ဒုတိယအဆင့်ရဲ့ စည်းမျဉ်းများလား
Vol. 13 Ch. 186
ရွှီရှင်းသည် အသံဖြင့် ခေါ်ဆိုမှုကို ချက်ချင်း လက်ခံလိုက်၏။
"ရွှီရှင်း... မင်းရဲ့ မြှင့်တင်မှုရမှတ်တွေကို ခွဲဝေပြီးပြီလား"
ကျိချောင်းယန်က တိုက်ရိုက်ပင် မေးလိုက်သည်။
"အင်း... ခွဲပြီးပြီ"
ရွှီရှင်းက ပြန်ဖြေလိုက်၏။
"တကယ်တော့ ငါ မင်းကို သတိပေးချင်လို့ပါ။ အနုပညာရှင် ဖြစ်ရတာက တကယ် အရေးကြီးတယ်။ တောအုပ် ၁၈၈ နယ်မြေတစ်ခုလုံးမှာ ရမှတ်ဆိုင်က ပစ္စည်းတွေအပြင် အလှဆင်ရမှတ်ကို တိုးအောင်လုပ်နိုင်တဲ့ စွမ်းရည်က မင်းနဲ့ ငါ့မှာပဲ ရှိတာလေ"
"စိတ်မပူပါနဲ့၊ ငါလည်း အနုပညာခန်းကိုပဲ အများဆုံး ပုံပေးထားတာ။"
ရွှီရှင်းက ချင်ယွန်လုံဆီကရတဲ့ ရေနက်ပုလဲ ကို ရုတ်တရက် သတိရသွားပြီး မေးလိုက်သည်။
"မင်းဆီမှာ ရေနက်ပုလဲ ရှိလား"
"ရှိတယ်၊ ချင်ယွန်လုံက ငါ့ကိုလည်း အဲဒီကိစ္စနဲ့ လာပြောတယ်"
ကျိချောင်းယန် ခဏတာ တိတ်ဆိတ်သွားပြီးမှ
"ရွှီရှင်း... မနေ့က တစ်နေကုန် ငါ အဆက်အသွယ် ပြတ်နေခဲ့တာကို မင်း မှတ်မိတယ် မဟုတ်လား"
အဓိက အကြောင်းအရာ ရောက်လာချေပြီ။
"မှတ်မိတာပေါ့။ မင်း ဘယ်နေရာကို ရောက်နေလို့ တစ်နေကုန် လိုင်းမမိတာလဲဆိုတာ ငါ တကယ် သိချင်နေတာ"
"ဒါက တော်တော်လေး ထူးဆန်းတယ်၊ မင်းကို ဘယ်လို ရှင်းပြရမှန်းတောင် မသိဘူး"
ကျိချောင်းယန်က သူကြုံခဲ့ရတာကို စတင်ပြောပြတော့သည်။
"အဲဒီအချိန်တုန်းက ငါ့မှာ မီးမြှားတွေရော၊ ပေါက်ကွဲမြှားတွေရော မရှိဘူး။ အဲဒီနှလုံးသားကြီးကို ဖျက်ဆီးဖို့ နည်းလမ်းမရှိတာနဲ့ သစ်ပင်အိမ်ကိုပဲ ပြန်ဖို့ ပြင်လိုက်တာပေါ့။ မင်းနဲ့ စကားပြောရင်း အပြင်ကို ထွက်လာတဲ့အချိန်မှာ နှလုံးခုန်သံအပြင် တခြား ထူးဆန်းတဲ့ တရှူးရှူးမြည်သံ တစ်ခုကို ကြားလိုက်ရတယ်။ တော်တော်လေးတော့ တိုးတယ်၊ ဒါပေမဲ့ ငါ့ရဲ့ အကြားအာရုံ မြှင့်တင်မှုနဲ့ဆိုတော့ အထင်အရှား ကြားနေရတာပေါ့။
ငါ အဲဒီအသံနောက်ကို လိုက်သွားကြည့်တော့ မြေအောက်ထဲကနေ လာတာမှန်း သိလိုက်ရတယ်။ အဲဒီနေရာကို တူးကြည့်လိုက်တော့ မြေအောက်အနက်ကြီးထဲကို ဆင်းသွားတဲ့ လှိုင်ဂူလမ်းကြောင်းတစ်ခုကို တွေ့လိုက်ရတယ်"
"မြေအောက်အနက်ကြီးထဲမှာ ဟုတ်လား"
ရွှီရှင်း ရင်ထဲ တင်းကျပ်သွားရသည်။
သူလည်း ဟိုမြေအောက်ကမ္ဘာကို ရောက်သွားခဲ့တာလားမသိဘူး....။
