ဓားသိုင်းတစ်ကွက်
Vol. 5 Ch. 497
အမှန်တော့ ဆန်းလျန် အသုံးပြုလိုက်သည့် ဓားဝိညာဉ်သည် ဆရာဘိုးဘိုး ယွမ်ချင်း၏ ဓားဝိညာဉ်နှင့် ရဲ့လျိုယွင် ပေးခဲ့သည့် ငရဲလမ်းဓားဝိညာဉ်ကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ သို့သော်… မင်လော့က “ငရဲလမ်းဓားဝိညာဉ်နှင့် ယွမ်မရဏဓား” ဟု ပြောလိုက်သည်ကို ကြည့်ခြင်း အားဖြင့် ထိုစကားလုံးများသည် သူအသုံးပြုနေသည့် ဓားဝိညာဉ် များ၏ ဇာစ်မြစ်လေလားဟု ဆန်းလျန် စဉ်းစား လိုက်မိလေသည်။ သွေးနီပင်လယ်ထဲတွင် ဆရာဘိုးဘိုးယွမ်ချင်း၏ မရဏ ဓားဝိညာဉ်ကို အမွေဆက်ခံရရှိခဲ့သည့် အချိန်ကို သူ ပြန်စဉ်းစားနေမိလေသည်။ သူ့အနေဖြင့် သွေးနီရောင် ပင်လယ်သို့သွားကာ အသူရာ နတ်ဆိုးဂိုဏ်း ဆိုသည်မှာ မည်သို့သော ဂိုဏ်းမျိုးလဲ ဆိုသည်ကို ပြန်လည်လေ့လာသင့် သည်ဟု ခံစားနေရလေသည်။
“မင်း အခုသွားတော့မလို့လား”
မင်လော့ကမေးလိုက်သည်။
ဆန်းလျန်က အဖြေပြန်ပေးခြင်း မရှိပါ။ သို့သော် သူက မေးခွန်း တစ်ခုဖြင့် အဖြေပြန်ပေး လိုက်လေသည်။
“သွားမယ်ဆိုရင် မင်းကဘာလုပ်မလို့လဲ”
မင်လော့သည့် သူ၏ မိစ္ဆာဓားကောက်ကြီးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလေသည်။ ဓားကို တင်းကျပ်စွာ စုပ်ကိုင်ထား သည့်အတွက် သူ၏ လက်ချောင်းများပင်လျှင် သွေးမရှိဆော့ဘဲ ဖြူဖျော့ နေသယောင် ထင်ရသည်။ သူ၏အပြုအမူ များသည် မြင့်မားသော တောင်တစ်တောင်အလား ဖြစ်သလို နက်ရှိုင်းသောရေနှင့်လည်း အလားသဏ္ဌာန် တူလေသည်။
သို့သော်… သူ၏ မျက်နှာထက်တွင်တော့ မည်သည့် ခံစားချက်မှ မတွေ့ရှိရပေ။
ဓားနှင့်လူ အတူတကွ တည်ရှိနေသည့် ကာလပတ်လုံး အဆုံးမရှိသည့် တန်ခိုး စွမ်းအားများလည်း တည်ရှိနေမည် ဖြစ်လေသည်။
ဆန်းလျန်၏ တန်ခိုး စွမ်းအားများသည် လောကကို ကျော်လွန်ခဲ့ပြီဟု ဆိုနိုင်လျှင် မင်လော့၏ တန်ခိုး စွမ်းအားများမှာ လည်း အထင်သေး လောက်စရာတော့ မဟုတ်ပါ။
မင်လော့သည် သွေးဓား၏ မိစ္ဆာစွမ်းအားများကိုပင် တွန်းလှန်နိုင်သူ တစ်ယောက် ဖြစ်လေသည်။ တစ်ချိန်တွင် သူသည် ထိုမိစ္ဆာစွမ်းအားများကို သန့်စင်နိုင်ပါက နတ်ဘုရားတစ်ပါး ကျိန်းသေ ဖြစ်လာမည် ဖြစ်လေသည်။
