ကျောက်မီးသွေးတွင်းနှင့် သံမဏိမီးတောက်
Vol. 13 Ch. 187
ရွှီရှင်းသည် ပြတင်းပေါက်နားသို့ လျှောက်သွားပြီး သစ်ပင်အိမ်အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။
သူ့ရဲ့ အမြင်အာရုံက အရင်လို အဝေးကြီးထိ မမြင်ရတော့ဘူးဆိုပေမဲ့ ထူးကဲလှတဲ့ အကြားအာရုံကြောင့် သစ်ပင်အိမ်ပတ်ဝန်းကျင်က တရှဲရှဲမြည်သံတွေကိုတော့ အထင်အရှား ကြားနေရ၏။
သစ်ပင်အိမ်အောက်က သင်းခွေချပ်လေးတွေရဲ့ လှုပ်ရှားသံ၊ ပိုးမွှားတွေနဲ့ ငှက်တွေရဲ့ အော်သံတွေကိုကြားရပြီး တခြား သားရဲတိရစ္ဆာန်တွေရဲ့ အသံကိုတော့ မကြားရပေ။
မနေ့ကလို အမြင်အာရုံမျိုး မရှိတော့တာကြောင့် အဝေးက အရာတွေကို သဲသဲကွဲကွဲ မမြင်ရတော့သော်လည်း အရှေ့ဘက်မှာ တခြား အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ သစ်ပင်အိမ်ရှိတာကိုတော့ သူ မှတ်မိနေသေးသည်။
ဒါကြောင့် အဲဒီ အသက်ရှင်ကျန်ရစ်သူရဲ့ အိမ်ကို ရှာဖို့ အရှေ့ဘက်ကို ဦးတည်သွားရန် သူ ဆုံးဖြတ်လိုက်၏။
ဒီလောက်နီးတဲ့ အကွာအဝေးဆိုရင်တော့ အဲဒီသစ်ပင်အိမ်ဟာ တောအုပ် ၁၈၈ နယ်မြေက လူတစ်ယောက်ရဲ့ အိမ်ပဲ ဖြစ်ရမည်။
ဒါပေမဲ့ အပြင်မထွက်ခင်မှာ သစ်ပင်အိမ်ပတ်ဝန်းကျင်က ကိစ္စအချို့အား အရင် ရှင်းရဦးမည်။
သစ်ပင်အိမ်ဘေးက ရေကန်ကို လှမ်းကြည့်လိုက်ရာ လေတိုက်ခတ်မှုကြောင့် ရေပြင်မှာ လှိုင်းကလေးတွေ ထနေပြီး မြေပုံပေါ်မှာလည်း ရေကန်ရှိတဲ့နေရာတွင် အနီရောင်အစက်တွေ ပြမနေပေ။
အပြာရောင်အဆင့် အရင်းအမြစ်တွေကို စားသုံးထားတာကြောင့် ရွှီရှင်းရဲ့ ရေအောက်ဖိအားဒဏ် ခံနိုင်ရည်က တိုးလာခဲ့ပြီဖြစ်ရာ အခုဆိုလျှင် ရေကန်ရဲ့ အနက်ဆုံးနေရာတွေကိုပါ သူ စူးစမ်းနိုင်ပြီဖြစ်၏။
ဒါ့အပြင် သစ်ပင်အိမ်နဲ့ မီတာ ၁၀၀ အကွာက သူ့မျက်စိထဲမှာ မြင်နေရတဲ့ အဝါရောင်အလင်းတန်းရှိရာ နေရာကိုလည်း အဂ္ဂိရတ်ပစ္စည်း ဘာရှိလဲဆိုတာ သိရအောင် တူးကြည့်ဖို့ လိုသည်။
သူသည် အောက်ဆင်းပြီး ကြင်ယာတော် သင်းခွေချပ်ကြီးကို အကူအညီတောင်းဖို့ စဉ်းစားလိုက်၏။
"အီးးး"
ခဲခဲလေးက ရွှီရှင်း အပြင်ထွက်ဖို့ ပြင်နေတာ မြင်တော့ ဆိုဖာပေါ်က ဆင်းပြီး ရွှီရှင်းရဲ့ ပခုံးပေါ်ကို ဖျတ်ခနဲ တက်လိုက်သည်။
