← Chapters

အခန်း (၁၆၁၁-၁၆၁၃)

Vol. 124 Ch. 1611-1613

အခန်း (၁၆၁၁-၁၆၁၃)

Vol. 124 Ch. 1611-1613

အခန်း ၁၆၁၁ - ဇာတ်လမ်းခွဲ (လမ်းဟောင်း)

မသေချာသော သဘာဝလွန်စွမ်းအားများနှင့် ရင်ဆိုင်ရချိန်တွင် ဝမ်ဖျင် အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိပေ။ သူသည် ဖခင်ဖြစ်သူ ချန်ထားခဲ့သော သဘာဝလွန်ဖြစ်ရပ် မှတ်တမ်းများကို ဖတ်ဖူးပြီး တစ္ဆေများကို မည်သို့ ရင်ဆိုင်ရမည်ဆိုတာ သိထားသော်လည်း ကိုယ်တိုင် ကိုယ်ကျ မကြုံဖူးသေးသဖြင့် အလွန်အမင်း သတိထားရန် လိုအပ်ပေသည်။

"ဆာ ဆာတယ်..."

စားပွဲရှေ့တွင် ထိုင်နေသော ထိုထူးဆန်းသည့် ဝတ်စုံပြည့် အမျိုးသားသည် ယခုအခါ စောစောက စကားကိုသာ ထပ်တလဲလဲ ပြောနေသည်။ သူ၏ စကားသံများက မပီသဘဲ ပြတ်တောင်းပြတ်တောင်း ဖြစ်နေကာ အသိဉာဏ် လွတ်ကင်းနေပုံရသည်။

ဝမ်ဖျင် သူ့ကို စိုက်ကြည့်ပြီးနောက် နောက်ဆုံးတွင် အတည်ပြုလိုက်သည်။

"ပုံမှန် စကားမပြောနိုင်ဘူးဆိုတော့ သူက တစ္ဆေဆရာ မဟုတ်ဘူး သေချာပေါက် တစ္ဆေပဲ ဒီလို ဆိုမှတော့ လူမှားသတ်မိမယ့် ကိစ္စ မရှိနိုင်တော့ဘူး"

ဒီလို တွေးမိပြီးနောက် သူ၏ အကြည့်များက ဒီဝတ်စုံပြည့် အမျိုးသား၏ အနောက်သို့ ရောက်သွားသည်။

ဒီဝတ်စုံပြည့် အမျိုးသား၏ အနောက်ဘက် ဘယ်ညာ တစ်ဖက်စီတွင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ် နှစ်ခု မတ်မတ် ရပ်နေသည်။ အဲဒါက အရေးအကြောင်းများ ပြည့်နှက်နေသော အဘိုးအိုနှင့် အဘွားအို တစ်စုံ ဖြစ်သည်။ ထိုလူကြီး နှစ်ယောက်၏ တစ်ကိုယ်လုံးမှာ အဖြူအမည်း အရောင်များ ဖြစ်နေပြီး ဓာတ်ပုံထဲမှ ခုလေးတင် ထွက်လာသကဲ့သို့ လူကို ကျောချမ်းသွားစေသည်။

သူတို့က ဝမ်မိသားစု၏ အကြမ်းဆုံး ပထမ မျိုးဆက် တစ္ဆေများလည်း ဖြစ်သည်။

ဝမ်ဖျင်၏ ဘေးတွင်တော့ ငယ်ရွယ်သော ပုံစံ ရှိသည့် ဝိညာဉ် တစ်စုံ လှည့်လည်သွားလာနေပြီး ထိုအထဲမှ တစ်ခုမှာ သူ၏ ဖခင် ဝမ်ချာလင်း ပင် ဖြစ်သည်။

"အဖေ ကျွန်တော့်ကို ကာကွယ်ပေးပါ"

ဝမ်ဖျင်သည် အရင်က ပြဿနာများနှင့် အန္တရာယ်များ ကြုံတွေ့ရချိန်တွင် ဖခင်ဖြစ်သူ၏ အကာအကွယ်ကို ခေါ်ယူသကဲ့သို့ ခေါ်လိုက်သည်။

ဝမ်ချာလင်း၏ ဝိညာဉ်က ဘေးတွင် လှည့်လည်သွားလာကာ ဝမ်ဖျင်၏ လုံခြုံရေးကို စောင့်ရှောက်ပေးပြီး မည်သည့် အန္တရာယ်မှ အနားမကပ်နိုင်အောင် တားဆီးပေးထားသည်။

ဖခင်ဖြစ်သူ၏ ဝိညာဉ် ဘေးတွင် ရှိနေမှသာ ဝမ်ဖျင်သည် ရဲရဲဝံ့ဝံ့ လှုပ်ရှားရဲပြီး နောက်ကြောင်းအေးနိုင်မည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဖခင်ဖြစ်သူ ဝမ်ချာလင်း မသေခင်က ထိန်းချုပ်ထားခဲ့သော တစ္ဆေများ အားလုံးက သူ့ကို ကာကွယ်ရန်အတွက် ဖြစ်ကြောင်း သူ သိထားသောကြောင့် ဖြစ်သည်။

"သူ့ကို ဖြတ်တောက်လိုက်"

ထို့နောက် ဝမ်ဖျင် အမိန့်ပေးလိုက်သည်။

အမိန့် ပေးလိုက်သည်နှင့် ထိုကြောက်စရာကောင်းသော လူကြီး နှစ်ယောက်က ချက်ချင်း လက်ဆန့်ထုတ်ကာ ဒီထူးဆန်းသည့် ဝတ်စုံပြည့် အမျိုးသား၏ ပခုံး နှစ်ဖက်ကို ဘယ်ညာ ဖမ်းဆုပ်လိုက်ကြသည်။ ထို့နောက် ပိန်လှီ ခြောက်သွေ့နေသော ခန္ဓာကိုယ်များ အနည်းငယ် လှုပ်ရှားသွားပြီးနောက် မယုံနိုင်စရာ မြင်ကွင်း တစ်ခု ထွက်ပေါ်လာတော့သည်။

ထိုဝတ်စုံပြည့် အမျိုးသား၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ဆွဲဆုတ်ခံနေရပြီး ပြားချပ်ချပ် ပန်းချီကား တစ်ချပ်လို ဆုတ်ဖြဲခံနေရသည်။ ထို့အပြင် ထိုအချိန်အတွင်း အော်ဟစ်သံ မရှိသလို မည်သည့် နာကျင်မှုမျှ မရှိဘဲ အရာအားလုံးက သဘာဝကျလွန်းနေသည်။

ဝမ်ဖျင် ဒီမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေပြီး ခဏနေရင် ဒီအလောင်းကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို စဉ်းစားနေသည်။

တစ်နေရာရာမှာ သွားမြှုပ်လိုက်ရမလား ဒါမှမဟုတ် ဖခင် ချန်ထားခဲ့တဲ့ လုံခြုံရေး အခန်းထဲမှာပဲ သွားပိတ်ထားလိုက်ရမလား။

သို့သော် ထိုအချိန်မှာပင် ဆုတ်ဖြဲခံရတော့မည့် ဝတ်စုံပြည့် အမျိုးသားသည် ရုတ်တရက် မျက်နှာ ရှုံ့မဲ့သွားပြီး ပါးစပ်ကို ဟကာ နာကျင်စွာ အော်ဟစ်နေပုံ ပေါက်လာသည်။ သို့သော် မည်သည့် အသံမျှ ထွက်မလာဘဲ သူ၏ လည်ချောင်း အနက်ရှိုင်းဆုံး နေရာမှ ရုတ်တရက် နီရဲလာပြီး အချိန်အတော်ကြာ ငြိမ်းနေခဲ့သော မီးပွင့်လေး တစ်ခုကို ရုတ်တရက် ထွန်းညှိလိုက်သကဲ့သို့ပင် ဖြစ်သည်။

ဝမ်ဖျင် မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး အလျင်စလို အနောက်သို့ ဆုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ဒီမီးတောက်၏ ပုံမှန်မဟုတ်မှုကို သူ ခံစားမိသွားသောကြောင့် ဖြစ်သည်။

သာမန်လူ တစ်ယောက် အနေဖြင့် မီးတောက်၏ အလင်းရောင်အောက်တွင် အေးစက်မှုကို ခံစားလိုက်ရသည်။

မီးတောက်များ ပိုပို တောက်ပလာပြီး ဒီဝတ်စုံပြည့် အမျိုးသား တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားတော့မည့်ပုံ ပေါက်နေသည်။ သို့သော် သူ မီးမလောင်ခင်မှာပင် ဝမ်ဖျင်၏ ဘေးနှင့် ဘေးမ တို့၏ သဘာဝလွန် တိုက်ခိုက်မှု ပြီးဆုံးသွားပြီ ဖြစ်သည်။

ဆုတ်ဖြဲလိုက်သော အသံ ထွက်ပေါ်လာပြီး ဒီဝတ်စုံပြည့် အမျိုးသား၏ ခန္ဓာကိုယ်မှာ တိုက်ရိုက် နှစ်ပိုင်း ပြတ်သွားရာ လောင်ကျွမ်းတော့မည့် မီးတောက်များမှာလည်း ယခုအခါ ဖိနှိပ်ခံလိုက်ရပြီး နောက်တစ်ကြိမ် မှေးမှိန်သွားတော့သည်။

ဝမ်မိသားစု၏ ပထမ မျိုးဆက်က ဆုတ်ဖြဲလိုက်သည်မှာ ခန္ဓာကိုယ်သာမက သဘာဝလွန်စွမ်းအားကိုပါ ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

"ဖြေရှင်းပြီးသွားပြီလား"

ဒီတော့မှ ဝမ်ဖျင် အနည်းငယ် သက်ပြင်းချနိုင်သွားသည်။

ကြည့်ရတာ ဖခင် ချန်ထားခဲ့တဲ့ အချက်အလက် မှတ်တမ်းတွေက ပြောတာ မှန်တယ် ကိုယ့်ဝမ်မိသားစုရဲ့ ဝိညာဉ်တွေက အရမ်း ကြမ်းတယ် တခြား တစ္ဆေတွေကို အလွယ်တကူ တိုက်ခိုက်နိုင်တယ် သဘာဝလွန်စွမ်းအားတွေ နိုးထလာတဲ့ ခေတ်မှာတောင် ထိပ်တန်း အဆင့်မှာ ရှိတယ် ဆိုတာ သေချာတယ်။

လဲကျသွားသော အလောင်းမှာ ယခုအခါ လှုပ်ရှားနိုင်စွမ်း လုံးဝ ဆုံးရှုံးသွားပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ပေ။

ဝမ်ဖျင် ဒီမြင်ကွင်းကို မြင်သောအခါ သူ၏ အဘိုးနှင့် အဘွား၊ တစ်နည်းအားဖြင့် ဝမ်မိသားစု၏ ဒုတိယ မျိုးဆက် ဝမ်လု ဇနီးမောင်နှံ၏ ဝိညာဉ်များကို ဒီဝတ်စုံပြည့် အမျိုးသား၏ အလောင်းပေါ်တွင် ရှာဖွေခိုင်းလိုက်ပြီး သဲလွန်စ သို့မဟုတ် ပစ္စည်း တစ်ခုခု ရနိုင်မလား ဆိုတာကို ကြည့်ခိုင်းလိုက်သည်။

တစ္ဆေ အချို့၏ လက်ထဲတွင် သဘာဝလွန် ပစ္စည်း အချို့ ရှိတတ်ကြောင်း သူ မှတ်မိနေသည်။ ထိုသဘာဝလွန် ပစ္စည်းများသည် ထူးဆန်းသော သဘာဝလွန်စွမ်းအားများ ပိုင်ဆိုင်ထားပြီး တစ္ဆေဆရာများအတွက် အကူအညီ အများကြီး ပေးနိုင်ပေသည်။

နှမြောစရာ ကောင်းသည်မှာ ဒီဝတ်စုံပြည့် အမျိုးသား၏ အလောင်းတွင် မည်သည့် သဘာဝလွန် ပစ္စည်းမျှ မရှိပေ။ သို့သော် သူ၏ အင်္ကျီ အိတ်ကပ်ထဲတွင်တော့ အထောက်အထား ကတ်ပြား တစ်ခုကို ရှာတွေ့ခဲ့သည်။

"ဒါက ရွှေနဲ့ လုပ်ထားတဲ့ လိပ်စာကတ်ပြားလား"

ဝမ်ဖျင် မျက်မှောင်အနည်းငယ် လှုပ်သွားပြီး အံ့အားသင့်သွားသည်။

သဘာဝလွန်စွမ်းအားက ရွှေကို သက်ရောက်မှု မပေးနိုင်တာကို သူ သိထားတယ်။ ရွှေနဲ့ လိပ်စာကတ်ပြား လုပ်နိုင်တယ်ဆိုတာက ဒီဝတ်စုံပြည့် အမျိုးသားက သာမန် တစ္ဆေ မဟုတ်ဘဲ တစ္ဆေဆရာ ဖြစ်ဖို့ များတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။

လိပ်စာကတ်ပြားကို သတိထားပြီး လှမ်းယူလိုက်သည်။

နှစ်ပေါင်းများစွာ ကြာသွားသော်လည်း ဒီလိပ်စာကတ်ပြားမှာ အသစ်အတိုင်း တောက်ပနေဆဲ ဖြစ်သည်။

"တာဝန်ခံ — ကျန်းလေ့"

ဝမ်ဖျင် လိပ်စာကတ်ပြားပေါ်ရှိ စာကြောင်းကို မြင်လိုက်ရသောအခါ ခေါင်းထဲတွင် တုန်လှုပ်သွားသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒါက ကိုယ့်အဖေနဲ့ တစ်ခေတ်တည်း တစ္ဆေဆရာ တစ်ယောက်ပဲ"

လွန်ခဲ့သော အနှစ်ခြောက်ဆယ်က သဘာဝလွန်စွမ်းအားများ နိုးထလာမှုကို တိုက်ခိုက်ရန်အတွက် မြို့တိုင်းတွင် တာဝန်ခံ အဖြစ် တစ္ဆေဆရာ တစ်ယောက်ကို ခန့်အပ်ထားကြောင်း သူ ကောင်းကောင်း သိသည်။ ထိုတာဝန်ခံများ၏ တာဝန်မှာ သဘာဝလွန်ဖြစ်ရပ်များကို ဖြေရှင်းပြီး မြို့နှင့် နေထိုင်သူများ၏ လုံခြုံရေးကို ကာကွယ်ပေးရန် ဖြစ်သည်။

သို့သော် သဘာဝလွန်ခေတ်ကြီး အဆုံးသတ်သွားပြီးနောက် တာဝန်ခံ ဆိုသော ရာထူးမှာလည်း ဖျက်သိမ်းခံလိုက်ရပြီး အရင်က တာဝန်ခံ အဖြစ် လုပ်ကိုင်ခဲ့သော တစ္ဆေဆရာများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ကြသည်။

အဲဒီ ရာထူးကနေ နုတ်ထွက်သွားတဲ့ တာဝန်ခံတွေ ဘယ်ရောက်သွားလဲ ဆိုတာကို ဘယ်သူမှ မသိကြသလို ဘယ်သူမှလည်း ဂရုမစိုက်ကြဘူး။ သူကတော့ ဒီလူတွေ တစ်ယောက်ပြီး တစ်ယောက် လူမသိသူမသိ ချောင်တစ်နေရာမှာ သေဆုံးသွားကြပြီး ခေတ်ကြီးရဲ့ လုံးဝ ဝါးမြိုတာကို ခံလိုက်ရပြီလို့ ထင်ခဲ့တာ။

"လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က ဖုံးကွယ်ထားခဲ့တဲ့ အရာတွေက တဖြည်းဖြည်း ပြန်ပေါ်လာနေပြီ ကြည့်ရတာ နောက်ထပ် သဘာဝလွန်ခေတ်ကြီး အသစ်တစ်ခု ပြန်စတော့မယ် ထင်တယ်"

ဝမ်ဖျင် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်ထဲရှိ ရွှေလိပ်စာကတ်ပြားကို ကိုင်ကာ ရင်ထဲတွင် ပြင်းထန်သော စိုးရိမ်ပူပန်မှုများကို ခံစားလိုက်ရသည်။

တကယ်လို့ သဘာဝလွန်ခေတ်ကြီး တကယ်ပဲ ပြန်ပေါ်လာမယ်ဆိုရင် အချက်အလက် မှတ်တမ်းတွေထဲက ဖော်ပြချက်တွေအရ နောက်ပိုင်း လူတိုင်း ကြောက်ရွံ့မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို ရင်ဆိုင်ရတော့မှာပဲ။

"ဒါပေမဲ့ အခုနဲ့ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က မတူတာကတော့ ဒီခေတ်ကြီးမှာ လူတစ်ယောက် ပိုလာတာပဲ"

ထို့နောက် ဝမ်ဖျင် အကြည့်လွှဲကာ ဘေးရှိ စားပွဲပေါ်မှ သတင်းစာ တစ်စောင်ကို လှမ်းကြည့်လိုက်သည်။

ထိုသတင်းစာမှာ ဧည့်သည် တစ်ယောက် ကျန်ရစ်ခဲ့ခြင်း ဖြစ်ရမည်။

ထိုသတင်းစာ၏ မျက်နှာဖုံးတွင် 'နတ်ဘုရား ယန်ကျန့်' ဟူသော စာလုံးကြီး နှစ်လုံးကို ရှင်းလင်းစွာ ရိုက်နှိပ်ထားသည်။

တစ်ချိန်တည်းမှာပင် မြက်ရိုင်းများ၊ သစ်ပင်များ ပေါက်ရောက်နေပြီး ဆယ်စုနှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရသော ဟောင်းနွမ်းသည့် မြို့လေး တစ်မြို့တွင် လူတစ်ယောက် ပေါ်လာခြင်းက အိမ်ဟောင်းများအတွင်း အသိုက်ဖွဲ့ထားသော ငှက်အုပ်ကြီးကို လန့်ဖြတ်သွားစေပြီး ဒီနေရာ၏ တိတ်ဆိတ်မှုကို လုံးဝ ချိုးဖျက်ပစ်လိုက်သည်။

အနှစ်ခြောက်ဆယ် ကြာသွားသော်လည်း ဒီနေရာက ပိတ်ဆို့ထားဆဲ ဖြစ်သည်။

တောရိုင်း တိရစ္ဆာန်များမှလွဲ၍ ဒီနေရာသို့ ဘယ်သူမှ လာမည် မဟုတ်သလို ဒီစွန့်ပစ်ခံထားရသော မြို့လေး၏ နာမည်ကိုလည်း ဘယ်သူမှ မသိကြပေ။

သို့သော် ယန်ကျန့် သိသည်။

လွန်ခဲ့သော အနှစ်ခြောက်ဆယ်က ဒီမြို့လေးကို ပိုင်ရွှေမြို့လေးဟု ခေါ်ခဲ့သည်။

မူလက သာမန် မြို့လေး တစ်မြို့ ဖြစ်သော်လည်း သဘာဝလွန် ကျူးကျော်မှု တစ်ခုကြောင့် ဒီမြို့လေးမှာ ကမ္ဘာပေါ်တွင် အန္တရာယ် အများဆုံး သဘာဝလွန်နယ်မြေ အချို့ထဲမှ တစ်ခု ဖြစ်သွားခဲ့သည်။ ထို့အပြင် ထိုအချိန်မှစ၍ ခေါင်းဆောင် အဆင့်ရှိသော တစ္ဆေဆရာများပင် အနားမကပ်ရဲတော့ဘဲ နေထိုင်သူများကို ပြောင်းရွှေ့ပေးကာ အန္တရာယ်ကို ခွဲခြားရန် ဒီနေရာကို ပိတ်ဆို့ထားခဲ့ရသည်။