မင်လော့သည် သူ၏ ဓားကောက်ကြီးကို ဝေ့ယမ်းကာ ဆန်းလျန်ကို စတင် တိုက်ခိုက် လိုက်လေသည်။
မိစ္ဆာဓားကောက်ကြီးမှ မိစ္ဆာစွမ်းအားများသည် ရေလှောင်တမန်ကို ဖွင့်လှစ်လိုက်၍ ရေများ စီးဆင်းလာသည့် အလား အဆက်မပြတ် စီးဆင်း ထွက်ပေါ် လာလေသည်။ မင်လော့၏ ခန္ဓာကိုယ်မှာလည်း တုန်ခါနေပြီး ဓားနှင့်လူသည် တစ်သားတည်း ပေါင်းစပ် သွားလေသည်။
လူသည်လည်း ဓားပင်ဖြစ်သလို ဓားသည်လည်း လူပင်ဖြစ်လေသည်။ မင်လော့နှင့် မိစ္ဆာ ဓားကောက်ကြီးကြားတွင် ခြားနားချက် မရှိတော့ပြီ။
မိစ္ဆာဓားကောက်ကြီးသည် လက်ရှိရင်ဆိုင် ကြုံတွေ့နေရသည့် သေခြင်းရှင်ခြင်း အခြေအနေကို ခံစားနေမိပုံ ရလေသည်။ မိစ္ဆာစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လျက် ပြီးပြီး ပတ်ဝန်းကျင် တစ်ခုလုံးမှာ မင်ရောင်ကဲ့သို့ အနက်ရောင် အခိုးအငွေ့များဖြင့် ဖုံးလွှမ်း သွားလေသည်။
မင်လော့သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေသည်။ သူ၏ ကိုယ်နေဟန်သည် တောင်တစ်တောင် အလား ဖြောင့်မတ် မြင့်မားလွန်းလှသည်။
“ကျုပ် သုံးနှစ်သားကတည်းက လူသတ်ခဲ့တာ၊ ကျုပ်အသက် ခုနစ်နှစ်မှာ ဓားသိုင်း သင်ယူခဲ့တယ်၊ အသက်ဆယ်နှစ်မှာ ဓားသိုင်းကို လေ့ကျင့် အောင်မြင်ပြီးသွားပြီ၊ တိချိုးမြို့တော်မှာ ဘယ်သူမှ ရန်လာမစရဲတဲ့ အသက် နှစ်ဆယ်အောက် လူငယ်ဆိုလို့ ကျုပ်တစ်ယောက်ပဲ ရှိတယ်၊ သွေးနီရောင် ပင်လယ်ထဲကို ကျုပ်သဘောနဲ့ ကျုပ် တစ်ယောက်တည်း သွားခဲ့ပြီး အသူရာ နတ်ဆိုးဂိုဏ်း တစ်ခုလုံးကို ခုနစ်ရာ နှစ်ဆယ့်သုံးကြိမ် တိုင်တိုင် တိုက်ခိုက် နှိမ်နင်းခဲ့တာ၊ သုံးဆယ့် ခုနစ်ကြိမ်လောက် သေမလို ဖြစ်ခဲ့ပေမယ့် ကျုပ်တိုက်ခိုက်ခဲ့သမျှ တိုက်ပွဲ တိုင်းမှာ ဆယ်ကြိမ်တိုက်ရင် ဆယ်ကြိမ်စလုံး အနိုင်ရတာချည်းပဲ၊ ဒါပေမဲ့ ဒီနေ့ ကျုပ်သိလိုက်ရတာက အရင်က ကျုပ်ရခဲ့တဲ့ အောင်မြင်မှုတွေဟာ ဘာမှမဟုတ်သေးဘူး ဆိုတာပဲ၊ ကျုပ် သက်ရှိ သတ္တဝါတွေ ဘယ်လောက်ပဲ သတ်ခဲ့ သတ်ခဲ့ မင်းရဲ့ ဆံချည်တစ်မျှင်ကို ဖြတ်တောက် လိုက်နိုင်တာလောက် ကျုပ်ကို စိတ်ကျေနပ်စေမှာ မဟုတ်ဘူး”