ရွှီရှင်းက ခဲခဲလေးရဲ့ ခေါင်းလေးကို ပုတ်ပေးပြီး သူမကို ခေါ်ကာ အပြင်ထွက်လာခဲ့၏။
သစ်ပင်အိမ်အောက်က ကြင်ယာတော်ရဲ့ ဂူဝကို ရောက်တဲ့အခါ ဂူဝပတ်ပတ်လည်မှာ အနီရောင်သီးပင် ချုံပုတ်တွေက အသီးတွေနဲ့ ဝေဆာနေချေပြီ။
မနေ့ညက ဂူဝကို ဖုံးကွယ်ဖို့အတွက် အစိမ်းရောင်အဆင့် မြေသြဇာတွေ သုံးပြီး အမြန်ကြီးထွားအောင် လုပ်ထားခဲ့တာ မဟုတ်လား။
အခုတော့ ကြည့်ရတာ တော်တော်လေး အဆင်ပြေသွား၏။
ခဲခဲလေးကတော့ အနီရောင်အသီးလေးတွေကို မြင်တာနဲ့ စိတ်ဝင်တစား ခုန်ဆင်းပြီး ခူးစားနေတော့သည်။
ရွှီရှင်းကတော့ ဂူထဲကို လျှောတိုက်ပြီး ဆင်းသွားလိုက်၏။
အထဲမှာတော့ ကြင်ယာတော်က လှဲနေပြီး နို့ဝနေတဲ့ ကလေးနှစ်ကောင်ကတော့ ဗိုက်လေးတွေ အပေါ်လှန်ကာ မြေပြင်ပေါ်မှာ တွန့်လိမ်နေကြသည်။
"ဘုရားရေ... ဒီကောင်လေးတွေက ခဏအတွင်းမှာတင် ထပ်ပြီး ကြီးလာပြန်ပြီလား။"
ရွှီရှင်း ရှေ့တိုးပြီး တစ်ကောင်ကို ချီကြည့်လိုက်၏။
ကြင်ယာတော်ကတော့ သူ့ကို တစ်ချက်လှမ်းကြည့်ရုံသာ ကြည့်ပြီး တားဆီးခြင်း မရှိပေ။
လက်ထဲမှာ အလေးချိန်ကို စမ်းကြည့်လိုက်ရာ နို့စို့ထားတဲ့ အကောင်ပေါက်လေးက အီအီ နဲ့ အော်နေရှာသည်။
ထင်ထားတဲ့အတိုင်းပဲ အရင်ကထက် အများကြီး ပိုလေးလာပြီပေါ့...။
ဧရာမသတ္တဝါသွေးပါတဲ့ သတ္တဝါတွေရဲ့ ကြီးထွားနှုန်းကတော့ တကယ့်ကို အံ့မခန်းပင်။
သူတို့ ကြီးလာမယ့်အချိန်ကို သူ တကယ်ကို မစောင့်နိုင်တော့ပေ။
"ကြင်ယာတော်... ငါနဲ့ ခဏလိုက်ခဲ့ပါဦး၊ ငါ့ကို နေရာတစ်ခု တူးပေးဖို့ အကူအညီ လိုလို့"
ရွှီရှင်းက ကောင်လေးကို ပြန်ချပေးပြီး မြေပြင်ပေါ်မှာ လှဲနေတဲ့ ကြင်ယာတော်ကို ပြောလိုက်သည်။
ကြင်ယာတော်က ငှက်ကလေးလို အသံလေးပြုပြီး ထရပ်ကာ အသင့်ဖြစ်ကြောင်း အချက်ပြလိုက်၏။
ရွှီရှင်း ဂူထဲကနေ ထွက်လာတဲ့အခါ ကြင်ယာတော်က နောက်မှကပ်လျက် ပါလာသလို ကလေးနှစ်ကောင်ကလည်း သူတို့အမေနောက်ကနေ လိုက်လာကြသည်။
"အီးးး"
ခဲခဲလေးက ပါးစပ်ထဲမှာ အသီးတွေ မဝါးရသေးဘဲ ကလေးနှစ်ကောင်ကို အံ့သြတကြီး ကြည့်နေရှာသည်။
