ခွန်အား ဆေးရည်
Vol. 13 Ch. 185
ဗီဒီယိုခေါ်ဆိုမှုကို ပိတ်လိုက်ပြီးနောက် ရွှီရှင်းသည် အရင်ဆုံး စိုက်ပျိုးရေးခန်းသို့ သွားကာ မြှင့်တင်မှုရမှတ် ၅၀% ကို သစ်သားဆိုင်းဘုတ်မှာ ခွဲဝေပေးလိုက်၏။
[လက်ရှိ အလှဆင်ရမှတ်: ၂၁၁.၆၈ (၁၇၆.၄ + ၃၅.၂၈)၊ စုစုပေါင်း ခွဲဝေနိုင်သည့် မြှင့်တင်မှု: ၆၀%]
စိုက်ပျိုးရေးခန်းထဲမှာတော့ ကြီးကြီးမားမား ပြောင်းလဲသွားတာမျိုး မတွေ့ရပေ။
သို့ပေမယ့် အပင်တွေရဲ့ ကျန်ရှိနေတဲ့ ကြီးထွားချိန်ကို စစ်ကြည့်တဲ့အခါမှာတော့ သုံးပုံတစ်ပုံလောက် လျော့ကျသွားတာကို တွေ့လိုက်ရသည်။
ပြဿနာမရှိတော့ပါဘူး၊ အပင်တွေရဲ့ ကြီးထွားနှုန်းကို တကယ်ပဲ မြန်စေတာပဲ...။
ဒါဆိုရင်တော့ အပြာရောင်အဆင့် စိုက်ပျိုးရေးခန်း အစီအစဉ်ကို ချက်ချင်း စလိုက်ရအောင်...။
ရွှီရှင်းသည် ရမှတ်ဆိုင်ကို ချက်ချင်းဝင်ပြီး အပြာရောင်အဆင့် မြေသြဇာအချို့ ဝယ်ရန် ပြင်လိုက်၏။
အချိန်အတော်ကြာ စုဆောင်းလာခဲ့တာကြောင့် အခုဆိုလျှင် သူ့ရဲ့ရမှတ်တွေက ၈၀၀၀ ကျော်နေပြီဖြစ်ရာ စိတ်ကြိုက် သုံးစွဲလို့ ရနေပြီဖြစ်သည်။
"ဟင် ပစ္စည်းအသစ်တွေ တင်ထားတာလား"
[စိတ်ကူးယဉ် ကျောက်ရုပ်တု (အပြာရောင်အဆင့်): အမည်မသိ အဆင့်မြင့် အနုပညာရှင်တစ်ဦး ထွင်းထုထားခြင်း ဖြစ်သည်။ ဤရုပ်တုကို သစ်ပင်အိမ်ထဲတွင် ထားရှိပါက အလှဆင်ရမှတ် တိုးလာမည်။ စိတ်ကူးယဉ် အနုပညာဖြစ်၍ နားလည်သူသာ သိလိမ့်မည်၊ နားမလည်သူကို ရှင်းပြနေလျှင်လည်း သိမှာမဟုတ်ပေ။ လိုအပ်သည့် ရမှတ်: ၅၀၀ (လျော့စျေးဖြင့်၃၅၀)။ ကျန်ရှိသည့် အရေအတွက်: ၁ ခု]
ဒီပစ္စည်းကို ရမှတ်ဆိုင်ရဲ့ အထင်ရှားဆုံးနေရာမှာ ပုံကြီးချဲ့ကာ ပြသထားခြင်း ဖြစ်သည်။
ထင်ထားတဲ့အတိုင်းပဲ အလှဆင်ရမှတ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ တင်လာ၏။
ဒါပေမဲ့ တစ်ယောက်ကို တစ်ခုပဲ ဝယ်လို့ရတာလား...။
လျှော့စျေးမပါရင်တောင် ရမှတ် ၅၀၀ ဆိုတာ လူတိုင်း တတ်နိုင်တဲ့ အနေအထားတော့ မဟုတ်ပေ။
ရွှီရှင်းလည်း အများကြီး စဉ်းစားမနေဘဲ အဲဒီ စိတ်ကူးယဉ် ကျောက်ရုပ်တုကို တန်းဝယ်လိုက်သည်။