ယန်ကျန့်သည် စွန့်ပစ်ခံထားရသော လမ်းမပေါ်တွင် တစ်ယောက်တည်း လျှောက်သွားနေသည်။ သူ၏ ပုံရိပ်မှာ ဝေဝါးနေပြီး လက်တွေ့ကမ္ဘာထဲတွင် မရှိသကဲ့သို့ပင်။

သူ ရှေ့သို့ ဆက်လျှောက်သွားသည်နှင့်အမျှ မျက်စိရှေ့ရှိ လမ်းမပေါ်မှ မြင်ကွင်းများလည်း ကြီးမားစွာ ပြောင်းလဲသွားတော့သည်။

မြက်ရိုင်းများ ပေါက်ရောက်နေသော လမ်းမ ပျောက်ကွယ်သွားပြီး အဝေးရှိ အမှောင်ထု အနက်ရှိုင်းဆုံး နေရာအထိ ဆန့်တန်းနေသော လမ်းတစ်လမ်း အဖြစ် ပြောင်းလဲသွားသည်။ လမ်းပေါ်တွင် လူတစ်ယောက်မှ မရှိဘဲ သန့်ရှင်း သပ်ရပ်နေကာ ဘယ်ညာ နှစ်ဖက်ရှိ အရပ်ရှည်သော သစ်ပင်ကြီးများလည်း ပျောက်ကွယ်သွားပြီး အမည်မသိ ပန်းရိုင်း အစုလိုက် အပြုံလိုက် အစားထိုး ဝင်ရောက်လာသည်။ သေချာ ကြည့်မည် ဆိုပါက ထိုပန်းများမှာ သဘာဝအလျောက် ပေါက်ရောက်နေသော ပန်းများ မဟုတ်ဘဲ အရောင်မျိုးစုံရှိသော စက္ကူများဖြင့် ခေါက်ထားသည့် စက္ကူပန်းများ ဖြစ်နေသည်။

ကြောက်စရာ အကောင်းဆုံးကတော့ ဘယ်ညာ နှစ်ဖက်ရှိ အဆောက်အအုံများပင် ဖြစ်သည်။

မူလက အနှစ်ခြောက်ဆယ်၏ တိုက်စားမှုကြောင့် ထိုအဆောက်အအုံများမှာ စောစောကတည်းက ပြိုကျနေပြီ ဖြစ်သော်လည်း ယခုအခါ ထိုအဆောက်အအုံများမှာ မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး အချို့သော အဆောက်အအုံများထဲတွင် လူနေထိုင်သကဲ့သို့ မီးများပင် လင်းနေသေးသည်။

အမည်းရောင် ကတ္တရာလမ်းမအတိုင်း ရှေ့သို့ ဆက်သွားသည်။

တဖြည်းဖြည်းနှင့် လမ်းပေါ်တွင် လမ်းသွားလမ်းလာများ စတင် ပေါ်လာသည်။ ထိုလမ်းသွားလမ်းလာများမှာ လမ်းလယ်ခေါင်တွင် ရည်ရွယ်ချက် မရှိဘဲ လှည့်လည်သွားလာနေကြပြီး တစ်ခုခုကို စောင့်ဆိုင်းနေသလို ဖြစ်နေသည်။

ယန်ကျန့် ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒီလူများမှာ သူ့ဆီသို့ ပြိုင်တူ စုရုံးလာကြပြီး မူလက ဝေဝါးနေသော မျက်နှာများမှာလည်း ချက်ချင်း ရှင်းလင်းလာတော့သည်။

တစ်ချက် ဝေ့ကြည့်လိုက်သည်။

ယန်ကျန့်သည် ဒီလူအုပ်ကြားထဲတွင် ရင်းနှီးသော လူများစွာကို တွေ့လိုက်ရသည်။

လီကျွင်း၊ ချောင်ယန်၊ ဝမ်ချာလင်း၊ ကျိုးတိန်၊ ကျန်းဝေ့နှင့် မြောင်ရှောင်ရှန်း…..

ဒီလူများ အားလုံးက သူ သိကျွမ်းခဲ့သူများ ဖြစ်သော်လည်း ထိုသူများ အားလုံး သေဆုံးသွားကြပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သေဆုံးသွားသော လူများသာ ဒီဝိညာဉ်များကြားတွင် ပေါ်လာနိုင်သောကြောင့် ဖြစ်သည်။

ရင်းနှီးသော လူများစွာ အနားသို့ ကပ်လာကြပြီး လက်များ ဆန့်တန်းကာ ထုံထိုင်းနေသော မျက်နှာများပေါ်တွင် ယန်ကျန့်က သူတို့ကို ဆွဲခေါ်ပြီး ဒီနေရာမှ ခေါ်ထုတ်သွားကာ လက်တွေ့ကမ္ဘာထဲသို့ ပြန်လည် ပို့ဆောင်ပေးရန် မျှော်လင့်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

ပိုင်ရွှေမြို့လေး၏ ကောလာဟလများအရ…..

တကယ်လို့ မင်းက သေသွားတဲ့ ဝိညာဉ်တွေကို ဒီနေရာကနေ ခေါ်ထုတ်သွားနိုင်ရင် အဲဒီ ဝိညာဉ်တွေက လက်တွေ့ကမ္ဘာမှာ ပြန်ရှင်လာလိမ့်မယ်တဲ့။

သို့သော် ကောလာဟလဆိုတာ ကောလာဟလ သက်သက်ပါပဲ။ အမှန်တရားက ဘာလဲဆိုတာကို ယန်ကျန့် ရှင်းရှင်းလင်းလင်း သိပါတယ်။

အဲဒီ ပြန်ရှင်လာတဲ့ ဝိညာဉ်တွေက သက်ရှိလူတွေ လုံးဝ မဟုတ်ဘဲ တစ္ဆေတွေက ကိုယ့်ရဲ့ မှတ်ဉာဏ်ထဲက ရင်းနှီးတဲ့ လူတွေကို အတုခိုးနေတာ သက်သက်ပါပဲ။ တစ္ဆေတွေရဲ့ အတုခိုးမှုက အချိန်အကန့်အသတ် ရှိပြီး အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အဲဒီ ရင်းနှီးတဲ့ လူတွေက တဖြည်းဖြည်း စိမ်းသက်လာပြီး ထူးဆန်းလာကာ နောက်ဆုံးမှာ တကယ့် တစ္ဆေတွေနဲ့ တစ်ပုံစံတည်း ဖြစ်သွားပါလိမ့်မယ်။

တစ်ခုတည်း တူညီနိုင်တာကတော့ မှတ်ဉာဏ်ထဲက အဲဒီ ရင်းနှီးတဲ့ မျက်နှာလေးပဲ ဖြစ်လိမ့်မယ်။

ယန်ကျန့် ထိုရင်းနှီးသော ဝိညာဉ်များကို လျစ်လျူရှုကာ ရှေ့သို့ ဆက်သွားလိုက်သည်။

ထိုဝိညာဉ်များ ဘယ်လောက်ပဲ လက်ဆန့်တန်းပါစေ၊ ဘယ်လောက်ပဲ လှည့်လည်သွားလာနေပါစေ ယန်ကျန့်ကို ဘယ်တော့မှ မတားဆီးနိုင်သလို သူ့ကိုလည်း မထိတွေ့နိုင်ပေ။ ရှေ့တွင် လူတစ်ယောက်က လမ်းပိတ်နေလျှင်တောင် အနားရောက်သွားပါက အလိုအလျောက် ရှောင်ဖယ်ပေးသွားလိမ့်မည်။

ဒါက ယန်ကျန့် သဘာဝလွန်စွမ်းအားကို အသုံးပြုလိုက်တာ မဟုတ်ဘဲ ဒီလမ်းပေါ်က ဝိညာဉ်တွေက စည်းကမ်း တစ်ခုခုရဲ့ ချုပ်နှောင်မှုကို ခံထားရလို့ပဲ။

အသက်နဲ့ သေခြင်းကြားက နယ်နိမိတ်ကို သက်ရှိလူတွေပဲ ချိုးဖျက်လို့ ရပြီး ဝိညာဉ်တွေက ချိုးဖျက်လို့ မရဘူး။

ဆက်လက် ဝင်ရောက်သွားသည်။

အဝေးရှိ လမ်းက ပိုပို ကျယ်ဝန်းလာပြီး ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကလည်း ပိုပို နည်းပါးလာကာ လှည့်လည်သွားလာနေသော ဝိညာဉ်များမှာလည်း အရင်ကလောက် မများတော့ဘဲ ကျဲပါးလာသည်။

ဒီလို နေရာမျိုးမှာပဲ ဆယ်စုနှစ်ပေါင်းများစွာ မပြောင်းလဲခဲ့တဲ့ သစ်သား ရှေးဟောင်းအိမ်ကြီး တစ်လုံး ယန်ကျန့်ရဲ့ မျက်စိရှေ့မှာ ပေါ်လာတယ်။

လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က သူ ဒီနေရာကို ရောက်ဖူးတယ် အဲဒီတုန်းကတော့ ဝမ်ရှန်းရှန်းကို ကယ်ဖို့အတွက်ပေါ့။

ဒါပေမဲ့ အနှစ်ခြောက်ဆယ် ကြာပြီးနောက်မှာ ယန်ကျန့် ဒီနေရာကို လာတာက ဘယ်သူ့ကိုမှ ကယ်ဖို့ မဟုတ်ဘဲ ကတိတစ်ခုကို ဖြည့်ဆည်းဖို့ သက်သက်ပဲ။

သူ အန္တရာယ် အားလုံးကို လျစ်လျူရှုကာ သစ်သားအိမ်ထဲသို့ တိုက်ရိုက် ဝင်သွားလိုက်သည်။

သစ်သားအိမ်ထဲတွင် ခေါင်းတလား အချို့ ရှိနေပြီး အချို့ ခေါင်းတလားများက ပွင့်နေကာ အချို့ကတော့ ပိတ်နေဆဲ ဖြစ်သည်။

"ငါ ရောက်လာပြီ"

ယန်ကျန့်၏ အေးစက်ပြီး တည်ငြိမ်သော အသံ ပဲ့တင်ထပ်သွားသည်။

ခဏအကြာတွင် ဒုတိယထပ်သို့ တက်သော သစ်သား လှေကားပေါ်တွင် အနည်းငယ် အိုမင်းနေသော အသံတစ်ခုက ပြန်ဖြေလာသည်။

"သုံးနှစ်ပြီးတော့ သုံးနှစ် သုံးနှစ်ပြီးတော့ သုံးနှစ် အနှစ်ခြောက်ဆယ် ရှိသွားပြီ မင်း အရင်က ငါ့ကို ဒီနေရာကနေ ကယ်ထုတ်သွားမယ်လို့ ကတိပေးခဲ့တာကို မင်း ကတိဖျက်ခဲ့တယ် ဒီလို ရလဒ်မျိုး ဖြစ်မယ်မှန်း ကြိုသိခဲ့ရင် အဲဒီနေ့က ငါ မင်းတို့ကို မကူညီခဲ့သင့်ဘူး"

"မဟုတ်ဘူး မမှန်ဘူး မင်းက သူ မဟုတ်ဘူး မင်းက အဲဒီ... တစ္ဆေငယ်"

"အကုန် အတူတူပဲ"

ယန်ကျန့်က ပြောလိုက်သည်။

(ဒီအခန်း ပြီးပါပြီ)

အခန်း ၁၆၁၂ - ဇာတ်လမ်းခွဲ (ငရဲသို့ ကျဆင်းခြင်း)

အသက်မဲ့နေပြီး ဟောင်းနွမ်းနေသော သစ်သားအိမ်လေးထဲတွင် ယန်ကျန့်၏ အသံ ပဲ့တင်ထပ်သွားသည်။ သူ၏ အဖြေက လူကို အံ့အားသင့်သွားစေသည်။

"အကုန် အတူတူပဲလား ဒါ ဘာအဓိပ္ပာယ်လဲ"

ထိုလျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော အဘိုးကြီးက ဆက်လက် မေးမြန်းလိုက်သည်။

"မင်း နားလည်ဖို့ မလိုဘူး ငါ ဒီတစ်ခါ လာတာက အဲဒီနေ့က ကတိကို လာဖြည့်ဆည်းပေးတာ ဆိုတာကိုပဲ မင်း သိထားရင် ရပြီ နည်းနည်းတော့ နောက်ကျသွားပေမဲ့ မင်းလို ဖြစ်တည်မှုမျိုး အတွက်တော့ အချိန်က ဘာမှ အဓိပ္ပာယ် မရှိလောက်ပါဘူး"

ယန်ကျန့်က ထပ်မံ ပြောလိုက်သည်။

သူ အများကြီး မရှင်းပြချင်ပေ။

အဘယ်ကြောင့်ဆိုသော် ယန်ကျန့်သည် သောင်းဂဏန်းတွင် တစ်ယောက်မှ မရှိသော ထူးခြားသည့် ဖြစ်တည်မှု တစ်ခု ဖြစ်ရာ အတိတ်က သဘာဝလွန်လောက၏ အတွေ့အကြုံများနှင့် အသိပညာများကို အသုံးပြု၍ ရှင်းပြ၍ မရနိုင်သောကြောင့် ဖြစ်သည်။

"မင်းက ငါ့ကို ကယ်ထုတ်ပေးဖို့ သဘောတူသရွေ့ မင်းက တစ္ဆေငယ်ပဲ ဖြစ်ဖြစ် ယန်ကျန့်ပဲ ဖြစ်ဖြစ် ရပါတယ် ငါ စိုးရိမ်တာက အခု မင်း မလုပ်နိုင်မှာကိုပဲ ဒီက သဘာဝလွန်စွမ်းအားတွေကို မယှဉ်နိုင်မှာကိုပဲ"

အဘိုးကြီး၏ အသံ ထွက်ပေါ်လာပြီး အနည်းငယ် စိုးရိမ်ပူပန်မှုများ ပါဝင်နေသည်။

အဘယ်ကြောင့်ဆိုသော် ဒီလောက် ကြာမြင့်လှသော အချိန်ကာလ တစ်လျှောက်လုံး ဒီနေရာကို ဒုတိယအကြိမ် ခြေချဖူးသူ ဆိုလို့ ယန်ကျန့် တစ်ယောက်တည်းသာ ရှိသောကြောင့် ဖြစ်သည်။

ဒီကြားထဲမှာ မတော်တဆ ရောက်လာတဲ့ ကံဆိုးတဲ့ ကောင်တွေ ရှိခဲ့ပေမဲ့ အဲဒီလူတွေက အသက်ရှင်လျက် ထွက်မသွားနိုင်ခဲ့ကြဘူး။ ကံကောင်းလို့ ထွက်ပြေးလွတ်မြောက်သွားရင်တောင် နောက်တစ်ခေါက် ပြန်လာဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ ကိုယ့်ကို လာကယ်ဖို့ ဆိုတာကတော့ ပိုတောင် ပြောစရာ မလိုသေးဘူး။

"လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က ကတိတစ်ခုကို မင်း မှတ်မိနေပေမဲ့ ခေတ်ကြီးရဲ့ အပြောင်းအလဲကိုတော့ မင်း မမြင်နိုင်ဘူး တကယ်ကို သနားစရာကောင်းတဲ့ ကျရှုံးသူ တစ်ယောက်ပဲ မင်းက ငါ့ကို အရင်တုန်းကလို ဒီက သဘာဝလွန်စွမ်းအားတွေ၊ တစ္ဆေတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ သတိထားပြီး ကြောက်ရွံ့နေရဦးမယ်လို့ ထင်နေတုန်းပဲလား အချိန်က အရာအားလုံးကို မြှုပ်နှံပစ်နိုင်သလို အရာအားလုံးကိုလည်း ဖန်တီးပေးနိုင်တယ်"

ယန်ကျန့်၏ မျက်နှာထားမှာ အေးစက်နေပြီး စကားပြောနေရင်းဖြင့် လှေကားရှိရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။

သူ၏ ခြေလှမ်းများမှာ တည်ငြိမ်ပြီး လှုပ်ရှားမှုများမှာလည်း မြန်ဆန်လှကာ ပတ်ဝန်းကျင်ရှိ ပုံမှန်မဟုတ်မှုများနှင့် ပုန်းကွယ်နေသော အန္တရာယ်များကို လုံးဝ ဂရုမစိုက်ပေ။

ဒါက အထင်ကြီးလွန်းလို့ မဟုတ်ဘဲ သူ တစ်ယောက်တည်းသာ ပိုင်ဆိုင်သော ယုံကြည်မှု တစ်ခု ဖြစ်သည်။

"ကျွိ"

သူက ဟောင်းနွမ်းနေပြီး ထူးခြားသော သစ်သားလှေကားထစ်ကို ပထမဆုံး ခြေလှမ်း နင်းလိုက်ချိန်တွင် သဘာဝလွန်စွမ်းအားများ ကိန်းအောင်းနေသော လှေကားထစ်သည် ယန်ကျန့်၏ အလေးချိန်ကို မခံနိုင်သကဲ့သို့ ယိမ်းယိုင်ပြိုကျတော့မည့် အသံ ထွက်ပေါ်လာသည်။

ထင်ယောင်ထင်မှားလား။

မဟုတ်ဘူး ဒါ ထင်ယောင်ထင်မှား မဟုတ်ဘူး။

ယန်ကျန့် ဒုတိယ ခြေလှမ်းကို ရှေ့သို့ လှမ်းလိုက်ချိန်တွင် အနောက်ရှိ ပထမ လှေကားထစ်သည် ချက်ချင်း ပြိုကျသွားတော့သည်။ နှစ်ပေါင်းများစွာ မပြုပြင်ရသဖြင့် သက်တမ်း ကုန်ဆုံးသွားသော သစ်သား တစ်ချောင်းလို မူလ ပုံစံကို ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။

"ဒါ မဖြစ်နိုင်ဘူး..."