ဒီကောင်လေးတွေက သူမထက်တောင် မကြာခင် ပိုကြီးလာတော့မယ့် ပုံပဲလေ....။
အပြင်ထွက်လာတဲ့ ကလေးနှစ်ကောင်ကို ကြင်ယာတော်က ဂူထဲကို ပြန်တွန်းပို့လိုက်ရာ သူတို့လေးတွေကလည်း လိမ်လိမ်မာမာနဲ့ ပြန်မထွက်လာကြတော့ပေ။
ကြင်ယာတော်နဲ့ ခဲခဲလေးကို ခေါ်ပြီး ရွှီရှင်း အဝါရောင်အလင်းတန်း ရှိတဲ့နေရာကို ရောက်လာခဲ့သည်။
အဝါရောင်အလင်းက မြေအောက်ထဲကနေ ထွက်နေတာဖြစ်ပြီး သေသေချာချာ ကြည့်လိုက်တော့ မတိမ်လှပေ အနည်းဆုံး ၅ မီတာ၊ ၆ မီတာလောက်တော့ နက်၏။
"ဒီနေရာပဲ။ အောက်ကို တူးလိုက်၊ အောက်မှာ တစ်ခုခု ရှိရမယ်"
ရွှီရှင်းလည်း သူ့ရဲ့ ဂေါ်ပြားကို ထုတ်လိုက်၏။
ကြင်ယာတော်က ရွှီရှင်း ညွှန်ပြတဲ့ နေရာကို ချက်ချင်း စတင်တူးတော့သည်။
မြေကြီးတွေကို အနောက်သို့ အရှိန်အဟုန်နဲ့ ယက်ထုတ်နေတာကြောင့် ရွှီရှင်းတောင် ဂေါ်ပြားနဲ့ ဝင်မကူနိုင်တော့ပေ။
"ဘုရားရေ... တူးတဲ့ အရှိန်က တကယ့်ကို မြန်လှချေလား။"
ရွှီရှင်း ဂေါ်ပြားနဲ့ ကူဖို့ ကြိုးစားတာဟာ တကယ့်ကို အပိုလို ဖြစ်သွားရသည်။
ကြင်ယာတော် တစ်ကိုယ်လုံး တွင်းထဲကို မြုပ်သွားတဲ့အထိ တူးနေတာကို ကြည့်ပြီး ရွှီရှင်းလည်း သူ့ဂေါ်ပြားကို ပြန်သိမ်းလိုက်၏။
သူ ဝင်လုပ်ရင် အနှောင့်အယှက်ပဲ ဖြစ်မှာလေ။
ကြင်ယာတော် တူးနေတုန်းမှာ ရွှီရှင်း ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်နေလိုက်သည်။
ဒီနေရာက သစ်ပင်အိမ်နဲ့ မီတာ နှစ်ရာနီးပါး ဝေးတာကြောင့် နှလုံးသားအပင်ရဲ့ ကာကွယ်ရေးနယ်မြေ အပြင်ဘက်ကို ရောက်နေပြီ ဖြစ်သည်။
ဒီအဝါရောင်အလင်းတန်းကလွဲလျှင် ပတ်ဝန်းကျင်မှာ တခြား အဝါရောင်အလင်းတွေလည်း မရှိပေ။
ကြည့်ရသည်မှာ သစ်ပင်အိမ် ပတ်ဝန်းကျင်မှာ ဒီတစ်နေရာတည်းမှာပဲ အဂ္ဂိရတ်ပစ္စည်း ရှိပုံရသည်။
သူသည် အရင်က ဗီဇပြောင်းအပင် နှလုံးသား ရှိခဲ့တဲ့ တွင်းဟောင်းနားကို လျှောက်သွားကြည့်သော်လည်း တွင်းကော၊ မြေပုံပေါ်က အမှတ်အသားကော ပျောက်ကွယ်သွားချေပြီ။
"ဘာလဲဟ။ တစ်ယောက်ယောက် ပြန်ဖို့လိုက်တာလား။"
တွင်းရှိခဲ့တဲ့ နေရာမှာ ရပ်ပြီး ရွှီရှင်း ဂေါ်ပြားနဲ့ အချက်အနည်းငယ် တူးကြည့်သော်လည်း ထူထပ်တဲ့ မြေသားတွေကိုသာ တွေ့ရ၏။