ဆန်းလျန်က မင်လော့ကို တားဆီးခြင်း မရှိပါ။ သူက တိတ်တိတ်ဆိတ်ဆိတ်ဖြင့်ပင် မင်လော့၏ စကားများကို နားထောင် နေလေသည်။ ထိုသို့ စကားပြန်မပြောခြင်းမှာ ဆန်းလျန်သည် မာန ကြီးလွန်းသောကြောင့် မဟုတ်ပါ။ ဆန်းလျန်က သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသူ တစ်ယောက်ဖြစ်ပြီး မင်လော့၏ တန်ခိုးစွမ်းအား အနှစ်သာရများနှင့် ဝိညာဉ် စွမ်းအားများကို တိတ်တဆိတ် လေ့လာနေသောကြောင့် ဖြစ်လေသည်။
မင်လော့နှင့် သူ၏ မိစ္ဆာဓားကောက်ကြီး တစ်သားတည်း ကျသွားသည့် အချိန်တွင် စွမ်းအားတစ်ခု ထွက်ပေါ်လာ လေသည်။ ပုံရိပ်ယောင်နှင့် အစစ်အမှန်မှ မွေးဖွားလာသည့် တန်ခိုးစွမ်းအား တစ်ခု ဖြစ်လေသည်။
ဆန်းလျန်သည် ယန်ရွှီး၏ မိုးကောင်းကင် နတ်မိစ္ဆာ တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည့် အတွက် ပတ်ဝန်းကျင် တစ်ခုလုံး သည် ထင်ယောင်ထင်မှား အိပ်မက် ဆန်နေလေသည်။
မင်လော့သည် ရှေ့သို့ချီတက်ပြီး တိုက်ခိုက်နေသည့်တိုင် သူ့စိတ်ထဲတွင် ဆန်းလျန်၏ တည်ရှိမှုကို ထင်ယောင်ထင်မှား ဖြစ်သည်ဟု ခံစားနေရပြီး အစစ်အမှန် လောကနှင့် ဆက်စပ်၍ မရနိုင် ဖြစ်နေလေသည်။
သို့သော် အိပ်မက် လိပ်ပြာကျင့်စဉ်နှင့် မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်များကို ဆန်းလျန်ထက် နားလည်နိုင်စွမ်းရှိသူ နှစ်ယောက်ရှိလေသည်။ ထိုသူများမှာ ထိုက်ဝေ့ထိုင်မှ နတ်ဘုရား အဘိုးအိုနှင့် ယန်ရွှီးဖြစ်လေသည်။
တာ့ရှားသင်္ချိုင်း တည်ရှိရာနေရာသည် အိပ်မက်တစ်ခု ဆိုလျှင် အကန့်အသတ်မဲ့ စကြဝဠာကြီးသည်လည်း အိပ်မက် တစ်ခု ဖြစ်နိုင်လေသည်။
လူတစ်ယောက် အနေဖြင့် အိပ်မက်နှင့် အစစ်အမှန်ကြားတွင် လှည့်ပတ် သွားလာနေရန်မှာ အလွန်မှ သက်သောင့်သက်သာ ရှိမည် ဖြစ်လေသည်။
မင်လော့သည် ဆန်းလျန်ကို ခန့်မှန်း၍မရနိုင် ဖြစ်နေလေသည်။ သူ၏ မိစ္ဆာဓားကောက်ကြီးမှ မိစ္ဆာစွမ်းအား များသည် မည်သည့်နေရာသို့ ဦးတည်ရမှန်း မသိပေ။