သူ့မှာ ရမှတ်တွေ အများကြီး ရှိတာကြောင့် ၃၅၀ ဆိုတာ သူ့အတွက် ဘာမှမဟုတ်သလို၊ အလှဆင်ရမှတ်က များလေ ပိုကောင်းလေ မဟုတ်ပါလား။
ဝုန်း ဆိုတဲ့ အသံကြီးနဲ့အတူ လူတစ်ကိုယ်စာလောက်ရှိတဲ့ ရုပ်တုကြီး တစ်ခု ရွှီရှင်းရဲ့ ရှေ့မှာ ပေါ်လာတော့သည်။
တကယ့်ကို စိတ္တဇဆန်တဲ့ ရုပ်တုကြီးပင် ရွှီရှင်း ဘယ်လိုဖော်ပြရမှန်းတောင် မသိတော့ပေ။
ကြည့်ရတာ မီးတုတ်နဲ့လည်း တူသလိုလို အိမ်သာထဲက ရေဝဲနဲ့လည်း တူသလိုလိုနဲ့ တော်တော်လေးကို ဆန်းပြားလွန်းလှသည်။
ဘာပဲဖြစ်ဖြစ် သူ့မျက်စိထဲမှာတော့ ကြည့်လို့မလှတာ အမှန်ပင်။
[သစ်ပင်အိမ်အတွင်း၌ စိတ်ကူးယဉ် ကျောက်ရုပ်တု (အပြာရောင်အဆင့်) ကို ထားရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သစ်ပင်အိမ် အလှဆင်ရမှတ် +၃၀၊ လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၂၄၇.၆၈ (၂၀၆.၄ + ၄၁.၂၈)]
အမှတ်၃၀ ပဲ တိုးတာလား။
ရွှီရှင်း အနည်းငယ် စိတ်ပျက်သွားရသည်။
အပြာရောင်အဆင့် ရုပ်တုကြီးက မူရင်းစျေး ၅၀၀ တောင် ပေးရတာကို အစိမ်းရောင်အဆင့် ရုပ်တုထက် ၃ ဆပဲ ပိုရတာလား...။
"မဟုတ်လောက်ပါဘူး... ငါထွင်းတဲ့ ရုပ်တုတွေက အမှတ်ပိုရသင့်တာ။"
ဒီရုပ်တုက စိတ်ကူးယဉ်ဆန်လွန်းလို့ အမှတ်နည်းတာလည်း ဖြစ်နိုင်တာပဲ....။
အမှတ် ၃၀ ရဖို့ ရမှတ် ၅၀၀ ပေးရတယ်ဆိုတော့ အလှဆင်ရမှတ်ဆိုတာ တကယ်ကို စျေးကြီးတဲ့ အရာပါလား...။
တခြား အသက်ရှင်ကျန်ရစ်သူတွေလည်း မနေ့ညက ပုရွက်ဆိတ်တွေကို သတ်ပြီး ရမှတ်တွေ အများကြီး ရခဲ့ရင်တောင် ဒီရုပ်တုကို ဝယ်နိုင်ဖို့ ခဲယဉ်းလောက်သည်။
သူတို့က ရွှီရှင်းနဲ့ မတူဘဲ ပုရွက်ဆိတ်အများစုကို အောက်က သွေးရောင်ဆူးနွယ်ပင်တွေကြောင့်သာသတ်နိုင်ခဲ့၏။
ရမှတ်ဆိုင်ကို ဆက်ကြည့်လိုက်ရာ အလှဆင်ရမှတ် တိုးစေမယ့် အစိမ်းရောင်အဆင့် ပစ္စည်းအချို့ ရှိနေသေးပြီး တစ်ခုကို ရမှတ် ၅၀ ပေးရကာ တစ်မျိုးကို တစ်ခုစီပဲ ဝယ်လို့ရ၏။
ရွှီရှင်းကတော့ တစ်ခုဝယ်လျှင် ၂ မှတ်ပဲတိုးမှာဆိုပေမဲ့ ဘာမှမရှိတာထက်စာရင် တော်သေးတာကြောင့် အကုန်လုံးကို ဝယ်လိုက်တော့သည်။