"ထူးဆန်းလိုက်တာ...။"
ကံမကောင်းစွာနဲ့ပဲ ကျိချောင်းယန် သိထားတဲ့ လျှို့ဝှက်ချက်တွေရှိရာ နေရာကို သူ သွားလို့ မရတော့ဘူး ထင်ပါရဲ့။
နောက်ထပ် နှစ်ပတ်လောက် ပတ်ကြည့်ပြီးနောက် ကြင်ယာတော် တူးနေတဲ့ နေရာကို ပြန်ရောက်လာတဲ့အခါ မြေပြင်ပေါ်မှာ ၁ မီတာလောက် အချင်းရှိတဲ့ တွင်းကြီး ပေါ်နေပြီး မြေတူးသံတွေ ထွက်နေသည်။
ဒါပေမဲ့ အသံက မြေတူးတဲ့အသံထက် ကျောက်တုံးတွေကို ဖြတ်တောက်နေတဲ့ အသံနဲ့ ပိုတူနေ၏။
ခဲခဲလေးက ရွှီရှင်းရဲ့ ပခုံးပေါ်ကနေ တွင်းထဲကို တန်းပြီး ခုန်ဝင်သွားတော့သည်။
မကြာခင်မှာပဲ တူးသံတွေ ရပ်သွားပြီး ရွှီရှင်း တွင်းထဲကို ငုံ့ကြည့်လိုက်၏။
သူ့မျက်စိထဲမှာ အဂ္ဂိရတ်ပစ္စည်းကို ကိုယ်စားပြုတဲ့ အဝါရောင်အလင်းအပြင်၊ ပစ္စည်းရဲ့ အဆင့်ကို ပြတဲ့ အစိမ်းရောင်အလင်းတန်းကိုပါ မြင်လိုက်ရသည်။
အစိမ်းရောင်အဆင့် ပစ္စည်းကို တူးထုတ်နိုင်ခဲ့တာလား...။
ဒီအချိန်မှာ ခဲခဲလေးက ပါးစပ်ထဲ အမည်းရောင် အခဲကြီးတစ်ခုကို ကိုက်ပြီး တွင်းထဲက ပြန်တက်လာ၏။
ပြီးနောက် မြေပေါ်ကို ဗြုန်း ဆိုပြီး ထွေးချလိုက်ကာ လျှာလေးနဲ့ ပြန်လျက်နေတော့သည်။
သူမရဲ့ ပါးစပ်ပတ်ပတ်လည်နဲ့ အမွှေးတွေမှာ အမည်းရောင်တွေ ပေကျံနေချေပြီ။
ရွှီရှင်းက ခဲခဲလေး ထွေးချလိုက်တဲ့ လက်သီးဆုပ်လောက်ရှိတဲ့ အမည်းရောင် အပိုင်းအစကို ကောက်ယူလိုက်၏။
[ကျောက်မီးသွေး ၁ ရရှိပါသည်။]
[ကျောက်မီးသွေး (အစိမ်းရောင်အဆင့်): အလွန်ထိရောက်သော အရည်ကျိုဖို လောင်စာဖြစ်ပြီး အရည်ကျိုနှုန်းကို မြှင့်တင်ပေးနိုင်သည်။ သံမဏိထုတ်လုပ်ရန်အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်သည်။]
အသိပေးသံကြောင့် ရွှီရှင်းရဲ့ နှုတ်ခမ်းဖျားမှာ အပြုံးတစ်ခု ပေါ်လာတော့သည်။
တကယ်ပဲ ကျောက်မီးသွေး ဖြစ်နေတာပဲ၊ တကယ့်ကို ကောင်းလိုက်တာကွာ...။
ကျောက်မီးသွေး ရှိပြီဆိုတော့ သံမဏိတုံးတွေကို အခု သွန်းလုပ်နိုင်ပြီပေါ့။
ရွှီရှင်းသည် တွင်းဝကနေ အောက်ကို တိုက်ရိုက် လျှောဆင်းသွားလိုက်တော့သည်။
---
အခန်း ၁၈၇ ပြီး။