"နောက်ပိုင်း ဘာဖြစ်ခဲ့လဲဆိုတာတော့ ငါ မင်းကို ပြောပြလို့ မရဘူး။ အဲဒါက ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတာလေ။ အရင်တစ်ခါလိုပဲ ဟိုအသံကြီးက ငါ့ကို သတိပေးထားတယ်။ ဒီလျှို့ဝှက်ချက်ကို မသိသေးတဲ့ သူကို မပြောပြဖို့၊ မဟုတ်ရင် အပြစ်ပေးတာက တော်တော်လေး ပြင်းထန်လိမ့်မယ်တဲ့"
ကျိချောင်းယန်က မတတ်သာတဲ့ အသံနဲ့ ပြောရှာသည်။
"ငါ ဒီလျှို့ဝှက်ချက်ကို မင်းကို ပြောပြလို့ ရမလားဆိုတာ မသေချာဘူး၊ ဒါကြောင့် စွန့်စားပြီးတော့ မပြောပြချင်တော့ဘူး"
ရွှီရှင်း မျက်တောင် တစ်ချက် ခတ်လိုက်မိသည်။
"...ဒါဆိုရင် ငါ့ကို ဘာလို့ လာပြောနေသေးတာလဲ"
လူကို စိတ်ဝင်စားအောင် လုပ်ပြီးမှ ပြောပြလို့ မရဘူးဆိုတော့ တကယ်ကို စိတ်တိုစရာပင်။
"ငါ အဲဒီအကြောင်း ပြောလို့မရဘူးဆိုပေမဲ့ ငါဘယ်ကို ရောက်ခဲ့လဲဆိုတာ မင်း ခန့်မှန်းနိုင်မှာပါ။ ကွာခြားချက်လေးတွေပဲ ရှိမှာပေါ့။ ငါ အဲဒီမှာ မြင်ခဲ့ကြားခဲ့ရတာတွေအပေါ် အခြေခံပြီး ငါရလိုက်တဲ့ ကောက်ချက်တွေကိုတော့ မင်းကို မျှဝေပေးလို့ ရပါတယ်"
ကျိချောင်းယန် သက်ပြင်းတစ်ချက်ချလိုက်ပြီး အသံကား အနည်းငယ် လေးလံသွား၏။
"ရွှီရှင်း... ငါတို့ အရင်က ခန့်မှန်းခဲ့တာတွေ အကုန်လုံး မှန်နေတယ်"
"ဘာကို ဆိုလိုတာလဲ"
ရွှီရှင်း မျက်မှောင်ကြုတ်လိုက်မိသည်။
အရင်က ခန့်မှန်းချက်တွေ တဲ့လား...။
"ဒီတစ်ခါ သစ်ပင်အိမ် အဆင့်တက်ပြီးတာနဲ့ ကာကွယ်ရေးနယ်မြေက ကျယ်လာတယ်၊ မင်းလည်း ခန့်မှန်းမိမှာပါ၊ အသက်ရှင်ကျန်ရစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံနိုင်ကြတော့မှာလေ"
"ဟုတ်တယ်"
ရွှီရှင်း ခေါင်းညိတ်လိုက်၏။
သစ်ပင်အိမ်မှာ လုပ်ဆောင်ချက်တွေ သတ်မှတ်လို့ ရလာပြီ။
သူ့ရဲ့ အဂ္ဂိရတ်ပညာမှာလည်း နေရာကူးပြောင်းဂိတ်လို အရာမျိုးတွေ ပွင့်လာပြီ။
ဒါတွေအားလုံးက ရှင်သန်ရေးမှာ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုတွေ စတင်တော့မယ်ဆိုတာကို ပြနေခြင်းပင်။
"ပိုပြီး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ စတော့မှာ။ ဒုတိယအဆင့်ဆိုတာ တစ်ဦးချင်း ရှင်သန်ရေး မဟုတ်တော့ဘဲ တစ်နယ်မြေလုံးရဲ့ ရှင်သန်ရေး ဖြစ်လာလိမ့်မယ်"