မင်လော့၏ဘဝတွင် တစ်ခါမှမကြုံဖူးသည့် အဖြစ်အပျက်ကြောင့် အသက်ရှူ ကျပ်လာလေသည်။ သူ့လက်ထဲမှ ဓားကောက်ကြီးကို ခက်ခက်ခဲခဲ ဝှေ့ယမ်း နေရလေသည်။ ဓားကောက်ကြီးမှ ဓားဝိညာဉ်သည် အမြင့်ပေတစ်သောင်း အထိ မြင့်တက်ပြီး လှည့်ပတ် နေခဲ့လေသည်။
အနက်ရောင် မြူခိုးငွေ့များကြားထဲတွင် ဆန်းလျန်၏ နက်ရှိုင်းမှုမှာပိုပြီး သိပ်သည်း လာလေသည်။
သွေးနီရောင် အခိုးအငွေ့များ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပေါ်ထွက်လာပြီး ဆရာဘိုးဘိုးယွမ်ချင်း၏ “ယွမ်” မရဏဓားနှင့် ငရဲလမ်း ဓားဝိညာဉ်သည် ဆန်းလျန်၏ နှလုံးသားထဲတွင် လှည့်ပတ် နေလေသည်။ ထိုဓားဝိညာဉ်နှစ်ခုသည် ယင်နှင့်ယန် အလားပင် ဘက်ညီလျက် ရှိလေသည်။
ရုတ်တရက်ပင် သွေးနီရောင် မြူခိုးများသည် ဆန်းလျန်၏ ပတ်ပတ်လည်တွင် စုစည်းသွားပြီး သွေးနီရောင်နှင့် အနက်ရောင် ထိုက်ချိယင်ယန် သင်္ကေတတစ်ခုသည် ဆန်းလျန်ရှေ့တွင် ပေါ်ထွက် လာလေသည်။
မိစ္ဆာဓားကောက်ကြီးမှ အလင်းရောင်တစ်ချက် ထွက်ပေါ်လာပြီး ဆန်းလျန်ကို လှည့်ပတ်နေသည့် သွေးနီရောင်နှင့် အနက်ရောင် ထိုက်ချိယင်ယန် သင်္ကေတကို ခုတ်ပိုင်း ချလိုက်လေသည်။
အနီရောင်နှင့် အနက်ရောင်များထဲတွင် ယင်နှင့်ယန်က လှည့်ပတ် စီးဆင်းနေလေသည်။
ထို ယန်နှင့်ယန်စွမ်းအားသည် ဓားကောက်ကြီးကို ချေဖျက် ပစ်တော့မည့် အလား ထင်မှတ်ရလေသည်။
ကျောက်တုံး တံတားလေး အစွန်းတွင် ရပ်နေသည့် ဆန်းလျန်သည် ရုတ်တရက် လှုပ်ရှားမှု တစ်ခုကို ပြုလုပ်လိုက် လေသည်။ သူ၏ညာဘက်လက်တွင် ဓားဝိညာဉ်တစ်ခု ပေါ်ထွက်လာပြီး လေထုကို ထိုးခွင်း သွားလေသည်။
မင်လော့သည် သူ၏ မိစ္ဆာဓားကောက်ကြီးဖြင့် အဆက်အသွယ် ပြတ်တောက် သွားသည်ဟု ခံစား လိုက်ရလေသည်။ ဓားကောက်ကြီးမှ တန်ခိုးစွမ်းအားများ အားလုံးကို ယင်နှင့်ယန် စွမ်းအားများက ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်လေသည်။
ဆန်းလျန်၏လက်ထဲတွင် အနက်ရောင် ဓားတစ်လက်ကို ကိုင်ထားလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း….