အဘိုးကြီးက ဒီမြင်ကွင်းကို မြင်လိုက်ရသကဲ့သို့ အသံထဲတွင် အနည်းငယ် ထိတ်လန့်မှုများ ပါဝင်နေသည်။

ဒီက လှေကားထစ်တွေက သဘာဝလွန် ပစ္စည်းတွေ ဖြစ်ပြီး အထဲမှာ ကြောက်စရာကောင်းတဲ့ တစ္ဆေတွေ ပိတ်လှောင်ထားတယ် ဆိုတာကို သိထားရမယ်။ သာမန် လှေကားထစ်တွေ မဟုတ်ဘူးလေ။ ကြည့်ရတာ အရမ်း ဟောင်းနွမ်းပြီး ယိမ်းယိုင်ပြိုကျတော့မယ့် ပုံစံ ပေါက်နေပေမဲ့ တကယ်တမ်းကျတော့ လုံးဝ ဖျက်ဆီးလို့ မရဘူး။ တကယ်လို့များ သဘာဝလွန် နည်းလမ်းတချို့ သုံးပြီး အတင်း ဖျက်ဆီးလိုက်ရင်တောင် ဒီလှေကားက ချက်ချင်း ပြန်ကောင်းသွားနိုင်တယ်။

ဒါပေမဲ့ ယန်ကျန့် လျှောက်သွားပြီးတဲ့ နောက်မှာ လှေကားထစ်တွေက ပြိုကျသွားပြီး ပြန်ကောင်းလာမယ့် လက္ခဏာ လုံးဝ မရှိတော့ဘူး။

အထဲမှာ ကိန်းအောင်းနေတဲ့ သဘာဝလွန်စွမ်းအားတွေက ထာဝရ ငြိမ်သက်သွားသလိုပဲ။

ယန်ကျန့်က အဘိုးကြီး၏ အံ့အားသင့်မှုကို ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လျှောက်သွားသည်။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လှေကားထစ် တစ်ထစ် ပြိုကျသွားပြီး ကြေမွသွားသော သစ်သားစများကြားတွင် ထူးဆန်းသော အရာအချို့ တဖြည်းဖြည်း ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရသည်။ အထဲတွင် ပုန်းကွယ်နေသော ပြတ်တောက်နေသည့် လက်ချောင်းများ၊ ကပ်တွယ်နေသော ဖြူဖျော့သည့် အရေပြားများနှင့် အတွင်းတွင် ကိန်းအောင်းနေသော ကြောက်မက်ဖွယ်ကောင်းသည့် နာကြည်းဝိညာဉ်များကို သူ မြင်တွေ့လိုက်ရသည်။

ဒီလှေကားသည် တစ္ဆေများဖြင့် လုံးဝ ဖန်တီးထားခြင်း ဖြစ်သည်။

ဒီလောက် များပြားလှတဲ့ သဘာဝလွန်စွမ်းအားတွေ စုစည်းနေတော့ ဒီလှေကားကို သဘာဝလွန် ပစ္စည်းလို့ ခေါ်လို့ မရတော့ဘူး။ သဘာဝလွန် အဆောက်အအုံလို့ ခေါ်မှ မှန်မယ်။

ဒီအချက်က အရင်က တစ္ဆေစာတိုက်နဲ့ ဆင်တူတယ်။

သို့သော် ဒီလို ဖြစ်နေသည့်တိုင် ယခုလက်ရှိ ယန်ကျန့်မှာ အရမ်း ထူးခြားလွန်းသဖြင့် ဒီနေရာရှိ သဘာဝလွန်စွမ်းအားများက သူ့ကို မယှဉ်နိုင်ဘဲ အတင်းအကျပ် ငြိမ်သက်သွားရုံသာ ရှိတော့သည်။

"မင်း ဘယ်နေရာမှာ ပုန်းနေလဲ ဆိုတာ ငါ့ကို ပြစမ်း"

ယန်ကျန့်၏ ရှေ့တွင် အမှောင်ထုကြီး ဖုံးလွှမ်းနေပြီး လှေကားပေါ်တွင် သဘာဝလွန်နယ်မြေ တစ်ခုဆီသို့ ဆက်သွယ်ထားသော လမ်းကြောင်း တစ်ခု ရှိနေပုံရသည်။ သို့သော် သူ တစ္ဆေမျက်လုံးကို ဖွင့်လိုက်ချိန်တွင် မျက်စိရှေ့ရှိ အမှောင်ထုမှာ ချက်ချင်း အနီရောင် အလင်းတန်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ထိုအနီရောင် အလင်းတန်းများက အမည်မသိ အနက်ရှိုင်းဆုံး နေရာအထိ ဆန့်တန်းသွားကာ ပုန်းကွယ်နေသော လျှို့ဝှက်ချက် အားလုံးကို ဖော်ပြလိုက်တော့သည်။

တွေ့ပြီ။

မကြာမီ ယန်ကျန့်သည် အမှောင်ထု အနက်ရှိုင်းဆုံး နေရာတွင် အရာတစ်ခုကို တွေ့လိုက်ရသည်။

အဲဒါက ပျက်စီးနေတဲ့ သင်္ချိုင်းဂူ ကျောက်တိုင် တစ်ခုပဲ။ အဲဒီ သင်္ချိုင်းဂူ ကျောက်တိုင်ပေါ်မှာ လူတစ်ယောက် ထိုင်နေတယ်။ အဲဒီလူက အသက် ခုနစ်ဆယ်လောက် ရှိပြီ ဖြစ်ပြီး မျက်နှာက အိုမင်းနေကာ တစ်ကိုယ်လုံးက အေးစက်နေတယ်။ ကြောက်စရာ အကောင်းဆုံးကတော့ အဲဒီ အဘိုးကြီးရဲ့ ခြေထောက် နှစ်ဖက်စလုံးက သင်္ချိုင်းဂူ ကျောက်တိုင်နဲ့ တစ်ဆက်တည်း ဖြစ်နေပြီး လုံးဝ ခွဲထုတ်လို့ မရတော့တာပဲ။

ဒါကြောင့်ပဲ ဒီအဘိုးကြီးက သင်္ချိုင်းဂူ ကျောက်တိုင်ပေါ်မှာ အမြဲတမ်း ထိုင်နေပြီး လှုပ်ရှားလို့ မရတာပဲ။

ယန်ကျန့် တစ္ဆေမျက်လုံး အနည်းငယ် လှုပ်ရှားသွားပြီး ဒီသင်္ချိုင်းဂူ ကျောက်တိုင်၏ အခန်းကဏ္ဍကို ချက်ချင်း နားလည်သွားသည်။ ဒီအရာ ရှိနေခြင်းက ဒီသစ်သား လှေကားထစ်များကို ထောက်ပံ့ပေးထားရန် ဖြစ်သည်။

လှေကား ရှိနေသရွေ့ ဒီလူက ဒီနေရာမှာ ထာဝရ ဖိနှိပ်ခံထားရပြီး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။

သူ့ကို ကယ်တင်ချင်ရင် လှေကားကို ဖြိုဖျက်မှပဲ ရမယ်။

သို့သော် လှေကားပေါ်တွင် ကိန်းအောင်းနေသော သဘာဝလွန်စွမ်းအားများက အရမ်း များပြားလွန်းသဖြင့် သာမန် တစ္ဆေဆရာများ အနေဖြင့် ဒီကိစ္စကို လုပ်နိုင်ဖို့ လုံးဝ မဖြစ်နိုင်ပေ။ ယန်ကျန့်လို လူမျိုးမှသာ သူ့ကို ကယ်တင်နိုင်စွမ်း ရှိပေသည်။

"မြန်မြန် ငါ့ကို မြန်မြန် ကျောပိုးပြီး ခေါ်ထုတ်သွားပေး"

သင်္ချိုင်းဂူ ကျောက်တိုင်ပေါ်ရှိ အဘိုးကြီးက ယန်ကျန့်ကို လက်ယပ်ခေါ်နေပြီး အနည်းငယ် လောနေပုံရသည်။

သို့သော် ဒီလုပ်ရပ်က အလွန် ထူးဆန်းနေသည်။

ဒီအဘိုးကြီး ဒီနေရာမှာ နေလာတာ အနည်းဆုံး အနှစ် တစ်ရာလောက် ရှိနေပြီ ဆိုတာကို သိထားရမယ်။ ပုံမှန် တစ္ဆေဆရာတွေ တစ္ဆေဆရာ မဟုတ်တဲ့သူတွေတောင် ဒီလောက် အချိန်အကြာကြီး အသက်ရှင်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ယန်ကျန့်ရဲ့ အသိဉာဏ်ထဲမှာတော့ အသက်အရှည်ဆုံး နေနိုင်ခဲ့တာ ဆေးဆိုင် အဘိုးကြီး ကျန်းပိုင်ဟွာ တစ်ယောက်တည်းပဲ ရှိတယ်။

ဒါပေမဲ့ ဒီလူက တစ္ဆေဆရာတွေရဲ့ သက်တမ်း ကန့်သတ်ချက်ကို ကျော်လွန်နေတယ်။

ယန်ကျန့် ခေတ္တ စဉ်းစားပြီးနောက် အများကြီး တွန့်ဆုတ်မနေဘဲ ခြေတစ်လှမ်း လှမ်းလိုက်ရာ အမှောင်ထု အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားပြီး ထိုဟောင်းနွမ်း ပျက်စီးနေသော သင်္ချိုင်းဂူ ကျောက်တိုင်ကို လှမ်းဖမ်းလိုက်ကာ သင်္ချိုင်းဂူ ကျောက်တိုင်ပေါ်တွင် ထိုင်နေသော ထိုအဘိုးကြီးနှင့်အတူ မတင်လိုက်သည်။

"ကောင်းတယ် အရမ်း ကောင်းတယ်"

သင်္ချိုင်းဂူ ကျောက်တိုင်ပေါ်ရှိ အဘိုးကြီးမှာ အလွန် စိတ်လှုပ်ရှားပြီး ဝမ်းသာနေပုံရသည်။

သူ တကယ် လွတ်မြောက်သွားပြီပဲ။

ယန်ကျန့် စကားတစ်ခွန်းမျှ မပြောဘဲ ဒီသင်္ချိုင်းဂူ ကျောက်တိုင်ကို သယ်ကာ အလျင်အမြန် ထွက်ခွာလာခဲ့သည်။ သူ သစ်သားအိမ်မှ ထွက်လာပြီး ဝိညာဉ်များ ပြည့်နှက်နေသော ထိုလမ်းကို နောက်တစ်ကြိမ် ဖြတ်သန်းကာ အုံ့မှိုင်းနေသော လမ်းမပေါ်သို့ ပြန်ရောက်လာပြီးနောက် လက်တွေ့ကမ္ဘာနှင့် သဘာဝလွန်နယ်မြေကြားက နယ်နိမိတ်ကို ချိုးဖျက်ကာ ပျက်စီးနေသော်လည်း စိမ်းလန်းစိုပြေပြီး အသက်ဝင်နေသော ပိုင်ရွှေမြို့လေးတွင် ပြန်လည် ပေါ်ထွက်လာတော့သည်။

"ဒုန်း"

လေးလံသော မြေပြင်သို့ ကျသံ တစ်ခု ထွက်ပေါ်လာသည်။

ယန်ကျန့် လက်ထဲရှိ သင်္ချိုင်းဂူ ကျောက်တိုင်ကို ချထားလိုက်သည်။

သင်္ချိုင်းဂူ ကျောက်တိုင်ပေါ်ရှိ ထိုထူးဆန်းသော အဘိုးကြီး၏ ပုံရိပ်မှာ ယခုအခါ ဝိုးတဝါး ဖြစ်နေပြီး တစ်ခါတစ်ရံ ပျောက်ကွယ်သွားကာ တစ်ခါတစ်ရံ ပြန်လည် ပေါ်ထွက်လာတော့သည်။

"ငါ့ကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"

အဘိုးကြီး၏ ပုံရိပ်က မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပြီး ထူးဆန်းသော မျက်နှာအိုကြီးပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။ သို့သော် ထိုအပြုံး၏ အနောက်ကွယ်တွင်တော့ ပြောမပြတတ်အောင် အုံ့မှိုင်းပြီး ကြောက်စရာကောင်းသော အရာတစ်ခုကို ဖုံးကွယ်ထားသည်။

ဒီအဘိုးကြီးက ဒီအချိန်မှာ လူနဲ့ သိပ်မတူတော့ဘူးလို့ ခံစားရတယ်။

ဖုံးကွယ်ထားတဲ့ အရာတစ်ခုက တဖြည်းဖြည်း ပေါ်လာတယ်။

"ရပါတယ် ငါ ကတိပေးထားတဲ့ ကိစ္စဆိုရင် သေချာပေါက် လုပ်ပေးရမှာပေါ့ အခု လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က ကတိကို ဖြည့်ဆည်းပြီးသွားပြီ"

ယန်ကျန့်က ဒီသင်္ချိုင်းဂူ ကျောက်တိုင်ကို စိုက်ကြည့်သလို ဒီအဘိုးကြီးကိုလည်း စိုက်ကြည့်နေသည်။

ဒီအကြည့်က အရမ်း ထူးခြားတယ်။ သက်ရှိလူတွေလို ခံစားချက် မရှိသလို တစ္ဆေတွေလို ထုံထိုင်းပြီး အသက်မဲ့နေတာလည်း မဟုတ်ဘူး အရာအားလုံးကို ကျော်လွန်နေတဲ့ နတ်ဘုရား တစ်ပါးရဲ့ အငွေ့အသက်မျိုး အပြည့် ပါဝင်နေတယ်။

"လူငယ်လေး တကယ် ကောင်းတဲ့ လူငယ်လေးပဲ ဒါဆိုလည်း မင်း ကူညီမှတော့ အဆုံးထိ ကူညီပေးလိုက်ပါကွာ ငါ့မှာ အခု ခြေထောက် မရှိတော့ လမ်းလျှောက်လို့ မရဘူး အခုကစပြီး မင်း ငါ့ကို ကျောပိုးထားလိုက် ငါ ဘယ်သွားခိုင်းခိုင်း မင်း သွားပေးပေါ့ ဘယ်လိုလဲ"

အဘိုးကြီးက ပြုံးလျက် ဆက်ပြောနေသော်လည်း ထိုအပြုံးမှာ အုံ့မှိုင်းပြီး ကြောက်စရာ ကောင်းလာသည်။

တစ်ချိန်တည်းမှာပင် အဘိုးကြီးက ပိန်လှီ ခြောက်သွေ့နေသော လက်မောင်းကို ဆန့်ထုတ်ကာ ယန်ကျန့်၏ ကျောပေါ်သို့ တက်ပြီး သူ့ကို တင်းကျပ်စွာ ရစ်ပတ်ကာ သူ၏ ကိုယ်ပေါ်တွင် ကပ်တွယ်နေတော့မည့်ပုံ ပေါက်နေသည်။

သို့သော် နောက်တစ်ခဏတွင် သန်မာသော လက်တစ်ဖက်က ဒီအဘိုးကြီး၏ လည်ပင်းကို ချက်ချင်း ညှစ်လိုက်ပြီး သူ့ကို တိုက်ရိုက် ဆွဲမလိုက်တော့သည်။

မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အဘိုးကြီးမှာ ဒီလက်ဝါးဖြင့် သဘာဝလွန်နယ်မြေထဲမှ လက်တွေ့ကမ္ဘာထဲသို့ အရှင်လတ်လတ် ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ရှောင်တိမ်း၍ မရသလို ရုန်းကန်၍လည်း မရတော့ပေ။

အဘိုးကြီး၏ အပြုံး ချက်ချင်း ရပ်တန့်သွားပြီးနောက် အောက်ရှိ ထိုသင်္ချိုင်းဂူ ကျောက်တိုင်မှာလည်း ကျွိကျွိ မြည်လာကာ အချိန်မရွေး ပြိုကွဲသွားနိုင်မည့်ပုံ ပေါက်လာသည်။

ဒီသင်္ချိုင်းဂူ ကျောက်တိုင်က တကယ့် သဘာဝလွန် ပစ္စည်း ဆိုတာကို သိထားရမယ်။

သင်္ချိုင်းဂူ ကျောက်တိုင်ကို ပြိုကွဲစေနိုင်တယ်ဆိုတာ မျက်စိရှေ့က လူက သဘာဝလွန်စွမ်းအားတွေကို ဖြတ်တောက်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ။

"မင်းက အရမ်း ထူးခြားတယ် ပြီးတော့ အရမ်းလည်း အန္တရာယ်များတယ် တစ္ဆေက လူကို ထိန်းချုပ်တဲ့ လမ်းကြောင်းမှာ မင်းက အရမ်းကို အဝေးကြီး ရောက်သွားခဲ့ပြီ မင်းဆိုတဲ့ တစ္ဆေကို လူတစ်ယောက် ဖြစ်လုနီးပါး ဖြစ်သွားစေခဲ့တယ်... ဒါပေမဲ့ ဒီလောက်ပါပဲ တစ္ဆေဆိုတာ နောက်ဆုံးတော့ တစ္ဆေပါပဲ ငရဲပြည်ထဲကို ရိုက်သွင်းခံရမှာပဲ စိတ်ချပါ ငရဲပြည်ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ မင်းအတွက် နေရာတစ်ခု ချန်ထားပေးမယ် ဒီကမ္ဘာပေါ်မှာ ထာဝရ ပြန်မပေါ်လာနိုင်စေရဘူး"

ယန်ကျန့်၏ မျက်လုံးထဲတွင် အနီရောင် အလင်းတန်းများ လက်လာသည်။

ထို့နောက် ဒီအဘိုးကြီး၏ အနောက်တွင် အပေါက်တစ်ခု ရုတ်တရက် ပွင့်လာပြီး ငရဲပြည် အနက်ရှိုင်းဆုံးသို့ သွားမည့် အပေါက်ကြီး တစ်ခု ပွင့်လာတော့သည်။

ထိုနေရာတွင် ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးပင်လယ်ကြီး ရှိနေပြီး အရာအားလုံးကို နစ်မြုပ်သွားစေမည့် အောက်ခြေမရှိသော ရေကန်ကြီး တစ်ခု ရှိကာ ထူးဆန်းသော ဓားကြီးများ အပြည့် စိုက်ထားသည့် လွင်ပြင်ကြီး ရှိသလို စွန့်ပစ်ခံထားရသော မြို့၏ ထောင့်တိုင်းတွင် ချိတ်ဆွဲထားသည့် မှန်များလည်း ရှိနေသည်... ဒီကမ္ဘာကြီးတွေက တစ်လွှာပြီး တစ်လွှာ ထပ်နေပြီး မရေမတွက်နိုင်သော တစ္ဆေများကို ပိတ်လှောင်ထားကာ လက်တွေ့ကမ္ဘာတွင် မပေါ်လာနိုင်အောင် တားဆီးထားသည်။

အဘိုးကြီး ယခုအခါ နောက်တစ်ကြိမ် ထပ်မံ ထိတ်လန့်သွားသည်။ သူ မလှုပ်ရှားနိုင်တော့ဘဲ သဘာဝလွန်စွမ်းအားများလည်း ငြိမ်သက်သွားကာ ရုန်းကန် ခုခံဖို့ နေနေသာသာ ဘာမှ လုပ်လို့ မရတော့ပေ။

"တကယ်... ငရဲပြည်လား မဟုတ်ဘူး ဒါ မဖြစ်နိုင်ဘူး"

ယန်ကျန့် အရမ်း ကြောက်စရာ ကောင်းမှန်း သူ သိပေမဲ့ ဒီလောက်အထိ ကြောက်စရာ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

"ငါ ပြောခဲ့သားပဲ မင်း အခု ငါ့အခြေအနေကို နားလည်နိုင်မှာ မဟုတ်ဘူးလို့ ဒါကြောင့် ဒီကမ္ဘာပေါ်က မင်းရဲ့ နောက်ဆုံး အချိန်လေးကို ကောင်းကောင်း တန်ဖိုးထားလိုက်ပါ ငါ မင်းကို လွှတ်ပေးလိုက်တာက ကတိတစ်ခုတည်းကြောင့် မဟုတ်ဘူး မင်းရဲ့ အနောက်မှာ သဘာဝလွန်ခေတ်ကြီးကို အပြီးတိုင် အဆုံးသတ်ချင်ခဲ့တဲ့ အဘိုးကြီး တစ်ယောက် ရှိခဲ့ဖူးလို့ပဲ ဒါပေမဲ့ သူ ကျရှုံးသွားပုံရတယ်"

ယန်ကျန့် တိုးတိုးလေး ရေရွတ်လိုက်သည်။

ပြောပြီးနောက် သူ တစ်ချက် ပစ်လိုက်ရာ ဒီအဘိုးကြီးကို ထိုသင်္ချိုင်းဂူ ကျောက်တိုင်နှင့်အတူ ငရဲပြည် အနက်ရှိုင်းဆုံးသို့ ပစ်သွင်းလိုက်တော့သည်။

အဘိုးကြီး ယခုအခါ ရူးသွပ်နေသော တစ္ဆေ တစ်ကောင်လို စူးရှစွာ အော်ဟစ်နေသည်။

"မင်းက အဲဒီ တစ္ဆေငယ် မဟုတ်ဘူး လုံးဝ မဟုတ်ဘူး မင်းက တကယ် ဘယ်သူလဲ..."

