရဲ့မိသားစုတဲ့လား။ ”
မုချန်းယွမ်မျက်နှာသည် စိမ်းဖန့်သွားကာ ရင်ကိုဓားဖြင့်မွှန်းလိုက်သကဲ့သို့ နာကျင်နေခဲ့၏။ နှစ်ပေါင်းများစွာတိုင်အောင် မိမိ၏နေအိမ်ကဲ့သို့ သတ်မှတ်ထားခဲ့သော အသိုက်အမြုံလေးသည် မထင်မှတ်စွာ သူစိမ်းဆန်နေခဲ့ချေပြီ။
“ သိုင်းဦးလေး ... ငါတို့ကို မင်းကို အတင်းအကျပ်မလုပ်ရပါစေနဲ့ ဒီနှစ်အတွင်းမှာ သိုင်းဦးလေးရဲ့ လုပ်ရပ်ကြောင့် ဂိုဏ်းတစ်ခုလုံး အရှက်ရခဲ့တယ် ...
... ငါတို့ဝန်းကျင်မှာ ရန်သူတွေကလည်း အခွင့်အရေးကို ... ချောင်းမြောင်းနေကြပါတယ် ဒါကြောင့် ထိုက်ရီဂိုဏ်းဆီသာ သိုင်းဦးလေးကို မအပ်နိုင်ရင် ငါတို့ဂိုဏ်းကို အပြီးတိုင် ဖျက်ဆီးခံရလိမ့်မယ်။ ”
ဂိုဏ်းချုပ်ဝမ်ကျိရှင်းက သက်ပြင်းချကာ ပြောကြားလာခဲ့သည်။ ထိုစကားများကြောင့် မုချန်းယွမ်မှ ဒေါသထွက်လာ၏။
သစ္စာဖောက်ဆိုသည်မှာ ဆင်ခြေတစ်ခုမျှသာဖြစ်ပြီး အကြောင်းရင်းသည် ဂိုဏ်းမှ သူ့ကိုစတေးရန် ဆုံးဖြတ်လိုက်ခြင်း ပေပင်။
“ ဒါဆို ... မင်းတို့ရော အဲ့ဒီလိုပဲ ထင်နေတာလား။ ”
မုချန်းယွမ်က အဆင့်မြင့်အကြီးအကဲ (၁၀)ဦးကျော်ထံ ရီဝေစွာလှည့်ကြည့်လိုက်ကာ မေးမြန်းလိုက်၏။ သို့သော် မည်သူမျှ သူနှင့် မျက်လုံးချင်းမဆုံဝံ့ချေ။ ရှောင်ဖယ်သွား၏။
အဆုံး၌ မုချန်းယွမ်တစ်ယောက် စိတ်ပျက်သွားပြီး၊
“ ကောင်းပြီ ... မင်းတို့အားလုံး စိတ်ချနေကြပါ ဒီကိစ္စကို ငါချန်းယွမ်ကိုယ်တိုင် ထိုက်ရီဂိုဏ်းနဲ့ သွားရှင်းလိုက်မယ်။ ”
-ဟု အေးစက်စွာ ကတိပေးလိုက်တော့သည်။
ထို့ကြောင့် သူ့ဆရာနှင့် တပည့်ဖြစ်သူ ပိုင်ဟဲကိုတွေ့ပြီးသည်နှင့် ဂိုဏ်းမှထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ သို့သော် အဝါရောင်ဝတ် အဆင့်မြင့်အကြီးအကဲက လှမ်းတက်လျက်၊
“ သိုင်းဦးလေး ... ဒီလမ်းခရီးလေးမှာ မင်းအတွက် မတော်ဆမှုတစ်ခုခုမဖြစ်ရအောင် ငါတို့လိုက်ပို့ပေးပါရစေ။ ”
-ဟု ပြောကြားလာခဲ့သည်။
ဤတစ်ကြိမ်တွင် မုချန်းယွမ်သည် မျက်နှာမည်းမှောင်လျက်၊
“ အဖိုးကြီးဟွမ်ယုံ ... ငါထွက်ပြေးမယ်လို့ မင်းထင်နေတာလား။ ”
-ဟု ဒေါသတကြီး ပြန်လည် မေးမြန်းလိုက်၏။