“မင်းလက်ထဲမှာ သွေးဓားကို ကိုင်ထားတာတောင်မှ မင်းကိုယ်တိုင်ကတော့ မိစ္ဆာ စွမ်းအားတွေ အကြောင်းကို သေချာ နားမလည်သေးဘူးပဲ”
မိစ္ဆာစွမ်းအား အတွင်းတွင် တည်ရှိသည့် နတ်ဘုရား စွမ်းအားသည် သန့်စင်သည့် နတ်ဘုရား စွမ်းအား ဖြစ်လေသည်။
ထိုအဆင့်ကို နားလည်သွားလျှင်တော့ နတ်ဆိုး တစ်ယောက်သည်ပင်လျှင် မိုးမြေနိယာမ တရားများအတိုင်း နတ်ဘုရားတစ်ပါး ဖြစ်သည်အထိ လျှောက်လှမ်း နိုင်သွားမည် ဖြစ်လေသည်။ လောကတွင် ဖြစ်နိုင်ချေများဆိုသည်က အဆုံးသတ်မှ မရှိလေပဲ။
မင်လော့ကလည်း ဆန်းလျန်၏ စကားကို မငြင်းပယ်ခဲ့ပါ။
“ဒါပေမဲ့… မင်းကတော့ နားလည်ခဲ့တယ် မဟုတ်လား”
ထို့နောက်တွင်တော့ မင်လော့၏ ဘဝတွင် မမေ့နိုင်သည့် ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရလေသည်။
ဆန်းလျန်သည် အသက်တစ်ချက် ရှူလိုက်ပြီး ဓားသိုင်းကွက်တစ်ကွက်ကို ထုတ်ဖော် လိုက်လေသည်။ ထိုဓားသိုင်းကွက်သည် မဆင်မခြင်နှင့် လွတ်လပ်လွန်းပြီး ကမ္ဘာပေါ်တွင် မည်သည့် အရာကိုမျှ ဂရုစိုက်ခြင်းမရှိသည့် ဓားသိုင်းကစားဟန်တစ်ကွက် ဖြစ်လေသည်။
မင်လော့သည် မည်သည့်အခါမှ ကြောက်ရွံ့တတ်သူ မဟုတ်ပါ။ သို့သော် ယခုတော့ ကြောက်ရွံ့နေခဲ့ပြီ။
သူ့ရှေ့မှ နတ်ဘုရားသည် တန်ခိုးစွမ်းအား မြင့်မားရုံ သာမက မည်သည့် အရာကိုမှလည်း ဂရုစိုက်တတ်သူ မဟုတ်ပေ။ ရှေ့ဆက်ပြီး မည်သည့် အရာများ ဖြစ်ပျက်လာမည်ကို မသိသည့်တိုင် သူ့ရှေ့မှ နတ်ဘုရားကတော့ ဖြစ်ပျက်လာသမျှ အရာအားလုံးကို ကစားပွဲတစ်ခု အလား သဘောထားသူ ဖြစ်လေသည်။
သူ့ရှေ့မှနတ်ဘုရားသည် နတ်ဘုရား တစ်ပါးမဟုတ်။ မိစ္ဆာနတ်ဆိုး တစ်ပါး ဖြစ်လေသည်။ လုံး၀ အဆင်အခြင် ကင်းမဲ့သည့် မိစ္ဆာနတ်ဆိုး တစ်ပါးပင် ဖြစ်လေသည်။
ဆန်းလျန် အနေဖြင့်တော့…
ဆန်းလျန်သည် ဆန်းလျန်သာ ဖြစ်လေသည်။
ယခင်ကနှင့် မတူသည့်အချက်မှာ ယန်ရွှီးကို ရင်ဆိုင်ခဲ့ပြီးသည့်နောက် မိုးကောင်းကင် နတ်မိစ္ဆာ ကျင့်စဉ်ကို သူကိုယ်တိုင် သဘောပေါက် နားလည်သွားသည့် အချက်သာ ရှိလေသည်။
ယခု ဆန်းလျန် ဖော်ထုတ်လိုက်သည့် ဓားသိုင်းတစ်ကွက်သည် ယန်ရွှီး၏ မိစ္ဆာနတ်ဘုရား စွမ်းအားများကို သယ်ဆောင် လာလေသည်။
ဆန်းလျန်၏ ဓားချက်သည် တစ်ချက် ယိုင်သွားခြင်းပင် မရှိပေ။ သို့သော် ဖြောင့်ဖြောင့် သွားနေခြင်းလည်း မဟုတ်ပြန် ပေ။ မည်သို့ပင် ဆိုစေ ထိုအရာသည် “ဓားသိုင်းတစ်ကွက်” သာလျှင် ဖြစ်ပေသည်။