ကျိချောင်းယန်၏ လေသံမှာ တော်တော်လေး လေးနက်နေသည်။
"ဒီရှင်သန်ရေးဂိမ်းကို ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲလို့ သဘောထားလိုက်ရင် နယ်မြေတစ်ခုချင်းစီက အသင်းတစ်သင်းစီပဲ၊ နောက်ဆုံးမှာ အသင်းတစ်သင်းတည်းကပဲ ဖလားကို ယူနိုင်မှာလေ"
"မင်းပြောချင်တာက... ဒုတိယအဆင့်ရဲ့ ရှင်သန်ရေး ရွေးချယ်မှုက နယ်မြေအလိုက် ပြိုင်ဆိုင်ရမှာပေါ့ ဟုတ်လား"
ရွှီရှင်း၏ အကြည့်တွေ စူးရှသွားရသည်။
ဒါဟာ သူတို့ ခန့်မှန်းချက်နဲ့ နည်းနည်းတော့ ကွဲလွဲနေပေမဲ့ သိပ်တော့ မကွာလှပေ။
တကယ်ပဲ အဖွဲ့လိုက် ပြိုင်ဆိုင်မှုတွေ စတော့မှာပါလား...။
"ဟုတ်တယ်၊ နယ်မြေတစ်ခုစီက ပြိုင်ပွဲဝင် အသင်းတစ်သင်းနဲ့ တူတူပဲ၊ နောက်ဆုံးထိ အောင်ပွဲခံနိုင်မှာက နယ်မြေတစ်ခုတည်းပဲ ရှိမှာ"
"ဆိုလိုတာက ငါတို့က အသင်းဖော်တွေကို ကိုယ့်ဘာသာ ရွေးလို့မရဘူး၊ နယ်မြေတူတဲ့သူတွေနဲ့ပဲ ပူးပေါင်းရမှာပေါ့"
"ငါသိရသလောက် သတင်းအချက်အလက်တွေအရဆိုရင်တော့ အဲဒီအတိုင်းပဲ"
"ဒါဆို... တခြား ရှုံးနိမ့်သွားတဲ့ နယ်မြေက လူတွေကျတော့ ဘာဖြစ်သွားမှာလဲ"
"ဟိုထူးဆန်းတဲ့ အသံကြီး ပြောသလိုပဲ ဖြစ်မှာပေါ့၊ ဒီ လှပတဲ့ ကမ္ဘာကြီးကနေ ထာဝရ ထွက်ခွာသွားရမှာလေ။ ဘယ်လိုနည်းနဲ့ ထွက်ခွာရမလဲဆိုတာတော့ မသိရသေးဘူး"
"မင်းရဲ့ ဒီယူဆချက်က သေချာရဲ့လား"
"၈၀ ရာခိုင်နှုန်းလောက်တော့ သေချာတယ်"
နှစ်ယောက်သား အချိန်အတော်ကြာ တိတ်ဆိတ်သွားကြသည်။
အသက်ရှင်ကျန်ရစ်သူ အချင်းချင်း ပြိုင်ဆိုင်ပြီး ဖယ်ရှားတာတွေက ပြီးသွားလေပြီ....။
ကျိချောင်းယန် ပြောပြချက်အရဆိုလျှင် နောက်တစ်ဆင့်က နယ်မြေအချင်းချင်း ပြိုင်ဆိုင်ရမှာ ဖြစ်သည်။
ဒါပေမဲ့ နယ်မြေအချင်းချင်း ဘယ်လို ပြိုင်ဆိုင်ကြမှာလဲ။
ရှင်သန်ဖို့အတွက် အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အယူအဆကို သူနဲ့ ကျိချောင်းယန် အရင်က ခန့်မှန်းခဲ့ဖူးသော်လည်း၊ တစ်နယ်မြေလုံး စုပေါင်းပြီး လုပ်ဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်းကြီး ဖြစ်လာလိမ့်မယ်တော့ မထင်ထားခဲ့ပေ။
သူတို့တွေ အရင်က လူအများကြီးကို အင်တိုက်အားတိုက် ကူညီခဲ့တာဟာ အဲဒီထဲကမှ သင့်တော်တဲ့ အသင်းဖော်တွေ ရွေးချယ်ဖို့ စိတ်ကူးနဲ့ပင်။