“ သိုင်းဦးလေး ... မင်းရဲ့ဆရာနဲ့ မင်းရဲ့တပည့်ပိုင်ဟဲတို့က ထိုက်ရီဂိုဏ်းဆီမှာ ဧည့်သည်တော်အဖြစ် မင်းလာမဲ့အချိန်ကို စောင့်နေပါတယ်။ ”
ဂိုဏ်းချုပ်ဝမ်ကျိရှင်းက သက်ပြင်းချကာ တိုးတိုးလေးပြော၏။ မုန့်ချန်းယွမ်တစ်ယောက် ဦးခေါင်းကို မိုးကြိုးထိမှန်သွားသကဲ့သို့ ဒိန်းခနဲခံစားလိုက်ရလေသည်။
ချက်ချင်း မျက်ဝန်းများ နီမြန်းလျက် လူသတ်ချင်စိတ်များ ထွက်ပေါ်လာခဲ့တော့၏။ ထိုစဉ် ဝေးကွာသောအရပ်ဆီမှ လူနှစ်ဦး ထပ်မံပျံသန်းရောက်ရှိလာခဲ့သည်။
ယင်းသည် ထိုက်ရီဂိုဏ်းထံမှ ရောက်ရှိနေသည့် ဧည့်အကြီးအကဲ ရွှေချန်ယီ ဖြစ်ပြီး ကျန်တစ်ဦးသည် နေမင်းရောင်ခြည် ခြံဝင်း၏ ဘိုးဘေးကျင့်ချွဲ ပေပင်။
သူတို့နှစ်ဦးကိုမြင်ချိန်၌ မုချန်းယွင်မျက်နှာသည် အနည်းငယ်လေးနက် သွားတော့၏။ ဘိုးဘေးကျင့်ချွဲမှ လေထုအလယ် ရပ်တန့်ကာ အေးစက်စွာဖြင့်၊
“ ချန်းယွင် ... ငါ့စကားနားထောင်ပါ ... မင်းရဲ့ဆရာနဲ့ မင်းရဲ့တပည့်အတွက် ပြီးတော့ ငါတို့ဂိုဏ်းတစ်ခုလုံးအတွက် မင်းအဖမ်းခံပြီး ထိုက်ရီဂိုဏ်းမှာ အပြစ်ဝန်ခံလိုက်ပါ။ ”
-ဟု ပြောကြားလိုက်တော့၏။
“ ကျင့်ချွဲ ... ဒီသစ္စာဖောက်ကိုဖမ်းလိုက်။ ”
သူ့ဘေးရှိ ထိုက်ရီဂိုဏ်းမှဧည့်အကြီးအကဲ ရွှေချန်ယီကအချိန်မဖြုန်းလိုဟန်ဖြင့် ချက်ချင်း အမိန့်ပေးလိုက်လေသည်။
“ ဟုတ်ကဲ့ နားလည်ပါပြီ ... ။ ”
ဘိုးဘေးကျင့်ချွဲက အမိန့်ကို မလွန်ဆန်ဝံ့တော့ဘဲ ရုတ်ချည်းမုချန်းယွမ်ထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။
“ ဝှစ် ... ။ ”
မုချန်းယွမ်မှ ရှောင်တိမ်းလျက် ကောင်းကင်ပေါ်ပျံတက်ရန် ကြိုးစားလိုက်ရ၏။ သို့သော်ကွေ့ယွီအဆင့် နယ်ပယ်ဘုရင်တစ်ပါး ရှေ့တွင် ထင်တိုင်းမပေါက်ခဲ့ချေ။
“ ဘုန်း ... ။ ”
အဆုံး၌ လက်ဖဝါးရိုက်ချက်သည် သူ့ရင်ဘတ်ပေါ် တည့်တည့်ထိမှန်သွားရကာ မြေပြင်ပေါ် ပြန်ပြုတ်ကျသွားတော့၏။
ရင်ဘတ်တစ်ခုလုံး ပြောင်းဆန်ကုန်ကာ နှလုံးသားမှာ ကြေမွှလုမတတ် ပြင်းထန်သော လောင်မြိုက်ခြင်းဥပဒေ စည်းမျဉ်းတစ်ခု ချက်ချင်းဝင်ရောက်လာခဲ့သည်။
“ အဟွတ် ... အဟွတ် ... ဝေါ့။ ”
***