ယန်ကျန့် ဒီမေးခွန်းကို ပြန်မဖြေတော့ဘဲ ဝင်ပေါက်တွင်သာ မတ်မတ် ရပ်နေသည်။ သူ၏ အကြည့်များက အေးစက်နေပြီး ခေါင်းကို အနည်းငယ် ငုံ့ကာ ငရဲပြည် အနက်ရှိုင်းဆုံးကို ကြည့်နေရာ တမလွန် တစ်ခုလုံးကို စီးမိုးကြည့်နေသော နတ်ဘုရား တစ်ပါးနှင့်ပင် တူနေသည်။ သင်္ချိုင်းဂူ ကျောက်တိုင်ပေါ်ရှိ ဒီအဘိုးကြီးကတော့ အဆက်မပြတ် ကျဆင်းနေပြီး ပိုမို ကြောက်စရာကောင်းသော ချောက်နက်ကြီး တစ်ခုထဲသို့ ကျဆင်းသွားတော့သည်။

အခန်း ၁၆၁၃ - ဇာတ်လမ်းခွဲ (ဟိုတယ်မှ လူဟောင်းများ)

"ဟား ဒီခေတ်ကြီးက ဘယ်လိုတွေ ဖြစ်နေမှန်းကို မသိတော့ဘူး သရဲတွေ နတ်တွေ အကြောင်းကို သတင်းစာထဲတောင် ထည့်ရေးနေကြပြီ ဒီသတင်းစာတိုက်တွေက ဘာဥပဒေမှ မရှိတော့ဘူး ပိုက်ဆံရဖို့လောက်ပဲ သိပြီး အကြောင်းအရာတွေကိုတောင် သေချာ မစိစစ်ကြဘူး"

ကျုံးဆန်းမြို့ရှိ ဟိုတယ် တစ်ခုတွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသား တစ်ဦးသည် သတင်းစာ တစ်စောင်ကို ကိုင်ကာ ဖတ်နေရင်း သတင်းစာထဲမှ အကြောင်းအရာများကို ရယ်စရာ အဖြစ် သတ်မှတ်လိုက်သည်။

"ဒီနောက်ကွယ်မှာ ကြိုးကိုင်နေတဲ့သူ ရှိမှာ သေချာတယ် လူတွေကို ထိတ်လန့်အောင် လုပ်ပြီး သူတို့ လိုချင်တဲ့ ရည်ရွယ်ချက်ကို ရအောင် လုပ်တာ နေမှာပေါ့ ဒီလို ကိစ္စမျိုးတွေကို ငါ အများကြီး မြင်ဖူးပါတယ် ဥပမာ - သမုဒ္ဒရာ ရေတွေ ညစ်ညမ်းသွားပြီ ဆိုပြီး ဆားတွေ လုဝယ်ကြတာတို့ ကမ္ဘာပျက်တော့မယ် ဆိုပြီး ဆန်တွေ လုဝယ်ကြတာတို့ပေါ့ ဘာလို့လဲဆိုတော့ လူတွေက ထိတ်လန့်လာတဲ့ အခါကျရင် အသိဉာဏ်မဲ့စွာနဲ့ ပိုက်ဆံ သုံးတတ်ကြတယ်လေ"

ဘေးရှိ လုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြုံးလျက် ဝင်ပြောလိုက်သည်။

လူလတ်ပိုင်း အမျိုးသား ခေါင်းညိတ်လိုက်သည်။

"မင်း ပြောတာ အဓိပ္ပာယ် ရှိတယ် ဒါပေမဲ့ ဒီသတင်းစာက ဒီဟိုတယ် စဆောက်တုန်းက ဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ ကိစ္စလေးကို ငါ့ကို သွားသတိရစေတယ်"

"ဘာကိစ္စလဲ ပြောပြပါဦး"

လုပ်ဖော်ကိုင်ဖက်က မေးလိုက်သည်။

လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

"ဒီဟိုတယ် နေရာက အရင်က ဘာလဲဆိုတာ မင်း သိလား"

"ငါက ဒီက ဒေသခံမှ မဟုတ်တာ ဘယ်လိုလုပ် သိမှာလဲ"

လုပ်ဖော်ကိုင်ဖက်က ခေါင်းခါပြလိုက်သည်။

လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

"ဒီဟိုတယ် နေရာက အရင်က စွန့်ပစ်ခံထားရတဲ့ အဆောက်အအုံဟောင်းကြီး တစ်ခုပဲ ဆယ်စုနှစ်ပေါင်းများစွာ ဒီအတိုင်း ပစ်ထားခဲ့တာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ လေလံတင် ရောင်းချခဲ့တာ ဝယ်သွားတဲ့သူက မျိုးရိုးနာမည် ဝမ် ဆိုတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ယောက်ပဲ အစကတော့ ရုံးခန်း အဆောက်အအုံ ဆောက်ဖို့ ရည်ရွယ်ထားတာ ဒါပေမဲ့ နောက်ပိုင်း စဆောက်တဲ့ အချိန်မှာ အရမ်းကို အဆင်မပြေ ဖြစ်ခဲ့တယ် အတိအကျတော့ ငါလည်း မသိဘူး ကြားတာတော့ အလုပ်သမား တချို့ သေသွားတယ်တဲ့ တချို့ ဆိုရင် ပျောက်သွားတာ အခုထိ ရှာမတွေ့သေးဘူးတဲ့"

"ဒီလောက်တောင် ထူးဆန်းတာလား အစစ်လား အတုလား"

လုပ်ဖော်ကိုင်ဖက် အံ့အားသင့်သွားသည်။

လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

"အစစ်လား အတုလားတော့ မသိဘူး ဒါပေမဲ့ အဲဒီကိစ္စ ဖြစ်ပြီးတဲ့ နောက်မှာ မျိုးရိုးနာမည် ဝမ် ဆိုတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်က ဘယ်သူ့ရဲ့ လမ်းညွှန်မှုကို ရလိုက်လဲ မသိဘူး မူလက ရုံးခန်း အဆောက်အအုံ ဆောက်မယ့် အစီအစဉ်ကို ချက်ချင်း ဖျက်ပြီး ဟိုတယ် အဖြစ် ပြောင်းဆောက်လိုက်တယ်"

"တစ်ဝက်လောက် ရောက်နေမှ အစီအစဉ် ပြောင်းလိုက်တာ ဆိုတော့ ရှုံးတော့မှာပဲ"

လုပ်ဖော်ကိုင်ဖက် ရယ်မောလိုက်သည်။

"ဟုတ်တယ် အဲဒီတုန်းက လူတော်တော်များများက အစီအစဉ် ပြောင်းတာကို ကန့်ကွက်ခဲ့ကြတယ် ဒါပေမဲ့ နောက်ဆုံးမှာ မျိုးရိုးနာမည် ဝမ် ဆိုတဲ့ လုပ်ငန်းရှင်က လူတိုင်းရဲ့ ကန့်ကွက်မှုကို အန်တုပြီး ဒီဟိုတယ်ကို ဆောက်ခဲ့တယ် ထူးဆန်းတာက အစီအစဉ် ပြောင်းပြီးတဲ့ နောက်မှာ ဟိုတယ် ဆောက်တဲ့ တစ်လျှောက်လုံး ဘာမတော်တဆမှုမှ မဖြစ်တော့သလို ဘာထူးဆန်းတဲ့ ကိစ္စမှလည်း မဖြစ်တော့ဘူး အရာအားလုံးက အရမ်း ချောမွေ့သွားတယ်"

လူလတ်ပိုင်း အမျိုးသားက ပြောလိုက်သည်။

"ဒါက ဘာထူးဆန်းတာ ရှိလို့လဲ တိုက်ဆိုင်ရုံ သက်သက်ပါပဲ အထပ်မြင့် ရုံးခန်း အဆောက်အအုံ ဆောက်တာနဲ့ ဟိုတယ် ဆောက်တာ အခက်အခဲချင်းမှ မတူတာ ဆောက်လုပ်ရေး အဖွဲ့က အတွေ့အကြုံ မရှိရင် မတော်တဆမှု ဖြစ်တာက ပုံမှန်ပါပဲ"

လုပ်ဖော်ကိုင်ဖက်က ပြောလိုက်သည်။

လူလတ်ပိုင်း အမျိုးသားက ထပ်ပြောသည်။

"ဒီလောက်တင် ဆိုရင်တော့ ထားလိုက်ပါတော့ ဒါပေမဲ့ အဲဒီ မျိုးရိုးနာမည် ဝမ် ဆိုတဲ့ လုပ်ငန်းရှင်က ဒီဟိုတယ်ကို ဆောက်ပြီးတဲ့ နောက်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက စွန့်ပစ်ခံထားရတဲ့ အဆောက်အအုံဟောင်းရဲ့ နာမည်ကို ဆက်သုံးခဲ့တယ်"

"မင်း ဆိုလိုတာက လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက စွန့်ပစ်ခံထားရတဲ့ အဆောက်အအုံဟောင်းကလည်း ဟိုတယ် တစ်ခုပဲလား ပြီးတော့ နာမည်က ဆီဇာ ဟိုတယ် လို့ ခေါ်တာလား"

လုပ်ဖော်ကိုင်ဖက် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် အကြောင်းရင်း မရှိဘဲ ကျောချမ်းသွားသလို ခံစားလိုက်ရသည်။

လူလတ်ပိုင်း အမျိုးသား ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ် ဒါကြောင့် ထူးဆန်းနေတာပေါ့ ပြီးတော့ ငါ မှတ်မိသေးတယ် ငါ ငယ်ငယ်တုန်းက အဲဒီ စွန့်ပစ်ခံထားရတဲ့ အဆောက်အအုံဟောင်းကြီးကို အမြဲတမ်း ပိတ်ထားခဲ့တာ ဒီက လူကြီး တချို့ ပြောတာတော့ အဲဒီနေရာမှာ သရဲခြောက်ဖူးတယ်တဲ့ အခုထိတောင် လူကြီး တချို့က ဒီမှာ လာမစားချင်ကြဘူး အနားတောင် မကပ်ချင်ကြဘူး"

"ဒီလိုကိုး စောစောက ငါတို့ ဝင်လာတုန်းက တံခါးဝမှာ ကားပေါ်က ဆင်းလာတဲ့ အဘိုးကြီး တစ်ယောက် ဆီဇာ ဟိုတယ် ဆိုတဲ့ နာမည်ကို မြင်လိုက်တာနဲ့ သူ့သားသမီးတွေကို ဆဲဆိုပြီး ကားပေါ် ပြန်တက်သွားတာ ဒါကြောင့်ကိုး"

လုပ်ဖော်ကိုင်ဖက် ချက်ချင်း သတိရသွားသည်။

"အဘိုးကြီး တစ်ယောက်တည်း မဟုတ်ဘူး ဒေသခံ လူကြီး တော်တော်များများက ဒီနေရာကို မလာချင်ကြဘူး အစဉ်အလာ တစ်ခုလိုတောင် ဖြစ်နေပြီ နိုင်ငံခြားသားတွေနဲ့ ဒေသခံ လူငယ် တချို့ပဲ ဒီဟိုတယ်ကို လာစားကြတာ"

လူလတ်ပိုင်း အမျိုးသား ပြောပြီးနောက် ဆက်ပြောသည်။

"ဒါပေမဲ့ သရဲခြောက်တယ် ဆိုတာကတော့ မဖြစ်နိုင်ပါဘူး ငါတို့ ဒီမှာ တည်းနေတာ သုံးရက် ရှိပြီ ဘာမှမှ မဖြစ်တာ"

"ကောလာဟလ ဆိုတာ ဒီလိုပါပဲ ဂရုစိုက်မနေပါနဲ့ လာ စားကြမယ် စားကြမယ်"

လုပ်ဖော်ကိုင်ဖက်က ပြောလိုက်သည်။

သူတို့ နှစ်ယောက် စကားပြောနေစဉ် ဘေးရှိ စားပွဲတွင် ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး လယ်သမားကြီး တစ်ယောက်နှင့် တူသော အသက် ငါးဆယ်ခန့် အရွယ် အမျိုးသား တစ်ဦးသည် ခေါင်းငုံ့ကာ ထမင်းစားနေသည်။ သူ စကားတစ်ခွန်းမျှ မပြောဘဲ စားပွဲထိုး တစ်ယောက်က အစားအစာ လှည်းလေးကို တွန်းကာ ရိုသေစွာဖြင့် ဟင်းလျာများ လာချပေးချိန်မှသာ ဒီအမျိုးသား၏ အဆင့်အတန်းကို သိလိုက်ရသည်။

"သူဋ္ဌေးဝမ် ခင်ဗျားရဲ့ ဟင်းလျာတွေ ရပါပြီ"

"ဒီမှာ ထားခဲ့လိုက်"

သူဋ္ဌေးဝမ် အသံနှိမ့်ကာ ပြောလိုက်သည်။

စားပွဲထိုး ထွက်သွားပြီးနောက်မှ ဘေးရှိ လူလတ်ပိုင်း အမျိုးသားနှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့ မျက်လုံး ပြူးကျယ်သွားပြီး အလွန် အံ့အားသင့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ဒီသူဋ္ဌေးဝမ် ဆိုသည်မှာ အခြားသူ မဟုတ်ဘဲ ဒီဟိုတယ်၏ ပိုင်ရှင်၊ သူတို့ စောစောက ပြောနေခဲ့သော မျိုးရိုးနာမည် ဝမ် ဆိုသည့် လုပ်ငန်းရှင်ပင် ဖြစ်သောကြောင့် ဖြစ်သည်။

"သူဋ္ဌေးဝမ် မင်္ဂလာပါ မင်္ဂလာပါ ကျွန်တော် ကျန်းဟောက်ပါ ကျွန်တော့်ကို မှတ်မိသေးလား အရင်က ကျွန်တော်တို့ အလုပ်တွဲလုပ်ဖူးတယ်လေ"

ထိုကျန်းဟောက် ဟု အမည်ရသော လူလတ်ပိုင်း အမျိုးသား ချက်ချင်း လျှောက်သွားကာ ဖားယားသော အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။

သူဋ္ဌေးဝမ် သူ့ကို တည်ငြိမ်စွာ တစ်ချက် ကြည့်ပြီးနောက် ပြောလိုက်သည်။

"စောစောက မင်းတို့ ပြောနေတာတွေ အကုန်လုံး ငါ ကြားတယ်"

"အာ တောင်းပန်ပါတယ် တကယ် တောင်းပန်ပါတယ် စောစောက ကျွန်တော်တို့ ဒီအတိုင်း လျှောက်ပြောနေကြတာပါ ခင်ဗျားရဲ့ ဟိုတယ်ကို သိက္ခာချဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး"

ကျန်းဟောက် အလျင်စလို ပြောပြီးနောက် လုပ်ဖော်ကိုင်ဖက်ကိုပါ ဆွဲကာ အတူတူ တောင်းပန်လိုက်သည်။

သူဋ္ဌေးဝမ် ယခုအခါ ပန်းကန်နှင့် တူများကို ချထားလိုက်ပြီး လက်ဖက်ရည် တစ်ငုံ သောက်ကာ ပြောလိုက်သည်။

"မင်းတို့ တောင်းပန်စရာ မလိုပါဘူး ဒီဟိုတယ်က ပုံမှန် မဟုတ်ဘူးလေ အပြင်မှာ ကောလာဟလတွေ ရှိနေတာလည်း သဘာဝကျပါတယ် ဘယ်သူက ဒီနေရာကို ဆီဇာ ဟိုတယ် လို့ နာမည်ပေးခိုင်းလို့လဲ"

ပြောပြီးနောက် သူ ခေါင်းမော့ကာ အတိတ်ကို ပြန်တွေးနေပုံ ပေါက်သွားသည်။

သူ အရင်က ဒီမြေကွက်ကို ဝယ်ပြီး ရုံးခန်း အဆောက်အအုံ ဆောက်ဖို့ ဆိုတာက ဟန်ပြ သက်သက်ပါပဲ။ တကယ့် ရည်ရွယ်ချက်က ဒီနေရာကို လုံးဝ ဖျက်ဆီးပစ်ဖို့ပါ။

ဒါပေမဲ့ နောက်ပိုင်း ကိစ္စတချို့နဲ့ ကြုံတွေ့ရပြီးနောက် သူ နားလည်သွားတယ်။ ဆီဇာ ဟိုတယ်ကို ဖျက်ဆီးပစ်လို့ မရဘူး အဆောက်အအုံ ပြောင်းဆောက်ပြီး နာမည် ပြောင်းလိုက်ရင်တောင် အတူတူပဲ ဆိုတာကိုပေါ့။

ဒါကြောင့် သူ အစီအစဉ် ပြောင်းလိုက်ပြီး အိပ်မက်ဆိုးနဲ့ တူတဲ့ ဒီဆီဇာ ဟိုတယ်ကို နောက်တစ်ကြိမ် ပြန်လည် အသက်သွင်းဖို့ ရွေးချယ်လိုက်တာပဲ။

"သူဋ္ဌေးဝမ် ခင်ဗျား ပြောတဲ့ အဓိပ္ပာယ်က..."

ကျန်းဟောက်နှင့် ဘေးရှိ လုပ်ဖော်ကိုင်ဖက်တို့ ယခုအခါ သူဋ္ဌေးဝမ်၏ စကားကို သိပ်နားမလည်နိုင် ဖြစ်နေကြသည်။

"မင်းတို့ ပြောတာ မှန်တယ် ဆီဇာ ဟိုတယ်မှာ တကယ် သရဲခြောက်တယ်"

သူဋ္ဌေးဝမ် ရက်စက်သော အမှန်တရား တစ်ခုကို တည်ငြိမ်စွာ ပြောပြလိုက်သည်။

"ဗျာ"

သူတို့ နှစ်ယောက် ချက်ချင်း အချင်းချင်း ကြည့်လိုက်ကြပြီး ဘယ်လို ပြန်ပြောရမလဲ မသိတော့ပေ။

သူဋ္ဌေးဝမ် အချက်ပြလိုက်သည်။

"ထိုင်"

သူတို့ နှစ်ယောက် ခဏ တွန့်ဆုတ်သွားပြီးနောက် သူဋ္ဌေးဝမ်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကြသည်။

"မင်းတို့ နှစ်ယောက်က အရင်က ငါနဲ့ အလုပ်တွဲလုပ်ဖူးတယ် ဆိုတော့ သူစိမ်းတွေ မဟုတ်တော့ပါဘူး ငါ့မှာ ဖုံးကွယ်ထားရတဲ့ စကားတချို့ ရှိတယ် အရင်က ဘယ်သူ့ကိုမှ မပြောရဲခဲ့ဘူး ဒါပေမဲ့ အခုတလော အဲဒီ သတင်းစာကို မြင်လိုက်ရတော့ အချိန်တန်ပြီလို့ ငါ ထင်တယ်"

သူဋ္ဌေးဝမ်က ပြောလိုက်သည်။

"မင်းတို့ နှစ်ယောက် အရေးကြီးတဲ့ ကိစ္စ မရှိဘူးဆိုရင် ငါနဲ့ ဒီဆီဇာ ဟိုတယ် အကြောင်း နားထောင်ချင်လား"

"သူဋ္ဌေးဝမ် ပြောပါ ကျွန်တော်တို့ သေချာ နားထောင်ပါ့မယ်"

ကျန်းဟောက် အလျင်စလို ပြောလိုက်သည်။

သူဋ္ဌေးဝမ် သူကိုယ်တိုင်နှင့် မျက်နှာချင်းဆိုင်ရှိ လူနှစ်ယောက်အတွက် လက်ဖက်ရည် တစ်ခွက်စီ ငှဲ့ပေးလိုက်ပြီးနောက် ပြောလိုက်သည်။

"ဒီဇာတ်လမ်းက နည်းနည်း ရှည်တယ် ဘယ်ကနေ စပြောရမလဲ... ငါ့အကြောင်းကနေပဲ စပြောကြတာပေါ့ ငါ့နာမည်ရင်းက ဝမ်ကန်ချွမ် လို့ ခေါ်တယ် နာမည်က ငါ့ဘဝလိုပဲ သိပ်မကောင်းဘူး သမ္မတနိုင်ငံခေတ်ရဲ့ ကမောက်ကမ ဖြစ်နေတဲ့ အချိန်မှာ မွေးဖွားခဲ့တာ ဘိုးဘွားစဉ်ဆက်က တောင်သူလယ်သမားတွေချည်းပဲ ကောင်းကောင်း မစားရပေမဲ့ ငတ်တော့ မသေဘူး ဒါပေမဲ့ ငါက ငယ်ငယ်ကတည်းက အရမ်း စားနိုင်တော့ အိမ်က မကျွေးနိုင်တော့ဘူး ဒါကြောင့် ငါ့ကို မြို့တက် အလုပ်လုပ်ခိုင်းလိုက်တယ်..."