ဒါပေမဲ့ သူတို့ ကယ်တင်ခဲ့တဲ့သူ အားလုံးဟာ သူတို့ရဲ့ အသင်းဖော်တွေ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နယ်မြေတူတဲ့သူတွေက ဂိမ်းရဲ့ စည်းမျဉ်းတွေကြောင့် တစ်လှေတည်းစီး ကြရတော့မှာပေါ့...။
"ဒီကိစ္စက လျှို့ဝှက်ချက်ထဲ မပါဘူးဆိုရင် ဘာလို့ တခြားသူတွေကို မပြောဘဲ ငါ့ကိုပဲ လာပြောရတာလဲ"
ရွှီရှင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"ဘာလို့လဲဆိုတော့ ငါ့ရဲ့ တွက်ချက်မှုအရ နယ်မြေအချင်းချင်း ပြိုင်ဆိုင်မှုက အရိပ်ထဲမှာပဲ ရှိနေဦးမှာမို့လို့လေ"
"အရိပ်ထဲမှာ ဟုတ်လား"
"အသက်ရှင်ကျန်ရစ်သူ အများစုကတော့ နယ်မြေအချင်းချင်း ပြိုင်ဆိုင်ပြီး ဖယ်ရှားရမယ်ဆိုတဲ့ ဆက်နွှယ်မှုကို သိကြဦးမှာ မဟုတ်ဘူး။ အမှန်တရားကို မသိခင်မှာ မတူညီတဲ့ နယ်မြေက လူတွေဟာ အချင်းချင်း ခင်ခင်မင်မင် ဆက်ဆံကြမယ်၊ ကူညီကြမယ်၊ ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်"
ကျိချောင်းယန် ဘာကို ဆိုလိုသလဲဆိုတာ ရွှီရှင်း နားလည်သွားသည်။
"သိပြီ။ မင်းပြောချင်တာက ငါတို့က ဒီသတင်းကို အပြင်ကို မထုတ်သင့်သေးဘူး၊ အပေါ်ယံ ငြိမ်းချမ်းရေးကို မဖျက်ဆီးဘဲ ဒီငြိမ်းချမ်းနေတဲ့ အချိန်ကို သုံးပြီး ငါတို့နယ်မြေရဲ့ အင်အားကို တိတ်တိတ်လေး တည်ဆောက်ထားရမယ်ဆိုတဲ့ သဘောပေါ့ ဟုတ်လား"
"ဟုတ်တယ်၊ ငါတို့က သတင်းအချက်အလက် ကွာဟချက်ကို အသုံးချလို့ ရတာပေါ့။ နယ်မြေအချင်းချင်း ပြိုင်ဆိုင်ရမှန်း မသိရင် နယ်မြေတစ်ခုတည်းက လူတွေဟာ အချင်းချင်း အနီးကပ် ပူးပေါင်းမှာ မဟုတ်ဘူး၊ အခုဖြစ်နေတဲ့ အငတ်ဘေးလို ကိစ္စတွေကြောင့် အချင်းချင်း ပဋိပက္ခတွေတောင် ဖြစ်လာနိုင်သေးတယ်။ အခုချိန်မှာ ငါတို့က ငါတို့နယ်မြေ တိုးတက်ဖို့ကိုပဲ အစွမ်းကုန် အာရုံစိုက်ရမှာ "
ဒါဟာ တကယ်ကို ကောင်းတဲ့ အကြံဉာဏ်ပါပဲ။
အကယ်၍ ဒါသာ အမှန်ဆိုရင် သူတို့ဟာ ကမ္ဘာပျက်တော့မယ်ဆိုတာကို ကြိုသိနေတဲ့သူတွေလိုပဲ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်တာကြောင့် ဘာမှမသိဘဲ ရင်ဆိုင်ရမယ့်သူတွေထက် အများကြီး အားသာချက် ရှိနေလောက်သည်။
"ဒါဆို စူးစမ်းရှာဖွေသူများ အဖွဲ့ထဲက တခြားသူတွေကိုကော မပြောပြသင့်ဘူးလား"
ရွှီရှင်း မေးလိုက်၏။