တာအိုမှ ဖြစ်တည်မှုတစ်ခု မွေးဖွားလာသည်။ တစ်ခုမှ နှစ်ခု ဖြစ်လာသည်။ နှစ်ခုမှ သုံးခု ဖြစ်လာသည်။ သုံးခုမှ ထောင်နှင့် သောင်းနှင်ချီသည့် ဖြစ်တည်မှုများ ဖြစ်ပွားလာမည် ဖြစ်လေသည်။
စတင်ဖြစ်တည် လာသည့် “တစ်ခု” ဆိုသည်မှာ အစစ်အမှန် မိစ္ဆာစွမ်းအားပင် ဖြစ်လေသည်။
ဆန်းလျန်၏ ရုတ်တရက် ကိုယ်ထင် ပြလိုက်သည့် အတွက် ဆန်းလျန်၏ ရုပ်သွင်ကို မင်လော့ ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။
ဆန်းလျန်သည် လောကကို ကျော်လွန်သည့် ဓားသိုင်းတစ်ကွက်ကို ဖန်တီးလိုက်နိုင်ပြီး ဖြစ်လေသည်။ ထိုဓားသိုင်း သည် ငရဲလမ်း ဓားဝိညာဉ်နှင့် ယွမ်မရဏဓားကို ပေါင်းစပ်ကာ ဖြစ်တည် လာသည့် တစ်ခုတည်းသော ဓားသိုင်း တစ်ကွက်သာ ဖြစ်လေသည်။
ထိုဓားသိုင်းတစ်ကွက်သည် နတ်ဘုရားများကိုပင်လျှင် သုတ်သင် ပစ်နိုင်လေသည်။
အရာအားလုံးသည် ဓားသိုင်း တစ်ကွက်တည်းဖြင့် ပြာမှုန့်ဘဝသို့ ကူးပြောင်း သွားနိုင်လေသည်။
မည်သည့် အရာမှ တည်ရှိတော့မည် မဟုတ်ပေ။
ပြီးတော့….
ထိုဓားသိုင်း တစ်ကွက်သည် မင်လော့ဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက် သွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားလေသည်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် မည်သည့်အရာမှ ပြောင်းလဲခြင်း မရှိခဲ့ပါ။
မင်လော့သည် ညောင်ပင်ကြီးကို ငေးကြည့်နေဆဲ ဖြစ်လေသည်။ တံတားအောက်မှ ရေစီးဆင်းသံ ကိုလည်း ကြားနေ ရလေသည်။ တာ့ရှားဘိုးဘေးများ အတွက် ဝတ်ပြုရာ ကျောင်းတော်ကြီးမှာလည်း သားရဲကြီး တစ်ကောင် အလား ငြိမ်သက်နေဆဲ ဖြစ်လေသည်။
မင်လော့သည် နေရာတွင် မလှုပ်မယှက် ရပ်နေလေသည်။
ဆန်းလျန်ကတော့ တာ့ရှားသင်္ချိုင်းမှ ထွက်ခွာသွားကာ လူသူများ စည်ကားနေသည့် လမ်းမထက်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။
သူဖန်တီးခဲ့သည့် ဓားသိုင်း တစ်ကွက်သည် သူ့နှလုံးသားကို ရာနှင့်ချီသည့် ခံစားချက်များဖြင့် ပြည့်နှက် နေစေခဲ့လေသည်။ ထိုဓားသိုင်း တစ်ကွက်ကြောင့် သူ သတိထားမိသွားသည့် အချက်တစ်ချက် ရှိလေသည်။
ထိုအချက်မှာ…
“ယန်ရွှီး မသေသေး” ဆိုသည့် အချက်ဖြစ်လေသည်။
မိုးကောင်းကင် နတ်မိစ္ဆာကျင့်စဉ်သည် သေခြင်းတရားကို ကျော်လွန် နိုင်လေသည်။ ယန်ရွှီးသည် သူ့ကို ယနေ့ထက်တိုင်အောက် သက်ရောက်မှု တစ်ခုရှိနေဆဲ ဖြစ်လေသည်။
ဆန်းလျန်သည် တစ်ချက် ရယ်မောလိုက်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်မိလေသည်။
“သေတာတောင် ကောင်းကောင်းမသေဘူး၊ ကျုပ်ကို လိုက်ဒုက္ခ ပေးနေသေးတယ်”
***