"နေ နေပါဦး သမ္မတနိုင်ငံခေတ် ဟုတ်လား လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကလား"

ကျန်းဟောက် ချက်ချင်း သူဋ္ဌေးဝမ်၏ စကားကြောင့် အလွန် အံ့အားသင့်သွားသည်။

"ရှူး တိတ်တိတ်နေ ငါ့စကားကို မဖြတ်နဲ့"

ဝမ်ကန်ချွမ် လက်ကာပြလိုက်ပြီး မျက်လုံးများက အမှတ်တမဲ့ တစ်ချက် ကြည့်လိုက်သည်။

ထိုကျန်းဟောက် ဟု အမည်ရသော လူလတ်ပိုင်း အမျိုးသား ယခုအခါ ရုတ်တရက် တုန်လှုပ်သွားသည်။ ဒီအချိန်ကျမှသာ ဒီသူဋ္ဌေးဝမ်၏ မျက်လုံးများက အလွန် ပုံမှန် မဟုတ်ကြောင်း သူ သတိထားမိလိုက်သည်။ ထိုမျက်လုံးများက ထုံထိုင်းနေပြီး အသက်မဲ့ကာ သက်ရှိလူ တစ်ယောက်၏ ခံစားချက် တစ်စက်မျှ မပါဝင်ဘဲ သေချာ ကြည့်မိလေလေ လူကို ကျောချမ်းသွားစေလေလေ ဖြစ်သည်။

သို့သော် ဝေဝါးနေချိန်တွင် ဒီမျက်လုံးများကို ရင်းနှီးနေသလို ခံစားရပြီး တစ်နေရာရာတွင် မြင်ဖူးခဲ့သလိုမျိုး အမှတ်ရနေသည်။

ဟုတ်ပြီ။

မှတ်မိပြီ။

ကျန်းဟောက်၏ မှတ်ဉာဏ်များက လွန်ခဲ့သော ငါးနှစ်က နေ့တစ်နေ့ဆီသို့ ပြန်ရောက်သွားသည်။ ထိုနေ့ ညက လူနာကုတင်ပေါ်တွင် သေဆုံးသွားသော သူ၏ ဖခင် မျက်လုံးများကလည်း ဒီလို မျက်လုံးမျိုးပဲ။

မှန်တယ် ဒါက သေသွားတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးတွေပဲ။

ကျန်းဟောက် မလှုပ်ရဲသလို မထွက်သွားရဲတော့ဘဲ ဒီသူဋ္ဌေးဝမ် ပြောပြနေသော ဇာတ်လမ်းကိုသာ တိတ်ဆိတ်စွာ နားထောင်နေရတော့သည်။

ဇာတ်လမ်း ဆက်လက် ပြောပြလာသည်နှင့်အမျှ ဝမ်ကန်ချွမ်၏ ဖြတ်သန်းမှုများက ပိုမို ဆန်းကြယ်လာသည်။ ဆန်းကြယ်လွန်းသဖြင့် သရဲပုံပြင် ဝတ္ထုတစ်ပုဒ်လို ဖြစ်နေပြီး လုံးဝ အစစ်အမှန်နှင့် မတူတော့ပေ။ သို့သော် ဒီလို ဆန်းကြယ်သော ဇာတ်လမ်းက လူကို ကြက်သီးထသွားစေသည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်လမ်းထဲက ဇာတ်လိုက်က မျက်စိရှေ့မှာ ထိုင်နေတာကိုး။

တကယ်လို့ ဇာတ်လမ်းက အစစ်အမှန် ဆိုရင် ဒီကမ္ဘာကြီးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းပြီး မျှော်လင့်ချက် မဲ့နေလိုက်မလဲ။

"ဆီဇာ ဟိုတယ်ထဲမှာ ပိတ်မိသွားပြီးတဲ့ နောက်မှာ ငါ့ဘဝက ရပ်တန့်သွားတယ် လျှောက်လို့ မဆုံးနိုင်တဲ့ စင်္ကြံတွေ၊ ရေတွက်လို့ မကုန်နိုင်တဲ့ အခန်းတွေ၊ အဲဒီထဲမှာ လှည့်လည်သွားလာနေတဲ့ ကြောက်စရာကောင်းတဲ့ တစ္ဆေတွေ... တစ်ခါပြီး တစ်ခါ သေဆုံးခဲ့ရတယ် တစ်ခါ သေသွားတိုင်း အရင်က မှတ်ဉာဏ်တွေ အကုန်လုံး ပျောက်ဆုံးသွားပြီး ပထမဆုံး အခန်းကို ပြန်ရောက်သွားတယ် ပြီးတော့ အသစ်ကနေ ပြန်စပြီး ထွက်ပြေးဖို့ နည်းလမ်း ရှာရပြန်တယ်"

ဝမ်ကန်ချွမ် ခေါင်းမော့ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။

"သေချာတာပေါ့ ဆီဇာ ဟိုတယ်ထဲမှာ ပိတ်မိနေတာ ငါ တစ်ယောက်တည်း မဟုတ်ဘူး တခြား လူတွေလည်း ရှိသေးတယ် ဒါပေမဲ့ သူတို့ရဲ့ အတွေ့အကြုံကလည်း ငါနဲ့ အတူတူပဲ သေသွားတိုင်း အစကနေ ပြန်စရတာပဲ တစ်နေ့ကျတော့ ငါ ထွက်ပေါက်ကို အောင်မြင်စွာ ရှာတွေ့သွားတယ်"

"အဲဒါက တံခါး တစ်ချပ်ပဲ နံရံထဲမှာ တမင်တကာ ဖုံးကွယ်ထားတဲ့ တံခါး တစ်ချပ်ပဲ အဲဒီ တံခါးက အရမ်း ထူးခြားတယ် ရွှေနဲ့ လုပ်ထားတာ အဲဒီ ရွှေတံခါးကို ဖြတ်သွားလိုက်တာနဲ့ ငါ ဆီဇာ ဟိုတယ်ထဲကနေ လုံးဝ ထွက်လာနိုင်ပြီ"

"ဒါပေမဲ့ ငါ တကယ် ထွက်လာတဲ့ အချိန်ကျမှ ငါ မှားသွားမှန်း သိလိုက်ရတယ် သဘာဝလွန်စွမ်းအားရဲ့ ထောက်ပံ့မှု မရှိရင် အပြင်ထွက်လာလည်း မြန်မြန် သေသွားမှာပဲ"

"ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ အသက် နှစ်ရာနီးပါး ရှင်တဲ့လူမှ မရှိတာ ငါတို့က ခေတ်ဟောင်းမှာ ကျန်ရစ်ခဲ့တဲ့ ဝိညာဉ်တွေ သက်သက်ပဲ ဝိညာဉ်တွေက ဒီငြိမ်းချမ်းတဲ့ ခေတ်ကြီးမှာ အသက်ရှင်နေထိုင်ခွင့် မရှိဘူး ဒါကြောင့် အဲဒီအချိန်ကျမှ ငါ နားလည်သွားတယ် အဲဒီ ရွှေတံခါးကို ဘာလို့ တမင်တကာ ဖုံးကွယ်ထားလဲ ဆိုတာကိုပေါ့"

"ရွှေတံခါးကို လုပ်ခဲ့တဲ့သူက ငါတို့ရဲ့ ရှင်သန်ရာ လမ်းကြောင်းကို ဖြတ်တောက်နေတာ မဟုတ်ဘူး ကြောက်စရာကောင်းတဲ့ တစ္ဆေတွေ လက်တွေ့ကမ္ဘာထဲကို ဝင်ရောက်လာမှာကို တားဆီးနေတာပဲ"

"ကျိန်စာသင့်နေတဲ့ ငါတို့ လူစုက မျှော်လင့်ချက်မဲ့တဲ့ ခေတ်ကြီးရဲ့ စတေးခံတွေ သက်သက်ပါပဲ"

"ဒါပေမဲ့ ပြန်ရှင်လာတဲ့ ငါက ဒါတွေ အားလုံးကို မသိဘဲ အသက်ရှင်ချင်တဲ့ စိတ်နဲ့ပဲ ဆက်ပြီး လှုပ်ရှားနေခဲ့တာ"

"တစ်ခါပြီး တစ်ခါ တစ်နှစ်ပြီး တစ်နှစ် ငါ ဘယ်နှစ်ခါ သေခဲ့လဲ ဆိုတာ ဘယ်သူမှ မသိဘူး ငါ သိတာက အဲဒီ ရွှေတံခါး အနောက်က အလောင်းတွေက ထားစရာ နေရာတောင် မရှိတော့လောက်အောင် ပုံနေပြီ ဆိုတာပဲ အဲဒီ အလောင်းတွေ အားလုံးက ကျိန်စာသင့်နေတဲ့ လူတွေ သေပြီးတဲ့ နောက်မှာ ကျန်ခဲ့တာတွေချည်းပဲ"

"ဂလု"

ကျန်းဟောက်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့ ယခုအခါ မနေနိုင်ဘဲ တံတွေးမျိုချလိုက်ကြပြီး မျက်လုံးထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသည်။

ဒါက ဘယ်လောက်တောင် ရက်စက်ပြီး မျှော်လင့်ချက်မဲ့တဲ့ ဇာတ်လမ်းလဲ။

သို့သော် ယခုအခါ ဝမ်ကန်ချွမ် စကားကို ရုတ်တရက် လှည့်ကာ ထပ်ပြောလိုက်သည်။

"ငါ အကြိမ်ကြိမ် သေပြီးတဲ့ နောက်မှာ နောက်ဆုံးတော့ တစ်နေ့ကျတော့ ငါ သဘောပေါက်သွားတယ် အဲဒီ တံခါးထဲကနေ ထွက်လို့ မရဘူး အသက်ရှင်ချင်ရင် တခြား နည်းလမ်း ရှာမှ ရမယ် ဆိုတာကိုပေါ့"

"အဲ အဲဒါက ဘာနည်းလမ်းလဲ"

ကျန်းဟောက် စိုးရိမ်တကြီးနှင့် သိချင်စိတ်ဖြင့် မေးလိုက်သည်။

သူက ကိုယ့်ကိုယ်ကိုယ် အဲဒီ ဇာတ်လမ်းထဲက လူတစ်ယောက်လို ခံစားနေရပြီး လွတ်မြောက်မယ့် နည်းလမ်းကို လုံးဝ စဉ်းစားလို့ မရဘူး။

"ဟီး"

ဝမ်ကန်ချွမ် ရယ်မောလိုက်ရာ ရယ်သံက အလွန် ထူးဆန်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ကျန်းဟောက် ချက်ချင်း နောင်တရသွားပြီး ဒီစကားကို မေးလိုက်မိတာကို နောင်တရနေမိသည်။

ဝမ်ကန်ချွမ် ဆက်ပြောရန် ပြင်လိုက်ချိန်တွင် ရုတ်တရက် တစ်ခုခုကို သတိထားမိသွားပုံရပြီး ခေါင်းမော့ကာ မျက်နှာကျက်ကို လှမ်းကြည့်လိုက်သည်။

ယခုအခါ ဟိုတယ် တစ်ခုလုံး၏ မီးရောင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာပြီး ပတ်ဝန်းကျင်ရှိ အလင်းရောင်များမှာလည်း အလွန် မှေးမှိန်သွားကာ အမှောင်ထုထဲသို့ ကျရောက်သွားသကဲ့သို့ ဖြစ်သွားသည်။

မီးရောင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေစဉ် ကြည်လင်သော ခြေသံတစ်ခု ထွက်ပေါ်လာပြီး ခေတ်ဟောင်း ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီး တစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။

"ဝမ်ကန်ချွမ် အဲဒီ တံခါး ပွင့်သွားပြီ"

အမျိုးသမီးက အေးစက်စွာ ပြောလိုက်သည်။

ဝမ်ကန်ချွမ် မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။

"ငါလည်း ဒီလိုပဲ ထင်တယ် ကြည့်ရတာ နောက်ထပ် တစ်ယောက် ဆီဇာ ဟိုတယ်ထဲကနေ လွတ်မြောက်လာနိုင်ပြန်ပြီ ရှန်းလန် နင့်အထင် ဒီတစ်ခါ ထွက်လာတာက နင့်ရဲ့ ချစ်သူ အာနန်များ ဖြစ်မလား သူက အမြဲတမ်း အလားအလာ ရှိတဲ့သူလေ"

"သွားကြည့်ရင် သိမှာပေါ့"

ရှန်းလန်က ပြောလိုက်သည်။

"ပြီးတော့ အာနန် ဆိုတဲ့ နာမည်ကို ထပ်မခေါ်နဲ့တော့ အရင်က ပြန်လည် မွေးဖွားလာမှုတွေထဲမှာ ငါနဲ့ သူက ချစ်သူတွေ၊ လင်မယားတွေတောင် ဖြစ်ခဲ့ချင် ဖြစ်လိမ့်မယ် ဒါပေမဲ့ ဒီတစ်ခါမှာတော့ သူ့အပေါ် ငါ့ရဲ့ အမှတ်ရမှုက သာမန် ပတ်သက်မှု တစ်ခုလောက်ပဲ ရှိတယ်"

"အရင်က ဖြတ်သန်းမှုတွေ အားလုံးက ဘာအဓိပ္ပာယ်မှ မရှိဘူး"

"ဒီလို ဆိုမှတော့ တစ်ယောက်ယောက်ရဲ့ ဘဝသစ်ကို သွားကြိုကြတာပေါ့"

ဝမ်ကန်ချွမ် ယခုအခါ ထွက်ခွာသွားသည်။

ဘေးတွင် ဇာတ်လမ်း ဆက်နားထောင်ရန် ပြင်နေသော ကျန်းဟောက်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့ ကြောင်အမ်းသွားကြသည်။

ထို့နောက် သူတို့ လျင်မြန်စွာ သတိပြန်ဝင်လာကြသည်။

"ရှန်းလန်လား အဲဒါ သူဋ္ဌေးဝမ် ဇာတ်လမ်းထဲက သူနဲ့အတူ ဆီဇာ ဟိုတယ်ထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီး မဟုတ်ဘူးလား"

"ဒီလို ဆိုမှတော့ စောစောက သူဋ္ဌေးဝမ် ပြောသွားတာတွေ အကုန်လုံးက အမှန်တွေပေါ့"

"တကယ်လို့ အမှန်တွေ ဆိုရင် ဆီဇာ ဟိုတယ်ထဲမှာ တကယ် သရဲခြောက်နေတာပေါ့..."

သူတို့ နှစ်ယောက် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော မီးရောင်များကို ကြည့်ရင်း အရိုးထဲထိ စိမ့်ဝင်သွားသော အေးစက်မှုကို ချက်ချင်း ခံစားလိုက်ရပြီးနောက် ရင်ထဲတွင် ကြီးမားသော အကြောက်တရား တစ်ခု လွှမ်းမိုးသွားကာ တစ်ခဏတာ စဉ်းစားတွေးတောနိုင်စွမ်းများ ရပ်တန့်သွားပြီး မူလနေရာတွင် ကြောင်အမ်းသွားတော့သည်။

ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့သည် ဟိုတယ်၏ တတိယထပ်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး နှစ်ပေါင်းများစွာ ပိတ်ထားခဲ့သော အခန်းတစ်ခန်းကို ဖွင့်လိုက်ကြသည်။

ဒီအခန်းကို မှတ်တမ်းတင်ထားခြင်း မရှိသလို ဒီဇိုင်းပုံစံတွင်လည်း မပါဝင်ပေ။ ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့က သဘာဝလွန်စွမ်းအားကို အသုံးပြု၍ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။

အခန်းထဲတွင် ဘာပစ္စည်းမှ မရှိဘဲ နံရံပေါ်ရှိ ရွှေရောင် ထူထဲသော တံခါးကြီး တစ်ချပ်သာ ထင်ရှားစွာ ရှိနေသည်။

ဒါက ဆီဇာ ဟိုတယ်၏ ကောလာဟလများထဲမှ ရွှေတံခါးကြီး ဖြစ်သည်။

ငရဲပြည်နှင့် ချောက်နက်ကြီးဆီသို့ သွားရာ တံခါးလည်း ဖြစ်သည်။

သို့သော် ယခုအခါ ထိုတံခါးကြီးမှာ ပွင့်နေပြီ ဖြစ်သည်။

တံခါး၏ အခြားတစ်ဖက်တွင် အမှောင်ထု လွှမ်းမိုးနေသော လမ်းကြောင်းရှည်ကြီး တစ်ခု ပေါ်နေပြီး လမ်းကြောင်းပေါ်တွင် တောက်ပသော အနီရောင် ကော်ဇောကို ခင်းထားကာ လမ်းကြောင်း၏ ဘေးတစ်ဖက်စီတွင် ဟောင်းနွမ်းနေသော အခန်းများ အစီအရီ ရှိနေသည်။ ဒီအခန်း အရေအတွက်မှာ အလွန် များပြားပြီး အမှောင်ထု၏ အဆုံးအထိ ဆန့်တန်းနေသည်။

"တံခါးကတော့ ပွင့်နေတယ် ဒါပေမဲ့ လူကကော"

ဝမ်ကန်ချွမ် မျက်နှာထား လေးနက်သွားသည်။

"ဒါမှမဟုတ် ငါတို့ ခန့်မှန်းတာ မှားသွားတာလား တံခါးဖွင့်လိုက်တာက ငါတို့လိုပဲ အထဲမှာ ပိတ်မိနေတဲ့ လူမဟုတ်ဘဲ တစ္ဆေ တစ်ကောင်များလား"

ဘေးရှိ ရှန်းလန် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် မှသာ ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် အကြောင်းရင်းကို ရှာရမယ် အပြင်ဘက်ကို သဘာဝလွန်စွမ်းအားတွေ သက်ရောက်နေပြီ တကယ်လို့ တစ္ဆေ ထွက်ပြေးသွားတာ ဆိုရင်လည်း ဖြေရှင်းရမယ် မဟုတ်ရင် သဘာဝလွန်ဖြစ်ရပ် ဖြစ်လာပြီး လူတွေ အများကြီး သေကုန်လိမ့်မယ် ပြီးတော့ ဒီလို အချိန်အခါမျိုးမှာ သဘာဝလွန်ဖြစ်ရပ်ကြီး ကြီးမားသွားရင် လူတစ်ယောက်ယောက်က အဲဒီ နာမည်ကို ခေါ်လိုက်ရင် နောက်ဆက်တွဲ ရလဒ်က တွေးကြည့်လို့တောင် မရဘူး"

"မမေ့နဲ့ ငါတို့ရဲ့ အခု အခြေအနေက အဲဒီလူနဲ့ တွေ့ရင် တစ္ဆေအဖြစ် သတ်မှတ်ပြီး ဖြေရှင်းခံရနိုင်တယ် ဆိုတာကို"