အမှန်အတိုင်း ပြောရရင် သူဟာ စူးစမ်းရှာဖွေသူများ အဖွဲ့ထဲက လူအားလုံးကိုတော့ သူ့လူတွေလို့ လုံးလုံးလျားလျား မယူဆထားပေ။
မိသားစုချင်းတောင် အကျိုးစီးပွားအတွက် ပဋိပက္ခ ဖြစ်နိုင်တာကြောင့် အသက်ရှင်ဖို့အရေးဆိုလျှင် ပိုတောင် ဆိုး၏။
သူတို့ဟာ ယာယီ မဟာဗျူဟာမြောက် အဖွဲ့ တစ်ခုသာ ဖြစ်ပြီး ပြဿနာတစ်ခုခု ရှိလာလျှင် ပြိုကွဲသွားနိုင်တာ သဘာဝပင်။
ဒီအတောအတွင်းမှာ အချင်းချင်း သတင်းဖလှယ်ရင်း သံယောဇဉ်လေးတွေ ရှိလာတယ်ဆိုပေမဲ့ ဒါဟာ လူတွေကို တစ်သက်လုံး ချည်နှောင်ထားနိုင်တဲ့ အရာတော့ မဟုတ်ပေ။
ဒါပေမဲ့ နယ်မြေတစ်ခုတည်းက လူတွေအားလုံးဟာ ကံကြမ္မာတစ်ခုတည်း အကျိုးစီးပွားတစ်ခုတည်း ရှိနေပြီဆိုလျှင်တော့ ဒီအဖွဲ့အစည်းကို ယုံကြည်လို့ ရသွားပေပြီ။
ထာဝရ သူငယ်ချင်းဆိုတာ မရှိ ထာဝရ အကျိုးစီးပွားပဲ ရှိ၏။
နယ်မြေတူတဲ့သူတွေ အကုန်လုံးဟာ အသက်ရှင်ချင်ကြတာဖြစ်တာကြောင့် သူတို့ရဲ့ အကျိုးစီးပွားကတော့ အတူတူပူးပေါင်းမှရမည်။
ဒီလိုနည်းနဲ့ ပူးပေါင်းဆောင်ရွက်တာက ပိုပြီး စိတ်ချရ၏။
"ငါ သတင်းအချက်အလက်တွေ ထပ်စုဆောင်းဦးမယ်၊ ဒီကိစ္စကို သေချာမှ သူတို့ကို ပြောပြတော့မယ်။ အခုချိန်က တော်တော်လေး သေချာနေပြီဆိုပေမဲ့ပေါ့"
ကျိချောင်းယန်က ရှင်းပြလိုက်သည်။
"ကောင်းပြီလေ၊ ဒါဆို ငါတို့ သိနိုင်သလောက် သတင်းတွေကို မြန်မြန် စုဆောင်းကြတာပေါ့"
ဖုန်းချပြီးနောက် ရွှီရှင်း အတွေးနက်သွားရသည်။
ကျိချောင်းယန် မနေ့က ဒီလို သတင်းမျိုး ရခဲ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အကယ်၍ ဒါသာ အမှန်ဆိုလျှင် နယ်မြေ တိုးတက်ရေးကို ပိုပြီး အလေးထား စဉ်းစားရတော့မည်။
သူတို့ နယ်မြေအကြောင်း သူတို့သိတာက နည်းလွန်းလှသည်။
ဒီနေ့တော့ သစ်ပင်အိမ်ထဲမှာ အချိန်ကုန်လို့ မရတော့ဘဲ အပြင်ထွက်ပြီး စူးစမ်းတာတွေ လုပ်ရမည်။
မြေအောက်ဂူ သုံးခုရဲ့ အမှတ်အသားတွေ မြေပုံပေါ်က ပျောက်သွားပြီ ဖြစ်သော်လည်း အဲဒီဂူတွေက ရှိနေဦးမလားမသိပေ။
အကယ်၍ ရှိနေသေးရင် သူ့မှာ အကြားအာရုံ မြှင့်တင်မှု ရှိနေတာကြောင့် ကျိချောင်းယန် ပြောတဲ့ ဝင်ပေါက်ကို ရှာကြည့်လို့ ရ၏။
ဒီဘက်မှာလည်း တစ်ခုလောက် ရှိနိုင်တာပဲ....။
ပြီးတော့ သူ တစ်ခါမှ မရောက်ဖူးသေးတဲ့ အသစ်တိုးလာတဲ့ ဘေးကင်းဇုန် နယ်မြေတွေကိုလည်း သွားကြည့်ရမည်။