ဆိုင်ထဲက ဒီပစ္စည်းတွေ အားလုံးက သူ့ကို အလှဆင်ရမှတ် ၅၀ လောက် ထပ်တိုးပေးလိုက်၏။
[လက်ရှိ သစ်ပင်အိမ် အလှဆင်ရမှတ်: ၂၇၁.၆၈ (၂၂၆.၄ + ၄၅.၂၈)၊ စုစုပေါင်း ခွဲဝေနိုင်သည့် မြှင့်တင်မှု: ၁၂၀%]
မြှင့်တင်မှု ရမှတ်တွေ ပြန်များလာပြီပေါ့လေ....။
ဒီတစ်ခါတော့ ဒီပစ္စည်းတွေပဲ တင်ပေးထားပုံရသည်။
နောက်တစ်ခါ ဘယ်တော့မှ ထပ်တိုးမလဲဆိုတာ မသိတာကြောင့် ဝယ်စရာရှိတာတွေ ကြိုဝယ်ထားရမည်။
ရွှီရှင်းသည် ရမှတ် ၃၅၀၀ ဖိုးကို အပြာရောင်အဆင့် မြေကြီး ၁၀ ထုပ်၊ နောက်ထပ် ၃၅၀၀ ဖိုးကိုတော့ ပန်းအိုးအကြီး ၁၀ လုံး ဝယ်လိုက်သည်။
ပန်းအိုးအကြီးတွေက စျေးကြီးတယ်ဆိုပေမဲ့ မဖြစ်မနေ ဝယ်ရမှာပင်။
သစ်ပင်အိမ်ထဲမှာ အပြာရောင်အဆင့် အပင်တွေ စိုက်ချင်လျှင် အပြာရောင်အဆင့် ပန်းအိုးကြီးတွေ လိုသလို၊ ဒါတွေက အပင်ကြီးထွားနှုန်းကိုလည်း အများကြီး မြန်စေ၏။
ဒီပန်းအိုးတွေသာ မရှိလျှင် သစ်ပင်အိမ်အောက်မှာပဲ သွားစိုက်ရမှာဖြစ်ပြီး အဲဒီလိုဆိုလျှင် ပန်းအိုးနဲ့ လုပ်ဆောင်ချက်နယ်မြေရဲ့ မြှင့်တင်မှုတွေကို ခံစားခွင့်ရမှာ မဟုတ်တော့ပေ။
၁၀ ရက်မှ တစ်ခါ အသီးသီးတာကတော့ တော်တော်လေး နှေးလွန်းလှသည် မဟုတ်ပါလား။
ရွှီရှင်း အောက်ကိုဆင်းပြီး အစိမ်းရောင်အဆင့် မြေကြီးအချို့ ယူလာကာ အပြာရောင်အဆင့် သဘာဝမြေသြဇာနဲ့ ရောပြီး အပြာရောင်အဆင့် မြေသြဇာကောင်းတဲ့ မြေတွေအဖြစ် ပြောင်းလိုက်သည်။
ပြီးနောက် သူအမြဲသုံးလေ့ရှိတဲ့ အပြာရောင်အဆင့် အသီးအနှံ မျိုးစေ့တွေကို စိုက်လိုက်တော့သည်။
၁၀ ပုံလောက် စိုက်ပြီးတဲ့အခါမှာတော့ သူအရင်ဆုံးစိုက်ခဲ့တဲ့ ပန်းသီးပင်က အညှောက် တော်တော်လေး ထွက်နေတာကို တွေ့လိုက်ရ၏။
သူ ချက်ချင်း စစ်ဆေးကြည့်လိုက်ရာ မူလက အသီးသီးဖို့ ၁၀ ရက် ကြာမယ့် ပန်းသီးပင်ဟာ ပန်းအိုးနဲ့ လုပ်ဆောင်ချက်နယ်မြေရဲ့ အစွမ်းကြောင့် ၄ ရက်အတွင်းမှာတင် မှည့်တော့မှာ ဖြစ်သည်။
တကယ်ကို မြန်လှချေလားဟ....။
ဒါဆို အပြာရောင်အဆင့် စတော်ဘယ်ရီဆိုရင် မူလက ၅ ရက် ကြာမယ့်နေရာမှာ အခု ၂ ရက်ပဲ လိုတော့တာပေါ့....။