"နင် ပြောတာ မှန်တယ်"

ဝမ်ကန်ချွမ် ခေါင်းညိတ်လိုက်သည်။

"ဝင်ကြည့်ရအောင်"

ရှန်းလန် ပတ်ဝန်းကျင်ကို သေချာ အကဲခတ်ကြည့်လိုက်ရာ တံခါးအနောက်ရှိ အရာများက လက်တွေ့ကမ္ဘာထဲသို့ မရောက်လာသေးကြောင်း အတည်ပြုနိုင်ခဲ့သည်။

သို့သော် ရွှေတံခါးကြီးက အကြောင်းရင်း မရှိဘဲ ပွင့်လာမည် မဟုတ်ပေ။ ထို့ကြောင့် သူတို့သည် တံခါးဖွင့်သူ သို့မဟုတ် တစ္ဆေကို ရှာဖွေရမည် ဖြစ်သည်။

"ကောင်းပြီ အထဲက အခြေအနေကိုလည်း ငါတို့ သိပါတယ် အဝေးကြီး မဝင်သွားရင် အန္တရာယ် သိပ်မရှိပါဘူး"

ဝမ်ကန်ချွမ်က ပြောလိုက်သည်။

သူတို့ နှစ်ယောက် အနည်းငယ်မျှ တွန့်ဆုတ်မနေဘဲ ရွှေတံခါးကို ဖြတ်ကျော်ကာ ထိုအမှောင်ထု လွှမ်းမိုးနေသော လမ်းကြောင်းရှည်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။

သေချာစေရန်အတွက် သူတို့ ဝင်သွားပြီးသည်နှင့် တံခါးကို ပိတ်လိုက်ကြသည်။

ဒါက ကိုယ့်လမ်းကိုယ် ပိတ်လိုက်တာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သက်ရှိလူတွေက တံခါးကို အလွယ်တကူ ဖွင့်နိုင်ပေမဲ့ အသိဉာဏ် မရှိတဲ့ တစ္ဆေတွေကတော့ မဖွင့်တတ်ဘူးလေ။ ဒါကြောင့် ဒါက လက်တွေ့ကမ္ဘာကို ကာကွယ်ပေးတာပဲ။ သူတို့ ထွက်သွားတာနဲ့ တစ္ဆေတွေက တံခါးကနေ အပြင်ကို လျှောက်သွားပြီး သက်ရောက်မှုတွေ ဖြစ်လာမှာကို ကာကွယ်ဖို့ပါ။

ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့ သတိထား၍ စူးစမ်းရှာဖွေကြသည်။ သူတို့က အခန်း တစ်ခန်းပြီး တစ်ခန်း ဝင်ရှာကာ တံခါးဖွင့်သူကို ရှာဖွေရန် ကြိုးစားနေကြသည်။

"တစ်ဖက်လူက လူပဲ ဖြစ်ဖြစ် တစ္ဆေပဲ ဖြစ်ဖြစ် ထွက်ပေါက်နဲ့ အဝေးကြီးမှာ ရှိနေမှာ မဟုတ်ဘူး အခန်း တစ်ခန်းခန်းထဲမှာ ပုန်းနေတာ သေချာတယ်"

သူတို့ နှစ်ယောက်စလုံး၏ ရင်ထဲတွင် ဒီလို အတွေးမျိုး ရှိနေကြသည်။

ပထမ အခန်းက အရာအားလုံး ပုံမှန်ပါပဲ။

ဒုတိယ အခန်းကလည်း အရာအားလုံး ပုံမှန်ပါပဲ။

သို့သော် သူတို့ စတုတ္ထ အခန်းထဲသို့ ဝင်သွားချိန်တွင် အခန်းတံခါးက ဒုန်းခနဲ ပိတ်သွားတော့သည်။

"ဒီအခန်းထဲမှာပဲ"

ဝမ်ကန်ချွမ် ရုတ်တရက် ပိတ်သွားသော အခန်းတံခါးကို ဂရုမစိုက်ဘဲ အိပ်ခန်းရှိရာသို့သာ စိုက်ကြည့်နေလိုက်သည်။

ထိုနေရာတွင် လူတစ်ယောက်၏ အရိပ်က အခန်းထဲမှနေ၍ ကြမ်းပြင်ပေါ်သို့ ကျရောက်နေသည်။

"ဘယ် ဘယ်သူလဲ အဲဒီမှာ ဘယ်သူလဲ"

ရှန်းလန်က အေးစက်စွာ မေးလိုက်သည်။

တကယ်လို့ တစ်ဖက်လူက ပြန်မဖြေဘူးဆိုရင် သူတို့ ချက်ချင်း သဘာဝလွန်စွမ်းအားကို သုံးပြီး ဒီကနေ ထွက်သွားကာ ဒီနေရာကို နောက်တစ်ကြိမ် ပြန်ပိတ်လှောင်လိုက်မည် ဖြစ်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် အခန်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ငါ ထင်တဲ့အတိုင်းပဲ အပြင်က ကမ္ဘာကြီးက အဲဒီလောက် မရိုးရှင်းဘူး... ဒါဆို ရွှေတံခါးပေါ်မှာ ရေးထားတဲ့ အချက်အလက်တွေက အမှန်တွေပေါ့ လုံလောက်တဲ့ သဘာဝလွန်စွမ်းအားတွေကို မပိုင်ဆိုင်ထားရင် ကိုယ့်ရဲ့ ကျိန်စာကို လုံးဝ မခုခံနိုင်ဘူး ဒီနေရာကနေ ထွက်သွားတာနဲ့ ချက်ချင်း သေသွားလိမ့်မယ် ဆိုတာ"

ဒီအသံကို ကြားလိုက်ရမှ ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့ အနည်းငယ် သက်ပြင်းချနိုင်သွားသည်။

တစ္ဆေ မဟုတ်ရင် ရပြီလေ။

"မင်း ရိပ်မိလောက်ပါပြီ သေသွားတိုင်း ကိုယ်က အခန်း တစ်ခန်းထဲမှာ ပြန်ရှင်လာပြီး အရင်က မှတ်ဉာဏ်တွေ အကုန်လုံး ပျောက်သွားမယ် ဆိုတာကို"

ရှန်းလန် ချက်ချင်း ပြောလိုက်သည်။

"ငါတို့လည်း မင်းလိုပဲ အရင်က ဒီမှာ ပိတ်မိနေတဲ့ ကံဆိုးတဲ့ လူတွေပါပဲ ဒါပေမဲ့ ငါတို့က မင်းထက် နည်းနည်း ပိုကံကောင်းတယ် အခြေအနေ မမှန်တာကို စောစောစီးစီး ရိပ်မိခဲ့လို့ အဲဒီ ရွှေတံခါးပေါ်မှာ အရေးကြီးတဲ့ အချက်အလက်တွေကို ချန်ထားခဲ့တာ နောက်တစ်ကြိမ် ပြန်ရှင်လာမယ့် ကိုယ့်ကိုယ်ကိုယ် လမ်းပြဖို့လေ"

"အကြိမ်ကြိမ် သေဆုံးပြီးတဲ့ နောက်မှာ ငါတို့ အဲဒီ တံခါးထဲကနေ ထွက်သွားချင်တဲ့ စိတ်ကို မြိုသိပ်ပြီး ဒီနေရာမှာပဲ ဆက်အသက်ရှင်ဖို့ ရွေးချယ်ခဲ့တယ် တစ်ချိန်တည်းမှာပဲ တစ္ဆေတွေကို တတ်နိုင်သမျှ များများ ထိန်းချုပ်ပြီး သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ဖို့လည်း ကြိုးစားခဲ့တယ်"

"ကန့်သတ်ချက် တစ်ခုကို ရောက်မှသာ ကျိန်စာကနေ လုံးဝ ရုန်းထွက်နိုင်ပြီး လွတ်လပ်ခွင့်ကို ရနိုင်မှာ"

"အာနန် မင်း ဒီတစ်ခါ ပြန်ရှင်လာပြီး ဒီအဆင့်ထိ ရောက်လာတာ အရမ်း မလွယ်ဘူး ဒီအခွင့်အရေးကို လွယ်လွယ်နဲ့ အလဟဿ မဖြုန်းတီးလိုက်နဲ့"

ယခုအခါ ရှန်းလန်သည် အိပ်ခန်းထဲမှ လူက ဘယ်သူလဲ ဆိုတာကို အတည်ပြုနိုင်ပြီ ဖြစ်သည်။

"မင်း ငါ့ကို သိတာလား"

အာနန် ယခုအခါ ဖြည်းညှင်းစွာ ထွက်လာသည်။ သူ၏ မျက်နှာမှာ ဖြူရော်နေပြီး အသက်ရှူသံက အေးစက်နေကာ လမ်းလျှောက်နေသော အလောင်း တစ်လောင်းနှင့် တူနေသည်။ သို့သော် ယခုအခါ သူ၏ မျက်လုံးထဲတွင် သတိထားမှုနှင့် အန္တရာယ် ရှိသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ဒီတစ်ကြိမ် ပြန်လည် ရှင်သန်လာမှု မှတ်ဉာဏ်ထဲတွင် ရှန်းလန်နှင့် ဝမ်ကန်ချွမ်တို့ ရှိမနေသောကြောင့် ဖြစ်သည်။

"သေချာတာပေါ့ ငါတို့က သမ္မတနိုင်ငံခေတ် ကတည်းက ဒီမှာ ပိတ်မိနေတာ အနှစ် တစ်ရာကျော် ရှိပြီ ဘယ်နှစ်ခါ သေခဲ့လဲ ဆိုတာတောင် မသိတော့ဘူး ဒီက လူတိုင်းကို ငါ သိတယ် သေသွားပြီးရင် မှတ်ဉာဏ်တွေ ပျောက်သွားမယ် ဆိုပေမဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သိမ်းထားနိုင်မယ့် နည်းလမ်း တချို့တော့ ရှိပါတယ်"

ရှန်းလန် အာနန်ကို စိုက်ကြည့်လိုက်သည်။

ယခုလက်ရှိ အာနန်က တစ္ဆေကို ထိန်းချုပ်ထားပြီး သဘာဝလွန်စွမ်းအားကို ရရှိထားပြီ ဖြစ်ကြောင်း သေချာပါသည်။ ရွှေတံခါးပေါ်မှာ ချန်ထားခဲ့တဲ့ အချက်အလက်တွေကြောင့် စိုးရိမ်ပြီး အလွယ်တကူ ထွက်မသွားတာ ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအဆင့်ထိ ရောက်အောင် မနည်း ကြိုးစားခဲ့ရတာလေ။ တကယ်လို့ ကိုယ့်ရဲ့ သဘာဝလွန်စွမ်းအားက ကျိန်စာကို ရုန်းထွက်ဖို့ မလုံလောက်သေးဘူး ဆိုရင် အလကား သေသွားရမှာပေါ့။

"ဒီမှာ တခြား ဘယ်သူတွေ ရှိသေးလဲ"

အာနန် မေးလိုက်သည်။

ရှန်းလန်က ပြောလိုက်သည်။

"အရင်က ဒီဟိုတယ်မှာ ပိတ်မိနေတဲ့ လူဘယ်နှစ်ယောက် ရှိလဲ ဆိုတာတော့ ငါ မသိဘူး ငါ သိတာက ငါ့မှတ်တမ်းထဲမှာ ငါနဲ့ ဝမ်ကန်ချွမ်၊ မင်း ကလွဲရင် နောက်ထပ် လူနှစ်ယောက် ကျန်သေးတယ် တစ်ယောက်က တုံယွီလန် လို့ ခေါ်ပြီး နောက်တစ်ယောက်က ကျူကျန့် လို့ ခေါ်တယ်"

အာနန် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် သတိထားမှုကို အနည်းငယ် လျှော့ချလိုက်သည်။

"မင်း ပြောတာ မှန်တယ် ငါ အရင်က သူတို့ နှစ်ယောက်နဲ့ တကယ် တွေ့ခဲ့ဖူးတယ် နှမြောစရာ ကောင်းတာက သူတို့ ကံမကောင်းလို့ သေသွားကြတာ နောက်တော့ ပြန်ရှင်လာပေမဲ့ ငါ့ကို မမှတ်မိတော့ဘူး"

သူ ရရှိထားသော အချက်အလက်များကို ရှန်းလန်၏ စကားများနှင့် ပေါင်းစပ်လိုက်သောအခါ ဒါတွေ အားလုံးကို ယုံကြည်သွားပြီ ဖြစ်သည်။

"ကြည့်ရတာ သူတို့ နှစ်ယောက် နောက်ထပ် အကြာကြီး ပိတ်မိနေဦးမယ် ထင်တယ်"

ဝမ်ကန်ချွမ် မတတ်နိုင်စွာ သက်ပြင်းချလိုက်သည်။

"ငါတို့ လူတွေရဲ့ အရည်အချင်းက အရမ်း ညံ့လွန်းတယ် အနှစ် တစ်ရာကျော် ပိတ်မိနေပြီးမှ ထွက်လာနိုင်တာ တကယ်လို့သာ အပြင်က အဲဒီလူသာ ဆိုရင် တစ်နှစ်တောင် မကြာဘဲ ထွက်လာနိုင်လောက်တယ် အဲဒီတုန်းက ငါတို့ ဘာလို့ ရွေးချယ်ခံရပြီး ဒီထဲကို ပစ်သွင်းခံရတာလဲ ဆိုတာကို တကယ် နားမလည်နိုင်ဘူး"

ရှန်းလန်က ပြောလိုက်သည်။

"အာနန် မင်းရဲ့ အခု သဘာဝလွန်စွမ်းအားက ဒီက ကျိန်စာကနေ ရုန်းထွက်နိုင်လောက်ပြီ ဒါကြောင့် ငါတို့နဲ့ အတူတူ ဒီကနေ ထွက်သွားကြစို့ အခု အပြင်မှာ အခြေအနေတွေ အများကြီး ပြောင်းလဲသွားပြီ မင်း တစ်ယောက်တည်း အပြင်က အခြေအနေကို မသိဘဲ သွားရင် ပြဿနာ အကြီးကြီးတွေ ဖြစ်လာနိုင်တယ်"

"ဟင့်အင်း" အာနန် ငြင်းလိုက်သည်။

"ငါ အခု အပြင်ကို သိပ်မထွက်ချင်သေးဘူး"

"ဘာလို့လဲ"

အာနန်က ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ စောစောက ငါ တံခါးဖွင့်လိုက်တုန်းက တစ္ဆေ တစ်ကောင်ကို အပြင်ကို လွှတ်ပေးလိုက်လို့လေ"

"ဘာ"

ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့ မျက်လုံး ပြူးကျယ်သွားကြသည်။

"မအံ့ဩပါနဲ့ ငါ အပြင်က အခြေအနေကို မသိဘူးလေ တစ္ဆေ တစ်ကောင်ကို လွှတ်ပြီး လမ်းစမ်းခိုင်းတာ ပုံမှန်ပဲလေ ဒီလို လုပ်တာက သာမန်လူ တချို့ကို သေစေနိုင်တယ် ဆိုပေမဲ့ ငါ့အတွက်တော့ ဂရုစိုက်စရာ မလိုပါဘူး"

အာနန်က အလွန် အေးစက်စွာ ပြောလိုက်သည်။

သူ တစ္ဆေဆရာ တစ်ယောက် ဖြစ်လာပြီး သဘာဝလွန်စွမ်းအားကို ရရှိလာသောအခါ သက်ရှိလူ တစ်ယောက်၏ ခံစားချက်များကိုလည်း ဆုံးရှုံးသွားခဲ့သည်။

အရင်ကသာ ဆိုရင် သူ ဒီလို ကိစ္စမျိုးကို လုံးဝ လုပ်မည် မဟုတ်ပေ။

"ငါတို့ ဂရုစိုက်တာက အပြင်မှာ သဘာဝလွန်ဖြစ်ရပ် ဖြစ်လာတာကို မဟုတ်ဘူး အပြင်မှာ တစ္ဆေရဲ့ အသတ်ခံရမယ့် လူတွေ ရှိမရှိကိုလည်း ဂရုစိုက်တာ မဟုတ်ဘူး ငါတို့ ဂရုစိုက်တာက ဒီမတော်တဆမှုကြောင့် အရမ်း ကြောက်စရာကောင်းတဲ့ လူတစ်ယောက် ရောက်လာနိုင်တာကိုပဲ အဲဒီအခါကျရင် ငါတို့ အသက်အန္တရာယ် ရှိလာလိမ့်မယ်"

ဝမ်ကန်ချွမ်၏ လေသံထဲတွင် ပြင်းထန်စွာ ကြောက်ရွံ့နေသည့် အမူအရာများ ပါဝင်နေသည်။

"သဘာဝလွန်စွမ်းအားကို ရလာပြီးတဲ့ နောက်မှာ ငါတို့က သာမန်လူလို့ သတ်မှတ်လို့ မရတော့ဘူး ကိုယ်နဲ့ တူတဲ့လူတွေနဲ့ တွေ့ရင်တောင် ဒီလောက် ကြောက်နေဖို့ မလိုပါဘူး အဲဒီလူက ဘယ်သူလဲ နာမည် ဘယ်လို ခေါ်လဲ မင်းတို့ သူနဲ့ ဆက်ဆံဖူးလို့လား"

အာနန်က ပြောလိုက်သည်။

"လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က သဘာဝလွန်စွမ်းအားတွေ နိုးထလာပြီး တစ္ဆေတွေ သောင်းကျန်းနေခဲ့တယ် ကမ္ဘာကြီး တစ်ခုလုံး မျှော်လင့်ချက်မဲ့မှုတွေနဲ့ သေဆုံးခြင်းတွေ ပြည့်နှက်နေခဲ့တယ် ငါတို့လို လူတွေတောင် မနက်ဖြန် ဘာဖြစ်မယ်မှန်း မသိတဲ့ အခြေအနေမျိုး ဖြစ်နေခဲ့တာ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာ လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး သဘာဝလွန်ခေတ်ကြီးကို အပြီးတိုင် အဆုံးသတ်လိုက်တယ် ဒါကြောင့်မို့လို့ အနှစ်ခြောက်ဆယ် ကြာတဲ့အထိ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ရှိလာတာပေါ့"

"အဲဒီလူ ဘယ်သူလဲ ဆိုတာ ငါ သိတယ် ဒါပေမဲ့ သူ့နာမည်ကို ငါ ခေါ်လို့ မရဘူး မဟုတ်ရင် သူ့ကို ချက်ချင်း ခေါ်လိုက်သလို ဖြစ်သွားလိမ့်မယ်"

ဝမ်ကန်ချွမ်က ပြောလိုက်သည်။

ရှန်းလန်က ပြောလိုက်သည်။

"အများကြီး ရှင်းပြနေဖို့ အချိန်မရှိတော့ဘူး အခု ငါတို့ အဲဒီလူ မပေါ်လာခင် အပြင်က တစ္ဆေကို ပြန်ဖမ်းပြီး ဒီထဲမှာ ပြန်ပိတ်လှောင်ထားမှ ရမယ် အခြေအနေတွေ ပိုဆိုးမလာစေနဲ့"

"မင်း ပြောတာ မှန်တယ် ငါတို့ သွားရအောင်"

ဝမ်ကန်ချွမ် ချက်ချင်း လှုပ်ရှားလိုက်သည်။

"အာနန် မင်းလည်း အတူတူ လိုက်ခဲ့ပါ"

ရှန်းလန်က ဖိတ်ခေါ်လိုက်သည်။

အာနန် ခဏ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

သူတို့ သုံးယောက် ဒီထူးဆန်းသော နေရာမှ ထွက်ခွာလာပြီးနောက် ရွှေတံခါးကို ပြန်ဖွင့်ကာ ဆီဇာ ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။