ကာကွယ်ရေးနယ်မြေတွေ တစ်ခုနဲ့တစ်ခု ဆက်နေလား။
တခြားသူတွေရဲ့ သစ်ပင်အိမ်တွေကို ရောက်နိုင်လားဆိုတာ စစ်ဆေးရမှာ ဖြစ်သည်။
ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ဖွင့်ကြည့်လိုက်ရာ လူတွေက စွမ်းရည်အသစ်တွေနဲ့ ရမှတ်ခွဲဝေတဲ့အကြောင်းတွေကိုပဲ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြဆဲ ဖြစ်သည်။
အစားအသောက် ရှားပါးတာက ပြဿနာ ဖြစ်နေပေမဲ့ သူတို့ရဲ့ အကူအညီကြောင့် မနေ့ညက ထိခိုက်မှု မရှိခဲ့သလို ပုရွက်ဆိတ်တွေ အများကြီး သတ်နိုင်ခဲ့တာကြောင့် လူတိုင်းမှာ ရမှတ်တွေ အလုံအလောက် ရှိနေကြသည်။
အနည်းဆုံးတော့ အစိမ်းရောင်အဆင့် မြေသြဇာ ဝယ်ဖို့ လောက်ငှ၏။
အစိမ်းရောင်အဆင့် မြေသြဇာဆိုတာ အပင်တွေကို နာရီပိုင်းအတွင်းမှာတင် အသီးသီးစေတာကြောင့် အစာမရှိတဲ့ ကိစ္စကတော့ သိပ်ပြီး ဆူညံမလာသေးပေ။
အလွန်ဆုံးရှိလှ ဗိုက်ဆာတယ်လို့ ညည်းညူနေကြတာပဲ ရှိသည်။
ခေတ္တ ကြည့်ပြီးနောက်မှာတော့ တခြား အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့ခဲ့တယ်လို့ ပြောတဲ့သူ တစ်ယောက်မှ မတွေ့ရသေးပေ။
ဒါကလည်း ပုံမှန်ပင်။
မနေ့က သူကြည့်ခဲ့တဲ့ အနေအထားအရ သစ်ပင်အိမ် နှစ်ခုကြား အကွာအဝေးက အနည်းဆုံး ၁၀ ကီလိုမီတာကျော် ဝေး၏။
မြို့လယ်ခေါင်တစ်ခုစာလောက် ကျယ်သည်။
ကာကွယ်ရေးနယ်မြေတွေ ဆက်နေရင်တောင်မှ စီးစရာ သားရဲ မရှိဘဲ မြို့ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်က လူတွေ လမ်းလျှောက်ပြီး တွေ့ဖို့ဆိုတာ တကယ်ကို ခဲယဉ်းလှသည် မဟုတ်ပါလား။
အဂ္ဂိရတ် စင်မြင့်ကို ကြည့်ရင်း ရွှီရှင်းသည် အရင်ဆုံး အဂ္ဂိရတ်ပညာကို နားလည်အောင် အရင်လုပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ့ဆီမှာ အခု ကုန်ကြမ်း ၄ ခု ရှိနေပြီး အထွေထွေ အဂ္ဂိရတ်ကုန်ကြမ်း တစ်ပုံ လုပ်လိုက်ပြီးနောက် မြှင့်တင်မှု ကဏ္ဍကို ဖွင့်ကြည့်လိုက်၏။
သူသည် မြွေကြေးခွံချပ်ဝတ်တန်ဆာကို မြှင့်တင်ရန် နှိပ်လိုက်သော်လည်း အသိပေးချက် တစ်ခု တက်လာသည်။
[မြွေကြေးခွံဦးထုပ် (ခရမ်းရောင်အဆင့်) ကို မြှင့်တင်တော့မည်။ အောင်မြင်မှုနှုန်း ၅၆% ရှိပါသည်။ ကျရှုံးပါက ချပ်ဝတ် ပျက်စီးသွားမည် ဖြစ်သည်။ ဆက်လုပ်မည်လား။]
ရွှီရှင်း - "..."