တကယ့်ကို အံ့သြဖို့ ကောင်းလှသည်။
သူ့ရဲ့ အပြာရောင်အဆင့် စိုက်ပျိုးရေးခန်းကတော့ ပုံပေါ်လာပြီဖြစ်သည်။
စိုက်ပျိုးရေးခန်းကိစ္စ ပြီးသွားတာနဲ့ ရွှီရှင်း ဒုတိယထပ်ကို ဆင်းလာခဲ့သည်။
အရင်ဆုံး အဂ္ဂိရတ်ခန်းကို သွားပြီး ၆၀% မြှင့်တင်မှု ရမှတ်ကို ဆိုင်းဘုတ်မှာ ခွဲပေးလိုက်၏။
ပြီးနောက် အလုပ်ရုံကို သွားပြီး ကျန်တဲ့ ၆၀% ကို ထပ်ပေးလိုက်သည်။
ဒီလိုနဲ့ ရသမျှ မြှင့်တင်မှု ၂၇၁% လုံးကို ခွဲဝေပေးလို့ ပြီးသွားချေပြီ။
အဂ္ဂိရတ်ခန်းကို ရောက်တဲ့အခါ လီဝမ်ရှီးပေးထားတဲ့ သံတုံးတွေနဲ့ ရွှေနက်တုံးတွေ ရှိနေပြီဖြစ်တာကြောင့် အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်း လုပ်ဖို့ အသင့်ဖြစ်နေချေပြီ။
အရင်ဆုံး သံတုံးတစ်တုံးနဲ့ ရွှေနက်တုံးတစ်တုံးကို သံမှုန့်နဲ့ ရွှေနက်မှုန့်တွေဖြစ်အောင် ကြိတ်လိုက်ပြီး ဗီဇပြောင်းအပင်ရည်နဲ့ ရောကာ ပေါင်းစပ်ဖန်တီးလိုက်၏။
[ထည့်စရာ ပုလင်းတစ်ခု အသုံးပြုပေးပါ။]
ရွှီရှင်းက ဓာတ်ခွဲပုလင်း အသေးလေး တစ်လုံးထုတ်ပြီး ရလာတဲ့ အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်းကို ထည့်လိုက်သည်။
[အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်း ၁ခု ရရှိပါသည်။]
ရွှီရှင်းသည် သူ့လက်ထဲက သတ္တုရောင် တဖျပ်ဖျပ်တောက်နေတဲ့ အမည်းရောင် ပျစ်ပျစ်အရည်တွေကို ကြည့်ပြီး မျက်နှာကြီး ရှုံ့မဲ့သွားရသည်။
ဒီလို အရာမျိုးကို သုံးပြီး ဆေးဖော်စပ်ပြီး သောက်ရမယ် ဟုတ်လား...။
ကြည့်ရတာ ရှီဟွမ်တီရဲ့ မသေဆေးနဲ့တောင် တူနေပြီလားမသိဘူး...
သတ္တုအဆိပ်သင့်တာမျိုးတော့ မဖြစ်ပါစေနဲ့...။
ရွှီရှင်းသည် အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်းကို ပေါင်းစပ်စင်မြင့်ပေါ် တင်လိုက်ပြီး အပြာရောင်အဆင့် ပန်းသီး ၁၀ လုံးကို ထုတ်ကာ ပေါင်းစပ်မည် ဆိုတာကို နှိပ်လိုက်၏။
[ခွန်အား ဆေးရည်ကို ပေါင်းစပ်ဖန်တီးပါတော့မည်။ အောင်မြင်မှုနှုန်း ၅၆% ရှိပါသည်။ ဆက်လုပ်မည်လား။]
"...."