သို့သော် သူတို့ ရောက်သွားချိန်တွင် ဆီဇာ ဟိုတယ် တစ်ခုလုံး မီးများ ပြတ်တောက်နေပြီး ဖယ်ရှား၍ မရသော အမှောင်ထုကြီးက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားကာ နေရာတိုင်းတွင် ပြောမပြတတ်သော အေးစက်သည့် အငွေ့အသက်များ ပြည့်နှက်နေသည်။ ထို့အပြင် ခေါင်းမော့ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်ရာ အပြင်ဘက် ရှုခင်းများကိုပင် မမြင်ရတော့ပေ။

သိသာပါတယ် တစ္ဆေနယ်မြေ ဖြစ်ပေါ်လာပြီပဲ။

ဒီအာနန်က သာမန် မဟုတ်တဲ့ ကြောက်စရာကောင်းတဲ့ တစ္ဆေကြီး တစ်ကောင်ကို လွှတ်ပေးလိုက်ပုံပဲ။

"အား"

စူးရှသော အော်ဟစ်သံ တစ်ခု အမှောင်ထုထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားရာ ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားစေသည်။

"မင်းတို့ နေတဲ့ နေရာမှာ သာမန်လူတွေ ဘာလို့ ရှိနေသေးတာလဲ"

အာနန်က ထူးဆန်းစွာ မေးလိုက်သည်။

"ဆယ်စုနှစ်ပေါင်းများစွာ သဘာဝလွန်ဖြစ်ရပ် မရှိခဲ့ဘူး မင်းကြောင့်သာ မဟုတ်ရင် အဲဒီ ရွှေတံခါးက အဲဒီထဲက တစ္ဆေတွေ အကုန်လုံးကို ပိတ်လှောင်ထားနိုင်တယ် သာမန်လူတွေ ဒီမှာ လာနေရင်လည်း ဘာမှ သက်ရောက်မှု မရှိဘူး"

ဝမ်ကန်ချွမ် မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အခု စိတ်ပူရမှာက ငါတို့ပဲ"

"သာမန်လူတွေ ပါဝင်ပတ်သက်နေပြီ ဆိုကတည်းက အခု အချိန်ကစပြီး အဲဒီလူ အချိန်မရွေး ပေါ်လာနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ"

"မြန်မြန် လှုပ်ရှားမှ ရမယ်"

ပြောရင်း ဝမ်ကန်ချွမ် နောက်မလှည့်ဘဲ အမှောင်ထု အနက်ရှိုင်းဆုံး နေရာသို့ တိုက်ရိုက် လျှောက်သွားလိုက်သည်။

သူ ဒီဟိုတယ်ကို အရမ်း ရင်းနှီးတယ်။ အမှောင်ထဲမှာတောင် လမ်းမပျောက်နိုင်ဘူး။ သူ အော်သံ ကြားရတဲ့ နေရာကို အလျင်အမြန် သွားလိုက်တယ်။ ကံကောင်းရင် အဲဒီ တစ္ဆေနဲ့ တွေ့နိုင်တယ်။

သူတို့ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်ပေမဲ့ ဟိုတယ်ထဲက သာမန်လူတွေ အတွက်တော့ သဘာဝလွန်ဖြစ်ရပ်ထဲ ပါသွားတာက တစ်မိနစ် တစ်စက္ကန့်တိုင်းက ရှည်လျားပြီး ဆင်းရဲဒုက္ခ ရောက်စရာပါပဲ။

"ဟေ့ ကျန်းဟောက် မင်း မြင်လိုက်လား စောစောက ငါတို့ ရှေ့က ဖြတ်သွားတဲ့ 'လူ' ကို"

ကြောက်ရွံ့ပြီး တုန်ယင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

မှောင်မည်းနေသော ထောင့်တစ်နေရာတွင် ကျန်းဟောက်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့ မလှုပ်ရဲဘဲ နေနေကြသည်။ သူတို့ စောစောက ထမင်းစားပြီး ဟိုတယ်မှ ထွက်ခွာရန် ပြင်နေချိန်တွင် ဟိုတယ်က ရုတ်တရက် မီးပြတ်သွားပြီးနောက် ပတ်ဝန်းကျင် တစ်ခုလုံး အမှောင်ထုထဲသို့ ကျရောက်သွားမည်ဟု ဘယ်သူ ထင်ထားမည်နည်း။ ပတ်ဝန်းကျင်တွင် အလင်းရောင် အနည်းငယ် ရှိနေသော်လည်း ထူးဆန်းသည်မှာ သူတို့ ဒီဟိုတယ်ထဲမှ ထွက်၍ မရတော့ခြင်းပင် ဖြစ်သည်။

နံရံကို စမ်းသွားရင် ပြတင်းပေါက်ကို တွေ့နိုင်တယ်ဆိုတာ သိသာပေမဲ့ သူတို့ နံရံတစ်လျှောက် မိနစ်အတော်ကြာ လမ်းလျှောက်ခဲ့ပေမဲ့ နံရံက ရှိနေတုန်းပဲ ဟိုတယ် ပြတင်းပေါက်ကတော့ မျက်စိရှေ့မှာ ပေါ်မလာဘူး။

ဒီနေရာက အရာအားလုံး ပြောင်းလဲသွားသလိုပဲ။

အစကတော့ ဟိုတယ်ထဲမှာ တခြား ဧည့်သည်တွေရဲ့ ညည်းညူသံတွေ၊ ဆူညံသံတွေ ကြားနေရသေးပေမဲ့ မကြာခင်မှာပဲ အဲဒီ ဆူညံသံတွေက လျင်မြန်စွာ နည်းပါးလာတယ်။

အခုအချိန်မှာတော့ ပတ်ဝန်းကျင်က အရမ်းကို တိတ်ဆိတ်နေပြီး တစ်ခါတစ်ရံ ကြားရတဲ့ အော်သံတွေပဲ ကျန်တော့တယ်။

ဒီအချိန်မှာ ကျန်းဟောက်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်က ဘယ်လောက်ပဲ တုံးအပါစေ ဒါက သာမန် မီးပြတ်တာ မဟုတ်ဘူး ဆိုတာကို သတိထားမိသွားပြီ။

"ရှူး စကားမပြောနဲ့"

ကျန်းဟောက် အသံနှိမ့်ကာ ပြောလိုက်သည်။

"မင်း မသေချင်ဘူးဆိုရင် ပါးစပ်ပိတ်ထား အခု ဒီဆီဇာ ဟိုတယ်မှာ သရဲခြောက်နေတယ်လို့ ငါ ထင်တယ် ဟိုသူဋ္ဌေးဝမ် ပြောတာ မှန်တယ် ဒီနေရာမှာ တကယ် ပြဿနာ ရှိနေတာ"

"မင်း ဆိုလိုတာက စောစောက ငါတို့ ရှေ့က ဖြတ်သွားတဲ့ 'လူ' က တစ္ဆေပေါ့"

လုပ်ဖော်ကိုင်ဖက် တံတွေးမျိုချလိုက်ပြီး ကြောက်ရွံ့မှုက ပိုမို သိသာလာကာ အကြောက်ဆုံး အရာက တကယ် ဖြစ်လာပြီဟု ထင်နေပုံရသည်။

"ဒီကနေ မြန်မြန် ထွက်သွားမှ ရမယ် ဆက်နေလို့ မဖြစ်တော့ဘူး မဟုတ်ရင် ငါတို့ ဒီမှာပဲ သေသွားလောက်တယ်"

ကျန်းဟောက်က ပြောလိုက်သည်။ သူလည်း ကြောက်လန့်တုန်ယင်နေသည်။

သေခြင်းတရား ရှေ့မှာ ဘယ်သူမှ မတည်ငြိမ်နိုင်ပါဘူး။

"ဒါပေမဲ့ ငါတို့ လမ်းပျောက်နေပြီ ထင်တယ် လုံးဝ ထွက်လို့ မရဘူး ဒီဟိုတယ်က မီးပြတ်သွားပြီးတဲ့ နောက်မှာ ပြောင်းလဲသွားသလိုပဲ"

လုပ်ဖော်ကိုင်ဖက်က ပြောလိုက်သည်။

"အနည်းဆုံးတော့ အန္တရာယ်ရှိတဲ့ နေရာကနေ ဝေးဝေး သွားရမှာပေါ့ စောစောက အော်သံက ဟိုဘက်ကနေ လာတာ ငါတို့ ဆန့်ကျင်ဘက်ကို သွားမယ်" ကျန်းဟောက်က ပြောလိုက်သည်။ သူ ကြောက်လန့်နေသော်လည်း အသိဉာဏ် အနည်းငယ် ရှိသေးပြီး လက်ရှိ အခြေအနေကို ခွဲခြမ်းစိတ်ဖြာတတ်သေးသည်။

"ဟုတ်တယ် ဒါ နည်းလမ်းကောင်းပဲ"

လုပ်ဖော်ကိုင်ဖက် မျက်လုံး အရောင်လက်သွားပြီး တင်းကျပ်နေသော ခန္ဓာကိုယ် ချက်ချင်း အားအင်တွေ ပြည့်လာပုံရသည်။

သူတို့ နှစ်ယောက် စိတ်ကူး ရသွားပြီးနောက် မတွေဝေတော့ဘဲ အခြား တစ်ဖက်သို့ ချက်ချင်း လျှောက်သွားကြသည်။

ရှေ့သို့ ဆက်သွားလေလေ သူတို့ ပို၍ စိတ်အေးလာလေလေ ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အန္တရာယ်နဲ့ ဝေးသွားပြီလေ။

သို့သော် သူတို့ မသိသည်မှာ တစ္ဆေနယ်မြေ အတွင်းတွင် အကွာအဝေး ဆိုသည်မှာ လုံခြုံရေး အာမခံချက် မဟုတ်ဘဲ တစ္ဆေ၏ လူသတ်စည်းကမ်းကို မချိုးဖောက်မိအောင် ရှောင်ရှားနိုင်မှသာ ကံကောင်းထောက်မစွာ အသက်ရှင်နိုင်မည် ဆိုခြင်းပင်။

သူတို့ နှစ်ယောက် တကယ်ပဲ ကံကောင်းနေပုံရသည်။

အန္တရာယ်က လုံးဝ မကျရောက်လာသေးပေ။

ဒါက ကျန်းဟောက်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ကို တဖြည်းဖြည်း တည်ငြိမ်လာစေတယ်။

တည်ငြိမ်သွားပြီးနောက် ကျန်းဟောက် ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားသည်။

"ဟေ့ အရင်က ငါတို့ ထမင်းစားနေတုန်းက တွေ့ခဲ့တဲ့ သတင်းစာကို မှတ်မိသေးလား"

"အဲဒီ သတင်းစာလား ငါ မှတ်မိတယ် သတင်းစာထဲမှာ ပြောထားတာ ဒီကမ္ဘာပေါ်မှာ ကြောက်စရာကောင်းတဲ့ တစ္ဆေတွေ ရှိတယ် နောက်ပြီး သဘာဝလွန်ဖြစ်ရပ်တွေ တဖြည်းဖြည်း ပေါ်လာလိမ့်မယ်တဲ့ အခု ပြန်တွေးကြည့်ရင် တကယ် ကံဆိုးတာပဲ သတင်းစာ ဖတ်ပြီးတာနဲ့ ဒီလို ကိစ္စမျိုးနဲ့ ကြုံရတာ လူရွှင်တော်က ငါတို့ ကိုယ်တိုင် ဖြစ်နေတာပဲ"

လုပ်ဖော်ကိုင်ဖက်က ပြောလိုက်သည်။

"ဒါက အရေးမကြီးဘူး အရေးကြီးတာက သတင်းစာရဲ့ နောက်ဆုံးမှာ ရေးထားတာက တကယ်လို့ သာမန်လူတွေ သဘာဝလွန်ဖြစ်ရပ်နဲ့ ကြုံရရင် တစ္ဆေနဲ့ တွေ့ရင် နာမည် တစ်ခုကို ခေါ်လိုက်တာနဲ့ ဘေးကင်းသွားလိမ့်မယ်တဲ့"

ကျန်းဟောက်က ပြောလိုက်သည်။

"အခု ငါတို့ ကြုံနေရတဲ့ အခြေအနေက သတင်းစာထဲက ပြောထားတာနဲ့ တစ်ပုံစံတည်းပဲ ငါတို့ စမ်းကြည့်လို့ ရတယ် တကယ်လို့ အံ့ဩစရာ ကိစ္စတစ်ခုခု ဖြစ်လာနိုင်တယ်လေ"

"မင်း အဲဒါကို ယုံလား ငါကတော့ အရမ်း ယုတ္တိမတန်ဘူးလို့ ထင်တာပဲ..."

လုပ်ဖော်ကိုင်ဖက်၏ စကား တစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားပြီး သူ ချက်ချင်း ခြေလှမ်း ရပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့တွင် လူတစ်ယောက် ပေါ်လာသောကြောင့် ဖြစ်သည်။ ထိုလူမှာ အရပ်ရှည်ပြီး အမှောင်ထုထဲတွင် ဖုံးလွှမ်းနေသည်။ ရုပ်ရည်ကို သေချာ မမြင်ရသော်လည်း ပြင်းထန်သော အပုတ်နံ့ တစ်ခုက မျက်နှာဆီသို့ ဖြတ်သန်း တိုက်ခတ်လာသည်။ ထို့အပြင် ထိုလူ လျှောက်လာသော ဟန်ပန်မှာ အလွန် ထူးဆန်းပြီး တောင့်တင်းကာ လေးလံနေသည်။ သက်ရှိလူ တစ်ယောက်နှင့် မတူဘဲ တစ်ခုခု၏ ထိန်းချုပ်မှုကို ခံထားရသော အလောင်း တစ်လောင်းနှင့် ပိုတူနေသည်။

"မ မဟုတ်ဘူး တစ်ခုခု မှားနေပြီ မြန်မြန် သွား"

လုပ်ဖော်ကိုင်ဖက် တစ်ကိုယ်လုံး ကြက်သီးထသွားပြီး ကြောက်ရွံ့မှုက တစ်ကိုယ်လုံးကို မလွှမ်းမိုးခင် သူ အလိုအလျောက် နောက်လှည့်ပြီး ပြေးတော့သည်။

သို့သော် သူ ခြေလှမ်း နှစ်လှမ်းမျှ မပြေးရသေးမီ ရုတ်တရက် တစ်ခုခု ခလုတ်တိုက်မိပြီး မြေကြီးပေါ်သို့ လဲကျသွားသည်။

မှေးမှိန်သော အလင်းရောင်ဖြင့် မြေကြီးကို သေချာ ကြည့်လိုက်သောအခါ သူ ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။

အလောင်းတွေ၊ နေရာအနှံ့ အလောင်းတွေ မြေကြီးပေါ်မှာ အပြည့် ခင်းထားပြီး ပတ်ဝန်းကျင်မှာ ခြေချစရာ နေရာတောင် မရှိတော့ဘူး။ ပြီးတော့ သူ တစ်ခုခု ခလုတ်တိုက်မိတာ မဟုတ်ဘူး၊ အလောင်း တစ်လောင်းက အလောင်းကွက်တွေ ပြည့်နှက်နေတဲ့ အေးစက်တဲ့ လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး သူ့ခြေကျင်းဝတ်ကို ဖမ်းဆွဲထားတာ။

"ဒါ ဒါ ဘယ်လိုဖြစ်တာလဲ စောစောက ပတ်ဝန်းကျင်မှာ ဘာမှ မရှိပါဘူး..."

ကျန်းဟောက်လည်း ဒီမြင်ကွင်းကို မြင်လိုက်ရပြီး သူ တစ်ကိုယ်လုံး အေးစက်သွားကာ တစ်ခဏတာ လှုပ်ရှား၍ပင် မရတော့ပေ။

သူ မလှုပ်ချင်တာ မဟုတ်ဘူး၊ သူ့ခြေထောက် နှစ်ဖက်စလုံးကိုလည်း အေးစက်ပြီး တောင့်တင်းနေတဲ့ လက်တွေက ဖမ်းဆွဲထားတာကြောင့် ခန္ဓာကိုယ်က ဒီအချိန်မှာ အသိဉာဏ်မဲ့သွားတာ။

သို့သော် မျက်စိရှေ့ရှိ အမှောင်ထုထဲတွင် ဖုံးလွှမ်းနေသော ထိုအရပ်ရှည်သည့် အမျိုးသား အလောင်းမှာ လှုပ်ရှားမှုကို မရပ်တန့်ဘဲ သူတို့ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေဆဲ ဖြစ်သည်။

အားအင်မဲ့မှု၊ မျှော်လင့်ချက်မဲ့မှု၊ ထိတ်လန့်မှု... သေခြင်းတရား ရောက်လာမယ့် အချိန်ကိုပဲ စောင့်နေရတော့တယ်။ ဒါက သာမန်လူတွေ သဘာဝလွန်ဖြစ်ရပ်နဲ့ ရင်ဆိုင်ရတဲ့ အခါ ခံစားရနိုင်တဲ့ အရာတွေပဲ။

"ငါ မသေချင်ဘူး ဒီမှာ မသေချင်ဘူး နတ်ဘုရား ရှိရင် ဘယ်နတ်ဘုရားပဲ ဖြစ်ဖြစ် မြန်မြန် ငါ့ကို ကယ်ပါဦး"

အသက်ရှင်ချင်တဲ့ ပြင်းပြတဲ့ ဆန္ဒက ကျန်းဟောက်ကို ဒီလို အကျပ်အတည်း အခြေအနေမျိုးမှာ အဲဒီ နာမည်ကို အားကုန် အော်ခေါ်စေလိုက်တယ်။

"ယန်ကျန့်"

ဒီနာမည်က ကိုယ်တိုင်က အမည်မသိ စွမ်းအား တစ်ခု ပိုင်ဆိုင်ထားသလိုပဲ အမှောင်ထုကို ဖောက်ထွင်းပြီး ဟိုတယ် ကောင်းကင်ယံမှာ ပဲ့တင်ထပ်သွားတယ်။

သို့သော် အော်ပြီးနောက် အံ့ဩစရာ ကိစ္စ ဆိုတာ ပေါ်မလာခဲ့သလိုပဲ။

ကျန်းဟောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဘာကိစ္စမှ မဖြစ်လာဘဲ အမှောင်ထုထဲတွင် အရင်ကလိုပဲ မျှော်လင့်ချက်မဲ့မှုတွေ ပြည့်နှက်နေပြီး ကြောက်စရာကောင်းတဲ့ တစ္ဆေကလည်း ဆုတ်ခွာမသွားဘူး... နေ နေပါဦး မဟုတ်သေးဘူး အဲဒီ တစ္ဆေက ခြေလှမ်း ရပ်သွားသလိုပဲ။

ဒါ ထင်ယောင်ထင်မှား မဟုတ်ဘူး တကယ်ပဲ။

အပုပ်နံ့တွေ ထွက်နေပြီး မျက်နှာချင်းဆိုင် လျှောက်လာတဲ့ အဲဒီ အရပ်ရှည်တဲ့ အမျိုးသား အလောင်းကြီးက လေးလံတဲ့ ခြေလှမ်းတွေကို ရပ်လိုက်တယ်။

"အသုံး အသုံးဝင်လို့လား"

ကျန်းဟောက် ဒီလို တွေးလိုက်မိတယ်။

ဒါပေမဲ့ သူ မသိတာက ဒီအချိန်မှာ သူ့အနောက်ဘက်မှာ အနီရောင် အလင်းတန်း တစ်ခု ထင်ဟပ်လာပြီး ဒီအနီရောင် အလင်းတန်းက အမှောင်ထုကို မောင်းထုတ်ကာ နေရာအနှံ့က ကြောက်စရာကောင်းတဲ့ အလောင်းတွေကို ဝါးမြိုသွားပြီး အမှောင်ထုထဲက တစ္ဆေကို ရှေ့ဆက်မတိုးနိုင်အောင် လုပ်လိုက်တယ် ဆိုတာကိုပဲ။