သူ ချက်ချင်းပဲ မလုပ်ပါ ကို နှိပ်လိုက်တော့သည်။
မြှင့်တင်တာ ရှုံးရင် ပစ္စည်းက ပျက်စီးသွားမှာလားမသိဘူး...။
ဒါကတော့ တော်တော်လေး ရယ်စရာ ကောင်းလှသည်။
ကြည့်ရတာ သူ အဂ္ဂိရတ်အခန်းကို မြှင့်တင်မှုရမှတ်တွေ ပိုပေးမှရမည်။
မြှင့်တင်မှုရမှတ် ၁၀% တိုင်းမှာ အောင်မြင်မှုနှုန်း ၁% တိုးမယ်လို့ တွက်လိုက်လျှင် မြှင့်တင်မှု ၁၀၀% အောင်မြင်ဖို့အတွက် အလှဆင်ရမှတ် ၅၀၀ လောက် ရှိတဲ့အထိ အဂ္ဂိရတ်ခန်းကို ပုံပေးရမှာ ဖြစ်သည်။
ငါးကြင်းရုပ်တုရဲ့ အကူအညီနဲ့ဆိုလျှင် အောင်မြင်မှုနှုန်း ၈၀% လောက်ရှိမည်ဖြစ်ပြီး ပြဿနာမရှိနိုင်တော့ပေ။
အခုလောလောဆယ်တော့ မမြှင့်သေးတာ အကောင်းဆုံးပဲ...။
ခရမ်းရောင်အဆင့် ချပ်ဝတ်ဆိုတာ တကယ် အဖိုးတန်လှ၏။
ပျက်စီးသွားရင် ပြန်ရဖို့ မလွယ်တာကြောင့် အောင်မြင်မှုနှုန်း တိုးလာတဲ့အထိ စောင့်တာ ပိုကောင်းပါလိမ့်မည်။
ကုန်ကြမ်းတွေကို ပြန်သိမ်းပြီးနောက် ရွှီရှင်း သစ်ပင်အိမ်ရဲ့ တတိယထပ်ကို တက်လာခဲ့သည်။
သူရောက်လာတာ မြင်တော့ ငွေရောင်ဘုရင်နဲ့ မီမီတို့က ခေါင်းမော့ကြည့်ကြ၏။
ဒီနေ့ သူတို့တွေကို အစာ မကျွေးရသေးပေ။
အသားတွေကို သားရဲ နှစ်ကောင်ဆီ ပစ်ပေးလိုက်ပြီးနောက် ငွေရောင်ဘုရင်ကို ပြောလိုက်သည်။
"အားပြန်ပြည့်အောင် ကောင်းကောင်း အနားယူထားကြနော်၊ နေ့လယ်ကျရင် ငါတို့ အဝေးကြီးကို သွားပြီး စူးစမ်းကြမယ်"
"ဝူးးး"
ငွေရောင်ဘုရင်က ပြန်ထူးလိုက်၏။
မီမီကလည်း ရွှီရှင်းကို မော့ကြည့်ပြီး ညောင်ခနဲ အော်လိုက်သည်။
ငွေရောင်ဘုရင်ထက်စာလျှင် မီမီက အဝေးကို သွားဖို့ ပိုပြီး စိတ်အားထက်သန်နေလောက်လားမသိပေ။
အကြောင်းမှာ ငွေရောင်ဘုရင်က ဝံပုလွေဘုရင်ဟောင်း ဖြစ်ခဲ့တာကြောင့် နေရာအနှံ့ ရောက်ဖူးသော်လည်း၊ မီမီကတော့ ဆယ်စုနှစ်ပေါင်းများစွာ နေရောင်မရတဲ့ မြေအောက်လှောင်အိမ်ထဲမှာ ပိတ်မိနေခဲ့၏။
ရွှီရှင်း အဝေးကြီးကို သွားမယ်လို့ ပြောတာ ကြားတာနဲ့ သူမရဲ့ အစားစားတဲ့ အရှိန်က မြန်လာပြီး ပျင်းရိနေတဲ့ အနေအထားကနေ တက်ကြွတဲ့ အနေအထားကို ချက်ချင်း ပြောင်းလဲသွားတော့သည်။
အစကတော့ မီမီက ခံနိုင်ရည် သိပ်မကောင်းတာကြောင့် ခရီးဝေးသွားရင် အဆင်မပြေမှာစိုးလို့ ခေါ်မသွားဖို့ စဉ်းစားခဲ့ဖူးသည်။
အခုတော့ သူမ တစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို ပြသဖို့ ခေါ်သွားတာက ပိုကောင်းမည်ဟုတွေးလိုက်၏။
အခန်း ၁၈၆ ပြီး။