ဒီခွန်အား ဆေးရည်က အောင်မြင်မှုနှုန်း ၅၀% ပဲ ရှိတာလား....။
သူ မြှင့်တင်မှု ရမှတ် ၆၀% တောင် ပေးထားတာကို အောင်မြင်မှုနှုန်း ၆% ပဲ တိုးလာတယ်ဆိုတာကတော့ တော်တော်လေး ရယ်စရာ ကောင်းလှ၏။
ရွှီရှင်း သွားကြိတ်ပြီး ဆက်လုပ်မည် ကို နှိပ်လိုက်၏။
သူ့မှာ ငါးကြင်းရုပ်တုရဲ့ ကံကောင်းမှု မြှင့်တင်တာလည်း ရှိတာကြောင့် တကယ့် အောင်မြင်မှုနှုန်းက ၇၀% ကျော်လောက်၏။
[ပေါင်းစပ်ဖန်တီးမှု အောင်မြင်ပါသည်။]
အသိပေးချက် တက်လာမှပဲ သူ စိတ်အေးသွားတော့သည်။
အပြာရောင်အဆင့် ပန်းသီး ၁၀ လုံးနဲ့ သတ္တုတုံး ၂ တုံးဆိုတာ နည်းတာ မဟုတ်ပေ။
ကျရှုံးသွားရင်တော့ တော်တော် နှမြောစရာကြီးပင်။
ပေါင်းစပ်စင်မြင့်ပေါ်မှာတော့ အကြည်ရောင်သန်းနေပြီး အနီရောင်ဖျော့ဖျော့ရှိတဲ့ ဖျော်ရည်လို ဆေးပုလင်းလေး တစ်လုံး ပေါ်လာ၏။
အဂ္ဂိရတ်ကုန်ကြမ်းတုန်းကလို အမည်းရောင်တွေ လုံးဝ မရှိတော့ပေ။
[ခွန်အား ဆေးရည် (အပြာရောင်အဆင့်): ခွန်အားကို အမြဲတမ်းအတွက် အနည်းငယ် မြှင့်တင်ပေးနိုင်သည့် ဆေးရည်။ အရသာ အလွန်ကောင်းမွန်သည်]
ရွှီရှင်း အသက်ကို ဝဝရှူလိုက်ပြီး အဲဒီဆေးရည်ကို တစ်ကျိုက်တည်း မော့ချလိုက်တော့သည်။
အရသာက ချဉ်ပြုံးပြုံး နဲ့ အနည်းငယ် ပျစ်နေပြီး သစ်သီးဖျော်ရည် အနှစ်တွေလိုပင်။
တစ်ပုလင်းလုံး သောက်ပြီးတာနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အပြောင်းအလဲတွေကို စတင် ခံစားလိုက်ရ၏။
ဝက်ဝံလက်ဝါး စားတုန်းကလို ဗိုက်ထဲကနေ နှလုံးသားဆီကို နွေးထွေးတဲ့ အရှိန်တစ်ခု စီးဝင်သွားပြီး နှလုံးခုန်သံနဲ့အတူ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့သည်။
တကယ်ကို နေလို့ကောင်းတဲ့ ခံစားချက်ပဲ.....။
ခွန်အားတွေ ထပ်တိုးလာပြီကွ...။
ရွှီရှင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေထဲကို နှစ်ချက်၊ သုံးချက် ထိုးကြည့်ကာ တိုးလာတဲ့ ခွန်အားကို စမ်းသပ်လိုက်၏။
တိုးလာတဲ့ ခွန်အားက ပန်းသီးကို တိုက်ရိုက်စားသလောက်တော့ မများပေ။
ပန်းသီးစားတာက ပိုပြီး ခွန်အားတက်တယ်လို့ ခံစားရပေမဲ့ အဲဒါက နာရီဝက်ပဲ ခံပြီး ကိုယ်ပိုင်ခွန်အား မဟုတ်ပေ။
အခု ဆေးရည်သောက်ပြီး မြှင့်တင်လိုက်တာက သူ့ရဲ့ အခြေခံခွန်အားကို မြှင့်လိုက်တာဖြစ်ပြီး ပန်းသီးထပ်စားရင်လည်း အရင်ကထက် ပိုပြီး ခွန်အားကြီးလာမှာ သေချာသည်။
တော်တော်လေး ကောင်းတဲ့ဆေးပါလား......။
ခန္ဓာကိုယ်ရဲ့ စွမ်းရည်တွေကို အမြဲတမ်း မြှင့်တင်ပေးနိုင်တာက ပိုပြီး လက်တွေ့ကျသလိုခံစားရတယ်...။
သူ တခြား ဆေးရည်တွေကို ထပ်စမ်းဖို့ ပြင်နေတုန်းမှာပဲ လက်ပတ်နာရီက တုန်ခါလာ၏။
ကျိချောင်းယန်ဆီက ဖုန်းခေါ်ဆိုမှု ဖြစ်နေသည်။
---
အခန်း ၁၈၅ ပြီး။