အနီရောင် အလင်းတန်း လွှမ်းခြုံထားတဲ့ နေရာက တားမြစ်နယ်နိမိတ် တစ်ခု ဖြစ်သွားပြီး တစ္ဆေတွေ ဝင်ရောက်လို့ မရတော့ဘူး။

ကျန်းဟောက်ကတော့ အဲဒီ အနီရောင် မျဉ်းပေါ်မှာ အတိအကျ နင်းမိနေတာ။

ထို့နောက် အနီရောင် အလင်းတန်းက နောက်တစ်ကြိမ် ထပ်မံ တောက်ပလာပြီး အရပ်မျက်နှာ အနှံ့မှ လွှမ်းမိုးလာကာ မျက်စိရှေ့ရှိ အရာအားလုံးကို ချက်ချင်း ဝါးမြိုသွားတော့သည်။ ဆီဇာ ဟိုတယ် တစ်ခုလုံး အပါအဝင်ပေါ့။

ဒီလို ထူးဆန်းမှုက ကျန်းဟောက်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်ကို မျက်လုံး ပြူးကျယ်သွားစေပြီး မယုံနိုင်တဲ့ အမူအရာတွေ ပေါ်လာစေတယ်။

အနီရောင် အလင်းတန်းထဲမှာ ထူးဆန်းတဲ့ အရာတွေ အကုန်လုံး ပျောက်ကွယ်သွားတာကို သူတို့ တွေ့လိုက်ရတယ်။ အဲဒီနောက်မှာ အနီရောင် အလင်းတန်းထဲကနေ ဝေဝါးနေတဲ့ ထူးခြားတဲ့ ပုံရိပ်တစ်ခုကို သူတို့ မြင်လိုက်ရတယ်။ အဲဒီ ပုံရိပ်ရဲ့ နဖူးပေါ်မှာ မျက်လုံး တစ်လုံး ရှိနေပုံရပြီး ဒီကောင်းကင်ယံ အပြည့်က အနီရောင် အလင်းတန်းတွေက အဲဒီထဲကနေ ထွက်လာသလိုပဲ။

"အဲဒါ နတ်ဘုရားလား"

ကျန်းဟောက် သေချာ ကြည့်ဖို့ ကြိုးစားလိုက်ချိန်မှာ ပတ်ဝန်းကျင်က အနီရောင် အလင်းတန်းတွေရော အမှောင်ထုတွေပါ အကုန် ပျောက်ကွယ်သွားတော့တယ်။

အရာအားလုံးက ချက်ချင်း ပုံမှန် ပြန်ဖြစ်သွားတယ်။

သူတို့ ယခုအခါ ဟိုတယ် ဧည့်ခန်းမ အလယ်တွင် ရပ်နေကြပြီး ခေါင်းပေါ်ရှိ မီးရောင်များ လင်းထိန်နေကာ ပတ်ဝန်းကျင် တစ်ခုလုံး လင်းလင်းကျင်းကျင်း ဖြစ်နေသည်။

စောစောက အရာအားလုံးက ထင်ယောင်ထင်မှားတွေလိုပဲ ဘာတစ္ဆေမှ မရှိဘူး ဘာအလောင်းမှ မရှိဘူး။

ဒါပေမဲ့ လေထုထဲမှာ ကျန်နေသေးတဲ့ အပုတ်နံ့လေး တစ်ခုက စောစောက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေက အစစ်အမှန် ဆိုတာကို သက်သေပြနေပြီး ထင်ယောင်ထင်မှား မဟုတ်ဘူး ဆိုတာကို ပြသနေတယ်။

"နောက်ကျသွားပြန်ပြီလား သာမန်လူတွေရဲ့ ခေါ်တာကို ခံလိုက်ရပြန်ပြီလား ကောလာဟလတွေထဲက သဘာဝလွန်ခေတ်ကြီးကို တစ်ယောက်တည်းနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ လူ... ယန်ကျန့်"

ဝမ်ကန်ချွမ် ယခုအခါ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားသော ဟိုတယ်ကို မြင်လိုက်သည်နှင့် ဒါတွေ အားလုံးကို ချက်ချင်း နားလည်သွားတော့သည်။

သဘာဝလွန်ဖြစ်ရပ်ကို ချက်ချင်း ဖြေရှင်းနိုင်ပြီး အရာအားလုံးကို ပုံမှန် ပြန်ဖြစ်အောင် လုပ်နိုင်တာ ဒီကမ္ဘာပေါ်မှာ လူတစ်ယောက်တည်းပဲ ရှိတယ်။

"သူ ဘယ်မှာလဲ"

အာနန် မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ဟိုမှာ"

ရှန်းလန် ရုတ်တရက် သတိထားမိသွားပြီး ဒုတိယထပ်သို့ လှမ်းကြည့်လိုက်သည်။

လှေကားထစ်၏ အဆုံးတွင် လူငယ် တစ်ဦး ရပ်နေသည်။ ထိုလူငယ်က သာမန် သက်ရှိလူ တစ်ယောက်နှင့် ဘာမှ မကွာခြားပုံ ရသော်လည်း သူ၏ အကြည့်များက အလွန် အေးစက်နေပြီး လူအနည်းငယ်ကို တည်ငြိမ်စွာ စီးမိုးကြည့်နေသည်။ ဘာမှ မလုပ်သော်လည်း လူသုံးယောက်ကို အသက်ရှူကျပ်စေသော ဖိအား တစ်ခု ခံစားရစေသည်။

တစ်ကိုယ်လုံးက သဘာဝလွန်စွမ်းအားတွေက အကြောက်ဆုံး အရာတစ်ခုနဲ့ တွေ့လိုက်ရသလို ညည်းတွားနေသကဲ့သို့ပင် ဖြစ်သည်။

ဒီလူနဲ့ တကယ် မျက်နှာချင်းဆိုင် တွေ့လိုက်ရမှသာ ဝမ်ကန်ချွမ်၊ ရှန်းလန်၊ အာနန် တို့ သုံးယောက်က သူတို့ကြားက ကွာဟချက် ဘယ်လောက် ကြီးမားလဲ ဆိုတာကို နားလည်သွားတော့သည်။

"မင်းတို့တွေ နောက်ဆုံးတော့ အဲဒီ ရွှေတံခါးကို ဖွင့်ပြီး အဲဒီ တစ္ဆေဟိုတယ်ထဲကနေ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တာပဲ"

ယန်ကျန့်က စကားစလိုက်သည်။ သူ၏ အသံက တည်ငြိမ်နေသော်လည်း လူတွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိသည်။

"မင်း ငါတို့ကို သိတာလား"

ဝမ်ကန်ချွမ် မျက်နှာထား အလွန် လေးနက်နေပြီး စကားပြောတာတောင် အနည်းငယ် မသဘာဝ ဖြစ်နေသည်။

ယန်ကျန့်က ပြန်ဖြေလိုက်သည်။

"လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က ငါ အဲဒီထဲကို ဝင်ဖူးတယ် ဟိုတယ်ထဲမှာ အသေအလဲ အသက်ရှင်ဖို့ ကြိုးစားနေတဲ့ မင်းတို့နဲ့လည်း တွေ့ဖူးတယ် နှမြောစရာ ကောင်းတာက မင်းတို့က အဲဒီလောက် မစွမ်းတော့ ဆီဇာ ဟိုတယ်ထဲကနေ မထွက်နိုင်ခဲ့ဘူး ဒါကြောင့် ငါ ရွှေတံခါး တစ်ချပ် ဆောက်ပြီး အဲဒီက အရာအားလုံးကို လုံးဝ ပိတ်လှောင်ပစ်လိုက်တာ"

"အနှစ်ခြောက်ဆယ် ကြာသွားလိမ့်မယ်လို့ မထင်ထားဘူး မင်းတို့ သုံးယောက်က ကိုယ့်ကြိုးစားမှုနဲ့ကိုယ် နောက်ဆုံးတော့ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တာပဲ"

သူတို့ သုံးယောက် ထိုစကားကို ကြားသောအခါ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။

လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က ဒီယန်ကျန့်က ကိုယ်တွေနဲ့ ဆက်ဆံဖူးတယ်ပေါ့ ပြီးတော့ အဲဒီ သရဲနေရာကို အသက်ရှင်လျက် ဝင်ထွက်နိုင်ခဲ့တယ်ပေါ့။

"ကြည့်ရတာ တစ်ခါတလေ သေသွားလို့ မှတ်ဉာဏ်တွေ ပျောက်သွားတာကလည်း ကောင်းတဲ့ ကိစ္စ မဟုတ်ဘူးပဲ တောင်းပန်ပါတယ် မင်းနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ငါ မမှတ်မိနိုင်ခဲ့ဘူး"

ဝမ်ကန်ချွမ်က ပြောလိုက်သည်။

"တစ္ဆေကို မင်းတို့ လွှတ်ပေးလိုက်တာလား"

ယန်ကျန့်က ပြန်မဖြေဘဲ လူအနည်းငယ်ကို စစ်ဆေးမေးမြန်းနေသည်။

သူတို့ သုံးယောက် နှုတ်ဆိတ်သွားကြသည်။

နောက်ဆုံးတွင် အာနန်က ထွက်လာပြီး ပြောလိုက်သည်။

"ငါ လွှတ်ပေးလိုက်တာ"

"မကောင်းမှု လုပ်တဲ့သူက ငရဲပြည်ထဲကို ရိုက်သွင်းခံရမယ်"

ယန်ကျန့်၏ လေသံမှာ အေးစက်နေပြီး အပြစ်သားကို စီရင်နေသော နတ်ဘုရား တစ်ပါးနှင့်ပင် တူနေသည်။

နောက်တစ်ခဏတွင် အာနန်၏ ခြေအောက်တွင် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခု ရုတ်တရက် ပွင့်ထွက်လာသည်။

"ဘာ"

အာနန် သတိမထားမိလိုက်ခင်မှာပင် ထိုအက်ကွဲကြောင်းကြီးထဲသို့ ပြုတ်ကျသွားတော့သည်။

သူ မျက်လုံး ပြူးကျယ်သွားပြီး မယုံနိုင်သော အမူအရာများ ပြည့်နှက်နေကာ အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် မျက်လုံးများ ချက်ချင်း ကျဉ်းသွားသည်။ သူ၏ အနောက်တွင် အောက်ခြေမရှိသော ရေကန်ကြီး တစ်ခုကို တွေ့လိုက်ရပြီး ရေကန်ထဲတွင် နစ်မြုပ်နေသော မကောင်းဆိုးဝါး တစ္ဆေများကို တွေ့လိုက်ရသည်။

"မလုပ်နဲ့!"

အာနန် မျက်နှာ ရှုံ့မဲ့သွားပြီး တစ်ကိုယ်လုံးမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာကာ တစ္ဆေ တစ်ကောင်နှင့်ပင် တူနေသည်။

သူသည် သဘာဝလွန်စွမ်းအားကို အသုံးပြု၍ ရုန်းကန် ထွက်ပြေးရန် ကြိုးစားနေပြီး ထိုကြောက်စရာ ကောင်းသော ရေကန်ကြီးထဲတွင် မနစ်မြုပ်သွားချင်ပေ။

သို့သော် အရာအားလုံးက အလကားပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ထိုအက်ကွဲကြောင်းက မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြန်ပိတ်သွားသောကြောင့် ဖြစ်သည်။

အာနန် လက်တွေ့ကမ္ဘာနှင့် သဘာဝလွန်နယ်မြေကြားက နယ်နိမိတ်ကို မချိုးဖျက်နိုင်ဘဲ နောက်ဆုံးတွင် မကျေနပ်မှုများနှင့် ရန်ငြိုးများဖြင့် ရေကန်ထဲသို့ ပြုတ်ကျသွားရတော့သည်။

ရေကန်ပေါ်တွင် မည်သည့် အရာမှ ပေါ်မနေနိုင်ဘဲ အာနန်သည် ထိုအထဲတွင် ထာဝရ နစ်မြုပ်သွားတော့မည် ဖြစ်သည်။

ဒီမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသော ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့ ယခုအခါ ချွေးများ ရွှဲနစ်နေကြသည်။

"ဝမ်ကန်ချွမ် မင်းက သူ့ရဲ့ ကြံရာပါလား"

ယန်ကျန့် အကြည့် အနည်းငယ် ပြောင်းသွားပြီး တည်ငြိမ်စွာ မေးလိုက်သည်။

"မဟုတ်ဘူး ငါ သူ့ကို မသိဘူး ငါ အဲဒီနေရာကနေ ထွက်လာတာ နှစ်အတော်ကြာပြီ ပြီးတော့ အဲဒီ ရွှေတံခါးကိုလည်း အမြဲတမ်း သေချာ စောင့်ကြည့်နေခဲ့တာ ဒီအချိန်အတွင်းမှာ တစ္ဆေ တစ်ကောင်မှ ထွက်မလာစေရဘူးလို့ ငါ အာမခံနိုင်တယ်"

ဝမ်ကန်ချွမ် အလျင်စလို ရှင်းပြလိုက်သည်။

"ရှန်းလန် နင်နဲ့ အာနန်က ချစ်သူတွေလေ ဒီကိစ္စမှာ နင် ပါဝင်ပတ်သက်နေလား"

ယန်ကျန့် ထပ်မံ မေးလိုက်သည်။

ရှန်းလန်က ပြောလိုက်သည်။

"ငါနဲ့ သူက မရင်းနှီးပါဘူး ငါ့မှတ်ဉာဏ်ထဲမှာ အာနန် ဆိုတဲ့လူ မရှိဘူး အနည်းဆုံးတော့ ငါ ပြန်ရှင်လာကတည်းက အခုချိန်ထိ မှတ်ဉာဏ်တွေက ဒီလိုပဲ"

"ထူးခြားတဲ့ လူတွေ အနေနဲ့ မင်းတို့က အရမ်း အန္တရာယ်များတယ် ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး ငါနဲ့ တာချန်းမြို့ကို လိုက်ခဲ့ကြ"

ယန်ကျန့် နောက်လှည့် ထွက်ခွာသွားပြီး သူ၏ ရှေ့တွင် လမ်းတစ်လမ်း ရုတ်တရက် ပေါ်လာသည်။

ထိုလမ်းက လက်တွေ့ကမ္ဘာ၏ အကွာအဝေးကို ကျော်လွန်ပြီး တာချန်းမြို့ရှိ မြစ်ရေများ ဝန်းရံနေသော ကျွန်းတစ်ကျွန်းဆီသို့ ဆက်သွယ်နေသည်။

ကျွန်းရှေ့တွင် ဆိုင်းဘုတ် တစ်ခု ရှိပြီး အပေါ်တွင် 'ကွမ်ကျန်း' ဟူသော စာလုံး နှစ်လုံးကို ရှင်းလင်းစွာ ရေးသားထားသည်။

သို့သော် ထိုစာလုံး နှစ်လုံး၏ အနောက်တွင် ဝေဝါးနေပြီ ဖြစ်သော စာလုံး နှစ်လုံး ထပ်ရှိသေးသည်။ အဲဒါက 'လူနေအိမ်ရာ' ဖြစ်သည်။

တကယ်လို့ ပေါင်းဖတ်လိုက်မယ် ဆိုရင်တော့ ကွမ်ကျန်း လူနေအိမ်ရာ ပေါ့။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကွမ်ကျန်း လူနေအိမ်ရာ အနီးမှာ မြစ်ရေတွေ သောင်းကျန်းလာပြီး မြေပြင်တွေ နိမ့်ကျသွားကာ အထပ်မြင့် အဆောက်အအုံတွေ ပြိုကျပြီး မြေမျက်နှာသွင်ပြင် ပြောင်းလဲသွားတယ်။ တစ်ရက်တည်း အတွင်းမှာတင် မြစ်ကြီးပေါ်မှာ ကျွန်းတစ်ကျွန်း ပေါ်လာပြီးနောက် ကျွန်းပေါ်မှာ အဆောက်အအုံတွေ တစ်ခုပြီး တစ်ခု ပေါ်လာကာ ကျောက်တံတားတွေက မြစ်ကို ဖြတ်ကျော်ပြီး အရပ်လေးမျက်နှာကို ဆက်သွယ်ထားတယ်။

ဒါက နတ်ဘုရားရဲ့ လက်ရာပဲ ဘာလို့လဲဆိုတော့ လူသားတွေရဲ့ စွမ်းရည်နဲ့ လုပ်လို့ မရနိုင်လို့ပဲ။

ဝမ်ကန်ချွမ်နှင့် ရှန်းလန်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး လုံးဝ ပြန်မလှန်နိုင်သော မတတ်သာမှု တစ်ခုကို ခံစားလိုက်ရသည်။

"တာချန်းမြို့ကို သွားတာလည်း ကောင်းပါတယ် အနည်းဆုံးတော့ ငရဲပြည်ထဲ ရိုက်သွင်းခံရတာထက် ပိုကောင်းတာပေါ့"

သူတို့ နှစ်ယောက် ရင်ထဲတွင် ဒီလို တွေးလိုက်ကြသည်။

သူတို့ လှေကားထစ်များကို နင်းကာ ဒုတိယထပ်သို့ တက်လာကြပြီး ယန်ကျန့် ထွက်သွားရာ လမ်းကြောင်းအတိုင်း ထိုထူးခြားသော လမ်းပေါ်သို့ လျှောက်သွားကြသည်။

တစ်ခဏမျှသာ ကြာလိုက်ပြီးနောက် သူတို့သည် မြစ်ကြီးပေါ်ရှိ ကျောက်တံတား တစ်စင်းပေါ်သို့ ရောက်ရှိလာကြသည်။

ဘယ်ညာ လှမ်းကြည့်လိုက်ရာ အနီးအနားတွင် အထပ်မြင့် အဆောက်အအုံများ ပြည့်နှက်နေပြီး ကားများ သွားလာနေသည်ကို တွေ့ရသဖြင့် ဒါက သဘာဝလွန်နယ်မြေ မဟုတ်ဘဲ လက်တွေ့ကမ္ဘာ ဖြစ်ကြောင်း သေချာသွားသောအခါ သူတို့ နှစ်ယောက် ပို၍ စိတ်အေးသွားကြသည်။

"ဧည့်သည်တွေ ထပ်ရောက်လာပြန်ပြီပဲ ဒီဘက် ကြွပါ ဒီမှာ တားမြစ်ချက်တွေ အများကြီး ရှိတယ် ကျွန်တော် လမ်းပြပေးပါ့မယ်"

ရုတ်တရက် အမျိုးသား တစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

လူငယ် တစ်ဦး ပြုံးရွှင်စွာ ဆီးကြိုလာသည်ကို တွေ့လိုက်ရသည်။

"မင်းက..."

ရှန်းလန် အနည်းငယ် ကာကွယ်သော လေသံဖြင့် မေးလိုက်သည်။

"ကျွန်တော့်နာမည်က ဝမ်ဆန်းပါ ဒီက လုံခြုံရေး ဝန်ထမ်းပါ"

နေရောင်ခြည်အောက်တွင် ဝမ်ဆန်း၏ အပြုံးက အလွန် တောက်ပနေသည်။

ပြီးပါပြီ။

(စာဖတ်သူ အားလုံး ပျော်ရွှင်ပါစေ)

နောက်ထွက်မယ့် စာအုပ်အသစ်လေး ဖြစ်တဲ့ အဆုံးမဲ့ည၏ ပဟေဠိ ကို ဆက်လက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။

All Chapters